Thursday, May 3, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၆)

 မင်းကို ဒီလိုလိုက်ပို့ပေး နေရ တဲ့အတွက် သူ့ချာ သေချင်ပက်ကျိ ဖြစ်လောက်အောင် ပျင်း မနေဘူး ဆိုတာတော့ မင်း သေချာပါတယ် နော်…"ဟူသော အဓိပ္ပာယ်ပါသည့် စကား များကို ပြန်ပြောလိမ့်မည်။ ပြီးတော့ ကျွန်မ၏ ပခုံးကို ခပ်သာ သာပုတ်ကာ တက်ဇော်လ် အစာကြေဆေး အဝယ်ခိုင်းပေလိမ့်မည်။  ကျွန်မ၏ အသက် ငယ်သည်မှာ မှန်ပါသည်။ သည်လို အသက်ငယ်သည့် အတွက် အထင်သေး အမြင်သေးဖြစ်စရာတွေ ကျွန်မမှာ ဘာ များရှိ သနည်း ဟု တွေးရင်း ကျွန်မ အသည်းယားလာပါသည်။ သည်လို စဉ်းစား မိတော့ မကျေမနပ်ဖြင့် လက်သဲ များကို ကျွန်မ ပြန်ကိုက်နေမိပါသည်။ ကို ဆက်ဖတ်ရန်...........

"ကျွန်မလေ… ကျွန်မ… ဟို… အသက်သုံးဆယ့်ခြောက်နှစ်လောက်ရှိပြီး အနက်ရောင် ပိုးသားဂါဝန်နဲ့ ပုလဲပုတီး ဆွဲထားတဲ့ မိန်းမတစ်ယောက်ဖြစ်ချင်လိုက်တာ"ဟု ဒေါသကလေး ထွက်ကာ ကျွန်မ က ပြန် ပြောချလိုက်မိတော့သည်။ သူ ရယ်မောနေပုံနှင့် နှုတ်စောင့်စည်းလွန်းလို့ကို ကျွန်မ မကျေ မနပ်ဖြစ်မိ သောကြောင့် လည်း သည်လို ပြောလိုက်မိခြင်း ဖြစ်ပါသည်။

"အဲဒီလို မိန်းမတစ်ယောက်သာဖြစ်နေမယ်ဆိုရင် ဒီမော်တော်ကားထဲမှာ မင်း ရှိတော့မှ မဟုတ်ဘူး။ ကိုင်း… မင်းလက်သဲတွေ ကို ကိုက်နေရတာ ရပ်တော့လေ… အခုအတိုင်းကိုပဲ တော်တော်အရုပ်ဆိုးနေ ပြီ" "ရှင် ကတော့ ကျွန်မဟာ မဆိုင်တာကိုမေးတယ်၊ ရိုင်းစိုင်းတယ်လို့ ထင်မှာပဲ။ တကယ်ပါ။ ကျိန်ပြောရဲ ပါ တယ်။ ဒါပေမဲ့ ကျွန်မ သိချင်လွန်းလို့ပါ။ နေ့စဉ်နှင့်အမျှ ရှင်နဲ့အတူတူ ကားလိုက်စီးဖို့ ဘာဖြစ်လို့ ကျွန်မ ကို ခေါ်ခေါ်နေရတာလဲ။ ရှင့်မှာ အကြင်နာတရားရှိတာကတော့ အထင်အရှားပါပဲ။ ဒါပေမဲ့ ဘာဖြစ် လို့ ကျွန်မကိုမှရွေးပြီး အကြင်နာတရားတွေ  ပိုနေရတာလဲ"ဟု တဲ့တိုးပင် မေးချလိုက်ပါတော့သည်။

ပြီးတော့ ကျွန်မ၏ကိုယ်ကို မတ်မတ်ပြင်ထိုက်လိုက်သည်။ အသက်ပင် ငယ်သော်လည်း ဣနြေ္ဒကြီးတစ် ခွဲသားဖြစ်အောင် အတတ်နိုင် ဆုံး ဟန်ဆောင်ပစ်လိုက်သည်။
"ဟုတ်ပါတယ်။ ကျုပ်နဲ့အတူတူ ကားလျှောက်စီးရအောင် မင်းကို ကျုပ် ခေါ်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မင်းကလေး ဟာ မင်းပြောသလို အသက်သုံးဆယ့်ခြောက်နှစ်ရှိပြီး အနက်ရောင် ပိုးသားဂါဝန်နဲ့ ပုလဲပုတီး ဆွဲထားတဲ့ မိန်းမတစ်ယောက် မဟုတ်လို့ဘဲ"
သူပြောပုံ က အလေးအနက်ပုံစံမျိုး။ သို့သော်လည်း သူ့မျက်နှာပေါ်မှတြော့ မည်သည့်အမူအရာကိုမျှ မမြင်တွေ့ ရပါ။ စိတ်ထဲမှာကျိတ်ပြီး ရယ် မရယ်တော့ ကျွန်မ မပြောနိုင်ပါ။

"ဒီလိုဆိုရင်လဲ ပြီးရောပေါ့လေ… ကျွန်မနဲ့ပတ်သက်ပြီး သိသင့် သိထိုက်တာတွေ မှန်သမျှ ရှင် အကုန် လုံး သိပြီးပြီ။ နောက်ထပ် ရှင် သိစရာဆိုလို့လဲ ဘာမှမကျန်တော့သလောက်ပါပဲ။ ဒါကို ကျွန်မ ဝန်ခံပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မ လူလုပ်ရတဲ့အချိန်ကလည်း သိပ်ကြာသေးတာမှမဟုတ်တာ။ အခုမှ ၂၁ နှစ် ပဲ ရှိသေးတယ်။ ဒါကြောင့် အတွေ့အကြုံကလဲ ဟုတ်ဟုတ် ညားညား ရှိသေးတာမဟုတ် ဘူး။ ကျွန်မ မိဘတွေ ကွယ်လွန်အနိစ္စရောက်ခဲ့ကြတာလောက်ပဲ ကျွန်မမှာ ပြောစရာရှိပါတယ်။ ဒါပေမဲ့ ရှင့်အကြောင်း ကိုတော ပထမဆုံး စတွေ့လိုက်ရတဲ့နေ့ကထက်ပိုပြီး နောက်ထပ် ဘာမှထွေထွေထူးထူး မသိရသေး ဘူး"
"ပထမဆုံး စတွေ့လိုက်ရတဲ့နေ့တုန်းက ကျုပ်နဲ့ပတ်သက်ပြီး ဘာတွေများ မင်းက သိလိုက်ရသလဲ"
"ဘာတွေ သိရမလဲ… ရှင်ဟာ မန်ဒါလေစံအိမ်ကြီးမှာနေတဲ့အကြောင်းပေါ့။ နောက်ပြီးတော့ ရှင့်မိန်းမ  ကွယ်လွန် အနိစ္စရောက်သွားတဲ့အကြောင်းပေါ့"

နောက်ဆုံးတော့ သည်စကားကြီးကို ကျွန်မ ပြောလိုက်မိပါတော့သည်။ လွန်ခဲ့သည့်ရက်များကတည်း က ကျွန်မ ပြောချင်လွန်းသဖြင့် လျှာအယားကြီး ယားနေခဲ့သည့် စကားလုံးကြီး ဖြစ်သော "ရှင့်မိန်းမ"။ ယခုတော့ သည်စကားလုံးကြီးကို အထစ်အငေါ့မရှိ အလွယ်တကူပင် ကျွန်မ ပြောချလိုက်မိပါတော့ သည်။ သူလို ငါလို ပြောရိုးပြောစဉ်ပြောသလို ပြောလိုက်မိပါတေ့သည်။ "ရှင့်မိန်းမ"။ သည်စကားလုံးကြီး က လွယ်လင့် တကူ ပျောက်ပျယ်မသွားဘဲ လေထဲမှာ ပျံဝဲပြီး ကျွန်မနားထဲသို့ ပြန်လည် ပဲ့တင်ထပ် နေ ပါ တော့ သည်။ ပြီးတော့ ကျွန်မရှေ့မှာ ထိုစကားကြီး က ကခုန်နေသလို ရှိနေပြန်ပါသည်။
သည် စကားလုံးကြီးကို ကျွန်မ ပြောချလိုက်သော်လည်း သူကမူ နှုတ်ဆိတ်နေလိုက်ပါသည်။ ထင်မြင် ချက် တစ်စုံ တစ်ရာကိုလည်း ပြန်ပေးခြင်းမရှိပါ။ သည်စကားလုံးကြီးသည် စက်ဆုပ် ရွံရှာ ဖွယ်ကောင်း သော၊ မုန်းတီးဖွယ်ကောင်းသော၊ ကြောက်ရွံ့စိုးထိတ်ဖွယ်ကောင်းသော စကား လုံးကြီးဖြစ် ပါသည်။ လျှာပေါ်သို့ မတင်သင့်သော စကားလုံးကြီးဖြစ်ပါသည်။

ယခုတော့ နှုတ်ကျွံသွားခဲ့ပါပြီ။ ကြမ်းပေါက်ကျွံလျှင် နုတ်၍ရသည်။ စကားကျွံလျှင် နုတ်၍ရစကောင်း သည် မဟုတ်ပါ။ ယခုတော့ လျှာအရိုးမရှိသလို ပြောမိလျက်သားဖြစ်သွားပါပြီ။ ဘယ်နံရောအခါတွင်မျှ သည်စကားလုံးကြီး ကို မပြောခဲ့ဖူးပါဟု အထွန့်မတတ်နိုင်တော့ပါပြီ။ ကဗျာစာအုပ်ရေခံစက္ကူပေါ်က လက်ရေး ခပ်စောင်းစောင်းနှင့်ရေး ထားသော (ရကောက်)စာလုံးကို ကျွန်မ၏ စိတ်ထဲ မှာ ပြေးမြင် လိုက်မိ ပြန်ပါသည်။ ကျွန်မ၏အသည်းနှလုံးထဲက နာကျင်လာသည်။ စိတ်အထိခိုက်ကြီး ထိခိုက်မိတော့ သည်။
ဘယ်သောအခါ တွင်မှ ကျွန်မကို သူ ခွင့်လွှတ်တော့မည်မဟုတ်။ ပြီးတော့ သူနှင့်ကျွန်မတို့၏ မိတ်ဆွေ ဖြစ်ရသော ဘဝကလေး သည်လည်း နိဂုံးကမ္ပတ်အဆုံးသတ်ရချေတော့မည်။ စိုသော လက် ခြောက် ရ ပေ လိမ့်မည်။

သည်တုန်းက ရှေ့တည့်တည့်သို့သာ ကျွန်မ သဲကြီးမဲကြီး စူးစိုက်ကြည့်နေမိခဲ့သည့်အဖြစ်ကို ယခု ပြန် သတိရနေ မိသေးသည်။ ကြည့်မည်သာ ကြည့်ရသည်။ ကျွန်မတို့၏ကားရှေ့မှာ ခုန်ပျံပြေးလွှားနေ သည့် မော်တော်ကားလမ်းကိုလည်း ကျွန်မ မမြင်။ ကျွန်မ ပြောလိုက်မိသော "ရှင့်မိန်းမ"ဟူသည့် စကားလုံး ကြီး ကသာ ကျွန်မ၏နားထဲမှာ တုန်ခါမြည်ဟည်းနေတော့သည်။
သူတိတ် ကိုယ်တိတ် အပြိုင်တိတ်ဆိတ်လာကြသည့်အချိန်သည် မိနစ်ပေါင်းများစွာ ကြာမြင့်လာပါ၏။ မိနစ်ပေါင်း များစွာ ကြာမြင့်လာသောကြောင့် ကျွန်မတို့၏ခရီးသည်လည်း မိုင်ပေါင်း အတော် များများ ပေါက်ခဲ့ပြီ။ အရာခပ်သိမ်းတို့ ပြီးဆုံးသွားကြပါပြီ။ အားလုံးနိဋ္ဌိတံသွားကြပါပြီ။

သူနှင့်အတူ ဘယ်နံရော အခါတွင်မှ ကျွန်မ မော်တော်ကားစီးခွင့်ရတော့မည် မဟုတ်ပါ။
မနက်ဖြန်ဆိုလျှင် တစ်ရပ်တစ်ကျေးသို့ မစ္စတာဒီဝင်းတာ ထွက်ခွာသွားပေတော့မည်။ မစ္စက်ဗန်ဟော့ပါး လည်း နက်ဖြန်ဆိုလျှင် အိပ်ရာထဲမှ ထနိုင်ပေတော့မည်။ အဘွားကြီးနှင့် ကျွန်မသည် ခါတိုင်း လိုပင် လှေကားထစ်များတစ်လျှောက်မှာ လမ်းလျှောက်နေကြရပေလိမ့်မည်။ အလုပ်သမားများက မစ္စတာဒီဝင်းတား ၏သေတ္တာများ ကို အောက်ထပ်သို့ သယ်ချလာကြပေလိမ့်မည်။ သေတ္တာများပေါ်မှာ ချိတ်ထား သည့် လေဘယ်လ်ကတ်ပြားများကို လှစ်ခနဲ လှမ်းမြင်လိုက်ရပေလိမ့်မည်။ ထိုအပေါ်မှာ သူသွား မည့် ခရီးဆုံးနေရာကို ဖော်ပြထားပေလိမ့်မည်။ လမ်းကွေ့သို့ ရောက်တော့ မော်တော်ကား ဂီယာပြောင်း သည့် အသံကိုလည်း ကြားရပေလိမ့်မည်။ ပြီးတော့ အခြားယာဉ်ရထားတို့၏ အသံများနှင့် ရောနှော ကာ အသံ ရော ကားပါ ပျောက်ကွယ်သွားပေတော့မည်။ သံသရာဆုံးသည့် တိုင် ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပေ လိမ့်မည်။

ကျွန်မ စိတ်အာရုံထဲမှာ ထင်ဟပ်လာသည့် မြင်ကွင်းသည် အထင်ရှားဆုံးဖြစ်လာပါသည်။ သေတ္တာများ သယ်ယူပေး သည့် အလုပ်သမားအား မစ္စတာဒီဝင်းတားက ဘောက်ဆူးပေမည်ကိုလည်းကောင်း၊ အလုပ်သမား က ပိုက်ဆံကို အိတ်ထဲသို့ထည့်လိုက်ပြီး တံခါးစောင့်ကို သမင်လည်ပြန်လှည့်ကြည့်ကာ တစ်စုံ တစ်ရာ ပြောလိုက်သည်ကိုလည်းကောင်း ကျွန်မ၏အာရုံမျက်စိထဲမှာ ထင်ထင် ရှားရှားကြီး မြင် တွေ့နေ ရပါသည်။

သို့ကလို ကျွန်မ၏စိတ်အာရုံမှာ ထွေပြားနေသည့်အတွက် ကျွန်မတို့ စီးလာ သည့် မော်တော်ကား အရှိန် နှေးသွားသည် ကို ကျွန်မ သတိမထားလိုက်မိပါ။ လမ်းဘေး တစ်နေရာ မှ မော်တော်ကား လုံးဝ ထိုးရပ် လိုက်တော့မှပင် လက်ရှိဘဝကို သတိပြန်ရပါတော့သည်။ မစ္စတာဒီဝင်းတား သည် မတုန်မလှုပ် ကျောက်ရုပ်လို ထိုင်နေသည်။ သူ့ခေါင်းပေါ်မှာ ဦးထုပ်မရှိ။ လည်ပင်း မှာမူ မာဖလာအဖြူကို ပတ်ထား သည်။ ပန်းချီကားထဲမှာ ကျွန်မမြင်ခဲ့ဖူးသည့် အလယ်ခေတ် သူရဲကောင်းနှင့် ပို၍ပင် တူ လာသည်။ သူ့ ဟန်ပန်သည် လက်ရှိပတ်ဝန်းကျင် မြင်ကွင်းများနှင့် လိုက်လျော ညီထွေ မရှိပါချေ။ မြင့်မားသော ဘုရား ရှိခိုးကျောင်း၏လှေကားထစ်များပေါ်မှာ သူ ရပ်နေဖို့ ကောင်းသည်။ သူ့ကိုယ်ရုံကြီး ကို နောက်ကျော ဘက်သို့ ပစ်တင်ထားကာ သူ့ခြေထောက်အောက် တွင်လည်း သူတောင်းစား တစ်ယောက် က ဝပ်လျှိုးပြီး ရွှေဒင်္ဂါးတောင်းနေသည့် မြင်ကွင်းမျိုးနှင့်သာ လိုက်ဖက်နေ သည်။

အကြင်နာတရား ရှိလှသော၊ ပေါင်း၍သင်း၍ကောင်းလှသော မိတ်ဆွေတစ်ယောက် မဟုတ်တော့ပြီ။ ထိုမျှ မကသေး၊ လက်သဲများကို သွားနှင့် ကျွန်မ ကိုက်သည့်အခါတိုင်း ညီမငယ် တစ်ယောက် ကို နောက် ပြောင်သလို နောက်ပြောင်လေ့ရှိသော အစ်ကိုတစ်ယောက်အဖြစ်မှလည်း သူ ပြောင်းလဲ သွားလေပြီ။ ယခု ကျွန်မ၏ဘေးမှာ ထိုင်နေသူကား သူစိမ်းပြင်ပြင်ပင် ဖြစ်ချေသည်တကား။ သည်လို သူစိမ်းပြင်ပြင် တစ်ယောက်၏ဘေးတွင် ဘာကြောင့်များ ကျွန်မ ဝင်ပြီး ထိုင်နေမိပါလိမ့်။
သည့်နောက်တော့ ကျွန်မဘက်သို့လှည့်လာပြီး သူ စကားပြောပါသည်။

"ကိုယ် သတိရချင်တာကလေး ကို ပုလင်းထဲမှာ ထည့်သိမ်းထားလို့ရတဲ့ တီထွင်မှုမျိုးလုပ်လို့ ရရင် ကောင်းမှာပဲ လို့ စောစောတုန်းက မင်းပြောခဲ့တယ်။ ကိုယ်ပြန်ပြီး ခံစားချင်းတဲ့အခါတိုင်း ပုလင်း ကလေး ကိုဖွင့်ပြီး ခံစားလို့ရနိုင်တယ်ဆိုတာလေ။ ဒီကိစ္စမှာ ကျုပ်က မင်းနဲ့အယူအဆချင်း ကွဲသွားပြီ။ အတိတ် ကာလရဲ့ အဖြစ်အပျက်တွေထဲက သတိရစရာတွေဆိုတာ ကျုပ်အဖို့တော့ အင်မတန် ခါးသီး လှပါတယ် ကွယ်… ကျုပ်ကတော့ အားလုံးကို မေ့ပစ်လိုက်ချင်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုဟာဆိုရင် ကျုပ်ရဲ့တစ်ဘဝလုံးကို စောက်ထိုးမိုးမျှော်ဖြစ်အောင် ဖန်တီး ပစ်လိုက် တာနဲ့ အတူတူပဲ၊ အဲဒီအချိန်အထိ ဟိုတုန်းက ဖြစ်ပျက်ခဲ့တာတွေ မှန်သမျှအားလုံးကို ကျုပ် မေ့ပစ် လိုက်ချင်တယ်။"

"ဟိုဘက်ပိုင်းက အချိန်နာရီနေ့ရက်တွေဟာ ပြီးသွားပြီ။ ပြည်ဖုံးကား ချလိုက်ပြီ။ လူသစ် စိတ်သစ် ဘဝ သစ်နဲ့ ကျုပ် ပြန်ပြီး အသက်ရှင်ရမယ်။ မင်းနဲ့ ကျုပ် ပထမဆုံး စပြီးတွေ့ဖူးတဲ့နေ့တုန်းက မင်းနဲ့ အဘွား ကြီး မစ္စက်ဗန်ဟော့ပါးက မွန်တီကာလို ကို ကျုပ် ဘာကြောင့် လာတာလဲလို့ မေးခဲ့တယ်။ အဲဒီ အဖြစ် အပျက်ကလေးတွေ ကို ပြန်ပြီးခံစားချင်တဲ့အခါမှာ ခံစားနိုင်အောင် မင်းက ပုလင်းထဲထည့်ပြီး သိမ်းထား ချင်ပေလိမ့်မယ်။ ဒါပေမဲ့ အမြဲတမ်း ဒီလိုမဖြစ်နိုင်ပါဘူးကွယ်။ ကိုယ်ဆန္ဒရှိတိုင်း ဖြစ်ချင်မှဖြစ်တာမျိုး တစ်ခါတစ်ရံ ကျတော့ ပုလင်းထဲ ထည့်သိမ်းထားချင်တဲ့ အဖြစ်အပျက်ကလေးရဲ့အနံ့က သိပ်ပြင်းနေ တတ် တယ်။ ဒီတော့ ပုလင်းဗူးဆို့က နိုင်အောင် ထိန်းထားနိုင်ပါ့မလား။ အကုသိုလ်ဆိုတာမျိုးကလဲ ရှိ သေးတယ်။ အကုသိုလ် ဝင်ချင်ပြီဆိုရင် မကောင်းဆိုးရွားတစ်ကောင်ကောင်က ပုလင်းဗူးဆို့ကို ဆွဲဖွင့် လို့ ပွင့်သွားတာမျိုးလဲ ရှိတယ်။"

"ကျုပ်ရဲ့ အတိတ်ပုလင်းဗူးဆို့ ကို ကျုပ်ပြန်ပြီး ဖွင့်ကြည့်လိုက်မိတဲ့နေ့ဟာ မင်းနဲ့ကျုပ် ပထမဦးဆုံးအကြိမ် ကားအတူတူလျှောက် စီးကြတဲ့နေ့ပဲ၊ ဟိုတောင်ထိပ်ပေါ်ကို တို့တတွေ ကားမောင်းတက်ခဲ့ကြတယ်လေ။ ပြီးတော့ အောက်ကချောင်းကမ်းပါးကြီးကို ငုံ့ကြည့်ခဲ့ကြတယ် မဟုတ်လား။ လွန်ခဲ့တဲ့ နှစ်ပေါင်းအတော် ကြာတုန်း က အဲဒီနေရာကို ကျုပ်မိန်းမ နဲ့အတူတူ ရောက်ခဲ့ဖူးတယ်။ ပြောင်းလဲသွားတာတွေများ ရှိသ လား လို့ ကျုပ်ကို မင်းမေးခဲ့သေးတယ်လေ… ဘာမှ မပြောင်းလဲပါဘူးကွယ်။ အားလုံး အတူတူပါပဲ။ အဲဒီ နေရာ ကို မင်းနဲ့အတူတူ အခုလိုပြန်ရောက်သွားတော့ ကျုပ် သဘောပေါက်နားလည်လာတာ တစ်ခု ရှိ တယ်။

ဘာလဲ ဆိုရင် အဲဒီချောက်ကမ်းပါးနေရာဟာ ကျုပ်ရဲ့အတိတ်အကြောင်းတွေနဲ့ပတ်သက်ပြီး ဘာမှ အစ ပြန်ဖော် မပေးဘူး။ ကျုပ်နဲ့ ကျုပ်မိန်းမက သတိပြန်ရစရာတွေ ချန်မထားခဲ့လို့လဲ ဖြစ်နိုင်ပါ တယ်။ နောက်ပြီးတော့ ကျုပ်နဲ့အတူတူ မင်းရှိနေလို့လဲ ဖြစ်နိုင်တယ်။ ကျုပ်ရဲ့အတိတ်အကြောင်းတွေ ကို မင်း က ဖျောက်ဖျက်ပစ်လိုက်ပြီလေ။"
"ဒါကို မင်းသိရဲ့လား… ဟောဒီ မွန်တီကာ လို အပန်းဖြေစခန်းမှာ ထိန်လင်းနေတဲ့ မီးရောင်တွေက ကျုပ် ရဲ့ အတိတ်ကြောင်းတွေ ပျောက်ပျက်သွားအောင် မစွမ်းဆောင်နိုင်ပေဘူး။ မင်းကသာလျှင် စွမ်းဆောင် နိုင်ပေတယ်။ အတိတ်ရဲ့အနှောင်အဖွဲ့ထဲကနေ ကျုပ် လွတ်မြောက်လာအောင် မင်းကသာ ကယ်တင်နိုင် ပေ တယ်။

တကယ်လို့ ဒီမွန်တီကာလိုမှာ မင်းနဲ့သာ ကျုပ် မတွေ့ခဲ့ဘူးဆိုရင် ခြေဦးတည့်ရာကို ကျုပ် ထွက်သွား မိတာ ကြာလှပြီ။ အီတလီကို ရောက်ချင်ရောက်နေ၏မယ်။ ဂရိစန်နိုင်ငံကို ရောက်ချင်ရောက် နေမယ်။ ဒီထက် ပိုဝေးတဲ့နေရာကိုလဲ ရောက်ချင် ရောက်နေမယ်။ အခုတော့ ခြေဦးတည့်ရာ လေလွင့် ချင်တိုင်း လွင့်ရတော့မယ့် ကျုပ်ရဲ့ဘဝကြီးကို မင်းက ကယ်တင်လိုက်ပြီ။ ဒီတော့ ဣနြေ္ဒကြီးတစ်ခွဲသား နဲ့ မထုံတက်တေးတွေ လဲ လုပ်မနေနဲ့တော့။ ကျုပ်က မင်းအပေါ်မှာ အကြင်နာတရားတွေ သဒ္ဒါတရား တွေ ပိုလွန်းလှတယ် လို့လဲ လောကွတ် စကားတွေ ပြောမနေနဲ့တော့။"
"ကျုပ်နဲ့အတူတူ ကားလျှောက်စီးဖို့ ခေါ်ရတာကတော့ မင်းကို အဖော်အဖြစ်နဲ့ ကျုပ်က လိုချင်လို့… မင်း နဲ့ ပေါင်းချင် သင်းချင် အတူတကွ သွားချင် လာချင်လို့လဲ ဖြစ်တယ်။ အခု ကျုပ်ပြောခဲ့တာတွေကို မင်း မယုံကြည်ဘူး ဆိုရင် အခုချက်ချင်း ကားပေါ်ကဆင်းပြီး ဟိုတယ်ကိုပြန်ပေတော့။ ကိုယ့်လမ်း ကိုယ်ရှာပြီး ပြန်ပေတော့… ကဲ… လုပ်လေ… တံခါးဖွင့်… ဆင်း… ဆင်း… သွားတော့"
မလှုပ်မချောက်နှင့် ကျွန်မ ငြိမ်ငြိမ်ကလေး ထိုင်နေမိပါသည်။ လက်နှစ်ဖက်ကိုလည်း ပေါင်ပေါ်မှာ ယှက် တင်ထားမိပါသည်။ သူ အတည်ပေါက် ပြောနေတာလား။ နောက်ပြောင်နေတာလား ကျွန်မ မဝေခွဲ တတ်ပါ။

"ကိုင်း… ဒီကိစ္စကို မင်း ဘယ်လိုလုပ်မလဲ"ဟု သူက ဆက်မေးပါသည်။
ယခု အသက်အရွယ်ထက် များ ကျွန်မ တစ်နှစ် နှစ်နှစ်လောက် ပိုငယ်မည်ဆိုလျှင် ဟစ်၍ငိုလိုက်မိပေ လိမ့်မည်ဟု ထင်ပါသည်။ ကလေးငယ်တို့သည် မျက်ရည်လွယ်ကြသည် မဟုတ်ပါလား။ ထစ်ကနဲဆို လျှင် မျက်ရည်က အလျင်ကျတတ်စမြဲပင်။ ယခုတော့ ကျွန်မ၏မျက်လုံးအိမ်ထဲမှာ နာကျင်ကိုက်ခဲ လာ သည်။ ကျွန်မ၏မျက်နှာပေါ်တွင်လည်း သွေးရောင်လွှမ်းနေပြီဖြစ်ကြောင်း ကျွန်မ ခံစားလိုက်ရပါ သည်။ မော်တော်ကား လေကာမှန်မှာ ချိတ်ထားသည့် မှန်ကလေးထဲသို့ အမှတ်တမဲ့ လှမ်းကြည့် လိုက် တော့ ကျွန်မ၏ မျက်နှာသွင်ပြင်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှပါ၏။ မျက်လုံးအစုံ က လည်း သောကရောက်နေသည့်ပုံမျိုး။ ပါးနှစ်ဖက်ကလည်း ကြက်သွေးရောင်တောက် လျက်။ ဖြောင့်တန်း သည့် ဆံပင်များကလည်း သက္ကလပ်ဦးထုပ်အောက်မှနေ၍ ဖရိုဖရဲထွက်ကျလျက်။
"ကျွန်မ အိမ်ပြန်ချင် တယ်"

သည်မျှပဲ ကျွန်မ ပြန်ပြောနိုင်ပါသည်။ ကျွန်မ၏အသံကလည်း တုန်တုန်ယင်ယင်ဖြစ်တော့မည်အခြေ အနေမျိုး သို့ ရောက်နေပြီ။ သူက ဘာစကားတစ်ခွန်းမျှဆက်မပြောတော့ဘဲ ကားစက်နှိုးကာ ပြန်ကွေ့ ပြီး လာလမ်း သို့ ဦးတည်လိုက်သည်။
အပြန်လမ်း က ခရီးတွင်လှသည်။ ကားက မြန်လွန်းနေသည်ဟုလည်း ကျွန်မထင်ပါသည်။ အမြင်စိမ်း လှ သော ပတ်ဝန်းကျင်ရှုခင်းများကလည်း ကျွန်မတို့ကို အထူးအဆန်းသဖွယ် လှမ်းကြည့် လိုက်ကြပေလိမ့် မည်။
ကျွန်မ အမြဲတစေ အမှတ်ထင်ထင် ဖြစ်ချင်ပါသည်ဟုဆိုခဲ့သော လမ်းကွေ့သို့ရောက်လာသည်။ အလာ တုန်း ကတွေ့ ခဲ့ရသည့် တောသူမကလေးလည်း မရှိတော့ပြီ။ ပတ်ဝန်းကျင်၏အသွေးအရောင်များက လည်း ပြောင်းလဲနေကြပြီ။ အခြား အခြားသော လမ်းကွေ့များထက် ဘာတစ်ခုမျှ ပိုမိုထူးခြားသော လမ်းကွေ့ လည်း မဟုတ်တော့ပါ။

ကျွန်မ၏ပျော်ရွှင်ချမ်းမြေ့မှုများ ဆိတ်သုဉ်းပျောက်ကွယ်သွားသလို လမ်းကွေ့ကလေး၏သာယာလှပမှု များသည် လည်း ပျောက်ဆုံးလွင့်ပါးသွားကြလေပြီ။ သည်အတွေးဝင်လာသည်နှင့်တစ်ပြိုင်တည်း ကျွန်မ ၏မျက်နှာပေါ် ရှိ အကြေများ တင်းကျပ်လာပါသည်။ ငါ့အသက်မငယ်တော့ဘူးဟု အံတင်းကာဆည် ထားသည့် သိက္ခာများလည်း အဖတ်ဆည်မရတော့လောက်အောင် ဖြစ်သွားပါသည်။ သည်အခါမှာပင် အလွန်တရာ မုန်းစရာကောင်း လှသည့် မျက်ရည်များက မျက်လုံးအိမ်ထဲမှာ အိုင်ထွန်းကာ ပါးပြင်ပေါ်သို့ ဒလဟောပြေးဆင်း သွားကြလေတော့သည်။
သည်မျက်ရည် များကို ကျွန်မ ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပါ။ ထိန်းနိုင်စွမ်းမရှိတော့သည်နှင့်တစ်ပြိုင် တည်း သူတို့ ကလည်း ထင်တိုင်းကြဲကြတော့သည်။ မျက်ရည်သုတ်ရင် အိတ်ထဲက လက်ကိုင်ပဝါ ကို နှိုက်ယူလိုက်လျှင် သူ မြင်သွားပေတော့မည်။ ဒီလောက်တောင်ဖြစ်လှတာ နေစမ်းပါစေ။ ကျစမ်း ပါစေ။ မထိမတို့ဘဲ သည်အတိုင်းကို ထားပစ်လိုက်မည်။

နှုတ်ခမ်းသားပေါ်သို့ မျက်ရည်များ ရောက်လာသည်။ ငန်သည့်အရသာကို ခံစားလိုက်ရသည်။ ငန်စမ်း ပါစေ။ ကျွန်မဘက်သို့ သူ လှည့်ကြည့် မကြည့် ကျွန်မ မသိပါ။ ဘေးဘီသို့ ကျွန်မ စောင်းငဲ့မကြည့် တော့ ဘဲ ရှေ့တည့်တည့် သို့သာ သဲကြီးမဲကြီး စူးစိုက်ကြည့်နေသောကြောင့် မသိခြင်းဖြစ် ပါသည်။ ရှေ့ တည့်တည် သို့ စူးစိုက်ကြည့်နေသည်ဆိုသော်လည်း မျက်ရည်တွေ ဖုံးလွှမ်းနေသောကြောင့် မြင်ကွင်း များကို သဲသဲကွဲကွဲမြင်ရသည်မဟုတ်ပါ။
သို့သော်လည်း သူက ကျွန်မ၏လက်တစ်ဖက်ကိုကောက်ဆွဲကိုင်လိုက်သည်။ ပြီးတော့ ထိုလက်ကိုပင် သူ နမ်းပါသည်။ နမ်းပြီးသောအခါ သူ့လက်ကိုင်ပဝါကို ကျွန်မ၏ပေါင်ပေါ်သို့ ပစ်တင်ပေးပါသည်။ သူ့ လက်ကိုင်ပဝါ ကို တို့ရမှာ ရှက်လိုက်သည့်ဖြစ်ခြင်း၊ ဖော်ပြနိုင်စွမ်းမရှိလောက်အောင်ကို ကျွန်မ ရှက်မိပါ သည်။

ကျွန်မ ဖတ်ခဲ့ဖူးသည့် အချစ်ဝတ္ထုများထဲက ဇာတ်လိုက်မင်းသမီး မင်းသားများ ငိုသည့်အခန်းများ တွေး ကြည့်လိုက် မိပါသည်။ သူတို့ကျတော့ လှလှပပကလေးတွေ ငိုကြသတဲ့ရှင်…။ ကျွန်မ၏ လက်ရှိ အခြေအ နေကတော့ သူတို့နှင့်မဆီလေးရယ်တဲ့မှ အိုမဆိုင်။  ကျွန်မ၏ မျက်နှာကြီး ကျတော့ ရောင်အမ်းပြီး ပုံပန်း ပျက်နေပါလိမ့်မည်။ မျက်လုံးပတ်လည်မှာလည်း အနီကွင်းကြီး တွေ ဖြစ်နေ ပါလိမ့်မည်။ အချစ်ဝတ္ထုထဲ ကလို ဘယ်မှာလဲ လှတာတွေ…။
ပျော်စရာကောင်း သည့် သည်နံနက်ခင်း ကလေးကို ယခုလို မျက်ရည်နှင့်ဇာတ်သိမ်းပစ်လိုက်ရသည်မှာ စိတ်ပျက်ဖွယ် ရာကောင်း လှပါဘိ။ သည်တစ်နေ့တာ ကုန်ဆုံးဖို့ကလည်း အချိန်တွေ အများကြီး ကျန်နေ သေးသည်။

မစ္စက်ဗန်ဟော့ပါးနှင့်အတူ အခန်းထဲမှာပင် နေ့လယ်စာ စားရဦးတော့မည်။ သူနာပြုဆရာမ အပြင်သွား နေသည့်အတွက် ကျွန်မ ငြင်းလို့ရမည် မဟုတ်။ ပြီးတော့ နလန်ထစမှာ ဇွဲကြီးနဘဲကြီးနှင့် ဖဲကစား တတ်သည့် သည်အဘွားကြီးနှင့်အတူ ဖဲကစားရဦးတော့မည်။
သူ့အခန်းထဲမှာလည်း ပွစကျဲနေပေလိမ့်မည်။ စောင်တွေ၊ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေကလည်း တွန့် ကြေနေလိမ့်မည်။ အိပ်ရာဘေး စားပွဲခုံငယ်ပေါ်မှာလည်း ပေါင်ဒါမှုန့်တွေ၊ ရေမွှေးပုလင်းတွေ၊ ဆိုးဆေး စက်တွေက ပေကျံနေလိမ့်မည်။ အိပ်ရာပေါ်မှာလည်း တစ်ရွက်စီ ဖရိုဖရဲပြန့်ကျဲနေ သည့် နေ့စဉ်သတင်း စာ၊ အနားတွန့်နေသည့် ပြင်သစ်ဝတ္ထုစာအုပ်များ၊ အမေရိကန်မဂ္ဂဇင်းများလည်း စည်းမရှိကမ်းမရှိ ဖြစ် ချင်တိုင်း ဖြစ်နေကြပေလိမ့်မည်။

စည်းမဲ့ ကမ်းမဲ့ထိုးခြေထားသည့် စီးကရက်တိုများကလည်း ဆိုးဆေးဖျက် ပုလင်းထဲမှာ၊ စပျစ်သီးပန်း ကန်ထဲ မှာ၊ အခန်းကြမ်းပြင်နေရာအနှံ့မှာ ပြန့်ကျဲချင်တိုင်း ကျဲနေကြပေလိမ့်မည်။ လူနာမေးလာရင်း မတော် မတရား ယူလာကြသည့် ပန်းများကလည်း နေသားတကျမရှိသည့် ပန်းအိုးထဲမှာ မြင်မကောင်း ရှု မကောင်း ရှိနေကြပေလိမ့်မည်။
နောက်ပြီးတော့ သူ့မိတ်ဆွေများရောက်လာကြမည်။ အရက်သောက်ဖို့ လာကြခြင်းဖြစ်သည့်အတွက် ကျွန်မ အရက်စပ်ပေး ရဦးမည်။ ပြီးတော့ လူကြောက်တတ်သော ကျွန်မသည် အခန်းထောင့်တစ်နေရာ မှာ ကုတ်ကုတ် ကလေး ထိုင်နေရဦးမည်။ ကြက်တူရွေးလို တစာစာပြောနေသည့် သူတို့၏စကားသံများ ကြားထဲ မှာ ကျွန်မ နစ်မွန်းနေရဦးတော့မည်။ မစ္စက်ဗန်ဟော့ပါးကမူ ကျယ်လောင် ကျယ်လောင်ဖြင့် စကားပြောနေပေ လိမ့် မည်။ ခရီးဆောင်ဓာတ်စက်ကို လှမ်းဆွဲယူပြီး ဓာတ်ပြားတစ်ချပ် ဖွင့်လိမ့်မည်။ သီ ချင်းသံ ထွက်ပေါ် လာသည်နှင့်တစ်ပြိုင်တည်း သူ့ပခုံးကြီးနှစ်ဖက်ကိုတွန့်ကာ တွန့်ကာဖြင့် စည်းလိုက်ပေ လိမ့်မည်။

သည်အဘွားကြီး ကို ကျန်းမာနေစေချင်ပါသည်။ သူ့ဆံပင်တွေ သပ်သပ်ရပ်ရပ် ရှိနေစေချင်ပါသည်။ သူ့ အတွက် တက်ဇောလ်အစာကြေဆေး ဝယ်ပေးဖို့ မေ့ရကောင်းလားဟုလည်း ကျွန်မကို ဆူဆူ ပူပူ လုပ် ပေလိမ့်ဦးမည်။
သည်လိုအဖြစ်အပျက်မျိုးတွေနှင့် ကျွန်မ ရင်ဆိုင်နေရသည့်အချိန်တွင် မစ္စတာဒီဝင်းတားကတော့ တစ် ကိုယ် တည်း တစ်နေရာရာသို့ ထွက်သွားပေလိမ့်မည်။ ပင်လယ်ကမ်းခြေလိုနေရာမျိုးလည်း ဖြစ်ချင်ဖြစ် မည်။ သူ့ပါးပြင်ပေါ် သို့ ပင်လယ်လေတိုက်ခတ်နေသည်ကိုလည်း အရသာယူကောင်း ယူနေ လိမ့်မည်။ နေရောင်သာသည့် နေရာများသို့လည်း လိုက်ကောင်းလိုက်နေလိမ့်မည်။ ကျွန်မ ဘာမျှ မသိရသော သူ၏အတိတ်ဇာတ်ကြောင်းများထဲမှာ နစ်မျောချင်လည်း နစ်မျောနေပေလိမ့်မည်။ သို့တည်း မဟုတ် လွန်လေပြီးသော နှစ်ကာလများက အဖြစ်အပျက် များကို ပြန်ပြောင်းအောက်မေ့ တသနေချင် လည်း နေ လိမ့်မည်။

သူနှင့် ကျွန်မ၏ကြားက ကွာဟချက်ကြီးမှ ဟိုတန်းကထက်ပင် ပိုလို့ ကျယ်ပြောသွားပါပြီ။ ကျွန်မနှင့် အလွန်ဝေးကွာ သည့် တစ်နေရာမှာ သူ ရပ်နေသည်။ ကျွန်မကိုလည်း ကျောခိုင်းထားသည်။ ပင်လယ် ပြင်၏ဟိုတစ်ဖက်ကမ်းထိပ်မှာ သူ ရောက်နေသည့်သဘောမျိုးဖြစ်ပါသည်။
သို့ ကလို အတွေးတွေ ချာချာလည်ရင်း ကျွန်မ သည် ပို၍သေးငယ်သွားသလို၊ ငယ်ရွယ်လွန်းသွားသလို၊ အထီးကျန် အနိုင်ကြီးနိုင်သွားသလို ခံစားလိုက်ရပါသည်။ သည်အခါတွင် ဘာဟန်တွေမှ လုပ် မနေနိုင် တော့ပါ။ ဘာဣနြေ္ဒကိုမှ ဆောင်မနေနိုင်တော့ပါ။ ပေါင်ပေါ်က သူ့လက်ကိုင်ပဝါ ကို ကောက်ယူပြီး တစ် ချက်တည်း နှပ်ညှစ်ပစ်လိုက်ပါတော့သည်။ သည်လို လုပ်လိုက်မိသည့်အတွက် အရုပ်ဆိုး ချင်လည်း ဆိုး ပါစေတော့။ ဆိုးချင်သလောက် ဆိုးစမ်းပါစေ။ ဘာကိုမျှ ကျွန်မ ဂရုစိုက်တော့ မည် မဟုတ်ပါ။

"ဖြစ်ချင်တာ ဖြစ်စမ်းကွာ…"
ရုတ်တရက် သူ ပြောချလိုက်သည်ကို ကြားလိုက်ရသည်။ စိတ်ဆိုးသည့်အသံလား၊ စိတ်ပျက်ပြီး ငြီးငွေ့ သည့် အသံလား၊ ကျွန်မ အသေအချာ မပြောနိုင်ပါ။
ကျွန်မ ကို သူ့ဘေးသို့ ဆွဲယူလိုက်သည်။ ပြီးတော့ ကျွန်မ၏ပခုံးကို သိုင်းဖက်ထားလိုက်ပါသည်။ မျက်နှာ ကိုမူ ရှေ့တည့်တည့် သို့သာ လှည့်ထားသည်။ ညာဘက်လက်က မော်တော်ကားလက်ကိုင်ကို ကိုင် လျက်သား ပင်။ ဟိုတုန်း ဟိုတုန်းကများထက်ပင် ကားကို ပိုမြန်အောင် သူ မောင်းခဲ့ကြောင်း ကျွန်မ ပြန် လည် အမှတ်ရနေမိပါသေးသည်။
"မင်း ဟာ အင်မတန် ငယ်ပါသေးတယ်။ ကျုပ်သာ မွေးခဲ့မယ်ဆိုရင် မင်းဟာ ကျုပ်သမီးလောက်ပဲ ရှိ မယ်။ နောက်ပြီးတော့ မင်း နဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာတောင် ကျုပ် မသိတော့ဘူး"ဟု သူက ပြော နေသည်။

လမ်းက ပိုကျဉ်း လာသည်။ လမ်းတစ်ဆစ်ချိုးနေရာတစ်ခုသို့လည်း ရောက်လာသည်။ ခွေးတစ်ကောင် ကိုလည်း လွတ်အောင်ရှောင်လိုက်ရသေးသည်။ ထို့ကြောင့် ကျွန်မကို ဖက်ထားရာမှ သူ လွှတ်လိုက် လိမ့်မည် ဟု ထင်သည်။ သို့သော်လည်း သိုင်းဖက်မြဲ ဖက်ထားပါသည်။ တစ်ဆစ်ချိုးကို လွန်လာသည်။ လမ်းမကြီး က ဖြောင့်တန်းစွာ ပေါ်လာပြန်သည်။ သူကလည်း ကျွန်မကို ဖက်မြဲ ဖက်ထားဆဲဖြစ်သည်။
"ဒီနေ့ မနက် ကျုပ်ပြောခဲ့တာတွေကို မင်း မေ့ပစ်လိုက်နိုင်ပါတယ်။ ဒါတွေအားလုံး ပြီးသွားပြီ။ ဒီ အကြောင်းတွေ ကို ပြန်ပြီး မစဉ်းစားကြစို့နဲ့။ ကျုပ်မိသားစုက ကျုပ်ကို မက်ဇင်မ်လို့ ခေါ်တယ်။ မင်းကလဲ  ကျုပ် ကို ဒီအတိုင်း ပဲ ခေါ်စေချင်ပါတယ်။ ကျုပ်ကို မရင်းနှီးတဲ့ လူစိမ်းတစ်ယောက်ကို ဆက်ဆံသလို မင်း ဆက်ဆံခဲ့ ရတာ ကြာပြီလေ…"
ကျွန်မ၏ခေါင်းပေါ်မှ ဦးထုပ်၏ အနားသားကို လက်နှင့် သူစမ်းပြီး ဆွဲချွတ်လိုက်သည်။ ပြီးတော့ နောက် ခုံပေါ်သို့ နောက်ပြန်လှမ်းပစ်တင်လိုက်သည်။ နောက်ပြီးတော့ ကျွန်မ၏ခေါင်းကို သူ ငုံ၍နမ်း ပါလေ တော့သည်။

"အနက်ရောင် ပိုးသားဂါဝန် ကို ဘယ်တော့မှ မဝတ်ပါဘူးလို့ ကတိပေးစမ်း"
သူ့စကား ကို ကြားရတော့ ကျွန်မ ပြုံးမိပြန်ပါသည်။ သူကလည်း ကျွန်မကို ပြန်ရယ်ပြသည်။ နံနက်ခင်း သည် သာယာ သွားပြန်ပါပြီ။ နံနက်ခင်း သည် အလွန်တရာ တောက်ပသော အရာဝတ္ထုတစ်ခု ဖြစ်သွားပါ ပြီ။ အဘွားကြီး မစ္စက်ဗန်ဟော့ပါး ကိုလည်း ကျွန်မ ဂရုမစိုက်တော့ပြီ။ အချိန်တွေ ရှည်လျားစွာ ကျန်နေ သေးသည့် မွန်းလွဲပိုင်းအချိန်ကိုလည်း ကျွန်မ ဂရုမစိုက်တော့ပြီ။ လက်ဖြောက် တစ်ချက်တီး လိုက်သလို အားလုံးကို မေ့ပစ်လိုက်ပါတော့သည်။ ရှည်လျားပါသည်ဆိုသော ထိုအချိန်များက အလွယ် တကူ ကုန် ဆုံးလွန်မြောက်ကြပါလိမ့်မည်။ နောက်ပြီးတော့ ယနေ့ညဆိုတာ ရှိလိမ့်မည်။ မနက်ဖြန် ဆိုတာ လည်း ရှိလိမ့်မည်။ ထိုညတွေ၊ မနက်ဖြန်ညတွေ သာယာလှပသောညနှင့် မနက်ဖြန်တွေ ဖြစ် လိမ့် မည်။

ဆက်ရန်
.

No comments: