Thursday, May 10, 2012

ရဲမြလွင် ၏ ဂျပန်တွေ နဲ့ ပတ်သက်သမျှ

အပြုံးကြားမှမျက်ရည်စများ

၂၀၁၁ ခုနှစ်အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ မိနစ်သုံးဆယ်အချိန်ကဖြစ်သည်။ ဆရာရဲ သည် ခရေပင်ရိပ်သာ၊ အမှတ်(၂) နှင်းဆီဖြူလမ်း၊ အိမ်အမှတ် ၁၂၉ မှ စတင်ထွက်ခွာသော အသုဘ ပို့ယာဉ် BM ကားတစ်စီးပေါ်တွင် စီးနင်းလိုက်ပါလာနေခဲ့ပေသည်။
ဆရာရဲ လိုက်ပါလာသော ကားတန်းကြီးသည် စေတီကလေးတစ်ဆူရှိသော လမ်းထောင့်အတွင်းသို့ ချိုးဝင် လိုက်ပြီးနောက် အတန်ကြာသည့်အခါ သံချေးရောင် ခေါင်းတိုင်ကြီးတွင် အမည်းရောင် မီးခိုးများ တွန့်ခွေ လိမ်ကောက်ကာ မိုးပေါ်သို့ ထောင်တက်နေသော မြန်မာသင်းချိုင်းကို တွေ့လိုက်ရသည်။ မိမိအား လိုက်ပို့ ပြီး ကားအသီးသီးပေါ် သို့ ပြန်တက် ကာ ရေးကြီးသုတ်ပျာပြန် သွားကြ သည့် ဆွေမျိုးအပေါင်းအသင်း တို့အား လက်ပြနှုတ်ဆက်နေသည့်အသွင်မျိုးပင်ဖြစ်လေသည်။

လွန်ခဲ့သော ၅ လခန့်က ဆရာရဲ၏ ကျောင်းနေဘက် သူငယ်ချင်း အထက်တန်းပြ ဆရာမ ဒေါ်ခင်သန်းမူ တုန်းကလည်း ဤသို့ပင်ဖြစ်လေသည်။ အသုဘအခမ်း အနားက ၃ နာရီဟုရေးထားသဖြင့် ၂ နာရီ ၄၅ မိနစ် အရောက်သွားခဲ့သည့် တိုင် လူချောင်သည့်အတွက် စောသင်္ဂြီုလ်လိုက်ကြသောကြောင့် သူငယ်ချင်း ၏ နောက်ဆုံးမျက်နှာကိုပင်မကြည့်လိုက်ရဘဲ မီးခိုးတန်း ကလေး ကိုသာ တွေ့လိုက် ရလေ သည်။ မြန်မာလူမျိုးများ၏ အယူအဆအရ သေဆုံးခြင်းကို ဘ၀တစ်ပါး သို့ ပြောင်းရွှေ့ သွားသည် ဟု ပြောကြသည်။ ယခုအချိန်တွင် ကျွန်တော့် သူငယ်ချင်းမည်သည့်ဘ၀သို့ ရောက် နေသည်ကို ကွန်ပျူတာနှင့် တွက်ချက်ကြည့်လို့ရလျှင် ကောင်းမှာပဲဟု ကြံကြံဖန်ဖန်တွေးလိုက်မိသည်။

ဂျပန် သင်္ချိုင်း၊ တရုတ်သင်္ချိုင်းတို့ကို ဖြတ်ကျော်လာပြီးနောက် မူဆလင်သချိင်္ိုင်းကိုရောက်တော့ လုံခြုံရေး ၀န် ထမ်းဒေးဗစ် ကို သတိရလာမိတော့သည်။ ဒေးဗစ် အသက်ရှင်စဉ်က အလုပ်တွေ တအားကြိုးစား ခဲ့ သည်။ တစ်ညလုံး ညစောင့်တာဝန် ကို ပင်ပင်ပန်းပန်း ထမ်းဆောင်ပြီးတော့ နေ့ခင်းနေ့လယ်ဘက်တွင် တက္ကစီ အငှားကားကို လိုက်မောင်းသည်။ ရေခဲသေတ္တာ၊ အဲယားကွန်းစသည်တို့ကို လိုက်ပြင် သည်။ နောက်ဆုံး တော့ သူသည် မူစလင်မလေးနှင့် အိမ်ထောင်ကျသောကြောင့် အလာရှင်မြတ်၏ အမိန့်တော် ကို ခံယူသွား ခဲ့သည်။ ယခုဆိုလျှင် သူလည်းကျင်းထဲတွင်ထိုင်ကာ အလာအရှင်မြတ် အလာ ကို စောင့်မျှော်နေရှာပေ လိမ့် မည်။

နောက်ဆုံးတွင် ကျွန်တော်တို့ ကားသည် လက်ဝါးကပ်တိုင်ကလေးများ စုဝေးရာ ခရစ္စယန် သင်္ချိုင်း သို့ရောက် လာခဲ့ကြသည်။ ဆရာရဲသည် ဒေါက်တာစောရော့တော့၏ ရုပ်အလောင်းထားရှိရာ ဇရပ်ထဲ သို့ဝင်လာခဲ့ပြီး လွမ်းသူ့ပန်းခွေများခြံရံထားသည့် ခေါင်းထဲတွင် အေးချမ်းစွာလဲလျောင်းနေသော မိတ်ဆွေကြီး ၏ မျက်နှာ ကလေး ကို ငါးမိနစ်ခန့် ငိုင်ပြီး ကြည့်နေလိုက်သည်။ ဘ၀အမောများကို အပြီးအပိုင် နှုတ်ဆက်ခဲ့ပြီး ထာဝရ အနားယူသွားသော မိတ်ဆွေကြီးနှင့် ရန်ကုန်ဆေးရုံကြီး ၏ နှလုံးရောဂါ ကု ဌာန တွင် စကားတွေ တ၀ကြီးပြော ခဲ့ကြသည်ကို ပြန်လည်သတိရလာမိတော့သည်။ သူကဂျာနယ်ပေါင်းစုံ ကို မလွတ်တမ်းဝယ်ဖတ်သူ ဖြစ်လေ သောကြောင့် သူအမှာစာရေးပြီး ကျွန်တော် ဘာသာပြန်ခဲ့ သည့် (တိုကျိုမြို့မှချစ်ပုံပြင်) စာအုပ် ဝေဖန်ချက် ကလေး မြန်မာပို့စ် ထဲတွင် ပါလာသည့် အတွက် ၀မ်းသာနေ ရှာသည်။

ထုံးစံအတိုင်း ဈာပနဆိုင်ရာ ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်များကို စပါတော့သည်။ (ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သော သူ သည် သေလွန်သော်လည်း ရှင်ရလိမ့်မည်။ ယောဟန် ၁၁း၂၅ ဟူသော ကျမ်းစာပိုဒ်ဖြင့် ၀တ်ပြုရန် ဖိတ်ခေါ်ခြင်း စတင်ရာမှ ဓမ္မသီချင်းများ၊ နှစ်သိမ့်ဆုတောင်းခြင်းများ၊ ဓမ္မဒေသနာ ဟောပြော ရှင်းလင်းမှုများ ကို အစီအစဉ် အတိုင်းဆက်လက်လုပ်သွားကြသည်။ သို့ပါသော်လည်း ကျွန်တော်၏ အာရုံ ထဲတွင်မူ ဒေါက်တာ စောရော့ တော့နှင့်အတူ ဂျပန်သံရုံးတွင် ၁၈ နှစ်တာ အလုပ် အတူ လုပ်နေ ခဲ့ကြပုံများ ပြန်လည်မြင်ယောင်နေမိလေ တော့သည်။ သူက အချိန်တိကျသည်။ အ၀တ်အစားကို ဂျပန် များထက် အချိုးကျအောင် ၀တ်ဆင်တတ် သည်။

အစစအရာရာ ခြိုးခြံချွေတာသည်။ ဆေးလိပ်မသောက်၊ ကွမ်းမစားရုံမျှမက အရက်ဆို၍ ဘီယာ လောက် ပင် ကောက်ကိုင်ဖူးသူမဟုတ်ပေ။ ဆရာရဲနှင့်တော့ တခြားစီပင်ဖြစ်ကြသည်။ သူနှင့် ဆရာရဲတို့ မတူ တာ များသော်လည်း တစ်ခါမျှခိုက်ရန် မဖြစ်ဖူးခဲ့ကြပေ။ သူကစာတွေတအားဖတ်သည်။ ကျွန်တော်က စာတွေ တအားရေး သည်။ သူနှင့်ဆရာရဲတို့သည် မည်သူ့ကိုမျှ ဒုက္ခမပေးသကဲ့သို့ လက်ရှိ လုပ်ငန်းတွင် မပျော် ပိုက်ကြပေ။ ဂျပန်လူမျိုး တို့ကမူ လူကိုလူလိုမြင်သောစိတ်သဘော ကို တန်ဖိုးထားကြသည်။ မည်သို့ ပင်ဖြစ်စေ ဆရာရဲ တို့နှစ်ယောက်သည် ငွေမျက်နှာကြောင့် မချစ်သော်လည်း အောင့်ကာနမ်းခဲ့ကြရာ ဆရာ ရဲ သည် သူ့ထက်စောပြီး အနားယူခဲ့သည်။ အသက် ၆၂ နှစ်ကျော်လာခဲ့ပြီမဟုတ်ပါလား။

အိုမင်း လာသည်နှင့်အမျှ ကျန်ရှိနေသော အချိန်တို့က ရွှေထက်ပိုပြီး တန်ဖိုးရှိလာခဲ့သည်။ ဆရာစောရော့တော့ ကတော့ အနားမယူသေးဘဲ ခြေထောက်ထော့နင်း ထော့နင်းဖြင့် သုံးထပ်တိုက် ကို နေ့တိုင်း အတက်အဆင်း လုပ်နေခဲ့ရှာသည်။ မိုးထဲ လေထဲတွင် ကိုယ်တိုင် ကားမောင်းပြီး ရုံးတက်နေ ခဲ့ ရှာ လေသည်။ သူနှင့်ဆရာရဲက ဇွန်လ ၂၉ ရက်ဖွားများဖြစ်ကြသည့်အတွက် ဆရာရဲထက် တစ်နှစ် တိတိငယ် သော ဆရာစောရော့တော့တစ်ယောက် နောက်ထပ်ကြိုးစားရန်အချိန်အများကြီး ကျန်နေပေ လိမ့်ဦးမည်။ သို့ပါသော်လည်း ကံဇာတ်ဆရာကြီးက သူ့အားတစ်ချက်လွှတ်အမိန့်ဖြင့် အနား ယူခိုင်း လိုက်လေတော့သည်။

မြေသို့ အပ်နှံခြင်း အစီအစဉ်တွင် ဧည့်ပရိသတ်များက ရှေ့မှသူ့အတွက် ပေးပို့လာသော လွမ်းသူပန်းခွေ များ၊ ပန်းခြင်း များကို သယ်သွားကြသည်။ အလယ်မှ တပည့်များက သူ့ရုပ်အလောင်းကို သယ်သွားကြပြီး နောက်ဆုံး လူအုပ် ထဲတွင် ဆရာရဲက ခေါင်းငိုက်စိုက်ဖြင့် လိုက်လာရင်း အတွေးနယ်ချဲ ကာ လာခဲ့ မိသည်။ သေ ဆုံးခြင်းသည် ရှင်သန်ခြင်း ၏ ၀မ်းဗိုက်ထဲတွင် တစ်စထက်တစ်စ ကြီးပြင်း လာခဲ့ခြင်း ပင်ဖြစ်လေသည်။ သေဆုံးခြင်း က ရင့်မာပြီး အရွယ်ရောက်လာသည့်အခါ သူတာဝန်ကို သူ ထမ်းရွက် သွားခြင်းသာဖြစ်လေ သည်။

ဤတွင် ဘ၀သည် ပြည်ဖုံးကားကြီးကို ချလိုက်လေတော့သည်။ သေဆုံးသွားပြီးနောက် ဘာဖြစ်လာမည် ညာဖြစ်လာ မည် ဟု ဆက်တွေးသူများ ထဲတွင် ဆရာရဲမပါချင်တော့။ ထို့ကြောင့်လည်း တစ်လောက " သင့် အား ဤရုံးမျအပြီးအပိုင် ထုတ်ပယ်လိုက်သည်။ သင်သွားလိုရာသွားနိုင်ပြီ" ဆိုသော အမိန့်စာ ကို ရေးပေးရန် တူးတူးခါးခါးကြီး ငြင်းဆန်ခဲ့ခြင်းပင်ဖြစ်လေသည်။ မသေခင်သာ ချစ်ကြခင်ကြ၊ တန်ဖိုး ထားကြပြီး သေပြီး သွားသောအခါ မချစ်မခင်ရုံ၊ တန်ဖိုးမထားရုံမျမက ရန်သူအဖြစ် သဘောထားကာ၊ အိမ်မှာသော်လည်းကောင်း အပြီးအပိုင် မောင်းထုတ်လိုကြသော လူတို့၏ နှလုံးသားကို အံ့သြလို့ မဆုံးအောင် ဖြစ်နေရ ပါတော့သည်။

ထိုသို့ အတွေးရေယာဉ်ကြော တွင် မျောပါနေစဉ် နောက်ဘက်မှ ရှိုက်သံသဲ့သဲ့ကို ကြားလာရလေသည်။ ခရစ်ယာန် ထုံးစံ အရ ဘုရားသခင်၏ ထံပါးသို့ ရောက်ရှိသွားသော ဒေါက်တာ စောရော့တော့အတွက် မငိုမရှိုက် ဘဲ အပြုံးမပျက် လိုက်လံပို့ဆောင်နေကြချိန်တွင် မည်သူက လာရောက် ငိုရှိုက်ပြီး လိုက်ပါနေရ ပါသနည်း။ ဆရာရဲ က နောက်သို့ လှည့်ကြည့်လိုက်သောအခါ လုပ်ဖော်ကိုင်ဖက် ဂျပန်မလေးဖြစ်နေ သည် ကို တွေ့လိုက် ရလေသည်။

မြေသို့ အပ်နှံခြင်း အခမ်းအနားပြီးနောက် ဆရာစောရော့တော့၏ ရုပ်ခန္ဓာကြီး သည် မြေမှုန်မှ လာပြီး မြေမှုန် များပြန်ဖြစ်သွားခဲ့ချေပြီး ဆရာရဲလည်း ထိုမြေမှုန်များအထက်တွင် သစ္စာပန်းတစ်ခက် ကို ချထားပြီး လာရာလမ်း အတိုင်း ပြန်လျှောက်လာခဲ့သည်။ ဆရာကတော်ကို နှုတ်ဆက်လိုက်တော့ " ဆရာ့ သူငယ်ချင်း ကတော့ ဆရာ့ ကို လမ်းခွဲသွားပြီနော် "ဟု ပြောလိုက်သော စကားကြောင့် ရင်ထဲတွင် နင့်ခနဲ ခံစား လိုက် သည်။ ဝေလည်းမွှေး ကြွေလည်းမွှေးသော တရုတ်စကားပန်း ကလေးများ က ဝေ့ကာ ပတ်ကာ အုတ်ဂူ များ အထက်သို့ ကြွေကျလျက်ရှိနေကြသည်။

ငှက်ငယ်ကလေးများက တစ်ပင်မှတစ်ပင်သို့ ကူးလူးပျံသန်းနေ ကြသည်။ ကောင်းကင်ကြီး တစ်ခုလုံး သည်လည်း မိုးတိမ် တို့ ကလူကျီဆယ်မှုကြောင့် လင်းတစ်ခါမှိတ်တစ် လှည့် ဖြစ်နေကြလေသည်။ ဂိတ်ဝ သို့ ရောက်သောအခါ စောစောက ဂျပန်မလေးက ဆရာရဲအား ကားမပါ လျှင် သူ့ကားနှင့် လမ်းကြုံ လိုက်ခဲ့ ဖို့ ဖိတ်ခေါ်သဖြင့် ကားထဲသို့ ထိုင်လိုက်လာခဲ့မိလေသည်။ အဆိုပါ ဂျပန် မကလေးမှာ ဂျပန် အစစ် မဟုတ်၊ ကိုရီးယားသွေး တစ်ဝက်နှောထားလေသောကြောင့်လားမပြောတတ် သူမ ၏ နှလုံးသား သည် ဂျပန်စစ်စစ် တို့၏ နှလုံးသားလောက် ခက်ထန်မာကျောခြင်းမရှိလှပေ။ ပြီးတော့ သူက တက္ကသိုလ် တွင် မြန်မာစာ အဓိကယူခဲ့လေသည့်အတွက် မြန်မာစကားကို မွှတ်နေအောင် ပြောတတ် ပြီး မြန်မာ လူမျိုး များ ကို ချစ်သည်။ ကြည်လေ၊ ယခု စကားပြောနေသည့် အချိန်၌ပင်လျှင် ရှိုက်သံတို့က မပျောက် သွားကြသေး။

" ရဲလွင်စံ၊ ပြီးခဲ့နှစ်နှစ်လောက်တုန်းက စထရင်းဟိုတယ်မှာ ဖက်ရှင်ပြပွဲလုပ်တာကို မှတ်မိသေးလား။ အဲဒီ တုန်းက ဒေါက်တာစာရော့တာ့ တစ်ညလုံး ၀မ်းတွေ ၁၂ ခါလောက်သွားလို့ ခွင့်တစ်ရက်တောင်းခဲ့ တယ်လေ။ အဲဒီတော့ သူ့ အထက်အရာရှိက ဘာပြောခဲ့တယ်မှတ်သလဲ။ အခုချက်ချင်း ဆရာဝန်ခေါ်ပြီး ၀မ်းပိတ်အောင် လုပ်ပါ။ ပြီးတော့ နံနက် ၈ နာရီခွဲတိတိမှာ ရုံးကို တက်ဖြစ်အောင် တက်ပါတဲ့လေ "
မော်တော်ကား အဲယားကွန်းထဲတွင် ဂျပန်မကလေး က မျက်ရည်တတွေတွေစီးကျရင်း ရှင်းပြနေသည်။ ကျွန်တော့် တစ်ကိုယ်လုံးတွင်မူ ချွေးများ က စိမ့်ထွက်နေသည်။ ထိုစဉ်က ဒယီးဒယိုင်ဖြင့် ရုံးတက်လေသော ဒေါက်တာစောရော့တော့ အား " ဆရာ့နှယ်ဗျာ၊ နေမကောင်းဖြစ်နေရဲ့သားနဲ့ ဘာလို့ လာနေသေး တာလဲ။ ကျွန်တော် ဆိုရင် သူတို့အလုပ် ထုတ်ချင်ထုတ်ပစ်ပါစေ။ ဘယ်တော့မှ မလာဘူး "ဟု ကရုဏာဒေါသပြော ခဲ့သည်ကို ပြန်လည်သတိရလာမိသည်။

" ဒီနေ့ဆိုရင် လည်း ဘယ်လောက် ဆိုးသလဲ။ တခြားမြန်မာဝန်ထမ်းတွေ က ဒေါက်တာ စောရော့တော့ ကို နောက် ဆုံးအနေ နဲ့ လိုက်ပို့ချင်ကြလို့ ကားတောင်းတဲ့အခါ ကားမရှိဘူးလို့ ပြောလိုက်ကြတယ်လေ။ သူတို့က လူသေတယ် ဆိုတာ ရုံးနဲ့မဆိုင်ဘူး။ ပုဂ္ဂလိကကိစ္စလို့ ယူဆကြတယ်လေ။ တစ်သက်လုံး အလုပ် လုပ်ပေးခဲ့ တာ ကိုတောင် မထောက်ထားတော့ဘူး ရက်စက်လိုက်ကြတာ "
ကျွန်တော် က ဘာမှ မှတ်ချက်မပြောဘဲ ငြိမ်ပြီးနေလိုက်သည်။ သူတို့ လူမျိုးများသည် အလုပ်မှလွဲလျှင် မိမိ အသက်ကိုပင် ဂရုစိုက်သူများ မဟုတ်ကြောင်း ကို ကျွန်တော်က ကောင်းကောင်းကြီး သိထားပေ သည်။ စကား တပြောပြောနှင့် ကျွန်တော်တို့ကားကလေးသည် မြောက်ဥက္ကလာအ၀ိုင်းကြီးသို့ ဆိုက်လာ သည့် အတွက် ကျွန်တော် က ကျေးဇူးတင်ကြောင်းပြောကာ ကားပေါ်မှဆင်းလိုက်သည်။

" ရဲလွင်စံ လည်း ကျန်းမာရေးကို ဂရုစိုက်နော် "
" စိတ်ချပါ။ ကျွန်တော် တော်တော်နဲ့ သေဦးမှာမဟုတ်ပါဘူး။ ကျွန်တော့် ဇာတာထဲမှာ အသက် ၁၂၀ ရှည်စေ သော်ဝ်လို့ ရေးထားတယ်လေ "

ဂျပူးရန်ဆိုသောရောဂါဆန်းတစ်မျိုး

ကျွန်တော်ငယ်စဉ်ကတည်းက သဘောကျနေသော ဘုရားဟောဒေသနာ တစ်ခုရှိလေသည်။ (ပုထုဇနော ဥမ္မတ္တကော) ပုထုဇဉ်လူသားအားလုံးသည် တစ်မျိုးမဟုတ်တစ်မျိုး ရူးနေကြသည်ဟူသော တရားဖြစ်လေ သည်။ တချို့က ဥစ္စာကြောင့်ရူးကြသည်၊ တချို့က အာဏာကြောင့်ရူးကြသည်။ တချို့ကျတော့ ပညာကြောင့် ရူးကြလေသည်။ လူသားအားလုံးသည် အနုအရင့်သာ ကွာခြားကြမည်ဖြစ်သော်လည်း ရူးကြ တာချင်းတော့ အတူတူ ပင်ဖြစ်ကြသည်။ ယခုဆောင်းပါးတွင် ရူးပါလျက်နှင့် မရူးယောင်ဆောင်နေကြသော အရာပူး၊ အရူးပါးများ၏ အကြောင်းကို ထည့်ရေးရန် မရည်ရွယ်ပါ။ ကိုယ့် ကို ကိုယ် ဆင်ခြင်ကြည့်ကြရုံသာ ဖြစ်ပါ သည်။ ယခု ကျွန်တော် ရေးမည့်အကြောင်းမှာ သွက်သွက်ခါအောင် ရူးနေသော ရောဂါဆန်းတစ်မျိုး ၏ အကြောင်းပင်ဖြစ်ပါသည်။ ထိုရောဂါ၏အမည်မှာ ဂျပူး ရန်၊ ဂျပန်ရူးရောဂါပင်ဖြစ်ပါသည်။

ရှေးဦးစွာ ရူးသည် ဆိုသော ဝေါဟာရကို ဖွင့်ရန်လိုပါလိမ့်မည်။ ရိုးရိုးနှင့် ရှင်းရှင်းပြောရလျှင် ရူးသည်ဆို သည်မှာ သာမန်လူများကဲ့သို့ ပုံမှန်မတွေး ပုံမှန်မပြောဘဲ ထူးခြားစွာတွေးခေါ်ပြောဆို တတ်ခြင်းဖြစ် ပါသည်။ ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀တုန်းက အတန်းထဲတွင် ကျော်မြင့်ဆိုသော သူငယ်ချင်း သုံးယောက် ရှိခဲ့ဖူးပါသည်။ ကြာကူလီကျော်မြင့်၊ ပရော်ဖက်ဆာကျော်မြင့်နှင့် အရူးကျော်မြင့် တို့ဖြစ်ကြပါသည်။

ဤနေရာ တွင် ကြာကူလီကျော်မြင့်နှင့် ပရော်ဖက်ဆာကျော်မြင့်တို့အကြောင်း ထည့်မပြောတော့ပါ။ သူတို့ က သူတို့ကို ပေးထားသော ဂုဏ်ပုဒ်များနှင့် လိုက်ဖက်တင့်တယ်သူများဖြစ်ကြပါသည်။ ကျွန်တော် အခင်မင်ဆုံးနှင့် ယနေ့ ထက်တိုင် မမေ့ရက်နိုင်အောင် သံယောဇဉ်ဖြစ်ခဲ့ရသူမှာ ကျွန်တော့် သူငယ်ချင်း အရူးကျော်မြင့်ပင် ဖြစ်ပါသည်။ နှစ်ပေါင်း ၄၀ ကျော်အကြာ၊ ပင်စင်ယူပြီးအချိန် ၃၈ လမ်းတွင် တစ်ယောက် တည်းလမ်းလျှောက် နေစဉ် ကျွန်တော့်အား နောက်မှနေပြီး (ဟေ့လူ၊ ၇ ပဲလွင်)ဟု လှမ်းခေါ် လိုက် သည့် အသံကြောင့် အမှတ်တမဲ့ လှည့်ကြည့်လိုက်သောအခါ ကျွန်တော့် သူငယ်ချင်း အရူးကျော်မြင့် ဖြစ်နေသည်ကို တွေ့လိုက်ရပါတော့သည်။ သူ၏ပုံစံမှာ ယခင် အတိုင်းပင် စပို့ရှပ်အဖြူ ဂျင်းဘောင်းဘီ၊ ၀ပ် ကင်းရှူးတို့ကို ၀တ်ဆင်ထားမြဲဖြစ်ပါသည်။ ဖြစ်မှာပေါ့လေ။ သူ့မှာက ပူပင်သောက ဆိုသည်မှာ စိုးစဉ်းမျှရှိ နေသည်မှမဟုတ်ဘဲကိုး။

သူ့ကိုမြင်တော့ ယခင်က စိတ်ရောဂါအထူးကုဆေးရုံတွင် သူ့အား လူနာမေးသွားခဲ့သည့် အကြောင်း ကို ပြန် လည်သတိရလာပါတော့သည်။ အတန်းထဲတွင်သူက ကျွန်တော့်ဘေးတွင် ထိုင်ပြီး အကယ်၍ စာသင်ချိန် တွင် စိတ်ဖောက်လာခဲ့သည့်အခါ ရှေ့တွင် ထိုင်နေသော ကျောင်းသူများ၏ ကြစ်ဆံမြီး ကလေးများကို ဆွဲကာ ဟဲ့နွားဟဲ့နွား-ဟု လှည်းမောင်းပါလေတော့သည်။ ထိုအခါမျိုးတွင် ကျွန်တော် က သောက်ရေသန့်ဘူးထဲမှ ရေကို ထုတ်ရန် ဆေးသောက်ရန် တိုက်တွန်းခဲ့ရလေသည်။ အဆိုပါ ကိုကျော်မြင့် တစ်ယောက် စိတ်ရောဂါ အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသသည့်အချိန် ကျွန်တော် တို့ လူမမာမေးသွားရောက်ခဲ့ကြစဉ်က ဖြစ်ပါသည်။

ဆေးရုံဝင်းထဲသို့ ၀င်လိုက်သည်နှင့် လမ်းဆုံတစ်ခုတွင် အနောက်တိုင်းဝတ်စုံဝတ်ကာ နက်က တိုင်စည်းထားသော လူကြီးတစ်ယောက်က ကျွန်တော့်အား အင်္ဂလိပ်လိုလာမေးပါသည်။ May I know your name? Show me your N.R.C Card. What is your purpose? စသည့် မေးခွန်းများကို မေးလာ သည့် အတွက် ကျွန်တော်လည်း တတ်သမျှ မှတ်သမျှ အင်္ဂလိပ်လိုပြန်ဖြေလိုက်ရပါသည်။ သူကမှတ်စုစာ အုပ် တွင် ရေးမှတ်ပြီး ကျွန်တော်တို့ကို နှုတ်ဆက်ကာ ထွက်သွားပါသည်။ သူထွက်သွားမှ ကျွန်တော့် သူငယ်ချင်း ခင်ဆွေဝင်း က "ကိုရဲလွင်၊ အဲဒါလူကောင်းမှ ဟုတ်ရဲ့လား။ သူ့ရင်ဘတ်မှာ ဇီးပြားတံဆိပ်၊ စီးကရက်ဘူးခွံ တံဆိတ်၊ ဘီစကွပ်မုန့် တံဆိပ်တွေ မျိုးစုံကပ်ထားတယ်လေ " " ဟယ်၊ ဒါဆို သူကဘူးရို၊ ဘိုရူး တစ်ယောက်ပေါ့ " ထိုအချိန်မှစပြီး ကျွန်တော်သည် ငယ်ငယ်တုန်းက အမေပြောပြသော ဘိုရူး ဆိုသော ရောဂါသည်ကို လက်တွေ့နဖူးတွေ့ ဒူးတွေ့ မြင်လိုက်ရခြင်းဖြစ်ပါသည်။

အမေ တို့ ငယ်ငယ် တုန်းက ကိုချစ်ဆိုသော ဘူးရိုတစ်ယောက် ရှိခဲ့ဖူးသည်ဟု ဆိုလေသည်။ သူက စကားပြောလေ တိုင်း အင်္ဂလိပ် I say, I say ဟု ထည့်ထည့်ပြောတတ်လေသည်။ သို့ပါသော် လည်း မြန်မာလူမျိုးများကမူသူတို့၏ နားထဲတွင် "အစိမ်း" "အစိမ်း" ဟုသာ ကြားနေခဲ့ကြရာ အစိမ်းရောင် ရှိသော အရာမှာ ဘူးရွက်ပြုတ်သာဖြစ် သောကြောင့် နောက်ပိုင်းကို ချစ်လာသည်ကိုတွေ့လျှင် "ဟိုမှာ ဘူးရွက်ပြုတ် ကို ချစ်လာနေပြီဟေ့" ပြောခဲ့ကြသည်ဟု ဆိုပါလေသည်။ ထိုအဖြစ်အပျက်များကို ဆင်ခြင်ကြည့် လိုက်သည့် အခါ လောကကြီးတွင် ဥစ္စာရူး၊ အာဏာရူး၊ ပညာရူးတို့ သာမက နိုင်ငံခြားရူးရောဂါတစ်မျိုးလည်း ရှိတတ်ပါကလားဟု သိလာရပါ သည်။

ယခု ကျွန်တော် တင်ပြမည့် နိုင်ငံခြားရူးရောဂါမှာ ဂျပူးရန်၊ ဂျပန်ရူးရောဂါပင်ဖြစ်ပါသည်။ ထိုရောဂါသည် ဖက်ဆစ်ဂျပန်များ မြန်မာပြည်သို့ ရောက်လာကတည်းက စခဲ့ပါသည်။ ကျွန်တော် ဖတ်ခဲ့ဖူးသော ၀တ္ထု ဇာတ် လမ်းများ၊ ကျွန်တော် ကြည့်ခဲ့ဖူးသော ရုပ်ရှင်ကားများတွင် ဂျပန်များကို မာစတာ မာစတာ ဟုခေါ်ကာ မြန်မာ့ လူမျိုးအချင်းချင်းကို နှိပ်စက်တတ်ကြသည့် ဂျပန်အလိုတော်ရှိ၊ ဂျပန် စကားပြန်များဖြစ်လေသည်။ ဟောအခုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ဖက်ဆစ်ဂျပန်များ ကို တော်လှန်ကာ၊ နယ်ချဲ့ အင်္ဂလိပ် များကို တော်လှန်ကာ လွတ်လပ်သောမြန်မာနိုင်ငံ အဖြစ် သို့ ရောက်ရှိလာသည့်တိုင် ဘိုရူးများ၊ ဂျပန်ရူးများ ကျန်ရှိနေသေးကြောင်းကို တအံ့တသြတွေ့ လာရပါတော့ သည်။

အထူးသဖြင့် ကျွန်တော် တွေ့ဖူးသော ဂျပူးရန်၊ ဂျပန်ရူးနှစ်မျိုးနှစ်စားဖြစ်ပါသည်။ တစ်မျိုးမှာ သာမန် လူတန်းစား များထဲကဖြစ်ပါသည်။ အကြောင်းတစ်ခုခုကြောင့် ဂျပန် တစ်ယောက်ယောက်နှင့် သိခွင့်ရ လိုက် သည်နှင့် သူတို့ငယ်သူတို့ ချက်ချင်းသိကြားမင်းနှင့်တွေ့ကာ သူထေးဖြစ်တော့မည်ဟု ယူဆ လိုက်ကြ ပါသည်။ ထို့ကြောင့် ဂျပန်အကြိုက်ကို ဘာမဆိုလိုက်လုပ်ကြတော့သည်။ ဂျပန်က အုန်းပင်ပြီး အုန်းသီးခွဲ ကျွေးကြသည်။ ဂျပန်ကြီးက ယော်ရောရှိယော်ရောရှိလုပ်ကာ လက်မှတ် တစ်စောင်ရေးပေး သွားသည်။ ဘူးသီး ငပေါင်းကြော်လို ရှုပ်ရှက်ခတ်နေသောကြောင့် လုံးဝ နားမလည်နိုင်သော စာတစ်စောင် ကို ရေးပေး သွားသည်။ နောက်ထပ် ဂျပန်တပ်ဖွဲ့ ရောက်လာသောအခါ ၀မ်းသာအားရဖြင့် ထိုစာ ကို ပြသည်။ ထိုအခါ ကျမှ စာလာပြသူအား ဆုမချသည့်အပြင် သူ့တပ်ဖွဲ့တစ်ဖွဲ့လုံး စားရန် အတွက် အုန်းပင်ဆယ်ပင် ကို တက် ခိုင်းလိုက်လေတော့သည်။

ကျွန်တော်တို့ မြန်မာစကားတွင် ဂျပန်နှင့် ပတ်သက်သော မှတ်သားစရာစကား တစ်ခုအဖြစ် ကျန်ရစ်တော့သည်။ ဂျပန်အုန်းပင်တက်လက်မှတ်ရသလို။ နောက်ထပ် ဂျပန်နှင့်ပတ်သက်ပြီး ဆင်ခြင် ဖွယ်ရာ စကားများလည်းရှိသည်။ ဂျပန်မူလီလို အရစ်ရှည်သည်။ ဂျပန်တို့အတွက် တစ်ခုခု မသင်္ကာ စရာမဖြစ်လိုက်နှင့် စိတ်ညစ်လောက်အောင် မီးခိုးကြွက်လျှောက်လျှောက် မေးတတ်ခြင်းဖြစ်သည်။ ဂျပန် ဖယောင်းချက် လို အတွင်းမျက်နှာလုပ် ဧည့်ခံသလောက် မိမိတို့ လက်အောက်ရှိ တပည့်တပန်း များကို စေတနာမရှိကြသည့်အပြင် ဆန်ရင်းနာနာဖွတ်ဆိုသကဲ့သို့ စေတနာမရှိကြသည့်အပြင် ဆန်ရင်း နာနာဖွတ် ဆို သကဲ့သို့ အမြဲဆိုသလို နှိမ်တတ်ကြသည်။ နှိပ်စက်ညှင်းဆဲတတ်ကြသည်။ မာစတာကြီးက ဂျပန်ပြန် ဗိုက်တစ်လုံးနဲ့ကျန်။ ကျွန်တော်တို့ မြန်မာအမျိုးသမီးများအတွက် ရင်နာစရာ ကောင်းလှသည်။ ဝေးဝေးမကြည့်ပါနှင့်။ နာမည်ကျော် (သွေး) ရုပ်ရှင်ကားကြီးကို ကြည့်ရုံဖြင့် သင်ခန်းစာ ယူဖို့ ကောင်းသည်။

သမိုင်း တွင် အဆိုပါ သင်ခန်းစာများရှိနေပါလျက် မိုက်တွင်းနက်သူများရှိနေကြသေးကြောင်းကို ၀မ်းနည်းဖွယ် တွေ့နေ ရလေသည်။ နောက်ထပ်ဂျပူးရန်တစ်မျိုးမှာ ပညာတတ် အသိုင်းအ၀ိုင်း ထဲမှဖြစ်လေ သည်။ များသောအားဖြင့် ဂျပန်ပြန်များထဲမှ ဖြစ်ကြလေသည်။ သူတို့သည် ဂျပန်ပြည် တွင် နှစ်ရှည်လများနေ ခဲ့ရသဖြင့် မြန်မာစကားကိုပင် မေ့သွားကြပြီဟု ဆိုသူကဆိုသည်။ တစ်ချို့ ကလည်း အင်္ဂလိပ်စာမဖတ်၊ ဂျပန်စာပဲဖတ်သည်ဟု ကြွားကြသည်။ ၀တ်တော့လည်း ဂျပန်လို၊ စားတော့ လည်း ဂျပန်လို၊ ရေချိုးတော့ လည်း ဂျပန်လိုဖြစ်လေသည်။ အနှီးလူမျိုးများသည် ဂျပန် ကို ဖော်လံဖားသလောက် မြန်မာလူမျိုးအချင်းချင်း ကြတော့ နှိမ်တတ်ကြလေသည်။

ခေတ်သစ်ဂျပန်အလိုတော်ရိများပင် ဖြစ်ကြကုန်သည်။ လူမျိုးတစ်မျိုးတွင် ကောင်းတာရှိသလို မကောင်းတာ လည်း ရှိတတ်ပါသလားဟု ကောင်းတာရှိသလို မကောင်းတာလည်း ရှိ တတ်ပါကလားဟု ဆင်ခြင်ခြင်း ကင်းမဲ့နေကြလေသည်။ ဂျပန် လုပ်လျှင် အကုန်ကောင်းသည်ဟု ယူဆနေ ကြသူ များဖြစ်ကြလေ သည်။
ကျွန်တော် ဂျပန်ပြည်တွင် နေခဲ့စဉ်ကလည်း အရူးရောဂါတစ်မျိုးတွေ့ခဲ့ရသည်။ စစ်ပြန်ဂျပန် အဘိုးကြီး များပင် ဖြစ်လေသည်။ သူတို့ တစ်တွေ စစ်နိုင်စဉ်က မြန်မာလူမျိုးများက အသက်ကယ်ပေးလိုက် သည့် ကျေးဇူး ကို အောက်မေ့ပြီး ၀တ်တော့လည်းမြန်မာလို၊ စားတော့လည်း မြန်မာလို နေကြသည်။

မြန်မာ ကျောင်းသားများကို မကြာခဏ ထမင်းဖိတ်ကျွေးကာ ဧည့်ခံပြုစုကြသည်။ သူတို့ အိမ်တွင် မြန်မာ့စောင်း၊ မြန်မာ့ရူခင်းပန်းချီကားနှင့် အခြားမြန်မာပစ္စည်းများဖြင့် အလှဆင် ထားကြသည်။ မြန်မာပြည်သို့ မကြာခဏ ပြန်လည်ကာ ကျေးရွာရေရရှိရေး၊ ကျန်းမာရေး အတွက် ဆေးရုံများဆောက်ပေးကြသည်။ ပညာရေးရေး အတွက် ကျောင်းဆောင် များ ဆောက်လုပ်လှူဒါန်းကြသည်။ မိမိတို့ အသက်သခင်များ၏ ကျေးဇူးကို ကြိုး စားပြီး ဆပ်နေကြခြင်း ပင်လျှင်ဖြစ်လေသည်။

သို့ပါသော်လည်း စီးပွားရေးထိပ်န်းနိုင်ငံအဖြစ် ရောက်လာပြီးနောက် ယနေ့ဂျပန်လူငယ်များက သမိုင်း ကို မေ့သွားကြသည်။ ထိုအဖိုးအိုများအား ရူးနေသည်ဟုမြင်ကာ ဘိရုကိကျိဟုခေါ်ဆိုကြလေသည်။ ဘိရု ဆို သည်မှာ ဘိရုမာ၊ မြန်မာဖြစ်သည်။ ကိကျိဆိုသည်မှာ ဂျပန် လို ကိကျိကားအိ(အရူး) ပင်ဖြစ်လေ သည်။ တနည်းပြောရ လျှင် ဗမူးရာ၊ ဗမာရူးဟုခေါ်ဆိုနေကြခြင်းပင်ဖြစ်လေသည်။
ဂျပူးရန် နှင့် ဗမူးရာ တို့သည် အရူးများပင်ဖြစ်ကြသော်လည်း သဘာဝချင်းကတော့ ကွာခြားလှသည်။ ဂျပူးရန် တို့ က အချောင်နှိုက်လိုက်သောကြောင့် ရူးကြသည်။ ဗမူးရာ တို့ကမူ ကျေးဇူးဆပ် လိုသောကြောင့် ရူးကြခြင်း သာဖြစ်လေသည်။

ပုထုစဉ် လူသား တို့သည် အရူးများသာဖြစ်ကြလေသည်။

ရဲမြင့်လွင်
မေ 2012 ပြုံးစရာ မဂ္ဂဇင်း
.

3 comments:

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

Anonymous said...

Totally right.

MN

Anonymous said...

ဆရာရဲ ရေးထားတာ သိပ်ကောင်းပါတယ်။
ဆရာ့စာကို ဖတ်ရင်းနဲ့ ရန်ကုန် နိုင်ငံခြား တက်ကသိုလ်က ဆရာတွေကို သတိရတယ်။
တော်တဲ့ဆရာတွေရှိသလို အင်း တခြားဆရာတွေလဲ ရှိတာပေါ့လေ။

စားလည်းစားသေး အော်လည်းအော်သေးတွေပေါ့