Friday, May 11, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၁၄)

တစ်ဖက်သို့ ကျွန်မလှည့်လိုက်မိပါသည်။ မှန်တင်ခုံရှေ့မှာ ကျွန်မ၏ဆံပင်များကို ဖြီးသင်နေမိပြန် ပါ သည်။ ခဏကြာတော့ မှ ကျွန်မအဖြေပြန်ပေးမိသည်။
"အထိုက် အလျောက်တော့ ပေါင်းရသင်းရခက်မယ့်ပုံမျိုးပဲ၊ သူတာဝန်ယူနေတဲ့ အိမ်မှုကိစ္စတွေထဲ မှာ ကျွန်မ ၀င် စွက်မှာစိုးလို့လဲ ဖြစ်နိုင်ပါတယ်လေ"
"ဒီကိစ္စလောက်တော့ သူဘယ်လိုမှ စိတ်ကွက်မယ်မထင်ပါဘူးကွာ"
ကို ဆက်ဖတ်ရန်.....

သူကို ကျွန်မမော့ကြည့်လိုက်တော့ မှန်ထဲက ကျွန်မအရိပ်ကို သူအကဲခတ်နေကြောင်း တွေ့ရ သည်။ ပြီးတော့ တစ်ဖက်သို့လှည့်ကာ ပြတင်းပေါက်ဆီသို့ ပြန်သွားသည်။ ခပ် တိုးတိုး လေး လေချွန်နေ သည်။ ကိုယ်ကိုလည်း ရှေ့ထိုး နောက်ငင်လုပ်နေသည်။
"သူ့ကို ဘယ်လိုမှ စိတ်မကွက်ပါနဲ့ကွာ... သူ့အကျင့်စရိုက်က တစ်မျိုးတော့ တစ်မျိုးပေါ့လေ။ သူ့နေရာ မှာ တခြားမိန်းမတစ်ယောက်ယောက် နဲ့ အစားထိုးနိုင်ဖို့ဆိုတာလဲ မလွယ်ဘူး။ ဘာမှမပူ ပါနဲ့လေ။ ကြီးကြီး ကျယ်ကျယ် အနှောင့်အယှက်ပေးလာရင်တော့ အလုပ်က ထုတ်ပစ်လိုက်တာ ပေါ့။ အိမ်ထောင် ထိန်းသိမ်းမှု ကိစ္စမှာတော့ အင်မတန် နိုင်နင်းတာမှန်တယ်။ မင်းအနေနဲ့ ဘာမှ စိတ်ပူစရာမလိုတော့ဘူး။ သူနဲ့လွှဲ ထားလိုက်ရုံပဲ။ အမှုထမ်းတွေအပေါ်မှာလဲ သူအနိုင်ကျင့်ချင် တယ်။ ကိုယ့်ကိုတော့ မစမ်းရဲ ဘူးပေါ့လေ။

ကိုယ့်ကိုစမ်းလို့များတော့ ဒီမိန်းမကြီး ကြွသွားတာ ကြာပြီ"
"ကျွန်မ အကြောင်းကို သူကောင်းကောင်းနားလည်သွားရင် ဆက်ဆံရတာအားလုံး အဆင်ပြေ သွားမယ် လို့ ကျွန်မမျှော်လင့်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက် စတွေ့တွေ့ချင်းမှာပဲ ကျွန်မ ကို သူကျေနပ်ပုံ မပေါ်ဘူး"ဟု ကျွန်မက ကမန်းကတန်း ပြန်ဖြေလိုက်မိသည်။
"မင်း ကို မကျေနပ်ဘူး.. ဘာကိစ္စ သူကမကျေနပ်ရမှာလဲ..မင်းဘာကို ဆိုလိုတာလဲ"
ပြတင်းပေါက် မှ သူပြန်လှည့်လာသည်။ မျက်မှောင်ကိုလည်း ကုပ်ထားသည်။ အနည်းငယ် ဒေါသဖြစ်နေပုံ လည်းရသည်။ ဘာကြောင့် သူစိတ်ဆိုးသွားသလဲဟု ကျွန်မစဉ်းစားနေမိသည်။ တခြား အကြောင်း ကို ပြောခဲ့မိလျှင် ကောင်းပေမှာပဲဟုလည်း တွေးမိသည်။

"ကျွန်မ ဆိုလိုတာက ဒီလိုပါ... အိမ်မှုကိစ္စဆောင်ရွက်ရတဲ့ မိန်းမတစ်ယောက် အနေနဲ့ ယောက်ျား တစ်ယောက်ယောက် အတွက်ပဲ တာဝန်ယူရမယ်ဆိုရင် အများကြီး သက်သာတာပေါ့။ သူတာဝန် လဲ ယူခဲ့ ပါတယ်။ အခု ကျွန်မ ရောက်လာတော့ ကျွန်မအတွက်ပါ သူ့မှာ တာဝန်လေးလာမှာ စိုးရိမ်တဲ့ သဘောမျိုး ကို ဆိုလိုတာပါ။"
"တာဝန်ပိုလေး လာမယ်...မင်းဒီလိုထင်ရင်.."ဆက်မပြောတော့ဘဲ စကားကို တန်းလန်းရပ်ပစ် လိုက်သည်။ ပြီးတော့ ကျွန်မ ဆီသို့ လျှောက်လာကာ ကျွန်မ၏ခေါင်းကို သူနမ်းပါသည်။
"မစ္စက်ဒင်ဗာ အကြောင်း မေ့လိုက်ကြရအောင်။ သူ့ကိုကိုယ်သိပ်စိတ်မ၀င်စားမိခဲ့ဘူး။ ကဲ..လာ.. မန်ဒါလေအိမ်ကြီး နဲ့ ပတ်သက်တာတချို့ မင်းကိုပြရဦးမယ်"
ထိုနေ့ ညနေပိုင်း တွင် မစ္စက်ဒင်ဗာကို ကျွန်မထပ်မတွေ့ရတော့ပါ။ သူ့အကြောင်းကိုလည်း ကျွန်မ တို့ လုံးဝမပြောကြတော့ ပါ။ ကျွန်မ၏ စိတ်အာရုံထဲမှ သူ့အကြောင်းများကို ဖယ်ထုတ် ပစ်လိုက် သောအခါ တွင် ကျွန်မအများကြီး စိတ်ချမ်းသာသွားပါသည်။

အောက်ထပ်သို့ ကျွန်မတို့ဆင်းခဲ့ကြသည်။ မက်ဇင်မ်က ကျွန်မ၏ပခုံးကို လက်တစ်ဖက်ဖြင့် သိုင်းဖက် လျက် ဓာတ်ပုံတွေ လျှောက်ကြည့်ကြသည်။ ကျွန်မ အများကြီး နေသာထိုင်သာရှိလာပါ သည်။ မန်ဒါလေ စံအိမ်ကြီး တွင် ကိုယ့်အိမ်ကိုယ့်ရာမှာ နေသလို ကျွန်မနေချင်ခဲ့သည်။ ယခု ထိုစိတ်ဓာတ်မျိုးကို ရရှိခံစား လာရ ပါသည်။
မက်ဇင်မ် ၏ ဖိနပ်ခွာက ကျောက်သားပေါ်မှာ အသံမြည်လွန်းနေသည်။ ထို့ကြောင့်ကျွန်မ၏ ဖိနပ်ခွာသံ က အလိုလို တိုးသွားတော့သည်။
ထိုနေ့ သည် မန်ဒါလေစံအိမ်ကြီးသို့ ကျွန်မရောက်လာသည့် ပထမဦးဆုံးနေ့ဖြစ်ပါသည်။ မက်ဇင်မ်နှင့် အတူ ဓာတ်ပုံတွေ လျှောက်ကြည့်ကြပြီး ညစာစားဖို့ ပြန်လာကြတော့ အနည်းငယ် အချိန်လင့်နေပါပြီ။ မက်ဇင်မ် က နာရီကို လှမ်းကြည့်ပြီး ညစာစားဖို့ အ၀တ်သွားလဲရန် အချိန် မရှိ တော့ကြောင်း ပြောပြပါသည်။

ကျွန်မအများကြီး စိတ်ချမ်းသာသွားပါသည်။ ကျွန်မ၏ကိုယ်ပိုင် လက်ပါးစေအမျိုးသမီး အဲလစ်ရှေ့ တွင်ရှက်ကိုးရှက်ကန်းဖြစ်ရဦးမည့် ဒုက္ခမှ ကင်းလွတ်သွားပါတော့သည်။ အကယ်၍ အ၀တ်အစား သွားလဲရဦးမည် ဆိုလျှင် အဲလစ်က ကျွန်မကို ကူညီဆောင်ရွက်ပေးရမည်။ ကျွန်မလဲမည့် အ၀တ် အစား ကလည်း မစ္စက်ဗန်ဟော့ပါးက သူ့သမီးနှင့် မတော်တော့သောကြောင့် ကျွန်မကို ပြန်လည် စွန့်ကြဲထားသည့် အ၀တ်ဖြစ်ပေလိမ့်မည်။ ပခုံးသားများပေါ်နေသော ထိုဂါဝန်ကိုဝတ်ကာ အေးစိမ့် လှည့်လှေကားအတိုင်းဆင်းပြီး ထမင်းစားခန်းသို့ လာရမည်။ ထုံးတမ်းစဉ်လာတွေအတိုင်း လိုက် နာဆောင်ရွက်နေရဦးမည်။

ယခုတော့ သည်လိုမဟုတ်ပြီ။ အ၀တ်အစားလဲဖို့ မလိုအပ်တော့ပြီ။ အားလုံးအဆင်ပြေသွားပြီ။ မွန်တီကာ လို အပန်းဖြေစခန်း ရှိ ကိုတေဒါဇူးဟိုတယ်ထဲမှာ ကျွန်မတို့နှစ်ယောက် အေးချမ်းစွာ အတူ စားသောက်ခဲ့ကြ သလို စားသောက်နိုင်ပြီ။ ယခုကျွန်မ၀တ်ဆင်ထားသည့်မှာ အင်္ကျိကျပ် ကျပ်၊ ဘောင်းဘီ ကျပ်ကျပ်ကလေး။ စားရင်းသောက်ရင်း ကျွန်မတို့နှစ်ယောက် ရယ်ကြ မောကြ သည်။ ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံ တုန်းက တွေ့ကြုံခဲ့ကြရသည်များကိုလည်း ပြန်လည် စားမြုံ့ ပြန်ကြ သည်။ ကျွန်မတို့ ထမင်းစားနေကြသည်ကိုလည်း လျှပ်တပြက် ဓာတ်ပုံအရိုက်ခံကြ သည်။ ဘဏ္ဍာစိုးဖရစ်နှင့် အစေခံကလေးတို့သည် ကျွန်မတို့ လိုအပ်သည်များကို ဖြည့်ဆည်းပေးနေ ကြ သည်။ သို့သော် လည်း ကျွန်မတို့ ပြောဆိုနေကြသည်များကို သူတို့နားမထောာင်။ ကျွန်မကို လည်း မကြည့်။ မစ္စက်ဒင်ဗာနှင့်တော့ လုံးဝမတူ။

ညစာစားပြီးတော့ စာကြည့်ခန်းထဲမှာ ကျွန်မတို့ သွားထိုင်ကြသည်။ ခန်းဆီးများကို အပြည့်ချထား သည်။ မီးလင်းဖို ထဲမှာ လည်း ထင်းတုံးများ ထည့်ထားသည်။ မေလပင် ရောက်နေပြီ ဖြစ်သော် လည်း ချမ်းဆဲ ပင်ဖြစ်သည်။ မီးလင်းဖိုမှ အပူငွေ့ ကောင်းစွာရနေသဖြင့် ကျေးဇူးတင်ရသေးတော့ သည်။
ညစာ စားအပြီးတွင် ကျွန်မတို့နှစ်ယောက် ယခုလိုအတူတူထိုင်နေရခြင်းသည်  ကျွန်မအဖို့တော့ အသစ် အဆန်းဖြစ်နေသည်။ အီတလီမှာတုန်းက ညစာစားပြီးသည်နှင့် တစ်ပြိုင်တည်း ကျွန်မ တို့ နှစ်ယောက် ခြေဦးတည့်ရာသို့ ကိုးကုန်းကိုးကျင်း လျှောက်ကြလေတော့သည်။ သို့တည်းမဟုတ် ကားလျှောက်စီး ကြသည်။ လက်ဖက်ရည်ဆိုင်ကလေးများမှာလည်း ၀င်ထိုင်ကြတတ်သည်။ တံတားများပေါ် မှနေ၍လည်း အောက်သို့ ငုံ့ကြည့်တတ်သည်။

ယခုတော့ မက်ဇင်မ်က မီးလင်းဖို၏ ဘယ်ဘက်ဘေးမှာ ကုလားထိုင်တစ်လုံးနှင့် ခြေဆန့်လက် ဆန့်ထိုင်လျက်။ ခေါင်းကို နောက်ဘက်မှာ အကျ မှီလျက်။ သတင်းစာ ကို လက်တစ်ဖက်က လှမ်း ဆွဲလျက်။ လက်တစ်ဖက်ကမူ စီးကရက်တစ်လိပ်ကိုင်လျက်။ ဒါဟာ သူ့ထုံးစံပဲနဲ့တူတယ်။ ဒီအ တိုင်း သူ လုပ်နေကျ ပဲ ထင်တယ်။ နှစ်ပေါင်းများစွာ သူဒီလိုပဲ နေခဲ့တယ် ထင်တယ်"ဟု ကျွန်မ တွေး နေမိပါသည်။
ကျွန်မ ကို သူလုံးဝမော့မကြည့်ပါ။ သတင်းစာ ကိုသာ ဆက်ပြီးဖတ်မြဲဖတ်နေသည်။ အလွန်စိတ် ၀င်စားနေ ပုံ ရသည်။ သက်တောင့်သက်သာရှိနေပုံလည်း ရသည်။ သူသည် ဒီစံအိမ်ကြီး၏ အိမ်ကြီး ရှင်။
ကျွန်မ က မေးထောက်ပြီး ထိုင်နေမိသည်။ ခွေးတစ်ကောင်၏နားရွက်ကိုလည်း ပွတ်သပ်ပေးနေမိ သည်။ သည်အခန်းထဲ ရှိ သည်ကုလားထိုင်ပေါ်မှာ သည်လိုထိုင်နေရင်းကပင် ကျွန်မခေါင်းထဲသို့ အတွေးတစ်ခု ၀င်လာပြန်ပါသည်။

သည်လိုထိုင်နေသည်မှာ ကျွန်မသည် ပထမဦးဆုံး အမျိုးသမီးတစ်ယောက်မဟုတ်။ သည်ကုလား ထိုင်ကို ကျွန်မအလျင် ပိုင်ဆိုင်သူရှိခဲ့ဖူးသည်။ ကျွန်မအလျင် ထိုင်သူရှိခဲ့ဖူးသည်။ ကျွန်မထိုင်ထား သည့်ဆိုဖာပေါ်မှာ သူထိုင်ထားသည့်အရာတွေ ရှိရပါဦးမည်။ သူခေါင်းမှီထားသည့်အရာတွေ၊ လက်တင်ထားသည့် အရာတွေ ရှိရပါဦးမည်။ ယခု ငွေကော်ဖီခရားနှင့်ပင် အခြားမိန်းမ တစ်ယောက် ယောက် က သူ့အတွက် ကော်ဖီငှဲ့ထည့်ပေးခဲ့ပေလိမ့်မည်။
တစ်စုံတစ်ယောက် က အခန်းတံခါးဖွင့်လိုက်သောကြောင့် အတွင်းသို့ လေအေးတစ်ချက်ဝင်လာ ကာကျွန်မ တစ်ကိုယ်လုံး စိမ့်ကနဲအေးသွားသည်ဟု စိတ်ထဲမှအလိုလို ခံစားလိုက်ရပါသည်။
ကျွန်မ သည် ရဘက်ကာထိုင်ခဲ့သည် ဆိုဖာပေါ်မှာ ထိုင်နေမိပါပေါ့ကလား။
ရဘက်ကာ ခေါင်းမှီခဲ့သည့်အပေါ်မှာ ကျွန်မလည်း ခေါင်းမှီနေမိပါပေါ့ကလား။

ခွေးကလေး ကလည်း ကျွန်မ၏ဒူးခေါင်းပေါ်မှာ ခေါင်းလာတင်ထားသည်။ ဒါကလည်း ရဘက်ကာ ရှိစဉ်တုန်း က သူလုပ်နေကျဖြစ်သောကြောင့်ပင်။ သည်နေရာမှာပင် ရဘက်ကာက သည်ခွေးက လေးကို သကြားခဲ ပစ်ကျွေးနေပေလိမ့်မည်။

အခန်း(၈)

မန်ဒါလေစံအိမ်ကြီး တွင် အရာရာတို့သည် စည်းနှင့်ကမ်းနှင့် စနစ်နှင့်သာလျှင်ရှိကြောင်း ကျွန်မ လုံးဝ သဘော မပေါက်ခဲ့ပါ။ ယခုအခါကျမှ ထိုစဉ်က အဖြစ်အပျက်အတွေ့အကြုံများကို ပြန်စဉ်း စားရင်း သဘောပေါက် နားလည်လာရပါတော့သည်။
မန်ဒါလေစံအိမ်ကြီးသို့ရောက်ပြီး ပထမဦးဆုံးမနက်က အတွေ့အကြုံများကို ပြန်လည်အမှတ်ရနေ မိပါသည်။ မက်ဇင်မ် သည် ထို့နေ့မနက်က အ၀တ်အစားလဲပြီး နံနက်စာကိုပင် မစားသေးဘဲ စာတွေထိုင်ရေးနေသည် ကို ကျွန်မတွေ့ခဲ့ရပါသည်။ အောက်ထပ်သို့ ကျွန်မဆင်းသွားတော့ ကိုးနာရိပင် ထိုးပြီးနေပြီ။ မောင်းထုသံ သဲ့သဲ့ကြားရပြီးနောက် ကျွန်မဆင်းသွားခြင်းဖြစ်သည်။ ကျွန်မရောက် သွားတော့ မက်ဇင်မ် မှာ နံနက်စာစားပြီးနေပြီ။ သစ်သီးများကိုပင် အခွံနွှာနေပြီ။
သူက ကျွန်မ ကိုမော့ကြည့်ပြီး ပြုံးပြသည်။

"မင်းကို မစောင့်ဘဲ ကိုယ်အစောကြီးဆင်းလာတာ စိတ်မဆိုးနဲ့နော်။ တဖြည်းဖြည်းနဲ့ မင်းလဲကျင့် သား ရသွားမှာပါ။ မနက်ပိုင်း ဒီလိုအချိန်မျိုးမှာ လတ်လျားလတ်လျားနဲ့ လုပ်နေဖို့ ကိုယ်မှာအချိန် မရှိဘူး။ မန်ဒါလေ စံအိမ်မျိုး နဲ့ ဒီလိုခြံကြီးမျိုးကို ထိန်းသိမ်းအုပ်ချုပ်ဖို့ဆိုတာ အချိန်ပြည့်လုပ်နိုင်မှ တန်ကာ ကျတယ်။ အချိန်ပြည့်လုပ်ရတဲ့အလုပ်မျိုး။ ကော်ဖီနဲ့စားစရာတွေ ဟောဟိုဘေးက ဗီရို ပေါ်မှာရှိတယ်။ အိမ်မှက နံနက်စာ ကို ကိုယ့်ဟာကိုယ်ထည့်စားတဲ့ အကျင့်ရှိတယ်လေ..."
ကျွန်မ၏ နာရီနောက်ကျကြောင်း၊ ရေးချိုးတာလည်း အချိန်ကြာသွားကြောင်း ပြောပြသော်လည်း သူက နားမထောင်။ စာတစ်စောင်ကိုသာ ပြန်ငုံ့ဖတ်နေသည်။ ပြီးတော့ တစ်စုံတစ်ရာကို မျက်မှောင် ကုပ်ပြီး စဉ်းစားနေ သည်။

နံနက်စာခင်းကျင်းပြင်ဆင်ထားသည်များကို ကြည့်ပြီး ကျွန်မအလွန်အထင်ကြီးမိပါသည်။ လက်ဖက် ရည် ကိုငွေခရားကြီးထဲမှာ ထည့်ထားသည်။ ကော်ဖီကိုလည်း ငွေခရားကြီးနှင့်ပင် ထည့်ထားသည်။ အိုးများ အားလုံး ကို လျှပ်စစ်မီးဖိုပေါ်မှာ တင်ထားသည်။ အားလုံး ကျိုက်ကျိက်ဆူ နေကြသည်။ ကြက်ဥများ၊ ၀က်သားကင် များ၊ ငါးပေါင်း များ အားလုံးကို သူ့မီးဖိုနှင့်သူ အသင့်တင် ထားပြီးဖြစ်သည်။ ဒါတွေပြီးတော့ ၀က်ပေါင်ခြောက် အအေး၊ ၀က်သားကင် အအေး၊ ဂျုံနှင့် ပြုလုပ် ထားသည့် မုန့်ချို အလုံး ကလေးများ၊ ပေါင်မုန့်မီးကင်တွေ က စားပွဲနှင့်အပြည့်၊ ထိုမျှမကသေး။ ယိုဗူးမျိုးစုံ၊ လိမ္မော်ခွံယို၊ ပျားရည် အချိုပွဲ မျိုးစုံ၊ သစ်သီးမျိုးစုံ။

ပြင်သစ်နှင့် အီတလီမှာတုန်းက မက်ဇင်မ်သည် နံနက်စာကို သစ်သီးများနှင့်သာ ပြီးလေ့ရှိသည်။ သစ်သီးများ စားပြီး ကော်ဖိတစ်ခွက်မျှသာ သောက်သောကြောင့် ကျွန်မအဖို့ အထူးအဆန်း ဖြစ်ခဲ့ ရသည်။ ယခု သည်မှာ ပြင်ဆင်ထားသည့် နံနက်စာကလည်းသစ်သီးများက ကဲနေသည်။ သည်လောက် များပြား သည့် အစားအစာများ ကုန်အောင် ကျွန်မတို့နှစ်ယောက်တည်း မည်သည့် နည်းနှင့်မျှ မစားနိုင် ပါ။ လူပေါင်းတစ်ဒါဇင်လောက်ကို ကောင်းကောင်းဧည့်ခံ ကျွေးမွေးနိုင်ပါသည်။ တစ်နေ့အတွက် ဒါလောက် များများစားစား ပြင်ဆင်ထားလျှင် အလဟဿ ဖြစ်ရသည်များက နည်းမည်းမဟုတ်။ တစ်နေ့ ကို ဒါလောက်ပြုန်းတီးနေ လျှင် တစ်နှစ်လျှင် မည်မျှပြုန်းတီးကုန်မည် နည်း။

နှစ်ပေါင်းများစွာ အတွက်ဆိုလျှင်မည်မျှ အကုန်အကျများလေမည်နည်း။ အကြောင်းမဲ့ အလဟဿ ဖြစ်ရလေတော့သည်။
ငါးပေါင်း အနည်းကိုသာ သူစားကြောင်း ကျွန်မသတိပြုမိပါသည်။ ကျွန်မကရော ဘယ်လောက်များ များ စားနိုင်ပါမည်နည်း။ သည်လိုဆိုလျှင် ကျန်တာတွေ ဘာလုပ်ပစ်ကြ သနည်း။ နောက်ဘေး မီးဖို ချောင်တွင်စောင့်နေကြသူများကို ပေးကမ်းစွန့်ကြဲပစ်လိုကသလော။ သို့တည်းမဟုတ် အမှိုက် ခြင်း ထဲသို့ စွန့်ပစ်လိုက်ကြသလော။ သို့မတည်းမဟုတ် အခြားတစ်နေရာရာမှာ သွားပုံထားလိုက် ကြ သလော။ ကျွန်မဘာမျှ မသိခဲ့ရပါ။ သည်အကြောင်းကိုလည်း ဖွင့်ဟပြီး လုံးဝမမေးမြန်းရဲခဲ့ပါ။

"မင်းကိုဒုက္ခ မျိုးစုံပေးမယ့် ဆွေတွေမျိုးတွေ ကိုယ့်မှာ များများစားစားမရှိတဲ့အတွက် ဘုရားသခင် ကို ပဲကျေးဇူးတင် ရသေးတော့တယ်ကွာ။ အစ်မ တစ်ယောက်ရှိတယ်။ တွေ့ခဲတယ်။ မျက်စိ ကောင်းကောင်း မမြင်တဲ့ အဘွားတစ်ယောက် ရှိတယ်။ ကိုယ့်မှာ ရှိသမျှဆွေမျိုးကတော့ အဲဒီနှစ် ယောက်ပဲ။ ဒါထက် ကိုယ့် အစ်မ ဘီယ်က်ထရစ် အကြောင်း စကားစပ်မိလို့ ပြောရဦးမယ်။ သူက ဒီနေ့ နေ့လယ်စာ ဒီမှာ လာစားချင်တယ်တဲ့။ ထမင်းစားချင်တာက ဒါလောက် မဟုတ်ပါဘူး။ မင်းကို တွေ့ချင်တာက အဓိကဖြစ်မယ်" ဟု မက်ဇင်မ်က ကျွန်မကိုလှမ်းပြောပါသည်။
"ဒီနေ့လား...."ဟု ကျွန်မက ပြန်မေးသည်။ ကျွန်မအများကြီး စိတ်ဓာတ်ကျသွားပါသည်။

"ဟုတ်တယ်။ သူ့ဆီကစာ ဒီနေ့မနက်ပဲရတယ်။ ကြာကြာနေမှာ မဟုတ်ပါဘူး။ သူ့ကို မင်းသ ဘောကျသွားမှာပါ။ အင်မတန်ပွင့်လင်းတယ်။ သူ့စိတ်ထဲမှာ ရှိတာမှန်သမျှ ဘာမဆို တဲ့တိုး ဖွင့်ပြော တာပဲ။ ဘာကိုမှ ဟန်ဆောင်ပြီး ဖုံးကွယ်မထားဘူး။ မင်းကိုသဘောမျက်ဘူးဆိုရင် သဘော မကျကြောင်း မင်းမျက်မှာစေ့စေ့ကြည့်ပြီး ပြောချ လိုက်တာပဲ"
သည်စကားတွေ ကို ကြားရတော့ ကျွန်မမှာ မနေတတ်မထိုင်တက် ဖြစ်လာမိပါသည်။ မက်ဇင်မ်က ထိုင်ရာမှ ထပြီး စီးကရက်ကို မီးညှိနေသည်။
"ဒီနေ့မနက် လုပ်စရာအလုပ်တွေအများကြီးရှိသေးတယ်ကွာ။ မင်းတစ်ယောက် တည်း နေခဲ့ လို့ ဖြစ်ပါတယ်နော်။ အမှန်ကတော့ မင်းကိုခေါ်ပြီး ခြံကြီးကိုလိုက်ပြဖို့ကောင်းတယ်။ ဒါပေမဲ့ ခရော် လေ နဲ့တွေ့ရဦးမယ်။ ကိုယ့်မန်နေဂျာလေ...ကိုယ်လဲ အိမ်နဲ့ကင်းကွာနေတာ ကြာပြီမဟုတ်လား။ ပြီးတော့ သူလဲ ကိုယ် တို့နဲ့အတူတူ နေ့လယ်စာလာစားလိမ့်မယ်။ မင်းစိတ်အနှောင့်အယှက် မဖြစ် ပါဘူးနော်။ လာစား လို့ ဖြစ်မယ်မဟုတ်လား"
"ဖြစ်ပါတယ်။ ကျွန်မစိတ်ချမ်းသာမှာပါ"

ထို့နောက်စာများကို ကောက်ယူပြီး အခန်းအပြင်ဘက်သို့ သူထွက်သွားသည်။ မန်ဒါလေစံအိမ် ကြီးသို့ရောက်ပြီး ပထမဦး ဆုံးမနက်တွင် ကြုံတွေ့ရမည့် အတွေ့အကြုံများကို ယခင်က ကျွန်မ စိတ်ကူး ယဉ်ကြည့်ခဲ့မိဖူးပါသည်။
သို့သော်လည်း ကျွန်မစိတ်ကူးယဉ်ခဲ့သည်က ယခုဖြစ်နေသလိုမဟုတ်ပါ။ ကျွန်မတို့ လင်မယား နှစ်ယောက်သည် လက်ချင်းချိတ်ကာ တစ်ခြံလုံးသို့ ကိုးကုန်း ကိုးကျင်းလျှောက်နေကြ မည်။ နေ အတော်မြင့်မှ ပြန်လာပြီး နေ့လယ်စာစားကြမည်။ ပင်လည်းပင်ပန်းနေ မည်။ ပျော်လည်းပျော်နေ မည်။ နေ့လည်စာစားပြီးတော့ ဟောဟိုပြတင်းပေါက်က လှမ်းမြင်နေရသည့် သစ်အယ် ပင်ကြီး အောက်မှာ ထိုင်ကြမည်။ ယခုတော့ သည်လိုမဟုတ်။ ကျွန်မတစ်ယောက်တည်းကို ထားခဲ့ပြီး သူ က အလုပ်သွားလုပ်တော့မည်တဲ့။

မန်ဒါလေစံအိမ် တွင် စားရသည့် ပထမဦးဆုံးသော နံနက်စာကို တစ်ကိုယ်တည်း ထိုင်စားနေရင်း အတွေး ကွန်ယက်ဖြန့်ကျက်နေမိသည်။ ကျွန်မစားပြီး မပြီးကို ဖရစ်ဝင်လာကြည့်တော့မှ သတိပြန် ၀င်လာသည်။ ဆယ်နာရီ ထိုးပြီးသွားပြီးဖြစ်ကြောင်းလည်း သတိပြုမိသည်။ အပြစ်တစ်ခုခု ကို ကျူးလွန်လိုက်မိသလို ခံစားရသည်။ ထို့ကြောင့်ထိုင်ရာမှကမန်းကတန်းထပြီး သည်နေရာမှာ အကြာကြီး ထိုင်နေမိသည့် အတွက့် ခွင့်လွှတ်ပါရန် တောင်းပန်စကားပြောမိသည်။

ဖရစ်ကမူ ဘာမျှပြန်မပြော။ ကိုယ်ကိုကိုင်းပြီး ကျွန်မကို အရိုအသေပေးသည်။ အင်မတန်ယဉ်ကျေး ပါသည်။ အင်မတန်သိမ်မွေ့ပါသည်။ အံ့သြသည့်အရိပ်အယောင်များကိုလည်း သူ့မျက်လုံးထဲမှာ ကျွန်မမြင်တွေ့ လိုက်ရပါသည်။ ကျွန်မစကားပြောမှားသွားလေပြီလားဟု စဉ်းစားကြည့်မိပါသည်။ သည်နေရာ မှာ ကြာကြာထိုင်နေမိသည့်အတွက် အိမ်ကြီးရှင်ဖြစ်သော ကျွန်မက ကျွန်မ၏အစေ အပါး ဖရစ်ကို တောင်းပန်းစကားဆိုရန် ဘာအကြောင်းမျှ မရှိ။ မျက်နှာချိုသွေးရန် ဘာအကြောင်း မျှမရှိ။

အိမ်ကြီးရှင်ဖြစ်သော ကျွန်မ က ကိုယ့်အစေခံကို တောင်းပန်စကား ဆိုခြင်းအားဖြင့် ကျွန်မ၏ အဆင့်အတန်း ကို ကျွန်မကိုယ်တိုင် ပြန်ပြီးနှိမ့်ချပစ်လိုက်ခြင်းသာလျှင် ဖြစ်ချေသည်။
မည်သို့ကြုံလျှင် ဘာလုပ်ရမည်၊ မည်သို့ကြုံလျှင် ဘာပြောရမည်ဆိုသည်များကို ကျွန်မသိချင် စမ်းပါဘိ။ ယခုလို အိုနင်းခွက်နင်းတွေ ပြောမိဆိုမိသောကြောင့် မစ္စက်ဒင်ဗာက ကျွန်မကို အထင်သေး အမြင်သေးဖြစ်ခဲ့ သလို ဖရစ်ကလည်း ကျွန်မအပေါ် အထင်သေးအမြင်သေး ဖြစ်ရ ပေတော့မည်။ သည် အကြောင်းတွေကြောင့်လည်း ကိုယ့်ဟာကိုယ်မကျေမချမ်းဖြစ်မိပါသည်။
ထို့ကြောင့် လည်း ဘယ်သွားလို့ ဘယ်လာရမှန်းမသိတော့ဘဲ အခန်းထဲမှ ဒရောသောပါး ကျွန်မ ထွက်သွား မိသည်။ ဒရောသောပါးလုပ်မိသည်အတွက် ကိုယ်ကိုမထိန်းနိုင်ဘဲ ယိုင်သွားသည်။ လက်ထဲမှ လက်ကိုင်ပ၀ါ လွတ်ကျသွားသည်။ ကျွန်မ၏အဖြစ်ကိုတွေ့တော့ အကူအညီပေးရန် ဖရစ် က ပြေးလာသည်။ လွတ်ကျသွားသော လက်ကိုင်ပ၀ါကို ကောက်ပေးသည်။ အစေခံ ကလေး ရောဘတ် က သူ့အပြုံးကို ကျွန်မမမြင်နိုင်အောင် တစ်ဖက်သို့လှည့်ပြီး ကမန်းကတန်း ကွယ်လိုက် သည်။

ခန်းမကိုဖြတ်ပြီး ကျွန်မလျှောက်လာခိုက်တွင် သူတို့၏ဗလုံးဗထွေးပြောသံများကို ကြားရသည်။ တစ်ယောက်ယောက် ၏ ရယ်သံကိုလည်း ကြားရသည်။ ရောဘတ်ဖြစ်ပေလိမ့်မည်။ ကျွန်မ အ ကြောင်း ကိုပြောပြီး ရယ်မောနေခြင်းဖြစ်ပေလိမ့်မည်။
အပေါ်ထပ် သို့ ကျွန်မပြန်တက်ခဲ့သည်။ ကိုယ့်အိပ်ခန်းထဲမှာ ခပ်ကုပ်ကုပ်ကလေးပြန်နေခြင်း အားဖြင့် လွတ်လပ်စွာနေနိုင်ပေ လိမ့်မည်။ သို့သော်လည်း အခန်းတံခါးကို ဖွင့်လိုက်သည်တွင် အခန်းထဲမှာ အိမ်ဖော် အမျိုးသမီးများ အလုပ်လုပ်နေကြသည်ကို တွေ့ရသည်။ တစ်ယောက် တံမြက်စည်း လှဲနေသည်။ ကျန်တစ်ယောက်က မှန်တင်ခုံများကိုဖုန်သုတ်နေသည်။ သူတို့က ကျွန်မကို အံ့သြ တကြီးဖြင့် ၀ိုင်းကြည့်နေကြသည်။ ထို့အကြောင့် အခန်းအပြင်ဘက်သို့ အူလျား ဖားလျား ပြန်ပြေး ထွက်လာခဲ့ရတော့သည်။

မနက်ပိုင်း တွင် ကိုယ့်အိပ်ခန်းသို့ ကိုယ်ပြန်သွားခြင်းသည်လည်း သည်စံအိမ်ကြီးမှာ မမှန်ပါက လား။ သည်လိုဖြစ်လိမ့်မည် ဟု ကျွန်မ မထင်ခဲ့မိ။ အိပ်ခန်းထဲသို့ သည်လို အချိန်မျိုး မှာ ပြန်ဝင်သွား ခြင်းအားဖြင့် သူတို့တတွေ လုပ်နေကျ အိမ်မူ ကိစ္စဝေယျာဝစ္စများ ပျက်ပြား ရချေတော့ မည်။ တိတ် တိတ်ကလေး အောက်ထပ်သို့ ပြန်ဆင်းခဲ့သည်။ ဖိနပ်ပါးပါးကလေးကို စီးထားမိ သဖြင့် ခြေသံမ မြည်သည်ကိုပင် ကျေးဇူးတင်ရသေးတော့သည်။
စာကြည့်ခန်းထဲ သို့ ကျွန်မ၀င်လာခဲ့သည်။ အခန်းထဲမှာ အအေးဓာတ်က လွန်ကဲနေ သည်။ ပြတင်းပေါက်များကိုလည်း ဖွင့်ထားသည်။ မီးလင်းဖိုထဲမှာ တင်းတုံးတွေတော့ ထည့်ထားပါ၏။ သို့သော် မီးမွှေးမထား။

ပြတင်းပေါက်တွေ ကို လိုက်ပိတ်လိုက်သည်။ ပြီးတော့ မီးခြစ်ရှာကြည့်သည်။ ဘယ်မှာမှ မတွေ့ပါ။ ဘာလုပ် လျှင်ကောင်းမည်နည်းဟု ကျွန်မစဉ်းစားသည်။ လူခေါ်ခေါင်းလောင်းကိုလည်း ကျွန်မ မတီးချင်ပါ။ မနေ့ညတုန်းက သည်စာကြည့်ခန်းသည် နွေးနွေးထွေးထွေးရှိခဲ့သည်။ မီးလင်းဖိုမှာ မီးတွေ အပြည့် ထည့်ထားခဲ့သည်။ ယခုမနက်ခင်းမှာတော့ ရေခဲတိုက်နှင့် တူနေပြီ။
အပေါ်ထပ်က အိပ်ခန်းထဲမှာ မီးခြစ်ရှိပါသည်။ သို့သော်လည်း ကျွန်မပြန်တက်မသွားချင်။ အိမ်မှု ကိစ္စတွေဆောင်ရွက်နေကြသည့် အိမ်ဖော်များကို အနှောင့်အယှက်ပေးရာ ကျချေဦးတော့မည်။ မျက်လုံးဝိုင်းကြီးများဖြင့် ကျွန်မကို ငေးကြည့်နေကြမှာကိုလည်း ခံနိုင်ရည်မရှိပါ။

ထို့ကြောင့်ဖရစ်နှင့်ရောဘတ်တို့ ထမင်းစားခန်းထဲမှ ထွက်သွားလျှင် နံရံလေး ဗီရိုပေါ်ရှိ မီးခြစ်ကို သွားယူဖို့ ဆုံးဖြတ်လိုက်သည်။ ခန်းမတွင်းသို့ ခြေဖျားထောက်ဝင်သွားပြီး အသံများကို နားစွင့် ကြည့်သည်။ သူတို့ သိမ်းကြဆည်းကြတုန်းပင်။ စကားပြောသံများ၊ လင်ဗန်းရွေ့သံများကို ကြားနေ ရသည်။ ခဏကြာတော့ တိတ်သွားသည်။ တစ်ဖက်ရှိ အလုပ်သမားများအသုံးပြုသည့် တံခါးပေါက်မှ ထွက်သွားကြဟန်တူသည်။ ထို့ကြောင့် ခန်းမကိုဖြတ်ပြီး ထမင်းစားခန်းထဲသို့ ကျွန်မပြန်ဝင်ခဲ့ သည်။
ကျွန်မမျှော်လင့်ထားသကဲ့သို့ပင် နံရံဘေးရို ဗိရိုပေါ်မှာ မီးခြစ်တစ်လုံးရှိနေသည်။ ထမင်းစားခန်း ကို ခပ်မြန်မြန်ဖြတ်လျှောက်သွားပြီးမီးခြစ်ကို ကောက်ယူလိုက်သည်။ ထိုအချိန်မှာပင် အခန်းတွင်း သို့ပြန်ဝင် လာသည့် ဖရစ်နှင့်ပက်ပင်းပါသွားတိုးနေတော့သည်။ မီးခြစ်ဗူးကို သူမမြင်အောင် အိတ် ထဲသို့ ကမန်း ကတန်း ထည့်လိုက်ရသည်။ သူကကျွန်မလက်ကို အံ့သြတကြီးဖြင့် ကြည့်နေသည်။
"တစ်ခုခုများ အလိုရှိပါသလား ဆရာကတော်"ဟု သူကမေးသည်။

"အို..ရစ်..ကျွန်မ မီးခြစ်ရှာမတွေ့လို့.."
အမူအရာ ခပ်ပျက်ပျက်ဖြင့်ပင် ကျွန်မပြန်ပြောသည်။ သူ တစ်မုဟုတ်ချင်းပင် မီးခြစ်ဗူးနှင့် စီးကရက် ကို လှမ်းပေးသည်။ သည်တော့မှ တစ်မျိုးတစ်ဖုံ အရှက်ကွဲစရာ ကြုံလာပြန်ပါသည်။ ကျွန်မသည် ဆေးလိပ်သောက်တတ်သူမဟုတ်။
"မဟုတ်ဘူး..မဟုတ်ဘူး..ဟိုဒင်းလေး...စာကြည့်ခန်းထဲမှာ အေးလွန်းလို့..ကျွန်မ နိုင်ငံခြားကို သွားနေတာ ကြာတော့ ဒီကအအေးဒဏ်နဲ့ အထာမကျသလိုဖြစ်နေတယ်။ အဲဒါမီးလင်းဖိုမှာ မီးထည့် မလားလို့"
ထုံးစံအတိုင်းကတော့ စာကြည့်ခန်းက မီးလင်းဖိုကို ညနေပိုင်းမရောက်မချင်း မီးထည့်လေမရှိပါ ဘူး ဆရာကတော်...ဟိုဘက် မှာ နံနက်ခန်းဆိုရှိပါတယ်။ အလျင်မစ္စက်ဒီဝင်းတား လက်ထက်တုန်း ကတော့ အခုလို မနက်ခင်းမျိုးမှာ နံနက်ခန်းမှာပဲ သူထိုင်လေ့ရှိပါသည်။ မီးခင်းဖိုမှာလဲ မီးအဆင် သင့် ထည့်ထားပြီး သားပါ။

ဒါပေမဲ့ စာကြည့်ခန်းမှာပဲ မီးထည့်ပေးစေချင်တယ်ဆိုရင် အလုပ်သမား တွေကိုကျွန်တော် ခိုင်းလိုက်ပါ့ မယ် ခင်ဗျာ"
"အို..ကိစ္စမရှိပါဘူး။ နေပါစေတော့။ နံနက်ခန်းကိုပဲ ကျွန်မသွားပါ့မယ်။ ကျေးဇူးတင်ပါတယ် ဖရစ်"
"အဲဒီအခန်းထဲ မှာ စာရွက်ကလောင်တံ မင်အပြည့်အစုံရှိပါတယ် ဆရာကတော်။ အလျင် မစ္စက်ဒီဝင်းတား တုန်းကတော့ နံနက်စာစားပြီးရင် အဲဒီအခန်းထဲမှာ ထိုင်ပြီး ရေးစရာရှိတဲ့ စာတွေ ရေးလေ့ရှိပါတယ်။ ဖုန်းဆက်ချင်ရင်လဲ အဲဒီအခန်းထဲကနေပြီး ဆက်လေ့ရှိပါတယ်။ အိမ်တွင်း ပြောဖုန်း လဲ အဲဒီအခန်းထဲမှာ ရှိပါတယ်။ မစ္စက်ဒင်ဗာနဲ့ ဆရာကတော် စကားပြောချင်ရင် အဲဒီ ဖုန်း ကနေ ပြောနိုင်ပါတယ်"
"ကျေးဇူးတင်ပါတယ် ဖရစ်"
ခန်းမ ထဲ သို့ ကျွန်မ ပြန်လှည့်ထွက်ခဲ့ရပြန်ပါသည်။ ကိုယ့်စိတ်ထဲမှာ ယုံကြည်ချက်များ ပြန်လည် ရရှိလာစေ ရန် အတွက်လည်း သီချင်းတစ်စကို ညည်းလာမိပါသည်။ နံနက်ခန်းဘယ်မှာရှိသည်ကို ကျွန်မ မသိပါ။ မသိကြောင်းလည်း ဖရစ်ကို ပြောမပြနိုင်ပါ။ မက်ဇင်မကလည်း မနေ့ညတုန်းက ကျွန်မ ကို ပြမထားခဲ့ပါ။

ခန်းမကိုဖြတ်လျှောက်လာခိုက် ဖရစ်သည် ထမင်းစားခန်းဝမှာ ရပ်ပြီး အကဲခတ်ကြည့်နေကြာင်း ကျွန်မ သိပါသည်။ ထို့ကြောင့်လည်း ကိုယ်သွားရမည့်လမ်းကို ကောင်း စွာသိထားသည့်ဟန်မျိုးဖြင့် ကျွန်မ ဆက်လျှောက်လာနေမိသည်။
အပေါ်ထပ်သို့ တက်သည့် လှေကာကြီး၏ ဘယ်ဘက်တွင် တံခါးပေါက်တစ်ခုရှိသည်။ ကျွန်မက ထိုတံခါးပေါက် ဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။ သည်အခန်းမှန်ပါစေဟုလည်း စိတ်ထဲမှ ကျိတ်ပြီး ဆုတောင်းနေမိသည်။ သို့သော် တံခါးကိုဖွင့်လိုက်သောအခါ ပန်းအိုးများပြင် ဆင်သည့် အခန်းဖြစ်နေသည်ကို တွေ့ရတော့သည်။ အခန်းထဲမှာ စားပွဲတစ်လုံးရှိသည်။ စားပွဲ ပေးမှာ ပန်းများကို အရိုးဖြတ်ခြင်း၊ အရွက်သင်ခြင်း လုပ်ဟန် တူသည်။ ကြိမ်ကုလားထိုင်များလည်း ရှိသည်။ ချိတ်ထားသည့် မိုးကာအင်္ကျိနှစ်ထည် ကိုလည်းတွေ့ရသည်။

ထို့ကြောင့် နောက်ကြောင်းပြန်လှည့်ရပါတော့သည်။ ထမင်းစားခန်းဝမှာ ဖရစ်ရပ်နေသေး သည် ကိုမြင်ရသည်။ ကျွန်မ အူကြောင်ကြောင်ဖြစ်နေသည်ကို သူမသိအောင် ဘယ်နည်းနှင့်မျှ ဖုံးကွယ်နိုင်စွမ်း မရှိတော့။
"နံနက်ခန်း က ဟိုဧည့်ခန်းကြီးကိုဖြတ်ပြီး သွားရပါတယ် ဆရာကတော်။ ဆရာကတော်ရဲ့ ညာဘက်မှာ တံခါးပေါက် ရှိပါတယ်။ အဲဒီလှေကားရဲ့ ညာဘက်ဘေးက အပေါက်ပါ။ အဲဒီအတိုင်း ၀င်သွားရင် ဧည့်ခန်းကျယ်ကြီး ထဲကို ရောက်သွားပါလိမ့်မယ်။ ပြီးရင်ဘယ်ဘက်ကို ကွေ့ပါခင်ဗျာ"
"ကျေးဇူးတင်ပါတယ် ဖရစ်"

ကမန်းကတန်းပြောပြီးဝင်လာခဲ့သည်။ သူပြောသည့်အတိုင်း ဧည့်ခန်းကျယ်ကြီးကို တွေ့ရသည်။ အလွန်လှပသည့် အခန်းဖြစ်သည်။ ပစ္စည်းများကို စနစ်တကျ ခင်းကျင်းထားသည်။ ပြတင်းပေါက် ကနေ လှမ်းကြည့်လိုက်လျှင် မြက်ခင်းများကို မြင်ရသည်။ ထိုမြက်ခင်းများ၏ ဟိုမှာဘက်တွင် ပင်လယ်ရှိသည်။
ပြင်ပမှ လာရောက်လေ့လာကြသည့် ဧည့်သည်များကို သည်အခန်းကျယ်ကြီးကိုလည်း လှည့်လည် ကြည့်ရှုလေ့လာ ကြပေလိမ့်မည်။ ထိုအခါတွက် ဖရစ်က လိုက်လံပြသရှင်းလင်းပြော ဆိုနေပေလိမ့်မည်။ နံရံပေါ် မှာ ချိတ်ဆွဲထားသည့် ဓာတ်ပုံများအကြောင်း၊ ဓာတ်ပုံရှင်တို့၏ ကိုယ်ရေးရာဇ၀င်၊ အိမ်ထောင် ပရိဘောဂ များ၏ သက်တမ်းစသည်များကို ရှင်းပြပေလိမ့်မည်။
တကယ် ဆိုတော့ သည်အခန်းသည် ပြတိုက်ကြီးတစ်ခုအတွင်းရှိ အခန်းတစ်ခန်းနှင့် ဘာမျှမခြား။ သည် အခန်းထဲမှာ အချိန်ဖြုန်းနေဖို့ ဘာအကြောင်းမျှ မရှိ။ ထို့ကြောင့် ဘယ်ဘက်ကို ချိုးကွေ့ လိုက်သည်။ သည်တော့မှပင် ယခင်က ကျွန်မ မတွေ့ခဲ့ရဖူးသေးသော နံနက်ခန်းကလေးကို တွေ့ရလေတော့သည်။

ခွေးနှစ်ကောင်စလုံး မီးလင်းဖိုရှေ့မှာ ၀ပ်နေကြသည်ကို တွေ့ရသောကြောင့် ကျွန်မ ၀မ်းသာသွား ပါသည်။ အငယ်ကောင် ဂျက်စ်ပါက ကျွန်မကို မြင်သည်နှင့် အမြီးနန့်ကာ ထလာသည်။ ပြီးတော့ သူ့နှုတ်သီးကို ကျွန်မလက်ထဲသို့ ထိုးထည့်လိုက်သည်။ မျက်စိမမြင်ရှာသော အမေဖြစ်သူ ကမူ ခေါင်းထောင်ပြီး အနံ့ခံကြည့်သည်။ သူမျှော်လင့်ထားသူ မဟုတ်မှန်း သိသောအခါ မူလ အတိုင်း ငြိမ်သက်စွာ ပြန်ဝပ်နေသည်။ ဂျက်စ်ပါကလည်း ကျွန်မကို နှုတ်ဆက်ပြီး သူ့နေရာသို့ သူပြန်သွား ကာ ကိုယ်လုံးကို လျှာနှင့် လျက်နေတော့သည်။

ဒါဟာ သူတို့လုပ်နေကျအလုပ်များပင် ဖြစ်ပါသည်။ စာကြည့်ခန်းထဲက မီးလင်းဖိုမှာ ညနေပိုင်း မ ရောက် မချင်း မီးမထည့်ကြောင်း ကျွန်မ မသိ။ ခွေးများက သိကြသည်။ နံနက်ခန်းထဲမှာသာ မီးထည့် ထားကြကြောင်း လည်း ခွေးများက သိကြသည်။ ထို့ကြောင့် မီးရှိသည့်အရပ်သို့ သူတို့ လာနေကြခြင်းဖြစ် ပါသည်။ ယခင်က အကျင့်များအတိုင်းပြုလုပ်နေကြခြင်း ဖြစ်ပါမည်။
ပြတင်းပေါက် ဆီသို့ လျှောက်မသွားမီမှာပင် အပြင်ဘက်တွင် တောင်ဇလပ် ပန်းနီနီများ ကြီးစိုး နေမည်ဖြစ်ကြောင်း ခန့်မှန်း မိပြီးဖြစ်သည်။ ခန့်မှန်းသည့်အတိုင်းလည်း မှန်ပါသည်။ တစ်တောလုံး ရဲရဲနီနေ သည်။ တောချုံကလေးများကလည်း အနှံ့။

ဆက်ရန်
.

No comments: