Thursday, May 10, 2012
တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၁၁)
နောက်ဆုံး မှ ဘင်ဂျမင်က ဖအေကို မော့ကြည့်ပြီး အားလုံးပြောပြဖို့ ဆုံးဖြတ် လိုက်သည်။ တစ်ယောက် တည်း ကျိတ်ခံလာခဲ့ရသည်မှာ ကြာပြီလေ။ ဒါလောက် သိချင်နေသည့် အဖေ့ ကို ပြောပြရမည်။ ကို ဆက်ဖတ်ရန်..........
" ဘာပြုလို့လဲ ဆိုတော့ သူ့မှာ ကိုယ်ဝန်ရှိနေလို့ ဖေဖေ "
" ဘာ … ဘာ  … ဘုရား … ဘုရား … ဘာပြုလို့ မင်း ဒါကို စောစောစီးစီး မပြောတာလဲ "
" ဒါကြောင့် သူ့အမေ နဲ့ ပြဿနာ ဖြစ်တာလား "
" ဒါလဲ ပါ မှာပေါ့လေ၊ နဂိုကလဲ သူတို့ မတည့်ပါဘူး၊ သူ့အမေက နောက်တစ်ယောက်နဲ့ တွဲနေတာ "
" သူ့ သမီး ကိုယ်ဝန်ရှိနေတာကို သူ ဘယ်လို သဘောထားသလဲ "
" သူ နဲ့ မဆိုင်ဘူးတဲ့၊ ဆန္ဒရာ့ကိစ္စတဲ့၊ ဖျက်ချခိုင်းတယ် "
" အဲဒီတော့ ကောင်မလေးက ဘာပြောလဲ "
ဘင်ဂျမင် ခေါင်းယမ်းသည်။ တည်ငြိမ်မှုအပြည့်၊ ယုံကြည်မှုအပြည့်ဖြင့် ဖအေနှင့် မျက်လုံးချင်းဆိုင်သည်။
" ကျွန်တော် ခွင့်မပြုနိုင်ဘူး၊ ဒါမျိုး မလုပ်ရဘူး "
" ဟာ … ဒုက္ခပါပဲ "
အော်လီဗာ မတ်တတ်ထသည်။
" မင်းက ခွင့်မပြုဘူး ဟုတ်လား၊ ဘာဖြစ်လို့လဲ၊ ဆယ့်ခုနစ်နှစ် သမီး ကောင်မလေးတစ်ယောက်က ကလေး တစ်ယောက် နဲ့ ဘာသွားလုပ်မှာလဲ၊ ဒါမဟုတ် မွေးပြီးမှ မိဘမဲ့ကျောင်း ကို သူများမွေးစားဖို့ ပို့ ပစ်မှာ လား "
ဘင်ဂျမင် ခေါင်းယမ်းသည်။
" ကလေး ကိုမွေးမယ်၊ မွေးပြီး ဘယ်သူ့မှ မပေးဘူးတဲ့ "
" မင်း သေသေချာချာ စဉ်းစားစမ်း ဘင်ဂျမင်၊ မင်း သုံးယောက် ရဲ့ တာဝန်ကို ယူရမှာနော်၊ ဖျက်ချခိုင်း လိုက်"
" မဖြစ်ဘူး ဖေဖေ "
" ဘာလို့ မဖြစ်ရမှာလဲ "
" လေးလတောင် ရှိသွားပြီ "
စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြန်သည်။
" အင်း … ဒါကြောင့် မင်း ကျောင်းတွေ လစ်ချင်တိုင်း လစ်ပြီး ဒီဘ၀ရောက်သွားတာကိုး၊ ကဲ … သေသေ ချာချာနားထောင်၊ ဒီအရှုပ်ကို ဖေဖေ ရှင်းပေးမယ်၊ ဒါပေမယ့် မင်းနယူးယောက်ကို မိသားစုနဲ့ လိုက်ခဲ့ ရမယ်"
" ကျွန်တော် ပြောပြီးပါပြီ ဖေဖေ "
ဘင်ဂျမင် ဆောက်တည်ရာမရ ပုံစံဖြင့် မတ်တတ်ထရပ်ပြီး …
" သူ့မှာ တစ်ယောက် တည်း ရယ်ဖေဖေ၊ ပြီးတော့ ကိုယ်ဝန်နဲ့၊ အဲဒီကိုယ်ဝန်က ကျွန်တော့် ကိုယ်ဝန်၊ ကျွန်တော့် ရင်သွေး၊ အားလုံး ကျွန်တော့် တာဝန်တွေ၊ ကျွန်တော် တာဝန်ယူရမှာပေါ့ ဖေဖေ "
ပြောရင်း မျက်ရည်တွေ လည်လာသည်။ အားအင်တွေ ကုန်ခန်းသွားသလို နွမ်းခွေသွားသည်။ အဖေနှင့် လည်း ဆက် မငြင်းချင်တော့။
" ကျွန်တော် တို့ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်နေကြပါတယ် ဖေဖေ၊ ဒါကြောင့် ဖေဖေခွဲဖို့ မကြိုး စား ပါနဲ့ "
မိမိ က လက်ထပ်ဖို့ ပြောတော့ ဆန္ဒရာ က သူ့အဖေနှင့် အမေလို ဖြစ်မည်စိုး၍ လက်ထပ် ဖို့ ငြင်းပယ်ကြောင်း ကိုတော့ ထည့် မပြောတော့။ အော်လီဗာ သားဆီသို့ လျှောက်သွားပြီး ပခုံးကို သိုင်းဖက် သည်။
ပြဿနာ ကို ဖြေရှင်းဖို့ နည်းလမ်းပေါင်း များစွာ အော်လီဗာ့ခေါင်းထဲတွင် ပြေးလွှားလှုပ်ရှားလျှက်ရှိသည်။ အပျို မိခင် ကိုယ်ဝန်ဆောင် များ အတွက် ဖွင့်လှစ်ထားသည့်ဂေဟာကို သတိရလိုက်သည်။
" သူ အခု အခန်းပြောင်းနေတယ်၊ ပို့ချက်စတာ မှာ ကျွန်တော် အခန်းတစ်ခန်း ငှားပေးထားတယ် "
" မင်းဘက် က တာဝန်ကျေတာ ကောင်းပါတယ်၊ ဒါပေမယ့် ဒါလောက်နဲ့ မလုံလောက်ဘူး၊ မကြာခင် အတွင်း သူ ငွေတွေ အများကြီး လိုလာလိမ့်မယ်၊ ကလေးတစ်ယောက်မွေးဖို့ ပိုက်ဆံ ဘယ်လောက် ကုန်တယ် ဆိုတာ မင်း မသိဘူး "
" အဲဒီတော့ ကျွန်တော်က ဘာဆက်လုပ်ရမလဲ "
ဘင်ဂျမင့်လေသံ မာလာပြန်သည်။
" ဖျက်ချတာ က ဈေးပေါလို့ ဖျက်ချခိုင်းဦးမလို့လား၊ အဲဒါ ကျွန်တော့် သွေး၊ ကျွန်တော် ချစ်တယ်၊ ဘယ်တော့ မှ မဖျက်ဘူး၊ သူတို့ နှစ်ယောက်စလုံးကို ကျွန်တော် မပစ်နိုင်ဘူး၊ ရှင်းနေပြီး ကျွန်တော့် အမှတ်တွေ ပြန်တက်လာအောင် လုပ်မယ်၊ သူနဲ့ အတူနေမယ် "
" ဖေဖေတော့ ဘာပြောရ မှန်း မသိတော့ဘူး၊ ဘင်ဂျမင်လေးလရှိပြီဆိုတာ သေချာရဲ့လား "
ဘင်ဂျမင် ခေါင်းညိတ်သည်။ စိတ်ဓာတ်အကျကြီး ကျသွား၏။ သည်ကိစ္စဖြစ်သည့်အချိန်နှင့် ဆာရာ ထွက် သွားသည့် အချိန် က တိုက်တိုက်ဆိုင်ဆိုင်ပါလား။ အားလုံး ဆင်ခြင်တုံတရားတွေ ကင်းမဲ့ကုန်ကြပြီလား။ ဘင်ဂျမင့် အဖြစ် က ပိုဆိုးသည်။ တစ်သက်လုံး လူညွန့်တုံးမည့်ကိစ္စ။
" ကောင်မလေး က တကယ် ဖျက်မချနိုင်ဘူးတဲ့လား "
ဘင်ဂျမင် ခေါင်းယမ်းသည်။
" သူကလဲ မဖျက်ဘူး၊ ကျွန်တော်ကလဲ ဖျက်တာကို ခွင့်မပြုဘူး၊ အင်း … တော်တော်တော့ ရယ်စရာ ကောင်းတာပဲ၊ ဖေဖေဟာ သန္ဓေဖျက်တာကို အပြင်းအထန် ဆန့်ကျင်တဲ့သူလို့ ကျွန်တော် ထင် ခဲ့တာ " အော်လီဗာ အရှိုက်ထိသွားသည်။ ကလေးတစ်ယောက် မွေးတိုင်း ဆာရာနှင့် တိုက်ပွဲဝင်ခဲ့ရသည် မဟုတ် ပါ လား၊ ခုတော့ သား၏ ရင်သွေးကို အော်လီဗာ သတ်ခိုင်းနေသည်။ သို့သော် အခြေအနေချင်း က လုံးဝမတူ ဘူးလေ။
" ဟိုတုန်း က ဟုတ်တယ်၊ ဒါပေမယ့် အခြေအနေချင်းက မတူဘူး၊ ခုအဖြစ်က မင်းဘ၀ကို မင်း ဖျက်ဆီး မယ့် အဖြစ်၊ ဒါကြောင့် ကလေးထက် မင်းအတွက် ငါ ပိုပြီး စဉ်းစားရတာ "
" ဒီကလေး ဟာ ကျွန်တော့်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ အဖေနဲ့ အမေရဲ့ သွေးလဲပါတယ်၊ ဆန္ဒရာ ရဲ့ သွေးလဲ ပါမယ်၊ ဒီကလေးကို ဘယ်သူ သတ်တာမှ ကျွန်တော်မှ ခံနိုင်ဘူး "
" မင်း … ဘယ်လို ရှာကျွေးမလဲ "
" စာမေးပွဲပြီး ရင် အလုပ်တစ်ခု ရှာလုပ်လို့ ရပါတယ်၊ နောက်ပိုင်းမှာ ဆန္ဒရာလဲ အလုပ်လုပ်နိုင်မှာပါ၊ သူ ကျွန်တော့် ကို ဘာမှ အကျပ်မကိုင်ဘူး ဖေဖေ၊ ဖြစ်လာမှတော့ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် လုပ် ယူရမှာပဲ "
အကောင်းဆုံး မဖြစ်နိုင်တော့ကြောင်း သူကိုယ်တိုင် သိနေပုံရပါသည်။
" ဒီလို ဖြစ်နေတယ် ဆိုတာ မင်း ဘယ်တုန်းကမှ သိတာလဲ "
" လွန်ခဲ့တဲ့ နှစ်လလောက်ကထင်တယ်၊ သူလဲ ပထမ မသိဘူးတဲ့၊ ကျွန်တော်က အတင်း ဆေးခန်းပြခိုင်း မှ သိတာ "
" အင်း … မဆိုးပါဘူး၊ ခုကော ဆေးခန်းကို မှန်မှန်သွားရဲ့လား "
" တစ်လတစ်ခါ ကျွန်တော် ခေါ်သွားပေးပါတယ် "
အင်း … ခုလိုတော့လဲ သူ့တာဝန် သူသိနေသားပဲ၊ မိမိသားက ကလေးအဖေ ဖြစ်တော့မယ်တဲ့။
" ဒါလောက် နဲ့ လုံလောက်ပါ့မလား ဘင်ဂျမင် "
ခုကျတော့လည်း ဘင်ဂျမင် စိတ်ပူနေမိပြန်သည်။
" ဖေဖေပြောတဲ့ နေရာမျိုး ကို မင်းကောင်မလေး သွားနေနိုင်ပါ့မလား၊ အဲဒီမှာဆိုရင် သူ့အတွက် မပူရဘူး၊ ကလေး အတွက်လဲ စိတ်ချရတယ် "
" ကလေးအတွက် သူတို့ ဘာလုပ်မှာလဲ "
ဘင်ဂျမင် ချက်ချင်း သံသယ၀င်လာသည်။
" အဲဒါက မင်းတို့နှစ်ယောက်ရဲ့ ဆန္ဒပေါ် မူတည်တယ်လေ၊ နေရာကတော့ ဘာမှ ပြောစရာရှိမယ် မထင် ဘူး၊ သူ့လို ဘ၀တူ မိန်းကလေးတွေအတွက် သီးသန့် နေရာမျိုးပဲ "
ဘင်ဂျမင် ခေါင်းညိတ်သည်။
" ကျွန်တော် သူနဲ့ တိုင်ပင်ပါဦးမယ် "
" ကလေး က ဘယ်တော့မွေးမှာလဲ "
" စက်တင်ဘာလ ကုန်လောက်လို့ ပြောတယ် "
" ဒါဆို မင်း ကျောင်းရောက်နေမယ့် အချိန်ပဲ "
" ထားပါလေ "
ဒီအကြောင်းကို သားအဖနှစ်ယောက်စလုံး ပြန်မချချင်တော့၊ ငြင်းရ ခုံရသည်နှင့် လက်ပန်းကျနေပြီ။ နံနက် လေးနာရီ ထိုးပြီ။
" ကဲ … ကဲ … အိပ်တော့၊ မနက်ဖြန်မှ ဆက်တိုင်ပင်တာပေါ့ "
သားဖြစ်သူ ၏ ပခုံးကို လှမ်းဆုပ်လိုက်သည်။ အော်လီဗာ မျက်ဝန်းထဲတွင် ကြင်နာခြင်း အရိပ်အယောင် များ ရောထွေးယှက်သန်းနေ၏။
" ဖေဖေ လုံးဝစိတ်မကောင်းဘူးသား၊ မင်းတို့ နှစ်ယောက်စလုံးအတွက် စိတ်မကောင်းဖြစ်တာပါ၊ ဖေဖေတို့ အကောင်းဖြစ်အောင် လုပ်ကြတာပေါ့ကွာ "
" ကျေးဇူးပါပဲ ဖေဖေ "
သားအဖနှစ်ယောက် အပေါ်ထပ်သို့ အတွေးကိုယ်စီဖြင့် လေးလံစွာ လှမ်းတက်ခဲ့ကြသည်။ ကိုယ့်အခန်း တံခါးကို ကိုယ်အသာအယာ ပိတ်လိုက်ကြ၏။
အခန်း (၁၁)
တစ်ပတ်လုံးလုံး သားအဖနှစ်ယောက် ညဥ့်နက်သန်းခေါင်ထိ ဆွေးနွေးကြသည်။ သို့သော် မည်မည်ရရ အဖြေ မထွက်တစ်ညတွင် ဆန္ဒရာကို အော်လီဗာ သွားတွေ့သည်။ စိတ်မကောင်းဖြစ်သွား၏။ အဆင်းသာ ရှိ ပြီး အချင်း အားဖြင့် ပြည့်ပြည့်၀၀ ရှိသည့် မိန်းကလေးမျိုးမဟုတ်ကြောင်း သိလိုက်သည်။
မိမိတို့ နှင့် မတူသည့် အခြားကမ္ဘာမှ ကြောက်ရွံ့ထိတ်လန့်နေသည့် အထီးကျန် မိန်းကလေး။ မြက်ပင်တစ်ပင် ကို တွေ့သလို ဘင်ဂျမင်အား တွယ်ထားသည့် မိန်းကလေး။ ကလေးမွေးဖြစ်အောင် မွေး မည် ဟု ဘင်ဂျမင်နှင့်အတူ ခေါင်းမာဆုံးဖြတ်ထားသည့် မိန်းကလေး။
နောက်ဆုံးတွင် သည်မိန်းကလေးကြောင့် စိတ်ဓာတ်အကျကြီး ကျနေသူက ဘင်ဂျမင်တစ်ယောက်တည်း မဟုတ်တော့ ဘဲ ဖအေကိုပါ ကူးစက်လာသည်။ မတတ်နိုင်သည့်အဆုံး ဆာရာ့ကို ဖုန်းခေါ်ရတော့သည်။
" မင်းရဲ့သားကြီး ဘာဖြစ်နေတယ်ဆိုတာ မင်းသိရဲ့လား "
ဘ၀ တစ်လျှောက်လုံး သည်မိန်းကလေးနှင့်အတူ ပါသွားမည်ဆိုသည်ကတော့ မဖြစ်သင့်သည့်ကိစ္စ။ သည် ကလေးနှင့် သည်မိန်းမကြောင့် လူညွန့်တုံးခံရမည်လား။
" သိပါတယ်၊ သူ ညက ဆာရာ့ဆီဖုန်းဆက်တယ်၊ အော်လီဗာ ကြားမ၀င်သင့်ဘူး "
ဒုက္ခ ပါပဲ။ အနားမှာရှိလျှင် တယ်လီဖုန်းကြိုးနှင့် လည်ပင်းကိုပတ်ပြီး ညှစ်မိမည်လားမသိ။
" မင်းရူးနေလား ဆာရာ၊ သူ့ဘ၀ဘာဖြစ်သွားမယ်ဆိုတာ မင်း မစဉ်းစားမိဘူးလား "
" ဒါဖြင့် ဘာလုပ်စေချင်လဲ၊ အဲဒီကောင်မလေးကို သတ်ပစ်ရမှာလား "
ဆာရာ့ ဆီက ကြားရသည့်စကားများမှာ မယုံနိုင်စရာပင်။
" ဟာ … ဒုက္ခပါပဲ၊ ဖျက်ချချင်ဖျက်ချ၊ မဖျက်ချချင်ရင် မိဘမဲ့ဂေဟာကို လွှဲပေးလိုက်ဖို့ ကိုယ်ပြောနေတာ ကွ "
" ဆာရာ သိခဲ့တဲ့အော်လီဗာ နဲ့ တခြားစီ ဖြစ်နေပါလား၊ ဘယ်တုန်းက သားသတ်လိုင်စင် ရလိုက်တာလဲ ဟင် "
" ကိုယ့်ရဲ့ အရွယ်မရောက်သေးတဲ့သားနဲ့ အရွယ်မရောက်သေးတဲ့ကောင်မလေး အတူ အိပ် ပြီး သောက် ပြဿနာပေါ်တော့ မှ သူတို့နှစ်ယောက်စလုံးရဲ့ဘ၀ကို အပျက်ခံပြီး လူသူတော်ကောင်းတွေ လုပ်ကြ မယ် ဆိုတာ သိတဲ့နေ့ကစတာပဲ "
" သူမှန်တယ်ထင်လို့လုပ်တာကို ဘယ်သူမှဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိဘူးထင်တယ် "
" ဆာရာ … မင်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ကိုယ်တော့ ကိုယ့်နားကို မယုံနိုင်အောင်ဘဲ၊ သူ့ပညာ ရေး ကို ထည့်မစဉ်းစားတော့ဘူးလား၊ ဒီအတိုင်း လွှတ်ထားလိုက်ရင် ကောလိပ်ဝေးလို့ ဆယ်တန်းတောင် အောင် မှာမဟုတ်ဘူး "
" နားလည်ချိန် တန်ရင် နားလည်လာမှာပေါ့ အော်လီဗာ၊ ကလေးပေါက်စကလေးနဲ့ ညလုံးပေါက် တကျည် ကျည်အော် ငိုသံကို နားထောင်ပစေပေါ့၊ သူငယ်ငယ်တုန်းကလိုလေ၊ အဲဒီအခါကျမှ ကယ်ပါဦး ဆိုပြီး ပြန်ပြေး လာလိမ့်မယ်၊ ခုတော့ သူမှန်တယ်ထင်ရာ လုပ်ပစေ၊ ဘာနဲ့မှတားလို့ရမှာ မဟုတ်ဘူး "
" မင်းလဲ မင်း သားလို ရူးသွားပြီလား၊ မျိုးဆက်သွေးထင်ပါရဲ့၊ မင်း အဲဒီအတိုင်း သူ့ကို ဆုံးမလိုက် တယ်ပေါ့၊ ဟုတ်လား "
" ကိုယ်ယုံကြည်တာ ကိုယ် လုပ်လို့ ပြောလိုက်တယ် "
" ဘာမှ သောက်အဓိပ္ပာယ်မရှိဘူး "
" ရှင်ကကော သူ့ကို ဘာတွေ လုပ်ခိုင်းမလို့လဲ "
" သူ့ကို ဖိနပ်ပဲ စီးပေးရစီးပေးရ ကျောင်းမှန်မှန်ပြန်တက်ဖို့နဲ့ အမှတ်တွေ ပြန်တက်လာအောင် လုပ်ရ မှာပေါ့၊ ကောင်မလေးကို အပျိုမိခင် ဂေဟာကို ပို့လိုက်မယ်၊ ကလေးကို တစ်ယောက်ယောက် ကို ပေးမွေးစားလိုက် ပေါ့ "
" သိပ်ပြီး ပိရိသေသပ်တဲ့ နည်းလမ်းပါပဲ၊ ဒါပေမယ့် ဘင်ဂျမင် ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး "
" သူ လက်ခံဖို့မလိုဘူး ဆာရာ၊ မိဘခိုင်းတာကို သူလိုက်နာရမယ်၊ သူဟာ အသက်မပြည့်သေးဘူး "
" အတင်း သွားကြမ်းကြည့်ပါလား၊ ပုန်ကန်မှာပဲ "
" မင်း လုပ်တဲ့ အတိုင်း ပေါ့လေ "
အော်လီဗာ ဒေါသူပုန်ထလာပြီ။ လက်စသတ်တော့ သူ့ရဲ့ သောက်သုံးမကျ စည်းမဲ့ကမ်းမဲ့ အတွေးအခေါ်နှင့် ဘင်ဂျမင်ကိုပါ ဖျက်ဆီးနေတာပါလား။
" ဆာရာ တို့အကြောင်း ပြောနေတာမဟုတ်ဘူးလေ၊ ဘင်ဂျမင့်အကြောင်းပြောနေတာ "
" မင်းနဲ့ ငါနဲ့ မွေးထားတဲ့ကလေးတစ်ယောက် သူ့ဘ၀သူ ဖျက်ဆီးနေတဲ့အကြောင်း ငါပြောပြနေတာ၊ မင်းက အဓိပ္ပာယ် မရှိတဲ့ အရူးချေးပန်း ဟစ်ပီအတွေးအခေါ်တွေကို ကိုင်ပြီး ပြောနေတယ် "
" အမှန် ကိုမြင်အောင်ကြည့်ပါ အော်လီဗာ၊ အဲဒါ သူ့ကလေး၊ သူ့ရင်သွေး၊ သူ့ဘ၀၊ ရှင်ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ သူကောင်းတယ်ထင်တာကို သူလုပ်လိမ့်မယ်၊ အဲဒီတော့ ဘာမှ ၀င်ပြီးဒုက္ခခံမနေနဲ့ "
ဘယ်လိုမှ အပေါက်အလမ်းတည့်မည်မဟုတ်တော့။ စိတ်ပျက်လက်ပျက် တယ်လီဖုန်းချလိုက်သည်။ ပို၍ စိတ်ဓာတ် ကျသွား၏။
စနေနေ့နံနက် တွင် ပြောင်းဖို့ရွှေ့ဖို့ ငှားထားသည့် ကားကြီးတစ်စီး အိမ်ရှေ့ ထိုးဆိုက်လာသည်။ ဘင်ဂျမင် က အဖေ့ဆီလျှောက်လာသည်။ အော်လီဗာ လှမ်းမေး၏။
" သား … အဆင်သင့်ဖြစ်ပြီလားဟေ့ "
တတ်နိုင် သမျှ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် အော်လီဗာ ကြိုးစားနေ၏။ ခပ်မြူးမြူးလေသံဖြင့် မေးလိုက်ခြင်း ဖြစ် ၏။ သို့သော် ဘင်ဂျမင့်အမူအရာက ခပ်အေးအေးပင်။ ဆုံးဖြတ် ချက်ချပြီးသား မဟုတ်လား။
" ကျွန်တော် ဖေဖေ့ ကို နှုတ်ဆက်ဖို့လာတာပါ "
သားအဖနှစ်ယောက် အကြာကြီး စကားပြတ်သွားကြသည်။
" သား ဖေဖေတို့နဲ့ လိုက်ခဲ့ရမယ်လေ၊ သားအတွက်ပါ။ ဆန္ဒရာ့အတွက်လဲပါပါတယ် "
" ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ၊ ကျွန်တော်မလိုက်ပါဘူး၊ ဒီမှာပဲနေခဲ့မယ်၊ ကျောင်းလဲထွက်လိုက်တော့မယ်၊ ဟိုတယ်တစ်ခု မှာ ကျွန်တော် အလုပ်ရပြီလေ၊ ဆန္ဒရာတို့အခန်းမှာပဲနေမယ် "
" ဒီအိမ်မှာ ပဲ နေခွင့်ပြုမယ်ဆိုရင်ကော ကျောင်းပြန်တက်မလား "
" ကျောင်းတက်ချင် စိတ် လုံးဝမရှိတော့ဘူး၊ ဆန္ဒရာ့ကို စောင့်ရှောက်ဖို့က အဓိကဖြစ်လာပြီဖေဖေ "
" ဘင်ဂျမင် … စဉ်းစားပါဦးသားရယ်၊ မင်းပညာတတ်မှ သူ့ကိုပိုပြီး စောင့်ရှောက်နိုင်တော့မှာပေါ့ "
" နောက်တော့ အခြေအနေ အရပေါ့ ဖေဖေရာ၊ ကျောင်းပြန်တက်ဖြစ်ချင်လဲ တက်ဖြစ်မှာပေါ့ "
" မင်းအစီအစဉ်တွေ ကျောင်းကို အသိပေးပြီးပြီလား "
ဘင်ဂျမင် ခေါင်းညိတ်သည်။ အော်လီဗာ၏ မျှော်လင့်ချက်အားလုံး သဲထဲရေသွန်ဖြစ်ရပြီ။
" ကျွန်တော် မနေ့က ကျောင်းရုံးခန်းမှာ သွားပြောပြလိုက်တယ် ဖေဖေ "
" သူ့ကို ဘာပြောလဲ "
" ဆန္ဒရာ ကလဲ ကလေးရှိနေတဲ့အကြောင်း အတန်းပိုင်ဆရာမကို ပြောလိုက်ပြီးပြီ၊ ဆရာ ဆရာမတွေ ကျွန်တော် တို့ကို အဆင်ပြေ ချော့မွေ့ပါစေလို့ ဆုတောင်းပေးကြပါတယ် "
" ဖေဖေတော့ မယုံနိုင်လောက်အောင် ဘဲ ဘင်ဂျမင် "
" ကျွန်တော် ဆန္ဒရာနဲ့ နေချင်တယ်၊ ကျွန်တော့် ရင်သွေးနဲ့ နေချင်တယ်၊ ကျွန်တော့်နေရာ မှာ ဖေဖေရှိရင်လဲ ကျွန်တော့်လိုပဲ ဖြစ်မှာပါ "
" ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် မင်းလိုတော့ လုပ်ချင်မှလုပ်မယ်၊ မင်းဟာ အမှန်ကို လုပ်နေပေမယ့် လုပ်နည်း လုပ်ဟန် မှားနေတယ် "
" ကျွန်တော် အကောင်းဆုံးဖြစ်အောင် စဉ်းစားပြီး လုပ်တာပါ "
" ဖေဖေ သိပါတယ်လေ၊ ဒီလိုလုပ်ရင်ကော၊ အပြင်ကနေ ၀င်ဖြေရင် ကောလိပ်ဝင်ခွင့် ရနိုင်သေးတာပဲ "
" ကျွန်တော် ဘာမှ မလုပ်ချင်တော့ဘူး ဖေဖေ၊ လောကကြီးထဲကို ထွက်ပြီး ရင်ဆိုင်တော့မယ်၊ ကျွန်တော့် ချစ်သူ နဲ့ ဘ၀ကို စမယ်၊ ကျွန်တော့်တာဝန် ကျွန်တော် ယူမယ်၊ စက်တင်လာဆို ကျွန်တော် တို့ ရင်သွေး ကလေးရတော့မှာ "
ဘင်ဂျမင်ပြောနေပုံ မှာ ရယ်စရာ ကောင်းနေသော်လည်း အမှန်တရားများဖြစ်လေသည်။ အိမ်ရှေ့ မြက်ခင်း ပြင်တွင် ရပ်နေရင်း အော်လီဗာ ငိုချပစ်လိုက်ချင်သည်။ ကားပေါ်သို့ အလုပ်သမားတွေ သေတ္တာတွေ၊ ပစ္စည်းတွေ တင်နေကြပြီ။ အက်နက်က ကြီးကြပ်စီမံပေးနေ၏။
လေးလ အတွင်း မိမိတို့ဘ၀တွေကို ဆာရာ ဖျက်ဆီးပစ်လိုက်ခြင်းပင်။ ဘယ်လိုမှ အဖတ်ဆယ်လို့ မရနိုင် အောင် ၀ါးအစည်းပြေသလို ပြေကုန်ခြင်းမျိုး …
ဘင်ဂျမင် မပါ ဘဲ နယူးယောက်သို့ ပြောင်းရွှေ့ခြင်းကကော ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။
" ဖေဖေ … ကျွန်တော်သွားတော့မယ်နော်၊ ဒီနေ့ အလုပ်ဝင်ရမှာ၊ ဆန္ဒရာလဲ မျှော်နေမှာ "
" သား ဖုန်းဆက် မယ် မဟုတ်လား "
" ဟုတ်ကဲ့ … ဆက်ပါ့မယ်၊ ဖေဖေလဲ ဒီရောက်ရင် ကျွန်တော်တို့ဆီ ၀င်ခဲ့ပါဦး "
" သား ကို ဖေဖေ ချစ်ပါတယ် "
သားပခုံး ကို သိုင်းဖက်လိုက်သည်။ ပြီးတော့ သားအဖနှစ်ယောက် ငိုကြွေးကြသည်။
" ကျေးဇူးတင် ပါတယ် ဖေဖေ၊ အားလုံး အဆင်ပြေသွားမှာပါ "
အော်လီဗာ ခေါင်းညိတ်သည်။ သို့သော် ဘင်ဂျမင် ယုံကြည်သလိုတော့ မယုံကြည်။ ဘယ်လိုမှ အဆင်ပြေနိုင်မည် မဟုတ်ပါ။
ပါးပြင်ပေါ်တွင် မျက်ရည်တွေ စီးကျလျက် ကားမောင်းထွက်သွားသော သားကြီးကို အော်လီဗာငေးကြည့် ကျန်ရစ် သည်။ မျက်စိတစ်ဆုံး လိုက်ကြည့်ပြီး လက်ပြနေမိသည်။
နောက်မှ အိမ်ထဲသို့ ခေါင်းငိုက်စိုက်ချကာ ပြန်လျှောက်လာခဲ့သည်။ အင်း … မိမိစီစဉ်ခဲ့သမျှ ဘာတစ်ခုမှ မအောင်မြင်ခဲ့ပါကလား။
ကျောင်းထွက်ပြီး ဟိုတယ်တွင် အောက်တန်းစား အလုပ်ကို လုပ်တော့မည်တဲ့။ တစ်နေ့နေ့တော့ သူယုံကြည် သလို ဖြစ်လာကောင်းပါရဲ့။ သို့သော် တို့တစ်နေ့နေ့သည်ကား ဟိုး … အဝေး … ဟိုးအဝေးကြီး တွင်မရေမရာမှုန်ဝါးဝါးရှိနေခြင်းမျိုးဖြစ်ပါ၏။
အိမ်ထဲ တွင် အလုပ်သမားတွေ ပစ္စည်းတွေနှင့် ရှုပ်ယှက်ခတ်နေသည်။ အင်ဒီက မျက်နှာစိမ်းတွေကို စွတ် ဟောက်နေ ၏။ ဆမ်က ၀က်ဝံရုပ်ကြီးပိုက်ကာ ဟိုပြေးသည်ပြေးနှင့် ပျော်နေ၏။ အက်နက်က အားလုံး နေသားတကျ ဖြစ်အောင် လိုက်ပြောနေသည်။
မယ်လီဆာ ကမူ သူငယ်ချင်းတွေကို တစ်ယောက်ပြီး တစ်ယောက် တယ်လီဖုန်းဖြင့် နှုတ်ဆက်နေ သည်မှာ မပြီးနိုင်တော့။
နောက်ဆုံး တွင်မှ သူတို့ အင်မတန် မြတ်နိုးတွယ်တာကြသည့် အိမ်ကြီးကို နှုတ်ဆက်ကာ နယူးယောက်တွင် စွန့်စားခန်းဖွင့်ရန် ထွက်လာခဲ့ကြလေသည်။
နယူးယောက် တိုက်ခန်းတွင် ဒက်ဖနီပို့ထားသည့် သစ်ပင်တစ်ပင်က သူတို့အား စောင့်ကြိုနေသည်။ စား စရာ သစ်သီး မျိုးစုံနှင့် ကလေးတွေအတွက် မုန့်တွေအပြင် အင်ဒီအတွက် စားစရာပါ ပို့ထားပေး သည်။ နွေး ထွေးသော ကြိုဆိုနည်းတစ်မျိုးဖြစ်၏။ မယ်လီဆာက အခန်းထဲ ရောက်ရောက်ချင်း တယ်လီဖုန်း ဆီသို့ ပြေး ချသွားသည်။
အားလုံး နေသားတကျဖြစ်သွားမှ အော်လီဗာ သားတော်မောင်အကြောင်း စဉ်းစားနိုင်တော့သည်။ တစ်နေ့နေ့ တွင် နောင်တကြီးစွာ ရလိမ့်မည်ဖြစ်သော ဘ၀သစ်ကို သူဇွတ် စတင်နေခြင်းဖြစ်၏။
မိမိ ချစ်သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးနေခြင်းပါကလား …။
ဆက်ရန်
.
No comments: