Friday, May 11, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည် အပိုင်း (၁)

နိဒါန်း

တိတ်ဆိတ်နေသော အိမ်ခန်းထဲတွင် ဂျင်မ် ရိဗ်၏ " နှင်းမုန်တိုင်း" သီချင်းမှ တီးလုံးကလေး လွင့်ပျံ့ လာသည်။ ပထမ တိုးတိုး၊ ပြီးတော့ တဖြည်းဖြည်းကျယ်လာသည်။
စိမ်းဝေ အိပ်မှုန်စုံမွှားနှင့် ခုတင် ခေါင်းရင်းက နံပါတ်ကလေးများ လင်းနေသော နာရီကို လှမ်းကြည့်သည်။
ည ၁၂ နာရီ။
ခုတင်ဘေး က စားပွဲကလေးပေါ် လှမ်းကြည့်လိုက်တော့ စိမ်းဝေ၏ လက်ကိုင်ဖုန်းကလေးက မီးလင်း နေရင်း က တဆတ်ဆတ်ခုန်နေသည်။
သည်အချိန်ကြီး ဘယ်သူများ ဆက်ပါလိမ့်။ မြန်မာပြည်ကများ ဖြစ်နေမလား။ မြန်မာပြည်မှာတော့ ညနေ ရုံးဆင်းခါစ အချိန်ပဲ ရှိဦးမည်။
ဖုန်း ကို ကောက်ကိုင်ကြည့် လိုက်သည်။

၀၀၉၁၅၁ …
ဟုတ်ပါပြီ။ ရန်ကုန်က၊ နောက်က နံပါတ်တွေကို အိပ်ချင်နေသော မျက်လုံးကို ပြူးပြဲ၍ ထပ်ဖတ်ကြည့်မိ သည်။
ဘုရားရေ။
ကိုကို့ အိမ်ဖုန်းပါလား။
စိမ်းဝေ ရင်များ တဆတ်ဆတ် ခါလာသည်။ ကိုကို၊ ကိုကို စိမ်းဝေကို ဖုန်းမဆက်တာ အနည်း ဆုံးတော့ ခြောက်လရှိပြီ ထင်သည်။ ဖုန်း ဘယ်ဘက် အောက်ခြေ က အစိမ်းရောင် ခလုတ်ကလေးကို ကမန်းကတန်း နှိပ်၍ နားမှာ ကပ်လိုက်သည်။
" ကိုကိုလား "
တစ်ဖက်က ဘာသံမှ မကြားရ။ အသက်ရှူသံလိုလိုသာ ကြားနေရသည်။
နေဦး။
အသက်ရှူသံ မဟုတ်ဘူး ထင်သည်။ ရှိုက်သံ၊ မိန်းမ တစ်ယောက် ရှိုက်သံပါလား။

" ဟဲလို့ ဘယ်သူပါလဲ "
ရှီုက်သံ သဲ့သဲ့တစ်ချက်။ မသဲမကွဲ။ ပြီးတော့မှ
" ညီမလေး စိမ်းဝေ၊ မမနှင်းပါ "
စိမ်းဝေ ပါးစပ် အဟောင်းသားဖြစ်သွားသည်။ မမနှင်း အသံတွေ တုန်နေသည်ကိုပင် နားက အသိစိတ်နှင့် မကပ် လိုက်မိ။
ဘယ်လိုက ဘယ်လို မမနှင်း က ကိုကို့ဖုန်းနှင့် စိမ်းဝေဆီ ဆက်ရတာတဲ့လဲ။ ပြီးတော့ ကိုကိုကရော။
" မမနှင်း ကိုကိုရော "
မမနှင်း ရုတ်တရက် ပြန်အဖြေဘဲ အသံတိတ်နေသည်။ ခဏနေမှ တိုးတိုးကလေး ပြောသည်။
" ကိုကို နေမကောင်းဘူး ညီမလေး "
ထင်သည့် အတိုင်း ပါပဲ။ ကိုကိုတစ်ခုခုဖြစ်ပါပြီ။ စိမ်းဝေ မျက်နှာတစ်ခုလုံး သွေးတို့ ပြည့်လျှံတက်လာ သည်။ မျက်ရည်တွေက အလိုလို စို့တက်လာသည်။

" ဘာဖြစ်တာလဲ ဟင် မမနှင်း၊ ကိုကို အခု ဘယ်မှာလဲ "
" ဆေးရုံကြီးမှာ သက်တော့ သက်သာပါတယ်၊ တစ်ရက် နှစ်ရက် နေရင်တောင် ခဏ ပေးဆင်းမယ် လို့တော့ ဆရာဝန်တွေ ပြောပါတယ် "
စိမ်းဝေ နည်းနည်း ပြန်စိတ်အေးသွားသည်။ သို့သော်
ခဏ ပေးဆင်းမယ် တဲ့၊ ခဏတဲ့ အဲဒါက ဘာလဲ။
" ဘာဖြစ်တာလဲ ဟင် မမနှင်း "
မမနှင်းက မသိမသာ ရှိုက်သည်။

" ကိုကို ခေါင်းကိုက်ကိုက်နေတာ ကြာပြီ၊ တိုင်းကြည့်ရင်လည်း သွေးပေါင်က နည်းနည်းကလေး တက်တက် နေတယ်၊ အသက်က ၃၀ ကျော်ပဲ ဆိုပေမယ့် သူ့ဖေဖေလည်း ငယ်ငယ် ကတည်းက သွေးတိုးခဲ့တာပဲ ဆိုတော့ သွေးတိုး ကျဆေးလေးသောက်၊ သိပ်ဆိုးတဲ့နေ့ကျ အလုပ်မဆင်း ဘဲနေ၊ ဒီလိုပဲ လုပ်နေခဲ့ကြတာ၊ နောက်တော့ အန်အန် လာတယ်၊ အရင် နှစ်ပတ်လောက်က ကျတော့ အိပ်ရာနှိုး လို့ မရလို့တဲ့၊ သူနဲ့နေတဲ့ တပည့်တွေက ဆေးရုံလာပို့ကြတယ်၊ နောက်တော့ "
မမနှင်း အသံ တိမ်ဝင်သွားပြန်သည်။
တစ်ဖက်မှ ရှိုက်သံကို နားထောင်နေရင်းက စိမ်းဝေ မစောင့်နိုင်တော့။
" အခုရော မမနှင်း "
မမနှင်း အသံ ပြန်ပေါ်လာသည်။

" တစ်ရက်လောက်နေတော့ သတိပြန်ရပါတယ်။ ခုတော့ အစာလည်း စားပါတယ်၊ ဒါပေမဲ့ကွယ် ခေါင်းက ကွန်ပျူတာ ဓာတ်မှန်ရိုက်ကြည့်တော့ ဦးနှောက်ကင်ဆာတဲ့ "
စိမ်းဝေ နားများ အူထွက်သွားပါသည်။

ဒါပဲလား ကိုကိုရယ်။
ကိုကို တစ်သက်လုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာတွေရဲ့ နောက်ဆုံးပန်းတိုင်က ဒါတဲ့လား။
အခက်အခဲ တစ်ခု ကို ကျော်လွှားနိုင်အောင် ကြိုးစားလိုက်၊ အခက်အခဲတွေ ချောင်ကြို ချောင်ကြားက စိမ့် ထွက်ပြိုဆင်း လာလိုက်။
ဘယ်လောက် အခက်အခဲ တွေ့တွေ့ လက်မလျှော့တတ်လွန်းသည့်ကိုကို။ ဘယ်လောက် အကြိမ်ကြိမ် ပြန်ကြိုးစားရ ကြိုးစားရ ဘယ်တော့မှ အရှုံးမပေးတတ်သော ကိုကို။ သူ ဇွဲလုံ့လ ထည့်သည်နှင့် အမျှ ထိုက် တန်သော အောင်မြင်မှုကို အဆုံးသတ်မှာလည်း ရတတ်လွန်းသော ထိုအောင်မြင်မှု့ အတွက် သူ ဘယ်လို ကြိုးစားခဲ့ရသည်တို့ကိုလည်း ဂုဏ်ယူတတ်လွန်းသော၊ ထိုဂုဏ်ယူမှု အတွက်လည်း ပတ်ဝန်းကျင်က စိတ်ကြီးဝင်သူ၊ မာနကြီးသူဟု မကြာခဏ တီးတိုး တီးတိုး သဖန်းပိုး အထိုးခံ ရတတ်လွန်းသော အဲသည့် လူတွေ သူ့အပေါ် ဘယ်လို ပြောပြော၊ သူ့ဘ၀၊ သူ့အကျင့်ကို ဘယ်တော့မှ မပြောင်းလဲတတ်သော ကိုကို။

" ကိုကို့ကို လူတွေက တိမ်ပေါ်မှာ လမ်းလျှောက်နေတဲ့ သူတဲ့ သိလား "
" အဲဒါ ဘာပြောတာလဲ "
" ဖနောင့်နဲ့ မြေကြီး မထိဘူးတဲ့၊ သူ့ အောင်မြင်မှုတွေအပေါ်မှာ သူပြန်ဘ၀င်မြင့် နေသတဲ့၊ တစ်ယောက် က ပြောတော့ နောက်တစ်ယောက်က ဖနောင့်နဲ့ မြေကြီး မထိရုံ ဘယ်ကမလဲ၊ သူက တိမ်ပေါ်မှာ လမ်းလျှောက်နေတာ လို့ ပြောပြီး ရယ်ကြတာ "
ကိုကိုက ပြုံးရုံ ပြုံးသည်။
" စိမ်းဝေ အစ်မကြီးတွေ မဟုတ်လား "
" ဟုတ်တယ် "

" သူတို့ မသိလို့ပါကွာ၊ ကိုကိုက တိမ်တွေပေါ်မှာ လမ်းလျှောက်နေတာမှ မဟုတ်တာ၊ တောင်တက်လိုက်၊ တောင်ဆင်းလိုက်၊ တက်တော့လည်း ခက်ခက်ခဲခဲ ကုတ်ကတ် တွယ်တက် ရတယ်၊ အဆင်းကျတော့လည်း ပြုတ်မကျအောင် ကုတ်ကတ် ဆွဲထားရတယ်၊ တကယ်တော့ ကိုကို က တောင်ပေါ်မှာ လမ်းလျှောက်နေတာ၊ ကြိုးစားမှုရဲ့ ရလာဒ်ကတော့ တိမ်တွေ လိုပဲပေါ့၊ တောင်ကို ဖုံးထားတော့ လူက တိမ်ပေါ်မှာ လမ်းလျှောက် နေတယ်လို့ ထင်နေရတာပေါ့၊ တကယ်တော့ အဲသည့် ဘ၀က မလှပါဘူး "
အဲသည်လို ပြောခဲ့သော ကိုကို။
ယခုတော့ အဲသည့်ဘ၀က အသက် ၃၀ မှာ ဆုံးခန်းတိုင်တော့မတဲ့။

စိမ်းဝေ မျက်ရည်များကို ကမန်းကတန်း သုတ်သည်။ အံကြိတ်သည်။
" မမနှင်း၊ စိမ်းဝေ ချက်ချင်း ပြန်လာခဲ့မယ် "
" နေဦး၊ ညီမလေး မလာနဲ့ဦး "
" ဘာဖြစ်လို့လဲ "
" မမတို့ သူ့ကို ဘန်ကောက် ခေါ်သွားမလို့ "
" ကောင်းတယ်၊ ကောင်းတယ်၊ စိမ်းဝေ ဘန်ကောက်ပဲ လိုက်ခဲ့မယ်၊ ဘယ်တော့လဲ "
မမနှင်း သက်ပြင်းချသည်။

" မမတို့က ခေါ်ချင်တာ၊ သူက ငြင်းနေတယ်၊ သူ့အခြေအနေ သူ သိတယ်တဲ့၊ ဘယ်မှ မသွားတော့ဘူးတဲ့၊ ညီမလေး ကိုပဲ ပြန်ခေါ်ပေးတဲ့၊ သူမှာချင်ခဲ့တာတွေ ရှိလို့တဲ့၊ အဲဒါ စိမ်းဝေပဲ သူ့ကို ဖုန်းနဲ့ နည်းနည်း နားချပေး ပါလား၊ စိမ်းဝေ ဘန်ကောက်က စောင့်မယ်လို့ "
စိမ်းဝေ မျက်ရည်များ တွေတွေ ကျလာပြန်သည်။
" စိမ်းဝေ နားလည်ပြီ မမ။ ဒါပေမဲ့ စိမ်းဝေ ချက်ချင်း ပြန်ခဲ့မယ်၊ သူ့ကို စိမ်းဝေကိုယ်တိုင် နားချပြီး ခေါ်မယ်၊ မရရင်လည်း အဲဒီမှာပဲ လိုအပ်သလို ပြုစုပေးမယ်၊ မကောင်းဘူးလား "
မမနှင်း ခဏ ငြိမ်သက်နေသည်။ ပြီးမှ
" အင်းလေ ကောင်းသားပဲ "
မမနှင်း ဖုန်းချလိုက်သည်နှင့် စိမ်းဝေ အိပ်ရာမှ လူးလဲ ထသည်။ စားပွဲပေါ်မှာ ကွန်ပျူတာကို ခလုတ် ဖွင့်သည်။
သည်အချိန် အွန်လိုင်း လက်မှတ် လှမ်းချိတ်၍ရတာတစ်နေရာရာတော့ ရှိမှာပါပဲ။ ရေချိုးခန်းထဲကို ၀င်၍ မျက်နှာသစ် သည်။
မျက်နှာသစ်ရင်း ကပင် စိတ်က လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်ဆီ ဒရောသောပါး ပြန်ပြေး သွားပါတော့ သည်။

ရဲဝင့် (၁)

သူ သတိလစ်သွားတာတော့ သေချာသည်။
သိပ်ကြီးတော့ ကြာလိုက်ဟန် မတူ။
မှောက်လျက် အနေအထား အတိုင်း၌ ရှိနေရာက ခေါင်းထောင်ကြည့်တော့ လမ်းဘေးမှာ ထိုးကျနေသော သုံးဘီးကား ကို တွေ့ရသည်။ ကားသမားကိုတော့ ကားပေါ်မှာမတွေ့ရ။ တစ်နေရာရာမှာ ပြုတ်ကျ ကျန်ခဲ့ ပြီထင်သည်။
မိမိ ကိုယ်ကို မိမိ စမ်းသပ်ကြည့်တော့ ပွန်းရာ ပဲ့ရာများသာ တွေ့ရသည်။ ကြီးကြီးကျယ်ကျယ်တော့ ထိခိုက်ဟန် မတူ။ နဖူးက တစ်စုံတစ်ရာ စီးကျလာသည်ဟု ခံစားမိ၍ လက်ဖြင့် စမ်းကြည့်တော့ စေးထန်းထန်း။ လက်ချောင်းထိပ်မှာ အနီရောင်တွေပါလား။
ငါ့ ခေါင်း က သွေးထွက်နေပါလား။

အတူတူ စီးလာခဲ့ သည့် သူငယ်ချင်း နှစ်ယောက်ကို ကမန်းကတန်း လှည့်ပတ်ကြည့်တော့ တစ်ယောက် တစ်နေရာ စီ။ အဝေးပြေး လမ်းမပေါ်မှ ထိုင်လျက် တကျွတ်ကျွတ် စုတ်သတ်နေကြသည်။
သုံးဘီးကားက မှောက်မသွား။ စောင်းရုံကလေး စောင်းနေသည်။
ကားပေါ် မှာ အဒေါ်ကြီး နှစ်ယောက်နှင့် ၃ နှစ်ခန့် အရွယ်ကလေးတစ်ယောက်။ ကလေးက အဒေါ်ကြီး တစ် ယောက်ပေါင်ပေါ်မှာ သူတို့လည်း သိပ်ပြင်းပြင်းထန်ထန် ထိခိုက်ထားပုံမပေါ်။ ကလေးက အော်ငိုနေ သည်။ အဒေါ်ကြီး နှစ်ယောက်က ကြက်သေသေနေသည်။ အကြောက် လွန်နေကြသည့်ပုံ။
စောစော က တိုက်မလို ဖြစ်သွားသည့် ကုတ်တင်ကားကြီးကိုတော့ အရိပ်အယောင်ပင် မမြင် ရတော့။ ရှောင်ပြေး သွားပြီထင်သည်။
ဟော ဟိုမှာ၊ သုံးဘီးဆရာ။

လမ်းဘေး မိုင်တိုင် တစ်ခုမှာ တစောင်းထိုင်ရင်း တကျွတ်ကျွတ်ညည်းတွားနေသည်။ သူလည်း လွင့်ကျခဲ့ တာပေါ့။
သုံးဘီးကား ဘက် ကို လှည့်ကြည့်လိုက်တော့ ရဲဝင့် မျက်လုံးပြူးသွားသည်။
ကားအောက် မှာ မီးတောက်တွေပါလား။
သုံးဘီးကား က ဆီက တစ်စက် တစ်စက် ကျပြီး ကျသည့် ဆီတွေက မီးထတောက်နေသည်။
ကား ကိုများ မီးကူးသွားရင်
ရဲဝင့်နေရာ မှ ၀ုန်းခနဲ ထရပ်သည်။

" အဒေါ်ကြီးတို့ ဆင်းဆင်း၊ ကားအောက်မှ မီးလောင်နေတယ် "
သွေးရူးသွေးတန်း လှမ်းအော်သည်။ မိန်းမကြီး နှစ်ယောက်က ကလေးငိုသံနှင့် သူပြောတာကို သဘော ပေါက်ပုံ မပေါ်။ ကြောင်တက်တက် ပြန်ကြည့်နေကြသည်။
သူ့ သူငယ်ချင်း နှစ်ယောက်ကတော့ မီးတောက်ကို မြင်သွားဟန်တူသည်။ ကတ္တရာလမ်းပေါ်မှ လူးလဲ ထ၍ ပြေးလာနေကြသည်။
" ရဲဝင့် တွန်း ရအောင်၊ ကားကို တွန်းဖယ်ရအောင် "
" အေး ကောင်းတယ် "
ကိုယ် တွန်းနေရင်း တန်းလန်း ကားကို မီးကူး၍ ပေါက်ကွဲသွားလျှင် ဆိုသည့် အတွေး ၁၆ နှစ်သား သုံးဦး ၏ ခေါင်းထဲသို့ ၀င်မလာပါ။
ကမန်းကတန်း ကားခေါင်းဘက်မှာ နေရာယူ၍ ကားကို နောက်ပြန်တွန်းသည်။ အဒေါ်ကြီး နှစ်ဦးက " ဟဲ့ အို " မြည်တမ်းလျက်၊ ကလေးက ကျွတ်ကျွတ်ညံအောင် အော်ငိုလျက်၊ ကားက ကတ္တရာလမ်းပေါ် ပြန်ရောက်လာသည်။

သုံးဘီးဆရာလည်း ဒယိမ်းဒယိုင်ဖြင့် ကားဘက် ပြန်လျှောက်လာနေသည်။ မီးတောက်က လမ်းဘေးမှာ ကျန်ခဲ့ သည်။
သက်ပြင်းချရုံ ရှိသေး။
" ဟာ ဟေ့ကောင်တွေ၊ စက်လောင်နေပြီကွ၊ ကားလောင်တော့မယ် "
သူငယ်ချင်း တစ်ယောက်က ထအော်သည်။
သုံးဘီး ကားအလည်က အင်ဂျင်အဖုံးက ပွင့်ထွက်နေသည်။ အဲသည့် အထဲမှာတော့ မီးတောက်တွေ ရှိနေ သည်။
သည်တော့မှ အဒေါ်ကြီး နှစ်ယောက် အခြေအနေကို ရိပ်မိဟန်တူသည်။ ၀ူးဝူး ၀ါးဝါး အော်၍ ကားပေါ် မှ ပြေး ဆင်းသည်။ ကလေးက ငိုရင်းကကြောင်တက်တက် မတ်တတ်ဆင်းရပ်၍ ကျန်ခဲ့သဖြင့် ရဲဝင့်က ဆွဲချီ ပြေး၍ အဒေါ်ကြီး တစ်ယောက် လက်ထဲသို့ ထည့်သည်။

" ရေ ရှာဟေ့ ရေရှာ "
" လမ်းဘေးမှာ ဘယ်လိုလုပ် ရေရှိမလဲကွ "
ရဲဝင့် ကျီးကန်းတောင်းမှောက် ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။ စိုထိုင်းထိုင်း ပေါက်နေသောမြက်ပင် တစ်ကွက်ကို နွံထဲမှာ တွေ့သည်။
" ရပြီဟေ့ လာကြ "
သူငယ်ချင်း သုံးယောက် မြက်ပင်တွေကို လက်နိုင်သလောက် ပြေးနှုတ်၍ သုံးဘီးအင်ဂျင် မီးလောင်နေ သည့် နေရာ ကို ၀ိုင်းဖို့ကြသည်။ သုံးလေးခေါက်လောက် လုပ်လိုက်တော့ မြက်မှ အစိုဓာတ်နှင့် မီးငြိမ်းသွား သည်။

လူငယ်သုံးဦး သဘောကျစွာဖြင့် လက်ဖ၀ါးများ ပုတ်ဖက်ခါ ၍ လက်မထောင်ကြသည်။ လမ်းဘေးက မီးလောင်ကွက်လည်း ငြိမ်းသွားသည်။
သုံးဘီးဆရာ လည်း ရှုံ့မဲ့၍ အနား ရောက်လာသည်။
" သုံးဘီး ဆရာကြီး၊ ခင်ဗျားကား ကို ကျွန်တော်တို့ ကယ်လိုက်ပြီဗျ "
သုံးဘီးဆရာ က ရှုံ့မဲ့၍ ခေါင်းခါပြသည်။
" ဘော်ဒီ မီးမလောင်တာတော့ ကျေးဇူးတင်ပါရဲ့ကွာ၊ စက်ကတော့ မင်းတို့ ထိုးထည့် တဲ့ မြက်ပင်တွေ နဲ့ ပြင်လို့ တောင်ရမှာမဟုတ်တော့ပါဘူး "
လူငယ် သုံးဦး ခေါင်းကုတ်၍ ရယ်မိကြသည်။

" ပြည်က နည်းနည်း လိုသေးတယ်ကွ၊ ဒီလမ်းက ဟိုင်းဝေးကမှ မဖြတ်ရင် ပြန်ရောက်ဖို့ ဘာမှ အကြုံ မရှိဘူး "
ရဲဝင့် က ညည်းတွားတော့ သူငယ်ချင်းတစ်ဦးက ရယ်သည်။
" လူတောင် ကံကောင်း လို့ မသေတာ၊ မင်းက ရောက်ဖို့ လောနေသေးတယ် "
" ဟ ဒီည မင်းဘူးကား ကို မမီရင် ငါ မင်္ဂလာဆောင် မမီတော့ဘူးလေကွာ " နောက် သူငယ်ချင်း တစ်ဦး ကပါ ၀င်ရယ်သည်။
" မမီ ဘာဖြစ်လဲကွာ၊ မိထွေးရမယ့် ကိစ္စ မင်း အဲသလောက် တက်ကြွနေစရာ မလိုပါဘူး "
မင်္ဂလာဆောင်မည့်သူက ရဲဝင့်၏ ဖေဖေပါ။
" စာမေးပွဲ က ပြီးတာ တစ်ပတ်တောင် ရှိပြီ၊ ငါက မင်းတို့နဲ့ လျှောက်လည်နေတာ၊ မင်္ဂလာဆောင်တောင် အမီ ပြန်မရောက် ရင် ဖေဖေက ငါ့ကို သူ မိန်းမယူတာ မကျေနပ်လို့ သက်သက်လုပ်တယ်လို့ ထင်တော့ မှာပေါ့ကွ "
" နို့ မင်း က ကျေနပ်လို့လား "
ရဲဝင့် က ခေါင်းကို ဖြည်းညင်းစွာ ခါသည်။

" ဖေဖေ့ အသက် က လေးဆယ်ပဲ ရှိသေးတာ၊ မေမေဆုံးတာ ငါးနှစ်တောင်ရှိပြီ၊ ငါလည်း အခု တက္ကသိုလ် တက်ရင် ဖေဖေ နဲ့ ခွဲသွားရတော့မှာ၊ ဖေဖေ နောက်မိန်းမ ယူတယ်ဆိုတာက သူ့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် လေကွာ၊ ငါက ၀င်မစွက်သင့်ဘူး၊ ငါလည်း သူနဲ့ တစ်သက်လုံး အတူနေမှာမှ မဟုတ်တာ၊ ပြီးတော့ ဖေဖေ့ လို ဘာမှ အပိုဝင်ငွေ မရှိတဲ့ ကျောင်းဆရာကြီးကို ယူတယ်ဆိုကတည်းက တကယ် သံယောဇဉ် ထားနိုင် လို့က လွဲလို့ ဘာမျှမှ အကြောင်းမရှိတာ၊ သားလုပ်တဲ့လူက ၀င်တွန့်တိုနေစရာ အကြောင်း မရှိပါဘူး၊ ကိုယ်နဲ့ မဆိုင်ဘူးပဲ သဘောထားရမှာ "
သူငယ်ချင်း သုံးဦးသား အဝေးပြေး လမ်းမကြီးဘေး၊ မြက်ခင်းပြင်တွင် တိတ်ဆိတ်စွာ ဆက်ထိုင်နေရင်း ၀င်လု ၀င်ဆဲနေမင်းကြီးကို ငေးကြည့်နေမိကြသည်။
သုံးဘီးကား ကတော့ လမ်းဘေး တစ်နေရာတွင် ပိုင်ရှင်မဲ့ တိတ်ဆိတ်စွာ ကျောက်ချထားသည်။ အဒေါ်ကြီး နှစ်ယောက်၊ ကလေးနှင့် သုံးဘီးဆရာတို့နောက် သုံးဘီးကြုံတစ်စီးနှင့် ပါသွားပြီ။ သူတို့ပါလိုက်ဖို့ မဆံ့သဖြင့် ကျန်ခဲ့ကြခြင်းဖြစ်သည်။

" မင်း မိထွေးက ဘာလုပ်သလဲ "
တစ်ယောက်က မေးသည်။
" ကျောင်းဆရာမပဲကွ၊ အသက်သုံးဆယ်ကျော်ပဲ ရှိသေးသတဲ့၊ သူလည်း မုဆိုးမပဲ၊ သူတို့ လက်ထပ်ပြီး မကြာခင်ပဲ ယောက်ျားက ဆိုင်ကယ်တိုက်ပြီး ဆုံးသွားတာ၊ သူက ကိုယ်ဝန်နဲ့ ကျန်ခဲ့တာ တဲ့၊ ဖေဖေတို့ ကျောင်းကပဲ "
သုံးယောက်သား ပြန် တိတ်ဆိတ်သွားကြပြန်သည်။ တစ်အောင့်လောက်ကြာတေ့မှ သူငယ်ချင်း တစ်ယောက် က ဟုတ်ပြီ။ ငါသတိရပြီဟု ဆိုသည်။
" ဘာလဲဟ "
" ပြည်၊ မန္တလေး ကားတွေလေ၊ ဒီလမ်းက ဖြတ်တာပဲ၊ ဒီ အချိန်ဆို တစ်စီးတလေ ကျန်နိုင်သေးတယ်၊ တို့ အခု ပြည်ဘက်ကား ကို မျှော်မယ့်အစား ပြောင်းပြန်စောင့်လိုက်၊ ကံကောင်းရင် မင်း နောက်တစ်နေ့ မနက် မင်္ဂလာဆောင် မီရုံတင် မကဘူး၊ ဒီညတောင် အိမ်မှာ ညအိပ်အမီ ရောက်နိုင်တယ် "
ရဲဝင့် က လက်ပတ် နာရီကို ငုံ့ကြည့်သည်။

" ကုန်လောက်ပြီဟ "
" မထင်နဲ့ မောင်၊ လူမပြည့်ရင် မထွက်တဲ့ကားတွေရှိတယ်၊ နည်းနည်း စုတ်တာ၊ ရပ်စီးရတာ ရှိချင် ရှိမှာပေါ့၊ ဘာဖြစ်လဲ မကွေးရောက်ရင် တော်ပြီပေါ့၊ မင်းဘူး ကူးတဲ့ လှေက ရမှာပဲဟာ "
ရဲဝင့် သက်ပြင်းချသည်။
" ဒီနည်းပဲရှိတာပဲ "
မင်းဘူးအိမ်ကို ရဲဝင့်ပြန်ရောက် သွားသောအချိန်မှာ ညတော်တော် နက်နေပြီဖြစ်သော်လည်း အိမ်မီးများ ထွန်းထားပြီး စကားပြောသံ များ ကြားနေရသဖြင့် ဧည့်သည်များ ရှိနေကြောင်း ရိပ်မိလိုက်သည်။
အန်တီခင်။
အန်တီခင် ကတော့ ဧည့်သည် မဟုတ်တော့။ ဖေဖေနှင့် လက်မှတ်ထိုးထားပြီးဖြစ်၍ အိမ်တွင်ပင် ရှိနေလိမ့် မည်။
အခုက အန်တီခင် သာမက မင်္ဂလာဆောင်အတွက် ပေါက်ခေါင်းဘက်မှ ရောက်ရှိနေကြသော ဖေဖေ့ အမျိုး တွေရော ဆင်ဖြူကျွန်းဘက်မှ ရောက်ရှိနေကြသော အန်တီခင့် အမျိုးတွေပါ အိမ်မှာ တည်းနေကြ တာ ဖြစ် မည်။

သူငယ်ချင်း နှစ်ဦးက သူ့ကို အမှောင်ထဲမှာပင် နှုတ်ဆက်၍ လမ်းဘက်ပြန်လျှောက်သွားကြသည်။
လမ်းထက်စာလျှင် အနိမ့်ပိုင်းမှာ ရှိနေသော အိမ်ကလေးဆီ လမ်းလျှောက် ဆင်းလာတော့ အိမ်ရှေ့ ဒန်းကလေးပေါ် မှာ တစ်စုံတစ်ဦး ထိုင်နေသည်ကို အမှောင်ထဲမှာ ပျပျကလေး မြင်သည်။
အသက် ၁၀ နှစ်ခန့် ကလေးမ ကလေးတစ်ဦး။
ဒန်းပေါ်မှာ ကြောင်တက်တက် ထိုင်၍ လရောင်ကို ငေးကြည့်နေသည်။
သူ အနားသို့ ကပ်သွားတော့ အိမ်တွင်းမှ သံဆန်ခါကွက်ကို ကျော်၍ ထွက်လာသော အလင်းရောင်နှင့် သူ့ကို ကောင်မလေး က မြင်သွားသည်။
အနည်းငယ် လန့်သွား ပုံလည်း ပေါ်သည်။ အိမ်တွင်းဘက်သို့ ပြူးပြူးပျာပျာ လှမ်းကြည့်သည်။

ဟုတ်ပါရဲ့။ သူကလည်း ပေရေ စုတ်ပြတ်နေတာကိုး။
" မကြောက်ပါနဲ့ နှမလေး ရဲ့၊ အစ်ကိုက ဒီအိမ်ကပါ၊ လမ်းမှာ သုံးဘီးမှောက်လာလို့ပါ "
ရယ် ၍ ရှင်းပြလိုက်သည်။
ကောင်မလေးက သူ့မျက်နှာကို သေသေချာချာ စိုက်ကြည့်နေပြီးမှ စိတ်အေးသွားပုံရသည်။
" အစ်ကို ရဲဝင့် ဆိုတာလား "
" ဟုတ်တယ်၊ ညီမလေးက ဘယ်သူလဲ "
" သမီး က ဒေါ်ခင်ခင်ရဲ့ သမီးပါ "
သြော် လက်စသတ်တော့ သူ့မိထွေး၏ သမီး။ သူနှင့် သွေးသားမတော်စပ်ဘဲ တစ်အိမ် တည်း နေရ မည့် နှမပေါ့။

တော်ပါသေးရဲ့။ ကလေးလေး ဖြစ်နေလို့။ ရွယ်တူတွေသာဆို လူပျိုပေါက်၊ အပျိုပေါက် အနေရအထိုင်ရ ကျပ်ပြီး တစ်ချိန်လုံး လက်ဖက်ရည်ဆိုင် သွားထိုင်နေရတော့မည်။
ခုတော့ အရွယ်မရောက်သေးသည့် ကလေးလေး။
စိတ်လျှော့လိုက်ရ၍လား မသိ။
ယခုမှပဲ ကိုယ်တွေ လက်တွေ ကိုက်ခဲ၍ နုံးချည့်လာသည်။
ကောင်မလေးက သိတတ်စွာ ဒန်းကို တစ်ဖက်သို့ တိုး၍ ထိုင်ပေးသဖြင့် ဘေးက လွတ်သော နေရာကို ရဲဝင့် ၀င်ထိုင် လိုက်သည်။
" အစ်ကို ဘာမှတော့ မဖြစ်ဘူး မဟုတ်လား "
ကောင်မလေးက စိုးရိမ်ဟန်ဖြင့် မေးတော့ ရဲဝင့်က ရယ်မိသည်။

" ညီမရယ်၊ သုံးဘီးမှောက်တာပဲဟာ၊ ကားကြီး မှောက်တာမှ မဟုတ်တာ၊ လွင့်ကျလို့ ပွန်းရုံ ရှရုံပဲပေါ့ "
ကောင်မလေး က လိုက်ရယ်သည်။
" အစ်ကိုက နာမည် နဲ့ လိုက်တယ်၊ ရဲဝံ့တဲ့။ သတ္တိရှိတယ် "
ရဲဝင့်က ပြုံး ၍ ခေါင်းခါသည်။
" အစ်ကို့ နာမည်က ရဲဝံ့ မဟုတ်ဘူး၊ ဖေဖေ့နာမည် ဦးအောင်ဝင့်ကို ယူထားတာ၊ ရဲဝင့်တဲ့၊ "င"သတ် အောက်ကမြစ်နဲ့၊ ၀င့် ဆိုတာ သတ္တိရှိတာ မဟုတ်ဘူး၊ မာန ထောင်လွှားတာ "
ကောင်မလေး က ဟက်ဟက်ပက်ပက် ရယ်သည်။
" အစ်ကို က သိပ်ပြောတတ်တာပဲ၊ အစ်ကိုနဲ့ စကားပြောရတော့ နည်းနည်း စိတ်ညစ်နေ တာတောင် ပျောက် သွားပြီ"

" ညီမက ဘာလို့ စိတ်ညစ်နေတာလဲ "
နှာခေါင်းကလေး ရှုံ့ပြသည်။
" ဘာရယ် မဟုတ်ပါဘူး၊ မေမေ နောက်အိမ်ထောင်ပြုတာက နားလည်ပေးလို့ရပါတယ်၊ ဆရာကြီး အဲလေ အစ်ကို့ ဖေဖေ အကြောင်းလည်း သိနေတာပဲ၊ ဒါပေမဲ့ ထုံးစံအတိုင်း ပတ်ဝန်းကျင်က ပွစိပွစိနဲ့ ဆိုတော့ စိမ်း ဝေ လည်း စိတ်ညစ်တာပေါ့ "
" စိမ်းဝေ ဟုတ်လား "
" ဟုတ်တယ် စိမ်းဝေ နာမည် က "စိမ်းဝေ" တဲ့၊ နှစ်လုံးတည်း "

ဆက်ရန်
.

2 comments:

ချစ်စံအိမ် said...

ဖတ်သွားပါတယ် မမရေ
ဆက်ရန်ကိုစောင့်မျှော်နေပါမယ်..

Anonymous said...

မရွှေစင်ရေ
သိပ်ကျေးဇူးတင်တာပဲ အရမ်းဖတ်ခြင်နေတာ ဆက်ရန်ကိုစောင့်နေပါတယ်နော်
ye' ye'