Saturday, May 12, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၁၅)

ဒါဟာ သူတို့လုပ်နေကျအလုပ်များပင် ဖြစ်ပါသည်။ စာကြည့်ခန်းထဲက မီးလင်းဖိုမှာ ညနေပိုင်း မ ရောက် မချင်း မီးမထည့်ကြောင်း ကျွန်မ မသိ။ ခွေးများက သိကြသည်။ နံနက်ခန်းထဲမှာသာ မီးထည့် ထားကြကြောင်း လည်း ခွေးများက သိကြသည်။ ထို့ကြောင့် မီးရှိသည့်အရပ်သို့ သူတို့ လာနေကြခြင်းဖြစ် ပါသည်။ ယခင်က အကျင့်များအတိုင်းပြုလုပ်နေကြခြင်း ဖြစ်ပါမည်။

ပြတင်းပေါက် ဆီသို့ လျှောက်မသွားမီမှာပင် အပြင်ဘက်တွင် တောင်ဇလပ် ပန်းနီနီများ ကြီးစိုး နေမည်ဖြစ်ကြောင်း ခန့်မှန်း မိပြီးဖြစ်သည်။ ခန့်မှန်းသည့်အတိုင်းလည်း မှန်ပါသည်။ တစ်တောလုံး ရဲရဲနီနေ သည်။ တောချုံကလေးများကလည်း အနှံ့။
ကို ဆက်ဖတ်ရန်...........

ထိုချုံများ အလယ်တွင် မြက်ခင်းတစ်ခုရှိသည်။ မြက်ခင်းအလယ်တွင် ဝတ်လစ်စလစ်နတ်ရုပ်တစ်ရုပ်ရှိ သည်။ နတ်ရုပ်၏ ပါးစပ်မှာ ဆေးတံခဲလျက်။ အပြင်ဘက်က တောင်ဇလပ်ပန်းတို့၏အရောင်သည် အခန်းထဲ မှာလည်း ရောင်ပြန်ဟပ်နေသည်။
တကယ်ကတော့ သည်အခန်းသည် အမျိုးသမီးခန်းဖြစ်သည်။ သည်အခန်းထဲမှာထားသော စားပွဲ၊ ကုလားထိုင်၊ အသုံးအဆောင်ပစ္စည်းများကိုပင် အလွန်တရာဂရုစိုက်ရွေးချယ်ပြီး ပြင်ဆင်ထားပုံရသည်။ အားလုံး အကောင်းစားတွေချည်းဖြစ်သည်။ ပန်းထိုးထားသည့် ပန်းအိုးများကလည်း ကုလားထိုင်များ နှင့် လိုက်ဖက် လှသည်။ သည်ပစ္စည်းတွေအားလုံးကို မန်ဒါလေစံအိမ်ကြီး၏ ဘဏ္ဍာတိုက်ထဲမှ သူ ကိုယ် တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ဒုတိယတန်းစားများ မပါ။ သာမန်အမျိုးအစားများ မပါ။ အားလုံး ပထမ တန်းစား။ အကောင်းစားများချည်း ဖြစ်သည်။
ပန်းအိုးတိုင်း မှာ တောင်ဇလပ်ပန်းတွေ ဝေနေသည်။ မီလင်းဖိုနဖူးစီးထက်မှာလည်း တောင်ဇလပ်ပန်း အိုး။ ဆိုဖာဘေးက ကုလားထိုင်မှာလည်း တောင်ဇလပ်ပန်းအိုး။ စာရေးစားပွဲဘေး မှာ ရွှေနှင့်ပြုလုပ် ထား သော မီးတိုင်ရှိသည်။

တစ်ခန်းလုံး တောင်ဇလပ်ပန်းရောင်ဟပ်နေသည်သာမက။ တောင်ဇလပ်ပန်းရနံ့ကလည်း တစ်ခန်းလုံး မှာ မင်းမူနေသည်။ သည်လိုဖြစ်အောင် တစ်စုံတစ်ယောက်က တမင်ရည်စူးပြီး ပြုလုပ်ထားခြင်းပေ လော။
ထမင်းစားခန်း ထဲမှာလည်း ပန်းအိုးများရှိပါ၏။ စာကြည့်ခန်းထဲမှာလည်း ပန်းအိုးများရှိပါ၏။ သို့သော် လည်း ထိုပန်းအိုး များတွင် ထိုးထားသည့် ပန်းက တောင်ဇလပ်ပန်းများမဟုတ်။ အခြားပန်းများဖြင့် ပြင် ဆင်ပေး ထားခြင်းဖြစ်သည်။
စာရေးစားပွဲ မှာ ကျွန်မ ဝင်ထိုင်လိုက်သည်။
သည်အခန်း၏ထူးဆန်းပုံကိုရော၊ လှပပုံကိုပါ ကျွန်မ တွေးနေမိပါသည်။ အရောင်တွေကလည်း စုံလှ သည်။ သည်အခန်းကို သည်လိုပြုပြင်ထားခြင်းသည် တစ်မျိုးတစ်ဖုံ ခံစားရလေအောင် ပြုလုပ် ထားခြင်း နှင့်လည်း တူပါသည်။

စာရေးစားပွဲက လှပသည်မှာ မှန်ပါသည်။ သို့သော်လည်း သည်စားပွဲမှာထိုင်ပြီး အမျိုးသမီးတစ်ယောက် စာရေးနေသည့် ပုံမှာတော့ ကြည်ကောင်းမည်မဟုတ်ပါ။ သည်နေရာမှာထိုင်ပြီး သူရေးစရာရှိသည်များ ကို အမှုမဲ့ အမှတ်မဲ့ ရေးနေပေလိမ့်မည်။
စာထည့်သိမ်း ရန် အကန့်ကလေးတွေလည်းရှိသည်။ ယင်းအကန့်ကလေးများတွင် "ပြန်စာ မရေး ရသေး သော စာများ"၊ "သိမ်းထားရမည့်စာများ"၊ "အိမ်မှုကိစ္စများ"၊ "ခြံကိစ္စများ"၊ "ဟင်းကျွေး ဟင်းလျာ များ"၊ "အထွေထွေ"၊ "လိပ်စာများ" စသည်ဖြင့် လည်း ခေါင်းစဉ် များ ရေးကပ် ထားသည်။ လက်ရေးမှာ ကျွန်မ သိပြီးဖြစ်သော လက်ရေးစောင်းစောင်းဖြစ် သည်။ ထိုလက်ရေး ကိုမြင်လိုက်ရတော့ ကျွန်မ အထိတ်တ လန့်ဖြစ်သွားမိပါသည်။ ကဗျာစာအုပ်ကလေး ထဲမှ ကတ်ကြေးနှင့် ညှပ်ယူပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့သည့်အ ချိန်မှစ၍ နောက်ထပ်သည်လက်ရေးကို ပြန်မမြင်ရတော့ဟု ကျွန်မ ထင်ခဲ့ပါ သည်။ ယခုတော့ သည် လက်ရေးကိုပင် ပြန်မြင်နေရပြန်ပြီ။

အရဲစွန့်ပြီး အံဆွဲကိုဆွဲဖွင့်လိုက်မိပါသည်။ အံဆွဲထဲမှာလည်း သည်လက်ရေးမျိုးကို  မြင်တွေ့ရပြန်ပြီ။ သားရေ ဖုံးပြီး ခန့်ချုပ်ချုပ်ထားသော စာအုပ်ပေါ်မှာရေးထားသည့် လက်ရေးဖြစ်သည်။ "မန်ဒါလေသို့ လာရောက် လည်ပတ်ကြသော ဧည့်သည်များစာရင်း"ဟု ခေါင်းစဉ်တပ်ပြီး ရက်သတ္တတစ်ပတ်ချင်း၊ တစ် လချင်း ရေးသွင်း ထားသည်။ မည်သည့်နေ့က မည်သူမည်ဝါလာကြောင်း၊ ဘယ်နေ့ကပြန်သွားကြောင်း၊ ဘယ်အခန်း မှာ အိပ်သွားကြောင်း၊ မည်သည့်ဟင်းလျာများ စားသောက်သွားကြောင်း အသေးစိတ်ရေး ထားသည် ကို တွေ့ရသည်။ စာရွက်များကို ဆက်လှန်ကြည့်သောအခါ တစ်နှစ်ပတ်လုံးအတွက် အပြည့် အစုံရေး သွင်းထားကြောင်း သိရသည်။ ယင်းမှတ်တမ်းစာအုပ်ကြီးကို ပြန်ကြည့်ခြင်းအားဖြင့် အိမ်ရှင်မ သည် ဧည့်သည် တို့နှင့်ပတ်သက်ပြီး အသေးစိတ်ပြန်လည်မှတ်မိနေမည်ဖြစ်သည်။

အံဆွဲထဲ မှာ မှတ်စုစာရွက်များ၊ အကြမ်းရေးခြစ်ရန် စာရွက်များ၊ လိပ်စာကတ်ပြားများ ပါရှိနေသည်။ ထို အထဲမှ တစ်ရွက် ကိုထုတ်ကြည့်လိုက်သောအခါ "မစ္စက်အမ်ဒီဝင်းတား"ဟူသော စာလုံးကိုပုံနှိပ်ထားပြီး တစ်ဖက်ထောင့်တွင် "မန်ဒါလေစံအိမ်"ဟူသော စာလုံးရှိသည်။ ထိုစာလုံးများကို တွေ့တော့ ကမန်း ကတန်း ပြန်ထည့် ထားလိုက်မိပါသည်။
အပြစ်တစ်ခုခု ကို ကျုးလွန်းလိုက်မိသလို စိတ်ထဲမှာ ချက်ချင်း ခံစားလာရသည်။ ကျွန်မသည် အခြား တစ်ယောက်ယောက် ပိုင်သော အိမ်ထဲသို့ ရောက်နေပြီး ထိုအိမ်ကို ပိုင်သည့် အိမ်ရှင်မလုပ်သူက "ကောင်းပြီလေ... ငါ့စာရေးစားပွဲထိုင်ပြီး စာရေးပါလား"ဟု ကျွန်မကို ပြောနေသယောင်လည်း ထင်မှတ် မိသည်။ ကျွန်မ မနေတတ် မထိုင်တတ်ဖြစ်လာပြန်သည်။ ခိုးကြောင်ခိုးဝှက်ပြုလုပ်နေမိသလိုလည်း ခံစား လာရသည်။ အိမ်ရှင်မဖြစ်သူ ရဘက်ကာသည် သည်အခန်းထဲသို့ အချိန်မရွေးဝင်လာနိုင်သည်။ ပြီးတော့ သူ့စားပွဲထိုင်ပြီး သူ့အံဆွဲများကို ဖွင့်နေသော ကျွန်မအား မြင်တွေ့သွားလိမ့်မည်။ တကယ်ဆို တော့  သည်ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ရှုဖို့ ကျွန်မမှာ အခွင့်အရေးမရှိသလိုလည်း ခံစားလာရ သည်။

ထိုအခိုက် ကျွန်မရှေ့ရှိ စားပွဲပေါ်မှ တယ်လီဖုန်းခေါင်းလောင်းသံမြည်လာသည်။ ရုတ်တရက် ထမြည် လိုက်ခြင်းဖြစ်သောကြောင့် ရင်ထဲမှာ ထိတ်ကနဲဖြစ်ပြီး လန့်သွားမိသည်။ ကြောက်လန့်တကြားဖြင့် လည်း တယ်လီဖုန်း ကို စိုက်ကြည့်နေမိသည်။ ကျွန်မ ခိုးကြောင်ခိုးဝှက်လုပ်နေသည်များကို လူမိသွားပြီ ဟုလည်း သိလိုက်သည်။ တုန်ယင်သောလက်များဖြင့် စကားပြောခွက်ကို လှမ်းယူလိုက်မိသည်။
"ဘယ်သူပါလဲ... ဘယ်သူနဲ့စကားပြောချင်လို့ပါလဲ..."ဟု ကျွန်မက ပြန်မေးသည်။ တစ်ဖက်မှ ဗလုံး ဗထွေးသံ များကို ကြားနေရပါသည်။ အသံကို တိုးပြီး ခပ်အက်အက်မို့ ယောက်ျားလား မိန်းမလား မခွဲ ခြားတတ်ပါ။

"မစ္စက်ဒီဝင်းတားလား... မစ္စက်ဒီဝင်းတားလား..."ဟု တစ်ဖက်က မေးနေသည်။
"ရှင် ဖုန်းမှားနေပြီထင်တယ်။ မစ္စက်ဒီဝင်းတား ဆုံးသွားတာ တစ်နှစ်လောက်ရှိသွားပါပြီ"ဟု ကျွန်မ က ပြန်ပြောသည်။ ခပ်ကြောင်ကြောင်ပင် ဆက်ထိုင်နေရင်းစကားပြောခွက် ကို လည်း ငေးကြည့်နေ မိသည်။ တစ်ဖက်ကမူ "မစ္စက်ဒီဝင်းတား"ဟူသော အမည်ကိုသာ ဆက်ခေါ်နေသည်။ အသံ ကလည်း ပိုကျယ် လာသည်။
ကျွန်မ သိလိုက်ပါပြီ။ သို့သော်လည်း သိပ်ကို နောက်ကျသွားပြီ။ ကျွန်မ စကားလွန်သွားပါပြီ။ လွန်သွား သည့်စကားဟူသည်မှာ ပြန်နုတ်ယူ၍ ရစကောင်းသည်မဟုတ်။ ထို့ကြောင့်လည်း တစ်မျက်နှာလုံး ရှက် သွေးဖျန်းသွားသည်။

"ဆရာကတော်... ကျွန်မ မစ္စက်ဒင်ဗာ စကားပြောနေတာပါ။ အိမ်တွင်းပြောဖုန်းနဲ့ ဆရာကတော့်ကို ကျွန်မ လှမ်းဆက်နေ တာပါ"
ကျွန်မ ကျူးလွန်လိုက်မိသော အမှားကြီးက ဗူးပေါ်သလို ပေါ်သွားပါပြီ။ ဘယ်လိုမှ ဖုံးကွယ် လို့မရနိုင် တော့။ ဘယ်လိုမှလည်း ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိတော့။ ဒါလောက် မိုက်မဲမှုမျိုးကို မသိချင် ယောင်ဆောင် ၍လည်း မဖြစ်နိုင်တော့ပြီ။
"ဝမ်းနည်းပါတယ် မစ္စက်ဒင်ဗာ" ထစ်ထစ်ငေါ့ငေါ့ဖြင့် ကျွန်မ ပြန်ပြောမိပါသည်။ "တယ်လီဖုန်းခေါင်း လောင်းမြည်တော့ ကျွန်မ လန့် သွားပါတယ်။ ဘာတွေပြောလိုက်မိမှန်းတောင် မသိပါဘူး ရှင်။ ကျွန်မကို ခေါ်နေတယ်ဆိုတာလဲ သဘောမပေါက်မိဘူးလေ။ အိမ်တွင်းပြောဖုန်း နဲ့ ပြောနေတယ်ဆိုတာလဲ ကျွန်မ သတိမထားမိဘူး"

"ဆရာကတော်ကို အနှောင့်အယှက်ပေးမိတဲ့အတွက် စိတ်မကောင်းပါဘူး ရှင်..." ရဘက်ကာ၏စားပွဲ မှာ ကျွန်မ မွှေနှောက်နေကြောင်း သူ သိသွားပြီဟု ကျွန်မ ထင်လိုက်မိပါသည်။ "ကျွန်မကိုများ ဆရာ ကတော် တွေ့ချင် သလားလို့ ကျွန်မ စဉ်းစားနေမိပါတယ်။ ပြီးတော့ ဒီနေ့ချက်မယ့် ဟင်းအမယ်စာရင်း ကို ဆရာကတော် သဘောတူခွင့်ပြုပြီးပြီလားဆိုတာလဲ သိချင်လို့ပါ"
"အို.. ရပါတယ်... ရပါတယ်... ကျွန်မ သဘောတူပါတယ်။ ရှင်ကြိုက်သလိုသာ ချက်ခိုင်းလိုက်ပါ မစ္စက် ဒင်ဗာ။ ဒုက္ခခံပြီး ကျွန်မကို မေးမနေပါနဲ့တော့ရှင်"

"ဟင်းအမယ်စာရင်းကလေး ကို ဆရာကတော် အလျင်ဖတ်ကြည့်လိုက်ရင် ပိုကောင်းမယ်ထင်ပါတယ်။ ဒီနေ့ချက် ဖို့ ဟင်းအမယ်စာရင်းကို ဆရာကတော့်ဘေးက စားပွဲပေါ်မှာ ကျွန်မတင်ထားပေးပါတယ်"
ကယောင်ချောက်ချားဖြင့် စားပွဲပေါ် မှာ ကျွန်မ ရှာကြည့်သည်။ စောစောက သတိမထားခဲ့မိသော စာရွက်ကလေး ကို တွေ့ပါသည်။ ရေးထားသည့် စာရင်းကို ကမန်းကတန်း ကြည့်လိုက်မိသည်။ ပုဇွန် ထုပ်ဟင်း၊ အမဲသားပြုတ်ကြော်၊ ကညွတ်၊ ချောကလက်ရေခဲမုန့်... ဒါတွေဟာ ညစာအတွက်များလား။ ကျွန်မ မသိပါ။ သို့သော် နေ့လယ်စာ အတွက် ဖြစ်လိမ့်မည်ဟု ကျွန်မ ထင်ပါသည်။
"တွေ့ပြီ မစ္စက်ဒင်ဗာ... အင်မတန်ကောင်းပါတယ်။ အစပ် သိပ်တည့်ပါတယ်ရှင်"

"အပြောင်းအလဲ လုပ်ချင်ရင် ပြောပါနော်။ ကျွန်မ ချက်ချင်း ပြောင်းခိုင်းလိုက်ပါ့မယ်။ ချဉ်ရည်နေရာမှာ ကျွန်မ ကွက်လပ် ချန်ထားတာလဲ သတိထားမိပါလိမ့်မယ်။ ဆရာကတော် နှစ်သက်တဲ့ ချဉ်ရည်အမျိုး အစား ကို ရေးထည့်နိုင်အောင် တမင်ချန်ထားတာပါ။ အမဲသားပြုတ်ကြော်နဲ့ ဘယ်လိုချဉ်ရည်မျိုးကို ဆရာကတော် စားလေ့စားထရှိတယ်ဆိုတာ ကျွန်မ မသိလို့ပါ။ အလျင် မစ္စက်ဒီဝင်းတားတုန်းကတော့ သူကြိုက် တဲ့ ချဉ်ရည်ကို သူကိုယ်တိုင်ရွေးချယ်ပြီး ရေးထည့်လေ့ရှိပါတယ်။ ဒါကြောင့် သူ့အကြိုက်ကို အမြဲတမ်း မေးခဲ့ရပါတယ်"
"အို... ကောင်းပါတယ် မစ္စက်ဒင်ဗာ... ကောင်းပါတယ်... ဒါတွေ ကျွန်မ ကောင်းကောင်းမသိပါဘူး။ ရှင်တို့ သုံးနေကျ ချဉ်ရည်ကိုပဲ ကျွန်မတို့စားပါ့မယ်။ အလျင် မစ္စက်ဒီဝင်းတား လုပ်ခိုင်းတဲ့ ချဉ်ရည်ကိုပဲ လုပ်ရင် လဲ ရပါတယ်"

"ဒီလိုဆိုရင် ဘယ်လိုချဉ်ရည်မျိုးကိုမှ စားချင်တယ်ဆိုတာမျိုး သတ်သတ်မှတ်မှတ်မရှိဘူးပေါ့နော်"
"မရှိပါဘူးရှင်... မရှိပါဘူး"
"မစ္စက်ဒီဝင်းတားဆိုရင်တော့ စပျစ်သီးချဉ်ရည် လုပ်ခိုင်းလိမ့်မယ် ထင်ပါတယ် ဆရာကတော်"
"ဒါဆိုရင်လဲ  စပျစ်သီးချည်ရယ်ပဲ စားကြတာပေါ့"
"ဆရာကတော် စာရေးနေတုန်းမှာ အခုလို အနှောင့်အယှက်ပေးရတဲ့အတွက် သိပ်ကို ဝမ်းနည်းပါတယ် ရှင်"
"အနှောင့်အယှက်မဖြစ်ပါဘူးရှင်... ဒီအတွက်တော့ ကျွန်မကို တောင်းပန်မနေပါနဲ့နော်"
"စာတိုက် မှာ ပို့ဖို့စာတွေ နေ့ခင်းပိုင်းမှာ ပို့လေ့ရှိပါတယ်။ ဆရာကတော် ရေးထားတဲ့စာတွေကို ရော ဘတ် လာယူပါလိမ့်မယ်။ ပြီးတော့ သူ့ဟာသူ တံဆိပ်ခေါင်းကပ်ပါလိမ့်မယ်။ သူ့ကို ခိုင်းစရာရှိရင် တယ် လီဖုန်း နဲ့ သူ့ကိုခေါ်ပါ။ အရေးတကြီးပို့ရမယ့် စာရှိရင်လဲ သူ့ကိုပဲ အစီအစဉ် လုပ်ခိုင်းလိုက်ပါ ဆရာ ကတော်"

"ကျေးဇူးတင်ပါတယ် မစ္စက်ဒင်ဗာ"
ခဏကြာအောင် ကျွန်မစောင့်ပြီး နားထောင်နေမိသည်။ သူ ဘာမျှဆက်မပြောတော့ပါ။ ပြီးတော့ ဖုန်းချ သံကြား ရသည်။ ထို့ကြောင့် ကျွန်မကလည်း စကားပြောခွက်ကို ပြန်တင်ထားလိုက်သည်။ ပြီးတော့ စား ပွဲ ကို ကျွန်မငုံ့ကြည့်နေမိသည်။ စာထည့်သည့် အကန့်ကလေးများမှာ ရေးကပ်ထားသော "ပြန်စာ မရေး ရသေးသော စာများ"၊ "အိမ်မှုကိစ္စများ"၊ "အထွေထွေ" စသော စာလုံးများက  ကျွန်မ ကိုပြန်ကြည့်ပြီး ပြောင်လှောင်နေ သယောင် ထင်မိသည်။

သည်နေရာမှာ ဟိုတုန်းက ထိုင်ခဲ့သည့်အမျိုးသမီးဆိုလျှင်တော့ ယခု ကျွန်မလုပ်နေသလို အကြောင်းမဲ အချိန်ဖြုန်းနေ မည်မဟုတ်ပါ။ အိမ်တွင်းပြောတယ်လီဖုန်းကိုကောက်ကိုင်ပြီး လိုအပ်သည့် အမိန့်များ ကို တောက်လျှောက်ပေးပေလိမ့်မည်။ ကျွန်မပြောနေသလို "ဟုတ်ပါတယ် မစ္စက်ဒင်ဗာ... ကောင်းပါတယ် မစ္စက်ဒင်ဗာ"ဆိုသော အသုံးအနှုန်းမျိုးဖြင့် ပြန်ပြောနေလိမ့်မည်မဟုတ်။
ချက်ရေးပြုတ်ရေး ကိစ္စများ အမိန့်ပေးခိုင်းစေပြီးသည်နှင့်တစ်ပြိုင်တည်း မိတ်ဆွေအပေါင်းအသင်းများထံ သို့ ပြန်စာ များ ရေးလိမ့်မည်။ ၅ စောင် ၆ စောင် ၇ စောင်ရေးချင်ရေးပေလိမ့်မည်။ ထုံးစံအတိုင်း လက် ရေး က စောင်းစောင်း။ အောက်ဆုံးမှာ "ရဘက်ကာ"ဟု လက်မှတ်ရေးထိုးလိမ့်မည်။ (ရကောက်) စာလုံး က ရှည်လွန်း လှလေရာ ကျန်စာလုံးများ အားလုံးအလိုလို ပုဝင်သွားမည်ဖြစ်သည်။
စားပွဲကို လက်ချောင်းများဖြင့် ကျွန်မ ခေါက်နေမိပါသည်။ စာထည့်သည့် အကန့် ကလေးများ အားလုံး ဟောင်းလောင်းဖြစ်နေကြသည်။ "ပြန်စာမရေးရသေးသော စာ"လည်း တစ်စောင်မျှ မရှိ။ ငွေတောင်းခံ လွှာလည်း တစ်စောင်မျှမရှိ။ စာတိုက်သို့ အရေးတကြီးပို့ရမည့် စာရှိလျှင် ရောဘတ်ကို အိမ်တွင်းပြော ဖုန်းဖြင့် ဆက်ခေါ်ပါဟု မစ္စက်ဒင်ဗာက ပြောသည်။

ရဘက်ကာ အသက်ထင်ရှားရှိစဉ်က တစ်နေ့တစ်နေ့ အရေးတကြီး ပို့ရမည့်စာတွေ ဘယ်လောက် တောင် များလေသလဲဟု ကျွန်မ တွေးနေမိသည်။ ပြီးတော့ ဘယ်သူတွေဆီကိုများ စာရေးလေ သနည်း။ အဝတ်ချုပ်သူထံသို့ "ကျွန်မရဲ့ပိုးဂါဝန်ကို ကြာသပတေးနေ့မှာ လိုချင်ပါတယ်။ မပျက်ကွက်ပါစေနဲ့" ဟု ရေးသလား။ သို့တည်းမဟုတ် ဆံပင်အလှပြင်သူထံသို့ "နောက်သောကြာနေ့ မှာ ခေါင်းလျှော်ဖို့၊ ဆံပင် ပြင်ဖို့၊ အနှိပ်ခံဖို့ ကျွန်မလာမယ်၊ မွန်းလွဲပိုင်း သုံးနာရီမှာ စီစဉ်ပေးပါ" ဟု ရေးသလား။
မဖြစ်နိုင်ပါ။ ရဘက်ကာသည် စာရေးအကြောင်းကြားခြင်းဖြင့် အချိန်ဖြုန်းနေမည့် မိန်းမစားမျိုးမဟုတ်ပါ။ လန်ဒန် သို့ တိုက်ရိုက် ဖုန်းလှမ်းဆက်ပေလိမ့်မည်။ ကိုယ်တိုင်တောင်ဆက်မည်မဟုတ်။ သူ့ကိုယ်စား ဖရစ် က ဆက်ပေးခြင်းဖြစ်ပေလိမ့်မည်။

စားပွဲကို လက်ချောင်းကလေးများဖြင့် ကျွန်မ ခေါက်နေမိပါသည်။ ကျွန်မလည်း စာရေးရပါမည်။ ဘယ် သူ့ဆီရေး ရမည်နည်း။ ရေးရမည့်သူကလည်း မရှိ။ ကျွန်မ စာရေးဆက်သွယ်စရာ မစ္စက်ဗန်ဟော့ပါး တစ်ယောက်တော့ ရှိသည်။ ကျွန်မပိုင်သော စံအိမ်ကြီးအတွင်းရှိ ကျွန်မပိုင်သော စာရေးစားပွဲမှာ ထိုင် ကာ သည်အတိုင်း အချိန်ဖြုန်းနေမည့်အစား ကျွန်မ မချစ်မနှစ်သက်နိုင်သော၊ ဘယ်တော့မှ လည်း ပြန် တွေ့တော့မည်မဟုတ်သော မစ္စက်ဗန်ဟော့ပါးထံသို့ စာရေးခြင်းကမှ အဓိပ္ပာယ်ရှိလိမ့်ဦးမည်။
စာရွက်လွတ်တစ်ရွက် ကို ကျွန်မ ဆွဲယူလိုက်သည်။ ပြီးတော့ နစ်သွား ချွန်ထက်သော ကလောင် တစ် ချောင်းကိုပါ ရွေုးလိုက်သည်။ "ခင်မင်အပ်ပါသော မစ္စက်ဗန်ဟော့ပါးရှင့်..."ဟု ခေါင်းစဉ်တပ်လိုက် သည်။ သင်္ဘောစီးသွားရသည့်ခရီးတွင် အစစအရာရာ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ အဒေါ့်သမီး လည်း ကျန်းမာလိမ့်မည်ဟု မျှော်လင့်ကြောင်း နယူးယောက်မြို့က ရာသီဥတုလည်း သာယာမည်ထင်ကြောင်း။

ကျွန်မ၏လက်ရေး သည်လောက်ညံ့ကြောင်းကို ယခုမှပင် သတိပြုမိပါတော့သည်။ ပညာမဲ့တစ်ယောက် ၏လက်ရေးမျိုး... ဒုတိယတန်းစားကျောင်း တစ်ကျောင်းတွင် ပညာတစ်ပိုင်းတစ်စသာ သင်ယူခဲ့ရသူ တစ်ဦး၏ အညံ့စားလက်ရေးမျိုး ဖြစ်နေလေတော့သည်။

အခန်း (၉)

ခြံတွင်း သို့ မော်တော်ကား မောင်းဝင်လာသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်တည်း အထိတ်တလန့် ကျွန်မ ထိုင်ရာမှထလိုက်မိပါသည်။ နာရီကိုလည်း လှမ်းကြည့်လိုက်မိသည်။ ဘီယက်ထရစ်နှင့် သူ့ ယောက်ျား ရောက်လာကြပြီဖြစ်ကြောင်း ကျွန်မ အတပ်သိလိုက်ပါသည်။ ၁၂ နာရီထိုးပြီးရုံ ကလေး ရှိ သေးသည်။ ကျွန်မ မျှော်မှန်းထားသည်ထက် အများကြီးပိုစောနေသည်။ မက်ဇင်မ် ကလည်း ပြန်မ ရောက်သေး။
ဟိုပြတင်းပေါက် က ကျော်ဆင်းကာ ဥယျာဉ်ထဲတွင် ပုန်းနေရလျှင်ကောင်းမည်လားဟု  စဉ်းစားလိုက်မိ သည်။ ဘီယက်ထရစ် တို့ လင်မယားကို နံနက်ခန်းအတွင်းသို့ ဖရစ်က ခေါ်လာသောအခါ ကျွန်မကို မတွေ့လျှင် "ဆရာကတော် အပြင်ထွက်သွားတယ်နဲ့တူတယ်"ဟု ပြောပေလိမ့်မည်။ သည်လိုဖြစ်လျှင် လည်း ဘာမျှထူးဆန်းမည်မဟုတ်။ ဖြစ်ရိုးဖြစ်စဉ်သဘောမျိုးသာ ရှိပေလိမ့်မည်။ ပြတင်းပေါက်ဆီသို့ ကမန်းကတမ်း ကျွန်မ ထပြေးတော့ ခွေးနှစ်ကောင်က မော့ကြည့်သည်။ ဂျက်စ်ပါက အမြီးနံ့ပြီး ကျွန်မ နောက် သို့ လိုက်လာသည်။

ဖွင့်ထားသည့်ပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်တော့ ကုန်းလျှောကလေးကို တွေ့ရသည်။ ကုန်း လျှောကလေး၏ ဟိုဘက်မှာ မြက်ခင်းရှိသည်။ ရဲရဲနီအောင်ပွင့်နေသော တောင်ဇလပ်ပန်းပင်များကို လည်း တွေ့ရသည်။ သို့သော်လည်း ပြတင်းပေါက်မှ ကျော်မဆင်းနိုင်မီမှာပင် စကားပြောသံများက တဖြည်းဖြည်း ပို နီးလာသည်။ အခန်းထဲသို့ ကျွန်မ ပြန်လှည့်ခဲ့သည်။ ဥယျာဉ်ဘက်မှ အိမ်ဆီသို့ စကား ပြော ရင်း သူတို့လျှောက်လာနေကြပြီ။ နံနက်ခန်းထဲမှာ ကျွန်မရှိနေကြောင်း သူတို့ကို ခရစ် က ပြောပြ မည်မှာ သေချာသွားပြီ။

ဧည့်ခန်းကျယ်ကြီးထဲ သို့ ခပ်သုတ်သုတ် ကျွန်မ ဝင်ခဲ့သည်။ ဘယ်ဘက်မှာ တံခါးပေါက်တစ်ခု ကို တွေ့ သောကြောင့် ထိုအပေါက်မှ ထွက်ခဲ့သည်။ ကျောက်သားများဖြင့် ပြုလုပ်ထားသည့် ရှည်လျားသော စင်္ကြံကိုတွေ့ရသဖြင့် ထိုအတိုင်း လျှောက်ပြေးလာခဲ့ပါသည်။ ပြေးလာရင်း ကျွန်မ၏မိုက်မဲပုံကိုလည်း စဉ်းစားနေမိသည်။ စိတ်လှုပ်ရှားမှုကို ရုတ်တရက် ခံစားလိုက်ရသည့်အတွက် ကိုယ့်ဟာ ကိုယ် မကျေနပ် ဖြစ်မိသည်။ အထင်သေး အမြင်သေးလည်း ဖြစ်မိသည်။ သို့သော်လည်း သည်လူတွေ ကို ကျွန်မ ရင် ဆိုင်နိုင်စွမ်းမရှိပါ။ ခဏကလေးပဲဖြစ်ဖြစ် ကျွန်မတစ်ယောက်တည်း ရင် မဆိုင်ဝံ့ပါ။
စင်္ကြံလမ်းအတိုင်း လျှောက်လာရင်း အိမ်နောက်ဘက်ခြမ်းသို့ ရောက်လာပြီဟု ထင်မိသည်။ ထောင့်ချိုး တစ်ခုသို့ ချိုးကွေ့လိုက်သည်တွင် လှေကားတစ်ခုကို တွေ့ရသည်။ ထိုလှေကားအတိုင်း တက်ခဲ့သည်။ သည်နေရာ မှာ အမျိုးသမီးအစေခံတစ်ဦးနှင့် သွားတိုးသည်။ သူ့ကို ကျွန်မ မမြင်ဖူးသေးပါ။ ကျွန်မ ကိုမြင် တော့ အံ့သြတကြီးဖြင့် သူက ငေးကြည့်နေသည်။ ကျွန်မကို အကောင် အထည်နှင့် သေသေ ချာချာမြင် တွေ့နေရသော်ည်း သည်နေရာမျိုးသို့ ကျွန်မ ရောက်လာလိမ့်မည်ဟု မထင်သဖြင့် သူ အံ့အားသင့်နေ ပုံရသည်။

"မင်္ဂလာပါ"
ကျွန်မက ကြီးမားသော စိတ်လှုပ်ရှားမှုဖြင့် အလျင်လှမ်းနှုတ်ဆက်လိုက်ရင်း လှေကားဆီသို့သာ ဆက် လာခဲ့သည်။ သူကလည်း "မင်္ဂလာပါ မမ"ဟု ပြန်ပြောရင်း ကျွန်မကို မျက်လုံးဝိုင်းကြီးများဖြင့် လှမ်း ကြည့်နေသည်။
သည်လှေကားအတိုင်း တက်သွားလို့ အရှေ့ဘက်ဆောင်မှာရှိသည့် ကျွန်မတို့အိပ်ခန်းသို့ ရောက်သွား မည်ထင် သည်။ နေ့လယ်စာစားချိန်အထိ အိပ်ခန်းထဲမှာ ထိုင်နေရမည်။ ကိုယ့်စိတ်ကိုယ်ထိန်းနိုင်တော့ မှ အောက်ထပ် သို့ ပြန်ဆင်းလာတော့မည်ဟု စိတ်ကူးလိုက်မိပါသည်။
လှေကားထိပ် သို့ရောက်ပြီး တံခါးပေါက်မှ ထွက်လိုက်သောအခါ ရှည်လျားလှသည့် စံအိမ်ကြီးတစ်ခု ကို တွေ့ရပြန်သည်။ ကျွန်မ ဘာလုပ်ရမှန်းမသိတော့ပါ။ သည်နေရာကို ကျွန်မ မမြင်ဖူးပါ။ ကျွန်မတို့၏ အိပ် ခန်းရှိသည့် အရှေ့ဘက်ဆောင်မှ စင်္ကြံနှင့်လည်း ခပ်ဆင်ဆင်တူနေသည်။ သို့သော်လည်း သည်စင်္ကြံ က ပိုကျယ်ပြီး ပိုမှောင်နေသည်။

ကျွန်မ တုံ့ဆိုင်းဆိုင်းဖြစ်သွားပြီးနောက် ဘယ်ဘက်သို့ကွေ့ လိုက်သည်။ နောက်ထပ်လှေကား တစ်ခုကို တွေ့ရပြန်သည်။ အလွန်တရာ တိတ်ဆိတ်ပြီး အလင်းရောင်ကလည်း နည်းလွန်းလှသည်။ မည်သူ တစ် စုံတစ်ယောက်မျှလည်း မရှိ။ မနက်ပိုင်းတုန်းက အစေခံတွေ သည်နေရာမှ အလုပ် လုပ်ခဲ့ကြမည်ဆိုလျှင် လည်း ယခုအချိန်တွင် အားလုံးပြီးစီးသွားလောက်ပြီ။ ထို့ကြောင့် အောက်ထပ် သို့ ပြန်ဆင်းသွားကြပြီ ထင်သည်။ သို့သော်လည်း အိမ်အစေခံများ အလုပ် လာလုပ်သွား သည့် အရိပ်အယောင် လုံးဝမတွေ့ရ။ ဘာအနံ့အသက်မျှလည်း မရ။ သည်အတိုင်း ကျွန်မ ရပ်နေမိပြန်သည်။ ဘယ်လမ်းဆက်လိုက်ရမည်ကို လည်း မသိတော့။ တိတ်ဆိတ်နေပုံကလည်း ထုံးစံအတိုင်း မဟုတ် သလိုဖြစ်နေသည်။ အိမ်ရှင်များ တစ် ရပ်တစ်ကျေးသို့ သွားနေခိုက် အခွံချည်းကျန်ခဲ့သော အိမ်ကြီးတစ်လုံး အတွင်းသို့ ရောက်နေရသလို ရှိ ချေသည်။

တံခါးတစ်ချပ် ကို အရဲစွန့်ပြီး ဖွင့်လိုက်သည်။ အခန်းတစ်ခန်းဖြစ်နေသည်ကို တွေ့ရသည်။ လုံးဝမှောင် နေသည်။ ပြတင်းပေါက်ရှိ တရုတ်ကတ်ကလေးများကြားမှပင် အလင်းရောင် မဝင်။ အမှောင်ထဲ သို့ ကြိုး စားပြီး ကြည့်သောအခါ အခန်းလယ်တွင် အိမ်ထောင်ပရိဘောဂများ ချထားသည် ကို တွေ့ရသည်။ သည်အတိုင်းချထားခြင်းကား မဟုတ်။ ဖုန်မတက်အောင် အဝတ်များနှင့် ထုပ် ထားသည်။ အနံ့က အောက်သိုးသိုးဖြစ်နေသည်။ အသုံးမပြုဘဲ သည်အတိုင်း ပစ်ထားသည့် အခန်းမျိုးဖြစ်နေသည်။
အခန်းထဲ ဝင်သွားပြီး တရုတ်ကတ်ကလေးတွေကိုများ ဖွင့်လိုက်မည်ဆိုလျှင် လပေါင်းများစွာကတည်း က သေပြီး ညပ်နေသော ပိုးဖလံအသေကောင် အခြောက်ကလေးများပင် ပြုတ်ကျလာနိုင်စရာ အကြောင်း ရှိသည်။

တံခါးကို အသာကလေးပြန်ပိတ်ထားခဲ့ပြီး စင်္ကြံအတိုင်း မရေမရာဖြင့်လျှောက်လာခဲ့မိသည်။ နှစ်ဖက် စလုံး မှာ တံခါးပေါက်တွေရှိသော်လည်း အားလုံး ပိတ်ထားကြသည်။ နောက်ဆုံးတော့ အခန်းကလေး တစ်ခုထဲသို့ ကျွန်မ ရောက်လာသည်။ ပြတင်းပေါက်ကို ဖွင့်ထားသဖြင့် အလင်းရောင်ကေင်းကောင်း ရနေသည်။ အပြင်ကို လှမ်းကြည့်လိုက်သောအခါ ပြုပြင်ထားသော မြက်ခင်းတစ်ခုကို မြင်ရသည်။ ထို မြက်ခင်းအဆုံးတွင်ကား အစိမ်းရောင်တောက်ပနေသည့် ပင်လယ်ပြင်ကြီး။ ပင်လယ်ပြင် ကို ဖြတ်တိုက် လာသော အနောက်လေကလည်း ပြတင်းပေါက်မှ ဝင်လာသည်။

ပင်လယ်ပြင်ကြီးကား ကျွန်မ တွေးထင်ထားခဲ့မိသည်ထက်ပင် ပိုမိုနီးကပ်နေသည်။ ငါးမိနစ်မျှ လျှောက် သွားလိုက်ရုံဖြင့် ရောက်သွားနိုင်သည်။ ကျွန်မ နားစွင့်လိုက်သောအခါ မမြင်ရသည့် ပင်လယ်အော် က လေး၏ကမ်းပါးကို ပြေးလာရိုက်ခတ်နေသော လှိုင်းပုတ်သံများကိုပင် ကြားနေရသည်။ မန်ဒါလေ စံအိမ် ကြီး၏ အနောက်ဘက်ဆောင်မှ စင်္ကြံပေါ်မှာ ကျွန်မ ရပ်နေမိပြီဖြစ်ကြောင်း သိလိုက်ရပါပြီ။ မစ္စက်ဒင်ဗာ ပြောသည်မှာ မှန်နေပါသည်။ သည်ဘက်ဆောင်မှနေ၍ ပင်လယ်၏လှိုင်းပုတ်သံများကို ကြားရနိုင် ကြောင်း ပြောပြဖူးပါသည်။ ဆောင်းရာသီတွင် ဟိုမြက်ခင်းစိမ်းစိမ်းပေါ် မှ မြူတွေဖြတ်သန်း လာကာ သည်ဘက်ခြမ်းမှာ လေတဟူးဟူးနှင့် ပို၍ ချမ်းစိမ့်ပေလိမ့်မည်။ ယခု ပင်လျှင် ပြတင်းမှန်ချပ်ပေါ်မှာ အခိုး အငွေ့တွေ ပြန်သေည်။ ထိုအခိုက် တိမ်တစ်ခုက နေလုံးကို ဖုံးအုပ် လိုက်သည်။ ပင်လယ်ပြင်ကြီးသည် အနက်ရောင်သို့ ချက်ချင်း ပြောင်းသွားသည်။ အကြင်နာကင်းမဲ့ သည့် အရောင်။ ရက်စက် ကြမ်းကြုတ် တတ်သည့် အရောင်။

ဘယ်လိုပဲဖြစ်ဖြစ် အရှေ့ဘက်ဆောင်မှာ ကျွန်မတို့အခန်းများရှိနေသည့်အတွက် ကျွန်မ ဝမ်းမြောက် ဝမ်းသာဖြစ်မိပါသည်။ ပင်လယ်လှိုင်းပုတ်သံများကို နားထောင်နေရခြင်းထက် နှင်းဆီခြံကလေးကို ငုံ့ ကြည့်နေရခြင်း က ပိုကောင်းပါသည်။ လှေကားထိပ်ဘက်သို့ ကျွန်မ ပြန်လာခဲ့သည်။ အောက်ပြန်ဆင်း ရန် လှေကားလက်တန်း ကို ကိုင်လိုက်စဉ်မှာပင် ကျွန်မ နောက်ဘက်မှ တံခါးဖွင့်သံကြားရသည်။ လှည့် ကြည့် လိုက်တော့ မစ္စက်ဒင်ဗာ ဖြစ်နေသည်။ ဘာစကားမှမပြောဘဲ တအောင့်ကြသည်အထိ အပြန်အ လှန် စိုက်ကြည့်နေ မိသည်။

သူ့မျက်လုံးများ ထဲမှာ ထင်ဟပ်နေသည့် အရောင်သည် ဒေါသရောင်လား၊ စပ်စုစူးစမ်းသည့် အရောင် လား ကျွန်မ သေသေချာချာ မဝေခွဲတတ်ပါ။ ကျွန်မကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်တည်း သူ့ မျက်နှာ ပေါ်တွင် အမူအရာတစ်မျိုး ဖုံးလွှမ်းသွားသည်ကတော့ သေချာပါသည်။ စကားတစ်ခွန်းမျှ သူ မပြော သော်လည်း ကျွန်မသည် အပြစ်တစ်ခုခုကို ကျူးလွန်လိုက်မိသလို ခံစားနေရသည်။ ရှက်လည်း ရှက် လှ ပါသည်။ ကျွန်မ၏မျက်နှာပေါ်မှာ လွှမ်းလာသည့် ရှက်သွေးကြောင့် သူတစ်ပါးပိုင်နက်အတွင်း ကျူး ကျော်ဝင်ရောက်မိသူလိုဖြစ်နေကြောင်း ထင်ရှားပါသည်။

ဆက်ရန်
.

No comments: