Friday, May 11, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၁၂)

နယူးယောက် တိုက်ခန်းတွင် ဒက်ဖနီပို့ထားသည့် သစ်ပင်တစ်ပင်က သူတို့အား စောင့်ကြိုနေ သည်။ စား စရာ သစ်သီး မျိုးစုံနှင့် ကလေးတွေအတွက် မုန့်တွေအပြင် အင်ဒီအတွက် စားစရာပါ ပို့ ထားပေး သည်။ နွေး ထွေးသော ကြိုဆိုနည်းတစ်မျိုးဖြစ်၏။ မယ်လီဆာက အခန်း ထဲ ရောက်ရောက်ချင်း တယ်လီဖုန်း ဆီသို့ ပြေး ချသွားသည်။
အားလုံး နေသားတကျဖြစ်သွားမှ အော်လီဗာ သားတော်မောင်အကြောင်း စဉ်းစားနိုင်တော့သည်။ တစ်နေ့နေ့ တွင် နောင်တကြီးစွာ ရလိမ့်မည်ဖြစ်သော ဘ၀သစ်ကို သူဇွတ် စတင်နေခြင်းဖြစ်၏။
မိမိ ချစ်သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးနေခြင်းပါကလား …။
ကို ဆက်ဖတ်ရန်....

အခန်း (၁၂)


နယူးယောက်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ၊ နှစ်များစွာတွင်း သူတို့အတွက် အကောင်းဆုံး လုပ်ပေးနိုင်ခဲ့ခြင်း အကြောင်း ရက်အနည်းငယ် တွင် အော်လီဗာသိရသည်။ ကလေးက သူကျောင်းတွင် ပျော်နေပြီ။ ချက်ချင်း သူငယ်ချင်းအများကြီးရလာ၏။
မယ်လီဆာ လည်း သူတက်ရသည့်ကျောင်းကို အရမ်းသဘောကျနေ၏။ ကျောင်းအားချိန်များတွင် ဒက်ဖနီ နှင့် တတွဲတွဲ နယူးယောက်နှင့် ပတ်ဝန်းကျင်သစ်၏ အတွေ့အကြုံ ကို ပေါင်းဟောင်း သင်းဟောင်း များ အား ဖုန်းဆက်ရသည်မှာလည်း အမော။

အားလုံးအတွက် ၀မ်းသာစရာ အကောင်းဆုံးမှာ၊ အော်လီဗာအိမ်ကို နေ့စဉ်အစောကြီး ပြန်ရောက်ပြီသားသမီးများနှင့် ပျော်ပျော်ပါးပါး၊ ညစာ စားနိုင်ခြင်းဖြစ်၏။ အဖေပြန်ရောက်ချိန်တိုင်း မယ်လီဆာ တယ်လီဖုန်း ပြောနေသည် ကို တွေ့ရမြဲ။ အော်လီဗာနှင့် ဆမ်ကလေးက ကစားလိုက် စာကျက်လိုက်နှင့်မို့ မယ်လီဆာ အတွက် ဖုန်းပြောချိန်တွေ ပိုရနေ၏။
မေလ လို ရာသီဥတုနွေးထွေးသည့်အခါမျိုးတွင် ညစာစားပြီးပေမယ့် သားအဖနှစ်ယောက် ပန်းခြံထဲ သွားပြီး ဘောလုံးကစားချင်ကစားတတ်ကြသေးသည်။
ဘင်ဂျမင် အတွက် အော်လီဗာရတတ်မအေးရသည်ကလွဲလို့၊ ဘ၀သည် ငြိမ်းချမ်းအေးမြနေလေသည်။ သားကြီး အတွက် မူ အောက်မေ့တသခြင်းနှင့် အတူ စိတ်လည်း ပူမိ၏။

ပါချေစ့်နေအိမ်သို့ ကျောင်းပိတ်ရက်ပြန်တိုင်း သူနှင့်တွေ့ရသော်လည်း၊ စင်စစ်တွင် အိမ်ထောင်စုထဲ မှ နှစ်ယောက်လျော့သွားခြင်းပင်၊ ဘင်ဂျမင်က နေ့ပိုင်းတွင် လစာကလေးမဖြစ်စလောက်နှင့် ဘတ်စ်ကား စပယ်ယာ လိုက်သည်။ ညပိုင်းမှာ ဟိုတယ်တစ်ခုတွင် ပန်းကန်ဆေးသည်။ ထို့ကြောင့် ပါချေစ့် ကို ပြန်သည့် ရက်များတွင်လည်း မိသားစုနှင့်လာပြီး ညစာစားဖို့ သူ့တွင် အချိန်မရှိ။ အော်လီဗာက မကြည့်နိုင်တော့ သဖြင့်၊ ပါချေစ့်နေအိမ် တွင် လာနေဖို့ခွင့်ပေးသော်လည်း၊ ဘင်ဂျမင် မနေနိုင်တော့ ပါ။ ကျောင်းပြန်တက်ဖို့ ဖျောင်းဖျသော်လည်း ဘင်ဂျမင်က လက်မခံခဲ့ပါ။
ဆန္ဒရာနှင့် ပို၍ပို၍၊ မခွဲနိုင်ဖြစ်လာသည်၊ စနေနေ့တစ်နေ့တွင် ဆန္ဒရာကို အော်လီဗာသွားတွေ့သည်။ အံ့သြ ထိတ်လန့်မဆုံးဖြစ်သွား၏။ ငါးလ ကိုယ်ဝန်ဖြစ်နိုင်ပါမည်လားဟု ဗိုက်ကိုကြည့်ပြီး အံ့သြရခြင်းဖြစ် သည်၊ ကလေးအဖေ က ဘင်ဂျမင်တစ်ယောက်တည်း ဖြစ်နိုင်မည်လားဟုလည်း သံသယဖြစ်မိ၏။

အခြေအနေ ပေးသည့်အခါတွင် သည်ကိစ္စကိုမသိမသာမေးကြည့်သည်။ မျက်နှာမသာမယာနှင့် သူ့ ခလေး ဖြစ်ကြောင်း ဘင်ဂျမင်အခိုင်အမာပြောသည်။ အော်လီဗာ နောက်ထပ်ဘာမှ မပြောတော့။
စိတ်မကောင်း စရာ အကောင်းဆုံးအချိန်မှာ၊ ဘင်ဂျမင်လျှောက် ထားသည့် ကောလိပ်ကျောင်း များမှ ပြန်စာ တွေ လှိမ့်ဝင်လာသည့် ရက်ပိုင်းဖြစ်၏။ ပါချေစ့် အိမ်လိပ်စာဖြင့် အတွေးဝင်နေသည်။ ဘင်ဂျမင်နေ သည့် အထက်တန်းကျောင်းသူ လျှောက်ထားသည့် တက္ကသိုလ် များ သို့ ကျောင်းထွက် လိုက် သည့် အကြောင်း သတင်းမပို့ပဲထားသည်။
ဂျူစ်ကောလိပ် မှလွဲပြီး၊ ဟားဇတ်၊ ယေးလ်နှင့် ပရင့်စတန်က လက်ခံမည့်အကြောင်း စာတွေ ပြန်လာခြင်းဖြစ် ၏။ ဘယ်လောက် ရင်ထုမနာ ဖြစ်စရာကောင်းသည့် အဖြစ်ပါလဲ။ သူငယ်သည် တက္ကသိုလ် ကျောင်းသား ဖြစ်မလာပဲ၊ စားသောက်ဆိုင်တွင် သူများ စားကြွင်း စားကျန်တွေ ကို ဆေးကြောနေ ရသည့် ပန်းကန်ဆေးသမားဘ၀ ရောက်နေပြီ။ ဆယ့်ရှစ်နှစ်များအရွယ်တွင် ဖခင်လောင်း တစ်ယောက်ဖြစ်ပြီ။

အော်လီဗာ က ကျောင်းအသီးသီးသို့ စာပြန်လိုက်သည်၊ မိသားစုအခြေအနေကြောင့် သည်နှစ် မတက်နိုင် ခြင်းကို ၀မ်းနည်းစွာ အကြောင်းပြန်ကြားပါကြောင်း၊ လာမည့်နှစ်သစ်လျှောက်လွှာပြန်တင်မည့် အကြောင်း များ ကို စိတ်မကောင်းခြင်းကြီးစွာဖြင့် စာရေးပြန်ကြားလိုက်ရသည်။
ဘင်ဂျမင် ကို နယူးယောက်တွင် ကျောင်းဆက်တက်စေရာ အော်လီဗာ လက်မလျော့သေး။ တစ်နှစ် ထက်ပိုပြီး ---- နိုင်ပါ။ သို့သော် သည်အကြောင်း သားတော်မောင်အပြောမပြတော့။ ပြောလျှင်လည်း သူ လက်ခံ မည် မဟုတ်။ ခေါင်းထဲတွင် လောလောဆယ် ဆန္ဒရာမှလွဲပြီး ဘာမျှမရှိ။
" တစ်ခါတလေ၊ နယူးယောက်ကို လာလည်ဦးတော့သားရဲ့ "
နယူးယောက် ကို သူလာလျှင် အေးအေးဆေးဆေး နားနိုင်သေးသည်လေ။ သို့သော် သားဖြစ်သူက တာဝန် ကို ထိပ်ပန်ဆင်ကာ၊ ဆန္ဒရာတစ်ယောက်တည်း ထားခဲ့ဖို့ မသိကြောင်းပြောပြီး တွင်တွင်ငြင်း သည်။ အော်လီ ကလည်း ဆန္ဒရာ ကိုပါ ခေါ်လာဖို့ ဘယ်တော့မှ ထည့်မပြော။

ဘင်ဂျမင် သည် အမေဆီသို့လည်း မသွားနိုင်တော့သော် သားအမိနှစ်ယောက် တယ်လီဖုန်းနှင့်တော့ အပြန် အလှန် အဆက်အသွယ်ရှိနေပုံရ၏။
မယ်လီဆာနှင့် ဆမ်ကတော့ နယူးယောက်အိမ်ကို ပြောပြီးမှ သူတို့အမေဆီ တစ်ခေါက်ရောက်ပြီးပြီ။
သည် တစ်ခေါက်ပြန်လာတော့ မောင်နှမနှစ်ယောက် ခပ်ဆိတ်ဆိတ်ဖြစ်နေ၏။ ဆမ်တစ်ယောက် သိပ်ပျော်ခဲ ပုံရသည်။ မယ်လီဆာ ကို တီးခေါက်ကြည့်တော့ မေမေသိပ်အလုပ်များနေလို့ပါ ဟူသည့် ခပ် ၀ါးဝါး အဖြေ ကိုသာရသည်။
သို့သော် တစ်ခုခုတော့ ဖြစ်နေပြီဟု အော်လီဗာစိတ်ထဲထင့်နေ၏။ ထိုတစ်ခုခုသည် တစ်နေ့တွင် အလိုလို ပေါ်လာသည်။

တစ်ညနေခင်း သားအဖနှစ်ယောက် ဖဲကစားနေစဉ်တွင်ဖြစ်သည်။ မယ်လီဆာက သူ့အခန်းထဲတွင် စာကျက်နေ ချိန်။
" ပြင်သစ် လူမျိုးတွေ ကို ဖေဖေ ဘယ်လိုထင်လဲဟင် "
ဆမ်က ထူးဆန်းသော မေးခွန်းတစ်ခု မေးလာသည်။ မျက်မှောင်ကုတ်ခါ ဖအေ့အဖြေကို စောင့်နေသည်။
" ပြင်သစ်လူမျိုးတွေ ဟုတ်လား။ လူကောင်းတွေပါ၊ ဘာဖြစ်လို့လဲသား "
" ဘာမှမဖြစ်ပါဘူး၊ သားသိချင်လို့ပါ "
အော်လီဗာ စိတ်ထဲက သိနေသည်။ အကြောင်းတစ်ခုခုရှိပြီ။

" သားကျောင်းမှာ ပြင်သစ်လူမျိုး သူငယ်ချင်းတွေ့နေပြီလား "
ဆမ်က ခပ်သွက်သွက် ခေါင်းရမ်းသည်။ သည်ကိစ္စကို ကြိုးစားပြီး ခေါင်းထဲမှ ထုတ်ပစ်ရမည်။ အင်ဒီ ဦးခေါင်း ကို ပွတ်နေရင်း ဖေဖေ့အလှည့်ကို စောင့်နေ၏။ နယူးယောက်ဘ၀သစ်တွင် ဆမ်ကလေးပျော်နေပြီ။ အဖေနှင့် နေချိန်တွေအများကြီး ပိုရလာပြီမဟုတ်လား။ သို့သော် အမေ့ ကို အောက်မေ့သည့် စိတ်ကမူလျော့ မသွား။ ဘင်ဂျမင်ကိုလည်း ဆမ်ခဏခဏ သတိရသည်။
" မေမေ့ သူငယ်ချင်းပါ "
ကစားနေရင်း ဆမ်ကလေးနှုတ်မှ အမှတ်မထင် ထွက်သွားသည်။ အော်လီဗာခေါင်းထဲတွင် အလင်းတန်း တစ်ခုဖြတ်ပြေးသွားသည်။ သြော် … သည်လိုကိုး။ ဆာရာ့ချစ်သူဖြစ်ရမည်။

" ဘယ်လို သူငယ်ချင်းမျိုးလဲ "
ဆမ် က ပခုံးတွန့်ပြီး ဖဲတစ်ချပ်ကောက်ယူလိုက်ရင်း
" အဲဒါတော့ သားလဲမသိဘူး၊ သူ့ကြည့်ရတာ လူကောင်းတစ်ယောက်နဲ့တူပါတယ် "
ထိုစဉ် မယ်လီဆာ ဖြတ်လျှောက်လာသည်။ နားစွန့်ဖျား ကြားသွာဟန်တူ၏။ ဆမ်ကို စူးစူးစိုက်စိုက်ကြည့် သည်။ သို့သော် ဆမ်က ခေါင်းငုံ့ထား၏။
အော်လီဗာ က မယ်လီဆာ၏ မျက်နှာကို မော်ကြည့်သည်။ ထူးခြားနေ၏။ မယ်လီဆာ အနား တိုးလာ သည်။
" ဘယ်သူ နိုင်နေလဲ "
မယ်လီဆာ က အာရုံပြောင်းပစ်ဖို့ ကြိုးစားသည်။ အမေကဘာမှ မမှာလိုက်သော် လည်း ဖေဖေ့ ကို ပြောလို့ ကောင်းသည့် ကိစ္စမျိုးမဟုတ်ကြောင်း မယ်လီဆာသိသည်။

" ဆမ်နိုင်နေတယ်လေ၊ ဖေဖေတို့သားအဖ ကစားရင်း စကားပြောနေကြတာ သမီးရဲ့ "
ဆမ့်ကို မျက်မှောင်ကုတ်ကြည့်ရင်း
" ဟုတ်လား၊ သမီးကြားပါတယ် ဖေဖေ "
" သမီးတို့ မေမေမှာ ပြင်သစ် မိတ်ဆွေသစ်တစ်ယောက်ရှိတယ်ဆို "
" မိတ်ဆွေသစ် မဟုတ်ပါဘူး ဖေဖေ "
ဆမ်က ခပ်သွက်သွက် ၀င်ရှင်းသည်။

" ဟိုတစ်ခေါက် သားတို့ သွားကတည်းက တွေ့ခဲ့တာပဲ၊ ဟိုတုန်းကတော့ မေမေနဲ့ အတူတူမနေသေးဘူး၊ သူက … မေမေ့သူငယ်ချင်း တဲ့ ဖေဖေ၊ ပြင်သစ်က လာနေတာတဲ့၊ နာမည်က ယန်းပီယာ၊ အသက် က နှစ်ဆယ့်ငါးနှစ်၊ ပညာတော်သင်ဆုရ လို့ ဒီမှာ နှစ်နှစ်ကျောင်းတက်မယ်တဲ့ "
" သူ့ အတွက် သိပ်ကံကောင်းတာပေါ့ကွာ "
ဖဲတစ်ချပ်ကောက်ယူ လိုက်သည်။ ဘာဖဲချပ်မှန်း မသိလိုက်၊ အော်လီဗာ့မျက်နှာမှာ တင်းမာလျက်။
" မေမေ့အတွက် လဲ ကံကောင်းတာပေါ့၊ သူက ဘယ်လိုပုံစံမျိုးလဲ "
ခလေးတွေ စိတ်အနှောင့်အယှက်မဖြစ်စေချင်ပါ။ သို့သော် စိတ်ထဲက သိချင်စိတ်ကို ဖုံးကွယ်၍ မရနိုင်ဖြစ် နေ ၏။ လက်စတ်တော့ ကလေးတွေကို မိမိနှင့် ထိုးထားခဲ့ပြီး၊ သူက အသက်အစိတ်အရွယ် လူငယ် ကလေး တစ်ယောက်နဲ့ စခန်းသွားနေတာကိုး။ ဒေါသလှိုင်းတွေ ရင်ထဲတွင် အလိပ်လိုက်တက် လာသည်။

မယ်လီဆာ က အမေကို ကာကွယ်ဖို့ ကြိုးစားသည်။
" သမီးတို့ ရှိနေတုန်း သူက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အိပ်တယ်ဖေဖေ "
သမီးတို့ မရှိတဲ့အခါကောဟု မေးလိုက်ချင်၏။ သို့သော် မယ်လီဆာတို့ မောင်နှမ နှစ်ယောက်စလုံး သိပါသည်။ ထို့ကြောင့်လည်း အပြန်တွင် ဖေဖေ့ကို သည်ကိစ္စမပြောဖို့ တိုင်ပင်ခဲ့ကြသည် မဟုတ်လား။
" ကောင်းပါတယ်လေ၊ သူက သဘောကောင်းပုံရရဲ့လား "
" သိပ်သဘောကောင်းတာပဲ ဖေဖေ၊ မေမေ့ကိုလဲ သိပ်ဂရုစိုက်တာပဲ၊ နေ့တိုင်း ပန်းတွေ ၀ယ်လာပေးတယ်၊ သားတို့ကိုလဲ မုန့်တွေ မျိုးစုံ ၀ယ်ကျွေးတယ် "
ဆမ်ကလေးက ဘာမှမထူးဆန်းသည့် ကိစ္စတစ်ခုလို ပြောနေချိန်တွင် အော်လီဗာ မျက်နှာတစ်ခုလုံး ထူပူနေ၏။ ပွဲမြန်မြန်ဖြတ်ပြီး သူ့ကို မြန်မြန်သိပ်ချင်လှပြီ။

နာရီလက်တံ ရွေ့လျားပုံ နှေးကွေးလွန်းနေသည် ထင်၏။ ပွဲပြီးလို့ ဆမ်ကလေး အိပ်သွားတော့မှ မယ်လီဆာ ပေါ်လာသည်။ အဖေဘယ်လို ခံစားနေရသည်ကို သူ ရိပ်မိသည်။
" သမီး စိတ်မကောင်းပါဘူး ဖေဖေ၊ ဆမ်ကို မပြောပါနဲ့လို့ မှာထားရက်နဲ့ သူနဲ့မေမေဟာ ရိုးရိုး သားသား ခင်နေတာလို့ သမီးထင်ပါတယ် "
" ဟုတ်တာပေါ့၊ ဟုတ်မှာပေါ့လေ "
" သူ ငှားထားတဲ့အခန်း က လစေ့သွားလို့ နောက်တစ်နေရာမရခင် မေမေက ပေးနေတာတဲ့၊ သမီးတို့ကို လဲ ခင်ပါတယ်၊ ရိုးရိုးသားသား ခင်ပါတယ် ဖေဖေ "
သမီးလုပ်သူကို အော်လီဗာ အကဲခတ်လိုက်သည်။ မျက်လုံးရွဲကြီးများနှင့် ဖအေ့ကို ကြေအင် ကြေတွဲ ကြည့်နေသည်။ သူ ဖော့ပြောသလောက် ပေါ့သည့် ပြဿနာမဟုတ်ကြောင်း သားအဖနှစ်ယောက်လုံး သိနေကြ၏။

ဆာရာသည် ဘ၀သစ်တစ်ခုကို ချက်ချင်းစ လျှောက်နေပြီ။ လက်တွဲလျှောက်ရမည့် အဖော် လည်း တွေ့နေပြီ။ မိမိက သူ့ကို တမ်းတမ်းတတ လွမ်းနေရချိန်တွင် သူကတခြားလူ၏ ရင်ခွင်ထဲ မှာ …။
" ဘာမှ ပူစရာ မရှိပါဘူး သမီးရယ်၊ မေမေ့မှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတာပဲ "
" ဒါပေမယ့် ဖေဖေက မေမေ့ လိုမှ မရှိတာပဲ "
မယ်လီဆာ က ဖအေကို မြတ်နိုးကြည်ညိုစွာ ကြည့်သည်။ သည်အတွက် ဂုဏ်လည်း ယူနေပုံ ရသည်။ အော်လီဘာက သမီးကို ခြုံကြည့်နေပြီးမှ …
" အင်း … ဖေဖေက သမီးတို့အတွက် ပူပင်နေရတာနဲ့ ဘာမှ စိတ်ကူးချိန်မရဘူးလေ "
" တစ်ချိန်ချိန် မှာတော့ ဖေဖေ လဲ အတွဲတွေ့လာမှာပေါ့၊ ဒက်ဖနီက ပြောတယ်၊ ဖေဖေ့မှာလဲ ရှိသင့် တယ် တဲ့ "
" ဟုတ်လား … အဲလိုပြောတယ်လား၊ တကယ် … ပြန်ပြောလိုက်၊ ဖေဖေက ပြောတယ်လို့၊ ကိုယ့်ကိစ္စ ကိုယ်လုပ်ပါလို့ "
ဖေဖေ ကတော့ အဲဒီကိစ္စမပါဘဲ ဦးနှောက်ခြောက်လှပြီလို့ "

မယ်လီဆာက အဖေ့ကို စူးစမ်းသည့် မျက်လုံးများဖြင့် ကြည့်သည်။ ပြီးတော့ ပိုပြီးနားလည်သွားပုံရ၏။ ထို့ ကြောင့် ပိုပြီး စိတ်မကောင်းဖြစ်သွားသည်။
" မေမေ့ကို ဖေဖေ ချစ်နေတုန်းပဲနော်၊ ဟုတ်တယ် မဟုတ်လားဟင် "
အော်လီဗာ ခဏတွေသွားသည်။ အင်း … ပြောရမှာ အတော်ကောင်းသည့် ကိစ္စပါလား။ ပြီးမှ ခေါင်းညိတ် လိုက်ပြီး …
" ဟုတ်တယ်သမီး၊ မေမေ့ကို ဖေဖေ နောင်လဲချစ်သွားမှာထင်တယ်၊ ဒါပေမယ့် ဒါက အကြောင်း မဟုတ်ပါ ဘူးလေ၊ အားလုံးပြီးသွားပြီပဲ "
တကယ်လည်း ပြီးဆုံးသွားပြီဟု ယုံကြည်လိုက်၏။ သူထွက်သွားသည်မှာ ငါးလရှိခဲ့ပြီ။ ကတိစကားတွေ တစ်ခုတစ်လေ မျှ ဖြစ်မလာခဲ့။ စနေ။ တနင်္ဂနွေပေါင်းများစွာနှင့် ကျောင်းပိတ်ရကေါပ်ငး များစွာ ကို ဖြတ်သန်း လာခဲ့ပြီး ဖြစ်သည်။ တစ်ခေါက်တစ်လေမျှ ပြန်ပေါ်မလာတော့။ ဖုန်းခေါ်ဖို့ပင် အနိုင်နိုင် ဖြစ်နေပြီ။

ခုတော့ အားလုံးရှင်းသွားပြီ။ ယန်းပီယာ ခေါ်သည့် နှစ်ဆယ့်ငါးနှစ်ရွယ် ပြင်သစ်လူငယ်ကလေး တစ်ယောက်နှင့် ဒုတိယဘ၀သစ်ကို စနေပြီတဲ့လေ ။
" သမီး ယုံပါတယ် ဖေဖေ၊ ဖေဖေတို့ကွာရှင်းကြမှာလားဟင် "
မယ်လီဆာ မျက်နှာငယ်ကလေးဖြင့် မရဲတရဲမေးသည်။
" ဖြည်းဖြည်းပေါ့ သမီးရယ်၊ မေမေလိုချင်တဲ့ အချိန်မှာ ဖေဖေဖြည့်ဆည်းပေးရမှာပေါ့ "
မယ်လီဆာ အိပ်ရာဝင်သွားပြီးပြီးချင်း ဖုန်းခေါ်သည်။ သွယ်ဝိုက်နေဖို့ မစဉ်းစားတော့။

 မင်း လူတစ်ယောက် နဲ့ အတူတူနေနေချိန်မှာ ကလေးတွေ ရောက်လာတော့ အနှောင့်အယှက် မဖြစ် ဘူးလား  .. လုံးဝ ဒေါသသံ မစွက်၊ စိတ်ပျက်စက်ဆုပ်ခြင်းသာ ခံစားရသည်၊ မိမိချစ်ခဲ့ဖူးသည့် မိန်းမ မဟုတ်တော့ ဘူးလေ။ သို့သော် ခက်သည်က ကလေးတွေ၏ အမေ ဖြစ်နေသေးသည်။ ပို၍ အခံရ ခက်သည် မှာ ကိုယ့်သား အရွယ် လေးနှင့် …
" သြော် … ဒါလား၊ သူက ဆာရာ့ မိတ်ဆွေပါ အော်လီ၊ သူက ဧည့်ခန်းထဲမှာ အိပ်တာလေ၊ ကလေးတွေ က ဆာရာ နဲ့ အတူ အိပ်တာပဲ
" မင်း ဘယ်သူ့ ကိုမှ အရူးလုပ်လို့ မရဘူးဆာရာ၊ သူတို့ မသိဘူး ထင်လို့လား။ မယ်လီဆာ ကောင်းကောင်း သိတယ်။ ဆမ်ကလေးကတောင် ရိပ်မိတယ်၊ သားသမီးတွေနဲ့ ချစ်သူကို အတူတူ ထားနိုင် တယ်နော်၊ မင်း မရှက်ဘူးလား ဆာရာ၊ မင်းကို ကိုယ်ဘယ်လိုမှ နားမလည်နိုင်တော့ ဘူး၊ နား လဲ မလည်ချင်တော့ဘူး "
" အဲဒါက အော်လီဗာ သဘောပါ၊ ဆာရာက ကိုယ့်ဘ၀ကိုယ် စနေပြီလေ၊ ဘယ်လိုနေတယ်၊ ဘယ်သူနဲ့ နေ တယ်ဆိုတာက ဆာရာ့ ပြဿနာပါ၊ အော်လီဗာလဲ ဒါထက် နည်းနည်းပိုပြီး သဘာဝနဲ့ လိုက်လျော ညီထွေ လုပ်လိုက် ရင် ကလေးတွေအတွက် အဆင်ပြေသွားမှာပါ "

" သြော် … အဓိပ္ပာယ်က ကိုယ်က ဆယ့်ကိုးနှစ် သမီးလေးတစ်ယောက် ခေါ်ထားပြီး ယောက်ျား ပီသ ကြောင်း ပြတာမျိုးလား၊ အဲဒီနည်းသုံးပြီး ကလေးတွေနဲ့ အဆင်ပြေအောင် လုပ်ရမှာလား "
" ဘာမှ ပြစရာ မလို ပါဘူး၊ ဆာရာနဲ့သူဟာ မိတ်ဆွေကောင်းတွေပဲ၊ အသက် ကွာတာ ပြဿနာမဟုတ်ဘူး "
" သွားစမ်းပါ၊ လူဆိုတာ အရှက်ရှိရတယ်ကွ၊ တခြားလူတွေကို မရှက်တောင် ကိုယ့်သားသမီးကို ရှက်ရ တယ် "
" ရှင် … ကျွန်မကို ခြိမ်းခြောက်နေတာလား အော်လီဗာ၊ ကျွန်မဟာ ရှင့်ကလေးတစ်ယောက် မဟုတ်ဘူး နော်၊ ရှင့် အိမ်ဖော်လဲ မဟုတ်ဘူး၊ ဟုတ်ဦးတော့ ရှင့် …. အလုပ်ခွင့်မှာ ကျွန်မ မရှိတော့ဘူး၊ ရှင် ကျွန်မ ကို နားမလည်ဘူးဆိုတာ ဟုတ်မှာပေါ့၊ ဘယ် နားလည်နိုင်မလဲ၊ ဘယ်တုန်းကမှ နားမလည် ခဲ့တာပဲ၊ ကျွန်မကို ရှင့်အတွက် ကလေးတွေ မွေးပေးဖို့နဲ့ ရှင့်ဝတ်ကြီးဝတ်ငယ် ပြုစုဖို့လောက် အဆင့်မှာပဲ ရှင် ထားတာကိုး "

" မင်း အဲဒီလို မပြောသင့်ပါဘူး ဆာရာ၊ တို့အိမ်ထောင်ရေးဟာ ဒီထက် အောင်မြင်ခဲ့တာ မငိး သိပါတယ်၊ မင်း ကို ကိုယ့်အိမ်စေ လို သဘောထားရင် နှစ်နှစ်ဆယ်နီးပါးပေါင်းနိုင်ပါ့မလား "
" ဒါကတော့ ရှင်ရော ကျွန်မပါ သတိမထားခဲ့မိလို့ နေမှာပါ "
" မင်းနဲ့ ကိုယ်နဲ့ဟာ အိမ်ထောင်စု တစ်စုကို တက်ညီ လက်ညီ တည်ထောင်ခဲ့တာ မဟုတ်ဘူးလား၊ ဒါကြောင့်လဲ အောင်မြင်ခဲ့တယ်၊ မင်း ခုလို နင်းခြေဖျက်ဆီးမပစ်ခင်အထိ အောင်မြင်ခဲ့တယ်၊ မင်း လုပ်သွား ပုံဟာ ရိုင်းစိုင်းလွန်းအားကြီးတယ် ဆာရာ၊ အားလုံးအပေါ်မှာ ရက်စက်လွန်းတယ်၊ အထူးသဖြင့် ကိုယ့်ကို ပေါ့၊ ကိုယ်သိတယ် ဆာရာ တို့ဘ၀ ဘယ်လောက် ငြိမ်းချမ်းခဲ့တယ်ဆိုတာ ကိုယ်မမေ့သေးဘူး၊ မင်း ကျောခိုင်းသွားချင်သွားပါ၊ ဒါပေမယ့် မင်းရဲ့နောက်မှာ ကျန်ခဲ့တဲ့ကဏ္ဍကို သေးသိမ်အောင် လုပ် မသွားပါ နဲ့၊ အတိတ်မှာ ခြေရာရှိတယ်ဆာရာ "
နှစ်ယောက်သား စကားမဆက်နိုင်ဘဲ မိနစ်ပေါင်းများစွာ ငြိမ်သက်နေကြ၏။ တစ်ဘက်တွင် ဆာရာ ငိုနေ သည်လား မပြောတတ်။ 

အတန်ကြာမှ …
" ဆာရာ တောင်းပန်ပါတယ် အော်လီ၊ အော်လီပြောတာ မှန်ပါလိမ့်မယ်၊ ဆာရာ … ဆာရာ … တောင်းပန် ပါ တယ်၊ ဆာရာ ဘယ်လို မှ ဆက်မနေနိုင်တော့လို့ပါ "
" ကိုယ်လဲ စိတ်မကောင်းပါဘူး ဆာရာ " အော်လီဗာ့အသံ ပို၍ ညင်သာလာသည်။

" မင်းကို ကိုယ် သိပ်ချစ်တယ် ဆာရာ၊ ထွက်သွားခါစကဆိုရင် ကိုယ်သေမလောက် ခံစားရတယ် "
မျက်ရည်ကြားထဲ မှ ဆာရာပြုံးသည်။
" အော်လီ ဘယ်လောက်တော်တယ်၊ ဘယ်လောက်ခံနိုင်ရည် ရှိတယ်ဆိုတာ ဆာရာသိပါတယ်၊ ဘာပဲဖြစ်ဖြစ် အော်လီက အောင်နိုင်သူပါလေ "
အော်လီဗာ မဲ့ပြုံးပြုံးသည်။
" သေချာရဲ့လား၊ အလဲထိုးခံရတာ မဟုတ်ဘူးလား၊ မင်းကို ထွေးပိုက်ထားချင်စိတ်တွေနဲ့ တစ်ကိုယ်လုံး ပူလောင်နေချိန် မှာ မင်းကိုယ့်ကို ရှောင်နေခဲ့တာတွေကကော "
" ဘာပဲဖြစ်ဖြစ် နောက်ဆုံး မှာ အော်လီပဲ အောင်နိုင်သူပါ၊ အဲဒီအတွက်လဲ တုန့်ပြန်မှုရမှာပါ၊ အော်လီနဲ့ ပိုပြီး လိုက်ဖက်တဲ့၊ မိုပြီးခွင်ကျတဲ့ မိန်းကလေးတစ်ယောက်ယောက်နဲ့ တွေ့မှာပါ၊ အိမ်ထောင်ကို ထိန်းသိမ်းနိုင်ပြီး အော်လီအတွက် ကလေးတွေ အများကြီး မွေးပေးနိုင်မယ့် မိန်းကလေးမျိုးလေ "
" အဲဒါတွေ အားလုံး ကိုယ်မင်းဆီက ရခဲ့တာပဲဆာရာ "

" ဒါပေမယ့် အဲဒါ အတုအယောင်တွေအော်လီ၊ ဆာရာ တာဝန်တစ်ရပ်အနေနဲ့ လုပ်ခဲ့ရတာ၊ အစ ကတည်းက ဆာရာ အမှားနဲ့ စခဲ့တာ၊ ဆာရာလိုချင်တဲ့ ဘ၀က အဲ့ဒါမျိုး မဟုတ်ဘူး၊ အတိုင်းအဆမရှိ လွတ်လပ်တဲ့ ဘ၀ မျိုး၊ ကိုယ်တစ်ယောက်တည်းအတွက် တာဝန်ကလွဲပြီး ဘယ်သူ့တာဝန်မှ မရှိဘဲ ဘ၀မျိုး၊ ဘယ်သူ့အပေါ် မှ မမှီခိုရတဲ့ ဘ၀မျိုး၊ ဆာရာတစ်ခုမှ မရခဲ့ဘူး အော်လီ၊ အဲဒီ လွတ်လပ်မှုမျိုး ခုမှရတာ "
 မင်း အဲဒီလောက် စည်းမဲ့ကမ်းမဲ့ နိုင်မှန်း ကိုယ်လုံးဝ မသိခဲ့ဘူး၊ ဘယ်တော့မှလဲ နားလည်နိုင်မှာ မဟုတ်ဘူး "
" ဆာရာ ကိုယ်တိုင် တော်တော်နဲ့ မသိခဲ့ဘူးလေ၊ ဒါကြောင့် အော်လီ မသိတာ ဖြစ်မှာပေါ့ "
" မင်း … ခု ပျော်နေတယ်ပေါ့ ဟုတ်လား "
ဒါကိုတော့ သိချင်သည်။ မိမိတို့ မိသားစု တစ်ခုလုံးကို ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့ပြီး မှ ပျော်ရွှင်မရဘူး ဆိုလျှင် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ သူရယူလိုသည့် ဆုကို ရသင့်ပါသည်။ သို့မှ မိမိအနေဖြင့် စိတ်အေး နိုင်မည်မဟုတ်ပါလား။

" ပျော်တယ်ထင်တာပဲ၊ လုပ်ချင်တာတွေ အောင်အောင်မြင်မြင် လုပ်နိုင်တဲ့အချိန်ကျရင် ပိုပျော်ရမယ်လို့ ယုံကြည် တယ်လေ "
" မင်း သတိမထားမိလို့ပါ၊ အောင်အောင်မြင်မြင် မင်းလုပ်ပေးခဲ့သားပဲ၊ ပျော်စရာအကောင်းဆုံး အနှစ် နှစ် ဆယ် နဲ့ ချစ်စရာ ကလေးသုံးယောက် မင်း မွေးပေးခဲ့တယ်လေ၊ ဒါလောက်နဲ့ပဲ လုံလောက်သွားပြီပေါ့၊ ခရီး အဆုံး ဆိုတာ ရှိတယ်လို့ မယုံကြည်နိုင်ဘူးနော် "
" တစ်ချို့နေရာတွေမှာ ရှိပါတယ်၊ ဆက်သွားရင် ခရီးအဆုံးကို ရောက်နိုင်တယ်လေ၊ အဲဒီခရီးမှာမှ ကိုယ် ဘာလိုချင် တယ်၊ ဘာမလိုချင်ဘူး ဆိုတာ ပိုသိလာမယ် "
" မင်းရဲ့ ပြင်သစ် မောင်လေးနဲ့ တွေ့တာမျိုးပေါ့ ဟုတ်လား "
" အင်း … ခုထိတော့ … ဆိုပါတော့လေ ဆာရာတို့ ဆက်ဆံရေးက အနှောင့်အဖွဲ့မထားကြေးဆက်ဆံမျိုး။ ဘ၀ပဒါန ဆိုပါတော့ "
အော်လီဗာ ပြုံးမိသည်။ သည်စကားလုံးကို ဟိုတုန်းကတည်းက ကြားဖူးခဲ့သည်လေ။ ဆာရာ့အကြိုက် စကားလုံးပေါ့။

" ဟိုတုန်းက တက္ကသိုလ်ကျောင်းသူဘ၀ကို မင်း ပြန်ရောက်နေပြီကိုး၊ ရှေ့ကို ဆက် တိုးနော်၊ နောက်ကို ပြန်မလှည့်နဲ့သိလား "
" သိပါတယ်၊ ဒါကြောင့် အိမ်ပြန်မလာတာပေါ့ "
နားလည် ပါသည်။ ခုမှ နားလည်ခြင်းဖြစ်ပါ၏။ ၀မ်းနည်း၍ မဆုံးသော်လည်း နားလည် လာသဖြင့် တော် သေးသည်ဟု ဆိုရမည်ဖြစ်ပါသည်။
" ကိုယ် ဘယ်တော့ ကွာရှင်းစာချုပ် လုပ်ပေးရမလဲ "
ပထမဆုံး မေးလိုက်ခြင်းဖြစ်သည်။ သည်စကားလုံးများကို ပြောဆိုရခြင်းအတွက် ထိထိခိုက်ခိုက် မဖြစ်တော့ ပေ။ အချိန်တန်သဖြင့် အဆင်သင့် ဖြစ်လာခြင်းမျိုးထင်ပါရဲ့။
" သိပ်အရင် မလိုပါဘူး၊ အော်လီအဆင်ပြေတဲ့အခါမှ လုပ်ပါ "
" စိတ်မကောင်းပါဘူး ဆာရာ …. " မျက်ရည်ဝဲမိပြန်ပါ၏။

" စိတ်မကောင်းမဖြစ်ပါနဲ့တော့ အော်လီရယ် "
နှုတ်ဆက်ပြီး စကားဖြတ်လိုက်ကြသည်၊ တမ်းတစရာများ၊ နောင်တရစရာများနှင့် တစ်ကိုယ်တည်း ကျန်ရစ် ခဲ့သည့်အဖြစ်။ ယန်းပီယာဆိုသူ ပြင်သစ်ကောင်လေး၏ ရုပ်လွှာကို စိတ်ကူး ပုံဖော်ကြည့်မိသည်။ သူ၏ ကံကောင်းပုံ ကိုလည်း တွေးနေမိ၏။
ဆမ်ကလေး က ဖအေ့ အိပ်ယာထဲသို့ ရောက်နေပြန်သည်။ နယူးယောက်သို့ ပြောင်းလာပြီးကတည်းက ပထမဆုံး လာအိပ်ခြင်းဖြစ်၏။ အော်လီဗာ့ စိတ်ထဲတွင် အနှောင့်အယှက်မဖြစ်တော့။ သားကလေးနှင့် နီးနီး ကပ်ကပ် နေရသည့်အတွက် ပို၍ပင် ကြည်ကြည်နူးနူးဖြစ်နေ၏။
ထိုအပတ် စနေတနင်္ဂနွေတွင် ပါချေ့စ်တို့ သားအဖ သုံးယောက် ထွက်လာခဲ့ာကသည်။ သည်တစ်ခေါက် ဘင်ဂျမင် ဆီ ရောက်ဖြစ်တော့။ ကလေးတွေက သူတို့ သူငယ်ချင်းများနှင့် ပြန်တွေ့ပြီး အလုပ်ရှုပ်နေကြ သည်။

ဆာရာ၏ ပန်းခြံမှာ ပန်းပွင့်တွေ ဖူးဝေလျက်ရှိ၏။ အက်နက်တစ်ယောက် ပန်းပင်တွေနှင့် အလုပ် ရှုပ်နေ၏။ နယူးယောက်ကို ပန်းခြံတစ်ခုလုံး သယ်သွားချင်လိုက်တာဟု အားမလိုအားမရ ပြောနေသည်။
စနေနေ့ မနက်ခင်း အိပ်ယာတွင် လှဲနေရင်း အော်လီဗာ အတွေးနယ်ချဲ့နေသည်။ အဖေ့ထံမှ ဖုန်းဝင်လာ သည်။ ကောက်ယူပြီး နားထောင်သည်၊ အိပ်ယာပေါ်သို့ ၀ုန်းခနဲထထိုင်လိုက်မိသည်။
မနည်း နားထောင်ယူရ၏။ ငိုရင်း ရှိုက်ရင်းပြောနေခြင်းဖြစ်၏။ အမေကားတိုက်ခံရသည်။ ဆေးရုံပို့ရသည်။ ဒါလောက်ပဲ အဓိပ္ပာယ်ကောက်လို့ ရသည်။
ကျွန်တော်ချက်ချင်းလာခဲ့မယ်ဖေဖေ၊ ဘယ်တုန်းက ဖြစ်တာလဲ "
မနက်ရှစ်နာရီတွင် အခင်းဖြစ်ပွားခြင်းဖြစ်သည်။

အ၀တ်အစား ကပိုကရို ဆံပင်မဖီးမသင်နိုင်ပဲနှင့် တအားမောင်းချသွားသည်။ တစ်နာရီ အတွင်း ဆေးရုံ ရောက်သွား၏။ ဆေးရုံဧည့်ခန်းထဲတွင် ထိုင်ငိုနေသော အဖေ့ကို တွေ့ရသည်။ သားကိုမြင်တော့ ပျောက်နေ သော ကလေးတစ်ယောက်အမေနှင့် ပြန်တွေ့ရသည့်နှယ် လက်နှစ် ဖက်ရှေ့ဆက် ကာ အပြေးထလာသည်။
" ဒုက္ခပါပဲ၊ ဘယ်လိုဖြစ်တာလဲ၊ ပြောပါဦး ဖေဖေ "
" အားလုံး ဖေဖေ့အပြစ်တွေပါ သားရယ်၊ အခြေအနေ တော်တော်လေးကောင်းလာတာနဲ့ ဒီစနေတနင်္ဂနွေ မှာ အိမ်ပြန် နားပါလားဆိုပြီး ဖေဖေခေါ်ပြန်လာတာ "
အောက်မေ့ လွန်လွန်းလို့ ခေါ်ပြန်လာခြင်း ဖြစ်ပါ၏။ ရာစုနှစ်ဝက်နီးပါးအတူတူ အိပ်ခဲ့သည့် ခုတင်ကြီးပေါ် တွင် ဂျော့တစ်ယောက်တည်း ဆက်မနေနိုင်တော့အောင် ချစ်ဇနီးကို အောက်မေ့လွမ်းတစိတ် လျှံဝေ လာသည်။ ဤသို့ဖြင့် ဆရာဝန်တွေတားသည့်ကြားက ဆေးရုံမှာပြုစုသလို အိမ်မှာပြုစုပါ့မယ် ဆိုပြီး ခေါ်ပြန် လာခဲ့၏။

" ဖေဖေ့အရင် သူနိုးနေတယ်၊ ဖေဖေကတော့ သူအ၀တ်အစားတွေ ဘာတွေတောင်လဲပြီးနေပြီ။ မနက်စာ ပြင်မယ်ဆိုပြီး ထွက်သွားတယ်၊ အလုပ်တစ်ခုခုမှာ အာရုံစိုက်နေ တာကောင်းတယ် ဆိုပြီး ဖေဖေလဲ မတား လိုက်ဘူး၊ ရေမိုးချိုး၊ မုတ်ဆိတ်တွေဘာတွေ ရိတ်ပြီး မီးဖိုဆောင် ထဲကို ဖေဖေ ၀င်လိုက်သွားတော့ သူ့ကို မတွေ့ဘူး၊ ခြံထဲဆင်းရှာတော့လဲမရှိဘူး၊ ကားထုတ်ပြီး ကိုးကန်းကိုးကျင်း အနှံ့ဖေဖေလိုက်ရှာတယ် "
ပြောရင်း မျက်ရည်တွေကျလာပြန်သည်။

" ဆေးရုံက လူနာတင်ကား နဲ့ တစ်နေရာမှာ သွားဆုံတယ်၊ တိုက်တဲ့ဒရိုင်ဘာ ပါ ကားပေါ်ပါလာတယ်၊ ၀ုန်း ခနဲ ကားရှေ့ကို ပြေးဝင်လာတာတဲ့၊ ဘရိတ်ကို တအားဆောင့်နင်းပြီး ကွေ့ချလိုက်တာတောင် မရတော့ဘူး တဲ့၊ ဖေဖေ သတ်သလို၊ ဖြစ် … ဖြစ် နေတာ ပေါ့သားရယ်၊ ပုံမှန်မရောက်သေးဘဲ အဖေပြန်ခေါ်လာမိ တယ် လေ "
အမေ့ ကို အထူးအရေးပေါ်ခန်းထဲတွင် တွေ့ရသည်။ ဦးခေါင်းနှင့် အရိုးတော်တော်များများ ထိခိုက်သွား သည်တဲ့။ တိုက်ပြီးပြီးချင်း သတိလစ်သွားပြီးမှာ ကံကောင်းထောက်မခြင်းတစ်မျိုးဖြစ်ကြောင်း ဆရာဝန်တွေ က ရှင်းပြသည်။
သားအဖနှစ်ယောက် တစ်နေကုန်စောင့်ကြသည်။ ခဏ ခဏအခန်းထဲဝင်ကြည့်သည်။ မေမေ ဖိလစ် သတိပြန်လည်မလာတော့။ ဆရာဝန်တွေ လက်လျှော့လိုက်ကြပြီ။ အဖေ့ကို ချော့မော့ပြီး အိမ်ပြန်ပို့လိုက်၏။ အက်နစ် ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြသည်။ ကလေးတွေကို အသိမပေးဖို့ မှာထား၏။

ဧည့်ခန်းထဲတွင် အော်လီဗာ အိပ်ငိုက်နေစဉ် ဆရာဝန် တစ်ယောက် ဘေးနားလာထိုင်သည်။ ညနေ ၆ နာရီ ထိုးပြီး လူနာအခြေအနေကို ရှင်းပြသည်။ နှလုံးဆိုင်ရာ အထောက်အကူပြု စက်ကရိယာများကြောင့် အသက် ရှူနေခြင်းဖြစ်ကြောင်၊ စက်တွေရပ်လိုက်သည်နှင့် အားလုံး ရပ်ဆိုင်း သွားတော့မည်ဖြစ်ကြောင်းရှင်းပြ သည်။
" ကျွန်တော် တို့ ဒီအတိုင်း ဆက်ထားလို့ရပါတယ်၊ ဒါပေမယ့် မလိုအပ်တော့ဘူးထင်တယ် မစ္စတာဝတ်ဆင်၊ အဲဒါတော့ ခင်ဗျားသဘောပါလေ၊ အဖိုးကြီးနဲ့ တိုင်ပင်ချင်လဲ တိုင်ပင်ဦးပေါ့ "
" ကျေးဇူးတင်ပါတယ် ဆရာ "
မပြောရက်သော်လည်း ဖုန်းဆက်ရတော့သည်။်ဂျော့ဆောက်တည်ရာမရဖြစ်သွားသည်။ အပြေးရောက်ချ လာ၏။
သားအဖနှစ်ယောက် အခန်းထဲဝင်သွားတော့ ဆရာတစ်ယောက် စောင့်နေသည်။ ပိုက်တွေ ပြွန်တွေ အမေ့ခန္ဓာကိုယ်တွင် ရှုပ်ယှက်ခတ်လျှက်၊ စက်ကရိယာတွေက လင်းလိုက် မှိတ်လိုက်၊ အချို့ အစိတ်အပိုင်း များက အသံထွက် အချက်ပေးလျက်။

စက်တွေရပ်လိုက်ဖို့ အဖေ့ကို မနည်းနားချရသည်။ မေမေဖိလစ်သည် ငြိမ်းချမ်းစွာ အိပ်ပျော်နေပြီ။ ဂျော့ က လက်တစ်ဖက်ကို အသာယူပြီး လက်ချောင်းကလေးများ ကို နှုတ်ခမ်း တွင် တေ့ပြီးနမ်းသည်။
" မင်းကို ကိုယ်၊ တစ်သက်လုံးချစ်ခဲ့ပါတယ် အချစ်၇ယ်၊ ဘယ်ဘ၀ရောက်ရောက်ဆက်ပြီး ချစ်နေပါ့မယ်၊ တစ်နေ့နေ့ မှာ တို့ပြန်တွေ့ကြမယ်နော် "
အော်လီဗာ မျက်ရည် မဆည်နိုင်တော့၊ ဆရာဝန်တစ်ယောက်ဝင်လာသည်။
ဂျော့သည် ချစ်ဇနီး၏ လက်ကိုကိုင်ထားလျက်က နှုတ်ဆက်သည်။
" အေးအေးဆေးဆေး အိပ်တော့နော် …. "
ဆရာဝန် က စက်ခလုတ်တွေကို နှိပ်လိုက်သည်။ ဤသို့ဖြင့် ဖိလစ် ၀တ်ဆင်သည် နောက်ဆုံး လေကို တစ်ချက် ရှိုက်ပြီး ငြိမ်သက်သွားတော့သည်။
နာရေးသတင်းကို  ကလေးတွေဆီ ဖုန်းဆက်အကြောင်းကြားလိုက်သည်။ ဒက်ဖနီနှင့် ဆရာ့ဆီကိုလည်း လှမ်းပြော လိုက်သည်။ အားလုံးပူဆွေးသောက ရောက်ကြရ၏။ ဆာရာက စာမေးပွဲရှိနေ၍ မလာနိုင်ကြောင်း တောင်းပန်သည်။

အမေ လက် အဖေကိုင်ထားသည့် မြင်ကွင်းအား အော်လီဘာ့မျက်စိထဲက ဖျောက်လို့မရတော့။ ချစ်ချင်း မေတ္တာ ၏ ခိုင်ကြည်တည်မြဲမှု၊ နူးညံ့သာမှုကို မျက်ဝါး ထင်ထင် တွေ့မြင်လိုက်ရသကဲ့သို့ရှိ၏။
သည်မေတ္တာ မျိုးနှင့် မိမိခံစားထိတွေ့ နိုင်ပါတော့မည်လားဟု အော်လီဗာတွေးကြည့်မိသည်။ တစ်ခုတော့ သေချာသွားပြီ၊ အချစ်နှင့် ပြန်လည်ဆုံစည်းခွင့် ရလျှင်လည်း ဆာရာနှင့် မဖြစ်နိုင်တော့။
အသုဘ ကိစ္စ အတောအတွင်း အဖေ့ကို အနီးကပ် ဂရုစိုက်ပေးသည့် မစ္စက်ပေါ်တာ ရှိနေ ၍ ကျေးဇူးတင် မဆုံးဖြစ်ရပါသည်။
ဗုဒ္ဓဟူးနေ့ တွင် အသုဘချသည်။ အခမ်းအနားမှာ ရိုးရိုး ရှင်းရှင်း ကလေးနှင့်ငြိမ်းချမ်းလှသည်။ အမေ ကြိုက် သည့် သီချင်းများ ကို အဖေက ခပ်တိုးတိုးကလေးဖွင့်သည်။ အမေစိုက်ခဲ့သည့် ပန်းခြံထဲမှ သိပ်လှ သည့် ပန်းပွင့်များနှင့် အလောင်းကို ပြင်ထားသည်။

ဓမ္မတေးသံ ငြိမ့်ငြိမ့်အေးအေးဖြင့် ဂူသွင်းသင်္ဂြိုဟ်ပြီးစီးသွားလေပြီ။ အော်လီဗာက အဖေ့ကို ဖေးမလက်တွဲ ပြီး သုဿာန် မှ ပြန်လာခဲ့သည်။ ဂျော့ဝတ်ဆင်၏ ရင်ထဲတွင် ဘာမှမရှိတော့၊ သြော် … ဖိလစ်ရယ်၊ မင်း မရှိပဲ ကိုယ်တစ်ယောက်တည်း ဘယ်လို ခရီးဆက်ရမှာလဲကွယ် "

ဆက်ရန်
.

1 comment:

Anonymous said...

‌တောတော်လာတဲ့မိန်းမဘဲ...သူ့ဟာသူတိရိဆာန်
လို‌နေချင်တာကိုများ..အ‌နှောင်အဖွဲ့မထားတဲ့ဆက်
ဆံ‌ရေးတဲ့..ဘဝပဓာနတဲ့..ကျ.ကျ‌သေး‌တော့..။