Wednesday, May 9, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၁ဝ)

" မမကို ဆမ်ချစ်တယ် "
" မမကလဲ ဆမ် ဘယ်လောက်ဆိုးဆိုး ချစ်ပါတယ်ကွယ် "
မောင်နှမနှစ်ယောက် ရယ်ကြသည်။ မယ်လီဆာက မီးပိတ်လိုက်ပြီး တံခါးအသာပိတ်ကာ ထွက် လာခဲ့ သည်။ မိမိအခန်းထဲသို့ ၀င်မည်အပြုတွင် ဘင်ဂျမင်ကို လှမ်းမြင်လိုက်၏။ အပြင်ထွက်ဖို့ အကြံအဖန် လုပ် နေသည်။ ပြတင်းပေါက်မှ တွဲလောင်းခိုကာ မြေကြီးပေါ်သို့ ခုန်ချသည်။
မယ်လီဆာ က အသံမပြုဘဲ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ အခန်းထဲရောက်တော့ ခန်းဆီးတွေ ဆွဲချပြီး အိပ်ရာပေါ် သို့ လှဲချလိုက်သည်။ တော်တော်နှင့် အိပ်မပျော်တွေးစရာတွေ အများကြီး ရယ်လေ။ ဘင်ဂျမင်နှင့် ဆန္ဒရာ အကြောင်း။ ပြီးတော့ အဖေနှင့် အမေအကြောင်း။
ကို ဆက်ဖတ်ရန်...............

အခန်း (၁၀)

နောက်တစ်နေ့နံနက် ဆယ်နာရီမထိုးခင် အော်လီဗာ ရုံးခန်းထဲသို့ ဒက်ဖနီဝင်လာသည်။ အားလုံး အဆင်ပြေ ခဲ့ကြ သည် အထင်နှင့် မေးသည်။
" အခြေအနေဘယ်လိုလဲ၊ ကောင်းတယ်မဟုတ်လား "
သို့သော် သူ့မျက်လုံးတွေ ကို လှမ်းမြင်လိုက်တော့ အဖြေဆို သူမပြောခင် ဒက်ဖနီသိလိုက်ပြီ။
" မေးမနေပါနဲ့ကွာ "
" ဒက်ဖနီ စိတ်မကောင်းပါဘူး အော်လီဗာ "
သူ့ အတွက် ကလေးများအတွက်ပါ တကယ်စိတ်မကောင်းဖြစ်သွားသည်။

" ကိုယ်လဲစိတ်မကောင်းပါဘူး၊ ဒါထက် ဟိုနေ့ကကြော်ငြာပြီးပြီလား "
ကိုယ်ရေးကိုယ်တာတွေ မပြောကြတော့ဘဲ အလုပ်ထိုင်လုပ်ကြသည်။ လေးနာရီထိုးသွားသည်ကို သူတို့ နှစ်ယောက် စလုံး သတိမထားလိုက်မိကြ။ အလုပ်ထဲတွင် အာရုံပြန်စုစည်းနိုင်ခြင်းအတွက် အော်လီဗာ ၀မ်းသာ နေ၏။ ဆာရာ့ အကြောင်း မစဉ်းစားဘဲ နေနိုင်ခြင်းမှာ အဟောသုခံ ချမ်းသာစွတကား။
ထိုည က အိမ်ကို ကိုးနာရီကျော်မှ ပြန်ရောက်သည်။ လုပ်ငန်းရှင်ကြီးတစ်ယောက်၏ ကြော်ငြာကိစ္စ အရေး ကြီးနေသဖြင့် နောက်ရက်များတွင်လည်း ထိုနည်းနှင်နှင်။ သို့သော် အိမ်တွင် ကလေးတွေ ဟိုတုန်း ကလို မသောင်းကျန်းတော့ ပထမတစ်ကြိမ်ရောက်ပြီး သုံးပတ်ကြာတော့ ကလေးတွေ ဆာရာ က ဘော့စတွန်သို့ အလည်ခေါ်ပြန်သည်။ သည်တစ်ခါတော့ အော်လီဗာ လိုက်မပို့တော့။ ဘင်ဂျမင် ကလည်း ငယ်ချင်းတွေနှင့် စတိတ်ရှိုးထွက်ဖို့ စီစဉ်ပြီးသားဖြစ်နေသဖြင့် မလိုက်နိုင်။ မယ်လီဆာနှင့် ဆမ်ကလေး နှစ်ယောက်တည်းသွား ကြသည်။

သောကြာနေ့ ည အော်လီဗာ အိမ်ပြန်လာတော့ အိမ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ အက်နက်က ခွင့် တောင်းပြီး နယူးဂျာစီ ရှိ သူ့ညီမဆီသို့ အလည်ထွက်သွားသည်။
သူတို့ ကလေးတွေ မရှိပြန်တော့လည်း မနေတတ် မထိုင်တတ်ဖြစ်ကျန်ရစ်၏။ သို့သော် ရင်ထဲပေါ့ သွား သလို လည်းခံစားရ၏။ ဆာရာ ထွက်သွားသည်မှာ သုံးလရှိပြီ။ ရုံးနှင့် အိမ်ကို ကူးသန်းလှုပ်ရှားနေ ရသော် လည်း သူတို့ အတွက် စိတ်ပူရသောကရောက်ရနှင့် နာရီမလပ် ခေါင်းလေးနေခဲ့ရသည် မဟုတ် လား။

ဒက်ဖနီ ပြောသည်မှာ စဉ်းစားစရာကောင်းသည်။ နယူးယောက်ကို ပြောင်းနေလျှင် အားလုံး အဆင်ပြေ သွား မည်။ သို့သော် လောလောဆယ် သူတို့ပြောင်းချင်ကြမည်မဟုတ်။ တစ်နှစ် နှစ်နှစ်တော့ အချိန် ယူပြင်ဆင် ရမည်။ သူမပါဘဲ သည်ကိစ္စမျိုးတွေကို စဉ်းစား ရသည်မှာ ပေါ့ရွှတ်ရွှတ်နိုင် လှသည်။ ဘ၀ သည် ဖုန်းဆိုးလွင် ပြင်လို ခြောက်သွေ့ငြီးငွေ့ဖွယ်ရာ အတိပါတကား။
စနေနေ့ည တွင် အဖေနှင့်အတူ ညစာသွားစားသည်။ တနင်္ဂနွေနေ့တွင် အမေနှင့်သွားတွေ့သည်။ အမေနှင့်တွေ့ ရချိန်များတွင်လည်း စိတ်ဆင်းရဲရသည်ချည်း။ သူ ဘယ်ရောက်နေသည်ကိုသူမသိ။ သိသွားသည့် အခိုက်အတန့်တွင်လည်း အိမ်ပြန်ချင်သည်ဟု ကလေးတစ်ယောက်လို ပူဆာသည်။
" ဖေဖေ ….. နေကောင်းတယ်နော် "
အပြင်ထွက်ပြီး ညစာစားရင်း မေးကြည့်သည်။

" အင်း … ကောင်းတယ်ပဲဆိုပါတော့၊ ဒါပေမယ့် မေမေမရှိဘဲ ဖေဖေတစ်ယောက်တည်းနေရတာ သိပ် ငြီးငွေ့ တယ် သားရယ် "
အော်လီဗာ သက်ပြင်းချသည်။ ပြီးမှမဲ့ပြုံးပြုံးပြီး …
" ကျွန်တော် နားလည်ပါတယ် ဖေဖေ "
သားအဖနှစ်ယောက် ချစ်ဇနိးများနှင့် တကွတပြားဆီ ဖြစ်နေပုံမှာ ရင်နာစရာ လည်းကောင်း၊ ကြေကွဲစရာ လည်းကောင်းလှသည်။
" သားက ကလေးတွေရှိတော့ တော်သေးတာပေါ့ကွာ "
" ဖေဖေ တစ်ခေါက်လောက် သူတို့နဲ့ လာတွေ့ပါဦး၊ ဆန်းက သူ့အဘိုးအကြောင်းမေးလှပြီ "
" ဟုတ်လား၊ မနက်ဖြန်နေ့ခင်းလာခဲ့မယ်လေ "
သည်တော့ မှ သူတို့မရှိကြောင်း၊ သူ့အမေဆီ သွားကြကြောင်းပြောပြရသည်။

ပထမ တစ်ခေါက်တုန်း ကလိုပင် မောင်နှမနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်ပြန်လာကြသည်။ သို့သော် ဘော့စတွန် အကြောင်း ဖေဖေ့ ကို သိပ်မပြောရန် မယ်လီဆာက ဆမ်ကလေးအား သတိပေး ထား သည်။ အထူးသဖြင့် ယန်းပီယာ အကြောင်း လုံးဝထည့်မပြောရန် ပိတ်ထားသည်။ သူက မေမေ့ သူငယ်ချင်းလေ။ စနေနေ့ ညက သူတို့ မောင်နှမနှင့် လာတွေ့သည်။
ယန်းပီယာ က မေမေ့အပေါ် တိမ်းညွတ်နေကြောင်း မယ်လီဆာအကဲခတ်မိ၏။ သူက အသက်အစိတ်သာ ရှိသေး သည့် လူငယ်တစ်ဦးဖြစ်သည်။ ပြင်သစ်တွင် ဘွဲ့ယူပြီးသားဖြစ်ပြီး ဟားဗတ်တွင် ဘွဲ့လွန် သင်တန်း လာတက်နေခြင်းဖြစ်၏။
သူတို့မောင်နှမ ကို ရယ်စရာတွေအများကြီး ပြောပြသည်။ အားလုံးတ၀ါးဝါးရယ်ကြရသည်။ တပျော်တပါး မုန့် တွေ လုပ်စားကြ သည်။ ဆမ်ကလေး က ယန်းပီယာကို တအားသဘောကျနေ၏။ သို့သော် ဖေဖေ့ ကို ပြောလို့ ကောင်း သည့် ကိစ္စမဟုတ်ဟု မယ်လီဆာသိနေ၏။

" သူက မေမေနဲ့ ရည်းစားလားဟင် "
ဆမ်ကလေး သိချင်နေ၏။ ဘယ်လိုပါလိမ့်။ မဟုတ်ရင် သူက ဘာလို့ မီးဖိုခန်းထဲ မှာ မေမေ့ကို နမ်းရတာ လဲ။ ဆမ်လှမ်းမြင်လိုက်သည်လေ။
မယ်လီဆာ က ပျာပျာသလဲ …
" ဟဲ့ …. မဟုတ်တရုတ် "
ကျောင်းပိတ်ရက် တွင် သူတို့မောင်နှမနှင့် မေမေက ခရီးထွက်မည်ဆို၍ နှစ်ယောက်သား ရင်တွေ ခုန်ကာ မြူးနေကြ၏။
ဆမ်ကလေး က သိချင်ဇောဖြင့် …
" ဘယ်ကိုသွားမှာဟဲဟင် မေမေ "
" မသိသေးဘူးသား၊ ကြည့်သေးတာပေါ့ "
နောက်ဆုံး တွင် မက်ဆာချူးဆက်ကိုသွားဖို့၊ ဆောင်းဦးတွင် စကိတ်စီးကြဖို့ ဆုံးဖြတ်လိုက်သည်။

သူတို့မောင်နှမ ပြန်ရောက်လာပြီး ငါးရက်အကြာတွင် ဘင်ဂျမင့်ကျောင်းမှ အော်လီဗာ့ရုံးသို့ ဖုန်းဆက် သည်။ ဘင်ဂျမင် ကျောင်းပျက်နေသည်မှာ လနှင့်ချီရှိပြီဖြစ်ကြောင်း တိုင်ကြားခြင်းဖြစ်သည်။ သည်အတိုင်းဆက် သွားလျှင် စာမေးပွဲကျဖို့ သေချာကြောင်းနှင့် သူ့ကို နွေရာသီကျောင်းပိတ်ရက် ခံစား ခွင့် ရုပ်သိမ်းထားကြောင်းများကို ရှင်းပြသည်။
အစည်းအဝေး ခန်းထဲမှထွက်ပြီး ဖုန်းနားထောင်ခြင်းဖြစ်၏။ ဘင်ဂျမင်တစ်ယောက် ကစားရင်း ထိခိုက် ဒဏ်ရာ ရလို့များ လားဟု အထိတ်တလန့်နှင့်ဖုန်းကိုင်သည်။ ခုတော့ သည့်ထက်ဆိုးသည့် အဖြစ် ပါလား။ မယုံနိုင်အောင် လည်း ဖြစ်နေ၏။

" ကျွန်တော်တော့ မယုံနိုင်အောင်ဘဲ၊ သူ့အမှတ်တွေ အမြဲတန်း ဂုဏ်ထူးတန်းဆက်ဖို့ မီတဲ့အမှတ်တွေပဲ "
" ဟိုတုန်း က ဟုတ်ပါတယ် မစ္စတာဝတ်ဆင် "
လက်ထောက်ကျောင်းအုပ်ကြီးကိုယ်တိုင် ဆက်နေခြင်းဖြစ်သည်။
" ဇန်န၀ါရီလောက်ကစပြီး သူ ကျောင်းပျက်နေခဲ့တာပါ၊ ခုတော့ ဘာသာတိုင်း မှာလိုလို ကျောင်းခေါ်ချိန် မမီ တော့ဘူးခင်ဗျ"
" ဆရာတို့ ဘာလို့ ကျွန်တော့်ဆီ အကြောင်းမကြားသလဲ၊ ဘာပြုလို့ ဒီအခြေအနေထိ လက်ပိုက်ကြည့်နေ ကြတာ လဲ "
ဘင်ဂျမင့် ကိုရော ကျောင်းကိုပါ ဒေါသဖြစ်မိ၏။ ပြီးတော့ ဆာရာ … စင်စစ် မိမိကိုယ်တိုင်လည်း အပြစ် မကင်း။ စိတ်ညစ်စရာတို့သည် ဆုံးနိုင်တော့မည်မထင်။

" ကျွန်တော် တို့ တိုင်စာတွေပို့တာ မနည်းတော့ပါဘူး မစ္စတာဝတ်ဆင်၊ ဘာမှအကြောင်းမထူးခဲ့ပါဘူး "
" ခွေးမသား "
အော်လီဗာ ချက်ချင်းသိလိုက်ပြီ။ သူပဲဖျောက်ဖျက်ပစ်တာဖြစ်ရမည်။
" ဒါဆို သူ့ရဲ့တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကိစ္စကောဆရာကြီး "
" အဲဒါ ကျွန်တော် မသိသေးဘူး၊ သူလျှောက်မယ့်ကျောင်းကို ကျွန်တော်တို့ကထောက်ခံပြီး ပို့ပေးရမှာ၊ သူဟာ ဒီလိုမဖြစ်ခင် စာတော်တဲ့ကျောင်းသားမို့ နွေရာသီသင်တန်းဆက်တက်ဖို့ စဉ်းစားထားပါတယ်၊ အဲဒါ ဟာ သူ့နောက်ဆုံးအခွင့်အရေးပဲ"
အော်လီဗာ မျက်လုံး အစုံကိုပိတ်ထားလိုက်သည်။ အားလုံးကိုခြုံပြီး စဉ်းစားလိုက်၏။

" ကျွန်တော် သဘောပေါက်ပါတယ်ဆရာကြီး၊ ဒါထက် ကျောင်းမှာ သူ ဘာတွေဖြစ်နေသလဲဆိုတာ ဆရာကြီး တို့ တစွန်းတစ သိထားတာများရှိပါသလား "
စိတ်ထဲ တွင် လေးနေ၏။ အဖြေကို ကြားရမည်ကိုလည်း ကြောက်နေ၏။
" သိပ်ပြီး ဆန်းကြယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူးလေ "
" ဗျာ ….. ဘာအဓိပ္ပာယ်ပါလဲ ဆရာကြီး "
" ဘင်ဂျမင် ခုလိုဖြစ်သွားတာ ဆန္ဒရာကာတာဆိုတဲ့ ကောင်မလေးကြောင့်လို့ ထင်ရတာပဲ၊ ကလေးမ ကိုယ်တိုင်က ပြဿနာနဲ့လေ၊ သူက ဘင်ဂျမင်လို စာတော်တဲ့ အဆင့်အတန်းထဲက မဟုတ်ပါဘူး …
" မိဘနဲ့ လဲ အိမ်မှာ အဆင်မပြေဘူး၊ ဒီကလေးမမျိုးနဲ့ ဘင်ဂျမင် ပတ်သက်လာတော့ သူပါ စိတ်လေသွားပုံ ရပါတယ်၊ ကောင်မလေးက ကျောင်းထုတ်ခံရမယ်တောင် ကြားနေတယ်၊ သူ့အမေ ကိုလဲ ခေါ် ပြောပြီးပြီ၊ ဒီအတိုင်းဆိုရင် ဘယ်လိုမှ စာမေးပွဲအောင်နိုင်စရာအကြောင်း မရှိဘူး "
လက်စ သတ်တော့ သည်ကောင်မလေးမျိုးနှင့် ဖြစ်နေတာကိုး။ ညမထွက်ရ အမိန့်ထုတ် ထားတော့ နေ့ပိုင်း မှာ ကျောင်းလစ်ပြီး ကောင်မလေးနှင့် ကလေရိုက်နေခြင်းဖြစ်မည်။

" ကျေးဇူးင်ပါ တယ် ဆရာကြီး၊ ကျွန်တော် ကြည့်ပြီး စီစဉ်ပါ့မယ်၊ သူ ကောလိပ်ဆက်တက်ဖို့ ကိစ္စကို ကျွန်တော် အထိမခံနိုင်ပါဘူး ဆရာကြီး "
" သူ့ကို အနီးကပ်ကြည့်ဖို့လိုတယ် မစ္စတာ ၀တ်ဆင်၊ အင်း …. အမေလဲ မရှိတော့ လွယ်တော့မလွယ် …"
ဆရာကြီး စကားပြတ်သွားသည်။

အမေ မရှိသော်လည်း မိမိ အတတ်နိုင်ဆုံး ကြိုးစားနေသည်။ ဘင်ဂျမင်၏ စကားလုံးတွေ နားထဲတွင် ပဲ့တင် လာသည်။ " ဖေဖေက ညကိုးနာရီမထိုးမချင်း အိမ်ပြန်မလာဘူး"
" ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ် ဆရာကြီး၊ ဒီည ကျွန်တော် သူနဲ့ ဆွေးနွေးပါ့မယ် "
" ကောင်း ပါတယ်၊ ကျွန်တော်တို့ဘက်ကလဲ ကြိုးစားပါ့မယ် "
" အခြေအနေ ထူးရင် ကျွန်တော့် ရုံးကိုပဲ ဆက်ပါ ဆရာကြီး "
" ဟုတ်ပါပြီ "
တယ်လီဖုန်း ချလိုက်သည်။ ခေါင်းငိုက်စိုက်ကျနေ၏။ ခက်ခဲစွာ အသက်ရှူနေရင်း ဘာဆက်လုပ် ရမှန်းမသိ ဖြစ်နေ၏။ ဆာရာ့ဆီသို့ ဖုန်းကောက်လှည့်သည်။ တော်ပါသေးရဲ့၊ အိမ်တွင် သူ မရှိ။ သူနှင့် လည်း မဆိုင် တော့ဘူးလေ။ သည်ကိစ္စမျိုးတွေကိုပါ သူ မျက်နှာလွှဲသွားခဲ့ပြီပဲ။ တစ်ကိုယ်တော် ဖြေရှင်း ရုံပေါ့။

ရုံးမှ လေးနာရီခွဲခွဲချင်း ဆင်းခဲ့သည်။ ည ခြောက်နာရီတွင် အိမ်ပြန်ရောက်သည်။ ဘင်ဂျမင်ကို အဆင်သင့် တွေ့ရသည်။ လက်ထဲတွင် စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နှင့် ကျောင်းက ပြန်လာလေဟန်။
" ဘင်ဂျမင် စာကြည့်ခန်းထဲ လာခဲ့စမ်း "
" ဘာပြု လို့လဲ ဖေဖေ "
အဖေ့မျက်နှာ ကို လှမ်းမြင်လိုက်ကတည်းက တစ်ခုခုဖြစ်ပြီဟုသိလိုက်၏။ အခန်းဝရောက် သည်နှင့် အော်လီဗာ က ဘာမှမပြောဘဲ မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။ ဘင်ဂျမင်၏ မျက်နှာကလေး ရဲခနဲဖြစ် သွားပြီး တစ်ဖက် သို့ လည်ထွက်သွားသည်။ ရိုက်မိပြီးမှ စိတ်မကောင်းဖြစ်သွား၏။
တစ်သက်နှင့် တစ်ကိုယ် သားသမီးများကို ပထမဆုံး ရိုက်နှက်မိခြင်း။ အဖေအားလုံးသိသွားပြီဟု ဘင်ဂျမင် နားလည် လိုက်ပြီ။

" ဖေဖေ စိတ်မကောင်းပါဘူး၊ သားကိုရိုက်ပြီး ဆုံးမဖို့ ဖေဖေ မရည်ရွယ်ပါဘူး၊ ဒါပေမယ့် မင်းလုပ်ပုံက …. လက်စသတ်တော့ မင်းအဖေ့ကို လှည့်ပတ်လိမ့်ကောက်ထားတာကိုး၊ ဒီနေ့ ကျောင်းက ဖုန်းဆက်ပြီး တိုင် တယ်၊ ပြောစမ်း …. မင်း ဘာတွေဖြစ်နေတာလဲ "
" ကျွန်တော် လဲ စိတ်မကောင်းပါဘူး ဖေဖေ "
ကြမ်းပြင် ကို ငုံ့ကြည့်နေရာမှ ခေါင်းမော့လာပြီး ..
" ကျွန်တော် …. ကျွန်တော် …. ဘာပြောရမှန်း မသိတော့ဘူး ဖေဖေ "
" မင်း နွေရာသီကျောင်းပိတ်ရက် ကို ခံစားခွင့် မရှိတော့ဘူးဆိုတာ သိရဲ့လား "
ဘင်ဂျမင် ခေါင်းညိတ်သည်။

" မင်း ဒီအတိုင်းသွားရင် ကောလိပ်နဲ့ဝေးပြီ ဆိုတာကော သိရဲ့လား၊ နွေရာသီ ဆက်တက် လို့မှ ကျောင်းခေါ် ချိန်မပြည့် ရင် ဒီတစ်နှစ်ရှုံးပြီဆိုတာကော မင်းသိရဲ့လား၊ နေပါဦး … ကျောင်းကပို့တဲ့ တိုင်စာတွေ ဘယ်ရောက်ကုန်လဲ "
" ကျွန်တော် ဆုတ်ဖြဲပစ်လိုက်တာပါ "
ဘင်ဂျမင် အမှန်အတိုင်းပြောသည်။ ချက်ချင်း ဆယ်နှစ်သား အရွယ်ကလေးနှင့် တူသွားပြန်၏။ အဖေ့ကို မျက်နှာငယ် ကလေးနှင့်ကြည့်နေသည်။
" ကျွန်တော် ပြန်ထိန်းဖို့ ကြိုးစားရင်း …. ကြိုးစားရင်း … ဖေဖေ မသိပါဘူးလေ "
အော်လီဗာ က အခန်းထဲတွင် လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး သူ့ကို စိန်းစိန်းကြည့်သည်။
" ဟိုကောင်မလေး နဲ့ မင်းရှုပ်နေတာ မဟုတ်လား၊ ဘာတဲ့ ဆန္ဒရာကာတာဆိုလား "
အော်လီဗာ အကဲခတ် မိပါသည်။ သို့သော် ခုလို ထိန်းမနိုင်သိမ်းမရ ဖြစ်လာမည်မထင်ခဲ့။

" မင်း ဒီကောင်မလေးနဲ့ လွနလွန်ကျူးကျူးတွေဖြစ်နေပြီမဟုတ်လား၊ ဘယ်လောက်ကြာပြီလဲ … ပြောစမ်း "
ဘင်ဂျမင် ခေါင်းငိုက်စိုက် ကျသွားပြန်သည်။ တော်တော်နှင့်မဖြေ။
" ဟေ့ …. ပြောလေကွာ၊ ကောင်မလေးက ကျောင်းထုတ်ခံရတော့မယ်ဆို၊ ဘယ်လိုမိန်းကလေးမျိုးလဲ၊ ဘာပြု လို့ မင်းမခေါ်လာရဲတာလဲ "
" ဆန္ဒရာ က တော်ရှာပါတယ်ဖေဖေ "
ဖအေကို ဆတ်ခနဲ မော့ကြည့်သည်။ မျက်လုံးများထဲတွင် ခွန်အားတွေအပြည့်။ အချစ်သည် ခွန်အား မဟုတ် လား။
" ကျွန်တော် သူ့ကို သိပ်ချစ်တယ်ဖေဖေ၊ သူ့အတွက် ကျွန်တော် လိုအပ်တယ် "
ဒုတိယမေးခွန်း ကို မဖြေဘဲနေသည်။

" လိုက်ဖက်တာပေါ့ကွာ၊ နှစ်ယောက်စလုံး ကျောင်းထုတ်ခံရမယ့်ဆဲဆဲတွေ "
" သူ ကျောင်းထုတ်မခံရသေးပါဘူးဖေဖေ၊ လောလောဆယ် သူ့မှာ သိပ်အကြပ်အတည်း တွေ့နေရလို့ပါ၊ သူ့အဖေ က နောက်မိန်းမ ယူသွားတယ်၊ ပြီးတော့ … အဲဒါတွေပြောရရင် အရှည်ကြီးပဲ၊ ထားပါတော့လေ "
" သိပ်နားထောင်လို့ကောင်းတဲ့ ဇာတ်လမ်းပဲ၊ မင်းကလဲ အမေအိမ်က ဆင်းသွားတော့ ဘ၀တူပေါ့၊ တတွဲတွဲလျှောက် သွားလိုက်၊ ကျောင်းလစ်လိုက်နဲ့ ပျော်စရာကြီးပေါ့၊ နေပါဦး၊ မင်းတို့ဘာလုပ် စားကြ မှာလဲ …

" ဓာတ်ဆီဆိုင်မှာ မင်းက ဆီထည့်သမားလုပ်၊ ကောင်မလေး က အရက်ဆိုင်မှာ စားပွဲထိုးလုပ်၊ ဒီမယ် ဘင်ဂျမင်၊ မင်းကိုငါ အဲဒီအဖြစ်မျိုး အရောက်မခံနိုင်ဘူး၊ မင်းကိုယ်မင်းလဲ အရောက် မခံရဘူး၊ သေတော့ မှာပဲ၊ မင်းကိုယ်မင်း ပြန်ထိန်းစမ်း …. ဘင်ဂျမင် "
အဖေ့မျက်နှာ သည်မျှ တင်းမာသည်ကို ဘင်ဂျမင် တစ်ခါမျှ မမြင်ဖူးခဲ့။
" မင်း ဒီကောင်မလေး နဲ့ လုံးဝ အဆက်ဖြတ်ရမယ်၊ ခုချိန်ကစဖြတ်ရမယ်၊ ပြောမရရင် မင်းကိုငါ စစ်တပ်ထဲ ကကျောင်းကို ပို့ပစ်မယ်၊ နားလည်လား …
" မင်း ဘ၀ ကို မင်း စိတ်ဓာတ်ကျတာနဲ့ ကလေကချေ လွှင့်ပစ်နိုင်ပေမယ့် ငါ အဲဒီလို အဖြစ်မခံနိုင်ဘူးကွ၊ စိတ်ဓာတ် က မင်းတစ်ယောက်တည်းကျတာ မဟုတ်ဘူး၊ အားလုံးကျနေတာ၊ ဒီမယ် ဘင်ဂျမင် … ဘ၀ ဆိုတာ တစ်ချက်မှားရင် အဖတ်ဆယ်လို့ ရတာမျိုးမဟုတ်ဘူး၊ နားလည်လား "

ဘင်ဂျမင်က အဖေကို ဘာမှဝင်မပြောဘဲ ငေးကြည့်နေသည်။ မျက်နှာမှာမူ အဖေနှင့်အပြိုင် တင်းမာ လျက်။ သို့သော် ဘင်ဂျမင်က အမေ့သွေးပါ၍ ပိုပြီးခေါင်းမာမည့်ပုံပေါ်နေ၏။
" ကျွန်တော် ကျောင်းမှန်မှန်ပြန်တက်ပါ့မယ် ဖေဖေ၊ အမှတ်တွေပြန်တက်လာအောင်လဲ လုပ်ပါ့မယ်၊ ဒါပေမယ့် ဆန္ဒရာ နဲ့ မတွေ့ဘဲမနေနိုင်ဘူး "
" ဘာ … နေနိုင်ရမယ်၊ ငါပြောရင် ပြောတဲ့အတိုင်း လုပ်ရမယ်၊ နားလည်လား "
ဘင်ဂျမင် မတ်တတ်ထရပ်သည်။ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ဖအေ့ကိုကြည့်သည်။
" ကျွန်တော် ရိုးရိုးသားသား ပြောတာပါဖေဖေ၊ ကျွန်တော် မတွေ့ဘဲမနေနိုင်ပါဘူး၊ အဖေမကျေနပ်ရင် ကျွန်တော် အိမ်က ဆင်းသွားရုံပါပဲ "
" ဒါဟာ မင်းရဲ့နောက်ဆုံးစကားလား " ဘင်ဂျမင် ခေါင်းညိတ်သည်။

" ကောင်းပြီ၊ တွေ့ကြသေးတာပေါ့ကွာ၊ ဒီမယ် ဘင်ဂျမင် ၀တ်ဆင်၊ မင်းရဲ့ အမှတ်တွေ ပြန်တက် မလာမချင်း၊ ငါးမိနစ်တောင် ကျောင်းမလစ်ပါဘူးလို့ ကျောင်းကမပြောမချင်း အတန်းတင် စာမေးပွဲ မအောင်မချင်း၊ အဆင့် မြင့်တဲ့ ကောလိပ်ကို ၀င်ခွင့်မရမချင်း မင်း ဒီကောင်မလေး နဲ့ မတွေ့ရဘူး "
သားအဖနှစ်ယောက် တစ်ဦးကို တစ်ဦး စိုက်ကြည့်နေကြ၏။ သူတို့မျက်လုံး များထဲ တွင် မေတ္တာ အရိပ်အယောင် များ မရှိကြတော့။ ယင်းအစား မီးလျှံများကို တွေ့ရသည်။
" လိုအပ်ရင် ကောင်မလေးအမေနဲ့ ငါသွားတွေ့မယ်"
" ဖေဖေ သွားလဲ တွေ့မှာ မဟုတ်ပါဘူး "
သားလုပ်သူ ကို ကြည့်ပြီး အော်လီဗာ စိတ်ထိခိုက်သွားသည်။ တော်တော် စွဲစွဲလမ်းလမ်း ဖြစ်နေပုံရ၏။

" ကောင်မလေး က သိပ်လှတယ်ထင်တယ်၊ ဟုတ်လား "
" ကျွန်တော်သွားနိုင်ပြီလား "
" သွားနိုင်ပြီ "
ဘင်ဂျမင် တံခါးဝအရောက်တွင် လှမ်းပြောလိုက်သည်။ အော်လီဗာ၏အသံမှာ ချက်ချင်းနူးညံ့သွား၏။
" သား ကို ရိုက်မိတဲ့အတွက် ဖေဖေစိတ်မကောင်းပါဘူး၊ ဒါပေမယ့် ဖေဖေ့ဘက်က သည်းခံနိုင်စွမ်းကုန် သွားပြီလေ "
ဘင်ဂျမင် ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်သွားသည်။ ကုလားထိုင်ပေါ်သို့ အော်လီဗာ အရုပ်ကြိုးပြတ် ထိုင် ချ လိုက်သည်။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေ၏။
နောက်တစ်ပတ် ကြာမှ အော်လီဗာ သည်ကိစ္စကို ခေါင်းအေးအေးနှင့် ပြန်စဉ်းစားနိုင်သည်။ လုပ်သင့် သည် များ  လုပ်စရာ များကို ကြည်ကြည်လင်လင် မြင်လာသည်။ ကျောင်းကိုလိုက်သွားပြီး ဆရာကြီးနှင့် ဆွေးနွေး သည်။ ဘင်ဂျမင် ၏ ပညာရေးအတွက် အကောင်းဆုံးနည်းလမ်းများကို ရှာဖွေကြ သည်။

ကျောင်းပိတ်ရက်တွင် မောင်နှမသုံးယောက်စလုံးကို သူတို့ အမေဆီလွှတ်လိုက်သည်။ ဘင်ဂျမင်က ထုံးစံ အတိုင်း မသွား လိုကြောင်း ငြင်းသည်။ သို့သော် အော်လီဗာက မလိုက်မနေ ရအမိန့်ထုတ်ကာ လိုက် သွား စေသည်။
သူတို့ သွားနေစဉ်အတွင်း အော်လီဗာ ကျောင်းလေး ကျောင်းနှင့် စကားပြောသည်။ အဆင့်မီ ကျောင်းတစ်ကျောင်း က အော်လီဗာ့ကို လိုလိုချင်ချင်ရှိသည်။ နယူးယောက်တွင် အခန်း တစ်ခန်း ၀ယ်ပြီး အမြန်ဆုံးပြောင်း ဖို့ စီစဉ်ရမည်။ မောင်နှမသုံးယောက်စလုံးကို နယူးယောက်ကျောင်း များတွင် ပြောင်းထား တော့မည်။ ဤနည်းမှလွဲ၍ ဘင်ဂျမင်အား ကယ်တင်ဖို့ နည်းလမ်း မရှိတော့။ နယူးယောက်မှာဆိုလျှင် မိမိ အနေဖြင့်လည်း အိမ်ကို အစောကြီး ပြန်ရောက်နိုင်သည်လေ။ လွန်ခဲ့သည့်နှစ်လက ဒက်ဖနီပေးခဲ့သည့် အကြံ။ ဟိုတုန်းက အလောတကြီး လုပ်ဖို့ စိတ်ကူးမရှိခဲ့။ ခုတော့ မလောက်၍ မဖြစ်တော့။

သုံးယောက် စလုံး ကျောင်းပြောင်းရွှေ့ရေးကိစ္စ အထစ်အငေါ့မရှိ အဆင်ပြေသည်။ အိပ်ခန်း ကျယ်ကြီး လေးခန်း ပါသည့် တိုက်ခန်း ရသည်။ ဓာတ်လှေကားမောင်းသမားက တစ်ယောက်၊ အောက်ထပ် တံခါးမှူး က တစ်ယောက်၊ အလွန်မတန် အဆင်ပြေလှသည်။ မီးဖိုဆောင် ကလည်း ခေတ်မီကိရိယာ များဖြင့် ဖိတ်ဖိတ် တောက်နေ၏။ ဒက်ဖနီ၏ အကူအညီဖြင့် အခန်းကို အလှပ ဆုံး ဖြစ်အောင် ပြင်ဆင်ထားပြီးပြီ။ ရှိစုမဲ့စု ပိုက်ဆံလည်း ကုန်သလောက်ဖြစ်သွား၏။ သို့သော် အော်လီ့ဗာ မမှု။ သားသမီးတွေပြန်လာ၍ အံ့သြ၀မ်းသာ ဖြစ်ကြမည့် အရေး ကို တွေးပြီးပျော်နေ သည်။
ဧည့်ခန်းထဲတွင်ထိုင်ပြီး အခန်းအရောင်းအ၀ယ် စာချုပ်ကို လက်မှတ်ထိုးနေသော အော်လီဗာ့အား ဒက်ဖနီ ငေးကြည့်နေသည်။ အော်လီဗာက ခပ်ညည်းညည်းပြောသည်။

" အင်း …. အားလုံးအဆင်ပြေတန်ကောင်းပါရဲ့ "
" ပြောရမှာပေါ့ အော်လီဗာရယ်၊ ကလေးတွေ ဘာပြောမလဲ မသိဘူးနော် "
" ဘင်ဂျမင် အတွက် လုပ်ရတာပဲလေ၊ သူတို့ ပျော်ကြမျာပါ၊ ဒီမှာ ကျောင်းတက်ရတာ အဆင်မပြေရင်လဲ ပါချေစ့်ကို ပြန်ပြောင်းရုံပေါ့၊ မင်းအကြံပေးတုန်းက လုပ်လိုက်ရင် ဒီလိုဖြစ်ချင်မှ ဖြစ်မှာနော် "
ဒက်ဖနီ ခေါင်းတညိတ်ညိတ် နားထောင်နေသည်။
" အော်လီဗာ လုပ်တာတွေ မှန်ပါတယ်၊ ဒါပေမယ့် ကလေးတွေအနေနဲ့ အဲဒီ အပြောင်းအလဲနဲ့ ချက်ချင်း ခွင်ကျပါ့မလားလို့ "
" ဒါလောက်ကောင်း တဲ့ အခန်းကို သူတို့ သဘောမကျဘဲ နေပါ့မလား "
ဧည့်ခန်း ပတ်ပတ်လည်ကို အော်လီဗာ လျှောက်ကြည့်နေသည်။ မျက်စိပသာဒဖြစ်စေမည့် အရောင်စပ်ဟပ် မှုများနှင့် ကျက်သရေရှိလှသည်။ အိပ်ခန်းတွေကို သူတို့ သလောကျမည်။ အထူးသဖြင့် မယ်လီဆာ သူ့ အခန်း ကို သူကြိုက်မည်မှာ သေချာသည်။

အခန်းကြီးမှာ ဗဟိုပန်းခြံနှင့် နျစ်ပြလောက်သာ ဝေးသည့် သစ်ပင်တွေ စီစီရီရီနျင့် ၈၄ လမ်း အရှေ့ပိုင်းတွင် တည်ရှိသည်၊ အကွက်အကွင်း အကောင်းဆုံးနေရာဖြစ်၏။
" ကိုယ့်လုပ်တာတွေ ကြောင်တောင်တောင်များ ဖြစ်နေမလား ဒက်ဖနီ "
ဒကဖနီ ထောက်ပြမျ ကလေးတွေ သဘောကျကြပါ့မလား ဟု သံသယဖြစ်လာသည်။ စိတ်ထဲ စနိုးစနောင့် ဖြစ်သွား၏။
" အော်လီဗာက လုပ်သင့်လုပ်ထိုက်တာတွေ လုပ်တာပဲ မကြောက်ပါဘူး၊ ဒါပေမယ့် ချက်ချင်း ဆွေ့ဆွေ့ခုန် ၀မ်းသာကြမယ်တော့ မမျှော်လင့်နဲ့ပေါ့၊ ပထမတော့၊ သူတို့ အထိတ်တလန့် ဖြစ်သွားဦးမှာပဲ၊ နေသားကျ သွားအောင် အချိန်တော့ ပေးရလိမ့်မြယ် "
" ဟုတ်တယ် ဒက်ဖနီ၊ အဲဒါပဲ ကိုယ်လဲ စဉ်းစားနေတာ "
နောက်တစ်နေ့ တွင် မောင်နှမတွေကို လေယာဉ်ကွင်းသို့ သွားကြိုပြီး ပြန်အလာတွင် ပြောပြလိုက်သည်။ သူတို့ အတွက် အံ့သြစရာ တစ်ခုရှိကြောင်း၊ ခု မပြောသေးဘဲ ထားဦးမည်ဖြစ်ကြောင်း ပြောတော့ သူတို့ ရင် တွေခုန်နေကြပုံရသည်။

သူတို့ အမေနှင့် စကိတ်စီး ခရီးထွက်ကြပုံ အတွေ့အကြုံတွေကို အားရပါးရ ပြောပြကြသည်။
" သမီးတို့ ဒက်ဖနီနဲ့ ဒီနေ့ မတွေ့ရဘူးလားဟင် "
မယ်လီဆာ က မေးသည်။ အော်လီဗာက ကားမောင်းနေရင်း ခေါင်းယမ်းပြ၏။ နယူးယောက် ပြောင်းနေဖို့ ကိစ္စ နံနက်ကမှ အက်နက်အားပြောပြသည်။ ပထမ တွေ နေပြီး နောက်မှ လိုက်ဖို့ သဘောတူ သည်။ ကလေးတွေ ကို သူ ခင်တွယ်နေပြီလေ။
၈၄ လမ်း အဆောက်အအုံကြီး၏ရှေတွင် ကားထိုးရပ်လိုက်၏။ အဆောက်အအုံထဲသို့ သူတို့အား ဦးဆောင် ခေါ်သွားသည်။ မောင်နှမတွေ ကျီးကန်းတောင်းမှောက် ကြည့်ရင်းလိုက်လာသည်။
" ဒီမှာ ဘယ်သူရှိလို့လဲဟင် ဖေဖေ "
ဆမ်၏ အမေးကို အော်လီဗာက ခေါင်းယမ်းပြီး ဖြေသည်။ ဓာတ်လှေကားထဲသို့ ၀င်ခဲ့ပြီး ခုနစ်ထပ်သို့ ပို့ခိုင်း ၏။ ဓာတ်လှေကားသမားက အော်လီဗာကို မှတ်မိသည်။ အခန်း (၇)အိတ်ခ်ျကို ၀ယ်လိုက်သည့် လူသစ် မိသားစု ကို တလေးတစားမောင်းပို့သည်။

အော်လီဗာက တံခါးမကြီးရှေ့တွင် ရပ်ပြီး ခလုတ်နှိပ်လိုက်သည်။ အတွင်းက ဘာသံမှ မကြားရတော့ ပခုံး တွန့်ပြသည်။ ပြီးမှ အိတ်ထဲကတော့ ထုတ်ကာ တံခါးဖွင့်သည်။ ကလေးတွေ အလျင်ဝင်စေဖို့ တံခါးကို အကျယ်ကြီး ဆွဲဟပေး သည်။ မောင်နှမသုံးယောက် အဖေ့ကို အူကြောင်ကြောင် ၀ိုင်းကြည့်နေကြ၏။
" ရဲဘော်တို့ ….. ၀င်ကြလေကွယ် "
" ဒါ ဘယ်သူ့အခန်းလဲ "
မယ်လီဆာက မ၀င်ရဲသေးဘဲ တိုးတိုးကလေး မေးသည်။ သို့သော် ဆမ်ကလေးက စွတ်ဝင် သွားပြီး လျှောက် ကြည့်နေပြီ။ အထဲ မှာ ဘယ်သူမှ မတွေ့ရတော့ နောက်ဘက်လှည့်ပြီး ကျန်လူတွေ ၀င်ခဲ့ဖို့ အချက်ပြ သည်။
ပထမအခြေအနေကို သဘောပေါက်လိုက်သူက ဘင်ဂျမင်။
" ဟယ် … လှလိုက်တာ "
ဧည့်ခန်းထဲမှာ ရှေးဟောင်းပစ္စည်းတွေကို မြင်တော့ မယ်လီဆာ ရင်သပ်ရှုမောဖြစ်သွားသည်။
အော်လီဗာ ပြုံးနေ၏။

" သမီး သဘောကျတာတွေ့ရလို့ ဖေဖေ သိပ်ဝမ်းသာတယ်၊ ဒါ ဖေဖေတို့ရဲ့ နယူးယောက် အိမ်လေ၊ ဘယ်လိုလဲ အားလုံး သဘောကျတယ် မဟုတ်လား "
မယ်လီဆာ ရင်တွေခုန်နေသည်။
" ဟုတ်လား၊ ဘယ်တော့ ပြောင်းရမှာလဲဟင် ဖေဖေ "
နယူးယောက်တွင် နေဖို့ သူတို့ တစ်ခါမျှ စိတ်မကူးမိခဲ့ကြ၊ ဆမ်ကလေးက နားမလည်ဖြစ်နေ၏။
" အဖေက ဒီမှာပဲ နေတော့မှာလား၊ ရုံးဆင်းရင် အိမ်ပြန်မလာတော့ဘူးလား "
" ပြန်လာမှာပေါ့ သားရဲ့၊ ပိုစောစော အိမ်ပြန်ရောက်မှာပေါ့၊ ဖေဖေတို့ အားလုံး ပြောင်းလာ ပြီး ကျောင်းကြီး ပိတ်တဲ့အထိ ဒီမှာနေမှာလေ၊ ကျောင်းပိတ်တော့ ပါချေစ့်က အိမ်မှာ ပြန်နေချင်နေ ကြပေါ့၊ ကျောင်းပြန်ဖွင့် ရင် ဒီမှာ ပြန်လာနေကြမယ် "
သူတို့ မျက်နှာကလေးများပေါ် တွင် ဝေခွဲမရ ဖြစ်နေရာမှ အထိတ်တလန့် ဖြစ်သွားပုံရသည်။

" ဒါဆို သူငယ်ချင်းတွေကျတော့ကော "
မယ်လီဆာ အလန့်တကြားမေးသည်။
" ကျောင်းပိတ်ရက်တွေမှာ သွားလည်ပေါ့ သမီးရယ်၊ တို့တော့ နွေရာသီကျ ကိုယ့် အိမ်ကိုယ် ပြန်နေရမှာပဲ၊ ဒါမှသမီးပြီး ဒီမှာ မပျော်ဘူးဆိုရင် နောက်နှစ်ကျတော့ ဒီ တိုက်ခန်းကြီး ပြန်ရောင်း ပစ် လိုက်ပေါ့၊ တစ်နှစ်တော့ ဖေဖေတို့ နေကြည့်ကြမယ်လေ "
" ဒါဆို ဟိုကျောင်းကထွက်ပြီး ဒီမှာ တက်ရမယ်ပေါ့၊ ဟုတ်လား "
မယ်လီဆာ မယုံကြည်နိုင်စွာ မေး၏။ အော်လီဗာ ခေါင်းညိတ်လိုက်သည်။ မောင်နှမသုံးယောက်ကို အကဲခတ် ကြည့်လိုက်၏။ ဆမ်ကလေး မျက်နှာအိုနေသည်။ မယ်လီဆာက ကုလားထိုင်တစ်လုံးတွင် ထိုင် ချလိုက်ပြီး တရှုပ်ရှုပ် ငိုတော့၏။ ဘင်ဂျမင်က ဘာမှမပြော။ သို့သော် မျက်နှာမှာ အေးစက်မာကျောနေ သည်။ ဖအေ ကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။
အဖေ့ စကားဆုံးသည်နှင့် တိုက်ပွဲစတော့သည်။

" အဓိပ္ပာယ်ကတော့ ကျွန်တော့်ကို အနီးကပ်စောင့်ကြည့်ဒဏ်ခတ်ဖို့ပေါ့၊ ဆန္ဒရာနဲ့ ကျွန်တော့်ကို ခွဲ တာပေါ့၊ ဟုတ်တယ်မဟုတ်လား ဖေဖေ၊ ကျောင်းပိတ်ရက်တွေမှာကော ကျွန်တော် သွားတွေ့နိုင်မလား "
ခံပြင်း နားကြည်းသည့် လေသံဖြင့် မေးသည်။
" ပြောထားတဲ့အတိုင်းပဲလေ၊ အမှတ်တွေ စံချိန်ကောင်းကို ပြန်မမီမချင်း မတွေ့ရ ဘူး၊ ကျောင်းကောင်း ကောင်း ၀င်ခွင့် ရ ဖို့ မင်း အသေအလဲ ပြန်ကြိုးစားရမှာ ဘင်ဂျမင် "
" ကျွန်တော် အဲဒါတွေ ဂရုမစိုက်ပါဘူး၊ အဓိပ္ပာယ်လဲ မရှိဘူး "
" သိပ် အဓိပ္ပာယ် ရှိတာပေါ့၊ သား စိတ်ကြိုက် ကျောင်းတွေရွေးပြီး ၀င်ခွင့်လျှောက်လွှာ တင်ထား တယ်လေ၊ မင်းအဲဒါတွေ မေ့ကုန်ပြီလား "
" အဲဒီတုန်းကနဲ့ ခုအခြေအနေ အရမ်းကွာခြားခဲ့ပြီပဲ "
မျက်နှာ အောက်သိုးသိုးနှင့် ပြောရင်း ပြတင်းပေါက်ဆီ လျှောက်သွားသည်။

" ကဲ … လျှောက်ကြည့်လို့ ပြီးကြပြီလား "
ဆမ်ကလေး တစ်ယောက်ဆီကသာ တုံ့ပြန်သံကြားရသည်။
" မြေညီထပ် နောက်ဘက်မှာ ပန်းခြံရှိလား ဖေဖေ "
အော်လီဗာ ပြုံးပြီး ခေါင်းယမ်းသည်။
" ဒီအနားမှာတော့ မရှိဘူး၊ ဆမ်၊ နှစ်ပြလောက်လျှောက်သွားရင် မြို့လယ် ဗဟိုပန်းခြံကြီးရှိတယ် "
" သား သွားကြည့်ချင်တယ် "
ပန်းခြံထဲ ကို လှည့်ပတ်ကြည့်ရှုပြီးမှ ပါချေစ့် နေအိမ်သို့ ပြန်လာခဲ့ကြသည်။ ကားပေါ်တွင် အတွေး ကိုယ်စီ နှင့် အားလုံး တိတ်ဆိတ်နေကြ၏။

အက်နက်က ညစာ အသင့်ပြင်ထားပြီး စောင့်နေသည်။ ဆမ်ကလေးက နယူးယောက် တိုက်ခန်းကြီး အကြောင်း အက်နက်အား ပြောပြနေ၏။
" သား အိပ်ခန်းက အကျယ်ကြီးပဲ သိလား အက်နက်၊ ပြီးတော့ ပန်းခြံကလဲ အကြီးကြီးပဲ၊ အဲဒီအထဲမှာ ဘောလုံးကန်လို့လဲရတယ်၊ ကျောင်းကြီးပိတ်ရင် ဒီမှာ ပြန်လာနေကြမယ်တဲ့၊ သား နေရ မယ့် ကျောင်းက ဘာလဲ ဖေဖေ "
" ကောလီဂျိတ် တဲ့ "
" ကောလီဂျိတ် "
ဆမ်ကလေးက သူ့ကျောင်းနာမည်ကို လိုက်မှတ်နေသည်။
အက်နက်က အကြီးနှစ်ယောက် ကို အကဲခတ်နေသည်။ ဘာတစ်ခွန်းမှ ၀င်မပြောကြ။

" သားတို့ ဘယ်တော့ ပြောင်းကြမှာလဲဟင် ဖေဖေ "
" နောက်အပတ်မှာ ပြောင်းမယ်ဆမ် "
ညစာ စားနေရင်း မယ်လီဆာ မျက်ရည်တွေပေါက်ပေါက်ကျလာသည်။ ခဏကြာတော့ ဘင်ဂျမင် စားပွဲမှ ထာလာသည်။ ကားသော့ကို ကောက်ယူပြီး ခွင့်မတောင်းဘဲ ကားကို ခပ် တည်တည် မောင်းထွက် သွားသည်။ အော်လီဗာ ငေးကြည့်ကျန်ရစ်၏။
ထိုည တွင် မယ်လီဆာ အခန်းထဲမှ ထွက်မလာတော့။ တံခါးကို သွားတွန်းကြည့်တော့ အတွင်းဘက် မှ သော့ ချထားသည်။ တက်ကြွပျော်ရွှင်နေသူမှာ ဆမ်ကလေးဖြစ်၏။ သူ့ကို သိပ်ပြီး ဘင်ဂျမင် စောင့် ဖို့ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

သူ့အပြုအမူအတွက် အလေးအနက် ဆွေးနွေးရတော့မည်။ နံနက် နှစ်နာရီထိုး သည်ထိ ပြန်မလာ။ အော်လီ ဗာက မအိပ်ဘဲ ဇွဲကောင်းကောင်းနှင့် ထိုင်စောင့်နေ၏။ စိတ်လည်း ပူသည်ထက် ပူလာ၏။ နောက်ဆုံတွင်မှ ကားကို ခပ်ဖြည်းဖြည်း မောင်းဝင်လာသံကြားရ၏။ တံခါးကို အသာအယာ ပိတ်သည်။ အော်လီဗာက ဧည့် ခန်းအလယ်တွင် ရပ်ပြီး သူ့ကို တွေ့ဖို့ စောင့်နေသည်။
" တို့ စကားပြောကြရအောင်လား ဘင်ဂျမင် "
" ပြောစရာ ဘာများရှိလို့လဲ ဖေဖေ "
" အများကြီးရှိတာပေါ့၊ မင်း မနက်နှစ်နာရီမှ ပြန်လာတဲ့ ကိစ္စကိုကော မပြောတော့ဘူးလား "
ဘာမှ ဆက်မပြောဘဲ မီးဖိုဆောင်ဆီသို့ သူ့ကို ဦးဆောင်ခေါ်သွားသည်။ ကုလားထိုင်နှစ်လုံး ဆွဲ ယူသည်။ အော်လီဗာ အလျင်ဝင်ထိုင်သည်။ ဘင်ဂျမင်က မထိုင်သေး ဘဲ ပေကပ်ကပ် လုပ်နေသေး ၏။ နောက်မှ ၀င် ထိုင်သည်။

" ဘာတွေဖြစ်နေတာလဲ ဘင်ဂျမင် "
" ကျွန်တော် ဘာမှမပြောချင်ဘူး ဖေဖေ "
သားအဖနှစ်ယောက် နေ့ချင်းညချင်း ရန်သူတွေ ဖြစ်သွားကြလေပြီ။ အော်လီဗာ အလွန်အမင်း စိတ် မကောင်းဖြစ်သွားမိ၏။
" ဘာပြု လို့ မင်း ဖေဖေ့ကို စိတ်ဆိုးနေရတာလဲ၊ မေမေ ထွက်သွားတဲ့ကိစ္စလား၊ ဖေဖေ့ကြောင့်လို့ စိတ်ထဲ မှာ စွဲနေတုန်းလား "
" ဒါက ဖေဖေတို့ကိစ္စပါ၊ ကျွန်တော်က ကျွန်တော့်ကိစ္စလုပ်နေတာပဲ၊ ကျွန်တော့်ကို ဘာလုပ်ပါ၊ ဘာမလုပ် နဲ့ ဆိုတာမျိုး ကျွန်တော်မကြိုက်ဘူး၊ ကျွန်တော် သူငယ်နှပ်စားကလေးမဟုတ်တော့ဘူး ဖေဖေ "
" မင်းဟာ ဆယ့်ခုနစ်နှစ်နှစ်သားပဲရှိသေးတယ်၊ ဒါ လူလားမြောက်တဲ့အ၇ွယ် မဟုတ်သေးဘူး ဘင်ဂျမင်၊ လူ ဆိုတာ ကြီးချင်တိုင်းကြီးလို့မရဘူး၊ စည်းကမ်းတွကို ဖောက်ဖျက်ချင်တိုင်း ဖောက်ဖျက်လို့မရဘူး၊ အဲဒီ အတွက် မင်းဟာ တစ်နေ့မှာ တန်ရာတန်ကြေးကို ပြန်ပေးရလိမ့်မယ် …

" လူ့ဘ၀ဆိုတာ စည်းကမ်းကာလနားတွေ၊ လောကနီတိတွေနဲ့ တည်ဆောက်ထားတာ၊ မင်းကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အဲဒီကျင့်ဝတ်တွေက ရှိနေမှာပဲ၊ ခုပဲ လက်တွေ့ပြနေပြီလေ၊ မင်း အဲဒီလိုနေ တော့ မင်းလျှောက်ထားတဲ့ ကောလိပ်ကို ရဖို့မလွယ်တော့ဘူး မဟုတ်လား "
" သောက်ကောလိပ်ကို ထည့်ပြောမနေစမ်းပါနဲ့ဗျာ "
သူ့စကားလုံးများကြောင့် အော်လီဗာ အလန့်တကြားဖြစ်သွားသည်။
" နို့ … ဘာတွေထည့်ပြောရမလဲ၊ ဆိုစမ်းပါဦး "
" ကျွန်တော့် မှာ ဒါထက်အရေးကြီးတဲ့ ကိစ္စတွေ အများကြီးရယ် ဖေဖေ၊ စဉ်းစားစရာတွေ တစ်ပုံကြီး "
သည် သူငယ် မူးများမူးလာသလားဟု အော်လီဗာ သံသယဖြစ်သွားသည်။ သို့သော် သေသေချာချာ ကြည့်တော့ လုံးဝသောက်ထားခြင်းမရှိ။

" ဘာတွေများလဲ၊ ပြောပါဦး၊ ဟိုကောင်မလေး ကိစ္စလား၊ ဘယ်သူတဲ့ … ဆန္ဒရာကာတာ ဟုတ်လား၊ ဒါတွေ သားတို့အရွယ်တွေမှာ ကြုံတွေ့ရမှာပေါ့ကွာ၊ နောင်လဲ တွေ့ဦးမှာပဲ၊ ဒါမျိုးတွေကို အလေးအနက် သွားထား နေရင် ရှေ့ဆက်လုပ်စရာတွေ ဘာမှ ဖြစ်တော့မှ မဟုတ်ဘူး …
" မင်း ဘွဲ့မရရင်၊ အလုပ်မရှိရင် မိန်းမကို ဘယ်လို လုပ်ကျွေးမလဲ၊ ကလေးတွေ မွေးလာရင်ကော … အဲဒီ အထိ တွေးစမ်း ပါ၊ မင်း ကိုယ့်ကိုယ်ကို မထိန်းဘဲ လွှတ်ထားတယ်၊ မင်းကိုယ်မင်း မသိလိုက် ဘဲ ချောက်ထဲ ကျသွားမှာပဲ "
ဘင်ဂျမင် ခေါင်းငိုက်စိုက် ကျသွားသည်။ အတန်ကြာမှ ဖအေကို မော့ကြည့်ပြီး …
" ကျွန်တော် ဖေဖေ တို့နဲ့ နယူးယောက်ကို လိုက်မပြောင်းနိုင်ဘူး "

" မင်းမျာ တခြားနည်းလမ်း မရှိဘူးလေ၊ ပြောင်းရမှာပေါ့၊ ဒီအိမ်ကို ပိတ်သွားမှာ၊ တို့ပြန်လာတဲ့အခါပဲ ဖွင့်မှာ … မင်း ကို တစ်ယောက်တည်း ထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ငါ ခွင့်မပြုဘူး ..
" မင်းကြောင့် ဒီလို စီစဉ်ရတယ်ဆိုတာ မင်း နည်းနည်းနားလည်ဖို့ကောင်းတယ် ဘင်ဂျမင်၊ ဒါကြောင့် အခြေ အနေ သိပ်မဆိုးခင် မင်း ဆင်ခြင်တော့ …. ဟုတ်ပြီလား "
" သိပ်နောက်ကျသွားပြီဖေဖေ၊ ကျွန်တော် လိုက်လို့ မဖြစ်လို့ပါ "
" ဘာဖြစ်လို့ ….. "
အခန်းထဲတွင် အကြာကြီး တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင်မှ ဘင်ဂျမင် တိုးတိုးပြောသည်။
" ကျွန်တော် ဆန္ဒရာ နဲ့ မခွဲနိုင်ဘူး "
" စနေ၊ တနင်္ဂနွေနေ့မှာ လာတွေ့ခွင့် ပေးမယ်ဆိုရင်ကော "

" သူ့အမေက ကာလီဖိုးနီးယားကို ပြောင်းတော့မှာ၊ သူ့မှာ နေစရာမရှိတော့ဘူး ဖေဖေ "
အော်လီဗာ စိတ်အပျက်ကြီး ပျက်သွားသည်။
" ဘာလို့ သူ့သမီးကိုခေါ်မသွားတာလဲ "
" သူတို့အချင်းချင်း တည့်မှမတည့်တာဘဲ၊ ဆန္ဒရာက အဖေ့ကိုလဲ မုန်းနေတာ၊ ဒါကြောင့် ဖီလာဒိလ်ဖီးယား ကိုလဲ သူ့အဖေနဲ့ လိုက်မနေချင်ဘူး "
" ဒါဆို သူက ဘာလုပ်မလဲ "
" ကျောင်းထွက်ပြီး ဒီမှာ အလုပ်တစ်ခုခု ရှာလုပ်မှာပေါ့၊ ကျွန်တော် သူ့ကို တစ်ယောက်တည်း ထားခဲ့လို့ ဘယ်ဖြစ်မလဲ "
" မင်းရဲ့ ယောက်ျားပီသမှုကို ချီးကျူးပါတယ်၊ ဒါပေမယ့် ကောင်မလေးက စည်းလွတ် ၀ါးလွတ်ဖြစ်နေ မှာပေါ့ "

" မဖြစ်ပါဘူး၊ ကျွန်တော် ရှိနေမယ်လေ၊ ဒါကြောင့် ကျွန်တော် ဒီမှာ ရှိနေရမယ် ပြောတာပေါ့ "
သည် အကြောင်းကို ပထမဆုံး သားအဖနှစ်ယောက် ပွင့်ပွင့် လင်းလင်း ပြောဖြစ် ကြခြင်းဖြစ်၏။ အော်လီဗာ စိတ်မကောင်းဖြစ်သွား၏။ အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေကြောင်းလည်း သဘောပေါက် လိုက်၏။
ကောင်မလေး၏ အခြေအနေကို အကဲခတ်မိလိုက်သည်။ သိပ်ဟန်ပုံမပေါ်။ အကြပ်အတည်း လည်း တွေ့ နေ ပုံရ၏။
" ကျွန်တော် သူ့ကို မထားခဲ့နိုင်ဘူး ဖေဖေ "
" မင်း ကောလိပ်ဆက်တက်ရင် ထားခဲ့ရမှာပဲ၊ ဘာထူးလဲ၊ ဒီတော့ ပြဿနာ သိပ်ကြီးမလာခင်က ရှင်းထား ရမှာပေါ့ ဘင်ဂျမင် "
ဘင်ဂျမင် က အဖေ့စကားလုံးများကို သရော်ပြုံး ပြုံးလိုက်သည်။

" ကျွန်တော် မသွားပါဘူး "
အော်လီဗာ နားရှုပ်သွား၏။
" ဘယ် ကို မသွားတာလဲ၊ ကောလိပ်ကိုလား နယူးယောက်ကိုလား "
" အဲဒီ နှစ်ခုစလုံး ပဲ "
" အလို … ဘာပြုလို့ "
တော်တော်နှင့် စကားပြန်မရ။ နောက်ဆုံးမှ ဘင်ဂျမင်က ဖအေကို မော့ကြည့်ပြီး အားလုံးပြောပြဖို့ ဆုံးဖြတ် လိုက်သည်။ တစ်ယောက်တည်း ကျိတ်ခံလာခဲ့ရသည်မှာ ကြာပြီလေ။ ဒါလောက် သိချင်နေ သည့် အဖေ့ ကို ပြောပြရမည်။

ဆက်ရန်
.

3 comments:

Anonymous said...

ဆာရာဆိုတဲ့မိန်းမက‌ယောက်ျားနဲ့ခွဲ‌နေတာ ၃လဘဲရှိ
‌သေး..‌နောက်တ‌ယောက်တွဲ‌နေပြီ‌ပေါ့..။‌တော်‌တော်
ယုတ်တဲ့မိန်းမဘဲ...။

Anonymous said...

I hate Sara.

AMK said...

ကိုဝင်းကြည် များဖြစ်နေလို့ လား အစ်မကြီး အမြန်လေးတင်ပါဗျ