ထိုင်ရာမှ ကျွန်မ ဖြည်းဖြည်းချင်း ထပါသည်။ ယခင်က စိတ်လှုပ်ရှားမှုများကို ကျွန်မ ပြန်လည် ခံစားလာ ရပါသည်။ ပြီးတော့ အခန်းအပြင်သို့ထွက်ကာ ခန်းမကြီးထဲသို့ ဝင်ခဲ့သည်။ အလုပ်ပြီးသည် အထိ စောင့် ရလျှင် ကောင်းမှာပဲဟုလည်း ဆန္ဒဖြစ်မိပါသည်။ သူ့လက်မောင်း ကို တွဲခိုပြီး အခန်းများကို အတူတကွ လိုက်ကြည့် ရမည်ဆိုလျှင် မည်မျှကောင်းခြိမ့်မည်နည်း။ မစ္စက်ဒင်ဗာနှင့် ကျွန်မတစ်ယောက်တည်း လိုက် မသွား လိုပါ။
ခန်းမကြီးက ကျယ်လွန်းသည်။ သည် အခန်း ထဲမှာ ဟာလာဟင်းလင်းကြီးဖြစ်နေ သည်ဟု ထင်ရသည်။ ကျွန်မ၏ ဖိနပ်သံ ကလည်း အလွန်တရာကျယ်လောင်နေသည်။ မျက်နှာကျက် များသို့ တိုင်အောင် ပဲ့တင်သံ က ရိုက်ခတ်နေသည်။ ယင်းဖိနပ်သံကြောင့်ပင် အပြစ်တစ်ခုခု ကျူးလွန် ထားမိသူ လို ကိုယ့် ဟာ ကိုယ် ပြန်ထင်နေမိသည်။ ကျွန်မနှင့်အတူ လျှောက်လာသည့် ဖရစ်၏ဖိနပ်သံက မမြည်။ ထိုသို့ဖြစ်လေ အူကြောင်ကြောင်နိုင်လှလေ ဖြစ်ရပါတော့သည်။ ကို ဆက်ဖတ်ရန်............
"အိမ်ကြီးက သိပ်ကြီးတာပဲနော်..." ကျွန်မက ကျောင်းသူကလေးတစ်ယောက်ကဲ့သို့ အလွန်ရွှင်လန်း အားတက် သရော ပြောမိပါသည်။ သို့သော်လည်း ဖရစ်ကမူ ဣနြေ္ဒကြီးတစ်ခွဲသားဖြင့်သာ ပြန်ပြောပါ သည်။
"မှန်ပါတယ် ဆရာ ကတော်။ မန်ဒါလေဟာ အင်မတန်ကြီးတဲ့ စံအိမ်ကြီးတစ်ဆောင်ပါပဲ။ ဒါပေမဲ့ အခြား စံအိမ်တွေလောက် အလွန်အမင်းလဲ မကြီးလှပါဘူး။ လုံလောက်အောင်တော့ ကျယ်ကျယ်ဝန်းဝန်းရှိပါ တယ်။ ဒီခန်းမကြီး မှာ ဟိုတုန်းက ဧည့်ခံပွဲကြီးတွေ ကျင်းပခဲ့ပါတယ်။ အခု နောက်ပိုင်းမှတော့ ညစာစား ပွဲတို့ ကပွဲ တို့ ကျင်းပလေ့ရှိပါသည်။
နောက်ပြီးတော့ ပြင်ပ က လာရောက်လေ့လာချင်တဲ့လူတွေကိုလဲ တစ်ပတ်မှာတစ်ကြိမ် ဒီခန်းမကြီးထဲကို ဝင်ခွင့်ပြု ပါတယ်"
"သြော်... ဟုတ်လား"
ကျယ်လောင်လှသည့် ကိုယ့်ဖိနပ်သံကို ကိုယ်ပြန်လန့်နေရင်း ဖရစ်၏နောက်မှ ကျွန်မ လိုက်လာခဲ့ပါ သည်။ ကျွန်မ ကိုလည်း ပြင်ပက လာရောက်လေ့လာသည့် ဧည့်သည်အဖြစ် ဖရစ်က သတ်မှတ်ပေလိမ့် မည်။ ခန်းမ ထဲမှာရှိနေသည့် အရာအားလုံးကို အထူးအဆန်းသဖွယ် ကြည့်မဝ ရှုမဆုံးဖြစ်နေပါသည်။ လက်နက်မျိုးစုံ ကို နံရံမှာ ချိတ်ဆွဲထားသည်။ ဓာတ်ပုံပေါင်းများစွာကိုလည်း မြင်ရသည်။ လှေကားလက် တန်းများ ကိုလည်း ကနုတ်ပန်းတွေ သရုပ်ဖော်ထွင်းထုထားသည်။ ဒါလေးတွေကို လက်ဖြင့်ကိုင်ကြည့် ရင်း ကျွန်မ အဖို့တော့ အားလုံး အထူးအဆန်းတွေချည်း ဖြစ်နေတော့သည်။
အနက်ရောင်သဏ္ဌာန်ကြီးတစ်ခုက လှေကားထိပ်မှနေ၍ ကျွန်မကို စောင့်နေပါသည်။ ချိုင်ဝင်နေသော မျက်လုံး များက ကျွန်မကို စိုက်ကြည့်ကာ အကဲခတ်နေပါသည်။ အားကိုးအားထားရာ တစ်ယောက် အနေဖြင့် ဖရစ် ကို ကျွန်မ လှည့်ကြည့်မိပါသည်။ သို့သော်လည်း ဖရစ်က ခန်းမကြီးကိုဖြတ်ပြီး တစ်ဖက် စင်္ကြံရှိရာ သို့ လျှောက်သွားနှင့်ချေပြီ။
ကျွန်မ တစ်ယောက်တည်း မစ္စက်ဒင်ဗာနှင့်အတူ ကျန်ရစ်ခဲ့ပါသည်။ သူစောင့်နေသည့် လှေကားထိပ်သို့ ကျွန်မ တက် ခဲ့သည်။ သူက မလှုပ်မယှက်စောင့်နေသည်။ လက်နှစ်ဖက်ကို ပိုက်ထားသည်။ သူ့မျက်လုံး များကိုမူ ကျွန်မ ကိုယ်ပေါ်မှ လုံးဝမခွာ။ ကျွန်မက သူ့ကို ပြုံးပြလိုက်ပါသည်။ သို့သော် သူက ပြန်မပြုံး။ အမှန်တော့ ပြုံးပြစရာ ဘာအကြောင်းမျှမရှိ။ သူ့ကိုပြုံးပြလိုက်မိသည့်အတွက်လည်း ကျွန်မကိုယ် ကျွန်မ အပြစ်တင်မိသည်။
"ကျွန်မကို အကြာကြီးစောင့်နေရသလား"ဟု ကျွန်မက လှမ်းပြောသည်။
"ဆရာကတော် ကြိုက်ရာလုပ်နိုင်ပါတယယ်။ ကျွန်မတို့ကတော့ စောင့်ဆိုလဲ စောင့်ရမှာပဲ။ ဆရာ ကတော် ကြိုက်ရာ အချိန်ကို ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။ ဆရာကတော် စေခိုင်းသမျှတွေ လုပ် ကိုင်ပေး ဖို့ ကျွန်မ ဒီမှာရှိနေတာပါ"
မစ္စက်ဒင်ဗာ သည် ထိုမျှပြောပြီး တစ်ဖက်သို့ ချာကနဲလှည့်ထွက်သွားသည်။ သူ့နောက်မှ ကျွန်မ လိုက် သွားသည်။ ကျွန်မတို့လျှောက်နေကြသည့်စင်္ကြံသည် အတန်ငယ် ကျယ်ဝန်းလှသည်။ ကော်ဇောများကို လည်း အပြည့်ခင်းထားသည်။ ပြီးတော့ ဘယ်ဘက်သို့ ချိုးကွေ့လိုက်သည်။ ဝက်သစ်ချသားဖြင့် ခန့် ငြားစွာ ပြုလုပ်ထားသော တံခါးပေါက်ကြီးများကို တွေ့ရသည်။ အောက်ထပ်သို့ဆင်းကာ လှေကား ခပ်ငယ်ငယ် ကိုလည်း တွေ့ရသည်။ အပေါ်ထပ်သို့ တက်သွားသော လှေကားတစ်ခုလည်းရှိသည်။ ပြီး တော့ နောက်ထပ်တံခါးတစ်ခု ကို တွေ့ရပြန်သည်။
မစ္စက်ဒင်ဗာ က ထိုတံခါးကိုဖွင့်လိုက်သည်။ ပြီးတော့ ကျွန်မ ဝင်သာအောင် ဘေးသို့ အနည်းငယ် တိမ်း ဖယ်ပေးသည်။ သူ့ကိုကျော်ပြီး ကျွန်မ ဝင်သွားသောအခါ အိပ်ခန်းကြီးတစ်ခု၏ရှေ့ခန်း၊ သို့တည်းမ ဟုတ် အစေခံ အမျိုးသမီး အိပ်သည့် အခန်းနှင့်တူသော အခန်းငယ်တစ်ခုထဲသို့ ရောက်လာသည်။ ဆိုဖာ တစ်လုံး၊ ကုလားထိုင်များနှင့် စာရေးစားပွဲသေးသေးတစ်ခု ခင်းကျင်းထားသည်။

ယင်းအခန်းကလေးမှ တစ်ဆင့် တံခါးမတစ်ခုကို ဖွင့်လိုက်သောအခါ ပြတင်းပေါက်များ အသင့်ဖွင့်ထား သည့် ဧရာမနှစ်ယောက်အိပ်ခန်းကြီးတစ်ခုကို တွေ့ရလေတော့သည်။ တစ်ဖက်တွင်လည်း ရေချိုးခန်း နှင့် အိမ်သာ တွှဲလျက်။ ကျွန်မကမူ ပြတင်းပေါက်များရှိရာသို့ တန်းသွားကာ အပြင်သို့ မျှော်ကြည့်လိုက် မိသည်။ နှင်းဆီခြံ ကို အောက်မှာမြင် ရသည်။ မြက်ခင်းများကို လည်း မြင်ရသည်။ မြက်ခင်း များ အဆုံး မှာ တော့ အနီးဆုံးတော အုပ်။
"ဒီကနေပြီးတော့ ပင်လယ်ကို လှမ်းမမြင်ရဘူးလား"
ကျွန်မက မစ္စက်ဒင်ဗာဘက်သို့ လှည့်မေးသည်။
"မမြင်ရပါဘူးရှင်၊ ဒီအဆောင်ကနေပြီး မမြင်နိုင်ပါဘူး။ ပင်လယ်လှိုင်းပုတ်သံကိုတောင် ဒီအဆောင် က မကြားနိုင် ပါဘူး။ ဒီအဆောင်ကို ရောက်နေရင် ပင်လယ်ဟာအနီးကလေးမှာတင် ရှိနေတယ် ဆိုတာ ကိုတောင်မှ မသိနိုင်ပါဘူး"
သူပြောပုံက တစ်မျိုးထူးဆန်းသလိုရှိနေသည်။ စကားလုံးများ၏ နောက်ကွယ်တွင်လည်း အဓိပ္ပာယ် တစ်ခုခု ရှိနေပုံရသည်။ ပြီးတော့ ဒီအဆောင် ဆိုသောအသုံးအနှုန်းကလည်း တစ်မျိုး တစ်ဖုံထူးနေသည်။ ယခု ကျွန်မ တို့ရပ်နေသော သူ့စကားအရ "ဒီအဆောင်"သည် ဂုဏ်ပုဒ်အား ဖြင့်သော်လည်းကောင်း၊ အနေအထား အားဖြင့် သောလည်းကောင်း သိမ်ငယ်နေသယောင်ရှိ သည်။
"ဟုတ်လား၊ စိတ်မကောင်းစရာပဲ။ ကျွန်မက ပင်လယ်ကို သဘောကျတာ"
ထိုသို့ ကျွန်မပြောသော်လည်း သူကဘာမျှ ပြန်မပြောပါ။ လက်ကို ပိုက်မြဲပိုက်ထားပြီး ကျွန်မကို လည်း မမှိတ်မသုန်ကြည့်မြဲ ကြည့်နေပါသည်။
"ဘာပဲဖြစ်ဖြစ်ပေါ့လေ... ဒီအခန်းကတော့ အင်မတန်နှစ်သက်စရာ ကောင်းပါပေတယ်။ ဒီအထဲ မှာ သက်တောင့် သက်သာနေနိုင်လိမ့်မယ် လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ပြန်လာမယ်ဆိုတဲ့အ တွက်ဒီအခန်း ကို ပြင်ထားတာကို ကျွန်မနားလည်ပါတယ်"
"မှန်ပါတယ်"
"အလျင်တုန်းက ဒီအခန်းက ဘာလုပ်သလဲ"
"စာရွက်စာတမ်းတွေ ထားပါတယ်။ တခြားပစ္စည်းတချို့လဲ ဒီမှာသိမ်းပါတယ်။ မစ္စတာဒီဝင်းတား က ဒီအခန်း ကို သိပ်အထင်မကြီးခဲ့ပါဘူး၊ တစ်ခါတစ်ရံဧည့်သည်တွေ တည်းတာကလွဲပြီး အသုံးလဲ သိပ် မကျလှဘူးလေ၊ ဒါပေမဲ့ ဒီအခန်းထဲမှာ ဆရာကတော်ကို ထားမယ်ဆိုပြီး ကျွန်မတို့ဆီစာတွေ ရေးပြီး အမိန့်ပေးတော့ တာပါပဲ"
"ဒါဖြင့်ရင် အစတုန်းက ဒါဟာသူ့အိပ်ခန်းမဟုတ်ဘူးပေါ့"
"မဟုတ်ပါဘူး ဆရာကတော်... ဒီဘက်ဆောင်က အခန်းတွေ ကို သူဘယ်တုန်းကမှ မသုံးခဲ့ပါဘူး"
"သြော်...ဟုတ်လား...ဒီအကြောင်း ကျွန်မကို သူမပြောဖူးဘူး"
မှန်တင်ခုံရှိရာ သို့ ကျွန်မလျှောက်သွားကာ ဘီးနှင့် ဆံပင်ဖြီးနေမိသည်။ ကျွန်မ၏ပစ္စည်းများကို အထုပ်အပိုးများ ထဲမှ သူတို့ထုတ်ပြီးကြပြီ၊ ကျွန်မ၏၀က်မှင်ဘီးနှင့် ဘီးများအားလုံး မှန်တင်ခုံအပေါ်မှာ အသင့် တင်ပေးထားပြီး ဖြစ်သည်။ ကျွန်မအတွက် ထိုပစ္စည်းများကို မက်ဇင်မ် ၀ယ်ပေးသဖြင့် ၀မ်းသာ ရသေးတော့သည်။
ဒါတွေ ကို ယခုလို မှန်တင်ခုံပေါ်မှာ တင်ထားသော မစ္စက်ဒင်ဗာ မြင်တွေ့ပေလိမ့်မည်။ အားလုံး အသစ် ကျပ်ချွတ်များဖြစ်သည်။ တန်ဖိုးကလည်း အလွန်ကြီးမားသည်။ ယင်းသို့သော ကျွန်မ၏ အဆင့်အတန်းမြင့် ပစ္စည်းများ အတွက် ဘာမျှ ကျွန်မ ရှက်စရာမလိုတော့ပါ။
"ဆရာကတော် ရဲ့ အထုပ်အပိုးတွေကို အဲလစ်က ဖြေပြီး နေရာချထားပေးထားတာပါ။ ဆရာက တော် ရဲ့ကိုယ်ပိုင်လက်ပါးစေ အမျိုးသမီးရောက်လာတဲ့အချိန်အထိ အဲလစ်ကပဲ ဆရာကတော် လိုသမျှ လုပ်ကိုင်ပေး ပါလိမ့်မယ်"ဟု သူကဆက်ပြောသည်။ ကျွန်မက သူ့ကိုကြည့်ပြီး ပြုံးပြလိုက် မိပြန်ပါသည်။ ၀က်မှင်ဘီး ကိုလည်း မှန်တင်ခုံပေါ်မှာ ပြန်တင်ထားလိုက်သည်။
"ကျွန်မမှာ ကိုယ်ပိုင်လက်ပါးစေအမျိုးသမီး မရှိပါဘူး၊ ကျွန်မလိုအပ်တာတွေကို အဲလစ်က လုပ်ပေး နေမယ် ဆိုရင်လဲ ပြီးတာပါပဲ"ဟု ကျွန်မက မနေတက် မထိုင်တက်ဖြင့် အချိုး မပြေစွာ ပြန်ပြော မိပါသည်။
သူနှင့်ကျွန်မပထမဦးဆုံး စတွေ့စဉ် ကျွန်မ၏လက်အိတ်များ ကြမ်းပေါ်သို့ လွတ်ကျသွားတုန်းက အမူအရာမျိုး ကို သူ့မျက်နှာပေါ်မှာ ပြန်မြင်ရပြန်သည်။
"အဲလစ်အနေ နဲ့ အကြာကြီး တာဝန်ယူနေလို့တော့ မသင့်လျော်ဘူး ထင်ပါတယ် ဆရာကတော်။ ဒါက ထုံးစံပါပဲ၊ ဆရာကတော် လို အဆင့်အတန်းရှိတဲ့ အမျိုးသမီးမျိုး တစ်ယောက်မှာ ကိုယ်ပိုင်လက် ပါးစေ အမျိုးသမီး တစ်ယောက်တော့ ထားရစမြဲပါပဲ"
ကျွန်မ၏ မျက်နှာပေါ်မှာ ရှက်သွေးဖြာသွားပါသည်။ ထို့ကြောင့် မှန်တင်ခုံပေါ်မှ ၀က်မှင်ဘီး ကို ကောက်ယူလိုက်မိပြန်ပါသည်။ သူ့အပြောကြောင့် ပျားတုပ်ခံလိုက်ရသလိုရှိပါသည်။
"ဒါဟာ လိုအပ်တယ်လို့ထင်ရင်လဲ ကျွန်မအတွက် တစ်ယောက်ယောက်ကို ရှင်ပဲစဉ်းစားပေးပါ။ အသက်ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်လောက်ပေါ့လေ။ လေ့ကျင့်ပေးဖို့လိုရင်လဲ လေ့ ကျင့်ပေးတာပေါ့" ဟု ကျွန်မက သူ့အကြည့်များကို ရှောင်တိမ်းရင်း ပြန်ပြောလိုက်မိပါသည်။
"ဆရာကတော့်သဘောပါပဲ၊ လိုချင်တာ ဘာမဆိုပြောပါ"
ကျွန်မ တို့နှစ်ယောက်စလုံး တိတ်ဆိတ်ငြိမ်သက်သွားကြပြန်သည်။ ကျွန်မစိတ်ထဲမှာ သူ့ကို တခြား သို့ထွက်သွားစေ ချင်ပါသည်။ သည်နေရာမှာ အ၀တ်နက်ကြီးဝတ်ဆင်ပြီး လက်ပိုက် ရပ်ကာ ကျွန်မကို ဘာကြောင့်များ အကဲခတ်ကြည့်ရှုနေပါသနည်းဟု တွေးကြည့်မိပါ သည်။
"မန်ဒါလေ စံအိမ်ကြီးမှာ ရှင်နေလာတာ နှစ်ပေါင်းအတော်ကြာလှပြီထင်တယ်။ အားလုံး နဲ့စာရင် ရှင်က အကြာဆုံးလား"
အကြောင်းအရာသစ်တစ်ခုကို စကားလမ်းကြောင်ပြောင်းသည့်အနေဖြင့် ကျွန်မကလှမ်းမေးသည်။
"ဖရစ်လောက် အနေမကြာပါဘူး"သူ့လေသံက အသက်ကင်းမဲ့လွန်း လှ သည်။ အေးတိအေး စက် နိုင်လွန်း လှသည်။ ကျွန်မနှင့် လက်တွဲနှုတ်ဆက်တုန်းက သူ့လက်များအတိုင်းပင် ဖြစ်သည်။ "မစ္စ တာဒီဝင်းတား ရဲ့ အဖေ ရှိစဉ်ကတည်းက ဖရစ်က ဒီစံအိမ်ကြီးမှာ နေခဲ့တာပါ။ မစ္စတာဒီတားဝင်း တောင် ငယ်ငယ်ကလေးပဲ ရှိသေးတယ်"
"သြော်ဟုတ်လား... ဒီလိုဆိုရင် အဲဒီနောက်ပိုင်းမှာတောင် ရှင်ရောက်မလာသေးဘူးပေါ့"
"မရောက်သေးပါဘူးရှင်"
သူ့ကို ကျွန်မတစ်ချက်လှမ်းကြည့်လိုက်မိပါသည်။ ညို့မှိုင်းရိဝေသော မျက်လုံးများဖြင့် ကျွန်မကို ကြည့်နေကြောင်း သတိထား မိပါသည်။
ဘာကြောင့် သည်လိုကြည့်နေကြောင်းကျွန်မ မသိပါ။ ကျွန်မ၏ စိတ်ထဲမှာ မငြိမ်မသက်ဖြစ်လာသည်။ ထို့ကြောင့် သူ့ကိုပြုံးပြပြီး မျက်နှာချိုသွေးဖို့ ကျွန်မကြိုးစားကြည့်မိပါသည်။ သူ့မျက်လုံး ထဲမှာ တောက်ပြောင်မှု မရှိ။ အကြင်နာတရား လည်း မရှိ။
"မစ္စတာဒီဝင်းတား ရဲ့ ပထမဇနီး သတို့သမီးဖြစ်တော့မှ ဒီစံအိမ်တော်ကြီးကို ကျွန်မရောက်လာ တာပါ"
သည် တစ်ခါ ပြောလိုက်သော သူ့လေသံသည် စောစောတုန်းကလို မဟုတ်။ အသက် ကင်းမဲ့နေ သော၊ လေယူလေ သိမ်း အတက်အကျမရှိသော လေသံများမဟုတ်တော့။ မမျှော်လင့်ဘဲ ရုတ်တရက် အသက်ဝင် လှုပ်ရှားလာသည်။ တစ်စုံတစ်ရာသော အဓိပ္ပာယ်ကိုဆောာင်လာသည်။ သူ့မျက်နှာပေါ် တွင်လည်း သွေးရောင်ပေါ်လာသည်။
အမူအရာ ရုတ်တရက်ပြောင်းလဲသွားသောကြောင့် ကျွန်မအတန်ငယ် ချောက်ချား သွားမိ ပါသည်။ ကြောက်စိတ်လည်း အနည်းငယ်ပြန်ဝင်လာပါသည်။ ကျွန်မ ဘာဆက်လုပ်ရမှန်း မသိတော့ပါ။ ဘာပြန်ပြောရမှန်း မသိတော့ပါ။ မပြောသင့် မပြောထိုက်သော စကားများကို သူပြောလိုက်သလို ရှိပါသည်။ နှစ်ပေါင်းများစွာကြာအောင် သူ့ရင်ထဲမှာမျိုသိပ်ထားခဲ့ရသည့် စကားလုံးများကို ဆက်လက် မျိုသိပ်ထားခြင်း ငှာ မစွမ်းနိုင်တော့သည်အတွက် ပြောချလိုက်သည့် ပုံမျိုးဖြစ်ပါသည်။
သူ့မျက်လုံးများ ကမူ ကျွန်မကို စူးစိုက်ကြည့်နေဆဲပင် ဖြစ်ပါသည်။ ထိုမျက်လုံးများထဲတွင် ကျွန်မကို ကရုဏာ သက်သည့်သဘော၊ ပြီးတော့ မထီမဲ့မြင်သဘော၊ နောက်ပြီးတော့ မလိုတမာ သဘောများ ရောထွေးပါနေသည်ဟု ထင်ပါသည်။ ကျွန်မကိုယ်ကျွန်မလည်း အသက်အရွယ် အလွန်တရာ ငယ်လွန်းပြီး ဘာတစ်ခုမျှ သွန်သင်ဆုံးမထားခြင်း၊ မခံရသေးသော မိန်းကလေး တစ် ယောက်ကဲ့သို့ ခံစားလိုက်ရပါသည်။ ကျွန်မမျှော်လင့်ယုံကြည်ထားသော ဘ၀မျိုးထက်ပင် ပိုမို အနေရကျပ်သည့်အဖြစ်မျိုးကို ခံစားလိုက်ရပါသည်။
ကျွန်မ အပေါ် မှာ သူအထင်သေး အမြင်သေးဖြစ်နေကြောင်းလည်း အကဲခတ်မိပါသည်။ ကျွန်မသည် ဂုဏ်သိက္ခာ ကြီးမြင့် သည့် အဆင့်အတန်းရှိသည့် အမျိုးသမီးမဟုတ်ကြောင်း၊ သိမ်ငယ်သော၊ ရှက်ကြောက်တတ်သော၊ အားတုံ့အားနာနိုင်တတ်သော သာမန်မိန်းကလေး တစ်ယောက် သာ ဖြစ်ကြောင်း သူအထင်ပေါက်နေ သည်ကိုလည်း ကျွန်မနားလည်လိုက်ပါသည်။ အထင်သေး အမြင် သေးဖြစ်ရုံမျှမကသေး၊ ကျွန်မအပေါ်မှာလည်း မရှု့စိမ့်နိုင်ကြောင်း၊ မစ္ဆရိယစိတ်များလည်း ထားနေကြောင်း သူ့မျက်လုံး များကို ကြည့်ခြင်းအားဖြင့် အတပ်ပြောနိုင်ပါသည်။
တစ်စုံ တစ်ရာတော့ ကျွန်မပြန်ပြောရပါတော့မည်။ သည်အတိုင် ထိုင်ပြီးဝက်မှင်ဘီးကို ကိုယ်တွယ် လှုပ်ယမ်းနေ ကာ ကျွန်မ မည်မျှကြောက်ရွံ့နေကြောင်း၊ သူ့အပေါ်မှာ မည်မျှထိ ယုံကြည်ချက် ကင်းမဲ့နေကြောင်း ကို သူသိမြင့်ခွင့် မပေးနိုင်ပါ။
"မစ္စက်ဒင်ဗာ..."ကျွန်မ၏နှုတ်ဖျားမှ အသံထွက်သွားပါသည်။ ကျွန်မတို့ နှစ်ယောက် မိတ်ဆွေဖြစ် ပြီးအပြန် အလှန် နားလည်မှု ရသွားကြရင်ကောင်းမယ်ထင်တယ်။ ကျွန်မနဲ့ပတ်သက်ပြီး ရှင်စိတ် ရှည်ဖို့ လိုတယ်.. သိတယ်မဟုတ်လား ဒီမှာကြုံတွေ့နေရတဲ့ဘ၀က ကျွန်မအဖို့ အားလုံးအသစ် အဆန်းတွေ ချည်းဖြစ်နေတယ်။ ကျွန်မနေခဲ့ရတဲ့ ကျင်လည်ခဲ့ရတဲ့ဘ၀က တစ်မျိုးလေ။ ဒါကြောင့် ဒီဘ၀သစ် ပတ်ဝန်းကျင်သစ် မှာ ကျွန်မအောင်မြင်ချင်တယ်။ ပြီးတော့ ကျွန်မယောကျာ်း မစ္စတာ ဒီဝင်းတား ကိုလဲ စိတ်ချမ်းသာစေချင်တယ်။ အိမ်မှုကိစ္စတွေနဲ့ပတ်သက်ပြီး အားလုံး ရှင်နဲ့လွှဲ ထားရမယ် ဆိုတာလဲ ကျွန်မသိပါတယ်။ မစ္စတာဒီဝင်းတားကလဲ ကျွန်မကိုပြောထားပါတယ်။ ဒါ ကြောင့် အိမ်ထောင်ထိန်းသိမ်းမှု နဲ့ ပတ်သက်ပြီး ရှင်လုပ်နေကျအတိုင်း ဆက်လုပ်ပါ။ ဘယ်လို အ ပြောင်းအလဲမျိုး ကိုမှလဲ ကျွန်မမလုပ်ချင်ပါဘူး။
ကျွန်မစကားဖြတ် လိုက်ပါသည်။ အသက်ရှူလည်း မြန်လာသည်။ အမှန်အတိုင်းပြောနေမိ ခြင်း ဟုတ်မဟုတ် လည်း ကျွန်မကိုယ်ကျွန်မ မသေချာပါ။ ကျွန်မမော့ကြည့်လိုက်တော့ တံခါးပေါက်ဆီ ကို သူရွှေ့သွားနေပြီဖြစ်ကြောင်း တွေ့ရသည်။ တံခါးလက်ကိုင်ပေါ်မှာ သူ့လက်တင်ရင်း ရပ်လျက်..
"သိပ်ကောင်း ပါတယ်၊ ဆရာကတော် စိတ်ကျေနပ်အောင် အရာရာကို ကျွန်မလုပ်ဆောင်ပေးနိုင် လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ဒီအိမ်ထောင်ကြီးတစ်ခုလုံးကို ကျွန်မတစ်ယောက်တည်း ထိန်းသိမ်း လာရတာ တစ်နှစ်ကျော်ပါပြီ။ မစ္စတာဒီဝင်းတားက ကောင်းကြောင်း ဆိုးကြောင်း ဘာတစ်ခုမှ မပြောဖူးပါဘူး။ ကွယ်လွန်သွားတဲ့ မစ္စက်ဒီဝင်းတားအသက်ရှိစဉ်တုန်းကနဲ့တော့ လုံးဝ မတူတော့ ဘူးပေါ့လေ ... ဟိုတုန်းကတော့ ပျော်ပွဲရွှင်ပွဲကြီးတွေ အမြဲကျင်ပနေတာ။ ဧည့်ခံပွဲ ပေါင်းများစွာ ကျင်းပနေ တာ။ အိမ်ထောင်ထိန်းသိမ်းမှု တစ်ခုလုံးကို ကျွန်မက တာဝန်ုထားပေမယ့် သွားလေသူ မစ္စက်ဒီဝင်းတား က သူကိုယ်တိုင် ကြပ်ကြပ်မတ်ထိန်းသိမ်းကွပ်ကဲပေးနေတာတော့ ရှိသပေါ့လေ"
မစ္စက်ဒင်ဗာ သည် စကားလုံးများကို ဂရုတစိုက်ရွေးချယ်ပြီး ပြောနေကြောင်း ကျွန်မ သတိထားမိ ပြန်ပါသည်။ သူပြောသည့် စကားများကြောင့် ကျွန်မတွင် မည်သို့ထိခိုက်ခံစား သွား ရကြောင်း သူထုံးစံ အတိုင်း အကဲခတ်နေသည်။
"ဒါတွေအားလုံး ရှင်နဲ့ပဲ ကျွန်မလွှဲထားလိုက်ပါ့မယ်"
ကျွန်မ က ထိုစကားကို ထပ်ပြောသည်။ သူနှင့်ကျွန်မ ပထမဆုံးလက်ဆွဲနှုတ်ဆက် ကြစဉ်က ကျွန်မ ကို အထင်သေး သည့် အမူအရာ၊ ပြောင်ချော်ချော်လုပ်ချင်သည့် အမူအရာကို သူ့မျက်နှာ ပေါ်မှာမြင်ခဲ့ရ ဖူးသည်။ ယခုထိုအမူအရာများကို ပြန်လည်မြင်တွေ့ရပြန်သည်။ သူ၏ဒဏ်ကို မည်သည့်နည်းနှင့်မျှ ကျွန်မ ကြံ့ကြံ့ခံနိုင်မည် မဟုတ်ကြောင်း၊ သူ့ကိုလည်း ကျွန်မကြောက်လန့်နေ ကြောင်း သူကောင်းကောင်း သိပုံရပါသည်။
"ကျွန်မ ဘာထပ်လုပ်ပေးရဦးမလဲရှင်" သူက အခန်းထဲသို့လှည့်ပြီး အကဲခတ်ချင်ဟန်ဆောင်ကာ ကျွန်မ ကို မေးပါသည်။
"မလိုတော့ပါဘူး၊ အားလုံးပြည့်စုံနေပြီးလို့ ထင်ပါတယ်။ ဒီအခန်းထဲမှာ ကျွန်မ သက်တောင့် သက်သာနေနိုင် မှာပါ။ အခန်းကို ရှင်ပြင်ဆင် ထားတာ သိပ်သဘောကျစရာ ကောင်းတာပဲ" ကျွန်မ ၏ နောက်ဆုံး စကားများ ကို သူသဘောကျသွားပုံရပါသည်။ ပခုံးများကို သူတွန့်လိုက်သည်။ ပြုံးကား မပြုံး။
"မစ္စတာဒီဝင်းတား ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ကျွန်မက ပြင်ဆင်ပေးရတာပါ"
အခန်းတံခါးဝမှာ သူတုံ့ဆိုင်းဆိုင်ဖြစ်နေသည်။ တံခါးလက်ကိုင်ကိုလည်း ကိုင်မြဲကိုက်ထားသည်။ သဘော ကတော့ ကျွန်မကို တစ်စုံတစ်ရာပြောရန် ကျန်သေးသည့်ပုံမျိုး။ မည်သို့သော စကားလုံး ကိုရွေးချယ်ပြောဆို ရမည် မသေချာသေးသည့် ပုံမျိုး။ ကျွန်မကတော့ ဘာဆက်ပြောရမှန်းမသိပါ။ သူ ကြိုက်ရာ ပြောနိုင်စေဖို့ သည်အတိုင်း လည်စင်းခံပြီး အခွင့်အရေးပေးထားရသည့် သဘော မျိုး ဖြစ်နေပါသည်။
သည်အခန်းထဲမှနေ၍ သူ့ကိုထွက်ခွာသွားစေချင်လှပါပြီ။ အရိပ်တစ်ခုပမာ တံခါးဝမှာ သူရပ်နေ သည်။ ချိုင့်ဝင်နေ သည့် မျက်လုံးများဖြင့် ကျွန်မကို ကြည့်ကာကျွန်မ၏ တန်ဖိုးကို အကဲဖြတ်နေသ လိုလည်း ရှိပါသည်။
"ဆရာကတော် သဘောမကျတာများရှိရင် ကျွန်မကို တိုက်ရိုက်ချက်ချင်းပြောပါနော်"
"ကောင်းပါပြီ.. .ပြော့ပါ့မယ် မစ္စက်ဒင်ဗာ"ကျွန်မက အလိုက်သင့်ပြန်ပြောပါသည်။ သို့သော်လည်း တကယ့်စေတနာနှင့် သူပြောခြင်းမဟုတ်ကြောင်း ကျွန်မသိပါသည်။ ကျွန်မတို့ နှစ်ယောက်ကြား မှာ တိတ်ဆိတ်မှု က လွှမ်းမိုးလာပြန်ပါသည်။
"အ၀တ်ဗီရိုကြီး ဒီထဲကို ဘာဖြစ်လို့ ရွှေ့မထားသလဲလို့များ မစ္စတာ ဒီဝင်းတားက မေးခဲ့ရင် ဒီထဲ ကိုသွင်း လို့မရကြောင်း ပြောပြပေးပါ ဆရာကတော်။ ကျွန်မတို့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ ဗီရိုက သိပ်ကြီးပြီး ဒီဘက်က တံခါးပေါက်တွေက သိပ်ကျဉ်းနေပါတယ်။ ဒီအရှေ့ဘက်ဆောင်က အခန်းတွေ ဟာ ဟိုအနောက်ဘက်ဆောင်က အခန်းတွေထက် အများကြီး ပိုကျဉ်းတယ်။ ဒီအခန်း ထဲမှာ ပြင်ဆင်ထားတာတွေ ကို သဘောမကျသေးရင်လဲကျွန်မကို ပြောပါလို့ ပြောပေးပါ" ဒီဘက်က အခန်းတွေ ကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိဖို့ မလွယ်ပါဘူး
"စိတ်မပူ ပါနဲ့ မစ္စက်ဒင်ဗာ... အားလုံးကို သူစိတ်တိုင်းကျမှာ သေချာပါတယ်။ ဒါပေမဲ့ ရှင်ဒုက္ခခံပြီး အခန်းတွေပြင်ဆင်ပေး ရတာ ကျွန်မစိတ်မကောင်းပါဘူး။ ဘာကြောင့် ဒီအခန်းတွေကို သူပြန်ပြင် ခိုင်း ရသလဲ ဆိုတာ ကျွန်မတော့ နားမလည်နိုင်ဘူး။ သက်သက်မဲ့အလုပ်မရှိ အလုပ်ရှာတယ်။ အနောက်ဘက်ဆောင် က အခန်းတွေမှာ နေရမယ်ဆိုရင်လဲ ကျွန်မနေနိုင်သားပဲ"
သူက ကျွန်မ ကို စူးစမ်းသလိုကြည့်လိုက်သည်။ ပြီးတော့ တံခါးလက်ကိုင်ကိုလည်း စတင်လှည့်နေ ပြီ။
"ဒီဘက်အဆောင်ကို ဆရာကတော့ ပိုပြီးသဘောကျလိမ့်မယ်လို့ မစ္စတာဒီဝင်းတားက ပြောပါတယ် ရှင်။ အနောက်ဘက်ဆောင် မှာ ရှိနေတဲ့ အခန်းတွေက ရှေးဆန်တယ်။ အိပ်ခန်းတွေ က ဒီအခန်းနှစ်ဆလောက် ကျယ်တယ်။ အင်မတန်လှတာတော့ မှန်ပါတယ်။ မျက်နှာကြက်မှာ ဆိုရင် အပြောက်အမွမ်းတွေ နဲ့ ပန်းပုထုရုပ်လုံးဖော်ထားတယ်။ ကုလားထိုင်တွေမှာလဲ ပန်းပုရုပ် လုံးဖော်လို့။ သိပ်အဖိုးတန် ပါတယ်။ မီးလင်းဖို နဖူးစီးကိုလဲ အတွန့်အလိမ်တွေနဲ့ တည်ဆောက် ထားတာ။ အဲဒီအခန်း ကတော့ ဒီစံအိမ်ကြီးတစ်ခုလုံးမှာ အလှပဆုံးအခန်းပါပဲ။ ပြတင်းပေါက် ကနေကျော်ကြည့်လိုက်ရင်လဲ ပင်လယ်ပြင်ကြီး ကို တိုးလျှိုပေါက်မြင်နေရတယ်"
ကျွန်မ နေမထိထိုင်မသာ ဖြစ်လာပါတယ်။
အနည်ငယ် လည်း ရှက်မိသည်။ အနောက်ဘက်ဆောင် ကအခန်းကို ဟိမ၀န္တချီးမွန်းခန်းဖွင့်သလို ဖွင့်ခြင်းအားဖြင့် ယခုကျွန်မ နေနေသည့်အခန်းသည် သိမ်ငယ်လှကြောင်း အလိုလို ထုတ်ဖော်ပြောပြီးသား ဖြစ်သွားသည်။ မနှစ်မြို့ဖွယ်စကားမျိုး ဘာကြောင့် သူပြောကြောင်း ကျွန်မ သိပါသည်။ ယခုတော့ သည်အခန်းသည် မန်ဒါလေစံအိမ်ကြီး ၏အဆင့်အတန်းကို ပြည့်မိသော အခန်း မဟုတ်။ ဒုတိယတန်းစား အခန်းသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်မသည်လည်း သည်အခန်းနှင့်သာ ထိုက် တန်သော ဒုတိယတန်းစား လူသားတစ် ယောက်သာ ဖြစ်သည်ဟု ဆိုလိုရာ ရောက်ပါသည်။
"အပြင်က လေ့လာသူတွေလာရင် အလှဆုံးအခန်းကို ပြရအောင် မစ္စတာဒီဝင်းတားက သပ်သပ် ဖယ်ထားလိုက်တာ နဲ့ တူပါတယ်"ဟု ကျွန်မက ပြန်ပြောလိုက်မိပါသည်။
မစ္စက်ဒင်ဗာ ကမူ တံခါးလက်ကိုင်ကို လှည့်မြဲလှည့်နေသည်။ ပြီးတော့ ကျွန်မကို လှမ်းကြည့်သည်။ ကျွန်မ ၏ မျက်လုံးများကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ အဖြေပြန်ပေးဖို့လည်း တုံ့ဆိုင်းဆိုင်း ဖြစ်နေ သည်။ ပြန်ပြောသောအခါ တွင်မူ လေသံက တည်ငြိမ်နေသည်။ စောစောကထက် ပိုပြီး တော့လည်း ခံစားချက် ကင်းမဲ့သော လေသံမျိုးဖြစ်နေသည်။
"အိပ်ခန်း ဆိုတာမျိုးဟာ ဘယ်တော့မှ အပြင်လူကြည့်ခွင့်မရှိဘူးလေ... ခန်းမကြီးရယ်၊ အနုပညာ ခန်းရယ် ပြီးတော့ အောက်ထပ် က အခန်းတွေရယ်ကိုပဲ အပြင်လူ ကြည့်ခွင့်ရတာ" စကားကို ရုတ်ရက် သူဖြတ်လိုက် သည်။ ကျွန်မ၏ မျက်လုံးထဲမှာ မည်သို့သော ခံစားချက်တွေပေါ်လာ သနည်းဟုလည်း စူးစမ်း အကဲခတ်ကြည့်လိုက်သည်။
"သွားလေသူ မစ္စက်ဒီဝင်းတား ရှိတုန်းက" အနောက်ဘက်ဆောင်မှာပဲ သူတို့လင်မယားနေလေ့ရှိသည်။ ခုန ကျွန်မပြောခဲ့တဲ့ အခန်းကြီးထဲမှာ ပဲသူတို့လင်မယား အိပ်လေ့ရှိတယ်။ ပြတင်းပေါက် ကနေ လှမ်းကြည့်လိုက်ရင် ပင်လယ်ပြင် ကို အတိုင်းသားမြင်ရတယ်ဆိုတဲ့ အခန်းလေး... အဲဒါသွားလေယူ မစ္စက်ဒီဝင်းတား ရဲ့ အိပ်ခန်းပေါ့"
ထိုအချိန်မှာပင် မစ္စက်ဒင်ဗာ ၏ မျက်နှာပေါ်သို့ အရိပ်တစ်ခု ထိုးကျလာသည်ကို မြင်လိုက်ရသည်။ မစ္စက်ဒင်ဗာ က သူ့ကိုယ်ကို နံရံဘက်သို့ ရွှေ့ပေးလိုက်သည်။ အပြင်ဘက်မှ ခြေသံကြားရသည်။ တစ်ဆက် တည်း အခန်းတွင်း သို့ မက်ဇင်မ် ၀င်လာသည်။
"ဘယ်လိုလဲ.. အဆင်ပြေတယ်မဟုတ်လား.. ဒီအခန်းကို မင်းကြိုက်ရဲ့လား...ဟုလည်းကျွန်မကို သူက လှမ်းမေးသည်"
မင်ဇင်မ် သည် စိတ်ကျေနပ်မှုရနေသော ကျောင်းသားကလေးတစ်ယောက်ကဲ့သို့ အခန်းကို စိတ်အား ထက်သန်စွာ လှည့်ကြည့်နေသည်။
"ဒီအခန်း ဟာ အင်မတန်ဆွဲဆောင်မှုရှိတဲ့အခန်းလို့ ကိုယ်အမြဲတမ်းထင်ခဲ့တယ်။ ဧည့်သည်တွေ အတွက် အိပ် အခန်း အဖြစ်နဲ့ နှစ်ပေါင်းများစွာ အလဟဿဖြစ်နေခဲ့ရတယ်။ ဒါပေမဲ့ တစ်နေ့ကျ ရင်တော့ အသုံးချဖြစ်မှာ ပဲ လို့ ကိုယ်တွေးခဲ့တယ်။ ဒီအခန်းကို ခင်ဗျားပြင်ဆင် ထားတာ အင်မတန် အောင်မြင် ပါပေတယ် မစ္စက်ဒင်ဗာ.. ခင်ဗျားကို ကျုပ်အမှတ်ပြည့်ပေးလိုက်ပြီ"
"ကျေးဇူးတင် ပါတယ် ရှင်" သူ့မျက်နှာပေါ်တွင် တစ်စုံတစ်ရာသော ခံစားချက်မျိုးမရှိ။ ထိုမျှပြော ပြီး အခန်းပြင် သို့ လှည့်ထွက်သွားသည်။ အခန်းတံခါးကို ညင်ညင်သာသာကလေး ပြန်ပိတ်ပေး သွားသည်။
မက်ဇင်မ် က ပြတင်းပေါက်ဆီသို့ သွားပြီး အောက်သို့ ငုံ့ကြည့်သည်။
"နှင်းဆီခြံကို ကိုယ်သိပ်သဘောကျတယ်။ နှင်းဆီခြံကို မြင်ရတော့ ငယ်ငယ်တုန်း က မေမေ့နောက် လျှောက်လိုက်နေမိတာကို ပြေးသတိရတယ်။ ခြောက်နေတဲ့ နှင်းဆီပန်းတွေကို မေမေက ကတ်ကြေး နဲ့ ဖြတ်ပစ်တယ်။ ကိုယ်ကခြေမခိုင်တခိုင်လေ... ဒီအခန်းက အင်မတန်ငြိမ်းချမ်းတယ်။ စိတ်ချမ်းသာစရာ လဲ ကောင်းတယ်။ တိတ်လဲတိတ်ဆိတ်တယ်။ ဒီအခန်းထဲမှာ နေနေရင် ပင်လယ်ပြင် ဟာ ငါးမိနစ်လောက်လျှောက် လိုက်ရုံနဲ့ ရောက်နိုင်မယ်ဆိုတာတောင် မယုံကြည့်နိုင် စရာကောင်းလောက်အောင် တိတ်ဆိတ်တယ်"
"မစ္စက်ဒင်ဗာ ကလဲ ဒီအတိုင်းပြောတယ်"ဟု ကျွန်မကပြန်ပြောသည်။
ပြတင်းပေါက်မှာ သူပြန်ခွာလာသည်။ အခန်းထဲကိုလှည့်ကြည့်သည်။ ခင်းကျင်းပြင်ဆင်ထားသည့် ပစ္စည်း များ ကို ကိုင်ကြည့်သည်။ ဓာတ်ပုံ များကို ကိုင်ကြည့်သည်။ ဗီရိုများကိုဖွင့်ကာ အထုတ်ဖြေပြီး ဖြစ်သော ကျွန်မ ၏ အ၀တ်အစားများကို ကိုင်ကြည့်နေသည်။
"အဘွားကြီး မစ္စက်ဒင်ဗာနဲ့ ဆက်ဆံရေးတာ ဘယ်လိုနေသလဲ"ဟု သူကဆိုင်းမဆင့် ပတ်မ ပျိုး မေးချလိုက်သည်။

တစ်ဖက်သို့ ကျွန်မလှည့်လိုက်မိပါသည်။ မှန်တင်ခုံရှေ့မှာ ကျွန်မ၏ဆံပင်များကို ဖြီးသင်နေမိပြန် ပါ သည်။ ခဏကြာတော့ မှ ကျွန်မအဖြေပြန်ပေးမိသည်။
"အထိုက် အလျောက်တော့ ပေါင်းရသင်းရခက်မယ့်ပုံမျိုးပဲ၊ သူတာဝန်ယူနေတဲ့ အိမ်မှုကိစ္စတွေထဲ မှာ ကျွန်မ၀င် စွက်မှာစိုးလို့လဲ ဖြစ်နိုင်ပါတယ်လေ"
"ဒီကိစ္စလောက်တော့ သူဘယ်လိုမှ စိတ်ကွက်မယ်မထင်ပါဘူးကွာ"
ဆက်ရန်
.
"အထိုက် အလျောက်တော့ ပေါင်းရသင်းရခက်မယ့်ပုံမျိုးပဲ၊ သူတာဝန်ယူနေတဲ့ အိမ်မှုကိစ္စတွေထဲ မှာ ကျွန်မ၀င် စွက်မှာစိုးလို့လဲ ဖြစ်နိုင်ပါတယ်လေ"
"ဒီကိစ္စလောက်တော့ သူဘယ်လိုမှ စိတ်ကွက်မယ်မထင်ပါဘူးကွာ"
ဆက်ရန်
.
No comments:
Post a Comment