Wednesday, May 9, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၁၂)

ကျွန်မကလည်း "ဟုတ်ကဲ့" ဟု တစ်ခွန်းသာ ပြန်ဖြေမိသည်။ အသက်ကိုလည်း ကောင်းစွာမရှုနိုင်။ ကျွန်မ ၏ အဖြေသည် အမှန်အတိုင်း ဟုတ်မဟုတ်ကိုလည်း မသေချာ မရေရာပါ။ ကျွန်မမြင်ဖူး သည့် တောင်ဇလပ်ပန်းတို့၏အရောင်သည် ပန်းရောင်ဖျော့ဖျော့များသာဖြစ်ကြသည်။ ယခုမြင်ရ သည့် အရောင် ကတော့ နီရဲလွန်းလှသည်။ မိုးကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းမိုးနေသယောင်။ သစ်ပင်များ နှင့် ပင်မတူ။ အလှလွန်ကဲလွန်းနေသည်ဟုလည်း ထင်ပါသည်။ အင်အား ကြီးမားသော စစ်တပ်ကြီး တစ် တပ်နှင့်လည်း တူနေသည်။ ကို ဆက်ဖတ်ရန်...

စံအိမ်ကြီးသို့ ရောက်ဖို့ မဝေးတော့ပြီ။ မော်တော်ကားလမ်းကလေးသည် ကျွန်မမျှော်မှန်းထားသကဲ့သို့ ပင် အတန်ငယ် ကျယ်လာသည်။ အနီရောင် ပန်းအုတ်တံတိုင်းကြီးကလည်း ကျွန်မတို့၏ဝဲယာနှစ်ဖက် တွင် ရှိနေသည်။
နောက်ဆုံး လမ်းချိုးကလေးကို ချိုးကွေ့လိုက်သည်။ မန်ဒါလေစံအိမ်ကြီးသို့ရောက်ပါပြီ။ မှန်ပါသည်။ မန်ဒါလေစံအိမ်ကြီးရှေ့သို့ ကျွန်မတို့ ရောက်လာကြပါပြီ။ ငယ်စဉ်တုန်းက မြင်တွေ့ခဲ့ရသည့်အတိုင်း တစ်နည်း ဆိုရသော် ကျွန်မ မျှော်မှန်းထားသည့်အတိုင်း အပြစ်အနာအဆာကင်းသည်။ အလွန်တရာ လှပ သည့် အဆောက်အအုံကြီးဖြစ်ပါသည်။ ယခုလို မျက်ဝါးထင်ထင် မြင်တွေ့ရသောအခါ ကျွန်မ ထင် ထားသည့် ထက်ပင် ပို၍လှပနေသည်ကို သတိထားမိပါသည်။

မြက်ခင်းစိမ်းစိမ်းများ အလယ်မှ မန်ဒါလေစံအိမ်ကြီး။ မြက်ခင်းများမှတစ်ဆင့် လှေကားထစ်ကလေးများ က ဥယျာဉ်များဆီသို့ရောက်အောင် နိမ့်လျှောဆင်းသွားသည်။ ဥယျာဉ်များက ပင်လယ်ကမ်းခြေဆီ သို့ ဖြန့်ကျက်သွားသည်။ ကျောက်သားလှေကားထစ်များဆီသို့ ကျွန်မ တို့ မော်တော်ကား မောင်းတက် သွား သည်။ ပြီးတော့ ဖွင့်ထားသည့် အိမ်ဝင်ပေါက်တံခါးမကြီးရှေ့မှာ ရပ် လိုက်သည်။ ခန်းမကြီးတစ်ခုထဲ မှာ လူတွေပြည့်နေကြောင်း မှန်ကူကွက် ပြတင်းပေါက်မှတစ်ဆင့် ကျွန်မ လှမ်းမြင်လိုက်ရပါသည်။
"ဒီမိန်းမကြီး လုပ်ပြန်ပြီ။ ဒါမျိုးတွေ ငါ မကြိုက်ဘူးဆိုတာ သေသေချာချာ သိရဲ့သားနဲ့"ဟု မက်ဇင်မ်၏ ဗလုံးဗထွေး ရေရွတ်သံကိုပါ ကြားလိုက်ရသည်။ သူက တစ်ဆက် တည်း မော်တော်ကားဘရိတ် ကိုပါ စောင့်နင်းပစ် လိုက်သည်။

"ဘာဖြစ်တာလဲဟင်… အဲဒီလူတွေက ဘယ်သူတွေလဲ"ဟု ကျွန်မက သူ့ကို မေးကြည့်မိပါသည်။
"အခုတော့ ဒါတွေကို မင်း ရင်ဆိုင်ရတော့မှာပေါ့ကွာ။ ကိုယ် စိတ်မကောင်းပါဘူး"ဟု သူက စိတ်ဂနာ မငြိမ် သလို ပြောသည်။ "ကိုယ်တို့နှစ်ယောက်ကို ကြိုဖို့ တစ်အိမ်လုံးမှာရှိတဲ့ အလုပ်သမားတွေကိုရော ဝင်းကြီး တစ်ခုလုံးမှာရှိတဲ့ အလုပ်သမားတွေကိုပါ မစ္စက်ဒင်ဗာက စုခေါ်ထားတာလေ… အရေးမကြီးပါ ဘူးလေ။ မင်းအနေ နဲ့ ဘာမှပြောဖို့မလိုပါဘူး။ ဒါတွေ အားလုံး ကိုယ် ကြည့်လိုပ်လိုက်ပါ့မယ်"
မော်တော်ကား တံခါးလက်ကိုင်ကို ကျွန်မ လှမ်းကိုင်လိုက်မိသည်။ ကိုယ်လက် မအီမသာဖြစ်လာသလို လည်း ခံစားလိုက်ရသည်။ ခရီးရှည်ကြီးကို မရပ်မနား ကားစီးလာရာမှ ယခု သည်နေရာ ကို ရောက်လာ တော့ ချမ်းစိမ့်စိမ့်ဖြစ်လာသလိုလည်း ခံစားရသည်။ တံခါးလက်ကိုင်ကို ကျွန်မ ကိုင်မိသည့် အချိန် တွင် လှေကားထစ်များအတိုင်း ဘဏ္ဍာစိုးက ဆင်းလာသည်။ သူ့နောက်မှ အစေခံ တစ်ယောက်လည်း ပါလာ သည်။ ဘဏ္ဍာစိုးက ကျွန်မအတွက် တံခါးဖွင့်ပေးသည်။

သူ့အသက် အတော်ကြီးပါပြီ။ ကြင်နာသနားတတ်သော မျက်နှာအမူအရာလည်းရှိသည်။ ကျွန်မက သူ့ကို မော့ကြည့်ကာ ပြုံးပြပြီး လက်တစ်ဖက်ကိုလည်း ကမ်းပေးလိုက်မိပါသည်။ သို့သော်လည်း ကျွန်မ လက်ကမ်းပေးလိုက်သည် ကို သူ မြင်ပုံမပေါ်ပါ။ ကျွန်မ ဆီက ပစ္စည်းတွေကိုသာ လှမ်းယူနေသည်။ ကျွန်မ အတွက် ကားတံခါးဖွင့်ပေးရင်းလည်း မက်ဇင်မ်ကို လှမ်းကြည့်နေသည်။
"ကိုင်း… ကျုပ်တို့တော့ ပြန်ရောက်လာကြပြီ ဖရစ်"
မက်ဇင်မ် က သူ့ကိုလှမ်းပြောရင်း လက်အိတ်များကိုချွတ်နေသည်။ "ကျုပ်တို့ ထွက်လာတုန်းက လန်ဒန် မှာ မိုးရွာနေ တယ်။ ဒီမှာတော့ မိုးရွာပုံမပေါ်ဘူး။ အားလုံး နေကောင်းကြတယ် မဟုတ်လား"
"အားလုံး နေကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အခု တစ်လလုံးလုံး မိုးမရွာပါ ဘူး ခင်ဗျာ။ ဆရာ တို့ အခုလို အိမ်ပြန်ရောက်လာကြတာ ဝမ်းသာပါတယ်။ ဆရာကတော်ရော ဆရာပါ ကျန်းခန့် သာလို့ မာကြလိမ့်မယ် ထင်ပါတယ်"

"ကျေးဇူးတင်ပါတယ် ဖရစ်။ ကျုပ်တို့နှစ်ယောက်စလုံး နေကောင်းကြပါတယ်။ ခရီးရှည် ကားမောင်းလာ ရလို့ နည်းနည်းတော့ ပင်ပန်းတယ်။ လက်ဖက်ရည်လဲ ဆာလှပြီ။ အခုလို လူတွေတပြုံတခေါင်းကြီး စုကြိုနေကြလိမ့်မယ် လို့ ကျုပ် မတွေးမိခဲ့ဘူး"
"မစ္စက်ဒင်ဗာ ရဲ့အမိန့်အတိုင်း စုနေကြတာပါ ဆရာ"ဟု ဘဏ္ဍာစိုးကြီး ဖရစ်က ပြောသည်။ သူ့ မျက်နှာ ပေါ် မှာတော့ မည်သည့်အမူအရာကိုမျှ မတွေ့ရ။
"အင်း… ဒီလိုဖြစ်လိမ့်မယ်ဆိုတာ ကြိုတွေးမိခဲ့ဖို့တော့ အကောင်းသား"မက်ဇင်မ်က ခပ်ပြတ်ပြတ်ပြန် ပြော သည်။ ပြီးတော့ ကျွန်မဘက်သို့ လှည့်ကြည့်ပြီး "ကဲ… လာ၊ သိပ်ကြာမှာ မဟုတ်ပါဘူး၊ ပြီးတော့မှ လက်ဖက်ရည်သောက်ကြတာပေါ့"ဟု တစ်ဆက်တည်း ပြောပါသည်။

မက်ဇင်မ်နှင့်အတူ လှေကားထစ်များအတိုင်း အိမ်ပေါ်သို့ တက်လာခဲ့သည်။ ဘဏ္ဍာစိုး ဖရစ်နှင့် အစေခံ တစ်ယောက် က ကျွန်မတို့ပစ္စည်းများကို သယ်ပြီး နောက်မှလိုက်လာသည်။ ကျွန်မ၏ရင်ထဲမှာ နာကျင် သလိုလို ဖြစ်လာပြန်သည်။ မနေတတ် မထိုင်တတ်လည်း ဖြစ်လာပြန်ပါသည်။
ယခုအခါ တွင် မျက်စိမှိတ်ပြီး ထိုစဉ်က ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို ပြန်စဉ်းစားကြည့်မိပါသည်။ အိမ်ဝမှာ ရပ်နေမိသည့် ကျွန်မ၏အဖြစ်ကို ပြန်လည်မြင်ယောင်နေမိပါသည်။ အိမ်ဝင်ဝမှာ ကျွန်မက ရပ် လျက်။ ကိုယ်လုံးကိုယ်ထည်က သွယ်သွယ်။ ကိုယ်ကျပ်အင်္ကျီနှင့် ဘောင်းဘီများဝတ်ပြီး လက်အိတ်နှစ် ဖက်ကို စုကိုင် လို့။ အိုးတိုးအမ်းတမ်း အမူအရာနှင့်။

ကျောက်တုံးကြီးများဖြင့် ဆောက်လုပ်ထားသော ခန်းမဆောင်ကြီး။ စာကြည့်ခန်းသို့သွားရာ တံခါးပေါက် မှာလည်း ပွင့်လျက်သား။ နံရံများပေါ်တွင်လည်း ကမ္ဘာကျော် ပန်းချီဆရာကြီးများ၏ ပန်းချီကား များကို ချိတ်ဆွဲထားလျက်။ ခန့်ညားထည်ဝါလှသည့် လှေကားကြီးက အနုပညာခန်းမဆောင်ကြီးဆီသို့ ဦး တည်လျက်။ စင်္ကြံများကိုလည်း ကျောက်တုံးများဖြင့်ပင် ခန့်ညားထည်ဝါစွာ တည်ဆောက်ထား သည်။ စင်္ကြံများ ကိုလည်း ကျောက်တုံးများဖြင့်ပင် ခန့်ညားထည်ဝါစွာ တည်ဆောက်ထားသည်။ ယင်း စင်္ကြံ၏ ဟိုတစ်ဖက်တွင် ထမင်းစားခန်းကြီး။

ထိုထမင်းစားခန်းထဲတွင်မူ မြောက်မြားစွာသော လူတွေ။ လူတွေ များလွန်းသဖြင့် မျက်နှာပင်လယ်ပြင် ကြီးလို ဖြစ်နေသည်။ ပါးစပ်များက အံ့သြလွန်းသဖြင့် ဟောင်းလောင်းဟလျက်။ သိလိုစိတ်များ ပြင်းပြ လျက်။ အားလုံး၏မျက်လုံးများက ကျွန်မကိုသာ စူးစိုက်ကြည့်နေကြသည်။ တရားခံတစ်ယောက်ကို လူ အုပ်ကြီး က ဝိုင်းကြည့်နေကြသည့်ပုံစံမျိုး၊ တရားခံဖြစ်သော ကျွန်မကလည်း လက်ကလေးနှစ်ဖက် ကို နောက်သို့ ပစ်လျက်။
လူမျက်နှာ ပင်လယ်ပြင်ကြီးအတွင်းမှ လူတစ်ယောက် ရှေ့သို့ တိုးထွက်လာသည်။ အရပ် က ထောင် ထောင်မောင်းမောင်း၊ ကိုယ်လုံးကိုယ်ထည်က ပိန်ပိန်ကပ်ကပ်၊ ပါးရိုးများက ထိုးထိုးထောင်ထောင်၊ မျက်လုံးနှစ်ဖက်က အရိုးငေါငေါ မျက်နှာထဲမှာ ချိုင့်ဝင်နေသည်။ အသားအရောင် က ဖြူဖပ်ဖြူရော်၊ ပုံ ဟန်က အရိုးစုတစ်ခုပေါ်တွင် လူသဏ္ဌာန်ကို တည်ဆောက်ထားသည့်အလား။ ကိုယ်ပေါ် မှာတော့ အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်။

ထိုအမျိုးသမီးကြီးသည် ကျွန်မဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး တန်းလာပါသည်။ ကျွန်မက ဆီးကြို ပြီး လက်ကမ်းပေး လိုက်သည်။ ဝင့်ဝင့်ကြွားကြွားကြီး လျှောက်လာသည့် သူ့ဟန်ပန်အမူအရာကိုကြည့်ပြီး သူ့ အပေါ် မနာလိုစိတ် ပွားမိပါသည်။ ကျွန်မလည်း သူ့လိုပင် ရင်ကော့ပြီး ဝင့်ဝင့်ကြွားကြွားကြီး နေပြ လိုက်ချင် ပါသည်။ သို့သော်လည်း ကျွန်မ၏လက်ကို ဆွဲကိုင်လိုက်သောအခါတွင်မူ သူ့လက် က ပျော့စိ ပျော့ဖတ်၊ အေးတိအေးစက်နှင့် လူသေကောင်၏လက်လို ဖြစ်နေသည်။

"သူက မစ္စက်ဒင်ဗာပဲ"ဟု မက်ဇင်မ်က ပြောပြီး မိတ်ဆက်ပေးသည်။ အသက်ကင်းမဲ့နေသော သူ့လက် ကို ကျွန်မ လက်ထဲမှာ ထားမြဲထားရင်း သူ စကားစပြောသည်။ သူ၏မျက်လုံးဟောက်ပက်များကလည်း မလွှဲဖယ် စတမ်း ကျွန်မကို စိုက်ကြည့်မြဲကြည့်နေပါသည်။ ထို့ကြောင့် ကျွန်မ မျက်နှာလွှဲလိုက်ရသည်။ သည်တော့ မှ သူ့လက်လှုပ်ရှားလာသည်။ အသက်ပြန်ဝင်လာသလို ရှိလာသည်။
ကျွန်မ အဖို့တော့ မနေတတ်မထိုင်တတ် ဖြစ်လာပြီ။ ရှက်စိတ်ကြောက်စိတ်တွေလည်း ဝင်လာပြီ။

ထိုနေ့က အဖြစ်အပျက်များကို ကျွန်မ အခုပြန်စဉ်းစားကြည့်မိပါသည်။ သို့သော်လည်း ထိုနေ့က သူ ပြောခဲ့ သည့် စကားလုံးများကို ကျွန်မ ကောင်းစွာမမှတ်မိတော့ပါ။ ခပ်ဝါးဝါး မှတ်မိသည်များကတော့ စံ အိမ်ကြီး၏ အမှုထမ်းအားလုံး၊ အလုပ်သမားအားလုံး၊ အစေခံများအားလုံးနှင့် သူကိုယ်တိုင်ကပါ မန်ဒါ လေစံအိမ်ကြီး သို့ ကျွန်မရောက်လာသည့်အတွက် ကြိုဆိုပါကြောင်း ပြောဆိုသည့် သဘောလောက် သာ မှတ်မိပါတော့သည်။ သူ ပြောဆိုရမည့် စကားလုံးများကို ကြိုတင် ၍ ကောင်းစွာလေ့ကျင့်ထားဘိသ ကဲ့သို့ အထစ်အငေါ့မရှိ ပြောသည်။ ပြောပုံဆိုပုံတွေကတော့ သူ့ လက်များ အတိုင်း အေးတိအေးစက်နှင့် အသက်မပါ။
သူ စကားပြောပြီးသွားသောအခါ ကျွန်မ တုံ့ပြန်ပြောဆိုမည့် စကားများကို သူက စောင့်နေသည်။ ကျွန်မ ကမူ ရှက်စိတ်ကြောင့် မျက်နှာထူပူကာ ဘာပြန်ပြောရမှန်းမသိတော့။ ကျွန်မစိတ်များ ရှုပ်ထွေးနေ ခိုက်မှာပင် လက်ထဲမှ လက်အိတ်နှစ်ခုက ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားလေတော့သည်။

မစ္စက်ဒင်ဗာက လက်အိတ်များကိုကုန်းကောက်ကာ ကျွန်မကို ကမ်းပေးသည်။ သည်အချိန်မှာပင် မထီ မဲ့မြင်အပြုံးတစ်ခု ကို သူ့နှုတ်ခမ်းပေါ်မှာ မသိမသာမြင်လိုက်ရသည်။
ကျွန်မ သည် လိမ္မာရေးခြားမရှိသည့် အောက်တန်းစားမိန်းကလေးတစ်ယောက်မျှသာဖြစ်ကြောင်း သူ ကောက်ချက် ချလိုက်ပြီကို ကျွန်မ ကောင်းကောင်းကြီး သဘောပေါက်နားလည်လိုက်ပါတော့သည်။
သူ့မျက်နှာ အမူအရာ ကို မြင်ရသည့်အတွက် ကျွန်မစိတ်ထဲမှာ မငြိမ်မသက် ဖြစ်လာ ပါသည်။ နောက်သို့ ပြန်ဆုတ်သွားပြီး စောစောကနေရာမှ အခြားသူများနှင့်အတူတူ သူ ပြန်ရပ်နေသည့် တိုင်အောင် တစ် ကိုယ်လုံး နက်နေသည့် သူ့ခန္ဓာကိုယ်ကြီးက အများထဲမှာ ထင်းထင်းကြီးပေါ်နေသည်။ ကျန်သူအားလုံး တိတ်ဆိတ်နေကြသည်။ မစ္စက်ဒင်ဗာကတော့ ကျွန်မကို မမှိတ် မသုန် စိုက်ကြည့်နေ မည်ဖြစ်ကြောင်း အလိုလိုသိနေပါသည်။

မက်ဇင်မ်က ကျွန်မ၏လက်မောင်းကို လှမ်းဆုပ်ကိုင်လိုက်ပြီး မစ္စက်ဒင်ဗာတို့လူသိုက်ကို ကျေးဇူးတင် စကား အနည်းငယ် ပြန်ပြောပါသည်။ မည်သို့သော စိတ်အနှောင့်အယှက်မျှမရှိသလို လွယ်လွယ် ကူကူ ချောချောမောမောပင် ပြောနေခြင်းဖြစ်ပါသည်။ သည်လိုပြောရသည့်အတွက် သူ့မှာ ဘာမျှ အပန်းမကြီး သလိုပင်။ ပြီးတော့ လက်ဖက်ရည်သောက်ရန် ကျွန်မကို စာကြည့်ခန်းထဲသို့ ခေါ်ဆောင်သွားပါသည်။ အခန်းထဲရောက်တော့ တံခါးများကို ပိတ်လိုက်သည်။ ကျွန်မတို့ နှစ်ယောက်တည်း ပြန်ဖြစ်သွားပြန်ပါ သည်။
မီးလင်းဖိုဘေးနား မှာ အိပ်နေကြသည့် ခွေးနှစ်ကောင်က ကျွန်မတို့ကို ကြိုဆိုရန် ထလာပါသည်။ နူးညံ့ သော သူတို့၏နားရွက်ဖားဖားများကို နောက်ဘက်သို့ လှန်ရင်း မက်ဇင်မ် ကို နှုတ်သီးနှင့်ထိုးကာ နမ်း ကြည့်ပါသည်။ ပြီးတော့ ကျွန်မဆီသို့လာသည်။ ကျွန်မ၏ဖနောင့်ကို နမ်းကြည့် သည်။ သခင် မဟုတ်သ လိုပုံမျိုး။ ပြီးတော့ ကျွန်မအပေါ်မှာ သံသယမကင်းသည့်ပုံမျိုး၊ တစ်ကောင် က အမေဖြစ်သည်။ မျက်လုံး တစ်ဖက် လပ်နေသည်။ ချက်ချင်းပင် သူ၏ စူးစမ်းမှုပြီးဆုံးသွားကာ မီးလင်းဖိုနားသို့ ပြန်သွားပြီး အိပ်နေ လိုက်သည်။

သို့သော်လည်း အငယ်ကောင် အထီးကလေး ဂျက်စ်ပါ။ သူ့နာမည်က ဂျက်စ်ပါဖြစ်ပါသည်။ ဂျက်စ်ပါက မူ ကျွန်မ၏ဒူးပေါ်မှာ မေးတင်ပြီး နှုတ်သီးကို ကျွန်မ၏လက်ဖဝါးထဲမှာ ထည့်ထားပါသည်။ မျက်လုံးများ က တစ်စုံတစ်ရာကို ပြောပြနေသယောင်။ ပိုးသားလိုနူးညံ့သည့် သူ့နားရွက်များကို ကျွန်မက ပွတ်သပ် ပေးသောအခါ အမြီးကို နန့်နေပါသည်။
ကျွန်မက ဦးထုပ်ချွတ်လိုက်သည်။ လည်စည်းကိုပါ ချွတ်လိုက်သည်။ အနေရ အထိုင်ရ သက်သာသွား သလို ရှိပါသည်။ ဦးထုပ်နှင့် လက်အိတ်ကို ပြတင်းပေါက်အနီးရှိ ကုလားထိုင်ပေါ်မှ ကျွန်မ၏လက်ဆွဲ အိတ်အနီးသို့ ပစ်တင်လိုက်ပါသည်။ အလွန်နေလို့ ထိုင်လို့ကောင်းသည့် အခန်းဖြစ်ပါသည်။ နံရံတွင် စာအုပ်ဗီရိုတွေ အပြည့်၊ ဗီရိုများက မျက်နှာကျက်တိုင်အောင် မြင့်တက်နေပါသည်။

ကျွန်မ၏ယောက်ျားသည် သည်အခန်းထဲမှာ ခွေးနှစ်ကောင်နှင့်အတူ အထီးကျန်ဘဝဖြင့် နေခဲ့ရပါ သည်။ သို့သော်လည်း အခန်းထဲမှာ အနံ့အသက်ဟောင်းတစ်ခု၏အနံ့ကို ရှူရှိုက်နေရသည်။ မှိုနံ့လိုလို အနံ့မျိုးဖြစ်သည်။ လေပြည်လေညင်းက ပန်းခြံများကို ဖြတ်သန်း၍သော်လည်းကောင်း၊ ပင်လယ်ပြင် ကို ဖြတ်သန်း၍သော်လည်းကောင်း တိုက်ခတ်လာသော်လည်း သည်အခန်းထဲသို့ရောက်လျှင် သူတို့၏ လတ်ဆတ် သန့်ရှင်းမှုလည်း ပျောက်ကွယ်သွားပေလိမ့်မည်။ အကိုင်အတွယ်နည်းသည့် စာအုပ်များ၏ အနံ့အသက် ကလည်း ကြီးစိုးမင်းမှုနေသည်။ ဘုရားဝတ်ပြုမှုနည်းပါးသည့် ဘုရားရှိခိုးကျောင်းထဲက အနံ့အသက်မျိုး ဟုလည်း ဆိုနိုင်သည်။ တကယ်ဆိုတော့ သည်အခန်းသည် ငြိမ်းချမ်းသောအခန်း။ တရားဘာဝနာ ပွားဖို့ကောင်းသော အခန်း။

ခဏကြာတော့ ကျွန်မတို့အတွက် လက်ဖက်ရည်ပွဲယူလာသည်။ ဘဏ္ဍာစိုးဖရစ်နှင့် အစေခံကလေးတစ် ယောက်တို့က ကျွန်မတို့၏လက်ဖက်ရည်ပွဲကို ပြင်ဆင်ပေးသည်။ သူတို့ပြန်ထွက် သွားကြသည်အထိ ကျွန်မက ငြိမ်ထိုင်နေလိုက်ပါသည်။ နှစ်ယောက်တည်းကျန်သောအခါ စာတိုက် မှရောက်နေသည့် စာပုံကြီးနားကနေ၍ မက်ဇင်မ်က ကျွန်မကို လှမ်းကြည့်သည်။ ကျွန်မကမူ ပေါင်မုန့်နှင့် ကိတ်မုန့် များကို ယူစားနေလိုက်သည်။
မက်ဇင်မ် က ကျွန်မကို မကြာခဏ လှမ်းကြည့်ကာ ပြုံးပြုံးပြပါသည်။ ပြီးတော့ သူ့စာများဆီသို့ ပြန် လှည့်သွား ပါသည်။ လွန်ခဲ့သောလများတုန်းက သူနှင့်ကျွန်မ အတူတူနေခဲ့ကြပါသည်။ သို့သော်လည်း မန်ဒါလေစံအိမ်ကြီးတွင် မည်သို့မည်ပုံ သူ နေထိုင်တတ်ကြောင်း ဘာမျှ ဟုတ္တိပတ္တိမသိခဲ့ရပါ။ နေ့စဉ် သူ ထမ်းဆောင်နေကျ တာဝန်ဝတ္တရားများ၊ သူသိသည့် လူများ၊ မိတ်ဆွေများ၊ ယောက်ျားများ၊ မိန်းမ များ၊ ပေးချေ စရာရှိသည့် ငွေစာရင်းရှင်းတမ်းများ၊ အိမ်မှုကိစ္စဆောင်ရွက်ရန် သူ ညွှန်ကြားနေပုံများ မည်သို့ ရှိလေမည်နည်း။

သူနှင့်ကျွန်မ အတူနေခဲ့ကြသည့် ရက်သတ္တပတ်များသည် လျင်မြန်စွာပင် ကုန်ဆုံးလွန်မြောက်ခဲ့ပါ သည်။ ပြင်သစ်နိုင်ငံထဲမှာ၊ အီတလီနိုင်ငံထဲမှာ၊ သူ့ဘေးကထိုင်ပြီး ကျွန်မကားစီးခဲ့ပါသည်။ သည်အချိန် တုန်း ကတော့ ဘာကိုမျှ ထွေထွေထူးထူး မစဉ်းစားမိခဲ့။
သူ့ကို ကျွန်မ ဘယ်လောက်ချစ်ကြောင်းကိုသာ စဉ်းစားနေမိခဲ့ပါသည်။ ဗင်းနစ်မြို့ရောက်တော့လည်း သူကြည့်ရာ ကို ကြည့်ခဲ့သည်။ သူသွားရာကို လိုက်ခဲ့သည်။ သူ့ပြောစကားများကို ပဲ့တင်ထပ်ခဲ့သည်။ အတိတ် အကြောင်းကိုလည်း မမေး။ အနာဂတ်အရေးကိုလည်း မစူးစမ်း။ ပစ္စုပ္ပန်တည့်တည့်မှာသာ စိတ် အာရုံ ကို ထားခဲ့မိပါသည်။

သည်တုန်းက မက်ဇင်မ်သည် ကျွန်မထင်ထားသည်ထက်ပိုပြီး စိတ်ချမ်းသာနေခဲ့ပါသည်။ ကျွန်မစိတ် ကူးယဉ်ခဲ့သည် ထက်ပိုပြီး နူးညံ့ပျော့ပျောင်းနေပါသည်။ ငယ်မူငယ်သွေးတွေပေါ်ကာ အလွန်တရာ လည်း နုပျိုနေ ခဲ့ပါသည်။ ပထမဦးဆုံး ကျွန်မ စတင်တွေ့မြင်ခဲ့ရသည့် မက်ဇင်မ်မဟုတ်တော့။ ကိုတေ ဒါဇူးဟိုတယ် စားသောက်ခန်းထဲက စားပွဲမှာတစ်ယောက်တည်း ထိုင်ပြီး ရှေ့ဘက်သို့သာ ငူငူကြီးငေး စိုက်ကြည့်နေသည့် မက်ဇင်မ်မဟုတ်တော့။ သူ၏လျှို့ဝှက်ချက်များထဲမှာသာ နစ်မြုပ်နေသော မက်ဇင်မ် မဟုတ်တော့။

ကျွန်မချစ်သော ယခု မက်ဇင်မ်သည် ရယ်ကာမောကာနှင့် သီချင်းတကြော်ကြော်လည်း ဆိုတတ် သည်။ ကျောက်ခဲကလေးများကို ကောက်ကာ ရေထဲသို့လည်း ပစ်ချတတ်သည်။ မျက်မှောင် ကုပ်နေခြင်းမျိုး လည်း မရှိတော့။ သူ့ပခုံးပေါ်မှာလည်း မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်ထား ရတော့သလို ရှိသည်။ သူ့ကို ကျွန်မ၏ချစ်သူအဖြစ်နှင့်လည်း သဘောပေါက်နားလည်ရပါတော့သည်။ မိတ်ဆွေကောင်း တစ် ယောက်အနေဖြင့်လည်း သိကျွမ်းရပါတော့သည်။ ထိုဘဝတုန်းကတော့ သူ့ဘဝကြီးတစ်ခုလုံး ကိုပင် ကျွန်မ မေ့လျော့နေခဲ့မိပါသည်။
စာတွေ တစ်စောင်ပြီးတစ်စောင် သူ ဖောက်ဖတ်နေသည်ကို ကျွန်မ အကဲခတ်ကြည့်နေမိပါသည်။ တစ် စောင်ကျတော့ သူ မျက်မှောင်ကုပ်လိုက်သည်။ နောက်တစ်စောင်ကျတော့ ပြုံးလိုက် သည်။ နောက်တစ် စောင်ကျတော့ မည်သည့်ခံစားချက်မျိုးမှ သူ့မျက်နှာ မှာ ပေါ်မလာ ဘဲ ဘေးသို့ဖယ်ထားလိုက်သည်။

သည်နေရာမှာပင် အတွေးရေယာဉ်ကျောမှာ ကျွန်မ မျောရပြန်ပါသည်။ အကယ်၍ သူနှင့် ကျွန်မ လက် ထပ်ခွင် မကြုံဘဲ မစ္စက်ဗန်ဟော့ပါးနှင့်အတူ နယူးယောက်မြို့သို့ လိုက်သွားသည်ဆိုပါစို့။ ဟိုကနေပြီး ကျွန်မ စာရေးမိလိမ့်မည်။ ကျွန်မစာကိုလည်း မည်သို့သော် ခံစားချက်မျိုးမှမပါဘဲ သူ ဖတ်မည်။ ပြီးတော့ အောက်မှာရေးထိုးထားသည့် ကျွန်မ၏လက်မှတ်ကိုကြည့်ကာ နားမလည်နိုင်သလို မမှတ်မိ တော့ သလိုရှိမည်။ ထို့နောက် တစ်ချက်သမ်းဝေကာ ခြင်းတစ်ခုထဲသို့ ပစ်ထည့်လိုက်ပြီး လက်ဖက်ရည် ပန်းကန်ကို လှမ်းဆွဲယူပေလိမ့်မည်။

ထိုအတွေးများဝင်လာသည်နှင့်တစ်ပြိုင်တည်း ရင်ထဲမှာ နာကျင်လာပါသည်။ ကုလားထိုင်နောက်မှီပေါ် သို့ ကိုယ် ကို လှန်ချလိုက်ရင်း အခန်းထဲမှာ မျက်စိကစားကာ စိတ်ငြိမ်အောင် ထိန်းနေရပါသည်။ ယုံ ကြည်ချက် များ ပြန်လည်ရရှိလာအောင် ကြိုးစားနေမိပါသည်။ ကျွန်မသည် အမှန်တကယ်ပင် မန်ဒါလေ စံအိမ်ကြီး၏ စာကြည့်ခန်းထဲမှာ ထိုင်နေခြင်းဖြစ်ကြောင်း ယုံကြည်နိုင်အောင် ကြိုးစားနေရပါသည်။
ကျော်ကြား လှသော မန်ဒါလေစံအိမ်ကြီးသည် ယခုအခါတွင် ကျွန်မ၏စံအိမ်ဖြစ်လာကြောင်း မိမိကိုယ် မိမိ သတိပြန်ပေးနေရပါသည်။ ကျွန်မပိုင်သော အိမ်၊ ကျွန်မချစ်သော မက်ဇင်မ်နှင့် ကျွန်မပိုင်သော အိမ် ဟောဟို မှာ စာအုပ်တွေ၊ မျက်နှာကျက်ထိအောင် မြင့်လို့။

ဟောဒီအခန်း ထဲမှာ ကုလားထိုင်မှာ ငါ ထိုင် နေတယ်။ နံရံပေါ်မှာလည်း ဓာတ်ပုံတွေ၊ ပန်းချီကားချပ်တွေ တွဲလောင်း ဆွဲလို့။ ဟောဟိုမှာ ပန်းဥယျာဉ် တွေ။ ဟောဟိုမှာ သစ်တောတွေ။ ဒါတွေအားလုံးဟာ စာထဲ မှာ ငါဖတ်ခဲ့ဖူးတဲ့ မန်ဒါလေစံအိမ်ကြီးရဲ့ အဆောင်အယောင်တွေပဲ။ အခု ဒါတွေအားလုံးကို ငါ  ပိုင်ပြီ။ ဘာကြောင့်လဲ ဆိုတော့ မက်ဇင်မ်နဲ့ ငါ လက်ထပ်လိုက်ကြပြီမဟုတ်လား။

အဘိုးကြီိး အဘွားကြီးဖြစ်သည်အထိ သည်စံအိမ်ထဲမှာ ကျွန်မတို့နေထိုင်ကြပါမည်။ အဘိုးကြီး အဘွား ကြီးအဖြစ်နှင့် သည်နေရာမှာထိုင်ပြီး လက်ဖက်ရည်သောက်ကြပါမည်။ ကျွန်မတို့ အနား မှာလည်း ခွေး တွေရှိမည်။ သို့သော် ယခုရှိနေသည့် ဂျက်စ်ပါတို့တော့မဟုတ်။ သူတို့နေရာမှာ အစား ဝင်လာသည့် အခြားခွေးများဖြစ်မည်။ အခန်းထဲက အနံ့အသက်ကလည်း ယခု အတိုင်း ဟောင်းနွမ်းနွမ်း အနံ့မျိုးပင် ဖြစ်ရပေလိမ့်မည်။

အသက်အရွယ် ငယ်ကြသေးသည့် သားများကိုကြည့်ပြီး ပီတိဖြာဝေနေကြပေလိမ့်မည်။ သူနှင့် ကျွန်မ မွေးသည် ကျွန်မတို့၏သားများ။ ရွှံ့များ ပေကျံနေသည့် ဖိနပ်များကိုစီးပြီး ဆိုဖာများပေါ်သို့ သူတို့ တက် ဆော့ကြလိမ့်မည်။ တုတ်ချောင်းတွေ၊ ခရစ်ကတ်ဘတ်တံတွေ၊ ဓားတွေ၊ ပြိးတော့ လေးနှင့် မြားတွေကို လည်း သူတို့ ယူဆောင်လာကြလိမ့်မည်။
အရောင် အဖိတ်ဖိတ် တောက်ပြောင်နေသည့် ဟောဟိုစားပွဲပေါ်မှာလည်း အရုပ်ဆိုးသော ပန်းအိုးတစ် လုံး ရှိလိမ့်မည်။ ထိုပန်းအိုးထဲမှာ သားတွေဖမ်းထည့်ထားသော လိပ်ပြာကလေးများနှင့် ပိုးဖလံကောင် များ ရှိပေလိမ့်မည်။ တခြားအိုးတစ်လုံးထဲမှာတော့ ငှက်သိုက်ထဲမှ ဥကလေးများကို နှိုက်ယူလာကာ အဝတ်နှင့် ပတ်ပြီး ထည့်ထားပေလိမ့်မည်။

"သားတို့ရေ… အဲဒီအမှိုက်သရိုက်တွေ ဒီထဲကို ယူမလာရဘူးလေ… သားတို့  ကစားတဲ့အခန်းထဲကို ယူ သွားကြနော်" ဟု ကျွန်မက ပြောမိပေလိမ့်မည်။ သားတို့ကလဲ တစ်ယောက်ကိုတစ်ယောက် တကြော် ကြော်အော်ခေါ် ရင်း အခန်းထဲမှာ ပြေးထွက်သွားကြပေလိမ့်မည်။ သို့သော်လည်း အငယ်ဆုံး သား ကလေးကတော့ အကြီးတွေနှင့်လိုက်မသွားဘဲ သူ့ဟာသူ အေးချမ်းစွာ ထိုင်ကစားရင်း တိတ်ဆိတ်ငြိမ် သက် စွာ ကျန်ရစ်ခဲ့ပေလိမ့်မည်။
ကျွန်မ၏ စိတ်ကူးယဉ်အိပ်မက်ကလေးသည် တံခါးဖွင့်သံကြောင့် ပျက်စီးသွားပါသည်။ ဘဏ္ဍာစိုး ဖရစ် နှင့် အစေခံကလေးက ကျွန်မတို့စားသောက်ပြီးဖြစ်သည့် လက်ဖက်ရည်ပွဲကို သိမ်းရန် ဝင်လာကြ သည်။

"ဆရာကတော် တို့အတွက် ပြင်ဆင်ထားတဲ့အခန်းကို ဆရာကတော်များ လိုက်ကြည့်လိုပါသလားလို့ မစ္စက်ဒင်ဗာ က အမေးခိုင်းလိုက်ပါတယ် ခင်ဗျာ"ဟု ဖရစ်က ကျွန်မကို လှမ်းပြောပါသည်။
မက်ဇင်မ် က စာတွေကိုဖတ်နေရာမှ တစ်ချက်မော့ကြည့်လိုက်ပါသည်။
"အရှေ့ဘက်ဆောင်ကို သူတို့ ဘယ်လိုလုပ်ထားသလဲ"ဟု ဖရစ်ကို လှမ်းမေးလိုက်သည်။
"အင်မတန် ကောင်းပါတယ် ဆရာ။ လက်သမားတွေ ပြင်ဆင်နေကြတုန်းကတော့ တစ်ခန်းလုံး ရှုပ်ပွနေ တာပါပဲ။ မစ္စက်ဒင်ဗာကလဲ ဆရာတို့ ပြန်ရောက်လာတဲ့အချိန်မှာ အခန်းပြင်မပြီးဘဲ တန်းလန်းဖြစ်နေမှာ ကို စိုးရိမ်နေဟန် တူပေသည်။ ဒါပေမဲ့ လွန်ခဲ့သော တနင်္လာနေ့ကပဲ အားလုံးရှင်းလင်းပြီးသွားပါတယ်။ အဲဒီအချိန် မှာ ဆရာတို့သက်တောင့်သက်သာ နေနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ ဒီစံအိမ်ကြီးရဲ့ အဲဒီ ဘက်အခြမ်းကအဆောင်ဟာ အင်မတန်ကို စိတ်ချမ်းသာစရာ ကောင်းပါတယ်"
"အခန်း ကို ဘယ်လိုပြင်ထားတာလဲဟင်…"ဟု ကျွန်မက ဝင်မေးမိပါသည်။

"အို… များများစားစားမဟုတ်ပါဘူး။ မူလအပြင်အဆင်တွေ ပြောင်းပစ် လိုက်ပြီး ဆေးထပ် သုတ်တာ လောက်ပါ။ အဲဒီအခန်းကိုပဲ ကိုယ်တို့အသုံးပြုကြမယ်လို့ ကိုယ် စိတ်ကူးခဲ့တယ်။ ဖရစ်ပြောသလို ပဲ အဲဒီ အခြမ်းက ပိုပြီး စိတ်ချမ်းသာစရာကောင်းတယ်။ အဲဒီအခန်းကနေပြီး နှင်းဆီခြံကို လှမ်းကြည့် ရတဲ့မြင် ကွင်းကလဲ အင်မတန်လှတယ်။ မေမေ အသက်ရှိစဉ်တုန်းကတော့ ဧည့်သည်တွေ တည်းဖို့ သီးသန့် ထားတဲ့အဆောင်ပဲ၊ ဒီစာတွေပြီးအောင် ဖတ်လိုက်ဦးမယ်။ ပြီးရင် အပေါ်ထပ် လိုက် ခဲ့မယ်။ မစ္စက်ဒင်ဗာ နဲ့ ရင်းနှီးသွားအောင် လျှောက်ကြည့်လိုက်ပါဦး။ သူနဲ့ နှစ်ယောက်ချင်း အခုလိုတွေ့ ရမှာဟာ အင်မတန် ကောင်းတဲ့ အခွင့်အရေးတစ်ရပ်ပေပဲ"

ထိုင်ရာမှ ကျွန်မ ဖြည်းဖြည်းချင်း ထပါသည်။ ယခင်က စိတ်လှုပ်ရှားမှုများကို ကျွန်မ ပြန်လည်ခံစားလာ ရပါသည်။ ပြီးတော့ အခန်းအပြင်သို့ထွက်ကာ ခန်းမကြီးထဲသို့ ဝင်ခဲ့သည်။ အလုပ်ပြီးသည်အထိ စောင့် ရလျှင် ကောင်းမှာပဲဟုလည်း ဆန္ဒဖြစ်မိပါသည်။ သူ့လက်မောင်းကိုတွဲခိုပြီး အခန်းများကို အတူတကွ လိုက်ကြည့် ရမည်ဆိုလျှင် မည်မျှကောင်းခြိမ့်မည်နည်း။ မစ္စက်ဒင်ဗာနှင့် ကျွန်မတစ်ယောက်တည်း လိုက် မသွား လိုပါ။ ခန်းမကြီးက ကျယ်လွန်းသည်။ သည်အခန်းထဲမှာ ဟာလာဟင်းလင်းကြီးဖြစ်နေ သည်ဟု ထင်ရသည်။ ကျွန်မ၏ဖိနပ်သံကလည်း အလွန်တရာကျယ်လောင်နေသည်။ မျက်နှာကျက် များသို့ တိုင်အောင် ပဲ့တင်သံက ရိုက်ခတ်နေသည်။ ယင်းဖိနပ်သံကြောင့်ပင် အပြစ်တစ်ခုခု ကျူးလွန် ထားမိသူ လို ကိုယ့်ဟာကိုယ် ပြန်ထင်နေမိသည်။ ကျွန်မနှင့်အတူ လျှောက်လာသည့် ဖရစ်၏ဖိနပ်သံက မမြည်။ ထိုသို့ဖြစ်လေ အူကြောင်ကြောင်နိုင်လှလေ ဖြစ်ရပါတော့သည်။

ဆက်ရန်
.

No comments: