Monday, May 28, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁ဝ)

"ဟန်ပိုက မျက်ရိပ်ပြသဖြင့် တစ်ခုခုတော့ ပြဿနာဖြစ်ပြီဟု မနှင်းဖွေးရိပ်မိလိုက်သည်။ ရဲဝံ့တို့ ကုလားထိုင် မှာ ထိုင်မိသည်အထိ စောင့်ပြီးမှ ရေတစ်ခွက် ရေခဲသေတ္တာထဲမှ ငှဲ့ယူပေးပြီး ရဲဝံ့ရှေ့တွင် ချပေး လိုက်သည်။ "ဘာဖြစ်လို့လဲ ကိုရဲဝံ့" ရဲဝံ့က နွမ်းလျစွာ ပြုံးသည်။
"နှင်း ဘဲ မေးမှ နဲ့ တူတယ်၊ နှင်းဆိုရင် ဘယ်လို ဆုံဖြတ်မလဲလို့" "ဘာကိုလဲ" ဟန်ပို က ဖြတ် ၀င်ပြော သည်။ "သူ့မိထွေး ကကွာ၊ ဆင်ဖြူကျွန်း က တူမနှစ်ယောက်ကို အလုပ် သွင်းပေးခိုင်းနေ တယ်၊ စာပေးစာယူနဲ့ ဘွဲ့ရပြီးသားတွေ ပါဘဲ၊ ငါကလည်း ရပါတယ်၊ ပေးပါလို့ ပြောတာ ဒီကောင်က သိပ်မကြိုက် ချင်ဘူး ဖြစ်နေတယ်"
ကို ဆက်ဖတ်ရန်....

မနှင်းဖွေးက ရဲဝံ့ကို လှည့်ကြည့်သည်။ "ကိုရဲဝံ့က မိန်းကလေးတွေကို သိလို့လား"
ရဲဝံ့က ခေါင်းခါသည်။ "တစ်ခါမှ မဆုံဖူးပါဘူး" "ဒါဆို ဘာကို မကြိုက်တာလဲ"ရဲဝံ့က ပခုံးတွန့်ပြသည်။

"အဒေါ် ယူထားတဲ့ ယောက်ျားဘက်က ပါလာတဲ့ လင်ပါသားကုမ္ပဏီမှာ အလွယ် ၀င်လုပ်ချင်တဲ့ စိတ်ဓာတ်ကို မကြိုက်တာ၊ ဒီအလုပ်ကို စိတ်ဝင်စားလို့၊ ကြိုးကြိုးစားစားလုပ်ပြချင်လို့လို့ ယုံဖို့ခက်တယ်၊ သူဌေး အမျိုးဆိုပြီး အလုပ်အချောင် လိုချင်တဲ့ လူစားမျိုးက အလုပ်ထဲ ကျရင်လည်း ငါက အမျိုးဘဲ ဆိုပြီး ဘော်ကြော့ နေတတ်တယ်၊ အဲဒါကို စိတ်ပူတာ" ဟန်ပိုက စုတ်သတ်သည်။
"မင်းကလည်းကွာ၊ မြင်တောင် မမြင်ဖူးသေးဘဲ ရမ်းသမ်း အမှတ်နုတ်နေတယ်၊ တကယ် အလုပ်ကြိုးကြိုး စားစား လုပ်ချင်တာ၊ အဆက်အသွယ်မရှိလို့လည်း အားကိုးရှာတာ ဖြစ်ချင်ဖြစ်မှာပေါ့"
ရဲဝံ့ခေါင်းခါ သည်။
"အဲသလိုဆိုရင် သူ့အဒေါ်နဲ့ငါ့ကို လာတွေ့ပြီး လျှောက်လွှာတင်ရမယ်၊ အကျိုးအကြောင်း လာပြောပြ ရမယ်လေ၊ အဝေးကနေ အဒေါ်နဲ့တစ်ဆင့် လှမ်းပြောတယ်ဆိုတဲ့ လူစားမျိုးက အလုပ်မှာ ခိုကပ်လို့ ငါဆူလိုက်ရင် လည်း အဒေါ် ပြေးတိုင်ကြမှာဘဲ၊ ဒါ တွက်လို့ရတယ်" မနှင်းဖွေး သက်မ ရှိုက်တင်မိသည်။

ရဲဝံ့ ပြတ်သားလွန်း၍ လူမှုဆက်ဆံရေး နယ်ပယ်မှာ လူချစ်လူခင်မများတာ သေချာသော်လည်း ရဲဝံ့၏ တွက်ချက်မှုတွေက လွဲခဲကြောင်းလည်း သတိရမိ၍ စိတ်ကျဉ်းကျပ်လာသည်။
ဟန်ပို လည်း သူ့လိုဘဲ တွေးဟန်တူသည်။ "ကဲပါလေ၊ မင်း သဘောမကျလည်း ငြင်းလိုက်ပြီး ဒီလျှောက်ထား တဲ့အထဲကဘဲ ရွေးပေါ့၊ မင်းက ငြင်းထည့်လိုက်ရမှာလည်း အားနာ မယ့် ကောင်စား မဟုတ်ပါဘူး၊ ငါ သိပါတယ်" ရဲဝံ့က သက်ပြင်းချသည်။
"အဲသလောက် လွယ်ရင် ငါ မင်းတို့တောင် တိုင်ပင်မနေဘူး၊ ငြင်းထည့်လိုက်ပြီးပြီ၊ အန်တီခင့် စကား တစ်ခွန်းကြောင့် ငါ ခက်နေတာ" "ဘာစကားလဲ" ရဲဝံ့မျက်နှာ တစ်မျိုး ဖြစ်သွားသည်။

"သမီးလေးတောင် မင်း ဒီလောက်လုပ်ပေးသေးတာဘဲ၊ ဒီကလေးမတွေက စိမ်းဝေနဲ့ တစ်ဝမ်းထဲ ကွဲတာနော်" တဲ့။ မနှင်းဖွေးနှင့် ဟန်ပို အာစေးမိသွားပါသည်။ တစ်ယောက်က အသက်အစိတ်ဆိုတော့ ရဲဝံ့ထက် အနည်းငယ်သာ ငယ်သည်။ ကလျာတဲ့။ အငယ်က ၂၁နှစ်။ စိမ်းဝေထက်  အနည်းငယ်သာ ကြီးသည်။ မူယာတဲ့။ သူတို့ချင်းလည်း တစ်ဝမ်းကွဲသာ တော်သည်။ ၀တ်စားထားတာတော့ ရိုးရိုးယဉ်ယဉ် ပါဘဲ။ ရဲဝံ့ကိုတော့ အစ်ကိုဟု ရင်းရင်းနှီးနှီး ခေါ်ကြသည်။ ဟန်ပိုကိုတော့ ကိုဟန်ပိုတဲ့။ မနှင်းဖွေး ကို လည်း နှင်းတဲ့။ အလုပ်အကြောင်းရှင်းပြတော့ သိပ်စိတ်ဝင်းစားဟန်မတူ။ ရယ်စ ရာတွေ ဖြတ်ဖြတ်ပြောနေ တာ များ သည်။ လေးလေးနက်နက်မရှိ။

ရဲဝံ့က သိပ်နှစ်သက်ဟန်မတူ။
"နှင်းဘဲ ဆက်ရှင်းလိုက်တော့လို့ ကွန်တိန်နာဆိပ်ကမ်းသွားလိုက်ဦးမယ်၊ ဟန်ပိုက ဒီမှာ စောင့်ပေးလိုက်၊ စူပါမားကက် အုပ်စု က လူတွေလာလိမ့်မယ်" မနှင်းဖွေး ခေါင်းညိတ်ပြတော့ ရဲဝံ့ ထွက်ခွာသွားသည်။
ဟန်ပို က မယောင်မလည်နှင့် နေရာမှ ထ၍ မီးဖိုဖက် ၀င်သွားသည်။ အရိပ်အကဲသိသော မနှင်းဖွေးက ခဏနော် ဟု လက်ပြ၍ ဟန်ပို့နောက် လိုက်သွားသည်။ ဟန်ပို က ဖန်ခွက်ထဲ ရေတစ်ခွက် ငှဲ့ထည့်၍ စိတ်အေးလက်အေးမော့သောက်နေသည်။ မနှင်းဖွေးက မေးငေါ့ပြတော့ ဟန်ပိုက ရယ်သည်။
" ထားလိုက်ပါဟာ၊ ငြင်းလို့ကောင်းတဲ့ လူတေါမှ မဟုတ်တာ၊ အလုပ်မနိုင်ရင် လူ ထပ်ခန့်ချင်ခန့်၊ ဒီလူ နှစ်ယောက် လစာ ဘာမှ မရှိပါဘူး၊ အန်တီခင့် မျက်နှာက ရှိသေးတယ် " " ကိုရဲဝင့် ကြောက် တာလည်း အဲဒီ အန်တီခင့်မျက်နှာ ၀င်ဝင်ပါနေမှာကိုပဲ " ဟန်ပိုက ခေါင်းခါသည်။

" ဒီ ကောင်မလေးတွေကသာ မသိတတ်ချင်နေရင် နေမယ်၊ အန်တီခင်ကတော့ သိတတ်ပါတယ်၊ ၀င်ပါမှာ မဟုတ်ပါဘူး၊ အလုပ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ပြန်ပို့ပေါ့၊ သူတို့လည်း စိမ်းဝေ အစ်မတွေပဲ၊ သိပ်တော့ ညံ့မယ် မထင်ပါဘူး၊ အနည်းဆုံး စိမ်းဝေ အစ်မနဲ့တူတာ တစ်ခုတော့ ရှိကြပါတယ် "
" ဘာလဲ " " ညိုချောလေးတွေလေ " မနှင်းဖွေးက မျက်စောင်းထိုး၍ နှာဘူးဟု အသံမထွက် ဘဲ ရေရွတ်တော့ ဟန်ပို က တဟားဟားရယ်သည်။

ရဲဝင့် (၁၀)

ရဲဝင့်က ကျေနပ်စွာပြုံး၍ ကြားလူကို လက်ဆွဲနှုတ်ဆက်သည်။
" ကျေးဇူးပဲဗျာ၊ ဒီလူတွေ အင်တင်တင်နဲ့၊ ခင်ဗျား ပြောတတ်လို့ အဆင်ချောသွားတာ "
ကြားလူက ရယ်သည်။
" ဒီအတိုင်းတော့ ဘယ်ရမလဲဗျ၊ တစ်ပွဲကျွေးရမှာပေါ့ "
" ရပါတယ်ဗျာ၊ ကြိုက်တဲ့ဆိုင်သာ ရွေး "
ကြားလူ က ဆိုင်နာမည် ရွတ်ပြသည်။ ရဲဝင့် မကြားဖူးသော ဆိုင်နာမည်ပါ။ ဟန်ပို့ကို လှည့်ကြည့်တော့ ဟန်ပို ကလည်း ပခုံးတွန့်ပြသည်။
" ကဲ သွားလေ "
ပထမတော့ ယမကာ ၀ါသနာပါ၍ အဲသည့်ဆိုင်ကို ရွေးကြသည်ဟု ပထမ သူ ထင်လိုက်မိသည်။

သူတို့အဖွဲ့က သုံးယောက်၊ ရဲဝင့်နှင့် ဟန်ပိုပါဆိုလျှင် ငါးယောက်။ မီးမှောင်မှောင် အခန်းကျဉ်း ကလေး ထဲရှိ ဆိုဖာခုံများတွင် ၀င်ထိုင်၍ စားစရာသောက်စရာများ မှာပြီးသောအခါ ဘောင်းဘီ အတို၊ အရှည် မျိုးစုံ ခပ်ကျပ်ကျပ်နှင့် လည်တော်တော် ဟိုက်ဟိုက်၊ တီရှပ် ကျပ်ကျပ်ကလေးများ ၀တ်ဆင်သော အသက်နှစ်ဆယ် ခန့် အရွယ် မိန်းကလေးငါးယောက်အခန်းထဲ ၀င်လာကြပြီး သူတို့ ကြားတွေထဲမှာ ၀င်ထိုင် လိုက်ကြသည်။
" ကြားလူ " က အနီးဆုံး မိန်းကလေး၏ ခါးကိုပင် ဖက်လိုက်သေးသည်။
ရဲဝင့် မျက်မှောင်ကြုတ်သည်။
" ဘာလဲ သူတို့က "
ကြားလူက ရယ်သည်။
" ဆရာ ရဲဝင့်အကြောင်း ကျွန်တော်တို့ သိပါတယ်ဗျာ၊ အရက်လည်း မသောက်၊ လောင်းကစားလည်း မလုပ်၊ မိန်းမလည်း မပွေတဲ့ ရှားပါး လူပျိုကြီးဆိုတာ၊ ဒီကလေးမကလေးတွေက အမြည်း ထည့်ပေးရုံပါ "
ဟန်ပို က မျက်ရိပ်ပြသည်။ ရဲဝင့်က သက်ပြင်းချသည်။

" အေးပါ ဗျာ၊ လုပ်ကြပါ၊ ကျွန်တော့် အတွက်တော့ မလိုဘူးဗျ၊ ကျွန်တော်က အရက်လည်း မသောက် တတ်ဘူး၊ ညီမ ဟိုနားမှာပဲ နေပေးနော်၊ ညီမ အတွက်လည်း ဘောက်ဆူး သတ်သတ်ပေးမယ် ဟုတ်လား "
ရဲဝင့်ဘေး က မိန်းကလေးက ရတယ်လေဟု ခပ်မဲ့မဲ့ပြုံးပြ၍ မျက်စောင်းတစ်ချက်ထိုးပြီး ထသွားသည်။

" လူမှုရေးဆိုတာ ရှိတယ်ဟ " ဟန်ပိုက အပြန်လမ်းမှာ ကားမောင်းရင်း ပြောတော့ ရဲဝင့်က ပခုံး တွန့်ပြသည်။ " ငါက အရက်လိုက်သောက်ပြီး ကောင်မလေးတွေ ဖက်လား ယမ်းလား လုပ်မှ ကျေပွန် မယ့် လူမှုရေး ဆိုရင်တော့ မကျေပွန်လည်း နေကွာ "
ဟန်ပိုက ခေါင်းခါသည်။
" ယောက်ျား ၉၀ ရာခိုင်နှုန်းက အဲဒါတွေ ၀ါသနာ ပါတယ်ဟ၊ တို့ လုပ်ငန်းက ယောက်ျားကြီးတွေ အများကြီး နဲ့ လုပ်နေတာ၊ သူတို့ ၀ါသနာပါတဲ့ ကိစ္စကို မဲ့ပြရွဲ့ပြလို့တော့ မိတ်ပျက်မှာပေါ့ "
" မမဲ့ပြ၊ မရွဲ့ပြပါဘူး၊ ငါ မလုပ်တာ သက်သက်ပါ၊ ၉၀ ရာခိုင်နှုန်း က လုပ်လည်း မကောင်းမှုက မကောင်းမှု ပဲ၊ ကောင်းမှု ဖြစ်မလာဘူး၊ တို့ရုံ ထိရုံလည်း မကောင်းမှုက မကောင်းမှု ပဲ၊ ကောင်းမှု ဖြစ်မလာဘူး၊ တစ်ကျိုက် သောက်လည်း မကောင်းမှုက မကောင်း မှုပဲ၊ ကောင်းမှု ဖြစ် မလာဘူး၊ ဘုရားဟော ထဲမှာ အဲဒီအတွက် အတိ အကျပါတယ် "

" ဘာလဲ "
" မကောင်းမှု ဆိုတာကို တဲ့၊ အနည်းငယ်မျှသာပဲ ဆိုပြီး မထီမဲ့မြင် မပြုရာတဲ့၊ တစ်စက်တစ်စက် ကျတဲ့ ရေနဲ့ စဥ့်အိုးဟာ ပြည့်ရသလို၊ မကောင်းမှုမှာ စမွေ့လျော်တာနဲ့ တဖြည်းဖြည်း တိုးပွားလာတတ်သတဲ့၊ ၉၀ ရာခိုင်နှုန်းသော ယောက်ျားကြီးတွေ ၀ါသနာပါတဲ့ ကိစ္စဆိုရင် အဲဒီ လူတွေနဲ့ ယှဉ်တွဲ လှုပ်ရှားနေ ရတဲ့ တို့က ပိုသတိထား ရှောင်သင့်သေးတယ် သိလား "
ဟန်ပို တွေဝေ တိတ်ဆိတ်သွားသည်။

စိမ်းဝေ (၉)

တိုက်ခန်း လူခေါ် ခေါင်းလောင်းကို တီးမြည်ဟု ကြံလိုက်ရုံ ရှိသေးသည်။ တံခါးက ပွင့်၍ အာသာခိုင်ဦး ထွက် လာသဖြင့် စိမ်းဝေ အံ့သြသွားသည်။
" နင် ဘယ်လိုလုပ် …. "
" ငါက မျှော်နေတာလေ၊ တံခါးမှန်မှာ လူရိပ်တွေ့တာနဲ့ ပြေးလာတာ၊ ကဲလာ "
စိမ်းဝေ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကျဉ်းမြောင်းသော လူသွားစင်္ကြ့လေးနှင့် အပေါ်ထပ်သို့ တက်သော လှေကားတို့ အပြိုင် စောင့်နေကြသည်။ " ပရိုဂျက်တာက အပေါ်ထပ်မှာဟ " စိမ်းဝေ မျက်မှောင်ကြုတ်သည်။ " အပေါ်ထပ်က နင့်အိပ်ခန်း မဟုတ်ဘူးလား " အာသာက ဟက်ဟက်ပက်ပက် ရယ်သည်။

" ဒီတစ်အိမ်လုံးက ငါ့အိပ်ခန်းပဲ၊ ငါအိပ်ချင်တဲ့ နေရာမှာ အိပ်တာ၊ အပေါ်မှာ နှစ်ခန်း၊ နင် ဆလိုက်တွေ လာ ကြည့်ချင်တယ် ပြောတော့ ငါ တစ်ခန်းကို ရှင်းထားတယ်၊ အောက်က အခန်းက ဟိုဂျပန်မ မငှားတော့ ကတည်းက ပိတ်ထားတာ၊ လာပါဟာ နင်နဲ့ ငါနဲ့ သူငယ်ချင်းဖြစ်တာ စာသင်နှစ် တစ်ပိုင်းတောင် ကုန်တော့ မယ်၊ နင် ငါ့ကို မယုံသေးဘူးလား " စိမ်းဝေ သက်ပြင်းချ၍ အားတုံ့ အားနာ ရယ်လိုက်သည်။ ဟုတ်ပါရဲ့။ အာသာသည် ယူကေ နိုင်ငံပေါက် တစ်ဦးပီပီ အနောက်ဆန်လွန်းသော ဗီဇ အကျင့်များ ရှိနေတာ ထင်ရှားပေမယ့် သူ့ကိုတော့ မြန်မာမိန်းကလေး တစ်ဦးကို ပေးသင့်သော ငဲ့ကွက် မှု၊ စောင့်စည်းမှု များနှင့် တည်ကြည်စွာ ခင်မင် ကူညီနေခဲ့သည်မှာ ထင်ရှားလှသည်။

အာသာခေါ်သည့် အပေးထပ်သို့ ကော်ဇောထူ ခင်းထားသော လှေကားထစ်များအတိုင်း လျှောက်၍ တက်ခဲ့ သည်။
" လာ ဒီအခန်း ကိုဝင်၊ ဟိုမှာ ပရိုဂျက်တာ အဆင်သင့်ပဲ၊ ပိတ်ကားကတော့ ဟိုမှာ ချိတ်ထားတဲ့ ငါ့အိပ်ရာ ခင်းပေါ့ဟာ၊ ငါ အောက်မှာ ကော်ဖီနှပ်ထားတယ်၊ သွားယူလိုက်ဦးမယ် "
ကျဉ်းမြောင်းသော လှေကားမှာ သူ့ကို ရှောင်၍ ဆင်းသွားသော အာသာကို ကြည့်ရင်း စိမ်းဝေ ဆလိုက် ထုပ် ကို ထုတ်ယူသည်။

အခန်း တစ်ခန်းလုံးမှာ နှစ်ယောက်ထိုင် ဆိုဖာတစ်ခုံသာ ချထား၍ စိမ်းဝေ အဲသည်မှာပင် ထိုင်ရသည်။ အာသာ က ဂရောင်းကော်ဖီ၊ ကျိုထားသော အိုးကလေး၊ သကြားဖန်ဘူး၊ နွားနို့စက္ကူဘူး၊ မတ်ခွက်နှစ်ခွက် ကို တင်ထားသော လင်ပန်းကလေးကို ဆိုဖာရှေ့က စားပွဲငယ်ကလေးပေါ်ချ၍ ဆိုဖာတစ်ဖက်ခြမ်းမှာ ၀င်ထိုင် သည်။ " နင် တခြား လုပ်ချင်တာရှိရင် သွားပါ၊ အင်ဂျင်နီယာလောင်းက ပန်းချီကားတွေ ကြည့်ရတာ ဘယ်စိတ် ၀င်စား မလဲ " အာသာ က ဘာမှ မဖြေဘဲ ဆလိုက်ထုပ်ပေါ်မှ နာမည်ကို ဖတ်ကြည့် သည်။

" Works of Edgar Degas " (အက်ဂါဒီဂါးစ်၏ ပန်းချီများ)  " တစ်ထုပ်လုံး ဒီဂါးစ် ချည်းပဲလား " စိမ်းဝေ မျက်ခုံးပင့်သွားသည်။ " နင် ဒီဂါးစ်ကို သိသလား "  အာသာက ခေါင်းညိတ်ပြသည်။ " ပြင်သစ် ပန်းချီဆရာ မဟုတ်လား၊ အင်ပရက်ရှင်းနစ်စ်လေ " စိမ်းဝေ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

" ဟုတ်တယ်၊ တော်တော်များများကတော့ သူ့ကို မိုနက်တို့၊ ရေနွားတို့လိုပဲ အင်ပရက်ရှင်းနစ်လို့ လက်ခံ ထားကြတယ်၊ သူကလည်း အဲဒီလတွေနဲ့ ပြပွဲ၈ပွဲမှာ ၇ပွဲပြဖူးတယ်၊ ဒါပေမဲ့ သူ ကတော့သူ့ဟန်သက်သက်ပဲ၊ ဂျပန်ဟန်ပန်တချို့ ထွက်နေတယ်လည်း ပြောကြတယ်၊ သူက သူမျူား ဆွဲ နေကျ ရှုထောင့်က မလွဲဘူး၊ အပေါ်ကတို့၊ တစောင်းတို့၊ သူ ယူချင်တဲ့ ပုံစံ ယူဆွဲတာ၊ စားပွဲတို့၊ ဗီရိုတို့ ဆိုရင် လည်း အစွန်းတွေ၊ အပြတ်တွေနဲ့ဓာတ်ပုံ ရိုက်သလို ပါလာတတ်တာ၊ သူ နာမည်ကြီးခဲ့တဲ့ ၁၈၇၀ ကျော် နှစ်တွေမှာ ဓာတ်ပုံက အဲသလောက် မထွန်းကားသေးတော့ ဓာတ်ပုံပညာရဲ့ သဘောတွေ ကို သူ့ပန်းချီတွေမှာ တွေ့ရတတ်တယ် လို့လည်း ပြောတယ်၊ နေပါဦး၊ နင်က ဒါတွေ ဘယ်လိုလုပ် သိနေတာလဲ " အာသာက ပခုံးတွန့်ပြသည်။

" သိပ် အသိကြီးတော့လည်း မဟုတ်ပါဘူး၊ ဒီလိုပဲ ကိုယ် အခင်ချင်ဆုံး မိန်းကလေးက အတ်စ်ခရက်တစ် ဖြစ်ချင်တယ် ဆိုတော့ ငါလည်း စကားပြောလို့ ရအောင် နည်းနည်းတော့ လေ့လာ ရတာပေါ့၊ မြန်မာ ကလေးတွေ ပေါင်းရတာ လွယ်တာ မှတ်လို့ "
စိမ်းဝေ က မျက်စောင်းထိုး၍ အရူးဟု တိုးတိုးပြောသည်။
ကိုကို က လွဲလျှင် တခြား ယောက်ျားကလေး တစ်ဦး၏ အရေးစိုက်မှုကို စိတ်ထဲက ကြည်နူးသလို ဖြစ်မိ သည်ကတော့ ဒါ ပထမဦးဆုံးပဲဟု ထင်သည်။

Dance Class (အကသင်တန်း) ပန်းချီကားထဲတွင် ဘဲလေး ကချေသည်များ အလယ်တွင် ထူးထူး ဆန်းဆန်း ထည့်ဆွဲထားသော သင်တန်းဆရာ အဘိုးအို ဂျူးလ်စ်ပါရော့၏ ပုံကို တအံ့တသြ ငေးမော ကြည့်နေရင်းက နောက်မှ တံခါးဖွင့်သံ ကြား၍ လှည့်ကြည့်လိုက်တော့ ဆင်းဒ၀စ်ခ်ျ ဘူးနှစ်ဘူး ကိုင်၍ ၀င်လာသော အာသာ ကို တွေ့ရသည်။
" နင် ဆာနေမှာ စိုးလို့၊ ငါလညး ဘာမှ မချက်တတ်တာနဲ့ မျက်စောင်းထိုးဆိုင်က ဆင်းဒ၀စ်ခ်ျ သွားဝယ် လာတာ၊ ကျူနာဆင်းဒ၀စ်ခ်ျ စားတယ်မဟုတ်လား " စိမ်းဝေက ပြုံး၍ ခေါင်းညိတ်ပြရင်း လက်ထဲက ပရိုဂျက်တာရီမုတ်ခလုတ် ကို တစ်ချက် နှိပ်လိုက်သည်။

" နင် ပြောတော့ ဒီဂါးစ်က စားပွဲတွေ၊ ဗီရိုတွေကို တစ်ဝက်ပြတ်ကြီးတွေ ထည့်ဆွဲတတ်တယ်ဆို၊ ဒီမှာ လူပုံပါ ရှေ့တစ်ခြမ်းပြတ်နေပါလား " စိမ်းဝေက ဆင်းဒ၀စ်ခ်ျ တစ်ကိုက် ကိုက်နေရင်းက သီးမတတ် ရယ်သည်။ " ထိုင်နေတဲ့ လူကြီးက မင်နက် တဲ့၊ နင် မင်နက်ကိုရော သိသလား " အာသာ ခေါင်းညိတ်ပြ သည်။ " အင်ပရက်ရှင်းနစ်စ်ပဲလေ၊ ဒီဂါးစ်ရဲ့ ပြိုင်ဘက်ပေါ့၊ ဘာလဲ ဒီကားက မင်နက်ရဲ့ လက်ရာလား "
စိမ်းဝေ က ခေါင်းခါသည်။

" ဒီဂါးစ်ပဲ ဆွဲတာပါ၊ ရှေ့က စန္ဒရားတီးနေတဲ့ မိန်းမက "
" နေပါဦး ဘယ်မှာလဲ စန္ဒရား " " မပါဘူးလေ ပြတ်နေတာ အဲဒါ မင်နက်ရဲ့ မိန်းမ၊ ဒီဂါးစ်ဆွဲထားတဲ့ သူတို့ ပုံတူ ထဲက သူ့မိန်းမပုံ လက်ရာကို မကြိုက်လို့ဆိုပြီး မင်နက်က ဖြဲပစ်လိုက်တာ၊ ဒီဂါးစ်က တမင်ဖြတ်ဆွဲ တာ မဟုတ်ဘူး " အာသာက ရယ်သည်။ " ရှေးတုန်းက ပန်းချီဆရာကြီးတွေလည်း ကလေးစိတ် မကုန်သေးပဲကိုး၊ ဒါပေမဲ့ ဒီပန်းချီကားကိုတော့ ဆက်ထိန်းသိမ်းထားကြတယ်ပေါ့ "
" တန်ဖိုးကြီးပေါ့ဟာ၊ ဒီမှာ မရှိဘူး၊ ဒါ ဂျပန်က ပြတိုက်တစ်ခုမှာဘဲ ရှိတာ၊ နို့နင်က နင့်စာတွေလည်း ကျက်နေရတာ၊ ဒါတွေ ဘယ်အချိန် သွားလေ့လာနေလဲ "

" ပန်းချီ ပညာရှင်မလေးတစ်ယောက်အကြောင်း စဉ်းစားမိတဲ့ အချိန်တွေပေါ့ဟာ "
အာသာ  မချိုမချဉ်ပြောတော့၊ စိမ်းဝေက မျက်စောင်းထိုး၍ အရူးဟုဒုတိယမ္ပိပြောပြန်သည်။
အာသာက တဟားဟား ရယ်သည်။ ပြီးတော့မှ " နင် နည်းနည်း စောင့်လိုက်ရင် ဒီ ပန်းချီတွေ အားလုံး ကွန်ပျူတာမှာ ကြည့်လို့ရတဲ့ ဆော့ဖ်ကော်ပီတွေ ထွက်လာမှာပဲ " စိမ်းဝေ မျက်လုံးပြူးသွားသည်။

" ကွန်ပျူတာမှာ ပန်းချီ ကြည့်လို့ရတယ် ဟုတ်လား "
" ၀င်းဒိုး မပေါ်ခင်ကတော့ ဘယ်ရမလဲဟ၊ အခု ၀င်းဒိုး ပေါ်လာတော့ ဒီဆလိုက် ပရိုဂျက်တာတွေ မကြာခင် ခေတ်တုံးတော့မယ် ထင်တယ်၊ မောက်စ်ကလေး တစ်ချက်နှိပ်ရင်ကြိုက်တာ ခေါ်ကြည့်လို့ရတဲ့ ခေတ် ရောက်တော့မှာ၊ နင့် အစ်ကိုကို ကွန်ပျူတာ ၀ယ်ပေးဖို့သာ ပူဆာ " ကိုကို။ ကိုကို့အကြောင်း စဉ်းစားမိသည်နှင့် သူ့ဘေးမှာ ထိုင်နေသော အာသာ ရေငွေ့များလို လွင့်ပါး ပျောက်ကွယ် သွားသည်။

မနှင်းဖွေး (၉)

ထုံးစံအတိုင်း ရဲဝင့်ကို အလုပ်စားပွဲပေါ်မှာ မှောက်လျက် အိပ်ပျော်နေသည်ကို တွေ့ရသဖြင့် မနှင်းဖွေး အသံ တတ်နိုင်သရွေ့ မမြည်အောင် ပတ်လျှောက်ပြီး မီးဖိုခန်းဘက်သို့ ၀င်သွား၍ ရေနွေးကျိုသည်။
ကော်ဖီ ဖျော်နေတုန်းမှာ ရဲဝင့် မျက်နှာသစ်သံကို ကြားရသည်။ မနှင်းဖွေးက သူဝယ်လာသော မုန့်ဟင်းခါးကို ပန်းကန်လုံး တစ်ခုထဲ ထည့်နေချိန်တွင်တော့ ရဲဝင့် မျက်နှာသုတ်ပ၀ါ အသေးကလေးတစ် ထည် ပခုံးမှာ တင်လျက်သားလာထိုင်သည်။
" ညဥ့်နက်အောင် အလုပ်လုပ်တာ ဘယ်နှည ရှိနေပြီလဲ၊ ဟိုတလောကတင် ခေါင်းက အကြီးအကျယ် ကိုက်ထားသေးတာ၊ နားဦးမှာပေါ့ " ရဲဝင့်က ရယ်ကျဲကျဲနှင့် ကော်ဖီပန်းကန်ကို ဆွဲယူသောက်သည်။
" ကိုရဲဝင့် ဘာလို့ ဒီလောက် ကြိုးစားနေတာလဲ ဟင် " မနှင်းဖွေးက မေးရင်း ၀င်ထိုင်ပြီး သူ့အတွက် ကော်ဖီတစ်ခွက် ဖျော်သည်။ ရဲဝင့်က ခဏ စဉ်းစားနေပြီးမှ ဖြည်းဖြည်းဖြေသည်။

" အမှန်အတိုင်း အတိုချုပ် တိတိကျကျ ဖြေရရင် " " အင်း " " မေ့သွားပြီလို့ ဖြေရမှာပဲ " " ဟာ ကိုရဲဝင့် "
ရဲဝင့်က ရယ်သည်။

" ဟုတ်တယ်၊ မပြည့်စုံတဲ့ ဘ၀က လာလို့ ပြည့်စုံချင်လို့၊ မကြောင့်မကြ နေချင်လို့ ကြိုးစားခဲ့တာတော့ အမှန်ပဲ၊ အခု သိပ်ကြီးမဟုတ်တောင် ကိုယ့်အထွာနဲ့ ကိုယ်တော့ ပြည့်စုံနေပြီ၊ ဖေဖေနဲ့ အန်တီခင်ကိုလည်း အလုပ်က နားပြီး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်အောင် ထောက်ပံ့နိုင်ပြီ၊ စိမ်းဝေကို လည်း နိုင်ငံခြားမှာ ကျောင်းထားနိုင်ပြီ၊ အိမ်ပိုင်၊ ကားပိုင်ရုံလောက် အဆင့်လည်း ကျော်ခဲ့ပြီ၊ ဒါပေမဲ့ နှင်းလည်း တို့တွေနဲ့အတူ ရုန်းကန်ခဲ့တာ သိမှာပဲ၊ ဒီလို ကြိုးစားရင်းက ပြည့်စုံလာတာ ငွေကြေး၊ ပစ္စည်းဥစ္စာတစ်ခုတည်းမှ မဟုတ်တာ၊ အတွေ့အကြုံတွေ၊ လုပ်ငန်းကျွမ်းကျင်မှုတွေ ရှေ့ကို တွက်တတ်တဲ့ အမြင်တွေ၊ ဒါတွေ စုမိလာတော့ ကိုယ် လုပ်တာ လေးတွေက အကောင်အထည်ပေါ်တာ များများလာတယ်၊ မှန်းတာလေးတွေက မှန်မှန်လာတယ်၊ ကိုယ်တိုင် ၀င်လုပ်တာနဲ့ သူများ လုပ်ပေးတာ ထိုင်ကြီးကြပ်ရတာနဲ့ ရလာဒ်လေးတွေ ကွာမှန်း သိသိလာတယ်၊ အဲဒါကို သိနေလျက်က ကိုယ်တိုင် ၀င်မလုပ်ဘဲ နေနိုင်ဖို့ဆိုတာ ခက်လာရော၊ အစက ကိုယ်က အလုပ်ကို လေ့လာရတာ၊ နောက်တော့ အလုပ်ကို ကိုယ်က ဇက်ကြိုးဆွဲတတ်သွားတယ်၊ ခုတော့ အလုပ်က ကိုယ့် ကို ပြန်ဇက်ဆွဲ သွားပြီ ပြောရတော့မှာပဲ၊ ထွက်ပြေးလည်း မလွတ်တော့ဘူး " မနှင်းဖွေး သက်ပြင်းချသည်။

ရဲဝင့်ပြောတာ မှန်ပါသည်။ ကုမ္ပဏီ အောင်မြင်သည်နှင့်အမျှ မနှင်းဖွေးကိုပါ စာရင်းကိုင် အဆင့်မှ တဖြည်း ဖြည်းတိုးပေးခဲ့ရာ ယခုဆိုလျှင် အစုဝင် အဆင့်ရောက်နေပြီ။ ကိုဟန်ပိုလည်း အိမ်ပိုင်၊ ကားပိုင်ခွဲနေ နေပြီ။ မနှင်းဖွေးလည်း ညီမလေး တစ်ယောက်ခေါ်၍ တိုက်ခန်းတစ်ခန်း ၀ယ်၍ နေနေပြီ။

ကုမ္ပဏီမှာလည်း ၀န်ထမ်းများလာပြီ။ ၀န်ထမ်းတွေ၏ ဘ၀က ဒီကုမ္ပဏီ၏ အောင်မြင်မှု အပေါ်မှာ တည်နေ သည်။ ဒီကုမ္ပဏီ၏ အောင်မြင်မှုက ရဲဝင့် ဘယ်လောက် အလုပ် လုပ်သည်ဆိုသည့် အပေါ်မှာ တည်နေ သည်။ ဒါကို ရဲဝင့်က သိနေသည်။ သိနေလျက်က ကြိုးစားမှု လျှော့ဖို့ဆိုတာ ရဲဝင့်လို လူအတွက် မလွယ်လှ ပါ။ " ကိုယ့် ကျန်းမာရေးတော့ ဂရုစိုက်မှပေါ့ ကိုရဲဝင့်ရယ်၊ ခုတလော ခေါင်းတွေလည်း ကိုက်ကိုက်နေတာ၊ မနားတာလည်း ကြာလှပြီ၊ ခရီးလေးဘာလေး ထွက်ပါလား " ရဲဝင့်က ရယ်သည်။ " ခရီးက အလုပ်နဲ့လည်း ထွက်နေတာပဲ၊ ဘာထူးဆန်းလို့လဲ "
ခဏ တွေဝေ စဉ်းစားနေသည်။ ပြီးတော့မှ " ပြင်ဦးလွင် သွားရရင်တော့ ကောင်းမလားပဲ "
မနှင်းဖွေး မျက်လုံးပြူးသွားသည်။

" ပြင်ဦးလွင်မှာ ဘာရှိလို့လဲ "
ရဲဝင့်က ရယ်သည်။
" ဘာရှိရမလဲ နှင်း မိဘတွေ ရှိတာပေါ့၊ တို့က အလုပ် ဆက်လုပ်နေ ပြီး နှင်း ကို ပြန်နားဦး လို့ ပြောရင် ပြန်မှာမှ မဟုတ်တာ၊ အဲဒီတော့ နှင်းပါ ခေါ်ပြီး သွားရ ကောင်းမလားလို့ "
မနှင်းဖွေး ရင်ထဲ နွေးခနဲ ဖြစ်သွားသည်။ ဟုတ်ပါ့၊ အိမ်မပြန်တာ ကြာ၍ ပါပါနှင့် မာမာကလည်း မေးလှပြီ။

" ကောင်းသားပဲ ဘယ်တော့လောက် သွားမလဲ " " ရှေ့ အပတ်ထဲ သွားမယ်လေ၊ ဟန်ပိုကြီး ထားခဲ့ တာပေါ့ " " ထားပေါ့ကွာ၊ ထားခဲ့ပေါ့၊ တစ်ပတ်လောက် ထားခဲ့လို့ကတော့ ဟန်ပိုတို့ မိန်းမ ယူပြီးသားသာ မှတ် " အသံဝါကြီးနှင့် ပြောပြောဆိုဆို ဟန်ပို ၀င်လာသည်။ ရဲဝင့်က ရယ်သည်။
" ပူမနေနဲ့ နှင်း၊ တစ်ပတ် မပြောနဲ့၊ တစ်လ ထားတာတောင် ဒီကောင့်ယူမည့်သူ မတွေ့စေရဘူး "
ဟန်ပိုက အသံမထွက်ဘဲ ဆဲလေသည်။

ရုက္ခဗေဒ ဥယျာဉ်ထဲတွင် နှင်းမှုန်မှုန် ကျနေသည်ကို ငေးကြည့်ရင်းက မနှင်းဖွေး ၀တ်ထားသော ဆွယ်တာ ရင်ကြယ်သီးတို့ကို စေ့လိုက်သည်။ ပြီးတော့ ခုံတန်းကလေးတွင် ထိုင် ၍ ရေကန်ဘက်ကို ငေးကြည့်နေသော ရဲဝင့်ကို လှည့်ကြည့်သည်။ ရဲဝင့်က မနှင်းဖွေး ဘက် သို့ ပြန်လှည့်ကြည့်၍ ပြုံးပြသည်။
" နှင်း စိတ်ချမ်းသာတယ် မဟုတ်လား "
မျှော်လင့် မထားသော မေးခွန်းမို့ ကြောင်တက်တက်နှင့် မနှင်းဖွေး ခေါင်းညိတ်ပြမိသည်။ ပြီးမှ ပြန်မေးမိ သည်။
" နှင်း ကို စိတ်ချမ်းသာစေချင်လို့ ဆိုပြီး အလုပ်တွေကို ထားခဲ့တာပေါ့လေ ဟုတ်လား "
ရဲဝင့် က တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်ပြသည်။

" အလုပ်ဆိုတာ အောင်မြင်ချင်လို့ လုပ်တာပဲ၊ အောင်မြင်တဲ့ဘ၀ဆိုတာကလည်း ကိုယ်ချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့ဘ၀ကို ခေါ်တာလေ၊ အလုပ်တွေ ကြိုးစားလုပ်ပြီးမှ ကိုယ့်ဘေးက ကိုယ် ချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင် မထားနိုင်ရင် အစကတည်းက ဘာလို့ ကြိုးစားနေမှာလဲ "
ကိုယ်ချစ်တဲ့သူဆိုသည့် စကားကြောင့် မနှင်းဖွေး မျက်နှာကလေးနွေးခနဲ ဖြစ်သွားသည်။ နှင်းက ကိုရဲဝင့် ချစ်တဲ့ သူတွေထဲမျာ ပါတယ်ဆိုတော့ ဂုဏ်ယူရမှာပေါ့နော်ဟု ရယ်သွမ်းသွေးလိုက်သည်။
ရဲဝင့် က ရယ်သည်။

" နှင်းက တို့ကို အလုပ်တွေအကြောင်းပဲ သိတဲ့လူလို့ ထင်နေတာ မဟ်ုတ်လား အမှန်က တို့ တော်တော် ချစ်တတ်ပါတယ်၊ ဖေဖေ့ကိုလည်း ချစ်တယ်၊ စိမ်းဝေကိုလည်း ချစ်တယ်၊ ဟန်ပိုကြီးလည်း ချစ်တာပဲ၊ အန်တီခင် ကိုတောင် နည်းနည်းတော့ ချစ်သေးတယ်၊ သူ့တူမ နှစ်ယောက်ပဲ မချစ်တာ "
မနှင်းဖွေးက လိုက်ရယ်သည်။ ပြီးတော့ ဆက်မေးသင့် မမေးသင့် စဉ်းစားနေသည်။ အဲဒါကို ရဲဝင့်က ရိပ်မိ သွားသည်။
" နှင်း၊ ဘာလဲ ပြောလေ "
" ဟိုဟာလေ စိမ်းဝေ အကြောင်းမေးမလို့ "
ရဲဝင့်က ဆွေးဆွေးမြည့်မြည့်ဟန်ဖြင့် ပြုံးသည်။
" မေးပါ နှင်းရဲ့၊ စိမ်းဝေ က တို့အားလုံးရဲ့ ညီမပဲဟာ "
မနှင်းဖွေး သက်ပြင်းချသည်။
" ကိုရဲဝင့်က စိမ်းဝေကို ဒီလောက် ချစ်တာ၊ ဘာလို့ လက်မထပ်ချင်ရတာလဲ "
ရဲဝင့်က အဲဒီမေးခွန်းကို မျှော်လင့်ထားပြီး ဖြစ်ဟန်နှင့် ပြုံးသည်။

" စောစောကစကားပဲ ပြန်ကောက် ရမှာပဲ၊ ဘ၀မှာ အောင်မြင်ချင်တယ်ဆိုတာ ဘာကို ခေါ်တာလဲ ဆိုတာလေ၊ ချစ်တဲ့သူကို စိတ်ချမ်းသာစေချင်တာ ချစ်တဲ့သူကို စိတ်ချမ်းသာအောင် ထားနိုင်ရင် ကိုယ်လည်း စိတ်ချမ်းသာတယ်။
အဲဒီ အချိန်မှာ ဘ၀ကို အောင်နိုင်တဲ့ အရသာမျိုး ခံစားရတယ်၊ စိမ်းဝေကို တို့ချစ်တယ်ဆိုတာလည်း စိတ်ချမ်းသာစေချင်တာ၊ လက်မထပ်ချင်တာက တို့နဲ့ လက်ထပ်ဖို့ အခု သူ ဆုံးဖြတ်လိုက်ရင် ရေရှည်မှာ သူ စိတ်ချမ်းသာလိမ့်မယ်လို့ မသေချာလို့၊ ကိုယ်ချစ်တဲ့ သူတစ်ယောက် ကိုယ့်ဆုံးဖြတ်ချက် တစ်ခုကြောင့် ဘ၀မှာ စိတ်မချမ်းမသာ ဖြစ်ရတာလောက် ကြီးမားတဲ့ ဆုံးရှုံးမှု ဘယ်ရှိနိုင်မှာတဲ့လဲ၊ တို့ အဲဒီ ဆုံးရှုံးမှုကို မခံနိုင်ဘူး "
မနှင်းဖွေး မကျေနပ်နိုင်သေးပါ။

" စိမ်းဝေက မငြင်းဘူးဆို၊ စိမ်းဝေလည်း ကိုရဲဝင့်ကို ချစ်မှာပဲ၊ သေချာတယ်၊ ဒါဆို ကိုရဲဝင့် ငြင်းလိုက် တာက စိမ်းဝေကို စိတ်ချမ်းသာအောင် လုပ်တာ ဖြစ်နိုင်ပါ့မလား " ရဲဝင့် ခေါင်းခါသည်။
" ၁၉ နှစ်က သိပ်ငယ်လွန်းသေးတယ်၊ တွေဝေနေတုန်း အရွယ်၊ ကိုယ့်ခံစားချက်ကို ကိုယ် တိတိပပ နားလည်နိုင်သေး တဲ့ အရွယ် မဟုတ်ဘူး၊ ၁၉ နှစ်သမီး စိမ်းဝေရဲ့ ဆုံးဖြတ်ချက်ကို အသက်အစိတ် အရွယ် စိမ်းဝေ က သဘောတူချင်မှ တူနိုင်လိမ့်မယ် "
" တူနေရင်ရော "
ရဲဝင့်က လျှို့ဝှက်သိပ်သည်းစွာ ပြုံးသည်။
" တူနေရင် အဲဒီ အချိန်ကျမှ ဆုံးဖြတ်ရမှာပေါ့၊ အသက် အစိတ်အ၇ွယ် ရဲဝင့်ရဲ့ ဆုံးဖြတ်ချက်နဲ့ အသက် သုံးဆယ်အရွယ် ရဲဝင့်ရဲ့ ဆုံးဖြတ်ချက်ကလည်း ရှိသေးတယ်၊ ဒါပေမဲ့ စကားအဖြစ်သာ ပြောရတာပါ၊ ရေခြား မြေခြား အတွေ့အကြုံသစ်တွေကြားမှာ စိမ်းဝေက ပြောင်းလဲဦးမှာ ဆိုတာ တို့ သေသေချာချာ သိပါ တယ် "
မနှင်းဖွေးခေါင်းခါသည်။

" ကိုရဲဝင့်က နှလုံးသားရေး ကိစ္စကို အဆောက်အအုံ ဆောက်သလို တွက်ချက် ပြင်ဆင်နေတာကိုး၊ ခံစား ချက်တွေကို ထည့်မစဉ်းစားတော့ဘူးလား၊ စိမ်းဝေကို ကိုရဲဝင့်က ညီမလေးလိုပဲ ချစ်တာလား၊ ချစ်သူလိုရော မချစ်ဘူးလား၊ အဲဒီ မေးခွန်းကိုရော ကိုယ့်ကိုယ်ကိုယ် မေးပြီးပြီလား "
ရဲဝင့်က ရေကန်ဘက် ပြန်လှည့်ကြည့်ရင်းက တိုးတိုးဖြေသည်။

" နှင်းက အချစ်ဆိုတာ နှစ်မျိုးရှိတယ်လို့ တကယ် ယုံနေတာကိုး၊ တို့အတွက်ကတော့ အချစ် တစ်မျိုးပဲ နား လည်တယ်၊ ညီမလေးလည်း ချစ်တာပဲ၊ ချစ်သူလည်း ချစ်တာပဲ၊ မိဘလည်း ချစ်တာပဲ၊ သူငယ်ချင်းလည်း ချစ်တာပဲ၊ ချစ်တဲ့သူအားလုံးကို စိတ်ချမ်းသာစေချင်တာပဲ ရှိတယ်၊ ဘ၀ လက်တွဲဖော် အနေနဲ့ ရွေးဖို့ကျ တော့ ဦးနှောက်က ပါသင့်၏။ မသင့်၏ ၀င်စဉ်းစားတာ၊ ကျန်တာ အတူတူပဲ၊ လူတွေ ပြောနေတဲ့ ၁၅၀၀ တို့၊  အချစ်စစ် အချစ်မှန်တို့၊ အဲဒါတွေတို့ ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး "
မနှင်းဖွေး ပါးစပ် အဟောင်းသား ဖြစ်သွားပါသည်။

ဆက်ရန်
.

1 comment:

Anonymous said...

ဇာတ်လမ်းက‌တော့စိတ်ဝင်စားစရာအရမ်း‌ကောင်းလာ
ပြီ..အခက်အခဲ‌တွေကြားကရိုက်တင်‌ပေး‌နေတာ
‌ကျေးဇူးအထူးပါ..ဒါနဲ့စကားအတင်းစပ်..‌ရှေ့ပိုင်းက
စာပိုဒ်‌တွေမှာ"ရဲဝံ့"ဆြိုပီးစာလုံး‌ပေါင်းအမှား‌တွေအများ
ကြီးဖတ်ရတာ‌တမျိုးကြီးဘဲ..။း)