Sunday, May 27, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၉)

ပြီးတော့ ခြင်ထောင်ကို အသာမ၍ အိပ်ရာထဲမှ ညင်သာစွာ ထွက်ခဲ့ပြီး လရောင်ဖြာ ကျနေသော ပြတင်းပေါက် ဘက် လျှောက်ခဲ့သည်။
လရောင်အောက် မှာ မှုန်ပျပျ မသဲမကွဲ မြင်နေရသော အိမ်ရှေ့ဒန်းကလေးကို မျက်စိ အားစိုက်၍ ကြည့် ကြည့် သည် အရိပ်ကျနေ သဖြင့် ဒန်းပေါ်မှာ လူရှိ မရှိ သေသေချာချာ မမြင်ရ သို့သော် ဒန်း က လှုပ်နေ သည်။ ကိုကို ရှိနေမှာ သေချာပါသည်။ ဘာ မီးရောင် မှ ထွန်းမထားတော့ ကိုကို အလုပ်လုပ်နေ တာတော့ မဖြစ်နိုင် ဒီအတိုင်း ထိုင်တွေးနေ တာသာ ဖြစ်ရမည်။
ဘာအကြောင်း ဘယ်သူ့ အကြောင်း တွေးနေတာလဲ ကိုကို။ နက်ဖြန် စိမ်းဝေ သွားတော့ မယ် ဆိုတော့ စိမ်းဝေ အကြောင်းပဲ တွေးနေတာ ဖြစ်မှာပေါ့နော် ကိုကို... 
  ကို ဆက်ဖတ်ရန်....

အဲသလောက်တော့ မျှော်လင့်လို့ရတယ် မဟုတ်လား။
သက်ပြင်းချရင်းက စိမ်းဝေ မျက်လုံး နှစ်ဖက်တွင် မျက်ရည်တို့ ပြည့်လျှံတက်လာပြန်သည်။
ငါသွားမှနဲ့တူတယ်။
ဒီညတော့ ကိုကို့ကို ငါခံစားရတာတွေ သိအောင် ပြောပြချင်တယ်၊ ကိုကို ဘာတွေ တွေးနေလဲ ငါသိချင်တယ်။
ကောင်းပါ့မလား။
အို ဘာလို့ မကောင်းရမှာလဲ။ ကိုကိုက ငါ့အစ်ကိုပဲ။ ဖေဖေနဲ့ မေမေကလည်း တို့တစ်တွေကို အဲသလို ပွင့် ပွင့်လင်းလင်း ဆွေးနွေးကြစေချင်မှာပဲ။
မေးဖျား တစ်ချက်ဆတ်၍ ဆံနွယ် တို့ကို ခါယမ်းလိုက်သည်။ နေရာမှ ထ၍ လုံချည်ကို ပြင်ဝတ်သည်။

ခြေဖ၀ါးနှင့် သစ်သား ကြမ်းပြင် ထိဖြစ်ခဲ့သလား၊ မထိဖြစ်ခဲ့ဘူးလား သိပ်မသေချာ။ အာရုံကြောထိပ်တို့ ထုံအနေ သယောင် ရှိသည်။
အိမ်ရှေ့ တံခါးဝကို ရောက်ပြီး သံဘာဂျာ တံခါး ပွင့်နေတာ မြင်ရတော့မှ ရဲဝင့် တကယ့်ကို အပြင်မှာ ရှိနေကြောင်းနှင့်  သူ ရဲဝင့်ဆီ ရောက်တော့မည်ဖြစ်ကြောင်း သတိထားမိတော့သည်။
ငါ တကယ်ပဲ ဆင်းသွားလိုက်ရမှာလား။ ကောင်းပါ့မလား။
အို ဘာလို့ မကောင်းရမှာလဲ။ ကိုကိုက ငါ့အစ်ကိုပဲ။
နှစ်နဲ့ချီပြီး ငါတို့ တစ်အိမ်တည်း နေလာကြတာပဲ။ ဘာထူးဆန်းလို့လဲ။ မဟုတ်သေး။

ထူးဆန်းတာတော့ ရှိသည်။ ငယ်စဉ်က ရဲဝင့်နှင့်သူ မင်းဘူး အိမ်ရှေ့ဒန်းကလေးမှာ အတူတူ ထိုင်၍ လရောင်ကို ငေးကြည့်ရင်း ညဥ့်နက်သည်အထိ မကြာခဏ စကားပြောခဲ့ဖူးသော်လည်း အရွယ် ရောက်ကတည်းက အထူးသဖြင့် ဒီ ကြည့်မြင်တိုင် အိမ်မှာ လိုက်နေခဲ့ပြီး ကတည်းက တစ်ခါမှ ထိုသို့ မနေခဲ့ဖူး။
အထူးသဖြင့် ယခုက မိဘတွေက သူတို့ကို မောင်နှမ ဆက်ဆံရေးကနေတစ်ဆင့် တက်ကြဖို့ တိုက်တွန်း ထားပြီး သူတို့က ငြင်းထားချိန်လေ။
အို ငါ ငြင်းတာ မဟုတ်ပါဘူး။ ကိုကို ငြင်းတာပါ။
အံကြိတ် မိသည်။
မျက်ရည် တို့က ပါးပြင် နှစ်ဖက် စလုံးသို့ လှိမ့်ဆင်းလာသည်။
တံခါးမကြီးဘောင် ကို မှီ၍ ရပ်ရင်း အိမ်တွင်းဘက်သို့ ပြန်လှည့်ကြည့်မိသည်။ အိမ်ကတော့ မှောင် မည်းနေ သည်။

ရင်ထဲတွင် လှိုက်၍ တက်လာသည်။
ရှိုက်သံမထွက်မီ အိပ်ခန်းဘက်ဆီသို့ ခြေဖွဖွနင်း၍ အပြေးတစ်ပိုင်းပြန်လာဖြစ်ခဲ့သည်။
                      ................................................................................
" ကိုရဲဝင့်တို့ ဒီကနေ ရှေ့ဆက် ၀င်လို့ မရတော့ဘူး၊ ခဏ နေချင်သေးလား၊ ၁၅ မိနစ် လောက်တော့ ရပါသေးတယ် "
လိုက်ဆောင်ရွက်ပေးသော မိတ်ဆွေ အကောက်ခွန် အရာရှိကလေးက ပြောတော့ ဖေဖေနှင့် မေမေ အချင်းချင်း ကြည့်ကြသည်။
ပြီးတော့ မေမေ က စိမ်းဝေကို လှမ်းပြောသည်။
" ၀င်လိုက်ပါတော့ ကွယ်၊ အထဲမှာ ကသီနေဦးမယ်၊ ကဲ လာလာ သမီးလေး "
မေမေ က စိမ်းဝေကို ခေါ်၍ ပွေ့ဖက်ပြီး စိမ်းဝေ ပါးနှစ်ဖက်ကို ဘယ်ပြန် ညာပြန် နမ်းရှုပ်သည်။ စိမ်းဝေ က မျက်ရည်ကလေး ၀ဲလျက် မေမေ့ကို ပြန်နမ်းသည်။
ရဲဝင့်က မ၀တ်စဖူး ဘောင်းဘီရှည် အကျပ်၊ လည်ပင်းပါသော အနွေးခေါင်းစွပ်အင်္ကျီ လက်ရှည် တို့နှင့် ခေတ်မီ ဖျတ်လတ်စွာ လှနေသော စိမ်းဝေကို ငေးကြည့်နေရင်း စိမ်းဝေ လှည့်အကြည့် တွင် ယောင်ယောင် ပြုံး၍ ခေါင်းညိတ်ပြသည်။

" …. ကိုကို "
ပါးစပ်လှုပ်တာသာ မြင်လိုက်ရသည်။ ရှေ့က ဘာတွေ ပြောသွားမှန်းမသိ။ အဆုံးမှာ ကိုကိုဆိုတာကို မသဲမကွဲ ကြားလိုက်ရသဖြင့်သာ ကိုယ့်ကို ပြောနေမှန်း သေချာရတော့သည်။
စိမ်းဝေက အကောက်ခွန်အရာရှိ ကလေးနှင့်အတူ လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ကောင်တာ သို့ လေးကန်စွာ လျှောက်သွားသည်။
ရဲဝင့်၊ ဖေဖေနှင့် မေမေတို့ စိမ်းဝေကို ငေးကြည့်နေကြသည်။
ကောင်တာ နား အရောက်တွင် စိမ်းဝေ ရုတ်တရက် ရပ်သွားသည်။ ကျော်လျှောက်သွားမိသော အကောက်ခွန် အရာရှိကလေးက လှည့်ကြည့်သည်။ စိမ်းဝေက တစ်စုံတစ်ရာ လှမ်းပြောတော့ ခေါင်း ညိတ် ပြသည်။

စိမ်းဝေ က နောက်ကြောင်းလှည့်၍ သူတို့ဆ အပြေးတစ်ပိုင်း ပြန်လာသည်။ ဘာမပြော ညာမပြော ရဲဝင့် ရှေ့ကြမ်းပြင်တွင် ဖိနပ်ပင် မချွတ်ဘဲ ထိုင်ချ လိုက်သည်။ ပြီးတော့ လက်အုပ်ကလေးချီသည်။
" ကိုကို စိမ်းဝေ မကန်တော့ရသေးတာ ခွင့်လွှတ်ပါနော် "
ကမန်းကတန်း ဦးချတော့ ဘေးက လူတွေက အထူးအဆန်းသဖွယ် ၀ိုင်းကြည့်ကြသည်။ ရဲဝင့် မနေတတ်စွာနှင့် စိမ်းဝေကို ထူမည် အပြုတွင် စိမ်းဝေက သူ့ဘာသာ ထရပ်လိုက်သည်။
ရဲဝင့် မျက်နှာ ကို မျက်ရည်ဝဲနေသော မျက်လုံးများနှင့် ခဏငေးကြည့်သည်။ ပြီးတော့ ချာခနဲလှည့်၍ အပြေး တစ်ပိုင်း ပြန်ဝင်သွားပါတော့၏။

စိမ်းဝေ (၈)

" ဟေ့ ဒီမှာ "
ရထားသံက မြန်ဆန် ဆူညံနေသော်လည်း အင်္ဂလန်မှာ မြန်မာစကား ပီပီသသကြီးကို မမျှော်လင့်ဘဲ ကြားရတာ ဖြစ် ၍ စိမ်းဝေ နားထဲ မိုးကြိုးပစ်ခံရသလို လန့်သွားမိသည်။
လှည့်ကြည့်တော့ အသက်နှစ်ဆယ် အရွယ် ယောက်ျားကလေး တစ်ဦး သူ့ထိုင်ခုံဘေးမှာ မတ်တတ် ရပ်နေ သည်။ ကုတ်အင်္ကျီရှည် အညိုကြီး ၀တ်၍ လည်ပင်းတွင် စကော့မာဖလာ ပတ်ထားသော်လည်း ထူထဲသော မျက်ခုံး၊ ပြေပြစ်သော မေးရိုးတို့ နှင့် မြန်မာချော ချောနေသော ကောင် ကလေး၊ မြန်မာလို ကလည်း ပြောနေ သည်မို့ မြန်မာ ဆိုတာ မှားစရာ မရှိပါ။
မြန်မာ ဆိုလို့ သူ တည်းနေသည့် အိမ်က အိမ်သားတွေမှအပ မတွေ့ရတာ တစ်လေလောက်ရှိနေပြီမို့ စိမ်းဝေ ရင်ထဲ အံ့သြရမှာလိုလို ၀မ်းသာရမှာလိုလို ဖြစ်သွားသည်။ သို့သော် ကောင်ကလေး ဆံပင်က မိန်းကလေးများ လို နားရွက်ကို ဖုံး၍ ပခုံးအထိ ရှည်လျိားနေသည်ကိုတော့လည်း နှာခေါင်းရှုံ့ချင်မိသည်။

ဒါနှင့်ပင် ဘာမှ ပြန်မဖြေဘဲ မေးထိုးပြလိုက်သည်။
ဟုတ်မှ ဟုတ်ရဲ့လားဟု သံသယ၀င်ပုံများနှင့် အူကြောင်ကြောင်ဖြစ် သွားသော ကောင်လေး မျက်နှာ ကို မြင်ရတော့လည်း ရယ်ချင်လာမိသည်။
" ခွင့်လွှတ်ပါ၊ ငါက မင်းကို ငါ့နိုင်ငံကလို့ ထင်မိလို့ပါ" အလွန်ယဉ်ကျေးသော အင်္ဂလိပ် စကားနှင့် ကောင်လေးက တောင်းပန်တော့ စိမ်းဝေက စိတ်မထိန်းနိုင်ဘဲ ခွိကနဲ ရယ်မိသည်။
"ဘာတွေ လာပြောနေတာလဲ" မြန်မာဘာသာဖြင့် ပီပီသသကြီး ခပ်တည်တည် ဟောက်ထည့် လိုက်တော့ မှ ကောင်လေး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ဟာ နင် မြန်မာပဲကိုး၊ နင် တော်တော် ဆိုးတာဘဲ၊ ငါကတော့ မြန်မာချင်း တွေ့ပြီဆိုပြီး ၀မ်းသားအားရ"
စိမ်းဝေ က ရယ်၍ သူ့နံဘေးက ထိုင်ခုံလွတ် ကို မေးငေါ့ပြသည်။
"ထိုင်လေ" "မထိုင်ဘူး၊ ငါက နင့်ကို ဒီထိုင်ခုံမှာ မထိုင်ဖို့ လာခေါ်တာ"
"ဘာဖြစ်လို့လဲ" "ဒါ ပရစ်ဗလေ့ချဆိ(တ်)လေ၊ ကလေးအမေတို့၊ သက်ကြီးရွယ်အိုတို့၊ မသန်စွမ်းဖြစ်နေတဲ့ လူတွေ အတွက် ထားတာ၊ နင်ထိုင်နေရင် နင့်ကို နှာခေါင်းရှုံ့ကြလိမ့်မယ်"
စိမ်းဝေက ကောင်လေးလှမ်းပြသော ရထားနံဘေးမှ သတိပေးဆိုင်းဘုတ်ကို ယခုမှ မြင်သွားပြီး ဇက်ပု လျှာထုတ်ပြသည်။

နှစ်ယောက် စာ လွတ်နေသော ထိုင်ခုံနေရာမှ ကောင်လေးနှင့်အတူ ၀င်ထိုင်ကြ ပြီးတော့ ကောင်လေး က မေးသည်။
"ငါ့နာမည်က အာသာခိုင်ဦး တဲ့၊ အာသာလို့ခေါ်ပေါ့၊ နင်က…."
"ငါက စိမ်းဝေ" "စိမ်းစိမ်းဝေလား" "မဟုတ်ဘူး၊ နှစ်လုံးတည်း၊ စိမ်းဝေတဲ့"
"အိုကေ"
ကောင်လေး က စိမ်းဝေ ၏ ကျောပိုးအိတ်ကို ကူဖြုတ်ပေးသည်။ စိမ်းဝေက လှည့်၍ မေးသည်။
"နင် ငါ့ကို မြန်မာမှန်း ဘယ်လိုသိသလဲ"
အာသာ က ရယ်သည်။

"နင့်ကို ဒီရထားပေါ်မှာ ငါဆုံတာ သုံးခါရှိပြီ၊ အာသာက နှစ်ခါ၊ အပြန်က တစ်ခါ၊ နင် ဘစ်ရှော့ စတော့ဖို့ဒ် က တက်လာမှန်း ဆင်းသွားတတ်မှန်တောင် ငါသိနေပြီ၊ တို့ အသားအရောင်က ရှားတယ်လေဟာ၊ တရုတ် လို ၀ါတာလည်းမဟုတ်၊ ကုလားလို ညိုတာလည်းမဟုတ်၊ အသားလတ်စစ်စစ်မှာ အရောင်က တစ်ပြေးတည်း ညီနေတာ၊ ကုလားလည်း နည်းနည်း အသားလတ်ရင်တော့ ဒီလိုဘဲ၊ ဒါပေမဲ့ မျက်နှာ ကျတော့ တို့က ထိုင်းတို့၊ ကိုရီးယားတို့နဲ့ ဆင်တယ်၊ ဒါကြောင့် မြန်မာလားဆိုပြီး ငါကြည့်ကြည့်နေတာ သိပ်တော့ မသေချာပါဘူး၊ ဒီနေ့မှ နင် ထိုင်ခုံမှားထိုင်လိုက်တော့ ဟုတ်မလား မသိဘူး ဆိုပြီး…"
စိမ်းဝေ က မျက်စောင်းထိုးသည်။ "နင်ပြောပုံက ငါတို့ မြန်မာတွေပဲ ညံ့သလိုလို" အာသာက ရယ်သည်။

"ငါ နှစ်နှစ်တစ်ခေါက်၊ သုံးနှစ်တစ်ခေါက်တော့ မြန်မာပြည် ရောက်ဖြစ်ပါတယ်၊ ငါသတိထားမိတာက ဘာခေါ်မလဲ၊ တို့ဆီက ဘတ်စ်ကားတွေကလည်း အမြဲကျပ်၊ ရထားတွေကလည်း ခုံနံပါတ်နဲ့၊ ဒီလို ဦးစားပေး ခုံတို့ဘာတို့ မရှိဘုူးလေဟာ၊ ပြီးတော့ မီးပွိုင့်မှာဆိုလည်း ကားတွေက လုပြီးကျော်စီ လို့ ပေးတာတို့၊ အားနည်းတဲ့သူ ဦးစားပေးတာတို့က လူတိုင်း ပုံမှန်လုပ်နေတဲ့ ကိစ္စလေ၊ ဟိုက လာခါစက မကြုံဖူးတော့ နည်းနည်း ယောင်တတ်တယ်၊ အဲဒါ ပြောတာပါ" စိမ်းဝေ သက်ပြင်း ချမိသည်။
"နင်ပြောတာလည်း ဟုတ်တော့ ဟုတ်တယ်ဟ၊ တို့လူမျိုးတွေ ခုထက်စည်းကမ်း ရှိလာ ဖို့က တော်တော်ကို လုပ်ယူရဦးမှာ ဟုတ်တယ်၊ ငါဒီရောက်တစ်လပဲ ရှိသေးတယ်၊ နင်က ဒီမှာနေတာ လား" အာသာက ခေါင်းညိတ်ပြသည်။

"ငါက ဟာလိုး မှာ နေတာ"
"ဟာလိုးဆိုတာက" "နင့်ဘစ်ရှော့ စတော့ဖို့ဒ်ထက် နှစ်ဘူတာ ပိုဝေးတယ်၊ ငါ့အဖေနဲ့ အမေက အဲဒီက ပရင့်ဆက်အလက်ဇန္ဒြား ဆေးရုံက ဆရာဝန်တွေ၊ နှစ်ယောက်စလုံး မြန်မာတွေဘဲ၊ ငါက ရန်ကုန်မှာမွေး တာ၊ ဒီမှာ ကြီးတာပေါ့၊ အခု နင့်လိုဘဲ ကင်းဘရစ်ခ်ျ တက္ကသိုလ်က ကင်းကောလိပ်မှာ စာသင်နေတာ၊ မက်ကယ်နီကယ် အင်ဂျင်နီယာရင်း ယူထားတယ်၊ ဒုတိယနှစ်" "နင်မြန်မာစကားတော့ တော်တော် ကျွမ်းကျင်နေတုန်းဘဲနော်" "ဖေဖေနဲ့မေမေက အိမ်မှာ မြန်မာလိုဘဲ ပြောကြ တယ်၊ ဖေဖေက ပြောဖူး တယ်၊ ဒီမှာနေလို့ဆိုပြီး ကိုယ့်ဘာသာစကား မပြောတတ်တော့တာမျိုး ဘယ်တော့မှ အဖြစ်မခံနဲ့တဲ့၊ ကိုယ့် ဘာသာစကား မဟုတ်တောင် တစ်ခုခုပိုတတ်ရင် တစ်ခုစာ အမြတ်ဘဲလို့ သဘောထားရမယ်တဲ့၊ အလွယ်လေး တတ်သွားဖို့ အခွင့်အလမ်းရှိပြီးသား ကိုယ့်ဘာသာစကားကို ကိုယ်ပြန်ပစ်ပယ်တာ တုံးရာကျ တယ်တဲ့၊ ပြီးတော့ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးကမှ ဘယ်လူမျိုးထက် ပိုမမြတ်ဘူးတဲ့၊

ဖေဖေ တို့ လုပ်ငန်းသဘော လိုအပ်ချက်အရ ဒီမှာ လာနေရပေ မယ့် မြန်မာ ဟာ မြန်မာ ပဲတဲ့၊ မြန်မာမဟုတ် ဘဲ အင်္ဂလိပ်ဖြစ်ချင်သွားတဲ့ စိတ်မျိုးမပေါ်စေနဲ့တဲ့"
စိမ်းဝေပါးစပ် အဟောင်းသား ဖြစ်သွားသည်။ မျက်ရည် စို့လာသည်။ အာသာက ချက်ချင်းရိပ်မိသည်။
"ဘာလဲဟ ငါပြောတာ ဘာလွန်သွားလို့လဲ"
စိမ်းဝေ ဖြည်းညင်းစွာ ခေါင်းခါသည်။ "နင်ပြောတာ အမှန်ချည်းဘဲ၊ ငါက ငါ့အစ်ကိုကို သတိရသွားတာ၊ နင့် အဖေ၊ ပြောတဲ့ စကားတွေက ငါ့အစ်ကိုပြောတဲ့ စကားတွေနဲ့ တထေရာတည်းဘဲ"
အာသာ သက်ပြင်းချမိသည်။

"တော်သေးတာပေါ့၊ ဒါနဲ့ နင့်အကြောင်းပြောပြပါဦး၊ နင့်ကြည့်ရတာ် အစ်ကိုကို တော်တော်ချစ်ပုံဘဲ"
စိမ်းဝေ အသက်ရှူ ဖို့ မေ့သွားပြန်သည်။
"ငါတို့က မောင်နှမ နှစ်ယောက်တည်း ရှိတာ၊ အစ်ကိုက ငါ့ထက် ခြောက်နှစ်တောင် ကြီးတယ်၊ အာခီတက်ပေါ့၊ လူပျိုပါဘဲ၊ ငါ့ကို အခု သူကျောင်းထားပေးတာ၊ သူက ရန်ကုန်မှာ ဆောက်လုပ်ရေးတွေ၊ လုပ်တယ်၊ ဖေဖေနဲ့ မေမေ က ကျောင်းဆရာတွေ၊ မင်းဘူးမှာ နေကြတယ်၊ မင်းဘူးတော့ နင် သိတယ် မဟုတ်လား" အာသာက ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ အခု ဘစ်ရှော့ စတော့ဖို့ဒ်မှာက ဖေဖေ့တပည့်ဟောင်းလင်မယားရှိတယ်၊ အဲဒီကနေ ကျောင်း လာတက်တာ၊ လောလောဆယ်တော့ အပ်စ်ပဲ ယူထားပါတယ်၊ အပ်စ်ခရက်တစ်ဖက် လိုက်ဖို့တော့ စိတ်ဝင်စားတယ်" အာသာ ပါးစပ်ပြဲသွားပြန်သည်။
"နင့်ဟာက ခက်တယ်၊ အေးလေ နင့်ကြည့်ရတာလည်း ကြိုးစားမယ့်ပုံပါဘဲ၊ ဒါနဲ့ ဒီလိုဘဲ ရထား နဲ့ နေ့တိုင်း သွားမလို့လား၊ ကင်းဘရစ်မှာ အခန်းကလေး ဘာလေး ငှားမနေတော့ဘူးလား"
"အဲသလို ဘဲ စိတ်ကူးတာပါ၊ သူများအိမ် ရေရှည်တော့လည်း မနေချင်ပါဘူး၊ မိန်းကလေး တစ်ယောက်တည်း ဆိုတော့ ချိန်ရတာပေါ့၊ နို့နင်ရော ဒီလိုဘဲ ရထားနဲ့ သွားနေတာ မဟုတ်ဘူးလား"
အာသာ က ရယ်၍ ခေါင်းခါပြသည်။

"ဖေဖေက ကင်းဘရစ်ချမှာ တိုက်ခန်းတစ်ခန်း ၀ယ်ပေးထားတယ်၊ ငါက ဒီရက်တွေထဲ ငါ့မွေးနေ့နီး လို့ ဖေ့ဖေ့ကို မွေးနေ့လက်ဆောင်ကားဝယ်ပေးခိုင်းချင်လို့ ပြန်ပြန်ချွဲနေတာ၊ နောက်ဆို ဒီလို ခဏခဏ မပြန်ဖြစ်ပါဘူး၊ နင့်ကိုငါ အိမ် ကူရှာပေးမယ်လေ၊ ငါ့အိမ်မှာ ခဏလာနေလည်း ရတယ်"
စိမ်းဝေမျက်နှာလေး နီရဲသွားသည်။
"နင်ဘာစကားပြောတာလဲ" အာသာသူ့ပါးစပ်ကို သူ လက်ဝါးနှင့်ရိုက်သည်။ "မေ့ပြန်ပြီ ဒီပါးစပ်၊ ဒီလိုဟ ဒီမှာ အိမ်ရှင်နဲ့ အိမ်ငှားတွဲနေကြ့ပီး ဧည့်ခန်းရယ်၊ မီးဖိုချောင်ရယ်၊ အတူတူ သုံးပြီး အိပ်ခန်းဘဲ ခွဲထားတာ မျိုးတွေက မပတ်သက်ကြပါဘူး၊ မနှစ်က ဂျပန်မတစ်ယောက်၊ ငါ့ထက် ငါးနှစ်လောက်ကြီးတော့ ငါ့အခန်း မှာ ခြောက်လလောက် လာငှားနေဖူးတယ်၊ ဘုရားပေးပေး နင်က မြန်မာမိန်းကလေး၊ အခုမှ ရောက်တာ ငါမေ့ပြီး အမှတ်တမဲ့ပြောမိတာ ဆောရီးဘဲ၊ ကဲကဲ နင့်ကို မိန်းကလေးချင်း တွဲနေလို့ရအောင် ငါ လိုက်စပ်ပေးပါ့မယ်"

စိမ်းဝေ နည်းနည်း ပြန်၍ အားတုံ့အားနာ ဖြစ်သွားသည်။
"ဆောရီး ငါနားမလည်လို့" "ရတယ်၊ ပြီးတော့ နင်နဲ့ တွဲဖို့က ကုလားမ ဖြစ်ဖြစ်၊ မြန်မာမ ဖြစ်ဖြစ် ရှာမှ ဖြစ်မှာ၊ နင်အခန်းထဲမှာ တခြား လူမျိုးတွေလာစပ်ရင် ရမ်းသမ်းလက်မခံလိုက်နဲ့ဦး"
"ဘာဖြစ်လို့လဲ" အာသာ့မျက်နှာဖြေရခက်ဟန် ပေါက်သွားသည်။ "နင်ကလည်းဟာ ကုလားမနဲ့ မြန်မာမ က လွဲရင် ကျန်တဲ့လူတွေက ရည်းစားယောက်ျားလေးတွေ အခန်းခေါ်လာအိပ်တတ်တယ်ဟ၊ နင်ဘယ်နား သွားနေရမှန်း မသိ ဖြစ်သွားမယ်" စိမ်းဝေ မျက်နှာကလေး ရဲခနဲ ဖြစ်သွားပြန်သည်။
                    .......................................................................
စားပွဲပေါ်ချထားသော ကိုယ်ရေးရာဇ၀င်နှင့် လျှောက်လွှာများကို အပေါ်မှအောက် အောက်မှအပေါ် အပြန်ပြန် အလှန်လှန် ဖတ်ကြည့်ရင်း ဘယ်သူ့ကိုအပေါ်က တင်ပေးရမည်ကို မနှင်းဖွေး ရွေးရ ခက်နေ သည်။
အလူမီနီယံတံခါး ကျွီခနဲ ဖွင့်သံကြား၍ မော့်ကြည့်လိုက်တော့ ရဲဝင့်နှင့် ဟန်ပို ၀င်လာသည် ကို တွေ့ရသည်။
မနှင်းဖွေးက လက်ထဲမှ စာရွက်တစ်ထပ်ကို မြှောက်ပြသည်။
"ကွာလဖီကေးရှင်းမှီတာ က လေးယောက်လောက် ဖြစ်နေတယ် ကိုရဲဝင့်ရဲ့၊ ရွေးမှာက နှစ်ယောက်၊ လုပ်ငန်း အတွေ့အကြုံရှိတာက နှစ်ယောက်၊ ဒါပေမယ့် ဟိုအလုပ်က ဘာဖြစ်လို့ ထွက်လာတယ် ဆို တာတော့ သိဖို့လိုမယ်ထင်တယ်"
ရဲဝင့်မျက်နှာ က နွမ်းလျနေသည်။ ဘာမှ ပြန်မဖြေ။

"ဟန်ပိုက မျက်ရိပ်ပြသဖြင့် တစ်ခုခုတော့ ပြဿနာဖြစ်ပြီဟု မနှင်းဖွေးရိပ်မိလိုက်သည်။ ရဲဝံ့တို့ ကုလားထိုင် မှာ ထိုင်မိသည်အထိ စောင့်ပြီးမှ ရေတစ်ခွက် ရေခဲသေတ္တာထဲမှ ငှဲ့ယူပေးပြီး ရဲဝံ့ရှေ့တွင် ချပေး လိုက်သည်။ "ဘာဖြစ်လို့လဲ ကိုရဲဝံ့" ရဲဝံ့က နွမ်းလျစွာ ပြုံးသည်။
"နှင်း ဘဲ မေးမှ နဲ့ တူတယ်၊ နှင်းဆိုရင် ဘယ်လို ဆုံဖြတ်မလဲလို့" "ဘာကိုလဲ" ဟန်ပို က ဖြတ် ၀င်ပြောသည်။
"သူ့မိထွေး ကကွာ၊ ဆင်ဖြူကျွန်း က တူမနှစ်ယောက်ကို အလုပ်သွင်းပေးခိုင်းနေတယ်၊ စာပေးစာယူနဲ့ ဘွဲ့ရပြီးသားတွေ ပါဘဲ၊ ငါကလည်း ရပါတယ်၊ ပေးပါလို့ ပြောတာ ဒီကောင်က သိပ်မကြိုက် ချင်ဘူး ဖြစ်နေတယ်"

ဆက်ရန်
.

No comments: