အခန်း(၁)
နှင်းပွင့်နှင်းဖတ်တွေ အဆုပ်လိုက်အခဲလိုက် သွန်းကျပက်ဖျန်းနေသည်။ မြင်ကွင်းမှာ ကလေးတွေကို ဆာရာ ဖတ်ပြလေ့ရှိသည့် ပုံပြင်စာအုပ်ထဲက အရုပ်ကားချပ်ကလေးများနှင့် တူနေ၏။
ဆာရာ တစ်ယောက် လက်နှိပ်စက် စားပွဲတွင် ထိုင်ကာ ပြတင်းအပြင်သို့ ငေးလျက်ရှိသည်။ အိမ်ရှေ့ မြက်ခင်းပြင် မှာ ဆီးနှင်းတွေလွှမ်းကာ ဆွတ်ဆွတ်ဖြူလျက် ….. သစ်ပင်များပေါ်တွင်လည်း ဇာပ၀ါဖြူလေး များ ယီးလေးခိုနေကြသည့်နှယ်။
နံနက်ပိုင်းက ခေါင်းထဲက၀င်လာသည့် ဇာတ်လမ်းကို လုံးဝ ပြန်ဖော်လို့ မရတော့။ ဆောင်းကတ္တီပါရှုခင်း သည် လှချင်တိုင်း လှနေ၏။ ရင်သပ်ရှုမောဖွယ်အတိ။ ပုံပြင်ဆန်ဆန် လှခြင်းမျိုး။ သည်မြို့ကလည်း ပုံပြင်စာအုပ် ထဲက မြို့တစ်မြို့ပင်ဖြစ်ပါ၏။ မြို့သူမြို့သားများလည်း အလားတူပင်။
ဆာရာ လုံးဝ မျှော်လင့်မထားသည့် ဘ၀မျိုး။ မဖြစ်လိုသည့်ဘ၀မျိုး။ သို့သော် ဆန္ဒမှန်သမျှတို့ ဘယ်အခါ တုန်း ကမှ မပြည့်ဝခဲ့ပါချေ၊ သည်ဝန်းကျင်တွင် သူတို့နှင့် အတူ ရောနှောမျောပါ လှုပ်ရှားနေခဲ့ ရသည်မှာ နှစ် ပေါင်းမနည်းတော့ပြီ။ သည်တစ်သက်တွင် ရုန်းထွက်၍ကော ရနိုင်ပါဦးမည်လားဟုပင် ကိုယ့်ကိုယ် ကို သံသယ၀င်လာသည်။
တစ်ရံရောအခါက ဆာရာမက်ကောမစ်ဆိုသည့်မိန်းကလေးသည် မဟုတ်မခံ ဆတ်ဆတ်ကြဲ၊ ရဲရဲတောက် ကလေးဖြစ်၏။ " ပန်းနုရောင် " မဂ္ဂဇင်းတိုက်မှ လက်ထောက် အယ်ဒီတာမကလေး။ နှစ်စဉ် ထိပ်ဆုံးမှ အတန်းတွေအောင်ပြီး ၁၉၆၉ ခုနှစ် တွင် နာမည်ကျော် ရက်ကလစ်တက္ကသိုလ်မှ ဘွဲ့ယူခဲ့သူဖြစ်၏။
ပင်ကို အရည်အသွေး တလက်လက်ဖြင့် အများတကာထက် ခေါင်းတစ်လုံး အမြဲသာခဲ့သည့် အကြင် မိန်းကလေး သည် ခုတော့ သူတို့အထဲတွင် ရောနှောမျောပါကာ သူလို ကိုယ်လိုပင် သာမန်ဘ၀တွင် အသက်ရှင် ကျင်လည်နေရ၏။
အချိန်တွေ ဘယ်လိုကုန်သွားကြပါလိမ့်။ ဘာမျှ ကြာလိုက်သည်မထင်။ အင်း … နှစ် နှစ်ဆယ်နီးပါးပင် ရှိခဲ့ပြီကော …
ခုတော့ ဆာရာဝတ်ဆင် ဖြစ်နေပြီလေ။ တစ်နည်း …. မစ္စက်အော်လီဗာ ၀တ်ဆင်ပေါ့။
နယူးယောက်မြို့ ၏ ပါချ့စ် ဆင်ခြေဖုံးရပ်ကွက်မှ သိပ်လှသည့် အိမ်ကြီးတစ်ဆောင်ရဲ့ အိမ်ရှင် မလေ။ နှစ်ဆိုင်း စနစ်နှင့် ၀ယ်ခဲ့ပြီး ဆယ့်လေးနှစ်လုံးလုံး ကုန်းရုန်းဆပ်ခဲ့လို့ ခုတော့ အိမ်ကြီးကို ပိုင်လုနီးနေ ပါပြီ။
ကလေးသုံးယောက် ရှိသည်။ ခွေးကတစ်ကောင်။ မွေးထားသည့် ကြွက်မြီးတို ကလေးကတော့ မနှစ် က သေသွားသည်။ ပြီးတော့ အလွန်ချစ်ရသည့် ခင်ပွန်းသည် ရှိပါသေး၏။ သိပ်ကိုချစ်ဖို့ ကောင်း သည့် အော်လီ ….။
ဆာရာ ကျောင်းပြီးသည့်နှစ်မှာပင် အော်လီဗာက ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရသည်။ ဒုတိယနှစ် ကတည်းက သူတို့နှစ်ယောက် ချစ်ခဲ့ကြခြင်းဖြစ်၏။ ဆာရာတွင် မရှိသည့် အရည် အချင်းတွေ အော်လီဗာ တွင် အပြည့်ရှိ သည်။
ဆာရာ က ခပ်ရိုင်းရိုင်း လုပ်ချင်တိုင်း၊ သောင်းကျန်းချင်တိုင်း သူက လိမ်လိမ်မာမာထိန်းသည်။ ဗီယက်နမ်ကိစ္စ တွင်တော့ ဆာရာနှင့် အကြီးအကျယ် စကားများကြသည်။ ဒါကိုတော့ ဆာရာ ခွင့် မလွှတ်နိုင်။
နှစ်ယောက်သား ဘွဲ့ရကြပြီးမှ သည်ကိစ္စပေါ်ခြင်းဖြစ်၏။ ဆာရာက သူ့ကို လုံးဝ အတွေ့မခံ ဘဲ ဖြတ်ပစ်လိုက် သည်။ နယူးယောက်တွင် သွားနေပြီး စာပေလောကကို တိုးဝင်ဖို့ ကြိုးစားသည်။
အတ္တလန်တစ် မဂ္ဂဇင်းတွင် နှစ်လဆက်ပါသည်။ ပြီးတော့ …. အင်း ….. ခုနေပြန်တွေးရင်တောင် ရင်တွေ ခုန် တုန်း။ နယူးဟော့ကာမဂ္ဂဇင်းကြီးကလည်း ဆာရာ့စာမူတွေ သုံးသည်လေ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုခိုင်မာ လာ၏။
ထိုအချိန်တွင် အော်လီဗာကလည်း နယူးယောက် ၇၉လမ်း တွင် သူငယ်ချင်းနှစ်ယောက်နှင့် အခန်း တစ်ခန်း စုငှားနေပြီး ကြော်ငြာအေဂျင်စီ လုပ်ငန်းကြီးတစ်ခုတွင် အလုပ်လုပ်လျက်ရှိသည်။
သူရခဲ့သည့် အမ်ဘီအေဘွဲ့ကြောင့် သူ့အတွက် အလုပ်ရဖို့ မခက်ပါ။ သည်အတွက် ဆာရာ သူ့ကို မုန်းချင်ပါ သည်။ အမ်ဘီအေပုံစံဝင် ခေတ်ပညာတတ်တစ်ယောက် …..သို့သော် မုန်း၍မရပါချေ။ တစ်သက် တွင် တစ်ခါသာ ချစ်ဖူးသည့် အချစ်မျိုးဖြင့် ချစ်ခဲ့ရသည့် ချစ်ဦးသူ မဟုတ်ပါလား။
" မြို့စွန်ရပ်ကွက်တစ်ခုခုမှာ အခြေချမယ်၊ ကလေး လေးယောက်ယူမယ်၊ အမွေး ဖားဖား ခွေးကြီးတစ်ကောင် မွေးမယ်၊ မိန်းမကို ဘာအလုပ်မှ မလုပ်ခိုင်းဘူး၊ အိမ်ရှင်မပဲဖြစ်ရမယ် "
စသည့်စကားမျိုး သူပြောလာလျှင် ဆာရာက ဟားပစ်သည်။ သည်လိုအခါမျိုးတွင် အော်လီဗာက လူပျိုပေါက် ကလေး တစ်ယောက်လို ပြုံးနေတတ်၏။
သည်အဖြစ်မျိုးကလေးများက ဆာရာ့ကို ရင်ခုန်စေခြင်းဖြစ်ပါ၏။ သည်လိုရင်ခုန်သံများကြားမှပင် ဆာရာ သည် ချစ်သူ အား အမ်ဘီအေဘွဲ့ရ၊ ဟားဗတ်တက္ကသိုလ် ကျောင်းထွက်ကြီးတစ်ယောက် မဟုတ်ဘဲ မိမိထက် ပို၍ရှည်သော ဆံပင်များပိုင်ရှင်၊ ပန်းချီဆရာတစ်ယောက်၊ ဒါမှမဟုတ် ပန်းပု ဆရာ တစ်ယောက် ဖြစ်လိုက်လျှင် ဘယ်လောက် ပျော်စရာကောင်းလေမည်လဲဟူသည့် အတွေးမျိုး လည်း တွေးတတ်လေ သည်။
အော်လီဗာ သည် အမေရိကန်ပြည်ထောင်စု ၏ ၁၉၆၀ ခုနှစ်စံဖြင့် ပြောရလျှင် တိုးတက်သော အယူအဆ ရှိ သူမဟုတ်။ ဗီယက်နမ်ပြဿနာ ကို သူရှုမြင်ပုံက ရှင်းနေသည်မဟုတ်လား။ ဟားဗတ်တက္ကသိုလ် ထွက်၊ ပုံစံကျ ပညာတတ် စက်ရုပ်တစ်ရုပ်သာဖြစ်သည်။
ဆာရာက ဗီယက်နမ်ကျူးကျော်မှု ဆန့်ကျင်ရေးဆန္ဒပြ ချီတက်ပွဲတွေမှာ ရှေ့တန်းက ပါဝင် လှုပ်ရှားခြင်း ကြောင့် အချုပ်ခံရတိုင်း အာမခံရအောင်၊ လွတ်အောင် လိုက်ပေးသူက အော်လီဗာ၊ ဆာရာ သူ့ကို ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ ဘယ်လောက်ပဲ နှစ်ပြားမတန်အောင် ပြောပြော၊ သူ့ယုံကြည်ပုံနှင့် သူ့အယူအဆ ကို လေအေးကလေးဖြင့် ရှင်းပြတတ်သည်။
အော်လီဗာ သည် အလွန်သိမ်မွေ့သူဖြစ်၏။ အလွန်ပြည့်ဝသူဖြစ်၏။ စိတ်ကောင်းနှလုံးကောင်း ရှိ သူလည်း ဖြစ်၏။ ပြီးတော့ ဆာရာ၏ မိတ်ဆွေကောင်း တစ်ယောက်လည်းဖြစ်၏။
သူနှင့် ပတ်သက်ပြီး စိတ်ဆိုးစရာတွေ၊ သဘောချင်းမတွေ့တာတွေ ကြုံနေသည့်တိုင် သူ့ကို မချစ်ဘဲ နေ ဖို့ ခက်လှသည်။
နှစ်ယောက်သားဆုံပြီး စားသောက်ကြတိုင်း သူဘာတွေ လုပ်နေကြောင်း အသိပေးတတ်သည်။ ဆာရာ ဘာတွေရေးနေ သည်ကိုလည်း သူသိချင်သည်။ ဆာရာသည် စာပေ အရေးအသားတွင် ပါရမီဥာဏ်ခံ ရင့်သန်ကြောင်း အော်လီဗာ သိသည်။ စာရေးရင်း အိမ်ထောင်ပြုသူတွေ အများကြီးပါ။ သည်ကလေးမ ဘာကြောင့် လက်ထပ်ဖို့ပြောတိုင်း ခါးခါးသီးသီး ငြင်းနေပါလိမ့်။
" လက်ထပ်တယ် ဆိုတာ အားကိုးအားထားလိုချင်တဲ့ မိန်းမတွေရဲ့ အလုပ်ပဲ၊ ဆာရာက ဘယ်သူ့ကိုမှ အား မကိုးချင်ဘူး … အော်လီဗာဝတ်ဆင် "
ဆာရာ သည် ပြောသည့်အတိုင်း ဖြစ်အောင်လုပ်သည့် မိန်းကလေးဖြစ်သည်။ ပြတိုက်တစ်ခုတွင် အချိန် ပိုင်း ၀င်လုပ်ပြီး စာတွေရေးသည်။ စားဝတ်နေရေးအတွက် ဘာမှမပူရ။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အား ကိုယ်ကိုး …။
ခုတော့ ကိုယ့်ကိုယ်ကို သံသယဖြစ်လာသည်။ ဟိုတုန်းက သတ္တိမျိုးတွေ ရှိပါဦးမည်လား။ ကိုယ့်ခြေထောက် ပေါ်ကိုယ် ရပ်နိုင်ပါတော့မည်လား။ အိမ်ထောင်သက် ဆယ့်ရှစ်နှစ်လုံးလုံး သူ့ကို မှီခို ခဲ့ရသည်လေ။ မိမိဘ၀ လိုအပ်ချက် မှန်သမျှ အသေးအဖွဲလေးတွေကစ သူက တာဝန် ယူထားသည်မဟုတ်လား။ အရာရာတွင် ရှေ့မှရပ်ပြီး အကာအကွယ်ပေးမည့် လင်သားနှင့်နေရသည့် ဘ၀ သည် လုံခြုံလွန်းလှသည်။
တဖြည်းဖြည်းနှင့် သူ့အပေါ် အားကိုးစိတ်တွေ ကြီးမားလိုက်ပုံမှာ အော်လီဗာ တစ်ခုခုများ ဖြစ်သွားလျှင် ဆိုသ ည့် အတွေးမျိုး ၀င်လာသည့်အခါ ဆာရာတစ်ယောက် အထိတ်တလန့် ဖြစ်သွားတတ်သည် အထိပင်။
သည်တာဝန်တွေကို မိမိတစ်ယောက်တည်း ယူနိုင်ပါမည်လား။ ကလေးတွေရယ်၊ သည်အိမ်ကြီးရယ်၊ ပြီးတော့ မိမိကိုယ်တိုင် ရယ်။ သည်လိုစိုးရိမ်စိတ်ဖြင့် ပူပူပင်ပင်ဖြစ်ရကြောင်းပြောလျှင် အော်လီဗာ ရယ်နေ တတ်သည်။ "ပူစရာမရှိ၊ ကြံဖန်ပူရန်ကော မိန်းကလေးရယ်" ဟုဆိုကာ နှစ်သိမ့်တတ်သည်။
အော်လီဗာ သည် သန်းကြွယ်သေဌေးကြီး တစ်ယောက်တော့ မဖြစ်သေးပါ။ သို့သော် သူ့တာဝန်ကို သူယူ နိုင်ပြီး အိမ်ထောင်စုကို လှလှပပ တည်ဆောက်နိုင်သူဖြစ်ပါ၏။
အသက် အာမခံတွေ အများကြီးထားနိုင်သည်။ မယ်ဒီဆင်ရိပ်သာမှ ကြော်ငြာအေဂျင်စီလုပ်ငန်းမှာ သူ့ အတွက် သီးပွင့်ဝေဆာစွာဖြင့် အမေရိကန်တွင် အကြီးဆုံးကုမ္ပဏီကြီးဖြစ်လာသည်။ အသက်လေးဆယ့် လေးနှစ် အရွယ်တွင် အော်လီဗာသည် ကုမ္ပဏီ၏ တတိယအရေးအပါဆုံး ရာထူး ပိုင်ရှင် ဖြစ်လာ၏။ အသက်အငယ်ဆုံး ဒုတိယဥက္ကဌအဖြစ် နယူးယောက်စီးပွားကုန်သွယ်လောကတွင် ထင်ရှား လျက်ရှိသည်။
လင်တော်မောင်အတွက် ဆာရာဂုဏ်ယူမဆုံးဖြစ်နေသည်။ သို့သော် ….. သူမရှိလျှင်ဟူသည့်စိတ်က ရံခါ တွင် ဆာရာ့ခေါင်းထဲ ၀င်လာစမြဲ။
လက်နှိပ်စက် စားပွဲတွင်ထိုင်ကာ ဆီးနှင်းပွင့်တွေကို ငေးရင်း၊ စာရေးဟန်ဆောင်ရင်း ကလေးတွေ အပြန်ကို စောင့်နေရသည့်အဖြစ် …..။
ဘယ်တော့ မှ စဖြစ်မည်မဟုတ်သည့် ၀တ္ထု၊ ထို့ကြောင့် ဘယ်တော့မှလည်း ဆုံးဖြစ်မည်မဟုတ်သည့် ၀တ္ထု ဖြစ်ပါ၏။ ဤသို့ဖြင့် မရေးဖြစ်သော ၀တ္ထုကိုရေးရန် ကြိုးစားခဲ့သည်မှာ နှစ် နှစ်ပင် ပြည့်တော့မည်။
စာပြန်ရေး ရန် ၃၉ နှစ်မြောက် မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ ဘ၀ တွင် အလွန်အရေးကြီးသည့် ဆုံးဖြတ်ချက်ဖြစ်ပါ၏။ ၃၉ သည် ၄၀ နှင့် စာလျှင် အလွန်ပျော်စရာ မကောင်းသည့် မွေးနေ့ဖြစ်ခဲ့ရ၏။ ဆုံးဖြတ်ချက် ကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလေ။
လေးဆယ်ပြည့်မွေးနေ့ ကို ဆာရာက "သင်္ချိုင်းသို့ ခြေတစ်လှမ်းအလို မွေးနေ့" ဟု ၀ိဂြ`ုလ်ပြု သဖြင့် အော်လီဗာ ခွင့်ရက်ရှည်ယူပြီး ဥရောပသို့ ပို့ပေးသည်။ လင်မယားနှစ်ယောက်တည်း ထွက်ခဲ့ခြင်းဖြစ် ၏။ ကလေးနှစ်ယောက်က ကျောင်းပိတ်ရက် "စခန်းချ" ခရီးထွက်သွားကြသည်။ အငယ်လေး ဆမ် ကို အော်လီဗာ့ အမေက လာထိန်းပေးသည်။ ထိုစဉ်တွင် ဆမ်က ခုနစ်နှစ်သား ….. ပထမဆုံး အကြိမ်အဖြစ် ကလေးတွေနှင့် ခွဲဖူးခြင်း …..။
ပါရီရောက်တော့ နိဗ္ဗာန် ဆိုတာ ဒါမျိုးလားဟုပင် အတွေးဝင်မိသည်။ လွတ်လပ်ချင်တိုင်း လွတ်လပ်နေ၏။ အိမ်တာဝန်မရှိ၊ ကလေးတာဝန်မရှိ။ ခွေးတာဝန်မရှိ၊ ဆရာမိဘအသင်း ကိစ္စမရှိ၊ ကျောင်း ရန်ပုံငွေ၊ ဆေးရုံရန် ပုံငွေ ကိစ္စမရှိ။ ဘာဆိုဘာမျှမရှိ။
ဥရောပ ရက်သတ္တပတ် လေးပတ်သည် ဘယ်တော့မှ မေ့၍ရနိုင်မည်မဟုတ်သည့် ဒုတိယ မင်္ဂလာ ခရီး ဖြစ်ပါ၏။ ပါရီ၊ ရောမ၊ ကိန်း၊ စိန်တိုပတ်စ် တစ်ခွင် ကုန်းလမ်းရေလမ်းဖြင့် အနှံ့အပြား လျှောက်သွားကြ သည်။ အကောင်းဆုံး ဟိုတယ်ကြီးများတွင် တည်းခိုဇိမ်ယူကြသည်။ အပြန်တွင် မှ လန်ဒန်ကို လှည့်ဝင်ကြ သည်။ စိတ်ဝင်စားစရာမှန်သမျှ လိုက်မှတ်သည်။ မှတ်စုစာအုပ် ခုနှစ် အုပ် ပြည့်သွားသည်။
သို့သော် အိမ်ပြန်ရောက်တော့ ဘာမှသုံးမရ။ ဥရောပ နောက်ခံဝတ္ထု ရေးဖွဲ့ကြည့်သည်။ မရ၊ ခရီးသွား ဆောင်းပါး ရေးကြည့်သည်။ မဖြစ်၊ နောက်ဆုံး ကဗျာတစ်ပုဒ်ပင် ထွက်မလာ။
စားပွဲတွင် ထိုင်ကာ မှတ်စုစာအုပ်တွေကို နံဘေးတွင် ဖြန့်ချထားပြီး ငေးနေတတ်၏။ လက်နှိပ်စက်ထဲမှ စာရွက်လွတ်ပေါ် တွင် စာတစ်လုံးမျှ ထင်မလာ။
တစ်နှစ်ကျော် ကြာသည်အထိ ထိုနည်းနှင်နှင်ပင်။ လေးဆယ့်တစ်နှစ်သို့ ရောက်လာသည့်အခါ ဘ၀ဟောင်း သည် ဟိုအဝေးကြီးတွင် ကျန်ခဲ့သလို ၀ိုးတ၀ါးသာမြင်တော့၏။ သည်အကြောင်း အော်လီဗာ ကို ပြောပြသည့်အခါ ရယ်၍သာ နေတတ်သည်။
" အင်း ….. ဆာရာ ….. ဆာရာ၊ မင်းဟာ ကိုယ်နဲ့ တွေ့စက အတိုင်းပဲ၊ ဘာမှ မပြောင်းလဲဘူး "
သူပြောတာ ဟုတ်သလောက် ဟုတ်ပါလိမ့်မည်။ သို့သော် ဆာရာ ပြောင်းလဲ သင့်သလောက် ပြောင်းခဲ့ပြီ ဖြစ်ပါ၏။ ရွှေပိုးမျှင်ကလေးတွေနှင့်တူပြီး ကုပ်ပေါ်တွင် ထူထဲစွာ ၀ဲကျနေ တတ်သည့် ဆံပင်တို့သည် အရောင်လွင့်ပြယ်စ ပြုနေပြီ။ ဆံပင်ဖြူကလေးများ ကြိုးကြားကြိုးကြား ရှိနေပြီ။ အမေ လုပ်သူ က မပူမပင်ရဘဲ ကလေးတွေက အမေဆံပင်ဖြူမှာကို ၀ိုင်းပြီး စိုးရိမ်နေကြ၏။
အပြာရင့်ရောင် မျက်လုံးများကမူ ငယ်ငယ်တုန်းကလိုပင် တောက်ပ၀င်းလက်နေဆဲ။ နို့နှစ်ရောင် အသား အရေ မှာလည်း ရွှန်းစိုမွတ်ညက်နေဆဲ။
ဆာရာ သည် မိန်းမကျက်သရေအပြည့်ဖြင့် လှသည့် အလှပိုင်ရှင်မတစ်ဦးဖြစ်သည်။ ကိုယ်နေဟန် ကျစ်လျစ် တင့်တယ် ၏။ ခြေဆံလက်ဆံ ပြေပြစ်နုနယ်၏။ မျက်ဝန်းအစုံကမူ ရွှင်မြူးကခုန်နေတတ်သည်။
သည်မျက်လုံး များနှင့် ပထမဦးဆုံး ရင်ဆိုင်ရစဉ်ကတည်းက အော်လီဗာ ရင်တွေ တဒိုင်းဒိုင်း ခုန်ခဲ့ရခြင်းဖြစ် သည်။ ရွှင်ပျသည့်ရယ်သံ၊ မီးလျှံနှင့်တူသည့် သတ္တိ၊ လုပ်ပြီဆိုလျှင် နောက်မဆုတ်တတ်။ သည် ထူးခြား ချက်တွေကြောင့် ဆာရာ့ကို လူငယ်လူရွယ်တွေက အပေါင်းရ အသင်းရခက်သည့် မိန်းကလေး ဟုဆိုကြ သည်။ သို့သော် သူတို့ထဲတွင် အော်လီဗာမပါ။
အော်လီဗာက ဆာရာတွေးခေါ်ပုံကို သဘောကျသည်။ ပြောပုံဆိုပုံကို နှစ်သက်သည်။ သူတို့နှစ်ယောက် သည် အပြန်အလှန် လေးစားမှုအပြည့်ဖြင့် ချစ်သူတွေဖြစ်လာကြခြင်းဖြစ်သည်။ ပြီးတော့ အိပ်ရာထဲတွင် ယနေ့ တိုင် ဘယ်တော့မှ မငြီးငွေ့သည့် ချစ်သူများဖြစ်ကြ၏။ အနှစ်နှစ်ဆယ် ကြာလွန်းသည့် တိုင်အောင် ပျော်ပုံသစ်နေဆဲ။
ဆာရာ့ ကို လက်ထပ်ဖို့ အော်လီဗာတစ်ယောက် နှစ်နှစ်တိတိ နားချစည်းရုံးခဲ့ရ၏။ အသက် ၂၃ နှစ်အရွယ် တွင်မှ ဆာရာ ခေါင်းညိတ်ခဲ့ခြင်းဖြစ်သည်။
အစဉ်အလာကို ပုန်ကန်ချင်သည့် ဆာရာက ထုံးတမ်းစဉ်လာအရ မင်္ဂလာဆောင်ဖို့ကို ကန့်ကွက် ခဲ့ သည်။ အော်လီဗာ့ မိဘများ၏ ခြံထဲတွင်ပင် လက်ထပ်ပွဲကို အကျဉ်းရုံးပြီး ကျင်းပခဲ့သည်။
အနီရောင် ရဲရဲတောက်ဝတ်ထားသဖြင့် ဆာရာသည် သတို့သမီးနှင့် မတူဘဲ မဂ္ဂဇင်း မျက်နှာဖုံးမယ် ကလေး နှင့်တူနေ၏။ ဘာမြူဒါသို့ မင်္ဂလာခရီး ထွက်ခဲ့ကြသည်။ ရာသီဥတုဖောက်ပြန်ဆိုးရွားနေမှုကို သူတို့နှစ် ယောက် သတိမထားမိကြ။ ဟိုတယ်ထဲက အပြင်မထွက်ဘဲ မိုးမဆုံး လေ မဆုံး ပျော်တပြုံးပြုံးဖြင့်။ ကလေးနှစ်ယောက် လို ရယ်ကြ၏။ မြူးကြ၏။
ဘ၀ကို ဒုတိယရိပ်သာလမ်း တိုက်ခန်းကျဉ်းကျဉ်းကလေးမှာ စခဲ့ကြသည်။ သုံးပတ်လောက်ကြာတော့ ကြည်နူးမှု များ တဖြည်းဖြည်း လျော့ကျလာသည်။ အခန်းနီးချင်းတွေက ပျော်ပျော်ပါးပါး ဆူဆူညံညံ အပျိုလူပျိုတွေ။ ပျော်စရာပွဲတွေ တစ်မျိုးပြီးတစ်မျိုး ဆက်နေအောင် ဖန်တီးကြသည်။
တစ်နေ့ အော်လီဗာ အလုပ်မှ ပြန်လာတော့ ဆာရာ မျက်နှာ မသာမယာနှင့် တွေ့ရ၏။ ဓမ္မတာပေါ်ချိန် မပေါ် သဖြင့် ဆာရာ အထိတ်တလန့် ဖြစ်နေသည်။ မင်္ဂလာဦး ခရီးထွက်စဉ်က ဂရုတစိုက် ကြိုတင် ကာကွယ် ထားသည်။ သို့သော် အိမ်ပြန်ရောက်တော့ အကာအကွယ်ကိစ္စကို ခပ်ပေါ့ပေါ့ပဲ လုပ်တော့ သည်။
သည်လောက်မြန်မြန် ဖြစ်လာမည်လည်း မထင်ဘူးလေ။ ခုတော့ ကလေးရှိနေပြီတဲ့။ ဖျက်ချဖို့ ပြောတော့ အော်လီဗာ အထိတ်တလန့် ဖြစ်သွားသည်။ ဘယ်လိုများ သည်လိုအတွေးမျိုး ဆာရာ့ခေါင်း ထဲသို့ ၀င်လာပါ လိမ့်။
ဆာရာဘက်က အလေးအနက် အဆိုပြုခြင်းဖြစ်၏။ သည်လောက်မြန်မြန်ကြီး ကလေးမလိုချင်ပါ။
"ဒါလောက် စောစော မလိုချင်သေးပါဘူး၊ ဆာရာ အလုပ်ကလေးဘာလေး လုပ်ချင်သေးတယ်၊ တစ်ခုခုပေါ့ "
ဆာရာ့ လုံးချင်းဝတ္ထုတွေ နောက်ပိုင်းတွင် အရောင်းကျလာသည်။ မဂ္ဂဇင်းကြီးတစ်စောင်တွင် အယ်ဒီတာ ၀င်လုပ် ဖို့ စိတ်ကူးထား၏။ ပြီးတော့ ကိုလံဘီယာတက္ကသိုလ်တွင် မဟာဝိဇ္ဇာတန်း ဆက်တက် ဖို့လည်း လျှောက်ထားသည်။ လက်ထပ်ပြီးကတည်းက ပြတိုက်မှ အလုပ်ထွက် ထားလိုက်၏။ နေသည့်ရပ်ကွက်နှင့် ပြတိုက်မှာ အလှမ်းဝေးသဖြင့် သွားရေး မလွယ် ကူသောကြောင့်ဖြစ်သည်။
အော်လီ က အမျိုးမျိုးဖျောင်းဖျသည်။
" အလုပ်က အချိန်မရွေး ၀င်လုပ်လို့ရပါတယ် ဆာရာရယ် "
အကျိုးသင့် အကြောင်းသင့်ပြောပြီး သက်သောင့်သက်သာနေနိုင်အောင် အစစဂရုစိုက်သည်။ သို့သော် ဆာရာ ခေါင်းမာမြဲ မာနေ၏။ အော်လီ ဆောက်တည်ရာမရ ဖြစ်လာသည်။ အလုပ်သွားနေတုန်း တစ်နေရာ ရာသွားပြီး တစ်ခုခု လုပ်လိုက်မှဖြင့် …..
သို့သော် ဆာရာပြောသလို မလုပ်ဖြစ်ပါ။ လုပ်ဖို့ မကြိုးစားချင်လောက်အောင်ကို တစ်ချိန်လုံး ဖျားနေ တတ် သည်။ အားအင်ကုန်းခန်းကာ နွမ်းခွေနေသည်။ စိတ်ဓာတ်ကျလိုက်သည်မှာ ပြောဖွယ်ရာမရှိပြီ။ ဗိုက်ကြီး ကို သယ်ပြီး ကိုးလလုံးလုံးနေရဦးမည့်အဖြစ်။
အော်လီဗာကမူ အပျော်ကြီး ပျော်နေ၏။ သူက ကလေးလေးယောက်တောင် ယူချင်သူ မဟုတ် လား။ ငွေရေး ကြေးရေး ဘယ်လောက်ပင် ကြပ်တည်းစေကာမူ ရင်ဆိုင်မည်တဲ့လေ။ လျှာပေါ် တွင် မြက်ပေါက်ပါ စေဦး၊ အော်လီဗာလို လူစားမျိုးက မိန်းမကို ကလေး ဖျက်ချ ခွင့် ပေးမည်မဟုတ်။ နှစ်ယောက်စလုံး၏ ရင်သွေးကို မည်သို့ ဖျက်ဆီးသတ်ဖြတ်ရက်ပါမည်လဲ။ လူ့လောကကြီး ထဲသို့ ရင်သွေးကလေး မရောက်ခင် အဝေးကြီးကပင် ဖခင်စိတ်တို့ ရင်မှာ ဆွတ်ပျံ့ ကာ အော်လီဗာတစ်ယောက် အချစ်ကြီး ချစ်နေပြီ။
ဤသို့ဖြင့် ဘင်ဂျမင်ဝတ်ဆင်သည် မိဘနှစ်ပါး လက်ထပ်ပြီး ကိုးလနှင့်သုံးရက်အကြာတွင် လူ့လောက ထဲသို့ အံ့သြသည့် မျက်လုံးများ ကလည်ကလည်နှင့် ၀င်ရောက်လာခဲ့လေသည်။
မအေတူ သားကလေးသည် အော်ဟစ်ငိုယိုကာ ချက်ချင်းပဲ လောကကြီးထဲ တိုးဝင်တော့ မလား အောက်မေ့ရ၏။ သားဦးရချင်နေသည့် အော်လီဗာအဖို့ မအေတူကလေးလည်းဖြစ်နေပြန်၍ အရူးကြီး ရူးနေ တော့သည်။
ဘင်ဂျမင်သည် အလွန်အကြီးမြန်သည့် ကလေးဖြစ်သည်။ ရုပ်သာ အမေနှင့်တူသည် မဟုတ်၊ ခေါင်းမာပုံ၊ စိတ်ကြီးပုံ လည်းတူသည်။ လင်မယားနှစ်ယောက် အေးအေးဆေးဆေးနေရသည် မရှိတော့။ တစ်ခါနှစ်ခါ သည်ကောင်ကလေးကို လည်ပင်းညှစ်ဖို့ ဆာရာစိတ်ကူးမိသည်။ သို့သော် ဖအေရောက်လာသည်နှင့် သား အဖနှစ်ယောက် အကြည်ဆိုက်ကာ တ၀ါးဝါး တဟားဟားနှင့် ဖြစ်နေတတ်သည်။
သားကို ပခုံးပေါ်တင်လျက် ခုန်ပေါက်နေသည့် အော်လီဗာကို ကြည့်ပြီး ဆာရာတစ်ယောက် နီးရာကုလား ထိုင်တစ်လုံး တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ ၀ိုင်ခွက်ကို လက်တွင် ကိုင်ကာ သက်ပြင်းတစ်ချက် ချမိ၏။ အင်း ….. ဘယ်လိုများခရီးဆက်ရမှာပါလိမ့်။
မိခင်ဘ၀သည် ဆာရာနှင့် လုံးဝခွင့်မကျသည့်ဘ၀ ဖြစ်သည်။ အခန်းကလေးက ကျဉ်းကျဉ်း ကျပ်ကျပ်။ တွေးရင်း တွေးရင်း ရူးချင်လာသည်။ ရာသီဥတုက သည်နှစ်မှ သိသိသာသာ ဆိုးရွားနေ သည်။ အပြင်မထွက်နိုင်သည့် နေ့များတွင် ကလေးငိုသံက နံရံလေးဖက်မှ စူးစူးဝါးဝါး ပဲ့တင်ပြန် လာလျှင် ဆာရာ တစ်ယောက် ချက်ချင်း ဦးတည်ရာသို့ ထွက်ပြေးချင်စိတ် ပေါက်လာသည်။
အိမ်ပိုင်ရာပိုင်နှင့် ကျယ်ကျယ်ဝန်းဝန်းနေဖို့ အော်လီဗာတွင် အစီအစဉ် ရှိပါ၏။ သို့သော် စီမံချက်မှာ ဟိုအဝေးကြီးမှ အိပ်မက်ပမာ ဖြစ်နေ၏။
ဆာရာ အလုပ်ဝင်လုပ်ဖို့ ကျပြန်တော့လည်း ကလေးထိန်းတစ်ယောက် ထားရမည်ဖြစ်၍ "ဘဲစား ဘဲချေ ဖြစ်နေမည် ဧကန်။ သို့သော် ဆာရာက လုပ်ချင်သည်။ သည်အခန်းထဲက အပြင်ထွက်နေ ရလျှင် တော်ပြီ။ အော်လီဗာက တစ်မျိုး၊ ကလေးကို ပြုစုဖို့က အရေးကြီးဆုံးတဲ့လေ။
" ဆာရာ ဒီအတိုင်းနေသွားရမှာလား အော်လီ၊ သူအော်ငိုနေတာကို တစ်နေ့လုံးထိုင်ကြည့်ပြီးတော့လေ "
ဘယ်လို မှ ဆက်သည်းမခံနိုင်တော့သလို ဖြစ်ရသည့် နေ့ရက်တွေများလာသည်။ သည်လိုချိန်တွင် သူက ကလေးလေးယောက် လိုချင်ကြောင်း သတိရလျှင် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ချင်သည်။
ဆာရာ့ မိဘတွေဆီက ဘာအကူအညီမှမရ။ သူတို့က ဟိုးအနောက်ဘက်ကမ်းခြေ ချီကာဂိုမှာ မဟုတ် လား။ သူ့အမေ အကူအညီလည်း သိပ်မရပါဘူးလေ။ သားတစ်ယောက်ပဲ မွေးဖူးပြီး နှစ်တွေကြာလာတော့ ကလေးပြုစု ပုံတွေ မေ့ကုန်လောက်ရောပေါ့။ ပြီးတော့ မြေးကိုထိန်းဖို့ အဘွားကြီး စိတ်ရှည်ပုံမရ။ သို့သော် မအေနှင့် စာလျှင်တော့ ဘွားအေက ပို၍ စိတ်ရှည်ပါလိမ့်ဦးမည်။
ဘင်ဂျမင် တစ်ယောက် လမ်းလျှောက်တတ်သည့် အရွယ်ရောက်လာသည့်အခါ သိပ်ဂျီမတိုက်တော့။ တဖြည်းဖြည်း အသက်ရှူချောင်လာသည်။ လောင်းအိုင်လင်း ရပ်ကွက်တွင် အိမ်တစ်ဆောင် ငှားနိုင်ခဲ့၏။ နောက်နှစ်ဆိုလျှင် ဘင်ဂျမင်ကို ကလေးထိန်းကျောင်း ပို့နိုင်ပြီ။ နောက် တစ်နှစ်ထပ်စောင့် လျှင် လုံးဝနီးပါး လွတ်လပ်ပြီ။ စာပြန်ရေးမည်။
အလုပ်ဝင်ဖို့ စိတ်ကူးကိုတော့ စွန့်လိုက်ပြီ။ လုံးချင်းတစ်အုပ်ရေးမည်။ အခြေအနေတို့သည် အကောင်း ဘက်သို့ တဖြည်းဖြည်း ပြောင်းစပြုနေပြီ။ သည်ချိန်တွင် အအေးမိပြီး အဖျားဝင်လာခြင်းဖြစ်သည်။
တစ်လကျော် အိပ်ရာထဲလဲသည်။ တစ်ခါမျှ သည်လောက်မဖြစ်ဖူး၍ သူ့ကိုယ်သူ သေမည်ဟု ဆာရာယုံ ကြည်နေ၏။ အဆုတ်နာများဖြစ်နေမည်လား။ တစ်နေကုန် ချောင်းဆိုးသည်။ နောက်ဆုံးတွင်မှ အိမ်စရိတ် ထဲက ဖဲ့ပြီး ဆေးခန်းသွားသည်။ အဖျားက ရိုးရိုးတုပ်ကွေးပါပဲ။ ဒါပေမယ့် နောက်ထပ် ကိုယ်ဝန်ရှိနေပြီတဲ့။
ပထမ ကိုယ်ဝန်ရှိစဉ်ကလို ဒေါသတွေ၊ ခံပြင်းခြင်းတွေမရှိတော့။ စိတ်အပျက်ကြီးပျက်ကာ အားလျော့ အားငယ် စွာဖြင့် မတိတ်တမ်းငိုနေမိ၏။
ဘယ်လို ရင်ဆိုင်နိုင်ပါမည်လဲ။ ဘယ်လိုကျော်လွှားနိုင်ပါတော့မည်လဲ။ ဘင်ဂျမင် နို့မဖြတ်မီ နောက် ကလေး တစ်ယောက် မွေးထုတ်ပြီး နှစ်ယောက်ကို ထိန်းရမည်ဆိုလျှင် သေပွဲဝင်ရရုံသာ ရှိတော့မည်။
အော်လီဗာ လည်း ဇနီးလုပ်သူ၏ အဖြစ်ကိုကြည့်ပြီး စိတ်ဓာတ်အကျကြီးကျလျက်ရှိသည်။ သူ့ကို သည်လို ပုံစံမျိုးဖြင့် သည်တစ်ခါ သာ တွေ့ဖူးသေးသည်။
ချစ်ဇနီး ကို ဘယ်လိုချော့မော့ စည်းရုံးရမှန်းမသိ ဖြစ်နေ၏။ ဒုတိယ ကလေးလိုချင်စိတ်ဖြင့် ရင်တွေ ခုန်နေပုံ မှာ ဘင်ဂျမင်ကလေး ကိုယ်ဝန်ရှိစဉ်က အတိုင်းပင်။ သည်အကြောင်းပြောမိလျှင် ဆာရာ ရှိုက်ကြီး တငင်ပို ပြန်၏။
" ဆာရာ့ ကို ခွင့်လွှတ်ပါ အော်လီရယ်၊ နော် ….. ဆာရာ မတတ်နိုင်တော့လို့ပါနော်၊ ဆာရာ နောက်ထပ် ကလေး မမွေးပါရစေနဲ့တော့ကွယ်၊ ဆာရာ တောင်းပန်ပါတယ်နော် "
ကိုယ်ဝန် ဖျက်ချဖို့ကိစ္စဖြင့် စကားများကြပြန်၏။ သူသဘောမတူလျှင် ဆာရာ ရူးသွားမည်လားမသိ။ ဤသို့ ဖြင့် မတင်မကျ ဖြစ်ကာ ရက်တွေကြာလာသည်။ အော်လီဗာက ရှိသမျှ ပိုက်ဆံထုတ်ပြီး ဇနီးသည် သက်သောင့် သက်သာဖြစ်အောင် စီစဉ်သည်။
ဆာရာ့ ကို ကူညီရန် နေ့ဝက် အိမ်ဖော်မိန်းကလေး တစ်ယောက်ငှားထားပေးသည်။ အိမ်သား ၁၃ ဦး ရှိသည့် အိုင်ယာလန် မျိုးဆက်မိသားစုမှ မိန်းကလေးဖြစ်၏။ ဆာရာလိုချင်သည့် ပုံစံဝင် မိန်းကလေး။
ခုမှပင် ဆာရာ အပြင်လေးဘာလေး ထွက်ခွင့်ရတော့သည်။ စာကြည့်တိုက်တွေ ပြတိုက်တွေနှင့် လမ်းပြန် ပေါက်သည်။
ကျန်းမာရေးလည်း သိသိသာသာ ပြန်ကောင်းလာ၏။ ဘင်ဂျမင်ကလေးနှင့်ပင် အလွမ်းသင့်နေ ၏ ပြတိုက်သို့ နှစ်ခေါက်ပို့ပေးပြီးပြီ။
ထုတ် မပြောသော်လည်း ဒုတိယကလေးကို ဆာရာ လိုလိုချင်ချင်မွေးတော့မည်ဟုအော်လီဗာ ယုံကြည်နေ သည်။
ဤသို့ဖြင့် ဘင်ဂျမင် နှစ်နှစ်သားအရွယ်တွင် မယ်လီဆာကလေးကို မွေးခဲ့ရလေသည်။ ထိုအချိန်မှစ၍ မိသားစု ကို တောပိုင်းတွင် ပြောင်းရွှေ့ထားရန် အော်လီဗာ စိတ်ကူးမိခြင်းဖြစ်၏။ ကနက်တီးကတ်သို့ အပတ်တိုင်းလိုလိုသွားပြီး အိမ်ရှာသည်။ နောက်ဆုံး ၀န်နှင့် အားမမျှသဖြင့် လက်လျှော့လိုက်ရ၏။
ရုံးအားရက်တိုင်း အခြားရပ်ကွက်တကာသို့ အိမ်ရှာထွက်ကြပြန်သည်။ တစ်နှစ်လောက်ရှိမှ ယခုနေသည့် ပါးချေစ့်ရပ်ကွက် မှ အိမ်ကို ၀ယ်ဖြစ်တော့၏။
ယာတောအိမ်ဟောင်းကြီးဖြစ်၍ အများကြီးပြန်ပြင်ရဦးမည်။ ထမ်းပိုးထက်လမ်းခကြီးမည့်အဖြစ်။ သို့သော် ခြစ်ခြစ်ခြုတ်ခြုတ် နေထိုင်စားသောက်ကာ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်စုပြီး တဖြည်းဖြည်း ပြင်ဆင်သွား သည်။ တစ်နှစ်အတွင်း အလွန်လှပသည့် အိမ်ကြီးတစ်ဆောင် ဖြစ်လာသည်။ သည် အတွက် လင်မယား နှစ်ယောက် ဂုဏ်ယူမဆုံးဖြစ်နေတော့၏။
" ဒါပေမယ့် ကလေးတော့ နောက်ထပ်မယူတော့ဘူးနော်၊ ဒါပဲ " ဟု ဆာရာက အော်လီဗာကို ရာဇသံပေး ထား သည်။
ဒုတိယ ရိပ်သာလမ်းက တိုက်ခန်းကို ပြန်လည်မြင်ယောင်ကြည့်မိသည့်အခါ အသက်ရှူ ကျပ်သလို ဖြစ်လာ သည်။ မြို့ထဲတွင် အရာတိုင်း သေးငယ်ပြီး ဈေးတွေကမူ ခေါင်ခိုက်နေ၏။ ခုတော် ကျယ်ကျယ် လွင့်လွင့် နှင့် ကလေးတွေကိုလည်း တစ်ခန်းစီ ထားနိုင်ပြီ။
ဧည့်ခန်း မှာ မီးလင်းဖိုကြီးနှင့် နွေးနွေးထွေးထွေးရှိသည်။ စာကြည့်ခန်းကို စိတ်ကြိုက်မွမ်းမံပြီး စာအုပ်တွေ အပြည့် ထည့်ထားသည်။ မီးဖိုဆောင်ကလည်း ကျယ်ကျယ်ဝန်းဝန်း။ ရှေးဟောင်းလက်ရာ မီးဖိုကြီး ကိုတော့ ဆာရာ့ဆန္ဒအရ မလဲဘဲထားသည်။ ပန်းခြံကို စီးမိုးမြင်နေရသည့် ဧရာမ ပြတင်းပေါက်ကြီးတွေကို ဆာရာ သဘောအကျဆုံး။
ကလေးတွေ ပန်းခြံထဲမှာ ကစားနေလျှင် ချက်ရင်းပြုတ်ရင်း ဆာရာ လှမ်းမြင်နိုင်၏။ သည်အရပ် ကို ပြောင်း လာသဖြင့် အိမ်ဖော်မလေးဆုံးရှုံးရခြင်းအတွက်တော့ တဖူနာသွားသည်။ သို့သော် တစ်ဖက် ကကြည့်လျှင် လည်း ခပ်ကောင်းကောင်းပင်။ ရှိစုမဲ့စု အိမ်ထဲ ၀င်သွား သဖြင့် ငွေရေးကြေးရေး မှာ လောလောဆယ် တွင် ကြပ်တည်းနေ၏။
ဘင်ဂျမင် ကလေး သုံးနှစ်ပြည့်လို့ မနက်မနက် ကျောင်းမှန်မှန်တက်နေပြီ။ နောက်တစ်နှစ်ကျလျှင်တော့ မယ်လီဆာ မူကြိုကျောင်းသူကြီး ဖြစ်လာတော့မည်။
ဆာရာ စာပြန်ရေး ဖို့ တာစူသည်။ သို့သော် အချိန်က လုံလုံလောက်လောက် မရသေး။ အလုပ်က ရှုပ်မြဲ ရှုပ် လျက်ပင်။
ဆေးရုံတွင် တစ်ပတ်တစ်ခါ စေတနာ့ဝန်ထမ်း လုပ်အားပေးနေသည်လေ။ ကျန်ရက်များတွင်လည်း အိမ် ကိစ္စ၊ လင်ကိစ္စ၊ သားကိစ္စ၊ ခြံရှင်းဖို့ကိစ္စများဖြင့် အားရသည်မရှိ။ တစ်ရံရောအခါက ပန်းနုရောင် မဂ္ဂဇင်း ၏ အယ်ဒီတာမ၏ အဖြစ်မှာ ယုံနိုင်စရာ မရှိအောင် ပြောင်းလဲခဲ့လေပြီ။ သို့သော် အံ့သြစရာ ကောင်း သည်မှာ ဆာရာတစ်ယောက် သည်ဘ၀တွင် လိုလိုချင်ချင် မျောပါနေခြင်းဖြစ်၏။
ပြောင်း လာကတည်းက မပြေလည်စရာ အကြောင်းတို့သည် နယူးယောက်မြို့လယ်တွင် ကျန်ရစ် သလို ဖြစ်ခဲ့၏။ ငြိမ်းချမ်း အေးဆေးသော ကမ္ဘာကလေးတစ်ခု တည်ဆောက်ဖြစ်ပြီဟု ယုံကြည် ထားလိုက် ၏။ ရွယ် တူ အိမ်ထောင်သည်အမျိုးသမီးများနှင့်ချက်ချင်း မိတ်ဆွေဖြစ်သွားသည်။
ရုံးပိတ်ရက် များတွင် တင်းနစ်ကစားကြ၊ ဖဲကစားကြနှင့်။ စေတနာ့ဝန်ထမ်း လုပ်ငန်းမှာလည်း ဆာရာမပါ မပြီး သလို ဖြစ်လာသည်။ ရဲရဲတောက် ဗီယက်နမ် စစ်ဆန့်ကျင်ရေးသမား ဆာရာ၏ ဘ၀သည် အိပ်မက် ပမာ ပြယ်လွင့်ခဲ့လေပြီ။ အမြတ်နိုးဆုံး စာရေးဆရာမဘ၀ကိုပင် တမ်းတမ်းတတ ဖြစ်မနေတော့။
ဆိုခဲ့ပြီးဖြစ်သလို လင်ကိစ္စ၊ သားကိစ္စနှင့် ပတ်ဝန်းကျင်လူမှုရေးကိစ္စများနှင့် အလုပ်ရှုပ်နေရလျှင် ဆာရာ ကျေနပ်နေတော့သည်။
အခန်းကျဉ်းကလေးထဲတွင် ဘင်ဂျမင်ကလေး ငယ်သံပါအောင် အော်သည့် အော်သံများသည် ဟိုးအဝေး ကြီးတွင် လွင့်ကျန်ခဲ့ကာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့လေပြီ။
ဘင်ဂျမင် ကလေးက သိပ်ကို ချစ်စရာကောင်းသည့် ကလေးတစ်ယောက်ဖြစ်လာပြီ။ ရုပ်ဆင်းအင်္ဂါ တွင်သာ မအေနှင့်တူသည်မဟုတ်။ ၀ါသနာနှင့် တန်ဖိုးထားတတ်ပုံခြင်းပါ တူနေသည်လေ။
ဘင်ဂျမင် သည် ဆာရာ၏ ကိုယ်ပွားတစ်ခုနှင့်တူ၏။ အမေ့ဆီမှ ရှိသမျှ အရည်အချင်း နို့ရည်များကို တစိမ့်စိမ့် စို့ယူနေသည့်အလား။
ဖအေကြီး သဘောကျနေသလို ဆာရာကလည်း ကျိတ်ပြီး ဂုဏ်ယူနေ၏။ တကယ့် မအေတူသားကလေး။ မယ်လီဆာ ကလေးက အေးသည်။ ဘင်ဂျမင် ငယ်ငယ်ကလို မဆိုး။ သူက လေးကဖအေတူ။ မျက်နှာ ချိုပြီး ပျော်ပျော်နေတတ်သည်။ ဘယ်တော့မှ နားပူနားဆာမလုပ်။ ကာတွန်းစာအုပ်တစ်အုပ်၊ ဒါမှ မဟုတ် ကစား စရာတစ်ခု၊ ဒါမှမဟုတ် တစ်ဒေါ်လာတန်တစ်ရွက်နှင့် အမေနောက် လိုက်နေရလျှင် သူကျေနပ်နေပြီ။ ဖအေလို ရွှေရောင်ဆံပင်နှင့်၊ မျက်လုံးစိမ်းနှင့်။ ရုပ်ကတော့ သိပ်မဆင်လှ။ တကယ်က သူ့ ဘွားအေ အော်လီ့ အမေနှင့် သွားတူနေ၏။ အဘွားကြီးက မယ်လီဆာကို ပိုချစ်သည်။ ဆာရာ အောင့်သက်သက်နှင့် ခံနေရ သည်။
ဆာရာနှင့် အော်လီဗာတို့အမေသည် ဘယ်တော့မှ ရင်းရင်းနှီးနှီး ဖြစ်မလာကြပေ။ မစ္စက်ဝတ်ဆင် က ဟော ဟော ဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။ သူတို့ လက်မထပ်ခင်က အဘွားကြီး က ဝေဖန်သည်တဲ့ လေ။ ဆာရာသည် ခေါင်းမာပြီး ထင်ရာလုပ်မည့် မိန်းကလေး၊ ကိုင်ရတွယ်ရခက်မည့် မိန်းကလေး၊ တစ်ကိုယ် ကောင်းဆန်မည့် မိန်းကလေး။ ထို့ကြောင့် တစ်ဦးတည်းသော သားကလေး တစ်နေ့ ဒုက္ခရောက် မည်ကို အလွန်စိုးရိမ်သည်တဲ့။
အိမ်ထောင်ရေးမှာ ချောမွေ့ ပြေပြစ်ပါ၏။ သို့သော် ဆာရာ့ခြေလှမ်းအမှားကို အဘွားကြီးက စောင့်ကြည့် နေ၏။ တစ်ကွက်မှားသည်နှင့် ငါမပြောလားဟူသည့် စကားမျိုးပြော ဖို့ စောင့်နေသည့်အလား။
မြေးတွေ ကိုချစ်သော အဘွားကြီးနှင့် ဆာရာ စကားပြော၍ အပေါက်အလမ်းတည့်သည်မှာ ကလေးတွေ ကိစ္စတစ်ခု သာရှိသည်။
အော်လီဗာက မအေနှင့်မိန်းမအကြားတွင် ဘာမှ မသိသလိုနေသည်။ သို့သော် အဘွားကြီးက သိပ်ပါး သည်။ သိပ်မျက်စိရှင်သည်။ ဆာရာ ကိုယ်ဝန်မဆောင်ချင်ကြောင်း ရိပ်မိသည်။ ဘင်ဂျမင်လေး မွေးစက ကျိတ်ဖြစ်ခဲ့ သည့် မပြေလည်မှုများကို အကဲခတ်မိသည်။
အော်လီဗာတို့အဖေ ဂျော့ဝတ်ဆင်က ဇနီးလုပ်သူကို ဖျောင်းဖျသည်။
" ကလေးမလေး က တော်ရှာပါတယ် ဖီးလစ်ရယ်၊ လက်ထပ်စကတော့ သူက ငယ်သေးတာကိုး၊ သားကို သူပျော်အောင် ထားနိုင်သားပဲ "
အဘိုးကြီး က အဘွားကြီးထက် လေးလေးနက်နက် တွေးသည်။
" ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီကောင်မလေးမှာ ဒါထက်ကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေသလိုပဲ၊ ဘာမှန်းတော့မသိဘူး၊ အဲဒီအတွက် သားကိုထိခိုက်မှာစိုးတယ် "
အဘိုးကြီးက ပြုံးပြီး ခေါင်းယမ်းရင်း …
" အော်လီ ထိန်းနိုင်မှာပါကွာ "
" ကျွန်မတော့ မထင်ဘူး၊ ကောင်မလေးလုပ်ချင်တာကို ရှင့်သားက တားမှာမဟုတ်ဘူး၊ အော်လီက သူ့ဘာသာ သူ ကျိတ်ခံမယ့် ကောင်စားမျိုး "
နှစ်ပေါင်းလေးဆယ်ပေါင်းလာသည့် လင်တော်မောင်ကို မော့ကြည့်ပြီး ခပ်ပြုံးပြုံး ပြောလိုက်သည်။ အဘိုးတို့ အဘွားတို့ ဘ၀ခရီးမှာ ပန်းခင်းလမ်းပမာ မွှေးပျံ့သာမောခဲ့၏။ နှစ်ကိုယ့်တစ်စိတ် ဘ၀မျိုး။
" သား က ဖအေတူသား မဟုတ်လား၊ သိပ်သဘောကောင်းလွန်းတယ်၊ အဲဒီလောက် သဘောကောင်းတဲ့ လူမျိုး ဟာ မဟုတ်တဲ့မိန်းမ လက်ထဲရောက်ရင် အန္တရာယ်ရှိတယ်ရှင့် "
ဖီးလစ် ၀တ်ဆင်သည် သား၏အိမ်ထောင်ရေး အနည်ထိုင်နေချိန်မှာပင် သားအတွက် စိတ်မအေးနိုင်သေး။ တစ်ပြိုင်တည်းတွင် ဆာရာ့အပေါ်တွင် စိုးစဉ်းမျှသော မယုံကြည်စိတ်ကလေးလည်း ရင်ထဲ တွင် ခိုကပ်နေဆဲ။
ဇနိး၏ အဖြစ်ကို အဘိုးဝတ်ဆင် အကဲခတ်မိ၏။ ငယ်ကချစ်သည့် ငယ်ချစ်တွေအား ပြုံးကြည့်နေ၏။ ယခုတိုင် အဘွားဖီးလစ် ရင်ခုန်ရသောအပြုံးမျိုး။
" ကလေးမလေး ဘက်ကိုလဲ အမှတ်လေးဘာလေး ပေးဦးလေကွာ၊ သူ့ဘ၀တစ်ခုလုံး သားကို ပုံပေးထား တာပဲ၊ ပြီးတော့ တို့ဖို့လဲ ပါတယ်လေကွာ၊ မြေးနှစ်ယောက် သူမွေးပေးထားသားပဲ "
ဟုတ်တော့ လည်း ဟုတ်ပါသည်။ မြေးနှစ်ယောက်စလုံးသားနှင့် ချွတ်စွပ်မတူသော်လည်း တူသည့်နေရာ တွေ အများကြီးပါ။ အော်လီဗာသည် ခံ့ချောချောပြီး အလွန်ယောက်ျားပီသသူဖြစ်၏။ သို့သော် သူ့ကိုယ်သူ မသိ၊ သတိမထားမိ။ ဒါကပင် ပို၍ထူးခြားပြီး ပို၍ဆွဲဆောင်မှုရှိနေ၏။
" သူတို့ နောက်ထပ် ကလေးယူဦးမယ် ထင်သလား ဂျော့ "
သား ကို မမေးရဲသော မေးခွန်း။ ဆာရာကို မေးဖို့တော့ ဝေလာဝေး။
" ဒါတော့ ဘယ်သိမလ ဒါလင်ရယ်၊ ဒီအတိုင်းလဲ သူတို့ ဘ၀ ပြည့်စုံနေတာပဲ၊ ဒါပေမယ့် ခုခေတ်က ဘာမှ ကြိုပြော လို့ မရဘူးကွ၊ အော်လီဗာရဲ့ ကြော်ငြာ အေဂျင်စီလုပ်ငန်းဆိုတာ ဘဏ်လုပ်ငန်းတို့ ဘာတို့လို သိပ် ခိုင်ခိုင်မာမာရှိတာမဟုတ်ဘူး။ သိပ်ပြီး ပုံသေကားကျ မျှော်လင့်ထားလို့ မရဘူး၊ ကလေးနောက်ထပ် မယူတာ သူတို့အတွက် အကောင်းဆုံးပေါ့ "
ဂျာ့ဝတ်ဆင် သည် ရင်းနှီးမြှုပ်နှံနှင့် ကုန်သွယ်လောက အတွေ့အကြုံရှိသူမို့ အော်လီဗာတို့ မိသားစုကိစ္စ ကို သည်လိုပင် သဘောထားလေသည်။ ဧရာမလုပ်ငန်းကြီးတွေ နာရီပိုင်းအတွင်း ပြိုကျပျက်စီး တတ် သည့် ခေတ်ကြီးမဟုတ်လား။
စားဝတ်နေရေးကလည်း ကြောက်စရာကောင်းလောက်အောင် မြင်နေသည်လေ။ အဘိုးကြီး အဘွားကြီး နှစ်ယောက်တည်း မပူမပင် နေရာကပင် တဖြည်းဖြည်းကြပ်တည်းစပြုလာပြီ။ လွန်ခဲ့သည့် ၁၅ နှစ်ယောက် ကအော်လီဗာ တက္ကသိုလ်မှာ ရှိနေစဉ် ၀င်ချက်စတာတွင် အိမ်လှလှလေးတစ်လုံး ၀ယ်ဖြစ်ခဲ့သည်။
ဘဏ်လုပ်ငန်း မှ ပင်စင်မျက်မျက်ကလေးရသဖြင့် ဂျော့တို့ လင်မယား မပူမပင် နေနိုင်ခဲ့၏။ ခုတော့ ဂျော့ ၀တ်ဆင် တစ်ယောက် တဖြည်းဖြည်း ပူပင်စပြုလာပြီ။
စစ်ပွဲကြီးတစ်ပွဲနှင့် စစ်ပွဲကလေးများစွာကို ဖြတ်သန်းခဲ့ဖူးသည့် ဂျော့က သားဖြစ်သူ အော်လီဗာဝတ်ဆင် ကို သည်အကြောင်းနှင့် ပတ်သက်ပြီး မကြာခဏ သတိပေး စကားပြောသည်။
ဂျော့သည် အမေရိကန်ပြည်တွင်းစစ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက်ခဲ့ပြီး ကံကောင်းလို့မသေ သည့် စစ်သားကောင်းကြီးတစ်ယောက်ဖြစ်၏။ ၁၉၂၉ ခုနှစ် အမေရိကန် စီးပွားပျက်ကပ်ကြီးဆိုက်တော့ ဧရာမ လုပ်ငန်းကြီးတွေ နာရီပိုင်းအတွင်း ပြိုကျ ပျက်စီးသွားကြသည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရသူဖြစ် ၏။
ထို့ကြောင့် သားဖြစ်သူအား သတိတရားနှင့်နေရန် အမြဲသတိပေးသည်။
" သူတို့ ကလေးထပ်ယူစရာ အကြောင်းမရှိပါဘူးကွာ၊ ဘာလို့တော့လို့လဲ "
သည်နေရာ တွင်တော့ အမြင်ချင်း မတူကြသည့် ဆာရာနှင့် ဂျေ့တို့သဘောတစ်ထပ်တည်းရှိကြသည်။
တစ်နေ့ တွင် ကားလျှောက်မောင်းရာမှ တစ်နေရာတွင် ရပ်ပြီး အေးအေးလူလူ လမ်းထွက်လျှောက်ရင်း သည် အကြောင်း စကားစပ်မိတော့ ကလေးထပ်ယူလျှင် မိုက်မဲရာကျမည့်အကြောင်း ဆာရာက လင်တော် မောင်အားပြော၏။
" ဘာလို့ ကလေးထပ်ယူတော့မလဲ မောင်ရယ်၊ သမီးရော၊ သားလေးရော ကြီးလာပြီပဲ၊ မကြာခင် သူတို့ တွေ ခြေနိုင်လက်နိုင်ဖြစ်လာရင် ဆာရာတို့ လုပ်ချင်ရာလုပ်နိုင်ပြီလေ၊ ဘာပြုလို့ စိတ်ညစ် စရာတွေ၊ ခေါင်း ရှုပ်စရာတွေကို အိမ်ထဲဝင်လာခံမလဲ "
ဆာရာ အဖို့ စဉ်းစားမိသည်နှင့် ခေါင်းတွေအုံလာသည့်အဖြစ်။
" ဆာရာရယ်၊ ခုနေ ကလေးရှိလာရင် ဟိုတုန်းကလို ကသီတော့မှာမှ မဟုတ်ဘဲ၊ ထပ် ယူရင် ကောင်းမလား လို့ပါ၊ တစ်နေ့ကျရင် သားသမီးနည်းလို့ နောင်တရနေရင် မခက်လား "
ဇနီး သည် ကို အကြင်နာ မျက်လုံးများဖြင့် ကြည့်လျက် ပြောနေခြင်းဖြစ်၏။ ဆာရာက သူ့မျက်လုံးများကို မသိကျိုးကျွန်ပြုနေ လိုက်ပြီး ….
" ကလေးတွေ ကိုယ်တိုင်ကလည်း နောက်ထပ် ကလေးမလိုချင်ကြတော့ပါဘူး အော်လီရယ်၊ ဘင်ဂျမင် က ခုနစ်နှစ်၊ မယ်လီဆာက ငါးနှစ်၊ သူတို့ ဘက်က ၀င်စဉ်းစားဦးလေ"
ဆာရာ အခိုင်အမာပြောနေခြင်းဖြစ်၏။ အလေးအနက် ပြောနေခြင်းဖြစ်၏။ ထိုအခါမျိုးတွင် ချစ်စရာ အပြုံး ကို ပြုံးလျက် ဇနီးသည်၏ လက်ကို တယုတယ ဆုပ်နယ်ပြီး ကားဆီသို့ ပြန်လှည့်ခေါ်လာသည်။
မကြာသေးခင် က မာစီဒီးအသစ် ၀ယ်စီးနိုင်ခဲ့သည်။ ဆာရာမသိသေးတာ တစ်ခုရှိသေးသည်။ သည်နှစ် ခရစ္စ မတ် တွင် ပေးဖို့ သားမွေး အင်္ကျီအကောင်းစား တစ်ထည် အော်လီဗာ ၀ယ်ထားပြီးပြီး။ ဆာရာ့ နာမည် အတို ကောက်စာလုံးများပါ ပန်းဖောက်ရေးထိုးထားပြီးပြီ။
" တကယ်ပြောနေတာပေါ့၊ ဟုတ်လား "
စိတ်ပျက်သည့် လေသံဖြင့် အော်လီဗာ မေးသည်။
" အိုး … တကယ်ပေါ့ "
ဆာရာ အခိုင်အမာ အတည်ပြုသည်။ အော်လီဗာ လက်လျှော့လိုက်ပါပြီ။ ဘယ်လိုပြော၍မှ ရတော့ မည်မဟုတ် ဟု ယုံကြည်လိုက်သည်။ ဆာရာ သုံးဆယ့်တစ်နှစ်ပြည့်ပြီ။ သည်ဘ၀မျာပင် ပျော်နေပြီ။ ဘာမှ ထပ် မလိုချင်တော့။
စေတနာ့ဝန်ထမ်းအလုပ်များနှင့် နစ်မြုပ်နေရာမှ မယ်လီဆာ၏ အကသင်တန်းကိစ္စပါဝင်လာသဖြင့် ပို၍ အားလပ်ချိန် နည်းလာသည်။ ဒါကိုပင် ပီတိဖြစ်နေမိ၏။ ဘာလိုသေးလို့လဲ၊ တော်ပြီပေါ့။
အိမ် တစ်လုံး၊ ကားတစ်စီး၊ ကလေးနှစ်ယောက် အိမ်ဖော်တစ်ယောက် (မနှစ်ကစပြီး ထားနိုင်ခြင်းဖြစ်၏) သည် ထက်ပြည့်စုံဖို့ ဘာများလိုပါသေးသလဲ။
ကားထဲရောက်ရောက် ချင်း အော်လီဗာက မေးသည်။
" ဒီ ခရစ္စမတ်မှာ ကလေးတွေကို စကိတ်စီးခေါ်သွားရရင် မကောင်းဘူးလားဟင် "
စင်စစ် ရုံးပိတ်ရက်များတွင် အော်လီဗာက အိမ်မှာပင် နေချင်သည်။ အဖေအမေ အတွက် လည်း မြေးတွေ နှင့် နေချိန်ပိုရသည်။
ဆာရာ့ မိဘတွေကတော့ ဆာရာ့အစ်မနှင့် ကလေးတွေရှိရာ ဂရောစ်ပွိုင့်ကို ခရစ္စမတ်တိုင်း သွားသည်။ ဆာရာ ကလည်း မိဘရပ်ထံ ပြန်ချင်စိတ်သိပ်မရှိလှ။ တစ်ခါပဲ သွားဖြစ်ကြသည်။ အစ်မလုပ်သူကို ဆာရာ သိပ် သဘောမကျ။ အမေနှင့်ကလည်း ဘယ်တုန်းကမှမတည့်။
ထို့ကြောင့် အော်လီဗာ၏ အစီအစဉ်သစ်ကို ဆာရာ ချက်ချင်းသဘောကျသွားသည်။
" ဟာ … သိပ်ကောင်းတာပေါ့၊ ဘယ်သွားမလဲ၊ ဗားမောင့်ကိုလား "
" အက်စ်ပင် ဆို ပိုမကောင်းဘူးလား၊ ပိုပြီး ဝေးဝေးစီးရတာပေါ့၊ ပိုလဲ ပျော်စရာကောင်းတာပေါ့ "
" တကယ်၊ ဘာလဲ ….. ဆုကြေးတွေ အများကြီး ရလာလို့ လား "
အေဂျင်စီ ကို အကြီးဆုံး လုပ်ငန်းရှင်ကြီးတစ်ဦး၏ ကြော်ငြာရအောင် လုပ်ပေးသဖြင့် ဆုကြေး မျက်မျက် ကလေး ရလိုက်ကြောင်း ဆာရာ့ကို မပြောရသေး။ ပြီးခဲ့သည့် တစ်ပတ်လုံး နှစ်ယောက်သား အလုပ်တွေ ရှုပ်နေကြ သည်လေ။
ဆက်ရန်
.