အခန်း (၂)
ဘယ်နံရောအခါတွင် မှ မန်ဒါလေစံအိမ်ကြီးသို့ ကျွန်မတို့ ပြန်သွားနိုင်တော့မည် မဟုတ်ပါ။ သည်လောက် ကတော့ အလွန်သေချာပါသည်။ အတိတ်၏ဖြစ်ရပ်တို့သည် ကျွန်မ တို့နှင့် လက်တစ်ကမ်း အကွာ တွင် ရှိနေသေးသည်မှာ မှန်ပါသည်။ ကျွန်မတို့ မေ့ဖျောက်ပစ် ချင်ပြီး အတိတ်ကာလမှာပင် ထားခဲ့ချင် သည့် အရာဝတ္ထုတို့သည် တပြန်တကျော့ ပေါ်ကောင်း ပေါ်လာနိုင်ပါသည်။
သည့် အတွက်ပင် ကျွန်မတို့ စိုးရိမ်ထိတ်လန့်နေကြရပါသည်။ သည်အတွင်ပင် စိတ်ထဲမှာ မငြိမ်းမချမ်း ဖြစ်နေကြရှုပါသည်။ အကြောင်းမဲ့ စိုးရိမ်ထိတ်လန့်မှုများမှ လွတ်မြောက်အောင် ကျွန်မ တို့ ကြိုးစား ရုန်းကန် ထွက်မိခဲ့ကြပါသည်။ ယခုတော့ အားလုံး ပြီးငြိမ်းသွားပေပြီ။ ဘုရားသခင် ကို ကျေးဇူးတင် ပါသည်။ ရှေးယခင်ကအတိုင်းပင် အပြန်အလှန် အဖော်ပြုကာ ကျွန်မတို့လင်မယား ရိုးမြေကျ ပေါင်းကြ ပါမည်။
ကျွန်မ၏ခင်ပွန်းသည် အံ့သြဖွယ်ကောင်းလောက်အောင်ပင် သည်ခံနိုင်စွမ်းရှိနေပါ သည်။ ဘယ်သော အခါ မျှလည်း ပစိပစပ် မများ။ ဘာတွေဖြစ်ခဲ့ရသည်ကို သူ ပြန်လည်အမှတ်ရ သည့် အခါမျိုး မှာပင် သူ ခံနိုင်စွမ်း ရှိနေပြီ။ ယခုတလောတွင် အတိတ်ကာလအကြောင်းများကို ကျွန်မ ပြန်ပြောင်း အမှတ်ရ သည်ထက်ပင် သူက ပိုကာ မကြာခဏ အမှတ်ရနေသည်ဟု ကျွန်မထင်ပါသည်။
ရုတ်တရက် သူ့ အမူအရာပြောင်းပြီး သတိလက်လွတ်ဖြစ်သွားပုံကို မြင်ရခြင်းအားဖြင့် ဘာတွေကို သူ အမှတ် ရနေပြီဖြစ်ကြောင်း ကျွန်မ အတပ်ပြောနိုင်ပါသည်။ မမြင်တွေ့နိုင်သော လက်ဖြင့် သပ်ချ လိုက်သလို သူ့မျက်နှာပေါ်မှ ချစ်စရာကောင်းသော အမူအရာအားလုံး မှာ ပြယ်လွင့်ပျောက်ကွယ် သွားတတ်သည်။ ထိုနေရာတွင် မျာက်နှာဖုံးတစ်ခုက အစားထိုးဝင် ရောက်လာတတ်သည်။
အေးတိအေးစက်နိုင်သော အမူအရာမျိုးပေါ်လာသည်။ သူ့မျက်နှာ သည် ချောမောလှပနေသည်ကား မှန်ပါ ၏။ သို့သော်လည်း အသက်ဝိညာဉ်ကင်းမဲ့သူလို၊ ခံစားချက်ကင်းမဲ့သူလို၊ ဖြစ်နေသည်။ ပြီးတော့ စီးကရက် များကို တစ်လိပ်ပြီးတစ်လိပ် အဆက်မပြတ်သောက်တော့သည်။ ပြာတွေ၊ စီးကရက်တိုတွေ ကိုလည်း စနစ်တကျ မခြွေ။ ပန်းပွင့်ဖတ်များ ကြွေကျနေသလို ကြမ်းပြင်ပေါ်မှာ ပွစာကျဲနေသည်။
ပြီးတော့ ဘာအဓိပ္ပါယ်မျှ မရှိသည့် အကြောင်းအရာများကိုလည်း စိတ်အားထက်သန်စွာ ဖြင့် သွက်သွက် လက်လက်ကြီး ပြောချနေတတ်သည်။ ကိုးဆယ့်ခြောက်ပါးသော ရောဂါဝေဒ နာအပေါင်း ကို ပျောက်ကင်းစေတတ်သည့် ဆေးတစ်လက် လက်ကိုင်ရထားသူလို မည်သည့် အကြောင်းအရာ ကိုမဆို သူပြောလေတော့ သည်။
ဘေးဒုက္ခ တစ်စုံတစ်ရာနှင့် တွေ့ကြုံပြီးသောအခါတွင် ယောက်ျားမိန်းမပါ ပိုမိုပြီးရင့် ကျက် တည်ငြိမ် လာကြသည်ဟု ကျွန်မယုံကြည်ပါသည်။ ထို့ကြောင့်လည်း ယခုဘဝမှာသာမက ဘယ်ဘဝ ဘယ်ကမ္ဘာရောက်ရောက် ကျွန်မတို့အဖို့တော့ ကောင်းစွာ ခံနိုင်ရည်ရှိလာပါပြီ။ ဘယ်လို အပူမီးနှင့်ပဲ ကြုံရကြုံရ အကြောင်း မဟုတ်တော့ပြီ။ အဆိုးဆုံးအဖြစ်အပျက်ကို ကျွန်မတို့ ကြုံတွေ့ခဲ့ကြရပြီ မဟုတ် ပါလား။
စိုးရိမ်ထိတ်လန့်ခြင်း၊ အထီးကျန်နိုင်လှခြင်း၊ ကြီးမားသည့် သောကမီး လောင်မြိုက် ခြင်းများကို ကျွန်မတို့ လင်ရောမယားပါ ခံစားခဲ့ကြရပြီ။ မသည်သူမဆို လောကဓံတရားများကို တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ခံစားကြရမည်သာ ဖြစ်သည်ဟု ကျွန်မယုံကြည်ပါသည်။ ကျွန်မတို့ လင်မယားနှစ်ယောက်အဖို့မူ မကောင်းဆိုးဝါးပေးသမျှ ဘေးဒဏ်ကိုလည်း ခံစားခဲ့ ကြရပြီ။ ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ဆုံး တစ်နေ့ မှာတော့ ကျွန်မတို့ ရင်ဆိုင်တိုက်ပွဲဝင်ကြရမည် သာဖြစ်ပါသည်။ သည်တိုက်ပွဲမှာ ကျွန်မ တို့ အောင်ပွဲခံရမှာ သေချာပါသည်။ မလွဲမသွေ အောင်ပွဲခံရမသည်ဟုလည်း ကျွန်မတို့ယုံကြည် ထား ပါသည်။
ယခုဆိုလျှင် မည်သည့်ဘေးအန္တရာယ်မျိုးကိုမျှ မကောင်းဆိုးဝါးက ဆက်လက်မပေးနိုင် တော့ပြီ။ အကျပ်အတည်းကြီးတစ်ခုလုံးကို ကျွန်မတို့ ဖြတ်သန်းလွန်မြောက်ခဲ့ပါပြီ။ ကျွန်မတို့ မှာ မည်သို့သော ဒဏ်ရာအနာတရ မှ မဖြစ်ပေါ်ခဲ့။ ဘေးအန္တရာယ်တစ်ခုနှင့် ကြုံတွေ့ရတော့ မည်ဖြစ်ကြောင်း ကျွန်မ၏ ခင်ပွန်း က အစကတည်းက ကြိုတင်မှန်းဆခဲ့ပြီး ဖြစ်သည်။ သူ မှန်းဆခဲ့သည့် အတိုင်းလည်း မှန်ခဲ့သည်။
ကြုံရာပြဇာတ် တွင် ချီကောက်လိုက်ပြီး ကပြအသုံးတော်ခံရသော ပြဇာတ်မင်းသမီး၏ အဖြစ်မျိုးနှင့်ပင် တူနေသေးတော့ သည်။ လွတ်မြောက်မှုအတွက် စွန့်လွှတ်မှုများကို ပြုလုပ်ခဲ့ရ ပါသည်ဟုတော့ ဆိုရ ပါမည်။ သို့သော်လည်း ဘဝဇာတ်ခုံပေါ်တွင်မူ ကျွန်မကောင်းစွာ ကပြ အသုံးတော်ခံပြီးပါပြီ။ အတွေ့အကြုံ များလည်း ရင့်ကျက်လာပါပြီ။ ထို့်ကြောင့်လည်း ကျွန်မတို့ ၏ ဘဝငြိမ်းချမ်းသာယာမှုနှင့် ဘဝလုံခြုံမှု အတွက် အာမခံချက်များ ရရှိနိုင်မည်ဆိုလျှင် ကျွန်မ၏ အာရုံငါးပါးခံစားချက်များကို လိုလို လားလား ပေးအပ်ပါမည်။
ပျော်ရွှင်ခြင်းတရားဟူသည်မှာ တန်ဖိုးထားအပ်သော ပိုင်ဆိုင်မှုကား မဟုတ်။ စိတ်နှင့် သက်ဆိုင်သော အတွေးအခေါ်နှင့် သက်ဆိုင်သော အရာသာလျှင် ဖြစ်ချေသည်။ ကျွန်မတို့ လင်မယားအနေဖြင့် စိတ်ဆင်းရဲ ရသော အချိန်ကာလများကို အမှန်တကယ်ကြုံတွေ့ခဲ့ရပါ သည်။ သို့သော် အခြားအချိန် ကာလများလည်း မုချဆက်ဆက်ရှိရပါဦးမည်။ နာရီလက်တံနှင့် တိုင်းထွာမှု မပြုအပ်သော အချိန်ကာလ ဟူသည်မှာ ရှိရပါဦးမည်။ ကျွန်မ၏ ချစ်လင်ပြုံးသည့် အချိန်ကာလကို မုချမသွေ ရောက်ရဦးမည်။
ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက်မှာ အတူတကွ လက်တွဲပြီး တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်နေ မိပြီဖြစ်ကြောင်း ကျွန်မသိပါသည်။ လက်တွဲမပျက်ကျောချင်းကပ် ရင်ချင်းအပ်ကာ ဘဝခရီးကို ကျွန်မတို့ ချီတက်ကြ ရပါမည်။ စိတ်ဝမ်းကွဲပြားမှုဟူသည် မရှိ။ အမြင်းချင်းမတူ ဆိုသည် မရှိ။ ကျွန်မတို့ နှစ်ယောက်ကြား တွင် အကာအဆီး အနှောက်အယှက်ဆိုလို့ ဘာဆို ဘာမျှမရှိ။
ကျွန်မတို့ လင်မယားကြားမှာ လျှို့ဝှက်ဖုံးကွယ်ထားသည့် အရာဆိုလို့လည်း လုံးဝမရှိ။ အရာအားလုံးကို မျှဝေ ခံစားကြသည်။ ကောင်းတူဖိုးဖက်ဖြစ်ပါသည်။ ကျွန်မတို့ ယခုတည်းခိုနေ သည့် ဟိုတယ်သေးသေး ကလေးသည် အလွန်တရာ ငြီးငွေ့ဖွယ်ကောင်းသည်မှာ မှန်ပါသည်။ အစားအသောက်များ ညံ့သည်မှာ မှန်ပါသည်။ တစ်ရက်ပြီး တစ်ရက်ကြုံတွေ့ရသည့် ပတ်ဝန်း ကျင်နှင့် အဖြစ်အပျက်များအားလုံး အတူတူဖြစ်နေ သည်မှာလည်း မှန်ပါသည်။ သို့သော် ကျွန်မတို့အတွက်ဘာတစ်ခုမျှ အရေးမကြီးတော့ပါ။
ခမ်းနားကြီးကျယ်လှသော မည်သည့် ဟိုတယ်ကြီးများထဲမှာမဆို ကျွန်မ၏ခင်ပွန်းသိ ကျွမ်းသော လူပေါင်းများစွာကိုလည်း ကျွန်မတို့ တွေ့ရဦးမည်။ တစ်ခါတစ်ရံကျတော့လည်း ကျွန်မ တို့ ငြီးငွေ့မိ သည်မှာအမှန်။ သည်လို ငြီးငွေ့မှုဆိုသည်ကလည်း တစ်နည်းအားဖြင့်တော့ စိုးရိမ် ထိတ်လန့် မှုများ ကို ပြေပျောက်စေတတ်ပါသည်။
ပုံမှန် အဖြစ်အပျက်လေးများ ဖြစ်ပျက်နေကြသည့်အတိုင်း ကျွန်မတို့ ကျေကျေနပ်နပ် ကြီး နေထိုင် ပစ်လိုက်ကြပါသည်။ ယခုဆိုလျှင် ကျွန်မ၏ယောက်ျားကို အကျယ်ကြီး စာဖတ်ပြ ရသည့် အလုပ်မှာ ကျွန်မ အလွန်တရာတိုးတက် ကျွမ်းကျင်နေပြီ။ ယခုလို ရိုးရိုးဘဝကလေးမှာ နေရသည်ကို ကျွန်မယောက်ျား လည်း အသားကျနေပြီ။
စာပို့သမားမလာသည့် အခါများတွင် သာ သူစိတ်လက်မရှည်နိုင်ဘဲ ၇ှိတတ်သည်။ စာပို့သမား အလာ နောက်ကျခြင်း သည် သတင်း စာများကို တစ်ရက်နောက်ကျပြီး ဖတ်ရတော့မည်ဆိုသည့် သဘောဖြစ် သည်။ သညလိုအခါမျိုး တွင် ကိုယ်သိချင်သည့် ခရစ်ကက်ကစားပွဲ အနိုင်အရှုံးသတင်း ကို ရေဒီယိုဖွင့်ပြီး နားထာင်နိုင်သည်ကား မှန်ပါ၏။ သို့သော်လည်း ရေဒီယိုသံက ကျွန်မတို့ စိတ်ကို အနှောင့် အ ယှက်ဖြစ်စေပါသည်။ သည်တော့လည်း အရှုံးအနိုင်သတင်း သိချင်စိတ်ကလေးကို အသာမျို သိပ်ထားလိုက် ရပါတော့သည်။ ရက်နောက်ကျပြီးမှ သိရသော်လည်း ကိုယ်မသိသေးသည့် သတင်းသည် ကျွန်မ တို့အတွက် သတင်းဦးပဲ မဟုတ်ပါလား။
အစမ်းယှဉ်ပြိုင်ကြသည့် အားကစားပွဲများ မပြောပလောက်သည့် လက်ဝှေ့သတင်းများ ဘိလိယက် အမှတ်များသည်ပင် ကျွန်မတို့၏ ငြီးငွေ့မှုကို ပြေပျောက်စေနိုင်စွမ်း ရှိပါသည်။ တကယ်ဆိုတော့ ကျွန်မ တို့သည် ကြိတ်ခွဲရန် စပါးပြတ်နေသည့် ဆန်စက်ကြီးတစ်လုံးနှင့် တူညီ ပါသည်။ ထို့ကြောင့် ကျောင်းသားငယ်တို့၏ အားကစားသတင်းများ ခွေးပြိုင်ပွဲ သတင်း များ တောရွာကလေး များတွင် ကျင်းပသည့် အားကစားသတင်း ကလေးများသည်ပင်လျှင် ကျွန်မတို့၏ ဆာလောင် မွတ်သိပ်နေသော ဆန်စက်ကြီး အတွက် ကြိတ်ခွဲစရာ စပါးများသဖွယ် ဖြစ်နေပါတော့သည်။
ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက်တည်း မွေရပ်ဌာနေ အင်္ဂလန်မြေနှင့် ဝေးကွာရာသည် ကျွန်ကလေး တစ်ခုပေါ် က ဟိုတယ်ကလေးထဲမှာ ရောက်ရှိနေကြပါသည်။ သည်လိုနေရသည့် အချိန်မျိုးတွင် မဂ္ဂဇင်းနှင့် သတင်းစာဟောင်းများကို ဖတ်ရှုရသောအခါ ကျွန်မတို့အဖို့ ကိုယ်ဌာနေ သို့ ပြန်ရောက်သွားသလို ခံစား ရပြန်သည်။ စာရွက်ဟောင်းများကို တစ်ရွက်ချင်း လှန်လှောရင်း မန်ဒါလေ စံအိမ်ကြီး ကို လည်းကောင်း၊ စံအိမ်ဝင်းအတွင်းရှိ သစ်တောကြီးကို လည်းကောင်း ပြန်လည် အမှတ်ရ မြင်ယောင်နေမိပါသည်။ ဖုန်ဆိုးတော မှ သစ်ဆွေး သစ်ပုပ်နံ့ ကလေးများကိုပင် နှာခေါင်းမှာ ရူရှိုက် ရသလို ခံစားမိပါသည်။
တစ်ကြိမ်တွင်မူ ချိုးလင်းပြာများအကြောင်း ဆောင်းပါးတစ်ပုဒ်ပါလာသည်။ ထိုဆောင်း ပါးကို ကျွန်မယောက်ျားကြားလောက်အောင် အသံကျယ်ကျယ်ဖြင့် ဖတ်ပြနေရင်း မန်ဒါလေစံ အိမ်ကြီး ရှိ တောနက်နက်အတွင်း သို့ ကိုယ်တိုင် ပြန်လည်ရောက်ရှိသွားသလို ကျွန်မ၏ စိတ် ထဲမှာ ခံစားနေ ရပြန်ပါသည်။
မန်ဒါလေစံအိမ် ၏ တောနက်အတွင်းမှာ ချိုးလင်းပြာများက ကျွန်မ၏ ခေါင်းပေါ်တွင် အတောင်ပံ တဖျတ်ဖျတ်ခတ် လျက်။ သူတို့၏ နူးညံ့ပျောင်းနွဲ့သော မဖိုခေါ်သံများကိုလည်း ကျွန်မ၏နားထဲမှာ ကြာယောင် လျက်။ သည်ပတ်ဝန်းကျင်အနေအထားကြောင့် နွေကာလ၏ မွန်လွဲပိုင်း အပူဒဏ် သည်ပင်လျှင် လျော့ပါးသွားကာ ချမ်းမြငြိမ်းအေးလာသည်ဟု ကျွန်မ ထင်မိပါသည်။ ကျွန်မတို့၏ အချစ်တော်ခွေး ကလေး ဂျက်စ်ပါ ရောက်လာတော့မှပင် ချိုးလင်း ပြာတို့၏ သာယာငြိမ်းအေးသော ကမ္ဘာကလေး မှာ ပျက်ပြားသွားရလေတော့သည်။ ခွေးက လေး ဂျက်စ်ပါက မြေကြီးကို အနံ့ခံရင်း ကျွန်မ ကို လိုက်ရှာနေသည်။
ဂျက်စ်ပါရောက်လာသည်နှင့် တပြိုင်တည်း ချိုးလင်းပြာကလေးများမှာ သူတို့ ပုန်း အောင်းနေသည့်နေရာ များမှ ချောက်ချောက်ချားချားဖြင့် ထပျံ ပြေးသွား ကြလေသည်။ ကျွန်မ တို့ လှမ်းမမြင်နိုင်သည့် အတောင်ပံ ခတ်သံများကိုလည်း မကြားရသည့် နေရာများသို့ ပျံပြေးကြ လေတော့သည။ ချိုးလင်းပြာ ကလေးများ မရှိတော့သောအခါတွင် သည်နေရာတွင် တိတ်ဆိတ်မှုအသစ်တစ်ခုက ဖုံးလွှမ်းကြီးစိုး လာသည်။
ကျွန်မလည်း နေမထိနိုင်မသာဖြစ်လာသည်။ နေရောင်လည်းနည်းသွားပြီ။ သစ်ကိုင်း သစ်ခက်များ ကလည်း ညိုမှောင်လာပြီ။ အရိပ်များကလည်း ရှည်လျားလာပြီ။ ယခုအချိန် လောက်ဆိုလျှင် စံအိမ်ကြီး အတွင်း မှာ လတ်ဆတ်သော ရပ်စ်ဗယ်ရီသီးများနှင့် လက်ဖက်ရည် ပွဲက အသင့်ပြင် ဆင်ပြီး လောက်ပြီ။ မြေပြင် ပေါ် မှာ လဲလျောင်းနေရာမှ ကျွန်မ ထထိုင်မိပေလိမ့် မည်။ ဂါဝန် မှာ ကပ်နေ သည့် ရွက်ဟောင်းကလေး များကို ခါချမိပေလိမ့်မည်။ ပြီးတော့ ဂျက်စ်ပါ ကို လေချွန်ခေါ်ကာ အိမ်ကြီး ဆီ သို့ ဦးတည်လျှောက်လာမိပေလိမ့်မည်။ နောက်ဘက်သို့ သမင်လည်ပြန် တစ်ချက် လှမ်းကြည့်ရင်း ခပ်သုတ်သုတ်လျှောက် လာမိပေ လိမ့်မည်။
ချိုးလင်းပြာ အကြောင်း ဆောင်းပါးကို ခပ်ကျယ်ကျယ် ဖတ်ပြနေခိုက်မှာပင် အတိတ်ဆီ သို့ ပြန်ရောက် သွားရသည်မှာ ထူးဆန်းပေစွ။ ကျွန်မယောက်ျား၏ မျက်နှာပေါ်တွင်လည်း ညို့ မှိုင်းသွားသည်ကို ကျွန်မတွေ့ လိုက်ရပါသည်။ ထို့ကြောင့် ဆောင်းပါးကို ဆက်မဖတ်တော့ဘဲ ရုတ်တရက် ရပ်ပစ် လိုက်မိသည်။ ပြီးတော့ ခရစ်ကက် အားကစားပြိုင်ပွဲသတင်း ဖော်ပြထားသည့် စာမျက်နှာ အရောက် တစ်ရွက်ချင်း လှန်လှောသွားမိသည်။ အားကစား သတင်းက ခြောက်ကပ်ကပ်နိုင်လှပါသည်။ သို့သော် လည်း သူ့မျက်နှာအမူအရာမှာ မိနစ် အနည်းငယ်အတွင်း နဂိုနေရာ သို့ ပြန်ရောက်လာသည် ကို တွေ့ရပါသည်။
ကျွန်မတို့ လင်မယားနှစ်ယောက်စလုံး အတိတ်၏ လွှမ်းမိုးမှုမှ လွတ်မြောက်လာကြ ပါပြီ။ ကျွန်မအဖို့လည်း သင်ခန်းစာကောင်းကောင်းရခဲ့ပါသည်။ အင်္ဂလိပ်သတင်းများကို ကျွန်မ ဆက်ဖက်နေ လိုက်ပါသည်။ အင်္ဂလိပ်အားကစားသတင်းများ နိုင်ငံရေးသတင်းများနှင့် ကြီးကျယ်ခမ်းနားသည့် သတင်းများ ကို ဖတ်နေခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ မန်ဒါလေစံအိမ်မှ အကြောင်းများကိုသာ တိတ်တခိုးဦး စားပေးပြီး စဉ်းစားနေ မိပါသည်။ အရောင်စုံသော သစ်ပင်ပန်းမန်များ၊ ထုံပျံ့သည့် ရနံ့များ၊ အသံပေါင်းစုံများ၊ မိုးရေစက် များ၊ စမ်းရေစီးသံများ၊ ပင်လယ်ပြင်မှ လှိုင်းပုတ်သံများကို ကြား ယောင်နေမိပြန်ပါသည်။ ယင်းအရာများ အားလုံးသည်ကား မန်ဒါလေစံအိမ်ကြီး၏ မမေ့ ပျောက်နိုင်စကောင်းသော အရာ များပင်ဖြစ်ကြောင်း ငြင်းကွယ်နိုင်လိမ့်မည် မဟုတ်ပါ။
အင်္ဂလန် ကျေးလက်ဒေသများအကြောင်းကို နောကျေနေအောင် ကျွန်မသိပါသည်။ ဘယ်မြေတွေကို ဘယ်သူ ပိုင်ကြောင်း၊ ဘယ်ဖုန်းဆိုးတော များသည် ဘယ်သူ့လက်ဝယ်ရှိ ကြောင်း၊ ဘယ်သူ တွေ တောလည် တုန်းက ခါ အကောင်ပေါင်း မည်မျှရခဲ့ကြောင်း၊ မည်သည့် အရပ်တွင် မည်သည့် ငါးတွေ ပေါများနေကြောင်း ခရေစေ့တွင်းကျလောက်အောင်ပင် ကျွန်မ သိနေပါသည်။ သတင်းတွေ ကို ဖတ်နေရင်းမှာပင် အင်္ဂလန်၏အနံ့အသက်များကို ရှူရှိုက်နေရ သလို ရှိလာပါသည်။
မြင်တွေ့နေရသည့် စပျစ်ခြံများနှင့် ကျောက်တုံးကျောက်ခဲများမှာ ကျွန်မအဖို့ ဘာမျှ အဓိပ္ပာယ် မရှိတော့ပါ။ ဖြစ်နိုင်မည်ဆိုလျှင် ကျွန်မ၏စိတ်ကူးယဉ်မှုများကို ချွန်းအုပ်လိုက်ချင်ပါ သည်။ တစ်ခုတော့ ရှိပါသည်။ သည်လို စိတ်ကူးယဉ်မှုကလေးများကြောင့်လည်း ခါးသီးမှုနှင့် ၀မ်းနည်းမှုများကို ခံနိုင်ရည် ရှိနေခြင်းဖြစ်ပါသည်။ စိတ်ကူးယဉ်မှုကလေးများကြောင့်လည်း မွန်း လွဲပိုင်းအချိန်မှာ ချမ်းမြေ့ပျော်ရွှင်စွာ ကျွန်မ နေနိုင်ခြင်းဖြစ်ပါသည်။
ဖွယ်ဖွယ်ရာရာ မရှိသော လက်ဖက်ရည်ဝိုင်းကလေးမှာ ကျွန်မ ပျော်ရွှင်လန်းဆန်းစွာဖြင့် အပြုံးမပျက် ထိုင်နေနိုင်ခြင်းဖြစ် ပါသည်။ ကျွန်မတို့၏မွန်းလွဲပိုင်း လက်ဖက်ရည်ဝိုင်းကလေးမှာ တကယ်ပင် ဘာမျှ ဖွယ်ဖွယ် ရာရာမရှိပါ။ ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက်အတွက် ပေါင်မုန့် နှစ်ချပ်နှင့် ထောပတ်၊ ပြီးတော့ တရုတ်ခြောက်နှင့် ဖျော်ထားသော လက်ဖက်ရည်။ ဒါပဲ ဖြစ်ပါ သည်။ အင်္ဂလန်မှာတုန်းကတော့ ဒီလို မဟုတ်။ ယခုတော့ ကျွန်တော့ ကျွန်တော်တို့ဇနီှးေမာင် နှံ လူသူ ကင်းဝေးရာ တွင် ရှောင်ပုန်း ရင်း ငြိမ်းချမ်းမှုကို ရှာဖွေနေခိုက် ဖြစ်ပါသည်။
ယခု လသာဆောင်ကလေးပေါ်မှာထိုင်နေရင်း မန်ဒါလေစံအိမ်ကြီး၏ ညနေလေးနာရီခွဲ အချိန်ကို ကျွန်မ စဉ်းစားနေ မိသည်။ စာကြည့်ခန်းထဲရှိ မီးလင်းဖိုရှေ့မှာ စားပွဲကို ခင်းကျင်းပြင်ဆင်ထားသည်။တံခါးက ပွင့်နေ သည်။ ထူးခြားသည့် အပြောင်းအလဲလည်းမရှိ။ ငွေလင်ပန်း၊ လက်ဖက်ရည်ပန်းကန် ၊ခရား ၊ ဆွတ်ဆွတ်ဖြူသော စားပွဲခင်း၊ နားရွက်ဖားဖား ကျနေသော အချစ်တော် ခွေးကလေး ဂျက်စ်ပါက ထုံးစံ အတိုင်း ကျွန်မတို့နှစ်ယောက်ကြားမှာ ရှိနေသည်။ ကျွန်မတို့လင်မယားကတော့ တို့ကနန်း ဆိတ်ကနန်း သာ စားကြသောက်ကြပါသည်။ သို့သော် စားပွဲပေါ်မှာ ခင်းကျင်းပြင်ဆင်ထားသည့် အစားအစာတွေက များလွန်းလှသည်။ ယခုပင် ကျွန်မ၏ မျက်စိထဲမှာ ပြန်လည်မြင်ယောင်နေမိပါသည်။
နူးညံ့သည့် ပေါင်မုန့်၊ ဌာပနာနှင့် မုန့်ကြွပ်၊ ပူနွေးသော အကြော်ပေါင်းစုံ၊ အရသာထူးကဲလှသော ဆင်းဒဝစ် များ ၊လျှာပေါ်တင်လိုက်ရုံနှင့် အရည်ပျော်သွားသည့် ကိတ်မုန့် စသည်ဖြင့် နတ်သုဒ္ဓါတမျှ အရသာ ရှိသော စားကောင်းသောက်ဖွယ်တွေ စုံလင်လှပါသည်။ စားရမဲ့ သောက်ရမဲ့ ဖြစ်နေသော အိမ်ထောင်စု တစ်ခုအဖို့ ရက်သတ္တတစ်ပတ်စာတော့ ကောင်းစွာလုံလောက်သော အစားအစာ များ ဖြစ်ပါသည်။ ကျွန်မတို့ မကုန်နိုင်သောအခါတွင် ယင်းအစားအစာများ ဘယ်ရောက်ကုန်သည်ကို ကျွန်မ လုံးဝ မသိရှိ ခဲ့ရပါ။ သို့ကလို အလဟသ ဖြစ်ကုန်ရသည့်အတွက် တစ်ခါတစ်ရံတော့လည်း ကျွန်မ ပူပင်သောက ရောက်မိခဲ့ပါသည်။
သို့သော်လည်း ထိုကိစ္စနှင့် စပ်လျဉ်းပြီး မစ္စက်ဗင်ဗာကို ဘယ်တုန်းကမျှ ကျွန်မမမေးရဲခဲ့။ သည်မိန်းမကြီး က ကျွန်မ ကို မထီလေးစားကြည့်ပေလိမ်မည်။ သူ ပြုံးနေကျအတိုင်း နိုင့်ထက်စီးနင်း အပြုံးမျိုး ကို ပြုံးပေလိမ်မည်။ အေးတိအေးစက် အပြုံးမျိုး ဖြစ်ပါသည်။ နောက်ပြီးတော့ သူပြောမည့် စကားလုံး များကိုလည်း ကျွန်မ စိတ်ကူးကြည့်နေသည်။
"မစ္စက်စ် ဒီဝင်းတား အသက်ရှင်နေတဲ့ အခါတုန်းက တောင်မေး မြောက်မေး ဘယ်တော့မှ မလုပ်ဘူး" ဆိုသော စကားမျိုး။
မစ္စကဒင်ဗာ။ ယခုဆိုလျှင် ဒီမိန်းမကြီး ဘာတွေလုပ်နေသလဲဟု ကျွန်မ စဉ်းစားကြည့်မိသည်။ သူနှင့် ဂျက်ဖေဗယ် တို့ ဘာတွေလုပ်နေကြသနည်း။ သူ့မျက်နှာအမူအရာကို မြင်ရခြင်းအားဖြင့် ကျွန်မ မနေတတ် မထိုင်တတ် ဖြစ်ခဲ့ရသည်ကိုလည်း ပြန်စဉ်းစားကြည့်နေမိသည်။
"ဒီမိန်းမကြီး က ငါ့ကို ရဘက်ကာ နဲ့ နှိုင်းနေပါပေါ့လားဟုလည်း စိတ်ထဲက တွေးမိ သည်။ သည်လို တွေးလိုက်မိ'' သည်နှင့်တစ်ပြိုင်တည်း ကျွန်မတို့လင်မယားနှစ်ယောက် ကြား သို့ ထက်လှ စွာသော ဓါးသွားကဲ့သို့ အရိပ်ကြီးတစ်ခုက ထိုးကျလာတော့သည်။
ရှိပါစေတော့။ ဘာပဲဖြစ်ဖြစ် ယခုအခါမှာတော့ အားလုံးပြီးသွားပါပြီ။ အားလုံး ပြည်ဖုံး ကားချပြီးသွားပါပြီ၊ ကျွန်မ အဖို့ ဘာမျှ သောကရောက်စရာ မရှိတော့။ ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက် စလုံး ဘေးအန္တရာယ် အပေါင်းတို့မှ လွတ်မြောက်ခဲ့ကြပါပြီ။ ကျွန်မအပေါ်မှာ အလွန် သစ္စာရှိ သည့် ခွေးကလေး ဂျက်စ်ပါသည်ပင်လျှင် တောထဲမှာ ဆော့ကစားဖို့ ပြေးထွက်သွားချေ ပြီ။
မန်ဒါလေစံအိမ် ဆိုသည်မှာလည်း မရှိတော့ပြီ။ တောအုပ်အလယ်မှာ အနှစ်အကာကင်းမဲ့ သော ဥခွံကြီး လို ရပ်တည်လျက်ရှိသည်။ အိပ်မက်ထဲမှာ ကျွန်မမြင်တွေ့ခဲ့ရသည့်အတိုင်း ဖြစ်ချေသည်။
ချုံနွယ် ပိတ်ပေါင်းတို့ ရှုပ်ထွေးနေသည်နေသည်။ ကျေးငှက်သရကာအပေါင်းတို့ မင်းမူ နေသည်။ တစ်ခါတစ်ရံတော့ ကျွန်မ၏ ချစ်လင်သည် ထိုတောအုပ်ထဲမှာ လမ်းလျှောက်နေပေ လိမ့်မည်။ ထိုစဉ် ရုတ်တရက် မိုးရွာချလိုက်သောကြောင့် မိုးခိုစရာကို ရှာလိမ့်မည်။ တကယ်လို့ သာ သူ စိတ်ဓာတ်ကြံ့ခိုင်နေ မည် ဆိုပါက အပြစ်အနာအဆာကင်းမဲ့သူလို ဆက်ပြီး လမ်း လျှောက်နေပေ လိမ့်မည်။ သို့သော်လည်း မန်ဒါလေစံအိမ်ကြီးထဲမှ သစ်တောငယ်သည် ကား သူနှင့် ဘာမျှ မသက်ဆိုင်တော့ပြီ။
ပင်လယ်ကွေ့ ကလေးမှာရှိနေသည့် တိုက်အိမ်ကလေး၏ အမိုး အောက်မှာ နားခိုရမည် ဆိုလျှင်လည်း သူ ပျော်ပိုက်နိုင်မည် မဟုတ်ပါ။ အာရုံတင်းကျပ်စွာ ခံစားခဲ့ရသည့် အကြောင်း များကို သည် ပတ်ဝန်းကျင်ကြောင့် ပြန်ပြောင်း အမှတ်ရစရာ ဖြစ်လာလိမ့်မည်။ သစ်ကိုင်းတွေ အုပ်ဆိုင်း ထားသည့် မော်တော်ကားလမ်းချိုးကလေး၏ ထောင့်တစ်နေရာသည်လည်း ထိုနည်း လည်းကောင်း ပင် ဖြစ်ပါသည်။ သည်နေရသည် ခေတ္တခဏရပ်နားရန်နေရာ မဟုတ်ပါ။ နေဝင် ချင်လျှင် ဝင်ပါစေတော့။ ရပ်နား မည် မဟုတ်ပါ။
ညောင်ရွက်များကြွေကျလာသောအခါတွင် ညဥ့်ဦးဝတ်စုံ ဝတ်ဆင်ထားသော အမျိုး သမီးတစ်ယောက်၏ လှုပ်ရှားသံ များနှင့် တူလှပါသည်။ ညောင်ရွက်များ ကြွေကျလာပြီးမြေပြင် ပေါ်မှာ ရှပ်တိုက်ပြေးကြသော အခါ တဖျောက်ဖျောက်အသံကို ကြားနေရသည်။ အမျိုးသမီးတစ်ယောက် ခပ် သုတ်သုတ် လျှောက်သွားသည့် ခြေသံများနှင့် တူသေးတော့ သည်။ ကျောက်စရစ်ခဲ ရောပြွမ်း သည့် မြေပြင်ပေါ်မှာ ခွာမြင့်ဖိနပ်ရာကလေးများပင် ထင်ကျန်ရစ်ခဲ့ သယောင်။
ထိုအကြောင်းများကို ပြန်လည် အမှတ်ရမိသောအခါတွင် လက်ရှိ ကျွန်မတို့ထိုင်နေကြ သည့် လသာဆောင် ကလေးပေါ်မှ ဘဝကိုပင် သတိပြန်လည်လာသည်။ စိတ်သက်သာရာ လည်းရမိသည် အမှန်။ သည်ပေါ်မှာ အရိပ်ဟူ၍ မရှိ။ နေအလင်းရောင်အောက်မှာ စူးရှ လှသည်။ ကျောက်တုံးကျောက်ခဲများ ပေါများလှသည့် စပျစ်ခြံကလည်း နေရောင်အောက်မှာ ကျဲကျဲ တောက်ကြည် လင်နေသည်။ ယာတဲ ကလေးကလည်း ဖုန်အလိမ်းလိမ်းဖြင့် ဖြူဖွေးနေသည်။
တစ်နေ့သော အခါတွင် သည်မြင်ကွင်းကလေးကို မြတ်နိုးသော ခံစားချက်အပြည့်ဖြင့် ကျွန်မ ကြည့်မိကောင်းကြည့်မိပါလိမ့်မည်။ ယခုတော့မူ သည်မြင်ကွင်းကလေးက ကျွန်မကို အတွေး ကွန်ယက် ဖြန်ကျက်စေပါသည်။ နှစ်သက်မြတ်နိုးခြင်းကား မဟုတ်။ အနည်းဆုံး ယုံ ကြည်ချက်ဖြင့် အတွေး ကွန်ယက် ဖြန့်ကျက်မိခြင်းဖြစ်ပါသည်။ ယုံကြည်ချက်ကို အရည်အချင်း တစ်ခုအဖြစ် ကျွန်မ တန်းဖိုး ထားပါသည်။ ယုံကြည်ချက်ကို ရရှိသည့် အချိန်ကား အတန်ငယ် နောက်ကျနေသည်မှာ မှန်ပါ၏။
ကျွန်မ၏ ချစ်လင်သည် ကျွန်မအပေါ်မှာ လုံးလုံးမှီခိုရပ်တည်နေရပြီ ဖြစ်သည်။ ထိုကြောင့်လည်း ကျွန်မ၏စိတ်ဓာတ်သည် ရင့်ကျက်တည်ငြိမ်လာပြီး ယုံကြည်ချက် အားမာန် များပါ ရရှိလာခြင်းဖြစ် ပါသည်။ အားနာတတ်သော၊ ကြောက်ရွံ့တတ်သော၊ သူစိမ်းတစ်ရံစာ များနှင့် တွေ့လျှင် ရှက်တတ်သော ကျွန်မ၏ စိတ်ဓာတ်နှင့် အမူအကျင့်များလည်း မရှိတော့ပြီ။
မန်ဒါလေ စံအိမ်ကြီးသို့ ပထမဆုံးအကြိမ် စတင်ရောက်ရှိလာသည့် အခါတုန်းကနှင့် လုံးလုံးကြီးသွားပါပြီ။ ထိုစဉ်ကမှုမျှော်လင့်ချက် အပြည့်။ စိတ်အားထက်သန်မှုကအပြည့်။ ပြီး တော့ မြင်မြင်ကရာလူကို မျက်နှာချိုသွေးဖို့လောက်သာ အာရုံထားနေမိခဲ့သည်။ ဟိတ်တစ် လုံး ဟန်တစ်လုံးနှင့် နေရကောင်းမှန်း မသိခဲ့။ ထိုကြောင့်လည်း မစ္စက်ဒင်ဗာလို မိန်းမစားမျိုး က တောင် ကျွန်မ အပေါ်မှာ အထင်သေးအမြင်သေးဖြစ်သည်ကို ခံခဲရခြင်းဖြစ်ပါသည်။
သည်စံအိမ်င်္ကြီး မှာ ယခင်က အိမ်ရှင်မ ရဘက်ကာ မရှိတော့သည့် နောက်ပိုင်းတွင် ကျွန်မကို ဘယ်လိုမြင်ကြ မည်နည်း။
ယခုတော့ ကိုယ့်ဘ၀ကိုယ် ကောင်းစွာ ပြန်မြင်နေမိပြီ။ အဖြစ်အပျက်များ ကိုပြန်လည် သတိရသည့် အမှတ်ရစိတ်က ကုန်ဆုံးလွန်မြောက်ခဲ့သော နှစ်ပရိစ္ဆေဒပေါင်း များစွာကို ပေါင်းကူးတံတား သဖွယ် ပြန်လည် ဆက်စပ်ပေးလိုက်သည်။
ထိုစဉ်တုန်းက ကျွန်မ သည် ကိုယ်ထည်က မာတောင့်တောင့် ဆံပင်က တိုတို အသက် ကငယ်ငယ် မျက်နှာပေါ် မှာ ပေါင်ဒါမရှိ။ ဝတ်ဆင်ထားသည့် အဝတ်အစားများကလည်း ပုံမကျ ပန်းမကျ။ မစွက်ဗန်ဟော့ပါး သွားလေရာ နောက်ပါး မှ ရှက်ကိုးရှက်ကန်းဖြင့် လိုက်ပါခဲ့ရသော ဘဝ။
မစ္စစ်ဗန်ဟော့ပါး က နေ့လည်စာစားမည့် စားပွဲဆီသို့ ကျွန်မသို့ ဦးဆောင်ခေါ်သွား သည်။ သူ့အရပ်က ပုပု၊ ကိုယ်လုံးကိုယ်ထည် က ဝဝဖိုင့်ဖိုင့်၊ ခွာမြင့်ဖိနပ်စီးထားရာ သူ့ခန္ဓာကိုယ် အတ္တဘောကြီးကို တည်ငြိမ်အောင် မထိန်းနိုင် မဟန်နိုင် ဖြစ်နေသည်။ ခြေလှမ်း လိုက်တောအခါတိုင်းတွင် ကြီးမားလှသော သူ၏ တင်ပါးဆုံကြီးနှစ်ဖက် က နိမ့်တုံမြင့်တုံ ဖြစ် သွားသည်။ သူ့ခေါင်းပေါ်မှ ဦးထုပ်က အသစ်။ ငှက်မွေးကြီး တစ်ချောင်းက ထိုးထိုးထောင်ထောင်၊ ကျောင်းသားငယ်တစ်ယောက်၏ ဒူးခေါင်း လို ပြောင်ချောနေသော နဖူးကြီးကို ဦးထုပ်က မအုပ်မိ။
လက်တစ်ဖက် က ကြီးမားသည့်အိတ်ကြီးတစ်လုံးကို ဆွဲကိုင်ထားသည်။ ထိုအိတ်ကြီး ထဲမှာ နိုင်ငံကူး လက်မှတ်များ၊ ဧည့်သည်များနှင့် တွေ့ဆုံရန် အချိန်းအချက်များ မှတ်ထားသည့် မှတ်စု စာအုပ်များ၊ ပြီတော့ ဟောလီဝုဒ်ဖဲမစားရာတွင် ရရှိသည့် အမှတ်များ တေးမှတ်ထား သော စာရွက် များနှင့် ပြည့်လျက်ရှိသည်။ ကျန်လက်တစ်ဖက်က မှန်ပြောင်းကြီးကို ကိုင်လျက်။ ထိုမှန်ပြောင်းကြီးကား အခြားသူ များ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၏ မဟာရန်သူတော်ကြီးပေ တည်း။
စားသောက်ခန်း၏ထောင့် ပြတင်းပေါက်အနီးရှိ သူထိုင်နေကျ စားပွဲမှာ ဝင်ထိုင်သည်။ ပြီးတော့ မှန်ပြောင်းကြီးကို မ,ကာ သူ၏ သေးငယ်ော ဝက်မျက်စိကလေးများမှာ ကပ်ကာ လက်ဝဲလက်ယာ ရှို မြင်ကွင်းများကို စူးစမ်းလေ့လာလေတော့သည်။ ပြီးတော့ မှန်ပြောင်းကြီးကို ကြိုးတန်းလန်းဖြင့် လွှတ်ချ လိုက်ကာ မကျေနပ်သံကလေးများ ရောစွတ်ကာ ပြောလေတော့ သည်။
"နာမည်ကြီး ပုဂ္ဂိုလ် ဆိုလို့ တစ်ယောက်မှလဲ မရှိဘူး။ ဒီအတိုင်းဆိုရင်တော့ ဟိုတယ် စရိတ်လျှော့ယူဖို့ အုပ်ချုပ် တဲ့ လူတွေကို ပြောရလိမ့်မယ်။ ဘာအတွက် ဒီမှာ လာတည်းတယ် လို့ သူတို့ထင်သလဲ။ စားပွဲထိုးကောင်ကလေးတွေ ရဲ့ မျက်နှာကိုများ ကြည့်ချင်လို့ လာတည်း တယ်လိုများ ထင်နေသလား"
ပြီးတော့ စားပွဲထိုး ကို သူ့ဘေးကို လှမ်းခေါ်လိုက်သည်။ သူ့အသံစူးစူးရှရှဖြင့် လွှသွား လို လေ ကို ဖြတ်သွားသည်။
ထိုနေရာသည်ကား မွန်တီကာလို အပန်းဖြေစခန်းရှိ ကိုတေဒါဇူး ဟိုတယ်စားသောက် ခန်းမကြီး ဖြစ်သည်။ ကျယ်လွင့်သည်။ ခမ်းနားသည်။ သပ်ရပ်သည်။ သန့်ရှင်းသည်။ ယခု ကျွန်မတို့ လင်မယားနှစ်ယောက် တည်းနေသည့် ဟိုတယ်သေးသေးလေးနှင့်ကား အိမ်သာ နှင့် နတ်ဘုံနတ်နန်းလို ကွာချင်တိုင်း ကွာခြား လှပါ၏။
ပြီးတော့ ဟိုတုန်းက ကျွန်မ၏ ဖော်သဟဲနှင့် ယခုလက်ရှိ ကျွန်မ၏ အဖော်သဟဲတို့ သည်လည်း ကွာချင်တိုင်း ကွာခြားလှပါ၏။
ကျွန်မ၏ ယခုအဖောသဟဲ သည် ဣနြေ္ဒသိက္ခာရှိ၏။ အချိုးအဆက်ပြေပြစ်သော လက်ချောင်း ကလေးများကို လှုပ်ရှားလိုက်ပုံမှာလည်း အေးငြိမ်းလှ၏ ။ ပြီးတော့ မကြာခဏ ကျွန်မ ကို မော့ကြည့် ကာလည်း ပြုံးတတ် ရယ်တတ်ပါသည်။
ဟိုတုန်း က ကျွန်မ၏ အဖော်သဟဲ ဖြစ်ခဲ့ဖူးသော မစ္စစ်ဗန်ဟောပါးက သည်လိုမဟုတ်။ လက်ချောင်းကြီး များကလည်း တုတ်တုတ်ခိုင်ခိုင် ပုံဆိုးပန်းဆိုး။ ထိုလက်များဖြင့် ဟင်းခွက်ကို လည်း လောဘတကြီးအငမ်းမရနှိုက်တတ်သည်။ အသားဖတ်များကိုချည်း ကျွန်မ က ရွေးနှိုက် နေလေရော့ သလား ဟူသော မသင်္ကာ မျက်လုံးများဖြင့် ဝေ့ဝဲကြည့်တတ်သည်။ သည် အတွက်တော့ သူပူစရာ မလိုပါ။ သူ့ကို မျက်နှာလုပ်မည့် စားပွဲထိုးတွေက တကယ်ဆိုတော့ ကျွန်မက ဘာမျှ မဟုတ်။ မစ္စစ်ဗန်ဟော့ပါး ၏ အစေအပါးတစ်ယောက်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့်လည်း စားပွဲထိုး များက သူ့ကို မျက်နှာလုပ်သည့်အနေဖြင့် ကျွန်မရှေ့ မှာ ပန်းကန်ပြားတစ်ချပ်ကို လာချပေး သည်။ ပန်းကန်ထဲမှာတော့ ဝက်ပေါင်ခြောက်နှင့် ဝက်လျှာ။ ပူပူနွေးနွေးလည်းမဟုတ်။ အေးစက်နေပြီ။ တခြား တစ်ယောက်ယောက် က မစားချင် သဖြင့် လွန်ခဲ့သည့် နာရီဝက်လောက် က ပြန်သိမ်းခိုင်း လိုက်သော ဟင်းများဖြစ်သည်။ သည် လိုဟာမျိုးကိုမှ ကျွန်မရှေ့မှာ လာချပေးရက်ကြသည်။ စားပွဲထိုးတွေ အဖြစ်သဲကြပုံ ကတော့ သြချလောက်ပါသည်။
တောပိုင်း က အိမ်ကလေးတစ်လုံးမှာ မစ္စစ်ဗန်ဟော့ပါးနှင့် ကျွန်မအတူတူ နေစဉ်က အကြောင်းများ ကိုလည်း အမှတ်ရမိပါသေးသည်။ ကြောက်ကြောက်လန့်လန့်ဖြင့် ကျွန်မက ဘဲလ်တီးပြီခေါ်သော်လည်း အိမ်ဖေါ် အမျိုးသမီးက ဘယ်တော့မှ ပေါ်မလာ။ ကျွန်မ၏ဖိနပ်များ ကိုလည်း ဘယ်တော့မှ ယူမပေး။ ယုတ်စွ အဆုံး မနက်ပိုင်း လက်ဖက်၇ည်လာပေးလျှင်လည်း ကျွန်မ၏ အိပ်ခန်းတံခါးအပြင်ဘက်မှာ သည်အတိုင်း ချသွားတတ်သည်။ ကျွန်မ အိပ်ရာကနိုးပြီး တံခါးဖွင့်လိုက်သောအခါ လက်ဖက်ရည် က ရေခဲလို အေးနေပြီ။
ယခု ကိုတေဒါဇူး ဟိုတယ်တွင် နည်းနည်းတော့ တော်သေးသည်ဟု ဆိုနိုင်ပါသည်။ သို့ သော်လည်း အများ ကမူ ကျွန်မကို မထီမဲ့မြင် လုပ်တတ်ကြပါသည်။ ဧည့်စာရေးထံတွင် တံဆိပ် ခေါင်း သွားဝယ်သော အခါတွင်လည်း စာရေးက ပြီတီတီလုပ်ချင်ပါသည်။ ဒါမျိုးတွေကို ကြုံရ တော့ ကျွန်မ စိတ်ထိခိုက် ခဲ့ရသည်။ တကယ် ဆိုတော့ ကျွန်မအသက်က အများကြီးငယ်သေး သည်။ အတွေ့အကြုံကလည်း ဘာမျှ မရှိ။ အရိုင်းသက်သက်လေး။ ဘာကိုမဆို စိတ်ထိခိုက် လွယ်သော အခြေအနေမျိုး။
အဲသည်နေ့တုန်း က ကျွန်မစားခဲ့ရသည့် ဝက်ပေါင်ခြောက်နှင့် ဝက်လျှာဟင်းကို မှတ်မိ နေသေးသည်။ ချက်ထားပုံ က ခြောက်ကပ်ကပ်။ အရသာ လုံးဝမရှိ။ ဘယ်လိုပဲဖြစ်ဖြစ် "ဒါတွေ မစားချင်ဘူး" ဟု ငြင်းပယ် ဝံ့သော သတ္တိမျိုး ကျွန်မတွင် မရှိခဲ့ပါ။ ဘာစကားမှမပြောဘဲ ကျွန်မ တို့နှစ်ယောက် တိတ်ဆိတ် စွာပင် ကိုယ်ထမင်းကိုယ် စားနေကြသည်။ အဘွားကြီးကလည်း အစာထဲမှာသာ လုံးဝ အာရုံနှစ်မြှပ်နေ သည်။ ပလုတ်ပလောင်းစားရင်း ဟင်းရည်များ သူ့မေး ဖျားပေါ်သို့ စီးကျနေသည်ကပင် ထင်ရှားနေ သည်။
သည်လိုရုပ်ပျက်ဆင်းပျက် အငမ်းမရဖြစ်နေပုံမျိုးကို ကျွန်မ မမြင်မတွေ့ချင်ပါ။ ထို့ ကြောင့် တစ်ဖက်သို့ မျက်နှာလွှဲ လိုက်မိသည်။
သို့ကလို မျက်နှာလွှဲလိုက်တော့မှ ကျွန်မတို့ဘေးက စားပွဲမှာ ယခင်ရက်များကလို လူသူကင်းမဲ့ မနေကြောင်း သတိပြုမိလေတော့သည်။ အထူးဧည့်သည်တော်ကြီးများကို အရေး တယူဖြင့် ခါးညွတ် အရိုအသေပြု သလို ဟိုတယ်ပိုင်ရှင်ကိုယ်တိုင်က အရိုအသေပေးပြီး ဧည့်သည်အသစ်ကို ခေါ်လာသည်။ ကျွန်မ တို့နှင့် မလှမ်းမကမ်းရှိစားပွဲမှာ နေရာချထားပေး သည်။ မစ္စစ်ဗန်ဟော့ပါသည် ခက်ရင်းကို ချလိုက်ပြီး မှန်ပြောင်းကို လှမ်းဆွဲသည်။ လူသစ်ကို လှမ်းကြည့်သည့် သူ့အပြုအမူကြောင့် ကျွန်မ အရှက်ကြီး ရှက်သွားမိပါသည်။ သည်အဘွားကြီး စပ်စပ်စုစုနိုင်လှသည်ကို လူသစ်ဖြစ်သူက မသိ။ အစားအသောက် စာရင်း ကိုသာ ငုံ့ဖတ်နေ သည်။ မစ္စစ်ဗန်ဟောပါးက သူ့မှန်ပြောင်း ကို ဖျောက်ကနဲ မြည်အောင်ပိတ် လိုက်သည်။ ပြီးတော့ စားပွဲကိုကျော်ပြီး ကျွန်မဘက်သို့ ကိုယ်ကို ကိုင်းလာသည်။ သူ၏ မျက်လုံးကျဉ်း ကလေးများမှာ စိတ်အားတက်ကြွမှုကြောင့် တောက်ပြောင်နေ သည်။ သူပြောလိုက်သည့် အသံ ကလည်း ကျယ်လောင်လွန်းလှသည်။
"မက်ဇ်ဒီဝင်းတား ဆိုတာ အဲဒီပုဂ္ဂိုလ်ပဲကွယ့်။ မန်ဒါလေစံအိမ်ကြီးကို ပိုင်တာ သူပေါ့။ မင်း ကြားဖူး ပါလိမ့်မယ်။ သူ့ကြည့်ရတာ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေပုံပဲ။ ဟုတ်တယ်နော်... သူ့မိန်းမ ကွယ်လွန် သွားတဲ့ အတွက် သူ့ခင်မျာ အခုထက်ထိ မဖြေဆည်နိုင်ဘူးလို့ အများတကာက ပြောနေတယ်...."
ဆက်ရန်
.

No comments:
Post a Comment