Monday, April 30, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၃)

အခန်း (၃)

မစ္စက်ဗန်ဟော့ပါး သည် ရာထူးဂုဏ်သိရ်ကြီးသူများ၊ မျက်နှာကြီးသူများကို အထင်ကြီး ကာ စပ်စပ်စုစုပြုလုပ်တတ်သူ မဟုတ်ခဲ့သော် ယနေ့လို အချိန်အခါမျိုးတွင် ကျွန်မ၏ဘဝသည် မည်သို့ မည်ပုံ များ ဖြစ်နေလေမည်နည်းဟု ကျွန်မ စဉ်းစားကြည့်မိပါသည်။
သည်လို အဘွားကြီးမျိုးနှင့် မှ ရေစက်ဆုံကာ ပေါင်းသင်းနေရသည့်အတွက် ရယ်စရာ တော့လည်း တစ်မျိုးကောင်းပါသည်။ အဘွားကြီး၏ စပ်စပ်စုစုနိုင်လှသော စရိုက်မှာ ရောဂါ တစ်မျိုးကောင်းပါသည်။ စိတ်နှင့်ပတ်သက်သော အရူးရောဂါတစ်မျိုးဟု ဆိုသော် ပို၍မှန်ကုန်ပါ လိမ့်မည်။

အစပထမပိုင်းတုန်းကတော့ အဘွားကြီး၏ သည်လိုအပြုအမူမျိုးကြောင့် တုန်လှုပ် ချောက်ချားခြင်း ဖြစ်ခဲ့ ရပါသည်။ လူတွေက သူ့ကွယ်ရာမှာ သူ့ကို သရော်လှောင်ပြောင် နေကြသည့်အတွက် သခင်အတွက် ငဝက် က ကျွန်ခံဆိုသလို ကျွန်မစိတ်အထိခိုက်ကြီး ထိ ခိုက်ခဲ့ရပါသည်။ သူနှင့် လွတ်အောင် ရှောင်ပြေး သွားတတ်ကြသည်။ သူနှင့် ရင်ဆိုင်တိုးမိပြီဟေ့ ဆိုလျှင်လည်း တစ်ကြိုး တည်း  နောက်ကြောင်းပြန် လှည့်ကာ အလုပ်သမားများ အသုံးပြုသည့် နောက်ဘေးလှေကားမှ ဆင်းတတ်ကြသည်။
ကိုတေးဒါဇူး ဟိုတယ်သို့ မစ္စက်ဗန်ဟော့ပါး လာရောက်အနားယူလေ့ ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ဟောလီးဝုင်္ဒဖဲ အရူးအမူး ကစားတတ်သည့် အကြောင်းနှင့် မျက် နှာကြီးများကို ဇန်းတင် ပေါင်းသင်း တတ်သည့် အကြောင်းများမှာလည်း လူတိုင်း မသိချင်အ ဆုံးဖြစ်နေကြသည်။ မွန်တီကာလို အပန်းဖြေစခန်း သို့ လာရောက်လည်ပတ်ကြသည့် နာမည်ကျော် ပုဂ္ဂိုလ်မှန်သမျှမှာ သူ့ အသိမိတ်ဆွေတွေ ချည်း ဖြစ်ကြောင်းလည်း ၀ါကြွား တတ်သည်။

တကယ်ဆိုတော့ ယင်းနာမည်ကျော်ပုဂ္ဂိုလ်များကို စာတိုက်တွင် ဟိုဘက်ထိပ် သည်ဘက်ထိပ် တစ်ကြိမ် မျှသာ လှမ်းမြင်ဖူးခြင်းဖြစ်သည်။ တစ်ခုတော့ရှိပါသည်။ နာမည် ကျော်ပုဂ္ဂိုလ်တစ်ဦးဦးတို့ သို့ကလို လှမ်းတွေ့ လိုက်သည်နှင့် တစ်ပြိုင်တည်း အရှက်အ ကြောက်မရှိ အူလျားဖားလျားပြေးကာ မိတ်ဆက်လေတော့ သည်။ သူ၏မိတ်ဆက်ခြင်းကို ခံရသောသားကောင်အဖို့ အန္တရာယ်နှင့် ကြုံတွေ့ ရပြီဖြစ်ကြောင်း သဘောပေါက်ချိန် မရလိုက်မီကလေးမှာပင် ဟိုတယ်ရှိ သူ့အခန်းသို့ လာရောက် လည်ပတ်ပါ ရန် အဘွားကြီးက ဖိတ်မန္တက ပြုပြီးသား ဖြစ်သွားလေတော့သည်။
သူတိုက်ခိုက်ပုံ မှာ ဗြောင်ကျလွန်းပြီး တုံ့ဆိုင်းမှု မရှိသည့်အတွက် လွတ်မြောက်အခွင့် အရေးရသူမှာ မရှိ သလောက် ရှားပါးလှပါသည်။ ကိုတေဒါဇူး ဟို တယ် တွင်သူတည်းခိုနေ ခိုက်သူ့အတွက် ဆိုဖာတစ်လုံး ကို ဧည့်ခန်းတစ်နေရာရှိ စားသောက်ခန်းမနှင့် ဧည့်ကြိုရုံး ခန်းကူးရာ လမ်းခလယ်ခေါင်တည့်တည့်မှာ ချထားပေး ရသည်။ နေ့လယ်စာနှင့် ညာစာ စားပြီးတိုင်း ထို ဆိုဖာ ပေါ်မှာထိုင်ပြီး ကော်ဖီသောက်လေ့ ရှိပါသည်။ သည်တော့လည်း ဧည့်ကြို ရုံးခန်းနှင့် စားသော်ခန်းမကို ကူးသန်းသွားလာသူများအဖို့ သည် အဘွားကြီး ကို မကျော်ဖြတ်ဘဲ မသွားနိုင်တော့ချေ။ သည်အခါမျိုးတွင် သူ့ထောင်ချောက်ထဲမှာ မိဖို့ပြင်ပေတော့။

တစ်ခါတစ်ရံတွင် သူ့သားကောင်များကို ဖမ်းမိနိုင်ဖို့အတွက် ကျွန်မကိုတည်ကြညက် အဖြစ် အသုံးချသည်များ လည်း ရှိတတ်သည်။ ကျွန်မကို တစ်စုံတစ်ယောက်အား တစ်စုံတစ် ရာသွားပြောခိုင်း တတ်သည်လည်း ရှိသည်။ စာရွက်ကလေးတစ်ရွက်တလေသော်လည်း ကောင်း၊ စာအုပ်သော် လည်းကောင်း သွားငှားခိုင်းတတ်တာမျိုးလည်း ရှိသည်။ ဈေးဆိုင် တစ်ခုခု၏ လိပ်စာသော်လည်ကောင်း၊ တစ်စုံတစ်ယောက် ၏ လိပ်စာကိုသော် လည်းကောင်း သွားမေးခိုင်းတတ်တာမျိုးလည်း ရှိသည်။ သဘော ကတော့ သူနှင့်လည်းကျွမ်း၊ ဟိုလူနှင့် လည်းကျွမ်းသည့် မိတ်ဆွေတစ်ယောက်ယောက်၏ လိပ်စာကို သူမေးနေ သည့် သဏ္ဌာန်မျိုး။
သည်လိုနည်းဖြင့် နာမည်ကျော် ထိုသူကောင့်သားကို သူအမိဖမ်းလေတော့သည်။ သတင်းစာ တစ်စောင်စောင်တွင်  ဓာတ်ပုံလေးကို တစ်ကြိမ်တစ်ခါ မြင်လိုက်ရုံမျှဖြင့်လည်း သူ မှတ်မိနေတတ်သည်။ စာရေးဆရာ၊ အနုပညာသည်၊ ဇာတ်လိုက်မင်းသား မင်းသမီး၊ အခြာ နာမည်ကြီးပုဂ္ဂိုလ်၊ ယုတ်စွ အဆုံးသာမန် လူသားပင် ဖြစ်ပါစေ၊ သတင်းစာထဲမှာ တစ်ခါပါရုံမျှဖြင့် နှစ်ပေါင်း ဘယ်လောက်ကြာကြာ သူ မှတ်မိနေ တတ်သည်။

ဘယ်လိုနည်းနှင့်မျှ ကျွန်မ မေ့ပျောက်နိုင်တော့မည် မဟုတ်သာ ထိုနေ့ခင်းက အဖြစ် အပျာက်ကို မနေ့တုန်း ကပင် ဖြစ်ပျက်ခဲ့သ့်အလား ယခုကောင်းစွာ ပြန်လည်အမှတ်ရနေမိပါ သည်။ နှစ်ပေါင်း ဘယ်လောက်ပင် ကြာကြာ ထိုနေ့ခင်းက အဖြစ်အပျက် ကိုတော့ မေ့ပျောက် နိုင်တော့မည် မဟုတ်ပါ။
ထိုနေ့ခင်းက ဧည့်ခန်းထဲရှိ သူ၏ နာမည်ကျော်ဆိုဖာကြီးမှာ ထိုင်ရင်း နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဦးကို ဘယ်လို ဝင်ရောက် တိုက်ခိုက်ရမည်နည်းဟု သူ အကြံယူနေသည်။ လက်ထဲကမှန်ပြောင်းနှင့် သူ့သွားများ ကို သာသာထိတို့ရင်း သူ ဆင်ကြံကြံနေခဲ့သည်။

ထိုနေ့က ထမင်း ကို ကသုတ်ကရက် သူ စားသည်။ နောက်ထပ် ရောက်လာသည့် လူသစ်အလျင် သူက ပြီးနှင့်အောင် စားသည်။ အချိုပွဲကလေးမျှပင် မတည်းတော့။ သို့မှသာ သူ၏ နာမည်ကျော် ဆိုဖာကြီး မှာ သွားရောက်ထိုင်နှင့်ပြီး ဖြစ်မည်။ သည်လိုဆိုလျှင် နောက်လာသောသူသည် သူ့ကို မကျော်ဖြတ် ပဲ ဘယ်နည်းနှင့်မျှ သည်အခန်းထဲက ထွက်ပေါက် မရနိုင်တော့ပြီ။ ရုတ်တရက် ကျွန်မ ဘက်သို့ သူ လှည့်လိုက်သည်။ သူ၏ မျက်လုံး ကျဉ်းကျဉ်ကလေးများကလည်း အရောင် တဖိတ်ဖိတ်တောက် လျက်။
"အပေါ်ထပ် ကို မြန်မြန်ပြေးပြီး ငါ့တူဆီက ရေးလိုက်တဲ့စာကို သွားရှာစမ်း။ မှတ်မိတယ် မဟုတ်လား။ သူတို့ လင်မယား ပျားရည်ဆမ်းခရီးသွားရင်း ငါဆီကို ရေးလိုက်တဲ့စာ လေ။ ဓာတ်ပုံလည်းပါတယ်။ အဲဒီစာ ကို အခုချက်ချင်းသွားယူပေးစမ်း.....။"

အစီအစဉ်များကို သူ ပြုလုပ်ပြီးသွားပြီဖြစ်ကြောင်း ကျွန်မ သိနားလည်လိုက်ပါပြီ။ သူ မိတ်ဆက်ရာတွင် သူ့တူ ကို လက်နက်ကိရိယာအဖြစ် အသုံးချပေတော့မည်။ အဘွားကြီး၏ စီမံ ကိန်းကြနးထဲမှာ ကျွန်မ ပါဝင် လှုပ်ရှားရသည့် အတွက် စိတ်မကောင်းလည်းဖြစ်မနပါသည်။ သည်လို စိတ်မကောင်းဖြစ်ခဲ့ ရသည်မှာလည်း အကြိမ်ကြိမ်။
ဇွတ်အဓမ္မ ကျူးကျော်မိတ်ဆက်ခြင်းကို ဧည့်သည်သစ်အနေဖြင့် နှစ်ခြိုက်လိမ့်မည် ကားမဟုတ်ပါ။ ဒါကိုတော့ ကျွန်မ၏စိတ်ထဲက အလိုလိုသိနေသလို ရှိပါသည်။ ယနေ့ နေ့လယ်စာ စားနေသောသူကို လှမ်းကြည့် ရင်း ကျွန်မစိတ်ထဲ မှာ ထိုသို့ ခံစားရခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်လလောက်က သူတို့ အကြောင်း သတင်းစာ ထဲမှာ ဟိုးလေးတ ကျော်ပါခဲ့သည်။ နောင်တစ်နေ့တွင် အသုံးတည့်ပါက အသုံချနိုင်ရန် အဘွားကြီးက မှတ်မိအောင် မှတ်ထားလိုက်သေးသည်။ ကျွန်မသည် အသက် ငယ်ရွယ် သည်မှာ မှန်ပါ၏။ အတွေ့အကြုံ နုနယ်သည်မှာ မှန်ပါ၏။ သို့သော်လည်း ဧည့်သည်သစ်သည် သူ၏ တစ်ကိုယ် တော် ဘဝကလေး ပျက်စီးသွားရသည်ကိုတော့ ဝမ်းနည်းပက်လက် ဖြစ်ရှာပေလိမ့်မည်။

မွန်တီကာလို အပန်းဖြေစခန်းရှိ ကိုတေဒါဇူးဟိုတယ်ကိုမှ ဘာကြောင့် ရွေးချယ်ပြီး သူ ရောက်လာ ရသနည်း ဆိုသည်မှာ ကျွန်မနှင့် မည်သို့မျှ မပတ်သက်ပါ။ သူ့ပြဿနာသည် သူနှင့်သာ သက်ဆိုင် ပါသည်။ သည်အကြောင်းကို မစ္စက်ဗန်ဟော့ပါ နားလည်ဖို့ကောင်းပါ သည်။ သို့သော်လည်း သူတစ်ပါး အတင်းအဖျင်းပြော ဖို့ သည်လို နာမည်ကြီးပုဂ္ဂိုလ်များနှင့် ပရောပရည်လုပ်ဖို့ ဟူသည်မှာ အဘွားကြီးအဖို့ အသက်ရှူနေရခြင်းလောက် အရေးကြီးပါ သည်။ 
မစ္စက်ဗန်ဟောပါ ရှာခိုင်းလိုက်သည့် စာကို သူ့စားပွဲပေါ်ရှိ စာခြင်းထဲမှာ အလွယ်တကူပင် တွေ့ပါသည်။ သည့်နောက် အောက်ထပ်ဧည့်ခန်းထဲသို့ ပြန်ဆင်းမသွားမီ ခဏကြာအောင် ကျွန်မ တုံ့ဆိုင်းဆိုင်း ဖြစ်နေမိပါသည်။ တကယ်ဆိုတော့ ယင်းအပြုအမူသည် အန္တရာယ်မှ လွတ်မြောက်လို လွတ်မြောက်ငြား ရတတ် သမျှ အချိန်ကလေးကို ဧည့်သည်အတွက် ဆွဲပေးထားလိုက်ခြင်း သာလျှင် ဖြစ်နိုင်ပါသည်။ တမင်တင်ကူး ကြံရွယ်၍ ပြုလုပ်ခြင်းကား မဟုတ်မိရိုးအမှန်ပါ။

အလုပ်သမားများ အသုံးပြုသည့် နောက်ဘေးလှေကားမှ ဆင်းသွားဝံ့သည့် သတ္တိများ ရလိုက်ချင်စမ်းပါဘိသည်။ သို့မှသာ စားသောက်ခန်းဆီသို့ တစ်ဖက်မှ ကွေ့ဝိုက်သွားနိုင်မည်။ သည်လို သွားမှ ရှင်တော့ ချုံခိုအတိုက်ခံရတော့မယ် ဟု ဧည့်သည်ကို ကြိုတင်သတိပေနိုင်လိမ့်မည်။ စကာပြောဖို့ ဆိုသည် မှာ ကျွန်မအတွက် အခက်ကြီးတစ်ခက် ဖြစ်ကြောင်းလည်း ကျွန်မ မသိ။ တကယ်ဆိုတော့လည်း သည်ကိစ္စ မှာ ကျွန်မအဖို့နေသာသပ လေညာက ဖြစ်ပါသည်။ အဘွားကြီး အမိဖမ်းနေသည်ကို ထိုင်ကြည့်နေရုံ သာ ရှိပါသည်။
ထင်သည့်အတိုင်းပင် ကျွန်မ အချိန်ပိုကြာသွားပါသည်။ ဧည့်ခန်းထဲသို့ ပြန်ရောက် သွားတော့ ဧည့်သည်သစ် သည် စားသောက်ခန်းထဲမှ ပြန်လည်ထွက်ခွာသွားနှင့် ပြီဖြစ်ကြောင်း  တွေ့ရသည်။ ထိုအခါ တွင်  လက်လွှတ်ဆုံးရှုံးရတော့မည်ကို အကြောက်ကြီးကြောက်သွားသော အဘွားကြီးသည် ကျွန်မ ယူလာသည့် စာကိုပင် မစောင့်နိုင်တော့ဘဲ ဧည့်သည်သစ်ကို မျက်နှာ ပြောင်တိုက်ပြီး အစိမ်း သက်သက်ကြီး မိတ်ဆက်လိုက်ဟန် တူပါသည်။

ဧည့်သည်သစ် သည် အဘွားကြီးနှင့်အတူ ဆိုဖာပေါ်မှာ ယှဉ်တွဲထိုင်နေပြီ။ သူတို့ဆီသို ကျွန်မ ဖြတ်လျှောက် သွားပြီး စကားတစ်လုံးမျှ မပြောဘဲ အဘွားကြီး၏လက်သို့ စာကို လှမ်း ပေး လိုက်သည်။ ကျွန်မကိုမြင်သည်နှင့် တပြိုင်တည်း ဧည့်သည်သစ်က ထိုင်ရာမှထသည်။ မစ္စက်ဗန်ဟော့ပါး ကမူ သွေးရောင်လွှမ်းနေသည်။ ကျွန်မဘက်သို့ မသိမသာ လက်ဝှေ့ယမ်းပြ ရင်း ကျွန်မ၏ နာမည် ကိုလည်း ဗလုံးပထွေး ပြောနေသည်။
"တို့နဲ့အတူ မစ္စတာ ဒီဝင်းတာ ကော်ဖီသောက်လိမ့်မယ်။ ပန်းကန် အပိုထပ်ပေဖို့ စားပွဲထိုး ဆီမှာ တောင်းလိုက်" ဟု မစ္စက်ဗန်ဟော့ပါးက ကျွန်မကို လှမ်းပြောပါသည်။ ကျွန်မ၏ အဆင့်အတန်း ဘာဖြစ်ကြောင်း မစ္စတာဒီဝင်းတား ရိပ်စားမိသွားစေရန် သတိပေးသည့် လေသံမျိုး ဖြစ်ပါသည်။ သဘော ကတော့ ကျွန်မသည် ဘာမဟုတ်သည့် သူငယ်နှပ်စား ကလေးမျှသာ ဖြစ်ကြောင်း၊ အရေးထားနေဖို့ မလိုကြောင်း၊ သည်စကားဝိုင်းထဲမှာလည်း ကျွန်မကို လူရာသွင်းဖို့ မလိုကြောင်း ဆိုလိုခြင်း ဖြစ်ပါသည်။

သူ့အပေါ် လူတစ်ဖက်သား အထင်ကြီးစေလိုသည့် အခါတိုင်း သည်လို ပုံမှန်လေသံမျိုး ဖြင့် ကျွန်မကို သူ ဆက်ဆံလေ့ ရှိပါသည်။ လူစိမ်းတစ်ယောက်ယောက်နှင့် ကျွန်မကို မိတ်ဆက်ပေးရသည့် အခါများတွင် လည်း သူ့ကိုယ်သူ အကာအကွယ်ယူပြီးသားနည်းမျိုးကို သုံးစွဲလေ့ရှိပါသည်။ တစ်ခါတုန်းက ကျွန်ကို သူ့သမီး အဖြစ် အထင်ရောက်ခံခဲ့ဖူးပါသည်။ ထို့ကြောင့် သူရော ကျွန်မရော အနေရအထိုင်ရ ကျပ်ခဲ့ဖူး ပါသည်။ ဧည့်သည်နှင့် ကျွန်မကို သံပြတ်ဖြင့် မိတ်ဆက်ပေးခြင်းအားဖြင့် နောက်ပိုင်းတွင် ကျွန်မကို ဖုတ်လေသည့် ငါးပိ ရှိလေ သည်ဟု သဘောမထားတော့ကြောင်း ပြရာလည်း ရောက်ပါသည်။ သည်လို မိတ်ဆက်ပေး ခြင်းခံရသော ယောက်ျားသားများကတော့ ကြီးမားစွာ စိတ်သက်သာရာရကြပါသည်။ သည်လို သံပြတ်ဖြင့် မိတ်ဆက်ပေးလိုက်ပြီဆိုသည်နှင့် တစ်ပြိုင်တည်း ကျွန်မအပေါ် ယဉ်ကျေးမှု ထုံးစံ အတိုင်း အရေးတယူ ဖော်ရွေပျူငှာပြုစရာ မလိုတော့ဘဲ ကိုယ့်ကုလားထိုင်မှာကိုယ် သက်တောင့် သက်တာ ထိုင်နေကြတော့သည်။
ထိုအကြောင်း များကြောင့်လည်း ယခု လူသစ်ကြီး ပြုမူပုံကို မြင်ရသောအခါ ကျွန်မအဖို့ အံ့သြတကြီး ဖြစ်ရ ပါတော့သည်။ သူသည် မတ်တတ်ရပ်ရာမှ ပြန်မထိုင်။ ထိုမျှမကသေး။ စာပွဲထိုး ကိုလည်း လက်ရိပ်လှမ်းပြလိုက်သည်။

"ပြောင်းပြန်ပဲ လုပ်ပါရစေတော့ဗျာ ..." ဟု သူက မစ္စက်ဗန်ဟော့ပါးကို လှမ်းပြော သည်။ "ခင်ဗျားတို့ နှစ်ယောက်စလုံး ကျွန်တော်နဲ့အတူတူ ကော်ဖီ သုံးဆောင်ကြပါ" ဟု ဆက်တိုက်ပြောချလိုက်သည်။ ဘာတွေဖြစ်ကုန်ပြီ ကို ကျွန်မ မသိလိုက်ရမီမှာပင် ကျွန်မ ထိုင်နေကျ ကုလားထိုင်ကြမ်းကြမ်းကြီးပေါ် တွင် သူက အမြိန့်သား ထိုင်လို့။ ကျွန်မကမူ မစ္စက်ဗန်ဟောပါးနှင့်အတူ ဆိုဖာပေါ်မှာ ယှဉ်လျက် သားထိုင်လို့။
အဘွားကြီး စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပါသည်။ သည်လို နေရာယူကြဖို့ သူ ရည်မှန်းထားပုံ မရပါ။ သို့သော် လည်း ချက်ချင်း မျက်နှာပိုးပြန်သပ်လိုက်သည်။ စားပွဲနှင့် ကျွန်မကြားသို့ သူ့ခန္ဓာကိုယ် အတ္တဘောကြီး ကို အတင်းတိုးဝင်လိုက်သည်။ တစ်ဆက်တည်း သူ့လက်ထဲကစာကို လှုပ်ကာ ယမ်းကာဖြင့် စိတ်အား ထက်သန်စွာ ဟောင်ဖွာဟောင်ဖွာ ပြောလေတော့သည်။

"စားသောက်ခန်းထဲကို ရှင် ၀င်လာတာနဲ့ တစ်ပြိုင်တည်း ကျွန်မ ချက်ချင်း မှတ်မိလိုက် တယ်။ သိလား ... ပြီးတော့ ကျွန်မ စဉ်းစားလိုက်မိတယ်။ "ဘယ်နှယ့် ... ဟောဟိုမှာ ဘီလီရဲ့ သူငယ်ချင်း မစ္စတာဒီဝင်းတား ပါလား ... ဘီလီနဲ့ သူ့အမျိုးသမီး ပျားရည်ဆမ်း ခရီးထွက်ကြ တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ သူ့ကို ပြလိုက်ဦးမှပဲ" လို့ စိတ်ထဲမှာ ပေါ်လာတယ်။ ဟောဒီမှာ သူတို့ပုံတွေ ကြည့်ပါဦး။ ဟောဒါက ဘီလီ ရဲ့ အမျိုးသမီး ဒိုရာလေ ... ချစ်စရာ မကောင်းဘူး လား။ ခါးကလေးက သိမ်သိမ်ကလေး။ မျက်လုံးကြီးတွေ က ၀ိုင်းဝိုင်းစက်စက်ကြီးတွေ။ ဟောဒီ ပုံကတော့ ပမ်းဘိခ်ျ ပင်လယ်ကမ်းခြေ မှာ နေပူဆာလှုံနေကြတာပေါ့။ ဘီလီတို့များ ဒိုရာကို ချစ်လိုက်တာ တုန်နေတာပဲ။ စဉ်းစား သာကြည့်ပါတော့ရှင် ... ကလားရစ်ဟိုတယ်မှာ ဧည့်ခံပွဲ ကြီးတစ်ပွဲ ဘီလီ တည်ခင်းတုန်းက ဒိုရာကို သူ တွေ့ခဲ့ တာတော့ မဟုတ်ပါဘူး။ အဲဒီ ဧည့်ခံပွဲ မှာ ရှင့်ကို ပထမဦးဆုံး ကျွန်မ စတွေ့ဖူးတာပေါ့။ ဒါပေမဲ့ ကျွန်မလို အဘွားကြီးတစ်ယောက်ကို တော့ ရှင် အမှတ်ရမှာ မဟုတ်ဘူးဆိုတာ ကျွန်မ ပြောရဲ ပါတယ်ရှင်။ ဟင်း ဟင်း ဟင်း"
အဘွားကြီး သည် မျက်စကို ချီကာချီကာ သွာများကို ဖြီးကာဖြီးကာဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။

"ဒီလိုလဲ မဟုတ်ပါဘူး...ခင်းဗျားကို ကျွန်နော် ကောင်းကောင်းမှတ်မိခဲ့ပါတယ် ...." ဟု မစ္စတာဒီဝင်းတာ က ပြန်ပြောသည်။ သူတို့နှစ်ယောက် ပထမဦးဆုံး စတင် တွေ့ကြုံခဲ့ကြသည့် အကြောင်း အဘွားကြီး ပြန်ပြောင်း စကားကြောမရှည်မီ ဒီဝင်းတားက စီးကရက်ဗူးထုတ်ပြီး အဘွားကြီးကို တည်သည်။ တစ်ဆက်တည်း စီကရက်မီးညှိပေးနေခြင်းအားဖြင့် အဘွားကြီး၏ ပါးစပ်ကို ခဏတော့ ပိတ်ထား လိုက်နိုင်သည်။ "ကျွန်တော်တော့ ပမ်းဘိခ်ျ ပင်လယ်ကမ်း ခြေကို" ဟု ဒီဝင်းတားက စကား ဆက်ရင်း မီးခြစ်ဆံမှ မီိကို မှုတ်ငြိမ်လိုက်သည်။ သူ့ကို လှစ်ကနဲ လှမ်းကြည့်လိုက်မိပါသည်။ ဖလော်ရီဒါ ကမ်းခြေလို နေရာမျိုး၏ နောက်ခံမြင်ကွင်းနှင့် သူ့ရုပ်လွှာမှာ ပနံစာလိမ့်မည်ဟု ကျွန်မမထင်။

သူ့ရုပ်လွှာ သည် ၁၅ ရာစုခောတ်က မြို့ရိုးပတ်လည်ဝိုင်းထားသော မြို့မျိုးနှင့်သာ လိုက်ဖက်ညီထွေ ရှိပေလိမ့်မည် ဟု ကျွန်မထင်ပါသည်။ ကျောက်တုံးများ ခင်းထားသည့် လမ်းကလေးတွေ့ ကျဉ်းကျဉ်း ကလေး။ အဆောက်အအုံတို့၏ အမိုးများက စူးစူးချွန်ချွန်။ မြို့သူ မြို့သားတို့၏ ဖိနပ်များက ဦးချွန်ချွန်။ ပြီးတော့ ဇာကျဲခြေအိတ်များကိုလည်း ဝတ်ဆင်ထားကြ သေးသည်။ ယင်းသို့သော အရပ်မျိုး မှာသာ သူ့ရုပ်လွှာနှင့် ကိုက်ညီပေလိမ့်မည်။ သူ့မျက်နှာပေါက် က ညှို့ယူဖမ်းစားနီုင်သည့် မျာက်နှာပေါက် မျိုး။ ထိခိုက်ခံစားလွယ်သည့်ဟန် ပန် အမူအရာ။ ပုံပန်းသဏ္ဍာန်က ရှေးရိုးခပ်ဆန်ဆန်ပင်။ ဘယ်လို ရှေးရိုးဆန် သည်ကိုတော့ ကျွန်မ ရှင်းမပြတတ်ပါ။

သူ့ကို ကြည့်နေရင်း ပန်ချီပြခန်းတစ်ခုတွင် ကျွန်မ တွေ့ခဲ့ဖူးသည့် ပန်ချီကားတစ်ချပ်ကို ပြေး၍ အမှတ်ရ မိပါသည်။ ဘယ်မှာတွေ့ခဲ့သည် ဆိုတာကိုတော့ ကျွန်မ အစဖော်၍ မရတော့ပါ။ ယင်းပန်းချီးကားသည် "မကြားမသိဖူးသော လူကြီးမင်း" အမည်ရှိ လူပုံတူ ပန်းချီကား ဖြစ်ပါသည်။ ယခု မစ်္စတာ ဒီဝင်းတားကို အနက်ရောင်းကွမ်းရိုးစင်း ဝတ်စုံဝတ်ပေးပြီး လည်ပင်း နှင့် လက်ကောက်ဝတ်တွင် ဇာနားများ တပ်ပေးလိုက်မည် ဆိုပါက ကျွန်မတို့၏ ယနေ့ ကမ္ဘာသစ်ကြီးကို ပန်းချီကားဘောင်ထဲမှ တစ်ဆင့် ရှေးပဝေသဏီခေတ်မှနေ၍ ဒီဝင်းတား ကိုယ်တိုင် ငုံ့ကြည့်နေသည်နှင့် တူပေလိမ့်မည်ဟု ကျွန်မ အတွေးပေါက် မိပါသည်။

ထိုရှေးခေတ်သည်ကား သူရဲကောင်းယောက်ျားတို့သည် ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ ညအခါမှာ လမ်းထွက်လေ့ ရှိကြသည်။ အိုမင်းသော တံခါးပေါက်ကြီးများ၏ အောက် မည်းမှောင်သော အကျဉ်းထောင်များ ကိုလည်း ကျော်လွန်ဖြတ်သန်းခဲ့ကြမည်။ အမှောင်ထဲမှာ တီးတိုးစကားသံ များကိုလည်း ကြားခဲ့ကြရမည်။ ဓားသွားက တဖွေးဖွေးနှင့် ဓားရေးလည်း ပြခဲကြရမည်။ ယဉ်ကျေးဖွယ်ရာ မှုများလည်း ကြီးစိုးခဲ့မည်။ ဒီဝင်းတား၏ရုပ်လွှာ ကား ထိုခေတ်၊ ထိုပတ်ဝန်းကျင်မျိုးနှင့်သာ လိုက်လျော ညီထွေ ရှိပေလိမ့်မည်။
"မကြားမသိဖူးသော လူကြီးမင်း" ပုံတူ ပန်းချီကားရေးဆွဲသူ ပန်းချီဆရာ၏ အမည်ကို ကျွန်မ မှတ်မိချင်စမ်းလှပါ၏။ ပန်းချီးပြခန်း၏ ထောင့်တစ်ထောင့်မှာ ထိုပန်းချီကားကို ချိတ်ဆွဲထားခဲ့သည်။ ပန်းချီကားပေါ် မှ မျက်လုံးများသည် ကြည့်သူနောက်သို့ ညိုမောင်းသော ဘောင်ထဲမှ တစ်ဆင့် အမြဲတစေ လိုက်နေလေ့ ရှိသည်။

သူတို့နှစ်ယောက် စကားကောင်းနေကြသည် မှန်သော်လည်း ဘာအကြောင်းပြော နေကြသည်ကို ရိပ်ဖမ်းသံဖမ်း မျှပင် ကျွန်မ မသိတော့ပါ။
"မဟုတ်ပါဘူး နှစ် နှစ်ဆယ် မကြာသေးပါဘူး။ အဲဒါမျိုးကလဲ ဘယ်တော့မှ ကျွန်တော့် ကို စိတ်ပျက် သွားအောင် မတတ်နိုင်ပါဘူး" စသည်ဖြင့် မစ္စတာ ဒီဝင်းတား ပြောလိုက်သည့် စကားသံကို ကြားရ ပါသည်။ မစ္စက်ဗန်ဟော့ပါး၏ ရွှင်လန်းအားရစွာ ရယ်မောသံကိုလည်း ကြားရပါသည်။

"မန်ဒါလေစံအိမ်ကြီးမျိုးသာ ဘီလီတစ်ယောက် ပိုင်မယ်ဆိုရင် ပမ်းဘိခ်ျလို နေရာမျိုး ကို သွားပြီး ဘယ်မှာ သဝေထိုးပါလိမ့်မယ် ရှင်ရယ်... မန်ဒါလေစံအိမ်ကြီးဟာ နတ်ဘုံနတ်နန်း ကြီးအတိုင်း ပါပဲလို့ ပြောသံကြားဖူးတယ်။ အင်း.... နတ်ဘုံနတ်နန်းဆိုတာကလွဲပြီး တခြား အမည်ပေးစရာလဲ မရှိတော့ ပါဘူးလေ"
မစ္စက်ဗန်ဟော့ပါးက စကားကို ခဏနားလိုက်သည်။ သူ ပြုံးလိမ့်မည်ဟု မျှော်လင့်ပုံရပါ သည်။ သို့သော် လည်း ဒီဝင်းတားက စီးကရက်ကိုသာ ဖွာမြဲဖွာနေသည်။ ပိုးမျှင်လောက်သေး ငယ်သည့် အရေးအကြောင်း ကလေးတစ်ခု သူ့မျက်လုံးနှစ်ခု စပ်ကြားတွင် ရှိနေသည်ကို ကျွန်မ သတိထားလိုက်သည်။

"မန်ဒါလေစံအိမ်ကြီးရဲ့ ဓာတ်ပုံတွေကို ကျွန်မ မြင်ဖူးပါတယ်၊ အမှန်ပြောတာပါ။ သိပ်ကို ကြီးကျယ် ခမ်းနာပါပေတယ်။ ကျွန်မရဲ့ တူတော်မောင် ဘီလီ တစ်ခါပြောဖူးတာကို အမှတ်မိသေးတော့တယ်။ သူက မန်ဒါလေ စံအိမ်ကြီးဟာ တခြား ဘယ်စံအိမ်နဲ့မှ မတူအောင် လှပလွန်းပါတယ်တဲ့။ ဒီလိုစံအိမ်ကြီးမျိုးကို ရှင်ကျောခိုင်း ထွက်လာနိုင်တာဖြင့် ကျွန်မအဖို့ အံ့သြကုန်နိုင်ဖွယ်ပါပဲ" ဟု ဇွတ် ပင် မြှောက်လုံး တွေ ပေးပြန် သည်။

မစ္စတာ ဒီဝင်းတားကား တုံဏှိဘာဝေ ဆိတ်ဆိတ်နေမြဲပင်။ သူ့ တိတ်ဆိတ်မှု သည် ဘေးလူများ ကိုပါ နေမထိ ထိုင်မသာ ဖြစ်စေလေတော့သည်။ သို့သော်လည်း မစ္စက်ဗန်ဟော့ ပါးကကား အလိုက်ကန်းဆိုးမသိ။ ကြိုးလွတ်ထွက်သွားသည့် ဆိတ်ရိုင်းတစ်ကောင်က သီးသန့် သတ်မှတ် ထားသော နေရာပေါ်သို့ ကျူးကျော်ဝင်ရောက်ကာ ခုန်ပေါက်မြူးတူးနေဘိ သကဲ့သို့ ဖြစ်နေသည်။ ကျွန်မ မျက်နှာပေါ်မှာ ရှက်သွေးများ ဖြန်းလာပြီဟု ကျွန်မ ခံစားလိုက်ရပါသည်။ တကယ်ဆိုတော့ မစ္စက်ဗန်ဟော့ပါး သည် ကျွန်မ၏ အလုပ်ရှင်ဖြစ်နေ လေရာ ကျွန်မပါ သူနှင့် တဂိုဏ်းတည်း လို ဖြစ်နေတော့သည်။
"ရှင်တို့ အင်္ဂလိပ်လူမျိုးတွေဟာ ကိုယ်အိမ်အကြောင်းနဲ့ ပတ်သက်လာရင် အတူတူ ချည်းပါပဲ" ဟု မစ္စက်ဗန်ဟောပါးက ဆက်ပြောပြန်သည်။ သူ့ အသံကလည်း စောစောကထက် ပိုလို့ပင် ကျယ်လောင် လာသည်။ "ကိုယ်အိမ်နဲ့ ပတ်သက်ပြီး ဂုဏ်မယူချင်သလို မာန်မဝင်ချင် သလိုချည့်ပဲ။ ပြီးတော့ ဂီတ ခန်းမဆောင်ကြီး တစ်ဆောင်လေ မန်ဒါလေစံအိမ်ကြီးမှာ ရှိတယ် ဆို၊ အလွန်အဖိုးတန်တဲ့ ပုံတူပန်းချီကားတွေလဲ ရှိတယ်မဟုတ်လား" ထိုသို့ပြောရင်း ကျွန်မဘက်သို့ လှည့်ကာ ရှင်းလင်းချက် ထုတ်ပြနေပြန် ပါသည်။

"မစ္စတာဒီဝင်းတားဟာ အင်မတန်သိုသိပ်လွန်းတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး  ငါ့ကို သူ ဝန်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အင်မတန် ချစ်စရာကောင်းတဲ့ အဲဒီ မန်ဒါလေစံအိမ်ကြီးကို မစ္စတာဒီဝင်းတားတို့ ဘိုးစဉ်ဘောင်ဆက် ကတည်းက ပိုင်ခဲ့ကြတာဟာ နော်မန်လူမျိုးတွေ ဗြိတိန်နိုင်ငံကို တိုက်ခိုက် သိမ်းယူ တဲ့ ခေတ်ကတည်းကလို့ဆိုတယ်။ ဂီတခန်းဆောင်ဟာလဲ အဖိုးအလွန်ထိုက်တန်သတဲ့။ ဒါထက် မစ္စတာဒီဝင်းတား.... ရှင်ရဲ့ ဘိုးဘေးဘီဘင်များဟာ မင်းဆွေမင်းမျိုးများကို ဖိတ်ပြီး စံအိမ်ကြီးမှာ ဧည့်ခံဖျော်ဖြေခဲ့ကြတယ် ဆို ဟုတ်လား"
မစ္စက်ဗန်ဟော့ပါး ၏ အကြောင်းကို အတွင်းသိ အစင်းသိဖြစ်သော ကျွန်မသည်ပင်လျှင် ယခုပြောနေသော မြှောက်လုံး ပင့်လုံးများကို နားမခံသာအောင် ဖြစ်လာပါ၏။ သို့သော်လည်း ရုတ်တရက် ပြန်ပြီး နှုတ်ထိုးလိုက်သည့် မစ္စတာဒီဝင်းတာ၏စကားကို  မမျှော်လင့်ဘဲ ကြားလိုက်ရပါသည်။

"အီသယ်ရက်ဘုရင် လက်ထက်ကစပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ မဖိတ်တော့ပါဘူး ခင်ဗျာ၊ ဘယ်အခါ မှ အဆင့်သင့်မဖြစ်တဲ့ ဘုရင်လေ... ကျွန်တော်တို့ အိမ်ကြီးကို ဝင်ထွက် သွားလာနေတုန်း အဲဒီနာမည် တစ်လုံး ရသွားတော့တာပဲ။ ညစာစားပွဲဆိုရင် ဘယ်တော့မှ အချိန်မီ မရောက်ဘူး၊ အမြဲ နောက်ကျတော့ တာပဲ။"
မစ္စဗန်ဟော့ပါး သည် သည်လို ပိုးစိုးပက်စက် အပြောခံထိုက်သော အမျိုးသမီး ဖြစ်ပါ သည်။ အဘွားကြီး မျက်နှာ ပျက်သွားလိမ့်မည်ဟု ကျွန်မထင်မိပါသည်။ သို့သော်လည်း ထင်သလိုဖြစ်မလာပါ။ မစ္စတာဒီဝင်တား ၏ စကားလုံးများသည် သူ့အဖို့ ဘာမျှ နာကျည်းစရာ မကောင်းသလို ရှိပါသည်။ ကျွန်မ သာလျှင် ကြားကနေပြီး သူ့အစား နာသာခံခက် ဖြစ်ရပါတော့ သည်။

"သြော်... ဒီလိုလား ကျွန်မဖြင့် မသိပါဘူရှင်။ ရာဇဝင်ဘာသာနဲ့ ပတ်သက်ရင် ကျွန်မက အားနည်း တယ်လေ။ အင်္ဂလန်ဘုရင်တွေနဲ့ ပတ်သက်လာရင် ကျွန်မအဖို့တော့ အားလုံး ရှုပ်ထွေးကုန်တော့တာပဲ။ စိတ်ဝင်စား စရာ ဘယ်လောက်ပဲကောင်းကောင်းပေါ့လေ။ ကျွန်မ သမီးဆီကို စာရေးပြီး ပြောပြရဦးမယ်။ သမီးက တကယ်ကို ပညာတတ်ကြီးရှင့်"
ခဏမျှ စကားမျှင်ပြတ်သွားကြပြန်သည်။ ကျွန်မ၏ တစ်မျက်နှာလုံး ရှက်သွေးများဖြင့် မွှန်ထူနေပြီ။ ကျွန်မ ၏ အသက်အရွယ် အလွန်တရာ ငယ်နုသေးခြင်းကလည်း တစ်ခက်ပင်။ အကယ်၍များ ကျွန်မ၏ အသက်အရွယ်ကြီးရင်နေမည်ဆိုပါက မစ္စတာဒီဝင်းတားနှင့် မျက်လုံး ချင်းဆိုကြည့်ကာ ပြုံးပြ မိပေလိမ့်မည်။ အဘွားကြီး၏ မယုံကြည်နိုင်စရာ ကောင်းလောက် အောင် မပြောတတ် မဆိုတတ် ဖြစ်နေသည်ကို မစ္စတာ ဒီဝင်းတားကဲ့သို့ပင် ကျွန်မလည်း သိရှိ သဘောပေါက်ပါကြောင်း မျက်ရိပ်ပြမိပေ လိမ့်မည်။ ယခုတော့ သည်လို မဟုတ်ချေပြီ။ ကျွန်မ၏ အသက်အရွယ် ငယ်နုခြင်းကြောင့် အဘွားကြီး ၏ အမြီးအမောက်မတည့်သော စကားများကို နားမခံသာေ အာင် ဖြစ် ကာ ခေါင်းမဖော်ဝံ့တော့ ဘဲ အရှက်ကြီးရှက်နေမိတော့ သည်။

ကျွန်မ စိတ်ဒုက္ခရောက်နေသည်ကို သူ သဘောပေါက်နားလည်သွားသည်ဟု ထင်ပါ သည်။ မစ္စတာ ဒီဝင်းတား က ကျွန်မဘက်သို့ သူ့ကိုယ်ကို ကိုင်ပြီး ကော်ဖီထပ်ယူဦးမည်လားဟု မေးသည်။ သူ့လေသံက အလွန်တရာ နူးညံ့သိမ်မွေ့ပါသည်။ ကျွန်မက မယူလိုတော့ကြောင်း ငြင်းပြီး ခေါင်းခါပြပါသည်။ သို့သော်လည်း ကျွန်မကို သူ စိုက်ကြည့်နေမြဲ ကြည့်နေပါသည်။ သူ့ မျက်လုံးများက တစ်စုံတရာကို နားမလည် သလို၊ တစ်စုံတစ်ရာကို ပြန်လည်စဉ်းစားနေသလို ထင်ရပါသည်။  အဘွားကြီးနှင့် ဘာမျှမခြာ။ အတူတူ နဲ့ အနူနူပဲဟု တွေးကောင်းတွေးနေပါ လိမ့်မည်။

"မွန်တီကာလိုနဲ့ပတ်သက်ပြီး ဘယ်လို သဘောရပါသလဲ။ ဘာမှ မထူဆန်းဘူးလို့ရော ထင်မိသလား" ဟု မစ္စတာဒီဝင်းတား က မေးပါသည်။ သည်မေးခွန်း မှာ အဘွားကြီးကိုသာမက ကျွန်မကို ပါမေးသည့် မေးခွန်းဖြစ်နေသည်။ သဘောကတော့ ကျွန်မကိုပါ စကားဝိုင်းထဲသို့ ဆွဲသွင်း လိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မအဖို့ အဆိုးရွားဆုံးအခြေအနေသို့ ရောက်အောင် တွန်းပို့ လိုက်သော မေးခွန်းမျိုးလည်း ဖြစ်ပါသည်။ ကျွန်မသည် ကျောင်းမှ ထွက်လာခါစ မနူးမနပ် ကောင်မလေးတစ် ယောက်၊ ကျောင်းထွက်စမို့ တံတောင်ဆစ်တွင်  စားပွဲခုံနှင့် ပွန်ရာများပင် မပျောက်သေးသော ကျောင်းထွက်စ အသစ်စက်စက်ကလေး တစ်ယောက် အဖြစ် မစ္စတာဒီဝင်းတား က မြင်နေပုံပေါက် ပါ သည်။

မွန်တီကာလို သည် အတုအယောင်တွေများသည်ဟု ထင်မိကြောင်း ထစ်အထစ်အနှင့် ကျွန်မ ပြန်ပြောမိပါသည်။ ကျွန်မ၏ စကားမဆုံးမီမှာပင် မစ္စက်ဗန်ဟောပါးက ကြားဝင်ဖြတ် တောက် ပစ်လိုက်ပါသည်။
"ဒီကလေးမ ကတော့ ပျက်စီးနေရှာပြီလေ မစ္စတာဒီဝင်းတားရဲ့။ သူ့အဖို့မှာ အဲဒါကလဲ တစ်ဒုက္ခပေါ့။ သူတို့အရွယ် တခြားမိန်ကလေးတွေများ မွန်တီကာလိုကိုသာ ကြည့်ခွင့်မြင့်ခွင့် ရမယ်ဆိုရင် သူတို့မျက်လုံး ကိုတောင် ထုတ်ပေးပါရဲ့"
"အဲဒီလို မျက်လုံးထုတ်ပေးရင် သူတို့ကြည့်ချင်မြင်ချင်လွန်းတဲ့ မွန်တီကာလိုကို ကြည့်ခွင့် မြင်ခွင့် ဆုံးရှုံး မသွားပေဘူးလား ခင်ဗျာ" ဟု အပြုံးကလေးဖြင့် သူက ပြန်ပြောသည်။
မစ္စက်ဗန်ဟော့ပါး ကတော့ ပုခုံးနှစ်ဖက်ကို တွန့်လိုက်သည်။ စီးကရက်မီးခိုးများကို လည်း အလိပ်လိုက် မှုတ်ထုတ်နေသည်။ မစ္စတာဒီဝင်းတား၏ ဆိုလိုရင်း အဓိပ္ပါယ် ကို သူ သဘောပေါက် နားလည်လိုက်ပုံ မရပါ။

"ကျွန်မကတော့ မွန်တီကာလိုကို ခွဲနိုင်ဖို့ ခပ်ခက်ခက်ပါရှင်။ အင်္ဂလိပ်ဆောင်းရာသီရဲ့ ဒဏ်ကို ကျွန်မ မခံနိုင် ဘူး။ ကျွန်မရဲ့ ကျန်းမာရေးအခြေအနေကလဲ အဲဒီဒဏ်ကို ခံနိုင်ရည်ရှိ လောက်အောင် မကောင်းဘူး။ ဒါထက် စကားမစပ်… ရှင် ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ။ ရှင်ဟာဒီနေရာကို လာနေကျ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ ရှယ်မီကစားဖို့ လာတာ လား။ ဒါမှ မဟုတ် ဂေါက်သီးရိုက်ဖို့ ဂေါက်တံတွေရော ယူခဲ့သလား" ဟု ဆက်မေးနေ ပြန်သည်။
"ဘာမှ မဆုံးဖြတ်ရသေးပါဘူးဗျာ။ အိမ်ကနေပြီး မသောကမျော ထွက်လာခဲ့တာပါ"
သူ့စကား က သူ့ကို ပြန်ပြီး တစ်စံတစ်ရာကို အမှတ်ရစေဟန်တူပါသည်။ သူ့မျက်နှာပေါ်မှာ အုံ့မှိုင်းညို့ဆိုင်း သွားပါသည်။ မသိမသာလည်း မျက်မှောင်ကုတ်လိုက် ပြန်ပါသည်။ အဘွားကြီး ကတော့ အလိုက်ကမ်းဆိုး မသိဘဲ စကားဆက်နေပြန်ပါသည်။

"မန်ဒါလေစံအိမ်ကြီးတစ်ဝိုက်မှာ ကျနေတဲ့ နှင့်ထုကြီးနဲ့တော့ ရှင်လွဲရပြီပေါ့။ ဒါကလဲ တစ် ခြားကိစ္စ ပါလေ။ အနောက်နိုင်ငံ ရဲ့ နွေဦးရာသီဟာ နှစ်မြို့စရာကောင်ပေမှာပဲနော်"
မစ္စတာဒီဝင်းတား က ဆေးလိပ်ပြာခံခွက်ကို လှမ်းဆွဲယူကာ စီးကရက်တိုကို ထိုးခြေနေ သည်။ သူ့မျက်လုံးများထဲမှာ နူးညံ့သိမ်မွေ့သည့် အရိပ်လက္ခဏာကလေးတစ်ခု ယှက်သမ်း သွားသည်ကို ကျွန်မ သတိထားလိုက်မိပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ကျွန်မသည် ကိုယ်နှင့်မဆိုင်သော တစ်ပါးသူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကို သတိထားကြည့်မိနေပြီဖြစ် ကြောင်းလည်း ခံစားလိုက်ရပါသည်။
"ဟုတ်ပါတယ်။မန်ဒါလေ မှာ အလှဆုံးအချိန်ပါပဲ" ဟု သူက တိုတောင်းစွာ ပြန် ပြောသည်။

တိတ်ဆိတ်ခြင်းက ခဏကြာအောင် ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကျရောက် လာပြန်သည်။ ယင်း တိတ်ဆိတ်ခြင်းကလည်း ကျွန်မတို့ကို မအီမသာ ဖြစ်စေပြန်ပါသည်။ သူ့ကို ကျွန်မ တိတ်တခိုးကလေး ကြည့်လိုက်မိပါသည်။ သည်လိုကြည့်လိုက်မိသည်နှင့် တစ်ပြိုင်တည်း ကျွန်မ မြင်ဖူးခဲ့သော ပန်းချီကားထဲက "မကြားမသိဖူးသော လူကြီးမင်း" ကို ပိုလို့ သတိရလာသည်။ ခန်းကူးစင်္ကြံန်များ တွင် မှောင်ရိပ်ခိုကာ သွားလာနေသည့် ၁၅ ရာစုခေတ်လူသားများ၏ ရုပ်သွင်ကို ထင်ယောင်မြင်ယောင်ဖြစ် လာသည်။ ထိုသို့ အတွေး နယ်ကျွံနေစဉ်မှာပင် မစ္စက်ဗန်ဟော့ပါး၏ အသံက ကျွန်မ၏ အတွေးအိပ်မက်ကို လျှပ်စစ် ခေါင်းလောင်းသံက ဖျက်ဆီးသလို ဖျက်ဆီးပစ် လိုက်ပါတော့ သည်။ 

"ဒီမှာရှိနေကြတဲ့ လူတော်တော်များများကို ရှင်သိတယ်လို့ ကျွန်မထင်ပါတယ်။ အခုလို ဆောင်းရာသီမှာ မွန်တီကာလိုဟာ အင်မတန် ငြီးငွေ့စရာ ကောင်းတယ်လို့တော့ ပြောရမှာပဲ။ အထက်တန်းလွှာက နာမည်ကြီးတွေ လဲ အရောက်အပေါက်နည်းနေတယ်။ မစ်ဒယ်လ်ဆက် မြို့စားကြီးကတော့ သူ့ရဲ့ ဇိမ်ခံရွက် သင်္ဘောကြီးနဲ့ ဒီကိုရောက်နေလေ့ရဲ့။ အခုအချိန်အထိ သင်္ဘောပေါ်ကိုတော့ ကျွန်မ မရောက်သေး ဘူးပေါ့လေ။ ဟဲ…ဟဲ…."
ကျွန်မ သိရသလောက်ကတော့ နောင်လည်း သင်္ဘောပေါ်သို့ ဘယ်တော့မှ သူ မရောက် ခဲ့ပါ။
"မစ်ဒယ်လ်ဆက်မြို့စားကြီး ကတော်ကို ရှင်သိမှာပေါ့နော်" ဟု သူက စကားဆက်ပြန် သည်။ "အင်မတန် ချစ်စရာ အင်မတန်စွဲမက်စရာကောင်းပေတာပဲ။ သူ့ရဲ့ ဒုတိယကလေးဟာ မြို့စားကြီးနဲ့ ရတာ မဟုတ်ဘူး လို့ ပတ်ဝန်းကျင်က ဝိုင်းပြောနေကြတယ်။ ကျွန်မတော့ မယုံကြည် နိုင်ပါဘူးရှင်။

အမျိုးသမီးတစ်ယောက်ယောက်ဟာ ချောမောလှပလာပြီ၊ ချစ်စရာကောင်းလာပြီ ဆိုရင် ပတ်ဝန်းကျင်ဆိုတာမျိုးက ဒီလိုပဲ အမနာပ အတင်းအဖျင်းတွေ ပြောကြတော့တာပဲ။ မဟုတ်ဘူး လား။ မြို့စားကြီးကတော်ကလဲ တကယ့်ကို ချစ်စရာ ကောင်းပါတယ်။ ဒါနဲ့ တစ်ခုပြော စမ်းပါအုံး။ ကက်စ်တန် နဲ့ ဟစ်လာ့တို့ ဇနီးမောင်နှံဟာ  အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေကြတယ်ဆို ဒါ အမှန်ပဲလား"
မစ္စက်ဗန်ဟော့ပါးက ရှုပ်ထွေးပွေလီလှသော အတင်းအဖျင်းစကားများကို ဆက်တိုက် ပြောနေတော့ သည်။ သူပြောနေသော နာမည်များနှင့် မစ္စတာဒီဝင်းတားတို့ ကျွမ်းဝင်ခြင်း ရှိပုံမရ သည်ကိုလည်း သူ အကဲခတ်မိဟန် မတူ။ သိမ်ဖျင်းသော အတင်းစကားများကြောင့် မစ္စတာ ဒီဝင်းတား၏ အမူအရာ မှာ စောစောကထက် ပိုမိုအေးစက်လာပြီး ရေငုံနှုတ်ပိတ် လုပ်နေသည်ကို လည်း သူ ရိပ်မိဟန်မတူ။
မစ္စတာဒီဝင်းတားကမူ စကားလည်း ဝင်မထောက်။ အဘွားကြီး လေကြောပြတ်စေရန် အတွက် သူ့လက်မှ လက်ပတ်နာရီ ကိုပင် မြှောက်မကြည့်။ အတတ်နိုင်ဆုံး သူ ဣနြေ္ဒဆည်နေခြင်း ဖြစ်သည်။

စောစောတုန်း က ကျွန်မ၏ ရှေ့မှောက်မှာပင် အဘွားကြီးကို သူ အရူးလုပ်ခဲ့ပြီ။  ထို့ကြောင့်လည်း သူ သိက္ခာ ထပ်မကျရလေအောင် အစွမ်းကုန်သူ ဣနြေ္ဒဆည်နေခြင်း ဖြစ်သည်။ သည်လို ကျဉ်းထဲကျပ်ထဲမှာ သူ ဒုက္ခရောက်နေသည်ကို ဝင်ရောက်ကယ်တင်ပေးလိုက်သူကား ဟိုတယ်မှ လက်တိုလက်တောင်း ခိုင်းစေ သည့် လူငယ်လေးပင် ဖြစ်သည်။ အဝတ်ချုပ်သည့် အမျိုးသမီးက မစ္စက်ဗန်ဟော့ပါးကို အခန်းတွင်း မှ စောင့်နေကြောင်း လာရောက်အကြောင်းကြား ခြင်းဖြစ်သည်။
မစ္စတာဒီဝင်းတား က ထိုင်ရာမှ ရုတ်တရက် ထလိုက်သည်။ ကုလားထိုင်လည်း နောက်ဘက်သို့ တွန်းဖယ် ပစ်လိုက်သည်။
"ကျွန်တော့်ကြောင့်တော့ အနှောက်အယှက် မဖြစ်ပါစေနဲ့ခင်ဗျာ၊ ဖက်ရှင်ဆန်း  တွေဟာ ဒီကနေ့ ခောတ်မှာ အပြောင်းအလဲမြန်လွန်းပါတယ်။ ခင်ဗျားတို့ အပေါ်ထပ်ကို ရောက်သွားတဲ့ အချိန် မှာ ကို နောက်ထပ် ဖက်ရှင်ဆန်းက ထပ်ပေါ်လာပြီး အခု ဖက်ရှင်က  ခောတ်နောက်ကျသွားနိုင်ပါ တယ်" ဟု သူက ပြောသည်။

မစ္စတာဒီဝင်းတား ပစ်လွှတ်လိုက်သည့် ထိုမြှားတစ်စင်းသည်လည်း အဘွားကြီးကို ထိမှန်ပုံမရ။ အပျော်အပျက်ပြော သည့် စကားလုံးအဖြစ်ပင် သဘောပေါက်လက်ခံ လိုက်ပုံ ရသည်။
"ရှင်နဲ့ အခုလို ကြုံကြိုက်ရတာ စိတ်ချမ်းသာစရာကောင်းလိုက်တာ ရှင်။ ကျွန်မသတ္တိ ကောင်းကောင်းနဲ့ ရှင့် ကို စကားဝင်ပြောမိပေလို့ အခုလို စကားလက်ဆုံကျသွားတာပါ။ ကျွန်မအခန်းကိုလဲ တစ်ခါ တစ်ခေါက်လောက် ကြွပြီး တစ်ခုခုသုံးဆောင်ပါဦး။ မနက်ဖြန် ညနေဆိုရင် ဧည့်သည် တစ်ယောက်နှစ်ယောက်လောက် လာကောင်း ပါရဲ့။ ဒီတော့ ကျွန်မတို့နဲ့ လာပြီး ဝိုင်း လိုက်ပါဦးလား ရှင်" ဟု ဓာတ်လှေကားသို့အသွား စကားဆက် ပြန်သည်။
တစ်ဖက်သို့ ကျွန်မ မျက်နှာလွဲပစ်လိုက်မိသည်။ သို့မှသာ မစ္စတာဒီဝင်းတား၏ အကြောင်းရှာငြင်းဆန် မည့် အမူအရာကို မမြင်မတွေ့ရဘဲ ရှိပေလိမ့်မည်။

"ဝမ်းနည်းပါတယ်ဗျာ။ မနက်ဖြန်တော့ ဆော့စ်ပင်လယ်ကို ကျွန်တော်သွားစရာ ရှိနေပါတယ် ဘယ်အချိန်ပြန်ရောက်မယ် ဆိုတာ မသေချာသေးပါဘူး"
မစ္စက်ဗန်ဟော့ပါး သည် စိတ်မပါ့တပါဖြင့် ထိုအကြောင်းကို လက်လျှော့ လိုက်ရတော့သည်။ ပြီးတော့ ဓာတ်လှေကား အဝင်ဝမှာ ကျွန်မတို့ယောင်ချာချာ ဖြစ်နေကြ ပြန်သည်။ 
"ရှင့်ကို ဟိုတယ်က လူတွေ အခန်းကောင်းကောင်းတော့ ပေးကြလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ဒီမှာကလဲ လူတစ်ဝက်လောက်ပဲ ရှိသေးတော့ အခန်းလွတ်တွေက အများကြီး မဟုတ်လား။ တကယ်လို စိတ်တိုင်းမကျရင်တော့ များများသာ နားပူနားဆာ လုပ်ပေးပေ တော့။ ရှင့် အဝတ်အစားသေတ္တာတွေ လဲ ဖွင့်ပြီး နေရာချထားမပေးရသေးဘူး မဟုတ်လား"
မမေးသင့်သော စကားကို မစ္စက်ဗန်ဟော့ပါးက မေးလိုက်ပြန်ချေသည်။ သူစိမ်း ယောက်ျား သားတစ်ယောက် ၏ အဝတ်အစားများနေရာချထားပြီး မပြီးကို သူစိမ်းအမျိုးသမီး တစ်ယောက်က ဝင်ရောက် စပ်စုခြင်းမှာ အလွန်တရာ မလျော်ကန်သည့် အရာပင်ဖြစ် ချေသည်။ မစ္စတာဒီဝင်းတား ၏ မျက်နှာပေါ် တွင် လှစ်ကနဲ အမူအရာပြောင်းသွားသည်ကို ကျွန်မ  မြင်လိုက်ရသည်။

"ဝတ်ကြီး ဝတ်ငယ်လုပ်ပေမယ့် တပည့်သားမြေးများ ကျွန်တော့မှာ မရှိပါဘူးခင်ဗျာ။ ဒါကြောင့် ခင်ဗျား ကများ တာဝန်ယူပြီး ဆောင်ရွက်ပေးနိုင်ပါမလား"
မှတ်ကရော။ သူ လေးအေးကလေးနှင့် ပြန်ပြောလိုက်ခြင်းဖြစ်သည်။
သည်တစ်ချီတော့ ပစ်ချက် ကို တည့်တည့်ကြီး ထိမှန်သွားချေပြီ။ အဘွားကြီး၏ မျက်နှာပေါ်မှာ ရဲကနဲ ရှက်သွေးဖြန်း သွားသည်။ ပြီးတော့ မနေတတ် မထိုင်တတ်ဖြင့် တစ်ချက်ရယ် လိုက်သည်။
"အိုး မဖြစ်နိုင်တာ" ဟု ပြောပြီး ကျွန်မဘက်သို့ ရုတ်တရက် လှည့်လိုက်သည်။

"မင်းကတော့ မစ္စတာဒီဝင်းတား အတွက် အသုံးဝင်နိုင်ကောင်းပါရဲ့နော်။ သူ့အတွက် လိုအပ် တာတွေ ဆောင်ရွက်ပေးနိုင်မယ် မဟုတ်လား။ မင်းကတော့ ဘာမဆိုတတ်နိုင်တဲ့ မိန်ကလေးပေပဲ" ဟု ဆက် တိုက်ကြီး ပြောချလိုက်ပါတော့သည်။ နားနှင့် ဆတ်ဆတ်ကြားလိုက်ရ ပါလျက်နှင့် အဘွားကြီးပါးစပ် မှ ထိုစကားမျိုး ထွက်ရက်သည်ဟု မယုံကြည်နိုင်အောင် ဖြစ်သွားရ ပါတော့သည်။
ခဏမျှ တိတ်သွားကြသည်။ ကျွန်မလည်း ကြက်သေသေကာ ရပ်နေမိသည်။ ဘယ်လို အဖြေမျိုးကိုများ သူ ပြန်ပေးလိမ့်မည်နည်း ဟု အသည်းတထိတ်ထိတ်ဖြင့် စောင့်နေမိသည်။ ကျွန်မ တို့နှစ်ယောက်ကို သူက ငုံ့ကြည့်သည်။ သူ့ အမူအရာမှာ သရော်တော်တော် အမူအရာမျိုးနှင့် မျက်နှာ အနည်းငယ်မဲ့သည့် အမူအရာမျိုး ရောစွက်နေသည်။ နှုတ်ခမ်းအစုံ မှာလည်း အဓိပ္ပါယ်တစ်မျိုး ပေါက်သည့် အပြုံးတစ်မျိုး ရှိနေသည်။ 

"အင်မတန် ကောင်းမြတ်တဲ့ အကြံပေးချက်ပါပဲ ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ မိသားစုမှာ ဆိုရိုးစကား တစ်ခုရှိပါတယ်။ ခရီးမြန်မြန်သွားချင်ရင် အဖော်မမင်နဲ့တဲ့။ ခင်ဗျားက တော့ ကြားဖူး မယ် မဟုတ်ပေ ဘူး"
ထိုစကားကို ပြောပြီး အဘွားကြီး၏ အဖြေကိုမျှ မစောင့်တော့ဘဲ နောက်ဘက်သို့ ချာကနဲ လှည့်ကာ ထွက်သွားလေတော့ သည်။
"ဘယ်လောက် ရယ်စရာကောင်းသလဲ" ဟု ကျွန်မတို့ ဓာတ်လှေကားနှင့် အပေါ်ထပ်သို့ တက်လာကြခိုက် တွင် မစ္စကဗန်ဟော့ပါးက ပြောသည်။
"အခုလို ရုတ်တရက် သူ ထွက်သွားတာဟာ အသောကလေး ဖောက်သွားတာလို့များ မင်း မထင် မိဘူးလား။ ယောက်ျားတွေဟာ ဒီလိုပဲ ထူးထူးဆန်းဆန်းတွေ လုပ်တတ်တယ်ကွယ့်။ နာမည်ကျော် စာရေးဆရာတစ်ယောက်နဲ့ ကြုံခဲ့ရပုံကလေးကို သတိရသေးတော့တယ်ကွယ်။ အဲဒီ စာရေးဆရာဟာ ငါ့ကို တွေ့တိုင်း နောက်ဘေးလှေကားက ဆင်းဆင်းပြေတတ်တယ်။ သူက ငါ့ကို ချိတ်တိတ်တိတ် ရယ်လေ.. သူ့ကိုယ်သူလဲ သေချာပုံ မပေါ်ဘူး။ ဒီတုန်းက ငါကလဲ ငယ်တုန်း ရွယ်တုန်း လှတုန်းပတုန်း ကိုး... "
ဓာတ်လှေကားက တုံကနဲ ရပ်သွားသည်။ ကျွန်မတို့တည်းခိုနေသည့် အခန်းရှိသော အထပ် သို့ ရောက် လာပြီ။ အလုပ်သမားကလေးတစ်ယောက်က တံခါးဖွင့်ပေးသည်။

"ဒါနဲ့ စကားမစပ်ပြောရဦးမယ်။ မှိုချိုးမျှစ်ချိုး ပြောတယ်လို့တော့ မထင်လေနဲ့။ ဒါပေမဲ့ ဒီကနေ့ စကားဝိုင်း မှာ မင်းဟာ နည်းနည်းတော့လူတွင်ကျယ် လုပ်ချင်တယ်။ စကားဝိုင်းကို မင်းတစ်ယောက် တည်း မောင်ပိုင်စီးဖို့ ကြိုးစာခဲ့တာဟာ ငါ့အဖို့ အနေရ အထိုင်ရ တော်တော် ခက်သွားတယ်။ မစ္စတာဒီဝင်းတာ လဲ ဒီအတိုင်းဖြစ်မှာ သေချာတယ်။ ဒီလိုလုပ်တာမျိုးကို ယောက်ျားတွေက အင်းမတန်း ရွံတယ်။ မှတ်ထား.. "
ကျွန်မ ဘာမျှပြန်မပြောပါ။ ဖြေစရာစကားလည်း ရှိနိုင်မည့် စွပ်စွဲချက်မျိုး မဟုတ်ပါ။
"ကဲ.. လာပါလေ... ကောက်တေးလုပ်မနေစမ်းပါနဲ့... "
ရယ်ရွှန်းပတ်ရွှန်းဖြင့် သူက ပြောပြန်သည်။ ပခုံးနှစ်ဖက်ကိုလည်း တွန့်လိုက်သည်။
"ဘာပဲ ဖြစ်ဖြစ် မင်းရဲ့ အပြုအမူ အနေအထိုင် အပြောအဆိုတွေနဲ့ ပတ်သက်ပြီး ငါ့မှာ တာဝန်ရှိပါတယ်။ မင်းရဲ့ အမေအရွယ်ဖြစ်တဲ့ ငါ့လို မိန်းမတစ်ယောက်ဆီက အကြံဉာဏ်ကို တော့ မင်း ယူသင့်တယ်"
စကားဆုံး သည်နှင့် တစ်ပြိုင်နက်တည်း အင်္ကျီချုပ်သူ စောင့်နေသည့် အခန်းတွင်းသို့ ဝင်သွားလေတော့ သည်။

ပြတင်းပေါက်နားမှ ကုလားထိုင်မှာ ကျွန်မ ဒူးညွတ်ထိုင်ချလိုက်မိပါသည်။ ပြီးတော့ အပြင်က မွန်းလွဲပိုင်း၏ မြင်ကွင်းများကို ငေးကြည့်နေလိုက်မိသည်။ အပြင်ဘက်တွင် နေရောင်က အလွန် မတန်တောက်ပနေဆဲဖြစ်သည်။ လေရူးကလးကလည်း ဝေ့ဝဲနေပါသည်။ နောက် နာရီဝက်လောက်ကြာ လျှင် ဟောလီးဝုဒ်ဝိုင်းမှာထိုင်ပြီး ဖဲကစားကြရပါဦးမည်။ ထိုအခါ တွင် ပြတင်းပေါက်များကို အလုံပိတ်ထားမည်။ အပူငွေ့ပေးသည့်စက်ကိုလည်း အခန်းထဲမှာ အာဏာကုန် ဖွင့်ထားသည်။ ဆေးလိပ်ပြာခံခွက်များ ရှင်းလင်းပေးရဦးမည့် အကြောင်းကိုလည်း ကျွန်မ စဉ်းစားနေ မိသည်။ နှုတ်ခမ်းနီဆိုးဆေးစွန်းနေသည့် ဆေးလိပ်တို များသည် ချောကလက်ပတ် စက္ကူများနှင့် ရောထွေးနေလိမ့်မည်။
ကျွန်မသည် ငယ်စဉ်ကလေးဘဝကတည်းက ရိုးရိုးကစားနည်းလောက်ကိုသာ သင်ကြား တတ်မြောက် ခဲ့ပါ၏။ ဟောလီးဝုဒ်ဖဲကစားနည်းကို ကျွန်မ ကောင်းစွာ ကျွမ်းကျင်ခြင်း မရှိပါ။ ထို့ကြောင့် မစ္စက်ဗန်ဟော့ပါး ၏ မိတ်ဆွေများက ကျွန်မနှင့်အတူ ဖဲကစားရမည်ကို လက်တွန့်တတ်ကြပါသည်။

ကျွန်မ လို အသက်အရွယ်နုသူ မိန်မပျိုးလေးတစ်ယောက် သူတို့ ဖဲကစားသည့် အနီးအဝိုက်တွင် ရှိနေခြင်းအားဖြင့် သူတို့အဖို့ တစ်နည်းတစ်ဖုံတော့ အနှောင့်အယှက်ဖြစ်နေ တတ်ပါသည်။ ထမင်းစားပြီး အချိုပွဲ ကလေး ရောက်မလာမီ ထွေရာလေးပါးပြောမည် ကြံတုန်း စားပွဲထိုးအမျိုးသမီးက ထမင်းဝိုင်းနားမှ မခွာသည့် သဘောမျိုး ဖြစ်နေသည်။ ကျွန်မရှိ နေသည့်အတွက် ပေါက်ကရလေးဆယ်များကို သူတို့ ထင်တိုင်းပြောဆိုနိုင်ကြခြင်း မရှိတော့ပါ။  မစ္စက်ဗန်ဟော့ပါး၏ ယောက်ျားမိတ်ဆွေများကတော့ ထိုသို့ မဟုတ်ပါ။ ကျွန်မအပေါ် စိတ်ဝင်စားသယောင် အပင်ပန်းခံကာ ဟန်ဆောင်တတ်ကြပါသည်။ ပြီးတော့ ရာဇဝင် ဘာသာ ရပ်အကြောင်းကိုပဲ ဖြစ်ဖြစ်၊ ပန်းချီအကြောင်းကိုပဲဖြစ်ဖြစ် ကျွန်မကို မေးလားမြန်းလား လုပ်ကြ သည်။ သဘောကတော့ ကျွန်မသည် ကျောင်းမှထွက်စ မနူးမနပ်ကလေးဖြစ်သောကြောင့် ရာဇဝင်နှင့် ပန်းချီအကြောင်း မှလွဲပြီး ဘာမျှမသိသေးဟု အထင်ရောက်ကြသောကြောင့် ဖြစ်ပါ သည်။

သက်ပြင်းတစ်ချက် ရှိုက်လိုက်မိပါသည်။ ပြီးတော့ ပြတင်းပေါက်ကို ခွာခဲ့သည်။ နေရောင်ကလည်း ကျဲကျဲတောက်တောက် ကြည်လင်နေဆဲ။ ပင်လယ်ပြင်ပေါ်တွင် လေပြည် လေညှင်း  ကလေး က မြူးတူးစွာ သုတ်ဖြူးနေပါသည်။ ထို့ကြောင့်လည်း ပင်လယ်ပြင် မှာ ဖွေးဖွေးဖြူကာ လှုပ်ရှားနေသည်။
လွန်ခဲ့သည့် တစ်ရက်နှစ်ရက်လောက်က ကျွန်မ လမ်းဖြတ်လျှောက်ခဲ့မိသည့် မိုနာကိုနယ်မှ လမ်းထောင့်ချိုးတစ်ခုအကြောင်းကို ပြန်တွေးနေမိသည်။ ထိုလမ်းထောင့်တွင် အိမ်တစ်ဆောင် ရှိပါသည်။ ကျောက်တုံးများခင်းထားသည့် မြေကွက်လပ်ဘက်တွင် ပြိုတော့မလို ထိုင်နေသည်။ အိတွဲကျနေ သည့် ခေါင်မိုးတစ်နေရာတွင ချောင်းကြည့် ပေါက်ကလေးလို ပြတင်းပေါက်ကျဉ်းကျဉ်း ကလေးတစ်ခု လည်း ရှိပါသည်။ ထိုအထဲတွင် ခောတ်ဟောင်းက ဝိညာဉ်တစ်ခုခု ရှိနေသယောင် ကျွန်မ ထင်မြင်မိပါသည်။

စားပွဲပေါ် မှ စက္ကူနှင့် ခဲတံကို လှမ်းယူကာ စိတ်မှတ်မထင်ပင် လူပုံတစ်ခုကို ရေးခြစ်နေမိပါ သည်။ တည်ငြိမ်သော မျက်လုံး၊ ချွန်ထက်သော နှာတံ၊ မာန်မာနကြီးပုံရသည့် အထက်နှုတ်ခမ်း စသည်များ ကိုလည်း ရေးဆွဲလိုက်သည်။ တစ်ဆက်တည်း မုတ်ဆိတ်မွေး ချွန်ချွန်တစ်ချောင်းနှင့် ဇာလည်စည်း ကိုပါ ရေးဆွဲပေးလိုက်သည်။ ရှေးခေတ်ပန်းချီရေးဆွဲနည်း အတိုင်း  ရေးဆွဲလိုက်ခြင်း ဖြစ်ပါသည်။
တစ်စုံ တစ်ယောက်က တံခါးလာခေါက်သည်။ ပြီးတော့ ဓာတ်လှေကားမောင်းသည့် သူငယ် ကလေး စာရွက် တစ်ရွက်ကိုင်ပြီး ဝင်လာသည်။
"မေမေကြီး အခန်းထဲမှာ... " ဟု ကျွန်မက ဆီးပြောသည်။ သို့သော်လည်း သူက ခေါင်းခါပြပြီး ကျွန်မ အတွက် စာဖြစ်ကြောင်း ပြောပါသည်။ စာအိတ်ကို ဖွင့်ကြည့်လိုက သောအခါ စာရွက် ကလေးတစ်ရွက် သာ ထွက်လာသည်။ ကျွန်မ မမြင်ဖူးသေးသည့် လက်ရေးဖြင့် စာလုံး အနည်းငယ် ရေးခြစ် ထားသည် ကို တွေ့ရသည်။

(ကျုပ်ကိုခွင်လွှတ်ပါ။ ဒီနေ့ခင်း သိပ်ကိုရိုင်စိုင်းလိုက်မိပါတယ်)
စာက ဒါပဲဖြစ်သည်။ အောက်တွင် လက်မှတ်လည်း ရေးထိုးမထား။ အစတွင်လည်း တစ်စုံ တစ်ရာ အမည်တပ် ထားခြင်းမရှိ။ သို့သော်လည်း စာအိတ်ပေါ်တွင်မူ ကျွန်မ၏ နာမည်ကို စာလုံးပေါင်း မှန်ကန်စွာ ရေးထားသည်ကိုတော့ တွေ့ရသည်။ ထူးခြားချက်တစ်ခုပင်။
"ဘာပြန်မှာ ဦးမလဲ ခင်ဗျာ" ဟု လူငယ်ကမေးသည်။
"မမှာတော့ ပါဘူး။ ဘာမှ မှာစရာမရှိပါဘူး" ဟု စာလုံးကလေးများကို ငုံ့ကြည့်နေရာမှ ကျွန်မ ပြန်မော့ဖြေလိုက် သည်။

သူ ထွက်သွားတော့ စာတိုကလေးများကို အိတ်ထဲမှာထည့်ပြီး သိမ်းထားလိုက်သည်။ ဆွဲလက်စ လူရုပ်ပုံ ဘက်သို့ ပြန်လှည့်သည်။ သို့သော်လည်း သည်ပုံကို ကျွန်မ သဘောမကျ တော့ပါ။ မျက်နှာက တင်းမာ လွန်းသည်။ အသက်ကင်းမဲ့လွန်းသည်။ ဇာကော်လာနှင့် မုတ်ဆိတ် မွေးတစ်ချောင်းကလည်း ဇာတ်ထဲမှ စကားထာ ဝှက်ရာတွင် အဖော်ရလွယ်စေရန် နှပ်ကြောင်းပေး သည့် သဘောမျိုးဖြစ်နေတော့သည်။

ဆက်ရန်
.

No comments: