Sunday, April 29, 2012

သာဓု ၏ အတာ, အပိုင်း (၄၆) (ဇာတ်သိမ်း)

"ဟေ့ကောင် မင်း ဘယ်သွားဦးမလို့လဲ"
ယခင် မော်လမြိုင်သွားစဉ်ကလည်း ဤလိုပင် ဦးချခဲ့ဖူးသောကြောင့် ကိုထွန်းအောင် က ကောက်ကာ ငင်ကာ မေးလိုက်သည်ကို "မသွားပါဘူး" သို့ဖြေရင်း အတာ ထရပ်ကာ လက်ထဲ တွင် ကိုင်ထားသော စက္ကူအိတ်ကလေးကို သူ့မေမေ အား လှမ်း ပေးလိုက်ရင်းက "အဲဒါ ကျွန်တော် အလုပ်လုပ်လို့ ရတဲ့ ပထမဆုံးလခ မေမေ၊ မေမေ သုံးချင်တာ သုံးပေါ့၊ ကျွန်တော် ကန်တော့ ပါတယ်"
သို့ အတာပြောနေစဉ် မှာပင် မသိန်းမေက စာအိတ်ကလေးကို ဖွင့်ကြည့်ဆွဲထုတ်လိုက်သည်နှင့် ဆယ် တန်နှစ်ရွက်နှင့် ငါးကျပ်တန်တစ်ရွက် ထွက်လာသည်ကို တွေ့ရ၏။
ကို ဆက်ဖတ်ရန်.....

မိဘနှစ်ပါးစလုံး ပင် အတန်ကြာသည်တိုင်အောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တွေနေ ကြ၏။ နောက် စက္ကန့်ပိုင်းလောက်အတွင်းမှာပင် ကိုထွန်းအောင် မျက်ရည်ဝေလာ၏။ မသိန်းမေ တွင်မူ ဝေရုံသာမက မျက်ရည်တို့သည် တသွင်သွင် စီးကျတော့၏။
"သား အတာ သားလေး"
မသိန်းမေကလည်း သို့လျှင် ရေရွတ်မိရာမှ ရှေ့ဆက်၍ပြောရန် သူကြိုးစား၏။ သို့သော် နှုတ်ခမ်းသာ တရွရွ လှုပ်နေသည်၊ စကားဆို၍ ဘာတစ်ခွန်းမျှ ထွက်မလာတော့ဘဲ နောက်ဆုံး၌ မျက်ရည်ကလေး တလည်လည်နှင့် ငေးနေသော အတာ ကိုသာလျှင် သိမ်းကျုံးပွေ့ဖက်ကာ ပါးပါးချင်း ပွတ်လျက် မျက် ရည်ချင်းနှောကာ အတောမသတ် ရှိုက်နေလေတော့၏။
ကိုထွန်းအောင် တွင်မူ မျက်ရည်ပင် လည်နေသော်လည်း ပါးစပ်ကမူ ပြုံးပြုံးကြီးကြည့်ရင်း ခေါင်း တညိတ်ညိတ် ဖြစ်နေ၏။ အတာ့ညီမလေး အမာမှာလည်း မျက်ရည်ကလေး အရွှဲသားနှင့် ဝမ်းနည်း ဝမ်းသာ ကလေး ငေးနေရှာ၏။

"သားလေး အတာ၊ မင့်အပေါ် မေမေ စိတ်ထားဆိုးခဲ့သမျှ ခုတော့ မေမေ ရင်ကွဲပြီ သားရယ်၊ မေမေ အသည်းကွဲပြီ"
သို့ပြောလိုက် အတာကလေးအား ဖက်၍ နမ်းလိုက်ဖြင့် မသိန်းမေတွင် သည်းအူပြတ်မျှ နောင်တ ကြီး ရ နေတော့၏။
"မှားခဲ့ပြီ၊ မေမေ မှားခဲ့တာဟာ နည်းနည်းလေးမဟုတ်ဘူး သားရယ်၊ နည်းနည်းလေး မဟုတ်ဘူး၊ သား လေး ဟာ ဟိုတုန်းက မလိမ္မာရင် ခုနေ သူခိုးဖြစ်နေမလား၊ ခါးပိုက်နှိုက်ပဲ ဖြစ်နေမလား မသိဘူး၊ အဲသ လောက် မေမေ ဆိုးခဲ့တယ်၊ ငါ့သားအပေါ်မှာ မေမေ"
အားပါးတရ ဖက်လိုက်ပြန်၏။ ရက်ရက်ရောရော နမ်းနေပြန်၏။ ထိုအခိုက်တွင် လမ်းမဆီမှ ရွှီခနဲ မှုတ် လိုက်သော လေချွန်သံနှင့်အတူ "အတာကြီး ဟေ၊ ဟေး အတာ"ဟူသော မောင်မောင်တို့ အသံ ပေါ်လာသောကြောင့် "ကဲ အတာ၊ သွား သွား၊ ဟိုမှာ မင့်သူငယ်ချင်းတွေ လာခေါ်နေပြီ သွားလေကွာ"

ကိုထွန်းအောင်လည်း အတာအား ဤလိုပြောလိုက်မှပင် မသိန်းမေအား မျက်စိမှိတ်ပြလိုက်၏။ အတာ ဆင်းသွား လျှင် ဆင်းသွားခြင်း ကိုထွန်းအောင်လည်း ခေါင်းတညိတ်ညိတ်နှင့် မသိန်းမေအား ကြည့်နေ ပြီးမှ
"ကဲ ဘယ့်နဲ့လဲ မသိန်းမေ၊ ကျုပ် အစကမပြောဘူးလား၊ ပြောတော့ ခင်ဗျား စိတ်ဆိုးတယ်၊ ခင်ဗျားဟာ စာလည်း မတတ်ဘူး၊ စာမတတ်တော့ ဗဟုသုတမရှိဘူး၊ ဒီတော့ ဘယ်လိုပြောလို့မှ ခင်ဗျား နားမဝင် ဘူး၊ ဟုတ်တယ် မဟုတ်လား" သူ့အမှား သူ ဝန်ခံသလို မသိန်းမေကလည်း ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ကိုထွန်းအောင် ကိုသာ တွေ ကြည့်ရင်း နားစွင့်နေ၏။
"သူတို့ကြီးလာ လို့ အလုပ်အကိုင်ရရင် သူတို့သားမယား ရှာကျွေးမှာဆိုတဲ့ စကားနဲ့ပဲ အကြောင်းပြပြီး ခင်ဗျား ဒီကောင်လး ကို လျစ်လျုရှုထားခဲ့တယ်၊ ရက်စက်ခဲ့တယ်"

သို့လျှင် ပြင်းပြင်းထန်ထန်ကလေး ပြောလိုက်ပြီးမှ တစ်စုံတစ်ရာကို သတ်ရသလိုဖြင့် ကိုထွန်းအောင် မျက်နှာထားပြောင်းသွားကာ "အေးလေ အမှန်ကတော့ ခင်ဗျားအပြစ်ချည့်လဲ မဟုတ်ဘူး၊ တရားတော်နဲ့ ကြည့်မယ် ဆိုရင် သူ့ အကု သိုလ်ကလဲ တော်တော်ပဲ ကြီးမားပုံရတယ် မသိန်းမေ၊ ခု ကြည့်ပါလား၊ ဒီကောင် အမျိုးမျိုးဒုက္ခရောက် ရပြီးမှ သူ့ကို မသန်းသန်းတို့က ဘယ်လောက်ချစ်သလဲ၊ ဘယ်လောက် အရေးပေးသလဲ၊ နိုင်ငံခြား တောင်ပို့ပြီး ပညာသင်မယ်လို့ ပြောထားရက်နဲ့ ဒီကောင့် အကုသိုလ်က မကုန်သေးတော့ ကြံဖန်ပြီး ဒီကောင် ပျက်စီးရတယ်"
"မဆိုင်ပါဘူးရှင်၊ ဒီကောင် ဒီလိုဖြစ်ရတာဟာ ဟိုနိုင်ငံရေးသမားတွေ မြှောက်ပေးလို့ပါ"
ဤတစ်ချီတွင် မသိန်းမေက စောဒကတက်ပုံ အချက်ပိုင်သွားတော့၏။

"ကဲ ထားပါတော့လေ၊ အရေးကြီးတာက သားသမီးရယ်လို့ဖြစ်လာပြီဆိုရင် သူတို့ကို တတ်နိုင် သ လောက် ပညာပေး ဖို့က မိဘဝတ္တရား၊ သူတို့က အလုပ်အကိုင်ရလို့ ကျွေးတာ မကျွေးတာက သူတို့ ဝတ္တရား၊ အေး ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ စားရကောင်းစေ၊ ပေးရကောင်းစေဆိုတဲ့ သဘောမျိုး ဘယ် တော့မှ မထားနဲ့ မသိန်းမေ၊ ကျုပ်ကိုကြည့်၊ ကျုပ်မိဘ ကို တစ်နှစ်နေလို့ တစ်ဆယ် မထောက်ပံ့ နိုင်ခဲ့ဘူး၊ ထောက်နိုင်လောက်အောင် ပဲ ဝင်ငွေက မပြည့်စုံဘဲကိုး၊ ဒါဟာ လောကဓမ္မတာပဲ၊ မိဘဖြစ်သူ က သား သမီးလုပ်စာကို စားရကောင်းစေ ဆိုတဲ့စိတ်နဲ့ မျှော်လင့်ပြီး မစားရရင် ဘာဖြစ်မလဲ၊ စိတ် ဆင်းရဲမယ်၊ ငါ့ကို မကျွေးလေခြင်း၊ မပေးလေခြင်း ဆိုပြီး အဲသလို စိတ်ထားမျိုးထားနေသမျှ သားသမီးမှာ ထိခိုက် တတ်တယ်"

ဤတစ်ကြိမ်သာလျှင် ကိုထွန်းအောင်၏တရားကို မသိန်းမေ နာဖော်ရ၏။ သို့အလျောက်လည်း ကိုထွန်း အောင် က ဆက်လက်၍
"ခုနပြောသလို သဘောမထားဘဲ အေးလေး သူတို့ကကျွေးလဲ စားရတာပေါ့၊ မကျွေးလဲ မရေးမကြီး ပါဘူး ဆိုတဲ့ စိတ်မျိုးသာထား၊ အင်မတန် စိတ်ချမ်းသာတယ်၊ သူတို့မပေးလဲ ကိုယ်ဘာမှ စိတ်မထိခိုက် ဘူးပေါ့၊ ဒါပေမဲ့လဲ ကဲကြည့်၊ အတာ လို သိတတ်တဲ့ သားသမီးလို ဟာမျိုးကျတော့ ပြောနေစရာ၊ လိုသေး သလား၊ သူ့ဟာသူ သိပြီး သူ့ဟာသူ လာကန့်တော့သွားပြီး မဟုတ်လား။ ဤတွင် မသိန်းမေ၌ မျက်ရည် ကလေး တစမ်းစမ်းဖြစ်လာပြန်၏။

"ဒီကောင် သိပ်လိမ္မာတယ်နော် သိလား၊ ခင်ဗျား ဥပေက္ခာထားပုံနဲ့ဆို တော်ရုံကလေးသာဖြင့် တစ်ခါထဲ အဖတ်ဆယ်လို့တောင် ရမှာမဟုတ်တော့်ဘူး ခုကြည့်စမ်း၊ ခင်ဗျားသူ့အပေါ် ဘယ်လောက်ဆိုးခဲ့သလဲ၊ ဒါပေမဲ့ မိဘဆိုး ကို မွေးကျေးဇူးကို သူမမေ့ဘူး၊ သူရတာတစ်လအစိတ်၊ ခုကစ်ပြားမှ မလျော့ဘူး၊ လာကန်တော့သွားတယ်" မသိန်းမေလည်း ကိုင်ထားသော ငွေအစိတ်ကို ငုံ့တွေတွေကြည့်နေပြီးမှ
"ကျွန်မ မသုံးရက်တော့ပါဘူးရှင်၊ သားလေးကိုပဲ ပြန်ပေးလိုက်မယ်၊ သူပဲသုံးပါစေတော့"
"ဟား ဒီလိုဆိုရင် ခင်ဗျားမှားသွားလိမ့်မယ်၊ သုံးပါ၊ သူပေးတာကို ခင်ဗျားမသုံးရက်ရင် အလှူတစ် ခုခု လုပ်လိုက်၊ အေး သူ့ကိုပေးချင်သပဆို သတ်သတ် ခင်ဗျားပိုက်ဆံထဲက ပေးပေါ့" "ဟုတ်ပါတယ် ကိုထွန်းအောင်၊ ရှင်ပြောသလို ကောင်းတယ် ပြီးတော့"

မသိန်းမေသည် စကားကို ရှေ့မဆက်သေးဘဲ လက်သူကြွယ်တွင်ဝတ်ထားသော နှစ်ပါးသွား စိန်လက်စွပ် ကလေးကို ချွတ်လျက် "ကိုထွန်းအောင် ရော့၊ အတာ့ကိုသွားပေချည်ပါ၊ ၀တ်ထားလို့နော်၊ ခုပဲ သွားပေးပါရှင်၊ ကျွန်မသား လေး ချက်ချင်းလက်ငင်း ၀မ်းသာသွားစေချင်လို့ပါ"
မသိန်းမေ ၏ အသံတွင် မိဘမေတ္တာအပြည့်ပါသကဲ့သို့ ကိုထွန်းအောင် ၀မ်းမြောက် ရွှင်လန်းခြင်း ဖြစ်ရသည် မှာလည်း အနှစ်ချည်းသက်သက် ဆိုသလို တစ်မျက်နှာလုံး ချိုသွားလေတော့၏။
 ..............................................................................................................................
 အတာ အလုပ်ဝင်ခဲ့ပြီးသည့်နောက် ဆယ့်လေးငါးရက်လောက် အတွင်းမှာပင် ခင်စိုးလှဖေဖေ သည် အတာ့၏ စိတ်နေသဘောထားကို နည်းအမျိုးမျိုးဖြင့်စမ်းခဲ့၏။ ကျပ်ပြည့်ရိုးသားသော အတာ၏ ကိုယ့်ကျင့်တရား ကို စိတ်ချသလောက်အောင် သိခဲ့သည့်နေမှစ၍ ဦးလှအောင် အပြင် သွားစရာရှိက အတာ သာလျှင် ပိုက်ဆံသေတ္တာ ကိုင်ရ၏။

ယနေ့လည်း အခြားအလုပ်သမားများ လက်ဖက်ရည်သောက်သွားနေခိုက်နှင့် ဦးလှဆောင် ထမင်း ပြန်စားခိုက် ကြုံကြိုက်နေသောကြောင့် ဆိုင်တွင်အတာတစ်ယောက်တည်းသာ ရှိ၏။ ကုလားထိုင် တစ်လုံး တွင် တစ်စုံတစ်ရာသော အတွေးတွင် ငိုင်နေခိုက် ရုတ်တရက် ဖိနပ်သံ တစ်ခုပေါ် လာသော ကြောင့် အတာလည်း ဖျတ်ခနဲ မော်ကြည့်လိုက်၏။
မမျှော်လင့်ဘဲ ရောက်လာသူမှာ ခင်စိုးလှဖြစ်နေသည်ကို တွေ့ရသည်နှင့် အတာလည်း ပျာပျာသ လဲပင် မျက်နှာ ကို ပြန်ငုံ့ပစ်လိုက်၏။ "ဘာလဲ ကိုတာ၊ အစိုးကို မုန်းသွားပြီလား"
ဤတွင် အတာချက်ချင်း ပြန်မော့လာ၏။ မြင်လိုက်ရသော အစိုး၏မျက်နှာကလေးမှာ ကြည် ကြည်နှင့် သန့်သလောက် တည်တည်နှင့်ခန့်လှတော့၏။ အတာသဘောကျသည်မှာလည်း ဤလို ဣနြေ္ဒမျိုး ပင် ဖြစ်၏။

"ဘယ်သူက မုန်းတယ်ပြောလို့လဲ၊ ဒီမှာ အစိုး၊ အဲဒီစကားတွေမပြောကြရင် ကောင်းမယ်ထင် တယ်၊ ခု ကိုတာ က အစိုးတို့ဖေဖေရဲ့ အလုပ်သမားဖြစ်နေပြီ၊ သူ့အရိပ်ခိုရင် သူ့အခက်ကို" "နေပါဦး ကိုတာ၊ ဘာလဲ ချစ်တယ် မုန်းတယ်ဆိုတဲ့ စကားနှစ်ခုက ချစ်တယ်ဆိုရင် သမီးရည်းစား စကား၊ မုန်းတယ်ဆိုရင် သမီးရည်းစား ခွဲပြဲတဲ့သဘောရယ်လို့ ဒီနှစ်မျိုးပဲ အဓိပ္ပာယ်ထွက်သလား ဟင်"
အတာ ဘာမျှ မဖြေနိုင်။ တစ်ခါတည်း မှိုင်ကျသွားတော့၏။
"အစိုး ကတော့ ဘွင်းဘွင်းပဲ၊ လူတစ်ယောက်ကို ဘယ်လိုအဓိပ္ပာယ်နဲ့ပဲ ဖြစ်ဖြစ်ချစ်မိရင်လဲ မုန်းခဲ တယ်၊ မုန်းမိပြီဆိုလဲ ပြန်ချစ်ခဲတယ်၊ ကိုတာ့ကိုတော့ ဟိုစာထဲပါတဲ့အတိုင်းပဲ ဆိုပါတော့၊ အင်း ဒါပေမဲ့ အစိုးဟာ ကိုတာ့ လိုတော့ အချစ်နဲ့အမုန်းကို အဓိပ္ပာယ်တစ်မျိုးထဲထားပြီး"
"တော်တော့ အစိုး၊ ကိုတာ နားလည်ပြီ၊ ကိုယ်ကလဲ အစိုးကို အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေအနေ နဲ့အခင်အမင် မပျက်ဘူး၊ ပြီးတော့ ဟိုနေ့က စာဆုတ်ပစ်တဲ့ အပြုအမှုအတွက်လဲ"
"အစိုး ခွင့်လွှတ်ပြီးသားပါ ကိုတာ"

အလုပ်ဝင်ခဲ့ပြီးသည့် နှစ်လမြောက်သောနေ့သည် တနင်္ဂနွေနေ့နှင့် ဆုံနေသောကြောင့် ဆိုင်ပိတ် ၏။သို့သော် ဒေါ်ဒေါ်အေး က တိုက်ပေါ်သို့ခေါ်၍ အတာ့အတွက် ထည့်ထားသော လခငွေအစိတ် ပါသည့်စာအိတ် ကို လှမ်းပေးရင်း "အဲဒါ မင့်ဦးလေး က မင့်အတွက် စပါယ်ရှယ်ပေးသွားတာကွဲ့၊ ဒီပြင်အလုပ်သမားတွေတော့ နက် ဖြန်မှ လခရကြလိမ့်မယ်" "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် လို့ ပြောပါ ဒေါ်ဒေါ်" "အောင်မလေးကွယ်၊ ကျေးဇူးတင်စရာလိုတဲ့ လူတွေမှ မဟုတ်တာ၊ သြ ဒါနဲ့ ဒီနှစ်သင်္ကြန် မှာ မင့်နှမက ကားနဲ့လျှောက်လည်ချင်သတဲ့၊ မင်းတာဝန်ခံပြီး လိုက်ပို့ပေးနိုင်ပါ့မလား အတာ" အတာလည်း အတန်ကြာ တွေနေပြီးမှ "ဒေါ်ဒေါ်အေး သိတဲ့အတိုင်းပါပဲလေ၊ အကျွေးအမွေး ကိစ္စက ကျွန်တော်ရှိမှ ပြီးမှာမဟုတ်လား၊ ဒါပေမဲ့ တစ်ရက်လောက်တော့ဖြင့်"
"အေးပါ တစ်ရက်တည်းပဲ ဒေါ်ဒေါ်အေး ပြောပါတယ်"

"ဟုတ်ကဲ့ ပို့ပေးပါ့မယ်"
ထိုတိုက်ပေါ်မှ ဆင်းလာခဲ့သော အတာလည်း သူ့အိမ်ပေါ်ရောက်သည်နှင့် သူ့မေမေအား ငွေအစိတ် စလုံးပေးအပ် ရင်း ကန်တော့လိုက်ပြီးမှ "ကျွန်တော်သုံးဖို့ ငါးကျပ်လောက် မေမေ" ဟု ပြောရာမှ မော်ကြည့်လိုက်သည်၌ မသိန်းမေတွင် မျက်ရည်များဝေနေ သည် ကို တွေ့ရပြန်၏။
"ယူပါ သားရယ်၊ မင်းပဲ အကုန်သုံးပါ၊ မေမေ့မှာ ပိုက်ဆံရှိပါတယ်၊ ခု မေမေမြင်းမလောင်းတော့ ဘဲစာတိုက် မှာ စုထားတာတောင် ငွေနှစ်ထောင်ကျော်နေပြီ၊ ငါ့သားပဲ ယူသွား၊ သုံး" သို့သော် အတာက မယူ၊ ငါးကျပ်တန် ကလေးတစ်ရွက် သာ ဆွဲ၍အခန်းထဲမှ လှည့်ဆင်းသွားတော့ ၏။

ထိုနေ့သည် တနင်္ဂနွေနေ့ အတာတို့ ပါတီဌာနချုပ်မှ ဖိတ်ထားသောနေ့ဖြစ်၏။ အကြောင်းရင်း ကား နာဖျားမကျန်း ရှိ၍ ခွင့်ယူထားသော ဌာနချုပ် အထွေထွေအတွင်းရေးမှုးနေရာ တွင် နောက်ထပ် ရွေးချယ် လိုက်သည့် အတွင်းရေးမှုးသစ်နှင့် မိတ်ဆက်ပေးရန်ဖြစ်သော ကြောင့် ထိုထိပ်သီးခေါင်း ဆောင်သစ်နှင့် အမြန်ဆုံး ရင်းနှီးမှုရရန်မှာ အတာ တွင် အလွန်အရေးကြီး၏။ သို့မှလည်း သူနှင့် အကျွမ်းဝင်သည်ဟူ၍ အခြားလူများ အပေါ်တွင် လျှာအရသာခံနိုင်မည်မဟုတ်ပါလော။

ဖိတ်ထားသည့်အချိန်နှင့် တစ်နာရီသာသာလောက် စော၍ရောက်လာသော အတာသည် ဌာနချုပ် ထဲသို့ လှမ်းဝင်လိုက်သည်နှင့် "ဟေး အတာ၊ ဟာမင်းကိုတွေ့ရတာ ငါဝမ်းသာလိုက်တာကွာ၊ ခုမင်း ဘယ်မှာလဲ ဟင်" သို့လျှင် ရွယ်တူ လူရွယ်တစ်ယောက်က ရုတ်တရက်ဆိုသလို တစ်ဆက် တည်း မေးလိုက်သော ကြောင့် "ငါလား အရင်လမ်းထဲမှာပေါ့ကွ၊ ဒါနဲ့ချစ်အောင်မင်းဘာလာလုပ်တာလဲ၊ ဒီကို" "ဌာနချုပ် အထွေထွေအတွင်းရေးမှုးအဖြစ် ငါ့ကို ရွေးကြလို့လေ" "ဟာ မင်းလား၊ အေး နာမည်တော့ ပါသား၊ ငါမတွေးမိဘူးကွာ၊ ကြည့်စမ်း ကြားရတာ ငါသိပ်ဝမ်း သာတာပဲ၊ ငါလဲပါတီဝင်ပေါ့"
"ဟော ငါလဲ မင်းလိုပဲဟေ့၊ တရားဟောတိုင်းပါတာ မင်းကိုး၊ လက်စသတ်တော့ဟင်၊ မင်းက ငယ်ရုပ်နဲ့ သိပ် မတူဘူး၊ အတော်ပြောင်းသွားတယ်၊ ဒါနဲ့ မင်းကောလိပ်မရောက်ဘူးနော်၊ ဘယ်အတန်းက ထွက်လိုက်သလဲ"

"ဟိုက်စကူး ကိုတန်း ကပေါ့"
"ငါတော့ ဗုဒ္ဓဘာသာကျောင်းကနေပြီး မြို့မကို ကူးတယ်၊ ခြောက်လနဲ့ချည်း မှန်မှန်တက်သွားတာ သုံးနှစ်ခွဲ နဲ့ ကောလိပ်ရောက်သွားတာပဲ၊ ခုငါ ဘီအေ အောင်ခဲ့ပြီလေ" အတာ ဆက်၍ မကြား လိုတော့ပေ၊ ဥာဏ်ချင်း ယှဉ်လိုက်လျှင် အမြဲတမ်း ထိပ်ဆုံးက နေခဲ့သော အတာသည် ယခု ကိုးတန်း သမား၊ မကြာခဏ သူကပင် စာပြပေးခဲ့ရသော ချစ်အောင်ကမူ ယခု ဘီအေ၊ အတာ့ စိတ်လေး ထွေသွားပြီးဖြစ်၏။ ရှက်လည်း ရှက်နေရှာ၏။

သို့နှင့် မိတ်ဆက်ပွဲပြီးသည်ဆိုလျှင် အတာလည်း သုတ်ခြေတင်တော့မည်ဟု ခြေလှမ်းပြင်လိုက် သည်နှင့် ဥက္ကဋ္ဌြိကီး က လှမ်းခေါ်ပြီး ချစ်အောင်နှင့်အတာကို ပိုမိုရင်းနှီးအောင် မိတ်ဆက်ပေးသလို ဖြင့်
"သူကတော့ ဌာနချုပ်မှာ အလုပ်လုပ်ဆုံးပဲ၊ တနင်္ဂနွေနေ့တိုင်း သူလာလိမ့်မယ်၊ အဲဒါအတွင်းရေး မှူးက ခိုင်းချင်တာ ခိုင်းပေါ့နော်၊ ပါတီအတွက်ဆို ပိုစတာကပ်ခိုင်းလဲ သူကပ်တာပဲ၊ ဒီလောက် ပါတီကို ချစ်တယ်၊ စိတ်ဓာတ်လဲ "ဘာလဲ ဥက္ကဋ္ဌကြီးက သူ့ကိုမသိဘူးထင်လို့လား၊ ကျောင်းနေဘက်လေ"ဟု ချစ်အောင်က ကြားဖြတ်ပြောလိုက်မှ "ဟာ မသိဘူးမှတ်လို့ မိတ်ဆက်ပေးနေတာ"ဟုပြောရင်း ဥက္ကဋ္ဌကြီးက အတာ အား ပခုံးပုတ်၍ ရယ်လိုက်ပြီးမှ "ကဲ ကိုချစ်အောင်၊ ရှေ့နေ့ဆီပေးဖို့စာကို တစ်ခါတည်းပေး လိုက်ပါလား၊ တနင်္ဂနွေနေ့ကျတော့ အတာ သွားပို့ပေးလိမ့်မယ်၊ သူသွားနေကျပဲ"ဟု ဆက်၍ပြောလိုက်သည်နှင့် ချစ်အောင်လည်း ရုံးသုံးစာအိတ်ရှည်တစ်ခုကို သွားယူလာပြီး အတာ့လက်သို့ လှမ်းပေးလိုက် သဖြင့် အတာလည်း ချက်ချင်းပင် ကိစ္စရှိ၍ ဟူသောအကြောင်းပြချက်ပင် သုတ်သုတ်ကလေး လှည့်ထွက်လာတော့၏။

ပါတီအတွက်ဆိုရင် ပိုစကာကပ်ခိုင်းလဲ သူကပ်တာပဲ၊ ဒီလောက်ပါတီကိုချစ်တယ်၊ အဲဒါသူ့ကိုခိုင်း ချင်တာခိုင်းပေါ့၊ ဟုတ်လား... ယခင်က ဥက္ကဋ္ဌကြီး ဤလိုချီးကျူးလိုက်တိုင်း အတာသည် မှိုရသော အမှုအရာဖြင့် မျက်နှာကလေး ရွှင် ဘ၀င်ပါ ကြွခဲ့ဖူးသလောက် ယခုတစ်ကြိမ်၌မူ သူ အတော်ကလေး ရှက်သွား၏။ ရင်ထဲတွင် လည်းအောင့်နေ ၏။

ကျောင်းသားဘ၀ကဆိုလျှင် ချစ်အောင်ကို အတာက စာပြပေးခဲ့ရ၏။ တစ်နည်းအားဖြင့် ကျောက် သင်ပုန်းသုတ် တံမြက်စည်းလှည်း စသည်တို့ကို အတာကခိုင်းလျှင် လုပ်ပေးရသော တပည့် လည်းဖြစ်၏။ ယခုမူ ချစ်အောင်ခိုင်းရာကို သူလုပ်ရတော့မည်။ သူမလုပ်လို၊ ချစ်အောင်နှင့်ဆိုလျှင် အနည်းဆုံးတန်းတူ အဆင့်အတန်းတွင်သာ နေချင်၏။
တငိုင်ငိုင် တငေးငေးနှင့် စိတ်ပျက်လက်ပျက်တွေးရင်း လျှောက်လာခဲ့သောအတာလည်း ဤလို ကပြောင်း ကပြန် ဖြစ်ရခြင်း၏အကြောင်းအရင်းကို အတွေးနက်နက်ဖြင့်ရှာ၏။
ပါတီကောင်းစားရေး အတွက် သူကိုယ်ဖိရင်ဖိကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ကျောင်းသားဘ၀မှ စ၍ တွက်စစ်သော် လေးနှစ်ကျော် ငါးနှစ်နီးပါးရှိပြီဖြစ်၏။ ဋ္ဌာနချုပ်အမှုဆောင်များ အစည်းအဝေး တွင်ပင် သူဝင် ၍ နားထောင်ခွင့်မရ၊ အရေးကြီးသော တရားပွဲများတွင်လည်း သူ့ကို တရားဟော ခွင့်မပြု၊ သူဘာတွေ လုပ်ခဲ့ ရသနည်း၊ သာမန်တော်ရုံ လျော်ရုံ ကိစ္စတွင်သာ တရားဟောရ၏။

အများဆုံးလုပ်ရသည်တို့မှာ
အရပ်တကာလည်၍ ပိုစတာကပ် ရသည်။ ကြေညာချက်များကို သတင်းစာတိုက်သို့ လျှောက်ပို့ ရသည်။ ကြော်ငြာလိုက်ဝေ ရသည်။ ပါတီခွဲရှိရာ ရပ်ကွက်များသို့ ညွှန်ကြားလွှာများ လည်ပို့ရ သည်။ ခေါင်းဆောင်ကြီးများ က ကွမ်းယာ ဆေးလိပ် ၀ယ်ခိုင်းလျှင်လည်း အပြေးအလွှား သွားဝယ် ပေးရသည်။ သို့နှင့်ငါးနှစ် နီးပါး ကိုယ့်ထမင်းကိုယ်စား၍ ပါတီကိစ္စများတွင် စိတ်ရောကိုယ်ပါ ကူညီ လုပ်ကိုင်ပေးသော်လည်း ယခုထိသူသည် သာမန်ပါတီဝင်အဆင့်အတန်းတွင်ရှိနေသေး၏။

ထို ငါးနှစ်နီးပါးအတွင်း ချစ်အောင်ကို တစ်ကြိမ်မျှ ပါတီတွင် မတွေ့ခဲ့စဖူး၊ ပါတီအတွက်သော် လည်းကောင်း၊ လူထုကိစ္စတွင်သော်လည်းကောင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်ကိုလည်း တခါ မျှ မကြားမိ ဖူးပါလျက် အဘယ်သို့သော အကြောင်းကြောင့် ပါတီက ချစ်အောင်ကို ဧရာမ ရာထူး ဖြင့်ချီးမြှင့်ခဲ့ကြသနည်း၊ အတာအကြောင်းရှာ၏။
"ဘီအေ ဘီအေ ဟုတ်တယ်၊ သူတို့ချစ်အောင်ကို အထွေထွေအတွင်းရေးမှုးချုပ်ခန့်တာဟာ ဘီ အေ ကိုခန့်တာပဲ၊ ဟုတ်တယ်၊ ပါတီအတွက် ငါအနစ်နာခံပြီး ပိုစတာကပ်တာကအစ မရှက်မ ကြောက် ငါလုပ်ပေးခဲ့တယ်၊ သက်တမ်းအားဖြင့်ဆိုရင်လဲ ငါးနှစ်ပြည့်တော့မယ်၊ ဒါပေမဲ့ ငါ့မှာတော့ အရံအမှုဆောင် အဖြစ်တောင် အရွေးမခံရသေးဘူး၊ ပါတီကလဲ ငါ့ကို ဒီလိုအဆင့်အတန်းနဲ့တောင် ထိုက်တန်ပြီလို့ ယူဆကြ ဟန် မတူသေးဘူး၊ မနေ့တစ်နေ့ကမှ ပါတီဝင်တဲ့ ချစ်အောင်ကျတော့ ဟင်း"
စိတ်ထဲ တွင် အတော်ကလေး အခံရခက်နေသည့်အတိုင်း အတာသည် သို့လျှင် ညည်းညူ ရေရွတ်ရင်း တဟင်းဟင်းနှင့် လျှောက်လာခဲ့၏။

"ဒါ ငါ့အမှားပဲ၊ ငါ့အပြစ်၊ ငါမှ ပညာမတတ်ဘဲ၊ ဘီအေအောင်အောင် မသင်ခဲ့ဘဲ၊ သူတို့ကြွေး ကြော်တဲ့ ကျွန်ပညာ၊ ဒီပညာကိုလဲ ငါဆက်သင်ပြီး ဘီအေ အောင်ခဲ့ရင်"
အတာလည်း တဖြည်းဖြည်းနှင့် အမှန်တရားကို တွေ့လာပြီဖြစ်၏။ မျက်ရည်ကလေးလည်း ဝေ့နေ ၏။
တက္ကသိုလ်ကျောင်းထွက် ဘီအေကျတော့ ပါတီအတွက် ဘယ်လောက် အနစ်နာခံတယ် ဆိုတာ ရောလုပ်သက်ရော၊ ဘာမှမစဉ်းစားတော့ဘူး၊ နာမည်နောက်က ပါလာတဲ့ (သူတို့အခေါ် အပြီး) ဒီလို ဘီအေ ဆိုတဲ့ အမြီးကိုပဲ သူတို့တန်ဖိုးထားပြီး ထိပ်ဆုံးကနေရာကိုပေးတယ်၊ ခေါ်တာအောင် ကိုချစ်အောင် တဲ့၊ တောက် ထိုည က အတာ တော်တော်နှင့် အိပ်မပျော်ခဲ့။ ၀မ်းနည်းခြင်း၊ ယူကြုံးမရဖြစ်ရခြင်း၊ မကျေနပ်ခြင်း၊ နောင်တရခြင်း စသောစိတ်ဒုက္ခ ဝေဒနာကိုသာ မျက်ရည် အပြည့်ဖြင့်ခံစားရင်း မိုးလင်းခါနီးမှ အိပ်ပျော်ခဲ့၏။ နံနက်အိပ်ရာမှ နိုးသည်နှင့် ကိုးနာရီလောက် တွင် ရှေ့နေ့ထံပို့ရန် ပါတီကပေး လိုက်သည့်တာဝန်အရ စာအိတ်ကိုင်ကာ တငိုင်ငိုင် ပင် တွေးရင်းလျှောက်လာခဲ့ပြန်၏။

ကြည့်ရသည်မှာ ယခင့်ယခင်အခေါက်များကနှင့် မတူ၊ သူယခုစိတ်မပါ့တပါ ဖြစ်နေ၏။ ပို့နေကျ အတိုင်း ရှေ့နေ ထံ စာတက်ပေးရမည်ကိုပင် အတာရှက်သလိုလို အသွင်မျိုးဆောင်နေ၏။
ဘာလမ်း(ယခုမဟာဗန္ဓုလပန်းခြံလမ်း)နှင့် ကုန်သည်လမ်းထောင့်ရှိ ရှေ့နေများအလုပ်တိုက်သို့ တက်၍ စာပေးပြီး ဦးခေါင်းငိုက်စိုက်နှင့် ပြင်ဆင်းအလာ လှေကားကွေ့တစ်ခုကို ချိုးလိုက်သည်နှင့် တက်လာသူ တစ်ဦးကို ရုတ်တရက်ဝင်တိုးမိ၏။
"ဟာ ဆောရီးဗျာ၊ စိတ်မရှိပါနဲ့နော်၊ မတော်လို့"သို့တောင်းပန်ရင်း မော့ကြည့်လိုက်မိသည်နှင့် အတာ တွင် ပါးစပ်အဟောင်းသား ငေးသွားတော့၏။  "ဟေး သူငယ်ချင်းမင်းအတာ မဟုတ်လားကွ၊ ဟင်"
"ဟုတ်တယ် ရာမာ၊ ငါအတာပဲ" အတာသည် ရာမာအား ခပ်တွေတွေ စိုက်ကြည့်နေရင်းက သို့ပြောလိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းကလေးငုံ့သွားပြန်၏။

"မင်း ခုဘာလုပ်နေလဲ အတာ၊ နေတော့ကော အရင်လမ်းထဲမှာပဲလား"
"အေး အလုပ်ကတော့ အင်း ဘာမှ မလုပ်သေးပါဘူးကွာ"
အတာလည်း အမှန်ကို ထုတ်ပြောရမည်ပင် ရှက်နေ၏။ ရှက်မည်ဆိုကလည်း ရှက်စရာပါပေ။
"တွေ့ရတာ သိပ်ဝမ်းသာတာပဲကွာ၊ မင့်ကျေးဇူးတွေ ငါ့မှာအများကြီး ရှိခဲ့တယ်နော်အတာ၊ ငါလေ ဘယ်တော့မှ မမေ့ဘူး၊ စကားစပ်မိရင်ပြောပြတာပဲ၊ ဘယ်သူ့ဖြစ်ဖြစ်၊ ကဲလာကွာ၊ တစ်ခါတလေ တွေ့ရတာ မင့်ကိုငါတစ်ခုခုကျွေးပါရစေ" သို့ပြောရင်း ရာမာက ဆွဲခေါ်၏။ အတာ မလိုက်။

မသိမသာမော်ကြည့်တဲ့ပြီးမှ "မစားပါရစေနဲ့တော့ ရာမာရာ၊ ငါကိစ္စရှိသေးလို့ပါ နောက်မှပဲ"
"အေးလေ၊ သွားစရာရှိလဲ သွားဦးပေါ့၊ ဒါပေမဲ့ အကြောင်းရှိရင်တော့ လာခဲ့ပါကွာ နော်၊ ဟို တတိယ ထပ်မှာကွ ငါ့ရုံးခန်း၊ ငါခု ရှေ့နေလိုက်နေတယ်လေ၊ သိပ်တော့မကြာသေးဘူး" "အေး"
"ဘာကိစ္စရှိရှိ လမ်းကြုံတဲ့အခါဖြစ်ဖြစ် ငါ့ဆီဝင်ပါကွာနော် အတာ၊ ဟုတ်လား" "မင်း ငါ့ကို ကျောင်းမှာတုန်းက စာသင်ပေးတဲ့ ကျေးဇူးတင်မဟုတ်ဘူး၊ မင်းရဲ့စာကြိုးစားပုံကိုငါ အတုခိုး နည်းယူပြီး မင်းဆုံးမတဲ့အတိုင်း လိုက်နာခဲ့လို့ ငါဒီအခြေအနေရောက်တာကို ဘယ်တော့ မှငါမမေ့ဘူး၊ တို့ရှေ့နေချင်းတောင် ခဏခဏ ပြောပြမိတယ် မင်းအကြောင်း မင်းကျေးဇူး"

"ကဲ ငါသွားမယ် ရာမာ"
အတာ လည်း စကားမဆုံးမီပင် ချာခနဲ လှည့်လိုက်၏။ သို့လှည့်၍ ခြေတစ်လှမ်းဆင်းမိသည်နှင့်ပင် မျက်ရည်တို့သည် အစုလိုက် အပြုံလိုက်ယိုဆင်း လာတော့၏။
ရာမာ ဂဏန်းသင်္ချာမှလွဲ၍ အခြားဘာသာများတွင် ညံ့လွန်းသဖြင့် အချိန်အားရတိုင်း အတာ ကစာ ပြပေးခဲ့သော ရာမာ၊ ဒေါ်ရင်ဂျီကုလားကလေး ရာမာ၊ သင်္ဘောကြီး ကူလီ ဂေါ်ရင်ဂျီကုလားတစ် ယောက်၏သား ရာမာ၊ မဆလာနှင့် သရက်သီး သနပ်ရောင်းသော ဂေါ်ရင်ဂျီ ကုလားမကြီး ၏ သားကလေး ရာမာ၊ တပင်ေ၇ွှထီးကိုပင် (တပင်ရွှေထွန်း) ဟု မပီ့တပီခေါ်သဖြင့် အတာ တို့ကပင် စနေကြ.. ယခုတော့ စတိုင်ထွားနေပြီဖြစ်၏။

လှေကားရင်းတွင် ချိတ်ဆွဲထားသော ၀တ်လုံရှေ့နေ့တို့၏ ဆိုင်းဘုတ်အသီးသီးကြားတွင် မစ္စတာရာမာ အမိန့်တော်ရှေ့နေ ဟူသော ရာမာ့ဆိုင်းဘုတ်ကလေးကို အတာသည် ယခုမှ ရှာ၍ ငေးကြည့်နေ မိ၏။ နောက်ကျလာသော မျက်ရည်များကြောင့် မြင်နေရသော ဆိုင်းဘုတ်ကလေး ဝေးသွားမှပင် အတာ ချာခနဲ လှည့်ထွက်လာခဲ့၏။ ရှက်လိုက်သည်မှာလည်း ပြောစရာမရှိ။
ဝတ်လုံအင်္ကျီ ကို အလွန်သဘောကျပြီး တောင့်တောင့်တတ ၀တ်ျချင်ခဲ့သော အတာ၊ သူကြီးလျှင် ၀တ်လုံ လုပ်မည်ဟု ရင်ကလေးကော့၍ ခပ်ကြော့ကြော့ကြုံးဝါးခဲ့သော အတာသည် ယခု သူလုပ်နေရ သော အလုပ်ကိုပင် ထုတ်မပြောဝံ့သော အခြေသို့ ရောက်နေရှာပြီဖြစ်၏။

"မင်း ခု ဘာလုပ်နေသလဲ"ဟူသော အမေးမျှကြောင့်သာ အတာသက်သာရာရခဲ့၏။
"မင်းခု ဘာလုပ်နေသလဲ၊ လခရောကောင်းရဲ့လားကွ"ဟူ၍သာ အမေးခံရပါက အတာရူးသွား မည်လား ပင် မပြောတတ်။
မျက်ရည် ကို သူထိန်း၏ မရ၊ တတွေတွေသာ ကျနေ၏။ သို့နှင့်ပင် မျက်ရည်ကိုသုတ်ရင်း သက်ပြင်း ချရင်းဖြင့် ပြန်လာခဲ့သော အတာ လည်း လမ်းထပ်သို့ ရောက်သည်နှင့် အိမ်ပေါ်သို့ ခပ်သုတ်သုတ်ပြေး တက်သွား၏။ သူ့ဘိုးဘိုး၏ ဆုံးမစာကော်ပီစာအုပ်ကလေးကိုထုတ်လျက် သွက်သွက်ကလေး လှန်ကြည့် လိုက်၏။

"ငါ့မြေး ကိုယ်နဲ့မတန်တာ ဘယ်တော့မှမလုပ်နဲ့၊ မင့်အခြေအနေဟာ တစ်ထည် တစ်ကျပ်တန် လုံချည် သာ ၀တ်နိုင်တဲ့ဘ၀ဆိုရင် သူများဆီက တစ်ဆယ်တန်ကို ငှားမ၀တ်နဲ့၊ မကြွားချင်နဲ့၊ မင့်ကို မသိတဲ့ လူတွေက အထင်ကြီးသွားလို့ မင့်မှာ ဘာမှတိုးမလာဘူး၊ မင့်အဖိုးတန်မ၀တ်နိုင် တာကို သိပြီးသားလူတွေ က အထင်သေးသွားရင် အဲဒါမင့်အဖို့ ဆုံးရှုံးခြင်းပဲ၊ ကိုယ်နဲ့တန်သလို နေ၊ ကိုယ်နဲ့ တန်သလောက် ၀တ်၊ စား၊ မကြွားချင်နဲ့၊ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ၊ ကိုယ်နဲ့မတန်သေး တဲ့ဘယ်လို ကိစ္စ မှာပဲဖြစ်ဖြစ် မထင်ပေါ်ချင်နဲ့၊ ဘ၀င်မမြင့်နဲ့" သူဖတ်နေသောစာများပေါ်တွင် မျက်ရည်သည် တပေါက်ပေါက် ကျနေ၏။ 

ချက်ချင်းပင် အတာလည်း စာအုပ် ကို တရိုတသေပိတ်၍ အိမ်ပေါ်မှ ရိပ်ခနဲ ဆင်းသွား၏။ သူ့ဒေါ်ဒေါ်သန်းတို့ ပိရိက္ခရာ ဆိုင်ထဲသို့ပင် ခပ်သုတ်သုတ်လှမ်းဝင်သွား၏။ မြင်ရတွေ့ရသမျှသော သူ့ဘွားဘွား၊ သူ့ဒေါ်ဒေါ်သန်းနှင့် တကွ အားလုံးသော ကျေးဇူးရှင်ဟူသမျှတို့ကို နောင်တနှင့် ယှဉ်သော ကန်တော့ခြင်းဖြင့် အသီးသီး ဦးချလိုက်ပြီးမှ သူ့အမှားကို ၀မ်းနည်းပက်လက် မျက်ရည် တယိုယို အတာ သည် ငိုရင်းနှင့် တောင်းပန် လိုက်၏။

"ကျွန်တော့်ကို ကျောင်းပြန်တာပေးပါ ဒေါ်ဒေါ်၊ ကျွန်တော် ကျောင်းပြန်နေတော့မယ်၊ စာတတ်အောင် သင်တော့ မယ်၊ ပညာရဲ့တန်ဖိုးကို ကျွန်တော် ကျွန်တော်" အတာသည် စကားကိုပင် ရှေ့မဆက်နိုင၊ မျက်ရည်အဖြိုင်ဖြိုင်နှင့်ရှိုက်နေ၏။
"အေးအေး၊ ဒေါ်ဒေါ်သန်း ၀မ်းသာလိုက်တာ အတာရယ်၊ မင်းခုလို အချိန်မီနောင်တ ရလာတာ ကို ဒေါ်ဒေါ်ဘယ်လို ၀မ်းသာမှန်းမသိဘူး၊ ကောင်းတယ် ကောင်းတယ်၊ ဆက်သင်ပေါ့ကွယ်၊ ဟိုတုန်း ကလဲ ပြောထားသား၊ မဟုတ်လား၊ ဘယ်အချိန်မဆို မင်းသင်ချင်သပဆိုရင် လာပြောလှည့်လို့၊ ကဲမင်း ဘယ်အထိ သင်မလဲ နိုင်ငံခြားပညာတော်သင် သွားဦးမလား သွား၊ ဒေါ်ဒေါ်ပို့ပေးမယ် ဟုတ်လား"
သို့လျှင် ရှာမရှားသော စေတနာဖြင့် အတာ့ကို ပြောနေသော ဒေါ်ဒေါ်သန်းမှာလည်း မျက်ရည်ဝဲ နေ၏။ ဘွားဘွားနှင့် တကွ တစ်အိမ်သားလုံးတွင်လည်း မျက်ရည်ရွဲနေ၏။ သို့သော် အတာ ကျောင်းထွက်စဉ်က ယိုခဲ့ ဖူးသော မျက်ရည်ပူမျိုးမဟုတ်၊ နှစ်နှစ်သိမ့်သိမ့်ဖြင့် စိမ့်ထွက်လာသော အလွန်အေးမြလှ သည့် မေတ္တာရေကြည်သာ လျှင် ဖြစ်၏။

"ကဲပါကွယ်၊ ငါ့မြေး အတော်စိတ်ထိခိုက်သွားပုံရတယ်၊ ငိုလိုက်ရတာလဲ မောလို့၊ လိမ္မောရည် ကလေး တစ်ခွက်လောက် ဖောက်တိုက်လိုက်ကြပါကွယ်"
သူ့ဘွားဘွား ကလည်း အင်္ကျီစဖြင့်မျက်ရည်တို့ရင်းသို့လျှင် ကြင်နာလိုက်လေသေး၏။
ကမ္ဘာလှည့်၍ပင် ရှာရှာ အတာသာလျှင် အို၍သေချိမ့်မည်။ ဤလိုကျေးဇူးရှင်မျိုးကိုကား တွေ့လိမ့် မည်မဟုတ်တော့ပေ။ အတာလည်းထိုနေ့မှာပင် သူ့အလုပ်ရှင်ဖြစ်သော ဦးလှဆောင်ထံသွား၍ အကြောင်း အကျိုး အမျိုးမျိုးရှင်းပြရင်း အလုပ်မှ ထွက်ခွင့်တောင်း၏။

"ဒီမှာ အတာရ၊ မင့်အသိဥာဏ် မင်းဦးနှောက်နဲ့ မင့်ပညာအရည်အချင်းကို သူများသိတာထက် ဦးလေး ပိုပြီး ရိပ်မိတယ်ကွ၊ ဦးလေးကိုယ်တိုင် ပညာထူးချွန်ခဲ့တဲ့သူမို့ မင့်ကိုဦးလေး အတော်ပဲ စိတ်ဝင်စား ခဲ့တယ်၊ နောက်မင်း ကျောက်ထွက်လိုကတယ်လဲ ကြားရော သူများတွေ စိတ် မကောင်း ဖြစ်တာထက်ဦးလေးမှာ ပိုပြီး ထိုခိုက်သွားတယ် သိလား၊ အေးခုလို မင်းပညာဆက်သင်မယ် ဆိုတော့ လဲ သူများတွေထက် ရှေ့ဆုံးက ၀မ်းသာမဲ့လူဟာဖြင့် ဦးလေးပဲလို့သာ မင်းမြဲမြဲမှတ်ထား လိုက်ပေတော့ အတာ၊ ဟုတ်လား"
သို့ အစစအရာရာ အဆင်ပြေခဲ့ပြီဖြစ်သော်လည်း အတာတွင် ၀န်ချတောင်းပန်ရန် ကိစ္စတစ်ခု သည် ကျန်နေသေး၏။ 

အစိုး

အစိုးမကျေနပ်ဘူးဆိုတဲ့ အချက်တွေ အပြုအမှုတွေ ကို ဒီနေ့ကစပြီး ပြုပြင်သွားတော့မယ်ဆိုတာ ခု ကိုတာ ကတိပေးပါပြီ၊ ပြီတော့ အစိုးအဓိကထားပြီးပြောနေတဲ့ ပညာကိုလဲ ဆက်သင်ပါတော့ မယ်။
အဲဒီတော့ ကိုတာ့အပေါ်မှာ ထိုထို မကျေနပ်မှုတွေကြောင့် ခပ်တန်းတန်း၊ ခပ်တည်တည်လုပ်နေ တဲ့အစိုး ရဲ့ ခုအမူအရာတွေ အစား ကိုတာ့ကိုမြင်လိုက်တိုင်း အရင်ကလို ကြည်လင်ရွှင်ပျနေတဲ့ အစိုး မျက်မှာ ကလေးကို....
အစရှိသဖြင့် ဤလိုတောင်းပန်စာတစ်စောင်ကိုမူ သူရေးရပေဦးမည်၊ ရေးလည်း အမှန်ရေးပေလိမ့် မည်သာ။

သာဓု

ပြီးပါပြီ
.

6 comments:

Anonymous said...

Thanks a lot.

Anonymous said...

Thanks for 'a tar'

မောင်မောင် said...

မရွှေစင်ရေ အတာ (၄၆) ဇာတ်သိမ်းပိုင်းလာဖတ်သွားပါတယ်။ သဘောကျလွန်းလို့  အိမ်ရောက်ယင် စာအုပ်ရှယ်ဝယ်ပြီးတော့ သားသား ကို ဖတ်ခိုင်းရဦးမယ်။
ကျေးဇူးတင်ပါတယ် ဗျာ.

MaMaGyi said...

ကျေးဇူးတင်ပါတယ်ဆရာမ
အတာအတွက်ပါ

Anonymous said...

အတာ~ပြီးသွားတာ ထင်တာထက်မြန်နေတယ် :) တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်

Anonymous said...

အတာ~ပြီးသွားတာ ထင်တာထက်မြန်နေတယ် :) တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်