("ဟုတ်ကဲ့၊ မနက်က ကျွန်တော် လက်ဖက်ရည်ဝယ်ပြီး ပြန်လာတော့ မေမေက ပြောတယ်၊ ဒီနေ့ နင့်ကို ကျောင်းမအပ်ဖြစ်ဘူးတဲ့" ပြောရင်းကပင် အတာလည်း မျက်ရည်ကလေး ဝေလာပြန်၏။) ကို ဆက်ဖတ်ရန်...
"အင်း ပြီးတော့ကော"
"အဲဒါ အဲဒါ"
အတာ သည် ကိုထွန်းအောင်အား ဤကိစ္စနှင့်ပတ်သက်၍ ဘာမှမပြောရန် မသိန်းမေက မှာထားခဲ့ ကြောင်း ပြောကြား လို၏။ သို့သော ကိုထွန်းအောင်အား အဖေဟူ၍လည်းမခေါ်၊ လူကြီးဟူ၍လည်း ကောင်း၊ ဦးလေးဟူ၍လည်းကောင်း ထုတ်ဖော်ခေါ်ဝေါ်ရမည်လည်း အခက်နှင့် ရုတ်တရက် စကားလုံး ရှာ၍ မထွက်နိုင်ရှိနေရှာ၏။
ဤသည်ကို တွေးမိသောကြောင့်ပင် ထင်၏။ ကိုထွန်းအောင်လည်း မသိမသာ ပြုံးမိပြီးမှ၏
"အေး ပြီးတော့ ကိုထွန်းအောင် ကိုလဲ ဘာမှမပြောရဘူးလို့ မှာသွားသေးသလား"
"ဟုတ်ကဲ့ ကျောင်းအပ်ဖို့စကား ကို ဒီနေ့လဲမပြောနဲ့၊ နောက်နေ့လဲ မပြောရဘူး၊ သူက ကျောင်းသွားအပ် မယ် လိုက်ခဲ့ ဆိုမှ လိုက်သွားတဲ့"
ကိုထွန်းအောင် တွင် အတော်ကြီး စိတ်မကောင်းဖြစ်သွားတော့၏။
"နို့ ငိုတာက ဘာဖြစ်လို့လဲ"
"ကျွန်တော် ကျောင်းနေချင်တယ်၊ အောက်ထပ်က ဝင်းမောင်တို့လို ကျွန်တော်လဲ ကျောင်းနေချင်တာ ကို မေမေ က မထားသေးဘူး ပြောတာနဲ့"
စကားပင် ရှေ့မဆက်နိုင်၊ အတာတွင် မျည်ရည်ဖြိုင်ဖြိုင် ကျလာသောကြောင့် ကိုထွန်းအောင်လည်း ထိ ခိုက်သော စိတ်ဖြင့် အိတ်ထဲမှ လက်ကိုင်ပဝါ ဆွဲထုတ်သုတ်ပေးရင်း
"ကဲပါကွာ ငိုမနေပါနဲ့တော့။ နောက် လေးငါးရက်ကြာရင် ငါ ကျောင်းအပ်ပေးပါ့မယ် ဟုတ်လား၊ မင်း အမေ ကို ဘာမှမပြောနဲ့နော်၊ ငါလဲ မပြောဘူး"
မျက်ရည်ကြောင်းများဖြင့် ကြည့်မကောင်းအောင် ဖြစ်နေသည်မှန်သော်လည်း ယခု မော့်လာသော အတာ ၏ မျက်နှာကလေးတွင် ဝမ်းမြောက်ရွှင်လန်းသွားသော အရိပ်အရောင်ကလေး ပေါ်လာ၏။
"နောက် လေးငါးရက်ကြာရင် ကျောင်းထားပေးမယ် ဟုတ်လား"
"အေးပေါ့ကွာ၊ မင်း စာကိုသာ ကြိုးစားဖတ်နေနော်"
"ဟုတ်ကဲ့၊ ကျွန်တော် သုံးရက်ရှိပြီ၊ အောက်ဆင်းမကစားတော့ဘူး။ စာကျက်နေတယ်"
"အေး မင်းက လိမ္မာတာကိုး၊ ဒါပေမဲ့ အတာ တစ်နေ့လုံး စာချည်းထိုင်ဖတ်မနေနဲ့၊ အောက်ကိုလဲ ဆင်း ကစား ပေါ့၊ ခဏဖြစ်ဖြစ် ဟုတ်လား၊ အိမ်ပေါ်မှာချည်း ထိုင်နေရင် ညောင်းပြီး နေမကောင်းဖြစ်လိမ့်မယ်၊ နေမကောင်း တော့ မင်း ကျောင်းသွားနိုင်မှာ မဟုတ်ဘူး၊ ကြားလား"
"ဟုတ်ကဲ့"
"နောက်ပြီး သေးဘဲ ဆင်းဆင်းပေါက်ဦးနော်၊ အောင့်မထားနဲ့၊ အောင့်ထားတာ မကောင်းဘူး၊ ဖျားတတ် တယ် ကွ"
"ဟုတ်ကဲ့"
"ဒါနဲ့ အတာ၊ ညက ထမင်းမစားရဘူး ဟုတ်လား"
"မုန့်ဟင်းခါးစားရတယ်လေ၊ မမသက်က ဝယ်ကျွေးတယ်"
ယမန်နေ့ ညက မသိန်းမေနှင့် စကားများနေရသည်နှင့် အတာ့အတွက် ထမင်းကိစ္စကိုပါ မေ့နေခဲ့ပြီး သူတို့ နှစ်ယောက် ထမင်းဆိုင်ထိုင်မိ မှ အတာ့ကို သတိရလာပြီး
"ခင်ဗျား ဆူပူနေတာနဲ့ ကျုပ်ကလဲ မေ့တယ်၊ ခင်ဗျားကလဲ သတိမရဘူး"
"ဘာကိုလဲ"
"အတာ လေ၊ သူ ထမင်းမစားရသေးဘူး မဟုတ်လား"
"နေပေ့စေ၊ ပြန်သွားမှ တစ်ခုခု ဝယ်ကျွေးလိုက် ပြီးတာပဲ"
ဤသည်မှာ ထမင်းမစားရသေးသော ခုနစ်နှစ်သားခန့်အရွယ် လူမမယ် ရင်သွေးကလေးအတွက် မသိန်းမေ တည်းဟူသော မိခင်က ပြောလိုက်သည့် စကားဖြစ်၏။ ကိုထွန်းအောင်တွင်မူ စကာများနေဦး မည်စိုးသည့် အတိုင်း ဤတွင်ပင် စကားကိုဖြတ်၍ သက်ပြင်းကိုသာ ကြိတ်၍ ချခဲ့ရတော့၏။ နောက် ၎င်း တို့ ပြန်ရောက်လာသောအခါတွင်မူ အတာမှ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီဖြစ်၍ အတာ့အတွက် ထမင်း ပြဿနာ ပေါ်မလာတော့ဘဲ ရှိခဲ့၏။
ယခု မခင်သက်က မုန့်ဟင်းခါးကျွေးသည်ဟု အတာပြော၍ သိရမှပင် အနည်းငယ် စိတ်သက်သာရာ ရသွား တော့လျက် "ကဲ ခုမနက်စာအတွက် မင်းအမေ ဆီ လိုက်မသွားနဲ့ မင်းဟာ မင်း ဝယ်စား ရော့"
ပြောပြော ဆိုဆို ထရင်း မူးစေ့တစ်စေ့ ပစ်ပေးလိုက်ပြီးမှ ကိုထွန်းအောင် ဆင်းသွားတော့၏။
ထိုနေ့တစ်နေ့လုံး ကိုထွန်းအောင်တွင် ဖြောင့်ဖြောင့်တန်းတန်း အလုပ်လုပ်၍မရ။ သူ့စိတ်မှာ အတာက လေး၏ ကျောင်းအပ်နိုင်ရေး ပြဿနာတွင်သာ တဝဲလည်လည် ဝင်စားနေတော့၏။ နောက်တစ်နေ့တွင် လည်း ထိုအတူ သုံးရက်မြောက်သောနေ့၌လည်း ဤနည်းနှင်နှင်ပင် အတာ့အတွက် စိတ်လက် မကောင်း ဖြစ်နေ တော့၏။
စတုတ္ထမြောက်နေ့တွင်မူ ဖြစ်လိုရာဖြစ်ဟူသော သဘောဖြင့် ကိုထွန်းအောင်သည် ၎င်းလုပ်သောရုံးမှ ဒရဝမ် ကုလား တစ်ယောက်ထံ မျက်နှာငယ်ခံ၍ တစ်ဆယ်လျှင် နှစ်ကျပ်တိုးဖြင့် ငွေသုံးဆယ်ကို မျက်စိ မှိတ် ချေးယူလိုက်တော့၏။
ချေးငွေမှာ သုံးဆယ်ဖြစ်သောကြောင့် ပေးရမည့်အတိုးမှာလည်း ခြောက်ကျပ်ဖြစ်၏။ ထိုခေတ်ထိုအခါ က ခြောက်ကျပ် ဆိုသောငွေမှာ ကိုထွန်းအောင်လို စာရေးတစ်ယောက်အဖို့ ရသောလခ၏ခုနစ်ပုံ တစ်ပုံ ခန့် ဖြစ်၏။ မန္တလေးပိုးလုံချည် ကောင်းကောင်းတစ်ထည်နှင့် ရှပ်အင်္ကျီချောချောတစ်ထည် အလွယ်နှင့် ဝယ်နိုင် သော ငွေဖြစ်၏။
သို့တိုင်အောင် ထိုပေးရမည့်အတိုးကို မနှမြောနိုင်။ လွယ်လွယ်နှင့်ချေး၍ရသဖြင့် အတာအား ကျောင်း အပ် နိုင်တော့မည် အရေးကို တွေးမိတိုင်း ထိုနေ့အဖို့ မိနစ်ပိုင်းနှင့်အမျှ ကိုထွန်းအောင်တွင် ဝမ်းသာမဆုံး ရှိနေတော့၏။
ဤလို မွန်မြတ်သော စိတ်ထားကြောင့်လေလော မသိ။ မခင်သက်တို့အသိုက်က ပထွေးဖြစ်သော ကိုထွန်းအောင် အား ဖခင်ရင်းဟူ၍လည်းကောင်း၊ မသိန်းမေကိုမူ မိထွေးဟူ၍လည်းကောင်း၊ တစ်ဦးကို ဂုဏ်ပြုပြီး တစ်ယောာက် ကို လှောင်သရော်သလို ခေါ်ဝေါ်သုံးနှုန်းစပင် ပြုလာကြဟန်တူ၏။
မသိန်းမေရန်ကို ကြောက်ရသေးသည့်အတိုင်း သုံးဆယ်သော ငွေအသပြာကို ကျစ်ကျစ်ပါအောင် သိုဝှက်၍ တက်လာသော ကိုထွန်းအောင်လည်း အဆင်သင့်ပင် အတာတစ်ယောက်တည်းကိုသာ သူ့စွပ်ကျယ် ကလေး သူ့ဘာသာလျှော်၍ လှမ်းနေသည်ကို တွေ့ရသောကြောင့်
"အတာ မင်း ရေချိုးပြီးပလား"
"ဟင့်အင်း မချိုးရသေးဘူး၊ အင်္ကျီပဲ လျှော်ရသေးတယ်"
"သွား ရေမြန်မြန်ချိုးချေ၊ မင့်အမေပြန်မလာခင် အင်္ကျီသွားဝယ်ရအောင်"
အတာ လည်း မမျှော်လင့်သောစကားကို ကြားလိုက်ရသကဲ့သို့ ဝမ်းသာအယ်လဲနှင့် ရုတ်တရက် ကြောင် ကြည့် နေပြီးမှ "ကျွန်တော့်ဖို့လား ဟင်"
"အေးပေါ့ကွ၊ ခု မင်းဖို့ အင်္ကျီနဲ့ လုံချည် သွားဝယ်ပေးမယ်၊ နက်ဖြန်ကျတော့လဲ ကျောင်းသွားအပ်မယ် ဟုတ်လား၊ အဲဒါ မင့်အမေပြန်လာရင် ဘာမှမပြောနဲ့ဦးနော်"
"ဟုတ်ကဲ့၊ ဘုရားစူး ကျွန်တော် မပြောပါဘူး"
မသိန်းမေ သိသွားလျှင် ဤအရေးကိစ္စ ပျက်ပြားသွားပေဦးမည်ဟု အတာကိုယ်တိုင်က လန့်နေဘိသကဲ့ သို့ ကတိပေးရာ၌ပင် ပို၍လေးနက်သွားစေရန် ကျိန်ကာတွယ်ကာနှင့် ပြောရင်းကပင် ကသောကမြော ပြေးဆင်း သွားတော့၏။
အသင့်ချုပ်ပြီးသားပင် ဖြစ်သော်လည်း သပ်သပ်ရပ်ရပ်နှင့် အတော်ကလေးကောင်းသော ရှပ်အင်္ကျီနှစ် ထည် နှင့် ပလေကပ်လုံချည် နှစ်ထည်ကို ခပ်သုတ်သုတ်ဝယ်၍ ပြနလာကြသော အတာတို့သားအဖ သည် ခြောက်နာရီခွဲလောက်တွင်မှ အိမ်ရောက်သော်လည်း မသိန်းမေ ပြန်မလာသေးသည်နှင့်
"ကဲ အတာ၊ မင့်အင်္ကျီနဲ့ လုံချည်တွေကို ဖွက်ထားဦးနော်၊ မင့်အမေ မသိစေနဲ့"
အတာ လည်း တစ်စုံတစ်ရာ ဘာမျှမပြောနိုင်၊ ပြူးပြူးပျာပျာနှင့်ပင် ဝယ်လာသေ အင်္ကျီထုပ်ကလေးကို ပိုက်လျက် ဝှက်ရမည့်နေရာကို အလောသုံးဆယ် ရှာနေတော့၏။ သူတို့ မိသားစုသုံးယောက်တွင် အိမ် ထောင် ပရိဘောက ဟူ၍ သံသေတ္တာနှစ်လုံး၊ ကြောင်အိမ်ကလေးတစ်ခုနှင့် အိပ်ရာလိပ်သာလျှင်ရှိပြီး အခန်းကလည်း ဆယ်ပေမျှသာဖြစ်ရာ အတာတွင် သူ့အင်္ကျီထုပ်ကလေးဝှက်ရန် နေရာရှာမရနိုင်အောင် ဟိုလှမ်း သည်ပြေးဖြင့် အမောကလေးသာ အဖတ်တင်နေတော့၏။
ဤလို ဗျာများနေရှာသော အတာကိုကြည့်ရင်း ကိုထွန်းအောင်မှာ စိတ်လည်း ထိခိုက်ဖွယ်၊ ရယ်စရာလို လည်း ဖြစ်နေတော့ကာ မချင့်မရဲကြီး ပြုံးလိုက်ပြီးမှ
"ကဲပါကွာ၊ ဖွက်မနေပါနဲ့တော့၊ မင့်အမေ ဒီနေ့မသိလဲ နက်ဖြန်တော့ သိမှာပါပဲ၊ မင်းထားချင်တဲ့နေရာ မှာပဲ ထားပါတော့"
သို့ပြောလိုက်မှပင် အတာ၌ အသက်ရှူချောင်သွားသလို ချစ်စရာကလေး ပြုံးပြရင်း
"ဒါဖြင့် ကျွန်တော် ဝတ်ကြည့်ဦးမယ်နော်"
ကိုထွန်းအောင် ခေါင်းညိတ်ပြလိုက်သည်နှင့် အတာလည်း ရှပ်အင်္ကျီကို ကပျာကသီဆွဲစွပ်၍ လုံချည် ကလေး ကိုပါ ဝတ်ကြည့်ရင်း တရွှင်ရွှင် ကြည်နူးနေရှာတော့၏။ "ညကျရင် လမ်းထိပ်မှာ ကျွန်တော် ဖိနပ် တစ်ရံ သွားဝယ်မယ်"
အင်္ကျီကိုလည်းကောင်း၊ လုံချည်ကိုလည်းကောင်း၊ အပြန်ပြန်အလှန်လှန်ကြည့်နေပြီးမှ ရုတ်တရက် နိဒါန်းကလေးမှ မဆင့်တော့ဘဲ ဝမ်းမြောက်သံအနင့်သားနှင့် ကောက်ကာငင်ကာ ပြောလိုက်သော ကြောင့် ကိုထွန်းအောင်တွင် အင်္ကျီနှင့်လုံချည်သာ ဝယ်ပေးမိပြီး ဖိနပ်ကိုမူ အတာ အခုပြောမှ သတိရ လာ၏။ ဝယ်ပေးရန်လည်း ရည်ရွယ်ရင်းရှိပြီးဖြစ်၏။ သို့သော် အတာက "သွားဝယ်မယ်"ဟူ၍ ကျော့ ကျော့ ပိုင်ပိုင် ကလေး ပြောလိုက်သည်မှာ အဘယ်လို သဘောနှင့်ဟု သိလိုသောကြောင့်
"ဖိနပ်သွားဝယ်မယ် ဟုတ်လားကွ၊ မင်းမှာ ပိုက်ဆံရှိလို့လား"ဟု မေးလိုက်သည်တွင်
"ရှိတယ်လေ၊ မေမေပေးတဲ့ ထမင်းဖိုးရော၊ သူ"
ရှက်အမ်းအမ်း အမူအရာကလေးဖြင့် ကိုထွန်းအောင်အား လက်ညှိုးကလေးညွှန်နေပြီးမှ ခေါင်းကလေး ငုံ့သွားသောကြောင့် ကိုထွန်းအောင်က ပြုံး၍ "ကဲ ထားပါတော့ကွာ၊ ငါပေးတဲ့ မုန့်ဖိုးရယ်၊ အဲဒါတွေ မင်းစု ထားတာ ရှိသလား"
"ဟုတ်ကဲ့၊ ကျွန်တော် စုထားတာ သုံးမူးတောင်ရှိတယ်"
"နို့ ဒီသုံးမူး ထဲနဲ့ မင်း ဘာဖိနပ်ဝယ်မှာလဲ အတာ"
"ကျွန်တော် မေးကြည်တယ်၊ ဘုံဘိုင်ရေဖိနပ်က သုံးမူးတစ်ပဲတဲ့၊ ခု ကျွန်တော့်ဆီမှာ သုံးမူးရှိတယ်၊ ညကျရင် ထမင်းဖိုးတစ်ပဲရတော့ သုံးမူးတစ်ပဲဖြစ်ရော၊ အနီရောင် ကတ္တီပါကလေးနဲ့ ဘုံဘိုင်ရေဖိနပ် ကလေး သွားဝယ်မယ်၊ ပြီ"
ကလေးများ ဝမ်းသာအားရရှိသောအခါတွင် စကားအဆုံးသတ်၌ ထွက်လာတတ်သည့် "ပြီ"ဟူသော လျှာစုတ်သံ ကလေးနှင့်ပင် အတာက စကားဖြတ်လိုက်၏။ တစ်မျက်နှာလုံးလည်း ပြုံးနေတော့၏။ ကိုထွန်းအောင် တွင်ပါ အတာ၏အပြုံးဓာတ်ရော ကြည်နူးမှုပါ တစ်စုတစ်ဝေးကြီး ကူးစက်သွားသည့်နှယ် အားပါးတရ ရယ်မိရာမှ "ခုညရမဲ့ ထမင်းဖိုးပါ ဖိနပ်ဝယ်လိုက်ရင် မင်း ဘာနဲ့ ထမင်းစားမလဲ ကဲ"
"မစားတော့ဘူးပေါ့၊ ညကျရင် ရေအများကြီးသောက်ပြီး အိပ်လိုက်မှာပေါ့၊ ဟိုတစ်နေ့ကလဲ မေမေ ထမင်းဖိုး မပေးခဲ့လို့ ဒီလိုပဲ ကျွန်တော် အိပ်လိုက်တာပဲ၊ ကိစ္စမရှိဘူး၊ ဖိနပ်ပဲဝယ်မယ်၊ ရေတွေအများကြီး သောက်ပြီး အိပ်လိုက်ရင် ဝတာပဲ"
နှစ်လိုဖွယ် ထိုထိုအပြောအဆိုကလေးများကြောင့် အတာ့အပေါ်၌ သက်ရောက်နေသော ကိုထွန်းအောင် ၏ ကရုဏာမှာ ပွားသည်ထက်သာ ပွားနေရတော့၏။
"ကဲပါကွာ၊ မင့်အမေက ထမင်းဖိုးပေးရင်လဲ ထမင်းဝယ်စား၊ စုထားတဲ့ သုံးမူးလဲ မင်းပဲသိမ်းထားပေါ့၊ ဖိနပ် ကို ငါဝယ်ပေးမှာပေါ့၊ ဟုတ်လား အတာ"
"ဟုတ်ကဲ့" ဟု ပြန်ပြောရင်း တစ်စုံတစ်ရာကို အလုအယက် စဉ်းစားသလို တွေဝေနေပြန်ပြီးမှ
"ဒါဖြင့် အဲဒီ ပိုက်ဆုံးသုံးမူးနဲ့ လွယ်အိတ်ကလေး ဝယ်မယ်၊ ဟောဒီလောက် သေးသေးလေးဟာ တစ်ခု ငါးပဲ တဲ့၊ လမ်းထိပ်က ထီးဆိုင်မှာ ကျွန်တော် မေးကြည့်တယ်"
"ကဲပါ အတာ၊ မင့်ပိုက်ဆံ မင့်ဟာမင်း သိမ်းထားစမ်းပါ၊ အားလုံး ငါဝယ်ပေးပါ့မယ်၊ လွယ်အိတ်ရော စာအုပ် ရော ကျောက်သင်ပုန်း ကျောက်တံအစုံ ငါဝယ်ပေးပါ့မယ်ကွာ"
ထိုအခိုက်တွင် အောက်ထပ်မှ တက်လာသော ခြေသံတစ်ခုနှင့်အတူ မသိန်းမေ၏ ကိုယ်တစ်ပိုင်းကို ပထမဆုံး မြင်လိုက်ရ၏။ သို့ မြင်လိုက်ရသော မျက်နှာထားမှာ တစ်စုံတစ်ရာ အပေါက်အလမ်းမတည့် သည့်အခါများက ကဲ့သို့ပင် ဣနြေ္ဒတင်းတင်းနှင့် တွေ့ရသောကြောင့် အတာလည်း ဝတ်ထားသော လုံ ချည်ကလေး ကို ယောင်ချာချာဖြင့် ချွတ်နေမိတော့၏။
မသိန်းမေက အတာအား တစ်ချက်မျှသာ လှမ်းကြည့်တဲ့ပြီး ကိုထွန်းအောင်ဆီသို့ မျက်နှာမူလိုက်သည် နှင့် ကိုထွန်းအောင် ကပင် စ၍
"ခင်ဗျားသားကို ကြည့်ပါဦး၊ ရှပ်အင်္ကျီနဲ့ လုံချည်လေးရလို့ သိပ်ဝမ်းသာနေတယ်"
"ဘာလဲ ရှင် ဝယ်ပေးတာလား"
"အင်းပေါ့ ခုနပဲ သူ့ပါခေါ်ပြီး သွားဝယ်လာခဲ့တယ်"
(ဒါတွေဝယ်လာတာ မင့်အမေ မသိစေနဲ့ဦး) ဟူသော စောစောက ကိုထွန်းအောင် စကားကြောင့် အတာ တွင် အတော်ကလေး ရင်ဖိုနေ၏။ ဆူဆူပူပူဖြစ်နေဦးမည်လားဟူ၍လည်း တွေး၍ ကြောက်နေ၏။ သို့ သော် ဤအခြေထိ မသိန်းမေက ဘာတစ်ခွန်းမျှ မပြောသေးသည့်တိုင်အောင် အဝတ်အစားလဲရင်း လှုပ်ရှား နေသော မသိန်းမေအား အတာသည် အရိပ်တကြည့်ကြည့်ဖြင့် ငေးနေမိရှာ၏။
"ဘာတုံး ကိုထွန်းအောင်၊ ဒီနေ့ ရှင် ကြားပေါက်ရလာသလား"
"မဟုတ်ပါဘူး ကျုပ် တစ်ဆယ်နှစ်ကျပ်တိုးနဲ့ ချေးလာတယ်၊ ကောင်လေး ကျောင်းအပ်ဖို့ရော အဝတ် အစားလေး ဝယ်ဖို့ပါ ဆိုပါတော့၊ ငွေသုံးဆယ် ချေးလာတယ်"
"အင်း"
သို့လျှင် နိဒါန်းပျိုးလိုက်သော မသိန်းမေ၏"အင်း"သည် သူလိုငါလို အင်းမျိုးမဟုတ်။ တစ်စုံတစ်ရာ အပြစ် ရှာ လိုသော အခါတွင်ဖြစ်စေ၊ မကျေနပ်မှု တစ်ခုခုရှိလာလျှင်ဖြစ်စေ ဤလုအင်းမျိုးမှပင် စတတ် သည်ကို ကိုထွန်းအောင်သိ၏။
သို့စေကာမူလည်း ကိုထွန်းအောင်လည်း ဤတစ်ကြိမ်၌ မည်သို့သော အရေးအခင်းနှင့်ပင် ကြုံလာစေ ရင်ဆိုင်ရန် အသင့်ကဲ့သို့ မသိန်းမေပြောလာမည့်စကားကိုသာ နားစွင့်နေ၏။
"နို့ ဒီချေးလာတဲ့ ပိုက်ဆံက ဘယ်လိုဆပ်မှာတုံး"
"ကျုပ် လခထုတ်တော့ ဆပ်လိုက်ရင် ပြီးတာပဲ"
ကိုထွန်းအောင်၏ အသံသည် မာမာကလေးပင်ထွက်လာ၏။
"လခထုတ်တော့ ဆပ်လိုက်ပြီးတာပဲ ဟုတ်လား၊ ဒါဖြင့် လခထုတ်တဲ့အခါ ဒီအကြွေးကိုဆပ်ပြီးမှ ပိုတာ မှ ကျွန်မ ရမယ်ဆိုပါတော့"
ထိုစကားကြောင့် ကိုထွန်းအောင်တွင် စိတ်မောလူမော ဖြစ်သွားကာ ဟောခနဲ သက်ပြင်းကြီးမှုတ်ထုတ် တဲ့ပြီးမှ
"နည်းနည်းပါးပါးလဲ စဉ်းစားဦး မသိန်းမေ၊ ခင်ဗျားလုပ်ပုံရော ပြောပုံပါ တော်တော်တရားလွန်နေပြီ သိလား၊ လခထုတ်တဲ့အခါ အဲဒီကြွေးဆပ်လို့ လျော့သွားမှာသာ ခင်ဗျားမြင်နေတယ်၊ ဟိုနေ့က မြင်း လောင်း ဖို့ ယူသွားတဲ့ငွေကိုတော့ ခင်ဗျား ထည့်မပြောဘူး၊ ဟိုနေ့က ခင်ဗျားယူသွားတဲ့ ပိုက်ဆံပြန်ပေး ပါဆိုတော့လဲ ခင်ဗျား စကားများတယ်၊ ဘယ့်နှယ်ဟာလဲ"
"ရှင် ကျွန်မကို အော်မပြောပါနဲ့၊ ရှင့်ကိစ္စက အတိုးနဲ့ ချေးရလောက်အောင် အရေးကြီးနေသလား၊ ကဲ ပြောစမ်းပါဦး"
"ဒီစကားမျိုးမပြောနဲ့ မသိန်းမေ၊ ဒါ ကျုပ်ကိစ္စလဲမဟုတ်ဘူး၊ ကျုပ်သားအရင်းအတွက်လဲ မဟုတ်ဘူး၊ ခင်ဗျားသားကိစ္စ သိရဲ့လား၊ ခင်ဗျား ပြောသလိုစကားမျိုးကို ပထွေးဖြစ်တဲ့ ကျုပ်တော် ပြောမထွက်ဘူး"
ကိုထွန်းအောင် ဤလိုပြောလိုက်မှပင် မသိန်းမေ ရှက်အမ်းအမ်းဖြစ်သွားတော့၏။
"ရှင်လိုရာ ဆွဲမပြောနဲ့၊ ဒါကို ကျွန်မ ဆိုလိုတာမဟုတ်ဘူး၊ ငွေတစ်ဆယ်နှစ်ကျပ်ဆိုတဲ့ အတိုးဟာ နည်း သလားဟင်၊ ခု သုံးဆယ်ဆို ငွေခြောက်ကျပ်၊ အဲဒါ သက်သက်ပေးရမှာမို့ နှမြောလို့ပြောနေတာ သိရဲ့ လား"
မသိန်းမေကလည်း သူ့အမှားကို သူသိသောကြောင့် စကားကို အဖျားရှူးပစ်လိုက်တော့၏။ ဤလို စကားမျိုးကိုသာ သူပြောသည်။ သူ့ကိုယ်၌သော်ကား တစ်ခါတစ်ရံ ငွေတစ်ဆယ် နှစ်ကျပ်ခွဲတိုးနှင့်ပင် ချေး၍ မြေးလောင်းတတ်သည်ကို ကိုထွန်းအောင် သိ၏။ သို့သော် ကိုထွန်းအောင် ဆင်ခြင်၏။ ဤတွင် ပင် ထိုကိစ္စ စကားပြတ်စရာရှိနေ၍ နောက်ထပ်မဆက်။ ထိုအကြောင်းနှင့်လည်း စောဒကမတက်တော့ ဘဲ "ကဲ မသိန်းမေ၊ ခင်ဗျားက ဒီအတိုးကို နှမြောတယ်ဆိုရင် ကျုပ်ရတဲ့ လခထဲက မပေးဘူး၊ တခြားက ရှာ ကြံပြီး ကျုပ် ဆပ်မယ်၊ ပြီး ခင်ဗျားကို ပေးရမဲ့ ကျုပ်လခ လေးဆယ့်နှစ်ကျပ်ထဲက ခင်ဗျား ဟိုနေ့ကယူတဲ့ နှစ်ဆယ့် ခုနစ်ကျပ် ပဲ နုတ်မယ်၊ ကျန်တာ အကုန်ပေးမယ်၊ ကဲ ဒီလိုဆို ခင်ဗျား ကျေနပ်လောက်ပြီ ဟုတ် လား"
"ကျွန်မက ဘာကိုများ မကျေနပ်ဘူးလို့ ပြောမိပါလိမ့်"
"အေးလေ မပြောပါဘူး၊ စကားလဲ များမနေပါနဲ့တော့ဗျာ၊ ခု ကောင်လေးက သိပ်ပျော်နေတာ၊ သူ စိတ် ညစ် သွားပါ့မယ်၊ တော်ပါတော့"
ယခုသော် မသိန်းမေ၏မျက်နှာထားသည် ကြည်လင်စပြုလာပြီဖြစ်၏။
"ကဲ ခင်ဗျားသားကို ကြည့်စမ်းပါဦး၊ ဟေ့ အတာ ဝတ်ပြလိုက် အင်္ကျီနဲ့ လုံချည်"ဟု ကိုထွန်းအောင်က တစ်ဆက်တည်း ပြောလိုက်သည်နှင့် အလိုလိုက မိဘများနှင့် ပျော်ပျော်ရွှင်ရွှင် နေချင်နေသော အတာ လည်း ကပျာကရာ ထရပ်၍ လုံချည်နှင့် ရှပ်ကို ဆွဲထုတ်လျက် သွက်သွက်ကလေး ဝတ်ပြနေ၏။
အဝတ်အစား အသစ်ကလေးများ နှစ်မျိုးရလျှင် နှစ်မျိုးစလုံးပင် ဝတ်ဆင်ကြည့်လိုသော ကလေးတို့၏ သဘာဝ အတိုင်းပင် ယခု အတာဝတ်ဆင်ပြနေသော ရှပ်နှင့် လုံချည်မှာ စောစောက ကိုထွန်းအောင် ရှေ့တွင် ဝတ်ကြည့်သော အဆင်အသွေးမဟုတ်သည်ကို ကိုထွန်းအောင် သတိထားမိ၏။ အတာ ကလေး အဘယ် မျှ ပျော်မြူးနေသည်ကိုလည်း အကဲခတ်နေမိ၏။
"လာဦး ဒီနားကို"
မသိန်းမေ လည်း ချိုချိုသာသာပင် အတာကလေးကို လှမ်းခေါ်လိုက်ပြီး "ဟိုဘက်လှည့်စမ်း၊ ဒီဘက် လှည့်စမ်း"နှင့် အဝတ်သစ် အစားသစ်ကြောင့် တသွေးတမွေးဖြစ်နေသော အတာအား အမိန့်အမျိုးမျိုး ပေးရင်း ကြည့်နေစဉ်မှာပင်
"ကဲ မသိန်းမေ၊ ခင်ဗျားကော ထမင်းစားခဲ့ပြီပလား"
"ဘယ်စားရဦးမလဲ"
"လာ ဒါဖြင့် မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)မှာ ဒန်ပေါက်ထမင်း သွားစားရအောင်၊ ဒီညတော့ ကျုပ်က ပဲ ကျွေး ပါ့မယ်"
နံနက်ရော ညစာထမင်းပါ မသိန်းမေ၏ တာဝန်ဖြစ်သော်လည်း ကိုထွန်းအောင်တွင် အတာနှင့်အတူ ရော ၍ ပျော်နေသောကြောင့်ပင် ထင်၏။ ထိုညကို ရွှင်ရွှင်ကြည်ကြည်ကလေး အရသာခံလိုသည်နှင့် သို့ ပြောလိုက် သောကြောင့် "ဒါဖြင့် လာလေ သွားစို့" မသိန်းမေလည်း ပြောပြောဆိုဆို ထရပ်ရင်း ဘော်လီအိတ်ကို နှိုက်နေသည် နှင့် "ဘာလုပ်ဖို့ ပိုက်ဆံနှိုက်နေတာတုံး မသိန်းမေ" "ဒီကောင်ကို ထမင်းဖိုး ပေးခဲ့မလို့"
"အိုဗျာ၊ သူ့ပါခေါ်သွားတာပေါ့၊ တစ်ခါတစ်လေ စားပါစေ၊ ဒန်ပေါက်ထမင်း"ဟု ကိုထွန်းအောင် ပြော လိုက်သည် နှင့် အတာလည်း မသိန်းမေ၏အရိပ်အကဲ မသိမသာ မော်ကြည့်နေ၏။
"ခေါ်ချင်လဲ ခေါ်လေ"ဟူသော မိခင်၏ခွင့်ပြုချက်ကို ရသည်နှင့်
"ကျွန်တော် ဒီလိုပဲ လိုက်ခဲ့ရမလား မေမေ"
အတာ လည်း ဝတ်ထားပြီးဖြစ်နေသော အင်္ကျီနှင့် လုံချည် အသစ်ကလေးကို ငုံ့ကြည့်ရင်း မေးလိုက်၏။
"ဝတ်ခဲ့လေကွာ၊ လာ ဒီလိုပဲ လိုက်ခဲ့၊ လမ်းထိပ်ရောက် မှ ဖိနပ်လဲ ဝယ်ပေးဦးမယ်"
မော်လမြိုင်တွင် နေခဲ့သည့် အချိန်ကာလကလွဲ၍ ထိုညသည် အတာ့အဖို့ အပျော်ဆုံးသောည ဖြစ်၏။ မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) ဒန်ပေါက်ထမင်းဆိုင်ရောက်သည်အထိ မသိန်းမေက လက်ကလေးဆွဲ ၍ ရယ်ရယ်မောမော နှင့် တယုတယခေါ်သွားသည့် အရသာကို အတာသည် မြိုင်မြိုင်ရှက်ရှက် ခံစား ရင်း လိုက်ပါ သွားရသည့်အဖြစ်ကို အသည်းနင့်အောင် ကြည်နူးသွားခဲ့၏။
ယနေ့လည်း ကိုထွန်းအောင်က ကျောင်းအပ်ရန် လန်ခြားဖြင့် တင်ခေါ်ခဲ့ရာ၌ အတာ့တစ်မျက်နှာလုံးမှာ (သူ့တစ်သက်တာ အဖို့ ဝမ်းအသာဆုံးနေ့)ဟူသော စကားထက်ပင် ပိုမိုလေးနက်သော အသွင်မျိုးပါ သည့် အပြုံး ဖြင့် ဖုံးလွှန်းနေတော့၏။
ကျုံးကြီးလမ်းရှိ ဗုဒ္ဓဘာသာ မိန်းကလေးကျောင်းဝင်းအတွင်းမှ ကိုထွန်းအောင်ပြန်ထွက်သွားပြီးနောက် နာရီဝက်သာသာအကြာတွင် ကျောင်းတက်ခေါင်းလောင်းထိုးတော့၏။
အတာလည်း ဆရာမညွှန်ကြားသည့်အတိုင်း အခြားသော ကလေးများနှင့် ရောနှောစီတန်းကာ အပေါ် ထပ်သို့ တက်ခဲ့ကြ၏။ ထိုကျောင်းမှ အင်္ဂလိပ်အမျိုးသမီးကြီးတစ်ဦး အုပ်ချုပ်သော ကျောင်းပင်ဖြစ်လင့် ကစား ဗုဒ္ဓဘာသာ အယူဝါဒအတိုင်း မြန်မာလိုပင် ရှိခိုးကြရ၏။
ကျောင်းတက်၍ ဘုရားရှိခိုးပြီးသည်နှင့် ကိုယ့်အတန်း ကိုယ်ပြန်၍ ကိုယ့်နေရာကိုယ် ထိုင်ကြသည်တွင် လူသစ်ဖြစ်နေသော အတာ၌ အဘယ်နေရာ ဝင်ထိုင်ရမည်မသိသလို ယောင်ချာချာရှိနေသည်နှင့် အတန်းပိုင် ဆရာမက ရုတ်တရက်လှမ်းခေါ်ပြီး ရှေ့ဆုံးတန်းမှ ကလေးတစ်ယောက်ကို နောက်ပိုင်းရှိ ခုံ လွတ်တစ်ခုတွင် အထိုင်ခိုင်းလျက် အတာကိုမူ ရှေ့ဆုံးတန်း နေရာပေးလိုက်၏။ ဆရာမသည် သုံးလ ခန့် စာနောက်ကျ နေပြီဖြစ်သော အတာအား နီးနီးနားနားနှင့် ပိုပိုမိုမို ဖိသင်ရန် ရည်ရွယ်ချက်ဖြင့် ရှေ့ဆုံးတန်း ၌ နေရာချပေးလိုက်ဟန်တူ၏။
ညနေ ၃ နာရီခွဲ၍ ကျောင်းလွှတ်ချိန်၌ အတာတွင် အခြားသောရွယ်တူကလေးများနည်းတူ လာရောက် ကြိုဆိုမည့်သူမရှိ။ ၁၇ လမ်းမှသည် မောင်ခိုင်လမ်း (ယခု ဗိုလ်ရွှဲလမ်း) အထိ ဓာတ်ရထား၊ ဘတ်စ်ကား အစရှိသော ယာဉ်အမျိုးမျိုး၏အန္တရာယ်ကို အရွယ်နှင့်မလိုက်အောင် ရှောင်တိမ်းဖြတ်သန်း၍ ပြန်လာခဲ့ ရ၏။
မောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) သို့ရောက်ရန် ပေသုံးဆယ်မျှလိုသော တိုက်တန်းလျားသို့ရောက် သော် အတာသည် တစ်ဦးတစ်ယောက်ကို ရှာသကဲ့သို့ သူ့မျက်လုံးများသည် ဝိုင်းဝိုင်းလည်အောင် ထိုထိုဤဤ ကြည့်ရင်း လျှောက်လာသည်ကို တွေ့ရ၏။
ဆက်ရန်
.
2 comments:
ကျေးဇူးတင်ပါတယ်...
ဒီနေ့ ဆရာမဘလော့ဂ် ၀င်လည်ရတာတော်တော်အ
ဆင်ပြေသွားတယ်။ စာမျက်နှာ အောက်ဆုံးထိရောက်မ
သွားတော့ဘူး။အရင်ကဆို စာမျက်နှာအောက်ရောက်
ရောက်သွားတော့ အပေါ်ပြန်တက်ရတာနဲ့တင် အလုပ်
တွေများသွားတယ်။ ခုတော့အိုကေသွားပြီ။ စာကောင်းတွေ အများကြီးဖတ်ခွင့်ရတဲ့ အတွက်ဆရာမကို
ကျေးဇူးအများကြီးတင်ပါတယ်။
စောဖုန်း
Post a Comment