Tuesday, March 13, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၅)

ရထားပေါ်ကလူများ - ၈

ရထားတွဲထဲတွင် မိခင်နှင့် ဆယ်ကျော်သက်ရွယ် မိန်းကလေးတို့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်သံက တစ်တွဲလုံး ယူငင်သွားလေသည်။ မိခင်နှင့် ဆယ်ကျော်သက်ရွယ် မိန်းကလေးမှာ ရထားတွဲဘေးခုံတန်းများ တစ်ဖက် တစ်ချက် တွင် ရှိပါသည်။ စူးရှသော အသံတွေနှင့်အတူ အပူငွေ့များက လှိုင်းထနေသည်။
" ညည်းမပြောနဲ့ ညည်းမပြောနဲ့ ညည်းကို ငါမွေးလာတာ။ ပြောစရာရှိပြောရမှာပဲ။ ကောင်မအရွယ်ကလေး ရလာလို့ ဂျို(ချို) ထလာတယ်ပေါ့လေ "
" ပြောမှာပဲ အမေပြောတာမဟုတ်ရင် ပြောမှာပဲ။ ကျုပ်ကို မတရားပြောရင် ပြောမှာပဲ ... ဟီး ... ဟီး"
ကလေးမ မှာ အော်ဟစ်ရင်း ငိုချလိုက်ပါတယ်။ မိခင်က စိတ်မရှည်နိုင်တော့သလို ထိုင်ရာမှထလာပြီး မိန်းကလေး ကျောကုန်းကို တအုန်းအုန်းထုရိုက်လိုက်သည်။

" အမေ ကျုပ်ကိုမရိုက်နဲ့ မရိုက်နဲ့"
" ရိုက်မှာပဲ အံမယ်၊ ညည်းကို ကလေးထဲက ရိုက်လာတာ ရိုက်မှာပဲ။ ပြောမရရင် ရိုက်မှာပဲ၊ ကဲဟာ ကဲဟာ" တအုန်းအုန်းထုရိုက်ပြန်သည်။
" မငိုနဲ့ ... ကျက်သရေမရှိ ကျက်သရေမရှိ၊ အရှက်ကို မရှိဘူး"
ရထားက မထွက်နိုင်သေး။ ဒီမိခင်နှင့် မိန်းကလေးတို့ကြားမှာ ဘယ်လိုဒေါသပွား၊ စကားများစရာ ရှိနေ သလဲ။ မိန်းကလေးက သူရှာဖွေလုပ်ကိုင်ရလာသည့်ငွေကို အပြည့်အ၀ မိခင်အား ပြန်မပေးခဲ့လို့လား။ ဒီလမ်းမသွားနဲ့ ဆိုတာကို ဒီလမ်းသွားခဲပသလား။ ဒီလူနှင့် မခေါ်မပြောနဲ့ဆိုတာကို ခေါ်ပြောခဲ့လို့လား။ မိခင်၏ အမှားအယွင်း တစ်ခုခုကိုများ သမီးက အပြစ်ပြောခဲ့လို့လား။ လား ... လား ... လား။ မိခင်နှင့် မိန်းကလေး ရထားတွဲပေါ် ခရီးသည်တွေကြား အော်ကြီးဟစ်ကျယ် ရန်ပွားသည့် စကားလုံးကြမ်းကြမ်း တွေထဲမှာ ကျွန်တော် အဓိပ္ပာယ် ရှာဖွေမရရှိနေပါသည်။

ကျွန်တော်သည် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။ အပြင်မှာလည်း အပူလှိုင်းတွေ လွင့်ပျံ နေသည်။ ခရီးသည်တချို့ စင်္ကြန်ခုံဝိုင်းမှာ ထိုင်လိုထိုင်၊ မိုးတိုးမတ်တပ်ရပ်လိုရပ်၊ အင်္ကျီဖြူ ဘောင်းဘီပြာဝတ် လက်မှတ်စစ်တချို့၊ အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်းဝတ် စစ်သားတစ်ချို့။ စင်္ကြခေါင်မိုး က နာရီဝိုင်းကြီးမှ လက်တံတစ်ချက် အရွေ့မှာ ခရာမှုတ်သံကြားလိုက်ရပြီး၊ ခရီးသည်တချို့ ရထားပေါ်သို့ အပြေးကလေး တက်သူတက်လာလေသည်။ ခဏအကြာတွင် ရထားကြီးသည် ပျင်းရိ ပျင်းတွဲ ဥသြရှည် တစ်ချက် ဆွဲကာ စတင်ထွက်ခွာသည်။
ရထားပေါ်မှ မိခင်နှင့် သမီးတို့၏ ရန်ပွဲလည်း ပြတင်းပေါက်များမှ ၀င်လာသော ပြင်ပလေအေးနှင့်အတူ ငြိမ်းသက် သွားလေပြီ။

ကျွန်တော်သည် ထိုအခိုက် နိုင်ဝင်းဆွေ၏ ညိုညိုကို သတိရလာလေသည်။ ညိုညိုနှင့် လက်မှတ်စစ် ကိုရင်မောင် တို့ စတင်ဆုံတွေ့တော့ ညိုညိုမှာ အစောကမိခင်နှင့် အော်ကြီးဟစ်ကျယ် ရန်ပွားခဲ့သော မိန်းကလေး လို ဆယ်ကျော်သက်ရွယ်ပဲ ရှိခဲ့သေးသည်။ ညိုညိုသည် မြို့လုလင်ဘူတာလေးသို့ ရထားရပ်လျှင် ကိုရင်မောင်ရပ်နေရာတွဲဝသို့ ကုန်စိမ်းတောင်းများကို ထိုးတင်လိုက်သည်။ ရထားထွက်ခွာ လာလျှင် ညိုညိုနှင့် ကိုရင်မောင်သည် တွဲဝ၌မျက်နှာချင်းဆိုင် ယှဉ်ရပ်နေမိရင်း ညိုညိုသည် မျက်နှာ  တစ်ပြင်လုံး ထူပိန်းလာကာ ရင်ခုန်နေမိသလို ကိုရင်မောင်လည်း စကားဆွံ့အနေတတ်ပြန်သည်။

ကြည့်မြင်တိုင်ဘူတာလွန်ပြီး ပန်းလှိုင်ဘူတာသို့ ရထားဆိုက်သောအခါ ဆင်းသူတက်သူများဖြင့် ရှုပ်ယှက် ခတ် သွားသည်။ ကျွန်တော့် အာရုံထဲမှ ညိုညိုလည်း ထွက်ပြေးသွားသည်။
" ဟင် ဦးလေး ဘယ်က ပြန်လာသလဲ "
ကျွန်တော် ထိုင်နေရာရှေ့သို့ လူငယ်တစ်ယောက်လာရပ်ပြီး နှုတ်ဆက်လိုက်သဖြင့် ကျွန်တော် မော့ကြည့်မိ သည်။ ဂျင်းဘောင်းဘီ၊ စပို့ရှပ်အနက်၊ ဆံပင်နီအကြောင်ထောင်ထောင် နားကပ်တစ်ဖက်၊ ပိန်ပိန်သွယ်သွယ် လူငယ်တစ်ယောက်။ ကျွန်တော့် မှတ်ဥာဏ်တွေ ယုတ်လျော့သွားနေသဖြင့် လူငယ်ကို ချက်ချင်းမမှတ်မိ။ နောက်မှ စကားပြောရင်း ကျွန်တော့်သားငယ်နှင့် သိကျွမ်းသူ။ သူ့ဖခင်က အရာထမ်း၊ ဒီကလေး ကျွန်တော့်အိမ်ကို သားနှင့်တစ်ခေါက်နှစ်ခေါက် ရောက်ဖူးသူဆိုတာ ပြန်အူမှတ်ရလာသည်။ ဒီလူငယ် က ဆယ်တန်းကို အခါခါကျနေတာ ပေါ့ပေါ့ပါးပါး (ပေါ်ကြော့)  နေထိုင်တတ်သူဆိုတာလည်း မှတ် မိလာသည်။ ပိုက်တန်းခြင်း ခတ်မည်၊ (ခြင်းခတ်ရင်း သားနှင့် သိကျွမ်းလာသည်။) ဘောလုံးကန်မည်၊ လက်ဖက်ရည် ဆိုင်ထိုင်မည်။ ဘောလုံးပွဲကြည့် ဘောလံးပွဲလောင်းမည်။

" ငါ မြို့ထဲက ပြန်လာတာ၊ မင်းရော ဘယ်ကတက်လာတာလဲ "
" ဒီ ပန်းလှိုင်ဘူတာက "
" သြော် အေး မင်းခုဘာလုပ်နေလဲ "
" ဦးသားရော အိမ်မှာလား "
မေးခွန်းနှစ်ခုက တစ်ထပ်တည်းကျသွားသဖြင့် ကျွန်တော်က အရင်ဖြေပေးလိုက်သည်။ ခရီးသည်တွေ ဈေးသည်တွေ ၏ စကားသံ၊ အော်သံတွေကလည်း ကျွန်တော်တို့ စကားသံတွေကို တိုးတိုက်ဖုံးလွှမ်းသွား ပြန်သည်။ စကားမပြောမိကြ။ သူငယ်က ကျွန်တော့်ရှေ့ကမခွာသေး။ ဘူတာစဉ်နှစ်ခုလောက် အကျော်မှာ တော့ လူငယ် (သူ့အမည်ကို ကျွန်တော်မေ့လျော့နေ သို့မဟုတ် မသိပါ) က ကျွန်တော့်ဘေးထိုင်ခုံတွင် တင်ပါး တစ်နေရာစာ ရရှိသွားပါသည်။ လူငယ်က ကျွန်တော့်သားအကြောင်း မေးနေပြန်သည်။ သူတို့ မတွေ့ ကြတာကြာပြီဟု ဆိုသည်။

" ကျွန်တော် အခုအဲဒီမှာ မနေတော့ဘူး "
" မင်း အဖေတွေ ပြောင်းသွားပြီလား "
" မဟုတ်ဘူး ဖေဖေတို့က အဲဒီမှာပဲ၊ ကျွန်တော်က မိန်းမရလို့ အုတ်ဖိုရွာလေးမှာ အိမ်ငှားနေတယ်။ အိမ်က တစ်လ တစ်သောင်း။ လုံးချင်းလေးပါ။ အိမ်ရှင်အဘိုးကြီး။ အဘွားကြီးကလည်း သဘောကောင်းတယ်။ ကျွန်တော် တို့ လင်မယားထမင်းစားဖို့ စားပွဲဝိုင်းလေးရော။ ဒယ်အိုးဒန်အိုးလေးတေါရော ပေးထားတယ်။ သူတို့က သားသမီးမရှိဘူးလေ။ သူတို့ခြံထဲမှာ ပိုနေတဲ့ အိမ်လေးတစ်လုံး ငှားထားတာ။ ပျဉ်ခင်းထရံကာ ဓနိမိုး ပေါ့ဦးရယ်။ လင်မယားနှစ်ယောက် နေလောက်ပါတယ်။ ဦး သားမသိသေးဘူး။ လာလည်ဦးလို့ ပြော လိုက်ပါ"
" အေး အေး ... မင်းမိန်းမ ရတာ ကြာပြီလား "
" တစ်နှစ်လောက်ရှိပြီ၊ ဒါပေမယ့် လက်မထပ်ရသေးပါဘူး ဦးလေးရာ"
" ဟေ " ကျွန်တော် အံ့သြသွားသည်။ ထူးဆန်းတာလား။ ခေတ်မီတာလား။ ကျွန်တော် မခွဲခြားတတ်။ ဒီနေ့ လူငယ်တွေကို ကျွန်တော် လိုက်မမီဘူး ထင်သည်။

" ကလေးတွေ ဘာတွေရော ရပြီလား "
" ဟင့်အင်း မရသေးဘူး ဦးလေး "
" မင်းက အခုဘာလုပ်လဲ၊ အလုပ်ကိုပြောတာ မိန်းမရတော့လေ "
" ကျွန်တော် အလုံဆိပ်ကမ်းမှာ ကုန်ထမ်းနေတယ် "
" ဟေ " ကျွန်တော် အံ့သြရပြန်သည်။ ဒီသူငယ်က ပိန်ပိန်သွယ်သွယ်ရယ်။ ခုအရွယ်ထိ (အသက်အစိတ်၊ သုံးဆယ်ဝန်းကျင်) ဘာတစ်ခုမှ လုပ်ဖူးဟန်လည်းမတူ။ မိဘဆီမှာနေစဉ်က အဖေက အရာထမ်းဆိုတော့ ၀င်ငွေ မချို့တဲ့။ မိဘလုပ်စာ သုံးလိုက်၊ဆော့လိုက်နှင့် ပေါ့ပါးလွင့်လွတ်စွာနေခဲ့သူ။ ယခုမိန်းမရပြီဆိုတော့ ကုန်ထမ်း တဲ့ အလုပ်ကိုပင် ရရာဝင်လုပ်ရပြီ။ ပညာနှင့်လုပ်စားစရာ ပညာကလည်း မပြည့်စုံခဲ့။

" မင်းလုပ်နိုင်ရဲ့လား "
" လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ ထမ်းရတာက ဆန်အိတ်တို့၊ ဘိလပ်မြေအိပ်တို့မဟုတ်ဘူးလေ။ ဒီနေ့ဆို စက္ကူ ကတ်ထူတွေ။ ဈေးလည်းရတယ်။ ကျွန်တော်က ကုန်ထမ်းဂိုဏ်းကမဟုတ်ဘူး။ ဘောက်ပေါ့။ ဘောက် အထမ်းသမား ဆိုတော့ အလုပ်ကတော့ နေ့တိုင်းမရှိဘူးဦးလေးရ"
" မင်း ထမင်းချိုင့်လည်း မတွေ့ပါလား၊ ဘယ်လိုစားသလဲ "
ကျွန်တော်က ဘယ်လူမျိုးမဆိုတို့၏ ဘ၀အကြောင်း (Life) ကိုခရေစေ့တွင်းကျ သိချင်သူဖြစ်သည်။ မေးရမြန်း ရတာကိုလည်း သဘောကျသည်။ နားထောင်ရတာ နှစ်သက်သည်။ တကယ်တော့ ဒါတွေက လူ့ဘ၀ကြီး ထဲက ၀တ္ထုတွေမဟုတ် လား။ ကျွန်တော်က ၀တ္ထုတွေကို စာအုပ်ထဲက သာမက စာအုပ် အပြင်က လူတွေထဲမှာလည်း ဖတ်ချင်သူဖြစ်သည်။ စာအုပ်ထဲမှာ ညိုညိုနှင့် ကိုရင်မောင်တို့၏ အလင်းအမှောင် တွေ ဖတ်ရင်း ရင်ခုန်ရသလို စာအုပ်အပြင် လူ့ဘ၀ကြီးထဲမှာလည်း ရင်ခုန်စရာတွေ အများ အပြား။

" ကျွန်တော် ထမင်းချိုင့်မယူဘူး။ အလုပ်ရှိတဲ့နေ့ဆို ကမ်းနားက ထမင်းဆိုင်မှာ အလုပ်သိမ်းမှ ရှင်းတဲ့စနစ်နဲ့ ယူစားတယ်။ အလုပ်မရှိတဲ့နေ့၊ ပါးတဲ့နေ့ဆို နေ့ခင်းမှာ အိမ်ပြန်ပြီး အိမ်ရောက်မှ စားတယ်။
" သြော် ... မင်းတို့အဆင်ပြေရဲ့လား မင်းမိဘတွေကရော "
" ဒီလိုပေါ့ ဦးရာ။ အဖေတို့က သူတို့စကားနားမထောင်လို့ဆိုပြီး ပစ်ထားတယ်။ ဒါကြောင့် ကျွန်တော်တို့ မင်္ဂလာ မဆောင်ရသေးတာ။ ကျွန်တော့် မိန်းမဘက်ကလည်း နယ်မှာဆိုတော့ လုပ်မပေးနိုင်ဘူး။ ကျွန်တော့် မိန်းမ က စက်မှုဇုန်မှာ ပဲ ရွေးတဲ့အလုပ် လုပ်တယ်လေ။ တစ်နေ့ ခြောက်ရာ၊ ခုနှစ်ရာ ရှစ်ရာ၊ တစ်ထောင် လောက်ရတယ်။ ကျွန်တော်လည်း မင်္ဂလာဆောင်ဖို့ ပိုက်ဆံစုနေပါတယ် "
ကျွန်တော် သူ့အစား မောနေလေသည်။ ဒီကနေ့ အချစ်ဝတ္ထုနှင့် ဗီဒီယိုရုပ်ရှင်တွေထဲက ချစ်သူ ဇာတ်လမ်း တွေကတော့ ပျော်စရာ၊ အားကျစရာကောင်းလှသည်။ ကားလှလှ တိုက်လှလှ ပရိဘောဂ အပျံစားတွေနှင့် နှစ်ဖက် မိဘတွေက ချမ်းသာကြွယ်ဝကြ။ စူပါမားကတ်ကြီးတွေမှာ အ၀တ်အစားလှလှ (တန်ဖိုးကြီးကြီး) တွေ ၀ယ်ကြ၊ ချမ်းကြ၊ နောက်ကြ ပြောင်ကြ။ စိတ်ဆိုးစိတ်ကောက်ကြ။ ကွဲကြ၊ ပြန်ပေါင်း ကြ။

အပြင်ရှိ တကယ့်လူထုဘ၀တွေက ဒါလောက် မလွယ်ကူ။ ဒါလောက် ပျော်စရာမကောင်း။ လူကိုယ်တိုင်ရဲ့ ညံ့ဖျင်းမြော်မြင်မှု နည်းပါးတာလည်း ပါတော့ပါသည်။ သို့တိုင် ပညာတတ်ဒရိုင်ဘာ။ စပယ်ယာ ကွမ်းယာ သည်၊ ဆိုက်ကားသမားကအစ ကျွန်တော်တွေ့ဖူး၊ သိမြင်ဖူးပါသည်။
" မင်းတို့လင်မယား၊ ဘယ်လုတွေ့ကြပြီး ဘယ်လိုယူဖြစ်သွားတာလဲကွာ "
သူ ပထမတော့ ရထားကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ကလေးတွေ လိုက်ပါလာသော ဈေးသည်တွေကို ကြည့်ငေးကာ ငိုင်သွားပါသေးသည်။

တစ်ခါတော့ သူသည် အရက်ချက်စက်ရုံတွင် လုပ်နေသော သူငယ်ချင်းနှင့်အတူ နယ်ရှိ သူငယ်ချင်းရွာသို့ အလည်အပတ် ပါသွားသည်။ သူငယ်ချင်းရွာတွင် သူငယ်ချင်းနှမ ခင်လှတင့်နှင့် တွေ့ဆုံခဲ့သည်။ ခင်လှတင့် က အစ်ကို့သူငယ်ချင်း ရန်ကုန်သား ကျော်ကျော့်အပေါ်တွင် သဒ္ဒါစိတ်တွေ တဖွားဖွား၊ သွန်းဖြိုးခဲ့ သည်။ သူတို့နျစ်ဦး ရက်ပိုင်းအတွင်း ချစ်သူဖြစ်ခဲ့ကြသည်။ ရန်ကုန်သားကျော်ကျော်ပြန်တော့ ခင်လှတင့်က ဆွေးကျန်ရစ်သည်။ သို့နှင့် လယ်တဲမှတက်ကာ သူ့အစ်ကိုရှိရာ ရန်ကုန်သို့ အလုပ်လုပ်ရန် အကြောင်းပြချက်ဖြင့် လိုက်လာခဲ့သည်။ သို့နှင့် ရန်ကုန်ဆင်ခြေဖုံးက အစ်ကိုဖြစ်သူအောင်မြင့် ငှားရမ်းနေ ထိုင်ရာ အခန်းကျဉ်းမှာ ရန်ကုန်သားကျော်ကျော်နှင့် ပြန်ဆုံသည်။ ထိုနှစ်က ကျော်ကျော်တစ်ယောက် သုံးကြိမ်မြောက် ဆယ်တန်းကျပြန်သည်။ မိဘက ဆူ၊ ဆယ်တန်းကျလို့ စိတ်ပျက်။ ကျော်ကျော် တစ်ယောက် လေတော့သည်။ ကျော်ကျော်အပေအတေနေသမျှ ချစ်သူခင်လှတင့်က အလို လိုက်ကာ ရွာမှ ပါလာသော လက်စွပ်၊ ဆွဲကြိုးတို့ကို ချစ်သူသုံးစွဲဖို့ ဖြုတ်ပေးသည်ထိ။ အစ်ကိုဖြစ်သူ အောင်မြင့်ပင် သတိပေးချိန် မရလိုက်။ အောင်မြင့်သိသွားတော့ နှမကို ဆူပြောသည်။ မောင်နှမစကားများသည့်အဆင့် ရောက် သွားသည်။ ခင်လှတင့်ရွာပြန်မည်ပြင်သည်။ ကျော်ကျော်ဒီ အကြောင်း သိသွားသည်။

" ရွာမပြန်ပါနဲ့ ချစ်ရယ်၊ ကိုယ်မင်းကို လက်ထပ်မယ် "
" မဖြစ်ဘူး။ ခင်လှတင့်ရွာပန်မယ်။ အစ်ကိုက ခင်လှတင့်ကို ဒီမှာမနေရဘူးတဲ့ "
" ဒါဆို ကိုယ်နဲ့ တစ်ခါတည်း လိုက်ခဲ့တော့။ ကိုယ် ချစ်ကို မခွဲနိုင်တော့ဘူး "
ပထမတော့ ခင်လှတင့်နှင့် ကျော်ကျော် သူငယ်ချင်းတစ်ယောက်အိမ်မှာ ခေတ္တကွန်းခိုသည်။ ကျော်ကျော် က သူ မိန်းမခိုးခဲ့ပြီဖြစ်ကြောင်း အမေ့ကို ပြောတော့ အမေကငိုသည်။ ပညာတစ်ပိုင်းတစ်စ၊ အလုပ်မရှိ အကိုင်မရှိ ဆိုကာ ငိုသည်။ အဖေကျတော့ ဒေါသူပုန်ထသည်။ အိမ်ရိပ်မနင်းနဲ့ဟု တစ်ချက်လွှတ် အမိန့် ထုတ်သည်။

သူ အလုပ်ရှာသည်။ အပြင်းအထန်။ ဘ၀က သူ့ကို ယခုမှဘ၀အမှန်ထဲ ဆွဲသွင်းလိုက်သည်။ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်ရတော့မည်။ ခင်လှတင့်ကလည်း မနေ။ အလုပ်ရှာသည်။ ခင်လှတင့်က သူ့အရင် အလုပ်ရသွားသည်။ ပဲစက်ရုံမှာ ပဲရွေးတဲ့အလုပ်။ သူလည်း နေ့စဉ်သူငယ်ချင်း အသိမိတ်ဆွေဆီ သွားကာ အလုပ် တစ်ခုခု ရလိုရငြား။ အလုပ်က ရှာလေရှားလေ။ တစ်ရက် စိတ်ညစ်ညစ်နှင့် အလုံကမ်းနား  ရောက်ရင်း မမျှော်လင့်ဘဲ ကုန်ထမ်းသည့်အလုပ်ဝင်လုပ်ဖြစ်သွားသည်။ ထိုနေ့က လုပ်ခစာရင်းပေါင်းတော့ ငါးထောင် လောက်ရသည်။ ပင်ပန်းသည်။ သို့တိုင် သူပျော်နေလေသည်။ မိဘဆီမှာတုန်းက ငါးထောင် တစ်သောင်း တစ်ရက်တည်း ဖြုန်းခဲ့တုန်းက ဒါလောက်တန်ဖိုးရှိမှန်းမသိခဲ့။

သူငယ်ချင်းအိမ်မှာ ငြိုညငိုငြင်ငြင်နှင့် တစ်လလောက်ကြာပြီးနောက် ဒီသာဓုဘူတာ အရှေ့ဘက် အုတ်ဖိုရွာ လေးမှာ အိမ်ကလေးတစ်လုံး ငှားရမ်းရခဲ့သည်။ ညနေဘက် ပန်းလှိုင်ဘူတာမှ ရထားစီးလာပြီး သာဓုဘူတာ မှ ဆင်းလိုက်လျှင် အရှေ့ဘက်ကိုက် ၁၀၀ ခန့်တွင် သစ်ပင်အုပ်အုပ်နှင့် အုတ်ဖိုရွာကလေးကို လှမ်းမြင် ရသည်။ ကျနေခြည်းပါးပါး ဖျော့ဖျော့အောက်မှာ မီးခိုးမှိုင်းမြူတို့ လွှမ်းခြုံလျက် ရွာကလေးကို လှမ်းမြင် ရသည်မှာ လွမ်းမောဖွယ်ရာ။

လယ်ကွက်လပ်တွေကြား၊ မြေဖို့လမ်းကလေးက သူလျှောက်သွားခဲ့ သည်။ နေ့စဉ်ညနေရီဘက်တွေမှာ သူ တယောက်တည်း ရက်ပေါင်းများစွာ လျှောက်ခဲ့ရသည်။ မနက်ပိုင်း စောစောမှာတော့ သူနှင့် ခင်လှတင့် တို့ အိမ်မှ သာဓုဘူတာရှိရာသို့ အတူတကွ လျှောက်ခဲ့ကြသည်။ ဒီလိုအခါ မျိုးတွင် ပါးဖောင်းဖောင်း ကလေးမှာ သနပ်ခါးအဖွေးသားနှင့် ခင်လှတင့်မျက်နှာကို ငေးငေးကြည့်ရ သည်မှာ ရင်ထဲမှာ တစိမ့်စိမ့်ချမ်းမြေ့နေတော့သည်။ သူမက ထမင်းချိုင့်ထည့်ထားသော ပလတ်စတစ်အပြာ ရောင် ဆွဲခြင်း အ၀ိုင်းလေး ကို ဆွဲလျက်။ သူတစ်ခုခုပြောလိုက်လျှင် တစ်ခစ်ခစ်ရယ်မောလျက်။ "ချစ်ညနေ နောက်ကျနဲ့နော်" ဟု သူလေးလေးပင်ပင် ပြောလိုက်လျှင် "အင်းပါ" ဟု သူမက ပေါ့ပါးသွက်လက်စွာ ပြန် ပြောလိုက်ပုံ လေးများကို ယခုလို ညနေခင်းဘက် သူတစ်ဦးတည်း မြေဖို့လမ်းကလေးမှ လျှောက်ပြန်တိုင်း သတိရ နေတတ်သည်။

သူအိမ်ကလေး ပြန်ရောက်လျှင် ထမင်းတစ်အိုးတည်သည်။ ၀ယ်ခြမ်းလာသော ငါးကလေးများနှင့် ဟင်းတစ်အိုး ချက်သည်။ ငပိရည်တစ်ခွက်ကတော့ မနေ့ကအကျန်ရှိနေသေးသည်။ သူ ထမင်းဟင်း ချက်နေ လျှင် မောင်ကျော်ကျော်ရေ ဘာတွေ ချက်နေလဲဟေဟု ဘေးအိမ်က အိမ်ရှင်အဘက လှမ်းအော် မေးတတ် သည်။
ခင်လှတင့် က ပဲစက်ရုံတွင် အချိန်ပိုပါ ဆင်းရတတ်သဖြင့် မိုးချုပ်တတ်သည်။ သို့ကြောင့် ဘတ်စ်ကား တိုးစီးကာ ပြန်လာရတတ်၏။ သူက ခပ်လှတင့်အချိန်ပိုဆင်းရလျှင် ရွာထိပ်ကားလမ်းမသို့ ထွက် စောင့်နေ ခဲ့သည်။ ခင်လှတင့် ဘတ်စ်ကားပေါ်မှ ဆင်းလာလျှင် သူက ပလက်စတစ်ဆွဲခြင်းကို လှမ်းယူပြီး အမှောင်အရိပ် များ စွန်းထင်းနေသော ရွာလယ်လမ်းမှနှစ်ဦး သား ပခုံးချင်းထိတိုက်ကာ ပြန်လာကြသည်။

အိမ်ကလေးသို့ ပြန်ရောက်လျှင် ဖယောင်းတိုင်လေးထွန်းကာ စားပွဲဝိုင်း ပုကလေးတွင် လင်မယားမျက်နှာ ချင်း ဆိုင်ကာ ညစာထမင်းကို စားကြသည်။ ထမင်းစားပြီးခေတ္တထိုင် စကားပြောနေရင်း နှစ်ဦးသား မျက်လုံးများ၊ မှေးစင်းလာတတ်သည်။ တစ်နေ့လုံး ပင်ပမ်းနွမ်းနယ်လာမှုက မျက်ခွံများကို ဆွဲပိတ် နေ ကြသည်။ အိပ် ရာထဲ ရောက်သွားချိန်တွင် ခင်လှတင့်က သူ့ရင်ဘတ်ပေါ် လက်တင်ရင်း ...
" ခင်လှတင့် တို့ ဘယ်တော့ မင်္ဂလာဆောင်မလဲဟင် အစ်ကို "ဟု မေးလိုက်တတ်သည်။ သူက ပင့်သက်ရှိုက် ရင်း ဖြစ်လာမှာပေါ့ဟု ပြန်ပြောလိုက်တတ်၏။

ရှေ့မှာ ကျွန်တော်တို့ ဆင်းရမည့် သာဓုဘူတာကို ရောက်တော့မည်။ ကျွန်တော်တို့ ကြိုထကာ ရထားပေါက်ဝ သို့ တိုးရွေ့သွားကြသည်။ ကျော်ကျော်နှင့် ကျွန်တော်သည် အပေါက်ဝရောက်သောအခါ ကျောချင်း ကပ်မိသွား၏။ သူက အုတ်ဖိုရွာဘက်ဆင်းမှာ ကျွန်တော်က ဘူတာအနောက်က ရပ်ကွက် တွေ ဆီ သွားမှာ။
" ကြိုးစားကွာ၊ အဆင်ပြေသွးမှာပါဟု ကျွန်တော် ထိုင်ခုံမှအထတွင် သူ့ကိုပြောခဲ့တာကို ပြန်တွေးမိ နေသည်။ ကျွန်တော်တို့ သမုဒ္ဒရာအထဲမှာ အသည်းအသန်ရုန်းကန်ခဲ့ကြရသည်။ ရုန်းကန်ရဦးမည်။

၂၀၁၀၊ နိုဝင်ဘာ၊
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း။
.

No comments: