မှန်က ဗြက်ကျဉ်းသော်လည်း အလျားရှည်သည်။ တစ်ကိုယ်လုံးနီးပါး မြင်နိုင်သည့် မှန်မျိုး။ သို့သော် ရုတ်တရက် ဘာမှ မကြည့်နိုင်အားသေး။ ခေါင်းပေါ်တွင် ခြင်းတစ်လုံးကို လက်လွတ်ရွက်ထားရ သလို သတိထား နေရ၏။ တစ်ကိုယ်လုံး စည်းနှောင်းထားသည့် ချိတ်တွေ၊ ကြိုးတွေက တစ်မှောင့်။ အသက်ရှူ လို့ပင် မ၀တော့။ ဘေးဘီ အထက်အောက် တော်တော်နှင့် မကြည့်နိုင်။
ကြည့်နိုင် ချိန် တွင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ငါမှ ဟုတ်ရဲ့လားဟု ဇဝေဇ၀ါဖြစ်သွား၏။ ပခုံးအကျ သည်မျှ ကျက်သရေရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့။ ပြောပြမည့်သူလည်း မရှိခဲ့။ ဒါလောက် ခါးသေးမှန်းလည်း ခုမှ သိရတော့သည်။ ထိလျှင် ကြွေကျမည့် ပန်းကလေးတစ်ပွင့်၏ နုနု နယ်နယ် အလှမျိုး။
မှန်တင်ခုံပေါ် လက်ထောက်ပြီး မှန်ကို အနီးကပ်ကြည့်လိုက်သည်။ ဖီးလစ်လန်း လိုချင်သည့် မိန်းကလေး မျိုး ဖြစ်နိုင်ကောင်းပါရဲ့။ ခုလိုပဲ အရာရာတိုင်း လွယ်လွယ်ကူကူ ဖြစ်နေမယ် ဆိုရင်ပေါ့ လေ။
တံခါးခေါက်သံနှင့်အတူ ဂျာဗာစီ ၀င်လာသည်။
" အဆင်သင့်ဖြစ်ရင် ထမင်းစားခန်း ဆင်းကြရအောင်နော် "
ပြီးမှ ဂျူးဒစ်ကို သေသေချာချာ ကြည့်ပြီး -
" ကြည့်စမ်း၊ ခုလိုဝတ်လိုက်တော့ ဘယ်လောက်လှသွားသလဲ၊ ခရီးကြမ်းကြီး နှင်လာခဲ့ပြီး ခုမှ လူ့ ယဉ်ကျေးမှု နယ်ပယ်ထဲ ပြန်ရောက်တော့တယ် ဟုတ်လား "
" ဟုတ် ဟုတ်ကဲ့ "
ဂျူးဒစ် မ၀ံ့မရဲ ပြန်ပြောသည်။ မှန်ထဲကို တစ်လှည့်၊ ဂျာဗာစီကို တစ်လှည့် ကြည့်ပြီး သူပြောသည့် လူ့ ယဉ်ကျေးမှု နယ်ပယ်သည် မိမိအတွက် အစိမ်းသက်သက်ဖြစ်ကြောင်း ဖွင့်လှစ်ဝန်ခံဖို့ စိတ်ကူး လိုက်၏။ သို့သော် ဂျူးဒစ်သည် သည်မျှ သတ္တိမကောင်းသေးပါ။]
ဖီးလစ်အကြောင်း သူ့ကို ဖွင့်ပြောရကောင်းမလားဟု စဉ်းစားမိပြန်သည်။ အရွယ်ချင်း မတိမ်းမယိမ်း မို့ နားလည်မည် ထင်သည်။ ပြီးတော့ သူက အတွေ့အကြုံရှိပြီးသား အိမ်ထောင်သည် မဟုတ်လား။
သို့သော် ဒါကိုလည်း သူ မပြောဖြစ်ပါ။
အိမ်ကြီးမှာ နေချင့်စဖွယ် ရှိလှသည်။ ဂျူးဒစ်အဖို့ အိပ်မက်လှလှ မက်နေသလို လွင့်မျောနေ၏။ ထမင်းဝိုင်းတွင် အစေခံတွေက ခြေကို ဖွဖွလေးနင်းပြီး ထောင့်စေ့အောင် တာဝန်ထမ်းဆောင်ကြ သည်။
ကဏန်းဟင်းနှင့် ထမင်းစားရသည်မှာလည်း မြိန်ရှက်လျ၏။ ထမင်းစားပွဲပေါ်မှ ကြက်ဆင်မွေး ဆွဲယပ်ကြီးကို ကပ္ပလီလူငယ်ကလေးတစ်ယောက်ခပ်ဝေးဝေးမှ ခပ်ဖြည်းဖြည်း လွှဲ ယပ်ပေးနေသည်။
သည် ကြီးကျယ်ခမ်းနားမှုကို ဂျာဗာစီ လုံးဝသတိထားမိဟန်မရှိ။ ဂုဏ်ယူကြွားဝါဟန်လည်းမပြ။ ထမင်းဝိုင်း တွင် ဂျာဗာစီ စကားသိပ်မပြောပေ။ မစ္စက်ရှာရမီနှင့် အလိုက်အထိုက်ပြောပြီး သူ့လင် တော်မောင် စကားပြောရာတွင် ၀င်ထောက်သည့်အခါ ထောက်ပေးသည်။
ဝေါ်လ်တာ၊ မတ်နှင့် ကာလက်တို့က စိုက်ပျိုးရေးလုပ်ငန်းများအကြောင်း၊ သီးနှံစိုက်ခင်းများအကြောင်း ပြောကြသည်။ ဂျူးဒစ် အလျပြင်ထားခြင်းကို ဖအေလုပ်သူက မသိကျိုးကျွန်ပြုနေသည်။ ဖီးလစ်နှင့် ဝေးသွားပြီ ဖြစ်သည့်အတွက် အဖေတစ်ယောက် စိတ်ချလက်ချ ဖြစ်နေတာလားဟု ဂျူးဒစ်တွေးနေ၏။
ဒါပေမဲ့ အစ်ကိုနဲ့ ခွဲမယ်လို့ ဘယ်သူ့ကိုမှ ကတိပေးသေးတာ မဟုတ်ဘူး။ ဒီကိစ္စ ဘယ်သူနဲ့မှ တိုင်ပင်လို့ မဖြစ်သေး ပါဘူးလေ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာပါ။ စကားဝိုင်းထဲ ၀င်မပါဘဲ တစ် ယောက်တည်း အဝေးကြီး ရောက်နေ၏။ အိပ်ချိန်ရောက်လို့ လူစုခွဲတော့ ရင်ထဲပေါ့သွားသည်။
အ၀တ်တွေ ချွတ်ပေးပြီး တီတီ ပြန်ထွက်သွားသည်။ ဂျူးဒစ် တစ်ယောက်တည်း ည၀တ်ရုံကို လွှမ်းပြီး ပြတင်းပေါက်တွင် ရပ်ရင်း အပြင်သို့ ငေးကြည့်နေသည်။ ဟိုးအဝေးတွင် ပင်မြင့်တွေ၊ ပင် စောက်တွေ၊ ပြီးတော့ လရောင်အောက်မှ မဲနယ်ပင် စိုက်ကွင်းကြီး။ ဖီးလစ်လန်း၏ သဏ္ဍာန်ကို ကွင်းထဲတွင် မြင်ရသလို ဂျူးဒစ် ခံစားနေရ၏။
သြော် အစ်ကို အစ်ကို၊ အစ်ကိုက သိပ်ချစ်တာပဲလား။ ဂျူးဒစ်လည်း ချစ်တာပါပဲ အစ်ကိုရယ်။ အစ်ကိုနဲ့ လက်ထပ်ရင် ဘယ်တော့မှ ပျော်ရမှာ မဟုတ်ဘူးတဲ့။ ဂျူးဒစ်ကို ငယ်လွန်းလို့ ဒါတွေ နား မလည်နိုင်ဘူးတဲ့။ မြစ်ကမ်းနံဘေးက လဲကျနေတဲ့ သစ်ပင်ကြီးပေါ်ထိုင်ရင်း ဖေဖေပြောတာလေ။
ဖေဖေ့လေသံက သိပ်ပျော့ပျောင်းပါတယ်။ သိပ်နူးညံ့ပါတယ်။ ဒါပေမဲ့ သူ့စကား နားမထောင်ရင် တော့ အားလုံး အကြီးအကျယ် စိတ်ဆင်းရဲကြရမယ့် သဘောတော့ ပေါ်လွင်နေတယ်။
အဖေဟာ အဖေပဲမို့ မြတ်နိုးရိုသေပါတယ်။ အဖေ့ ပညာဥာဏ်အမြော်အမြင် ကြီးပုံကိုလည်း ဂျူးဒစ် သံသယ မရှိပါ။ ဒါပေမဲ့ စမ်းချောင်းကလေး နံဘေးမှာ အစ်ကို နမ်းသွားတဲ့ အနမ်းက ဂျူးဒစ်ကို သတ္တိတွေ မွေးပေး သွားတယ်လေ။
ဖယောင်းတိုင်ကို ငြိမ်းပြီး အိပ်ရာပေါ် မှောက်ချလိုက်သည်။ ခေါင်းအုံးတစ်လုံးကို ဖက်လျက်။ ဒီအဖြစ်ကို နားလည်နိုင်တဲ့လူ လောကမှာ မရှိတော့ဘူးလား။ လူတစ်ယောက်ရဲ့အနမ်းကို လက်ခံမိ တာနဲ့ တိမ်တိုက်တွေနဲ့အတူ မျောပါနေသလိုလို။ မီးညွန့်မီးလျှံတွေအပေါ် ဖြတ်သန်းနေရသလိုလို အဖြစ်မျိုးနဲ့ ကြုံနေရတာ ဂျူးဒစ် တစ်ယောက်တည်းလားကွယ်။ အိပ်၍ မပျော်သော ညဥ့်သံသရာများသည် ရှည်လျား လှပါကလား။
" ဂျူးဒစ် ... ဂျူးဒစ်၊ အချစ်ရေ "
အပြင်က အုန်းပင်တွေကို လေတိုးသံထက် နည်းနည်းလေး ပိုကျယ်သည့် တီးတိုးခေါ်သံ။ ထ ထိုင် လိုက်သည်။ ဟုတ်တယ်။ ချစ်သူ့ခေါ်သံ။ သူ့အသံမှ သူ့အသံအစစ်။ သိပ်ဟုတ်တာပေါ့။ ဘောင်ပေါ်တက်ပြီး မှန်ပြတင်း တွင် သူ့မျက်နှာကပ်လာသည်ကို လရောင်တွင် ထင်ထင်ကြီးတွေ့ လိုက်ရသည်။ ဂျူးဒစ် ယောင်ယမ်းပြီး လက်တစ်ဖက်နှင့် ပါးစပ်ကို ပိတ်လိုက်သည်။
မတ်တတ်ပြတင်းပေါက်ကြီး၏ အပေါ်ပိုင်းကို ဆွဲတင်ပြီး ဖီးလစ်အခန်းထဲ ၀င်လာသည်။ ပြီးတော့ ဂျူးဒစ်၏ ခုတင်နံဘေးတွင် ဒူးထောက်ထိုင်သည်။
" အလို၊ သိပ်လှတာပဲကွယ်၊ မင်း ဟုတ်ပါတယ်နော် "
ဂျူးဒစ် တဆတ်ဆတ် တုန်နေပြီ။
" အစ်ကို၊ ဒုက္ခပါပဲ အစ်ကိုရယ်၊ တွေ့သွားရင် အစ်ကို့ကို သူတို့ သတ်ကြလိမ့်မယ်၊ ပြန်ပါ အစ်ကိုရယ် "
ဖီးလစ်က ဂျူးဒစ်ပြောသည်ကို မကြားသလိုဖြင့် -
" ဒီမယ် ဂျူးဒစ်၊ အစ်ကိုနဲ့ တစ်ပါတည်း လိုက်ခဲ့ပါကွယ်၊ လောလောဆယ် နေဖို့ သစ်လုံးအိမ် ကလေးတစ်လုံး ချက်ချင်း ဆောက်လိုက်တယ်၊ အိမ်ကြီးမဆောက်ခင် နေလို့ရပါတယ်။ အစ်ကို မစောင့် နိုင်တော့ဘူး အချစ်ရယ်၊ အစ်ကို့မှာ မြင်းပါတယ်၊ ဒီည လက်ထပ်မယ်၊ အိမ်မှာ ဘုန်း ကြီးတစ်ပါး ပင့်ထားတယ်၊ အားလုံးအသင့်ပဲ သိလား "
" ဟာ အစ်ကိုကလည်း၊ ဒီည ဟုတ်လား၊ မဖြစ်သေးပါဘူး အစ်ကိုရယ် "
ခုတင်ပေါ်တွင် ယှဉ်ထိုင်ပြီး ဖီးလစ်က ချစ်သူကလေးကို သိုင်းဖက်လိုက်သည်။
" နားထောင်ပါအချစ်ရယ်၊ ဒီလိုမလုပ်လို့ မဖြစ်လို့ပါ။ သူတို့ ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး၊ မင်းသိပါတယ်၊ မင်း အစ်ကို့ကို ချစ်တယ် မဟုတ်လားဟင် "
ပြောပြော ဆိုဆို ဖီးလစ် နမ်းသည်။ မျက်လုံး၊ နှုတ်ခမ်း၊ လည်တိုင်အနှံ့အပြား နမ်းနေခြင်း။ ဂျူးဒစ် မွတ်မွတ် သိပ်သိပ် ပြန်ဖက်သည်။ သူ့ဆံပင်တွေကို ဖွရင်း အနမ်းကို တုံ့ပြန်သည်။ မျက်နှာမှ အမာ ရွတ်ကို ပွတ်သပ် ပေးသည်။
" ချစ်ပါတယ် အစ်ကိုရယ်၊ သိပ်ချစ်ပါတယ်၊ လိုက်ပါ့မယ်။ ဂျူးဒစ် လိုက်ခဲ့ပါ့မယ် "
လှိုင်းထနေသည့်အသံဖြင့် ဂျူးဒစ် ပြောလိုက်သည်။ သည်တော့ ဖီးလစ်က သူ့ လက်ဖ၀ါးကလေးကို ယူပြီး နမ်းသည်။ ဂျူးဒစ်က ထရပ်ပြီး -
" အစ်ကို အပြင်သွားတော့၊ ဂျူးဒစ် အ၀တ်လဲလိုက်ဦးမယ် "
" မြန်မြန် လုပ်နော်၊ ပြီးတော့ အသံမကြားစေနဲ့ သိလား "
ပြတင်းပေါက် မှ သူထွက်သွားသည်နှင့် အ၀တ်တစ်စုံကို ကပျာကယာ ကောက်စွပ်ပြီး ထွက်ခဲ့သည်။ နေ့လယ် က ပြင်ထားသည့် ဆံပင်တွေက မသေမသပ်ဖြင့် ပခုံးပေါ်တွင် လွင့်ဝဲလျက်။
အပြင် ကို ရောက်ရောက်ချင်း တိုးတိုးကလေး ခေါ်လိုက်သည်။
" အစ်ကို "
ဖီးလစ်က သူ့လက်မောင်းကို ဆုပ်ပြီး -
" ကြည့်စမ်း၊ ဆံပင်တွေ ခုလို ဖိုးရိုးဖားရား ချထားတာက ပိုလှနေတယ်၊ မင်းဆံပင်တွေ ဒါလောက် လှလိမ့်မယ် လို့ အစ်ကို လုံးဝမထင်ခဲ့ဘူး "
ဂျူးဒစ် နောက်ဘက်ကို ပြန်ကြည့်ချိန်မရလိုက်မီ လေထဲဝဲပြီး မြင်းပေါ်ရောက်သွားသည်။ ပြီးတော့ သူပါ လွှားခနဲ ခုန်တက်လာသည်။ ဂျူးဒစ်၏ လက်ထဲသို့ သေနတ်တစ်လက် ထည့်ပေးသည်။
"အဆင်သင့် ကိုင်ထားနော်၊ တောထဲမှာ အင်ဒီယန်တွေနဲ့ တိုးချင်တိုးလိမ့်မယ် "
ဖီးလစ် သည် မြင်းကြီးကို ဇက်လွှတ်ပေးပြီး အသော့နှင်လာခဲ့သည်။ စကား မပြောကြတော့။ သစ်တောထဲ ရောက်တော့ မှောင်မည်းသွားသည်။ သို့သော် သူတို့ အရှိန်မလျှော့ဘဲ ဆက်စီးလာခဲ့ ကြ၏။ ဂျူးဒစ်ကို ရှေ့မှ တင်စီးလာခဲ့ခြင်းဖြစ်သည်။ ကလေးမ၏ လက်တစ်ဖက်က သေနတ်ကို မြဲမြဲ ကိုင်ကာ ကျန်တစ်ဖက် က သူ့လည်ပင်းကို နောက်ပြန် သိုင်းဖက်လျက်။
ဝက်သစ်ချတောလယ်မှ လမ်းကလေးအတိုင်း သူတို့ ဆက်စီးလာကြသည်။ လသည် တောအုပ် တစ်ဖက်သို့ ၀င်ရောက် ပျောက်ကွယ်သွားသည်အထိ သူတို့ အရှိန် မလျှော့ရဲကြသေး။ ဂျူးဒစ်၏ မျက်လုံးများ ထဲတွင် သစ်ပင်ရိပ်မည်းမည်းများမှ လွဲ၍ ဘာမှမမြင်။ မြင်းခွာသံများမှလွဲ၍ ဘာမှ မကြား။
သူ ဘယ်အထိများ ခေါ်သွားမှာပါလိမ့်။ သို့သော် သူ့လက်တစ်ဖက်က ခါးမှာသိုင်းပြီး ပါးချင်း ကပ်ထားသည်ကို သတိရလိုက်တော့ သူ ခေါ်သွားမည့် နေရာသည် မိမိ မသွားချင်သည့် နေရာ မဖြစ် နိုင်ကြောင်း နားလည်လိုက်လေသည်။

အခန်း (၂)
တီဘီက မီးဖိုနံဘေးတွင် ဒူးထောက်ပြီးယောက်ချိုနှင့် စွပ်ပြုတ်ကို ခပ်၍မြည်းသည်။
" ညစာကျက်လုပါပြီ မမလေး "
ကြက်သားနှင့် ပုစွန်တုပ်ဟင်းနံ့များ သစ်လုံးအိမ်ကလေးထဲတွင် မွှေးပျံ့နေလေသည်။ ဂျူးဒစ်က ခုတင် တစ်ဖက်စွန်း တွင် ထိုင်လျက် ဖီးလစ်၏ အင်္ကျီတစ်ထည်ကို စိတ်မပါလက်မပါ ဖာထေးနေ သည်။ လက်တွင် ချွေးတွေ ရွှဲနေသဖြင့် ချုပ်ရိုးကြောင်းများမျာ ကလေးတစ်ယောက်ချုပ်သလို မြွေလိမ် မြွေကောက် ဖြစ်နေ၏။
နေပူရှိန်က သစ်လုံးတွေကြားထဲမှ အလုအယက် အတင်းတိုးဝင်နေသည်။ ပြတင်းပေါက်များမှ လည်း စူးစူးရှရှ ၀င်နေသေးသည်။ မျက်စိကျိန်းမတတ်ပင်။
မီးဖိုမှ မီးလျှံများက အဝေုးံးထောင့်တွင် ကပ်နေသည့် ဂျူးဒစ်ဆီသို့ တရှိန်ရှိန် ဟပ်လျက်ရှိ၏။ ပူလွန်းသဖြင့် ခေါင်းတွေ အုံခဲပြီး မူးနောက်ရီဝေနေသည်။ နောက်စေ့ထဲက တဒိုင်းဒိုင်း ထိုးကိုက်နေ သည်။ တစ်ကိုယ်လုံး ချွေးတွေရွှဲပြီး စက်စက်နစ်နေပြီ။
အောက်နှုတ်ခမ်းကို တအားကိုက်ထားလိုက်သည်။ နာကျင်မှုဝေဒနာကြောင့် အပူဒဏ်ကို ခဏများ နိုင် မည်လား ဟူသည့် အတွေးဖြင့် ကိုယ့်ကိုယ်ကိုယ် ထပ်တလဲလဲ သတိပေးနေရ၏။
" သတိထား၊ မေ့လာမသွားစေနဲ့၊ မူးလဲမသွားစေနဲ့၊ ဇွန်လအပူဒဏ်ကိုမှ မခံနိုင်ရင် သြဂုတ်လမှာ သေဖို့ပဲရှိတယ်။ မမူးနဲ့၊ မမေ့နဲ့"
ဘာကြောင့် လူဝီစီးယားနား ရာသီဥတုအကြောင်း ကြိုပြောမယ့်လူ မရှိတာပါလိမ့်။ သည်မြေပေါ် ခြေချ ခဲ့သည်မှာ ၆ ပတ် ပြည့်ခဲ့ပြီ။ ၅ ပတ်လုံးလုံး နေပူလိုက်ပုံမှာ ဖီးလစ် ဂုဏ်ယူမဆုံးဖြစ်နေသည့် ၀က်သစ်ချမြိုင် ယာတော တစ်ခွင်တွင် နေလုံးကြီးထဲမှ ချော်ရည်ပူတွေ ဖျန်းချနေသည့်အလား။
မနက် နေထွက်စ တစ်ချိန်ကလေးတွင် တောက်တောက်ပပနှင့် လှသလိုရှိသော်လည်း နေ ခေါင်းပေါ် ရောက်ပြီဟေ့ ဆိုသည်နှင့် ပြေးစရာမြေမရှိဘဲ အပူဒဏ်ကို လှိမ့်ပိန့်ခံရလေတော့သည်။
ညနေပိုင်းတွင်လည်း မစ္စစ်စပီမြစ်ရေပြင်အောက်သို့ နေလုံးကြီး ငုပ်လျှိုးပျောက်ကွယ်သွားသည့်တိုင် မြေပြင်တွင် တံလျှပ်တွေ ကျန်နေဆဲ။ မြေငွေ့တွေ တရှိန်ရှိန် ပျံကာ ချွေးတလုံးလုံးနှင့် စောင်မကပ် နိုင် ဖြစ်ရ ပြန်၏။ မွေ့ရာတွင် ချွေးတွေရွှဲပြီး ဘယ်လူးညာလှိမ့်နှင့် ခြေပန်းလက်ပန်းကျကာ အိပ်ပျော် ခြင်းသို့ ရောက် ရသည်။
သို့သော် နောက်နေ့ နိုးလာသည်နှင့် သစ်လုံးတွေထဲသို့ တိုးဝှေ့ဝင်လာသည့် အပူဒဏ်နှင့် ထပ် တလဲလဲ ရင်ဆိုင် ရပြန်သည်။
မိုးရွာလျှင်လည်း ရွာသခိုက် ခဏမျှသာအေးပြီး၊ နေပြန်ပွင့်လာပြီးသည်နှင့် မြေပြင်တစ်ခွင်လုံး အငွေ့ တထောင်းထောင်းထကာ လေပူကို ရှူရသဖြင့် အသက်ရှူမှားမတတ် ဖြစ်ကြရပြန်သည်။
နေလို့ကောင်းရုံကလေး နွေးသည့် ကနက်တီကပ်နွေကို သတိရသည့်အခါ ဇာတိရပ်မြေကို လွမ်းကာ ဂျူးဒစ် ကျိတ်ငိုရပေါင်းများပြီ။ သို့သော် အစ်ကို သိမည်စိုး၍ သူ့ရှေ့တွင် အမြဲတမ်း ဣနြေ္ဒ ဆည် ထားရသည်။
ဖီးလစ်သည် ဇနီးချောကလေးကို ဖူးဖူးမှုတ်ထားသူဖြစ်သည်။ ဂျူးဒစ်မျက်ရည်ကျသည်ကိုသာ သူသိလျှင် စိတ်မကောင်း ဖြစ်လို့ဆုံးမမည် မဟုတ်တော့ပေ။
ဖီးလစ်ကမူ နေပူဒဏ်ကို ၀က်သစ်ချမြိုင် ယာတောအတွက် ခုတ်ထွင်နေသည့် သစ်ပင်တွေ ပုဆိန် ချက်ကြောင့် လဲကျသွားသည့်အခါ နှံကောင်တစ်အုပ် ထပျံသွားသလောက်ပဲ သဘောထားသည်။ သည်တော့ အပူဒဏ်ကြောင့် ဂျူးဒစ် သေကောင်ပေါင်းလဲ ခံစားနေသည့်အဖြစ်ကို သူနားလည်နိုင် မည် မဟုတ်ပေ။
" တီဘီ၊ မီးဖိုထဲမှာ နောက်ထပ်မီးထည့်ရင် ငါ ငယ်သံပါအောင် အော်ပစ်လိုက်မယ် သိလား "
" ရှင် ... မမလေး "
တီဘီက ဘာမှ နားမလည်သလို ပြန်မေးသည်။ လက်ထဲတွင် နောက်ထပ်ထည့်မည့် ထင်တုံးကို ကိုင်လျက်။ နောက် ဘာတွေဆက်ပြောနေမှန်းမသိ။ သူပြောသမျှ တစ်ဝက်လောက်သာ ဂျူးဒစ် နားလည်သည်။ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ တီဘီသည် အလွန်တော်သည့် ထမင်းချက် အမျိုးသမီးကြီး ဖြစ်သည်။ အားလုံးထဲမှရွေးပြီး ဂျူးဒစ်အတွက် ပေးထားခြင်းဖြစ်သည်။ တခြားကပ္ပလီမ တွေအားလုံး တောထဲဝင်ပြီး အလုပ်လုပ်နေကြရသည်။
နောက်တစ်ခန်းလောက်များရှိရင် ဘယ်လောက်ကောင်းမလဲဟု တောင့်တောင့်တတ တွေးနေမိ၏။ ဒီမီးဖိုကြီးထဲက မီးလျှံတွေကို အမုန်းကြီးမုန်းနေပြီ။ ဘယ်လိုမှ ရှောင်မရ။ သစ်လုံးအိမ်ကလေးက နံရံလေးဖက်နှင့် တံခါးတစ်ပေါက်သာရှိသည်။ လေ၀င်ပေါက် ဖောက်ထားသည့် ပြတင်းပေါက်ငယ် နှစ်ပေါက်က လေမ၀င်။ နေပူရှိန်ပဲ ၀င်နေသည်။ အပြင်ထွက်ဖို့ စိတ်တောင်မကူးရဲ။
အိမ်သစ်ကြီးအတွက် အုတ်မြစ်ချနေသည့် လူမည်းတစ်သိုက်ကို ဂျူးဒစ်အထဲမှ လှမ်းမြင်နေရ၏။ ဝေါ်လ်တာပါစယ်တို့ အိမ်ကြီးထက်တောင် ကြီးမည့်ပုံ။ အင်း ... ဖော်ဖော်ရွေရွေ ကြိုဆိုသည့် သီရိ မြိုင်အိမ်ကြီး မှာ တစ်ညတောင် မအိပ်ခဲ့ရပါလား။ ခိုးရာ မလိုက်ဖြစ်ရင် ကောင်းမျာဟု အကြိမ်ကြိမ် နောင်တ ရမိသည်။ အစ်ကိုကလည်းကွယ် အိမ်ကြီးပြီးမှ ခေါ်ရောပေါ့။
သည်လို တွေးမိတော့လည်း စိတ်မကောင်းဖြစ်ရပြန်သည်။ အစ်ကိုက ချစ်လွန်းလို့ မစောင့်နိုင်တာ မဟုတ်လား။ ချစ်လွန်းလို့ပဲ ကနက်တီကပ် အရပ်သူကလေးကျော်ဖြတ်ရမယ့် နွေကန္တာခရီးကြမ်းကို သူ ကြိုမတွေးမိတာပေါ့။
သူကတော့ သစ်လုံးတဲထဲ နေရလည်း မမှုဘူး။ ကြမ်းပြင်ပေါ်မှာ ပုရွက်ဆိတ်တွေ အုံဖွဲ့နေလည်း ဂရုမစိုက် ဘူးလေ။ စားစရာ၊ သောက်စရာတွေထဲမှာ ပိုးကောင်တွေပါရင် သူက အော်ရယ်တတ်သေးတယ်။ ဘာဆို ဘာကိုမှ သူ မမှု။ သူ့ခေါင်းထဲမှာ သူ့ပိုင်စားမြေတွေကို တောရှင်းဖို့နဲ့ လောလောဆယ် မဲနယ်ပင်စိုက်ခင်း စဖို့က လွဲလို့ ဘာမှမရှိ။
ရှပ်အင်္ကျီ ကို ပေါင်ပေါ်တင်ပြီး ကိုက်ခဲနေသည့် ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိထားလိုက်သည်။
" အေး အေး၊ ထည့်ဟေ့ တီဘီ၊ ထင်းတွေ ထပ်ထည့်၊ ဒါမှ စွပ်ပြုတ်အိုးထဲက ပုစွန်တုပ်တွေနဲ့ ဂျူးဒစ် ဘ၀တူ ဖြစ်မှာ၊ မြန်မြန်သေလည်း အေးတာပဲ
တီဘီက ထင်းတွေကို မီးဖိုအောက် ထိုးသွင်းရင်း -
" ဟင် မမလေး ဘာဖြစ်တာလဲဟင် "
တီဘီ၏ မျက်နှာမည်းမည်းကြီးတွင် ချွေးတွေရွှဲနေသည်။ သစ်လုံးတွေကြားက တိုးဝင်နေသည့် နေရောင်တွင် ချွေးပေါက်တွေမှာ တလက်လက်တောက်နေ၏။ ဂျူးဒစ်ကို သိုင်းဖက်ပြီး ကျောပုတ် ကာနှစ်သိမ့်သည်။
" မမလေး စိတ်ညစ်နေလားဟင်၊ အမေ့ကို အောက်မေ့လို့လားဟင် "
ခေါင်းညိတ် လိုက်ပြီး တီဘီ၏ ဧရာမ ရင်သားကြီးများပေါ်သို့ မျက်နှာမှောက်ချလိုက်သည်။
မေမေတစ်ယောက် သည်ရာသီဥတုကို ဘယ်လိုများ ကြိတ်မှိတ်ခံနေပါလိမ့်။ ထွက်လာပြီးနောက်ပိုင်းတွင် မေမေနှင့် နှစ်ခါ သုံးခါသာ တွေ့ရသည်။ မတ်ရှာရမီနှင့် ဖီးလစ်လန်း တို့၏ ပိုင်စားမြေတွေမှာ တစ်ကြောတည်း ဆက်နေသည်။ သို့သော် တောတွေ၊ တောင်တွေ ထူထပ်လှသဖြင့် သွားရေး လာရေးက မလွယ်။ စခန်းနှစ်ခု၏ အကွာအဝေးကလည်း မိုင် ၁၀၀ နီးပါးရှိသည်။
" ပူလွန်းလို့ လူတွေ သေတာမျိုး ရှိဖူးသလား တီဘီ "
" ဟာ မမလေးကလည်း မဟုတ်တာ၊ ကြာရင် တီဘီတို့လိုပဲ အကျင့်ရသွားမှာပေါ့၊ စိတ်ထဲ စွဲမထားပါနဲ့၊ မမလေးတို့အရပ်မှာ နွေ မရှိဘူးလား "
ဂျူးဒစ် ခေါင်းမထောင်ဘဲ ပြန်ပြောသည်။
" ရှိတာပေါ့၊ ဒီလိုနွေမျိုး မဟုတ်ပါဘူး "
ကြင်နာသူတစ်ယောက်ရဲ့ ရင်ခွင်မှာ ခဏနားရတာ စိတ်ချမ်းသာစရာပါကလား။ ကျေးကျွန်လူမည်း မကြီး တစ်ယောက် ရဲ့ ရင်ခွင်ဖြစ်ဖြစ်ပေါ့။
" သည်းခံနေလိုက်ပါ မမလေးရယ်၊ အစ်ကိုလေး အိမ်ကြီးဆောက်ပြီးရင် မမလေး ဘုရင်မတစ်ပါးလို အေးအေး ချမ်းချမ်း နေရမှာလေ "
အာလုတ်သံကြီးနှင့် ပြောနေသည့် သူ့လေသံကို မနည်းနားထောင်ပြီး အဓိပ္ပာယ် ကောက်ရသည်။ တီဘီ ပြောတာကို သိပ်မယုံချင်ပါ။ ရာသီဥတုကို ဘာနဲ့ ကာကွယ်လို့ရမှာတဲ့လဲ။ သို့သော် ငြင်းဖို့ အား မရှိတော့ပေ။
ချွေးတွေ ရွှဲနေသည့် ဆံပင်ကို နောက်သို့ လှန်တင်ပြီး မတ်တတ်ထရပ်သည်။
" အပြင်ထွက်လိုက်ဦးမယ် "
ဟင်းနံ့ကျွေးနံ့တွေကြောင့် အော့ချင်အန်ချင်ဖြစ်လာသည်။ သည်လိုပူပူလောင်လောင် ရာသီတွင် ဘယ်သူက ဆီဦးထောပတ်တွေ စားချင်မှာတဲ့လဲ။
" ဟုတ်ကဲ့ မမလေး၊ အစ်ကိုလေးကို ထမင်းစားဖို့ ခေါ်လာပေးနော် "
" အားလုံး အဆင်သင့်ဖြစ်ပြီလား "
" အဆင်သင့်ပဲ မမလေး "
တီဘီက ပြောပြောဆိုဆို လက်နှီးကောက်ကိုင်ပြီး စွပ်ပြုတ်အိုးကို ဖွင့်လိုက်သည်။ ပုစွန်နံ့နှင့် ဟင်းမွှေးနံ့ တွေ ထောင်းခနဲထွက်လာသည်။ ဂျူးဒစ်သစ်လုံးအိမ်ကလေးထဲမှ ပြေးထွက်ခဲ့၏။ အညှာတာကင်းမဲ့စွာ နှိပ်စက် နေသည့် နေလုံးကြီးကို ဒေါပွနေသည်။
ဖီးလစ်ကိုခေါ်ပြီး ဆီပြန်ဟင်းလျာတွေနှင့် ချွေးတလုံးလုံးစားရဦးမည်။ တီဘီပြောသည့် အင်္ဂလိပ် ဘာသာပျက် စကားတွေကို ကြားရဦးမည်။ ကနက်တီကပ်တွင် လုံးဝ မကြားဖူးသည့် စကားမျိုး။
သစ်လုံးအိမ်ကလေးကို ကျောမှီပြီး မျက်နှာကို လက်နှင့် အုပ်ထားလိုက်သည်။ အားလုံးကို မုန်းတီး စိတ်တွေ ၀င်လာသည်။ ပါးကို ခြင်တစ်ကောင်လာကိုက်သည်ကို ဖြန်းခနဲ ရိုက်ပစ်လိုက်သည်။ ပြီးမှ သစ်တောဆီသို့ ထွက်ခဲ့၏။
မဲနယ်ပင်စိုက်ခင်းအတွက် သစ်ခုတ်နေကြသည့် လူမည်းတို့၏ ပုဆိန်ချက်များဖြင့် တောထဲတွင် ဆူညံ နေသည်။ နေက မတရားပူသော်လည်း အိမ်ထဲမှာလို ပိတ်လှောင်မနေဘဲ လေအနည်းငယ် ရ သည်။
ပင့်တင် ထားသည့် အင်္ကျီလက်မောင်းကို ပြန်ဖြေချဖို့ မလွယ်ဖြစ်နေ၏။ ချွေးတွေနှင့် ရွှဲပြီး ကျပ်နေ သည်။ သည်အတိုင်း အပြင်ထွက်ဖို့ မသင့်လျော်သော်လည်း မထူးပါဘူးဆိုပြီး ဆက်လျှောက်သည်။
ဟင် ... ဒီမှာလည်း ဟင်းနံ့ကျွေးနံ့တွေနဲ့ ညှော်လို့ပါလား။ တောထဲတွင် တစ်ဖက်ရပ်တဲနှင့် ချက်ပြုတ် နေကြသော လူမည်း အမျိုးသမီးတစ်သိုက်ကို လှမ်းမြင်လိုက်သည်။ အလုပ်သမားတွေ အတွက် ချက်ပြုတ် နေကြခြင်းဖြစ်သည်။
အိမ်သစ်ကြီး အုတ်မြစ်ချနေသည့်ဘက်မှ လှည့်သွားသည်။ ခြေထောက်က ဖုန်တွေ စကတ်တွင် ပေကျံကုန်သည်။ လူမည်းအလုပ်သမားတွေက ညာသံပေးပြီး အင်နှင့် အားနှင့် အလုပ်လုပ်နေကြ သည်။ သူတို့ တိုင်သည့်သံချပ်တွေက ဘာတွေမှန်းမသိ။ ပုဆိန်ချက်တိုင်း စည်းချက်မှန်မှန် ပေါ်နေ ၏။ သစ်ပင်ရင်း မှ သစ်သားစတွေ ဖွာခနဲ ဖွာခနဲ ဖြာထွက်နေသည်။
သူတို့ကြွက်သားကြီးတွေမှာ နေရောင်တွင် တဖိတ်ဖိတ် တောက်နေသည်။ လူတိုင်း အပေါ်ပိုင်း ဗလာ ကျင်းလျက်။ နေပူကျဲကျဲကြီးတွင် ဂျူးဒစ်ကျောထဲ စိမ့်သွား၏။ ပုဆိန်ကို မြှောက်လိုက်တိုင်း လက်မောင်း ကြွက်သား တွေ လှိုင်းထသွားသည်။
သူတို့ ခေါင်းပေါ်တွင် ပင်မြင့် ပင်စောက်တို့၏ အကိုင်းအခက်တွေ တစ်ပင်နှင့် တစ်ပင် ကူးခက် ယှက်ဖြာနေသည်။ အချို့အပင်ကြီးများမှာ နွယ်ပင်တွေ တိုးလိုးတန်းလန်းနှင့်။ ရေညှိပင်တွေကမူ ပင်အိုတိုင်းတွင် ဟီးလေးခိုလျက်။ ကြက်သွေးရောင် အပွင့်ကလေးများက မည်းမှောင်နေသည့် သစ်တောထဲတွင် အလင်းရောင်ပေးနေဘိသို့။
မြင်ကွင်းကို ဂျူးဒစ်ငေးကြည့်နေသည်။ ကြည့်ကောင်းသလိုလို၊ ကြောက်စရာ မြင်ကွင်းလိုလို မရေ မရာ နှင့်။ ကပ္ပလီဆိုသည့် လူတွေဟာ ဘယ်လို လူစားတွေပါလိမ့်။
လူမည်းဝိညာဉ်နှင့် လူဖြူ၏၀ိညာဉ် တူ မတူ အငြင်းပွားနေကြသည်တဲ့။ အချိုကအဆိုအရ သူတို့ဟာ အာဖရိက တောနက်ကြီးတွေထဲမှာ တိရစ္ဆာန်တွေလို လျှောက်သွားနေကြသူတွေတဲ့။ တစ်ယောက်ကို တစ်ယောက် ဦးရာလူက သတ်ပြီး ချက်ပြုတ်စားသောက်ကြသတဲ့။ ဖြစ်နိုင်ပါ့မလား။ တီဘီကျတော့ တကယ့် လူတစ်ယောက်အတိုင်းပဲလေ။ ဟင်းချက်လည်း ကောင်းမှ ကောင်း။
ဤတွင် ကပ္ပလီတစ်ယောက် ဂျူးဒစ်ကို မြင်သွားပြီး လက်ညှိုးထိုးကာ တစ်စုံတစ်ရာ အော်ပြော လိုက်သည်။ ဂျူးဒစ် အလန့်တကြား ပြန်ကြည့်သည်။ သူက ထပ်အော်ပြန်သည်။ သစ်ခုတ်နေသည့် လူမည်း တွေအားလုံး ၀ိုင်းကြည့်နေကြပြီ။
ဂျူးဒစ် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိလိုက်သည်။ ထွက်ပြေးဖို့ ကြိုးစားသည်။ သို့သော် အကြောက်လွန်ပြီး ဒူးတွေ ပျော့ခွေနေသည်။ လူတွေကို အိုးထဲ ထည့်ပြုတ်နေသည့် မြင်ကွင်းမျက်စိထဲ မြင်လာသည်။ ပါးစပ်ဟပြီး ဖီးလစ်ကို အော်ခေါ်ဖို့ ကြိုးစားသည်။ သို့သော် လည်ချောင်းထဲတွင် အသံ ပျောက် သွားသည်။
ထိုစဉ်တွင် လူမည်းအားလုံး ပုဆိန်တွေ လွှတ်ချပြီး ဂျူးဒစ်ဆီသို့ ပြေးလာကြသည်။ ပြီးတော့ အတင်းဝင်ဆွဲသည်။ ဂျူးဒစ် ငယ်သံပါအောင် အော်ကာ ရုန်းရင်းဆန်ခတ် ပါသွားသည်။ သူ့ကိုပွေ့ ပြေးသည့် တစ်ယောက်က သစ်ငုတ်တစ်ခုနှင့် ခလုတ်တိုက်လဲသည်။ နောက်တစ်ယောက်က အတင်း ၀င်ပြီး ဒယဥ့်တိုက် ဆွဲပြေးပြန်သည်။ စကတ်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။
ဆူးချုံ တွေထဲ ဖြတ်ဆွဲပြေးခြင်းဖြစ်၍ မျက်နှာနှင့် ဦးခေါင်းတို့တွင် ခြစ်မိကုန်သည်။ ထိုစဉ် နံဘေး တွင် ကပ်ပြီး ၀ုန်းခနဲ ပြိုကျသံဖြင့် ကြားလိုက်ခြင်းဖြစ်၏။
သည်တော့မှ ဆွဲယူသွားသည့် လူမည်းက အပြေးရပ်ပြီး ဂျူးဒစ်ကို လွှတ်လိုက်သည်။ ချက်ချင်း ဖီးလစ် ရောက် လာသည်။ သစ်ခုတ်သမားတွေကို တွန်းဖယ်ပြီး ဂျူးဒစ်ကို ပွေ့ယူသည်။
" ဂျူးဒစ် ... မင်း ဘာမှ မဖြစ်ဘူးနော် "
သူ့ကို သိုင်းဖက်လိုက်၏။ ပါးတွင် သွေးတွေ စီးကျလာသည်။
" အစ်ကို အစ်ကို သူတို့ ဘာလုပ်နေကြတာလဲဟင် "
လူမည်းတစ်သိုက် ပြုံးစိစိဖြင့် တီးတိုး တီးတိုး ပြောနေကြ၏။
" အစ်ကို၊ ပြောလေ၊ သူတို့ ဘာလုပ်ကြမလို့လဲလို့ "
ဂျူးဒစ် ထပ်ပြီး အော်မေးသည်။
" သြော် ... မိန်းကလေးရယ်၊ မင်းကို အစ်ကို အကြိမ်ကြိမ် ပြောထားလျက်သားနဲ့၊ ဘာလို့ တောထဲ လိုက် လာ ရတာလဲ၊ မင်းကို သူတို့ ပြေးဖို့ မပြောကြဘူးလား "
ဖီးလစ် က မြေကြီးပေါ်ထိုင်ပြီး ကလေးတစ်ယောက်ကို ပွေ့သလို ပွေ့ထားရင်း ပြောနေခြင်းဖြစ် သည်။
" သူတို့ အော်တော့ အော်တယ်။ ဒါပေမဲ့ သူတို့ ... သူတို့၊ ဂျူးဒစ် ကို သတ်စားကြမယ် ထင်လို့ "
ဖီးလစ် ခုမှ ရယ်နိုင်တော့သည်။
" သြော် ကလေးရယ်၊ ဟောဟိုသစ်ပင်ကြီးက မင်းခေါင်းပေါ် တည့်တည့်ကျမယ့် ဆဲဆဲလေ၊ သူတို့ ပြေးခိုင်းတာ မင်းက မပြေးဘူး၊ အဲဒါကြောင့် မင်းကို အတင်းဆွဲပြေးကြတာလေ၊ ကဲ ... ဒါဆို သူတို့ ကို မင်း အသားကျွေးသင့်တာပေါ့ "
" တော်ပါ၊ ရယ်မနေနဲ့ "
ပြောပြောဆိုဆို ဂျူးဒစ် ထရပ်သည်။ ဖီးလစ်က ဖုန်တွေ၊ သစ်ရွက်ခြောက်တွေခါပြီး ထသည်။ ရှပ်အင်္ကျီမှာ ချွေးတွေ ရွှဲပြီး ဆံပင်ရှည်ရှည်ကို စုစည်းထားသည့် ခေါင်းစည်းမှာလည်း ချွေးတွေစိုနေ သည်။
ဂျူးဒစ် စိတ်တိုတိုနှင့် သစ်လုံးအိမ်ကလေးဆီသို့ လျှောက်ပြန်လာခဲ့သည်။ လိပ်ပြာလွင့်မတတ် အထိတ်တလန့် ဖြစ်ရသည့် ကိစ္စကို သူက ရယ်မောနေသည့်အတွက် မကျေမနပ် ဖြစ်နေ၏။
ဖီးလစ် က နောက်မှ လိုက်လာပြီး ဇနီးကလေး၏ ပခုံးကို သိုင်းဖက်လိုက်၏။
" အစ်ကိုကတော့ အရမ်းဆာလာတယ် ဂျူးဒစ်ရေ၊ တီဘီ ဘာတွေ ချက်ထားလဲ ဟင် "
" ကြက်သား၊ ပုစွန်စွပ်ပြုတ်နဲ့ ထမင်းတဲ့ "
" ဟား၊ အနိမ့်ပဲဟေ့၊ တောရှင်းရတာ သိပ်ဆာလွယ်တာပဲ၊ ဒါထက် အိမ်အုတ်မြစ်ချတဲ့အဖွဲ့ ဒီနေ့ တော်တော် ပြီးရဲ့လား မသိဘူး၊ ကွင်းထဲက လူတွေကို ဆောက်လုပ်ရေးပိုင်းမှာ ထပ်ဖြည့်နိုင်ရင် ဆောင်းအမီ အိမ်ကြီးထဲကို တို့ ပြောင်းနေနိုင်မယ် "
ခြေလှမ်းကျဲကြီးနှင့် လျှောက်နေသည့် သူ့ကိုမီအောင် မနည်းလိုက်နေရသည်။ ခေါင်းက မူးသည် ထက် မူးလာသည်။ သူက စကားပြောလို့ ကောင်းနေဆဲ။
" နောက်နှစ် ဒီအချိန်ဆိုရင် သူတို့ သစ်ခုတ်တဲ့ နေရာတစ်ဝိုက်မှာ မဲနယ်ပင်တွေ စိုက်ပြီးနေလောက် ပြီ၊ ဆေးတွေလည်း တွဲစိုက်မယ်၊ နှစ်နှစ်သုံးနှစ်အတွင်း တောရှင်းတဲ့ လုပ်ငန်းကို အပြတ်လုပ်မှ၊ မဲနယ်ဈေးကွက် သိပ်ကောင်းနေတယ်၊ စပါးနဲ့ လိမ္မော်လည်း စိုက်ရဦးမယ်၊ ၀ါဂွမ်းလည်း နည်းနည်း ပါးပါး စမ်းစိုက် ကြတာပေါ့ "
သူ့အလုပ်မှ သူ့အလုပ်။ ငါ့ကို လုံးဝဂရုမစိုက်ဘူး။ ဒါလောက် စိတ်ရှုပ်နေတာတောင် သူ မသိကျိုး ကျွန် လုပ်နေတယ်။ ငါ့ကို တီဘီလောက်ပဲ သဘောထားသလား မသိဘူး။ ဂျူးဒစ် စိတ်ချဉ်ပေါက် ပေါက်နှင့် တွေး နေသည်။
အိမ်ကလေးကို ရောက်ရောက်ချင်း နံရံကို ခေါင်းမှီပြီး တအား ငိုချလိုက်တော့သည်။
" ဟင် အချစ် ဘာဖြစ်လို့လဲဟင် "
တင်းထားသမျှတွေအားလုံး အရည်ပျော်ကုန်လေပြီ။ သူ့ရင်ခွင်ကျယ်ကြီးထဲတွင် မျက်နှာအပ်ပြီး ငိုချ လိုက်သည်။
" ဂျူးဒစ် မခံနိုင်တော့ဘူး အစ်ကို၊ ရာသီဥတုရော၊ အားလုံးရောပဲ၊ အသက်ရှူလို့လည်း မ၀ဘူး၊ ခေါင်းကိုက်နေတာ ကြာပြီ အစ်ကို၊ ဒီအတိုင်းဆိုရင် ဂျူးဒစ် သေလိမ့်မယ်ထင်တယ်"
ဖီးလစ် က တင်းတင်းဖက်ပြီး မျက်ရည်တွေ စို့နေသည့် ပါးပြင်ကို နမ်းရင်း -
" သြော် အချစ်ရယ်၊ အစ်ကို သနားလိုက်တာကွယ်၊ ဒီနွေမျိုး မင်းပထမဆုံး တွေ့ဖူးတာကိုး၊ ဟုတ်တယ် မဟုတ် လား၊ လာလာ အထဲဝင်"
" အဲဒီ မီးဖိုကြီးနားကို ဟုတ်လား "
သူ ကြားဟန်မတူ။ အထဲ ခေါ်သွင်းသွားသည်။ ဂျူးဒစ် ငိုချင်စိတ်ကို မျိုချနေရသည်။ မီးနှင့် အဝေးဆုံး နေရာမှ သေတ္တာတစ်လုံးပေါ်တွင် အထိုင်ခိုင်းသည်။
"တီဘီ၊ မမလေးဖို့ ရေနည်းနည်း ယူခဲ့စမ်းဟေ့ "
တီဘီက စွပ်ပြုတ်ပန်းကန်တွေကို ခပ်ပြီး စားပွဲပေါ်တင်နေရာမှ ဘူးသီးခြောက်ကို ရေပုံးထဲနှစ်ပြီး ယူလာပေးသည်။
" ရော ဒီမှာ မမလေး "
ဂျူးဒစ် ကြိုးစားပြီး သောက်သည်။ ပိန်းကောလှေကြီးပေါ်မှာကတည်းက မြစ်ရေနောက်နောက်နှင့် ရင်းနှီးခဲ့ပြီ။ သည်အထဲက အော့ချင်အန်ချင် ဖြစ်လာသေးသည်။ ရေက နွေးနေသည့်အပြင် လျှာပေါ်တွင် ချွဲတဲတဲ ဖြစ်နေသေး၏။
အီလည်လည် စွပ်ပြုတ်နံ့က နှာခေါင်းထဲ ၀င်လာပြန်သည်။ တစ်ကိုယ်လုံး အေးသွားလိုက်၊ ပူလာ လိုက် ဖြစ် နေသလို စိတ်ကထင်၏။ ရင်ထဲတွင် အော်ဂလီဆန်လာသည်။ မြင်မြင်သမျှ အရာရာတိုင်း ချာချာလည်နေ၏။
ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ရမှန်းမသိဘဲနှင့် အပြင်သို့ ပြေးထွက်သွားမိသည်။ ဖီးလစ် သူ့ကို မီလာ ချိန်တွင် ချုံစပ်တစ်နေရာမှာ ဂျူးဒစ် ဒူးညွှတ်ကျသွားသည်။ အနားရှိ အုန်းပင်ကို လှမ်းဖက်ထားလိုက်ရင်း တဝေါ့ဝေါ့ အန်လေတော့သည်။
ဖီးလစ်က တယုတယ တွဲခေါ်ပြီး သစ်လုံးအိမ်ကလေး၏ လှေကားထစ်တွင် ထိုင်ခိုင်းလိုက်သည်။ အရိပ် ရသည့် နေရာကလေး။ နံဘေးမှ လင်တော်မောင်ကို ငဲ့ကြည့်ပြီး -
" ဂျူးဒစ် စိတ်မကောင်းပါဘူး အစ်ကိုရယ် "ဟု ခပ်ညည်းညည်းပြောသည်။
ဖီးလစ်က သိုင်းဖက်ပြီး ဦးခေါင်းကို ပခုံးပေါ်တွင် မှီထားပေးသည်။ ပြီးတော့မှ မေးခွန်းတွေ တရစပ် မေးတော့၏။ ဂျူးဒစ်က လူချင်းခွာလိုက်ပြီး ပါးစပ်အဟောင်းသားနှင့် -
" ဘာ ဂျူးဒစ် မှာ ကလေးရှိနေပြီလို့ အစ်ကို ဆိုလိုတာလားဟင် "
" ဟုတ်တယ် အချစ်ရဲ့၊ မင်း မသိဘူး မဟုတ်လား "
ဂျူးဒစ် ခေါင်းချသည်။ ခဏနေမှ -
" ဂျူးဒစ် ဘာမှမသိဘူး အစ်ကိုရယ်၊ အစ်ကိုက ထင်မှာပဲ၊ ဘာမှ အသုံးမကျတဲ့ ကောင်မလေးလို့ "
" မဟုတ်ဘူး ဂျူးဒစ်၊ အသုံးမကျတာ အစ်ကိုဗျ၊ သိလား "
" သိပ်နာမှာလားဟင် "
ဖီးလစ် ခေါင်းညိတ်သည်။
" နာတယ်လို့ ပြောကြတာပဲကွယ် "
" ပြောပြပါ အစ်ကိုရယ်၊ ဘယ်လိုမျိုးလဲဟင် "
ဖီးလစ် ခေါင်းထောင်လာသည်။
" ကိုယ်လည်း သိပ်မသိဘူး ဂျူးဒစ်ရယ်၊ သိပ်မသိတာ မဟုတ်ပါဘူးလေ၊ ဘာမှ မသိတာပါ"
ဂျူးဒစ် မျက်လုံးပြူးသွားသည်။ အစ်ကို မသိတဲ့ကိစ္စ ဘာမှမရှိဘူးဟု ထင်ခဲ့သည် မဟုတ်လား။
" အစ်ကို တကယ် ပြောတာလားဟင် "
" တကယ်ပါ၊ အစ်ကို အဲဒီကိစ္စကို တစ်ခါမှ မစဉ်းစားခဲ့မိဘူး၊ စိတ်မကောင်းပါဘူး အချစ်ရယ် "
" အို ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ အစ်ကို "
ဂျူးဒစ် ခေါင်းထဲသို့ ပထမဆုံး ၀င်လာသည့် အတွေးက အစ်ကို နောင်တမရစေဖို့ ဖြစ်၏။ သူ့မှာ လုပ်စရာတွေက အများကြီး မဟုတ်လား။
" မပူပါနဲ့ အစ်ကိုရယ်၊ အမေ တစ်ယောက်လုံး ရှိပါသေးတယ်၊ အမေ စီစဉ်ပေးပါလိမ့်မယ်၊ အစ်ကို ပြောတဲ့ မျိုးဆက်သွေး တည်ထောင်ဖို့ဆိုတာ ကလေးတွေ မမွေးဘဲ မဖြစ်နိုင်ဘူးလေ၊ မဟုတ်ဘူး လား"
ခပ်ရွရွလေး ပွေ့ပြီး နမ်းရင်း -
" သိပ်ဟုတ်တာပေါ့ကွာ၊ သိပ်ဟုတ်တာပေါ့၊ မင်းဟာ တကယ့်သတ္တိခဲမလေးပါပဲ၊ ဟုတ်ပြီ၊ မနက် အစောကြီး မြင်းလှည်းပြင်ပြီး မင်းကို အမေ့ဆီ လိုက်ပို့မယ် "
" အစ်ကို တကယ်ပြောတာနော်၊ အမေ ဘယ်လောက် ၀မ်းသာလိုက်မလဲနော်၊ သမီးနဲ့သမက် သူတို့ဆီ အတူလာတာ တွေ့ရင်လေ "
" ၀မ်းမသာဘဲ အစ်ကို့ကို ကုပ်ချိုးသတ်နေပါဦးမယ်၊ အစ်ကို့ကို မင်းချစ်ပါတယ်နော်၊ အစ်ကို့နောက် ကို လိုက်ခဲ့မိ လို့ မင်း နောင်တမရပါဘူး နော် ဂျူးဒစ် "
သူက ဂျူးဒစ် ၏ လက်ကလေးကို ကိုင်ပြီး မေးသည်။
" အို မဟုတ်တာ အစ်ကိုရယ်၊ အစ်ကို့ကို သိပ်ချစ်ပါတယ် "
လင်တော်မောင်ကို မော့်ကြည့်ပြီး ဂျူးဒစ် ပြုံးသည်။ ဘ၀ကြမ်းကို ခံနိုင်ရည်မရှိလို့ မဟုတ်ဘဲ တခြား အကြောင်းရှိ၍ နေမကောင်းဖြစ်ကြောင်း သိရသဖြင့် ဂျူးဒစ် အားတက်လာသည်။ ကိုယ်ဝန်ရှိနေပြီ ဆို၍လည်း ရင်တွေ ခုန်နေသည်။ အစ်ကိုနဲ့တူတဲ့ ကလေးမျိုးရရင် သိပ်ကောင်းမှာပဲနော်။ တောထဲ တောင်ထဲ မှာ ဧရာမအိမ်ကြီးဆောက်ပြီး မျိုးဆက်တစ်ခု တည်ထောင်မည်။ ပိုင်စားမြေဧက သုံးထောင်ရဲ့ အလယ်မှာ ၀က်သစ်ချမြိုင် စံအိမ်ကြီး အတင့်အတယ် ပေါ်လာတော့မည်။ ဘာကြောင့် အားမတက်ဘဲ ရှိရမည်နည်း။
သစ်တောထဲမှ အသံဗလံတွေ ကြားရသဖြင့် ဂျူးဒစ် လှည့်ကြည့်လိုက်သည်။
" အစ်ကို၊ ဟိုမှာ မြင်းရထားတစ်စီး လာနေတယ် "
" ဟုတ်တယ် ဂျူးဒစ်၊ ဘာအဓိပ္ပာယ်လဲ မသိဘူး "
ဖီးလစ်က ခါးမှ ခြောက်လုံးပြူးကို ဆွဲထုတ်ပြီး -
" မင်း အထဲဝင်နေ ဂျူးဒစ် "
ဂျူးဒစ် ထရပ်သည်။ သို့သော် အိမ်ထဲမ၀င်မီ မြင်းရထားက မြင်သာသည့် ကွက်လပ်ထဲသို့ ရောက် လာနေပြီ။
" ဟင် ဂျူးဒစ်အစ်ကို ကာလက် ပါလား "
ဖီးလစ်က သေနတ်ကို ခါးမှာပြန်ထိုးပြီး မြင်းလှည်းဆီသို့ လျှောက်သွားရင်း ကာလက်ကို လှမ်းအော် နှုတ်ဆက်သည်။ ဂျူးဒစ်လည်း နောက်မှ လိုက်သွား၏။ သည်ခရီးဝေးကြီးကို ဘာကိစ္စနဲ့ ရောက် လာတာပါလိမ့်။
ကာလက် မြင်းရထားပေါ်မှ ဆင်းလာသည်။ သူတို့ဆီသို့ ရှက်ကိုး ရှက်ကန်း အမူအရာဖြင့် လျှောက်လာ၏။ ကာလက်မှာ အရပ် မြင့်မြင့် အရိုးအဆစ်ကြီးကြီးနှင့် မျက်နှာက သူ့အဖေလိုပင် တည်သည်။ ဂျူးဒစ်လို သွက်သွက်လက်လက် မဟုတ်။ တုဏှိဘာဝေ နေတတ်သည်။ မိဘစကား ကို မြေ၀ယ်မကျ နားထောင် သည်။ ဟောဟော ဒိုင်းဒိုင်း ညီမလုပ်သူနှင့် အသွင်မတူသော်လည်း မောင်နှမနှစ်ယောက် တစ်ဦးကို တစ်ဦး ချစ်ကြသည်။
ဆက်ရန်
.
No comments:
Post a Comment