Thursday, March 8, 2012

သာဓု ၏ အတာ အပိုင်း (၁)

စီစဉ်သူ၏အမှာစာ

ဤဝတ္ထုကို ဖတ်ရသူတိုင်း မျက်ရည်စို့ပြီး ရင်နင့်အောင်ခံစားခဲ့ကြရပါသည်။ ထို့ကြောင့် စာဖတ်သူအချို့ က တကယ့်အဖြစ်အပျက်ကိုများ အခြေခံထားလေသလားဟု ထင်မှတ်ခဲ့ကြပါသည်။ တချို့ကလည်း တကယ့်လက်တွေ့ဘဝမှာ ဒီလောက် ပုံပြင်ဆန်သော အဖြစ်အပျက်မျိုးရှိနိုင်ပါ့မလားဟု ထောက်ပြကြ  ပါသည်။

ယင်းကိစ္စနှင့်ပတ်သက်၍
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၄ ဒီဇင်ဘာနှင့် ၁၉၈၅ ဇန်နဝါရီ၊ နှစ်လဆက်တိုင် ဖော်ပြခဲ့သော ဆရာသာဓုနှင့် တွေ့ဆုံပေးခြင်း (အင်တာဗျူး) ကဏ္ဍတွင် တာဝန်ခံတင်ဆက်သူ ဆရာဝင်းငြိမ်း က
"ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်တို့ ငယ်ငယ်က ဖက်ခဲ့ရဖူးတဲ့ အတာဝတ္ထု ဟာ ဆရာ့ဘဝအကြောင်းလို့ ပြောကြပါတယ်။ ဟုတ်ပါသလား ဆရာ"ဟု မေးမြန်းခဲ့ရာ  

ဆရာသာဓု က
"ဟုတ်ပါတယ်၊ အတာဝတ္ထုက ဆရာ့အကြောင်း ကိုးဆယ်ရာခိုင်နှုန်း လောက် ပါတယ်၊ တစ်ခုတော့ရှိ တယ်၊ အတာနဲ့ပတ်သက်ပြီး ဝေဖန်ခံရတာရှိတယ်။ အမေအရင်းက သားအရင်းပေါ်မှာ ဒါလောက် တောင်မှ စိတ်သဘောထား၊ စေတနာ မေတ္တာမဲ့ရသလား၊ ဒါလောက်တောင် မေတ္တာမဲ့နိုင်ပါ့မလား၊ ဆိုး နိုင်ပါ့မလားလို့ ဝေဖန်ကြတယ်။ ဆရာ့ကိုလည်း မေးကြတယ်၊ ဆရာက တစ်ခွန်းတည်းပဲ ပြောလိုက် တယ်၊ ဒီထက် ဆိုးတာတွေတောင် ရှိသေးတယ်၊ ရေးမကောင်းလို့၊ ရေးမဖြစ်လို့ မရေးတာလို့။ တစ်ခု တော့ ရှိတယ်၊ အမေအရင်းက ကိုယ့်သားသမီးအပေါ်မှာ ဒါလောက်တောင်ဆိုးရသလားဆိုတာက ဒီ သားသမီး ရဲ့ အကုသိုလ်က ဘယ်လောက်တောင်မှ ကြီးခဲ့မှန်းမှ မသိတာ၊ ဝဋ်ခံရတာပါလို့၊ သဘောက တော့ အဲဒါပါပဲ" ဟု ဖြေခဲ့သည်။

ဆရာသာဓုသည် ဤဝတ္ထုကိုရေးရာတွင် မိခင်အပေါ် နာကြည်းသည့်သဘောမျိုးမဟုတ်ဘဲ ဘဝ အဆက်ဆက်က ပါလာခဲ့သော မိမိ၏အကုသိုလ်အကျိုးဆက်ကို ခံစားရခြင်းသာဖြစ်ကြောင်း၊ ဝဋ်ကြွေး ရှိလျှင် ဤဘဝမှာပင် ကျေပါစေတော့ဟူ၍ ခွင့်လွှတ်စိတ်ဖြင့် ရေးခဲ့ခြင်းဖြစ်ကြောင်းကို ဖတ်ကြည့်လျှင် နားလည်သဘောပေါက်လာကြလိမ့်မည်ဟု ယူဆပါသည်။

ဤဝတ္ထုသည် ဆရာသာဓု ရေးခဲ့သော လုံးချင်းဝတ္ထုများထဲတွင် လက်ရာအမြောက်ဆုံးဟု စာပေ ပညာ ရှင်များက သတ်မှတ်ခဲ့ကြသလို ဆရာသာဓုကိုယ်တိုင်လည်း အနှစ်သက်ဆုံးဖြစ်ခဲ့ပါသည်။
ဝတ္ထုတစ်ပုဒ်အနေဖြင့် စွဲစွဲမက်မက် ဖတ်ကောင်းရုံမျှသာမက ကလေးလူငယ်များရော လူကြီး မိဘများ အတွက်ပါ သင်ခန်းစာယူစရာ အကြောင်း အရာများစွာ ပါဝင်သော အကျိုးပြုစာအုပ်တစ်အုပ်ဖြစ်သဖြင့် ပြန်လည်ထုတ်ဝေတင်ဆက်လိုက်ရခြင်း ဖြစ်ပါသည်။

(ဤစာအုပ်ကို ပထမတွဲ ဒုတိယတွဲအဖြစ် နှစ်အုပ်ခွဲ၍ ၁၉၅၅ ဒီဇင်ဘာတွင် ပထမအကြိမ်၊ ၁၉၇၀ သြဂုတ်တွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့ပါသည်။ ၁၉၇၈ ဖေဖော်ဝါရီတွင် စုပေါင်းပုံနှိပ်ခြင်း ပထမအကြိမ် အဖြစ် ထုတ်ဝေခဲ့ပါသည်။ ထို့ကြောင့် ယခု ထုတ်ဝေခြင်းမှာ စတုတ္ထအကြိမ် သို့မဟုတ် စုပေါင်းပုံနှိပ် ခြင်း ဒုတိယအကြိမ် ဖြစ်ပါသည်)

စီစဉ်သူ

"ဒီမှာ ကိုတာကြီး"
အသက်အရွယ်ကိုစစ်သော်
ဆယ့်ခြောက်နှစ်ထက် ပိုပုံမရသော လူငယ်တစ်ဦးသည်သို့လျှင် ခေါ်လိုက်သော အသံကြောင့် ဈေးထဲသို့ လှမ်းလုလု ဖြစ်နေသည့် ခြေလှမ်းသည် ရုတ်တရက် တန့်သွားရာမှ ချာခနဲ သမင်လည်ပြန်လှည့်ကြည့် လိုက်သည် ၌ တုတ်တုတ်ဝဝနှင့် အပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်ကို ပြုံးစေ့စေ့အသွင်ဖြင့် မမျှော်လင့် ဘဲ မြင်လိုက်ရသောကြောင့် လူငယ်တွင် ရုတ်ခြည်း မျက်နှာပျက်သွားကာ တစ်စုံတစ်ရာ ပြောတော့မည် ပြုစဉ်

"ဘယ်သွားမလို့လဲ ကိုတာကြီး" ဟူ၍ပင် မချိုမချဉ် မျက်နှာထားဖြင့် မိန်းကလေးက ထပ်ဆင့်မေးလိုက် ပြန်သောကြောင့်
"ငါ ဟိုဘက်ဈေး မှာ မုန့်ဟင်းခါးသွားစားမလို့၊ ဒါနဲ့ နေစမ်းပါဦး၊ နင်ဘာပြုလို့ ငါ့နောက်လိုက်လာတာလဲ"
လူငယ် သည် တောင်မြောက်လေးပါး သို့ စိုးရိမ်တကြီး မျက်လုံးကစားရင်းက မေးလိုက်သည် ကို "ပြောစရာ ရှိလို့ပေါ့"

"ပြောစရာရှိရှိ ဘာဖြစ်ဖြစ်၊ နင် ဒီလိုလိုက်လာတာမကောင်းဘူး၊ လမ်းထဲက အသိတစ်ယောက်ယောက် မြင်သွားရင် နင့် ကို ဘယ်လိုထင်မလဲ၊ ငါ့အဖို့ မကောင်းဘူး"
လူငယ်သည် အရွယ်နှင့်မလိုက်အောင် တည်ငြိမ်သော မျက်နှာထားဖြင့် သို့ပြောလိုက်သည့်တိုင်အောင်
"အမယ် ကျွန်မ က အကောင်းပြောမလို့ဟာ"
"နားမလည်ဘူး သွား၊ ငါ အခုပြန်လာမှာပဲ၊ လမ်းထဲရောက်မှ ပြော၊ နင်နောက်ကို ဘယ်တော့မှ ဒီလို လိုက်မလာ နဲ့၊ လူမြင်မတော်ဘူး" ဆိုဆို ပြောပြောပင် လူငယ်လည်း စကားကို ဤတွင်ဖြတ်၍ ခတ်သုတ်သုတ် လှည့်ထွက်သွားသော ကြောင့် မိန်းကလေးတွင် အကြောင်သားငေးကျန်ရစ်ခဲ့တော့၏။

ထို့နောက် မိနစ်လေးဆယ်ခန့်အကြာတွင် အဆိုပါလူငယ်သည် သိမ်ကြီးဈေး ဈေးရုံဘက်မှ ခပ်မှန်မှန် လျှောက်လာသည် ကို တွေ့ရပြီး နာရီစင်အောက်အရောက်တွင် လက်ဝဲဘက်သို့ ချိုးကွေ့ကာ လမ်း ကျယ်ကြီး တစ်ခုထဲသို့ လှည့်ဝင်သွား၏။
လမ်းထဲသို့ ပြန်ဝင်လာသော ထိုလူငယ်၏ယခု အမူအရာကိုကြည့်ရသည်မှာ ထွက်သွားစဉ်ကနှင့်မတူ ဘဲ တစ်စုံတစ်ယောက် ကို ရှာသည့်နှယ် ဝဲယာနှစ်ဘက်သို့ မျက်လုံးတလည်လည်ရှိနေသည်ကို တွေ့ရ၏။

သူတွေ့လိုသူကို မမြင်ရသောကြောင့်လော မသိ၊ ထိုလူငယ်လည်း နောက်ဆုံးအကြိမ်အနေဖြင့် ထိုထို ဤဤကြည့်လိုက်ပြီးမှ ကုလားလက်ဖက်ရည်ဆိုင်ဘေးရှိ လှေကားပေါ်သို့ ခြေလှမ်းကြဲဖြင့် လှမ်းတက် သွား တော့၏။
ချက်ချင်းဆိုသလို ထိုကုလားလက်ဖက်ရည်ဆိုင်အပေါ်ထပ်ရှိ ဝရန်တာသို့ လူငယ်သည် စူးစမ်းရှာဖွေ သော မျက်လုံး များဖြင့် ရောက်လာသည်ကို တွေ့ရပြန်၏။
ယခုအကြိမ်တွင်မူ လူငယ်၏မျက်လုံးများသည် မျက်စောင်းထိုးရှိ တိုက်ခန်းတစ်ခုဆီတွင်သာ အာရုံစူး စိုက် နေသည်ကိုတွေ့ရပြီး သုံးလေးမိနစ်ခန့်အကြာတွင် ဘာကိုမြင်လိုက်ရသည်မသိ၊ သုတ်သုတ်ပျာပျာ လှည့် ဆင်းသွားပြန်လျက် တစ်စုံတစ်ယောက်အား စောင့်ကြည့်သလိုဖြင့် လှေကားရင်းတွင် ရပ်ရင်း လမ်းတစ်ဖက် သို့ စူးစိုက်နေ၏။

စောစောက သူ အာရုံစူးစိုက်နေခဲ့သော မျက်စောင်းထိုးတိုက်ခန်း၏ လှေကားဆီမှ မိန်းကလေးတစ် ယောက် ဆင်းလာသည်ကို တွေ့လိုက်ရသည်နှင့် လူငယ်သည် ခပ်သွက်သွက်ကူးသွားကာ "ကဲ အေးချို၊ နင် ငါ့ကို ဘာပြောချင်သလဲ၊ ခု ပြောနိုင်တယ်"
လှေကားရင်း၏အပြင်ဘက်သို့ ခြေနှစ်လှမ်းလောက် လှမ်းမိနေပြီဖြစ်သော အဆိုပါမိန်းကလေးအား လူငယ် က မျက်နှာချင်းဆိုင်ရပ်ရင် ဣနြေ္ဒရရပင် ပြောလိုက်၏။
ခပ်စောစော ဈေးဝတွင် တွေ့စဉ်က မိန်းကလေး၏အမူအရာ ရဲတင်းဖျတ်လတ်ခဲ့သလောက် ယခုမူ ရှက်အမ်းအမ်း ဖြစ်နေ၏။

"ပြောလေ အေးချို၊ နင် ဘာပြောမလို့လဲ ငါ့ကို"
မိန်းကလေးသည် တစ်စုံတစ်ရာကို စိုးရိမ်ကြောင့်ကြသလိုဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေပြန်သဖြင့်
"ကိစ္စမရှိပါဘူး ဟဲ့၊ ဒီနေ့ သောကြာနေ့ပါ၊ ကုလားဆိုင်တွေ ပိတ်တာပဲ"
လူငယ် သည် ၎င်းတို့ရပ်နေရာ လှေကားတစ်ဖက်တစ်ချက်ရှိ ပိတ်ထားသော ကုလားကုန်တိုက် နှစ် တိုက်ကို ကြည့်ရင်း ပြောလိုက်ရာ မိန်းကလေးသည် ရဲရဲတင်းတင်း ပြောတော့မည်ကဲ့သို့ နှုတ်ခမ်းပြင်တဲ့ ကာ "တခြားအကြောင်းတော့ မဟုတ်ပါဘူး ကိုတာရဲ့၊ မမစိုးကလေ" ဟူ၍ အေးချိုက စကားစလာသည် မှန် သော်လည်း ရှေ့မဆက်သေးဘဲ ဤမျှနှင့်တန့်သွားပြီး တစ်စုံတစ် ခုကို စဉ်းစားသလို တွေနေပြန်၏။

အတာ တွင်လည်း မမစိုးဟူသော အမည်နာမကို ကြားလိုက်ရသည်နှင့် ထူးထူးခြားခြား မျက်နှာထား ပြောင်း သွား၏။
သူတို့ရပ်ကွက်ထဲမှ ကာလသားများသာမက ရန်ကုန်မြို့၏အစွန်အဖျားဖြစ်သော ကမာရွတ် အင်းစိန် စသည် တို့မှ လူပျိုပရိသတ်သည်ပင် တကူးတထောက် လာရောက်ပိုးပန်းရလောက်အောင် ချောသော ခင်စိုးလှ။ ချော၍ လှပြီး လှသလောက် ကျက်သရေရှိသော ခင်စိုးလှ၏မျက်နှာကလေးကို အတာသည် ချက်ချင်း မြင်ယောင်လာ၏။
"အင်း ဘာပြောသလဲ၊ နင့် မမစိုးက" သို့ အတာက မေးလိုက်မှပင် အေးချို၌ လှုပ်လှုပ်ရှားရှားဖြစ်လာကာ ပြောင်စီစီကလေး ပြုံးတဲ့ပြီးမှ "မမစိုးက ပြောနေတယ်၊ ဒီလမ်းထဲက လူပျိုတွေဆိုရင် သူ့ကို အားလုံး စာ ပေးဖူးတာချည့်ပဲတဲ့၊ ကိုတာ တစ်ယောက်သာ" ဤလိုစကားမျိုးကြားရလိမ့်မည်ဟု အဘယ်သောအခါကမျှ မျှော်လင့် မထားခဲ့၍လားမသိ၊ အတာတွင် မျက်ဆံတပြူးပြူးနှင့် အေးချိုအား စူးစိုက်ကြည့်နေမိသည်မှအပ ဘာတစ်ခွန်း မှ မပြောနိုင်ရှိနေ၏။ "နို့ ကိုတာကကော မမစိုးကို ဘာလို့ စာမပေးတာလဲ ဟင်"

"ဒါ နင်နဲ့ ဘာဆိုင်သလဲ"
ဤတွင် အတာက ခပ်သွက်သွက် ပြန်မေးလိုက်၏။
"ကျွန်မနဲ့တော့ မဆိုင်ပါဘူး၊ မမစိုးက မေးခိုင်းလို့ပါ"
"ဘာ ခင်စိုးလှက မေးလိုင်တယ်ဟုတ်လား၊ ဘာမေးခိုင်းတာလဲ"
"ကိုတာ က သူ့ကို ဘာလို့ စာမပေးတာလဲတဲ့"
ထိုစကား ကို ရုတ်တရက်မဖြေ၊ အတာသည် မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီးမှ
"ငါ သူ့ကို ဘာဖြစ်လို့ စာပေးရမှာလဲ၊ သူ့ကို ငါမှ မကြိုက်တာ"
"ဟင်"
တအံ့တသြပင် အေးချိုက ရေရွတ်ရင်း အတာအား မော်ကြည့်နေ၏။

"အေး၊ နင့်ကိုမေးရင် ငါဒီလိုပဲပြောတယ်လို့ ပြောလိုက်"
"ကိုတာ မမစိုးကို မချစ်ဘူး၊ ဟုတ်လား"
အတာက ခပ်တင်းတင်းပင် ခေါင်းခါပြလိုက်သောကြောင့်
"တကယ်ပဲ မချစ်ဘူးလား ဟင်၊ မမစိုး ဘယ်လောက်လှသလဲ"
"သူ လှတာ နဲ့ ငါက ချစ်ရမှာလား၊ ကဲ နင်ဘယ်သွားမလို့လဲ၊ သွားတော့"
စကားကို ဤတွင်ဖြတ်၍ အတာလည်း သူ့အိမ်ဘက်သို့ ကူးလာခဲ့၏။

အိမ်ပေါ်ရောက်၍ မိနစ်ပိုင်းလောက်မျှ မထိုင်ရသေးမီ လမ်းမဆီမှ လေချွန်သံတစ်ခု ပေါ်လာသည်နှင့် အတာ လည်း ဝရန်တာသို့ အပြေးကလေး လှမ်းတက်လာ၏။
"ဟေ့ အတာကြီး၊ လာလေကွာ မလိုက်ဘူးလား"
ရွယ်တူလူငယ်တစ်ဦးက အောက်မှနေ၍ လှမ်းခေါ်နေသည်ကို "သွားနှင့်ကြတော့ကွာ၊ ငါလိုက်လာခဲ့မယ်"
ထိုအဖြေကို အောက်မှလူငယ်က ကျေနပ်ပုံမရဘဲ တစ်စုံတစ်ရာထပ်ပြောတော့မည်ရှိစဉ်မှာပင် အတာ လည်း ချာခနဲ လှည့်ဝင်လာခဲ့တော့၏။ "ဘာလို့ စာပေးရမှာလဲ၊ ငါမှ သူ့ကို မကြိုက်တာ"
ဤလို ခပ်ပြတ်ပြတ်ပြောခဲ့သော အတာသည် ကုလားထိုင်တစ်လုံးတွင် ခြေပစ်လက်ပစ်ထိုင်ရင်း ထိုပြဿနာ ကိုပင် စှုးစားခန်းဝင်နေသည် ထင်ရ၏။

လွန်ခဲ့သော တစ်နှစ်ကျော်ကျော်လောက်က ခင်စိုးလှနှင့်ပတ်သက်၍ ကြုံတွေ့ခဲ့ရဖူးသော အဖြစ် ကလေး တစ်ရပ် ကို အတာသည် အမှတ်တရ မြင်ယောင်လာ၏။
အတာ သည် ဆယ်နှစ်သားအရွယ်လောက်ကပင်စ၍ ကွမ်းကို ကောင်းကောင်းကြီး စားတတ်နေခဲ့၏။ ဤသည်မှာ စင်စစ် အတာ၏မိုက်တွင်းနက်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဆေးလိပ်သောက်တတ်နေ ခြင်း မဟုတ်။ အဒေါ် အစ်မများက အတာကလေး လေးငါးခြောက်နှစ်သားအရွယ်ကပင် ဆေးလိပ်ညှိ ခိုင်းလေ့ ရှိသောကြောင့် တစ်စတစ်စနှင့် သောက်တတ်သွားခြင်းဖြစ်၏။
သို့တိုင်အောင် မိဘများကမူ အတာအား ကွမ်းစားခွင့်ကို လုံးဝမျက်မှာသာမပေးဘဲ တင်းတင်းကျပ်ကျပ် တားမြစ် ထား၏။ အတာ့တွင်သော်ကား ဆေးလိပ်ကို သရေစာသဖွယ် အရသာခံတတ်နေပြီဖြစ်သည့် အတိုင်း မိဘကွယ်ရာ တွင် မြိုင်မြိုင်ရှက်ရှက် စားလေ့ရှိခဲ့၏။

တစ်ခါက အတာသည် ကွမ်းဝယ်ရန် လမ်းထဲရှိ ကွမ်းယာဆိုင်သို့ လျှောက်သွားစဉ်
"ထွီ"ခနဲ တံတွေးထွေးလိုက်သော အသံကြောင့် အတာတွင် ရုတ်တရက် ခြေလှမ်းတန့်သွားကာ အသံ လာရာဆီ သို့ လှည့်ကြည့်လိုက်သည်၌ ခင်စိုးလှနှင့်တကွသော မိန်းမပျိုတစ်ခုကို တွေ့ရ၏။ ၎င်းတို့ထိုင် နေကြသည် မှာ အတာကွမ်းဝယ်ရန်သွားသည့် ကွမ်းယာဆိုင်နှင့်ကပ်လျက်ရှိသော ပိုးထည်ဆိုင်တစ် ဆိုင်၏ မျက်နှာစာတွင်ဖြစ်သောကြောင့် အတာသည် အားလုံးသော မိန်းမပျိုလေးများ၏ အမူအရာကို ပြတ်ပြတ် သားသား အကဲခတ်မိ၏။ တခိခိနှင့် ပါးစပ်တွင် လက်ဝါးကိုယ်စီအုပ်၍ ရယ်နေကြသည့်အသံ ကိုလည်း ကြားရ၏။
"ငါလာတာမြင်လို့ တမင်ထွေးတဲ့ တံတွေးများလား"ဟု အတာသည် ခပ်သုတ်သုတ် တွေးလိုက်သေး၏။ ချက်ချင်း ဆိုသလို ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဟူသကဲ့သို့လည်း ဖြစ်နိုင်သည်ကို တွေးမိပြန်သည့် အတိုင်း သူ မူတည်လာရာ ကွမ်းယာဆိုင်သို့ပင် ဣနြေ္ဒမပျက် လှမ်းထွက်သွားတော့၏။

ကွမ်းတစ်ရာဝယ်၍ ပြန်လာရာ၌ အတာသည် အဆိုပါ မိန်းကလေးတစ်သိုက်ထိုင်နေကြသော ပိုးထည် တိုက်ရှေ့ မှပင် ဖြတ်လျှောက်လာခဲ့၏။ ဤတွင်လည်း တစ်ဖန် "ထွီ"ခနဲ ထွေးလိုက်သော တံတွေးသံကို ကြားလိုက် ရပြန်၏။
ဤအကြိမ်တွင်မူ အတာသည် အတော်ကလေး ဒေါသဖြစ်သွားပုံရ၏။ မိန်းမပျိုတစ်ခုထိုင်နေရာ ခုံတန်း ရှည်လေး အနီးတွင်ပင် အတာသည် ခြေစုံရပ်လျက် တင်းမာသော မျက်နှာထားဖြင့် စိန်းစိန်းစားစား ကြည့်မိ၏။
အတာ၏ မာတင်းလှသော အမူအရာကို တွေ့ရသောကြောင့်လား မသိ၊ မိန်းမပျိုတစ်စုသည် ပထမ အခေါက် ကကဲ့သို့ လှောင်ရယ် ရယ်သံများ ပေါ်မလာတော့ဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ရင်း ယောင်ပေပေဖြစ်နေတော့၏။

ဤလို ထွီခနဲ ထွေးလိုက်သော တံတွေးသံသည် မည်သူ၏အသံဖြစ်ကြောင်း အတာသည် ကောင်း ကောင်းကြီးသိ၏။ ပျက်ပြားနေသော မိန်းမပျိုတစ်ခု၏ ဣနြေ္ဒအရလည်း ထိုတံတွေးမှာ သူ့အားရည်ရွယ် ၍ ထွေးလိုက်ခြင်းဖြစ်သည်ကို သူသဘောပေါက်၏။ သို့သော် အတာသည် ဘာတစ်ခွန်းမှမပြော။ "ဒါ ဘာလုပ်တာလဲ" ဟူသော သဘောမျိုးဖြင့်သာ စောင်းကြည့်၍ ထွက်လာခဲ့၏။
အတာလည်း သို့လျှင် မဖွယ်မရာ ကြုံလိုက်ရသည့်အဖြစ်ကြောင့် ထင့်သွားသည့်စိတ်ဖြင့် မကျေမချမ်း လျှောက်လာခဲ့ပြီး ထိုမိန်းမပျိုတစ်သိုက်ထိုင်နေသည့် တိုက်ခန်းနှင့် သုံးတိုက်ခန့်အကွာ ဂိုဒေါင်တစ်ခု ရှေ့တွင် စကားပြောနေကြသော လူရွယ်ကာလသားတစ်စုနှင့် ရော၍ ထိုက်လိုက်၏။

"ဟေ့ အတာကြီး၊ ဘာဖြစ်လာတာလဲကွ၊ မျက်နှာကြီး မှုန်ကုပ်ကုပ်နဲ့"
အတာ၏အမူအရာကို သတိထားမိသူ လူငယ်တစ်ယောက်က သို့လျှင် ကောက်ကာငင်ကာ လှမ်းမေး လိုက်သဖြင့်
"ဟိုငတိမပေါ့ကွ၊ ငါ ကွမ်းသွားဝယ်တာ ငါ့ကိုစောင်းပြီး တံတွေးနဲ့ထွေးတယ်"
ထိုစကားကြောင့် တဒေါင်ဒေါင်နှင့် မယ်ဒလင်ခေါက်နေသူရော သီချင်းဆိုနေသည့် လူငယ်များပါ အဆို အတီး ရပ်သွားပြီး အတာ့စကားတွင် အာရုံစိုက်လာကြ၏။
"ဘယ်သူလဲ၊ ခင်စိုးလှလား"
ပထမစ၍ မေးသူကပင် ဆက်လက်မေးခွန်းထုတ်လိုက်သောကြောင့်
"အေးပေါ့ မောင်မောင်၊ သူ့အပြင် ဘယ်သူရှိဦးမှာလဲ၊ အားလုံးထဲမှာ ဒီငတိမ အကဲဆုံးပဲ၊ တောက်"
အတာသည် သို့ပြောရင်း တောက်တစ်ချက်ကိုပင် ခပ်ပြင်းပြင်းခေါက်လိုက်၏။

ဤတွင် မောင်မောင်မှအပသော အခြားလူငယ်များကမူ တစ်ယောက်ကိုတစ်ယောက် လက်တို့၍လည်း ကောင်း၊ အတာအား မသိမသာ မေးငေါ့သူက ငေါ့၍ မဲ့ပြသူက ပြကြ၏။
"အဲဒီတော့ သူ့ကို မေး ဘုမှုတ်ခဲ့ရောလား" ဟု မောင်မောင်က မေးသဖြင့်
"ဘာမှမပြောခဲ့ဘူးကွ၊ ငါ့ကိုစောင်းပြီး ထွေးတာရယ်လို့ အတပ်စွပ်စွဲရမှာကလဲ"
အတာလည်း စကားကို ရှေ့မဆက်သေးဘဲ စဉ်းစားသလို တွေနေပြီးမှ
"ဒါပေမဲ့ အသွားရော အပြန်ရော သူတို့ရှေ့ကို ငါရောက်မှချည်း ထွေးတယ်ဆိုတော့၊ ဒါ ရှင်းနေတာပဲ ကွ"
မကျေနပ်နိုင်သလို အံတကြိတ်ကြိတ်နှင့် ပြောနေရာမှပင် အတာသည် ထိုင်ရာမှထရပ်တဲ့ပြီး
"တစ်ခေါက်ထပ်သွားဦးမယ်ကွ၊ ဒီတစ်ခါထွေးရင်တော့ သေချာပြီ၊ ငါ့ကိုစောင်းထွေးတာ ဖြစ်မှာပဲ"

ပြောပြောဆိုဆိုပင် ကွမ်းကို ဟန်မပျက်စားရင်း လှမ်းထွက်သွားသောကြောင့် လူငယ်တစ်ခုတွင် အကြောင်သားငေးရင်း ကျန်ရစ်ခဲ့ကြ၏။ သို့လျှင် လူငယ်ကာလသားတစ်ခုက ပွဲကြီးပွဲကောင်းတစ်ခုကို တွေ့ရတော့မည်ကဲ့သို့ ရပ်တလှပ်လှပ်ဖြင့် အတာသွားရာသို့ ငေးကြည့်နေကြသကဲ့သို့ပင် မိန်းမပျိုတစ် သိုက်ကလည်း အတာလျှောက်လာသည်ကို မြင်ရသည်နှင့် တစ်ယောက်ကိုတစ်ယောက် လက်တို့သူ ကတို့၍ အချို့ကလည်း ခင်စိုးလှအား မြှောက်ထိုးပင့်ကော်လုပ်ပေးသည့် လက္ခဏာမျိုးဖြင့် တီးတိုးပြော ဆို နေကြ၏။
သို့နှင့် အတာလျှောက်လာခဲ့၍ ထိုအပျိုတစ်သိုက်ရှေ့ရောက်သည်ဆိုလျှင်ပင် ထွီခနဲ ထွေးလိုက်သော တံထွေးသံသည် စောစောကအတိုင်း ပေါ်လာပြန်၏။
အတာ ကမူ တစ်စုံတစ်ရာ ဘာမျှမပြောသေး၊ တစ်ချက်မျှသာလှည့်ကြည့်ပြီး ကွမ်းယာဆိုင်သို့ လျှောက် သွားကာ ကွမ်းတစ်ရာထပ်ဝယ်၍ အိတ်ထဲထည့်ပြီး ပြန်ထွက်လာခဲ့၏။
"ထွီ"
ထိုတံတွေးသံသည် စောစောကထက်ပင် ကျယ်လောင်ပြတ်သားစွာ ပေါ်လာပြန်၏။

ဤတစ်ကြိမ်တွင်သော်ကား အတာသည် ထိုမိန်းမပျိုတစ်စုနှင့် ထိလုနီးပါးကပ်သွားပြီး လက်ထဲမှ ကွမ်းကို ခပ်ဆောင့်ဆောင့် ပေါက်၍ လွှင့်ပစ်လိုက်ပြီးမှ ခါးကို တင်းတင်းကလေး ထောက်တဲ့ကာ ခင်စိုးလှ တစ်ဦးတည်း ကိုသာ ခပ်စူးစူးစိုက်ကြည့်နေသဖြင့် ကျန်မိန်းမပျိုတစ်စုတွင် ရင်ကလေး တဒုဒုခုန်ကာ ကြုံလာမည့်အရေးကို အထိတ်တလန့် စိတ်စောနေမိကြ၏။
"နင် ဘာလူပါးဝတာလဲ ခင်စိုးလှ ဟင်၊ နင့်ကို ငါ ဘာလုပ်လို့ ဒီလို တံတွေးနဲ့ စောင်းထွေးလား ဘာလား လုပ်ရတာလဲ"
အတာသည် ပြတ်သားပီသလှသော အသံဖြင့် မေးလိုက်၏။ ခင်စိုးလှထံမှမူ ရုတ်တရက် အဖြေထွက်မ လာသေး။ စောစောက တံတွေးထွေးရဲခဲ့သလောက် ယခုမူ ကွဲအက်တုန်လှုပ်နှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။

"ဒါဟာ သိက္ခာရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့အပြုအမူ မဟုတ်ဘူး သိလား"
"ရှင့်ကို ကျွန်မ ကျွန်မ ဘာ ဘာလုပ်လို့လဲ"
ယခုမူ ခင်စိုးလှတွင် မနေသာတော့သည့်အတိုင်း စကားလုံးများလည်း သို့လျှင် အထစ်ထစ်အငေါ့ငေါ့ ထွက်လာ၏။
"ဟဲ့ ဘာဖြစ်ကြတာတုံး"
မိန်းမပျိုများထိုင်နေရာ ပိုးထည်တိုက်အတွင်းမှ အသက်ငါးဆယ်ခန့်အရွယ် အဒေါ်ကြီးတစ်ယောက် သည် ထိုမေးသံနှင့်အတူ ရုတ်တရက်ရောက်လာ၏။
ထိုအချိန်၌ လူပျိုတစ်သုက်သည်လည်း ထိုအခင်းနှင့် မလှမ်းမကမ်းသို့ရောက်လာကြလျက် မောင် မောင် နှင့် အခြားတစ်ယောက်သော လူငယ်သာလျှင် အတာ့အနီးသို့ထိအောင် ချဉ်းကပ်လာကြ၏။
"ကျွန်တော် ရှင်းပြပါ့မယ်၊ ကျွန်တော် လွန်တယ်ထင်ရင် ကျွန်တော့်ကို ရိုက်ပြီးဆုံးမပါ့"

အတာက သို့လျှင် စကားပလ္လင်ခံနေသည်ကို
"ဟဲ့ ဒါတွေပြောနေဖို့တောင် မလိုဘူး အတာ၊ မင့်အကြောင်း တို့သိသားပဲဟာ၊ ကဲ ဆိုစမ်းပါဦး ဘာဖြစ် တာလဲ"
"ဒီလိုပါ ဒေါ်ဒေါ်မေ၊ ခုန ကျွန်တော့်ဟာ ကျွန်တော် ကွမ်းလာဝယ်တာကို ခင်စိုးလှက တံတွေးနဲ့ လှမ်း ထွေး တယ်"
"ဟေ ဟုတ်လား၊ မင်း ဘယ်နေရာပေသွားသလဲ"

ဆက်ရန်
.

4 comments:

mstint said...

လွန်ခဲ့တဲ့နှစ်အတော်ကြာကဖတ်ဖူးတယ်။
ဒီတစ်ခေါက်တော့ အပိုင်း(၁)ကစမှီလို့
အေးအေးဆေးဆေးဖတ်သွားတယ် ညီမရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

စိတ်ဝင်တစားနဲ့ စောင့်ဖတ်နေပါတယ် အစ်မ...

Anonymous said...

ဆက်တိုက်နေ.တိုင်းတင်ပေးလိမ်.မယ်လို.
မျှော်လင်.ပါတယ်
အရမ်းစိတ်ဝင်စားပါတယ်
အားပေးလျှက်ပါ

Anonymous said...

အားပေးပါတယ်