Thursday, March 8, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂ဝ)

ရထားပေါ်ကလူများ - ၃

ရထားက စင်္ကြန်မှာ ဆိုက်ကပ်ထားပြီးဖြစ်သည်။ ရထားထွက်ရန်အချိန်ကလည်း နီးကပ်နေပြီ။ တင်ပါး တစ်နေရာ စာရဖို့က မလွယ်ဘူးထင်သည်။ ကျွန်တော် ဆင်ခြေဖုံးသွား ရှားစေးရောင်ရထားတွဲ၏ နောက်ဆုံးတွဲပေါ် စင်္ကြန်ပေါ်မှ လှမ်းကြည့်လိုက်သည်။ ရထားထိန်း (ဂတ်ဗိုလ်)၏ ကြိုးတန်းထားသော အကန့်လေး မှ အပ ဘေးခုံတန်းလျားမှာ ခရီးသည်အပြည့်။ ကျွန်တော် ရထားဘေးစင်္ကြန်ပေါ်မှာ လျှောက်ရင်း ကြည့်သွားလိုက်သည်။ တင်ပါးတစ်နေရာစာ လစ်လပ်တာများ ရှိမလား။ မတွေ့။ နောက်ဆုံး တွဲ ကို လွန်ပြီး ကျွန်တော် ဆက်လျှောက်သွားသည်။

ကျွန်တော်သည် သည်လိုညနေအချိန် သည်လို ဆင်ခြေဖုံးသွား ရထားကို လိုက်ပါစီးနင်းမည်ဆိုလျှင် နောက်ဆုံးတွဲ သို့မဟုတ် ရှေ့ဆုံးတွဲကိုသာ ရွေးချယ်ုစီးတတ်ပါသည်။ ဘာကြောင့်ဆို လူချောင် တတ်သော ကြောင့်ဖြစ်သည်။ ဘာ့ကြောင့်ဆို ဘူတာစဉ်တွေမှာ ရထားရပ်တန့်လျှင် အလယ်တွဲတွေက ခရီးသည်တွေ အတွက် ဆင်းရ တက်ရအဆင်ပြေသလို အလုအယက်တက်ကြရာတွင် နီးရာတွဲသာတက်ရောက်တတ် သောကြောင့် ဖြစ်သည်။ ဘိတ်ဆုံးတွဲနှင့် ရှေ့ဆုံးတွဲမှာ ဘူတာစင်္ကြန်၏ ရှေ့နောက်အစွန်တွေမှာသာ ရှိနေ တတ် ကြသည်။ ခရီးသည်နည်းပါးရခြင်းအကြောင်း တစ်ချက်ဖြစ်နိုင်သည်ဟု ကျွန်တော်တွေးသည်။ ကျွန်တော့် တွက်ချက် တွေးတောမှု့ က အခါအားလျော်စွာ မှန်ကန်ခြင်းမရှိတတ်။

ကျွန်တော် အလယ်တွဲများကိုလည်း အလွတ်မပေးဘဲ ရှေ့ဆီသို့ လျှောက်သွားရင်း ကြည့်ရှုသွားပါသည်။ လူချောင် နေရာလွတ် ရှိလျှင် စဉ်းစားမနေဘဲ ကျွန်တော် တက်ရောက်စီးနင်းပါမည်။သို့တိုင် နေရာလွတ် က မရှိ။ သည်အချိန်က ညနေရုံးပြန်၊ ဈေးပြန်၊ အလုပ်ပြန်ချိန်၊ ရထားထွက်ဖို့ အချိန်ကလည်း ၅ မိနစ်လောက်သာ ရှိတော့ပြီ။

ကျွန်တော် ထိပ်ဆုံး၏ ဒုတိယတွဲဆီရောက်သွားသည်။ ထိုဒုတိယတွဲ၏ နောက်ဘက်စွန်းအခြမ်းမှာ နည်းနည်း ချောင်ချိနေတာကို တွေ့ရသည်။ အချိန်မရှိတော့။ ရထားထွက်ချိန်နီး လာသည်နှင့်အမျှ အခြေအနေ သည် ထက်ဆိုးတော့မည်။ စင်္ကြန်ပေါ်မှာ ယခုမှရောက်လာသော ခရီးသည်တွေ ခပ်သုတ်သုတ် ပဲ နေရာရှာနေကြသည်။ ကျွန်တော် ရထားပေါ်တက်လိုက်သည်။ ကြမ်းပိုး (ဂျပိုး)များနှင့် ကြွက်များ၊ အိမ်ယာတည်ထောင်နေထိုင်နေသည့် ဘေးခုံတန်းရှည်က လေလျော့ကာ ထိုင်ချလိုက်သည်။ ဘေးဘယ်ညာ ရှိ အမျိုးသားနှစ်ဦးက သူတို့ကိုယ်ကာယတွေကို အတတ်နိုင်ဆုံး ကျုံ့ပေးလိုက်ခြင်းဖြင့် ခရီး သည်ခြင်း ရိုင်းပင်းလိုက်ကြသည်။

ကျနေက ရထားတွဲတွင်း ပြတင်းပေါက်တွေမှရော နံရံမှပါ ၀င်ရောက်လာနေသည်။ အပူလုံးကြီးက ရထားတွဲ တွင်းမှာ ဝှေ့ဝိုက်နေသည်။ ကျွန်တော့် ဘယ်ဘက်ဘေးကလူမှာ ဂမ္ဘီရလုံးချင်းဝတ္ထုတစ်အုပ်ကို သဲကြီး မည်းကြီး ဖတ်နေသည်။ သည်စာအုပ်ဖတ်မပြီးလျှင် သူဒညနေစာပင် မစားရတော့မယ်ပုံမျိုး။ ကျွန်တော့် ညာဘက်က အဖိုးကြီးကတော့ နံရံကို ကျောမှီကာဘေးတိုက်ကြီးထိုင်ကာ ဟိုကြည့် သည်ကြည့် လူတွေကို လေ့လာနေသည့် အလုပ်သမားခေါင်းတစ်ယောက်နှင့် တူနေပါသည်။
ရထား ထွက်တော့ မတ်တတ်ရပ်ခရီးသည် တစ်ယောက်စ နှစ်ယောက်စသာရှိသည်။ ရထားထွက်တော့မှ လေပြေကလေး များ ရထားတွဲတွင်း ၀င်ရောက်လာပြီး ရထားတွဲတွင်းရှိ အပူရှိန်ကို တစ်စတစ်စကိုက်ဖြတ် သည်။

ပထမဘူတာရပ်တော့ ကော်လံဖြူအများစု တက်ရောက်လာကြပါသည်။ ပညာအရင်းအမြစ်ကို ရောင်းချ အသက်မွေးသူများဟု ဆိုလိုပါသည်။ ရုံးစာရေး၊ ကွန်ပျူတာသမားနှင့် အရောင်းစာရေးစသည်ဖြင့် အများစုဖြစ်နိုင်ပါသည်။ အမျိုးသမီးအများစုဖြစ်သလို လူငယ်ပိုင်းတွေများသည်။ သည်ဘူတာမှာ မြို့တွင်း မှာပဲ ရှိနေပါသေးသည်။ သည်ဘူတာအပါအ၀င် ငါးဘူတာလောက်လွန်ပြီးမှ ရထားသည် မြို့တွင်း ဧရိယာမှ ထွက်လာနိုင်မည်ဖြစ်သည်။ ကျွန်တော်သည်လည်း အချိန်ကို အကျိုးရှိစွာ အသုံးပြုလိုသဖြင့် လွယ်အိတ် တွင်း ပါသော ပန်းချီဝါဒများနှင့် ပတ်သက်သည့် စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်ပါသည်။ ရထားက ဆင်ခြေဖုံးဘက် ဆက်သွားနေသည်။ ရထားတွဲတွင်းမှာ စကားသံ၊ ရယ်သံများ ပလုံးပထွေး ပြေးလွှားနေသည်။

ကျွန်တော် မျက်စိညောင်း၊ အာရုံညောင်းလို့စာအုပ်မှခွာလိုက်တော့ ရထားသည် မြို့ကြီးတွင်းဘူတာများမှ ထွက်ခွာ လာခဲ့ပြီ။ သည်အခါ ဥာဏလုပ်သားအများစုလည်း လျော့ပါးသွားပြီး လက်လုပ်လက်စားများ၊ ဈေး သည်များ တက်ရောက်လာကြပြီဖြစ်သည်။ နံနက်စောစော ဆင်ခြေဖုံးကထွက် မြို့ဘက်က မြို့နယ် ရပ်ကွက် ဈေးတွေမှာ လှည့်လည်ရောင်းချပြီး ဆင်ခြေဖုံးအစွန် မိသားစု အိမ်ကလေးတွေကို ပြန်ကြမည့် အများစုဖြစ် သည်။ ရောင်းကုန်အချို့လည်း ကုန်ခဲ့ကြပြီ။ မောပမ်းနွမ်းနယ်နေပြီ။ ဆိုင်းတန်းအလွတ်များ၊ ခံတောင်းများ၊ သတ္ထုဘန်းများက ရထားတွဲ၏ အလယ်ကွက်လပ်မှာ စီကာထပ်ကာ ရောက်လာသည်။ ယောက်ျားမိန်းမ ဆိုင်းတန်းတွေကြား၊ ဘန်းအထပ်တွေကြား ကြမ်းပြင်မှာ ဖိနပ်ခုထိုင်ချကြသည်။ ရထားက ဆင်ခြေဖုံးမြို့စွန် ဘက်ရောက်လာလေ ရထားတွဲတွင်း ပြည့်ကျပ်လာလေဖြစ်သည်။ ကြမ်းပြင်မှာ ထိုင်သူ မတ်တတရပ်သူ (မတ်တတ်ရပ်သူတွေက တွဲဘေးတစ်ဖက်တစ်ချက် ခုံတန်းရှည်တွေအနီးမှာ ရပ်ကြသည်။)

ကျွန်တော်ထိုင်နေရတာ တွဲတစ်တွဲ၏ အဆုံးနံရံနားမှာ။ နံရံမှာ ဆိုင်းတန်းအလွတ်တစ်ခုချထားပြီး အနီးမှာ ခါးညွတ်ပြီး ပါးရိုးငေါငေါအသားညိုညို အသက်ကြီးကြီး လူတစ်ဦးကြမ်းပြင်မှာ ထိုင်နေသည်။ သူ့အနီး ကျွန်တော့် ခြေထောက်ရှေ့မှာ သတ္ထုဘန်းကို ချထားပြီး အပေါ်မှာ ဒန်အိုးအတွင်းမှ မုန့်လက်ကောက် အကွင်း သုံးလေးကွင်းကို ဒန်အိုးအဖုံးပေါ်တင်လိုက်ပြီး " မုန့်လက်ကောက် နော်၊ ဒါပဲ ကျန် တော့တယ်။ တစ်ကွင်းငါးဆယ်နဲ့ စားကြနော်။ အဆာပြေစားဦးမလား" ဟု အော်လိုက်ပြီး ကောက်ညှင်း ပေါင်းကို ဒန်အိုး အတွင်းမှ ထပ်ထုတ်လိုက်ပြန်သည်။ အပုံခပ်ကြီးကြီး (လက်နှစ်ဆုပ်စာခန့်) နှစ်ပုံပုံလိုက်ပြီး ကောက်ညှင်းပေါင်း ကို ဒန်အိုးအတွင်းမှ ထပ်ထုတ်လိုက်ပြန်သည်။ အပုံခပ်ကြီးကြီး (လက်နှစ်ဆုပ်စာခန့်) နှစ်ပုံ ပုံလိုက်ပြီး "ကောက်ညှင်းပေါင်းတွေ တစ်ပုံတစ်ရာ၊ ဗိုက်ရိုက်စားလို့ရတယ်" ဟု အော်ပြန်သည်။ ဒါ အကုန်ပဲနော် ကျန်လို့ရောင်းတာဟုလည်း ဆက်အော်လိုက်ပြန်၏။

သူ့ညာဘက်ရှေ့မှာလည်း ဘန်းနှင့်ဈေးသည်မတစ်ဦး၊ ပိန်ပိန်ရှည်ရှည် မျက်နှာသွယ်သွယ်။ သူမရှေ့တည့် တည့် မှာက မိန်းမငယ်တစ်ဦး။ သူက ခံတောင်းနှင့် ဒိန်ချဉ်ခွက်ကလေး (အိုးကလေး)တွေနှင့်။ သူမကတော့ ရောင်းကုန်ခဲ့ဟန်တူသည်။ အိုးကလေးခွက်ကလေးေူတွကို စီထပ်ရင်း၊ ပိန်ရှည်ရှည်မိန်းမနှင့် စကားပြောနေ သည်။ သူတို့ဟိုဘက်မှာ ဖော့ပုံးနှင့် လူငယ်တစ်ယောက်။ ဟိုဘက်မှာ ဆိုင်းတန်းတစ်ခု။

ခပ်ဖိုင့်ဖိုင့်မိန်းမ၏ ကောက်ညှင်းပေါင်းကို အတန်ကြာတော့ နံရံအနီးဆိုင်းတန်းရှေ့ ကြမ်းပြင်ထိုင်နေသော ပါးရိုးငေါ လူပိန်ကြီးက ၀ယ်စားလိုက်သည်။ ကျွန်တော်နှင့် တစ်ယောက်ကျော် ပိန်ပိန်ညိုညို မျက်နှာအမာ ရွတ်နှင့် လူငယ်ကလည်း ၀ယ်စားသည်။ (နောက်တော့ ထိုလူငယ်မှာ သစ်စက်အလုပ်သမားမှန်း သိရသည်) သည်အချိန်မှာ သူတို့ဝမ်းဗိုက်တွေ ဟာလာဟင်းလင်းဖြစ်နေမည်။ ကောက်ညှင်းပေါင်း တစ်ရာဖိုး၊ ရေခဲရေနှစ်ဆယ်ဖိုး ၀ယ်ဖြည့်လိုက်လျှင် အဆင်ပြေသွားကြမည်။

ရေခဲရေသည်လေးတွေက တစာစာအော်နေသည်။ ကွမ်းယာဆေးလိပ်သည်တွေကလည်း တစ်ဦးပြီး တစ်ဦး သံပုရာသီးသည်၊ လိမ္မောသီးသည်၊ စုံစီနဖာသည်၊ သင်္ကြန်စာသည်၊ ဆေးရောင်းသူ၊ ဗေဒင် စာရွက် ရောင်းသူ၊ ဖရဲသီးသည်၊ စာကလေးခွေသည်။

" ဒါက ဂျယ်အထုပ်တွေပါ။ တစ်ထုပ်မှ ငါးဆယ်၊ သုံးထုပ် တစ်ရာနဲ့ယူ။ ခေါင်းလိမ်းဖို့ပါ။ ဆံပင်ထောင်လို့ ရတယ်။ လှဲလို့ရတယ်။ ဆံပင်ထောင်ချင်ရင် လူငယ်တွေသုံး။ လှဲချင်ရင် လူကြီးတွေသုံး။ အပြင်မှာ ဘူးနဲ့ ၀ယ်မယ်ဆို အနိမ့်ဆုံး လေးငါးခြောက်ရာက ထောင်ကျော်ပေးရမယ်။ ကျွန်တော့်ဆီမှာ ဟောလိုဂျယ် တစ်ထုတ်ကို ငါးဆယ်၊ သုံးထုပ်ယူရင် တစ်ရာ။ ရထားပေါ်မှာက ဒီမှာ ဒီမှာ ဒီမှာ ကြည့်စမ်း ဒီရထား ပေါ်မှာက အခြေခံလူတန်းစား ၉၈ ရာခိုင်နှုန်းစီးကြတာပါ။ အခြေခံလူတန်းစားတွေ ၀ယ်နိုင်တဲ့ဈေး ကျွန်တော်တို့ ရောင်းပေးတာပါ။ လာမယ် လာမယ်။ ယူဦးမလား။ ဟောဒီအထုပ်ကလေးတစ်ထုပ် ငါးဆယ်။ ငါးဆယ်ဆိုတာ လက်ဖက်ရည်တစ်ခွက်သောက်လို့ မရဘူး ဟုတ်ပီလား၊ ယူဦးမလား ... "

သည် ဂျယ်လီခေါင်းလိမ်းဆီ ရောင်းသမား၏ ပြောပုံအရ သည်ရထားပေါ်မှာ အခြေခံလူတန်းစား (လက်လုပ် လက်စားဆင်းရဲသားပြည်သူ) ၉၈ ရာခိုင်နှုန်းစီးနင်းနေသည်ဆိုတော့ တစ်တွဲလုံးနီးပါးပေါ့။ ငါရော အခြေခံ လူတန်းစားထဲ ပါဝင်နေသလားဟု သည်တော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ကြည့်မိသည်။ ရထားတွဲ အတွင်းရှိ ခရီးသည်တွေကို လှည့်ပတ်ကြည့်မိသည်။ သည် ဈေးသည်လူငယ်သုံးသပ်သွားတာ မှားယွင်းတယ် လို့ မဆိုနိုင်။ ပလပ်စတစ်ဆွဲခြင်းကလေးတွေနှင့် အလုပ်သမားလေးတွေ အထည်ချုပ်စက်ရုံ၊ အရက် ရေသန့်စက်ရုံ၊ အချိုရည်စက်ရုံ၊ လူသုံးကုန်ပစ္စည်းစက်ရုံတွေက အလုပ်သမလေးတွေ၊ အလုပ်သမား လေးတွေ။

ကျွန်တော်ကရော။ ကျွန်တော်က ဥာဏ(ဥာဏ်ပညာ)ကို ရောင်းချစားသောက်နေရသော စာရေးဆရာ။ သို့တိုင် ဟိုး ... ဆင်ခြေဖုံးမြို့စွန် မြို့သစ်မှာ အိမ်ငှားနေထိုင်ရသူ။ စားဝတ်နေရေးကို ပူပန်နေရသူ။ စာကို တကုတ်ကုတ် ရေးနိုင်မှ ထမင်းစားရသူ။ လက်လုပ်လက်စား။ ကျွန်တော့်တွင်လည်း အနာဂတ်ပျောက်ဆုံး နေသလို။
နောက် သူတို့နားက ဘုန်းကြီးကျောင်းဘုရားမျက်နှာကြက် ပိတ်စအတွက် ပိန်ရှည်ရှည်မိန်းမဆီ အလှူငွေ နှစ်ရာ၊ ငါးရာစသည်ဖြင့် ထည့်ကြသည်။ သူတို့တွင် စိတ်နှလုံးကောင်းရှိကြ ရိုးသားကြသည်။ ဘာသာ တရား ကိုကြည်ညို ကိုင်းညွှတ်ကြသည်။ စသည်ဖြင့် သူတို့သည် ဘ၀နှင့်အသားကျကာ ရေစီးအတိုင်း မျော နေကြ သည်။

" မနက်က ဟိုကုလားအဘိုးကြီး ဦးတိမ်တစ်လုံးလေ။ သူ့မြေပဲပြုတ်တွေ အားပေးပါဦးဆိုလို့ ငါဝယ်စားတာ ဇိမ်း(စိမ်း)ဆတ်ဆတ်နဲ့ မနပ်ဘူးဟာ ... "
" အဘိုးကြီးလည်း မိန်းမပြုတ်ပေးတာ ရောင်းရတာလေ။ အသက်က ၇၈ နှစ်ရှိနေပြီ။ ဈေးရောင်းရတုန်း သနား ပါတယ် .... "
" ဒီ သေခါနီးအရွယ်ကြီးကျမှ ငါတော့ ဈေးမရောင်းနိုင်ပေါင်။ အစိုးရသတ်မှတ်ထားတာက အသက် ၆၀ ဆို ပင်စင်နားရတယ် မဟုတ်လား။ ငါတော့ ခြောက်ဆယ်ကျော်ရင် ဈေးမရောင်းတော့ဘူး။ ဒါလောက် ထိတော့  လင်စာ သားစာ လုပ်မနေနိုင်ဘူး ... "ဟု ခပ်ဖိုင့်ဖိုင့် မိန်းမက မဲ့ကာရွံ့ကာ ပြောသည်။

နောက်ပိုင်း သစ်စက်အလုပ်သမားလေးကလည်း သစ်စက်လုပ်ငန်းခွင်တွေအကြောင်း ပြောပြနေသည်။ အလုပ်ကြပ် ၏ ခေါင်းပုံဖြတ်မှုတွေ၊ မိန်းချမထားမိဘဲ ၀ိုင်းဆရာက လွှသွေးနေစဉ် မီးထလာပို့ လက်ချောင်း တွေ ပြတ်သွားရပုံတွေ၊ အချိန်မိုခိုင်းပြီး ထမင်းကို ၀လင်အောင် မကျွေးတာ သူဌေးက သိသွားပြီး အလုပ် ကြပ်တွေကို ကြိမ်းမောင်းပုံတွေ၊ စသည်ဖြင့် ကျွန်တော် ကြားနေရပါသည်။
ကျွန်တော် သူတို့ကို ငေးကြည့်ရင်းဘာများ ကူညီနိုင်မလဲဟုတွေးသည်။ ကူညီချင်သည်။

" ကဲ ... ကြုံတုန်းဗျာ ... "
ကျွန်တော်က အသံခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ ရထားတွဲတွင်း တစ်ယောက်တစ်ပေါက် ပြောဆို နေသော စကားသံများ တိတ်သွားသည်။ အကြည့်အားလုံး ကျွန်တော့်ဆီရောက်လာသည်။
" ကျွန်တော် တစ်ခု ခင်ဗျားတို့ကို မစချင်တယ်။ ခင်ဗျားတို့ကို မြင်ရတွေ့ရတာ ကြားရတာ ကျွန်တော် အရမ်း စိတ်မကောင်းဘူး။ ဂရုဏာလည်း သက်မိတယ်"
အားလုံး က ကျွန်တော့်ကို ဘာပါလိမ့်ဆိုသော နားမလည်နိုင်သည့် အကြည့်တွေ၊ စိတ်မှနှံ့ရဲ့လားဆိုသော မယုံသင်္ကာ အကြည့်တွေ။ အစိုးရ အရာထမ်းများလားဆိုသော ထိတ်လန့်သည့်အကြည့်တွေနှင့် တိတ်ဆိတ် အံ့သြစွာ ကြည့်နေကြပါသည်။

" မစ ဆိုတဲ့ စကားလုံးကို ခင်ဗျားတို့သိလား။ အဲဒါမစပဲ။ မစကို ပြောင်းပြန်ရွှေ့လိုက်ရင် စမပဲ။ ဟုတ်တယ် မို့လား။ ကျွန်တော့်အသက် အခု ၆၁ (ခြောက်ဆယ့်တစ်)နှစ်ရှိပြီ။ အဲဒါကိုသာ ဆောင်သွားကြတော့ဗျာ ... "
ရထားက ကျွန်တော်ဆင်းမည့် ဘူတာကို ရောက်လာပြီဖြစ်သဖြင့် အဆင်သင့်သွားလေသည်။ ကျွန်တော့် စိတ်ကူး အိပ်မက်ထဲ မျောနေတာကို ဖြတ်တောက်ခါ ခပ်သုတ်သုတ်ရထားပေါ်မှ ဆင်းချလာ၏။

၂၀၁၀၊ ဇွန်လ၊
မြန်မာသစ်မဂ္ဂဇင်း။
.

No comments: