Tuesday, March 27, 2012

သာဓု ၏ အတာ, အပိုင်း (၁၉)

(ကြည့်၍ ဝသလောက်ရှိမှ အတာလည်း ထိုဆိုင်အနီးမှ ထွက်အလာတွင် မလှမ်းမကမ်း၌ ပစ် ထားသော စွပ်ကျယ်သေတ္တာအလွတ်များကို မြင်သည်နှင့် အတာလည်း ကလေးတို့ သဘာဝ အတိုင်း ပင် သေတ္တာ လွတ် များ ကို ကောက်ရန် စွပ်ကျယ်ဆိုင်ဘေးမှ ကွေ့သွားပြီး
"အရာကြီး ဟိုသေတ္တာတွေ ပစ်ထားတာလား ဟင်"ဟု ဆိုင်ရှင်အား မေးလိုက်သေး၏။
"အေး မင်းလိုချင်ရင် ယူသွား"ဟု ဆိုင်ရှင်ကုလားက ခွင့်ပြုလိုက်သည်နှင့် အတာလည်း တပွေ့ တပိုက် ပင် သူနိုင်သလောက် ရွေးကောက်ယူသွား၏။)
ကို ဆက်ဖတ်ရန်..............

အတာလည်း ထိုသေတ္တာအလွတ်ကလေးများကို မသိန်းမေရှိရာသို့ ယူမသွားဘဲ "အိမ်ရှုပ်တယ် မယူ သွားရဘူး"ဟု တားမြစ်မည်ကိုလည်း စိုးရိမ်ရသေးသည်နှင့် မသိန်းမေ မမြင်နိုင်သည့် လမ်းတစ်ဖက် မှ ကွေ့ယူသွား၏။ မောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) ထိပ်သို့ ရောက်သည်နှင့်
"ဟေ့ ကောင်လေး အဲ့ဒီသေတ္တာ ရောင်းမယ်လား"ဟု  တရုတ်ဖိနပ်ဆိုင်မှ ခေါ်မေးသဖြင့် အတာက ဝမ်းမြောက် ဝမ်းသာ ခေါင်းညိတ်ပြလိုက်၏။
"ဘယ်လောက်လဲ ကောင်လေး"
"ကျွန်တော် မသိဘူး၊ ထောင်ကဲ ပေးချင်းသလောက်ပေးပါ"

အတာ လည်း အရသလောက်အမြတ်ပဲဟု သဘောထားက ရိုးရိုးပင်ပြောလိုက်သည်နှင့် အတာလည်း စွပ်ကျယ်ဆိုင်နား ဆီသို့ သုတ်ချေတင်လေတော့၏။ သို့သော် အတာကလေး ထိုဆိုင်နား မရောက် တ ရောက်မှာပင် ၎င်းသေတ္တာလွတ်များကို ကျကျနနကြိုးဖြင့် စည်း၍ ထမ်းလာသော တရုတ်ဘိန်းစားတစ် ဦး ကို တွေ့လိုက်ရသည်နှင့် အတာတွင် အကြီးအကျယ် စိတ်ပျက်သွားရှာတော့၏။
"တောက် ငါ နည်းနည်းကလေးနောက်ကျသွားတယ်"ဟု မချင့်မရဲ ရေရွတ်မိပြီးမှ
"ဒီဘိန်းစား ကောက်လာတာ ဟိုဆိုင်နားကမှ ဟုတ်ရဲ့လားမသိဘူး"ဟူသော သံသယကလေးဖြင့် အတာ လည်း အပြေးကလေး သွားကြည့်လိုက်မိသေး၏။ သေတ္တာလွတ်ဆို၍ အစုတ်အပြဲတစ်လုံတ လေပင် မတွေ့ ရတော့မှ လက်မှိုင်ချ၍ အတာ ပြန်လာခဲ့တော့၏။

"ခုန ဘိန်းစား သယ်သွားသလောက်ဆိုရင် အနည်းဆုံး တစ်ပဲလောက်တော့ ရမှာပဲ"
ဤသို့လည်း အားမလို အားမရဖြင့် ရေရွတ်လိုက်မိသေး၏။
"ဟဲ့ အတာ လာစမ်း"
စိတ်ပျက် လက်ပျက်နှင့် လျှောက်လာခဲ့၍ မသိန်းမတို့ဆိုင်နှင့် မျက်စောင်းထိုးနေရာသို့အရောက်တွင် ဆိုင်တစ်ဆိုင်မှ ခေါ်လိုက်သဖြင့်
"ဘာလဲ ကြီးကြီး ဟင်"
"လာဦး၊ ဒီမှာ ခဏထိုင်ရောင်းနေစမ်း၊ ကြီးကြီး အိမ်သာခဏသွားချင်လို့နော်၊ တစ်ထည်ကို ခြောက်မူး၊ သိတယ် မဟုတ်လား"
"ဟုတ်ကဲ့၊ ဒါပေမဲ့ မေမေ့ကိုပြောပါဦး"

"သြော် အေး၊ ဟေ့ မသိန်းမေ ညည်းသားကို ခဏစောင့်ခိုင်းထားမယ်နော်"
မသိန်းမေ ခေါင်းညိတ်ပြလိုက်မှ အတာလည်း ရဲရဲဝံ့ဝံ့ ထိုင်လိုက်တော့၏။ ပထမသော် အတာ လည်း အောင်၍ရောင်းရမည်ကို ရှက်နေသဖြင့် ရိုးရိုးပင်ထိုင်နေ၏။ သို့သော် ပတ်ဝန်းကျင်ရှိ ဆိုင်တိုင်း လိုလိုက ပင် တကြော်ကြော် အော်ဟစ်ရောင်းချနေသဖြင့် သူ တဖြည်းဖြည်း စိတ်ပါလာကာ
"လုံချည်လေးတွေ ခြောက်မူးစီ"ဟု အစမ်းသဘောမျိုးအော်ကြည့်၏။ ရှက်သလိုလိုရှိနေသောကြောင့် အသံမှာ တုန်ခါခါဖြစ်နေ၏။ တစ်ကြိမ်မှ နှစ်ကြိမ်စသည်ဖြင့် လေးငါးကြိမ်လောက် အော်မိသောအခါ အတာ ရဲလာ၏။ လျှာကလေးပါ သွက်နေပြီး
"ဟောဒီမှာ အင်းလေးဆင် လင်မနစ်လုံချည်ကလေးတွေ၊ ခြောက်မူးစီ လျှော့ဈေးနဲ့ ရောင်းနေပြီနော်" ဟူ၍ပင် အော်ဝံ့ဟစ်ဝံ့သည်အထိ လျှာရဲအာရဲဖြစ်လာတော့၏။ ဆိုင်ရှင်ဖြစ်သူ ပြန်ရောက်လာသည့် ဆယ်မိနစ်လောက် အတွင်း၌ အတာသည် လုံချည်သုံးထည်တိတိ ရောင်းလိုက်၏။

"အမယ် ငါ့တူက အဟုတ်ကြီးပဲ၊ ကဲ မင်း အားနေတာပဲ မဟုတ်လား အတာ၊ ထိုင်ရောင်းနေနော်၊ ကြီး ကြီး ဟိုဘက်ဈေး ခဏသွားလိုက်ဦးမယ်"
ထိုဆိုင်ရှင်ထွက်သွား၍ လေးငါးမိနစ်ပင်မရသေးမီ ဘတ်စ်ကားတစ်စီးဖြင့် အပြည့်ရောက် လာသော မြူနီစပယ်ပုလိပ်များက ပလက်ဖောင်းပေါ် ရှိ ဈေးသည်များ ကိုတွေ့မရှောင် လိုက် ဖမ်းသောကြောင့် ဤ အဖြစ်မျိုး ကြုံဖူးနေပြီဖြစ်သော အတာလည်း ခင်းထားသော ဖယောင်း ပုဆိုး ကို ထောင့်လေးစသိမ်းဆွဲ ပြီး ဈေးထဲသို့ ပြေးဝင်သွားတော့၏။

မိသူမိ၊ ပြေးသူပြေးနှင့် ရှုပ်ထွေးနေစဉ်မှာပင် လုံချည်သည်ရောက်လာကာ သူ့လုံချည်တွေပင် ဖမ်းသည့် အထဲ ပါသွားလေပြီလား ဟူသော စိုးရိမ်မှုဖြင့် အတာအား ပျာပျာသလဲ လိုက်ရှာ၏။
"ဒီမှာ ကြီးကြီး"ဟု လှမ်းခေါ်လိုက်သော အတာကလေးအား ဖယောင်းပုဆိုးဖြင့် သပ်ရပ်စွာထုပ်ထား သော လုံချည် များနှင့်အတူ တွေ့လိုက် ၍
"အမယ်လေး အတာရယ်၊ ကြီးကြီးဖြင့် တစ်ကိုယ်လုံးကို ထူပူသွားတာပဲ၊ ငါ့တူက အတော်လည်တာပဲပါ လား၊ ဟေ"
ဝမ်းသာအားရပြောရင်း အတာ့ကိုပါ ဖက်၍နမ်းလိုက်ပြီးမှ
"ရော့ မင်းမုန့်ဝယ်စား"ဟု ပြောရင်း လုံချည်သည်က အတာ့လက်ထဲ ထည့်ပေးလိုက် သည်မှာ ငွေမတ် စေ့ကလေးဖြစ်သောကြောင့် အတာတွင် အံ့သြဝမ်းမြောက်သွားသော မျက်နှာ ကလေးဖြင့် မော်ကြည့် နေမိရှာ၏။

"ကဲ အတာ၊ ပြန်တော့"
"ဟင် ကြီးကြီး၊ မရောင်းတော့ဘူးလား၊ မြူနီစပယ်ပုလိပ်တွေက ခု ပြန်သွားကြမှာပဲ"
"နေပစေတော့၊ ကြီးကြီးလဲ သွားစရာရှိသေးတယ်၊ နောက်တနင်္ဂနွေနေ့ကျတော့လဲ မင်း လာဦးနော်၊ ကြီးကြီး နဲ့ ဝိုင်းရောင်းရအောင် ဟုတ်လား"

ထိုနေ့ကဆိုလျှင် သူ့မေမေပေးသော ထမင်းဖိုးနှင့် သေတ္တာအလွတ်ရောင်းရသော ပိုက်ဆံအပြင် လုံချည်သည်အဒေါ်ကြီးက ပေးသွားသော မုန့်ဖိုးနှင့် စုစုပေါင်း သုံးမူးလောက် အတာ စုမိသွား၏။
"နောက် တနင်္ဂနွေနေ့ကျရင် ချောကလက်ရောင် အနားကွပ်ထားတဲ့ စွပ်ကျယ်ကလေးတစ်ထည် ဝယ် မယ်၊ ကြီးကြီးမေကလဲ ငါ့ကို လုံချည်ဝိုင်းရောင်းဖို့ ခေါ်ထားသေးတော့ မုန့်ဖိုးလဲရဦးမှာပဲ၊ ပြီးတော့ သေတ္တာလွတ်တွေလဲ ဘိန်းစားထက် ဦးအောင် ကောက်ထားမယ်၊ အဲဒါကလဲ တစ်ပဲ တစ်မူးလောက် တော့ရမှာပဲ"
လာမည့်တနင်္ဂနွေနေ့အတွက် ဤလို အကွက်ချတွေးနေရသည်နှင့်ပင် အတာသည် ထိုညက ၁၀ နာရီ လောက်တွင်မှ အိပ်ပျော်ရှာတော့၏။

နံနက်မိုးလင်း၍ ကျောင်းတက်ရန် ထွက်လာခဲ့ပြီးနောက် သူ့မေမေထံရောက်သည်နှင့် မသိန်းမေလည်း အလွယ်တကူပင် မုန့်ဖိုးခြောက်ပြားထုတ်ပေးလိုက်၏။ သို့တိုင်အောင် အတာ့မျက်နှာသည် သာယာ သွားခြင်း မရှိလှသေးဘဲ တစ်စုံတစ်ရာကို စဉ်းစားသလို တွေးနေပြီးမှ
"မေမေ ကျောင်းလခ ဒီနေ့"ဟူသော အတာ့စကားကလေးမှ မဆုံးသေးမီ
"ပေးနိုင်သေးဘူး၊ သွား ၁၅ ရက်နေ့မှ ပေးမယ်လို့ပြော"
မသိန်းမေ၏အမူအရာမှာ စနေ တနင်္ဂနွေနေ့များက မျက်နှာထားမျိုးမဟုတ်တော့ဘဲ ခပ်တင်းတင်း ပင် ဖြစ်လာပြန်သောကြောင့် အတာတွင် နောက်ထပ်ဘာတစ်ခွန်းမျှ မပြောဝံ့တော့ ဘဲ ခြေလှမ်းကျဲဖြင့် ထွက်လာခဲ့ရတော့၏။

ဘုရားရှိခိုး၍ အတန်းထဲရောက်ကြသည်ဆိုလျှင် ဆရာမသည် အတာအား လှမ်းခေါ်လိုက်ပြီး
"မင်း ကျောင်းလခ ပါသလား အတာ"ဟု မေးလိုက်သောကြောင့် အတာတွင် မျက်နှာမထားတတ် အောင် ဖြစ်သွားရှာ၏။
"ကျွန်တော်တို့မေမေက ၁၅ ရက်နေ့မှ ယူပါတဲ့"
"အေး အေး၊ နို့ ခါတိုင်းဆိုရင် မင်း အစောကြီးပေးနေကျပဲ၊ ဒီလမှာတော့ ဘာဖြစ်လို့ နောက်ကျတာလဲ ကွဲ့"
"ကျွန်တော် တို့ဖေဖေ အလုပ်ပြုတ်သွားလို့ပါ၊ ခါတိုင်းဆို ကျွန်တော်တို့ဖေဖေက သူလခထုတ်ရင် ချက် ချင်းပေးတာပဲ"

"အို"
ဆရာမလည်း စိတ်မကောင်းဖြစ်သွားသလို ညည်းညူလိုက်ပြီးမှ
"ခု မင့်အဖေ အလုပ်မရသေးဘူပေါ့"
"မရသေးဘူး၊ ခု သူ မိတ္ထီလာမှာ  ကျောက်ထိုးတဲ့ကျောင်းသွားတတ်တယ်၊ ပြန်လာရင် လခများများရ မယ် ပြောတာပဲ"
"မင့်အမေကကော ဘာမှမလုပ်ဘူးလား"
"ဈေးရောင်းပါတယ် မမ၊ ဒါပေမဲ့ မေမေက အားကြီး မြင်းလာင်းတာပဲ၊ ၃၆ ကောင်လဲ ထိုးတယ်"
"ဟင်"
အတာ့စကား ကြားလိုက်ရသည်နှင့် ဆရာမတွင် "ဟင်"ခနဲ စိတ်ပျက်သွားတော့၏။ ပညာရေးတွင် ထူးချွန် သလောက် အဖက်ဖက်တွင် သွက်လက်ဖျတ်လတ်၍ လိမ္မာရေးခြားရှိလှသော အတာလို ကလေး တစ်ယောက် သည် တိုင်းပြည်၏နောင်ရေးအတွက် အထူးမျှော်င့်အားထားလောက်သည် မဟုတ်ပါလော ဟူ၍ ဆရာမသည် ခေတ်ပညာတတ်တစ်ယောက် အနေမျိုးဖြင့် မြင်၏။

သူမြင်သလို မမြင်ရကောင်းလားဟု ဆရာမသည် အတာ့မေမေအား ကရုဏာဒေါသဖြစ်မိ၏။ သားသမီး ၏နောင်ရေးကို ဂရုစိုက်ရကောင်းမှန်းမသိဘဲ အတာ့စကားအရဆိုလျှင် အတာ့မေမေသည် ကျောင်းလ ခပင် ပေးချင်စိတ်ရှိဟန်မတူကြောင်း (ယနေ့ထိ မပေးသည်ကို အထောက်အကူပြု၍) ဆရာမသည် သိသိ သာသာ ရိပ်မိလိုက်၏။
မိမိတို့၏သားသမီးများအပေါ်တွင် စိတ်ဝင်စားရကောင်းမှန်းမသိ။ ပညာရေးဘက်တွင်လည်း ဖိဖိစီးစီး သင်ကြားအားပေးရကောင်းမှန်းမသိသော မိဘများရှိနေသေးသမျှ မြန်မာပြည်၏နောင်ရေးသည် တွေးဝံ့စရာပင်မရှိတော့လောက်အောင် ဆရာမသည် သူ့ အသိ သူ့အမြင်ဖြင့် ရင်လေးသွားမိတော့၏။

"အေး အေး၊ သွားတော့ အတာ၊ ၁၅ ရက်နေ့ကျတော့ ကျောင်းလခယူခဲ့နော်"
အတာကလေး သူ့နေရာပြန်ရောက်သွားသည့်တိုင်အောင် ဆရာမသည် ရုတ်တရက် စာမသင်နိုင်ဘဲ အတာနှင့် ပတ်သက်သည့် အတွေးလက်စကို ပြန်ကောက်ရင်း ရောက်တတ်ရာရာ တွေးနေမိပြန်၏။
နောက် တစ်ဖန် အတာအား သူ့အနီးသို့ ခေါ်လိုက်ပြန်ကာ
"မင့်မှာ ညီအစ်ကို မောင်နှမ ဘယ်နှစ်ယောက်ရှိသလဲ"
"ကျွန်တော်နဲ့ ကျွန်တော့်ညီမလေး နှစ်ယောက်ပဲ ရှိပါတယ် မမ"
"မင့် ညီမလေးကော ကျောင်းမနေဘူးလား"
"သူ ရန်ကုန်မှာ မဟုတ်ဘူး၊ မော်လမြိုင်က ဘွားဘွားတို့ဆီမှာ"

ဆက်လက်၍ ဆရာမသည် အတာ၏နေရေးထိုင်ရေးနှင့် စားသောက်ရေးပြဿနာများကို စေ့စေ့စပ်စပ် ကလေး မေးမြန်းနေမိ၏။ အတာကလည်း တစ်လုံးမကျန် အမှန်ကိုသာ ပွင့်ပွင့်လင်းလင်း ပြောပြလိုက် သဖြင့် ဆရာမ တွင် မသိမသာ မျက်ရည်ကလေး လည်သယောင်ရှိလာပြီး
"အေး မင်းကတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒုက္ခရောက်နေရတယ်နော်၊ မမတို့ကတော့ ငယ်ငယ်က ဆို သိပ်ချမ်းသာတာပေါ့ကွယ်၊ ဒါပေမဲ့ မမတို့ဖေဖေက မြင်းချည်းလောင်းပြီး ရှိသမျှပစ္စည်းတွေ ဖြုန်းပစ် လို့ ခုတော့ မမတို့ ဆင်းရဲသွားပြီ အတာ၊ အင်း မင်းနဲ့ မမနဲ့ဟာ အဖြစ်ချင်းတူနေလို့ မမဖြင့် နည်းနည်းမှ စိတ်မကောင်းဘူး၊ တကယ်လို့သာ မမတို့ဖေဖေ မြင်းတွေဘာတွေ မလောင်းတတ်ရင် ခုနေဆို အနည်း ဆုံး ကိုယ်ပိုင်ကားနဲ့တော့ ကျောင်းတက်နိုင်မှာပဲကွ"

အတာကမူ ဆရာမစကားနှင့်ပတ်သက်၍ အဆင်ပြေအောင် မည်သို့ပြန်ပြော ရမည် မသိ။ ယောင်ချာချာ နှင့် တွေကြည့်ရင်းသာ ငြိမ်နေရတော့၏။ ဆရာမလည်း ဤလိုစကားကိုဖြတ်၍ အတာ ကိုလည်း သူ့နေ ရာသူ ပြန်ရန် ပြောလိုက်ပြီး လူတွေအား ဒုက္ခပေးသော မြင်းပွဲပြဿနာကို အထပ်ထပ် အခါခါ တွေးနေ မိ၏။
သို့လျှင် တဝကြီးတွေးနေပြီးမှ ဆရာမလည်း ကျောင်းသင်ခန်းစာကို စတော့၏။ အချိန်မှာ ဂဏန်း သင်္ချာချိန်ဖြစ်သည့် အတိုင်း ကျောက်သင်ပုန်းကြီးပေါ်တွင် အောက်ပါပုစ္ဆာတစ်ပုဒ်ကို စိတ်ပေါက်ပေါက် နှင့် ထိပ်ဆုံး မှ ရေးချလိုက်တော့၏။

၁။    ရုံးစာရေးတစ်ယောက်သည် မြင်းလောင်းကစားရန် ငွေ ၂၀ ကျပ် အိတ်ထဲထည့်၍ ထွက် သွား၏။ မြင်းပွဲသို့ရောက်သော် ဝင်ခ ၂ ကျပ်ပေး၍ ဝင်သွားကာ ကျန်ငွေဖြင့် တစ်နေ့လုံးလောင်း ကစားပြီး အိမ်သို့ပြန်လာသောအခါ ငွေ ၁၈ ကျပ်ပါလာ၏။ သို့ဖြစ်လျှင် ထိုစာရေးသည် မည်မျှရှုံး၍ မည်မျှ နိုင်သနည်း။
ကျန်ပုစ္ဆာများမှာမူ ရိုးရိုးပင်ဖြစ်လျက် ကလေးများ တွက်ချက်ပြီးစီး၍ အသီးသီးလာပြကြသောအခါ၌ အတာနှင့် အခြား သုံးလေးယောက်သာလျှင် အမှတ် ၁ ပုစ္ဆာအဖြေ၌
        ကျပ်    ပဲ    ပိုင်
    ရုံးစာရေးယူသွားသောငွေ    ၂၀    ၀    ဝ
    ဝင်ခပေးရသောငွေ    ၂    ၀    ဝ
    ကျန်ငွေ    ၁၈    ၀    ဝ
    အိမ်ပြန်လာသောအခါ၌  ပါလာငွေ    ၁၈    ၀    ဝ
        ၀    ၀    ဝ
သို့ဖြစ်၍ ထိုစာရေးသည် ရှုံးလည်း မရှုံး၊ မြတ်လည်း မမြတ်ပါ။
သို့သော် သွားစဉ်က ၂၀ ကျပ်ယူသွားပြီး ပြန်လာသောအခါ ၁၈ ကျပ်သာ ပြန်ပါလာသဖြင့်
        ကျပ်    ပဲ    ပိုင်
        ၂၀    ၀    ဝ
        ၁၈    ၀    ဝ
        ၂    ၀    ဝ
ထိုအတိုင်းတွက်၍ ပြကြ၏။ အတာတစ်ယောက်တည်းကသာ (ငွေနှစ်ကျပ်ရှုံးခဲ့ပါသည်)ဟု တိကျစွာ အဖြေတွင် ရေးလိုက်၏။
ကျန်အခြားသော ကလေးများအနက် အတော်များများက မရှုံးပါ မမြတ်ပါဟု ဖြေကြပြီး အချို့ကမူ လုံး လုံး မတွက်တတ်သလို ရှိနေကြ၏။

ဆက်ရန်
.

1 comment:

Anonymous said...

Redsn0w will verify detection of the firmware, and it is possible
to select "Next". However, Apple still remains to ban many applications to the annoyance of consumers.


my homepage Cydia apps