Tuesday, March 27, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁၃)

(" ဒိုလားရက်စ်ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သမီးရယ်၊ မေမေသာရှိရင် သစ်ဖြူတော မှာပဲ မွေးဖြစ်မှာ "
ဂျူးဒစ် စိတ်ထဲတွင် ဖေဖေ ပြောသည့်အတိုင်း ဖြစ်လာမည် မထင်ပါ။ သို့သော် ဘာမျှ ပြန်မပြောဘဲ ဒိုလားရက်စ် ၏ အိပ်ရာနံဘေး အရောက်တွင် - " ဒိုလားရက်စ်၊ ဖေဖေ လာတယ်လေ၊ မင်းနဲ့ တွေ့ချင် လို့တဲ့ ")
ကို ဆက်ဖတ်ရန်.....

ယောက္ခမကြီးကို ဒိုလားရက်စ် နွမ်းနယ်နေသည့်မျက်နှာဖြင့် တစ်ချက်မော်ကြည့်သည်။ မတ်က -
" သားချောကလေး မွေးပေးတဲ့ မင်းကို တို့ ကျေးဇူးတင်နေကြတယ် ဒိုလားရက်စ်"
" ဟုတ်လား "
ဒိုလားရက်စ်က မလှုပ်မရှားဘဲ ပြန်မေးသည်။
" ဟုတ်ပါတယ်ကွယ်၊ ရော်ဂျာလို့တောင် နာမည်ပေးပြီးပြီ။ အလွန်သတ္တိပြောင်တဲ့ ဘာသာရေးခေါင်း ဆောင်တစ်ယောက်ရဲ့ နာမည်လေ "
" ကောင်းပါတယ် "

မတ် က နှုတ်ခမ်းကို တံတွေးဆွတ်လိုက်ပြီး ကုတ်အင်္ကျီထဲ လက်နှစ်ဖက် ထည့်လိုက်သည်။ ဖေဖေ သည် ဆံပင်တု ကို စွပ်ခဲသည်။ အလွန့်အလွန် အရေးကြီးသည့် ကိစ္စများတွက်တော့ စွပ်လေ့ရှိသည်။ ယနေ့ ဆံပင်တု စွပ်လာ၏။ အနေရ ကျပ်နေပုံဖြင့် နဖူးရေ တွန့်ထားသည်။
" ကာလက် မကြာခင် လာပါလိမ့်မယ် "
ဒိုလားရက်စ် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။ မရိုက်ဘဲ မျက်ရည်တွေတွေကျကာ ကျိတ်ငိုနေသည်။
" ကျွန်မ အနားက တစ်ဆိတ် ထွက်သွားပါ " ဟု တိုးတိုးပြောသည်။

မတ်ရှာရမီ က လက်တစ်ဖက်ကို ကုတ်အင်္ကျီအိတ်ထဲက ထုတ်ပြီး အင်္ကျီကြယ်သီးတစ်ခုကို လိမ်နေ သည်။ ဂျူးဒစ် က ဒိုလားရက်စ်၏ ဆံပင်ကို ပွတ်သပ်ပေးနေရာမှ -
" ကဲ သွားစို့ ဖေဖေ" ဟု တိုးတိုးပြောလိုက်သည်။
သမီး၏ လက်မောင်းကို တွဲပြီး မတ် အခန်းထဲမှ ထွက်ခဲ့သည်။
ခန်းမထဲ ရောက်တော့ -
" ဖေဖေ ပြန်မှ ထင်တယ် "
" ညစာစားချိန် ရောက်တော့မယ်၊ ဖေဖေကလဲ စားပြီးမှ ပြန်လေ "

" မစားတော့ဘူး သမီး၊ ဖေဖေပြန်မယ်၊ သမီးက ... သမီးက ဒိုလားရက်စ်ကို တော်တော် သည်းညည်း ခံ တယ်နော် "
" သည်းသည်းတော့ ခံပါတယ်၊ ဒါပေမဲ့ အမြဲတမ်းတော့ မဟ်ုတ်ဘူး ဖေဖေ၊ မခံနိုင်တဲ့အဆုံးတော့ သမီး လည်း သူ့ကို ရက်ရက်စက်စက် ပြောမိတယ် "
" အင်း ဖေဖေ ထင်တယ်လေ၊ သူတို့လို ဟာမျိုးတွေကို ဖေဖေတို့ နားလည်ဖို့ သိပ်လွယ်မှာ မဟုတ်ဘူး "
သက်ပြင်းချပြီး ဖေဖေ ထွက်သွားသည်။

ဝက်သစ်ချမြိုင်သို့ ကာလက် ရောက်လာချိန်တွင် ရော်ဂျာကလေး ခြောက်ရက်သားရှိနေပြီ။
သားကလေးကို ကာလက် သိပ်တွေ့ချင်နေပြီ။ သို့သော် တစ်ပြိုင်တည်းတွင် ဒိုလားရက်စ်နှင့်လည်း မျက်နှာချင်း မဆိုင်ချင် ဖြစ်နေ၏။
တနင်္ဂနွေနေ့ဖြစ်၍ သားအဖနှစ်ယောက် ဘုရားရှိခိုးကျောင်းသို့ သွားရန် ရှိနေသည်။ သို့သော် အဖေ့ကို တစ်ယောက်တည်း လွှတ်လိုက်ပြီး မြင်းတစ်စီးဖြင့် မြစ်ဘက်သို့ ထွက်ခဲ့သည်။ ဂျူးဒစ်၏ စာတို ကလေး ရောက် မလာမီအထိ သူ သည်လို ခံစားရလိမ့်မည် မထင်ခဲ့။ လောကတွင် ရော်ဂျာရှာရမီ ဆိုသည့် ချာတိတ် ရောက်နေပြီ ဆိုသည်ကို သိနေကတည်းက သူ့အာရုံ ဘယ်ကိုမှ မပျံ့လွင့်တော့။
မြစ်ပြင်ပေါ်တွင် တငွေ့ငွေ့ လွင့်တက်နေသည့် နှင်းငွေ့တွေကို ကြည့်ပြီး ကာလက်၏ ရင်ထဲ တွင် ဒေါသတွေ လှိုင်းထလာပြန်သည်။ လိမ်ညာလှည့်ဖြားကာ မိမိကို အရချိုင်ယူသည့် မိန်းမ။

ကာလက်သည် လူဖြောင့်တစ်ယောက်ဖြစ်၏။ ဒိုလားရက်စ်၏ ဒဏ္ဍာရီများကို ယုံကြည်ခဲ့၏။ သည်ပုံပြင်များဖြင့် မိမိကို အသုံးချသွားခြင်းဖြစ်ကြောင်း သိပြီးကတည်းက ကာလက်တစ်ယောက် အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရသည်။ သိက္ခာလည်း အကျကြီး ကျခဲ့ပြီ။
လူတိုင်း၏ ပါးစပ်ဖျားတွင် သူသည် သနားစရာ သတ္တ၀ါ တစ်ကောင်အဖြစ် ရယ်ပွဲဖွဲ့ခြင်းခံနေရပြီ။ သည်အရွယ် အထိ ဘယ်သူ့ ကြင်နာသနားမှုကိုမှ ကာလက် မခံခဲ့ဖူး။ သရော်လှောင်ပြောင်လည်း မခံခဲ့ဖူးပေ။

တွေးလေ တွေးလေ သည်းမခံနိုင်လေ ဖြစ်နေသည်။ သည်မိန်းမကို ကလဲ့စားချေရမည်။ မိမိ ခံစားနေရ သလို ခံစားရအောင်၊ ထိထိခိုက်ခိုက် ဖြစ်အောင် လုပ်ရမည်။ ပြီးတော့ မိမိ လူသိရှင်ကြား အရှက်ကွဲခဲ့သလို အများသိအောင် ဒဏ်ခတ်ရမည်။ ကာလက်ရှာမီဆိုတဲ့ ကောင်ဟာ သိုးငယ်လေးတစ်ကောင် မဟုတ်ဘူး ဆိုတာ သိကြရမှာပေါ့ကွာ။
မြင်းဇက်ကြိုး ကို တုံ့ခနဲဆွဲပြီး ၀က်သစ်ချမြိုင်ဘက်သို့ ဦးတည်လိုက်သည်။ ဖီးလစ်နှင့် ဂျူးဒစ် တို့ကို တွေ့လျှင် အငြင်းအခုံ ဖြစ်နေရဦးမည်။ သည်အချိန်ဆို သူတို့ အိမ်မှာမရှိနိုင်။ ဘုရားရှိခိုးကျောင်း မှ ပြန်ရောက်ကြဦးမည် မဟုတ်သေး။ လှေကားထစ်တွင် ထိုင်ငိုက်နေသည့် ဂျိုးက ကာလက်ကို မြင်တော့ ၀ုန်းခနဲ ထရပ်ပြီး မျက်လုံးပြူး၊ မျက်ဆန်ပြူး ကြည့်နေသည်။ အင်း ... ဒီကိစ္စ အစေခံတွေပါ သိနေပြီကိုး။ ကာလက် ပိုပြီး ခံပြင်းသွားပြန်သည်။

" မစ္စဒိုလားရက်စ် ဘယ်မှာလဲ "
ကာလက် သံပြတ်နှင့် မေးသည်။
" အခန်းထဲမှာ ရှိပါတယ် အစ်ကိုလေး "
" ကလေးထိန်းကို သွားပြောစမ်း၊ ကလေးကို ခေါ်လာခဲ့လို့ "
" ဟုတ်ကဲ့ခင်ဗျ" ဟု ပါးစပ်က ပြောပြီး၊ မျက်လုံးပြူးကြီးနှင့် ဂျိုးစိုက်ကြည့်နေဆဲ။
" ဟေ့ကောင်၊ သွားလေ၊ ငါပြောတဲ့အတိုင်း မြန်မြန်လုပ်စမ်း "
ကာလက် ကြောက်မက်ဖွယ် ဟိန်းဟောက်လိုက်တော့မှ ကျောပေါ်ကျလာသည့် ကြိမ်ကို လွတ်အောင် ရှောင်သည့်အလား ခုန်ချထွက်ပြေးသွား၏။ ဂျိုး အိမ်ထဲဝင်သွားတော့ ဥပစာဆောင်တွင် ကာလက် ရပ်စောင့်နေသည်။

ခဏနေတော့ ကပ္ပလီမကလေးတစ်ယောက် ထွက်လာသည်။ ကလေးကို ပွေ့လျက်။ အခန်းဝတွင် ရပ်ပြီး ကာလက်ကို အရိုအသေပေးသည်။ သူ့အမူအရာက ရှေ့ဆက် တိုးမလာရဲသလို။ ကာလက်က သူ့ဆီ လျှောက်သွားသည်။
" ငါ့ကို ပေးစမ်း "
ကလေးထိန်း ကောင်မလေး ဝေခွဲမရ ဖြစ်နေပုံရ၏။ ပြီးမှ အထုပ်ကလေးကို ကမ်းပေးသည်။ ကလေးငယ် ကို ကာလက် အူကြောင်ကြောင်နှင့် ငုံ့ကြည့်သည်။ သူ အံ့သြနေ၏။ ကလေးပေါက်စကလေးတွေ သည်လောက် သေးကွေးလိမ့်မည်ဟု သူ မထင်ခဲ့။

အိပ်ပျော်နေသည့် ရော်ဂျာကလေးသည် ကလေးထိန်းလက်ထဲမှ သူ့အဖေလက်ထဲ ရောက်တော့ နိုးသွားပြီး တစ်ချက်အဲ့လိုက်သည်။ ကာလက်လှည့်ထွက်လာပြီး တံခါးမကြီးဆီသို့ လျှောက်သွား သည်။
" အစ်ကိုလေး၊ ဘယ်ခေါ်သွားမလို့လဲရှင့် "
ကောင်မလေး နောက်မှ လိုက်သွားပြီး အော်မေးသည်။ ကာလက်က သမင်လည်ပြန် လှည့်ပြီး -
" ဟဲ့ ကောင်မလေး၊ နေခဲ့၊ နင် ရှေ့တစ်လှမ်း တိုးရဲတိုးကြည့် "
ကလေးထိန်းကောင်မလေးနှင့် ဂျိုးတို့နှစ်ယောက် နောက်မှ ပြေးလိုက်သွားသည်။ ကာလက်က ကလေးကို ပွေ့ပြီး သူ့မြင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားနေပြီ။ ပြီးတော့ ကလေး ကို ပွေ့လျက်သား မြင်းပေါ်လွှားခနဲ ခုန်တက်လိုက်သည်။

ကလေးထိန်းက ခြေနင်းကွင်း ကို ကိုင်ပြီး အထိတ်တလန့်အော်သည်။
" အစ်ကိုလေး မလုပ်ပါနဲ့၊ ကလေး ပြန်ပေးပါရှင့် "
" ဟဲ့ ကောင်မလေး၊ နင့်ပါးစပ် ပိတ်ထားစမ်း၊ ခု လွှတ် "
ဂျိုးကလည်း ကောင်မလေးဘက်က ၀င်ပြောသည်။
" အစ်ကို လေးကာလက်၊ ကျွန်တော်တို့ အစ်ကိုလေးဖီးလစ်က ကလေးပေးလိုက်ဖို့ အမိန့်မပေးခဲ့ပါဘူး၊ ဒါကြောင့် ကျွန်တော် တို့ မပေးရဲပါဘူး ခင်ဗျ"
" ဟေ့ကောင်လေး၊ တိတ်တိတ်နေစမ်း၊ မင်း အဆော်ခံချင်လို့လား၊ ဖယ် "

ခြေနင်းကွင်းကို ကိုင်ထားသည့် ကလေးထိန်းကောင်မလေး၏ လက်ကို ခါထုတ်လိုက်ပြီး မြင်းကို အသော့ စနှင်သည်။ ကောင်မလေး တရှုပ်ရှုပ်ငိုကျန်ရစ်သည်။ ရော်ဂျာလေး နိုးလာပြီး အော်ငိုလေ သည်။ ကာလက် နောက်သို့ လှည့်မကြည့်တော့။
ညနေပိုင်း တွင် ဖီးလစ်နှင့် ဂျူးဒစ်တို့ သစ်ဖြူတောသို့ ရောက်လာကြသည်။ ဖီးလစ် ကာလက်ကို နားချနေသည်။
" မောင်ရင် သူ့ကို မြင်စေချင်တယ်ကွာ၊ တကယ် သနားစရာပဲ "
ကာလက် ဘာမှ စကားပြန်မပေး။ ဂျူးဒစ်ကလည်း အားနှင့် မာန်နှင့် ၀င်ပြောသည်။

" ကာလက်လုပ်ပုံက ကံကောင်းလို့ သူ မသေတာ သိလား၊ ကလေးကို ခေါ်သွားမှန်းလည်းသိရော အိပ်ရာပေါ်က ခုန်ချပြီး ကာလက်နောက်ကို တအားပြေးလိုက်တာတဲ့လေ၊ ခန်းမထဲမှာတင် သတိမေ့ပြီး လဲကျ သွားတယ်၊ အိန်ဂျဲလစ် လုပ်တတ် ကိုင်တတ်လို့ပေါ့ ကာလက်ရယ်၊ သူ လမ်းမှ သိပ် မလျှောက်နိုင်သေးတာပဲဟာ "
ကာလက် ပြန်အော်တော့သည်။
" နင်တို့ နှစ်ယောက်စလုံး ပြန်ကြ၊ ငါ့ဘာသာ ငါနေပါရစေ၊ ဒါ ငါ့ကလေး၊ သူလိုဟာမရဲ့ အစောင့် အရှောက်အောက် မှာ ငါ ဘယ်လုပ် လုပ်ထားရဲမလဲ၊ ကဲ ... သွားကြပါတော့ "
ဂျူးဒစ် စိတ်ပျက်လက်ပျက်ဖြင့် လက်အိတ်နှစ်ဖက်ကို ကောက်ယူသည်။ ဖီးလစ်က -
" ခဏလေး ကာလက်၊ ကိုယ် တစ်ခုမေးမယ်၊ ဒိုလားရက်စ်ဟာ ဘာပဲဖြစ်ဖြစ် မောင်ရင့်မိန်းမပဲ၊ သူ့ အတွက် ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ "

ကာလက်က ကလေးပုခက်မှ ကြိမ်နန်းကလေးများကို လက်ဖြင့် ကိုင်ကြည့်နေရင်း -
" အဲဒီအကြောင်း ကျွန်တော် ပြောမလို့ပါပဲ၊ ခင်ဗျားတို့ ဒါလောက် အကြာကြီး သူ့ကို စောင့်ရှောက် ထားရတဲ့ တာဝန် မသေးဘူးဆိုတာ ကျွန်တော် သိပါတယ် "
" ကလေးကို ခုလိုနည်းနဲ့ ယူသွားတယ်ဆိုတော့ သူနဲ့ အတူနေဖို့ စိတ်မကူးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား "
" ကျွန်တော် ခင်ဗျားတို့ကို ဆက်ပြီး ဒုက္ခမပေးပါဘူး၊ ကျွန်တော့် တာဝန် ကျွန်တော် ပြန်ယူမှာပါ၊ ဒီမှာ ပဲဖြစ်ဖြစ် နယူးအော်လီယန်းမှာ ဖြစ်ဖြစ် သူ့ကို အိမ်တစ်လုံးရှာပေးဖို့ ကျွန်တော် စီစဉ်နေပါတယ်၊ သုံးလ တစ်ကြိမ် ထောက်ပံ့ကြေး ပေးသွားမယ်၊ သူ နေကောင်းလာတာနဲ့ တစ်ပြိုင်နက် အသင့်ဖြစ်အောင် ကျွန်တော် လုပ်ထားပါ့မယ် "
ဖီးလစ် က ပခုံးတွန့်ပြီး ခတ်ပြတ်ပြတ် ပြောသည်။

" ကောင်းပြီလေ "
ဂျူးဒစ်က မကျေမချမ်းဖြင့် -
" ကာလက်လုပ်ပုံက သိပ်တစ်ကိုယ်ကောင်းဆန်တာပဲ" ဟု ဆိုပြီး လင်မယားနှစ်ယောက် ထွက်သွား ကြသည်။

ကာလက်သည် သားကလေးကို တစိမ့်စိမ့်ကြည့်ရင်း တသိမ့်သိမ့် ကြည်နူးနေသည်။ ဘယ်တုန်းကမှ၊ ဘယ်သူ့ အတွက်မှ မဖြစ်ပေါ်ဖူးသည့် ပီတိသုခမျိုးဖြင့် ရင်မှာ အေးမြနေ၏။ မိမိ ကိုယ်ပွား ရင်သွေး ကလေးကို ပိုင်ဆိုင်ရပြီဖြစ်၍ ဒိုလားရက်စ်၏ ကဏ္ဍကို လုံးလုံးမေ့ပစ်နိုင်လိမ့်မည် ဟုထင်ခဲ့သည်။
သို့သော် တကယ်ကျတော့ လွယ်လွယ်နှင့် မေ့မရနိုင်ဘဲ ဖြစ်နေသည်။ သစ်ဖြူတောသို့ ချစ်၍ ခေါ်ရာ သူကလေး လိုက်ခဲ့စဉ်က သိပ်ကို ချစ်စရာကောင်းတဲ့ ကျူးဘားအလှမယ်ကလေးလေ။ ခုလို ကလေ ကချေ ကောင်မလေးမှ မဟုတ်တာ။

တွေးလေ ခံပြင်းဒေါသဖြစ်ရလေ ဖြစ်နေ၏။ ဒါကြောင့်လည်း မိမိ အပေါ် သူလွှမ်းမိုးခဲ့သမျှ ပြန်ပြီး အနိုင် ယူဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ရော်ဂျာကလေး ရောက်လာသည်မှာ နှစ်ပတ်ကြာခဲ့ပြီ။ ကလေးကို သိပ်ဖို့ ပုခက်ပြင်နေသည့် ကလေးထိန်း ကို ကြည့်ပြီး ကာလက် ပီတိတွေဖြာနေ၏။ မျက်နှာမှာ ပြုံးချိုလျက်။

ဆက်ရန်
.

No comments: