Monday, March 26, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁၂)

(ဖီးလစ်ထံမှ စာတိုကလေးတစ်စောင် ရောက်လာသည်။ တနင်္လာနေ့က ၀က်သစ်ချမြိုင် ခန်းမ ထဲတွင် ဖြစ်ခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်အတွက် မိမိ အနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများ ရှိလျှင် အကြောင်းကြားစေလိုကြောင်း၊ မိမိအား လိုသလို ခိုင်းစေနိုင်ကြောင်း စသည် စသည်။
ကာလက်က ယောက်ဖလုပ်သူကို ဒုက္ခမပေးဘဲ ကိုယ့်ကိစ္စကိုယ်ရှင်းဖို့ ဆုံးဖြတ်ထားသည်။ ဖီးလစ် အနေဖြင့် ၀တ္တရားရှိနေ၍ ရေးလိုက်ရသော်လည်း သည်လိုကိစ္စမျိုးတွင် လုံးဝ ပါဝင်လိုခြင်းမရှိပေ။ သို့သော် ဂျူးဒစ် ကတော့ လက်ပိုက် ကြည့်မနေနိုင်ပါ။
မစ္စတာသစ်ဆယ်ဝိတ်နှင့် ပြဿနာဖြစ်ပြီးနောက် ၁၀ ရက်အကြာတွင် သစ်ဖြူတောသို့ ဂျူးဒစ် ရောက် လာသည်။ ဒိုလားရက်စ်ကို ၀က်သစ်ချမြိုင် ခဏခေါ်သွားရန်ဖြစ်၏။ ဖီးလစ်နှင့် အတိုက် အခံ လုပ်ပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ ဖီးလစ် အမြင်ကပြတ်သည်။)
ကို ဆက်ဖတ်ရန်...

" ဒီကိစ္စဟာ သူတို့လင်မယားနှစ်ယောက်ထဲ ရှင်းရမယ့်ကိစ္စ၊ ဒိုလားရက်စ်ရဲ့ အပြုအမူတွေက သိပ် အောက်တန်းကျလွန်းတော့ ကာလက်အနေနဲ့ ပေါက်ကွဲမယ်ဆိုရင် ဘာမှ အပြစ်ဆိုစရာ မရှိဘူး" ဟု ဆိုသည်။
သို့သော် ဂျူးဒစ်က သူ့လို မမြင်နိုင်ဘဲ ဖြစ်နေ၏။ ရှာရမီမျိုးဆက်မှ အမျိုးသားများအကြောင်း ဖီးလစ်ထက် ဂျူးဒစ် ပိုသိသည်လေ။ သူတို့သည် ရှေးရိုးဟောင်း မိရိုးဖလာ လမ်းကြောင်းပေါ်တွင် ယနေ့တိုင်ရှိနေပြီး အမျိုးသမီး များနှင့် ပတ်ပတ်သက်သက် နေတတ်သူများမဟုတ်ကြ။

" ဒီမယ် အစ်ကို၊ လူဖြောင့်စိတ်တိုဆိုတဲ့ လူမျိုးဟာ ရက်စက်စရာရှိရင် သိပ်ရက်စက်တတ်တယ်နော်"
ဖီးလစ်က ဘာမှပြန်မပြောဘဲ ပခုံးတွန့်ပြသည်။ ဂျူးဒစ်က ဆက်ပြီး -
" ထားပါလေ၊ အရက်ဆိုင်မှာ အလုပ်လုပ်တဲ့ မိန်းကလေးတိုင်း မိန်းမပျက်တွေချည်း ဖြစ်ရတော့မှာလား၊ အဲဒီအထဲမှာ မိန်းမကောင်းကလေးတွေ မပါနိုင်ဘူးလား "
ဖီးလစ် မျက်ခုံးတွန့်ပြီး ဖြေသည်။

" ရှိတော့ ရှိတယ်၊ ရှားတယ် ဆိုတာမျိုးပေါ့ "
" ဒါကြောင့် သူ့ကို ဒီခေါ်ထားဖို့ အစ်ကို သဘောမတူတာပေါ့ ဟုတ်လား "
" အဲဒီလိုမဟုတ်ဘူး အချစ်ရဲ့၊ အစ်ကို ဒီကလေးမကို သနားပါတယ်။ ဒါပေမဲ့ သူ့လမ်းသူ သွားရလိမ့်မယ်၊ ဒါကြောင့် မင်းကို ကြားမ၀င်စေချင်တာ၊ ကာလက်ကလည်း မင်းဝင်လို့ ကျေးဇူးတင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းဆုံးဖြတ်ပြီးသား ဆိုရင်တော့ ဆက်လုပ်ပါ၊ ပြဿနာပေါ်လာရင်သာ အစ်ကို့ကို အပြစ်မတင်နဲ့ ဟုတ်လား "
သစ်ဖြူတောကို ဂျူးဒစ် ရောက်သွားတော့ ကာလက်နှင့် အဖေကွင်းထဲရောက်နေကြသည်။ ဂျူး။ဒစ်က ၀မ်းသာအယ်လဲ နှုတ်ဆက်သော်လည်း ဒိုလားရက်စ်က ခါတိုင်းလိုမဟုတ်ဘဲ အေးစက်စက် လုပ်နေသည်။ မျက်တွင်းတွေ ကျပြီး ပိန်နေသည်။ အ၀တ်အစားတွေလည်း ကြေမွတွန့်လိမ်နေသည်။ ခုမှ ကိုယ်ဝန်သည် မလေးနှင့် တူလာသည်။

ခပ်မတ်မတ် နေလေ့ရှိသည့် သူ့ကိုယ်နေဟန်မှာ ညှိုးရော်ပျော့ခွေနေသည်။ ဂျူးဒစ်က သူ့ကို ၀က်သစ်ချမြိုင် ခေါ်ထားချင်ကြောင်း၊ နေကောင်းကျန်းမာလာမှ သစ်ဖြူတောကို ပြန်လာဖို့အကြောင်း ပြောတော့ လုံးဝ ကျေးဇူးတင်ဟန် မပြ။
" ခု ဘာဖြစ်လို့လဲ၊ နေကောင်းနေသားပဲ "
သူ့အသံက အေးစက်စက်။ သို့သော် ချော့မော့ပြောလို့ လိုက်ဖြစ်တော့လည်း ဂျူးဒစ်နောက်မှ အပိုကုန်းနှီးပေါ် လွှားခနဲ ပေါ့ပေါ့ပါးပါး ခုန်တက်သည်။ အိန်ဂျဲလစ်က နောက်မှ မြင်းတစ်စီးနှင့် ဒိုလားရက်စ်၏ အ၀တ်အစားသေတ္တာကို သယ်လာသည်။

ဂျူးဒစ်က သူ့ကို အခန်းလွတ်တစ်ခန်းတွင် နေရာချပေးပြီး ခရစ္စတင်း ဆို သည့်  ကောင်မလေး တစ်ယောက် ကိုပါ ခိုင်းဖို့ ပေးထားလိုက်သည်။
အိန်ဂျဲလစ်ကို အခန်းထဲ ဆွဲသွင်းပြီး -
" ကဲ ငါ့မြင်းစီးအ၀တ်တွေချွတ်ပြီး ညစာစားဖို့ ၀တ်စုံလဲပေးစမ်း၊ ဒိုလားရက်စ် ရောက်လာပြီဆိုတော့ ငါ ဘာလုပ် ရမလဲဟင် "
အိန်ဂျဲလစ်က ရယ်ပြီး -
" သူ့ကို အလုပ်တစ်ခုခု ပေးထားလိုက်ပေါ့ မမလေး၊ ကလေးတွေအတွက် အ၀တ်ချုပ်တာမျိုးတို့ ဘာတို့ ပေါ့လေ "
" အစေခံတွေ နဲ့ ရောပြီး ခိုင်းရမှာလား၊ ဒါမျိုးတော့ ငါ မခိုင်းချင်ဘူး "

" သူ မပျင်းအောင်လို့ပါ မမလေး၊ သူ့ကိုယ်သူ အသုံးဝင်တယ်ဆိုတာလည်း သိအောင်ပေါ့၊ ဒီအတိုင်း အငူသား ထိုင်နေရင် ငြီးငွေ့ပြီး ပျင်းလာမယ်လေ "
ဂျူးဒစ် ခဏ တွေစဉ်းစားပြီး -
" အေး ... နင်ပြောတာ မှန်တယ် "
အိန်ဂျဲလစ်က ဘုရားရှိခိုးသည့်အခါဝတ်ဖို့ သိမ်းထားသည့် ချည်ထည်ပွင့်ရိုက် ဂါဝန်ကိုထုတ်ပြီး -
" ညစာဝိုင်းမှာ ဒါဝတ်ပါလား မမလေးရဲ့၊ မစ္စစ်ဒိုလားရက်စ် ရောက်နေတဲ့အကြောင်း အစ်ကိုလေး ကို ပြောတဲ့အခါ မမလေး ပိုလှနေမှ ကောင်းမှာပေါ့၊ နှင်းဆီပန်းတွေ ပြေးခူးလိုက်ဦးမယ်နော်၊ သူက မမလေး ပန်းပန်ရင် သိပ်သဘောကျတာ "

" အေး အေး၊ နင်က သိပ်လာဘ်မြင်တာပဲဟယ်၊ ဂျိုးကို ဆိပ်ကမ်းဘက် လွှတ်လိုက်ဦးနော် "
ဖီးလစ်က သတင်း ကြိုရထားပြီးဖြစ်သည်။ ဘာမှတော့ ထူးထူး ထွေထွေ မပြော။
" ကလေးက နှစ်ယောက်၊ အစေခံက ၂၀၊ ဒီကြားထဲက မင်း တာဝန်ပိုယူချင်တာကိုး၊ ကောင်းပြီလေ၊ ဒါပေမဲ့ ၀က်သစ်ချမြိုင်ရဲ့ ဧည့်သည်ကို ဟိုဟာနဲ့ပစ်၊ ဒီဟာနဲ့ပေါက် လုပ်ရင်တော့ "
" မလုပ်တော့ပါဘူး အစ်ကိုရယ်၊ ဟိုလူကြီးကို ပေါက်တာကတော့ သူ့ကို အပြစ်မပြောချင်ပါဘူး၊ ပတ်ဝန်းကျင် ကိုတော့ သူ ကိုယ်ဝန်ရှိနေတုန်းနေမကောင်းလို့ ဒီမှာလာနေတာလို့ ပြောထားမယ်နော်၊ ဘယ်သူ မှတော့ ယုံကြမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီနည်းပဲ ရှိတယ်လေ "
ဖီးလစ် က လှိုက်လှိုက်လှဲလှဲ ရယ်နေသည်။

နောက်တစ်နေ့တွင် သူ့မဲနယ်ပင်တွေ တင်နေသည့် လှေများကိုကြီးကြပ်ရန် ဆိပ်ကမ်းသို့ ဆင်းရင် ၀က်သစ်ချမြိုင်သို့ ကာလက် ၀င်လာသည်။ ဂျူးဒစ်က ဥပစာဆောင်တွင် အကြီးကောင်ဒေးဗစ်ကို သစ်သားတုံး ကလေးများနှင့် အိမ်ဆောက်သင်ပေးနေရာမှ ထသွားပြီး တွေ့သည်။
ကာလက် က မြင်းပေါ်မှ မဆင်းဘဲ ခပ်ပြတ်ပြတ်လေသံဖြင့် -
" ဒိုလားရက်စ် ဘယ်မှာလဲ ဂျူးဒစ် "
" အိမ်ထဲ မှာလေ၊ သူ့ကို ဒီမှာ ခဏနေပါစေလား ကာလက်ရယ် "
" ဘယ်လောက်ကြာကြာလဲ "
" မွေးဖွားပြီးတဲ့ အထိပေါ့ "

ကာလက်က နှင်တံကို နှစ်ဖက်စွန်းမှ ကိုင်ပြီး တွေးနေသည်။ စိတ်ကို ချုပ်တည်းနေပုံ။ အဖေ စိတ်ဓာတ်ကျနေစဉ်က မျက်နှာနှင့် တစ်ထေရာတည်း တူနေသည်။
" သူ နေကောင်းရဲ့လား "
" ကောင်းပါတယ်၊ ဂျူးဒစ် ခေါ်ထားပါရစေနော် ကာလက် "
" ကောင်းပြီလေ၊ ဂရုစိုက်ကြည့်လိုက်ပါ၊ ကလေးအတွက်ရော၊ သူ့အတွက်ရော လိုတာအားလုံး ၀ယ်ပေး လိုက်ပါ၊ ပြီးတော့ ငါပိုက်ဆံပေးမယ် "
" အင်း အင်း၊ စိတ်ချပါ၊ သူနဲ့ မတွေ့တော့ဘူးလားဟင် ကာလက် "
" ဟင့်အင်း "

ကာလက်က ပြောပြောဆိုဆို သူ့မြင်းကို အသော့နှင်ထွက်သွားသည်။ ဒေးဗစ်ကလေးက သူ့အမေ စကတ် ကို ဆွဲပြီး သူဆောက်ထားသည့် အိမ်ကလေးကို ၀မ်းသာအားရပြသည်။ လှေကားထစ်တွင် ထိုင်ချပြီး သားကလေး ကို ကောက်ပွေ့လိုက်သည်။ ဒေးဗစ်ကလေး သူ့အဖေနှင့် တစ်ထေရာတည်း တူလာ၍ ဂျူးဒစ် ၀မ်းသာနေသည်။ လှပ နှစ်လိုဖွယ်ကောင်းသည့် လန်း မျိုးဆက်သွေးကလေး။
ဒိုလားရက်စ် အနေအထိုင် မကျုံ့ရအောင် ဂျူးဒစ် အမျိုးမျိုး ကြိုးစားသည်။ သို့သော် တဖြည်းဖြည်း နှင့် အလွန် မလွယ်သည့်ကိစ္စမှန်း သိလာသည်။ သည်လိုဖြစ်ပြီးမှ သူနှင့်တစ်အိမ်တည်း နေရသည့် အဖြစ်မှာ ကြာလေ မလွယ်လေ ဖြစ်လာသည်။ ဒိုလားရက်စ် အနေဖြင့် မည်သည့်ပြစ်မှုကိုမှ မကျူးလွန်ပါဘဲ တစ်ပါးသူများ၏ ဆက်ဆံရေးကို အနှောင့်အယှက်ပြုသလို ဖြစ်လာ၏။
သူနှင့် တစ်ဝိုင်းတည်းထိုင်ပြီး ဖီးလစ်နှင့် ဂျူးဒစ်တို့ ပြောနေကျ ချစ်ခွန်းတုံ့လှယ် စကားကြွယ်ခန်းလေးများ မဖွင့်နိုင်တော့။ ဂျူးဒစ်အနေဖြင့် ဒိုလားရက်စ်ကို လိုလေသေးမရှိရလေအောင် ကြင်ကြင်နာနာ ဂရုစိုက်သော်လည်း တစ်ဖက်က သူ့ကို မြန်မြန် ပြန်သွားစေချင်သည်။

ဒိုလားရက်စ်သည် ကလေးများနှင့် ကစားသည့် အချိန်မှလွဲင တုဏှိဘာဝေ လုပ်နေတတ်သည်။ ဒေးဗစ်တို့ ညီအစ်ကိုနှင့်ဆိုလျှင်တော့ ထူးထူးဆန်းဆန်း ကစားနည်းတွေ ကစားလိုက်၊ စပိန်ကျေး လက်တေးတွေ သင်ပေး လိုက်ဖြင့် ရယ်ရယ်မောမော နေတတ်သည်။
" ဒိုလားရက်စ်၊ ကလေးတွေနဲ့ နေရတာ စိတ်မညစ်ဘူးလား၊ မမ်မီရှိသားပဲကွယ်၊ သူ ထိန်းလိမ့်မပေါ့" ဟု ပြောလျှင် " ကျွန်မ ကလေးချစ်တတ်ပါတယ် ဂျူးဒစ်ရယ်၊ ကျွန်မပဲ ထိန်းပါရစေ" ဟု ပြန်ပြောသည်။
ကလေးများနှင့် နေသည့်အချိန်မှလွဲပြီး သစ်ဖြူတောသို့ ရောက်စက ကြည်လင်ရွှင်ပျမှုမျိုး သူ့တွင် မတွေ့ရတော့။ သူ့အကြောင်းကိုလည်း တစ်လုံးတစ်ပါဒမျှ မပြောတော့ပေ။ သို့သော် ဘာပြဿနာမှ မပေါ်ပါ။

နိုဝင်ဘာ နေ့တစ်နေ့တွင်မူ လာလည်ကြသည့် အမျိုးသမီး အပေါင်းအသင်းများနှင့် ဖဲကစားကြရာမှ ဂျူးဒစ် စိတ်အနှောင့်အယှက် ဖြစ်ရတော့သည်။ ဧည့်သည်အမျိုးသမီး ခြောက်ယောက်အပြင် ဂျာဗာစီနှင့် ဆီလ်ဗီ ဂျူဟန်တို့ နှစ်ယောက်လည်း ပါသည်။ ညစာစားပြီး ၀ိုင်းဖွဲ့ကာ ဖဲကစားကြခြင်းဖြစ်၏။ ဒိုလားရက်စ် မွေးဖို့ရက်မှာ တစ်ပတ်၊ နှစ်ပတ်သာ လိုတော့သည်။ နေကောင်းနေသည့်အတွက် သူပါ ၀င်ကစား ပါရစေဟု ပြောသည်။

ပထမပိုင်းတွင် သူရှုံးနေသော်လည်း ဒိုလားရက်စ် ပျော်နေပုံရသည်။ သူရှုံးသည်ကို သူ့ဘာသာ သူ ပြန်ရယ်စရာ လုပ်နေသည်။ ဧည့်သည် အမျိုးသမီးအားလုံးပင် သူနှင့်အတူ လိုက်ရယ်နေကြသည်။ ၀က်သစ်ချမြိုင် ရောက်ကတည်းက ဒိုလားရက်စ် ခုလောက်ရွှင်နေသည်ကို ဂျူးဒစ် မမြင်ဖူးသေး။ သူ ဒါလောက် ဖဲကစားဝါသနာပါမှန်း ခုမှ ရိပ်မိသည့်အတွက် ဂျူးဒစ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင် လိုက်မိသေး သည်။

ထည်ဝါလွန်းသဖြင့် ဂျူးဒစ် ဘယ်တုန်းကမှ သဘောမကျခဲ့သော ပြင်သစ်သူ ဆီလ်ဗီဂျူဟန်လည်း ၀က်သစ်ချမြိုင် ဖဲဝိုင်းတွင် ပျော်နေပုံရ၏။ ဒိုလားရက်စ် တဖြည်းဖြည်း ပြန်နိုင် လာ သည်။ တောက်လျှောက် သေခဲ့သည့် သူ့ဖဲမှာ ဆက်တိုက် ပြန်ကောင်းလာသည်။ မစ္စတာသစ်ဆယ်ဝိတ် ဆိုသည့် မူလကြီးသာ ပေါ်မလာရင် ဒိုလားရက်စ် တစ်ယောက် သည်အသိုက်အ၀န်းတွင် လူချစ် လူခင် ပေါနေလောက်ပြီဟု ဂျူးဒစ် တွေးနေ၏။ သည်လူကြီးဟာ ဒိုလားရက်စ်ကို ဒုက္ခပေးဖို့ သက်သက် ရောက်လာတာပါလား။
ခုလို အသိုက်အ၀န်းနဲ့ ၀င်ဆံ့ပြီး အားလုံးက သဘောကျနေသည်ကို တွေ့လျှင် ကာလက်တစ်ယောက် စိတ်ဖြေနိုင်ပါမည်လား။ အချိန်ဟာ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားနိုင်သည်ဟုလည်း ကြားဖူးသည်လေ။

အမျိုးသမီးအားလုံး၏ရှေ့မှ လောင်းကြေးငွေတွေ တက်တက်ပြောင်လေပြီ။ ဒါကိုပင် အားလုံးက ၀မ်းသာ စရာ လို သဘောကျနေကြ၏။ ၀ိုင်းသိမ်းလိုက်ကြ၏။ ဆီလ်ဗီဂျူဟန်က -
" သည်နေ့လို ပျော်စရာကောင်းတဲ့နေ့ ဘယ်တော့မှ ပြန်ရောက်ပါ့မလဲကွယ် ဒိုလားရက်စ်ရယ်၊ မင်း အပြင်ကို ထွက်နိုင်တာနဲ့ တစ်ပြိုင်နက် တို့အိမ်မှာ ဆုံပြီး ကစားကြဦးမယ်နော် "
" ဟုတ်ကဲ့ မမ၊ လာခဲ့ပါ့မယ် "
ဒိုလားရက်စ်က သူ့ဦးထုပ်ကို သွားယူပေးရင်း အိမ်အပြင်သို့ လိုက်ပို့သည်။ လက်ချင်းချိတ်လျက်။ ဂျူးဒစ်က ဂျာဗာစီ ကို သူ့မြင်းဆီသို့ လိုက်ပို့သည်။

" တကယ် ပျော်စရာကောင်းတဲ့နေ့ပဲ ဂျူးဒစ်ရေ" ဟု ဂျာဗာစီက ပြောပြီး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ရင်း လေသံနိမ့်ဖြင့် -
" အဆင်ပြေရဲ့လား၊ ဘာအကူအညီ လိုသေးလဲ "
" ရပါတယ် ဂျာဗာစီ၊ သူလည်း နေကောင်းပါတယ် "
" အေးနော်၊ တော်တော်ကျန်းမာပုံပဲ "
ဂျာဗာစီက ဂျူးဒစ်လက်ကို တစ်ချက်ညှစ်လိုက်ပြီး -
" ကာလက် အရူးထနေတာတွေ ရပ်တန်းကရပ်ရင် ကောင်းမယ်နော်၊ အေးလေ၊ လက်ထပ်တယ် ဆိုတာလည်း အရူးထခြင်း တစ်မျိုးပဲ "

ဒိုလားရက်စ်နှင့် ဆီလ်ဗီတို့နှစ်ယောက် တရင်းတနှီး နှုတ်ဆက်နေကြသည်။ ဧည့်သည်တွေပြန်သွား တော့ ဒိုလားရက်စ်က ဂျူးဒစ်နှင့် လက်တွဲပြီး အိမ်အ၀င် လှေကားထစ်များကို တက်ရင်း -
" ဒီနေ့ ပျော်စရာကောင်းတယ်နော် ဂျူးဒစ် "
" ဟုတ်တယ် ဒိုလားရက်စ်၊ မင်း ပင်ပန်းသွားပြီလားဟင် "
" မပင်ပန်းပါဘူး၊ လူမမာမှ မဟုတ်ဘဲဟာ ဂျူးဒစ်ကလဲ "
ကောင်းကင်ကို မော့ကြည့်ပြီး ဒိုလားရက်စ် စကားဆက်သည်။

" နေတောင် ၀င်တော့မယ်၊ သူတို့ မြန်မြန် မစီးနိုင်ရင် လမ်းမှာတင် မှောင်မယ် ထင်တယ်နော် "
ဂျူးဒစ် အစေခံတွေကို ဖယောင်းတိုင်ထွန်းဖို့ အမိန့်ပေးလိုက်ပြီး ပြန့်ကျဲနေသည့် ဖဲချပ်တွေကို လိုက် သိမ်းနေသည်။ ဖီးလစ်ဝင်လာတာ မြင်တော့ လှမ်းပြောလိုက်သည်။
" အားလုံး ရှုံးပြီး ဒိုလားရက်စ် တစ်ယောက်တည်း နိုင်သွားတယ် အစ်ကို "
" ဟုတ်လား၊ မင်း ဖဲဝါသနာပါတယ် ဟုတ်လား ဒိုလားရက်စ်"
"ဟုတ်ကဲ့"

ထိုစဉ် အဖေနှင့်အမေကို နှုတ်ဆက်ရန် ဒေးဗစ်နှင့် ခရစ္စတိုဖာကို မမ်မီခေါ်ဝင်လာသည်။ ဒိုလားရက်စ်က လက်နှစ်ဖက် ဆန့်ပြီး ကလေးတွေဆီ ပြေးသွားသည်။
" ဂွတ်နိုက် သားတို့ရေ "
" ဂွတ်နိုက် အန်တီဒိုးလ် "
သူတို့နှစ်ယောက် ပြိုင်တူ နှုတ်ဆက်ကြသည်။ ကလေးနှစ်ယောက်ကမူ လူကြီးတွေလို အစွဲအလမ်း မရှိကြ၍ ဒိုလားရက်စ်ကို ချစ်ကြသည်။
" သားတို့နှစ်ယောက်ကို အန်တီဒိုးလ် ပေးစရာရှိတယ်၊ ရော့ ... မနက်ဖြန်ကျရင် မမ်မီကို မြို့သွားခိုင်းပြီး အရုပ်လှလှကလေးတွေ ၀ယ်ခဲ့လို့ပြော၊ အန်တီဒိုးလ်ရဲ့ လက်ဆောင်၊ ညီအစ်ကို နှစ် ယောက် တစ်ယောက်တစ်ဝက်စီနော် "

" ဒိုလားရက်စ်၊ ကလေးတွေကို ပိုက်ဆံမပေးနဲ့လေ "
ဖီးလစ်က လှမ်းအော်ပြောသည်။ ဂျူးဒစ်ကလည်း -
" အလုပ်ပါနဲ့ ဒိုလားရက်စ်၊ မလုပ်ပါနဲ့ကွယ် "
" အို ... ဘာဖြစ်လဲ၊ ချစ်လို့ပေးတာပဲဟာ၊ သူတို့အတွက် နိုင်အောင် ကစားတာလေ "
သူက အားတက်သရော ပြောနေသဖြင့် ဖီးလစ်နှင့် ဂျူးဒစ် ဘာမှ ဆက်မပြောသာအောင် ဖြစ်နေသည်။
ပိုက်ဆံဆိုတာ ဘာမှန်းမသိလည်း ဒေးဗစ်နှင့် ခရစ္စတိုဖာတို့ နှစ်ယောက် ပျော်နေသည်။ မမ်မီက သူတို့ကို ၀င်သင်ပေးသည်။

" လူကြီးလူကောင်း ကလေးတွေဆိုတာ လက်ဆောင်ရရင် ကျေးဇူးတင်ပါတယ် ခင်ဗျာ လို့ ပြောရတယ်လေ "
ဒေးဗစ်က -
" ကျေးဇူးတင်ပါတယ် အန်တီဒိုးလ်၊ ခရစ္စတိုဖာ မင်းလည်းပြောလေ "
ခရစ္စတိုဖာက ဗလုံးဗထွေးနှင့် ကျေးဇူးတင်ကြောင်းပြောသည်။ ဂျူးဒစ်က ကလေးများအား ပိုက်ဆံ ပေးခြင်းကို လုံးဝ သဘောမကျသော်လည်း ဒိုလားရက်စ် ပျော်နေသည်ကို ကြည့်ပြီး မပြောနိုင် ဘဲ ဖြစ်နေ၏။ သူတို့ညီအစ်ကို ထွက်သွားသည်နှင့် -
" ဒိုလားရက်စ်က သိပ်သိတတ်တာပဲနော်" ဟု အလိုက်အထိုက် ပြောလိုက်သည်။

ဖယောင်းတိုင်မီးရောင်တွင် ဒိုလားရက်စ်ပြုံးသည်။
" ဂျူးဒစ်တို့က ကျွန်မအပေါ်မှာ ဒါလောက် ကောင်းခဲ့တာပဲကွယ်၊ ကလေးတွေကို တစ်ခုခု လုပ်ပေး ချင်နေတာ ပါ၊ ဂျူးဒစ်အတွက်လည်း အမှတ်တရ တစ်ခုခု လုပ်ပေးဖို့ စိတ်ကူးနေပါတယ် "
သည်လို ကျေးဇူးတုံ့ပြန်မှုအတွက် အလွန် အနေအထိုင် ကျပ်လေ့ရှိသော ဖီးလစ်က -
" ကိုယ်လည်း မင်းလိုပဲ ကစားတတ်ချင်လိုက်တာ "
" အို လွယ်ပါတယ်ရှင်၊ ကျွန်မလည်း သိပ်တော့မတတ်ပါဘူး၊ ဒီမှာ ကြည့်လေ "

ဖဲထုပ်ကို ကောက်ကိုင်ပြီး ကုလားဖန်ထိုးသည်။ ပြီးတော့ ပညာပြတော့၏။ ဂျူးဒစ်လက်တစ်ဖက် ပါးစပ်ဆီသို့ ရောက်သွားပြီး အသက်ရှူမှားမတတ် ဖြစ်သွားသည်။ ဖီးလစ်က သူ့ပခုံးပေါ်မှ ကျော်ပြီး လာကြည့်သည်။
ဒိုလားရက်စ် လက်မြန်ပုံမှာ အံ့သြစရာ ကောင်းလောက်ပါသည်။ သူတို့လင်မယား ဒိုလားရက်စ်၏ လက်ချောင်း ကလေးများကို ရင်တမမ စောင့်ကြည့်နေကြ၏။ တခစ်ခစ်ရယ်ရင်း ကုလားဖန်ထိုးပြီး တော့ ဒိုလားရက်စ် က ဖဲထုပ်ကို လှန်ပြီး ဖြန့်ပြသည်။ ဟင် ... အကောင်းဆုံးဖဲချပ်တွေ တစ်နေရာ တည်းစု ပြီးသား ဖြစ်နေပါလား။
ဖီးလစ် ကောက်ကာငင်ကာ မေးလိုက်သည်။

" ကြည့်စမ်း၊ မင်း ငါ့အိမ်မှာ အဲဒီနည်းနဲ့ ကစားသွားတာပေါ့ ဟုတ်လား "
" ဟုတ်တယ်လေ၊ ကျွန်မ ပြန်သင်ပေးပါ့မယ်၊ လူကြီးတစ်ယောက် ကျွန်မကို သင်ပေးသွားတာ။ လွယ်ပါတယ်၊ ပထမ .... "
ဖီးလစ်က ဖဲချပ်တွေကို အတင်းလုယူပြီး ဘာမှမပြောဘဲ မီးဖိုထဲ သွားပစ်ထည့်လိုက်သည်။
" ကြည့်စမ်း၊ မင်းဟာ တော်တော် ကောက်ကျစ်စဉ်းလဲတဲ့ သူခိုးမပဲ "
ဒိုလားရက်စ် ပါးစပ်အဟောင်းသားဖြစ်လျက် ကုလားထိုင်ကို နောက်သို့ တွန်းလိုက်ရင်း -
" ဘာ ... ဘာဖြစ်လို့လဲဟင် ဂျူးဒစ် "
ဂျူးဒစ် တစ်ကိုယ်လုံး ပူသွားလိုက်၊ အေးလာလိုက် ဖြစ်နေသည်။

" ဒီမယ် ဒိုလားရက်စ်၊ နင် နင် ဘာဖြစ်လို့ ... "
" တော်တော့ ဂျူးဒစ် "
ဖီးလစ် ၀င်ဟန့်သည်။ ဒိုလားရက်စ် မီးလင်းဖိုရင်တားကို ကိုင်ပြီး မတ်တတ်ထရပ်သည်။ ဖီးလစ်က သူ့လက်မောင်း ကို အသာကိုင်၍ -
" မင်းအခန်းကို သွားရအောင်လား ဒိုလားရက်စ်၊ တို့တစ်တွေ အလန့်တကြား ဖြစ်သွားကြတယ်၊ ဘာလို့ အဲဒီလို ဖြစ်သွားရတယ် ဆိုတာတော့ မင်း နားလည်နိုင်မှာ မဟုတ်လား "
ဒိုလားရက်စ် က ဖီးလစ်လက်ကို ပုတ်ချလိုက်ပြီး -
" ဖယ်ပါ၊ ပိုက်ဆံမရှိရင် လူကောင်း မဖြစ်နိုင်ဘူးပေါ့၊ သူများကျွေးတဲ့ ထမင်းကိုစားပြီး သူများ အိမ်မှာ နေနေရတဲ့ ဘ၀နဲ့က ... ကျွန်မ သေချင်တယ်။ ကလေးရော ကျွန်မရော သေ သွားရင် အေးမယ်၊ ရှင်တို့ တစ်တွေ အလကားပဲ၊ တစ်ယောက်မှ သောက်သုံးမကျဘူး "

" အရက်ဆိုင် က ပါလာတဲ့ အကျင့်တွေပေါ့ ဟုတ်လား၊ နင် ငါ့မိတ်ဆွေတွေကို လိမ်ညာပြီး .... "
ဂျူးဒစ် မောကြီးပန်းကြီး အော်ပြောတော့ ဖီးလစ်က " သြော် ... ဒုက္ခပါပဲ၊ ဂျူးဒစ် တိတ်စမ်း" ဟု ပြောပြီး ဒိုလားရက်စ် လက်မောင်းကို ဆွဲ၍ ခေါ်ထုတ်သွားသည်။ ဂျူးဒစ်ကို မကြားဝံ့မနာသာ နှစ်ခွန်း၊ သုံးခွန်း အော်ဆဲသွားသေး၏။ ဖီးလစ် သူ့ကို လိုက်ပို့ပြီး ညလယ်စာကို အခန်းထဲအအထိ ပို့ပေးရန် အစေခံတွေ ကို မှာခဲ့သည်။
ဧည့်ခန်း ထဲတွင် လက်နှစ်ဖက်ပေါ် ခေါင်းငိုက်စိုက်ချကာ ဂျူးဒစ်ထိုင်နေသည်။ ဖီးလစ်က ရောက်မ ဆိုက် -
" မင်းလည်း တော်တော် အာကြမ်းတတ်သားပဲနော် "

" ဂျူးဒစ် တောင်းပန်ပါတယ် အစ်ကိုရယ်၊ ဂျူးဒစ် ဒီလို မရိုင်းသင့်ပါဘူး၊ သူက ဒါလောက် အောက် တန်းကျ လွန်းတော့ "
" မင်း ခေါ်လာတာလေ၊ ဘယ်သူ ခေါ်လာတာမှ မဟုတ်ဘူး "
" ဟုတ်ပါတယ်၊ ဒါပေမဲ့ ၀က်သစ်ချမြိုင်ရဲ့ ဂုဏ်သိက္ခာကို သူ တစ်စစီဖြစ်အောင် လုပ်တာတော့ ... အစ်ကို ဘာလို့ ၀င်တားတာလဲ "
" ဘာဖြစ်လို့ တားရသလဲဆိုတော့ သူ့ကို မင်း စိတ်ကုန်နေသလို ကိုယ်လည်း စိတ်ကုန်နေတာပဲ၊ ဒါပေမဲ့ မင်း သူ့ကို ဘယ်လိုမှ မောင်းထုတ်လို့ မရတော့ဘူးလေ၊ အဲဒီတော့ သူ ဒီမှာရှိနေသရွေ့ ကြိတ်မှိတ် ခံရုံပဲရှိတယ်၊ မင်း သူနဲ့ပြိုင်ပြီး နှုတ်သီးကောင်းလျှာပါး လုပ်နေစရာ မလိုဘူး "
" ဟုတ်တယ် ဟုတ်တယ်၊ အစ်ကိုပြောတာ ဟုတ်တယ်၊ ကလေးတွေကို သူပေးတဲ့ပိုက်ဆံတွေ ဘယ့်နှယ် လုပ်ကြ မလဲဟင်၊ ပေးလို့တော့ မဖြစ်ဘူး "
" ဘာလို့ မဖြစ်ရမှာလဲ "

" ဟာ ... လိမ်ညာပြီး ရထားတဲ့ ပိုက်ဆံတွေ "
" ဒါဆိုလည်း ဘုရားရှိခိုးကျောင်း လှူလိုက်ပေါ့ဗျာ၊ ဒါပေမဲ့ မင်း ဒိုလားရက်စ်နဲ့ ပြဿနာ ဆက်လုပ် မနေနဲ့တော့၊ ကြားလား "
ဂျူးဒစ် သည်ကိစ္စကို မေ့မေ့ပျောက်ပျောက် ထားလိုက်ဖို့ ကြိုးစားသည်။ သို့သော် ခံပြင်းနေပုံ ရသည့် ဖြူရော်ရော် ဒိုလားရက်စ်၏ မျက်နှာကို မြင်လိုက်တိုင်း မေ့ပျောက်ဟန်ဆောင်ရသည်မှာ ခက်လှ သည်။
ဒေးဗစ်နှင့် ခရစ္စတိုဖာတို့ဆီမှ ပိုက်ဆံတွေကို ဂျူးဒစ် ဘယ်လိုမှ တောင်းလို့မရပေ။ ဒီပိုက်ဆံတွေ မသန့်ရှင်းမှန်း သူတို့ မသိရှာကြပါဘူးလေဟု နောက်ဆုံး လိုက်လျောလိုက်ရ၏။

နောက်တစ်ပတ်တွင် ဒိုလားရက်စ် ယောက်ျားကလေး မွေးသည်။ ဂျူးဒစ် အတတ်နိုင်ဆုံး လိုက်လိုက် လျောလျော နေသည်။ နိုင်ငံခြားဖြစ် ကလေးဝတ်စုံ ကလေးများဖြင့် မီးနေ၀င်သည်။ သို့သော် ၀န်ထုပ်ဝန်ပိုးကြီး ပေါ့သွားတော့မှာမို့ ၀မ်းသာနေမိခြင်းကိုတော့ ဖုံးကွယ်ဖို့ ခပ်ခက်ခက် ဖြစ်လာသည်။
ဒိုလားရက်စ် ယောက်ျားလေး မွေးပြီးဖြစ်ကြောင်း၊ မိခင်ရောကလေးပါ ကျန်းမာကြကြောင်း စာတို ကလေးရေးပြီး ကာလက်ဆီ ပို့ခိုင်းလိုက်သည်။
ချက်ချင်း ပေါက်ချလာသူက ကာလက် မဟုတ်။ မတ်ရှာရမီ ဖြစ်သည်။

" ဟင် ဖေဖေ တစ်ယောက်တည်းလား၊ ကာလက် ဘာလို့ လိုက်မလာတာလဲ " ဟု ဆီးမေးတော့ ဘာမှ မပြောဘဲ ဖေဖေ့မျက်နှာ သုန်မှုန်နေသည်။ သူ့ကို ကလေးခန်းရှိရာသို့ ဂျူးဒစ် ခေါ်သွားသည်။ ပုခက်ထဲသို့ ငုံ့ကြည့်နေပုံကို ဂျူးဒစ် အကဲခတ်နေ၏။ တင်းမာနေသည့် မျက်နှာသည် ရုတ်ခြည်း ပျော့ပျောင်းသွားသည်။
" ထွားလိုက် ချောလိုက်တဲ့ ကောင်ကြီး၊ သူ့ကို ရော်ဂျာလို့ ဖေဖေ နာမည်ပေးမယ်" ဟု ခပ်တိုးတိုး လေးပြောသည်။ သူ့လက်ညှိုးကို မြေးကလေး၏ လက်ထဲ ထည့်ထားပေးလိုက်၏။
" ရော်ဂျာ ဟုတ်လား၊ ရှာရမီမျိုးထဲမှာ ရော်ဂျာ ရှိဖူးလို့လား ဖေဖေ "

ဂျူးဒစ် နားမလည်သဖြင့် မေးလိုက်သည်။ ဖေဖေက ခေါင်းခါပြီး ...
"ရုဒ်အိုင်လန်ရဲ့ ရော်ဂျာဝီလျံကို အောက်မေ့တဲ့အနေနဲ့လေ၊ သိပ်သတ္တိပြောင်တဲ့ ဘာသာရေး ခေါင်းဆောင် တစ်ဦးပေါ့ "
ဂျူးဒစ် ခဏ တွေစဉ်းစားပြီး -
" ကာလက်က ဖေဖေပေးတဲ့ နာမည်ကို ကြိုက်ပါ့မလား "
" ကာလက်က ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖေဖေ့ကို ဘာတစ်ခွန်းမှ မပြောဘူး၊ သမီး၊ ဒါထက် ဒိုလားရက်စ် နေကောင်းရဲ့လား၊ ဖေဖေ တွေ့လို့ရမလား "
" ရပါတယ် ဖေဖေ၊ သူ နေကောင်းနေသားပဲ "

မတ်က ကလေးဆုပ်ထားသည့် သူ့လက်ညှိုးကို အသာပြန်ထုတ်ယူပြီး ဒိုလားရက်စ်အခန်းသို့ လိုက် သွားသည်။ လမ်းတွင် သမီးလုပ်သူကို တိုးတိုးကပ်ပြောသည်။
" ဒိုလားရက်စ်ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သမီးရယ်၊ မေမေသာရှိရင် သစ်ဖြူတော မှာပဲ မွေးဖြစ်မှာ "
ဂျူးဒစ် စိတ်ထဲတွင် ဖေဖေ ပြောသည့်အတိုင်း ဖြစ်လာမည် မထင်ပါ။ သို့သော် ဘာမျှ ပြန်မပြောဘဲ ဒိုလားရက်စ် ၏ အိပ်ရာနံဘေး အရောက်တွင် -
" ဒိုလားရက်စ်၊ ဖေဖေ လာတယ်လေ၊ မင်းနဲ့ တွေ့ချင်လို့တဲ့ "

ဆက်ရန်
.

No comments: