Monday, March 26, 2012

သာဓု ၏ အတာ, အပိုင်း (၁၈)

(ထိုထိုဝတ်လုံများကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်က အတာသည် ကိုထွန်းအောင်အား ဤ လို မေးခဲ့၏။
"အဲဒါ ဝတ်လုံခေါ်တယ်ကွ" ဟု ကိုထွန်းအောင်က သာမန်မျှပင် ဖြေလိုက်သည်ကို
"သူတို့က ဘာလုပ်ရသလဲ ဒီရုံးက စာရေးတွေလား"
"မဟုတ်ဘူးလေကွာ၊ သူတို့က အမှုဖြစ်တဲ့လူတွေကို အမှုက လွတ်အောင် ပြောပေးရတဲ့ လူတွေပေါ့ကွ"
"ဘယ်လိုလဲ၊ သူတို့ပြောပေးရင် ဘာမှုမဆို လွတ်တာပဲလား"
ထိုမေးခွန်း အတွက် ကိုထွန်းအောင် အတော်ကလေး ဦးနှောက်ခြောက်သွားခဲ့ရ၏။)
ကို ဆက်ဖတ်ရန် ................

"ဒီလို ဘယ်ဟုတ်မလဲကွ၊ မတရားသဖြင့် အထင်မှားပြီး အဖမ်းခံရတဲ့ လူတွေကိုသာ လွတ်အောင် လုပ် ပေးတာပေါ့"
"သူတို့ကိုကော လွတ်အောင်ပြောပေးတဲ့အတွက် ပိုက်ဆံပေးရလား ဟင်"
"ပေးရတာပေါ့"
အတာကလေး ရုတ်တရက် တွေသွားရာမှ
"မတရား အဖမ်းခံရတဲ့လူတွေက ကိုယ့်ဟာကိုယ်လွတ်အောင် ပြောလို့မရဘူးလား၊ ဟင်"
"ဟာ ဒီကောင်လေး"ဟု ကိုထွန်းအောင်လည်း အတာ့ မေးခွန်းကို သဘောကျသွားသလို ပါးကလေးဆွဲ လိမ်ရင်း ရေရွတ်လိုက်ပြီးမှ
"တချို့က ကိုယ့်ဟာကိုယ် မပြောတတ်ဘူးကွ၊ ဒါကြောင့် သူတို့ကို ငှားပြီး ပြောခိုင်းရတာပေါ့၊ ဒီမှာ အတာ၊မင်းနဲ့ ပွဲကတော်ကြီးသား ဝင်းမောင်နဲ့ဘယ်သူက စကားတတ်သလဲ"
"မမသက်တို့က ပြောတော့ ကျွန်တော် စကားတတ်တယ်တဲ့"

"အေး အဲသလိုပေါ့ကွ၊ ဒီဝတ်လုံဆိုတဲ့ လူတွေဟာ သိပ်စကားတတ်တယ်၊ ဒါကြောင့် သူတို့ကိုအပြောခိုင်း ရတာပေါ့၊ ကဲ အတာ၊ မင်းကော ကြီးလာရင် ဘာလုပ်မလဲ"
"ဝတ်လုံလုပ်မယ်"
"ဘာပြုလို့လဲကွ"
"ဝတ်လုံဆိုတာ ဒုက္ခရောက်နေတဲ့ လူတွေကို ကယ်ဆယ်ရတယ်မဟုတ်လား၊ ကုသိုလ်လဲရတယ်၊ ပိုက်ဆံလဲရတယ်၊ ပြီးတော့ သူတို့ ကွတ်အင်္ကျီကြီးတွေက သိပ်လှတာပဲ"
"အေး ဒါဖြင့် မင်း  ပညာကို ကြိုးစားပြီးသင် ဟုတ်လား"
ဤသည့် နောက်ကြောင်းကလေးများကို တွေးမိပြန်သောအခါ၌လည်း အတာသည် ပရုပ်လုံးကုလားက လေးကဲသို့ ဈေးရောင်းချင်သော စိတ်များပျောက်ပျက်သွားပြန်တော့၏။ သို့အရွယ်နှင့် မမျှအောင် ညနေ ငါးနာရီထိုးခဲ့ပြီ ဖြစ်သဖြင့် သူများနည်းတူပင် ဈေးဗန်းကို ကူလီနှင့်သယ်၍ အိမ်သို့ပြန်ခဲ့၏။

ည ၇ နာရီထိုးသည့်တိုင်အောင် မသိန်းမေ ပြန်ရောက်မလာသေး၊ နံနက်ပိုင်းက သူ့မေမေပေးခဲ့သော ပိုက်ဆံတစ်ပဲမှာ နံနက်စာဝယ်စားခဲ့င ကုန်ပြီဖြစ်ရာ ညစာအတွက် အခုထိ သူမစားရသေး။ ဈေးရောင်း ထားသော ပိုက်ဆံများ လက်ထဲ၌ရှိသည်မှန်သော်လည်း ထုတ်နုတ်သုံးစွဲရန် သူမဝံ့။ မပုလေးတို့ဆိုင် သွားစားရမည်မှာလည်း "နောက်တစ်ခါ လာစားရင် ပိုက်ဆံယူခဲ့နော်"ဟူသော စကားအရ သွားစား၍မ ဖြစ်။ သူ့တွင် ယမန်နေ့က စုထားခဲ့သော ပိုက်ဆံတစ်မူးထဲမှ စိုက်ထုတ်စားထားနှင့်ပြီး သူ့မေမေပြန်လာ ၍ ထမင်းဖိုးပေးမှ ပြန်ဖြည့်လိုက်လျှင်လည်း ပြီးနိုင်သည်ဟု အတာသည် ဆာဆာနှင့် ဤလို အကြံရစေ ကာမူ
"အို ဒီလိုလဲ မဖြစ်သေးပါဘူး၊ တော်ကြာ မေမေ ထမင်းဖိုးမပေးဘဲ ဒေါ်ပုလေးတို့ဆိုင် သွားစားချည်ဆို မှဖြင့်"
အတာလည်း သူ့ပိုက်ဆံကလေး အချောင်ဆုံးရမည့်ဘေးကိုလည်း တွေးပူမိသဖြင့် အဆာခံ၍ပင် သူ့ေ မမေအား မျှော်မိနေတော့၏။

အတာကလေး အိမ်ပေါ်တွင် စာကျက်နေခိုက် ၈ နာရီ လောက်တွင်မှ မသိန်းမေ ပေါက်လာကာ
"ဘယ်မလဲ အတာ၊ ရောင်းရတဲ့ ပိုက်ဆံတွေပေး"ဟု အေးအေးလူလူ အမူအရာဖြင့်ပင် မသိန်းမေ က တောင်းလိုက်သောကြောင့် ခြောက်ကျပ်တစ်မတ်တိတိသော ရောင်းရငွေများကို အတာလည်း ရောင်းရ သည့် ပန်းထုပ်အရေအတွက်နှင့်တကွ ပေးအပ်လိုက်၏။
"မေမေ  နိုင်လာတယ်ထင်ပါရဲ့"
စူစူအောင့်အောင့် မဟုတ်သော သူ့မေမေ၏အမူအရာကိုကြည့်လျက် ဤလိုမှတ်ချက်ချလိုက်၏။ သို့ သော သူ မမေးဝံ့။

"ဒေါ်ဒေါ်၊ ဒီည ဘာစားရမှာလဲ၊ ဒေါ်ဒေါ် တွဲပွဲတိုက်လာတယ်ဆို"
အောက်ထပ်မှ လှမ်းမေးလိုက်သော မခင်သွယ်၏အသံကြောင့်
"တွဲပွဲ တိုက်တာသာ နာမည်ကြီးတာပါအေ၊ လျော်တော့ ငွေကလေး ဆယ့်ရှစ်ကျပ်ရယ်"
"ဒါ ခြောက်ဆယ်လောက် နိုင်တယ်ဆို"
"တောက်တီးတောက်တဲ့အေ၊ စုစုပေါင်း သုံးဆယ့်ငါးကျပ်လောက်ပဲနိုင်တာပါ"
ထိုစကားအရ သူ့မေမေ နိုင်လာသည်ကို အတာ အသိအမှတ်ပြုလိုက်၏။ သူ့တွက်ကိန်းလည်း ကိုက် သွားသောကြောင့် ဝမ်းသာအားရနှင့် ပထမဆုံး သူသတိရသည်မှာ
"ဒီလိုဆို တနင်းလာနေ့တော့ မေမေ ကျောင်းလခပေးနိုင်မှာပဲ"ဟူ၍ပင် ဖြစ်၏။

"နင် ထမင်းစားပြီးပလား"
"မစားရသေးဘူး မေမေ၊ ကျွန်တော့်ဆီ ပိုက်ဆံမှ မရှိဘဲ"
"ဒါဖြင့် သွား မပုလေးဆိုင်မှာ သွားစားချည်"
အတာ ကြိုတင် ထင်မြင်ခဲ့သည့်အတိုင်း မပုလေးဆိုင်သို့ အစားခိုင်းပြန်လေပြီ။ အတာကား မသွားလို ကြောင်း ပြောပြရန်မှာ ယနေ့သည် အခွင့်အသာဆုံး ဖြစ်သည့်အတိုင်း
"မနေ့တုန်းက ကျွန်တော် ထမင်းသွားစားတော့လေ"
ဤသည်ကို အစချီ၍ အတာလည်း ယမန်နေ့ညက ကြုံရသည့်အဖြစ်ကို ရှင်းပြလိုက်၏။

"ဟင် သူတို့က ဒီလိုပဲ ပြောသလား၊ နေပေ့စေ၊ ငါ ထိပ်ဝ သွားမှ ဒင်းတို့သိမယ်"ဟု စိတ်ဆိုးသွား သလို ရေရွတ်လိုက်ပြီးမှ အတာအား မူးစေ့ကလေးတစ်စေ့ကို ပစ်ပေးရင်း
"သွား နင့်ဟာနင် စားချင်တာ သွားစား၊ ပြန်မပေးနဲ့တော့"
အတာ လည်း ထခုန်မိတော့မလောက် ဝမ်းမြောက်သွားရှာ၏။ အပျော်တမြူး ဆင်းလာခဲ့သော အတာ လည်း လမ်းထိပ်သို့ရောက်သည့်တိုင်အောင် သူ ဘာစားရမည်ကို ဝေခွဲမရသေး။ နောက်ဆုံး၌ ယခုအ တောအတွင်း သူ့စုငွေမှာ ကျေနပ်အားရဖွယ် ကောင်းလောက်အောင် မရှိသေးသည် ကို တွေးမိသည်၌ အတာသည် ဝက်ရိုးဝက်ခေါက်တို့ဖြင့် ဗုန်းပေါလအော ကျိုထားသည့် ဆန်ပြုတ်နှစ်ပြား ဖိုးနှင့်ပင် ထိုည အဖို့ ထမင်းကိစ္စ ပြီးလိုက်တော့၏။

မနေ့က သူ့မေမေ မြင်းပွဲသွားစဉ် ဈေးရောင်းခဲ့သော အတွေ့အကြုံနှင့် ပတ်ဝန်းကျင်၏အရောင်းအဝယ် ကိစ္စ များကို စိတ်ဝင်စားခဲ့သော အတာသည် ယနေ့ တနင်္ဂနွေနေ့တွင်လည်း ခပ်စောစောပင် သူ့မေမေ ရှိရာ ဈေးသို့ ထွက်လာခဲ့၏။
ထိုခေတ်ကဆိုလျှင် ကုန်ုတိုက်ဖြစ်စေ၊ ဈေးဆိုင်ဖြစ်စေ ဖွင့်ချင်သောနေ့တွင် ဖွင့်ရောင်းနိုင်၏။ ပိတ်ချင် သာနေ့တွင်  ပိတ်နိုင်၏။ ထို့ကြောင့်ပင် တနင်္ဂနွေနေ့ဖြစ်သော်လည်း သိမ်ကြီးဈေးနှင့်တကွ ပတ်ဝန်း ကျင်ရှိ အထည်တိုက်ကြီးများပါမကျန် အားလုံးလိုလိုပင် ဖွင့်လှစ်ရောင်းချနေကြ၏။
တနင်္ဂနွေနေ့ဖြစ်၍ ရုံးအလုပ်သမားများ အားလပ်ခွင့်ရသောကြောင့်လည်း ဈေးမှာ ခါတိုင်းနေ့များထက် ပို၍ စည်ကားနေ၏။

တစ်ဖန် ထိုခေတ် ထိုအခါကဆိုလျှင် ယခု ကာလမှာကဲ့သို့ လူအများလမ်းလျှောက်၍ မရနိုင်လောက် အာင် ပလက်ဖောင်း များပေါ်တွင် ဆိုင်များတည်ခင်း ရောင်းချရန်မဆိုထားဘိ၊ ဗန်းကလေး တစ်ခုမျှပင် လူသွားစင်္ကြံပေါ်၌ ချ၍ မရောင်းရ၊ ရောင်းလျှင် မြူနီစပယ်ပုလိပ်များက ဖမ်း၏။
တနင်္ဂနွေနေ့၌မူ ရုံးများပိတ်သဖြင့် မြူနီစပယ်ပုလိပ်များလည်း အလုပ်ပိတ်သောကြောင့် ဈေးသည်များ မှာ ထိုနေ့တစ်နေ့ တည်းပင် လူသွားပလက်ဖောင်းများတွင်ချ၍ ရောင်းနိုင်ကြ၏။ သို့တိုင်အောင် စိတ်အေးလက်အေး မရောင်းရ၊ အလစ်အလစ်တွင် မြူနီစပယ်ပုလိပ်က လာ၍ ဖမ်းတတ်သောကြောင့် သတိနှင့် ရောင်းကြရ၏။ မြူနီစပယ်ပုလိပ်များလာလျှင်  ကိုယ့်ပစ္စည်းကိုယ်သယ်၍ ထွက်ပြေးကြရ၏။
ယနေ့လည်း တနင်္ဂနွေနေ့ဖြစ်သည့်အတိုင်း သိမ်ကြီးဈေးတစ်ဝိုက်ရှိ လူသွားစင်္ကြံများမှာ ဈေးသည်မျိုးစုံ ဖြင့် ပြည့်ကျပ်နေတော့၏။

"တစ်ကိုက်တစ်မတ်စီ လျှော့ဈေး၊ တစ်ကိုက်တစ်မတ်"ဟု တကြော်ကြော်အော်နေသည့် ရှင်ဖျင်ရောင်း  သော ကုလားများအသံသည်လည်းကောင်း၊
"ငါးမူးစီ ငါးမူးစီ ကြိုက်တာယူ တစ်ထည်ငါးမူး"ဟူသော မြန်မာလုံချည်သည် အသံများကိုလည်းကောင်း
"ခြောက်ပြား စီ ခြောက်ပြားစီ"ဟုအော်ရင်း ထင်းရှုးပြားတစ်ချပ်ပေါ်တွင် ဖန်ခွက်ဖင်ပိုင်းကို ရိုက်ပြနေသံ များကို လည်းကောင်း
ကော်စမတစ်၊ ပေါင်ဒါ၊ ရေမွှေး၊ သွားပွတ်တံ၊ ကော်ဘီး၊ မှန်စသည့် ပစ္စည်း အမျိုးပေါင်း နှစ်ဆယ်ကျော် လောက်ကို ဖြန့်ကြဲခင်းကျင်းထားပြီး "လိုချင်တာယူပါ ဆယ်ပြား၊ ကြိုက်တာယူပါ ဆယ်ပြား၊ လက်ပတ် ကြိုးလဲ ဆယ်ပြား၊ ပုလဲပုတီးလဲ ဆယ်ပြား"စသဖြင့် အမျိုးမျိုး ဟစ်အော်ရောင်းချနေသော အသံများကို လည်းကောင်း
အတာသည် အလွန့်အလွန် သဘောကျသော အမူအရာဖြင့် နားစွင့်လျက်ရှိ၏။ မျက်လုံးကလည်း အငြိမ်မနေ တောင်မြောက်လေးပါးကို အကဲခတ်ရင်း အရောင်းအဝယ်လုပ်ငန်းတွင် အတော်ကလေး စိတ်ဝင် စားနေမိ၏။ သူ့စိတ်ထဲတွင် ပျော်စရာကောင်းသော အလုပ်ဟူ၍လည်း မှတ်ချက်ချမိ၏။

မနေ့က ဈေးကူရောင်းပေးခဲ့သော အရှိန်ကြောင့်လားမသိ။ အတာကလေး ဈေးသို့လိုက်လာ၍ သို့လျှင် ပူးပူးကပ်ကပ်ရှိနေသည်ကို မသိန်းမေလည်း တစ်စုံတစ်ရာ ဘာမျှမပြောဘဲ ကြည်ကြည်ဖြူဖြူ ခွင့်ပြု ထားရာမှ
"အတာ ရော့၊ ဟောဒီ လက်မှတ်တွေ ကြည့်စမ်း"ဟု ပြောရင်း မသိန်းမေက အပေါင်လက်မှတ် သုံး လေးစောင် ကို လှမ်းပေးလိုက်၏။
အတာ ကလေး ကျောင်းရောက်၍ ပထမတန်းတွင် လေးငါးလသင်မိသည်ဆိုလျှင်ပင် ဇန်နဝါရီ၊ ဖေဖော်ဝါရီ စသော အင်္ဂလိပ်လအမည်များကို သွက်လပ်စွာ ရွတ်ဆိုနိုင်ခဲ့သည်သာမက စာလုံးပေါင်းကိုလည်း ကျင်လည် စွာ ရေးသားနိုင်ခဲ့၏။ အိမ်တွင်လည်း လေ့ကျက်ရွတ်ဆိုနေတတ်သောကြောင့် ထိုအတတ်ပညာ ကို မသိန်းမေသည် အပေါင်ဆိုင်လက်မှတ် နေ့စွဲကြည့်ခိုင်းခြင်းအားဖြင့် ရှေးဦးစွာ အသုံးချလေတော့၏။

ယခုလည်း အတာသည် အပေါင်လက်မှတ်များကို ကြည့်၍
"ဒါက သြဂုတ်လ ခြောက်ရက်နေ့က ပေါင်တာ မေမေ၊ ဒီနေ့ ဒီဇင်ဘာလ ဆယ်ရက် ဆိုတော့ လေးလ ကျော်ပြီ"
"ဒါဖြင့် ငါးလတွက်ပေးရမှာပေါ့၊ အဲဟို တစ်စောင်ကကော"စသဖြင့် မသိန်းမေက မေးလိုက်၊ အတာက တွက်ပေး လိုက်ဖြင့် နောက်ဆုံးတွင် အပေါင်လက်မှတ် လေးစောင်နှင့်အတူ ငွေဆယ့်ရှစ်ကျပ်ကို အတာ့ လက်အပ်ရင်း "ကဲ အဲဒါ သွားရွေးချည်"

အတာလည်း လက်မှတ်နှင့် ပိုက်ဆံများကို ဂရုတစိုက် ဆုပ်ကိုင်ကာ မောင်ခိုင်လမ်း (ယခု ဗိုလ်ရွှဲလမ်း) ထိပ်ရှိ အပေါင်ဆိုင်ဘက်သို့ လျှောက်လာခဲ့၏။
"ဒီလုံချည်တွေ ခုရွေးပြန်ပြီ၊ တော်ကြာ မြင်းပွဲသွားစရာရှိရင် ပေါင်ဦးမှာပဲ"ဟု ညည်းညည်းညူညူ ရေ ရွတ်ရင်း ပင် အပေါင်ဆိုင်ထဲသို့ လှမ်းဝင်သွားတော့၏။
ထိုခေတ်ကဆိုလျှင် မည်သည့်ကုန်တိုက် ဈေးဆိုင်မဆို မည်သည့်အချိန်ဖွင့်၍ မည်သည့်အချိန်ပိတ်ရ မည်ဆိုသော စည်းကမ်းသတ်မှတ်ချက်မျိုး မရှိ။ အပေါင်ဆိုင်များပင်လျှင် နံနက် ခုနစ်နာရီလောက်တွင် ဖွင့်၍ ည ရှစ်နာရီမှ ပိတ်၏။ တနင်္ဂနွေနေ့ပင်ဖြစ်စေ တစ်နေ့လုံးဖွင့်ထားပြီး ည ရှစ်နာရီမှပင် ပိတ်၏။

အပေါင်ဆိုင်စည်းကမ်းတွင် အပေါင်ရော အရွေးပါ ကလေးများကို လက်မခံရသော်လည်း မသိန်းမေ မှာ ဖောက်သည်လိုဖြစ်နေသည်နှင့် မသိန်းမေ၏မှာကြားထားချက်အရ အတာကို သိနေကြ၏။ ပေါင် ပေါင် ရွေးရွေး လက်မနှေးဘဲပေးလိုက်တတ်သည်ဖြစ်သောကြောင့် အတာလည်း သူ့မေမေ မှာသည့်အတိုင်း  ပင် ရွေးလာသော လုံချည်ခြောက်ထည်ကို အိမ်တွင် ဝင်ထားခဲ့ပြီးမှ သူ့မေမေ ထံ ပြန်လာ၏။
ပိုလာသော အကြွေများကို အတွက်ကျ ပြန်အပ်သည်နှင့် မသိန်းမေက ပဲစေ့တစ်စေ့ပြန်ပေးပြီး ထမင်း စားခိုင်း လိုက်သောကြောင့် ဈေးချိုဘက်သို့ ထွက်သွားကာ ခေါက်ဆွဲကြော် နှစ်ပြားဖိုးမျှသာ စားပြီး စု လိုက်ချေသေး၏။

တကြော်ကြော် အော်ဟစ်ရောင်းချနေသော ဈေးတန်းတစ်လျှောက် လျှောက်လာခဲ့ရာမှ အတာသည် ဆိုင် တစ်ဆိုင်ရှေ့တွင် ရုတ်တရက် တန့်သွားကာ အတန်ကြာသည့်တိုင်အောင် တွေကြည့်နေမိ၏။
ထိုဆိုင်မှာ လူကြီးဝတ်စွပ်ကျယ်အင်္ကျီများက တစ်ပုံ၊ ကလေးဝတ်များက တစ်ပုံ၊ မျက်နှာသုတ်ပဝါများ က တစ်ပုံစသဖြင့် သူ့အပုံနှင့်သူ ခင်းထားပြီး "တစ်မတ်စီ၊ သုံးပဲစီ"စသဖြင့် ဟစ်အောင်ရောင်းချနေ သော စွပ်ကျယ်ဆိုင်ဖြစ်၏။ အတာ၏မျက်လုံးများသည် သုံးပဲစီဆိုသော ကလေးဝတ်စွပ်ကျယ်များဆီ တွင် အာရုံ စိုက်နေ၏။

အတာ သဘောကျမည်ဆိုကလည်း ကျစရာပင်။ ထိုကလေး စွပ်ကျယ်များမှာ အတာတို့ အရွယ်ဝတ် ခေါင်းစွပ် လက်စကဖြစ်လျက် လက်ဖျားနှင့် လည်ပင်းအကွပ်များမှာ အနီ၊ ချော့ကလက်၊ အစိမ်း၊ အပြာ စသည်ဖြင့် ရောင်စုံဆိုးထားသည်ဖြစ်သောကြောင့် ကိုယ်ထည်အဖြူနှင့် အလွန်ပနံရလှ၏။ အထူးသ ဖြင့် ကလေးကြိုက် အဆင်ကလေးများ ဖြစ်သည့်အတိုင်းလည်း အတာသည် ထိုစွပ်ကျယ်ဆိုင် နားမှ မခွာနိုငအောင် ဖြစ်နေတော့၏။

ကြည့်၍ ဝသလောက်ရှိမှ အတာလည်း ထိုဆိုင်အနီးမှ ထွက်အလာတွင် မလှမ်းမကမ်း၌ ပစ်ထားသော စွပ်ကျယ်သေတ္တာအလွတ်များကို မြင်သည်နှင့် အတာလည်း ကလေးတို့သဘာဝအတိုင်းပင် သေတ္တာ လွတ် များ ကို ကောက်ရန် စွပ်ကျယ်ဆိုင်ဘေးမှ ကွေ့သွားပြီး
"အရာကြီး ဟိုသေတ္တာတွေ ပစ်ထားတာလား ဟင်"ဟု ဆိုင်ရှင်အား မေးလိုက်သေး၏။
"အေး မင်းလိုချင်ရင် ယူသွား"ဟု ဆိုင်ရှင်ကုလားက ခွင့်ပြုလိုက်သည်နှင့် အတာလည်း တပွေ့တပိုက် ပင် သူနိုင်သလောက် ရွေးကောက်ယူသွား၏။

ဆက်ရန်
.

3 comments:

Anonymous said...

နေ့တိုင်း စောင့်ဖတ်နေပါတယ် အစ်မရွှေစင်ရေ... ကျေးဇူးပါနော်

MaMaGyi said...

ဖတ်ရတဲ့အတွက်ကျေးဇူးပါ

Anonymous said...

အပြင်မှာမဖတ်ဖြစ်တဲ့စာအုပ်လေးပါ ...အခုလိုတကူးတကအပင်ပန်းခံတင်ပေးတဲ့အတွက်ကျေးဇူးပါ ..နေ့တိုင်းစောင့်ဖတ်ဖြစ်ပါတယ်. .။