Sunday, March 25, 2012

သာဓု ၏ အတာ, အပိုင်း (၁၇)

(လက်ထောက်မင်းသမီး ထွက်လုလုအချိန် ရောက်သည်နှင့် မခင်သက်တို့ ညီအစ်မတစ်စု အပြင် ပွဲကတော်ကြီး သမီးနှစ်ယောက်ပါ ပွဲခင်းရှိ အတာယူထားသော နေရာသို့ ရောက်လာ ကြ၏။) ကို ဆက်ဖတ်ရန်.............

အငြိမ့်ထုံးစံ အတိုင်းပင် လူရွှင်တော်များဖြစ်သော ဒန်ပေါက်နှင့် ညှပ်ကြီးတို့ လည်းခါင်းပေါင်းပါင်း ၍ တောင်ရှည်ပုဆိုးများလဲပြီး ပွဲခင်းဘက်သို့ ထ၍ မျက်နှာမူလိုက်သည်နှင့် အတာလည်း ထိုင်ရာမှ ထိုင်ရာ မှ ထကာ လက်ခုပ်တဖျောင်းဖျောင်းတီးနေတော့၏။

"ဟဲ့ ကောင်လေး"ဟု မခင်သွယ်က ဟန့်လိုက်မှပင် အတာ့လက်ခုပ်သံ တန့်သွားလျက် "ကိုယ့်မမတွေနဲ့ ကြည့်တဲ့ အခါမှာ ဒီလိုမလုပ်ရဘူး အတာရဲ့၊ ရှက်စရာကြီး" မခင်သက်ကမူ ဤလို ဖျောင်းဖျောင်း ဖျဖျ ပြောလိုက်၏။
"ဟုတ်ကဲ့၊ ကျွန်တော် နောက်ကိုမလုပ်တော့ပါဘူး"
စင်စစ် သို့ကလို အတာ လက်ခုပ်ထ၍ တီးလိုက်သည်မှာ ပျော်သောကြောင့်သာဖြစ်၏။ သူသည် အငြိမ့် ကို အလွန်ကြိုက်၏။ အတာ အငြိမ့်ကြိုက်သည်မှာ မင်းသမီး ကသည်ကို ကြိုက်ခြင်းမဟုတ်။ အက ကောင်းမကောင်းကိုလည်း သူ နားမလည်။ လူရွှင်တော် (ဝါ) လူပြက်ကိုသာ သူသဘော ကျခြင်းဖြစ်၏။ ဒန်ပေါက်၊ ညှပ်ကြီး၊ ဓာတ်ဆီ၊ ဓာတ်ဆံနှင့် ဦးဗေဒါ၊ ကျင်ခဲဆိုလျှင် သူ့အသည်းစွဲများဖြစ်၏။
ပွဲစတော့မည် ဖြစ်သည့်အတိုင်း လူရွှင်တော်များလည်း တစ်ဦးက တေးထပ်၊ တစ်ယောက်က လေးချိုး စသဖြင့် တစ်မျိုးစီသီဆိုနှုတ်ခွန်းဆက်လိုက်ပြီးမှ ယခုကဲ့သို့ ဂုဏ်သရေရှိလူကြီးများရှေ့တွင် လာရောက် ကပြ အသုံးတော်ခံရသဖြင့် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း အစရှိသဖြင့် ပဏာမခံလိုက်သေး၏။

"ဘယ့်နဲ့ ကိုညှပ်ကြီးရေ၊ခု ကြွရောက်လာကြတဲ့ ပရိသတ်ကိုကြည့်ရတာဖြင့် အမျိုးသားထက် အမျိုးသမီး ပရိသတ် က ပိုများနေတာ တွေ့ရပါလားဗျ၊ ဟင်"
"ဟုတ်ပေါ့ ကိုဒန်ပေါက်ရဲ့၊ ကျွန်တော်တို့ အငြိမ့်ကို အာသီသထားလို့မို့ အားပေးတဲ့အနေနဲ့ ခုလိုလာ ရောက်ချီးမြှင့်ကြတာ ဝမ်းသာစရာ မကောင်းပါလားဗျာ"
"ဝမ်းမြောက်စရာ ပဲပေါ့၊ အဲသလို အမျိုးသမီးတွေက ကျွန်တော်တို့အငြိမ့်ကို ခုလို လာရောက်ပြီး စေတနာရှေ့ထားလို့ အားပေးအားမြှောက် ပြုကြတယ်ဆိုတော့ ကျွန်တော်တို့ကလဲ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းရပေလိမ့်မဗျ"
"မှန်သပေါ့၊ ဒါမှလဲ ကျွန်တော်တို့ဘက်က ဝတ္တရားကျေပွန်ပေမှာပေါ့ ကိုဒန်ပေါက်ရဲ့"
"အဲ နောက်ပြီးတော့ ခုကြွလာတဲ့ ပရိသတ်ထဲကြည့်ရတာ ငယ်ငယ်ရွယ်ရွယ် အပျိုပရိသတ်ကလဲ အတော်များတာ တွေ့ရတော့ သူတို့ ခုလိုလာပြီး ချီးမြှင့်တာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော် နည်း ကောင်းကလေး တစ်ခုလောက်ပေးရရင် မကောင်းဘူးလား ကိုညှပ်ကြီးရေ"

"အလို ဘယ်လို နည်းကောင်းများပါလိမ့်"
"သြော် အမျိုးသမီးများအဖို့ အသုံးဝင်တဲ့နည်းပေါ့၊ မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုသမဟုတ်လားဗျ"
"မှန်ပေပေါ့ဗျာ၊ နို့ ကိုဒန်ပေါက်က ဘယ်လိုနည်းနဲ့များ ပေးချင်လို့ပါလိမ့်"
"အမျိုးသမီးများအဖို့မှာတော့ အမြတ်တနိုးထားပြီး အလှပြင်ရတာရယ်လို့ ဆံထုံးဆံပင်နဲ့ မျက်နှာပဲ ရှိတယ်မဟုတ်လား၊ အဲဒီတော့ ကျွန်တော် ဆံပင်ရှည်တဲ့ နည်းကောင်းလေးတစ်ခုတော့ ပေးခဲ့ချင်သဗျ"
"သြ သြ၊ ကျေးဇူးဆပ်တဲ့အနေမျိုးဆိုပါတော့၊ ကောင်းပေါ့ဗျာ ကောင်းပါ့ ကောင်းပါ့"

ဤတွင် လူရွှင်တော် ကိုဒန်ပေါက်က ပရိသတ်ဘက်သို့လှည့်၍
"ကဲ ဆံပင်ရှည်တဲ့နည်းကို အလိုရှိကြတဲ့ အမျိုးသမီးများ သေသေချာချာ နားထောင်ကြပေတော့။ အဟမ်း"
သို့လျှင် အစချီလိုက်သဖြင့် မြန်မာရော တရုတ်အမျိုးသမီးများပါ စိတ်ဝင်တစား နားစွင့်လာကြတော့၏။
"ကိုင်း ပြောတော့မယ်နော်၊ သြော် ဒါနဲ့ အမျိုးသမီးတွေက စိတ်ထဲမှ မှတ်ထားရလို့ မတော် တဆ မေ့သွားမှာလဲ စိုးရသေးတယ် ထင်ပါရဲ့၊ ကဲ အဲဒီတော့ ဒီလိုလုပ်ရင် မကောင်းဘူးလား၊ စာရွက် ကလေး တစ်ခုမှာ ရေးပြီးမှတ်ထားကြရအောင်လေ နော်၊ ကဲ ကဲ၊ ခဲတံတို့ ဖောင်တိန်တို့ စက္ကူတို့ နီးစပ်ရာ မိတ် ဆွေကာလသားများဆီက ခဏငှားကြပေါ့ ဟုတ်လား၊ ရေးမှတ်ထားတာက  ပိုကောင်းပါတယ်"
ကိုဒန်ပေါက်က ဤလိုစကားကို ပြင်ပြောလိုက်သည်နှင့် အမျိုးသမီးပရိသတ်မှာ ပို၍လှုပ်လှုပ်ရွရွဖြစ် သွားတော့ ၏။ လက်လှမ်းမီရာ အမျိုးသားများထံမှ ဖောင်တိန်ငှားသူငှား ကလေးများကို ခဲတံနှင့် စက္ကူ ပြန်အယူခိုင်းသူက ခိုင်းဖြင့် ပွဲခင်းတစ်ခုလုံး မငြိမ်မသက် ယောက်ယက်ခတ်နေတော့၏။

"သွား အတာ၊ ခဲတံနှင့် စက္ကူတစ်ရွက် သွားယူချည်နော်၊ သွားပါဟဲ့ မြန်မြန်လုပ်ပါ"
မခင်သက်က သို့ပြောရင်း အပူတပြင်းခိုင်းနေသည်နှင့်
"အလကားပါ မမသက်ရာ၊ လူပြက်တွေပြောတဲ့စကားများ မမက ယုံနေသလား"ဟု အတာက ထိုင်ရာမှ မထသေး ဘဲ ငြင်းလိုက်သည်ကို
"ဟဲ့ သူ မဟုတ်တာပြောပါ့မလား၊ တကယ်မို့သာ ခဲတံတွေ ဘာတွေနဲ့ ရေးမှတ်ခိုင်းတာပေါ့၊ သွားပါ ထလေ သွားယူချည် ပါ ခဲတံနှင့် စက္ကူ"
အတာလည်း မခင်သက်၏ဇွတ်အတင်း နားပူမှုကြောင့် အမြန်ဆုံး အိမ်ပြန်၍ ခဲတံနှင့် စက္ကူကို ကမန်း ကတန်း ယူ၍ ဆင်းလာခဲ့ရ၏။
ကိုဒန်ပေါက် လည်း ပရိသတ်အကဲကို သေသေချာချာ ခတ်နေပြီးမှ
"ကဲ ရေးမှတ်ထားကြနော်၊ ပြောတော့မယ်"ဟု နိဒါန်းပျိုးလိုက်ကာ

(မြင်လေလျှင် ရှုကာမက်စေဖို့) "ကဲ ရေးကြနော်၊ ထပ်ဆိုဦးမယ်၊ ဖြည်းဖြည်းပဲး လိုက်ရေးကြ" (မြင်လေ လျှင် ရှုကာမှတ်စေဖို့)
ဤတွင် ကိုဒန်ပေါက်လည်း ပရိသတ်အရေးကို စောင့်သကဲ့သို့ အတန်ကြာ နားနေသေး၏။ အမျိုးသမီး များလည်း သူ့အသိုက် သူ့အအုပ်ဖြင့် တလှုပ်လှုပ်ရေးရင်း အလုပ်ရှုပ်ထွေးနေကြတော့၏။
"ဟဲ့ အတာ သေသေချာချာ လိုက်ရေးနော် ပြစမ်း၊ မှန်ရဲ့လား"ဟု မခင်သက်က အတာ့လက်ထဲရှိ စာ ရွက် ကို ဆွဲယူဖတ်ကြည့်လိုက်သေး၏။
"မှန်ပါတယ် မမရဲ့ ပေးပါ၊ ဟိုမှာ ပြောတော့မယ်"ဟု အတာက စာရွက်ကလေးကို ပြန်တောင်းလိုက် သည့် အခိုက်မှာပင်

"ကဲ ပထမအပိုဒ်တော့ ပြီးလောက်ကြရောပေါ့နော်၊ မှတ်ရတာ လွယ်အောင် လင်္ကာကလေးလို စပ်ထား တာမို့ မခက်ပါဘူးနော်၊ ကဲ ဆက်ရေးလိုက်ကြပါဦး၊ ခုနက အပိုဒ်ကို ပြန်စပြီး ဆက်ပြောမယ်"
လည်ချောင်းရှင်း သလို အဟမ်းဟု ဟန့်လိုက်ပြီးမှ
"(မြင်လေလျှင် ရှုကာမက်စေဖို့) ပြီးပြီနော်၊ ကဲ ဆက်ကြဦး၊ (မြင်လေလျှင် ရှုကာမက်စေဖို့၊ ခင် ဆွေ တင် နု မာ သက်တို့ရဲ့) ကိုင်း၊ ပြန်ဆိုဥိးမယ်နော်၊ (ခင် ဆွေ တင် နု မာ သက်တို့ရဲ့)"
စောစောကနည်းတူ ကိုဒန်ပေါက်လည်း စကားကိုရပ်၍ ပရိသတ်အား အကဲခတ်နေ၏။ အမျိုးသမီးများ သည် လည်း ရှုပ်ယှက်ခတ်မျှ ရေးမှတ်နေကြ၏။
"အတာ လိုက်ရေးနော်"
"အင်းပါ မမရဲ့"ဟု ဖြေရင်း သူ့ရေးသားချက် မှန်မမှန်ကို ပြန်ဖတ်နေ၏။

"ပြီးကြပြီနော်၊ ကဲ လိုက်ရေးထားတာ မှန် မမှန် ပြန်စစ်ကြဦး ဟုတ်လား၊ (မြင်လေလျှင် ရှုကာမက်စေဖို့ ခင် ဆွေ တင် နု မာ သက်တို့ရဲ့) ကဲ မှန်ကြရဲ့နော်၊ ခု နောက်ဆုံးတစ်ပိုဒ်ပဲ ကျန်တော့တယ်"
ကိုဒန်ပေါက်လည်း အလွန် ခံ့ထည်သော မျက်နှာထားဖြင့် မှင်သေသေ ပြောလိုက်ပြီးမှ
"ကိုင်း၊ ကိုယ်ရေးထားတာ ကိုယ်ပြန်ကြည့်ကြဦးနော်၊ မှားနေလဲ ပြင်ပေါ့၊ နောက်ဆုံးကျန်တဲ့အပိုဒ်ကိုပါ ဆက်ပြောတော့မယ်၊ အဟမ်း"
"မြင်လေလျှင် ရှုကာမက်စေဖို့၊ ခင် ဆွေ တင် နု မာ သက်တို့ရဲ့၊ ဆံပင်ရှည်ချင်ရင် ဆံစုသာ ဆက်ကြ ပေတော့"
ဤသို့လျှင် အဆုံးသတ်လိုက်သည်နှင့် ပွဲခင်းတစ်ခုလုံး တဝုန်းဝုန်း တအုတ်အုတ်နှင့် ပတ်တုတ်၍ မစဲ အောင် တဟဲဟဲ ပွဲကျသွားတော့၏။

စာရွက်စကလေးများတွင် လည်းကောင်း၊ စီးကရက်ဘူးခွံလွတ်ကလေးများတွင် လည်းကောင်း အကောင်း ထင်၍ ရေးခြစ်မှတ်သားနေကြသော အပျိုစု အပျိုသိုက်မှာလည်း ခေါင်းငိုက်စိုက်နှင့်သာ ရယ် နေကြရတော့၏။ ပရိသတ်၏တဝါးဝါးအသံ မစဲသေးသည်နှင့်အမျှ မခင်သက်တို့တွင် လည်း ခေါင်းမဖော် ဝံ့ကြသေးဘဲ မျက်နှာကို လက်ဝါးဖြင့်ကာလျက် ရှက်ရှက်နှင့်ပင် ရယ်နေကြရတော့၏။
"ကဲ ကျွန်တော် မပြောဘူးလား" ဟု အတာသည် သူ့တွက်ကိန်းမှန်သွားသောကြောင့် ဟန်ကလေး ကျော့ကျော့ဖြင့် မေးလိုက်သေး၏။
အတာလည်း ယင်းသည့်အဖြစ်အပျက်ကို သူ့ဆရာမအား သွက်သွက်ကလေး ရှင်းပြလိုက်၏။ ဆရာမ တွင်လည်း လက်ကိုင်ပဝါလေးထုတ်၍ မျက်ရည်သုတ်ယူရသည်အထိပင် ရယ်မောနေမိပြီးမှ
"သြော် ဒီစာက အဲဒီလို ပြက်ပြောတာကို လိုက်ရေးထားတာဆိုပါတော့"
ဆရာမ လည်း စောစောက အတာ့စာရွက်ကလေး၏ တစ်နေရာကို ထောက်ပြရင်း မေးလိုက်၏။

"ဟုတ်ပါတယ် မမ"
"အဲဒီလို လူပြက်က ပြက်တာကို မင်း သိပ်သဘောကျတာပဲလား အတာ"
"ဟုတ်ကဲ့၊ ကျွန်တော်လေ ရယ်ရတဲ့ လူပြက်ဆိုရင် သိပ်ကြိုက်တာပဲ"
"နို့ အဲသလို လူပြက်က ဆံပင်ရှည်ချင် ဆံစုသာ ဆက်ကြပေတော့လို့ အဆုံးသတ်လိုက်တော့ အဟုတ် ထင်ပြီး မင့်ကိုရေးခိုင်းနေတဲ့ မင်းတို့မမ ဘယ်သူ"
"မမသက်"
"အဲ အဲ့ဒီ မင့်မမသက်ရော ဒိပြင် ခဲတံတို့ ဖောင်တိန်တို့နဲ့ စာရွက်ပေါ် ကူးရေးနေတဲ့ မိန်းမပျိုလေးတွေ ရှက်မသွား ကြဘူးလားကွယ်"
"ရှက်သွားတာပေါ့၊ ကျွန်တော်တို့ မမသက်ဖြင့် အိမ်ကို  ချက်ချင်းပြန်ပြေးတာပဲ"
"အေး အဲဒါ သိပ်ရှက်သွားလို့ပေါ့ကွဲ့"

"ကျွန်တော်ကတောင် ပြောသေးယ် မမရဲ့၊ ဒီ လူပြက်တွေဟာ အကောင်းဘယ်တော့မှ မပြောဘူး၊ မမ တို့ မယုံပါနဲ့လို့ အဲဒါ မရဘူး၊ ကျွန်တော့်ကို ဇွတ်ပဲ ခဲတံနဲ့စက္ကူ ယူခိုင်းတယ်၊ အဲ့ဒါ မမသက်တို့အပြစ်ပေါ့ သူတို့က ယုံတာကိုး"
"ဒီလိုလဲ ဘယ်ဟုတ်မလဲ အတာရဲ့၊ လူပြက်က အတည်နဲ့ပြောတော့လဲ ယုံမိတာပေါ့၊ တကယ်လို့ မမပါ  အဲ့ဒီပွဲမှာရှိရင် ယုံချင်ယုံမိမှာပဲ၊ ဒါပေမဲ့ လူပြက်တွေက ပွဲကြည့်ပရိသတ်ကို ခဲတံယူခိုင်းလား၊ စက္ကူရှာ ခိုင်းလားနဲ့ ဣနြေ္ဒပျက်အောင် လုပ်ဖို့မကောင်းဘူးပေါ့ကွယ်"
"ဒါဖြင့် လူပြက်က အဲသလို ရယ်စရာလုပ်တာ မကောင်းဘူးပေါ့နော် မမ" "ရယ်စရာ လုပ်တာ၊ ပြက်လုံးထုတ်တာကတော့ ကောင်းသားပဲ၊ ရယ်လဲ ရယ်ရပါတယ်၊ ဒါပေမဲ့ အတည် ပေါက်ကြီးနဲ့ ခဲတံ တွေ ဘာတွေ ရှာခိုင်းငှားခိုင်းတာတော့ မကောင်းဘူးကွဲ့၊ ဒါဟာ ပွဲကြည့် ပရိသတ် ကို မလေးစား ရာရောက်တာပေါ့ကွယ်"

ထိုထိုဝေဖန်ချက်များမှာ စင်စစ် အတာ့အဖို့ မြင့်လွန်းနေသည်။ ဉာဏ်မမီနိုင်အောင် ရှိနေသည်မှန်သော် လည်း ဆရာမသည် ထိုအချက်ကို မစဉ်းစားမိ။ သူ့စိတ်ထဲရှိသည့်အတိုင်း ပွဲကြည့်ပရိသတ်အပေါ် မတော်မလျော် ကာယိနြေ္ဒပျက်အောင် အရိုအသေတန်ရကောင်းလားဟူသော မကျေနတ် ချက် ဖြင့် ပြောနေမိဟန်တူ၏။
"ဟေး မြင့်မြင့်၊ စောင့်နေရတာ အတော်ကြာသွားလို့ ပျင်းနေထင်ပါရဲ့၊ ဟုတ်လား" ဟူသော နှုတ်ဆက် သံနှင့် အတူ ဆရာမနှင့် မတိမ်းမယိမ်းအရွယ် မိန်းမပျိုတစ်ဦး အတန်းထဲသို့ ဝင်လာတသည်နှင့် ဆရာမ လည်း အတာ့ စာရွက်ကလေးကို လှမ်းပေးလိုက်၏။

"ကိုယ်လဲ လာတော့ အချိန်မီလာတာပဲ သူငယ်ချင်းရဲ့၊ အရေးထဲကားက စက်ဘာပြုလို့ရယ် မသိပါဘူး၊ လမ်းမှာရပ်ပြီး ပြင်နေတာနဲ့ ခုလို ကြာသွားတာ၊ ကိုယ် သိပ်အားနာတာပဲ"
အဆိုပါ ဧည့်သည် မိန်းမပျိုကပင် ဆက်လက်၍ ပြောနေသောကြောင့်
"ဒီလိုပေါ့ အဆင်မသင့်တဲ့အခါ၊ ကဲ ထိုင်လေ"
"မထိုင်တော့ဘူး၊ လာ ကားနဲ့ပဲ မြင့်မြင့်ကို အိမ်အထိ လိုက်ပို့မယ်၊ ပြောစရာရှိတာလဲ လမ်းမှာပဲ ပြော သွားကြ တာပေါ့ နော်"
ဆရာမကလည်း ဤအစီအစဉ်ကို သဘောတူလိုက်ကာ ခပ်လှမ်းလှမ်းတွင် ထိုင်နေသော အတာက လေးကို အနီးသို့ခေါ်ယူပြီး
"ကဲ မင်းပြန်တော့နော်၊ မမ သူ့ကားနဲ့ပဲ လိုက်သွားတော့မယ်"
"ဟုတ်ကဲ့"
သို့တိုင်အောင် ရုတ်တရက် မပြန်သေးဘဲ သူ့ဆရာမ ကားပေါ်တက်သွားမှပင် ကျောင်းဝင်းအပြင်သို့ အတာ ထွက်လာတော့၏။

ထိုနေ့သည် စနေနေ့ဖြစ်သည့်အတိုင်း ကျောင်းအားသည်နှင့် အတာလည်း စောစောစီးစီးပင် သူ့အဝတ် အစားကလေးများကို ခပ်သုတ်သုတ်လျှော်ကာ ရေချိုးပြီးသည်နှင့် သူ့မေမေရှိရာ ဈေးသို့ ထွက်လာခဲ့၏။ ထိုအချိန်၌ မသိန်းမေလည်း ဈေးဗန်းကို သူ့ရှေ့တွင်ချရင်း သန့်စင်ပန်းများကိုအကောင်းအညံ့များ သီး သန့် ရွေးဖယ်နေသောအချိန်ဖြစ်၍ အတာကလေးအဖို့ အခွင့်ကောင်းကြုံသွားတော့၏။
အကယ်၍သာ အတာကလေးအား ခပ်လှမ်းလှမ်းမှ ကြို၍မြင်ရမည်ဆိုလျှင် "ဘာလဲ၊ ဒါ ထမင်းစားချိန် လား"ဟူသော စကားမျိုးဖြင့် အမှန်ပင် အတာ အငေါက်ခံရမည်ဖြစ်၏။

ယခု အတာရောက်လာသည်မှာ ရှစ်နာရီသာသာမျှသာ ရှိသေးသောကြောင့် အတော်ကြီးစောနေ၏။ သို့သော် သူ ထမင်းဆာ၍ လာခြင်း မဟုတ်။ ထမင်းဖိုးတောင်းရန်လည်း မဟုတ်။ ဤလို စနေနေ့မျိုး၌ ယခု လို စောစောစီးစီးပိုက်ဆံလာ တောင်းလျှင် အဘယ်သို့သော ဘေးဒဏ်နှင့်တွေ့မည်ကိုလည်း သူသိ၏။ ယခုလာသည်မှာ ကောင်း သောရည်ရွယ်ချက်နှင့် လာခြင်းဖြစ်၏။
ယနေ့သည် စနေနေ့ဖြစ်သည့်အလျောက် မသိန်းမေကလည်း ၁၁ နာရီလောက်တွင် မြင်းပွဲသွားမည်ဖြစ် ၏။ သို့မြင်းပွဲသွားတိုင်းလည်း သူ့ဈေးဗန်းကို ဆိုင်နီးချင်းများ အပ်ထားခဲ့ပြီး
"ကြည့်ရောင်းလိုက်ကြပါနော်" ဟု မှာထားခဲ့တတ်၏။ ဤသည်ကို အတာ သိ၏။

ယနေ့ နံနက်က အိပ်ရာမှနိုးနိုးချင်း အတာ စိတ်ကူးရခဲ့သည်မှာ သူ့မေမေ မြင်းပွဲသွားနေသည့်အချိန် အတွင်း သူ့မေမေဆိုင်ကို သူထိုင်၍ ရောင်းပေးမည်ဆိုက သူလည်း မျက်နှာကောင်းရမည်၊ သူ့မေမေ လည်း ရောင်းသင့်သလောက် ရောင်းရမည်ဟု သူတွေးမိ၏။ ကြိုးစား၍လည်း ရောင်းရအောင် ရောင်း မည်။ နောက်ဆုံး သူ့မေမေ၏လိုက်လျောဖော်ရွေမှုဖြင့် ခွင့်ပြုလျှင်ပင် သူအလွန် ဝမ်းမြောက်မည်ဖြစ်၏။
ထိုရည်ရွယ် ချက်ဖြင့် ထွက်လာခဲ့၍ ပန်းများကို ငုံ့ရွေးနေသော မသိန်းမေအနီးသို့ ရောက်သည်နှင့်
"မေမေ မြင်းပွဲသွားရင် ကျွန်တော် ဒီပန်းတွေ ထိုင်ရောင်းနေမယ်နော်"
အတာလည်း မရဲတရဲနှင့်ပင်ပြောရင်း သူ့မေမေရှေ့တွင် ထိုင်ချလိုက်၏။ ဤတွင်မှ မသိန်းမေက မော့ ကြည့် တဲ့ပြီး "နင် ရောင်းတတ်လို့လား"

"ဘယ်အထုပ်က ဘယ်လောက်ရောင်းရမယ်ဆိုတာ မေမေပြောခဲ့ရင် ကျွန်တော် ထိုင်ရောင်းနေမှာပေါ့" ဟု အတာ ကလည်း သွက်သွက်ကလေး ပြန်ဖြေလိုက်၏။
သန့်စင်ပန်းများမှာ တစ်ရာထုပ်၊ ငါးဆယ်ထုပ်စသဖြင့် အခက်များကို ရေတွက်၍ ငှက်ပျောဖက်များဖြင့် ထုပ်ရောင်းကြသည်ဖြစ်သောကြောင့် အထုပ်လိုက် ဈေးနှုန်းပြောရောင်းလျှင် ဘာမျှခဲယဉ်းစရာမရှိ၊ ဤ သည်ကို အတာကလည်း သိ၏။
"အေး ဒါဖြင့် နင် အိမ်မပြန်နဲ့တော့" ထိုစကား ကြားလိုက်ရသည်နှင့် အတာ့ တစ်မျက်နှာလုံးမှာ ပီတိဖြင့် ဖုံးသွားတော့၏။ ယနေ့အဖို့ သူ ထမင်းမစားရသော်လည်း အရေးမကြီး၊ ယခု ခံစားလိုက်ရသော ကြည်နူးမှု အရသာနှင့်ပင် သူ တင်းတိမ် မည်ဖြစ်၏။ ထိုမျှလောက် အတာ ပျော်သွား၏။

"အတာ နင် မခင်သက်တို့ဆိုင် သိတယ်မဟုတ်လား၊ အဲဒီဆိုင်တန်းလမ်းကနေပြီး ဟိုဘက်ရုံထဲကို တည့်တည့်ကြီး ဝင်သွားရင် ငှက်ပျောဖက်ရောင်းတဲ့ ဆိုင်တွေ တွေ့လိမ့်မယ်"
"ဟုတ်ကဲ့၊ ကျွန်တော် သိတယ် မေမေ၊ သရက်သီးသနပ်ရောင်းတဲ့ဆိုင်တွေနားမှာ ဟုတ်လား"
"အေး သွား၊ ငှက်ပျောဖက်တစ်မတ်ဖိုး သွားဝယ်ချည်၊ ကောင်းကောင်းဟာပေးပါလို့ ပြော"
ဇောင်းထဲမှ လွှတ်လိုက်သော မြင်းကလေးပမာ အတာလည်း တစ်ဟုတ်တည်း ထပြေးတော့ ၏။ ပြန် ရောက်သောအခါ၌မူ သူ့ရင်ညွန့်ကလေးမှာ တလှုပ်လှုပ် တရွရွနှင့် လှိုင်းထသလို မောနေ၏။ သို့သော် သူ့မျက်နှာထားမှာ အပြုံးမပျက် အရွှင်ကြီး ရွှင်လျက်ပင်ရှိ၏။

မသိန်းမေလည်း ပန်းများကို အနွမ်းအသန့်ရွေးရင်း ဝယ်သူကိုရောင်းရင်း ဖက်သစ် ဖက်ဟောင်း လဲထုပ် ရင်းဖြင့် ၁၀ နာရီလောက်တွင်
"လာဦး အတာ၊ သေသေချာချာ မှတ်ထားနော်၊ ဒီဘက်က ငါးဆယ်ထုပ်က ခြောက်မူးရောင်း၊ ဒီတစ်ရာ ထုပ်တွေက တစ်ကျပ်စီ၊ ဟောဒီအထုပ်တွေက တစ်ရာစီပဲရှိတယ်၊ ဒါပေမဲ့ နည်းနည်းညံ့လို့ ပြောရောင်း၊ သုံးမတ် စီ၊ အဲဒါ ဘယ်ဟာက ဒီဈေးထက် မလျှော့နဲ့ မှတ်မိရဲ့လား"
"မှတ်မိပါတယ် မေမေ"
"ကဲ ငါသွားမယ်၊ ရော့ ထမင်းဖိုးယူထား၊ ဆာရင် မလှတို့ကို ခဏကြည့်ခိုင်းထားခဲ့ပြီး သွားစားချည်"
ဤလို ချိုသာသော မျက်နှာထားဖြင့် မသိန်းမေက စကားရှည်ရှည်ပြောခဲ့ဖူးသည်မရှိသောကြောင့် အတာတွင် မကြုံဘူးအောင် ဝမ်းမြောက်နေတော့၏။

"မေမေလဲ မြင်းနိုင်လာမယ်၊ ငါလဲ ဒီပန်းတွေ ကုန်သွားအောင် ရောင်းရမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ"ဟူ၍ပင် အတာသည် သားရွှေအိုးထမ်း သဘောမျိုးဖြင့် ရည်စူးရင်း စိတ်ကူး ကလေး ယဉ်နေရှာ၏။
မသိန်းမေ ထွက်သွားသည့်အချိန်မှ ညနေ ၂ ချက်တီးလောက်အထိ ငါးကျပ်နှင့် ခြောက်မူးဖိုးတိတိ အတာ ရောင်းရ၏။ အတာ့ဆုတောင်းကား တစ်ချက်ပြည့်သွားလေပြီ။
"ကြည့်စမ်း၊ ငါ ခဏလေးရောင်းတာ ငါးကျပ်နဲ့ခြောက်မူးတောင်ရတယ်၊ ဒါနဲ့များ မေမေက ဘာလို့ မြင်း ပွဲသွားချင်ရတာလဲ မသိဘူး၊ မြင်းပွဲဆိုတာက ရှုံးချင် ရှုံးမှာ၊ ဒီမှာဈေးထိုင်ရောင်းတာကမှ ကောင်းသေး တယ်"

အတာသည် သူရောင်းရသော ပိုက်ဆံများကို မကြာခဏဆိုသလို ရေတွက်ကြည့်၏။ သို့ရေတွက်ပြီး တိုင်း လည်း သုံးနာရီမျှ ရောင်းရုံဖြင့် ငွေခြောက်ကျပ်နီးပါးရသည်ဖြစ်ရာ ထိုအထဲမှ အနည်းဆုံး တစ်ကျပ် လောက်မြတ်မည်ဟု အတာတွက်နေမိ၏။ ထို တစ်ကျပ် မြတ်သည်မှာ သေချာသောအလုပ် ဖြစ်လျက် မမြတ်သည့် တိုင်အောင်လည်း အရှုံးမရှိ။ ယနေ့ မရောင်း ရသော် နက်ဖြန် ရောင်းနိုင်သေး၏။ ဤမည် သော သန့်စင်ပန်းများမှာ ထားတတ်လျှင် သုံးလေးရက် အထိ မညှိုးမနွမ်းဘဲ လတ်လတ်ဆတ်ဆတ်ရှိ တတ်သည်ကို အတာ သိ၏။ မသိန်းမေသည် ပစ္စည်း တစ်ခုကို အမြဲစွဲ ပုံသေရောင်းလေ့မရှိ။ ဒူးရင်းသီး ပေါ်ချိန်တွင် ဒူးရင်းသီးရောင်း၍ မိုးရာသီဆိုလျှင် ထီး ဆိုသလို ပေါ်ပင်လိုက်၍ ရောင်းတတ်သောကြောင့် မည်သည့်ပစ္စည်းကို မည်သည့်ရာသီတွင် ရောင်း၍ အဘယ် ပစ္စည်း ကို မသိန်းမေ အဘယ်သို့ ပြုပြင် တတ်ကြောင်း အတာ ကောင်းကောင်းသိ၏။

အတာလည်း သူထိုင်ရောင်းနေသော သန့်စင်ပန်းထုပ်များကိုကြည့်ရင်း ပန်းတစ်ထုပ်ရောင်းရလျှင် တစ် မူးတည်းသာ မြတ်သည်ထားဘိဦး ဆယ်ထုပ်ရောင်းရက ငါးမတ်မြတ်မည်ဖြစ်၏။ မြင်းပွဲဆိုသည်မှာ တစ်ခါ တစ်ရံ သူ့မေမေ နှစ်ဆယ်အစိတ်ရှုံးခဲ့သည်ဟုကြားဖူးသဖြင့် မြင်းပွဲဆိုလျှင် အတာ အလွန်မုန်း၏။
"ဘာအသုံးကျ သလဲ၊ ခင်ဗျား မြင်းပွဲက ဟင်၊ ကစားဖို့ ဝင်တယ်ဆိုကတည်းက ဝင်ခ နှစ်ကျပ် ရှုံးနေပြီ" ဟု ကိုထွန်းအောင် မကြာခဏ ပြောဖူးသည်ကို အတာ အမှတ်ရလာ၏။
"ငါ မုန့်ဖိုးတွေ စုသလိုသာ မေမေလဲ ဒီမြင်းရှုံးမယ့် ပိုက်ဆံတွေသာ စုထားရင် သူများတွေလို ဆိုင်ကြီး တစ်ခုတော့ ဖွင့်နိုင်မှာပဲ"

သို့လျှင် သူ့မေမေအတွက် တစ်ဖက်က တွေးလိုက်၊ ပတ်ဝန်ကျင်ရှိ ဈေးသည်များကို ကြည့်ကာ မည်သို့ ပြော၍ မည်သို့ရောင်းပြီး ဝယ်သကို မည်သို့ခေါ်ပုံများကိုပါ အတာသည် ဂရုတစိုက် လေ့လာနေမိ၏။
သူ့ထံသို့ ငွေတစ်ကျပ်တန် လာအမ်းသော ပရုပ်လုံးရောင်းသည့် ကုလားကလေးကိုလည်း အတာသည် သူ့အနီးသို့ခေါ်၍ မေးလားမြန်းလားဖြင့် စုံစမ်းသမှု ပြုနေသေး၏။
"မင်း တစ်နေ့လုံး ပရုတ်လုံး ဘယ်လောက်ဖိုးလောက် ရောင်းရသလဲကွ"
"တစ်ခါ တလေ တစ်ကျပ်ခွဲရတယ်၊ ရောင်းကောင်းတဲ့နေ့မှာနော် နှစ်ကျပ်သုံးကျပ်ဖိုး ရောင်းရတယ်"
အတာနှင့် ရွယ်တူလောက်ရှိသော ပရုတ်လုံးသည် ကုလားကလေးက အတာအား စိတ်ရှည် လက်ရှည် ပြောပြ၏။

"ဒါဖြင့် တစ်နေ့ကို အမြတ်တွေ အများကြီးရမှာပေါ့နော်"
"အများကြီးမရဘူး၊ တစ်ကျပ်ဖိုးရောင်းရရင်နော် သုံးမူးလောက် မြတ်တယ်"
အတာလည်း နောက်ထပ် ဘာမျှမမေးနိုင်တော့ဘဲ သူ့တွက်ကိန်းနှင့် သူ စဉ်းစားခန်းဝင်နေမိ၏။
"တစ်ကျပ်ဖိုးရောင်းရရင် သုံးမူးမြတ်တယ်ဆိုတော့ တစ်နေ့ကို တစ်ကျပ်ခွဲဖိုး ရောင်းရတောင်"ဟု လက် ကလေးချိုး၍ ရေတွက်နေပြီးမှ
"တစ်နေ့ကို ငါးမူးတစ်ပဲမြတ်မယ်၊ မနက်တစ်ပဲ ညတစ်ပဲ ထမင်းစားလိုက်ရင် အိုလေ တစ်နေ့သုံးပဲဖိုး စားတောင် သုံးမူးစုနိုင်မှာပဲ၊ တစ်နေ့ သုံးမူးဆိုတော့ တစ်လကြာရင်"
အတာတွင် သူ့စိတ်ကူးနှင့်သူမြတ်ပြီး ဆိုင်ကြီးတွေပါ အတွေးနှင့်တည်နေတော့၏။ အရောင်းအဝယ်ကို  ည်း သူ စိတ်ဝင်စားလာ၏။ ကျောင်းပညာကို အမြတ်တနိုး လိုလားသည်မှန်သော်လည်း မုန့်ဖိုးကအစ ဆိုသလို အထစ်ထစ်အငေါ့ငေါ့ ရှိနေသောကြောင့် အတာ စိတ်ပျက်ခဲ့သည်မှာ ကြာပြီဖြစ်သည့်အတိုင်း စောစောက ကုလား ကလေး ကဲ့သို့ ဈေးရောင်းရလျှင် ကောင်းလေမည်လားဟု စိတ်ကူးလေးယဉ်နေမိ ၏။

"မင်းကြီးလာရင်ကော ဘာလုပ်မလဲ အတာ"
"ကျွန်တော်ဝတ်လုံလုပ်မယ်"ဟု အတာသည် ကိုထွန်းအောင်အမေးကို ခပ်သွက်သွက်အဖြေပေးခဲ့ဖူး၏။
စနေနေ့ ကျောင်းအားရက်များတွင် ကိုထွန်းအောင်သည် အတာအား မကြာခဏဆိုသလို ရုံးသို့ခေါ် သွားဖူး၏။ ပုလိပ်ရုံးပေါ်တွင် သွားလာနေကြသော ဝတ်လုံကြီးများ ရှေ့နေများကို အတာ အလွန် သဘောကျ၏။ သူ့မျက်စိထဲ၌ ဝတ်လုံကြီးများ ဝတ်ဆင်သည့် ဝတ်ရုံနက်ကြီးများသည် အလွန်ခန့်ညား ထည်ဝါ၍ ကျက်သရေရှိသည်ဟု သူ ယူဆ၏။ သူကိုယ်တိုင်လည်း ဝတ်ချင်လာ၏။
"အဲဒီ ကွတ်အင်္ကျီအနက်တွေနဲ့ လူကြီးတွေက ဘာလဲ ဟင်"
ထိုထိုဝတ်လုံများကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်က အတာသည် ကိုထွန်းအောင်အား ဤလို မေးခဲ့၏။

"အဲဒါ ဝတ်လုံခေါ်တယ်ကွ" ဟု ကိုထွန်းအောင်က သာမန်မျှပင် ဖြေလိုက်သည်ကို
"သူတို့က ဘာလုပ်ရသလဲ ဒီရုံးက စာရေးတွေလား"
"မဟုတ်ဘူးလေကွာ၊ သူတို့က အမှုဖြစ်တဲ့လူတွေကို အမှုက လွတ်အောင် ပြောပေးရတဲ့ လူတွေပေါ့ကွ"
"ဘယ်လိုလဲ၊ သူတို့ပြောပေးရင် ဘာမှုမဆို လွတ်တာပဲလား"
ထိုမေးခွန်းအတွက် ကိုထွန်းအောင် အတော်ကလေး ဦးနှောက်ခြောက်သွားခဲ့ရ၏။

ဆက်ရန်
.

No comments: