(အတာက သို့လျှင် စကားပလ္လင်ခံနေသည်ကို
"ဟဲ့ ဒါတွေပြောနေဖို့တောင် မလိုဘူး အတာ၊ မင့်အကြောင်း တို့သိသားပဲဟာ၊ ကဲ ဆိုစမ်းပါဦး ဘာဖြစ် တာလဲ"
"ဒီလိုပါ ဒေါ်ဒေါ်မေ၊ ခုန ကျွန်တော့်ဟာ ကျွန်တော် ကွမ်းလာဝယ်တာကို ခင်စိုးလှက တံတွေးနဲ့ လှမ်း ထွေး တယ်"
"ဟေ ဟုတ်လား၊ မင်း ဘယ်နေရာပေသွားသလဲ") ကို ဆက်ဖတ်ရန်....

ထိုမေးခွန်းကြောင့် ဝါးခနဲ ပွဲကျသွားတော့၏။ အတာတွင်လည်း ရှက်ပြုံးကြီး ဖြစ်သွားရာမှ
"ဒါက စကားအဖြစ်ပြောတာပါ ဒေါ်ဒေါ်မေ၊ ဆိုလိုတာက ကျွန်တော့်ကို စောင်းပြီး တံတွေးထွေးတာကို ပြောတာပါ"
"သြ သြ"
"အဲဒါ တစ်ခါမဟုတ်ဘူး ခင်ဗျ၊ အသွားရော အပြန်ရော နှစ်ခါစလုံး ဒီနားရောက်တိုင်း ကျွန်တော့်ကို စောင်းပြီး တံတွေးနဲ့ထွေးတယ်၊ ဒါပေမဲ့ ကြုံကြိုက်သွားလို့ ဖြစ်မှာပဲဆိုပြီး ကျွန်တော် ဘာမှမပြောဘူး၊ နောက်တစ်ခေါက် ကွမ်းလာဝယ်တော့လဲ သူ အသွားရော အပြန်ပါ နှစ်ခါစလုံး ဒီလိုပဲ တံတွေးနဲ့စောင်း ထွေးလို့ ကျွန်တော် စိတ်ဆိုးပြီး ဘာလို့ ဒီလိုလုပ်ရသလဲမေးတော့"
"အေး ခင်စိုးလှက ဘာပြောသလဲ"
"ကျွန်မ ဘာလုပ်လို့လဲတဲ့ ဗြောင်လိမ်တယ်"
"နို့ သူက မင်းကိုထွေးတာမဟုတ်ဘူးလို့ ပြောသလား"
"ဒီလိုတော့ မပြောဘူး၊ တံတွေးထွေးတာတော့ သူ အမှန်ပဲ၊ ဒါပေမယ့် တံတွေးအကြောင်း ထည့်မပြော ဘူး၊ ဒီကတည်းက သူ မူမမှန်လို့ဖြစ်မှာပဲ"
ဤတွင် ဒေါ်ဒေါ်မေက ခင်စိုးလှဘက်သို့ လှည့်ကြည့်လိုက်ရင်း
"ဟဲ့ အတာပြောတာ ဟုတ်သလား ခင်စိုးလှ၊ ဟင်"
"မ မဟုတ်ပါဘူး"
ခင်စိုးလှသည်လည်း သို့လျှင် ရှက်အမ်းအမ်း အမူအရာဖြင့် ထစ်တငေါ့ငေါ့ဖြေလိုက်စဉ်
"တံတွေးတော့ ထွေးမိတယ်ဆိုပါတော့၊ ဟုတ်လား"
"ဟင့်အင်း မထွေးပါဘူး၊ ကျွန်မ... "
"နင် အလကားမိန်းမပဲ၊ အမှန်ကို ဝန်ခံရဲတဲ့သတ္တိ မရှိဘူး"
အတာလည်း ခင်စိုးလှအား ဤလို ခပ်ဆတ်ဆတ်ပြောလိုက်ပြီးမှ ဒေါ်ဒေါ်မေဘက်သို့လှည့်ကာ
"ဒီမှာ ဒေါ်ဒေါ်မေ၊ သူ့ကိုမေးလို့တော့ ဇွတ်ငြင်းနေမှာပဲ၊ ဒါပေမဲ့ ကျွန်တော်သိတယ်၊ သူထွေးတာ အမှန် ပ၊ ခု ဒီမှာ ထိုင်နေကြတဲ့ မိန်းကလေးတွေဟာ အားလုံးလိုလိုပဲ ကျွန်တော့်ကို ခင်မင်ကြတယ်၊ လေးစား ကြတယ်၊ ခင်ခင်မင်မင်မရှိတောင် သူ့လိုတော့ မိုက်မိုက်ရိုင်းရိုင်းလုပ်မဲ့ မိန်းကလေးတစ်ယောက်မှ မပါ ဘူး၊ ခင်စိုးလှတစ်ယောက်သာ ကျွန်တော့်ကို မျက်မုန်းကျိုးနေတယ်၊ ဘာကြောင့်ဆိုတာတော့ ကျွန်တော်လဲ မသိဘူး ခင်ဗျ"
အတာသည် ဒေါ်ဒေါ်မေအား မျက်နှာမူရင်း ပြောနေရာမှ ဤတွင်စကားကို ရုတ်တရက်ရပ်၍ ခင်စိုးလှ ဘက် တစ်ချက်လှည့်ကြည့်လိုက်သေး၏။ အတာ့နည်းတူပင် ဒေါ်ဒေါ်မေကပါ အကဲခတ်သလိုဖြင့် ခင်စိုးလှဘက်သို့ မျက်လုံးရောက်သွားသည်တွင်
မျက်နှာမဖော်ဘဲ ခေါင်းလည်းမဖော်ဘဲ လက်သည်းချင်းကုတ်၍ မလှုပ်မရှက် ငြိမ်သက်နေသော ခင်စိုးလှ အမူအရာမှာ အတာ၏စွပ်စွဲချက်ကို ရာလုံးပြည့် ဝန်ခံသကဲ့သို့ ရှိနေ၏။
"အေး၊ မင်းကို သူက မျက်မုန်းကျိုးနေတယ်ဆိုတာ အကြောင်းတော့ ရှိလိမ့်မယ်ထင်တယ်၊ မင်းကများ ခင်စိုးလှ ကို"...
ဒေါ်ဒေါ်မေ စကားမဆုံးမီပင်
"ပေးချင်တဲ့သစ္စာပေးပါ ဒေါ်ဒေါ်မေ၊ ဒီလမ်းထဲ ကျွန်တော်ရောက်တာ ရှစ်နှစ်ရှိပါပြီ၊ ကနေ့အထိ ခင်စိုးလှ ကို စကားလဲမပြောဖူးပါဘူး၊ သူ့ကိုနောက်ဖို့ ပြောင်ဖို့ဆိုတာဘဲ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါ ဘူး၊ မယုံရင် မျက်နှာ စုံညီ ခုပဲ မေးကြည့်ပါ"
"ကဲ ကဲ သွားတော့ အတာ၊ ဒေါ်ဒေါ်မေ ကြည့်ဆုံးမမယ်၊ ဒီကောင်မလေးတွေကလဲ တော်တော်ခက် တာပဲ" ဟု ဒေါ်ဒေါ်မေက ညည်းညည်းညူညူ ပြောလိုက်သဖြင့် အတာလည်း ဒေါ်ဒေါ်မေအား ခပ်ရို့ရို့ နှုတ်ဆက်ပြီး ထွက်လာခဲ့၏။
ဤကိစ္စ ဖြစ်ပျက်ခဲ့ပြီးနောက် သုံးရက်မြောက်သောနေ့တွင် ခင်စိုးလှတို့၏အခိုင်းအစေတစ်ဦးဖြစ်သော အေးချိုမှတစ်ဆင့် အတာ့ထံသို့ စာတစ်စောင်ရောက်လာ၏။
ကိုတာ
ဟိုတစ်နေ့က ဒေါ်ဒေါ်မေတို့ဆိုင်ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ မှန်တဲ့အတိုင်းပြောရ ရင် ကျွန်မ တော်တော်ပဲ ရှက်သွားတယ်။
ကိုတာ စွပ်စွဲတဲ့အတိုင်း ဟိုနေ့က တံတွေးထွေးတယ်ဆိုတာ မှန်ပါတယ်။ ပြီးတော့ ကိုတာပြော သွားသလို ကျွန်မ ကိုတာ့ကို မျက်မုန်းကျိုးနေတယ်ဆိုတာလဲ ကျွန်မ မငြင်းပါဘူး၊ ဒါပေမဲ့ အလကား သက်သက်မဲ့ မျက်မုန်းကျိုးတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။
တစ်ဦးမေတ္တာ တစ်ဦးမှာဆိုတဲ့စကားလိုပေါ့ ကျွန်မ မျက်မုန်းကျိုးတာဟာ ကိုတာက ကျွန်မကို ကြည့်လို့ မရဘူး၊ မျက်စိနောက်တယ်၊ ပျံတန်တန် နန့်တန့်တန့်နဲ့ မိန်းမမပီသဘူး ဘာညာနဲ့ ကွယ်ရာမှာ ပြောတယ် မဟုတ်လား၊ ကိုတာပြောသမျှစကားတွေ ကျွန်မ အကုန်ကြားပါတယ်ရှင်။
အမှန်အတိုင်း ထုတ်ပြောရရင် ကျွန်မအကြောင်းကို ကွယ်ရာမှာ ကိုတာက ဘာပဲပြောပြော ဘယ်လိုပဲ ပုတ်ခတ် ပုတ်ခတ် အဲဒီစကားတွေ ကိုဘဆွေက အကုန်လာလာ ပြောတာပဲ။
အဲဒီလို ကိုတာက ကျွန်မကို ပျံသလေး နန့်သလေး မျက်စိနောက်သလေးနဲ့ ပြောပြောနေတယ် ဆိုတော့ ကျွန်မကတော့ ကိုတာ့ကို မျက်မုန်းမကျိုးဘဲ နေမလား၊ ကိုတာပဲ စဉ်းစားကြည့်ပါဦး ကဲ။
ကျွန်မရေးချင်တာကတော့ ဒါပါပဲ၊ ကျွန်မ ကိုတာ့ကို မျက်မုန်းကျိုးနေတယ်ဆိုတာ အဲဒီလိုအ ကြောင်းကြောင့်ပဲလို့ ကိုတာ သိစေချင်တာနဲ့ ဒီစာကို ရေးလိုက်တာပါပဲ။
ကိုတာက အဲသလို ပြောတယ်ဆိုတာကော ဟုတ်ပါသလား၊ ကျွန်မ သိချင်ပါတယ်၊ မဟုတ်ပါ စေနဲ့လို့လဲ ကျွန်မ ဆုတောင်းပါတယ်။
ကျွန်မလဲ ကိုတာ့ကို မျက်မုန်းမကျိုးချင်ပါဘူး၊ ကျွန်မကိုလဲ ကိုတာက ပျံတန်တန် နန့်တန့်တန့် အစားထဲကလို မထင်စေချင်ဘူး ပြောလဲ မပြောစေချင်ဘူး။
(ဒီစာကို ဘယ်သူ့မှ မပြပါနဲ့လို့ တောင်းပန်ပါတယ်)။
ခင်မင်စွာဖြင့်
ခင်စိုးလှ
ထိုစာကို အတာသည် နှစ်ကြိမ်တိုင်နိုင် ပြန်ဖတ်၏။ ပြီးလျှင် စာရွက်ကလေးကို အသာခေါက်၍ အိတ်ထဲ ထည့်လိုက်ပြီးမှ တွေတွေဝေဝေနှင့် တစ်စုံတစ်ရာကို စိတ်ရှည်လက်ရှည် စဉ်းစားနေပြန်၏။
မှန်သည်။ ခင်စိုးလှရေးလိုက်သည့်အတိုင်း အတာသည် ခင်စိုးလှအား မြင်ပြင်းကန်ခဲ့၏။ ဤသည်မှာ အခြားကြောင့်မဟုတ်။ ရပ်ကွက်ထဲရှိ မိန်းမပျိုများအနက် ခင်စိုးလှနှင့် အခြားသော မိန်းကလေး တစ် ယောက် နှစ်ယောက်လောက်သာ ဂါဝန်ဝတ် သီလရှင်ကျောင်းတွင်နေကြပြီး ကျန်ဆယ်လောက်သော မိန်းကလေး များမှာမူ မြို့မမိန်းကလေးကျောင်းစသည့်ကျောင်းများတွင် မျှနေကြ၏။ ဂါဝန်ဝတ်ကျောင်း တွင် နေကြသည့် မိန်းကလေးသုံးယောက်အနက်တွင်လည်း နှစ်ယောက်မှာ ဆယ်နှစ် ဆယ့်နှစ်နှစ်ရွယ် ကလေးများသာဖြစ်လျက် ခင်စိုးလှတစ်ဦးတည်းသာလျှင် ဆယ့်ခြောက်နှစ်ရွယ်ဖြစ်၏။
ကျောင်းကလည်း ဘိုကျောင်း၊ စကားလည်း ဘိုလိုသာပြောရသောကြောင့် တစ်ကြောင်း၊ ခေတ်က လည်း ဘိုကို အထင်ကြီးနေကြသောကာလဖြစ်သည့် အားလျော်စွာ ခင်စိုးလှမှာလည်း ကျောင်းသူချင်း တည်း ဟူသော ပတ်ဝန်းကျင်၏ရောင်ပြန်ဟပ်မှု (ဝါ) တံငါနားနီတံငါ ဟူသကဲ့သို့လည်းကောင်း၊ အသက်အရွယ် ကလည်း ငယ်သေးသူဖြစ်သည်နှင့်အမျှ မိန်းမသားလည်းဖြစ်သောကြောင့် ဂုဏ်နှင့် အထင်ကြီးခံလိုမှုတွင် ယစ်မူးနေသဖြင့်လည်းကောင်း၊ ချမ်းသာကြွယ်ဝသောမိဘနှစ်ပါး၏ တစ်ဦးတည်း သော သမီးကလေး ဖြစ်သည့်အတိုင်း အလိုလိုက် အကြိုက်ဆောင်ခြင်းကို ခံယူနေရသဖြင့်လည်း ကောင်း၊ ကျောင်းတက်သည့် အချိန်များတွင်သာမဟုတ် ကျောင်းမှပြန်လာသည့်အခါ၌လည်း ဘိုဝတ်စုံ ကို မချွတ်၊ ဂါဝန်ကလေး တကားကား ဖြင့် ဥဒဟို လမ်းသလားနေတတ်၏။
ဤမျှလောက်ဖြင့်ဆိုလျှင် အတာသည် ခင်စိုးလှအား ဘာမျှမြင်ပြင်းကတ်စရာမလို၊ အတာကလည်း မြင်ပြင်း ကတ်လိမ့်မည် မဟုတ်ပေ။
ထိုစဉ်အချိန်က လက်ရှိခေတ်မှာကဲ့သို့ ဒူးပေါ် ပေါင်ပေါ် ရေကူးဝတ်စုံဝတ်၍ လူပရိသတ်အလယ်တွင် မယ် အရွေးခံဝံ့ရန် မဆိုထားဘိ၊ မိန်းမပျိုများအဖို့ သလုံးသားကလေး ပေါ်သွားမည်ကိုပင် အတော်ကြီး စိုးရိမ် ရှက်ကြောက်တတ်သော ခေတ်ဖြစ်၏။
ယင်းသို့သော ခေတ်မျိုးတွင် ဂါဝန်ကလေးတိုနန့်နန့်နှင့် သွားလာနေတတ်သော ခင်စိုးလှကိုကြည့်ရ သည်မှာ ခေတ်အခြေအနေ မျက်စိနောက်စရာဖြစ်နေ၏။ ကျောင်းတက်ရာတွင် ဝတ်ဆင်ရန်အတွက် ကျောင်းက သတ်မှတ်ပေးသည်မှာ နက်ပြာရောင်ဂါဝန်တစ်မျိုးတည်းသာ ဖြစ်သော်လည်း ခင်စိုးလှကမူ ဂါဝန် ကို မျိုးစုံအောင် ချုပ်ထား၏။ ကျောင်းသွားစဉ် နက်ပြာကိုဝတ်၍ ကျောင်းပြန်ချိန်နှင့် အခြားသော ပိတ်ရက် များတွင်မူ မြန်မာပီပီဝတ်ဆင်ထာသော မိန်းမပျိုများထဲတွင် ခင်စိုးလှတစ်ဦးတည်းသာ ဂါဝန် ရောင်စုံထည်လဲ ဖြင့် မျက်စိနောက်စရာ တကားကားဖြစ်နေတော့၏။
ခင်စိုးလှ သည် ချိုင်းအိုးကိုပါ အတိုင်းသားမြင်ရတတ်သော ဂါဝန်လက်ပြတ်ကိုလည်း ဝတ်ဆင်တတ် သေး၏။ ထိုင်ရာတွင်လည်း ဘိုစတိုင် ဘိုမများကဲ့သို့ ခြေချိတ်၍ ထိုင်တတ်ပြန်သောကြောင့် ဝတ်ထား သည့် တိုနန့်နန့် ဂါဝန်နှင့် ဆိုသော် အဘယ်လိုကြည့်၍မျှ အမြင်မလျော ဖြစ်နေပြန်၏။ ဤသည်ကို အတာ စက်ဆုတ် ၏။
တစ်ဖန် ခင်စိုးလှသည် ဣနြေ္ဒမရ ခြေတစ်ဖက်ဆတ်တောက်နှင့် ဘောက်ဆတ်ဆတ်ပြေးရင်းသွားတတ် ၏။ လွှားခနဲ ကားခနဲ ခုန်ပေါက်၍ တတ်တတ်၏။ အတာ အမုန်းဆုံးသော အပြုအမူမှာ အခြေအနေ နိမ့် ပါး သူများကို အဖက်မတန်သလို ဆက်ဆံတတ်သော ခင်စိုးလှ၏အမူအရာပင်ဖြစ်၏။
ထိုထိုသော အကြောင်းများကြောင့်ပင် အတာသည် ခင်စိုးလှအား ကြည့်မရနိုင်ဖြစ်နေခဲ့၏။ ကစားဖော် ယောကျာ်း သူငယ်ချင်းများနှင့် စကားစပ်မိတိုင်းသည်။
"ဒီငတိမလေးတော့ ငါ့မျက်စိထဲမှာ နည်းနည်းမှ ကြည့်လို့မရဘူး"
"ကြည့်လို့သာမရတာ မင်း သူ့ကိုရရင်တော့ ယူမှာပဲမဟုတ်လား"ဟု တစ်ယောက်သာ သူငယ်ချင်းက မေးလိုက်သည် ကို
"စိတ်ချပါ ဘဆွေ၊ ခင်စိုးလှကိုတော့ ငါ ပိုးလဲမပိုးဘူး၊ ရအောင်လဲ မကြိုးစားဘူး၊ ငါနဲ့လဲ မတန်ပါဘူးကွာ မင်းသာ မိနစ်ပိုင်းရှိသလောက် စိတ်ချလက်ချ ပိုးပါ၊ သူ့ကိုပိုးတဲ့အထဲမှာတော့ ငါမပါဘူးဆိုတာ စိတ် သာချ"
ခင်စိုးလှ၏ပေးစားထဲ၌ ကွယ်ရာမှာ ကိုတာကက ကျွန်မအကြောင်းတွေ ဘာပဲပြောပြော ဘဆွေက ကျွန်မဆီ သတင်းလာပေးတာပဲ၊ ဘဆွေဟူသော စာပိုဒ်တစ်ပိုဒ်ပါလာသည်ဖြစ်ရာ ဤမည်သော ဘဆွေ သည်ပင် ခင်စိုးလှအား သဲသဲမဲမဲ ပိုးပန်းနေသူဖြစ်ဟန်ရှိလျက် သူသည်ပင် အတာပြောသမျှ စကားများကို ခင်စိုးလှ အား မျက်နှာလို မျက်နှာရ ဖောက်သည်ချနေဟန်တူ၏။
မည်သို့ပင်ဖြစ်စေ ခင်စိုးလှ၏စာကို ဖတ်ပြီးသည်၏အဆုံး၌မူ အတာသည် သူ့အမှားကို သူသတိရလာ၏။
အကယ်တိ ခင်စိုးလှသည် ထို့ထက်မက ကာယိနြေ္ဒမဲ့ ဝတ်ဆင်နေသည်ဖြစ်စေ၊ ပျံချင်တိုင်းပျံ၍ နန့်ချင် တိုင်း နန့်နေစေကာမူ အတာသည် မြင်ပြင်းကတ်က မကြည့်ဘဲနေရုံသာရှိသည်။ ဝစီကံမြောက် မှိုချိုး မျှစ်ဖဲ့ ကဲ့ရဲ့ စရာ ဘာမျှအကြောင်းမရှိ၊ ယင်းသည့်အချက်ကို အတာသည် ကွက်ခနဲ တွေးမိလာ၏။ ဤ သည်မှာလည်း ခင်စိုးလှ၏စာရမှပင် ဖြစ်၏။
သို့နှင့်အတာသည် စာတစ်စောင်ကို ချက်ချင်းပင် ကောက်ရေးတော့၏။
မခင်စိုးလှ
ပေးစာကိုရတဲ့အတွက် ကိုယ် အတော်ပဲစိတ်မကောင်းဖြစ်သွားမိတယ်။ မခင်စိုးလှ ရေးလိုက်တဲ့ အတိုင်းပဲ ကိုယ်ပြောမိဆိုမိတာတွေကို ဝန်ခ့ပါတယ်။
မခင်စိုးလှကို ကြည့်လို့မရဘူး၊ မျက်စိနောက်တယ်လို့ ကိုယ်ပြောမိတာတွေဟာလဲ အမှန်က တော့ မခင်စိုးလှရဲ့အနေအထိုင်ရော ဝတ်ပုံစားပုံတွေပါ ဣနြေ္ဒမရဘူးလို့ ထင်တဲ့အတွက် ပြောမိဆိုမိ တာပဲ၊ အဲဒါ ကိုယ် မှားတယ်။
မခင်စိုးလှရေးလိုက်သလို တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုတဲ့စကားဟာ အင်မတန်မှ လေးနက်တဲ့ စကား ဆိုတာ ခု ကိုယ်သေသေချာချာ သိပါပြီ၊ ဟုတ်တယ်၊ မခင်စိုးလှ ရေးလိုက်သလိုပဲ ကိုယ်က မခင်စိုးလှကို ပုတ်ခတ်တဲ့ စကားတွေပြောမိတာကို မခင်စိုးလှ ကြားရရင် ဘယ်ကျေနပ်လိမ့်မလဲ၊ အမှန် ဒေါသဖြစ်မှာပဲ၊ ဒါကြောင့် မခင်စိုးလှကလဲ ကိုယ့်ကို မျက်မုန်းကျိုးတာ ဖြစ်မှာပေါ့။
အဲဒါ ကိုယ်က မေတ္တာမဲ့လို့ မခင်စိုးလှကလဲ ကိုယ့်အပေါ် မေတ္တာမရှိတာ ဖြစ်မှာပဲ၊ ဟုတ်လိမ့် မယ်၊ ကိုယ်ငယ်ငယ်က ကိုယ်တို့အဘိုး ပြောပြဖူးတဲ့ မေတ္တာအကြောင်းကို မခင်စိုးလှရဲ့စာရမှပဲ ပြန်ပြီး သတိရမိသေးတယ်။
ဘယ်လိုလဲဆိုတော့ ရှေးတုန်းက တောကြီးမျက်မည်းထဲမှာ တရားအားထုတ်နေတဲ့ ဦးသီလဆို တဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ တပည့်ဘိုးသူတော်တို့ဟာ တစ်ညတော့ ချမ်းလွန်းအားကြီးတာနဲ့ မီးလှုံနေ ကြသတဲ့။ အဲဒီအခိုက်မှာ ကျားကြီးတစ်ကောင်ကလဲ မီးလာလှုံသတဲ့။ အဲဒီကျားကြီးဟာ မီးလှုံရင်းနဲ့ သူ့ပါးစပ်ကြီး ဖြဲဖြဲပြီးသမ်းတာကို ဘိုးသူတော်ကကြည့်ပြီး "တယ် ဒီကောင်ကြီး အလကားသမ်းသမ်းနေ တယ်၊ ပါးစပ်ထဲ မီးစကြီးထိုးထည့်လိုက်ရ"လို့ စိတ်ထဲက ရေရွတ်လိုက်မိတာကို ကျားကြီးက ဘိုးသူတော် ကိုကြည့်ပြီး သွားတဖြဲဖြဲနဲ့ မာန်ဖီပြသတဲ့။
အဲသလို ကျားက မာန်ဖီတာဟာ ဘိုးသူတော်က အရင်စိတ်နဲ့ မတရားပြစ်မှားလို့ ဆိုတာကို ဘုန်းတော်ကြီးက သိသတဲ့၊ ဒါနဲ့ ချက်ချင်းပဲ "ဟဲ့ သူတော်၊ စိတ်ကိုငြိမ်ငြိမ်ထားမှပေါ့"လို့ ဘုန်းတော်ကြီး က မိန့် တော်မူသတဲ့။
ခု ကိုယ်ရေးလိုက်တဲ့အတိုင်း စိတ်နဲ့မေတ္တာမဲ့တာတောင် အဲသလို အကျိုးယုတ်ရင် ဝစီကံ မြောက် ကိုယ် ပြောမိ ပုတ်ခတ်မိတယ်ဆိုတော့ မခင်စိုးလှ စိတ်ဆိုးမယ်ဆို ဆိုးစရာပေါ့။
နောက်ဆုံးမှာ မခင်စိုးလှ ဘယ်လို ဝတ်စားလို့ ဘယ်လောက်ပဲ အနေအထိုင် မိန်းမမပီသနဲ့ဦး၊ ကိုယ် ဒီလို မပုတ်ခတ်သင့်ဘူး၊ အမြင်မတော်ရင် မျက်နှာလွှဲနေရုံပဲရှိတယ်၊ အဲဒီတော့ ကိုယ့်အမှားကို ဝန်ခံပါတယ်၊ ပြောမိဆိုမိတာတွေလဲ တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပါ၊ နောက်နောင်ကို ကိုယ်မပြော တော့ပါဘူး၊ ကတိပေးပါတယ်။
ခင်မင်စွာပါပဲ
အတာ
သို့လျှင် လွန်ခဲ့သော တစ်နှစ်ကျော်ကျော်လောက်က ခင်စိုးလှနှင့်ပတ်သက်၍ ကြုံတွေ့ခဲ့ရသော အဖြစ် သနစ်များကို အတိုချုပ် အကျဉ်းရုံး၍ အလောသုံးဆယ် တွေးလိုက်၏။ သို့တွေးနေရာမှပင် စောစောက အေးချိုကလေး ပြောလိုက်သောစကားကို ယုတ္တိရှိ မရှိ သုံးသပ်နေမိပြန်၏။
အတာသည် အရပ်ထဲရှိ မိန်းမပျိုကလေးများအပေါ်၌ ဖြူစင်သောစိတ်ထားဖြင့် ခင်မင်သည်၊ သန့်သန့် ရှင်းရှင်း ဆက်ဆံသည်။
"ဒီကောင်လေးဟာ မိန်းကလေးတွေနဲ့ပတ်သက်ရင်တော့ အင်မတန် ရိုးသားတဲ့သူငယ်ပဲ"ဟူသော ရပ်မိ ရပ်ဘများ၏ ထောမနာချက်ကို လေးလေးနက်နက် တန်ဖိုးထား၍ ခံယူခဲ့သူဖြစ်၏။ ထိုဂုဏ်ကိုလည်း သူ အလွန်မြတ်နိုး၏။
ခင်စိုးလှ၏မိဘ မောင်ဘွားများကပါ စကားစပ်မိတိုင်း အတာ့ဂုဏ်ပုဒ်ကို ထုတ်ဖော်ချီးကျူးခဲ့ကြရ၏။ ခင်စိုးလှအဖို့၌လည်း ထိုချီးကျူးသံကို နားငြီးမတတ် ကြားပြီးရင်း ကြားနေခဲ့ရ၏။ သို့သော် ဆိုခဲ့ပြီးသော အကြောင်းကြောင်းတို့ကြောင့် အတာ့အပေါ်၌ မျက်မုန်းကျိုးနေသော ခင်စိုးလှအဖို့၌ ထိုချီးမွမ်းသံကို အရသာခံ၍ ရချင်မှ ရပေလိမ့်မည်။ အတာ့အား သူ အမုန်းကြီးမုန်းနေခဲ့သည် မဟုတ်ပါလော။
နောက်ဆုံး အပြန်အလှန်ပေးစာအရ ခင်စိုးလှနှင့် အတာတို့ ကျေရာကျေကြောင်းနှင့် ကောင်းမြတ်သော ဆက်ဆံရေး သို့ ရှေ့ရှု့ခဲ့ကြပြီမှန်သော်လည်း အတာသည် အများသောအရပ်ထဲမှ ကာလသားများနည်း တူ ခင်စိုးလှ အပေါ်၌ ကြိုက်သောစိတ်မျိုး မမွေးခဲ့။ ချစ်ရေးဆိုရန်လည်း ယောင်၍မျှ ထည့်စဉ်းစားမိခြင်း မရှိ။
သို့လျှင် ချစ်ရေးငင်ကာ အမူအရာမျိုးဖြင့်သော်မှ ခင်စိုးလှအား မကြည့်ခဲ့ဘူးပါလျက်
"ကိုတာကကော မမစိုးကို ဘာကြောင့် စာမပေးတာလဲတဲ့၊ မမစိုးက မေးခိုင်းတယ်"ဟူသော စကားမျိုး ကို ကြားလိုက်ရသည်၌ အတာတွင် အတော်ကလေး ဗျာများသွားတော့၏။ သို့ကလို ဗျာများသွားရ သည်မှာလည်း စင်စစ် အေးချိုပြောစကားကို ကြားခဲ့ရပြီးသည့်နောက် အိမ်ပေါ်ရောက်၍ ကရွတ်ကင်း လျှောက် တွေးနေမိမှသာလျှင် ဦးနှောက်ခြောက်မတတ် အစဉ်းစားရကြပ်နေခြင်းဖြစ်၏။
အမှန်အားဖြင့်ဆိုသော် ဤလိုစိတ်အိုက်၍ ဘာမျှခေါင်းငိုက်စိုက်နှင့် တွေးနေစရာမလို၊ သူ၏ပင်ကိုသ ဘောကို အေးချိုအား ပြောခဲ့ပြီးပြီဖြစ်၏။
"ငါ ဘာပြုလို့ စာပေးရမလဲ၊ သူ့ကိုမှ မကြိုက်တာ"
အကယ်တိ အတာသည် ခင်စိုးလှအပေါ်၌ လူပျိုဘဝ မရိုးသားသည့်စိတ်မျိုး အရိပ်အရောင်မျှရှိလျှင်ပင် ဤကဲ့သို့သော စကားဖြင့် ပြတ်ပြတ်သားသား ပြောလိမ့်မည်မဟုတ်။ သို့ပြောခဲ့သည့်အတိုင်းပင် အတာ သည် ခင်စိုးလှအပေါ်၌ ရိုးသားခဲ့၏။ ရိုးသားသည်ဆိုရာတွင်ပင် သာမန်ရိုးသားပုံမျိုးမဟုတ်ဘဲ ခင်စိုးလှ အား အခြားသော မိန်းမပျိုတစ်ယောက်နှင့် ယှဉ်၍ ကြိုက်ရာကို ရွေးခိုင်းအံ့။ အတာသည် လှသော ချောသော ခင်စိုးလှကိုပယ်၍ အရုပ်ဆိုးသော် ဆိုးစေ၊ အခြားသော မိန်းကလေးကိုသာ ရွေးမည်ဖြစ်၏။
ဆိုခဲ့ပြီးဖြစ်သော အကြောင်းကြောင့်တို့ကြောင့်ပင် အတာသည် ခင်စိုးလှအပေါ်၌ ချစ်ကြိုက်သောစိတ် မျိုး လုံးဝ မွေးမြူခဲ့ခြင်းမရှိသဖြင့် ရိုးသားသည်ဆိုသော စကားထက်ပင် အတာသည် ခင်စိုးလှအပေါ်၌ ပြတ်သား၏။ ထို့ကြောင့်ပင်
"သူ့ကို ငါ ချစ်မှ မချစ်ဘဲ၊ နင့် မမစိုးက မေးရင်လဲ ဒီလိုပဲပြောတယ်လို့ ပြောလိုက်"ဟု တိကျသောအဖြေ ကို ဝမ်းထဲရှိသည့်အတိုင်း ပေးခဲ့ပြီးဖြစ်ပါလျက် အတာသည် အဘယ်သို့သော အကြောင်းကြောင့် ခေါင်းရှုပ်ခံ၍ စဉ်းစားနေရပါဘိသနည်း။
ခင်စိုးလှသည် လမ်းထဲရှိ မိန်းမပျိုများအထဲတွင် အချောဆုံး အလှဆုံးဖြစ်၏။ ထို့ကြောင့်ပင် ကာလသား ထုက သူ့အာ (ရပ်ကွက်၏အလှဘုရင်မ)ဟူသော ဂုဏ်ပုဒ်ဖြင့်ပင် ခေါ်ဝေါ်သမုတ်နေကြ၏။ ဤလို ချော သော လှသော ငွေကြေးလည်း ချမ်းသာသော မိန်းမပျိုတစ်ယောက်က အံ့ဘွယ်ဘနန်း ချစ်စကား ကမ်း လှမ်းလာသည့် သတင်းမျိုးကို ကြားရသည်၌ အတာသည် အနည်းနှင့်အများ တုန်လှုပ်မိပေမည်သာ။
အထူးသဖြင့် အရပ်ထဲရှိ ကာလသားအပေါင်းတို့၏ပေးစာကို မကြာခဏ ရဖူးနေပါလျက်နှင့် ခင်စိုးလှ သည် မည်သူ့ကိုမျှ ချစ်တုံ့မပြန် ဟန်မပျက်နေနိုင်ခဲ့ပြီး အတာနှင့်ကျကာမှ သူကပင် စတင်၍ ချစ်ရေးကို ငင်လာသည်မှာ အတာ့အဖို့ စဉ်းစားစရာဖြစ်နေ၏။
စဉ်းလည်း စဉ်းစား၏။ အတာသည် အတန်ကြာအောင် တွေးနေပြီးမှ တစ်စုံတစ်ရာကို အတိအကျ ဆုံး ဖြတ်လိုက်သည့်ပမာ ကြည်ကြည်သာသာကြီး ပြုံးလိုက်၏။
"သူဟာ ငါလိုအကောင်နဲ့ မတန်ပါဘူးလေ"
နှုတ်ဖျားမှပင် အသံထွက်လာအောင် အတာသည် ပီပီသသကြီး ရေရွတ်လိုက်ရင်း ထိုင်ရာမှထ၍ ဦးထုပ်ပျော့ ကလေး ဆွဲဆောင်းကာ အိမ်ပေါ်မှ ဆင်းသွားတော့၏။
မဟာဗန္ဓုလပန်းခြံ အနောက်တောင်ဘက် အပေါက်မှ ခပ်သုတ်သုတ် လှမ်းဝင်လာသော အတာကို မြင် လိုက်ရသည်နှင့် ပန်းခြံအတွင်း၌ ကရစ်ကက်ရိုက်ကစားနေကြသော လူငယ်တစ်စုသည် ရုတ်တရက် အကစားရပ်ရင်း အတာဆီသို့ စုပြုံပြေးလာကြပြီး
"တို့ဖြင့် မင်းမပါလို့ ကစားရတာ စိတ်တောင်မရှိဘူး"ဟူ၍လည်းကောင်း
"အေးကွ။ အတာ မပါတော့ ပျင်းကပ်ကပ်ကြီး၊ မင်းက ဘာလို့လိုက်မလာတာလဲ အတာကြီး၊ ဟင်"ဟူ၍ လည်းကောင်း
တစ်ယောက်တစ်ပေါက်ပြောရင်း အတာအား ဝိုင်း၍ ဆွဲနေကြသောကြောင့် အတာတွင် ဘာပြောရမည် မသိဘဲ ပြုံးကာရယ်ကာနှင့်ပင် ဝိုင်းဆွဲနေကြသော သူငယ်ချင်းနှစ်စုအကြားတွင် ထိုဘက် ဤဘက် တစ်ပြန်စီ ယိမ်းနေတော့၏။
"မင်းတို့ တစ်ဖက်လေးယောက်စီ လူညီနေပြီပဲကွာ၊ ငါ ဘေးကထိုင်ကြည့်ပါ့မယ်၊ မင်းတို့ဟာ မင်းတို့ပဲ"
"ဟာ မရဘူး၊ တို့ဘက်က ငါ ထွက်ပေးမယ်၊ မင်း ဝင်ကစား"ဟု မောင်မောင်က ပြောလိုက်သည်နှင့်
"ဒီလိုဆို တို့ဘက်ကလဲ ငါထွက်ပေးမှာပေါ့"ဟု လှမောင်ကလည်း အားကျမခံ ပြောလိုက်ပြန်သဖြင့် အတာ တွင် ရုတ်တရက် မကြံတတ်အောင် ဖြစ်နေရပြန်၏။
"ဒါဖြင့် ဒီလိုလုပ်ကွာ၊ ငါဝင်ကစားတဲ့ဘက်က လေးယောက်ပဲထား၊ ဟိုဘက်ကို ငါးယောက်ပေး ကစား ရမယ်၊ သဘောတူမလား"
"တူတယ်၊ လာ တို့ဘက်ကို အတာကြီးလာ၊ ဟိုဘက်က ငါးယောက်က စား"
ဤတွင်လည်း နှစ်ဖက်စလုံးကပင် အတာကိုသာ မရအရ ဆွဲနေကြပြန်သဖြင့်
"ကဲ ဒီလိုဆိုရင် မင်းတို့နှစ်ဖက် မျောက်ပန်းလှန်ကြကွာ၊ နိုင်တဲ့ဘက်က ငါပါမယ်"
ဤသည်မှာ အတာ၏ဝါဒဖြစ်၏။ နှစ်ဖက်စလုံးက ကျေနပ်အောင် ဤလိုနည်းမျိုးသုံးခဲ့ရသည်မှာ အကြိမ် ပေါင်း မရေမတွက်နိုင်အောင်ပင် ဖြစ်၏။ ထို့ကြောင့်ပင်လျှင် အတာအား သူငယ်ချင်းများက ချစ်ခင် လေးစားကြ၏။
အတာပါသောဘက်မှ လေးယောက်နှင့် တခြားတစ်ဖက်မှ ငါးယောက်တို့ ယှဉ်ပြိုင်ကစားကြပြီး၍ ပွဲသိမ်းသောအခါ၌ အတာတို့ဘက်မှပင် ပိုပိုသာသာ အနိုင်ရရှိခဲ့၏။ ဤသည်မှာလည်း အတာ၏ကျွမ်း ကျင်မှုကြောင့် ဖြစ်၏။
အတာမှာ အဘယ်သို့သော ပါရမီနှင့် မွေးဖွားလာခဲ့သည်မသိ၊ အစစအရာရာ၌ ရွယ်တူချင်းယှဉ်လိုက် လျှင် သူကသာ အရည်အချင်းသာနေတတ်၏။ ရံဖန်ရံခါဆိုသလို လူလတ်ပိုင်းနှင့်သာဆိုင်သည့် ကိစ္စ ပင်ဖြစ်စေ အတာသည် အရွယ်နှင့်မလိုက်အောင် ထူးချွန်စွာ ဆောင်ရွက်တတ်ချေသေး၏။
နေမွန်းတည့်ချိန် ကစားပွဲသိမ်း၍ ပြန်ခဲ့ကြရင်း ရောက်တတ်ရာရာ ပြောဆိုလျှောက်လာကြရာမှ
"ဟေ့ အတာကြီး၊ မနက်က အေးချိုနဲ့ စကားပြောနေတာ ဘာကိစ္စလဲကွ၊ အချစ်ပြဿနာလား"ဟု မောင်မောင်က ကောက်ကာငင်ကာ မေးလိုက်သောကြောင့်
"ခဲယဉ်းသားပဲကွာ၊ ခင်စိုးလှနဲ့ ငါနဲ့ဆိုတာ ဘယ်လိုမှ မျက်နှာချင်းဆိုင်မရတာ မင်းတို့လဲ အသိသားနဲ့"
အတာသည် နံနက်က အေးချိုနှင့် လမ်းလယ်ကောင်တွင် စကားပြောခဲ့ကြစဉ်ကတည်းက တစ်ယောက် ယောက်သော သူယ်ချင်း၏အမေးကိုခံရတော့မည်ဟု တွက်မိထားသည့်အတိုင်း မည်သို့ဖြေရမည်ကို ကြိုတင် ပြင်ဆင်ထားခဲ့၏။ ထို့ကြောင့်ပင် ယခု သူ သွက်သွက်လက်လက် အဖြေပေးနိုင်ခဲ့၏။
"အေး အဲသလို တစ်ယောက်နဲ့တစ်ယောက် မကြည့်ချင်အောင် မုန်းနေတဲ့ လူပျို အပျိုဟာ တစ်နေ့ချစ် မိရင် အသည်းစွဲဖြစ်သွားတတ်တယ် ဆရာ"
"တော်စမ်းပါ မောင်မောင်ရာ၊ အေးချိုနဲ့ပြောတဲ့စကားက ဒီနေ့ ဥပုသ်နေ့မဟုတ်လား၊ အဲဒါ ဒေါ်ဒေါ်အေး တို့ ည ဘုရားသွားကြမှာမို့ ထုံးစံအတိုင်းပေါ့ကွာ၊ ငါ့ကို ပန်းဝယ်ပေးဖို့ လာပြောတာပါ"
ဤတွင်မှ မောင်မောင်ရော အခြားလူငယ်များပါ အတာ့အပေါ် သံသယကင်းသွားကြ၏။ အတာလှိမ့် လိုက်ပုံကလည်း အချက်ပိုင်လှတော့၏။ ရပ်ကွက်ထဲတွင် အတာသည် အသွက်လက် အချက်ချာဆုံး သော လူငယ်တစ်ယောက်ဖြစ်သည့်အတိုင်း တစ်စုံတစ်ရာကိစ္စရှိလျှင် အတာ့ကိုသာ ခေါ်လေ့ရှိကြ၏။
အဘယ်သို့သောပစ္စည်းမျိုး ဝယ်လိုသနည်း၊ အတာသည် အနည်းဆုံးဈေးဖြင့် အကောင်းဆုံးရအောင် ဝယ်ပေးနိုင်၏။ မည်သည့်အရပ်သို့ ခိုင်းမည်နည်း၊ အိမ်နံပါတ်ပင် ပြောစရာမလို၊ လူအမည်နှင့် အလုပ် အကိုင် နေသည့်လမ်းပြောရုံဖြင့် မရအရ ကိစ္စပြီးအောင် ဆောင်ရွက်တတ်၏။
ခင်စိုးလှနှင့် အတာတို့သည်သာ တစ်ယောက်နှင့်တစ်ယောက် သူဘု ငါဘောက်ဖြစ်နေကြသော်လည်း ခင်စိုးလှ ၏ မိခင် ဒေါ်ဒေါ်အေးအဖို့၌မူ အတာသည် လက်စွဲတော်ဖြစ်၏။
ဒေါ်ဒေါ်အေးသည် သို့လျှင် မီးဖိုဆောင်ပစ္စည်း ဝယ်ခြမ်းသည်ကအစ အတာ့အား ပထမဆုံး စုံစမ်းသေး ၏။ အတာကလည်း မရရအောင် စုံစမ်းဝယ်ယူပေးလေ့ရှိ၏။ ဤသည်ကို မောင်မောင်အစရှိသော သူ ငယ်ချင်းများက သိ၍လည်း အတာ၏အကြောင်းပြချက်ကို ယုံကြည်သွားကြ၏။
"ပြောမဲ့သာ ပြောတာပါကွာ၊ တကယ်လို့များ မင်းနဲ့ ခင်စိုးလှနဲ့သာ စွံသွားကြရင် ကိုယ်တို့တော့ ကျွမ်း ပစ်ပြီးတော့ ဝမ်းသာမှာပဲ"
မောင်မောင်ကပင် စကားစလာပြန်သဖြင့်
"အေး ရန်ကုန်မြစ်ကြီးသာ ခန်းပြီးခြောက်ရင် ခြောက်သွားမယ်၊ ခင်စိုးလှနဲ့ ငါ မျက်နှာကြောတည့်ဖို့က တော့ အိုကွာ၊ ငါက ကုန်ကုန်ပြောမယ် မောင်မောင်၊ သူက စပြီး ချစ်ပါရစေလို့ပြောတောင် ငါက မချစ် ပါရစေနဲ့ တောင်းပန်မှာပဲ၊ သူဟာ ငါလိုအကောင်နဲ့ မတန်ပါဘူး"
"သူကလဲ ချစ်ပါရစေလို့ ပြောမှာမဟုတ်ပါဘူးကွာ"
ရယ်ရယ်မောမောနှင့် ဘဆွေက သို့လျှင် ဝင်၍ ပြောလိုက်သဖြင့် အတာလည်း ဘဆွေအား ချာခနဲ လှည့်ကြည့်လိုက်၏။ အဘယ်သို့သော စိတ်ထားဖြင့် ဘဆွေပြောလိုက်သည်ကို အတာသိ၏။ သို့သော် အပြုံးမပျက်၊ ရွှင်ရွှင်ချိုချို မျက်နှာထားနှင့်ပင်
"ဟုတ်ပါတယ် ဘဆွေရာ၊ သူကလဲ ချစ်ပါရစေလို့ စပြောမှာမဟုတ်ပါဘူး၊ ငါဟာ သူလို ဥစ္စာပေါ ရုပ်ချောနဲ့ တန်တဲ့အကောင်မှ မဟုတ်ဘဲ၊ ဒါလဲ ငါ ဝန်ခံထားပြီးပါရောလားကွာ"
အကယ်၍ ဤနေရာ၌ အတာမဟုတ်ဘဲ အခြားတစ်ယောက်ယောက်သာဖြစ်ပါက ခင်စိုးလှ၏စာကို ထုတ်ပြ ကာ အရသာကို မြိန်မြိန်ရှက်ရှက်ခံရင်း မျက်နှာထား တင်းတင်းနှင့် အနိုင်ယူမိမည်မှာ သေချာ သလောက် ဖြစ်၏။
ယင်းသို့သော အပြုအမူ စိတ်နေသဘောမျိုး မရှိသောကြောင့်ပင် အတာသည် ထူးခြားနေ၏။ အရွယ် နှင့်မလိုက်အောင် လူကြီးဆန်သောကြောင့် တစ်နည်းအားဖြင့် အချို့သော လူကြီးများထက်ပင် သိုသို သိပ်သိပ် နှင့် စိတ်ကို ထိန်းနိုင်သောကြောင့် အတာသည် ပို၍ထူးခြားသော သတ္တဝါကလေးလို ဖြစ်နေ တော့၏။
ဆက်ရန်
.

2 comments:
ဖတ်သွားပြီ ညီမရေ ကျေးဇူးပါနော်။
ဆက်ရန်မျှော်နေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စိတ်ဝင်စားဖို့ ကောင်းလာပြီ... ဆက်ရန်ကို မျှော်နေပါတယ် အစ်မ...
Post a Comment