ရထားပေါ်ကလူများ - ၎
ဆင်ခြေဖုံးသွား ရထားစီးသည့် အချိန်သည် ကျွန်တော်၏ စာဖတ်ချိန်ဖြစ်သည်။ ဖြစ်ခဲ့သည်။ ဖြစ်နေသည်။ ဖြစ်နေ ဦးမည်။ ဆင်ခြေဖုံးသွား ရထားစီးခရီးသည် အများစုမှာ ကာယ၊ ဥာဏကို ရောင်းချ အသက်မွေးသူ များဖြစ်သလို ကျွန်တော်သည်လည်း ကျွန်တော်၏ ဦးနှောက် (ဥာဏ)ကို ရောင်းချကာ အသက်မွေး ၀မ်းကျောင်း နေရသူဖြစ်သည်။ ကျွန်တော် အယ်ဒီတာလုပ်သည်။ စာရေးသည်။
ဆင်ခြေဖုံးသွား ရထားစီးခရီးသည်တွေမှာ ခေါင်းရွက်ဗျတ်ထိုးဈေးသည်တွေပါသည်။ လက်သမား၊ ပန်းရံ၊ ကုန်ထမ်း ကာယလုပ်သားတွေပါသည်။ အရောင်းစာရေး၊ ကွန်ပျူတာစာစီစာရိုက်၊ ရုံးစာရေး၊ ကျောင်းဆရာ၊ ဆရာမ စသည့်ဥာဏလုပ်သားတွေပါသည်။
သို့တိုင် ကြည့်မြင်တိုင်ဘူတာရောက်သည်နှင့် ဈေးသည်နှင့် ကာယလုပ်သားတွေသာ အများစုဖြစ်လာ တတ်သည်။ ကျွန်တော်သည် ရထားစီးခရီးသည်တွေ ကျပ်ညပ်နေသည့်ကြား လူတစ်ကိုယ်စာ လေဟာနယ် လေးမှာ ထိုင်နေသည်။ ဆူညံအော်ဟစ် ပွက်လောရိုက် အသံဗလံပေါင်းစုံ အလုံးကြီးကြားမှာ ကျွန်တော့် စိတ်တွေ ကျပ်ညပ်နေသည်။ အောက်ဆီဂျင်ကိုသာ အနည်းငယ် ရှူရှိုက်ရင်းပေါ့။ ဆိုလိုသည်မှာ ဘ၀ ၏ နေထိုင်မှုပုံစံဟောင်းထဲမှာ မျောပါနေမိသည်။
ဘယ်သူမှ မမြင်နိုင်အောင်
သူတို့ ပုန်းနေခဲ့ကြတယ်
တစ်ကောင်
အနာဂတ်စက်ဝိုင်းရဲ့
ဗဟိုချက်မှာ
ဒုက္ခဆင်းရဲကို ပုန်း
တစ်ကောင်က
အချိန်တြိဂံရဲ့
အတွင်းထောင့်ကျဉ်းကျဉ်းထဲမှာ
အမှန်တရားကို ပုန်း
တစ်ကောင်က
ဘုရားသခင်ရဲ့
ဂါထာတော် တစ်ပုဒ်ထဲမှာ
သေခြင်းကို ပုန်း ...
ကျွန်တော်သည် ကဗျာဆရာ မောင်ရှင်စော၏ "အရိုင်းတူရိယာ" ဆိုသော ကဗျာစာအုပ်ကို ဖတ်လာ ပါသည်။ ရထားက ဘူတာစဉ်တွေမှာ ရပ်လိုက်၊ ဆက်ထွက်လိုက်။ ကျွန်တော်ကလည်း ကဗျာစာအုပ်ကို ဖတ်လိုက်၊ တွေးနေလိုက်။ ရထားဈေးသည်တွေကလည်း လက်မှတ်စစ်တွေ တွဲပေါ်တက်လာလျှင် ပျောက်သွားလိုက် (ပုန်း ရှောင်နေလိုက်)။ လက်မှတ်စစ်တွေ ပျောက်သွားလျှင် သူတို့ (ရထားဈေးသည်) ပြန်ပေါ်လာလိုက်။ ဆူညံသံပေါင်းစုံကို ကျော်လွှားပြီး သူတို့ပစ္စည်းကို အော်ဟစ်ကြော်ငြာရောင်းချ။
ဒါ ...
သံသရာကြီးဆိုတာလား။
ကမ္ဘာဆုံးသည်ထိ
ပုန်းနေဦးမယ့်
ပုရွက်ဆိတ် သုံးကောင်
ငါတို့ ဦးခေါင်းတွေထဲ မီးရထားတစ်စီးလို
ခုတ်မောင်းနေကြ
ပုရွက်ဆိတ်လှလှ သုံးကောင်
...တဲ့။
လောလောဆယ်တွင် ပုန်းခိုနေသော ၈ျပိုး (ကြမ်းပိုး) တစ်ကောင်သည် ခုံတန်းလျားပေါ်တက်လာပြီး ကျွန်တော့်ကို တိုက်ခိုက်နေလေသည်။ ကျွန်တော်သည် သူတို့ကို တွန်းလှန်တိုက်ခိုက်ဖို့ထက် သူတို့ ပုန်းကွယ် တိုက်ခိုက်နေတာကို ဘယ်လို ကာကွယ်ရမှန်းပင်မသိ။ တင်ပါးကို ရှေ့တိုးလိုက်၊ နောက်ဆုတ် လိုက်၊ ကြွလိုက်၊ ငြိမ်လိုက်။ ယားယံတော့ တဗျင်းဗျင်း ကုတ်လိုက်နှင့် မျောက်တစ်ကောင်နှင့် တူနေ ပါသည်။ ကျွန်တော် သတိထားမိတော့ ကျွန်တော့်ရှေ့တွင် ဘယ်အချိန်က ရောက်နေမှန်းမသိသော မွေးရာပါ (ဟုထင်သည်။) အကြောဆွဲရောဂါသည် လူငယ်တစ်ယောက်ရပ်နေသည်။ သူ့မျက်လုံးများက အထက်ကပ်လိုက်၊ အောက်စိုက်လိုက်၊ ဘေးရွှေ့လိုက်နှင့်ရှိသည်။
တစ်ခါတစ်ခါ သူရယ်လိုက်သည်ဟုထင် သော်လည်း အကြောဆွဲသောကြောင့် ပါးစပ်ရွဲ့သွား မှန်းနောက်မှ သိရသည်။ သူ့လက်များက အငြိမ်မနေ။ ကောက်ကွေးသွားလိုက်၊ လိမ်ဖယ်သွားလိုက်နှင့် ရှိသည်။ သူက စပို့ရှပ် အပြာဖြူစင်းကို ၀တ်ထားသည်။ ခြေထောက်မှာ ဝေါကင်းရှူးအပေါစားကို ၀တ်ထားပြီး လျှာထိုးဦးထုပ် အနီရောင်လေးဆောင်းထားသည်။ အသားအရေက ခပ်ဖျော့ဖျော့ အ၀ါရောင် ဖြစ်သော်လည်း သူ့ဘေးမှာ ရပ်နေသော သူ့မိခင် (နောက်မှသူတို့ ပြောစကားအရ မိခင်မှန်းသိရသည်)မှာ ကတ္တရာပုံး ကို ထဘီပတ်ထားသလို မည်းမည်း၀၀ မိန်းမတစ်ယောက် ဖြစ်သည်။ သူတို့သားအမိမှာ ဘုရားလမ်း ဘူတာ သို့မဟုတ် လမ်းမတော် ဘူတာလောက်မှ တက်လာပုံရပါသည်။ (သူတို့ပြောစကား အရ ခန့်မှန်းနိုင်သည်။)
သူတို့သားအမိ ဟံသာဝတီဘူတာလောက်ရောက်တော့ ကျွန်တော့်ဘယ်ဘက်ဘေးတွင် နေရာရသွားပါ သည်။ ကျွန်တော်လည်း သူတို့နေရာရသည့်အတွက် စိတ်ချမ်းသာသွားသည်။ ဘာကြောင့်ဆို သူတို့ သားအမိ က မတ်တတ်ရပ်လျက် မြေပဲပြုတ်ဝယ်စားရာ ကိုဟစ်ဟော့ (သူအကြောဆွဲပုံက တစ်ခါတစ်ခါ ဟစ်ဟော့ သမားတွေ ကတာနှင့် ဆင်တူပါသည်) လေးမှာ မြေပဲခွံကို ပါးစပ်နှင့် ကိုက်ခွာလိုက်၊ အခွံတွေ ထွေးချလိုက်၊ လက်မှပြုတ်ကျလိုက် ကျွန်တော့်ရှေ့ သိပ်နီးကပ်နေရာ အခွံတွေ ထွေးထုတ်တာ တွေကို ကျွန်တော့် ပေါင်ပေါ်တဖွားဖွား ကျရောက်နေသည်။ သူ့အမေက တစ်ခါတော့ ပြောည်။ " ဟဲ့ ... လူကြီး ပေါ် ကျကုန်ပြီ၊ အားနာစရာ" သို့တိုင် သူ့အမေမှာ ဘာမှမတတ်နိုင်သလို ရှိသည်။ ကျွန်တော့်အဖို့ လည်း ဗွေယူရအခက် နှင့် အမှိုက်ပုံးဘ၀ရောက်နေပါသည်။ သူတို့နေရာရသွားတော့ ကျွန်တော် အမှိုက်ပုံး ဘ၀မှ လွတ်မြောက် သွားသည်။ ဒါကြောင့် သူတို့သားအမိနေရာရသွားသည့်အတွက် ကျွန်တော့် စိတ်ချမ်း သာ သွားသည်။ ၀မ်းမြောက်ဝမ်းသာပင် ဖြစ်သွားရပါသည်။
ရထားကြီးကတော့ သူ့တာဝန် မပြီးမဆုံးချင်း ဆက်သွားနေသည်။ ခရီးသည်တွေက ပြောရလျှင် လှည်းတန်း ဘူတာမှစ၍ အခြေခံလူတန်းစား ဆင်ခြေဖုံးမြို့စွန်နေ ခရီးသည်တွေတဖြည်းဖြည်း ပြည့်ကျပ် လာသည်။ ထိုအထဲတွင် ကျွန်တော့် ညာဘက်ဘေးရှေ့တွင် ဘယ်အချိန်က ရထားပေါ် တက်လာခဲ့မှန်း မသိရသော အသက် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ခပ်နွမ်းနွမ်း မိန်းမကြီးမှာ ၀တုတ်တုတ် ကလေးမလေး ကို တစ်ဖက်က ချီပိုး၊ တစ်ဖက်က ကြိမ်လက်ဆွဲခြင်းကြီးကို ဆွဲလျက်ရပ်နေသည်။ အမြင်မတော် သော ကျွန်တော့် ညာဘက်ဘေးက ကလေးအမေမှာ (သူ့ကလေး ၄/၅ နှစ်ခန့်က ထိုင်ခုံမှာ ထိုင်နေ၏) ထိုကလေး ကို လှမ်းယူကာ ပေါင်ပေါ်တင်ချီပိုးလိုက်ပါသည်။ ထိုအခါ သူ့သမီးက သူ့အမေ ပေါင်ပေါ် ထိုင်နေသော အသားမည်း ၀တုတ်ကလေးကို တွန်းဆွဲရင်း မထိုင်ဖို့ ဆန့်ကျင် ကန့်ကွက် နေသည်မှာ ဆူညံနေသည်။ ရထားတွဲပေါ်မှာလည်း လေဟာနယ်အတော်နည်းလာပြီ။ လူတွေက တုတ်ချောင်း တွေ ထောင်ကာ စီးထား သလိုတွဲထဲမှာ။
" အဲဒါဆို သမီးနေရာ သူ့ကိုပေးထိုင်၊ သမီးက အမေ့ပေါင်ပေါ်ထိုင်" ဆိုလည်း ပြောမရပါ။ ကလေးကတော့ သူ့အမေရင်ခွင်ထဲ သူစိမ်မ၀င်စေချင်တာ သဘာဝကျပါသည်။ ထိုအသားမည်း ၀တုတ်ကလေးခမှာ သူ့ကို ဆွဲဖယ်နေသော ကလေးမကိုကြည့်ရင်း ပထမတော့ ကြောက်ရွံ့နေပါသေးသည်။ နောက်တော့ ညီမလေး ဟု သူကခေါ်ကာ လက်ကမ်းလိုက်တော့ ဆွဲဖယ်နေသော ကလေးမမှာ ငြိမ်သွားပါသည်။ ကျွန်တော်သည် ထိုအဖြစ်ကို လည်းကောင်း၊ အသားမည်းဝတုတ်ကလေးကိုလည်းကောင်းကြည့်ရင်း အသားမည်း ၀တုတ် ကလေး၏ စည်းရုံးရေးသဘောနားလည်တတ်ကျွမ်းမှုကို မအံ့သြဘဲ မနေနိုင်ပါ။ ခုံပေါ် ထိုင်နေသော ကလေး မှာ အလွန်ဆုံးအသက် ၅ နှစ်ထက်မကျော်၊ အသားမည်းဝတုတ်ကလေးက ခြောက်နှစ် ခုနစ်နှစ်လောက် ရှိမလားဘဲဟု ခန့်မှန်းမိသည်။ သို့တိုင် အသားမည်းဝတုတ်ကလေး၏ မျက်နှာ လေးမှာ ကလေး မျက်နှာ နှင့် မတူဘူးဟု ကျွန်တော် ထင်နေပါသည်။ ဂါဝန်လေးဝတ်ထားပြီး အရပ် အမောင်းက နှစ်ပေခွဲ ထက်မပို။
နောက်တော့ ထိုင်ခုံပေါ်က ကလေးမနှင့် ကြည်ဖြူသွားကာ နှစ်ယောက်အတူထိုင်ခုံမှာ ထိုင်ခွင့်ရသွားပါ သည်။ ကျွန်တော်က ကျုံ့ပေး၊ ကလေးအမေက ကျွန်တော့်ဘက် တိုးပေးနှင့် ကလေးနှစ်ယောက်ထိုင်လို့ရ အောင် နေရာချဲ့ပေးရသည်။ နောက်တော့ အသားမည်းဝတုတ်ကလေးမကို သူ့မိခင်အဘွားအိုက တစ်လုံး ချိုင့်တွင် ထည့်ယူလာသော ထမင်းကို ကျပ်ညပ်နေသော ခရီးသည်တွေကြားမှာပင် ထမင်းခွံ့ ကျွေးနေပါသည်။ အသားမည်းဝတုတ်ကလေးမက စကားတွေ တဖောင်ဖောင်ပြောနေသည်။ သူနှင့်အတူ ထိုင် နေသော ကလေးမလေးကို ထမင်းခွံ့ကျွေးဖို့ သူ့မိခင်ကို ပြောနေသည်။ ထိုကလေးမလေး က ငြင်းကာ သူ့မိခင်ပေါ် ဖက်တက်နေသဖြင့် မိခင်က ပေါင်ပေါ်တင်လိုက်ရသည်။
အသားမည်း ၀တုတ်ကလေးမမှာ ကလေးနှင့်မလိုက်အောင် စကားဖောင်ဖွဲ့နေသည်။ ကလေးမလေး ပေါင် ပေါ် တင်ထားသော ကလေးအမေနှင့်လည်း ဘယ်သွားမှာလဲ၊ ဘယ်မှာနေတာလဲ၊ အဒေါ့်သမီးက ချစ်စရာ လေး၊ ကျောင်းနေပြီလား၊ ဘယ်ကတတ်လာတာလဲဟု ရထားပေါ်စသည်ဖြင့်။ သို့နှင့် ကလေးအမေက အသားမည်း ၀တုတ်ကလေးမလေး၏ မိခင်အဘွားအိုကို မေးလိုက်သည်။
" အဒေါ့်သမီးက သိပ်စကားတတ်တာပဲနော် ဘယ်နှနစ်သမီးလဲ" ဟု မေးတာကြားရတော့သည်။ ထို အသားမည်း ၀တုတ်ကလေး၏ အသက်ကို ကျွန်တော်လည်း စိတ်ဝင်စားနေပါသည်။
" ဆယ့်လေးနှစ်သမီး ရောက်နေပြီ။ လူကညှက်နေလို့ "
ကျွန်တော် အံ့သြသွားပါသည်။ ကျွန်တော့်ဘေးက ကလေးအမေလည်း အံ့သြသွားပုံရပါသည်။ ကျွန်တော် အသားမည်း ၀တုတ်ကလေးကို အသေအချာကြည့်မိသည်။ မျက်နှာဝိုင်းဝိုင်းညိုညိုက နည်းနည်းတော့ ရင့်နေပြီ။ သို့တိုင် အပျိုပေါက်အရွယ် မျက်နှာမျိုးမဟုတ်။ အသားမည်းဝတုတ်ကလေး၏ ခန္ဓာကိုယ်သည် အချိန် နှင့် ကာလကို ချုံ့ထားနိုင်သော အစွမ်းရှိထားပုံရသည်။ အသိဥာဏ်လည်းချုံ့ထားပုံရသည်။ အပျိုမ လေး တစ်ယောက်၏ အသိဥာဏ်မျိုး ရှိပုံမရ။ ကလေးအသိဥာဏ်ထက်လည်း နည်းနည်းမြင့်နေပုံရသည်။
ရပ်ပြီး ထမင်းခွံ့နေသော အမျိုးသမီးကြီးမှာ အရွယ်ရမှ သည်ကလေးကို မွေးခဲ့သဖြင့် ဘူးသီး အမွေးသတ်သလို ဖြစ်ခဲ့သည်လား။ နောက်တော့ ကလေးအမေတွဲပေါ်က ဆင်းသွားသဖြင့် အသားမည်း ၀တုတ်တို့သားမိ နေရာရသွားပါသည်။ ရထားကြီး ဆင်ခြေဖုံးမြို့တွေဘက် နစ်ကျွံဝင်ရောက် သွားလေ ရထားစီးခရီးသည်တွေ အုံကျင်းဖွဲ့လာလေဖြစ်သည်။ ရထားဈေးသည်တွေကတော့ လူတွေကြား တိုးဝှေ့ဈေးရောင်းလို့ ကောင်းနေဆဲဖြစ်သည်။ ရထားဝန်ထမ်း၊ လက်မှတ်စစ်တို့လည်း ဆင်ခြေဖုံးရပ်ကွက် တွေထဲ ရထားကြီးတိုးဝင်လာသောအခါ ပျောက်ကွယ်ဆင်းကျန်ရစ်ခဲ့လေပြီ။ နေလုံးကြီးအနောက်ကမ္ဘာထဲ နစ်ဝင် သွားပြီဖြစ်လို့ အပူချိန်လည်း ရထားတွင်းမှာ ကျဆင်းသွားနေပြီ။
ကျွန်တော့်ဘယ်ဘက် ဘေးခုံမှ ဟိုဟစ်ဟော့မှာ ကျွန်တော့်ဘေးမှာ လှုပ်လှုပ်ရွရွထိုင်လိုက်လာရင်း ၇ထား ဈေးသည် များထံမှ စားစရာတစ်ခုပြီးတစ်ခု ၀ယ်စားနေသည်။
ထိုစဉ် ကွမ်းယာသည် လူငယ် (အသက် ၂၀ ၀န်းကျင်) တစ်ယောက်သည် ကျွန်တော့် မျက်စောင်းထိုး လောက် မြင်ကွင်းတွင် သူ့ကွမ်းယာဗန်းကို ထိုင်ခုံခရီးသည်တစ်ဦးအား ပေးကာ လူကြားမှာ ထိုင်ချလိုက်ပြီး သူ့ အင်္ကျီအတွင်းမှ ဟင်းဖုန်း (လက်ကိုင်ဖုန်း) ကိုထုတ်ကာ ခေါင်းငုံ့၍ စကားပြောနေတာကို ကျွန်တော် တွေ့ လိုက်သည်။ ကျွန်တော် အံ့သြသွားပါသည်။ ကျွန်တော် အယ်ဒီတာစာရေးဆရာမှာ ဟင်းဖုန်း၊ အိမ်ဖုန်း၊ ဘာဖုန်း မှ မကိုင်နိုင်သော်လည်း ကွမ်းယာသည်ပင် ဟင်းဖုန်းကိုင်နေနိုင်သဖြင့် ကျွန်တော့်မှာ ၀မ်းသာ ရမလို၊ ၀မ်းနည်းရမလို ဖြစ်သွားပါသည်။
ညနေခင်း ထဲ လူတွေကို အပြည့်အကျပ် တင်ဆောင်ကာ ရထားကြီးကတော့ တရွေ့ရွေ့ နှင်နေလေသည်။
၂၀၁၀၊ ဇလိုင်၊
စတိုင်သစ်မဂ္ဂဇင်း။
.
No comments:
Post a Comment