Sunday, March 4, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၇)

(၅)

မနက် ၅း၃ဝ နာရီတွင် ယင်းမာပင်ဘူတာကို ရထားဆိုက်ရောက်ပါသည်။ ယင်းမာပင်မှာ ကားလမ်း ဖြတ်တာ ကိုလည်း တွေ့၏။ ထိုမှစ၍ တောင်တက်ခရီး စတင်ပါသည်။ စိမ်းပြာမှိုင်းဝေ သည့် တောင်တန်း အနိမ့်အမြင့် အဆင့်ဆင့်များ၊ တောင်ယာခင်းများ၊ နက်ရှိုင်းသော ချောက်များ။ ရင်ထဲမှာ လန်း နေပါသည်။ ကိုထွန်းဝင်ငြိမ်း၊ လင်းထင်၊ ကိုခါးတို့ သားအဖတွေ ဖိုတိုဂရပ်ဖာတွေဖြစ် ကုန်လေသည်။ တစ်ခါ တစ်ရံ ရှမ်းအိမ်စုလေးတွေ။ တိုင်းရင်းသားတို့တောင်ပေါ်ရထားကို ငေးမောလို့။
မနေ့က တစ်နေ့လုံး မြေပြန့်ရထားပေါ်မှာ စိတ်မောခဲ့ရတလောက် သည်မနက်တွင် လုံးဝလန်းဆန်း ပျော်ရွင် နေပါတော့သည်။ ၆း၄၅ နာရီတွင် ရေပူဘူတာ။ ၇း၃ဝ နာရီတွင် လယ်ပြင်ဘူတာ။ တောင်ပေါ် ဘူတာလေး တွေက အဆင်းအတက် ကျဲပါးလှပါသည်။ လယ်ပြင်မှ ၇း၃ဝတွင် နာ မည်ကျော် ပထမလွန်းထိုး ကို တက်ရောက်ပါသည်။ တောင်ခါးပန်းရံ အနေအထားအရ ကွေ့ပတ်သွား လို့ မရသဖြင့် လွန်းထိုး ဖောက်ထားခြင်း ဖြစ်သည်ကို တွေ့ရပါသည်။ သဘောကတော့ တောင်နံရံ တစ်ဘက်ထဲမှ ဇစ်ပုံ ဖောက်လုပ်ခြင်း ဖြစ်သည်။

၈း၅ဝ နာရီတွင် ခွေးရုပ်ဘူတာကိုရောက်သည်။ ကျွန်တော်တို့ နံနက်စာ ဘာမှမစားရသေးပါ ခွေးရုပ်ဘူတာ တွင် ထမင်းရောင်းချသူများရှိသည်။ နှစ်ဆိုင်သုံးဆိုင်။ ခုံတန်းလျား၊ စားပွဲရှည် ခင်းထားသည်။ အစာအိမ် က တောင်းဆိုနေပြီ။ ဝက်သား၊ ကြက်သား နှစ်မျိုး၊ ကြိုတ်တာစား ၅ကျပ်။ အဲလေ ၅ဝဝကျပ်။ ပဲဟင်းရည် အပိုဆောင်း ပါသေးတယ်။ ထမင်းဟင်းက ပူပူလောလော လေး။ တစ်ပွဲ ထည့်ပါဆိုကာ ကျွန်တော် ထိုင် လိုက်သည်။ချက်ခြင်း ရောက်လာပါသည်။ ပါလာသော စာရေးဆရာ အဖော်တွေလည်း သင့်ရာဆိုင်မှာ ဝင်ကြသည်။ ပါးစပ်တွင် ထမင်းတလုပ်သာ သွင်းရသေးသည်။ ရထားက ဥသြဆွဲလိုက်၏။ မြေပြန့် မှာ တုန်းက တမေါတမော ဘူတာတွေမှာရပ်ခဲ့သောရထားသည် ယခုတော့ မိနစ်ပိုင်း။ ကမန်းကတန်း ထမင်းဘူး မှာ သွန်ချထည့်ကာ ရထားပေါ် ပြေးတက်ရသည်။

ခွေးရုပ်ဘူတာကထွက်တော့ ဒုထိယလွန်းထိုး။ မြူတို့ မှိုင်းပြဝေနေသည်။ အေးအေးမြမြ ဖြည်းဖြည်း ဆေးဆေး ၉နာရီ မှာ ဆင်တောင်ဘူတာ ရောက်လာသည်။ လှိုင်ခေါင်း အချို့ကို ဖြတ်သည်။ တောင်ကြော ကွေ့ကွေ့ မှာ သံလမ်းနှစ်ထပ်။ လှိုင်ခေါင်း ၂ခုကိုဖြတ်သည်။ ပင်လယ်ရေပြင် မှ အမြင့်ပေ ၄၆ဝဝကျော် ရောက် လာသည်။ မြင်းတိုက်ဘူတာက ပေ၄၄၅၇ ရှိသည်။ သစ်သီးဝလံ ရောင်းချသော တောင်ပေါ်သား တွေ၊ သင်္ဘောသီးက ချိုမြအေးနေသည်။ တစ်စိတ် ငါးဆယ်ကျပ်တဲ့။ စန္ဒရားဦးသိမ်းမောင်က ဘန်းထဲ ရှိသမျှ အကုန်ယူလိုက်သည်။
ဘူတာလေးတွေက မြေပြန့်က ဘူတာတွေနှင့်မတူ။ အလံတိုင်တွေ ဘူတာအဆောက်အဦး လေးတွေက အင်္ဂလိပ် လက်ရာ မပျက်သေး။ အမိုးစောက်စောက်၊ ချွန်းချွန်း၊ အုတ်ကျွတ်နီရဲရဲတွေ။ လှပတော ရောင်စုံ ပန်းရုံ တွေ။

လှပသော တောင်ကုန်းနိမ့်မြင့်များမှာ ဆောက်လုပ်ထားသော ဥရောပဆန်သည့် ဗြိတိသျှတို့ က အပန်းဖြေ နားနေရန် သီးသန့်မြို့  လေးအဖြစ် တည်ခဲ့သည်။ ဝန်ထောက်မင်းရုံးစိုက်ရာ ဖြစ်ခဲ့သည်
ကလော မှ အထွက်တွင်တော့ တောင်ဆင်းလမ်းများဖြစ်သည်။ မြေနီတောင်ခါးပန်းရံများ၊ ကွင်းများ၊ မိနစ်၂ဝခန့် မောင်းပြီးတော့ အောင်ပန်းမြို့ကို လှမ်းမြင်နေရပါပြီ။
ရှမ်းပြည်နယ် မြေလတ်မြို့ကလေးက တောင်ပတ်လည်ဝိုင်းပြီး မြေပြန့်လွင်ပြင် ဆန်နေပါ သည်။
(၆)
ခေတ်လယ်ပဒေသရာဇ်ခေတ်မှာ ယနေ့အောင်ပန်း တည်နေရာသည် သာမိုင်းခမ်း ငွေခွန်နယ် ထဲမှာ ပါဝင် ပါတယ်။ ပတ်ဝန်းကျင်ကျေးရွာငွေခွန်မှူးနယ်များက တခြားနယ်တွေနဲ့ ဆက်သွယ်တဲ့အ ခါ သည်နေ့ အောင်ပန်း တည်နေရာ ကို မဖြတ်လို့မဖြစ်ဖြတ်သန်းသွားရပါတယ်။ သာမိုင်းခမ်းနယ်အ တွင်း အားကိုး ရတဲ့ လယ်မြေတွေ ကျေးရွာအုပ်စုတွေ ထိန်းချုပ်ဖို့ဗဟိုရ်ကျတဲ့နေရာလဲ ဖြစ်ပါတယ်။ အောင်ပန်းဟာ ဟိုစဉ် ကတည်းက မဟာဗျူဟာကျတဲ့ နေရာပါပဲ။

ကိုလိုနီခေတ် ၁၈၉၇ ခုနှစ် မှတ်တမ်းအရ သာမိုင်းခမ်းနယ်ဟာ ၁၉၆.၆မိုင် ဧရိယာရှိပါ တယ်။ ကျေးရွာပေါင်း ၂ဝ၃ရွာနဲ့ အိမ်ခြေ ၁၅၇၅လုံးရှိတယ်။ နှစ်စဉ်အခွန်ငွေ ၁၄၁၅၃ ရူးပီးကျပ်ရ တယ်။ သတ်မှတ် ပေးသွင်းရငွေက ၇ဝဝဝ ဖြစ်တယ်။ လူဦးရေ စုစုပေါင်းဟာ ၂၁ဝ၈၁ ဖြစ်တယ်။ မှီတင်း နေထိုင် တဲ့ တိုင်းရင်းသားတွေက..
တောင်ရိုး ၅ဝ၁၇ ယောက်။ ပအိုဝ့် ၄၄၈၃။ ဓနု ၁၂၄၆၊ ရှမ်း ၁၅၃၊ အင်းသား ၁၁၆၊ ပ လောင် ၁ဝ၄၊ ဗမာ ၂၆ယောက် စုစုပေါင်း၁၁၁၈၁ ဖြစ်ပါတယ်။ ဒါ အင်္ဂလိပ်ချုပဲ့်ျ ကာလပါ။
အဲသည်အချိန်က သာမိုင်းခမ်းမြို့မှာ ငွေခွန်မှူးမင်းကြီးမောင်ဖိုးဖြစ်ပါတယ်။ ကိုယ်စားလှယ် က သခင်ခွန်ရုံးဖြစ်ပါတယ်။ သခင်ခွန်ရုံးကို ဂုဏ်ထူးဆောင် ဒုတိယတန်း ရာဇဝတ်၊ တရားမ တရားသူကြီး အဖြစ် အင်္ဂလိပ်က ခန့်ပါတယ်။ ၁၉ဝဝ သာစည်ကနေ ရှမ်းပြည်နယ်ကို ရထားလမ်း ဖောက်တော့ မြို့သစ်တစ်မြို့ တည် ဖြစ်လာပါတယ်။ ရထားလမ်း ဖြတ်သွားရာ ဘူတာရုံနဲ့ မနီးမ ဝေးဖြစ်ဖို့ လိုပါတယ်။ အင်္ဂလိပ် တွေက ကလောမြို့သစ်ကို အချိန်ယူပြီးတည်ပါတယ်။ အောင်ပန်းမြို့ ကိုတော့ သခင်ခွန်ရုံးက တာဝန် ယူပြီး တည်ရပါတယ်။

သခင်ခွန်ရုံးတာဝန်ကျ မြို့သစ်တည်မယ့်နေရာက ရုံးစိုက်တဲ့နေရာရဲ့ မြောက်ဘက် ခြုံနွယ် ပိတ်ပေါင်း တွေ ထူထပ်နေပေမယ့် ညီညာတဲ့ ပြင်သာလို့ခေါ်တဲ့ ကွင်းပြင်သာနေရာပါ။ မြောက်ဘက်
လက်မပင် ရွာစပ်အထိ ဖြစ်ပါတယ်။ သခင်ခွန်ရုံးက ရထားဖြတ်သွားမယ့်နေရာရဲ့ တောင်ဘက်ထိပ် မှာ သူ နေထိုင်ရာ နေရာခည်းဖြစ်၊ ရုံးလည်းဖြစ်တဲ့ အဆောက်အဦးကို စဆောက်ပါတယ်။ သာမိုင်း ခမ်းဆီသွား ရုံးတက်လိုက်၊ ပြန်လာပြီး အဆောက်အဦးလုပ်နေတာကို ကြီးကြပ်လိုက်ပေါ့။ တကယ် က မြို့စားမင်း မောင်ဖိုးက မြို့သစ်တည်ရာမှာ အဓိကညွှန်ကြားသူဖြစ်ပါတယ်။ တာဝန်ခံတည်ရသူက သခင်ခွန်ရုံး ဖြစ်တယ်။ မြို့တည်တဲ့နေရာမှာ ယခင်က လှည်းရိုး၊ တပ်ကုန်း (မြို့ဟောင်း') လက်မ ပင်ရွာသုံးရွာ ရှိပါတယ်။ အောင်ပန်းမြို့ကိုတည်တာ ၁၂၇၅ နှစ်ဆန်း (၁)ရက်၊  ၁၉၁၃ ဧပြီလ ၁၅ ရက်ဖြစ်တယ်။ မနက်ပိုင်း မှာ သံဃာတော်များကို ဆွမ်းကျွေး၊ တရားနာပြီး နေ့ခည်ပိုင်းမှာ မြို့ကွက် ရိုက်၊ ပန္နက်ချခဲ့ ပါသည်။

အောင်ပန်းမြို့ဟာ ဘေးပတ်ဝန်းကျင် ငွေခွန်မှူးနယ်တွေနဲ့ အသွားအလာ လွယ်ကူဖြောင့် တန်းပါတယ်။ မြောက်ဘက်မှာ ပင်းတယ၊ ပွေးလှ၊ ကျုံးငွေခွန်မှူးစီရင်စု၊ အနောက်မြောက်မှာ ရွာငံ၊ ဘော်၊ နန်းခုန်၊ ကျေက်ဂူလေးရွာစတဲ့ ငွေခွန်မှူးစီရင်စုနဲ့ အနောက်တောင်ဘက် တောင်လား၊ လွယ် အယ်၊ ဘီကျစ် စသည်ဖြင့် ငွေခွန်မှူး၊ မြို့စား၊ စော်ဘွားနယ်တွေနဲ့ ဆက်ဆံရေးမှာ ဗAဟိုကျတဲ့နေရာဖြစ်ပါတယ်။
ရှေးပုဂံ၊ ပင်းယ၊ တောင်ငူ၊ ဟံသာဝတီခေတ်က ရှမ်းပြည်နယ်က ယိုးဒယား၊ ဇင်းမယ်ချီ တက်တဲ့အခါ ဒီလမ်းကို အသုံးပြုခဲ့ကြတယ်လို့ ဆိုတယ်။ ကုန်းဘောင်ခေတ်၊ အမရပူရ၊ မန္တလေးခေတ် ရှမ်းပြည်နယ်ချီတက်တဲ့အခါမှာ နတ်ထိပ်၊ စင်လယ်၊ ကင်းတားလမ်းက အသုံးများပေမယ့် ပလိပ်ဆိပ်ကမ်း အရောက်ဖြစ်တဲ့ ဒီလမ်းကို လမ်းမတော်ဆိုပြီး ခေါ်ပါတယ်။

 မြန်မာဘုရင်အဆက်ဆက် ရှမ်းပြည်နယ် မိုးနဲနဲ့ သံလွင်အရှေ့ပိုင်း ချီတက်ရာလမ်းလဲ ဖြစ်တယ်။ မင်းတုန်းမင်းလက်ထက် မိုးနဲ တပ်ရုံးအရောက် ကြေးနန်းသွယ်တန်းတော့လည်း ဒီလမ်းပါပဲ။ မန္တလေး၊ ပလိပ်၊ ကင်းတား၊ နတ်ထိပ်၊ ရွာငံ၊ ပွေးလှ၊ ကျောက်ထပ်၊ ညောင်ရွှေ၊ မိုးနဲ အရောက်ဖြစ်တယ်။ အဲဒီနေရာက တောင်ဘက်နည်းနည်းကျတယ်။ ဒါပေမယ့် တောင်ငူ၊ ဟံသာသဝတီ၊ အင်းဝခေတ်တွေမှာ ကျိုင်းတံ၊ မိုးနဲ၊ ညောင်ရွှေနယ်တွေဆီ ချီတက်တဲ့ အနီးဆုံးလမ်းကြောင်းဖြစ်တယ်။ အင်္ဂလိပ်ခေတ်မှာ ပိုပြီး မဟာဗျူဟာ ကျလာတယ်။ ၁၈၈၇ ခုနှစ် တောင်ပိုင်းရှမ်းပြည်နယ် သိမ်းဖို့တက်လာတော့ ဒီလမ်းကြောင်း က ဖြစ်တယ်။ ရထားလမ်း၊ ကားလမ်းဖောက်တော့လည်း ဒီတောင်ကြားလမ်းတွေ အတိုင်းဖြစ်ပါတယ်။ အရှေ့ဘက်ရှမ်းပြည်နယ် ဆက်သွယ်ရောင်းဝယ်တဲ့ နွားဝန်တင်လှည်းလမ်းတွေ ဖြတ်သန်းရာ လမ်းကြောင်း တည်ရှိနေရာလည်း ဖြစ်တယ်။
၁၉၁၃ ခုနှစ်မှာ မြို့သစ်တည်ပြီး ၁၉၁၅ ခုနှစ်မှာ ပြီးစီးတော့ ရထားလမ်းသည် အောင်ပန်းမြို့သစ်ကို ရောက် လာပါပြီ။
(၇)

"လတ်ဆတ်တဲ့ မိုးလေညှင်းအေးနုတွေ ပျံသန်း
ညကောင်းကင်လမ်းပေါ် အလှတရားသစ်တွေနဲ့
ငါမျှော်လင့်
ငါလိုချင်တဲ့ အလင်းတွေက အိပ်မက်ထဲမှာ လွင့်လို့။

မောင်နွေထက်
(အိပ်မက်ပွင့်ကဗျာ)


ကျွန်တော်တို့ အောင်ပန်းမြို့ ရှမ်းပြည်နယ်မြေလတ်ကို (၉-၅-၂၀၀၉) မနက် ၁၀း၃၀ နာရီမှာ ဆိုက်ရောက် သွားလေသည်။ ကျွန်တော်တို့အဖွဲ့အတွက် ဆရာက သင်းမြစန္ဒီ က ဟိုင်းလတ်ကားတစ်စီး စောင့်ခိုင်း ထားသည်။ ပစ္စည်းတွေ နဲ့ အမျိုးသမီးများ ၊ ဦးအံ့မောင်၊ ဆရာထက်မြက် စသည့် လူကြီး တွေကို တင်ပေးပြီး၊ ကျွန်တော်တို့နှင့် လူငယ်တွေက လမ်းလျှောက်သွားကြပါသည်။ ရထားပေါ်မှာ ၂၅ နာရီ လောက် နေခဲ့ရတာ၊ နွေးထွေးအေးမြ ရှင်းလင်းလှပသည့် အောင်ပန်းမြို့ ကလေးမှာ လမ်းလျှောက် ချင် ပါသည်။
နေ့လည်ခင်း နေရာင်ကျရောက်နေသော်လည်း ပူအိုက်ခြင်းမရှိတာ ကျွန်တော်သဘောကျနေပါသည်။ လေပင်ေ မွှးကြိုင်နေသည်ဟု ထင်ပါသည်။ မြေက အနီရောင်၊ တောင်ကုန်းနိမ့်မြင့်တွေက တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်၊ အဖြူရောင်လေးတွေ၊ ဆရာမအိမ်က မြို့ရဲ့ တောင်ဘက် ဈေးကုန်းပေါ်မှာဖြစ်သည်။

ဆရာဒဂုန်တာရာကို နှုတ်ဆက်ဂါရဝပြုပြီးတော့ ဆရာမ သင်းမြစန္ဒီကျွေးသော ရှမ်းစာနံနက်စာကို စားရသည် ထမင်းနှင့် အာလူးနယ်ထားတာ ဂျူးမြစ်ပါသည်။ ဟင်းချိုပါသည်။ အသားနှင့် အသီးအရွက်။
နောက်တစ်နေ့တွင် ဆရှုာကြီးဒဂုန်တာရာ၏ အသက် ၉၀ ပြည့်မွေးနေ့ပွဲကို အောင်ပန်းမြိုကရှိ မဟာဂန္ဓာရုံကျောင်းမှာ ကျင်းပမည်ဖြစ်သည်။ နောက်တစ်ရက်တွင် ကျွန်တော်နှင့်အချို့ ပြန်ကြမည်။ ရန်ကုန်တါင် မဂ္ဂဇင်းအလုပ်တွေ ရှိသေးသည်။ တချို့ဆရာတာရာမွေးနေ့ပွဲအပြီး ညနေပိုင်းမှာ ပြန်ကြသည်။ မန္တလေးမှလာကြ၊ နေပြည်တော် ပျဉ်းမနားမှာလာကြ၊ သာစည်၊ ကလော၊ တောင်ကြီး၊ ရန်ကုန်၊ မြစ်ဝကျွန်းပေါ်၊ ဆရာတာရာမွေးနေ့ပွဲကို စာရေးဆရာကဗျာဆရာစာပေနယ်မှ လူပေါင်းတစ်ရာ ကျော် ခန့် တက်ရောက်ဂါရဝပြုကြပါသည်။

၂ဝဝ၉ နိုဝင်ဘာ
မြန်မာ့ဓန
.

1 comment:

ဆင်တဲကလေး said...

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဲ့ဒီလမ်းပိုင်းလေး ကျနော် ရထားစီးဖူးခဲ့ပါတယ်..။ရန်ကုန်က ထွက်ကတည်းက နောက်ကျလိုက်တာ..။ရထားပေါ်မှာလဲ မီး ကမပါ..သန့်ရှင်းမှုက အားနည်း..။အဲ့တုန်းက ဒီခရီးကို ငါဘယ်လိုသွားခဲ့ပါလိမ့်ဆိုပြီးတော့တောင်ခု အံ့သြနေမိပါတယ်ဗျာ..။