Saturday, December 31, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၃၇)

(၃၇)

ဦးလေးဖြစ်သူ ဘုန်းတော်ကြီးသရွန့်ဘိုင်အာမင်သည် ညဘက်များတွင် မအိပ်မနေစာရေးနေသည်ကို မင်းဖရက် သိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ညစဉ်ညတိုင်းလိုလို နှစ်နှစ်နီးပါးရေးလာခဲ့သည်ကို မြင်ရသော အခါ မင်းဖရက်အဖို့ ထူးဆန်းလာသည်။

တစ်မနက်တွင် စာပို့သမား ရောက်လာပြီး အထုပ်တစ်ထုပ် ပေးသွားသည်။ ဦးလေးက သူ့နာမည်နှင့် လာသော အထုပ်ကို ဧည့်ခန်းထဲ၌ပင် ဖောက်လိုက်သည်။
အထုပ်ထဲတွင် စာအုပ်အထူခြောက်အုပ်ပါလာသည်။ စာအုပ်မှာ တစ်မျိုးတည်း ဖြစ်သည်။ စာအုပ် အမည် ကို ရှေ့ဖုံးတွင် ရွှေစာလုံးဖြင့် ရိုက်ထားသည်။ သူ့ဦးလေး၏ အမူအရာတစ်မျိုး ထူးခြားနေ၍ မင်းဖရက်က စောင့်ကြည့် နေသည်။ မင်းဖရက်က စာအုပ်နာမည် စာတန်းကို ဖတ်လိုက်သည်။ နာမည်က ရှည်လျား လှသည်။ "အာဖရိကတိုက်ဖွား လူဖြူများ၊ အာဖရိကတိုက်နှင့် သမိုင်းမှ သူတို့နေရာ" ... တဲ့။

ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာ၊ ဂျာမန်ဘာသာတို့ဖြင့် မရေးဘဲ အာဖရိကဖွား လူဖြူများ၏ ဘာသာဖြင့် ရေးထား သည်။ ထိုစာသည် အာဖရိက၌ သက်တမ်းနုနယ်သေး၍ များလက်ခံ အသိအမှတ်ပြုအောင် ကြိုးစား နေရဆဲရှိသည်။ မင်းဖရက်သည် စာအုပ်အဖုံးပေါ်မှ စာရေးဆရာနာမည်ကို လှမ်းဖတ်ကြည့် လိုက်ရာ သူ့ဦးလေး၏ နာမည်ကို တွေ့လိုက်ရဖြင့် အံ့အားသင့်သွားသည်။
"ဦးလေး ... ဒါ ... ဒါ ... ဦးလေးရေးတဲ့စာအုပ်"
မင်းဖရက်က ဂုဏ်ယူသော အသွင်ဖြင့် မေးပြော ပြောလိုက်သည်။

"ဟုတ်တယ်ဂျွန်၊ မဆန်းပါဘူးကွာ၊ ခွေးအိုကြီးတွေတောင်မှ နည်းသစ်တွေ တတ်အောင်သင်နိုင်ပါတယ် ကွ"
ဦးလေးက စာအုပ်များကို ပိုက်ပြီး ဧည့်ခန်းထဲမှ စာကြည့်ခန်းထဲသို့ ၀င်သွားသည်။ စာအုပ်များကို စားပွဲ အလယ်ကောင်တွင် ချထားလိုက်ပြီး မော့ကြည့်လိုက်ရာ မင်းဖရက်လိုက်လာသည်ကို တွေ့လိုက်ရ သဖြင့် အံ့အားသင့်သွားသည်။
"ကျွန်တော် ခွင့်မတောင်းဘဲ ၀င်လာမိတဲ့အတွက် တောင်းပန်ပါတယ် ဦးလေး၊ ကျွန်တော့်ကို ၀င်ခွင့်ပြု ပါ"
"ရောက်နေပြီပဲကွာ၊ ကိစ္စမရှိပါဘူး ရပါတယ်"
"ကျွန်တော် စာအုပ်တစ်အုပ်လောက် ကိုင်မကြည့်ရဘူးလား ဦးလေး"

မင်းဖရက်က လိုလိုလားလားဖြင့် အနူးအညွတ်တောင်းပန်လိုက်ရာ ဦးလေးက ခေါင်းညိတ်ပြလိုက် သည်။ မင်းဖရက် က စာအုပ်အဖုံးပေါ်မှ စာရေးသူ၏နာမည် "ဘုန်းတော်ကြီးသရွန့်ဘိုင်အာမင်"ကို လက်ဖြင့် တယုတယ ပွတ်သပ်နေမိသည်။
"ကျွန်တော် ဖတ်ကြည့်လို့ရမလား ဦးလေး"
မင်းဖရက် က တစ်ဆင့်တိုးပြီး အသနားခံလိုက်ပြန်သည်။
"မင်းဖတ်ချင်တယ်လား ... အေး ဟုတ်တယ်၊ ငါကလဲ လူတွေ ဖတ်စေချင်လို့ ရေးတာပဲကွ"

ဦးလေးက မင်းဖရက်လက်ထဲမှ စာအုပ်ကို လှမ်းယူလိုက်သည်။ စားပွဲနောက်မှ ကုလားထိုင်တွင် ၀င်ထိုက်လိုက်ပြီး မျက်မှန်ကို တပ်လိုက်သည်။ ကလောင်တံကို ကောက်ကိုင်ပြီး မင်တို့လိုက်သည်။ စာအုပ်အဖုံးကို လှန်လိုက်ပြီး ပထမဆုံးမျက်နှာထိပ်တွင် စာတန်းရေးထိုးလိုက်သည်။ ထို့နောက် မင်းဖရက် အား လှမ်းပေးလိုက်သည်။ မင်းဖရက်က ထိုစာသားကို ဖတ်ကြည့်လိုက်သည်။

မင်းဖရက်ဒီလာရေးသို့

သမိုင်းစဉ် နဲ့ အာဖရိကတိုက်မှာ တို့တွေရဲ့ နေရာမှန်ကို ရအောင် ၀ိုင်းကူမြှင့်တင် ဆောင်ရွက်နိုင်မယ့် အာဖရိကဖွား လူဖြူတစ်ယောက် ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။

မင်းရဲ့ချစ်လှစွာသော ဦးလေး
သရွန့်ဘိုင်အာမင်

မင်းဖရက်သည် စာအုပ်ကို ရင်ဘတ်တွင် ပိုက်လိုက်သည်။ စာအုပ်ကို ပြန်တောင်းမှာ စိုးသည့်အလား အခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားတော့သည်။ ကျေးဇူးတင်စကား ပြောကြားရန်ပင် မေ့သွားသည်။
မင်းဖရက်သည် သန်းခေါင်းကျော်အထိ စောင်ခြုံပြီး စာအုပ်ကို သုံးည ဆက်တိုက်ဖတ်သည်။ မင်းဖရက် စာအုပ်ကို နောက်ဆုံးဖတ်၍ ပြီးစီးတော့မည့်ညတွင် ဦးလေးသရွန့် သူ့တဲထဲသို့ ရောက်လာသည်။ မင်းဖရက် စာအုပ်ထဲ၌ စိတ်နစ်နေသဖြင့် သူ့ခုတင်ပေါ်သို့ ဦးလေးထိုင်ချလိုက်မှ သိလိုက်သည်။
"မင်းဖတ်နေတာ ပြီးလုနေပြီပဲ" ဦးလေက ပြောလိုက်သည်။

"ရေးဖူးသမျှစာအုပ်တွေထဲမှာ ဒီစာအုပ်ဟာ အရေးအကြီးဆုံးပဲလို့ ကျွန်တော် ထင်တယ် ဦးလေ၊ သမ္မာ ကျမ်းစာလောက်ကို အရေးကြီးတယ်" မင်းဖရက်က သူ့စိတ်ထဲရှိတာ ပြောချလိုက်သည်။
"ဟုတ်ကဲ့ ဦးလေး၊ ဒါပေမယ့် ဒီစာအုပ် ဖတ်လိုက်ရမှ ကျွန်တော့်ကိုယ် ကျွန်တော် ငါဘယ်သူလဲ၊ ဘာ့ကြောင့် ငါဒီမှာ ရှိနေသလဲဆိုတာ ပထမဆုံးအကြိမ် မြင်လာတော့တယ်"
"ဒါဖြင့် ငါ့ရဲ့ ကြိုးစားအားထုတ်ရမှုဟာ အချည်းအနှီး မဖြစ်ဘူးပေါ့ကွာ။ စာအုပ်တစ်အုပ်ရေးတယ် ဆိုတာဟာ တစ်ကိုယ်တော် အထီးကျန်လုပ်ငန်းပါ။ အပြင်ဘက်အမှောင်ထုထဲမှာ ဘယ်သူမှ မရှိတဲ့ ညတွေမှာ တစ်ယောက်တည်း လှိုက်လှိုက်လှဲလှဲ ငိုနေရသလိုပဲကွ၊ ငါငိုနေတာကို ဘယ်သူမှမကြား သလို ဘယ်သူမှ မမေးကြသလိုပဲကွ"
ဦးလေးက စာရေးခဲ့ရသော သူ၏ ခံစားချက်ကို ဖွင့်ပြလိုက်သည်။

"အခု ကျွန်တော် ကြားပါပြီ ဦးလေး"
"အေး ဟုတ်တယ်၊ မင်းကြားသွားပြီ၊ ဒါပေမယ့် မင်းတစ်ယေက်ပဲ ရှိသေးတယ်။ တခြားလူတွေ မကြားသေးဘူးကွ"
ဤအချက်တွင် ဦးလေး မှားသွားသည်။  အပြင်ဘက်၌ ချောင်းနားထောင်းနေသူတို့ ရှိနေသည်ကို သူတို့မသိ။
သူတို့ရွာသို့ လူစိမ်းသုံးယောက် ရောက်နေသည်။ ဦးလေး၏ တရားပွဲများသို့ အမြဲတက်ရောက် နားထောင် သည်။ လေ့လာသည်။ စုံစမ်းသည်။ မေးမြန်းသည်။ အကဲခတ်သည်။ ထိုစာအုပ်သည် သူတို့ တူဝရီး ဘ၀ကို အလှည့်အပြောင်း ဖြစ်စေသည်။

မကြာမီပင် ဘုန်းတော်ကြီး သရွန့်ဘိုင်အာမင်ထံ စာတစ်စောင် ရောက်လာသည်။ ထိုစာမှာ ဤရွာရှိ သာသနာပြုကျောင်းမှ ဘုန်းတော်ကြီး သရွန့်ဘိုင်အာမင်အား စတယ်လင်ဘို့ရှ်မြို့သို့ အဆင့်မြှင့် ပြောင်းပေးလိုက်ကြောင်း သာသနာရေးအဖွဲ့၏ အမိန့်စာ ဖြစ်သည်။

စတယ်လင်ဘို့ရှ်မြို့ကလေးသည် ကိပ်တောင်းမြို့ကြီးမှ မိုင်၃၀ခန့် အကွာတွင် ရှိသည်။ အဆောက်အအုံ များမှာ ဒတ်ခ်ျပုံစံ ဖြစ်သည်။ လမ်းများက ကျယ်ပြီး ၀က်သစ်ချပင်များ စီတန်း စိုက်ထားသည်။ တောဆန်သော မြို့လေး ဖြစ်သော်လည်း ပတ်ဝန်းကျင် သဘာဝက သာယာလှပ သည်။ စတယ်လင်ဘို့ရှ် တက္ကသိုလ်သည် အာဖရိကတိုက်ဖွား လူဖြူ ပညာတတ်များ မွေးထုတ်ပေးရာ နေရာ ဖြစ်သည်။ အစဉ်အလာ ကြီးမားသည် တက္ကသိုလ် ဖြစ်သည်။ အာဖရိက လူဖြူစကားကို ရှင်သန်ကြီးထွားအောင် ပျိုးထောင် နေသော နေရာ ဖြစ်သည်။

သရွန့်ဘိုငအာမင်ကိုယ်တိုင် စတယ်လင်ဘို့ရှ် တက္ကသိုလ်၌ ဘာသာရေးပညာ ဆည်းပူးလာသူ ဖြစ်သည်။ အားလုံးသော ပုဂ္ဂိုလ်ကြီးများသည် ထိုတက္ကသိုလ်ထွက် ဖြစ်သည်။ လူရွှေတိုသာ၊ ဟတ်ဇော့၊ ဂျန်စမတ် တို့ အားလုံး စတယ်လင်ဘို့ရှ် ထွက်ဖြစ်သည်။ တောင်အာဖရိကပြည်ထောင်စု အစိုးရ၏ အကြီးအကဲဟူသရွေ့ ဤတက္ကသိုလ်ထွက်ချည်း ဖြစ်သည်။ ၀န်ကြီးအဖွဲ့ဝင်များတွင်လည်း ဤတက္ကသိုလ်ထွက် မဟုတ်သူမှာ အတော်နည်းသည်။ စတယ်လင်ဘို့ရှ် တက္ကသိုလ်သည် အာဖရိက တောင်ပိုင်းနိုင်ငံများအဖို့ အောက်စဖို့နှင့် ဘိန်းဘရစ်တက္ကသိုလ်များ သဏ္ဍာန် အလား တူနေသည်။
စတယ်လင်ဘို့ရှ်သို့ သရွန့်ဘိုင်အာမင်ကို ပြောင်းရွှေ့ပေးလိုက်ခြင်းသည် ဂုဏ်ပြုချီးမြှင့် မြှောက်စား လိုက်ခြင်းပင် ဖြစ်သည်။ သူရှေ့တွင် အနာဂတ်လမ်းများ ပွင့်နေသည်။

"ရှင်ရေးလိုက်တဲ့ စာအုပ်ကြောင့်ပဲ ထင်တယ်။ ကျွန်မ ဒီလို ဖြစ်လာလိမ့်မယ်လို့ နည်းနည်းမှ မထင်ခဲ့ ဘူး"
ဇနီး သည် ထရူဘီက ပြောလာသည်။

"အေး ဟုတ်တယ်၊ စာအုပ်ရဲ့ အကျိုးကျေးဇူးပဲ၊ ငါ အနှစ် ၃၀လုံးလုံး အပတ်တကုတ် ကြိုးစားလာရတဲ့ ရလဒ်ပဲပေါ့ကွာ၊ ဒီအိမ်မှာလို ပြွတ်သိပ်မနေရတော့ဘဲ ကလေးတွေ တစ်ယောက် တစ်ခန်းစီးနေရတော့ မယ်၊ သာသနာတော်ရဲ့ အထောက်အပံ့နဲ့လဲ ကလေးတွေ တက္ကသိုလ်တက်ခွင့် ရတော့မယ်။ ထက်မြက်တဲ့ လူငယ်လေး တွေကို ငါဘာသာရေး ဟောပြော ပို့ချနိုင်တော့မယ်. တက္ကသိုလ်ကောင်စီမှာ ငါအဖွဲ့ဝင် ဖြစ် တော့မယ်။ ငါ့မိန်းမ မင်းလဲ ပါမောက္ခတွေ၊ ၀န်ကြီးကတော်တွေဟာ မင်းရဲ့ အပေါင်းအသင်းတွေ ဖြစ်လာကြ တော့မယ်။ ကဲ ... ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အောက်မေ့ပြီး ငါတို့ ဘုရားရှိခိုး လိုက်ကြ ဦးစို့၊ ကလေးတွေအားလုံး ဒူးထောက်ကြ ..."

စဘယ်လင်ဘို့ရှ်သို့ ရောက်သောအခါ သူတို့မိသားစု၏ ဘ၀သည် နေ့ချင်းညချင်း တိုးတက် ပြောင်းလဲ သွားသည်။ မင်းဖရက်သည် စရောက်သည်နေ့မှစပြီး တက္ကသိုလ် ၀င်ခွင့်စာမေးပွဲအောင်ရန် အပြင်း အထန် ကြိုးစား တော့သည်။ နံနက်စောစောမှ ညဥ့်နက်သန်းခေါင်အထိ နှစ်လခန့် ကြိုးစာလိုက်သော အခါ အောင်မြင်မှု အသီးအပွင့်များ ရရှိလာသည်။ ဂျာမန်ဘာသာတွင် ပထမ၊ သင်္ချာတွင် တတိယနှင့် ဘာသာစုံ စုစုပေါင်း တွင် တတိယရကာ ၀င်ခွင့်စာမေးပွဲအောင်သည်။
ဇန်န၀ါရီလကုန်တွင် စတင်မည့် စတယ်လင်ဘို့ရှ်တက္ကသိုလ် ပညာသင်နှစ်အတွက် ဥပဒေမဟာဌာန တွင် မင်းဖရက် ၀င်ခွင့်ရသွားသည်။

ဇန်န၀ါရီလ ၂၅ရက်နေ့တွင် မင်းဖရက်တက္ကသိုလ်ကျောင်းဆောင်နေ ကျောင်းသား ဖြစ်သွားသည်။ သူနေရသော အဆောင်နာမည်မှာ "ငြိမ်းချမ်းနားနေဆောင်" ဟူ၍ ဖြစ်သည်။ သူလိုပင် တက္ကသိုလ် မောင်သစ်လွင်၊ အဆောင်မောင်သစ်လွင်များနှင့် ပေါင်းပြီး တက္ကသိုလ်အထာကို လေ့လာရသည်။

စတုတ္ထနှစ် ဂုဏ်ထူးတန်းကျောင်းသား ရိုအက်ဖ်စတင်ဒါသည် အဆော်ကော်မတီဥက္ကဌဖြစ်ပြီး အဆောင်မှ ကျောင်းသားအခန်းများ သန့်ရှင်းမှု ရှိမရှိကို အမြဲလိုက်လံ စစ်ဆေးသည်။ သူသည် တက္ကသိုလ် လက်ဝှေ့အသင်း ကပ္ပတိန်လည်း ဖြစ်သည်။ ပထမနှစ် ကျောင်းသားသစ်အားလုံး တက္ကသိုလ် အားကစားရုံသို့ လာရောက်ပြီး လက်ဝှေ့အသင်းဝင်ရေးအတွက် စမ်းသပ်ရန် စတင်ဒါက ဆင့် ခေါ်လာသည်။
လက်ဝှေ့ဝါသနာပါသော မင်းဖရက်အတွက် အကြိုက်တွေ့သွားသည်။ အားကစားရုံသို့ သွားပြီး စာရင်း ပေးသည်။ ရုံထဲတွင် ပွဲကြည့်ပရိသတ် ၃၀၀ ခန့် ရှိသည်။ မင်းဖရက်သည် အ၀တ်အစားလဲခန်းသွားပြီး စွပ်ကျယ်၊ ဘောင်းဘီတိုနှင့် ကင်းဘတ် ဖိနပ်တို့ကို လဲဝတ်သည်။ ထို့နောက် လက်ဝှေ့ထိုး စမ်းသပ် ကြမည့် လူသစ်များ တန်းစီးနေသော နေရာ၌ နောက်ဆုံးမှ ၀င်စီလိုက်သည်။ အသင်းကပ္ပတိန် စတင်ဒါ သည် မင်းဖရက်၏ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ထည် ကောင်းမှု၊ သန်မာထွားကျိုင်းမှုကြောင့် မျက်စိ ကျနေသူ ဖြစ်သည်။ သူက မင်းဖရက်ရှေ့လာပြီး ပြောသည်။

"ဒီကောင်နဲ့တွဲပေးဖို့ ကိုယ်လုံးကိုယ်ပေါက် ညီတဲ့လူ မရှိဘူးကွ"
စတင်ဒါက ပြောလိုက်ပြီး မင်းဖရက်အား အနီးကပ်ကြည့်ရှု လေ့လာသည်။ ပြီးမှ ဆက်ပြောသည်။
"သူ့ကိုယ်အလေးချိန် ဘယ်အဆင့်ရှိသလဲ"
"လိုက်ဟဲဗီးဝိတ် ရှိတယ်"
ကိုယ်အလေးချိန် ချိန်ပေးရသော ကျောင်းသားက ၀င်ပြောသည်။
"မင်းအလျင် လက်ဝှေ့ထိုးဖူးသလား"
"လက်ဝှေ့ပွဲတော့ ယှဉ်မထိုးဖူးဘူးတဲ့၊ ဒါပေမယ့် တစ်ယောက်တည်းတော့ လေ့ကျင့်ဖူးတယ်တဲ့" အလေးချိန် ချိန်ပေးသူက ၀င်ဖြေသည်။

"ကောင်းပြီလေ၊ ငါက ဟဲဗီးဝိတ်တန်းပဲ၊ တခြား မင်းကို တွဲပေးစရာ လူလဲ မရှိဘူး။ ဒီတော့ ငါမင်းနဲ့ သုံးလေးချီလောက် ထိုးပေးပါမယ်။ အေးလေ ... မင်းက ငါ့ကို သက်သက်ညှာညှာ ထိုးပါမယ်လို့ ကတိ ပေးယင်ပေါ့" စတင်ဒါက နှိမ်သလိုလိုနှင့် ပြောလိုက်သည်။
စတင်ဒါသည် တက္ကသိုလ်လက်ဝှေ့အသင်း ကပ္ပတိန်ဖြစ်ပြီး ပြည်နယ် အပျော်တမ်း လက်ဝှေ့ ချန်ပီယံ လည်း ဖြစ်သည်။ ၁၉၃၆ခု၊ ဘာလင်အိုလံပစ်သို့ သွားရောက် ယှဉ်ပြိုင်မည့် တောင်အာဖရိက လက်ဝှေ့ အသင်းအတွက် အရွေးချယ်ခံရရန် အလားအလာကောင်းနေသူလည်း ဖြစ်သည်။ စတင်ဒါ၏ နှိမ်သလိုလို နှင့် ဟာသလုပ်လိုက်သော စကားကြောင့် ဘေးမှ လူများက ၀ိုင်းရယ်ကြသည်။
"ကဲ ကောင်းပြီလေ၊ ဖလိုင်းဝိတ်တန်းက စထိုးတာပေါ့"
သူတို့လူသစ်များသည် ခန်းမနောက်ဘက် နံရံနှင့် ကြိုးဝိုင်းကြား ခုံတန်းများတွင် ထိုင်ရသည်။ ကြိုးဝိုင်းကို ကျော်ကြည့်လိုက်လျှင် လူပရိသတ်ကို လှမ်းမြင်ရသည်။ ကြိုးဝိုင်းကို ကြည့်နေရာမှ ပရိသတ်ထဲမှ တစ်ယောက် ကို မင်းဖရက် တိုက်ရိုက်လှမ်းမြင်လိုက်ရသည်။

ဆာရာ မည်ရွေ့မည်မျှ လှသည်ကို သူ မေ့နေခဲ့၍လား၊ သို့မဟုတ် ဆာရာကို သူနောက်ဆုံး တွေ့ရပြီး သုံးလေးပတ်အတွင်း ဆာရာက အလှသွေးကြွလာပြီး အလှပန်းများ ဖူးပွင့်လာ၍လား မသိ။ သူ့ကို မြင်ရ သောအခါ ဆာရာ့မျက်လုံးများက အရောင်တောက်လာသည်။ ပါးအို့လေးနှစ်ဘက်က ချယ်ရီသွေးကြွ လာသည်။ ဆာရာက လက်ကိုင်ပ၀ါလေး ဝှေ့ယမ်းပြပြီး သူ့နာမည်ကို ပါးစပ်က ခေါ်လိုက်ကြောင်း နှုတ်ခမ်းလှုပ်ရှားပုံအရ သိရသည်။
ဦးလေးသရွန့်ဘိုင်အာမင်နှင့် ဆာရာတို့နှစ်ယောက် လက်ဝှေ့ပွဲ လာကြည့်ကြသည်ကို တွေ့ရသဖြင့် မင်းဖရက် အားတက်သွားသည်။

လူသစ်များ၏ လက်ဝှေ့စမ်းသပ်ပွဲ တစ်ပွဲပြီးတစ်ပွဲ ပြီးသွားရာ နောက်ဆုံး မင်းဖရက်အလှည့် ရောက်လာ သည်။ မင်းဖရက်နှင့် အရွယ်တူအလေးချိန်တူ မရှိသဖြင့် သူ့ထက် အလေးချိန်တစ်တန်းပိုကြီးသော စတင်ဒါနှင့် စမ်းသပ်ထိုးရန် စီစဉ်လိုက်ကြသည်။
ပရိသတ် စတင်ဒါဘက်က အားပေးကြသည်။ "မင်း လွယ်လွယ်လေး နိုင်မှာပါ စတင်ဒါရယ်"၊ "သနားစရာ ငနဲလေးကိုတော့ မသတ်လိုက်ပါနဲ့ကွာ" စသဖြင့် ပရိသတ်ထဲမှ အချို့က ၀ိုင်းအော်ကြ သည်။
ရိုအက်ဖ် စတင်ဒါက အရပ်ခြောက်ပေ ရှိသည်။ လေးထောင့်ပုံကျကျ မေးရိုးကားသည်။ သွားက ဖြူဖွေး ပြီး မျက်လုံးက မဟူရာ။ ထူထည်း၍ လှိုင်းထနေသော ဆံပင်မှာ ဘရိုင်ကလိန် ခေါင်းလိမ်းဆီအရောင် တပြောင်ပြောင် တောက်နေသည်။ မုတ်ဆိတ်မွှေး၊ ပါမြိုင်မွှေးများက လူကို ခန့်လည်နေစေသည်။ အမျိုးသမီး ကျောင်းသူပရိသတ်က သူ့ဘက်မှ အားပေးကြသည်။

မင်းဖရက်က ကြိုးဝိုင်းဆီသို့ သွားရာတွင် ဆာရာနှင့် သူ့ဦးလေးနားမှ ဖြတ်သွားရသည်။
"နိုင်အောင်ထိုး မာနီ" ဆာရာက အားပေးသည်။
"လျင်မြန်ဖိုပနဲ့ ရဲဝံ့ဖို့ ငါ သင်ပေးထားတာ မမေ့နဲ့" ဦးလေးက သတိပေးသည်။
လက်ဝှေ့သမားကြီးတစ်ယောက်က ကြိုးဝိုင်းဒိုင်လုပ်သည်။ သူက ယခုထိုးမည့် လက်ဝှေ့သမား နှစ်ယောက်နှင့် ပရိသတ်ကို ဦးစွာ မိတ်ဆက်ပေးသည်။
"ဟောဒီဘက်ထောင့်က လက်ဝှေ့သမားက ကိုယ်အလေးချိန် ၁၈၅ပေါင် ရှိပါတယ်။ သူဟာ တက္ကသိုလ် လက်ဝှေ့အသင်း ကပ္ပတိန်ဖြစ်ပြီး ဂွတ်ဟုပ်အငူရဲ့ အပျော်တမ်းလက်ဝှေ့ ချန်ပီယံ ရိုအက်ဖ်စ်တင်ဒါ ဖြစ်ပါတယ်။ ဒီဘက်ထောင့်က လက်ဝှေ့သမားကတော့ ကိုယ်အလေးချိန် ၁၇၃ပေါင် ရှိတဲ့ လူသစ် တစ်ယောက် ဖြစ်ပါတယ်"

ကြိုးဝိုင်းဒိုင်က မင်းဖရက်၏ နာမည်ကိုပင် ထည့်ပြောမသွားပါချေ။
ပထမအချီ စတင်ထိုးသတ်ရန် မောင်းသံ နောင်ခနဲ မြည်လာသည်။ စတင်ဒါက ဘယ်ယိမ်းညာနွဲ့ဖြင့် လှပစွာ လှုပ်ရှားကာ ရှေ့သို့ တိုးလာသည်။ တစ်ယောက်နှင့်တစ်ယောက် ဘယ်ညာပတ်ပြီး ထိုးကွက် ချောင်းကြသည်။ လက်အိတ်အနီစွပ်ထားသော လက်သီးနှစ်လုံးပေါ်မှ ပြုံးနေသော စတင်ဒါ မျက်နှာ သည် တဖြည်းဖြည်း အပြုံးလွင့်သွားသည်။ မင်းဖရက်က ခုခံကာကွယ်ထားပုံမှာ ဟာကွက်မရှိ ဖြစ်နေ သည်။ ရွှေရောင်ဆံပင်နှင့် မင်းဖရက် ဦးခေါင်းက ပခုံးနှစ်ဘက်ထဲသို့ ပုဝင်ထားပြီး သူ၏ ခြေထောက် အရွှေ့အပြောင်းက မြန်ဆန်မှန်ကန် လွန်းနေသည်။ မင်းဖရက်အား ဤသို့ တွေ့ရလိမ့်မည်ဟု စတင်ဒါ မထင်ခဲ့ပေ။
စတင်ဒါ ဒေါသဖြစ်လာပြီး စိတ်ထဲက ပြောလိုက်သည်။

"ဒီကောင် ငါ့ကို လိမ်တာ၊ သူတကယ့်လက်ဝှေ့သမားပဲ၊ သူဘာလုပ်နေတယ်ဆိုတာ သူ့ဘာသာ သူ သိပါတယ်လေ"
စတင်ဒါက ကွင်းလယ်ကို စိုးမိုးနိုင်ရန် တစ်ကြိမ်ထပ်ကြိုးစားလိုက်ပြန်သည်။ မရ။ နောက်သို့ မသိမသာ ပြန်ဆုတ်ပေးလိုက်ရသည်။
နှစ်ယောက်စလုံး မထိုးကြသေးဘဲ လစ်ကွက်ဟာကွက်ကိုသာ စောင့်ရင်း စောင့်နေကြသည်။ ပရိသတ် ၏ အော်ဟစ်အားပေးနေသော အသံက တဖြည်းဖြည်း လျော့ပြီး အသံများ တိုးလာသည်။ ထူးခြား သော အခြေအနေတစ်ရပ်အား မြင်ရတော့မည်ဟု သိလာပုံရကာ အသံတိတ်လာခြင်း ဖြစ်သည်။ စတင်ဒါ၏ အနေအထားမှာ ယခင်ပွဲများနှင့် မတူဘဲ ပြောင်းလဲနေပုံကို ပရိသတ် ရိပ်မိသွားသည်။ စတင်ဒါမျက်လုံး၌ စိုးရိမ်သောအရိပ်အယောင်း သန်းလာပုံကို သူ့အားကောင်းကောင်း သိသူများက မထင်မှတ်ဘဲ မြင်တွေ့လိုက်ရသည်။

စတင်ဒါက ဘယ်လက်သီးကို ဇတ်ခနဲ ထုတ်ပြီး ထိုးလိုက်သည်။ အကဲစမ်းလိုက်သော ထိုးချက် ဖြစ် သည်။ မင်းဖရက်က ခေါင်းကိုပင် ငုံ့ပြီး ရှောင်ခြင်း မြုပု၊ သူဆီသို့ ၀င်လာသော စတင်ဒါ လက်သီးကို သူ့ လက်သီးဖြင့် တန်ပြန်ခုခံကာ တွန်းကန်ပစ်လိုက်သည်။ သူ၏ တွန်းအားက ပြင်းထန်လွန်းသဖြင့် စတင်ဒါ အံ့အားသင့်တုန်လှုပ်သွားသည်။ သူ့လက်သီးကို ဓာတ်လိုက်ခံလိုက်ရဘိသကဲ့သို့ လက်တစ်ချောင်းလုံးကျဉ်သွားရာ ပခုံးအထိ ဖြစ်သည်။

စတင်ဒါက မင်းဖရက်မျက်လုံးကို လှမ်းပြီး စိုက်ကြည့်လိုက်သည်။ ဤသည်မှာ သူ၏နည်းပရိယာယ် တစ်ရပ် ဖြစ်သည်။ သို့သော် မင်းဖရက်မျက်လုံးကို မြင်တွေ့လိုက်ရသောအခါ စတင်ဒါ အံ့သြသွား သည်။ မင်းဖရက် ၏ ငုဝါရောင်မျက်လုံးအစုံက သားကောင်ကို ချောင်းနေသော ကျားသစ်မျက်လုံးများ နှင့် တူလွန်း လှသည်။ သားကောင်ကို ဆာလောင်မွတ်သိပ်စွာ ကြည့်နေသော ကျားသစ်မုဆိုးနှင့် တူလှ သည်။
စတင်ဒါ က သူ့၏ အာအကိုးရဆုံးနှင့် အကောင်းဆုံး ဘယ်ဖြောင့်လက်သီးကို ထုတ်လွှတ်ကာ ထိုအ၀ါ ရောင် မျက်လုံးအစုံ ဆီသို့ လျှပ်တပြက်ပို့ လွှတ်လိုက်သည်။ သို့သော် သူ့လက်သီးသည် လေထဲမှာပင် အဆုံးသတ် သွားရသည်။ သူ့ပစ်မှတ်ဖြစ်သော မင်းဖရက်မျက်လုံးဆီသို့ ရောက်ရှိ ထိမှန်မသွားပါချေ။

ထို့ကြောင့် လွဲသွားသော လက်သီးကို အချိန်မီ ပြန်ရုပ်သိမ်းနိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်သည်။ သို့သော်လည်း သူနောက်ကျသွားပါချေပြီ။ ဘယ်လက်သီးကို ပစ်လွှတ်လိုက်ချိန်၌ သူ၏မျက်နှာ ဘယ်ဘက်ပိုင်း တွင် တစ်စက္ကန့်၏ အပုံတစ်ရာပုံသော အချိန်မျှလောက် ဟာကွက်ဖြစ်သွားသည်။ ထိုအချိန်ပိုင်း အတွင်း၌ပင် သူ့ခန္ဓာကိုယ်ထဲ၌ မိုင်းဗုံးပေါက်ကွဲသွားသလို ခံစားလိုက်သည်။
တကယ်တော့ စတင်ဒါသည် သူ့ကို ထိမှန် ပေါက်ကွဲသွားသော မင်းဖရက်၏ လက်သီးကို လုံးဝ မမြင် လိုက်ပါချေ။ ယခင်က သူ့ကို ဤသို့ထိမှန်အောင် မည်သူမှ မထိုးခဲ့နိုင်ပါချေ။ ယခု မင်းဖရက်၏ ထိုးအား ပြင်းထန်ချက် သည် နံရိုးများ ကျိုးပဲ့သွားသည့်အလား၊ အဆုတ်ကို ကိုင်ညှစ်ပစ်လိုက်သည့်အလား ဖြစ်သွားပြီး နောက်သို့ လန်ထွက်သွားရာ နာကျင်ခံစားရသော အသံက လည်ချောင်းထဲမှ အလို အလျောက် ထွက်သွားတော့သည်။

နောက်သို့ လန်ထွက်သွားသော စတင်ဒါ၏ ခန္ဓာကိုယ်ကြီးသည် လက်ဝှေ့ကြိုးဝိုင်းကို ကာထားသော ကြိုးနှင့် ကျောကုန်း သွားထိပြီး အရှိန်ဖြင့် ရှေ့သို့ ပြန်ကန်ထွက်လာသည်။ သို့သော် စတင်ဒါအဖို့ မူးနောက် ရီဝေသွားသော်လည်း နောက်တစ်ကြိမ် ၀င်လာသော လက်သီးကိုမူ မြင်လိုက်ရသည်။ မြင်ပင်မြင်သော်ငြားလည်း ရှောင်တိမ်းရန် ခွန်အား မရှိတော့ပါချေ။ စောစောကထက် ပိုပြီးအံ့အားသင့် သွားကာ မယုံကြည်နိုင်လောက် ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် စုတ်ပြတ်ထွက်သွားသလို ခံစား လိုက်ရပြီး ခြေထောက်အစုံကလည်း ဖယောင်းတိုင်မီးထိပြီး အရည်ပျော်သွားသလို ခွေခေါက် သွားတော့သည်။

နာကျင်လွန်းလှသဖြင့် အော်ဟစ်လိုက်ချင်သည်။ သို့သော် လည်ချောင်းထဲ၌ ကျပ်ပြီး တစ်ဆို့နေသည်။ နောက်ထပ် လက်သီးတစ်လုံးမလာခင် ကြမ်းခင်းပေါ်သို့ ပစ်ကျသွားချင်သည်။ သို့ရာတွင် နောက်ကျော ဘက်က ကြိုးမျှန်း ပြန်ကန်ပြီး ရှေ့သို့ ပို့လိုက်သဖြင့် နောက်ထပ်လက်သီးတစ်စုံနှင့် ဖူးစာဆုံသွားရပြန် သည်။ စတင်ဒါ ရှေ့သို့ မှောက်ခုံ လဲကျသွားပါချေပြီ။
ဤဖြစ်ရပ် အားလုံးသည် စက္ကန့်ပိုင်းအတွင်း ဖြစ်သွားသော ဖြစ်ရပ်များပင် ဖြစ်သည်။ ပရိသတ်သည် အံ့အားသင့်ပြီး ကြက်သေသေကာ ထိုင်ကြည့်လျက်ပင် ရှိနေသည်။ လဲကျနေသော စတင်ဒါ၏ ခန္ဓာကိုယ်ပေါ်တွင် မင်းဖရက်အသင့် လှုပ်ရှားနေဆဲ ရှိသည်။

ထိုအချိန်မှာပင် ပရိသတ်ထဲမှ အမျိုးသမီးတစ်ယောက်၏ အော်သံစူးစူးဝါးဝါး ပေါ်လာသည်။ တစ်ဆက်တည်း မှာပင် တုန်ဟည်းသွားလောက်အောင် အော်သံများ ပေါ်လာသည်။ ယောက်ျားများက ထိုင်ရာမှ ၀ုန်းခနဲ ထလိုက်ကြရာ ကုလားထိုင်များ နောက်သို့ လန်လဲကျသွားသည်။ တအံ့တသြ အော်ဟစ် ကောင်းချီးပေးသံများနှင့်အတူ ကြိုးဝိုင်းအပေါ်အထိ စုပြုံတက်လာသည်။ နှုတ်ဆက်အားပေး ကြသည်။
အမျိုးသမီး က မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေပြီး တချို့က ကြောက်လန့်တကြား အော်ဟစ်နေဆဲ ရှိသည်။
စတင်ဒါ ကို ပွေ့ချီိပြီး ကြိုးဝိုင်း အောက်ချကာ ထမ်းစင်နှင့် တင်ထမ်းသွားကြသည်။ ပါးစပ်မှ သွေးထွက် ပြီး နှုတ်ခမ်း မှ စီးကျနေသည်။

မင်းဖရက်ကြိုးဝိုင်းထဲမှ ဆင်းပြီး လူသွားလမ်းမှ ဖြတ်လျှောက်လာသည်။ အမျိုးသမီးက ပါးစပ် အဟောင်းသား နှင့် တအံ့တသြ ကြည့်နေကြသည်။ တစ်ယောက်သော အမျိုးသမီးက မင်းဖရက်ပခုံးကို လှမ်းကိုင် လိုက်သည်။
ဦးလေးသရွန့်က စိတ်လှုပ်ရှားတက်ကြွနေသော ဆာရာကို လက်မောင်းမှ အသာကိုင်ပြီး လက်ဝှေ့ ရုံအပြင်ဘက်သို့ ခေါ်လာသည်။ အပြင်ဘက်ညကာလ၌ လက သာနေသည်။ ဆာရာက စိတ်လှုပ်ရှား တက်ကြွနေဆဲ။

"သူ သိပ်တော်တာပဲနော် ဦးလေး၊ အံ့ရော ... အံ့ရော ... သူထိုးပုံက သိပ်မြန်တာပဲ၊ သိပ်လှတာပဲ၊ ကျွန်မ တစ်သက်မှာ ဒါမျိုးတစ်ခါမှ မမြင်ဖူးပါဘူး၊ အံ့သြစရာ မကောင်းဘူးလားဟင်"
"ဒါ အစပဲ ရှိသေးတယ် တူမရယ်၊ သူ့ဘ၀က ပြောင်းသွားပြီ၊ တို့ဘ၀တွေလဲ သူနဲ့အတူလိုက်ပြီး ပြောင်းလဲ သွားကြလိမ့်မယ်၊ ဒီနေ့ စခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ငါ ဘုရားသခင်ဆီမှာ ဆုတောင်းပါတယ်၊ တကယ်တော့ သူ့ကို လက်ဝှေ့လောကထဲ ပို့ပေးခဲ့တာ ငါပဲ"

ထိုလက်ဝှေ့ပွဲပြီးနောက် သုံးရက်လုံးလုံး မင်းဖရက်သည် အဆောင်တစ်ဆောင်တည်းနေ သူလို ပထမနှစ် ကျောင်းသား များထဲမှ ရင်းနှီးသူ တချို့မှလွဲလျှင် အခြားလူများနှင့်မတွေ့အောင် ရှောင်နေ သည်။ ပထမနှစ် ကျောင်းသားများကမူ သူ့အား ကောင်းချီးသြဘာပေးကြသည်။ ပထမနှစ်ကျောင်းသား များသည် နှစ်ကြီးသမားများ၏ ပညာပြခြင်း၊ နှိပ်စက်ကလူပြုမူခြင်းများကို အမျိုးမျိုးခံလာခဲ့ကြရာ ယခု မင်းဖရက်က နှစ်ကြီးသမား လက်ဝှေ့အသင်း ကပ္ပတိန် စတင်ဒါအား မှတ်လောက်သားလောက်အောင် လက်ဝှေ့ ရေးပြ တုံ့ပြန်လိုက်သဖြင့် ရာဇ၀င်ကြွေးဆပ်နိုင်လိုက်သလို ဖြစ်သွားသည်။ နှစ်ကြီးသမားများ ၏ လူသစ် အပေါ် နှိပ်စက်ကလူပြုမူမှုလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။

စတုတ္ထမြောက်ညတွင် စတင်ဒါနှင့် သူ့လူအချို့ မင်းဖရက်အခန်းသို့ ရောက်လာသည်။ စတင်ဒါက မင်းဖရက် အား ပြုံးပြုံး ပျော်ရွှင်ပြောလာသည်။
"ဒီမှာ ကိုယ့်လူ၊ မောင်ရင့်အတွက် ကိုယ်တို့က ဂုဏ်ယူနေတာကွ၊ ငါ ဒီအဆောင်ကို ရောက်လာပြီး နောက်ပိုင်းမှာ မင်းလို သောက်ရမ်းတော်တဲ့ကောင် တစ်ေ်ကာင်မှ မတွေ့ခဲ့ဖူးသေးဘူး၊ တို့အဆောင်က မင်းကို ကြိုဆိုပါတယ်ကွာ၊ တို့အဆောင်ဟာ မင်းအဆောင်ပါပဲ၊ ငါတို့ ညီအစ်ကိုတွေ ဖြစ်သွားကြပြီပေါ့ ကွာ"
စတင်ဒါ စကားအဆုံးတွင် နှစ်ကြိမ်သမားများ မင်းဖရက် ဘေး ၀ိုင်းလာကြသည်။ ရယ်ကြ မောကြ သည်။ ပွေ့ဖက်နှုတ်ဆက်သည်။ တွန်းထိုးပုတ်ခတ် ကျီစယ်ကြသည်။ ခုတော့လည်း တစ်မျိုးကြီးပါပဲ လား။
"လာ ရဲဘော်တို့၊ ဘီယာဆိုင်သွားမယ် ... ဘီယာသွားသောက်ကြရအောင်"

စတင်ဒါ စလိုက်သည်။ အားလုံးလက်တွဲပြီး အဆောင်ပေါ်မှ ဆင်းကြသည်။ အဆောင်အထိမ်းအမှတ် သီချင်းကို သံပြိုင်ဆိုကြသည်။ ဒရိုစဒရီဟိုတယ်အဆောင်ကြီးဆီသို့ ညီညီညာညာ ချီတက်ကြသည်။ ဟိုတယ်တံခါးပိတ်ထားသဖြင့် ထုကြသည်။ နောက်ဆုံး ဟိုတယ်ပိုင်ရှင်သည် သတ်မှတ်ချိန် လွန်နေပြီ ဖြစ်သော်လည်း လိုက်လျောမှုဖြင့် ဖွင့်ပေးလိုက်သည်။
ဘီယာတစ်ကျိုက် သောက်ပြီးနောက် စတင်ဒါက ပြောလိုက်သည်။

"ငါ မင်းကို နှစ်ခု ပြောချင်တယ် မင်းဖရက်၊ ပထမတစ်ခုကတော့ ဘီယာဖိုးကျသမျှ ငါ ရှင်းပါရစေ၊ မင်းထိုးလိုက်တဲ့ လက်သီးချက်တွေဟာ ငါ့ဘ၀မှာ တစ်ခါမှ မခံခဲ့ရဖူးတဲ့ လက်သီးချက်တွေပဲကွ"
သို့ဖြင့် သူတို့ ရင်းနှီးကျွမ်းဝင် ခင်မင်သွားကြသည်။ အားကစားစိတ်ဓာတ်က သူတို့နှစ်ယောက်ကို ရစ်ပတ် လွှမ်းခြုံသွားကြသည်။
"ဒီမှာ မာနီ ... မင်းနဲ့ ငါနဲ့ တူတူလေ့ကျင့်မယ်ကွာ၊ နက်ဖြန်မနက် ၅နာရီကို မင်းကို ငါလာနှိုးပြီး အပြေး လေ့ကျင့်မယ်၊ နောက်နှစ်ပတ်ကျယင် ငါတို့ရဲ့ အဓိက ပြိုင်ဘက်အကောင်တွေနဲ့ နွှဲရမယ့်ပွဲရှိတယ်ကွ၊ ဒီမှာ မင်းကို ငါတို့ တက္ကသိုလ်ရဲ့ လက်ဝှေ့လက်ရွေးစင်ထဲမှာ ရွေးလိုက်ပြီကွ၊ မင်း တက္ကသိုလ် လက်ရွေးစင် ဖြစ်သွားပြီ"
ထိုနေ့နောက်ပိုင်းတွင် သူတို့နှစ်ယောက် ပိုပြီး ချစ်ခင်ရင်းနှီးလာကြသည်။ မင်းဖရက်၏ ဂုဏ်သိက္ခာ လည်း မြင့်မား လာသည်။ အားလုံးက အလေးထားလာကြသည်။

နောက်နှစ်ပတ်တွင် သူတို့ ပွဲကြီးတစ်ပွဲ နွှဲရတော့မည်။ သူတို့၏ စတယ်လင်ဘို့ရှ်တက္ကသိုလ်နှင့် ကိပ်တောင်းတက္ကသိုလ်တို့ ပြိုင်ရမည့် လက်ဝှေ့ပွဲ ဖြစ်သည်။ ထိုတက္ကသိုလ်နှစ်ခုသည် အစဉ်အလာ ပြိုင်ဘက် ဖြစ်သည်။ ကိပ်တောင်း တက္ကသိုလ်သည် အင်္ဂလိပ်စကားပြော တက္ကသိုလ် ဖြစ်သည်။  စတယ်ဘို့ရှ် တက္ကသိုလ်သည် အာဖရိကဖွား လူဖြူစကားပြော တက္ကသိုလ် ဖြစ်သည်။
ထိုပြိုင်ပွဲ သို့ ကိပ်တောင်းတက္ကသိုလ်ဘက်မှ အားပေးမည့် ကျောင်းသားကျောင်းသူများ မိုင်၃၀ခရီးကို ကားကြီး ကားငယ်များဖြင့် လာကြသည်။ အားကစားရုံ တစ်ဝက်မှာ သူတို့ပရိသတ်ဖြင့် ပြည့်နေသည်။ မင်းဖရက် နှင့် ထိုးရမည့်သူမှာ လူရီကင်း ဖြစ်သည်။ လိုက်ဟဲဗီးဝိတ်တန်းမှ အတွေ့အကြုံရှိသူ ဖြစ် သည်။ မင်းဖရက်ဒီလာရေး ဆိုသည်မှာ လူသိပ်မသိသေးသော အညတြလက်ဝှေ့သမားလေးသာ ဖြစ် သည်။

သို့သော် တကယ်ထိုးကြသောအခါ လူရီကင်းသည် ဒုတိယအချီအပြီး၌ တတိယအချီအတွက် ထွက်မလာနိုင်တော့ဘဲ အရှုံးပေးသွားရသည်။ ပရိသတ် အံ့သြတုန်လှုပ်သွားရသော ပွဲတစ်ပွဲပင် ဖြစ် သည်။
ထိုပွဲတွင် ရှေ့ဆုံးတန်းမှ ပရိသတ်များထဲ၌ ဦးလေးသရွန့် နှင့် ဆာရာတို့ကို မင်းဖရက် တွေ့လိုက်ရ သည်။ ဦးလေး က အားပါးတရ အော်ဟစ်အားပေးသည်။ ဆာရာက အားတက်သရော အားပေးသည်။ သို့သော် သူမ မျက်လုံးအစုံ၌ မျက်ရည်ဝိုင်းနေသည်။ မျက်ရည်ဟူသည် ၀မ်းနည်းမှကျသည် မဟုတ်၊ ၀မ်းသာ ပျော်မြူး လျှင်လည်း ကျတတ်ပေသည်။

နောက်တစ်နေ့ နံနက်ထုတ် အာဖရိက လူဖြူသတင်းစာ "ဒိုင်ဘာဂါ" (နိုင်ငံသား)တွင် မင်းဖရက်အား "အာလာဟာရီ တောနက်ကြီးမှ ကေသရာဇာခြင်္သေ့" ဟု ကင်ပွန်းတပ် ရေးသာလိုက်သည်။ ထို့အပြင် မင်းဖရက် သည် ဗိုလ်ချုပ်ကြီး ရာကို ဗတ်စ်ဟာကျူလီဒီလာရေး၏ မြေးဖြစ်ရုံသာမက လက်ဝှေ့ ချန်ပီယံ၊ စာရေးဆရာနှင့် စတယ်လင်ဘို့ရှ် ဘုရားရှိခိုးကျောင်းမှ ဘုန်းတော်ကြီး သရွန့်ဘိုင်အာမင်၏ တူတော် သူလည်း ဖြစ်ကြောင်း ထုတ်ဖော်ရေးသားလိုက်သည်။

မင်းဖရက်တို့ နောက်တစ်နေ့မှာပင် သူတို့ တက္ကသိုလ်သို့ ပြန်ရောက်ကြသည်။ မင်းဖရက် စာသင်ခန်းမှ ထွက်အလာတွင် စတင်ဒါနှင့် လက်ဝှေ့အဖွဲ့သားများက သူ့ကို ၀ိုင်းပြီး ဂျီတိုက်ကြတော့သည်။
"ဒီမှာ မာနီ ... မင်း ငါတို့ကို ချိုထားတာပဲကွ၊ မင်းဦးလေးဟာ လက်ဝှေ့ချန်ပီယံ သရွန့်ဘိုင်အာမင်လို့ မင်း ငါတို့ကို ဘယ်တုန်းကမှ မပြောဖူးပါလားကွ၊ မင်း ဦးလေးက အမျိုးသား ချန်ပီယံ ငါးနှစ်ဖြစ်လာတဲ့ လူကွ၊ စလိတ်တာ နဲ့ လူမည်းဂျက်ပတာကို အနိုင်ထူးလာခဲ့သူကွ" စတင်ဒါ မကျေမနပ် စပြောလိုက် သည်။

"ငါ မင်းတို့ကို အဲဒါ မပြောဖူးဘူးလား၊ အေး ... ငါမေ့နေလို့ ထင်တယ်" မင်းဖရက်က စကားလျှောချ လိုက်သည်။
"မာနီ ... မင်းဦးလေးနဲ့ ငါတို့ကို မိတ်ဆက်ပေးကွာ၊ ငါတို့ အားလုံး မင်း ဦးလေးနဲ့ တွေ့ချင်တယ်ကွာ၊ လုပ်ပါ" အသင်းဒုတိယ ကပ္ပတိန်က ပြောလာသည်။
"သူ ငါတို့ အသင်းကို နည်းပြဆရာ လုပ်ပေးယင် သိပ်ကောင်းမယ်ကွာ၊ မင်း ပြောပေးစမ်းပါ" စတင်ဒါက သူ့ဆန္ဒ ကို ထုတ်ပြောလိုက်သည်။
မင်းဖရက် လည်း သဘောကျသွားသည်။

လက်ဝှေ့သမား လူငယ်များ ၀ိုင်းတောင်းပန်ကြသဖြင့် နောက်ဆုံး ဦးလေးသရွန့် သံဃာအားဘုရား မငြင်းဆန်နိုင်သလို နည်းပြဆရာလုပ်ပေးရန် လက်ခံလိုက်ရသည်။ လက်ဝှေ့သမားအားလုံး ပျော်သွား ကြသည်။ ညနေစောင်းတွင် စတင်ဒါနှင့် မင်းဖရက်တို့ နှစ်ယောက် လမ်းလျှောက်ရင်း စတင်ဒါက စကာ စလိုက်သည။
"ဒီမှာ မာနီ၊ မင်ညီမလေး အသက်ဘယ်လောက် ရှိပြီလဲ၊ ငါ့ ပြောစမ်းပါဦး"
"ဘယ်ညီမလဲကွ ... ဟို ၀၀ ကောင်မလေး ဂါထရူးလား၊ ဒါမှမဟုတ် ဟိုယင်ချေးဥတွေနဲ့ ကောင်မလေး ရီတာနာလား"
"ဘယ်ဟုတ်ရမလဲကွ ငနာရ၊ ဟိုမျက်လုံးပြာပြာနဲ့ လှလှလေးလေကွာ၊ ရွှေရောင်ဆံပင်ပျော့ပျော့လေးနဲ့ လေကွာ၊ ငါလက်ထပ်ချင်တဲ့ ကောင်မလေးပေါ့ကွ"
မင်းဖရက် လမ်းလျှောက်နေရာမှ တုံ့ခနဲရပ်လိုက်ပြီး စတင်ဒါ ဘယ်သို့ ချာခနဲ လှည့်လိုက်သည်။

"မင်း နောက်ကို ဒီစကားမျိုး မပြောနဲ့၊ ဒီလို ညစ်ပတ်တဲ့ စကားမျိုး၊ နောက်ဘယ်တော့မှ မပြောနဲ့ ကြားလား၊ ငါမင်းကို ဒါ ပထမဆုံးနဲ့ နောက်ဆုံး သတိပေးတာပဲ၊ မင်းဆာရာကို နောက်ဒါမျိုးပြောယင် ငါမင်းကို အသတ်ပဲ" မင်းဖရက်က စတင်ဒါ ဂျာကင်အင်္ကျီကော်လံစနှစ်ဘက်ကို ဒေါသဖြင့် ဆွဲကိုင် လှုပ်ပြီး ပြောလိုက်သည်။
"ဟေး ... မာနီ၊ မင်း ဘာကျွဲမြီးတိုရတာလဲကွ၊ ငါပြောတဲ့အထဲမှာ ညစ်ပတ်တာ မပါပါဘူးကွာ၊ မင်း ရူးနေသလား မင်းညီမဆာရာကိုလဲ ငါစကားနဲ့တောင် မစော်ကားရပါဘူးကွာ"
"သူက ကလေးရှိသေးတာကွ၊ မင်းဒီလို လက်ထပ်ချင်တယ်လို့ မပြောသင့်ပါဘူး"
"ဟေ့ကောင် မင်းညီမ မင်းပြန်ကြည့်ပါဦးကွ၊ ဒါလား ကလေး မင်းမျက်စိကန်းနေသလား၊ မင်းညီမက ချောမှချော လှမှလှ ဟား ... ဟား"
စတင်ဒါ၏ စကားမဆုံးမီပင် မင်းဖရက် လှည့်ထွက်လာခဲ့သည်။ စတင်ဒါက ပခုံးနှစ်ဖက် တွန့်လိုက်ပြီး နောက်မှ တစ်လှမ်းချင်းလိုက်လာခဲ့သည်။

နောက်ထပ် လက်ဝှေ့ပွဲ ၁၂ပွဲတွင် မင်းဖရက် တိုက်နိုင်လိုက်သည်။ ပွဲအားလုံးကို သုံးချီအတွင်း အလဲထိုး နိုင်လိုက်ရာ စံချိန်တစ်ရပ်ပင် ဖြစ်သည်။
မင်းဖရက်သည် ယခုအခါ ဂျာမန်စကားကို အာဖရိက လူဖြူစကားကို သွက်သွက်လက်လက် ပြောနိုင် နေသည်။ အင်္ဂလိပ်စကားကိုမူ သိပ်မထွက်ဘဲ ထစ်ထစ်ထစ်ထစ် လေးလေးလေးလေးနှင့် ပြောနေ သည်။

မင်းဖရက်သည် လက်ဝှေ့ရေး၌ အစွမ်းပြနိုင်မှုကြောင့် စတယ်လင်ဘို့ရှ်တက္ကသိုလ်တစ်ဝှမ်း၌ ထင်ရှား ကျော်ကြားလာသည်။ သူ၏ ပါမောက္ခအချို့က မျက်နှာသာ ပေးလာကြသည်။ မင်းဖရက်ကို အထူး မျက်စေ့ကျသော ပါမောက္ခတစ်ဦးမှာ နိုင်ငံရေးသိပ္ပံနှင့် လူမှုရေးသိပ္ပံပါမောက္ခဗာစူး ဖြစ်သည်။ သူသည် အာဖရိကဖွား လူဖြူပညာတတ်များထဲ၌ ထိပ်ဆုံးမှ တစ်ဦး ဖြစ်ပြီး တောင်အာဖရိက အမျိုးသားရေးဝါဒ တစ်ဦး ဖြစ်သည်။

ပါမောက္ခဗာစူးက တစ်နေ့တွင် မင်းဖရက်အား စာအုပ်တစ်အုပ်ပေးပြီး အေးအေးဆေးဆေး ဖတ်ခိုင်း သည်။
ထိုစာအုပ်အမည်ကို မင်းဖရက် ကြည့်လိုက်သည်။ စာအုပ်မှာ အဒေါင့်ဟစ်တလာရေးသော "မိန်းကမ်းဖ်" ဖြစ်သည်။
မစွမ်းရင်း ကလည်းရှိ ကန်စွန်ခင်းလည်း ငြိနေသော မင်းဖရက်အဖို့ ဟစ်တလာဝါဒ၊ ဟင်တလာ အယူအဆများ ခေါင်းထဲ၌ စွဲငြိသွားသည်။
မင်းဖရက် ထိုစာအုပ်ကို ဖတ်ပြီး နောက်တစ်နေ့ ပါမောက္ခဗာစူးနှင့် တွေ့သောအခါ ပါမောက္ခ သူ့ကို စတင် သိမ်းသွင်းလာသည်။

"မင်းဟာ မကြာခင်မှာ ငါတို့ရဲ့ စံပြလူငယ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ ငါတို့လူငယ်တွေက မင်းကို အတုယူလာလိမ့်မယ်၊ ဒီတော့ မင်းက ငါတို့ရဲ့ စံပြနမူနာ လူသစ်အဖြစ် ပြသရလိမ့်မယ်"
ထိုသို့ ပြောပြီး ပါမောက္ခဗာစူးတို့၏ နောက်တစ်ကြိမ် ခေါင်းဆောင်ပိုင်း ထိပ်တန်းလျှို့ဝှက် အဖွဲ့အစည်း တွင် မင်းဖရက်၏ နာမည်ကို တင်ပြလိုက်သည်။
"ဒီတက္ကသိုလ်က ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကျောင်းသားတစ်ယောက်ဖြစ်တဲ့ စတင်ဒါာ မင်းဖရက် နဲ့ ရင်းရင်းနှီးနှီး ရှိနေပါပြီ"
ပါမောက္ခဗာစူးက တင်ပြသည်။

"သူ့ကို စည်းရုံးသိမ်းသွင်းလိုက်ပေါ့"
ကောင်စီအစည်းအဝေးဥက္ကဋ္ဌ အမိန့်ပေးလိုက်သည်။

စတင်ဒါနှင့် မင်းဖရက်တို့သည် တစ်ပတ်လျှင် ငါးရက်ကျ တောင်တန်းများဆီသို့ အတူတကွ ပြေးကာ ကိုယ်ခန္ဓာ တောင့်တင်း ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ကြသည်။
စိတ်ဓာတ်ရော ရုပ်ဓာတ်ရောပါ တောင့်တင်းကြံ့ခိုင်သော မင်းဖရက်အား အဖွဲ့ဝင်သစ်အဖြစ် ရွေးချယ် လျာထားလိုက်သော လူကြီးများ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း စတင်ဒါ သိမြင်လာသည်။ တောင်ကြားစမ်းချောင်းလေးသို့ ရောက်သောအခါ ရပ်နားပြီး ထုံးစံအတိုင်း ရေသောက် အပန်းဖြေကြသည်။

"ကဲ ... လာ အပြန်ခရီးပြေးကြစို့"
"ဖြည်းဖြည်းပေါ့ ကိုယ့်လူရာ၊ ဒီနေ့ မောင်ရင့်ကို ငါ စကား ပြောစရာ ရှိသေးတယ်"
စတင်ဒါက ပြောလိုက်သောအခါ မင်းဖရက် အံ့အားသင့်ပြီး မျက်မှောင်ကုတ်သွားသည်။
"ဘာဖြစ်လို့ ဒီနေရာကျမှ ခင်ဗျားက စကားထူးထူး ဆန်းဆန်း ပြောချင်ရတာတုံး"
"ဒီနေရာမှာဆိုတော့ ဘယ်သူမှ မကြားနိုင်ဘး မဟုတ်လား၊ ငါတို့အထဲက တချို့ဟာ စကားပြောရုံ တင် မဟုတ်ဘူး။ လှုပ်ရှားဖို့၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာ၊ မင်းကြိုက်တဲ့ တိုက်ပွဲမျိုးပေါ့ ကွာ" စတင်ဒါက ပြောလိုက်သည်။

မင်းဖရက်က စတင်ဒါဘက် လှည့်လိုက်သည်။ သိချင်စိတ်က မရိုးမရွ ဖြစ်လာသည်။ စတင်ဒါက ထိုင်လိုက်ရာ မင်းဖရက်ကလည်း သူ့ရှေ့တွင် ၀င်ထိုင်လိုက်သည်။
"ဘယ်သူတွေလဲ၊ ဘာလှုပ်ရှားမှုလဲ"
မင်းဖရက်က စိတ်ဝင်တစား မေးလိုကသည်။ စတင်ဒါက မင်းဖရက်အနားသို့ ကိုယ်ကိုကိုင်းလိုက်ပြီး ပြောသည်။
"ရည်မှန်းချက် ပြင်းထန်တဲ့ လျှို့ဝှက်လက်ရွေးစင် လူတစ်စု ရှိတယ်။ မင်းတို့ ငါတို့လို အာဖရိကဖွား လူဖြူတွေပဲပေါ့၊ တို့လူတွေရဲ့ ခေါင်းဆောင်တွေက ထိပ်တန်းပုဂ္ဂိုလ်တွေ၊ ဒီနိုင်ငံရဲ့ အစိုးရပိုင်းမှာ၊ ပညာရေးပိုင်းမှာ၊ စီးပွားရေးပိုင်းမှာ ထိပ်တန်းက ပါဝင်နေတဲ့ လူတွေ၊ သူတို့လို ဒီနေ့ခေါင်းဆောင်တွေ တင် မဟုတ်ဘူး။ မင်းလိုငါလို နောက်တစ်နေ့မှာ ခေါင်းဆောင်ဖြစ်မယ့် လူတွေလဲ ပါတယ်"
"လျှို့ဝှက်အဖွဲ့လား" မင်းဖရက်က မေးလိုက်သည်။

"မကဘူး မာနီ အဲဒီထက် ပိုတယ်။ ငါတို့အမျိုးတူ ဆင်းရဲဥားနင်းပြားတွေအတွက် တိုက်ခိုက်ပေးဖို့၊ လျှို့ဝှက်တပ် တစ်တပ် အဆင်သင့် ဖွဲ့စည်းပြီး ရှိနေပြီ၊ ငါတို့နိုင်ငံ ကြီးကျယ်မြင့်မားဖို့အတွက် ပြန်လည် ကြိုးပမ်းဖို့ အသင့်ရှိနေကြပြီလေ"
စတင်ဒါ၏ စကားကြောင့် မင်းဖရက် ကြက်သီးမွေးညှင်း ထသွားသည်။ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားသည်။ စတင်ဒါက ဆက်ပြောသည်။
"စစ်သားတွေ မာနီ ... တို့နိုင်ငံအတွက် တိုက်ပွဲဝင်မယ့် တပ်သားတွေ"
"ပါတယ် မာနီ၊ ငါ ပါတယ်၊ မင်းကိုလဲ ပါစေချင်တယ်၊ ငါတို့ရဲ့ ဗဟိုကော်မတီက မင်းကို မျက်စိကျနေ တယ်၊ ငါတို့ရဲ့ ပန်းတိုင်ကို ချီတက်ရာမှာ ငါတို့ ပြည်သူတွေအတွက် နင်းပြားဘ၀က လွတ်မြောက် အောင် တိုက်ပွဲဝင်ရာမှာ မင်းလဲ ငါတို့နဲ့အတူ ပါဝင်ဖို့အတွက် မင်းကို ဖိတ်င်္ကြားဖို့ တို့လူကြီးတွေက တာဝန်ပေးထားတယ်"

"ခေါင်းဆောင်တွေက ဘယ်သူတွေလဲ၊ အဲဒီ လျှို့ဝှက်စစ်တပ်ရဲ့ နာမည်က ဘာတဲ့လဲ"
"မင်း နောက်တော့ သိလာမှာပေါ့၊ မင်း တို့အဖွဲ့ဝင် အဖြစ် သစ္စာဆိုကျမ်းကျိန်ပြီးယင် မင်းကို အားလုံး ပြောပြမှာပေါ့"
စတင်ဒါက မင်းဖရက်လက်မောင်းကို လှမ်းပြီး ဆုပ်ကိုင်ကာ ပြောလိုက်သည်။ ထပ်မံမေးလိုက်ပြန် သည်။
"မင်း လက်ခံမလားဟင် ... တို့ အဖွဲ့ဝင်ကို မင်းဝင်မလား မင်းဖရက်ဒီလာရေး၊ မင်း ငါတို့ ယူနီဖောင်း ၀တ်ပြီး ငါတို့နဲ့အတူ လက်တွဲတိုက်မလား"
"လက်ခံမယ်၊ ပါမယ်၊ ငါလဲ အသည်းလှိုက်အူလှိုက် ပါဝင် တိုက်ခိုက်မယ်"
မင်းဖရက်က လိုလိုလားလား ကတိပေးလိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, December 30, 2011

မောင်သန်းဆွေ (ထားဝယ်) ၏ စကားမိဖုရားနှင့် ဘိုင်ဆပ်

စကားမိဖုရားနှင့် ဘိုင်ဆပ်
မောင်သန်းဆွေ (ထားဝယ်)

စကားမိဖုရားဆိုသူမှာ ကုန်းဘောင်ဆက် န၀မဘုရင် ပုဂံမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။ ဘိုင်ဆပ် ဆိုသူ ကလည်း ထိုဘုရင်လက်ထက်တော်မှ မြို့ဝန် ဖြစ်၏။ စကားမိဖုရားနှင့် ဘိုင်ဆပ်တို့၏ ပြဿနာကို စာရေးသူ အား အန်တီခင် (စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး)က ပြောပြခဲ့ခြင်း ဖြစ်၏။

စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး ရေးသည့် ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး စာအုပ်တွင် ပုဂံမင်းလက်ထက် တော် မိဖုရားများစာရင်း၌ ဖော်ပြထားသည်မှာ ပထမနန်းရဆောင်ရ မိဖုရားကြီးများ စာရင်းတွင် မိဖုရား ခေါင်းကြီး ဖြစ်သူမှာ ဘေးတော်ဖြစ်သော ပဒုံမင်း၏သားတော် မက္ခရာမင်းသားကြီး၏ သမီးတော် သီရိသုရတနာပဘာဒေ၀ီ ဖြစ်သည်။ ရွှေဘိုမင်းတရားကြီး ကိုယ်တော်တိုင် သားတော် ပုဂံမင်းကို မင်းသား ဘ၀ တွင် ထိုမင်းသမီးနှင့် လက်ထပ်ပေးတော်မူခဲ့ခြင်း ဖြစ်၏။ သီရိတိလောက မဟာရတနာဒေ၀ီ ဘွဲ့မည် ဖြင့် ပြည်မြို့၊ တောင်ငူမြို့တို့ကို အသုံးခံ ကျွေးပေး၍ မိဖုရားခေါင်းကြီးအရာ တောင်နန်း တင်တော်မူခြင်း ဖြစ်၏။

မြောက်နန်းတော်မိဖုရား သီရိတိလောက အတုလရတနာဒေ၀ီမှာ မင်္ဂလာအိမ်တော်ပါ စလင်းမြို့စား ဖြစ် သည်။ အနောက်နန်းမိဖုရား သီရိသုရတနာမင်္ဂလာဒေ၀ီမှာ မင်္ဂလာအိမ်တော်ပါ မြတောင်မြို့စား မိုးညှင်း မင်းသမီး ဖြစ်သည်။
တောင်ဆောင်တော်မိဖုရား သီရိရတနာစန္ဒမဟေမှာ မင်္ဂလာအိမ်တော်ပါ တလုပ်မြို့စား ဖြစ်သည်။ မြောက်ဆောင်တော် မိဖုရား သီရိရတနာနန္ဒာမဟေမှာ မင်္ဂလာအိမ်တော်ပါ ရမည်းသင်းမြို့စား ဖြစ်သည်။
တောင်ရွှေရေးဆောင် မိဖုရား သီရိသုစန္ဒာနန္ဒာမဟေမှာ မင်္ဂလာ အိမ်တော်ပါ မိုးကောင်းမြို့စား ဖြစ်သည်။ မြောက် ရွှေရေးဆောင်မိဖုရား သီရိသုပဘာစန္ဒာမဟေမှာ မင်္ဂလာအိမ်တော်ပါ ကျပင်းမြို့စား ဖြစ်သည်။

အထက်ပါ နန်းရဆောင်ရ မိဖုရားကြီး ရှစ်ပါးအပြင် ပုဂံမင်းတွင် အခြားမြို့စား မိဖုရား ခြောက်ပါးရှိသေး သည် ဟု ဒဂုံခင်ခင်လေးက ဖော်ပြထားသည်။

၁။ မိုင်းလုံမြို့စားကို သီရိကေသာ မလ္လာမဟေ။
၂။ စကုမြို့စားကို သီရိနန္ဒာမလ္လာ မဟေ။
၃။ မြန်အောင်မြို့စားကို သီရိသုတ ရတနာမဟေ။
၎။ ကာမမြို့စားကို သီရိသုမြတ်စွာ မဟေ။
၅။ ရွှေကူမြို့စားကို သီရိသုရတနာဝတီ။
၆။ ခဲပေါင်မြို့စားသမီးကို သီရသုရတနာမင်္ဂလာဝတီ။

အထက်ပါ မိဖုရားစာရင်းတွင် အန်တီခင်ပြောခဲ့သည့် စကားမြို့စား မိဖုရားအမည် မပါပါ။ အန်တီခင်ကို လည်း ကွယ်လွန်သွားပြီဖြစ်၍ မမေးနိုင်တော့ပါ။ သို့ဖြစ်၍ ကုန်းဘောင်ခေတ်များနှင့် ပတ်သက်ပြီး ရှေ့မီ နောက်မီ ဖြစ်သော အစ်ကိုကြီး ဦးစိန်မောင်ဦး (ရှေးဟောင်းသုတေသန-ငြိမ်း)ကို မေးရတော့သည်။ အစ်ကို ကြီးက အိမ်ရှေ့စံကနောင်မင်း၏ ကိုယ်လုပ်တော်များတွင် သားတော်သမီးတော် ထွန်းကားသူ များကိုသာ ဖော်ပြထား၍ သားတော်သမီးတော် မထွန်းကားသော ကိုယ်လုပ်တော်အမည်များကို မဖော်ပြခဲ့ကြောင်း၊ ထို့အတူပင် ပုဂံမင်း၏ မိဖုရားများတွင်လည်း သားတော် သမီးတော် မထွန်းကား သူများကို ဖော်ပြခဲ့ဟန် မတူဟု ဆိုပါသည်။

ပုဂံမင်း၏ နန်းရဆောင်ရ အဘယ်မြို့စား မိဖုရားမှ သားတော်၊ သမီးတော် မထွန်းကားခဲ့ချေ။ သို့ဖြစ်၍ အစ်ကိုကြီး ဦးစိန်မောင်ကို ပြောသကဲ့သို့ စကားမြို့စား မိဖုရားဆိုသူကို သားတော်၊ သမီးတော် မထွန်းကား ၍ မှတ်တမ်းတင်ခဲ့ဟန်မတူ ဆိုသော အဆိုအတိုင်း ယူဆ၍ မရပေ။
အန်တီခင် (ဒဂုန်ခင်ခင်လေး) သည် သူ့ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး စာအုပ်တွင်လည်း စကားမိဖုရားအမည် ကို ဖော်ပြခဲ့လေရာ ပုဂံမင်းမိဖုရားများတွင် စကားမြို့စားမိဖုရားဟု ရှိခဲ့သည်မှာ ဧကန်ပင် ဖြစ်သည်ဟု ယူဆ ရပေမည်။

ပုဂံမင်းလက်ထက်မှ မြို့ဝန်ဘိုင်ဆပ် ဆိုသူအကြောင်းကိုလည်း ဖော်ပြရပေမည်။ ဤမြို့ဝန်သစ်ကြီးသည် အခြားမြို့ဝန်တို့အပေါ် ကျော်လွှား၍ တန်ခိုးထွားခဲ့သူဖြစ်သဖြင့် ပုဂံမင်းလက်ထက်တွင် နာမည်ကြီး ခဲ့ လေသူ တစ်ဦး ဖြစ်သည်။ ဘိုင်ဆပ်ဆိုသည်မှာ အမည်ရင်း မဟုတ်ပါ။ သူ၏ အမည်ရင်းမှာ "ဆေယက်ခန်" ဟု ခေါ်ကြောင်း သမိုင်းသုတေသီ ဗိုလ်မှူးမြင့်ဦးက စာရေးသူအား ပြောဖူးပါသည်။
ဘိုင် ဆိုသည်မှာ ကုလားစကားအရ "အစ်ကို" ဟု သဘောဆောင်ပါသည်။ သို့ဖြစ်၍ ဘိုင်ဆပ် ဆိုသည်မှာ "အစ်ကိုဆရာ" ဟု အဓိပ္ပာယ်ရသဖြင့် တမင်ပင် အထက်စီးဖြင့် ခေါ်စေခြင်း ဖြစ်ဟန်တူပေသည်။ ဘိုင်ဆပ် သည် ပုဂံမင်းလက်ထက်တွင်ပင် နိမ့်ကျသွားလေရာ သူ၏ အဆက်အနွယ်များသည် အတော်ပင် ဒုက္ခ ရောက်ကြ ရသည်။

သူ မတရားရှာဖွေခဲ့သော ပစ္စည်းဥစ္စာ ရတနာများကို ဘုရင့်အစိုးရက သိမ်းပိုက်ခဲ့သည်။ အမရပူရခေတ်မှ ပန်းစုံ ဗလီ (ယခုခေတ် ရှိမရှိ မသိပါ)တွင် သူ့ရတနာများ မြှုပ်နှံထားသည်ကို သတင်းရ၍ တူးဖော်ကြရာ မတွေ့ရ ဟု သိရပါသည်။ သူ့သမီး၏ ခင်ပွန်းမှာ အီဆပ်ဆိုသူ ဖြစ်ကြောင်း သို့သော် မြန်မာ အမည် မောင်မောင်ကြီး ဟုသာ ခေါ်ရကြောင်း သူဌေးဘွဲ့ရ ဗလီဒါယကာဖြစ်ကြောင်း၊ သီပေါမင်းတရား လက်ထက် တွင် ပြန်၍ကောင်းစားခဲ့ကြောင်း သီပေါမင်းတရား ညီလာခံနေရာတော်များတွင် အီဆပ်၏ နေရာ ဖော်ပြထားသည်ဟု သိရသည်။

မြို့ဝန်ဘိုင်ဆပ်နှင့်အတူ တန်ခိုး ထွားခဲ့သော မြို့စာရေး ဦးပိန် (ဦးပိန်တံတားကြီးကို ဆောက်ခဲ့သူ) ဆိုသူ မှာ တံတားကြီး၏ တစ်ဖက်ကမ်း၌ ရှိသော ဘုံးအိုးရွာသူကြီးမျိုး ဖြစ်သည်ဆို၏။ သူ၏မြစ် တော်လမန်ခေါ် ဦးထွန်းဦး လည်း ရွာသူကြီးပင် ဖြစ်ခဲ့သည်။ ထိုသူကို တောင်သမန်မှ ဆရာတော်ဦးပညာ၏ ဖခင်က မြင်ဖူး ခဲ့သည်ဟု ဆရာတော်က စာရေးသူအား ပြောပြခဲ့ဖူးပါသည်။
ပုဂံမင်း သည် ချိုး၊ ခါး၊ ကြက်၊ ငှက် စသော တိရစ္ဆာန်များကို မွေးမြူရန် ၀ါသနာထုံ၍ ထိုတိရစ္ဆာန်များအား တိုက်ခိုက်စေခြင်းဖြင့် လောင်းကစားပြုရန်လည်း ၀ါသနာကြီးလေသည်။ ဘိုင်ဆပ်သည် ဘုရင့် ချိုး၊ ခါ၊ ကြက်၊ ငှက် ကိစ္စဘက်တွင် အကျိုးတော်ဆောင် အမှုတော်ထမ်းကောင်းလွန်း၍ ဘုရင်နှင့် နီးစပ်ပြီး ကောင်းစား ခဲ့ခြင်း ဖြစ်သည်။

ချိုး၊ ခါ၊ ကြက်၊ ငှက် စသော သတ္တ၀ါတို့သည် မြေပိုး၊ မြေမွှားငယ်ကလေးများကို မြေတွင် ခြေနှင့်ယက်၍ ဖြစ်စေ နှုတ်သီးဖြင့် ပေါက်၍ ဖြစ်စေ ရှာဖွေစားတတ်သည်။ ခြ၊ ပလူ၊ ပုရွက်ဆိတ်များကိုလည်း အလွန် နှစ်သက်ကြသည် ဆို၏။ သူတို့ အနှစ်သက်ဆုံးကား မြေပိုးမြေမွှား အပါအ၀င် "မြေခွေး" ဆိုသည့် အကောင်ငယ် ကလေးတစ်မျိုးပင် ဖြစ်သည်။ ချိုးနှင့် ခါသည် မြေးခွေးတစ်ကောင်စားရလျှင် အသက် တစ်နှစ် ပိုရှည်အောင် ကျန်းမာသန်စွမ်းသည်ဟု အဆို ရှိသည်။ ယင်းမြေခွေး ဆိုသည့် သတ္တ၀ါသည် ခြေလေးချောင်း ရှိသော မြေခွေး မဟုတ်ပါ။ ပုရစ်ကဲ့သို့ မြေတွင်းအောငေ်း သတ္တ၀ါငယ်တစ်မျိုးသာ ဖြစ် သည်။ အရွယ်မှာလည်း ပုရစ်အငယ်လေး အရွယ်သာသာ ရှိသည်ဆို၏။

ထို့ကြောင့် ဘုရင့် ချိုး၊ ခါများကို ကျွေးရန် ထိုမြေခွေးကောင်ငယ်လေးများကို မြေတူး၍ ရှာရလေသည်။
မြို့ဝန်ဘိုင်ဆပ်နှင့် အပေါင်းအပါတို့သည် ဘုရင်မွေးမြူထားသော ချိုးတော်၊ ခါတော်၊ ငှက်တော်များ စားရန်  ၎င်းတို့ အလွန်ကြိုက်နှစ်သက်သည့် မြေခွေးကောင် ရှာရ၏။ မည်သူ့အိမ်အောက် ခြံဝင်း အတွင်း တွင် မဆို သူတို့ မြေခွေးလားတူးဖော်က လက်ခံ ခွင့်ပြုကြရလေသည်။ ဤသည်ကို အခွင့်ကောင်းယူ၍ ဘိုင်ဆပ် နှင့် အပေါင်းပါတို့သည် သူတစ်ပါး၏ ခြံမြေများကို မြေလှန်ရှာလေတော့သည်။
အိမ့်ရှင်များမှာ သည်အတိုင်း ကြည့်နေရသည်။

မိမိတို့ အိမ်ဝိုင်းအတွင်း အတူးမခံလိုပါက လာဘ်ထိုးကြ ရသည်။ မြန်မာလူမျိုးတို့သည် "ရေအဆုံး၊ ကုန်းတစ်ဝက်" ဟု အယူရှိကြလေရာ ၎င်းတို့ စုဆောင်းထား သော ကြေးငွေများနှင့် ရတနာပစ္စည်းတို့ကို ရန်သူမျိုး ငါးပါးဘေး မှ ကင်းဝေးစေရန် ၎င်းတို့၏ အိမ်ခြံဝင် အောက်တွင် မြှုပ်နှံထားတတ်ကြလေသည်။
ဤသည်ကို သိသော ဘိုင်ဆပ်နှင့် အပေါင်းပါတို့သည် မြေခွေးရှာသည်ဟု အကြောင်းပြကာ တစ်ပါးသူ ငါ၏ အိမ်ခြံ မြေအောက်တွင် တူးဖော်၍ မြေခွေးရှာကြသည်ဆို၏။ တွေ့သည့် ရွှေအိုး၊ ငွေအိုးများကိုလည်း မင်းဘဏ္ဍာ အဖြစ် ဆိုကာ ယူသွားတတ်သည်။ အမှန်မှာ သူတို့ကိုယ်ကျိုးအတွက်သာ ဖြစ်၏။ ဘိုင်ဆပ်နှင့် အပေါင်းပါတို့သည် မိန်းမပျို လှလှကလေးများကိုလည်း ခေါ်ယူ ဖျက်ဆီးတတ်သည်။ ဖျက်ဆီးမခံလိုက ရွှေစ၊ ငွေစ စုပုံပေးပြီး ဝေးရာသို့ ပြေးကြရသည်။

အမှုအခင်းဖြစ်လျှင်လည်း အမှုစစ်သူ တရားသူကြီးနှင့် မှူးကြီးမတ်ကြီးတို့အပေါ်တွင် သြဇာပေး၍ သူခိုင်း သလို အမှုစီရင်ပေးစေခြင်း၊ သူ၏ သြဇာမနာခံဘဲ အမှုမှန်ဖြစ်စေခဲ့သော အရာရှိ၊ မှူးမတ်ဆိုလျှင် အလုပ် ပြုတ် လျှင်ပြုတ်၊ အဝေး၀န်အဖြစ်နှင့် ပြေးရလျှင်ပြေးရ၊ ရာထူးအဆင့် ကျလျှင်ကျ ဖြစ်ကြရလေသည်။ သူက ဘုရင်ကို သူ့အိတ်ထဲတွင် ထည့်ထားသည့်ပမာ ချဉ်းကပ်ထားလေရာ၊ ဘိုင်ဆပ်ကို မုန်းတီး အောင့်နှလုံးနာ မှုကြောင့် ကြားမှ ပုဂံဘုရင်မှာ ပြည်သူလူထု၏ အမုန်းပွားမှုကို ခံရလေတော့သည်။

သူသြဇာမပေးအောင် ကြောက်ရွံ့ခံထားရသော ထိပ်တန်းအရာရှိ ၀န်ကြီးများကိုမူ ထွက်၍၀င်၍ ကောင်း အောင် လက်ဆောင်ပဏာနှင့် ချဉ်းကပ်ကာ အတွင်းကျကျ ပေါင်းသင်းပြီး ဆန္ဒကတိ လိုက်ပါရသည်အထိ သွေးဆောင် စုစည်းခြင်း ပြုလေ့ရှိ၏။ ထို့ကြောင့် အခင်းကြုံကြိုက်ရသော လူပါးလူနပ်များသည် အမှုအခင်း ကို ရုံးတော်၊ လွှတ်တော်သို့ မရောက်ခင် မြို့ဝန်ဘိုင်ဆပ်ထံဝင်၍ လက်ဆောင်တန်စိုး ထိုးပြီး အနိုင် ရလေေ အာင် ကြံဆောင်ကြလေတော့သည်။

အချို့ အမြော်အမြင်ရှိသူများသည်လည်း မိမိတို့၌ ဘာအမှုအပြစ်မှ ရှိသူ မဟုတ်ပါငြားလည်း ဘိုင်ဆပ်ထံ သွား၍ မျက်နှာချိုးသွေးထားရလေသည်။ စားဦးစားဖျား တန်စိုးလတ်ဆောင် ပဏ္ဍာများကိုပို့ကာ ပေါင်းထား ရလေ၏။
ဘိုင်ဆပ်သည် မြို့တော်နေပြည်တော်အတွင်းတွင် လည်းကောင်း၊ လွှတ်တော်ရုံးတော်တွင်လည်းကောင်း၊ မတရား အာဏာစက် ဖြန့်ရုံသာမက နန်းတော်အိမ်တော်ဝင်းသို့ပင် သူ၏ အာဏာစက်များ စူးဝင်အောင် တန်ခိုး ပြလာလေသည်။ ထို့ကြောင့် နန်းတွင်းသူ နန်တွင်းသားများကလည်း သူ့အား အကြောက်ကြီး ကြောက် နေကြရလေသည်။

ဤသို့ မြို့ဝန်ဘိုင်ဆပ် မတရားမှုများ အပြုအလုပ်များလာသောအခါ ဖြောင့်မှန်သော ၀န်ကြီးများ၊ မှူးမတ် တော်များသည် သိလျက်နှင့် ရင်မဆိုင်နိုင်သေးဘဲ အံခဲ၍ ခံနေကြရလေသည်။ အချို့ကလည်း "ခွေးရူး ကောင်းစား၊ တစ်မွန်းတည့်" ဆိုသည့် ထုံးကို နှလုံးမူ၍ အသာချို၍ နေကြပြီး ဘိုင်ဆပ် ခလုတ်တိုက်၍ လဲမည့်နေ့ကိုသာ ကြိတ်မျှော်မှန်းရင်း စောင့်စားနေကြလေသည်။

မင်းတရားကြီးကိုယ်တော်တိုင်က ဘိုင်ဆပ်အား အထူးမျက်နှာသာပေးထားသည့်အတွက် ၀န်ကြီးမှူးကြီး များ က အမှုသွားအမှန်ကို တင်ရန် ခက်နေကြရလေသည်။ မြို့ဝန်ဘိုင်ဆပ်ကို မနှစ်မြို့သူတစ်စုတို့သည် အချင်းချင်း တွေ့ဆုံသည့်အခါများ တွင် ပုဂံမင်းတရားကြီး ရွှေနားတော်ကြားရန် မည်သို့ ကြံစည်ရမည်ကို တိုးတိုးတိတ်တိတ် တိုင်ပင်နေကြ သည်။ အချို့ကလည်း ပုဂံမင်း၏ မယ်တော်ဖုရားကြီးအားလည်းကောင်း၊ ညီမတော်မင်းသမီးစုဖုရားကြီး (နောင်အခါ မင်းတုန်းမင်း၏ စကြ်ာဒေ၀ီမိဖုရားခေါင်ကြီး ဖြစ်သူ) အားလည်းကောင်း၊ ချဉ်းကပ်လာ အဖြစ် အပျက် အခက်အခဲများကို တီးတိုးလျှောက်ထားကြသည်။

မယ်တော်ဖုရားကြီးနှင့် နှမတော်ကြီးတို့သည်လည်း မြို့ဝန်ဘိုင်ဆပ်ဘုန်းတောက်နေပုံ၊ မြို့စာရေး မောင်ပိန်ကပါ နောက်ခြေကြွပုံများကို ကြားသိတန်သလောက် ကြားသိတော်မူပြီးလျှင် ပုဂံမင်းတရားနှင့် တွေ့ကြသည့်အခါ သတိပေးတော်မူပါသည်။ သို့သော် ပုဂံမင်းတရားကြီး ကိုယ်တော်တိုင်က မယ်တော်နှင့် နှမတော်တို့ စကားတကို အယုံအကြည် မရှိဟု ဆို၏။ သို့နှင့် မယ်တော်နှင့် နှမတော်ကြီးတို့သည် ဘိုင်ဆပ် နှင့် အပေါင်းအပါတို့၏ နှိပ်စက်ညှင်းပန်း ရမ်းကားမှုဘေးမှ အများပြည်သူ ကင်းဝေးစေရန် အခွင့်ကောင်း သာ ရှာကြံနေရလေသည်။

ဘိုင်ဆပ်တို့၏ ကံဇာတာသည် မှေးမှိန်ချိန်သို့ ရောက်ခဲ့ဟန် တူလေသည်။ တစ်နေ့သောအခါ ဘိုင်ဆပ်ကို အမြင်ကတ်နေသော မိဖုရားတစ်ဦး၏ အဆောင်၌ ခစားနေထိုင်သူ လက်ပါးစေ မောင်းမငယ်တစ်ဦးအား မတရားအမှုဆင်လေသည်။ ဘိုင်ဆပ်တို့ သဘောမှာ ဤသို့ အမှုဆင်လိုက်လျှင် မိဖုရားထံမှ တန်စိုး လက်ဆောင်များ ရလေမည်ဟု ထင်သည်။ ဘိုင်ဆပ်သည် ဤကဲ့သို့ နည်းမျိုးအတိုင်း မင်းဆွေစိုးမျိုးအပေါ် မှာလည်း ငွေညှစ်နေကျ ဖြစ်သည်။ အချို့မှာ အမှုသွားမမှန်ကြောင်း သိသည့်တိုင်အောင် ဘုရင်မင်းမြတ် ရွှေနားတော် ပေါက်ကြားလျှင် အထင် အမြင်လွဲမှားခံရမည်ကို ကြောက်ရခြင်းကြောင့် အပူအေးအောင် မြို့ဝန်ဘိုင်ဆပ်အား ရှိစုမဲ့စု ပုံပေးလာဘ်ထိုးကြရမြဲ ဖြစ်လေသည်။ ဤသဘော သဘာဝအတိုင်း ယခု ဘိုင်ဆပ်သည် ရွှေဖလားပျောက်မှုတစ်ခုကို အမှုဆင်လိုက်လေသည်။ ကြမ္မာဆိုး ၀င်ပြီထင့်။

အမှုစစ်ဆေးသောအခါ ရွှေဖလားခိုသူသည် နားခံမောင်ရွှေရ၏ သမီး ရှင်ညို ဖြစ်နေသည် ဆို၏။ ရှင်ညို သည် စကားမိဖုရားအဆောင်၌ နေထိုင်ခစားရသူဖြစ်ကြောင်း ထွက်ဆိုလေသည်။ ထို့ကြောင့် ရှင်ညို၏ သတင်းကို ကြားတော်မူရသော စကားမိဖုရားမှာ လွန်စွာ စိတ်မချမ်းမသာ ဖြစ်နေ၍ တပည့်မကောင်း ဆရာ့ခေါင်း ဆိုသည့် စကားအတိုင်း မိမိ၏ ရံရွေတော်တစ်ဦး ခိုးမှု ဖြစ်ရသည်ဆိုလျှင် မိမိမှာ တာဝန် မကင်း ဖြစ်နေရသည်ကို သိတော်မူလေသည်။
ထို့ကြောင့် မိဖုရားမှာ အလွန် စိတ်မချမ်းမသာ ဖြစ်ပြီး မင်းတရားကြီး သိတော်မူသွားမည်ကိုလည်း အလွန် စိုးရိမ် ပူပန်လျက် ရှိသည်။ ဘိုင်ဆပ်က အမှုဆင်၍ ငွေညှစ်ခြင်းဖြစ်ကြောင်းကိုလည်း ကောင်းစွာ သိပြီး ဖြစ် လေသည်။

အခြားသူများလို လာဘ်ထိုးရမည်မှာလည်း မိဖုရားတစ်ပါးဟူသော ဂုဏ်သိက္ခာကို ငဲ့ညှာကာ အမှုအေး အောင် ငွေပေးလာဘ်ထိုးခြင်း မပြုလိုပေ။ ထို့ကြောင့် နေ့ရက်အတန် ကြာလာခဲ့လေသည်။ ဘိုင်ဆပ်တို့ ကလည်း မိဖရားထံမှ လာဘ်ပေးရန် လာနိုးလာနိုးနှင့် အမှုကို ကြိုးရှည်ရှည်နှင့် လှန်ထားသည်။ သို့သော် တော်တော်နှင့် လာဘ်ထိုးရန် မလာသောအခါ စူးစမ်းလေတော့သည်။
ဤတွင် မြို့ဝန်ဘိုငဆပ်သည် "ငါကဲ့သို့သော ပုဂ္ဂိုလ်အား ဤမိဖုရားက အဘယ်ကြောင့် မလေးမစား ပြုနေဘိသနည်း" ဟု ကြီးစွာ မျက်ထွက်လေတော့သည်။ ကံအားလျော်စွာပင် ဤရက်အတွင်း၌ အကြောင်း ကျိုး တစ်ခုသည် မမျှော်လင့်ဘဲ ပေါ်ပေါက်လာလေသည်။

အကြောင်းတော်ကား တစ်နေ့သော ညအချိန်တွင် -
"ပုဂံမျင်းတရားကြီးသည် နှစ်ခြိုက်စွာ စက်တော်ခေါ်နေစဉ် စက်တော်ဆောင်ထဲသို့ ၀တ်ဖြူစင်ကြယ် ၀တ်ဆင် ထားသော စစ်တောင်းမြို့စား ၀န်ကြီးဟောင်းသည် ၀င်ရောက်လာခဲ့လေသည်။ ပုဂံမင်းသည် ရုတ်တရက် စက်ရာမှ နိုးတော်မူလေ၏။ "အလို စစ်တောင်းစား ဘိုးဘိုးပါလား ကျုပ်အဆောင်ထဲကို ဘယ်လို အကြောင်းကြောင့် ၀င်ရောက်ခဲ့ပါသနည်း" ဟု မေးမြန်းတော်မူသောအခါ စစ်တောင်းစားဝန်ကြီး သည် "အရှင့်သားကို သတိပေးလို၍ လာခဲ့ပါသည်။ တိုင်းပြည်ကို ပြန်၍ ကြည့်တော်မူပါဦး" ဟု တင်လျှောက် လေသည်။

ပုဂံမင်းတရားကြီးက "စစ်တောင်းစားဘိုးဘိုရယ်၊ ကျုပ် တရားသဖြင့် မင်းလုပ်နေ ပါသည်။ တိုင်းပြည် ဘယ်ကဲ့သို့ ပြန်ကြည့်ရဦးမည်နည်း" ဟု ပြန်လည် အမိန့်တော် ရှိလေသည်။ ထိုအခါ စစ်တောင်းစား ၀န်ကြီး က "အရှင့်သား တိုင်းပြည်အကြောင်းကို သိရှိတော်မူလိုပါက ရွှေနန်းတော် မြောက်စမုတ်တွင် ရုပ်စုံ ပွဲတော်မူပါလျှင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို သိတော်မူပါလိမ့်မည်" ဟု လျှောက် တင်ပြီး ၀န်ကြီးသည် ရုတ်တ်င်္ရက် အဆောင်ထဲမှ ပျောက်ကွယ်သွားလေသည်။

ပုဂံမင်းတရားသည် သူ၏ စင်းနေသော အိပ်မက်တော်ကို တွေးကြည့်တော်မူပြီး ထူးခြားသည်ဟု အထင် တော်ရှိလေသည်။ အိပ်မက်တော် အခင်းအသွားကို စဉ်းစားဆင်ခြင်ကာ တုန်လှုပ်ချောက်ချားသွားတော်မူ ၏။ ထိုကြောင့် နောက်တစ်နေ့ ညဥ့်၌ပင် ဘုရင့်အမိန့်တော်နှင့် မြောက်စမုတ်ဆောင်တော်တွင် ရုပ်စုံပွဲ သဘင် ခံတော်မူစေလိုက်သည်။ အမိန့်တော်အတိုင်း နန်းတွင်းနန်းတွင်းသား ဆွေတော်မျိုးတော်၊ မှူးတော် မတ်တော် အပေါင်း တို့သည် ရုပ်စုံပွဲ သဘင်ကြည့်ရန် စုရုံးရောက်လာကြသည်။

မင်းတရားကြီးသည် ရုပ်စုံပွဲသဘင်တော်ကို ရှုစားတော်ရန် ထွက်လာတော်မူ၏။ ရွှေနန်းတော်မြောက်စမုတ် ရုပ်စုံသဘင် စည်ကားနေဆဲမှာပင် မာန်မာတံခွန်လွှားနေသူပီပီ မြို့ဝန်ဘိုင်ဆပ်သည် ကိုယ်တိုင် ခေါင်းဆောင် လျက် အနောက်ပိုင်း မင်းမိန်းမတို့အဆောင်သို့ ရုတ်တရက် ၀င်ရောက်ပြီးလျှင် ရွှေဖလား သူခိုး ရှင်ညို ကို ပေးအပ်ရမည်ဟု တောင်းဆိုလေသည်။ စကားမိဖုရားကလည်း ဆတ်ဆတ်ကြဲပင် ဖြစ်သည်။ အခြားသူများကဲ့သို့ ငုံ့ခံမနေဘဲ မြို့ဝန်ဘိုင်ဆပ် လမ်းလွှဲလာသည်ကို ချက်ကောင်းယူကာ အနောက်ပိုင်း သို့ ကျိုးနွံဝင်ရောက်လာမှုနှင့် ပြန်၍ တိုင်တန်းလိုက်လေသည်။

မြို့ဝန်ဘိုင်ဆပ်နှင့် အပေါင်းအပါများသည် အနောက်ဝန်၏ အခွင့်အမိန့် မပါဘဲ စကားမိဖုရား အဆောင်တော် ထဲသို့ နောက်ပါတပည့်သား ယောက်ျားများနှင့် ရှင်းလင်းဝင်ရောက် ကျူးကျော် လာခဲ့ မိလေ သည်။ ဤအချက်ကြောင့် ပွက်ပွက်ဆူသွားရလေသည်။ "မြို့ဝန် ဘိုင်ဆပ်သည် အနောက်ဝန်မင်း အမိန့် မပါ မည်သူ့ထံမှာမှ ခွင့်မတောင်းဘဲ ရွှေနန်းတော် အနောက်ထဲတွင် ၀င်ရောက်လာပြီးဘုရား ကျွန်မ၏ အဆောင် မှာ ကျူးကျော်စော်ကားလာပါသည်။ ဘုရားကျွန်မ၏ လက်ပါးစေ အပျိုတော် ရှင်ညို အား ရွှေဖလား ခိုးမှုဖြင့် သူ့လက်သို့ အပ်ရမည်ဟု ကြမ်းတမ်းမောက်မာစွာ တောင်းဆိုနေပါသည်ဘုရား" ဟု စကားမိဖုရား က ပုဂံမင်းတရားကြီးအား ၀င်ရောက် လျှောက်ထားလေတော့သည်။ ဤတွင် ဘုရင်ကြီးသည် အိမ်တော်ပါ ငယ်ကျွန်ကြီး မြို့ဝန်ဘိုင်ဆပ်အား အနောက်ပိုင်းကျူးကျော်မှုနှင့် သူ့မိဖုရား အား စော်ကားရမည်လားဟု အမျက်တော်ပွားလေသည်။

ဝန်ကြီးများကိုခေါ်၍ မြို့ဝန်ဘိုင်ဆပ်နှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်း တိုင်ပင်တော်မူသောအခါ ဘိုင်ဆပ် ၏ မတရားမှုများကို လျှောက်ထားချင်လျက် မျက်နှာပေး အောက်ချခံကြရသောကြောင့် မပြောသာ မလျှောက်ရဲ ဖြစ်ခဲ့ရသူများ ဖြစ်နေသဖြင့် အခွင့်တော်ဆဲ ထူးကဲဆိုးညစ်စွာ ပြုမူလာသော မြို့ဝန်ဘိုင်ဆပ် ၏ အကြောင်းကို လျှောက်ထားသံတော်ဦးတင်လိုက်ကြလေတော့သည်။
ဤသို့ကြောင့် တိုင်းသူပြည်သား လူအများအပေါ် မလျှော်ကန် မသင့်မြတ်လုပ်မှုကြောင့် သွားရာလမ်း၊ သွားမြဲလမ်းဖြစ်သည့် ပြစ်ဒဏ်ကို ဘိုင်ဆပ်နှင့် အပေါင်းအပါတစ်စု ခံကြရလေတော့သည်။

မောင်သန်းဆွေ (ထားဝယ်)
ကလျာမဂ္ဂဇင်း ဒီဇင်ဘာ ၂ဝ၁၁


စကားချပ်
    ပုဂံမင်းအား ကွယ်လွန်သူ စစ်တောင်းဝန်ကြီး က အိပ်မက်ထဲတွင် အိပ်မက်ပေးသည့်ကိစ္စနှင့် ပတ်သက် ၍ စာရေးသူတို့ ဆရာကြီးဒေါက်တာသန်းထွန်းက "သူ့တပည့်များကို သူမနိုင်တော့၍ အိပ်မက်ကို အကြောင်းပြပြီး ဆုံးမရတာပါကွာ။ သမိုင်းမှာ မင်းတွေရဲ့  အိပ်မက်အမျိုးမျိုးတွေကို တွေ့ကြတယ် မဟုတ်လား" ဟု ပြောဖူးပါသည်။
.
>>>ဆက်ဖတ်ရန်>>> >>

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၃၁) (ဇာတ်သိမ်း)

ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၂၀)
သဌေးကား နို့စားကား

" နို့စားကား တစ်စီးလောက် ၀ယ်ပါလား "
" ဘာလုပ်ဖို့လဲဗျ "
" ဘာလုပ်ရမလဲ နို့ညှစ်စားရတာပေါ့၊ တစ်လရှစ်ရာလောက်တော့ စီတယ်၊ အများဆုံးပေးရ နှစ်သောင်း ပေါ့၊ အိမ်မှာ အလုပ်မရှိတဲ့သား တတိယနှစ် ဆယ်တန်းသမားတစ်ယောက်ရှိရင် သူလဲမလုပ်ရတာပေါ့၊ တစ်နေ့ တစ်နေ့ ဓာတ်ဆီသွားတန်းစီရင်း စာလည်းကျက်နိုင်တယ် "
" တော်စမ်းပါဗျာ၊ ကျုပ်မှာ လူပိုလည်း မရှိပါဘူး "
" နေပါဦး၊ ခင်ဗျားက ဘယ်ကဘယ်လို ကျုပ်ဆီပေါက် လာရတာလဲ "

ကျွန်တော့် မိတ်ဆွေ ကားပွဲစား ကိုတုတ်ကြီးသည် ခရီးရောက်မဆိုက် ကျွန်တော့်အား ကားဝယ်ရန် ဆွယ်ပါ တော့သည်။ သူပြောသည့် နို့စားကားဆိုသည့် မောင်းဖြစ်ရုံမျှသာ ရှိသော ကားတစ်စီးကို နေ့စဉ် ဓာတ်ဆီ ထည့်၊ ဓာတ်ဆီထုတ်လျက် ဓာတ်ဆီရောင်းစားသော ကားစုတ်တစ်စီးကို ဆိုလိုခြင်းဖြစ်သည်။ အချို့သော ပုဂ္ဂိုလ်များဆိုလျှင် နို့စားကားသုံးလေးစီးပင် ၀ယ်ထားကြသည်။ အိမ်တွင် အလုပ်မရှိသည့် လူပို ရှိလျှင်ကိုက်သည်။ လူတစ်ကိုယ်ကားတစ်စီးပင် ငွေရှစ်ရာတော့ ကျိန်းသေသည်။

" သက်သက်လာတာပါပဲ၊ ဟိုတလောက ဆရာရေးလိုက်တဲ့ ကားပွဲစားအကြောင်း သောင်းပြောင်းထွေလာ မှာ ဖတ်ရလို့ပါ-ဆရာက ကားပွဲစားကို အတော်အထင်သေးပုံရတယ်၊ ဟဲ ... ဟဲ ... ဟဲ"
" အထင်မသေးလို့ အထင်ကြီးစရာကော ဘာများရှိသလဲ။ ခင်ဗျားတို့က မုတ်ဆိတ်ရိတ်ဓား၊ ဘလိတ်သွား တွေပဲ၊ ဟိုဘက်လည်းလှီး ဒီဘက်လည်း လှီး မဟုတ်ဘူးလား ... "
" ဒီလိုရှိတယ်ဆရာ၊ တရားသူကြီး ဆယ်ယောက် ရှေ့နေတစ်ယောက်တဲ့။ " ရှေကနေဆယ်ယောက် ပွဲစား တစ်ယောက်တဲ့ "
" ဆိုလိုတာက ... "

" တရားသူကြီး ဆယ်ယောက်မှာ ရှိရမည့် အရည်အချင်းမျိုးတွေကို ရှေ့နေတစ်ယောက်မှာရှိရမယ်၊ ဘယ် တရားသူကြီးကို ဘယ်လို လျှောက်လွှဲချက်ပေးနိုင်ရင် ရတယ်ဆိုတာမျိုးပေါ့ ... "
" အဲဒီတော့ ... "
" အဲဒီရှေကနေမျိုး ဆယ်ယောက်လောက်ရဲ့ အရည်အချင်းကို ပွဲစားတစ်ယောက်မှာ ရှိရမယ် ...။ အဲဒါမှ အောင်မြင်တဲ့ ပွဲစား တစ်ယောက် ဖြစ်နိုင်တယ်။ ဘိုင်ယာ/ဆဲလ်လာ (၀ယ်သူ/ရောင်းသူ)ရဲ့ အထာကို မြင်ကာမျှနဲ့ သိနိုင်ရမယ် "
" အမယ် ... တယ်ဆိုတဲ့ စာပါလား၊ ရဲဘော်တုတ်ကြီးရယ် "
" ကဲ ထားစမ်းပါ၊ ဆရာသမားကို ကားရောင်းဖို့ လာတာမဟုတ်ပါဘူး။ စာပေဆွေးနွေးဖို့ လာတာပါ "
ရဲဘော်တုတ်ကြီးသည် စာအုပ်အငှားဆိုင်မှ ရုပ်ပြဇာတ်လမ်းများကို စွဲစွဲမြဲမြဲဖတ်သူ ဖြစ်သည်။ သူကစာပေ ဆွေးနွေး ချင်ပါသည်ဟု ဆိုလာသည့်အခါ ကျွန်တော့်မှာ နောက်ဆုံးထုတ်ရုပ်ပြကို ဖတ်မထားမိ၍ အတော် တုန်လှုပ်သွားပါသည်။

" ဆရာရေးတဲ့အထဲမှာ ဘိုင်ယာ/ဆဲလ်လာတွေ အတော်များများဟာ အရူးတွေချည်းပဲဆိုတာကို သဘောကျလို့ ထောက်ခံဆွေးနွေးဖို့ လာခဲ့တာပဲ "
တော်ပါသေးသည်။ ကျွန်တော် ရေးသားချက်ကို ထောက်ခံဆွေးနွေးလိုသည်ဆိုတော့။ အကယ်၍သာ ကန့်ကွက်ဆွေးနွေးခဲ့လျှင် ကျွန်တော် အတော်အဖြေရကျပ်လိမ့်မည်။
" ခင်ဗျားက စာကောင်းပေမွန်တွေလည်း ဖတ်တတ်သားပဲ "
ကျွန်တော်က စာရေးရာတို့၏ ခပ်ပေါပေါဥာဉ်အတိုင်း ကိုယ်ရေးသားသည့်စာကို စာကောင်းပေမွန် စာရင်း တွင် ထည့်သွင်းထားပြီးဖြစ်သည်။
" လူတွေဟာ ဆရာထင်တာထက် ရူးတယ်ဆရာ၊ အဲဒါ ကျွန်တော့်ကိုယ်တွေ့လေး ပြောပြချင်လို့ ... "
ကျွန်တော် စိတ်ဝင်စားလာပါသည်။ ရဲဘော်တုတ်ကြီးမှာ ဘ၀စုံ၊ ဇာတ်လမ်းစုံလှသည်။ တစ်နေ့တွင် "လုပ် ချင်ရာလုပ် ... မောင်တုတ်ကြီး" ဟူသော ၀တ္ထုရှည်တစ်ပုဒ်ရေးရန်ပင် သူ့အားမင်းသိင်္ခနှင့် တွေ့ပေးသင့် သည် ထင်သည်။

" ဆိုစမ်းပါဦး ... ခင်ဗျား ဇာတ်လမ်းက ...
(ဤနေရာတွင် ကျွန်တော် ကြားဝင်ခံနေလျှင် စာဖတ်သူများ မျက်စိနောက်မှာစိုးသည့်အတွက် မောင်တုတ် ကြီး၏ဇာတ်လမ်းကို မောင်တုတ်ကြီးပင် အဓိကထားကာ သယ်ဆောင်သွားပါမည်။ ကျွန်တော်က ဘေးထွက် နေပါမည်။ စာရေးသူ)
*
တစ်နံနက်ခင်းလုံး မောင်တုတ်ကြီး ဆာလောင်နေသည်။
နံနက်ခင်းက မုတ်ဆိတ်လက်ဖက်ရည်ဆိုင်တွင် ကားပွဲစားတစ်ယောက် ဒါနပြု၍ တိုက်လိုက်သော လက်ဖက်ရည်တစ်ခွက်မှလွဲ၍ ဘာမျှ ၀မ်းတွင်းတွင်မရှိ။ အိတ်တွင်းမျာလည်း အိမ်ပြန်ကားစရိတ်သာသာ သာလျှင်ရှိသည်။ ထို့ကြောင့် မဟာဗန္ဓုလလမ်းတစ်လျှောက် အနောက်မှ အရှေ့သို့ ၀ဲဘက် ပလက်ဖောင်း အနီး ကပ်၍ လျှောက်လာရာ နောက်မှ ကားဟွန်းပေးသံကို သူ မကြားမိခြင်းဖြစ်သည်။ ကားတစ်စီးမျှ အရောင်း အ၀ယ် မဖြစ်သည်မှာလည်း နှစ်လကျော်သုံးလနီးပါးရှီပြီး။

" တီ ... တီ ... ဟေ့လူဘာများ ဒါလောက်တွေးလျှောက်နေရတာလဲ။ ကားဟွန်းတီးခေါ်နေတာတောင် လှည့်ကြည့်ဖော်မရဘူး "
အသံကြား၍ နောက်သို့လှည့်ကြည့်မိတော့မှ သူဌေးကို သူဌေးကားတစ်စီးပေါ်တွင် တွေ့ရသည်။ ဖြည်းဖြည်း။ လှိမ့်မောင်းပြီး ဘေးထိုးရပ်လိုက်သည်။
" ဟာ ... သူဌေးပါလား ... တွေ့ရတာဝမ်းသာပါတယ်ဗျာ "
ရဲဘော်တုတ်ကြီးက ၀မ်းမြောက်စွာ ရိုကျိုးစွာပြောလျှင် ရပ်သွားသော ကားအနီးပြေးသွားကာ တံခါးဖွင့် ပေး လိုက်သည်။

သို့သော် သူဌေးက သူဌေးကားပေါ်မှမဆင်း။ ဤနေရာတွင် ရဲဘော်တုတ်ကြီးတို့လို ပွဲစားများအခေါ် သူဌေး ကားဟူသည်မှာ နောက်ဆုံးပေါ် သင်္ဘောသားကား၊ သုံးချိတ် သို့မဟုတ် လေးချိတ်ကားကို နောက်ပိုင်း မှ အမိုးသော်လည်းကောင်း။ ထိုင်ခုံသော်လည်းကောင်း၊ မတပ်ပဲ ပက်လက် ဟောင်းလောင်း အတိုင်း စီးခြင်းကို ခေါ်သည်။
အထွေထွေနံပါတ်ဖြစ်လျှင် ပိုကောင်းသည်။ အမိုး၊ ထိုင်ခုံ မတပ်ရ၊ သမီးပျိုသားပျိုရှိလျှင် နောက်ပက်လက် ထဲတွင် သင်ဖြူးခင်း၍ နေပူခံစီးစေလျှင် ပိုမိုဂိုက်ကျသည်။

" တစ်ငါးပေးတာတောင် မရောင်းဘူးတဲ့" ဟူသော လေသံများက ထွက်လာသည်။ အမိုး၊ ထိုင်ခုံတပ်လိုက် လျှင် လူစီးကား လုပ်ငန်းကားပုံပေါက်သါား၍ လူသိပ်မကြည့်တော့။ စီးသူ၏သိက္ခာ ကျသွားသည်။
ထို့ကြောင့် တိုယိုတာ ကိုရိုလာကားကို ရိုဒေါင်တွင် ထိုးထား၍ သင်္ဘောသား ပက်လက်ကားကို လိုက်ရှာနေ ကြသူတွေ များလာသည်။ ဆလွန်းကားပေါ်တွင် ယပ်တောင်ခတ်၍ လေအေးစက်ဖွင့်၍စီးသောခေတ် ကုန်ပြီ။ ပက်လက်ကားပေါ်တွင် မိုးရွာအစို။ နေပူအခြောက် စီးသောကားခေတ် ဖြစ်သည်။
" မဆင်းတော့ဘူးဗျာ အိုပဲလ် ကာရာဗင်" တစ်စီးလောက်ရနိုင်မလား ... " ဟု သူဌေးက မေးသည်။

ကိုတုတ်ကြီးမှာ အံ့သြလွန်း၍ မျက်ခုံးများပင် ပင့်သွားရသည်။
" အိုပဲလ် ကာရာဇင်ဟုတ်လား "
" ဟုတ်တယ် သူဌေးက မာလ်ဘိုရိုစီးကရ်တစ်လိပ်ကို မီးညှိရင်းပြောသည်။
အိုပဲလ် ကာရာဗင်ဟူသည်မှာ ခေတ်ကုန်နေပြီဖြစ်သော ကားဟောင်းဖြစ်သည် နို့ညှစ်ရန်ကလွဲ၍ သုံးမရ။ ဤသူဌေးအား နို့ညှစ်ဖို့လား မေးရမှာလည်းမသင့်။ သူဌေးပုသွားသော် မခက်လော။ သို့သော် " ဘာလုပ် ဖို့လဲ " ဟူ၍တော့ နှုတ်မှ ထွက်သွားမိသည်။ မေးခွန်းထွက်သွားပြီးမှ သူမှားသွားပြီဟု ကြီးစွာနောင် တ ရမိတော့သည်။
သို့သော် ရဲဘော် တုတ်ကြီးတို့ ကံထလာပြီလား မပြောတတ်။ သူဌေးက ယနေ့မှ အထူးစိတ်ရှည် လက်ရှည် သဘောကောင်းနေသည်။

" ဒီလိုဗျ၊ ညက ကျုပ်မိန်းမ အိပ်မက်မက်တယ်တဲ့ဗျ၊ သူက အိုပဲလ်ကာရာဗင် ကားတစ်စီးပေါ်မှာ ၀တ်ကောင်း စားလှတွေဝတ်လို့ စိန်နားကပ်ကြီး ပန်လို့တဲ့၊ လူတွေကလည်း သူ့ကိုဝိုင်းကြည့်နေကြတယ်တဲ့ ဗျ၊ အဲဒါ မို့ လည်း မိုးလင်းရော ကျွန်တော့်ကို အိုပဲလ်ကာရာဗင် ရှာခိုင်းတော့တာပဲဗျို့"
" မိပြီ" ရဲဘော်တုတ်ကြီး ပါးစပ်မှ ထွက်မသွားစေရန် မနည်းကြီး သတိထားလိုက်ရသည်။ ကားပွဲစားတို့သည် ဤသို့သော ဘိုင်ယာများကို ခြေတိုအောင် ရှာရသည်မဟုတ်လား။ တစ်ဖန် သူ့သူဌေးဆိုသူအကြောင်းကို သူသိသည်။ သူဌေးကြိုက်ပြီဆိုလျှင် တစ်ပြားမှမဆစ်၊ အိမ်လာဖို့ချက်ချင်း ငွေချေ ၀ယ်သူဖြစ်သည်။ သူ့အိမ် မှာ ငွေစက္ကူရာတန်များကို ဆာလာအိတ်နှင့် ထားရသူဖြစ်သည်။
" ရတာပေါ့သူဌေးရာ၊ ကားလက်ရင်လေးခွဲငါးလောက်တော့ ပေးရမယ် ထင်တယ် "

" ပေးသင့် ပေးရတာပေါ့ဗျာ။ ကဲခပ်မြန်မြန်ရှာဗျာ။ ရရင် ကျွန်တော့်ခြံထဲလာပြလှည့်၊ ကြိုက်ရင် တစ်ခါတည်း ငွေချေမယ်။ ကဲ သွားမယ် "
သူဌေး ကားမောင်းထွက်သွားသည်။ ရဲဘော်တုတ်ကြီးသည် မိနစ်မဆိုင်းဘဲ သင်္ဃန်းကျွန်းဘက်သွားမည့် ဘတ်စ်ကား နှင့် ခြေနင်းပေါ်တွင် တိုးဝှေ့ရပ်ရင်း လိုက်ပါသွားတော့သည်။ ရဲဘော်တုတ်ကြီးတို့လို ကားပွဲစား များ၏ ဦးခေါင်းသည် ကွန်ပျူတာဦးခေါင်းဖြစ်သည်။ ရောင်းကားများကို အစီအစဉ်လိုက် ပရိုဂရမ် လုပ်၍ သွင်းထားသည်။ အိုပဲလ်ကာရာဗင်ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကွန်ပျူတာ ခလုတ်နှိပ်ရသည်ကမှ ကြာဦးမည်၊ ရဲဘော်တုတ်ကြီး၏ ဦးနှောက်မှ အငြိမ်းစားအရာရှိကြီး ဦးသက်မောင်၊ ... လမ်း၊ သင်္ဃန်းကျွန်း ဟုအဖြေထွက်လာပြီးဖြစ်သည်။

သင်္ဃန်းကျွန်းသို့ရောက်သည်နှင့် အငြိမ်းစားအရာရှိကြီး ဦးသက်မောင်တို့ အိမ်ဘက်ဆီသို့ လျှောက် လာရင်း စဉ်းစားသည်။ အဘိုးကြီး အတော်ဘိုင်ကျနေပြီကို သူသိသည်။ (သူ့ဇနီးက ရန်ကုန်မြို့လှည့် ဖဲရိုက် သည်၊ လေးကောင်ဂျင် ကစားသည်။ အဘိုးကြီးနှင့် အမြဲလို တကျက်ကျက်၊ အဘွားကြီး ဂျင်ရှုံးထားလျှင် ပိုအဆင် ပြေမည်။ လက်ကိုင်ငွေလိုနေပြီ)။
ဦးသက်မောင် ကို အဆင်သင့်ပင် အိမ်ရှေ့ဆင်ဝင်အောက်၌ တွေ့ရသည်။ ကားကလည်း ရပ်ထားသည်။ ကားကို ပွတ်တိုက်နေသလား။ ပြုပြင်နေသလားမသိ။ တစ်စုံတစ်ခု ပြုလုပ်နေသည်။ ဦးသက်မောင်ဇနီးက အိမ်အပေါ်ထပ် ပြတင်းပေါက်မှ လှမ်းကြည့်ကာ စူပွ စူပွ ပြောနေသည်။

" နေကောင်းရဲ့လား "
ဦးသက်မောင်သည် ခိုးထုပ် ခိုးထည်နှင့်မိသော သူတစ်ဦးအလား လန့်ဖျပ်ဟန်ရသွားပြီးမှ ဣနြေ္ဒဆည်ကာ ...
" ဟ ရဲဘော်တုတ်ကြီးပါလား။ မင်းဥစ္စာ အလန့်တကြားနဲ့ ဘယ်ကလှည့်လာတာလဲ" မေးလိုက်သည်။ သူ့ လက်ထဲတွင် ကျောကုပ်သည့် လက်ဝါးပုံ ၀ါးကလေးတစ်ချောင်း ကိုင်ထားသည်။ အဖိုးကြီး ကျောယားလို့ ကုပ်နေတယ် ထင်ပဟု ရဲဘော်တုတ်ကြီးက တွေးလိုက်၏။
" ဆရာ့ကား မရောင်းသေးဘူးလား။ ခု ကားဈေးတွေ တက်နေတုန်း ရောင်းလိုက်ရင် ကောင်းမယ်နော်။ ဒီလိုကားမျိုးတွေကို နို့ညှစ်တဲ့ လူတွေလိုက်ဝယ်နေတာ "
" ဟေ ဟုတ်လား။ မင်းတကယ်ပြောတာလား "
" တကယ်ပေါ့ ဆရာ "

" တကယ်မဟုတ်ဘူး၊ နှစ်ကယ်လည်းရောင်းမယ်။ ရဲဘော်တုတ်ကြီးရေ " ဤသည်မှာ အိမ်ပေါ်ထပ်မှာ အဘွားကြီးလှမ်းပြောလိုက်ခြင်းဖြစ်သည်။ တကတည်း သူရတဲ့ ပင်စင်ကလေးကို လူစားရတယ် မရှိပါဘူး။ တစ်နေ့လာ သူ့ကားချည်း ထည့်နေရတာပဲ။ အဲဒီကားကမှ တကယ့်ကို အငြိမ်းစားကားပဲ၊ ဒီနေ့ထွက် ဒီနေ့ ရောင်းမယ်။ ရသလောက်နဲ့ ရောင်းမယ်"
အဘိုးကြီးက မကျေမနပ်နှင့် အိမ်ပေါ်ထပ် လှည့်ကြည့်သည်။
" ဆရာ ဘယ်လောက်ခေါ်သလဲ၊ ကားကတော့ အတော်သ ထားတာပဲ။ ဆေးရောင်ကူရှင်တွေရော အသစ် ပါပဲလား "
" အေးကွာ၊ ငါလည်းရောင်း၇မလားလို့ စိတ်ကူးနေတယ်။ ငါးခွဲခြောက်လောက်ဆိုရင်တော့ ရောင်း မယ်ဟေ့ မောင်တုတ်ကြီး "
" တယ် ဒီမိန်းမ စိန်ဝယ်ရာ ဆေးရိုးသည်က ၀င်ရှုပ်ပြန်ပြီ။ ကဲကွာ ငါးရရင် ရောင်းမယ်၊ ဒါနောက်ဆုံး ဈေး ပဲ၊ ငါးရရင် ပွဲခအပြင် မင်းကို မုန့်ဖိုးအပိုပေးဦးမယ် "

" ဆရာ တကယ်နော် ... "
" တကယ်ပေါ့ကွ၊ ငါ ဘယ်တုန်းက မဟုတ်တာပြောဖူးလို့လဲ "
" ဆရာ၊ ဒါ့ကြောင့် မကြီးပွားတာ ခု မောင်းလို့ရတယ်နော်။ ကဲ ကားပေါ်တက် သွားကြစို့ "
" နေဦးကွ၊ ဘက်ထရီက ဆိုင်မှာ အားသွင်းထားသေးတယ်။ ကောင်းကောင်း ချာဂျင်မ၀င်လို့ကွ၊ ညနေဆို ရပါတယ် "
မင်းညနေ တစ်ခေါက် နြပ်လှည့်ခဲ့ကွာ။
" ဟာ ဆရာဟာကလည်း ဒုက္ခပါပဲ။ ညနေသုံးနာရီလောက် ကျွန်တော် တစ်ခေါက်လာခဲ့မယ်။ အသင့်သာ လုပ်ထား။ ဟုတ်လား။ အရောင်းအ၀ယ်ဖြစ်ရင် ချက်ချင်းဖြစ်မှာ၊ လိုင်စင်စာအုပ်၊ ဆီစာအုပ်၊ ကုန်ဝယ်စာ အုပ် တွေလည်း အသင့်ယူလာခဲ့။ ဒါထက် ကျွန်တော်အခု ဘာမှမစားရသေးဘူး။ ဆရာ ငါးကျပ်လောက် တော့ ပေးလိုက်ပါဦး "

" ချီးမှပဲ၊ မင်းနဲ့တွေ့လိုက်ရ မထွက်တဲ့အခါကို မရှိဘူး။ ရော့လေးကျပ်ပဲ ရှိတယ် ယူသွား။ ညနေလေးနာရီ ပြန် လာကွာ ငါစောင့်နေမယ် "
ညနေတွင် အရောင်းအ၀ယ်ဖြစ်သည်။ သူဌေးက ငါးသောင်းနှင့် ၀ယ်လိုက်သည်။ ရဲဘော်ကြီးတုတ်ကြီးမှာ ပွဲခ အပြင် ငွေသုံးရာကျပ်ကို အပိုမုန့်ဖိုးအဖြစ် ရရှိလိုက်သေးသည်။ ထိုနေ့ညနေတွင် ရဲဘော်တုတ်ကြီးနေ အိမ်၌ စိုပြည်သော ၀ိုင်းကလေးတစ်ဝိုင်းဖြစ်သွားသည်။ ရဲဘော်တုတ်ကြီး၏ ဇနီးကလည်း တပြုံးပြုံး။ လွန်ခဲ့ သောသုံးလအတွင်း ပထမဆုံးတွေ့ရသော အပြုံးဖြစ်သည်။
" ခင်ဗျား ဇာတ်လမ်းက ဒါပဲလား "
ကျွန်တော်က သိပ်မထူးလှသည့် ဟန်ဖြင့်မေးလိုက်သည်။

" ဒါလောက်နဲ့ ဘယ်မှာ ဇာတ်လမ်းလို့ခေါ်မှာလဲဆရာ။ ဟဲ ဟဲ ဟဲ၊ ထူးဆန်းတာကလေးကလည်း ရှိပါသေး တယ်"
" အဲဒီကားဝယ်သါားတဲ့ သူဌေးလေ ကားဝယ်သါားပြီး နောက်တစ်ပတ်လောက်အကြာ ညကြီးမင်းကြီး ကျွန်တော့် အိမ်ပေါက်လာတယ် "
" ဘာလဲ။ ကားမှောက်လို့ သူ့မိန်းမသေသွားပြီတဲ့လား"
" ဟာ ကျွန်တော်လည်း အစကဒီလိုထင်လို့ အိမ်ထဲဝင်ပုန်းနေသေးတယ်။ နောက်မှ အဲဒီကားကို သူ့ထက် ရူးတဲ့ လူတစ်ယောက်က တစ်သောင်းအမြတ်ပေးပြီး သူ့ဆီကတဆင့် ၀ယ်သါားပြီတဲ့။ အဲဒါကျေးဇူး တင်လို့ ငွေသုံးရာထပ်လာပေးသွားသေးတယ်။ ဟိ ဟီး "။

သောင်းပြောင်းထွေလာရယ်စရာ၊ ဒီဇင်ဘာ၊ ၁၉၈၂
===========================
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၃၆)

(၃၆)

နံနက်အရုဏ်တက်ချိန်တွင် မိုးဇက်နှင့် ဟင်းဒရစ်တို့ ပျော်စံရိပ်ငြိမ်တဲတန်းမှ ပြန်ထွက်လာကြသည်။ သူတို့ မော်တော်ကား ရပ်ထားခဲ့သော နေရာသို့ ပြန်ရောက်သောအခါ ကလေးများက ကားကို စောင့်ပေး နေဆဲ ရှိသည်။ ကျွဲညီအစ်ကိုများသည် မာမာနဂျင်ဂျာ၏ ရိပ်သာနောက် ကြားခန်းထဲ၌ တစ်ညလုံး ထိုင်နေခဲ့ပြီး နောက်ဆုံး တွင် ပဏာမအစီအစဉ်တစ်ရပ်ကို ရေးဆွဲချမှတ်ခဲ့ကြသည်။ သူတို့၏ လက်ထောက်များအတွက် နေရာဒေသ များနှင့် တာဝန်ဝတ္တရားများကို သတ်မှတ်ခဲ့ကြသည်။
မော်တော်ကား ကို မောင်းပြီး ထွက်လာစမှာပင် မိုးဇက်က ဟင်းဒရစ်အား ပြောလိုက်သည်။

"လုပ်စရာ အလုပ်တွေ အများကြီး ရှိသေးတယ် အစ်ကို။ ကျွန်တော်တို့ အရက်နဲ့ အမျိုးသမီးတွေ ထပ် ရအောင် ရှာရဦးမယ်။ စံရိပ်ငြိမ်အသးလေးတွေကို ကျွန်တော်တို့ လက်အောက်ခံ ဖြစ်လာအောင် ဆွဲသွင်း ရဦးမယ်။ ဒီလိုလုပ်ဖို့အတွက် တစ်နည်းပဲ ရှိတယ်"

"ဘယ်လိုလုပ်ရမယ်ဆိုတာ ငါသိတယ်။ ဒီလိုလုပ်ဖို့ ငါတို့မှာ အမာခံတပ်သားတွေ ရှိသားပဲ" ဟင်းဒရစ်က ပြန် ပြောသည်။
"အဲဒီ  အမာခံတပ်သားတွေကို အုပ်ချုပ်ကွပ်ကဲဖို့ တပ်မှူးတစ်ဦး လိုတယ်။ အစ်ကိုအဖို့ သတ္တုတွင်း အလုပ် က ထွက်ဖို့ အချိန်တန်ပြီ၊ အစ်ကိုရဲ့ စွမ်းအားတွေနဲ့ အချိန်တွေကို အခုလိုအပ်လာပြီ၊ အစ်ကိုရဲ့ စွမ်းအား တွေကို မြေအောက်မှာ လူဖြူတွေအတွက် ကျောက်ခဲခွဲပြီး ဖြုန်းတီးပစ်ဖို့ မလိုတော့ဘူး။ အခု အချိန်က စပြီး အစ်ကိုဟာ အာဏာရှိဖို့၊ စီးပွားဖြစ်ဖို့အတွက် လူ့ဦးခေါင်းတွေကို ခွဲရလိမ့်မယ်။ အစ်ကိုရဲ့ စိန် တွေကိုလဲ လွမ်းနာကျမနေနဲ့တော့။ အဲဒါ့တွေထက် အဆပေါင်းများစွာရအောင် လုပ်ပေးမယ်"

မိုးဇက်၏ဆရာ စိတ်ပညာရှင် မာကပ်စ်အာချာက ဟင်းဒရစ်နှင့် ကုမ္ပဏီတို့ ချုပ်ဆိုထားသော အလုပ် ကန်ထရိုက် စာချုပ်ကို ဖျက်ပြယ်အောင် စီစဉ်ပေးလိုက်သည်။ ထို့အပြင် အလုပ်မှ ခွင့်နှင့် ပြန်သူများ အတွက် ရထားတွင် လက်မှတ်နှင့် ခရီးသွားခွင့်ပြုချက်ရအောင်ပါ လုပ်ပေးလိုက်သည်။
သို့ရာတွင် ဟင်းဒရစ်သည် ထိုရထားဖြင့် လုံးဝ လိုက်ပါ မသွားပါချေ။ လူဖြူများ၏ မှတ်တမ်းများမှ ဟင်းဒရစ် စာရင်း လုံးဝ ပျောက်သွားပြီး ပျံကျကျူးကျော်ဒေသသို့ လူမသိ သူမသိ ရောက်သွားသည်။
မာမာနဂျင်ဂျာ သည် သူ၏ တဲရှည်ကြီး နောက်ဘက်၌ သီးသန့်တဲတစ်လုံးကို ဟင်းဒရစ်နေထိုင်သုံးစွဲရန် ပေးထားသည်။ မာမာနဂျင်ဂျာ၏ အမျိုးသမီးငယ်တစ်ဦးဦးက ဟင်းဒရစ်အား ချက်ပြုတ်ကျွေးမွေးခြင်း၊ လျော်ဖွပ် ပေးခြင်း၊ ပြုစုယုယခြင်းတို့ဖြင့် ထာဝရအလုပ်အကျွေး ပြုနေသည်။

"ဒရိတ်ဖမ်း" နယ်မြေသို့ ဟင်းဒရစ်ရောက်ပြီး ခြောက်ရက်မြောက်နေ့တွင် အမာခံကျွဲများက ထိုးစစ် စတင်တော့သည်။
ပထမည တွင် မာမာနဂျင်ဂျာ၏ ဆန့်ကျင်ဘက် စီးပွားပြိုင် ပျော်စံရိပ်ငြိမ်တဲ ၁၂လုံး မီးလောင်ပြာကျ သွားသည်။ အရက်မူးလွန်နေသူများ မီးထဲမှ ထွက်မပြေးနိုင်သလို တဲ၁၂လုံး ပိုင်ရှင်များလည်း မီးထဲပါ သွားကြ သည်။ ထိုနယ်မြေသည် လူဖြူတို့၏ မီးသတ်စခန်းနှင့် အလွန်ဝေူသော နေရာဖြစ်၍ မရောက် မပေါက်နိုင်ပေ။ ထို့ကြောင့် မီးသွားငြိမ်းသတ်ရန် မီးသတ်လည်း မကြိုးစားတော့ပေ။
ထိုနယ်မြေ ရှိ ပျံကျများက တဲများ မီးလောင်သည်ကို အငြိမ့်ပွဲကြည့်သလို အပျော်ဝိုင်းကြည့်ကြသည်။ မီးရောင် အောက်တွင် ကလေးများက ကခုန်မြူးထူးကြသည်။ အရက်ပုလင်းများက မီးရှူးမီးပန်းများ သဖွယ် ထပြီး ပေါက်ကွဲသောအခါ လက်ခုပ်လက်ဝါးတီး သြဘာပေးပြီး ၀ိုင်းရယ်ကြသည်။

ထိုတဲများမှ အမျိုးသမီးများ အားလုံးနီးပါး မီးထဲမှ လွတ်ကြသည်။ တချို့က မိမွေးတိုင် ဖမွေးတိုင်း ထွက် ပြေး ရသည်။ သူတို့အားလုံး ရှိသမျှ စုဆောင်းထားသမျှပစ္စည်းများ၊ ငွေများ မီးထဲပါကာ ဆုံးရှုံးကြရ သဖြင့် ချုံးပွဲချ ငိုကြသည်။ သို့သော် သူတို့အား သနားကြင်နာကြသော အမျိုးသားများက လာရောက် နှစ်သိမ့်ပြီး မာနာနဂျင်ဂျာ၏ တဲစခန်းသို့ ပို့ပေးကြသည်။
၄၈နာရီအတွင်း ပျော်စံရိပ်ငြိမ်တဲစခန်းများကို ပြာပုံထဲမှ ပြန်ဆောက်ပြီး အမျိုးသမီးများအား အလုပ် ပြန်ပေးလိုက်သည်။ သူတို့အား ကောင်းကောင်းကျွေး၊ ကောင်းကောင်း ဆင်သည်။ ဖောက်သည်ဆိုး များ၏ ရန်မှ ကာကွယ်နိုင်ရန် အစောင့်အဖြစ် ကျွဲများက တာဝန်ယူထားကြသည်။ တစ်ဖန် သူတို့ ကလည်း ဖောက်သည်ကောင်း များကို မလိမ်မလည် မလှည့်ဖျားရအောင် ကျွဲများက နှစ်ဘက် အပြန် အလှန် စောင့်ကြပ် ပေးသည်။ အခကြေးငွေများလည်း သူတို့ အားလုံးအား သင့်တင့်မျှတအောင် ပေးသည်။

အရက် အရည်အသွေးလည်း ပိုကောင်းလာသည်။ မနဂျင်ဂျာကိုယ်တိုင် ကြီးကြပ်ကွပ်ကဲပြီး အရက် ချက်သည်။ လူတစ်ယောက်အဖို့ နှစ်သျှီလင်ဖိုးဖြင့် မူးလဲနိုင်သလို၊ နှစ်သျှီလင်ဖိုးဖြင့်ပင် သန့်သန့် ချောချော ကောင်မလေးကို ရနိုင်သည်။
ဟင်းဒရစ်၏ လူများသည် အခြား ကျေးလက်ခရိုင်များမှ လာသော ဘတ်စ်ကားတိုင်းနှင့် ရထားတိုင်းကို သွားရောက် စောင့်ကြိုသည်။ ရွာမှ ထွက်ပြေးလာသူလေးများ၊ ရွှေတွင်းမြေသို့ လာသူလေးများထဲမှ အချောအလှ လေးများကို ပျော်စံရိပ်ငြိမ်သို့ သွေးဆောင်လာကြသည်။ သို့သော် ထိုနည်းနှင့် စုဆောင်း ပေးခြင်းဖြင့်ပင် မလုံလောက်သောအခါ ဟင်းဒရစ်သည် သူ့လူများကို ရွာများသို့ ဆင်းစေသည်။ အမျိုးသမီးငယ် များကို သွေးဆောင်ဖြားယောင်ကာ မက်လုံးပြ၍ သိမ်းသွင်းခေါ်လာကြစေသည်။

ရွှေတွင်းမြေ၏တောင်ဘက်၌ ဤသို့ ဒုစရိုက်မြေ ရှင်သန်ကြီးထွားနေသည်ကို ဂျိုဟန်နတ်စဘတ်မြို့မှ အကြီးအကဲများ နှင့် ရဲများက မသိမဟုတ် သိနေကြသည်။ သို့သော် ထိုရွာများကို ဖျက်သိမ်း ပိတ်ပင် လိုက်လျှင် လူများကို ဘယ်နေရာတွင် နေရာစားပေးမည်နည်း ... မရှိ။ ထို့ကြောင့် တစ်ခါတစ်ရံ ၀င်ရောက် နှိမ်နင်းခြင်း၊ ဖမ်းဆီးခြင်းနှင့် ဒဏ်ရိုက်ခြင်းတို့လောက်သာ လုပ်ကြသည်။
သို့ရာတွင် ဒရိတ်ဖမ်းနယ်မြေ၌ လူသတ်မှု၊ ခိုးမှုနှင့် အခြားရာဇ၀တ်မှုကြီးများ ဆန်းကြယ်စွာ လျှော့နည်း သွားပြီး အေးချမ်းသော ဒေသဖြစ်လာသောအခါ ရဲများ ၀င်ရောက် နှိမ်နင်းမှု လျော့သွားသည်။
ဒရိတ်ဖမ်းသည် အေးအေးဆေးဆေးနှင့် အလုပ်ဖြစ်နေသည်။ သို့သော် ဒရိတ်ဖမ်းသို့ မရောက်လာနိုင် သေးသော လူမည်း မိုင်းလုပ်သား ထောင်သောင်းချီပြီး ကျန်ရှိနေသေးသောအခါ မိုးဇက်ဂါမာသည် ထိုသူများ ဘက်သို့ စိတ်ရောက်သွားပြန်သည်။

"သူတို့က ကျွန်တော်တို့ဆီကို မလာနိုင်ကြဘူး။ ဒီတော့ ကျွန်တော်တို့က သူတို့ဆီ သွားကြရမယ်"
မည်သို့ မည်ပုံ လုပ်ဆောင်ရမည်ကို မိုးဇက်က ဟင်းဒရစ်အား ရှင်းပြသည်။ သူ့အစီအစဉ်အတိုင်း ဟင်းဒရစ်က လုပ်သည်။ တစ်ပတ်ရစ် ကုန်တင်ကာများ ၀ယ်ပြီး ပြင်သည်။ ညနေတိုင်းတွင် အရက်များ နှင့် မိန်းမများ တင်ဆောင်လာသော ယာဉ်တန်းကြီးသည် ရွှေတွင်းနယ်မြေတစ်လျှားအတိုင်း မောင်း သွားသည်။ သတ္တုတွင်းကြီးများနှင့်နီးသော တောအုပ်များ၊ တောင်ကြားချိုင့်ဝှမ်းများ၊ မသုံးဘဲ စွန့်ပစ် ထားသော အဆောက်အအုံဟောင်းများ စသည်တို့တွင် ညပွဲဈေးခင်းကြီးများ ဖွင့်သည်။

သတ္တုတွင်း အလုပ်သမားများနေသော ၀င်းကြီးများ၏ ဂိတ်စောင့်များအားလုံးသည် ကျွဲကြီးများ ဖြစ်ရာ၊ ညပွဲဈေး သို့ သွားလိုသူများကို မသိမသာရော သိသိသာသာပါ လွှတ်ပေးကြသည်။
ဤနည်းဖြင့် ကျွဲညီအစ်ကိုတော်များအားလုံး စီးပွားလမ်း ဖြောင့်နေကြသည်။ "ကဲ ... အစ်ကို့ရဲ့ စိန်တွေ ကို သတိရနေတုန်းပဲလား" ဒရိဖမ်းနယ်မြေတွင် ပထမနှစ်နှစ် လုပ်ကိုင်ကြပြီးနောက်၊ မိုးဇက်က ဟင်းဒရစ်အား မေးလိုက်သည်။

"မင်းကတိပေးထားခဲ့တဲ့အတိုင်းပါပဲကွာ၊ ယောက်ျားတစ်ယောက်အတွက် လိုအပ်တာအားလုံး ပြည့်စုံ နေပါပြီ" "အစ်ကိုကလဲ တယ်ပြီး ကျေနပ်ရောင့်ရဲလွယ်တာကိုး" "နောက်ထပ် ရှိသေးသလား" ဟင်းဒရစ်က စိတ်ဝင် တစား မေးလိုက်သည်။ "အခုမှ ကျွန်တော်တို့ဥစ္စာ အစရှိသေးတာ" "ဒါဖြင့် နောက်ထပ် ဘာရှိသေးသလဲ ငါ့ညီ" "အလုပ်သမားသမဂ္ဂဆိုတာ ကြားဖူးသလား၊ အဲဒါ ဘာဆိုတာကော အစ်ကို သိသလား" ဟင်းဒရစ်က မျက်မှောက်ကုတ်ပြီး စဉ်းစားကာ ပြန်ဖေသြည်။
သတ္တုတွင်း က လူဖြူတွေမှာ အလုပ်သမားသမဂ္ဂ ရှိတာတော့ ငါသိတယ်၊ ရထားလုပ်သား လူဖြူတွေမှာ လဲ ရှိတယ်။ အဲဒီအကြောင်း ပြောတာတော့ ငါကြားဖူးတယ်။ ဒါပေမယ့် သိပ်တော့ မသိဘူး၊ ဒါက လူဖြူ တွေ အလုပ်ပါကွာ၊ တို့နဲ့ မဆိုင်ပါဘူး"

"အစ်ကို မှားနေပြီ၊ အာဖရီကသတ္တုတွင်း အလုပ်သမားများ သမဂ္ဂဟာ ကျွန်တော်တို့နဲ့ သိပ်ဆိုင်တယ်၊ အဲဒီကိစ္စအတွက် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ဒီရွှေမြေကို လာကြတာ"
"ပိုက်ဆံရဖို့လာတယ်လို့ ငါတော့ သိထားတာပဲ" "သမဂ္ဂ၀င် ငါးသောင်းဟာ တစ်ပတ်ကို သမဂ္ဂကြေး တစ်သျှီလင်စီ ပေးနေရတယ်။ အဲဒါ ပိုက်ဆံ မဟုတ်ဘူးလား"
မိုးဇက် က မေးလိုက်ရာ ဟင်းဒရစ်က စိတ်ဖြင့် ထွက်ကြည့်ပြီး ပြန်ဖြေသည်။ "အင်း ... အတော့်ကို များတဲ့ ငွေပဲ့ကွ"

မိုးဇက်သည် ဟာနီသတ္တုတွင်း၌ အလုပ်လုပ်ခဲ့စဉ်က အလုပ်သမားများ သမဂ္ဂထူထောင်ရန် ကြိုးစားခဲ့ ရာ မအောင်မြင်ခဲ့ပေ။ လူမည်းအလုပ်သမားများသည် အလွန်ရိုးစင်းပြီး နိုင်ငံရေးအသိစိတ် လုံးဝ မရှိ ပေ။ လူမျိုးစုအလိုက်သာ သစ္စာထားရှိကြပြီး တကွဲတပြားစီ ဖြစ်နေသည်။ နိုင်ငံတစ်နိုင်ငံ၏ အစိတ် အပိုင်း တစ်ရပ်အဖြစ် သူတို့ကိုယ်သူတို့ သဘောမထားကြပေ။
"ကျွန်တော်တို့ရဲ့လမ်းကြောင်းမှာ အကြီးမားဆုံး အဟန့်အတားကတော့ လူမျိုးစုအစွဲပါဒပဲ၊ ကျွန်တော် တို့အားလုံး တစ်မျိုးတည်းအဖြစ် ညီညွတ်င်္ကြယင် လူမည်းသမုဒ္ဒရာကြီးသဖွယ် ဖြစ်သွားပြီး အဆုံးအစ မရှိ တဲ့ အာဏာတွေရလာမယ်"

"ဒါပေမယ့် တို့က လူတစ်မျိုးတည်းမှ မဟုတ်ဘဲ၊ ဇူးလူးက အိုဘန်ဗိုနဲ့မတူဘဲ၊ စကော့ဟာ ရုရှကော့ ဆက်နဲ့ မတူသလို၊ အာဖရိကဖွား လူဖြူဟာ အင်္ဂလိပ်နဲ့မတူသလိုဘဲပေါ့ ကွာ"
"ဟေး ... အစ်ကို၊ ကျွန်တော် ပေးထားတဲ့ စာအုပ်တွေ ဖတ်နေပြီကိုး၊ ဒီရွှေမြေကို ကျွန်တော်တို့ ပထမ ဆုံးလာတုန်းက ရုရှကော့ဆက်ဆိုတာ အစ်ကို မကြားဖူးသေးပါဘူး" မိုးဇက်က ပြုံးပြီး ပြောလိုက်သည်။

"လူတွေရယ်၊ သူတို့နေတဲ့ ကမ္ဘာရယ်အကြောင်းကို မင်းင့ါကို အများကြီး သင်ပေးခဲ့ပြီပဲ၊ အခု ဇူးလူးက အိုဘန်ဗိုကို အစ်ကိုခေါ်အောင် မင်း ဘယ်လိုလုပ်မယ်ဆိုတာ င့ါကို သင်ပေးစမ်းပါဦးကွာ၊ လူဖြူတွေ လက်ထဲမှာ မြဲမြဲကြီး ဆုပ်ကိုင်ထားတဲ့ အာဏာတွေကို ငါတို့ ဘယ်လိုလုပ် ရယူမယ်ဆိုတာ သင်ပေးစမ်း ပါဦးကွာ"

"ဒါဟာ ဖြစ်နိုင်တဲ့ကိစ္စပါအစ်ကို၊ ရုရှတွေဟာ ကျွန်တော်တို့ အာဖရီက လူမည်းတွေလိုပဲ၊ လူမျိုးစုတွေ အများကြီး ကွဲနေကြတဲ့ လူတွေပါ သူတို့ထဲမှာ အာရှသားတွေ ရှိတယ်။ ဥရောပသားတွေ ရှိတယ်။ တာဘာတွေ ရှိတယ်။ ဆလပ်တွေ ရှိတယ်။ ဒါပေမယ့် မဟာခေါင်းဆောင်ကြီးရဲ့အောက်မှာ သူတို့ဟာ တစ်ခုတည်းသော နိုင်ငံ ဖြစ်လာတယ်။ ကျွန်တော်တို့ ခံစားနေ ရထားတဲ့ ပိုဆိုးတဲ့ မင်းဆိုးကို ဖြုတ်ချခဲ့ တယ်။ လူမည်း တွေမှာ ခေါင်းဆောင်တစ်ယောက် လိုနေတယ်။ အဲဒီ ခေါင်းဆောင်ဟာ လူမည်းတွေ အတွက် ကောင်းတာကို သိရမယ်။ အဲဒါ အောင်မြင်ဖို့ လူတစ်သောင်း သို့မဟုတ် လူတစ်သန်း အသက်ပေး ရယင်လဲ ပေးရပစေပေါ့"

"မင်းလိုခေါင်းဆောင်မျိုးလား ငါ့ညီ"
ဟင်းရစ်က မေးလိုက်ရာ မိုးဇက်က ပြုံးလိုက်သည်။
"သတ္တုတွင်းအလုပ်သမားများ သမဂ္ဂကို ပထမဆုံး ဖွဲ့ရမယ်၊ ကလေးလမ်းလျှောက် စသင်သလိုပေါ့။ တစ်ကြိမ် မှာ တစ်လှမ်းပဲ လှမ်းရမယ်။ အစကနဦးပိုင်းမှာ ထိခိုက်ဆုံးရှုံးမှု ရှိချင်ရှိပါစေ။ ရေရှည်မှာ လူမည်း တွေအတွက် ကောင်းမယ့်ကိစ္စကို သတင်းအကျပ် လုပ်ခိုင်းရမှာပဲ"
"ငါတို့က ဘာအတွက် လုပ်ရမှာလဲ၊ ချမ်းသာဖို့လား၊ အာဏာရှိဖို့လား"

"ဒီနေရာမှာတော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ကံကောင်းတယ်။ အစ်ကိုက ချမ်းသာချင်တယ်။ ကျွန်တော်က အာဏာရှိချင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက် ဖြစ်စရာ အကြောင်း မရှိဘူး။ ကျွန်တော် ရွေးထားတဲ့ လမ်းအတိုင်း လုပ်ယင် ကျွန်တော်တို့ နှစ်ယောက်စလုံး လိုချင်တာ ကိုယ်စီရမှာ ပဲ။

သတ္တုတွင်း လုပ်ငန်းအသီးသီး၌ ကျွဲညီအစ်ကို့တော်များက ခပ်ကြမ်းကြမ်းကိုင်ကာ စည်းရုံးသော်လည်း အလုပ်သမားသမဂ္ဂဖွဲ့စည်းရေးမှာ အစကနဦးပိုင်း၌ နှေးကွေးပြီး အောင်မြင်မှု သိပ်မရဘဲ ဖြစ်နေသည်။ ထိုလုပ်ငန်းများမှာ လျှို့ဝှက်၍သာ လုပ်နေရသည်။ စက်မှုပေါင်းစည်းရေး ဥပဒေက လူမည်း အလုပ်သမား များ အသင်းအဖွဲ့အည်းရေးကို ပြင်းထန်စွာ ကန့်သတ်ထားခြင်းကြောင့် ပြောင်ပြောင် တင်းတင်း လုပ်မရပေ။

သို့ရာတွင် ဒေါက်တာ မာကပ်စ်အာချော၏ အကူအညီပေးမှု၊ ဟင်းဒရစ်၏ အမာခံကျွဲညီအစ်ကိုများ ကြိုးစားမှုကြောင့် သမဂ္ဂ ဖွဲ့စည်းရေးမှာ သတ္တုတွင်းအသီးသီးတွင် တဖြည်းဖြည်းချင်း ထမြောက် အောင်မြင် လာသည်။ နောက်ဆုံးတွင် အာဖရိက မိုင်းအလုပ်သမားများသမဂ္ဂ၌ အဖွဲ့ဝင်နှစ်သောင်း ထက် မနည်း ပါဝင်လာသည်။

မိုင်းလုပ်ငန်းရှင်ကြီးများ အသင်းကလည်း အလုပ်သမားသမဂ္ဂကို အသိအမှတ်မပြု၍ မဖြစ်တော့ပေ။ ပထမပိုင်းတွင် လန့်ဖျပ်သွားပြီး ဖျက်ဆီးရန် ကြိုးစားသေးသည်။ သို့ရာတွင် အသင်းဝင် အရင်းရှင်ကြီး များမှာ စီးပွားရေးသမားများ ဖြစ်ကြရာ ဖိနှိပ်လိုက်ပါက အုံကြွလာပြီး လုပ်ငန်းများ ရပ်ဆိုင်းကာ စီးပွား ရေး ထိခိုက်ဆုံးရှုံးလာမည်ကို မြင်လာသည်။ ထို့ကြောင့် အကောင်အထည်ပေါ်မလာသေးသော သမဂ္ဂ ၏ ကိုယ့်ဟာကိုယ် ရာထူးခန့်ထားသော အတွင်းရေးမှူးချုပ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးကြ သည်။

အတွင်းရေးမှူးချုပ်ဆိုသူသည် ဥာဏ်ပညာ အမြှော်အမြင် ရှိပြီး သင့်တင့်မျှတသူတစ်ယောက် ဖြစ်ကြောင်း သူတို့တွေ့လာကြသည်။ သူ၏ ပြောဆိုမှုများ ကြေညာချက်များတွင်လည်း ဘော်လ်ရှီဗစ် လေသံ အရိပ် အငွေ့ မပါဝင်ပေ။ အစွန်းရောက်တစ်ယူသန် သဘောလည်း မရှိပေ။ ပူးပေါင်း ဆောင်ရွက်၍ရမည့် အသွင်ရှိပြီး လေးစားထိုက်သော လက္ခဏာရှိကြောင်း မိုင်းသူဌေး မျက်နှာဖြူကြီး များ မြင်လာသည်။

"ဒီကောင်နဲ့ ငါတို့ အလုပ်လုပ်လို့ ဖြစ်နိုင်တယ်။ လူမည်းတွေအပေါ် သူအတော်သြဇာအာဏာရှိပုံရ တယ်။ အလုပ်သမားတွေအတွက် ပြောရေးဆိုခွင့်ရှိတဲ့ လူတစ်ယောက် ငါတို့မှာ လိုနေတယ်။ ဒီကောင် က ရိုးသားပုံရတယ်။ ဒီကောင်ကို ငါတို့ကိုင်လို့ ရနိုင်တယ်"

လူဖြူများကလည်း ဤသို့ အချင်းချင်း တိုင်ပင်ကြသည်။ ပထမဆုံး အစည်းအဝေးများတွင်ပင် ရလဒ် ကောင်းများ ရကြသည်။ တရားဝင်မဟုတ်သေးသော အလုပ်သမားသမဂ္ဂနှင့် မိုင်သူဌေးများ အသင်းတို့ အလွတ် သဘော ဆွေးနွေးညှိနှိုင်း၍ ပြေလည်သွားသောအခါ အလုပ်သမား ပြဿနာပေါ်လျှင် မိုးဇက် က ၀င် ဖြေရှင်းပေးခြင်းဖြင့် ပြေလည်သွားသည်သာ ဖြစ်သည်။ ဤသို့ဖြင့် မိုးဇက်၏ အခြေအနေနှင့် ဂုဏ်သိက္ခာမှာ ပိုမိုမြင့်လာ တိုးတက်ခိုင်မာလာသည်။ အလုပ်သမား သမဂ္ဂအပိုင်းမှ ဆန္ဒပြမည့် အရိပ် အယောင်ပင် ပေါ်မလာတော့ပါချေ။

မာမမာနဂျင်ဂျာ၏ ဂေဟာတွင် အာဖရိက သတ္တုတွင်း အလုပ်သမားသမဂ္ဂ ဗဟိုကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ကျင်းပသည်။ မိုးဇက်က ရှင်းလင်း တင်ပြသည်။
"သဘောပေါက် နားလည်ကြတယ် မဟုတ်လား ညီအစ်ကိုတော်များ ခင်ဗျား၊ ကျွန်တော်တို့အဖို့ အစက နဦး အင်အား နည်းနေတုန်းမှာ သူတို့ရှိသမျှ အင်အားအကုန်နဲ့ ဖိနှိပ်လိုက်ယင် တစ်ခါတည်း ပျက်စီးပြီး နောက်ထပ် လုံးဝ နားလန်ထူနိုင်တော့မှာ မဟုတ်ဘူး၊ ၀န်ကြီးချုပ်စမတ်က သိပ်မာတဲ့ မကောင်းဆိုးဝါး၊ ၁၉၂၂ခု တုန်းက လူဖြူအလ်ုသမားသမဂ္ဂတွေ ဆန္ဒပြတုန်းက စိတ်သေနတ်ကိုင် စစ်သားတွေ ဆန္ဒပြယင် သူဘာလုပ်မလဲ စဉ်းစားကြည့်လေ၊

ငါတို့ သွေးတွေချောင်းစီးသွားမှာပေါ့။ ဒီတော့ သူတို့ကို အချိုသတ်ထားမှ၊ သည်းခံစောင့်စားခြင်းဟာ ငါတို့အတွက် အကြီးမားဆုံးခွန်အားပဲ၊ အချိန်ဟာ ငါတို့ အတွက် လက်နက်ဖြစ်ပေမယ့် လူဖြူတွေအတွက် ရန်သူ ဖြစ်နေတယ်၊ သည်းခံကြပါ ညီအစ်ကိုတော် များ၊ ငါတို့ဟာ သူတို့စိတ်ကြိုက်နဖားကြိုးထိုး၊ တံပိုးတင်းပြီး ခိုင်းလို့ရမယ့် လူတွေ မဟုတ်တော့ဘူး ဆိုတာ လူဖြူတွေ တစ်နေ့သိလာရမှာပါ၊ ငါတို့ဟာ လူဖြူသား စားတဲ့ ကေသရာဇာ ခြင်္သေ့တွေ ဆိုတာ သူတို့သိလာမှာပါ"

"ငါတို့ အနောက်ဘက်သဲကန္တာရကြီးထဲကနေ ဟောဒီရွှေတွင်း မြေတောင်တန်းကို ရထားနဲ့ ရောက် လာပြီးကတည်းက ကုန်ဆုံးသွားတဲ့အချိန်တွေကလဲ ဘယ်လောက် မြန်လိုက်သလဲကွာ ... မပြောပါနဲ့ တော့"
တနင်္ဂနွေနေ့နံနက်ခင်းတွေ မိုးဇက်က ကားမောင်းလာရာ ဟင်းဒရစ်က သူ့ဘေးမှ လိုက်ပါလာရင်း ပြော လိုက်သည်။ မိုးဇက်သည် လူဖြူယာဉ်ထိန်းရဲများ ရမည်ရှာဖမ်း၍ မရအောင် ကားကို ဖြည်းဖြည်းမှန်မှန် နှင့် ဂရုစိုက်မောင်းလာသည်။ သူတို့ကားမောင်းလာသော လမ်းသည် ဂျိုဟန်နတ်စဘတ် ဂေါက်ကလပ်တွင် ဖြတ်သန်းလာသည်။ လူဖြူတချို့ ဂေါက်သီးရိုက် ကစားနေသည်ကို လှမ်းမြင်နေရ သည်။

ကလပ်ကို လွန်သွားသောအခါ "ရီဗိုနီယာလယ်ယာမြေ" ဟု လမ်းညွှန်ဆိုင်းဘုတ် ရေးသားထားသော လမ်းခွဲဘက်သို့ မိုးဇက်က ကားကို ချိုးကွေ့ပြီး ဆက်မောင်းသည်။ ထိုလမ်းတစ်လျှောက်တွင် ငါးဧကမှ ဆယ်ဧကအတွင်းရှိ ခြံများ ရှိကြသည်။ လူဖြူများ၏ မွေးမြူရေးနှင့် စိုက်ပျိုးရေးခြံများ ဖြစ်ရာ လမ်းအဆုံး ရှိ ခြံသည် ဒေါက်တာ မာကပ်စ်အာချာ၏ခြံ ဖြစ်သည်။ သူ့ခြံသည် အခြားခြံများကို ကြက်လည်း မရှိ၊ ၀က်လည်း မရှိ၊ ဘာမှလည်း မစိုက်ပျိုး။ လေးထောင့်စပ်စပ် အဆောက်အအုံတစ်ခုသာ ခြံအလယ်၌ ထီးထီးမားမားကြီး ရှိနေသည်။ ထိုအဆောက်အအုံမှာလည်း လမ်းမမှကြည့်လျှင် သစ်ပင်များဖြင့် ကွယ်နေသည်။

ခြံဝင်းထဲရှိ သစ်ပင်များအောက်တွင် ကားလေးစီးရပ်ထားသည်။ မိုးဇက်က ကားကို ခြံထဲမောင်း ၀င်သွားပြီး အခြားကားများဘေးတွင် သူ့ကားကို ယှဉ်ရပ်လိုက်သည်။
ထို့နောက်မှ သူ့အစ်ကိုဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

"ဟုတ်တယ် အစ်ကို၊ အချိန်တွေ နှစ်တွေ ကုန်သွားတာကလဲ မြန်လိုက်တာ၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကလဲ ပြောင်းနေတယ်လေ၊ ဖြစ်ရပ်ကြီးတွေလဲ ပေါ်ပေါက်ခဲ့ပြီ၊ ရုရှမှာ မဟာ အောက်တိုဘာ လတော်လှန်ရေးကြီး ပေါ်ပေါက်ပြီးတာ ၁၉နှစ်တောင် ရှိပြီ၊ ဂျာမန်ကိုလဲ ဟစ်တလာ သိမ်းပိုက် အုပ်စိုး နေပြီ၊ ဥရောပမှာလဲ စစ်ရိပ်စစ်ငွေ့တွေ သန်းနေပြီ၊ ဒီစစ်ပွဲကြီးဟာတော့ အရင်းရှင် စနစ်ကို ထာဝရဖျက်သိမ်းမယ့် စစ်ပွဲကြီးပဲ၊ အဲဒီကနေပြီး တော်လှန်ရေးကြီး ပေါက်ကွဲအောင် ပွဲခလာ လိမ့်မယ်"

ဟင်းဒရစက ရယ်လိုက်သည်။ ရှေ့သွားနှစ်ချောင်းက ဟာနေသည်။ "အဲဒါတွေ ငါတို့နဲ့ မဆိုင်ပါဘူး ကွာ"
"အစ်ကို့ အယူဆ မှားနေပြီ၊ အဲဒီကိစ္စတွေဟာ ကျွန်တော်တို့နဲ့ သိပ်ဆိုင်တာပေါ့"
"ငါတော့ နားမလည်ဘူးကွာ၊ မင်း ရှင်းပြစမ်းပါဦး"
"ဒါဖြင့် ကျွန်တော် ရှင်းပြမယ်၊ ကဲ ... လာ ... ကမ္ဘာကြီးနဲ့ ပတ်သက်ပြီး အစ်ကို့ သိမြင် နားလည်မှုကို ကျွန်တော် နောက်တစ်ဆင့်တိုးမြှင့်ပေးမယ်"

မိုးဇက်က သူ့အစ်ကို လက်ကို တို့ပြီး ပြောလိုက်သည်။ ထို့နောက် ကားတံခါးကို ဖွင့်ပြီး အောက်ဆင်း လိုက်သည်။ ဟင်းဒရစ်က မိုးဇက်နောက်မှဆင်းပြီး လိုက်သွားသည်။ သူတို့အိမ်ဆီသို့ ဦးတည်သွားကြ သည်။
"အခု ကျွန်တော်တို့ သွားမယ့်နေရာမှာ အစ်ကိုဟာ မျက်စိကိုဖွင့်၊ နားကို စွင့်ထားပြီး ပါးစပ်ကို ပိတ်ထား ယင် အကျိုးရှိမယ်၊ အများကြီး လေ့လာ သိရှိသွားမယ်"
အိမ်ရှေ့ဝရန်တာ လှေကားထစ်သို့ အရောက်တွင် မိုးဇက်က ဟင်းဒရစ်အား ပြောလိုက်သည်။ သူတို့ လှေကားထစ် မှ တက်သွားချိန်တွင် အိမ်ထဲမှ မာကပ်စ်အာချာ ၀ရန်တာသို့ ထွက်လာပြီး ဖော်ဖော် ရွေရွေ နှုတ်ဆက် သည်။ မာကပ်စ်က မိုးဇက်အား ခါးမှ ဖက်လိုက်ပြီး ဟင်းဒရစ်ဘက်သို့ လှည့်ပြီး ပြော လိုက်သည်။

"မင်းက ဟင်နီ ဖြစ်ရမယ်။ မင်းအကြောင်း ငါတို့ မကြာခဏ ပြောကြတယ်"
"ကျွန်တော် ခင်ဗျားကို အလျင်ထဲက တွေ့ဖူးပါတယ် ဒေါက်တာအာချာ၊ အလုပ်သမားများ ပဏာမ လေ့ကျင့်ရေး စခန်းမှာပေါ့"
"အဲဒါ တော်တော့်ကို ကြာပြီပဲ၊ ငါ့ကို မာကပ်စ်လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါကွာ၊ မင်းဟာ ငါတို့မိသားစုရဲ့ အဖွဲ့ဝင်  ဖြစ်နေပြီပဲ"
မိုးဇက်သည် ဤလယ်တောအိမ်၌ မာကပ်စ်နှင့် အတူနေသည်ကို ဟင်းဒရစ် သိသည်။ သူတို့ နှစ်ယောက် သဘာဝလွန်ဆက်ဆံရေးကြောင့် ဟင်းဒရစ်တွင် မည်သို့မှ မဖြစ်ပါချေ။
"မိုးဇက်က မင်းကို စောစောကတည်းက ခေါ်မလာဘူးကွာ၊ မင်းသိထားဖို့ကောင်းတဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ် တွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဒီမှာ အများကြီး ရှိတယ်။ ကဲ အခုလာ မင်းကို ငါ သူတို့ နဲ့ မိတ်ဆက် ပေးမယ်"

မာကပ်စ်က ဟင်းဒရစ်လက်ကို ဆွဲပြီး မီးဖိုခန်းထဲသို့ ခေါ်သွားသည်။
မီးဖိုမှာ လယ်တောအိမ်များ ထုံးစံအတိုင်းပင် ဖြစ်သည်။ အောက်ဘက်တွက် ကျောက်တုံးများ ခင်းထား သည်။ တစ်ဘက်ထိပ်တွင် ထင်းမီးဖို ရှိသည်။
စားပွဲရှည်ကြီးတွင် လူ၁၁ယောက် ထိုင်နေသည်။ ငါးယောက်မှာ လူဖြူများ ဖြစ်ပြီး ကျန်လူများမှာ လူမည်းများ ဖြစ်သည်။ လူငယ်လူရွယ်အရွယ်မှ သက်ကြီးအရွယ်အထိ အရွယ်အမျိုးမျိုး ပါသည်။ မာကပ်စ်က ဟင်းဒရစ်အား ထိုလူများနှင့် မိတ်ဆက်ပေးသွားရာ စားပွဲထိပ်မှ လူကြီးဆီသို့ ရောက်သွား၏။

"ဒါကတော့ ဘုန်းတော်ကြီး ဂျွန်ဒူဘီ၊ ဒါပေမယ့် သူ့ကို မာဖူကူဇီလာလို့ ခေါ်ကြတာ မင်း ကြားရလိမ့် မယ်"
မာကပ်စ် က မိတ်ဆက်ပေးလိုက်ရာ ဟင်းဒရ်စအဖို့ မမြင်စဖူး ကြောက်ချစ်ရိုသေစိတ် ၀င်လာသည်။
"ဟိုင်း ... ဘာဘာ"

ခန့်ညားထည်ဝါသော ဇူးလူးအဘိုးကြီးအား ဟင်းဒရစ်က ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။ ထိုအဘိုးကြီးသည် ဇူးလူးတို့၏ နိုင်ငံရေး ခေါင်းဆောင် ဖြစ်သည်။ ထို့အပြင် "နာတယ်သူရိယ" သတင်း စာကို စတင် တည်ထောင်ထုတ်လုပ်သူနှင့် အယ်ဒီတာလည်း ဖြစ်သည်။ ထို့အပြင် အာဖရိကတိုက် တောင်ပိုင်းရှိ လူမည်းနိုင်ငံအားလုံးအတွက် ပြောဆိုခွင့်ရရန် ကြိုးပမ်းခဲ့သော တစ်ခုတည်းသော နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သည့် အာဖရိကအမျိုးသားကွန်ဂရက် (အေအင်စီ) ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ် သည်။

"ငါ မင်းကို သိပါတယ်။ အလုပ်သမား သမဂ္ဂသစ် ပေါ်ပေါက်အောင် တန်ဖိုးမဖြတ်နိုင်တဲ့ အလုပ်တွေ မင်း လုပ်ခဲ့ တာပဲ၊ မင်းကို ကြိုဆိုပါတယ်သားရယ်" အဘိုးကြီးက အေးဆေးတည်ငြိမ်စွာ ပြောလိုက် သည်။
သူ့နောက် အခန်းထဲရှိ ကျန်လူများကို ဟင်းဒရစ်က အဘိုးကြီးလောက် စိတ်မ၀င်စားပေ။ သူတို့အထဲ တွင် အသက် ၂၀ပင် မပြည့်တတ်လောက်သေးသော လူငယ်တစ်ဦး ပါသည်။ အသင်ငယ်သော်လည်း သိက္ခာ ရှိပြီး အစွမ်း ထက်မြက်မည့်ပုံ ဖြစ်သည်။ ဟင်းဒရစ်အား သူနှင့် မိတ်ဆက်ပေးသည်။

"ဒီဥစ္စာက ကျွန်တော်တို့ရဲ့ လူငယ်ဝတ်လုံ ..."
"မဖြစ်သေးပါဘူးဗျာ"
လူငယ်က ကန့်ကွက်လိုက်ရာ မာကပ်စက ပြင်ပြောသည်။
"ကျွန်တော်တို့ရဲ့ မကြာခင် ရှေ့နေ ဖြစ်တော့မယ် လူငယ်တစ်ဦး၊ သူ့နာမည်က နယ်လဆင်မင်ဒဲလား၊ ထရန်စတိုင်းက အကြီးအကဲ ဟင်နီရီမင်ဒဲလားသားပေါ့"
သူတို့နှစ်ဦး လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။ ဟင်းဒရစ်က ထိုဥပေဒကျောင်းသား၏ မျက်လုံးအစုံကို ကြည့်လိုက်ပြီး "ခြင်္သေ့ငယ်လေးပဲ" ဟု စိတ်ထဲက ပြောလိုက်သည်။

စားပွဲတွင် ထိုင်နေကြသော လူဖြူများက ဟင်းဒရစ်အပေါ် သိပ်ပြီး အထင်ကြီးပုံ မပေါ်ကြပေ။ ၀တ်လုံများ၊ သတင်းစာဆရာများအပြင်၊ စာအုပ်ရေးသူ၊ ကဗျာရေးသူ တစ်ယောက်လည်း ပါသည်။ ဟင်းဒရစ် အဖို့ တစ်ခု ထူးထူးခြားခြား မှတ်သားမိသည်မှာ ဤလူဖြူများသည် တခြား လူဖြူများနှင့်မတူ။ အခြား လူဖြူ များက လူမည်းများကို ခိုင်းရုံ၊ အမိန့်ပေးရုံသာ ဆက်ဆံကြသည်။ ဤလူဖြူများက တစ်စားပွဲတည်းရှိ လူမည်းများကို တန်းတူရည်တူဆက်ဆံကာ လူမည်းများ၏ အမြင်များကို တလေး တစား သဘောထားခြင်း ဖြစ်သည်။

စားပွဲတွင် ဟင်းဒရစ် ၀င်ထိုင်ရန် နေရာပေးကြသည်။ တစ်ပုလင်းထဲမှ ၀ိုင်းကို အတူတူသောက်ကြပြီး တစ်ပန်းကန်တည်းမှ အစားအစာများကို အတူတကွ နှိုက်စားကြသည်။ တန်းတူရည်တူ ပြောဆို ဆွေးနွေးကြပြီး၊ တစ်ဦးနှင့်တစ်ဦး ရဲဘော် ညီအစ်ကိုတော်" စသည်ဖြင့် ပြောဆို ခေါ်ဝေါ်ကြသည်။
ဟင်းဒရစ်သည် မိုးဇက်မှာထားသည့်အတိုင်း အစားကို များများစားပြီး စကားကို တတ်နိုင်သမျှ မပြောဘဲ နေသည်။ သူတို့ ဆွေးနွေးနေသော စပိန်နိုင်ငံအခြေအနေ အကြောင်းကို သိပ်စိတ်မ၀င်စား လှပေ။ ထရော့စကိုင်းများ၊ ဆိုရှယ်လစ်များ၊ လက်ဝဲရီပတ်ဘလစ်များနှင့် ကွန်မြူနစ်များ ပါဝင်သော အမျိုးသား တပ်ဦး အစိုးရသည် ဗိုလ်ချုပ်ကြီး ဖရန်စ္စကို ဖရန်ကို၏ စစ်တပ်မှ ပုန်ကန်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

တနင်္ဂနွေနေ့ ညနေပိုင်း တစ်လျှောက်လုံး ဆွေးနွေးပွဲ၌ "ပါတီ" ဟူသော စကားကို အများအပြား သုံးစွဲ ကြသည်။ ဟင်းဒရစ်သည် အရင်းကြမ်းနှင့် လလီနင်၏ စာအုပ်အချို့ကို ဖတ်ထားသူဖြစ်ကြောင်း မိုးဇက်က ကျန်လူများအား ပြောပြသည်။ ကျန်လူများက ဟင်းဒရစ်အား ဆွေးနွေး မေးမြန်းကြသည်။ ဟင်းဒရစ် သည် မတတ်သာတော့ပြီဖြစ်၍ ပြန်လည် ဆွေးနွေးရတော့သည်။ သူ့ဆွေးနွေးချက်များက ချက်ပိုင်လှသည်။

ညပိုင်းတွင် သူတို့ ညီအစ်ကိုနှစ်ယောက် ပြန်လာကြသည်။ မိုးဇက်၏ ရည်မှန်းချက် ပြည့်ဝသွားပြီ ဖြစ် သည်။ အကြောင်းမှာ ဟင်းဒရစ်အား တောင်အာဖရိက ကွန်မြူနစ်ပါတီပါတီအဖွဲ့ဝင်နှင့် အာဖရိက အမျိုးသား ကွန်ဂရက် အဖွဲ့အဖြစ် လက်ခံလိုက်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဖြစ်သည်။

နံနက်စောစောတွင် မိုးဇက်နှင့် ဟင်းဒရစ်တို့ ကားဖြင့် ပြန်ထွက်လာသည်။ မာကပ်စ်က ဖို့ဒ်ကားဆီ အထိ သူတို့နှစ်ယောက် အားလိုက်ပို့ပြီး လက်ဆွဲနှုတ်ဆက်သည်။
မာကပ်စ်က ဟင်းဒရစ်အား ရဲဘော် ... အနာဂတ်ကို ငါတို့ ပိုင်တယ်ကွ"
နံနက်ခင်း အလင်းရောင် မပြုတပြူ နှင်းဖွဲ့ဖွဲ့အောက်တွင် သူတို့ညီအစ်ကို ကားမောင်း ထွက်လာကြ သည်။ မိုးဇက်သည် မြို့သို့ တိုက်ရိုက် မောင်းမပြန်၊ တောင်ပူစာတစ်လုံး ခြေရင်းတွင် ကားကို ရပ်လိုက် သည်။ ထို့နောက် ဟင်းဒရစ်အား ခေါ်ပြီး ပေ ၅၀၀ခန့်မြင့်သော တောင်ပူစာပေါ်သို့ တက်ကြသည်။ နေလုံး ထွက်ပေါ်လာစအချိန်တွင် သူတို့ တောင်ပူစာပေါ် ရောက်ကြသည်။ နေရောင်ခြည်က နှင်းဇာလွှာကို ထိုးဖောက် ဖြတ်ဆင်းနေသည်။

"အစ်ကို ဘယ်လို နားလည်သလဲ"
တောင်ထိပ်ပေါ်၌ ညီအစ်ကို နှစ်ယောက် ယှဉ်ရပ်ကာ ပတ်ဝန်းကျင်ကို နံနက်ဦး ရှုခင်းကို ကြည့်နေရာမှ မိုးဇက်က မေးလိုက်သည်။
"မင်းက ဟောဒီကမ္ဘာမြေကြီးရဲ့ တစ်စိတ်တစ်ပိုင်းကို လိုချင်တာ မဟုတ်ပါဘူး၊ တစ်စိတ်တစ်ပိုင်းဆိုတာ ကြီးမားတဲ့အပိုင်းကိုတောင် လိုချင်တာ မဟုတ်ဘူး၊ မင်းလိုချင်တာက အားလုံးပါ၊ မြေထုတစ်ခုလုံးနဲ့ အရာ အားလုံးပါ"
မိုးဇက်က အားရပါးရ ပြန်ပြောလိုက်သည်။
"နောက်ဆုံးတော့ အစ်ကို နားလည်လာပြီပဲ"

သူတို့နှစ်ယောက် တောင်ပူစာပေါ်မှ ဆင်းလာပြီး၊ ဖို့ဒ်ကား ရပ်ထားသည့်နေရာသို့ အေးဆေးစွာ သွား ကြသည်။ ကားကို ဒရိတ်ဖန်းဆီသို့ မောင်းလာကြသည်။ မြို့အ၀င် မီးရထားလမ်းနှင့် ကားလမ်းဖြတ် သောနေရာ ရောက်သောအခါ မီးရထားလာတော့မည်ဖြစ်၍ တံခါးပိတ်ထားသဖြင့် ကားကို ရပ်ပြီး စောင့်နေရသည်။ အ၀တ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် လူမည်းလူငယ်လေးတစ်ယောက် သူတို့ကားဆီ သို့ ပြေးလာသည်။ နှင်းထူထပ်စွာကျနေသော ဆောင်းနံနက်ခင်း၌ သူသည် ခိုက်ခိုက်တုန်အောင် ချမ်း နေသည်။ ထိုကောင်းကလေးက သူ့လက်ထဲမှ သတင်းစာခေါက်ကလေးကို မိုးဇက်အား ဝှေ့ယမ်း ပြလိုက်သည်။

မိုးဇက်က သူ့ဘေးပြတင်းမှ ကားမှန်ကို အောက်သို့ ချလိုက်သည်။ ကောင်ကလေးအား ကြေးနီပိုက်ဆံ စေ့တစ်စေ့ လှမ်းပေးလိုက်ပြီး သတင်းစာကို ယူကာ မိမိနှင့် ဟင်းဒရစ်နှစ်ယောက်ကြားရှိ နေရာလွတ် တွင် ဖြန့်ပြီး ချထားလိုက်သည်။
ဟင်းဒရစ်က မျက်မှောက်ကုတ်ပြီး စိတ်ဝင်းစားစွာဖြင့် သတင်းစာရှေ့ဖုံးကို လှမ်းကြည့်လိုက်သည်။ မိုးဇက်လက်ညး အလားတူ လှမ်းကြည့်သည်။ မျက်နှာဖုံးတွင် သတင်းခေါင်းစီးစာလုံးမည်းစာတန်းကြီး တစ်ခုကို ထင်ရှားစွာ တွေ့လိုက်ရသည်။
ထိုစာတန်းမှာ အောက်ပါတိုင်း ဖြစ်သည်။

"ဘာလင်အိုလံပစ်အတွက် တောင်အာဖရိကအားကစားအသင်း လူရွေးပြိ"
"သူတို့ကံကောင်းရန် တိုင်းပြည်က ဆုတောင်းနေကြပြီ" ထိုသတင်းအောက်မှ သတင်းစာသားများနှင့် အတူ အရွေးချယ်ခံရသော လက်ရွေးစင် အားကစားသမားများ၏ ဓာတ်ပုံများကို ဖော်ပြထားသည်။
ထိုဓာတ်ပုံ များထဲမှ ဓာတ်ပုံတစ်ပုံကို ဟင်းဒရစ် မှတ်မိသွားပြီး စိုက်ကြည့်နေသည်။
"ဒီလူဖြူကောင်ကလေးကို ငါသိတယ်"
လက်ဝှေ့သမားများထဲမှ မင်းဖရ်ဒီလာရေးပုံကို ကြည့်ပြီး ဟင်းဒရစ် ပြောလိုက်ခြင်း ဖြစ်သည်။

"ငါလဲ သိပါတယ်"
မိုးဇက်ကလည်း လှမ်းကြည့်နေရာက ပြောလိုက်သည်။ သို့သော် မိုးဇက်ပြောသော ဓာတ်ပုံမှာ လက်ဝှေ့ သမား ဟင်းဒရစ်ဒီလာရေး၏ ပုံမဟုတ်။
သူသိသော အားကစားသမားဓာတ်ပုံမှာ ပိုလိုသမား ရှာဆာကုတ်နေပင် ဖြစ်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, December 29, 2011

ခင်ခင်ထူး, ၏ ကျာကျူး အပိုင်း (၁)

ကျာကျူး
ခင်ခင်ထူး
"ကျာကျူးရေ"
"..........."
"ကျူကျူး ... ဟေ ကျာကျူး"
"..........."
"ကျာ ... ကျူး"
"..........."
ကျာကျူး ဆိုတဲ့ နာမည် နှစ်လုံးကို ပုဒ်စု ပုဒ်ကျခွဲပြီး သုံးမျိုးလောက် အသံကုန်ဟစ်ခေါ်ပါမှ ကျာကျူး ဆီက "ဆရာမကြီး" လို့ အသံစူးစူးသေးသေးလေးနဲ့ ပြန်ထူးတတ်တယ်။ ကျာကျူးက ထူးရင် "ရှင်"တို့ "လာပါပြီ" တို့ ဆိုတာမျိုး ထူးလေ့ မရှိဘူး။ "ဆရာမကြီး" လို့ပဲ ထူးတယ်။ ကျွန်မကိုလည်း ဆရာမကြီးတဲ့။ ကျွန်မ အိမ်သားကို ဆရာကြီးခေါ်တော့ ကျွန်မကိုလည်း ဆရာမကြီး လိုက်ခေါ်တာ ထင်ပါရဲ့။ အဲသလို တုံ့ပြန်တာ က သူနဲ့ကျွန်မ လူချင်းအတူတူရှိနေရင်လည်း သည်လိုပဲ။ သူနဲ့ကျွန်မ နှစ်ယောက်သား တစ်ခုခု ပြောကြ လို့ သူလက်ခံတယ်ဆိုရင် အမူအရာနှစ်မျိုးနဲ့ တုံ့ပြန်တယ်။ တစ်မျိုးက အသံတိတ်။ ခေါင်းညိတ် တာပါ။ တစ်မျိုး က အသံထွက်။ ဒါပေမယ့် ဟုတ်ကဲ့လို့ မပြောဘူး။ ဆရာမကြီးတဲ့။ ကျာကျူးက ဆရာမကြီး လို့ ပြောပြီ ဆိုရင် ဟုတ်ကဲ့ရှင့်လို့ ပြောတယ်ဆိုတာ ကျွန်မ နားလည်ရတယ်။ အဲဒါ ကျာကျူး ရဲ့ စတိုင်။ ဆိုပါတော့။

"သည်လိုလေ ကျာကျူးရဲ့ ... ဖွေးဖွေးတို့ကျောင်း ရှိတယ် မှုတ်လား"
"ဆရာမကြီး ..."
"ကျောင်းရှေ့ပေါက်က ၆၆လမ်း ... ဟုတ်ပြီနော်" "ဆရာမကြီး ..." "ကျောင်းရှေ့ပေါက်တည့်တည့်မှာ မ၀င်းတို့ စက်ဆိုင် ရှိတယ်"
"ဆရာမကြီး ..." "မ၀င်းကို တွေ့ရင် ..." "ဆရာမကြီး ..." စောစောက ပြောသလို ကျွန်မ ခုနစ်သံချီ လောက် နဲ့ ကျာကျူးရေလို့ ဘယ်လောက်ပဲ အော်အော် ရှိလျက်နဲ့ ထူးချင်မှ ထူးတာပါ။ အသာ အောင်း နေမှန်း သိလို့ ကျွန်မက "ကြားရင် ထူးလေ ကျာကျူးရဲ့" လို့ အော်လိုက်ရင် "မကြားလို့ပါ ဆရာမကြီး"တဲ့။ ကျွန်မတို့နဲ့ ကျာကျူးတို့နဲ့က ၀ိုင်းချင်းကပ် ဆိုတော့ နီးနီးကလေးရယ်။ ကျွန်မတို့ အိမ်က အနောက်ဘက် ပြတင်း သုံးပေါက်က မြောက်ဘက်အစွန်းဆုံး ပြတင်းပေါက်ကို လှပ်ပြီး လှမ်းကြည့် လိုက်ရင် ကျာကျူးတို့ အိမ်ကို မြင်ရပြီ။ ဝေးလှရင် ပေသုံးဆယ်လောက်ပဲ ရှိလိမ့်မယ်။

တစ်ခါတလေတော့ သူ့အတွေးနဲ့သူ နစ်ဝင်နေပုံရ တယ်။ လူမြင်နေရတာတောင် ခေါ်သံက နားထဲ မ၀င်တာမျိုးလည်း ကြုံရတယ်။ တစ်ယောက်တည်း ငေးချင် ရာငေးနေတာမျိုး၊ တစ်ယောက်တည်း စကားပြော နေတာမျိုးကလည်း ရှိသေး။ ပုတ်နှိုးလိုက်သလို အော်လိုက်မှ မျက်လုံးအပြူးသားနဲ့ ဖြစ်ချင် ဖြစ်တာပါ။
တစ်ခါများ ကျာကျူးက သူတို့ဝိုင်းဘက် ကျွန်မတို့ ၀င်းထရံခြေမှာ ရှိနေတာကို မမြင်ရတော့ ကျွန်မက ကုန်းကျုံး အော်တယ်။ တကယ်ဆိုရင် ကျာကျူးနဲ့ ကျွန်မနဲ့ နှစ်ပေတောင် မကွာဘူး။ ၀င်းထရံ ကွယ်နေလို့ သာ မမြင်ရတာကိကုး။ သူ့အမေက "ဟဲ့ ထူးလိုက်လေ" လို့ လှမ်းအော်မှ ကျွန်မ အောက်နားဆီကမှ "ဆရာမကြီး"တဲ့။ ကျွန်မက "သည်လောက်ကပ်နေတာကို ဘာလို့မထူးတာလဲ ကျာကျူးရယ်" ဆိုတော့ "ထူးတော့မလို့ကာနီး ဆရာမကြီး" တဲ့။ သူ့စကားလုံးတောင် သဘောကျမိသေးတော့။ ထူးကာနီးဆဲဆဲလို့ ပြောတာပါ။

အဲသလို တကျာကျာ တကျူးကျူး ခေါ်လို့ ရောက်လာပြီဆိုပါတော့။ ဘယ်တော့မဆို သူ့ကိုယ်ပိုင် မျက်နှာ နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ရောက်လာတာချည်းပဲ။ တစ်မျိုးက ကြည်ကြည်သာသာ ရှိတဲ့ မျက်နှာ ကလေးနဲ့ပါ။ တစ်မျိုးက "ကိုယ့်ဟာကိုယ် အေးအေးမနေရဘူး ခေါ်နေတော့တာပဲ" ဆိုတဲ့ မျက်နှာအိုအိုနဲ့။ ကျွန်မ က ကျာကျူးကို မျက်နှာအိုသကော၊ မျက်နှာရွှင်သကော၊ မျက်နှာရွှင်သကောရယ်လို့ ကြေး မများဝံ့ဘူး။ ကျာကျူးက လှီလှီသေးသေးဆိုတော့ ရောက်လာရင် ပခုံးရိုး ငေါငေါကလေး ဆီးဖက်ရင်း ချော့ရတယ်။ ပိန်လိုက်တာကလည်း ထီးရိုးဝါး ကျစ်ကျစ်ကလေးကျလို့။

စိတ်ကြည်သာရင်တော့ ဘယ်သူကမှ မခေါ်ရဘဲ ရောက်လာပြီး အိမ်ရှေ့က လူခေါ်ဘဲလ်ကို နှိပ်တော့တာပဲ။ တစ်ကြိမ်မက နှစ်ကြိမ်မက အိမ်ထဲက လူလုံးမမြင်ရမချင်း နှိပ်တော့တာပါ။ "တင်း ... တောင် ... တင်း ... တောင်"နဲ့ အသံတွေ ပွက်ပွက်ရိုက်ပြီဆိုရင် ဒါကျာကျူးလက်ချက်ပဲ။ ဒါကိုလည်း ခွင့်လွှတ် ထားရတယ်။ တစ်ချက်ပဲနှိပ် ကျာကျူးရဲ့ဆိုတော့ "တစ်ချက်ပဲနှိပ်ရင် နှစ်ခါပဲ မြည်မှာပေါ့။ ခဏခဏ နှိပ်တော့ အများကြီး မြည်တာပေါ့"တဲ့။

သည်လို ပြောလာရင် ကျွန်မက "အဲဟုတ်သားပဲ၊ ဆရာမကြီး ကျာကျူး လို မတွက်မိဘူး" ဆိုရင် ပြုံး နေတော့တာပါ။ တစ်ခါတစ်လေများ ကျွန်မတို့ အိပ်နေကြသလား၊ စာရေးနေကြသလား မသိဘူး။ လူခေါ်ဘဲလ် တတောင်တောင် တတင်တင် နှိပ်နေလို့ လူလုံးပြရင်း "ဘာတုန်း ကျာကျူးရဲ့" ဆိုတော့ "ဆရာမကြီး ခေါ်သလားလို့" ဆိုတာမျိုးက ရှိသေး။ တစ်ခါတလေကျ ပြန်တော့လည်း သည်လို ရောက်လာ လို့ မယ်မင်းကြီးမ ကျေးဇူးတင်ရသေးတယ် ...

"အမေ က ဈေးသွားမလို့ ဘာမှာဦးမလဲ မေးခိုင်းလိုက်လို့" "မှာချင်တယ် ... ညည်းအမေကော ... အိမ်ကို ၀င်ခဲ့ဦးလို့ ပြောလိုက်" "ဆရာမကြီး လှမ်းပြောလိုက် ... အမေနဲ့ ကျွန်မနဲ့ မခေါ်ဘူး" "ဟော်တော် ... ညည်းပဲ အမေက မေးခိုင်းလို့ဆို ... အဲဒါ ခေါ်လို့ မဟုတ်ဘူးလား"
"မဟုတ်ဘူး ... အမေက ခေါ်တာပေါ့လေ ကျွန်မက မခေါ်ဘူး"
"ကိုင်း ... ဟုတ်ပါပြီ ... လောလောဆယ် ကျာကျူး ရောက်လာတုန်း အ၀တ်တွေ ကူလှမ်းပေးခဲ့ဦး"

သည်လို ကြုံတုန်း ကြုံသခိုက် ကြားဖြတ်ခိုင်းရင်လည်း ကျာကျူးက လုပ်ပေးရှာပါရဲ့။ အ၀တ်စိုတွေ အ၀တ်လျှော်စက်ထဲက ဆွဲဆွဲထုတ်၊ ပလတ်စတစ် ဇလားထဲထည့်၊ အပြင်က ပဲစင်နဲ့ အ၀တ်တန်းမှာ သွားလှန်း။ လှန်းတော့လည်း ဘောက်တိဘောက်ထိုး၊ ရွဲ့တိရွဲ့ထိုးကိုး။ တစ်ခါတည်း သင်တဲ့သဘောနဲ့ အ၀တ်ခါပုံခါနည်း၊ ချိတ်ပုံချိတ်နည်း၊ တန်းမှာ စီစီရီရီ လှမ်းနည်းတွေ လက်တွေ့ပြရင်း ပါးစပ်က တတွတ်တွတ်သင်တော့ ကျာကျူးက ခေါင်းတော့ ညိတ်ပါရဲ့။ ပြန်တော့ ပြောသေးတာပါ။ "ဘယ်လို လှန်းလှန်း ခြောက်တာချည်းပါပဲ ဆရာမကြီးရဲ့" တဲ့လေ။

ကျာကျူးတို့နေတဲ့ ၀ိုင်းထဲမှာက သုံးအိမ်ထောင်နေကြတာပါ။ အိမ်မကြီးမှာက နှစ်အိမ်ထောင်ကန့်ပြီး နေတယ်။ ကျာကျူးတို့က နောက်ဖေးဘက်မှာ မြေစိုက်အိမ်ကလေးနဲ့ နေကြတာပါ။ အိမ်မကြီးမှာ ဒီဗီဒီပြစက် ရှိလို့ ကျာကျူးက အိမ်ရှင့်ကလေး ကူထိန်းပေးရင်း ဇာတ်ကားကြည့်တာမျိုး ရှိတတ်တယ်။ ဇာတ်ကား က ရယ်စရာဆိုရင် ကျာကျူးက ကျုံးရယ်တာပဲ။ ဇာတ်ကားက ငိုစရာဆိုရင် တအိမ်းအိမ်း ငိုသံ ကလည်း ကျွန်မတို့ အိမ်ဘက်က ကြားရတတ်တယ်။ ကျွန်မ ကျာကျူး ရယ်သံကြားထားရင် အိမ်ပေါက် ရောက်လာတဲ့ ကျာကျူးကို "ကျာကျူးငိုတာ ဆရာမကြားရတယ်။ ဇာတ်ကားက တော်တော် သနားစရာ ကောင်းလို့လား" လို့ မသိသလို မေးတယ်။ ကျာကျူး က သူ့ကိုယ်သူ ငါငိုခဲ့တာလား။ ရယ်ခဲ့တာလား။ ပြန် စဉ်းစားပြီးမှ ပြုံးတယ်။

"အယ် ... မဟုတ်ဘူး ဆရာမကြီးရဲ့ ... ရယ်တာ ... စိုးမြတ်သူဇာလေ အားကြီးရယ်ရတယ်"
"ကျာကျူးပဲ ဟိုတစ်နေ့တုန်းက စိုးမြတ်သူဇာက ငိုရတယ်ဆို" "အဲဒါ ငိုကား ပြီးသွားပြီလေ ... အခုက ရီ(ရယ်)ကား" "ဒါဆို စိုးမြတ်သူဇာက ရယ်လိုက် ငိုလိုက်ပါလား ကျာကျူးရဲ့" "ဟုတ်တယ် ... သူက အဲသလိုပဲ ... တစ်ခါတစ်ခါ ရီ(ရယ်)တယ် တစ်ခါတစ်ခါ ငိုတယ် ... သူဒါပဲ  လုပ်တယ်"
ကျွန်မက ရယ်ချင်ပေမယ့် မရယ်ဝံ့ဘူး။ ကျာကျူးကို အဖြောင့်ပြောရတယ်။ ကျွန်မတို့က စချင်နောက်ချင်လို့ တလွဲပြောရင်လည်း အဖြောင့်ထင်ရှာသူကလေးပါ။ သူကိုယ်တိုင်ကလည်း အဖြောင့်ပြောတာပါပဲ။ တစ်ခါ "ကျာကျူးရယ် ညည်းခေါ်ရတာ အာခေါင်စပ်လို့၊ ညည်းက မထူးတော့ ငါမမောရပေဘူးလား" ဆိုတော့ "မောရပါတယ် ဆရာမကြီး"တဲ့။

"တစ်နေ့တစ်နေ့ ကျာကျူးခေါ်ရတာ လည်ချောင်းတွေ ကွဲကုန်ပြီ" ဆိုတော့ ဆရာမကြီး ပူရှိန်းပြားငုံရင် ပျောက်တယ်" တဲ့။ ရွဲ့ပြောနေတဲ့အတိုင်း။ တစ်ခါတစ်ခါလည်း ခိုင်းရတဲ့ဆီ မရောက်ပါဘူး။ သူကြည့်လာတဲ့ ဇာတ်ကားအကြောင်း ပြောနေသေးတာပါ။ မင်းသမီးထဲမှာ ဘယ်သူ့ အကြိုက်ဆုံးလဲ ဆိုတော့ ကျာကျူးက ခိုင်သင်းကြည့်တဲ့။ အခုလည်း ခိုင်သင်းကြည်ကား ကြည့်လာတာတဲ့။ ဘာကားတုံးဆိုတော့ "မော်ဒယ် ဗွေးတုတ်" တဲ့။ ကျွန်မက ရန်ကုန် အသွားကားပေါ်မှာ အဲသည်ဇာတ်ကား ကြည့်လာခဲ့တာ သတိရ လိုက်လို့ စချင်တာနဲ့ "ဟုတ်ပါ့ ကျာကျူးရယ်၊ မော်ဒယ်ဗွေးတုတ် ဆိုတဲ့ ကားမှာ ခိုင်သင်းကြည် တောသူ လုပ်တာ လှလိုက်တာ" ဆိုတော့ ကျာကျူးက ပြုံးတယ်။ ညံ့ပါဆိုတဲ့ မျက်နှာခံနဲ့ပါ။

"မလှဘူး ဆရာမကြီးရဲ့ ... သနပ်ခါးတွေ အများကြီး လိမ်းထားတာ မတွေ့ဘူးလား ... မြို့ရောက်တော့မှ  လှသွားတာလေ ... သူ့ယောက်ျားက တောသူကို မကြိုက်ဘူး ... မြို့သူကို ကြိုက်တယ် ... ခိုင်သင်းကြည် ချင်းက အတူတူပဲလေ ... တော်သူလည်း လုပ်တယ် မြို့သူလည်း လုပ်တယ်"
"ဟော ... သူယောက်ျားက သူ့မိန်းမသူ မမှတ်မိဘူးလား ကျာကျူးရဲ့" "ကျွန်မက မှတ်မိသားပဲ ... ဇာတ်ကားထဲမှာ သူ့ယောက်ျားက မမှတ်မိဘူး လုပ်ထားတယ် ... ကျွန်မက ဟဲ့ အဲဒါ ခင်ဗျားမိန်းမပဲလို့ ပြောချင်လိုက်တာ ဆရာမကြီးရယ် ... ဇာတ်ကားထဲ ပြောမရလို့" "ပြောလိုက်ရောပေါ့ အေ"

"မပြောတော့ဘူးလေ ... မင်းသားလုပ်ပြီး ခိုင်သင်းကြည့်မှ မမှတ်မိရင် နေပေါ့နော် ... ဆရာမကြီးရယ်" ကျွန်မတို့က ဟုတ်ပါ့တော် ဆိုတဲ့ မျက်နှာလုပ်ထားရသေးတာပါ။ ကျွန်မအိမ်သားက နောက်ကောဘာကား ကြည့်သေးတုံးဆိုတော့ အဲသည်ကားပဲ နှစ်ခါကြည့်တယ်တဲ့။ "ဟဲ့ ဘယ်လို နှစ်ခါတုံး" ဆိုတော့ အဲသည် စီဒီ ဓာတ်ပြားကိုပဲ နှစ်ခါထိုးကြည့်ကြတာတဲ့။ မေးကြည့်တော့မှ သဘောပေါက်ရတာပါ။ ဓာတ်ပြား တစ်ပြားကို သွားငှားရင် နှစ်ရာပေးရတော့ အိမ်မကြီးက လူတွေက တစ်ရာ၊ ကျာကျူးတို့က တစ်ရာ ထည့်ပြီး စပ်ငှားနေ ကျတဲ့။ အဲသလိုဆိုတော့ အိမ်မကြီးကစိုက်တဲ့ တစ်ရာအတွက် တစ်ခေါက်ကြည့်၊ ကျာကျူး တို့ စိုက်တဲ့ တစ်ရာအတွက် တစ်ခါပြန်ကြည့်၊ "နှစ်ရာပေးရတော့ နှစ်ခါကြည့်မှ တန်တာပေါ့ ဆရာကြီး ရဲ့" တဲ့။ ကျာကျူးက ဇာတ်လမ်းပြောပြနေလို့ ကျွန်မတို့မှာ ငုတ်တုတ်ထိုင် နားထောင်ကြ ရသေးတာပါ။ ကျာကျူးက ရုပ်ရှင်နဲ့ ပတ်သက်လာလို့ကတော့ ဆရာမကြီး ကျွန်မလောက် မသိဘူးဆိုတဲ့ မျက်နှာနဲ့ပါ။ မင်းသား မင်းသမီးတွေလည်း သိလိုက်တာမှ ဂျောင်းဂျောင်းပြေး။

ကျွန်မတို့အိမ်မှာ သမီးနဲ့ မင်းသားမင်းသမီးအတော်များများ အမှတ်တရရိုက်ထားတဲ့ ဓာတ်ပုံတွေ အယ်လ်ဘမ်နဲ့ထည့်ထားတာ ရှိပါတယ်။ အကယ်ဒမီဆုပေးပွဲမှာ တွေ့လို့ မင်းသမီးနဲ့ တွဲပြီး ရိုက်ကူးယူထား တဲ့ ဓာတ်ပုံတွေပါ။ သည်ဓာတ်ပုံတွေထဲက မင်းသားမင်းသမီးကလေးတွေကို ကျာကျူးက အကုန် မှန်အောင် ပြောနိုင်တယ်။ တစ်ခါတော့ အယ်လ်ဘမ်ကို ကြည့်ရင်းက သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက် ဓာတ်ပုံကို တွေ့သွားတယ်။ သည်မှာတင် ကျာကျူး ထခုန်တာပဲ။ မျက်နှာကလည်း ချက်ချင်းပဲ ၀င်းမှည့် သွားလိုက်တာ မပြောပါနဲ့တော့။ မျက်လုံးကလေးတွေဆိုတာ တောက်လက်နေကြလေရဲ့။ "ကိုပေါက် က ဆရာကြီးတို့နဲ့ ခင်တယ်ပေါ့" "ခင်တာပေါ့ ကျာကျူးရဲ့ ... ကျာကျူးက ကိုပေါက်ကို သိတယ်ပေါ့" "သိတယ် ... ကျွန်မက ကိုပေါက်ကို အကြိုက်ဆုံးပဲ" "ကြိုက်ရင် ဖုန်းဆက်ပေးမယ် ... ကျာကျူး ပြောမလား" သည်လိုဆိုတော့ ကျာကျူးမျက်နှာကလေး ရွံ့သွားလေရဲ့။ "မပြောတတ်ဘူး ဆရာမကြီး ရဲ့ ... ဘာပြောရမှန်းမှ မသိတာ"

"သြော် ... ကျာကျူးရယ် ... ကိုပေါက် နေကောင်းလား ... ကိုပေါက်ကို အားပေးနေတယ် ဘာညာ ပြောပေါ့" ကျာကျူးက ရှက်ပြုံး ပြုံးနေလေရဲ့။ သူ့စိတ်ထဲ ကိုပေါက်မျက်နှာလည်း မြင်နေပုံပါ။ ကျွန်မက တယ်လီဖုန်း ထယူပြီး ဆက်မယ်လုပ်တော့ ကျွန်မလက်ကို ဆွဲထားတယ်။ နေဦးပေါ့လေ။
"ဆရာမကြီးပဲ ပြောပေးလိုက်တော့ ... စလုံး တစ်လုံးက ကျာကျူးက မေးနေတယ်လို့"

စလုံး တစ် (စ-၁)ဆိုတာက ကျွန်မတို့နေတဲ့ မန္တလေးမြို့သစ်က ရပ်ကွက် အမှတ်စဉ်ပါ။ ကျွန်မဖြင့် ရယ်ချင် လိုက်တာ မပြောနဲ့တော့။ "မန္တလေးက ကိုပေါက်ရဲ့ ပရိသတ် မကျာကျူးပါရှင်လို့ ပြောလေ ... စလုံးတစ်က ဆိုတော့ ဘယ်သိပါ့မလဲ" "မဟုတ်ဘူးလေ ဆရာမကြီးရဲ့ ... ကကြီးထဲမှာလည်း ကျာကျူး ရှိတယ် ကျာကျူး ချင်းမှားမှာစိုးလို့" "သြော် ... ဟုတ်သားပဲ ... ကျာကျူးကမှ စဉ်းစားတတ်သေးတယ် ... အေးအေး ပြောပေး မယ်" ကကြီးထဲမှာဆိုတော့ က ကကြီးရပ်ကွက်ကို ပြောတာပါ။ ကကြီးရပ်ကွက်ထဲမှာ ကျာကျူး တစ်ယောက် ရှိတာတော့ သိထားပုံရပါရဲ့။ ကျွန်မက အယ်လ်ဘမ်ထဲက ကိုပေါက်ဓာတ်ပုံတစ်ပုံ ဖြုတ်ပေး လိုက်တော့ ကျာကျူးက ပျော်သွားလိုက်တာများ အိမ်ကျရင် ထရံမှာ တုတ်နဲ့ ထိုးထားရမယ်တဲ့။

ကျာကျူး ကို အားအကိုးရဆုံးကတော့ ဈေးလွှတ်ပြီး ဟင်းချက်စရာ ၀ယ်ခိုင်းရတဲ့အခါတွေမှာပါ။ ဈေးက ကျွန်မတို့ ဝေးတယ် မဆိုသာပေမယ့် ကျွန်မအဖို့ရာ ချက်ချင်းထသွားလို့ မဖြစ်နိုင်လေတော့ ပြေးပါဦးတဲ့ ကျာကျူးရဲ့ လုပ်ရတယ်။ အေးအေးဆေးဆေးရှိတဲ့ အခါများတော့ ကျွန်မပဲ သွားလိုက်တာပါ။ များသော အားဖြင့်ကတော့ ကျာကျူး လွှတ်ရတာများတယ်။ ဈေးတင် မကပါဘူး။ လမ်းထိပ်က စတိုးဆိုင်မှာ ရေသန့်ဘူး နှစ်တွဲလောက် ၀ယ်ချေတို့၊ ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါဦးတို့၊ ခြင်ဖျန်းဆေးဘူး တစ်ဘူး လောက် ၀ယ်ပေးပါဦးတို့ဆိုတော့လည်း ကျာကျူးမှ ဇိုးဇိုးဇတ်ဇတ် ပြေးနိုင်တာပါ။ ဈေး လွှတ်ရင်တော့ အမယ်များရင် များသလို အူသွားတာမျိုး ရှိလေတော့ စာတိုကလေး ရေးပေး လိုက်ရတယ်။ စာရယ်လို့ သတ်ပုံတို့ ရေးထုံးတို့နဲ့ ကိုက်ချင်လို့တော့ မဖြစ်ဘူး။

စပါးလင်ကို ဇဘလင်လို့ ရေးပေးရတယ်။ ချင်းတက်ကို ဂျင်းဒက်ဆိုမှ သိတယ်။ ချင်ဘောက်ရွက်၊ ဂဇွန်းရွက်၊ ရုံးပဒီသီးဆိုတာမျိုးမှ အဆင်ပြေတာပါ။ တစ်ခါများ ကျွန်မရေးပေးလိုက်တဲ့ ဈေးစာရင်းထဲမှာ ကြာညို့ ဆိုတာပါတယ်။ ကျာကျူးဈေးပြန်လာတော့ ကြာပန်း တစ်စည်း ငေါက်ငေါက်ကြီး ပါလာပါလေရော။ ကြာညို မရလို့ အပြာရောင်ပဲ ၀ယ်ခဲ့တယ် ဆရာမကြီးတဲ့။ ကျွန်မမှာ ရယ်လိုက်ရတာ။ ကျွန်မ က အိမ်က ကြာညို့ပုလင်းဟောင်းပြပြီး ကြာညို့ဆိုတာ သည်ပုလင်းမျိုး ပြောတာဆိုတော့ အဲဒါ ပဲငံပြာရည် ခေါ်တယ်လေ ဆရာမကြီးရဲ့တဲ့။ သူက ဟုတ် ဟုတ်သေးတော့။ ကြာပန်း တော့ ဘုရားတင် ရပါရဲ့။
ကျာကျူး စာတတ်သလားဆိုတော့ တစ်တန်းနဲ့ ကျောင်းထွက်ထားသတဲ့။ အက္ခရာတွေ၊ ဗျည်းတွေ မမေ့သေး လို့ တွဲစပ်ပြီး ဖတ်ပုံ ရပါတယ်။

ကျာကျူး မဖတ်တတ်ရင် ဈေးသည်တွေ မေးနော် ဆိုပေသိ မေးပုံ မရပါဘူး။ ရှက်က ရှက်သေးတာ။ ဈေးလွှတ်ရင် တလှုပ်လှုပ် တနွဲ့နွဲ့ သွားနေလို့ ဈေးလည်း တော်တော်နဲ့ မရောက်ဘူး။ ၀ယ်တော့လည်း ဈေးထဲ ချာချာလည်နေတာ အကြာကြီး၊ ပြန်လာတော့လည်း ခြေလှမ်းက နောက်ပြန်ဆွဲနေတာနဲ့ ရှစ်နာရီက လွှတ်လိုက်လို့ ဆယ်နာရီပြန်ရောက်လာရင် အာဂ။ ကျာကျူးရယ် ညည်းဟာက ဆွမ်းခံပြန်ချိန်တောင် မကတော့ဘူး။ ဘုန်းကြီးကျိန်းချိန်တောင် ရောက်ပါပကော ဆိုတော့ ဆရာမကြီးက ဘုန်းကြီး တွေ ပင့်ထားတယ်ပေါ့တဲ့။ ကိုယ်မှာ လိုက်တာက တီလားပီးယား ငါးပေမယ့် ပါလာောတ့ ငါးဇင်ရိုင်း။ ငါးတော့ငါးပဲ။ တစ်ခါတစ်လေ မှားလာခဲ့တာ ရှိသလို တစ်ခါတလေ သူ ၀ယ်လာတာက အဟုတ် ဖြစ်နေလို့ ချီးကျူးရတာမျိုးလည်း ရှိသေး။

"ကျာကျူးက ၀ယ်တတ်လိုက်တာတော် ... မြစ်ငါးကလေးတွေတောင် ရလာလိုက်သေးဟဲ့" "မြစ်ငါးဆိုတာ ဘာကို ပြောတာလဲ ဆရာမကြီး" "ဟဲ့ မြစ်ထဲက ငါးပေါ့ ... မြစ်ငါးက သိပ်ချိုတာ ကျာကျူးရဲ့ ... ငါးသည်တိုင်း မြစ်ငါးမကိုင်ကြဘူး ... မြစ်ငါးသည်ကို မှတ်မိခဲ့ရဲ့လား" "ငါးသည် မမှတ်မိဘူး ဆရာမကြီးရဲ့ ... ငါးဗန်းတော့ မှတ်မိတယ် ... သံချေးတွေ တက်နေတာ" "ကောင်းပေါ့အေ ... နောင်များ ငါးဝယ်ချင်ရင် သံချေးတက်ဗန်း အရင်ရှာရမလိုပါကော ကျာကျူးရဲ့" ကျာကျူး ဈေးသွားတယ်ဆိုလို့ ဖြောင့်ဖြောင့်ဖြူးဖြူး မထင်ပါနဲ့။ လူချည်းလွှတ်ရင် ကြာလွန်းလို့ ကျွန်မ ကျောင်းဆရာမဘ၀က ကျောင်းသွား ကျောင်းပြန် စီးခဲ့ရတဲ့ ဖီးဆင့်စက်ဘီးကလေး  စက်ဘီးဆိုင်အပ်ပြီး ပြင်ပေးထားရတာပါ။

ကျာကျူး စက်ဘီး ကျင်ကျင်လည်လည် စီးတတ်မယ် ကျွန်မ မထင်ဘူး။ ကျာကျူးတို့ ပြောင်းလာကာစက ကျွန်မတို့ အိမ်ရှေ့ လမ်းပေါ်မှာ ခရိုးခရိုင်စီးနေတာ တွေ့ဖူးတာတော့ ရှိပါရဲ့။ ဘယ်သူ့စက်ဘီး ငှားစီးတယ် မပြောတတ်ပါဘူး။ ကျွမ်းကျင်ကျင်ထဲက ဟုတ်ပုံမရတော့ စက်ဘီးနဲ့ မလွှတ်ဝံ့ဘူးလေး။ လမ်းမှာ လဲမှာ ပြုမှာ ပူရ၊ တိုးမှာ တိုက်မှာ ပူရ မဟုတ်လား။ နောက်တော့ ကျာကျူးအမေက "ဆရာမကြီး ကျာကျူးက စက်ဘီး ကောင်းကောင်းစီးတတ်တယ် ... စက်ဘီးပြင်ပေးလိုက်ရင် မြန်မြန်သွက်သွက် ရောက်တာပေါ့" ဆိုတော့မှ စက်ဘီးလည်းပြင် ကျာကျူးကိုလည်း လွှတ်ဝံ့တာပါ။ ကျာကျူးက ကျွန်မကို လက်တစ်ဖက် လွှတ်တောင် စီးပြနေလို့ မလုပ်ပါနဲ့အေ ပြောရတယ်။ ကျာကျူး စက်ဘီးဆွဲထွက်လာပြီဆိုရင် သေချာ အောင် မှာရပြီ။

"ကျာကျူး ... ဆရာမကြီး ပြောမယ် ... စက်ဘီးစီးရင် မငေးရဘူး ... လမ်းကို သေချာကြည့်ရတယ် ... လမ်းကူကာနီး ရှေ့ကိုလည်းကြည့် နောက်ကိုလည်းကြည့် ဘေးကိုလည်းကြည့် လမ်းရှုပ်နေရင် စက်ဘီးကို ဆင်းတွန်း ... စက်ဘီးလေ လျော့ရင် လေထိုးစီး ... ဘရိတ်မိ မမိကြည့် ... ဆိုင်ကယ်တွေ ဂရုစိုက် ... ဈေးရောက်ရင် စက်ဘီးအပ်တဲ့နေရာကို သေသေချာချာအပ် ... စက်ဘီးဆိုင်က ပေးတဲ့ ကတ်ပြားကလေး မပျောက်စေနဲ့ ... စက်ဘီးကို အပ်တယ်ဆိုပေသိ ကိုယ်တိုင်သော့ခေတ်နော် သော့လည်း ကျမကျန်စေနဲ့ဦး ... တစ်ခု ရှိသေးတယ်"

ကျွန်မအဖို့ရာ လွှတ်သာလွှတ်ရတာ စိတ်မချနိုင်လေတော့ မှာချင်တာတွေ တွန်းမှာ ရတယ်။ ကျွန်မကသာ မှာတာပါ။ ကျာကျူးက ခေါင်းထဲတောင် ရောက်ပုံမရပါဘူး။ ဘွားတော်နှယ် ဖြစ်ရလေလဆိုတဲ့ပုံနဲ့ စူတူတူ ကြည့်နေတာပဲ ရှိတယ်။ ဟုတ်ကဲ့ တစ်ခွန်း မဟဘူး။ ဈေးမှာပြန်တော့လည်း ပထမအရေးကြီးတာ အရင်မှာ ရတယ်။ ကျန်တဲ့ ဟင်းသီးဟင်းရွက် တိုလီမိုစကလေးတွေက မေ့လို့မ၀ယ်ခဲ့ရင်လည်း ဖြစ်တယ်။ သတိရ တော့လည်း ၀ယ်ခဲ့လိမ့်မယ် သဘောထားရတော့တာပဲ။

"ကျာကျူး ... ဆိတ်သား အစိတ်သားဝယ်ခဲ့ ... ဆိတ်သားသည်ကို ဆရာမကြီးက ၀ယ်ခိုင်းတာလို့ ပြောပြ ... ဆရာမကြီးကို ဆိတ်သားသည်းက သိတော့ အရိုးတွေ အရွတ်တွေ မထည့်ဘူးပေါ့ ကျာကျူးရယ် ... ပြီးတော့ တစ်တုံးတည်းသားပေးပါလို့ ပြောနော် ... ဟိုတစ်စ သည်တစ်စ ကောက်မထည့်စေနဲ့ ... ကျာကျူးကို ကလေးဆိုပြီး မကောင်းတာ အထည့်မခံနဲ့ ... ကိုယ့်ကို အအလို့ ထင်တတ်တယ် ကြားလား ... ၀ယ်ပြီးရင် ဒိုင်မှာ ငွေတစ်ရာ ပေးပြီး ချိန်ခဲ့ ... မပြည့်ရင် ဆိတ်သားသည် ကို ပြန်ပြော ဟုတ်ပြီနော်"

"ကျာကျူး ... မြန်မာကြက်ကို သိတယ်နော် ... စီပီကြက်လို အသားပွပွ အကောင်ကြီးတွေ မဟုတ်ဘူး ... အမွေးနုတ်ပြီးသား ကြက်သေးသေးကလေးတွေ ... အကောင်လိုက် ရောင်းတာ ရှိတယ် ... လေးဆယ်သား ကောင်ဆိုရင် ရင့်လည်း မရင့်ဘူး နုလည်း မနုဘူး ... မြန်မာကြက် ဝယ်ရင် ခြေထောက်ကို ကြည့်ဝယ် ... ခြေထောက်စိမ်းတာကို ရွေးဝယ်ရတယ် ... ခြေစိမ်းဖင်ညို အလွန်ချိုတဲ့ ... မှတ်ထားနော် ... မြန်မာကြက် ခြေစိမ်း လေးဆယ်သားကောင်"
ကျာကျူးက သူ မရှင်းတဲ့ စကားလုံး၊ ဒါမှမဟုတ် နည်းနည်း ထူးခြားတဲ့ စကားလုံး ပါလာရင်တော့ ပြန်မေးတတ်တယ်။ ခြေစိမ်းဖင်ညို ကို နားလည်လိုက်ပုံ မရဘူး ထင်ပါရဲ့။

"ခြေစိမ်းဖင်ညို ဆိုတာ ဘယ်လို ပြောတာလဲ ဆရာမကြီး" "ကြက်ခြေထောက် နှစ်ချောင်း ရှိတယ် မဟုတ်လား ... ခြေထောက်က အခွံကလေးတွေ စိမ်းနေတာကို ပြောတာ ... ဖင်ညိုက ကြက်ဖင်ကို ကြည့်လိုက် ... ညိုတိုတိုလေး" ကျာကျူးက ပြုံးတယ်။ ဟုတ်ပြီပေါ့။ ကျွန်မက အဲသလို ထပ်ပြန်တလဲလဲ မှာရတာပါ။ ဈေးထဲက ကျွန်မဖောက်သည်ဈေးသည်တွေကိုလည်း ကျာကျူးနဲ့ မိတ်ဆက် ပေးထား လေတော့ ဈေးစာရင်း စာရွက်ပိုင်းကလေးပြလိုက်ရင် သိကြတာလည်း ပါပါတယ်။

ကျာကျူး ကို ဈေးလွှတ်တဲ့ ပထမဆုံး ရက်တွေတုန်းကတော့ မှာတာပါတယ် မရှိဘူး။ ဆိတ်သားမှာတော့ တစ်တုံးတည်းသား မရလိုတဲ့။ မြန်မာကြက်ကတော့ ခြေမစိမ်းလို့တဲ့။ ခြေစိမ်းပြန်တော့ ဖင်မညိုလို့တဲ့။ ကျွန်မ လည်း ကိုယ့်အမှာနဲ့ကိုယ် မိနေလို့ ရှိတာနဲ့ စားလိုက်ရတာပါ။ သည်တော့ ကျွန်မဘက်က တစ်ထစ် လျှော့ရတယ်။ ပါအောင်သာ ၀ယ်ခဲ့ပါအေ ဆိုတော့မှ ပါတော့တာပါ။ ဟင်းသီးဟင်းရွက်လည်း သည်လို တတွတ်တွတ် မှာရတာပါပဲ။ မိန်းကလေးဆိုတော့ တစ်ချိန် မီးဖိုချောင် ၀င်ရမှာ မဟုတ်လား။ သိထားတော့ ကောင်းတာ ပေါ့ဆိုတဲ့ စိတ်နဲ့ သင်ရင်း ဈေးဝယ်၊ ဈေးဝယ်ရင်းသင် လုပ်ရတာပါ။ ကျွန်မတို့ ငယ်ငယ်က အမေ တို့ ကြီးတော်တို့က သည်လို သင်ခဲ့ကြားခဲ့တာ မဟုတ်လား။

ကိုယ့်အိမ်ထောင်နဲ့ကိုယ်ကျမှ သည်တန်ဖိုး နားလည်ခဲ့ရတယ်။
"ခရမ်းသီးဝယ်ရင် အညှာကို ကြည့်ရတယ် ... အညှာကလေး စိမ်းနေမှ ... လတ်တယ်ခေါ်တာ ... ဟင်းရွက် ၀ယ်ရင် အညွန့်ကို ကြည့်ရတယ် ... အညွန့်ကလေး လန်းကော့နေတာကိုဝယ် ... ခရမ်းချဉ်သီး ကျတော့ အသီးမာတာကို ရွေးရတယ် ... အရောင်ကလေး နီရောင်ပြေးရင် တော်ပြီ ... နီမာ ခေါ်တာပေါ့အေ ... လိုက်လုံးလို့လည်း ခေါ်တယ် ..."
"နေဦး ဆရာမကြီး လိုက်လုံး ခရမ်းချဉ်းသီးလို့ မေးရမယ်ပေါ့" "မဟုတ်ဘူးလေ ... လိုက်လုံးဆိုတာ နောက် တစ်ရက် နှစ်ရက်ကျရင် မှည့်တော့မယ် အလုံးမျိုးကို ပြောတာ ... တဖြည်းဖြည်း မှည့်လိုက်လာမယ့် အလုံး ပေါ့အေ"

"နောက်တစ်ရက် နှစ်ရက် မှ မှည့်မှာကို ဆရာမကြီးက ကြိုသိတယ်ပေါ့" ကျွန်မလည်း ဘာဆက်ပြောရမှန်း မသိတာနဲ့ ညည်းကြိုက်တာဝယ်ခဲ့ပါအေ လုပ်ရပြန်ပါရော။
ကျွန်မက အဲသလို တစ်မျိုးချင်း တစ်မယ်ချင်း ဘယ်ဟာ ကောင်းတယ် ဘယ်ဟာ မကောင်းဘူး သင်ပေမယ့် ကျာကျူးက ကျောင်းဆရာမရှေ့ အလီမရတဲ့ ကလေးလို မျက်စိထဲ ဂဏန်းတွေတော့ မြင်ပါရဲ့၊ နှုတ်ထွက် ကျမလာသလို မျက်လုံးပြူးကလေးနဲ့ နားထောင်နေသလိုပါပဲ။ ဟုတ်ကဲ့နေ့များတော့ ဟုတ်လို့။ မဟုတ်ပြန် တော့လည်း ဈေးကွဲချိန် ပုံတိုက်ထိုးပေးလိုက်တာတွေ ယူလာသလိုပါပဲ။

ကျွန်မက ကျာကျူး ဈေးဝယ်ပျော်အောင် "ဈေးဝယ်တော့ အဖြစ်တော်ရေ" လို့ ကျွန်မ အိမ်သားကို လှမ်း ပြောရတယ်။ အဲသလိုများ ဆိုရင် ကျာကျူးက သိပ်ကျေနပ်ရှာတာပါ။ ကျွန်မ အိမ်သားက မီးဖိုထဲ ၀င်လာပြီး ကျာကျူးကို "ဈေးဝယ်ပါရဂူဘွဲ့ ပေးရမကွ" တဲ့။ တစ်ရက်တော့ ကျာကျူးရဲ့ ကျွန်မကွယ်ရာက မှတ်ချက် စကား ပြန်ကြားရတယ်။ မအေလုပ်သူက ပြောပြလို့ သိရတာပါ။ "ကျာကျူးက အိမ်မှာ ပြောနေတာ ဆရာမရဲ့" "ဟုတ်လား ... ဘာတဲ့တုံး" "ဆရာမကြီးက  အရင်က ဟင်းရွက်လည်း ရောင်းဖူး တယ် ထင်တယ် အမေရဲ့ ... သမီးကို ဈေးဝယ်လွှတ်ရင် အကုန်သင်ပေးတတ်တယ်တဲ့" ကျွန်မဖြင့် ရယ်လိုက် ရတာ။ ကျာကျူးက အဲသလို။

ကျာကျူးတို့ မိသားစုတစ်ဖက်ခြံကို ရောက်တာ ကျွန်မတို့ မြို့သစ်ရောက်တာနဲ့ သိပ်မကွာပါဘူး။ ကျွန်မတို့ ပြောင်းလာတော့ ခေါင်းရင်းခြံက လူတွေ ရှိကြပါသေးတယ်။ ကလေးတွေလည်း ရှိတော့ ပြေးပါဦးဟဲ့၊ လွှားပါဦးဟဲ့ ဆိုရင် အဲသည်ကလေးတွေကို ခိုင်းရတာပါ။ နောကတော့ ခေါင်းရင်းအိမ်ကလည်း ပြောင်းသွား၊ ခြေရင်းဘက်ခြံမှာ ကျာကျူးတို့ မိသားစုကလည်း ရောက်လာဆိုတော့ ချိတ်မိသွားတယ် ပြောပါတော့။ ကျာကျူးတို့ နေရတဲ့အိမ်ကလည်း အိုးပိုင် အိမ်ပိုင်တော့ မဟုတ်ပါဘူး။

ခြံရှင်က သူ့ဝိုင်းကို ထားခဲ့ပြီး အဝေးမှာ စီးပွား ရှာနေသူဆိုတော့ သူ့အိမ်နဲ့ ၀ိုင်းကို သူငယ်ချင်းလင်မယားနဲ့ ကျာကျူးတို့ကို စောင့်ရှောက်ဖို့ အပ်ထားခဲ့တာပါ။ ကျာကျူးအဖေက မနက်လင်းရင် အလုပ်ထွက် သွား တတ်လေတော့ မတွေတာ များတယ်။ ကျာကျူးအအမေကတော့ ငုံးဥချိန်ငုံးဥ၊ ပြောင်းဖူးချိန်ပြောင်းဖူး၊ ဖရဲသီးချိန်ဖရဲသီး တောင်းတစ်လုံး၊ ဗန်းတစ်ဗန်းနဲ့ ဈေးလည်းရောင်းသူပါ။ ဘယ်မှာ ရောင်းတာလဲဆိုတော့ ဆေးရုံကြီး ဘက် မှာတော့။ မနက်စောစော ချက်ပြုတ်စားသောက်ပြီးရင်၊ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ အီကြာကွေး ကလေး တချို့တစ်ဖဲ့ စားကြပြီးရင် ဖအေကလည်း အလုပ်သွား၊ မအေကလည်း ဈေးရောင်းထွက်။ မအေးဈေးရောင်း ထွက်ရင် ကျာကျူးလည်း ပါသွားတတ်တယ်။ မအေက အထိုင်ရောင်း၊ ကျာကျူးက ဗန်းနဲ့ကဲ့ပြီး ဆေးရုံ တစ်ဝိုက်လည် ရောင်းကြသတဲ့။ တစ်ခါတလေတော့လည်း သားအမိ နှစ်ယောက် ဈေးမထွက်ကြပြန်ဘူး။ ကျာကျူး ရောက်လာလို့ မေးကြည့်တယ်။

"ကျာကျူးတို့ ကနေ့ဈေးရောင်း မသွားကြဘူးလား" "မသွားဘူး ... ဖမ်းလို့လေ" "ဟဲ့ ဘယ်သူက ဖမ်းတာလဲ ... ငုံးဥပြုတ်ရောင်းတာ ဖမ်းတဲ့လူ ရှိသလား" "ဈေးသည်တွေကို လိုက်ဖမ်းတဲ့လူ ရှိတယ် ဆရာမကြီး ရဲ့ ... သူက မဖမ်းတဲ့နေ့ မဖမ်းဘူး ... ဖမ်းတဲ့ နေ့ဖမ်းတယ်" "ညည်းဟာ မဟုတ်သေးပါဘူး ကျာကျူးရယ် ... ဖမ်းမှတော့ နေ့ရယ် ရက်ရယ် ရှိလို့လား" "မဟုတ်လား ... သူတို့ကို ပိုက်ဆံပေးရင် မဖမ်းဘူး ... မပေးရင် ဖမ်းတယ်" "ညည်းတို့က မပေးလို့လား" "ပေးတယ် ဆရာမကြီးရဲ့ ... အခုက ပေးလို့ ဖမ်းတာ" ကျွန်မလည်း တော်တော့ တော်တော့လို့ပဲ ညည်းလိုက်မိတယ်။ ပိုက်ဆံပေးတဲ့ကြားက ဖမ်းတယ် လို့ ပြောတာလား၊ အပေးမတတ်လို့ ဖမ်းတာလား၊ တစ်ခုခုကို ပြောတာနေမှာပေါ့။ ကျာကျူးက ကလေး သာသာဆိုတော့ အဲသလောက်လည်း သိပုံမရပါဘူး။ ကျွန်မက အဲသလို လိုက်ဖမ်းတော့ ပြုတ်ပြီးသား ငုံးဥ တွေ ဘယ်လို လုပ်ကြသလဲဆိုတော့ သားအမိနှစ်ယောက် ထိုင်စားပစ်လိုက်တယ်တဲ့။ ကျာကျူး ဆက်ပြောတဲ့ စကားကတော့ ယုတ္တိတန်သား။

"ဟုတ်တယ်လေ ... ဖမ်းတဲ့ လူက ဖမ်းပြီး စားပစ်မှာပေါ့ ဆရာမကြီးရဲ့ ... သူအစားမခံဘူး ... ကိုယ့်ဟာကိုယ် စားပစ်လိုက်တာ ကောင်းတယ်" "အေး ... ဒါလည်း ဟုတ်တာပဲ" တစ်ခါတစ်လေလည်း ပျားလိမ္မော်ခေါ်ကြတဲ့ တရုတ်လိမ္မော်တွေ၊ စပျစ်သီးခိုင်တွေ ဗန်းနဲ့ရွက်ပြီး ထွက်ကြတာလည်း ကျွန်မ မြင်နေရ တယ်။ သားအမိနှစ်ယောက် သနပ်ခါးတွေဖွေး။ အပြန်တော့ မိုးချုပ်တဲ့အခါချုပ်၊ စောတဲ့ အခါ စော ပေါ့။ ရောင်းရတာ အဆင်မှပြေရဲ့လား။ ပြေးပဲပြေးလွှားနေကြရော့လား။

အိမ်ရောက်မှ မီးရောင်လက်လက်နဲ့ ချက်ပြုတ်နေကြတာ တွေ့တော့လည်း အိမ်မှာရှိတာ လှမ်းခေါ် ပေးပေါ့။ ကျာကျူးက ဟင်းကြေးများသတဲ့။ ကြေးများတယ်ဆိုလို့ ဟင်းကောင်းမှ စားချင်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အမဲသား၊ ၀က်သား၊ ဆိတ်သား မစားဘူးတဲ့။ ငါးလည်း အကောင်ကြီးရင် မစားဘူးတဲ့။ အကောင်သေး လွန်းတော့လည်း မစားဘူးတဲ့။ ကျွန်မတို့အိမ်က ထမင်းဟင်းပေးရင် ဖအေမအေက စား ပေမယ့် ကျာကျူးက မစားဘူးဆိုတာလည်း နောက်မှ သိရတာပါ။ သူ့အမေ ပြောပုံတော့ ကျွန်မတို့အိမ်က ဆန်က စေးလို့တဲ့။ စေးတော့ အီသတဲ့။ အဲသလို ဆိုတော့ စားစေချင်သကောရယ်လို့ ဘာပေးပေး ကျာကျူး ၀မ်းရောက်ဖို့ မသေချာဘူး။

အိမ်မှာလည်း သည်လိုပါပဲ။ ကျွန်မတို့ ကော်ဖီသောက်ချိန်နဲ့ တိုးလို့ သူ့ခြေသူ့လက် ဖျော်သောက်ချေ ဆိုတော့လည်း ကော်ဖီ မကြိုက်ဘူးတဲ့။ လက်ဖက်ရည်မှ ကြိုက်သတဲ့။ ကျွန်မတို့ အိမ်မှာ ဧည့်သည်များ၊ မိတ်ဆွေများ က စားစေချင်လို့ ၀ယ်လာကြတဲ့ မုန့်ပဲ သရေစာတွေ များပါတယ်။ တစ်ခါတစ်လေများ ထမင်းစားပွဲပေါ် စုတင်ထားရင် တစ်ပုံကြီး။ ကျာကျူးက ရေခဲသေတ္တာထဲ၊ ကြောင်အိမ်ထဲ ထည့် သို့ ပေးတာမျိုးတော့ ရှိပါရဲ့။ တစ်တုံးတစ်ချိုး လူရင်းမိတ်ဆွေတွေက လက်ဖက်ရည်လို၊ ပဲနံပြားလို ၀ယ် လာရင် ကျွန်မတို့ ပထမဆုံး သတိရတာ ကျာကျူးတို့သားအမိပဲ။

"ကျာကျူးရေ ... လက်ဖက်ရည်လာယူလှည့်" အဲသလို ကြားရင်တော့ ပြေးလာတော့တာပါ။ လက်ဖက်ရည် အင်မတန် ကြိုက်ရှာမှန်းသိလို့ တကန်တက ၀ယ်တိုက်ရတာမျိုးလည်း ရှိတယ်။ မအေ ဖအေ က မနက်မိုးလင်းလို့ လက်ဖက်ရည်တစ်ခွက် ၀မ်းထဲမကျရင် ဆတ်ဆတ်တုန်နေကြသူတွေဆိုတော့ ကျာကျူး ခမျာလည်း လက်ဖက်ရည် စွဲနေပုံပေါ်ပါရဲ့။ တစ်ခါတလေ လက်ဖက်ရည် သောက်ရရင် တစ်နေကုန် ထမင်းမစားဘဲ နေနိုင်တယ်ဆိုလို့  အံ့သြရတယ်။ ခက်တာက ခုခေတ်ပေါ်နေတဲ့ ရယ်ဒီမိတ် တီးမစ် ဆိုတာမျိုးကျတော့လည်း မက်ပုံမရဘူး။

"အဲဒါတွေက လက်ဖက်ရည်အစစ် မဟုတ်ဘူး ဆရာမကြီးရဲ့ ... ကော်ဖီက အမှုန့်ရှိတယ်လေ ... လက်ဖက် ရည်က အမှုန့်မှ မရှိတာ ... ဘယ်လိုလုပ်ပြီး အထုပ်ထဲ ထည့်မလဲ ... နော ဆရာမကြီးရယ်"
"ဟုတ်ပါ့အေ ..." ကျွန်မလည်း ထောက်ခံတဲ့နည်းနဲ့ ခေါင်းညိတ်ရတာတွေ များလှပေါ့။ ကျာကျူးက လက်ဖက်ရည် တစ်ခွက်သားအမိနှစ်ယောက် မျှ သောက်ထားရင် တစ်နေကုန် ဈေးလည်း ရောင်းလည်း မမော ဘူးတဲ့။ လက်ဖက်ရည် အာဟာရသိဒ္ဓိ ပြီးတဲ့ပုံမျိုး ပြောသေးတာပါ။ ကျွန်မက "လက်ဖက်ရည် ကလည်း လက်ဖက်ရည်ပေါ့အေ ... ထမင်းတော့လည်း တစ်လုတ်တစ်ဆုတ် စားကြပါမှပေါ့ ... အစာအိမ် ရောဂါ ဖြစ်တတ်တယ်" လို့ ပြောမိတယ်။ ကျာကျူး ပြန်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မမှာ ဘာပြန် ပြောရမှန်းတောင် မသိတော့ပါဘူး"
"အစာအိမ်ရောဂါ က ထမင်းစားတဲ့လူမှ ဖြစ်တာ ဆရာမကြီးရဲ့ ..."တဲ့။

(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး

(ရှေ့လ မှ အပိုင်း (၂) ဖော်ပြနိုင်ပါမည်)
ဇန်နဝါရီလထုတ်၊ ကလျာမဂ္ဂဇင်း၊ ၂ဝ၁၁
.
>>>ဆက်ဖတ်ရန်>>> >>

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၃ဝ)

ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၁၉)
ခြေသလုံးအိမ်တိုင် အိမ်ပျောက်ခြင်း

သူ့ကိုမတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ တွေ့ပြန်တော့လည်း မည်သို့မျှ အသွင်အပြင် မပြောင်းမလွဲ။ အနည်းငယ် ရင့်ရော်၍ အနည်းငယ် ပိုနွမ်းပါးပုံပေါက်ခြင်းသာ ထူးခြားသည်။ သူသည် အချိန်ကာလ မည်မျှ ပြောင်းသော်လည်း အမြဲတမ်း ဘိုင်ကျနေခြင်းကို ဒိုင်ခံယူထားသည့်အလား အလုပ်အကိုင် အပေါက်အလမ်း မတည့်သည်က အစချီစကား ပြောတတ်သည်။ အလုပ်က ပွဲစား၊ ကားပွဲစား၊ အိမ်မြေ ခြံပွဲစား၊ အမှုပွဲစား။

ဆယ်ခါရံမှတစ်ခါ၊ အခါတစ်ရာမှတစ်ခါဆိုသလို ပွဲခလေးကို ဟိုဘက်ဒီဘက်ပွဲစားများနှင့် ခွဲဝေ ရလာပြီ ဆိုလျှင် ဆင်ကြယ်ဖိနပ်တစ်ရံကတော့ အမြန်ဝယ်ရသည်။ ဆင်ကြယ်ဖိနပ်တစ်ရံကို သည်းကြိုး သုံးခါ လဲတပ်၍ အမြီးတိုပါးနေလောက်မှ သူပွဲခ ရတတ်သည်။ အဲသည်အခါမျိုးဆိုလျှင် ကျား မသန်းဌေး မသောက် တော့ဘဲ ဒူးယားကို ဘူးလိုက်ဝယ်၍ အိတ်ထဲထည့်ထားလေ့ရှိသည်။ သည့်အခါမျိုးတွင် ကျွန်တော့် ဆီ မလာတတ်။ လာလေ့မရှိ၊ ဘိုင်အကြီးအကျယ် တွန့်၍ ရပေါက်ရလမ်း ဘယ်ကမှမရှိတော့ သော အချိန်တွင်မှ သူကျွန်တော့်ဆီ လာလေ့ရှိသည်။
ယခုလည်း သူပေါက်လာပြန်ပြီ။

" ဘယ်လိုလဲ နော်မန်ဒိုး၊ ကားပွဲစား လောကကြီး ဘယ်လိုနေသလဲ" သူ့နာမည်ရင်းက ဒိုး၊ မစ္စတာဒိုး၊ အပြည့်အစုံ ဆိုရသော် နော်မန် စပင်ဆာဒိုး။ မွေးဇာတိကံ မကောင်းချင်တော့ သူ့မှာ ကပြားသွေးက ပါနေ သည်။ သူ့အနီးစပ်ဆုံးဆွေမျိုးများသည် သြစတေလျပြည် ပါသ်မြို့၌ ဘူးသီးကြော်ရောင်း၍ ကောင်းစားနေ ကြသည်။ အဝေးစပ်ဆုံး ဆွေမျိုးအချို့မှာ သင်္ဃန်းကျွန်း၌ ရှိသည်။ မုန့်လက်ကောက်ရောင်းသည်။ သူသာ လျှင် တေပေကာ ပွဲစားကြီးမဖြစ်လျှင် သြစတေးလျသို့ ငါမသွားပြီဟု သန္နိဋ္ဌာန် အခိုင်အမာပြုကာ မြေနီကုန်း ကြက်တန်းတစ်ဝိုက်၌ သူ့လိုသူ ကပြားတစ်ဦးကို အဖော်ပြုကာ ဘယ်လိုမှ ရောင်းမရသော ကားပျက်ကြီး တစ်စီးပေါ်၌ နေကြသည်။

ကားပျက်ကြီးမှာ ချက်ပလက်ကားပျက်ကြီးဖြစ်၍ အောက်ပိုင်းမှာ ဘီးများ ဖြုတ် ထားကာ တုံးခံထားသည်။
ဤသည်မှာ သူတို့အိပ်ရာ၊ သူတို့၏ သီရိဂေဟာ။ အင်္ဂလိပ်စကားကို အတန်အသင့် ပြောနိုင်သည်။ အတန် အသင့် ဆိုရာ၌ ယနေ့ ဘွဲ့ရများထက်တော့ ရေလည်သည်။ မြန်မာစကားကို လူတစ်ယောက်ကျလောက် အောင် ပြောနိုင်သည်။ လျှာသွက်၊ အာသွက်၊ လူပုံသွက်၊ ခက်တာက ကုသိုလ်ကံက မသွက်။
" ကားပွဲစားလောက ကတော့ မစားသာပါဘူး ... ဆရာသမားရယ် ဟန်ကမကျပါဘူး " သူက ထုံးစံ အတိုင်း ညည်းလိုက်သည်။

" မင်းဟာ ဘယ်တုန်းကများ ဟန်ကျတယ်လို့ ငါမကြားရဖူးပါလား "
" ကျတဲ့အခါလည်း ကျတာပေါ့လေ၊ ဒီလိုပဲ လှည့်လိုက် ပဲ့လိုက်နဲ့၊ နင်းလှိမ့်နေရတာပဲ "
သူနှင့် သူ့စားပွဲ ရဘြော် ပီတာဆင်းသည် သစ်တစ်ပင်အောက် ချက်ပလက်ကားပျက်ကြီးပေါ်တွင် နေထိုင် ရင်း ပွဲခရလာသော ရဲဘော်ပွဲစားများ၏ ပေးကမ်းကျွေးမွေးမှုကို မှီခိုအားထားနေရသည်။ ဘယ်သူကမှ အလုပ် မဖြစ်သောနေ့တွင် ဘိန်းမုန့်သည် အဒေါ်ကြီးထံမှ ဘိန်းမုန့်တစ်မတ်ဖိုး အကြွေးယူ၍ ရေအ၀သောက် ရသည်နှင့်ပင် ညစာကိစ္စပြီးရသည်။ ရေမိုးချိုးတော့ မြေနီကုန်းဈေးအတွင်းရှိ မြူနီစပယ် အိမ်သာ တွင် ရေချိုး ၁၅ ပြား၊ အီအီးပါ ၅ ပြား (ယခု အီးအီးတစ်ခါပါ ဆယ်ပြား ဖြစ်သွားပြီ)၊ အိမ်သာစောင့် နှင့်လည်း မျက်နှာနာ အောင် ပေါင်းထားရသည်။ တစ်ခါတစ်ရံ ဘိုင်ပြတ်လျှင် အကြွေး ရေချိုး၊ အကြွေး အီးအီးပါရသည်။ စုပေါင်း မှတ်ထား၊ နောက်မှ ပေါင်းယူစနစ်ကို ကျင့်သုံးရသည်။ ပီတာဆင်း က မက္ကင်းနစ်၊ စက်ကလေး ဘာလေး နား လည်ခြင်းကြောင့် ပီတာဆင်းကို သူလက်မလွှတ်ရဲ။ ပီတာဆင်း ကလည်း မြန်မာပြည်မှာမွေး အနှစ်လေးဆယ် ကျော်၊ ငါးဆယ်နီးပါး မြန်မာဆန် စား သော်လည်း မြန်မာစကားကို လေးလုံးကွဲအောင် မပြောတတ်ခြင်းကြောင့် နော်မန်ဒိုးကို အားကိုး နေရသည်။ တွဲဖက်က ညီလှသည်။

" ဟန်ကျတဲ့အခါလေးလည်း ပြောပါဦးကွ။ နားထောင်ရအောင် "
" ဟဲ ဟဲ လူတွေဟာ အရူးတွေပဲဆရာရေ ကျွန်တော်တို့က အရူးတွေနဲ့ အလုပ်လုပ်နေရတော့ ဟန်ကျရင် လည်း အရူး နဲ့ တွေ့လို့၊ ဟန်မကျရင်လည်း နောက်အရူးတစ်မျိုးနဲ့ တွေ့လိုသာ မှတ်လိုက်ပေတော့ ... "
" အလဲ့၊ တယ်ဆိုတဲ့ စာပါလားဟေ့ ပြောစမ်းပါဦးကွာ၊ အရူးအကြောင်း ... "
" ဒီလိုဆရာရေ၊ တစ်လောဆီက မောရစ် ကားလေးတစ်စီး အရောင်းအ၀ယ်ဖြစ်တယ်။ ၀ယ်သူဘက်က ပွဲစားမပါဘူး။ အဲဒါ ကျွန်တော်နဲ့ ပီတာနဲ့ သုံးရာကျော်စီလောက် ရလိုက်တယ် ... "
" တယ်ဟုတ်ပါလားကွ ... "
" ရောင်းတဲ့လူကလည်း ရေငတ်ဝမ်းကျဖြစ်နေတာ ကျွန်တော် သိရတယ် .... "

" ရောင်းပြီး သေသွားရောလား ... "
" ဟာ ဘယ်ကလာသေရမှာလဲ။ ရေငတ်ဝမ်းကျဆိုတာ ငွေပြင်းအထန်လိုနေတာ ပြောတာ။ ကားကလေးက သန့်တယ်၊ မောရစ်(စ်)မိုင်းနား၊ ဃ နံပါတ် အောက်ပိုင်းသန့်တယ်။ အင်ဂျင်၊ ဂီယာ၊ ကရောင်းအားလုံး ကောင်းတယ်။ ၀ိုင်ယာရင်းပဲ နဲနဲပြန်လိုက်ရမယ်။ ကုန်ဝယ်စာအုပ်ကလည်း ... "
" ကဲ တော်စမ်းပါ၊ မင်းကားလည်း ငါမ၀ယ်ပါဘူး။ ရူးပုံသာ ဆိုပါ "
" လာမယ်လေ ဖြည်းဖြည်းပေါ့။ အဲဒါ နှစ်ငါးအော်တယ်၊ နှစ်နှစ် နှစ်သုံး ဆစ်ရင် အသာလေးရတယ်။ ကျွန်တော် ထင်တယ်၊ နှစ်နဲ့တောင် လက်လွှတ်လိမ့်မယ်လို့ ... "
" အဲ့ဒီတော့ ... "

" ဘိုင်ယာက ဘော်ဇော။ သူက ဖယ်မလီယာကားနဲ့ လာတယ်။ ကားပေါ်မှာလည်း သူ့သမီးလေးပါတယ်၊ ဆယ်နှစ်ရွက်လောက်ရှိမယ်၊ တရုတ်ကပြားမလေးပါ ... "၊ အဲဒါ သူက ကားကို တစ်ပတ် မောင်းကြည့် ပါရစေတဲ့၊ ကျွန်တော်က ပီတာကို သူ့ကား စောင့်ခိုင်းထားပြီး သူနဲ့ကျွန်တော် ဦးဝိစာရ လမ်းဘက် မောင်း ထွက်ခဲ့တယ်။ အဲ ကလေးမလေးလည်း ပါတယ် ... "
" ပိုင်ရှင်ကကောကွာ ... "
" ပိုင်ရှင်က ကျွန်တော့် လွှဲထားတာပဲ၊ ဒီကား မြန်မြန်ထွက်မှ ဖြစ်မယ် ကိုဒိုး၊ ရောင်းမရရင် ပေါင်ပေးဗျာလို့ ပြောနေတာ၊ သူက လမ်းထိပ်မှာ လက်ဖက်ရည်သောက် ကျန်ရစ်တယ် ... "
" အနောက်မုခ်ရောက်တော့ ကားကို ပြန်ကွေ့ပြီး၊ " ခင်ဗျား အိမ်လိုက်ငွေယူလှည့်ပါ။ စာချုပ်လည်း တစ်ခါ တည်းချုပ်တဲ့၊ ကျွန်တော့်ကို လန့်ဖျပ်သွာ်းတာပဲ "
" မင်းက ဘာလို့ လန့်ရတာလဲ။ ပွဲခရမျာများ လန့်ရတယ်လို့ ... "

" ဟာ လန့်ရပါသော်ကော နှစ်ငါးအော်ထားတာ တစ်ခွန်းမှ မဆစ်ပဲနဲ့ တကယ်ဆို ဘိုင်ယာပဲ ကိုယ်ကြိုက်တဲ့ ဈေးပေးပေါ့။ အလျော့အတင်းဆိုတာ ရှိတာပဲ ... "
" မဆစ်ဘူး ...လ
" တစ်ပြားမှ မဆစ်ဘူး နှစ်သောင်းငါးထောင် ကက်ရှ်ကို ပေးသွားတာ .... "
" မင်းက မေးမကြည့်ဘူးလား ... "
" ဘာရမလဲ မေးချင်တာမှ အူထဲကို ယားနေတာပဲ။ ဒါပေမဲ့ မမေးရဲဘူး။ အားလုံး ကိစ္စ၀ိစ္စပြီးလို့ ငွေချေစာချုပ်ပြီးမှ မေးကြည့်ရဲတော့တယ် "
" အဲဒီတော့ ဘိုင်ယာက ဘာပြောသလဲ ... "
" အရူးပါလို့ဆိုနေမှ ဘာပြောရမလဲ၊ သူ့သမီးလေးက အဲဒီကားနောက်ဖုံးမှာ ရေးထားတဲ့ ပန်းပွင့်လေး နှစ်ပွင့် သိပ်ကြိုက်တယ်တဲ့၊ ဒက်ဒီရယ် အဲဒီပန်းပါင့်လေးနဲ့ကားကို ရအောင်ဝယ်ပေးပါဆိုလို့တဲ့၊ ထပ်သရီး ဒီပန်းပွင့် များလမ်းဘေးက ပန်းချီဆရာ သွားရေးခိုင်းရင် ဆယ်ငါးကျပ်ပဲ ပေးရမယ် "

ပုထုဇ္ဇနော ဥမ္မတကောဆိုသည် မဟုတ်တုံလော။ ဘိုင်ယာလည်း ဘာသားနဲ့ ထုထားတာမှတ်လို့။
" ဒါနဲ့များ ခုဘာလို့ ညည်းနေရတာလည်းကွာ "
" ဒါက ကြာပြီလေ။ သုံးလလောက်ရှိပြီ။ ခုဝက်ခမ်းပြီပေါ့၊ ၀က်ခန်းတာ အရေးမကြီးဘူးဆရာ ကျွန်တော်နဲ့ ပီတာ ဘုံပျောက်သွားတာ အရေးကြီးတယ် "
" ဘယ်လိုလဲကွ ဘုံပျောက်ရအောင်က ... "
" ကျွန်တော်တို့ အိမ်ရာလုပ်နေတဲ့ ကုက္ကိုပင်အောက်က ချက်ပလက်ကားကြီး သိတယ်မဟုတ်လား ... "
" သိတယ်လေ ... "

" အဲဒါ ဒီနေ့ညနေ မြို့ထဲကပြန်လာတော့ မရှိတော့ဘူး။ ဒီမှာဖြင့် ခြေတိုနေအောင် လမ်းလျှောက် လိုက်ရတာ တစ်စင်း နဲ့ အရောင်းအ၀ယ် မဖြစ်ရင် တစ်စင်းဖြစ်မလားလို့၊ ဖြစ်မယ့် ဖြစ်တော့ တခြား ပွဲစား က ကိုယ်အိပ် နေတဲ့ ကားစုတ်ကြီးမှ လာတွတ်သွားတယ်။ ပွဲခသုံးရာ ရသွားတယ်တဲ့ "
" ဘယ်သူက လာဝယ်သွားတာလဲ ... "
" အရူးလေး အခြားသော အရူးတစ်ကောင်ပေါ့ "
" ဟ ဘာလုပ်ဖို့လဲဟ ဒီကားကြီးကလည်း ဟောင်းလှပြီ"
" နံပါတ်ရှိတယ်လေ၊ ကုန်ဝယ်စာအုပ်ရှိတယ်လေ၊ ဆီစာအုပ်လုပ်ဘီးတပ်ပြီး ဓာတ်ဆီဆိုင်တွန်းသွား၊ တစ်နေ့ ၄ ဂါလံဆီ ထည့် ထုတ်ရောင်းမှာပေါ့၊ နာလိုက်တာ ဆရာရယ် ကိုယ့်ကျောအောက်က ကားမှ သူများ ရောင်းသွားတာ ခံလိုက်ရတယ်လို့ ... တောက် "

သောင်းပြောင်းထွေလာရယ်စရာ၊ မေ၊ ၁၉၈၂
.
>>>ဆက်ဖတ်ရန်>>> >>