ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၂၀)
သဌေးကား နို့စားကား
သဌေးကား နို့စားကား
" နို့စားကား တစ်စီးလောက် ၀ယ်ပါလား "
" ဘာလုပ်ဖို့လဲဗျ "
" ဘာလုပ်ရမလဲ နို့ညှစ်စားရတာပေါ့၊ တစ်လရှစ်ရာလောက်တော့ စီတယ်၊ အများဆုံးပေးရ နှစ်သောင်း ပေါ့၊ အိမ်မှာ အလုပ်မရှိတဲ့သား တတိယနှစ် ဆယ်တန်းသမားတစ်ယောက်ရှိရင် သူလဲမလုပ်ရတာပေါ့၊ တစ်နေ့ တစ်နေ့ ဓာတ်ဆီသွားတန်းစီရင်း စာလည်းကျက်နိုင်တယ် "
" တော်စမ်းပါဗျာ၊ ကျုပ်မှာ လူပိုလည်း မရှိပါဘူး "
" နေပါဦး၊ ခင်ဗျားက ဘယ်ကဘယ်လို ကျုပ်ဆီပေါက် လာရတာလဲ "
ကျွန်တော့် မိတ်ဆွေ ကားပွဲစား ကိုတုတ်ကြီးသည် ခရီးရောက်မဆိုက် ကျွန်တော့်အား ကားဝယ်ရန် ဆွယ်ပါ တော့သည်။ သူပြောသည့် နို့စားကားဆိုသည့် မောင်းဖြစ်ရုံမျှသာ ရှိသော ကားတစ်စီးကို နေ့စဉ် ဓာတ်ဆီ ထည့်၊ ဓာတ်ဆီထုတ်လျက် ဓာတ်ဆီရောင်းစားသော ကားစုတ်တစ်စီးကို ဆိုလိုခြင်းဖြစ်သည်။ အချို့သော ပုဂ္ဂိုလ်များဆိုလျှင် နို့စားကားသုံးလေးစီးပင် ၀ယ်ထားကြသည်။ အိမ်တွင် အလုပ်မရှိသည့် လူပို ရှိလျှင်ကိုက်သည်။ လူတစ်ကိုယ်ကားတစ်စီးပင် ငွေရှစ်ရာတော့ ကျိန်းသေသည်။
" သက်သက်လာတာပါပဲ၊ ဟိုတလောက ဆရာရေးလိုက်တဲ့ ကားပွဲစားအကြောင်း သောင်းပြောင်းထွေလာ မှာ ဖတ်ရလို့ပါ-ဆရာက ကားပွဲစားကို အတော်အထင်သေးပုံရတယ်၊ ဟဲ ... ဟဲ ... ဟဲ"
" အထင်မသေးလို့ အထင်ကြီးစရာကော ဘာများရှိသလဲ။ ခင်ဗျားတို့က မုတ်ဆိတ်ရိတ်ဓား၊ ဘလိတ်သွား တွေပဲ၊ ဟိုဘက်လည်းလှီး ဒီဘက်လည်း လှီး မဟုတ်ဘူးလား ... "
" ဒီလိုရှိတယ်ဆရာ၊ တရားသူကြီး ဆယ်ယောက် ရှေ့နေတစ်ယောက်တဲ့။ " ရှေကနေဆယ်ယောက် ပွဲစား တစ်ယောက်တဲ့ "
" ဆိုလိုတာက ... "
" တရားသူကြီး ဆယ်ယောက်မှာ ရှိရမည့် အရည်အချင်းမျိုးတွေကို ရှေ့နေတစ်ယောက်မှာရှိရမယ်၊ ဘယ် တရားသူကြီးကို ဘယ်လို လျှောက်လွှဲချက်ပေးနိုင်ရင် ရတယ်ဆိုတာမျိုးပေါ့ ... "
" အဲဒီတော့ ... "
" အဲဒီရှေကနေမျိုး ဆယ်ယောက်လောက်ရဲ့ အရည်အချင်းကို ပွဲစားတစ်ယောက်မှာ ရှိရမယ် ...။ အဲဒါမှ အောင်မြင်တဲ့ ပွဲစား တစ်ယောက် ဖြစ်နိုင်တယ်။ ဘိုင်ယာ/ဆဲလ်လာ (၀ယ်သူ/ရောင်းသူ)ရဲ့ အထာကို မြင်ကာမျှနဲ့ သိနိုင်ရမယ် "
" အမယ် ... တယ်ဆိုတဲ့ စာပါလား၊ ရဲဘော်တုတ်ကြီးရယ် "
" ကဲ ထားစမ်းပါ၊ ဆရာသမားကို ကားရောင်းဖို့ လာတာမဟုတ်ပါဘူး။ စာပေဆွေးနွေးဖို့ လာတာပါ "
ရဲဘော်တုတ်ကြီးသည် စာအုပ်အငှားဆိုင်မှ ရုပ်ပြဇာတ်လမ်းများကို စွဲစွဲမြဲမြဲဖတ်သူ ဖြစ်သည်။ သူကစာပေ ဆွေးနွေး ချင်ပါသည်ဟု ဆိုလာသည့်အခါ ကျွန်တော့်မှာ နောက်ဆုံးထုတ်ရုပ်ပြကို ဖတ်မထားမိ၍ အတော် တုန်လှုပ်သွားပါသည်။
" ဆရာရေးတဲ့အထဲမှာ ဘိုင်ယာ/ဆဲလ်လာတွေ အတော်များများဟာ အရူးတွေချည်းပဲဆိုတာကို သဘောကျလို့ ထောက်ခံဆွေးနွေးဖို့ လာခဲ့တာပဲ "
တော်ပါသေးသည်။ ကျွန်တော် ရေးသားချက်ကို ထောက်ခံဆွေးနွေးလိုသည်ဆိုတော့။ အကယ်၍သာ ကန့်ကွက်ဆွေးနွေးခဲ့လျှင် ကျွန်တော် အတော်အဖြေရကျပ်လိမ့်မည်။
" ခင်ဗျားက စာကောင်းပေမွန်တွေလည်း ဖတ်တတ်သားပဲ "
ကျွန်တော်က စာရေးရာတို့၏ ခပ်ပေါပေါဥာဉ်အတိုင်း ကိုယ်ရေးသားသည့်စာကို စာကောင်းပေမွန် စာရင်း တွင် ထည့်သွင်းထားပြီးဖြစ်သည်။
" လူတွေဟာ ဆရာထင်တာထက် ရူးတယ်ဆရာ၊ အဲဒါ ကျွန်တော့်ကိုယ်တွေ့လေး ပြောပြချင်လို့ ... "
ကျွန်တော် စိတ်ဝင်စားလာပါသည်။ ရဲဘော်တုတ်ကြီးမှာ ဘ၀စုံ၊ ဇာတ်လမ်းစုံလှသည်။ တစ်နေ့တွင် "လုပ် ချင်ရာလုပ် ... မောင်တုတ်ကြီး" ဟူသော ၀တ္ထုရှည်တစ်ပုဒ်ရေးရန်ပင် သူ့အားမင်းသိင်္ခနှင့် တွေ့ပေးသင့် သည် ထင်သည်။
" ဆိုစမ်းပါဦး ... ခင်ဗျား ဇာတ်လမ်းက ...
(ဤနေရာတွင် ကျွန်တော် ကြားဝင်ခံနေလျှင် စာဖတ်သူများ မျက်စိနောက်မှာစိုးသည့်အတွက် မောင်တုတ် ကြီး၏ဇာတ်လမ်းကို မောင်တုတ်ကြီးပင် အဓိကထားကာ သယ်ဆောင်သွားပါမည်။ ကျွန်တော်က ဘေးထွက် နေပါမည်။ စာရေးသူ)
*
တစ်နံနက်ခင်းလုံး မောင်တုတ်ကြီး ဆာလောင်နေသည်။
နံနက်ခင်းက မုတ်ဆိတ်လက်ဖက်ရည်ဆိုင်တွင် ကားပွဲစားတစ်ယောက် ဒါနပြု၍ တိုက်လိုက်သော လက်ဖက်ရည်တစ်ခွက်မှလွဲ၍ ဘာမျှ ၀မ်းတွင်းတွင်မရှိ။ အိတ်တွင်းမျာလည်း အိမ်ပြန်ကားစရိတ်သာသာ သာလျှင်ရှိသည်။ ထို့ကြောင့် မဟာဗန္ဓုလလမ်းတစ်လျှောက် အနောက်မှ အရှေ့သို့ ၀ဲဘက် ပလက်ဖောင်း အနီး ကပ်၍ လျှောက်လာရာ နောက်မှ ကားဟွန်းပေးသံကို သူ မကြားမိခြင်းဖြစ်သည်။ ကားတစ်စီးမျှ အရောင်း အ၀ယ် မဖြစ်သည်မှာလည်း နှစ်လကျော်သုံးလနီးပါးရှီပြီး။
" တီ ... တီ ... ဟေ့လူဘာများ ဒါလောက်တွေးလျှောက်နေရတာလဲ။ ကားဟွန်းတီးခေါ်နေတာတောင် လှည့်ကြည့်ဖော်မရဘူး "
အသံကြား၍ နောက်သို့လှည့်ကြည့်မိတော့မှ သူဌေးကို သူဌေးကားတစ်စီးပေါ်တွင် တွေ့ရသည်။ ဖြည်းဖြည်း။ လှိမ့်မောင်းပြီး ဘေးထိုးရပ်လိုက်သည်။
" ဟာ ... သူဌေးပါလား ... တွေ့ရတာဝမ်းသာပါတယ်ဗျာ "
ရဲဘော်တုတ်ကြီးက ၀မ်းမြောက်စွာ ရိုကျိုးစွာပြောလျှင် ရပ်သွားသော ကားအနီးပြေးသွားကာ တံခါးဖွင့် ပေး လိုက်သည်။
သို့သော် သူဌေးက သူဌေးကားပေါ်မှမဆင်း။ ဤနေရာတွင် ရဲဘော်တုတ်ကြီးတို့လို ပွဲစားများအခေါ် သူဌေး ကားဟူသည်မှာ နောက်ဆုံးပေါ် သင်္ဘောသားကား၊ သုံးချိတ် သို့မဟုတ် လေးချိတ်ကားကို နောက်ပိုင်း မှ အမိုးသော်လည်းကောင်း။ ထိုင်ခုံသော်လည်းကောင်း၊ မတပ်ပဲ ပက်လက် ဟောင်းလောင်း အတိုင်း စီးခြင်းကို ခေါ်သည်။
အထွေထွေနံပါတ်ဖြစ်လျှင် ပိုကောင်းသည်။ အမိုး၊ ထိုင်ခုံ မတပ်ရ၊ သမီးပျိုသားပျိုရှိလျှင် နောက်ပက်လက် ထဲတွင် သင်ဖြူးခင်း၍ နေပူခံစီးစေလျှင် ပိုမိုဂိုက်ကျသည်။
" တစ်ငါးပေးတာတောင် မရောင်းဘူးတဲ့" ဟူသော လေသံများက ထွက်လာသည်။ အမိုး၊ ထိုင်ခုံတပ်လိုက် လျှင် လူစီးကား လုပ်ငန်းကားပုံပေါက်သါား၍ လူသိပ်မကြည့်တော့။ စီးသူ၏သိက္ခာ ကျသွားသည်။
ထို့ကြောင့် တိုယိုတာ ကိုရိုလာကားကို ရိုဒေါင်တွင် ထိုးထား၍ သင်္ဘောသား ပက်လက်ကားကို လိုက်ရှာနေ ကြသူတွေ များလာသည်။ ဆလွန်းကားပေါ်တွင် ယပ်တောင်ခတ်၍ လေအေးစက်ဖွင့်၍စီးသောခေတ် ကုန်ပြီ။ ပက်လက်ကားပေါ်တွင် မိုးရွာအစို။ နေပူအခြောက် စီးသောကားခေတ် ဖြစ်သည်။
" မဆင်းတော့ဘူးဗျာ အိုပဲလ် ကာရာဗင်" တစ်စီးလောက်ရနိုင်မလား ... " ဟု သူဌေးက မေးသည်။
ကိုတုတ်ကြီးမှာ အံ့သြလွန်း၍ မျက်ခုံးများပင် ပင့်သွားရသည်။
" အိုပဲလ် ကာရာဇင်ဟုတ်လား "
" ဟုတ်တယ် သူဌေးက မာလ်ဘိုရိုစီးကရ်တစ်လိပ်ကို မီးညှိရင်းပြောသည်။
အိုပဲလ် ကာရာဗင်ဟူသည်မှာ ခေတ်ကုန်နေပြီဖြစ်သော ကားဟောင်းဖြစ်သည် နို့ညှစ်ရန်ကလွဲ၍ သုံးမရ။ ဤသူဌေးအား နို့ညှစ်ဖို့လား မေးရမှာလည်းမသင့်။ သူဌေးပုသွားသော် မခက်လော။ သို့သော် " ဘာလုပ် ဖို့လဲ " ဟူ၍တော့ နှုတ်မှ ထွက်သွားမိသည်။ မေးခွန်းထွက်သွားပြီးမှ သူမှားသွားပြီဟု ကြီးစွာနောင် တ ရမိတော့သည်။
သို့သော် ရဲဘော် တုတ်ကြီးတို့ ကံထလာပြီလား မပြောတတ်။ သူဌေးက ယနေ့မှ အထူးစိတ်ရှည် လက်ရှည် သဘောကောင်းနေသည်။
" ဒီလိုဗျ၊ ညက ကျုပ်မိန်းမ အိပ်မက်မက်တယ်တဲ့ဗျ၊ သူက အိုပဲလ်ကာရာဗင် ကားတစ်စီးပေါ်မှာ ၀တ်ကောင်း စားလှတွေဝတ်လို့ စိန်နားကပ်ကြီး ပန်လို့တဲ့၊ လူတွေကလည်း သူ့ကိုဝိုင်းကြည့်နေကြတယ်တဲ့ ဗျ၊ အဲဒါ မို့ လည်း မိုးလင်းရော ကျွန်တော့်ကို အိုပဲလ်ကာရာဗင် ရှာခိုင်းတော့တာပဲဗျို့"
" မိပြီ" ရဲဘော်တုတ်ကြီး ပါးစပ်မှ ထွက်မသွားစေရန် မနည်းကြီး သတိထားလိုက်ရသည်။ ကားပွဲစားတို့သည် ဤသို့သော ဘိုင်ယာများကို ခြေတိုအောင် ရှာရသည်မဟုတ်လား။ တစ်ဖန် သူ့သူဌေးဆိုသူအကြောင်းကို သူသိသည်။ သူဌေးကြိုက်ပြီဆိုလျှင် တစ်ပြားမှမဆစ်၊ အိမ်လာဖို့ချက်ချင်း ငွေချေ ၀ယ်သူဖြစ်သည်။ သူ့အိမ် မှာ ငွေစက္ကူရာတန်များကို ဆာလာအိတ်နှင့် ထားရသူဖြစ်သည်။
" ရတာပေါ့သူဌေးရာ၊ ကားလက်ရင်လေးခွဲငါးလောက်တော့ ပေးရမယ် ထင်တယ် "
" ပေးသင့် ပေးရတာပေါ့ဗျာ။ ကဲခပ်မြန်မြန်ရှာဗျာ။ ရရင် ကျွန်တော့်ခြံထဲလာပြလှည့်၊ ကြိုက်ရင် တစ်ခါတည်း ငွေချေမယ်။ ကဲ သွားမယ် "
သူဌေး ကားမောင်းထွက်သွားသည်။ ရဲဘော်တုတ်ကြီးသည် မိနစ်မဆိုင်းဘဲ သင်္ဃန်းကျွန်းဘက်သွားမည့် ဘတ်စ်ကား နှင့် ခြေနင်းပေါ်တွင် တိုးဝှေ့ရပ်ရင်း လိုက်ပါသွားတော့သည်။ ရဲဘော်တုတ်ကြီးတို့လို ကားပွဲစား များ၏ ဦးခေါင်းသည် ကွန်ပျူတာဦးခေါင်းဖြစ်သည်။ ရောင်းကားများကို အစီအစဉ်လိုက် ပရိုဂရမ် လုပ်၍ သွင်းထားသည်။ အိုပဲလ်ကာရာဗင်ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကွန်ပျူတာ ခလုတ်နှိပ်ရသည်ကမှ ကြာဦးမည်၊ ရဲဘော်တုတ်ကြီး၏ ဦးနှောက်မှ အငြိမ်းစားအရာရှိကြီး ဦးသက်မောင်၊ ... လမ်း၊ သင်္ဃန်းကျွန်း ဟုအဖြေထွက်လာပြီးဖြစ်သည်။
သင်္ဃန်းကျွန်းသို့ရောက်သည်နှင့် အငြိမ်းစားအရာရှိကြီး ဦးသက်မောင်တို့ အိမ်ဘက်ဆီသို့ လျှောက် လာရင်း စဉ်းစားသည်။ အဘိုးကြီး အတော်ဘိုင်ကျနေပြီကို သူသိသည်။ (သူ့ဇနီးက ရန်ကုန်မြို့လှည့် ဖဲရိုက် သည်၊ လေးကောင်ဂျင် ကစားသည်။ အဘိုးကြီးနှင့် အမြဲလို တကျက်ကျက်၊ အဘွားကြီး ဂျင်ရှုံးထားလျှင် ပိုအဆင် ပြေမည်။ လက်ကိုင်ငွေလိုနေပြီ)။
ဦးသက်မောင် ကို အဆင်သင့်ပင် အိမ်ရှေ့ဆင်ဝင်အောက်၌ တွေ့ရသည်။ ကားကလည်း ရပ်ထားသည်။ ကားကို ပွတ်တိုက်နေသလား။ ပြုပြင်နေသလားမသိ။ တစ်စုံတစ်ခု ပြုလုပ်နေသည်။ ဦးသက်မောင်ဇနီးက အိမ်အပေါ်ထပ် ပြတင်းပေါက်မှ လှမ်းကြည့်ကာ စူပွ စူပွ ပြောနေသည်။
" နေကောင်းရဲ့လား "
ဦးသက်မောင်သည် ခိုးထုပ် ခိုးထည်နှင့်မိသော သူတစ်ဦးအလား လန့်ဖျပ်ဟန်ရသွားပြီးမှ ဣနြေ္ဒဆည်ကာ ...
" ဟ ရဲဘော်တုတ်ကြီးပါလား။ မင်းဥစ္စာ အလန့်တကြားနဲ့ ဘယ်ကလှည့်လာတာလဲ" မေးလိုက်သည်။ သူ့ လက်ထဲတွင် ကျောကုပ်သည့် လက်ဝါးပုံ ၀ါးကလေးတစ်ချောင်း ကိုင်ထားသည်။ အဖိုးကြီး ကျောယားလို့ ကုပ်နေတယ် ထင်ပဟု ရဲဘော်တုတ်ကြီးက တွေးလိုက်၏။
" ဆရာ့ကား မရောင်းသေးဘူးလား။ ခု ကားဈေးတွေ တက်နေတုန်း ရောင်းလိုက်ရင် ကောင်းမယ်နော်။ ဒီလိုကားမျိုးတွေကို နို့ညှစ်တဲ့ လူတွေလိုက်ဝယ်နေတာ "
" ဟေ ဟုတ်လား။ မင်းတကယ်ပြောတာလား "
" တကယ်ပေါ့ ဆရာ "
" တကယ်မဟုတ်ဘူး၊ နှစ်ကယ်လည်းရောင်းမယ်။ ရဲဘော်တုတ်ကြီးရေ " ဤသည်မှာ အိမ်ပေါ်ထပ်မှာ အဘွားကြီးလှမ်းပြောလိုက်ခြင်းဖြစ်သည်။ တကတည်း သူရတဲ့ ပင်စင်ကလေးကို လူစားရတယ် မရှိပါဘူး။ တစ်နေ့လာ သူ့ကားချည်း ထည့်နေရတာပဲ။ အဲဒီကားကမှ တကယ့်ကို အငြိမ်းစားကားပဲ၊ ဒီနေ့ထွက် ဒီနေ့ ရောင်းမယ်။ ရသလောက်နဲ့ ရောင်းမယ်"
အဘိုးကြီးက မကျေမနပ်နှင့် အိမ်ပေါ်ထပ် လှည့်ကြည့်သည်။
" ဆရာ ဘယ်လောက်ခေါ်သလဲ၊ ကားကတော့ အတော်သ ထားတာပဲ။ ဆေးရောင်ကူရှင်တွေရော အသစ် ပါပဲလား "
" အေးကွာ၊ ငါလည်းရောင်း၇မလားလို့ စိတ်ကူးနေတယ်။ ငါးခွဲခြောက်လောက်ဆိုရင်တော့ ရောင်း မယ်ဟေ့ မောင်တုတ်ကြီး "
" တယ် ဒီမိန်းမ စိန်ဝယ်ရာ ဆေးရိုးသည်က ၀င်ရှုပ်ပြန်ပြီ။ ကဲကွာ ငါးရရင် ရောင်းမယ်၊ ဒါနောက်ဆုံး ဈေး ပဲ၊ ငါးရရင် ပွဲခအပြင် မင်းကို မုန့်ဖိုးအပိုပေးဦးမယ် "
" ဆရာ တကယ်နော် ... "
" တကယ်ပေါ့ကွ၊ ငါ ဘယ်တုန်းက မဟုတ်တာပြောဖူးလို့လဲ "
" ဆရာ၊ ဒါ့ကြောင့် မကြီးပွားတာ ခု မောင်းလို့ရတယ်နော်။ ကဲ ကားပေါ်တက် သွားကြစို့ "
" နေဦးကွ၊ ဘက်ထရီက ဆိုင်မှာ အားသွင်းထားသေးတယ်။ ကောင်းကောင်း ချာဂျင်မ၀င်လို့ကွ၊ ညနေဆို ရပါတယ် "
မင်းညနေ တစ်ခေါက် နြပ်လှည့်ခဲ့ကွာ။
" ဟာ ဆရာဟာကလည်း ဒုက္ခပါပဲ။ ညနေသုံးနာရီလောက် ကျွန်တော် တစ်ခေါက်လာခဲ့မယ်။ အသင့်သာ လုပ်ထား။ ဟုတ်လား။ အရောင်းအ၀ယ်ဖြစ်ရင် ချက်ချင်းဖြစ်မှာ၊ လိုင်စင်စာအုပ်၊ ဆီစာအုပ်၊ ကုန်ဝယ်စာ အုပ် တွေလည်း အသင့်ယူလာခဲ့။ ဒါထက် ကျွန်တော်အခု ဘာမှမစားရသေးဘူး။ ဆရာ ငါးကျပ်လောက် တော့ ပေးလိုက်ပါဦး "
" ချီးမှပဲ၊ မင်းနဲ့တွေ့လိုက်ရ မထွက်တဲ့အခါကို မရှိဘူး။ ရော့လေးကျပ်ပဲ ရှိတယ် ယူသွား။ ညနေလေးနာရီ ပြန် လာကွာ ငါစောင့်နေမယ် "
ညနေတွင် အရောင်းအ၀ယ်ဖြစ်သည်။ သူဌေးက ငါးသောင်းနှင့် ၀ယ်လိုက်သည်။ ရဲဘော်ကြီးတုတ်ကြီးမှာ ပွဲခ အပြင် ငွေသုံးရာကျပ်ကို အပိုမုန့်ဖိုးအဖြစ် ရရှိလိုက်သေးသည်။ ထိုနေ့ညနေတွင် ရဲဘော်တုတ်ကြီးနေ အိမ်၌ စိုပြည်သော ၀ိုင်းကလေးတစ်ဝိုင်းဖြစ်သွားသည်။ ရဲဘော်တုတ်ကြီး၏ ဇနီးကလည်း တပြုံးပြုံး။ လွန်ခဲ့ သောသုံးလအတွင်း ပထမဆုံးတွေ့ရသော အပြုံးဖြစ်သည်။
" ခင်ဗျား ဇာတ်လမ်းက ဒါပဲလား "
ကျွန်တော်က သိပ်မထူးလှသည့် ဟန်ဖြင့်မေးလိုက်သည်။
" ဒါလောက်နဲ့ ဘယ်မှာ ဇာတ်လမ်းလို့ခေါ်မှာလဲဆရာ။ ဟဲ ဟဲ ဟဲ၊ ထူးဆန်းတာကလေးကလည်း ရှိပါသေး တယ်"
" အဲဒီကားဝယ်သါားတဲ့ သူဌေးလေ ကားဝယ်သါားပြီး နောက်တစ်ပတ်လောက်အကြာ ညကြီးမင်းကြီး ကျွန်တော့် အိမ်ပေါက်လာတယ် "
" ဘာလဲ။ ကားမှောက်လို့ သူ့မိန်းမသေသွားပြီတဲ့လား"
" ဟာ ကျွန်တော်လည်း အစကဒီလိုထင်လို့ အိမ်ထဲဝင်ပုန်းနေသေးတယ်။ နောက်မှ အဲဒီကားကို သူ့ထက် ရူးတဲ့ လူတစ်ယောက်က တစ်သောင်းအမြတ်ပေးပြီး သူ့ဆီကတဆင့် ၀ယ်သါားပြီတဲ့။ အဲဒါကျေးဇူး တင်လို့ ငွေသုံးရာထပ်လာပေးသွားသေးတယ်။ ဟိ ဟီး "။
သောင်းပြောင်းထွေလာရယ်စရာ၊ ဒီဇင်ဘာ၊ ၁၉၈၂
===========================ပြီးပါပြီ
.
No comments:
Post a Comment