ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၁၉)
ခြေသလုံးအိမ်တိုင် အိမ်ပျောက်ခြင်း
ခြေသလုံးအိမ်တိုင် အိမ်ပျောက်ခြင်း
သူ့ကိုမတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ တွေ့ပြန်တော့လည်း မည်သို့မျှ အသွင်အပြင် မပြောင်းမလွဲ။ အနည်းငယ် ရင့်ရော်၍ အနည်းငယ် ပိုနွမ်းပါးပုံပေါက်ခြင်းသာ ထူးခြားသည်။ သူသည် အချိန်ကာလ မည်မျှ ပြောင်းသော်လည်း အမြဲတမ်း ဘိုင်ကျနေခြင်းကို ဒိုင်ခံယူထားသည့်အလား အလုပ်အကိုင် အပေါက်အလမ်း မတည့်သည်က အစချီစကား ပြောတတ်သည်။ အလုပ်က ပွဲစား၊ ကားပွဲစား၊ အိမ်မြေ ခြံပွဲစား၊ အမှုပွဲစား။
ဆယ်ခါရံမှတစ်ခါ၊ အခါတစ်ရာမှတစ်ခါဆိုသလို ပွဲခလေးကို ဟိုဘက်ဒီဘက်ပွဲစားများနှင့် ခွဲဝေ ရလာပြီ ဆိုလျှင် ဆင်ကြယ်ဖိနပ်တစ်ရံကတော့ အမြန်ဝယ်ရသည်။ ဆင်ကြယ်ဖိနပ်တစ်ရံကို သည်းကြိုး သုံးခါ လဲတပ်၍ အမြီးတိုပါးနေလောက်မှ သူပွဲခ ရတတ်သည်။ အဲသည်အခါမျိုးဆိုလျှင် ကျား မသန်းဌေး မသောက် တော့ဘဲ ဒူးယားကို ဘူးလိုက်ဝယ်၍ အိတ်ထဲထည့်ထားလေ့ရှိသည်။ သည့်အခါမျိုးတွင် ကျွန်တော့် ဆီ မလာတတ်။ လာလေ့မရှိ၊ ဘိုင်အကြီးအကျယ် တွန့်၍ ရပေါက်ရလမ်း ဘယ်ကမှမရှိတော့ သော အချိန်တွင်မှ သူကျွန်တော့်ဆီ လာလေ့ရှိသည်။
ယခုလည်း သူပေါက်လာပြန်ပြီ။
" ဘယ်လိုလဲ နော်မန်ဒိုး၊ ကားပွဲစား လောကကြီး ဘယ်လိုနေသလဲ" သူ့နာမည်ရင်းက ဒိုး၊ မစ္စတာဒိုး၊ အပြည့်အစုံ ဆိုရသော် နော်မန် စပင်ဆာဒိုး။ မွေးဇာတိကံ မကောင်းချင်တော့ သူ့မှာ ကပြားသွေးက ပါနေ သည်။ သူ့အနီးစပ်ဆုံးဆွေမျိုးများသည် သြစတေလျပြည် ပါသ်မြို့၌ ဘူးသီးကြော်ရောင်း၍ ကောင်းစားနေ ကြသည်။ အဝေးစပ်ဆုံး ဆွေမျိုးအချို့မှာ သင်္ဃန်းကျွန်း၌ ရှိသည်။ မုန့်လက်ကောက်ရောင်းသည်။ သူသာ လျှင် တေပေကာ ပွဲစားကြီးမဖြစ်လျှင် သြစတေးလျသို့ ငါမသွားပြီဟု သန္နိဋ္ဌာန် အခိုင်အမာပြုကာ မြေနီကုန်း ကြက်တန်းတစ်ဝိုက်၌ သူ့လိုသူ ကပြားတစ်ဦးကို အဖော်ပြုကာ ဘယ်လိုမှ ရောင်းမရသော ကားပျက်ကြီး တစ်စီးပေါ်၌ နေကြသည်။
ကားပျက်ကြီးမှာ ချက်ပလက်ကားပျက်ကြီးဖြစ်၍ အောက်ပိုင်းမှာ ဘီးများ ဖြုတ် ထားကာ တုံးခံထားသည်။
ဤသည်မှာ သူတို့အိပ်ရာ၊ သူတို့၏ သီရိဂေဟာ။ အင်္ဂလိပ်စကားကို အတန်အသင့် ပြောနိုင်သည်။ အတန် အသင့် ဆိုရာ၌ ယနေ့ ဘွဲ့ရများထက်တော့ ရေလည်သည်။ မြန်မာစကားကို လူတစ်ယောက်ကျလောက် အောင် ပြောနိုင်သည်။ လျှာသွက်၊ အာသွက်၊ လူပုံသွက်၊ ခက်တာက ကုသိုလ်ကံက မသွက်။
" ကားပွဲစားလောက ကတော့ မစားသာပါဘူး ... ဆရာသမားရယ် ဟန်ကမကျပါဘူး " သူက ထုံးစံ အတိုင်း ညည်းလိုက်သည်။
" မင်းဟာ ဘယ်တုန်းကများ ဟန်ကျတယ်လို့ ငါမကြားရဖူးပါလား "
" ကျတဲ့အခါလည်း ကျတာပေါ့လေ၊ ဒီလိုပဲ လှည့်လိုက် ပဲ့လိုက်နဲ့၊ နင်းလှိမ့်နေရတာပဲ "
သူနှင့် သူ့စားပွဲ ရဘြော် ပီတာဆင်းသည် သစ်တစ်ပင်အောက် ချက်ပလက်ကားပျက်ကြီးပေါ်တွင် နေထိုင် ရင်း ပွဲခရလာသော ရဲဘော်ပွဲစားများ၏ ပေးကမ်းကျွေးမွေးမှုကို မှီခိုအားထားနေရသည်။ ဘယ်သူကမှ အလုပ် မဖြစ်သောနေ့တွင် ဘိန်းမုန့်သည် အဒေါ်ကြီးထံမှ ဘိန်းမုန့်တစ်မတ်ဖိုး အကြွေးယူ၍ ရေအ၀သောက် ရသည်နှင့်ပင် ညစာကိစ္စပြီးရသည်။ ရေမိုးချိုးတော့ မြေနီကုန်းဈေးအတွင်းရှိ မြူနီစပယ် အိမ်သာ တွင် ရေချိုး ၁၅ ပြား၊ အီအီးပါ ၅ ပြား (ယခု အီးအီးတစ်ခါပါ ဆယ်ပြား ဖြစ်သွားပြီ)၊ အိမ်သာစောင့် နှင့်လည်း မျက်နှာနာ အောင် ပေါင်းထားရသည်။ တစ်ခါတစ်ရံ ဘိုင်ပြတ်လျှင် အကြွေး ရေချိုး၊ အကြွေး အီးအီးပါရသည်။ စုပေါင်း မှတ်ထား၊ နောက်မှ ပေါင်းယူစနစ်ကို ကျင့်သုံးရသည်။ ပီတာဆင်း က မက္ကင်းနစ်၊ စက်ကလေး ဘာလေး နား လည်ခြင်းကြောင့် ပီတာဆင်းကို သူလက်မလွှတ်ရဲ။ ပီတာဆင်း ကလည်း မြန်မာပြည်မှာမွေး အနှစ်လေးဆယ် ကျော်၊ ငါးဆယ်နီးပါး မြန်မာဆန် စား သော်လည်း မြန်မာစကားကို လေးလုံးကွဲအောင် မပြောတတ်ခြင်းကြောင့် နော်မန်ဒိုးကို အားကိုး နေရသည်။ တွဲဖက်က ညီလှသည်။
" ဟန်ကျတဲ့အခါလေးလည်း ပြောပါဦးကွ။ နားထောင်ရအောင် "
" ဟဲ ဟဲ လူတွေဟာ အရူးတွေပဲဆရာရေ ကျွန်တော်တို့က အရူးတွေနဲ့ အလုပ်လုပ်နေရတော့ ဟန်ကျရင် လည်း အရူး နဲ့ တွေ့လို့၊ ဟန်မကျရင်လည်း နောက်အရူးတစ်မျိုးနဲ့ တွေ့လိုသာ မှတ်လိုက်ပေတော့ ... "
" အလဲ့၊ တယ်ဆိုတဲ့ စာပါလားဟေ့ ပြောစမ်းပါဦးကွာ၊ အရူးအကြောင်း ... "
" ဒီလိုဆရာရေ၊ တစ်လောဆီက မောရစ် ကားလေးတစ်စီး အရောင်းအ၀ယ်ဖြစ်တယ်။ ၀ယ်သူဘက်က ပွဲစားမပါဘူး။ အဲဒါ ကျွန်တော်နဲ့ ပီတာနဲ့ သုံးရာကျော်စီလောက် ရလိုက်တယ် ... "
" တယ်ဟုတ်ပါလားကွ ... "
" ရောင်းတဲ့လူကလည်း ရေငတ်ဝမ်းကျဖြစ်နေတာ ကျွန်တော် သိရတယ် .... "
" ရောင်းပြီး သေသွားရောလား ... "
" ဟာ ဘယ်ကလာသေရမှာလဲ။ ရေငတ်ဝမ်းကျဆိုတာ ငွေပြင်းအထန်လိုနေတာ ပြောတာ။ ကားကလေးက သန့်တယ်၊ မောရစ်(စ်)မိုင်းနား၊ ဃ နံပါတ် အောက်ပိုင်းသန့်တယ်။ အင်ဂျင်၊ ဂီယာ၊ ကရောင်းအားလုံး ကောင်းတယ်။ ၀ိုင်ယာရင်းပဲ နဲနဲပြန်လိုက်ရမယ်။ ကုန်ဝယ်စာအုပ်ကလည်း ... "
" ကဲ တော်စမ်းပါ၊ မင်းကားလည်း ငါမ၀ယ်ပါဘူး။ ရူးပုံသာ ဆိုပါ "
" လာမယ်လေ ဖြည်းဖြည်းပေါ့။ အဲဒါ နှစ်ငါးအော်တယ်၊ နှစ်နှစ် နှစ်သုံး ဆစ်ရင် အသာလေးရတယ်။ ကျွန်တော် ထင်တယ်၊ နှစ်နဲ့တောင် လက်လွှတ်လိမ့်မယ်လို့ ... "
" အဲ့ဒီတော့ ... "
" ဘိုင်ယာက ဘော်ဇော။ သူက ဖယ်မလီယာကားနဲ့ လာတယ်။ ကားပေါ်မှာလည်း သူ့သမီးလေးပါတယ်၊ ဆယ်နှစ်ရွက်လောက်ရှိမယ်၊ တရုတ်ကပြားမလေးပါ ... "၊ အဲဒါ သူက ကားကို တစ်ပတ် မောင်းကြည့် ပါရစေတဲ့၊ ကျွန်တော်က ပီတာကို သူ့ကား စောင့်ခိုင်းထားပြီး သူနဲ့ကျွန်တော် ဦးဝိစာရ လမ်းဘက် မောင်း ထွက်ခဲ့တယ်။ အဲ ကလေးမလေးလည်း ပါတယ် ... "
" ပိုင်ရှင်ကကောကွာ ... "
" ပိုင်ရှင်က ကျွန်တော့် လွှဲထားတာပဲ၊ ဒီကား မြန်မြန်ထွက်မှ ဖြစ်မယ် ကိုဒိုး၊ ရောင်းမရရင် ပေါင်ပေးဗျာလို့ ပြောနေတာ၊ သူက လမ်းထိပ်မှာ လက်ဖက်ရည်သောက် ကျန်ရစ်တယ် ... "
" အနောက်မုခ်ရောက်တော့ ကားကို ပြန်ကွေ့ပြီး၊ " ခင်ဗျား အိမ်လိုက်ငွေယူလှည့်ပါ။ စာချုပ်လည်း တစ်ခါ တည်းချုပ်တဲ့၊ ကျွန်တော့်ကို လန့်ဖျပ်သွာ်းတာပဲ "
" မင်းက ဘာလို့ လန့်ရတာလဲ။ ပွဲခရမျာများ လန့်ရတယ်လို့ ... "
" ဟာ လန့်ရပါသော်ကော နှစ်ငါးအော်ထားတာ တစ်ခွန်းမှ မဆစ်ပဲနဲ့ တကယ်ဆို ဘိုင်ယာပဲ ကိုယ်ကြိုက်တဲ့ ဈေးပေးပေါ့။ အလျော့အတင်းဆိုတာ ရှိတာပဲ ... "
" မဆစ်ဘူး ...လ
" တစ်ပြားမှ မဆစ်ဘူး နှစ်သောင်းငါးထောင် ကက်ရှ်ကို ပေးသွားတာ .... "
" မင်းက မေးမကြည့်ဘူးလား ... "
" ဘာရမလဲ မေးချင်တာမှ အူထဲကို ယားနေတာပဲ။ ဒါပေမဲ့ မမေးရဲဘူး။ အားလုံး ကိစ္စ၀ိစ္စပြီးလို့ ငွေချေစာချုပ်ပြီးမှ မေးကြည့်ရဲတော့တယ် "
" အဲဒီတော့ ဘိုင်ယာက ဘာပြောသလဲ ... "
" အရူးပါလို့ဆိုနေမှ ဘာပြောရမလဲ၊ သူ့သမီးလေးက အဲဒီကားနောက်ဖုံးမှာ ရေးထားတဲ့ ပန်းပွင့်လေး နှစ်ပွင့် သိပ်ကြိုက်တယ်တဲ့၊ ဒက်ဒီရယ် အဲဒီပန်းပါင့်လေးနဲ့ကားကို ရအောင်ဝယ်ပေးပါဆိုလို့တဲ့၊ ထပ်သရီး ဒီပန်းပွင့် များလမ်းဘေးက ပန်းချီဆရာ သွားရေးခိုင်းရင် ဆယ်ငါးကျပ်ပဲ ပေးရမယ် "
ပုထုဇ္ဇနော ဥမ္မတကောဆိုသည် မဟုတ်တုံလော။ ဘိုင်ယာလည်း ဘာသားနဲ့ ထုထားတာမှတ်လို့။
" ဒါနဲ့များ ခုဘာလို့ ညည်းနေရတာလည်းကွာ "
" ဒါက ကြာပြီလေ။ သုံးလလောက်ရှိပြီ။ ခုဝက်ခမ်းပြီပေါ့၊ ၀က်ခန်းတာ အရေးမကြီးဘူးဆရာ ကျွန်တော်နဲ့ ပီတာ ဘုံပျောက်သွားတာ အရေးကြီးတယ် "
" ဘယ်လိုလဲကွ ဘုံပျောက်ရအောင်က ... "
" ကျွန်တော်တို့ အိမ်ရာလုပ်နေတဲ့ ကုက္ကိုပင်အောက်က ချက်ပလက်ကားကြီး သိတယ်မဟုတ်လား ... "
" သိတယ်လေ ... "
" အဲဒါ ဒီနေ့ညနေ မြို့ထဲကပြန်လာတော့ မရှိတော့ဘူး။ ဒီမှာဖြင့် ခြေတိုနေအောင် လမ်းလျှောက် လိုက်ရတာ တစ်စင်း နဲ့ အရောင်းအ၀ယ် မဖြစ်ရင် တစ်စင်းဖြစ်မလားလို့၊ ဖြစ်မယ့် ဖြစ်တော့ တခြား ပွဲစား က ကိုယ်အိပ် နေတဲ့ ကားစုတ်ကြီးမှ လာတွတ်သွားတယ်။ ပွဲခသုံးရာ ရသွားတယ်တဲ့ "
" ဘယ်သူက လာဝယ်သွားတာလဲ ... "
" အရူးလေး အခြားသော အရူးတစ်ကောင်ပေါ့ "
" ဟ ဘာလုပ်ဖို့လဲဟ ဒီကားကြီးကလည်း ဟောင်းလှပြီ"
" နံပါတ်ရှိတယ်လေ၊ ကုန်ဝယ်စာအုပ်ရှိတယ်လေ၊ ဆီစာအုပ်လုပ်ဘီးတပ်ပြီး ဓာတ်ဆီဆိုင်တွန်းသွား၊ တစ်နေ့ ၄ ဂါလံဆီ ထည့် ထုတ်ရောင်းမှာပေါ့၊ နာလိုက်တာ ဆရာရယ် ကိုယ့်ကျောအောက်က ကားမှ သူများ ရောင်းသွားတာ ခံလိုက်ရတယ်လို့ ... တောက် "
သောင်းပြောင်းထွေလာရယ်စရာ၊ မေ၊ ၁၉၈၂
.
No comments:
Post a Comment