Tuesday, October 4, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၂၇)

(၃၇)

မိမိကိုယ်ပေါ်တွင် တိရစ္ဆာန်သားရေ မဟုတ်ဘဲ ရက်လုပ်ထားသော အထည်ကို ၀တ်ထားမှန်း စင်တိန် ဦးစွာ သိလာသည်။ ထိုအချိန်သည် သူမအဖို့ မေ့မြောနေရာမှ ပြန်လည် သတိရလာစအချိန် ဖြစ်သည်။ နူးညံ့သော အောက်ခံ အခင်းပေါ်တွင် အ၀တ်အထည်နှင့် အောက်ခံအခင်းတို့၏ နူးညံ့သော အထိအတွေ့ ကို ရနေ သော်လည်း အိပ်မက်ဟု ထင်မိသည်။ တကယ် ဟုတ်လိမ့်မည်ဟု မထင်ပေ။
စင်တိန် အဖို့ ထူးခြားသော အထိအတွ့များကို စဉ်းစားနိုင်လောက်အောင်ပင် အင်အား မရှိဘဲ ဖြစ်နေ သည်။ အလွန်အမင်းအားနည်းနေသည်။ မျက်လုံးဖွင့်ရန် ကြိုးစားသော်လည်း ဖွင့်မရ ဖြစ်နေသည်။ အမှောင်ထု ထဲ သို့ ပြန်လည်မြောပါသွားပြန်သည်။

စင်တိန် နောက်ထပ်တစ်ကြိမ် ပြန်လည် သတိရလာသောအခါ တစ်စုံတစ်ယောက်၏ တိုးတိုးညင်းညင်း တေးသီချင်း ညည်းနေသံကို ကြားရသည်။ ပက်လက်လှန်ပြီး မျက်လုံးအစုံပိတ်ထားသော်လည်း တေးသား ၏ စကားလုံး အဓိပ္ပာယ်များကို နားလည်သိရှိနေသည်။ တေးဆိုသူသည် စင်မဖြစ်ခင်က သူ သိခဲ့ရသော မိန်းကလေး တစ်ဦးအား လွမ်းမောတသနေသော အချစ်သီချင်း ဖြစ်သည်။
တေးဆိုသော အသံမှာ ယောက်ျားသံ ဖြစ်သည်။ စင်တိန် ကြားဖူးသမျှ ယောက်ျားသံများထဲတွင် ရင်ဖိုစရာ အကောင်းဆုံး နှင့် ညှို့ငင်အားအပါဆုံး အသံ ဖြစ်သည်။ တေးသံ၌ စင်တိန် နစ်မျောယစ်မူးနေစဉ်မှာပင် အသံ က ရပ်သွားပြီး "မင်း သဘောကျရဲ့လား" အာဖရိကဖွား လူဖြူများ စကားဖြင့် ထိုသူက ပြောလိုက် သည်။

"ဒါ ... ဒါ ..."
ကလေးလေး၏ ပြန်ဖြေသံကို ပီသကြည်မြစွာ ပေါ်လာသည်။ ထိုကလေးအသံကြောင့် စင်တိန် မျက်လုံး အစုံ ပွင့်သွားသည်။ အသံမှာ သူ့သားလေး ရှာဆာအသံမှန်း သိလိုက်ရသည်။ မိုပါနီ သစ်ပင်ကြီး၌ ခြင်္သေ့ နှင့် ရင်ဆိုင်ခဲ့ရသောညက ဖြစ်ရပ်များက သူ့ခေါင်းထဲသို့ အားလုံး ပြန်ဝင်လာသည်။ အော်ချင်စိတ် ပေါက်လာပြီး ကြောက်အားလန့်အား အော်လိုက်သည်။
"ကျွန်မကလေး ... ကျွန်မကလေးကို ကယ်ကြပါရှင်"
စင်တိန် သည် ပက်လက်လှန်နေရာမှ ခေါင်းကိုဘယ်ညာ ခါယမ်းလိုက်သည်။ သက်ငယ်မိုးပြီး တာလပတ် ကာထားသော တဲထဲ၌ အိပ်စင်ပေါ်တွင် မိမိတစ်ယော်ကတည်း ရှိနေမှန်း စင်တိန် သိလာရသည်။ ချည်ထည် ည၀တ်အင်္ကျီရှည်ကြီးကို ၀တ်ဆင်ထားမှန်းလည်း သိလာသည်။

"ရှာဆာ ..."
စင်တိန်က အော်ခေါ်လိုက်သည်။ ထထိုင်ရန်လည်း ကြိုးစားကြည့်သည်။ သို့သော် အနည်းငယ်သာ ကိုယ်ခန္ဓာ ကို ကြွနိုင်သည်။ အသံကလည်း ခပ်တိုးတိုးသာ ထွက်ပြီး တိမ်ဝင်သွားသည်။
"ရှာဆာ ... ရှာဆာ"
သည်တစ်ကြိမ်တွင် စင်တိန်က အားကုန်ညှစ်ပြီး အော်ခေါ်လိုက်သည်။ အပြင်ဘက်မှ အံ့အားတသင့် ပြောလိုက်သော အသံ ပေါ်လာပြီး ခွေးခြေတစ်လုံး လဲကျသွားသံကြားလိုက်ရသည်။ တဲအ၀င်ဝအပေါက်မှ လူတစ်ယောက် ၀င်လာရာ အ၀င်အ၀အပေါက်၌ ထိုသူ့ကိုယ်လာချိန်တွင် တဲထဲ၌ အနည်းငယ် မှောင်သွား သည်။ စင်တိန် က ဦးခေါင်းကို တဲအ၀ဘက်သို့ စောင်းငဲ့ပြီး ကြည့်လိုက်သည်။
တဲပေါက်ဝတွင် လူတစ်ယောက် ရပ်နေသည်။ ထိုသူက ရှာဆာကို ချီပိုးထားသည်။

ထိုသူသည် အရပ်ရှည်ပြီး ပခုံးကျယ်သည်။ သို့သော် အလင်းရောင်က ထိုသူ့ကျောဘက်မှ ထိုးနေသဖြင့် သူ့မျက်နှာ အသွင်အပြင်ကို စင်တိန် ကောင်းကောင်းမမြင်ရပေ။
"ဟော ... နောက်ဆုံးတော့ အိပ်ပျော်နေတဲ့ မင်းသမီးကလေး နိုးလာပါပြီကော"
ရင်ခုန်စရာ ထိုသူ့အသံက ပေါ်လာသည်။ ရှာဆာကို ပွေ့ချီလျက်ပင် စင်တိန့်အိပ်စင်ဘေးသို့ လျှောက် လာပြီး သူမအာယး ငုံ့ကြည့်လိုက်သည်။
"မင်းအတွက် ငါတို့ စိတ်ပူလိုက်ရတာ"
ထိုသူက ညင်သာပျော့ပျောင်းစွာ ပြောလာသည်။ သူ့မျက်နှာကို စင်တိန် မော့ကြည့်လိုက်သည်။ စင်တိန် မြင်ဖူး သမျှ ယောက်ျားများထဲတွင် အချောဆုံး မျက်နှာ ဖြစ်သည်။ ရွှေဝါရောင်ဆံပင်၊ အ၀ါရောင် ကျားသစ် မျက်လုံး၊ နီညိုရောင်သန်းနေသော အသားအရေတို့ဖြင့် ရွှေမင်းသားလေးနှင့် တူနေ သည်။

ရှာဆာသည် ထိုသူ့ကိုယ်ပေါ်တွင် ခုန်ဆွခုန်ဆွ လုပ်ရင်း စင်တိန်ထံ လက်ယမ်းကာ ခေါ်လိုက်သည်။
"မာမာ"
"သားကလေး"
စင်တိန်က လက်တစ်ဖက်ကို မြှောက်ပြီး ဆီးကြိုလိုက်သည်။ ထိုလူကလေးကို စင်တိန့် ဘေး အိပ်စင်ပေါ်တွင်  ချထားပေးလိုက်သည်။ ထို့နောက် စင်တိန့်ကို ပွေ့ထူပြီး နောက်မှ ခေါင်းအုံးတစ်လုံး ခုကာ ထိုင်လျက် အနေအထားဖြစ်သွားအောင် လုပ်ပေးလိုက်သည်။ သူ့လက်များက ညိုရောင်သန်းပြီး သန်မာ လှသည်။ လက်ချောင်းများက စန္ဒရားဆရာ၏ လက်ချောင်းများသဖွယ် သွယ်လှညွတ်ပျောင်း နေသည်။

"ရှင်ဘယ်သူလဲဟင်"
စင်တိန့်အသံက တိုးညင်းနွမ်းလျနေသည်။ ရင်ဖိုလှိုက်မောသံကလေးပင် ပါနေသည်။
"ကျွန်တော့် နာမည်က လိုသာဒီလာရေးပါ"
ထိုသူက ဖြေသည်။ ထိုအချိန်တွင် ရှာဆာသည် လက်သီးကလေးဆုပ်ပြီး သူ့မိခင်ပခုံးအားထုနေသည်။
"ဖြည်းဖြည်း ကလေးရယ်.....ဖြည်းဖြည်း၊ မင်းမေမေက မင်းဒီလို အချစ်ကြမ်းလောက်အောင် မကျန်းမာ သေးဘူးကွ"
လိုသာက ကလေးလက်ကလေးကို ဖမ်းဆွဲပြီး တားထားလိုက်သည်။ ကလေးအပေါ်၌ လိုသာ ပျော့ပျောင်း ညင်သာလှပုံကို စင်တိန် သတိထားမိသည်။

"ကျွန်မတို့ ဘာတွေဖြစ်ခဲ့သလဲ ၊ အခု ဘယ်ရောက်နေသလဲဟင်"
ခြင်င်္သေ့တစ်ကောင်က ခင်ဗျားကို သစ်ပင်ပေါ်က ဆွဲချနေတယ်လေ၊ အဲဒီခြင်သေ့င်္ကို ကျွန်တော် သေနတ် နဲ့ ပစ်ချလိုက်တော့ ခင်ဗျားပါ ခြင်သေ့င်္နဲ့တူတူ သစ်ပင်အောက် ပြုတ်ကျလာတာပေါ့"
"ဟုတ်တယ်၊ အဲဒါတော့ ကျွန်မမှတ်မိပြီ။ အဲဒီနောက်ကော
ခင်ဗျား မေ့မြောနေတာပေါ့။ ခြင်သေ့င်္ကုတ်ထားတဲ့ခြေထောက်က ဒဏ်ရာတွေလဲ ရောင်ကိုင်းလာလို့ ဆေးလိမ်း ထားရတယ်။"

"ဘယ်လောက်ကြာပြီလဲ"
"ခြောက်ရက်ရှိပြီ၊ ခြေထောက်က ရောက်ကိုင်းနေသေးပေမယ့် စိုးရိမ်စရာမရှိတော့ပါဘူး မစ္စက်ကုတ်နေ"
"ရှင် ကျွန်မကို အဲဒီလိုခေါ်တယ်လား၊ အဲဒီနာမည်ကို ဘယ်ကသိသလဲ" စင်တိန်က အံ့သြသည့်အသွင်ဖြင့် မေးလိုက်သည်။
"ခင်ဗျားနာမည်က မစ္စက် စင်တိန်ကုတ်နေဆိုတာ ကျွန်တော်သိတယ်၊ ဆေးရုံသဘောင်္ ပရိုတီးယား ကတ်ဆယ် ကနေ သေကံမရောက် သက်မပျောက်ဘဲ လွတ်မြောက်လာတဲ့ လူဆိုတာလဲ သိတယ်"
"ဘယ်လို..... ဘယ်လိုလုပ်ပြီး ရှင်ဒါတွေ သိသလဲ"

"ခင်ဗျားယောက္ခမထီးကြီးက ခင်ဗျားကို ရှာဖို့ ကျွန်တော်ကို စေလွှတ်လိုက်တာပဲဗျ"
"ကျွန်မယောက္ခမထီးကြီး ဟုတ်လား"
"ဟုတ်ပါတယ် ဗိုလ်မှူးကြီး ကုတ်နေလေ၊ ပြီးတော့ အန်စတော့ ဆိုတဲ့ ပြင်သစ် အမျိုးသမီးကြီး ..."
"အန် ဟုတ်လား အန် အသက်ရှင်နေတယ်လား"
စင်တိန် က လိုသာ လက်မောင်းကို ၀မ်းသာအားရ ဆုပ်ကိုင်လိုက်သည်။

"အသက်ရှင်နေသမှ ဘာရှင်သလဲလို့ မမေးနဲ့၊ ရှင်လိုက်သမှ ဒေါင်ဒေါင်မြည်တဲ့ဟာကြီးပေါ့ဗျာ" လိုသာက ရယ်ရယ် မောမောနှင့် ခပ်သောသော ပြောလိုက်သည်။
"ကျွန်မအဖို့ အံ့သြစရာ အကောင်းဆုံး သတင်းစကားတွေ ပါပဲလားရှင်၊ ကျွန်မက သူရေနစ်သေသွားပြီး ထင် နေတာ"
စင်တိန်သည် လိုသာ လက်မောင်းအား ကိုင်ထားဆဲရှိကြောင်း သတိရလာသဖြင့် လက်ပြန်ရုပ်လိုက်သည်။
"ကဲ ... ပြောစမ်းပါဦး ကျွန်မကို ဖြစ်ရပ်တွေအားလုံး ပြောစမ်းပါဦး၊ အန်ဘယ်လိုလုပ်နေသလဲ၊ ကျွန်မကို ဘယ်မှာ ရှာရမယ်ဆိုတာ ရှင်ဘယ်လိုလုပ်သိသလဲ၊ အခု အန် ဘယ်မှာလဲ၊ ကျွန်မသူ့ကို ဘယ်တော့ တွေ့ရမှာလဲ" လိုသာ ရယ်လိုက်ပြန်သည်။ သူ့သွားဖြူဖြူများက ညီညာလှပစွာ ပေါ်လာသည်။

"ခင်ဗျားမေးခွန်းတွေကလဲ များလိုက်တာ၊ ဘယ်ကစပြောရမှာလဲ" လိုသာက ခွေးခြေပုကလေးကို စင်တိန့် အိပ်စင် ဘေးသို့ ရှေ့ထိုင်ပြီး မေးလိုက်သည်။
"အန်အကြောင်းက စပြောပါ၊ သူ့အကြောင်းအကုန် ပြောပြ"
လိုသာက ဇာတ်ကြောင်း ပြန်ပြောသည်။ စင်တိန်က လိုသာ မျက်နှာကို တစိမ့်စိမ့်ငေးကြည့်ရင်း နားထောင် သည်။ မရှင်းသော နေရာများတွင် ဖြတ်မေးသည်။ နားထောင်နေရသည်မှာ ပျော်ရွှင် ချမ်းမြေ့ လှသည်။ သူမနှင့် တစ်နှစ်ကျော် နှစ်နှစ်နီးပါး ဝေးကွာခဲ့ရသော လူသားလောကအကြောင်းက ကြားရသည်မှာ နားအရသာ ရှိသည်။ မိမိနှင့် မျိုးနွယ်တူသော လူယဉ်ကျေး မျက်နှာဖြူ လူချော တစ်ယောက် နှင့် စကားပြော နေရသည်မှာလည်း ပီတိဖြာစရာ ကောင်းလှသည်။

ညနေစောင်းသို့ပင် ရောက်လာသည်။ တဲထဲတွင် အလင်းရောင်လျော့ကာ မှုန်ပျပျ ဖြစ်လာသည်။ ရှာဆာ လည်း အော်ဟစ် တောင်းဆိုလာသဖြင့် လိုသာက စကားစရပ်လိုက်သည်။
"သူဆာလာပြီ"
"ဟုတ်တယ်၊ ရှင် ကျွန်မတို့ သားအမိနှစ်ယောက်ကို ဒီတဲထဲမှာ ခဏထားခဲ့ယင် ကျွန်မကလေးကို နို့တိုက် လိုက် ပါ့မယ်"
"ခင်ဗျားနို့ မထွက်ဘဲ ဖြစ်နေတယ်"
လိုသာက ခေါင်းခါပြီး ပြောလိုက်သည်။ စင်တိန် အံ့အားသင့်သွားရပြန်သည်။

စင်တိန့်ခေါင်းထဲသို့ အတွေးများ ၀င်လာသည်။ ဤစခန်းတွင် မိမိသတိလစ်နေခဲ့သည်မှာ ခြောက်ရက်ရှိပြီ။ ဤစခန်း၌ မိန်းမဟူ၍လည်း မိမိမှလွဲပြီး မည်သူမှ မရှိ။ မိမိအား အ၀တ်လဲပေးခြင်း၊ သန့်စင်ပေးခြင်း၊ ကျွေးမွေးခြင်း နှင့် အနာဆေးထည့်ပေးခြင်းများကို တစ်စုံတစ်ယောက်က လုပ်ပေးခဲ့သည်မှာ သေချာ သည်။ မည်သူလုပ်မည်နည်း။ ရွှေအိုရောင် ဆံပင်ပိုင်ရှင် ဤမင်းသားလေးမှလွဲ၍ တခြား မည်သူမှ မဖြစ်နိုင်။ ယခင်က မိမိ၏အသားဆိုင် ၃၂ ကောသဋ္ဌကို ဤရွှေမင်းသားလေး မြင်ခဲ့ရပေရော့မည်။ သူ၏ ညွတ်ပျောင်း သော အနုပညာလက်ချောင်းလေးက ကိုင်တွယ် ထိတွေ့ခဲ့ရော့မည်။.
မလွဲမရှောင်သာ ကြုံခဲ့ရမည့် ဖြစ်ရပ်များကို တွေးမြင်လာသောအခါ စင်တိန် ရင်ဖိုလှိုက်မောလာသည်။ အရှက်လိပ်ပြာကလေး ရင်ထဲ၌ ဖြတ်ပြေးသွားတော့သည်။ ပါးလေးနှစ်ဘက် ပန်းနုရောင်သန်သွားသည်။ သို့သော် သူမတွေးနေသည်ကိုများကို လိုသာ သိပုံမပေါ်။

"ကဲ ရဲဘော်လေး ... ငါတို့နည်းလမ်းသစ်ကို မင်း မေမေကို ပြလိုက်စမ်းပါဦးကွာ"
လိုသာက ဆာရှာကို ပေါင်ပေါ်တင်ပြီး ဆိတ်နို့ကို ဇွန်းဖြင့် ဖြည်းဖြည်းချင်း တိုက်ကျွေးသည်။ ရှာဆာက ပျော်ရွှင်မြူးထူးစွာ တစ်ဇွန်းပြီးတစ်ဇွန်း အငမ်းမရ သောက်သည်။
"ရှင့်ကိုတော့ သူက ခင်နေပြီနော်" စင်တိန်က ပြောသည်။
လိုသာ က ကလေး၏ ပါးစပ်၊ မေးစေ့နှင့် ပါးတို့၌ နို့များ ပေရေနေသည်ကို အ၀တ်စဖြင့် ယုယုယယ သုတ် ပေးသည်။

"ရှင် ကလေးကို ပြုစုတတ်သားပဲ"
"တစ်ခါတုန်းက ကျွန်တော့်မှာ သားတစ်ယောက် ရှိခဲ့ဖူးတယ်"
လိုသာသည် ကလေးကို စင်တိန်ဘေး၌ ချထားပေးလိုက်သည်။ ထို့နောက် နို့ခွက်အလွတ်နှင့် ဇွန်းကို ကောက်ယူပြီး ၀ဲဘက်သို့ တဲဝသို့ ထွက်သွားသည်။
"အခု ရှင့်ကေလးက ဘယ်မှာလဲ"
စင်တိန် က နောက်မှ လှမ်းမေးလိုက်သည်။ လိုသာသည် တဲပေါက်ဝမှနေ၍ နောက်ပြန်လှည့်ကြည့်ပြီး ဖြေ လိုက်သည်။

"ကျွန်တော့်သား မရှိတော့ဘူး၊ သေသွားပြီ"
သူ့အသံက တိုးညင်းလှသည်။
စင်တိန်သည် ရင်ထဲ၌ အချစ်ပန်းသီးများ မှည့်သထက်မှည့်ပြီး ရွဲလာသည်။ အသည်းထဲ၌လည်း အချစ် မီးတောင်ကြီး ပေါက်ကွဲနေသည်။ သူမအဖို့ တစ်ကိုယ်တည်းနေနေရသော ဘ၀သည် အချစ်ကို ဆာလောင် မွတ်သိပ်စရာ အကြောင်းရင်းခံ တစ်ခုဖြစ်နေသည်။ လိုသာကို တွေ့နေရသောအခါ မျိုသိပ် ငုပ်လျှိုး နေသော အချစ်ရမ္မက်များ ပုန်ကန်ထကြွလာကြတော့သည်။
ရှာဆာကို အလယ်တွင် ထားပြီး စင်တိန်နှင့် လိုသာတို့ စကားများ မမောတမ်း မဆုံးတမ်းပြောကာ အာဖရိက၏ ပျင်းရိငြီးငွေ့စရာနေ့များကို ကုန်လွန်ရသည်။ သူတို့ အများဆုံး ပြောဆို ဆွေးနွေးကြသည်မှာ ဥရောပ တေးဂီတအကြောင်းနှင့် စာအုပ်အကြောင်းများ ဖြစ်သည်။

"ကဲ ... ကျွန်မ နားထောင်ချင်လို့ သီချင်း ဆိုပြစမ်းပါဦး၊ အင်းလေ ... ဆာရှာနဲ့ ကျွန်မနှစ်ယောက်စလုံးက နားထောင်ချင်ပါသတဲ့"
ပြောစရာစကားစ ပြတ်သွာသောအခါ စင်တိန်က လိုသာအား သီချင်းဆိုခိုင်းသည်။
"သခင်မလေး အလိုကျဆိုပြဖို့ အသင့်ပါပဲဗျာ"
လိုသာက လိုလိုလားလား သံနေသံထား ပိုင်ပိုင်ဖြင့် ဆိုပြသည်။ ဤသို့ဖြင့် အချိန်ဖြုန်းကြသည်။

တစ်ခါတစ်င်္ရံ လိုသာက လေးဘက်ထောက်ပြီး ရှာဆာက အပေါ်မှတက်၍ မြင်းစီးတမ်း ဆော့ကစား နေသည် ကို တွေ့ရသောအခါ စင်တိန် ပျော်မိသည်။ သို့သော် ရှာဆာက လိုသာအား "ဒါ ... ဒါ" ဟုခေါ်သောအခါ ရှာဆာအဖို့ ထိုသို့ ခေါ်ရမည့်သူမှာ မိုက်ကယ်သာ ဖြစ်သင့်သည်ဟု တွေးမိပြီး ဆွေးမိရပြန်သည်။
သို့သော် လိုသာက သူ့နောက်လိုက် တပည့်များအား ရက်ရက်စက်စက်ဆုံးမ အပြစ်ပေးသည်ကို တွေ့ရ သောအခါ လိုသာအား "ကြောက်စရာကောင်းသူ ... ရက်စက်သူ" အဖြစ် မြင်မိပြန်သည်။ လိုသာအပေါ် မင်းသားလေး လိုမြင်သည့်အခါ မြင်ပြီး လူကြမ်းကြီးလိုမြင်သည့်အခါ မြင်နေသည်။

နောက်တစ်နေ့တွင် လိုသာက မိမိခြေထောက် ဒဏ်ရာမှ ချုပ်ရိုးများကို တယုတယ ဖြေပေးပြီး ညင်သာ စိတ်ရှည်စွာ ဆေးကြောဆေးထည့်ပေးလာသောအခါ စင်တိန် သသာယာကြည်နူးမိရပြန်သည်။
"အနာ က သန့်စင်သွားပြီ၊ မကြာခင် အနာကျက်သွားတော့မှာပါ"
"ဒါပေမယ့် ကျွန်မက ရှာဆာလိုပဲ အားပျော့နေသေးတယ်ရှင့်"
"မကြာခင်ပဲ ခင်ဗျားသန်မာလာမှာပါ"
နောက်နှစ်ရက်အကြာတွင် စင်တိန်သည် လိုသာ လုပ်ပေးသော သစ်ကိုင်းချိုင်းထောက်ဖြင့် ထနိုင် လာသည်။ ပထမဆုံးအကြိမ် တဲထဲမှထွက်ပြီး အပြင်သို့ လမ်းလျှောက်လာနိုင်သည်။ လိုသာက စင်တိန် ပခုံး ကို ဖွဖွလေးဖက်ပြီး တွဲကာ လမ်းလျှောက်ရင်း မြင်းများ အနီးတွင် ရပ်လိုက်ကြသည်။ စင်တိန်က မြင်းများကို အသာအယာ ပွတ်သပ်ကစားသည်။

"ကျွန်မ မြင်းပြန်စီးချင်လိုက်တာ"
"ခင်ဗျားမြင်းစီးကျွမ်းတယ်လို့ အန်စတော့က ကျွန်တော့်ကို ပြောဖူးတယ်၊ ခင်ဗျားမှာ မြင်းဖြူကြီး ရှိတယ်ဆို"
"ဟုတ်တယ်၊ သူ့နာမည်က နာဂီတဲ့၊ သိပ်လှတယ် သိပ်မြန်တယ် သိပ်ပြီးသန်မာထွားကျိုင်းတယ်၊ ကျွန်မ ချစ်တဲ့ တိမ်ဖြူမြင်းပျံပေါ့" စင်တိန်က လိုသာ့ အမဲလိုက် မြင်းကြီးအား မျက်နှာနှင့်ကပ်ပြီး ပြောလိုက်သည်။

"နာဂီတဲ့လား၊ သိပ်လှတဲ့နာမည်ပဲ၊ မင်းမကြာခင် မြင်းစီးရတော့မှာပါ၊ ကျွန်တော်တို့ မြင်းစီးပြီး ခရီးရှည်ကြီး သွားရမှာပါ၊ ခင်ဗျားယောက္ခထီးကြီးနဲ့ အန်တို့ စောင့်နေတဲ့ နေရာကို ပြန်သွားရမယ်လေ"
စင်တိန်အဖို့ လိုသာနှင့် မိမိတို့၏ တွေ့ဆုံနေရမှု အဆုံးသတ်တော့မည်ကာလကို ပထမဆုံးအကြိမ် သတိရ လာသည်။ စင်တိန်သည် မြင်းများအနားမှ ဆက်လျှောက်သွားပြီး လိုသာအား သမင်လည်ပြန်လှည့်ကြည့် လိုက် သည်။

ဤဇာတ်လမ်းကို ဤနေရာ၌ ဤအတိုင်း နိတ္ထိမတံချင်သေး။ သို့သော် မကြာခင်မှာပင် လိုသာ မိမိအား ခွဲသွား တော့မည်ကို စိတ်ထဲက သိနေသည်။
"ကျွန်မ အားသိပ်မပြည့်သေးဘူး၊ မြင်းစီးပြီး ခရီးထွက်လို့ ဖြစ်မယ် မထင်သေးဘူးရှင့်"
ထိုနေ့ညနေက စင်တိန်သည် တဲလေးဘေးတွင် ထိုင်နေသည်။ သူမပေါင်ပေါ်၌ စာအုပ်တစ်အုပ် တင်ပြီး စာဖတ်ချင်ယောင် ဆောင်နေသည်။ သို့သော် လိုသာအား မသိမသာ ခိုးခိုးကြည့်နေသည်။ လိုသာနှင့် အကြည့်ချင်း ဆုံသွားသောအခါ ကမန်းကတန်းမျက်နှာလွှဲလိုက်ပြီး သက်ပြင်းမောကြီးချလိုက်သည်။

"ကျွန်တော် ဗိုလ်မှူးကြီးကုတ်နေဆီ စာရေးနေတာ"
လိုသာသည် ခရီးဆောင်စာရေးစားပွဲပုကလေးတွင် ထိုင်ပြီး စာရေးနေရာမှ စင်တိန်အား ပြုံးပြပြီး လှမ်းပြော လိုက်သည်။
"နက်ဖြန်ကျယင် ၀င်းဟုပ်မြို့ကို မြင်းသည်တော်တစ်ယောက်နဲ့ ကျွန်တော်စာတစ်စောင် ပို့ခိုင်းလိုက်မယ်၊ ဒါပေမယ့် သူဒီက နေသွားပြီး ဒီကိုပြန်ရောက်ဖို့ အချိန်နှစ်ပတ်ကျော်လောက်ကြာလိမ့်မယ်၊ ကျွန်တော်တို့ ဘယ်နေ့ဘယ်နေရာမှာ တွေ့ကြမယ်ဆိုတာ ဗိုလ်မှူးကြီးကို အကြောင်းကြားလိုက်မယ်၊ ရှေ့လ ၁၉ရက် နေ့တွေ့မယ်လို့ ပြောလိုက်မယ်"
"သိပ်မမြန်လွန်းဘူးလား" ဟု စင်တိန်က ပြောလိုက်ချင်သည်။ သို့သော် မနည်းမျိုသိပ်ပြီး ခေါင်းညိတ် ပြလိုက်သည်။

"ခင်ဗျားမိသားစုနဲ့ ခင်ဗျားသိပ်ပြီး ပြန်တွေ့ချင်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ကျွန်တော် ပြောတဲ့ရက်နဲ့စောပြီးတော့ မဖြစ်နိုင်ဘူး"
"ကျွန်မ နားလည်ပါတယ်"
"ခင်ဗျား စာရေးချင်လဲ ရေးပေးလိုက်လေ၊ ကျွန်တော့် စာနဲ့ အတူတူထည့်မေးလိုက်မယ်"
"အို ... သိပ်ကောင်းတာပေါ့ရှင်၊ ကျွန်မစာသာ ဖတ်ရယင် အန်က ၀မ်းသာလုံးဆို့ပြီး ဆွေ့ဆွေ့ခုန်နေတော့ မှာ မြင်ယောင်သေးတယ်"
"ကဲလာ ... ခင်ဗျား ဒီစားပွဲပုကလေးမှာ လာထိုင်၊ ဖောင်တိန်လဲအသင့်ပဲ၊ ခင်ဗျားကြိုက်သလောက် စာရွက်တွေ ယူပြီး ရေးပေးတော့ မစ္စက်ကုတ်နေ၊ ခင်ဗျားစာရေးနေတုန်း ကျွန်တော် မာစတာရှာဆာကို ညစာကျွေးထားလိုက်မယ်"

လိုသာက မတ်တတ်ထကာ နေရာမှ ဖယ်ပေးပြီး ပြောလိုက်သည်။ စင်တိန်က အန်ထံ အားရပါးရ စာရေး တော့သည်။ တစ်ခဏအကြာတွင် လိုသာ အနားပြန်ရောက်လာပြီး အပေါ်မှ မတ်တတ်ရပ်ကြည့်ကာ ပြောလိုက်သည်။
"ဟာ ... ခင်ဗျားစာတွေသယ်ဖို့ မြင်းတစ်ကောင်သပ်သပ်လိုလိမ့်မယ်ထင်တယ်"
ထိုအခါကျမှ စင်တိန်သည် လက်ရေးစိပ်စိပ်ဖြင့် ရေးထားသော စာရွက်ပေါင်း တစ်ဒါဇင်ခန့်ရှိနေသည်ကို သတိထားမိသည်။
"ဒါတောင် ပြောစရာတွေ အများကြီး ရှိသေးတယ်ရှင့်၊ အင်းလေး ကျန်တာတွေက နောက်မှ ပြောလို့ ရပါတယ်"
စင်တိန်သည် စာရွက်များကို ခေါက်ပြီး ချိတ်နှင့် ကပ်လိုက်သည်။ လိုသာက ဖယောင်းတိုင်မီးကို ကိုင်ပေး ထားသည်။

"ထူးဆန်းတယ်နော်၊ ကျွန်မအဖို့ ဖောင်တိန်ဘယ်လိုကိုင်ရမယ်ဆိုတာတောင် မေ့သလောက် ဖြစ်နေတယ်၊ ကြာ လဲကြာခဲ့ပြီကိုး"
"ခင်ဗျား ဘာတွေဖြစ်ခဲ့တယ်၊ မြုပ်သွားတဲ့ သင်္ဘောကြီးက ဘယ်လို လွတ်လာခဲ့တယ်၊ အကြာကြီး ဘယ်လို လုပ်ပြီး အသက်ရှင်နေတယ်၊ ခင်ဗျားရောက်နေတဲ့ ကမ်းခြေကနေပြီး မိုင်ပေါင်း ရာပေါင်းများစွာကို ဘယ်လို လုပ်ပြီး ဘယ်ပုံလာခဲ့တယ်ဆိုတာ ကျွန်တော့်ကို တစ်ခါမှ မပြောဖူးသေးဘူး"
"ကျွန်မ ဒါတွေ မပြောချင်ဘူး"
စင်တိန်က စကားကို ခပ်တိုတိုပင် ဖြတ်လိုက်သည်။ စင်တိန် စိတ်မျက်စိထဲတါင် အိုဝါနှင့် ဟာနီကို ပြန်မြင် လာသည်။

"ကျွန်မ အဲ့ဒီအကြောင်းတွေ ပြန်ပြီး တွေးတောင် မတွေးချင်ဘူး၊ အဲ့ဒီအကြောင်း နောက်မမေးပါနဲ့လို့ တောင်းပန်ပါရစေရှင်" သူမအသံတွင် ၀မ်းနည်းသံနှင့် ခံစားရသော အသံပါနေသည်။
"ကောင်းပါပြီတဲ့ဗျာ၊ ဒါဖြင့် ခင်ဗျားစာနဲ့ ကျွန်တော့်စာကို အခုပဲ ဗတ်ဂျန်ကို ပေးလိုက်တော့မယ်၊ မနက်ဖြန် မနက် အရုဏ်မတက်မီ သူ စပြီး ခရီးထွက်လိမ့်မယ်"
လိုသာသည် စာနှစ်စောင်ကို ကောက်ယူပြီး အစေခံများ၏ မီးပုံဆီသို့သွားကာ ဗတ်ဂျန်အား လှမ်းပေးရင်း တတွတ်တွတ်မှာနေသည်ကို စင်တိန်မြင်နေရသည်။
လိုသာ ပြန်ရောက်လာသောအခါ စင်တိန်က စာဖတ်ချင်ယောင်ဆောင်နေသည်။ လိုသာက မိမိအား စကားပြောလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော် စင်တိန် မျှော်လင့်သလို ဖြစ်မလာ။ လိုသာသည် သူ၏ စာရေးစားပွဲပုကလေး၌ ထိုင်ပြီး သူ၏ သားရေအဖုံး စာအုပ်ကြီးကို ဖွင့်လိုက်သည်။ ညစဉ်ညတိုင်း ထိုစာအုပ်ကြီး ၌ စာရေးသည်မျာ ထုံးစံပင် ဖြစ်နေသည်။ စာရွက်ပေါ်တွင် ဖောင်တိန်ကလောင်သွား တရှဲရှဲ ခြစ်ကာ ရေးနေသံကို စင်တိန် ကြားနေရသည်။

စင်တိန် တစ်ကိုယ်တည်း တွေးပြီး စိတ်ထဲက ပြောနေမိသည်။
"အချိန် သိပ်မကျန်တော့ဘူး၊ ဒီလူ အချိန်တွေကို အလဟဿဖြုန်းနေတာပဲ၊ အလွန်း နလွန်းတာလား၊ သွေးနားထင် ရောက်နေတာလား၊ သူ ဘာမှ မရိပ်မိဘူးတဲ့လား၊ ဟင်း ... ဆုပ်ကိုင်ဖျစ်ညှစ်ပစ်လိုက်ဖို့သာ ကောင်း တော့တာပဲ"
စင်တိန်က သူ့လက်ထဲမှ စာအုပ်ကို အသံအတော်မြည်အောင်ပိတ်လိုက်သည်။ သို့သော် လိုသာက မော့၍ ပင်မကြည့်။
"ရှင် ဘာတွေ ရေးနေတာလဲ" စင်တိန်က မေးလိုကသည်။

"ဘာတွေရေးနေတယ်ဆိုတာ ခင်ဗျား သိပါတယ်၊ အလျင်က ကျွန်တော် ပြောပြဖူးသားပဲ မစ္စက်ကုတ်နေ"
"ရှင့်မှတ်တမ်း စာအုပ်ကြီးထဲမှာ အားလုံးရေးထည့်တာပဲလား"
"အားလုံးနီးပါးဆိုပါတော့"
"ကျွန်မ အကြောင်းကော ထည့်ရေးသလား"
လိုသာက ဖောင်တိန်ကိုချပြီး စင်တိန်ကို စိုက်ကြည့်လိုက်သည်။ အကြည့်ချင်းဆုံနေသည်။

"ရှင်နဲ့မဆိုင်တာတွေကို ရှင် သိချင်မြင်ချင်နေသလား"
"ဟုတ်တယ်"
"ဒါဖြင့် ကျွန်မအကြောင်း ဘာတွေများ ရှင့်စာအုပ်ထဲမှာ ထည့်ရေးထားသလဲ"
"ဒီမှာ အမျိုးသမီး၊ တကယ်တော့ စပ်စုတာက ခင်ဗျားပဲ၊ ကဲ ခင်ဗျားခွင့်ပြုမယ်ဆိုယင် ကျွန်တော် စခန်းကို တစ်ပတ်ပတ်ပြီး ကင်းလှည့်လိုက်ပါရစေဦး"
လိုသာက စာအုပ်ကို ပိတ်လိုက်ပြီး အံဆွဲထဲ ထည့်လိုက်သည်။ ထို့နောက် ထိုင်ရာမှ ထလိုက်သည်။

ဆက်ရန်
.

1 comment:

Anonymous said...

မစိန်တင်ဇာတ်လမ်းက တော်တော်စိတ်ဝင်စားဘို့ကောင်း နေပြီနော် အမ
ကျေးဇူးပါ
တင်ပေးတဲ့အတွက်