Tuesday, October 4, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း(၂ဝ)

ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်

၁၉၄၀ခု ဇူလိုင်လထဲတွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် ဟိုင်လီသင်္ဘောကြီး ပေါ်သို့ တက်၍ လိုက်သွားရာ ဟိုင်နံကျွန်းသို့ရောက်လျှင် ဂျပန်ရဲများက ဖမ်းဆီးထားသည်။ တရုတ် ပြည်ကို သွားမည်ထင်၍ ဖမ်းသည်ဟု ဆိုသည်။ သခင်အောင်ဆန်းက ဂျပန်မြန်မာချစ်ကြည်ရေးအသင်း ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသိမ်းမောင် (ဆရာဝန်)ထံသို့ စာရေးသည်။ ကျွန်တော်တို့ကို ကူညီပါဦးဟု ဆိုသည်။

ဒေါက်တာသိန်းမောင်က ဒေါက်တာဘမော်နှင့်သွားတွေ့ပြီး ဆွေးနွေးသည်။ ဒေါက်တာဘမော် မှာ ထိုစဉ်က ၀န်ကြီးချုပ်မဟုတ်တော့၊ နိုင်ငံရေးသြဇာတော့ရှိသည်။ ဒေါက်တာဘမော်က ရန်ကုန်မြို့၌ သွားစိုက်ဆိုင် ဖွင့်ထားသည့် ကိုကိုဘူးဆိုသူကို ခေါ်၍ ပြောသည်။ မစ္စတာဆူဇူကီးနှင့် တွေ့ပေးပါ။ သိပ် အရေးကြီး တဲ့ ကိစ္စရှိနေတယ်ဟု ပြောသည်။ ရန်ကုန်မြို့ရှိ တရုတ်ဘုန်းကြီးဟန်ဆောင်၍ စုံထောက် လုပ်နေသူ ဆူဇူကီးကို ခေါ်လာ၍ ဒေါက်တာနှင့် တွေ့ပေးသည်။ ဒေါက်တာက-
"ဒီမှာ မစ္စာ ဆူဇူကီး၊ ခင်ဗျားတိုကျိုကို အမြန်ပြန်ပါ။ ဟောသည်လူငယ်နှစ်ယောက်ကို ခင်ဗျားအိမ်မှာ ခေါ်ထားပြီး သားသမီးလိုမွေးပါ။ သူတို့လုပ်ချင်တဲ့ကိစ္စကိုလည်း ကူညီပါ။ အာရှိတိုက်မှာ စစ်ကြီး ဖြစ်လာရင် ကျုပ်တို့နိုင်ငံဟာ ခင်ဗျားတို့ဘက်က ကူတိုက်မယ်"

မစ္စတာဆူဇူကီးသည် ဂျပန်နိုင်ငံသို့ ပြန်သွား၍ ကင်ပေတိုင်အဖွဲ့က ခေါ်လာ၍ ဆူဇူကီးအိမ်သို့ ပို့သည်။ သခင်အောင်ဆန်းတို့သည် မီနာမီကီကန်းစီမံကိန်းကို ရေးဆွဲသည်။ ဆူဇူကီး၏ အမည်ရင်းမှာ မီနာမီကီကန်းစီမံကိန်းကို ဂျပန်လေတပ်နှင့် ရေတပ်တို့အား တင်ပြ၍ ဆွေးနွေးကြသည်။ မြန်မာပြည်မှ မျိုးချစ် စိတ်ဓာတ် ရှိသူများကို ပြန်ခေါ်ရန် သခင်အောင်ဆန်းသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ်ပြန်လာသည်။

ထိုအချိန်တွင် အင်္ဂလိပ်အစိုးရက သခင်ထွန်းအုပ်ကို ဖမ်းဝရမ်းထုတ်ထားသဖြင့် သခင်ထွန်းအုပ်သည် ပုတီးကုန်းမြို့၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ သိုက်တောရွာကြီးသို့ ရောက်လာသည်။ ဆရာဦးရွှေသော် ၏အိမ် နှစ်ဆောင်ပြိုင်အပြင် မီးဖိုဆောင်ပါ တွဲထားသဖြင့် အိမ်ကြီးဖြစ်သည်။ သခင်ထွန်းအုပ် ကို အရီးလေး ဒေါ်မြနှစ်တို့ အိမ်သို့ ပို့ထားရသည်။ မျက်နှာချင်းဆိုင်အိမ်မှ အဖိုးကြီး၏ မြေးဖြစ်သူ ဆရာမဒေါ်လှတင်နှင့် ဤစာရေးသူတို့က သခင်ထွန်းအုပ်ကို ကူညီပေးရသည်။ တစ်နေ့တွင် သခင်ထွန်းအုပ်က ပြောသည်။

"ငါ့ကိုကွာ သခင်အောင်ဆန်းက ဆရာဆက်ဆက်လိုက်ခဲ့ပါ၊ ဟိုကျတော့ ဆရာက အုပ်ချုပ်ရေး ပညာ ကိုသင် ကျွန်တော်တို့က စစ်ပညာကိုသင်၊ မြန်မာပြည်ပြန် ရောက်တော့ အတူတူလုပ်ကြတာပေါ့တဲ့"
သို့နှင့်ကျွန်တော်တို့ သိုက်တောရွာမှာ နံနက်သုံးနာရီခန့်တွင် လှည်းကလေးနှင့် သခင်ထွန်းအုပ်နှင့် သခင်ထွန်းခင် တို့ကို ပေါင်းတည်မြို့ အရှေ့ဘက်ရှိ မှတ်တိုင်မြို့ကလေးသို့ ပို့ပေးရသည်။ တို့ဗမာ အစည်းအရုံး မှ သခင်ခင်မောင်က ကားနှင့်ကြိုနေသည်။ သခင်ထွန်းအုပ်တို့သည်။

 ရှမ်းစုရပ်ကွက်ရှိ ဆရာမဒေါ်သိန်းဆိုင် အိမ်မှာ ပုန်းနေကြ၍ သခင်ဗစိန်၏ ဇနီး သခင်မဒေါ်ခင်ခင်က ဂျပန် ကောင်စစ်ဝန်ရုံးနှင့် ဆက်သွယ်ကာ ဂျပန်ပြည်သို့ ထွက်ခွာရန် စီစဉ်ပေးသည်။ ထိုနှစ်မိုးဦးစရာသီ လဆုတ်ရက် ဖြစ်သည်။ လူဆယ်ယောက်တို့သည် ပန်းဆိုးတန်းသဘောင်္ဆိပ်တွင် သင်္ဘောကို ရှာမတွေ့ မိုးဖွဲဖွဲ ကျလာသဖြင့် ကြာလျှင် ပုလိပ်တွေမိသွားမည်ဆိုကာ ပြန်လာခဲ့ကြသည်။

လှည်းတန်းကျောင်းဆရာ ကိုစံသိန်း၏ အိမ်မှာပုန်း၍နေရပြန်သည်။ ကိုစံသိန်းတို့ ဇနီးမောင်နှံမှာ ကျောင်းသို့ သွားနေကြ၍ သမီးကလေးကို အိမ်စောင့်ထားခဲ့သည်။ ကလေးသရေစာ မုန့်ရောင်းသည့် ဆိုင်ကလေး ဖွင့်ထားသည်။ ကာတွန်းစာအုပ်၊ မြင်းတစ်စာအုပ်ကလေးတွေကို ကြိုးတန်းနှင့် ချိတ် ထားသည်။ တစ်နေ့တွင် လူ ၂ယောက်ရောက်လာ၍ မြင်းအကြောင်း ပြောကြသည်။ သခင်ထွန်းအုပ်က ကလေးမ ကလေးကိုခေါ်၍ ဟိုးရှေ့မှာ အော်ကျယ်အော်ကျယ် ပြောနေတဲ့လူကို လက်ကုပ်ပြီးခေါ်ခဲ့၊ ဘကြီး တွေ့ချင်လို့ ပြောပြ ထိုသူငယ်ဝင်လာ၍ ထပ်ခိုးပေါ်ရောက်လာသောအခါ-
"ဟာ....ဆရာပါကလား"

"အေး...ငါတို့သဘောင်္ရှာမတွေ့လို့ တစ်ခေါက်ပြန်ခဲ့ပြီ၊ မင်းလုပ်နိုင်ရင် ကောင်းမယ်"
"ကျွန်တော်စဉ်းစားဦးမယ်"
"အေး.....ကြာကြာမနေနဲ့"
၂ရက်ကြာသောအခါ ထိုသူက
"ကျွန်တော်လိုက်မယ်ဆရာ"

သခင်ရှုမောင်ဖြစ်ပါသည်။ သခင်ရှုမောင်သည် မြောင်းမြမှ အမျိုးသမီးတစ်ယောက်ကို ခိုးလာခဲ့ရာ ဖခင်က သဘော မတူ၍ ကြိမ်းမောင်းသဖြင့် ပြန်ပို့လိုက်ရသည်။ ထိုအမျိုးသမီးက တာတီးခေါ် ကျော်သိန်းကို ဖွားမြင် ခဲ့ရာ သခင်ဗစိန်ဇနီးက စောင့်ရှောက်ထားရသည်။ လက်ရှိ မတင်တင်ဆိုသူနှင့် ရည်ငံနေစဉ် ယခုလို ကိစ္စပေါ်လာသဖြင့် စွန့်စားပြီး လိုက်သွားဖြစ်သည်။ လူ၁၁ယောက်တို့သည် သဘောင်္ဝမ်းဗိုက် ထဲမှာ နေကြရသည်။

သဘောင်္ကြီးသည် နံနက်လေးချက်တီးလောက် စတင်ထွက်ခွာရာ ၆နာရီလျှင် ပင်လယ်ပြင်သို့ ရောက်၍ အပေါ်တက်ကြပါဟု လာပြောသဖြင့် တက်သွားသည်။ ကမ်းမမြင်လမ်းမမြင် ပင်လယ်ကြီးကို တွေ့ရ၍ နံနက်စာ လက်ဖက်ရည်နှင့် မုန့်များကို စားသောက်ကြသည်။ သခင်ရှုမောင်သည် အရပ်အမောင်း ကောင်း၍ ခေတ်ပညာ ကိုလည်း တတ်သည်။ တက္ကသိုလ်တွင် ပထမနှစ်အောင်ပြီး ဒုတိယနှစ်မှာ ပြဿနာ ဖြစ်၍ ထွက်လိုက်ရသည်။

ဟိုင်နံကျွန်းသို့ ရောက်သောအခါ ရဲဘော်သုံးကျိပ်ဖြစ်သွားသည်။ သခင်ထွန်းအုပ်မှာ တိုကျိုသို့ရောက်ပြီး မစ္စတာ ဆူဇူကီးအိမ်မှာပင်နေ၍ အသံလွင့်ဌာနမှ ၈ကြိမ်တိုင် အသံလွှင့်သည်။ ထိုခေတ်က အရာရှိကြီး တို့အိမ်မှာသာ ရေဒီယိုရှိသဖြင့် ပြည်သူဆင်းရဲသားများ နားမထောင်ကြရ။ သို့ရာတွင် သတင်းထူးကို ကြားသူတို့က မကြားရသူများကို တစ်ဆင့်ဖြန့်ကြသည်။

အနောက်ဥရောပတိုက်မှာလည်း ဂျာမနီအာဏာရှင် ဟစ်တလာသည် နိုင်ငံတစ်ခုပြီး တစ်ခု တိုက်ခိုက် သိမ်းပိုက်နေသည်။ မြန်မာများက ၀မ်းသာသြဘာပေးကြသည်။ ၁၉၄၁ခု ဒီဇင်ဘာလ ၇ရက် နေ့ညဦး ညစာစားချိန်တွင် ဂျပန်လေတပ်က ဟိုနိုလူလူကျွန်းတွင် ချရပ်ထားသော လေယာဉ်တင်သဘောင်္ကြီး နှစ်စင်းနှင့် အရံသဘောင်္ငယ် ၁၇စင်းတို့ကို အလစ်ဝင်တိုက်ရာ အားလုံး ပျက်စီးကုန်သည်။ ဗိုလ်ချုပ်ကြီး ဂျင်နရယ်မက်အာသာက ဂျပန်စစ်တပ်ကို ခုခံမတိုက်ကြနှင့် အားလုံးလွှတ်ပေးလိုက်ကြဟု အမိန့်ပေးကာ အမေရိကန်သို့သွားသည်။

သို့နှင့် ဂျပန်စစ်သားများသည် ဓားရှည်ကြီးတရမ်းရမ်းနှင့် အရှေ့အာရှနိုင်ငံများထဲသို့ သေနတ်တစ်ချက် မဖောက်ရဘဲ ၀င်၍ သိမ်းယူသည်။ ထိုင်းလင်းခေါ် ယိုးဒယားနိုင်ငံတွင် ရှင်ဘုရင်ကို စည်းမျဉ်းခံ ဘုရင်အဖြစ်ထားသည်။ မြန်မာနိုင်ငံမှာမူ အင်္ဂလိပ်စစ်တပ်နှင့် ရွှေတောင်တိုက်ပွဲတွင် တစ်ကြိမ်၊ ပြည်မြို့ အထက် သစ်တောကြိုးဝိုင်းမှာ တစ်ကြိမ်တိုက်ပွဲဖြစ်ပွားပြီး အိန္ဒိယနိုင်ငံ အင်ဖာမြို့ဘက်သို့ ဆုတ်ခွာ သွားကြသည်။

ရဲဘော်သုံးကျိပ်တို့သည်။ စစ်လေးကြောင်းခွဲပြီး သုံးရောင်ခြယ်အလံကြီးကို လွှင့်ထူကာ ၀င်လာကြသည်။ မျိုးချစ်စိတ်ဓာတ်ရှိသူများက BIAခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲသို့ ၀င်လာကြရာ လူ၂၀၀၀၀ ကျော် သွားသည်။
- အင်းကို ဟင်္သာ ဆင်းလတ္တံ့
- ဟင်္သာကို မုဆိုးလေးနှင့် ခွင်းလတ္တံ့
- မုဆိုးကို ထီးရိုးရိုက်လတ္တံ့
- ထီးရိုးကို မိုးကြိုးပစ်လတ္တံ့

ဆိုသော အတိတ်တဘောင်စကားအရ ဗိုလ်ချုပ်ဆူဇူကီးကို ဗိုလ်မိုးကြိုးဟု နာမည်မှည့်ကြသည်။ သခင်ထွန်းအုပ်နှင့် သခင်အောင်ဆန်းတို့ ဖွဲ့စည်းထားသော ရန်ကုန်နေပြည်တော် အစိုးရကို လည်း ရပ်စဲစေ၍ ဒေါက်တာဘမော်ကို ဗန်းမော်ထောင်မှ ထုတ်ခေါ်လာ၍ မေမြို့မှာ ဆွေးနွေးကာ အစိုးရဖွဲ့ရန် တာဝန်ပေးပြီး ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့သည်။ ဂျပန်ဘုရင်တင်နော်ဟေ့ကာသည်။ ပြင်သစ်ပြည် ပါရီမြိုက တက္ကသိုလ်၌ ၁၄နှစ်ကြာ ကျောင်းနေခဲ့စဉ်က ဒေါက်တာဘမော်သည် Ph.D ဒေါက်တာဖွဲ့ကို ပါရီ တက္ကသိုလ် မှ ယူခဲ့သည်။ ထိုစဉ်က တွေ့လိုက်ရသည့် ဒေါက်တာဘမော်ကို ဂျပန်ဘုရင်က ၀ါရင့် နိုင်ငံရေးသမားကြီးဟု လေးစားသွားသည်။ သို့နှင့် ၁၉၄၂ခု သြဂုတ်လ တစ်ရက်နေ့တွင် ဒေါက်တာဘမော် အစိုးရဖြစ်ပေါ်လာသည်။

BIA တပ်တွင် လူများလှသဖြင့် သင်တန်းမတက်ရဘဲ လိုက်လာသူတွေကို လျှော့ချပါ။ လူ ၅၀၀၀ လောက် သာ ထားပြီး BIA တပ်ကိုဖွဲ့ပါဟု ခိုင်းသဖြင့် လျှော့ချလိုက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းမှာ ဗိုလ်မှူးကြီးအောင်ဆန်း ဖြစ်သွားသည်။ ကိစ္စမရှိ ဗိုလ်မိုးကြိုးကို ရဂျပန်အစိုးရက ပြန်ခေါ်သဖြင့် ဗိုလ်မိုးကြိုး ၏ နေရာ Majour General ရာထူးတွင် တိုးမြှင့်ပေးလိုက်သောအခါ ဗိုလ်ချုပ်အောင်ဆန်း ပင်ဖြစ်သွားရာသည်။

ဒေါက်တာဘမော်ကသည် ဂျပန်ဗိုလ်ချုပ်အီးဒါး၊ က၀ါဘီတိုကနှင့် ဆက်ဆံရသည်မှာ အဆင်မပြေလပါ။ သူတို့က စစ်အောင်နိုင်ရေးကိုသာ အဓိကထားပြီး မလေးမခန့်ပြောဆိုဆက်ဆံ ကြသည်။ ကိစ္စမရှိပါ။ ၁၉၄၃ခု မတ်လတွင် ဂျပန်ဘုရင်၏ မွေးနေ့ဖိတ်သဖြင့် ဒေါက်တာနှင့် သခင်မြ၊ ဗိုလ်ချုပ်အောင်ဆန်း ဒေါက်တာ သိမ်းမောင်တို့ သွားကြသည်။
ထိုပွဲတွင် ဒေါက်တာဘမော်သည် မန္တလေး ကြိုးကြီးချိတ် ပိုးတောင်ရှည်ပုဆိုးကို ၀တ်၊ ထိုင်မသိမ်းအင်္ကျီနှင့် အရောင်တွေ ပြိုးပြိုးပြက်ပြက် တောက်နေသည့် ရွှေကျင်ခေတ် ပုဆိုးကို ခေါင်းပေါင်းကာ တက်လာ၍ ဂျပန်အဘုရင်ကို ဂုဏ်ပြုသည့် စကားကို ပြင်သစ်ဘာသာဖြင့် နာရီဝက်တိတိ ပြောသွားသည်။ ပရိတ်သတ် များ တအံ့တသြဖြစ်ကြသည်။

ဂျပန်ဘုရင် က သူ၏ဓာတ်ပုံပါ ဂုဏ်ပြုတံဆိပ်ကြီးကို ချီးမြှင့်လိုက်သည်။ ဒေါက်တာသည် ရန်ကုန် ပြန်ရောက်လျှင် ထိုတံဆိပ်ကြီးကို မိမိကုလားထိုင်၏ နောက်ဘက်နံရံတွင် ချိတ်ဆွဲထားကာ ဗိုလ်ချုပ်အီးဒါး နှင့် က၀ါဘီတို့ကို ဖိတ်ခေါ်၍ ရောက်လာသောအခါ ဂျပန်ရှင်ဘုရင်၏ ဓာတ်ပုံကိုမြင် လျှင် ကြမ်းနှင့်နဖူး ထိအောင် ရှိခိုးရသည်။ ထိုအခါ ဒေါက်တာက ဘယ့်နှယ့်လဲ ဦးစိန်၊ ကျွန်တော်တို့ ခေတ်ရောက်ပြီလေဟု ၀င့်ကြွား ပြောဆိုသည်။
၁၉၄၃ခု သြဂုတ်လ ၁ရက်နေ့တွင် ဂျပန်ကပေးသည့် လွတ်လပ်ရေးကို ရခဲ့သည်။

သပြေထွန်းတဲ့ တောင်ကျွန်းဒီပါ၊ မင်္ဂလာ အခါရောက်ပြီ အောင်အတိတ်နဲ့ အောင်နမိတ်တွေဟာ ထပ်ပေါ်လာပါပြီ လွတ်လပ်ရေးကို ရပြီ၊ ငါတို့ စံဌာနီ၊ ဗမာ့အောင်ပွဲကို နွှဲကာ အလွန်ပဲ သာယာစည်၊ အောင်ပန်း ဆွတ်ကာ အောင်သပြေနုနဲ့ ထုပိမင်္ဂလာတည်၊ အောင်သပြေပွဲ၊ အောင်သပြေပွဲအောင် မြေထဲ မှာ လွတ်လပ်ကြပါပြီ....
လွတ်လပ်ရေး မရခင် ၁၉၄၂ ခု သြဂုတ်လအတွင်း မစ္စတာ ဆူဇူကီးပြန်သွားပြီးနောက် သခင်ထွန်းအုပ်က ဦးဆောင် ၍ ရဲဘော် သုံးကျိပ် ဂုဏ်ပြုပွဲကို မြို့တော်ခန်းမကြီး၌ ပြုလုပ်သည်။ သဟာယ ဆရာတင်ကို ရှာဖွေ ခေါ်ယူ၍ လိုချင်သည့်စာကို ပြကာ သီချင်းရေးခိုင်သည်။

ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြန်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့  ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် တို့ဗမာပြည်ဝယ် မိဘတိုင်း ကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်၊ သြော်-ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို၊ မင်းရဲကျော်စွာ၊ ပမာပုံနှယ်၊ အလောင်းဘုရားတို့လိုကွယ်၊ ဗမာတိုင်း ဗမာမျိုး၊ အားကိုးလောက်ပေတဲ့၊ မကြောက်တန်း၊ မလန့်တမ်း၊ ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်-
ရာဇ၀င်အတ္တုပ္ပတ္တိလည်းရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်၊ တိုင်းပြည်ကျိုးစွန့်ခဲ့တယ်၊ မျိုးဇာန်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်၊ တိုက်ဗမာ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

ဗမာ့သူရဲကောင်း သီချင်းအဖြစ် သမိုင်းဝင် (documentry)ဖြစ်သွားပါသည်။ အာရှလူငယ်အစည်းအရုံးကို စက်မှုကျောင်းမှ အမှတ် ၈၊ ကိုယ့်မင်းကိုယ်ချင်းလမ်းသို့ ပြောင်းလိုက်သောအခါ ထိုနေရာတွင် မကြာမကြာ ဟောပြောပွဲ ပြုလုပ်သဖြင့် ကျွန်တော်ရောက် တတ်ပါသည်။ အရှင်ဆိုးသိန်းဆိုသော ပုဂ္ဂိုလ်ကြီး တစ်ဦးလည်း ဟောပြောခဲ့သည်။ ဂျာနယ်ကျော် ဦးချစ်မောင်က ဂဠုန်ဆရာစံ အကြောင်း လေ့လာချက် စာတမ်း ကို ဖတ်သည်။

တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလာ၍ ဟောပြောမည်ဆိုသဖြင့် လူအတော်များများ လာရောက် ကြသည်။ မြောင်းမြကို ခင်ဆွေက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း သည် ယခုမှ ၂၆နှစ်သာ ရှိသေးသည်။ ရွှေတောင်ပိုးလုံချည်အနီနှင့် အဖြူကွက်တုံကလေးကို ၀တ်၍ ခေါင်းတုံးဆံတောက်ခေါ် ဆံပင်အတိုညှပ်ထားသည်။ သူက-
လူငယ်တွေဟာ ဗလငါးတန် တိုးတက်ဖို့လိုကြောင်း၊ တပ်ထဲ ၀င်နိုင်သူတွေက ၀င်ကြပါ။ မ၀င်နိုင် သူတွေက အာရှလူငယ်ထဲဝင်ကြပါ။ ကျရာတာဝန်ကို ဆောင်ရွက်ကြပါ။

အသင်းအဖွဲ့ရယ်လို့ ဖြစ်လာရင်၊ ငါမင်းသား မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မည်ဆိုတဲ့ စိတ်မျိုးမထားကြပါနဲ့၊ အသင်းအဖွဲ့ရယ်လို့ ဖြစ်လာရင် စိတ်ဝမ်းကွဲတတ်ကြတယ်။ အထူးသဖြင့် တောင်ပေါ် ဒေသက တိုင်းရင်းသားတွေကို စည်းရုံးဖို့လိုတယ်။ အင်္ဂလိပ်အစိုးရက ခရစ်ယာန် အသင်းအဖွဲ့တွေကို တောင်ပေါ်ဒေသကိုသွားပြီး စာသင်စေကြတယ်။ အင်္ဂလိပ် စာလုံးပေါင်းနဲ့ ဖတ်တတ်အောင် သင်ပေးတယ်။ ဒါကြောင့် တောင်ပေါ်သားတွေဟာ "တနင်္ဂနွေနေ့မှာ၊ ဘုရားရှိခိုး ကျောင်းတက် ရတာ၊ အလွန်ပျော်စရာ" ဆိုတဲ့ သီချင်းကို ဆိုတတ်ကြတယ်။ ကျွန်တော်တို့ရဲ့ တကောင်း အဘိရာဇ ဆိုတဲ့ တို့ဗမာသီချင်းကို ကြားတောင် မကြားဖူးကြဘူး။

ဤဟောပြောပွဲတွင် နီးနီးကပ်ကပ် တွေ့မြင်လိုက်ရပါသည်။ အပြင် ဟောပြောပွဲတွေမှာတော့ အဓိပတိကြီး ဒေါက်တာဗမော်က ရှိုးနှင့်မိုးနှင့် ၀တ်ထားပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော့ ယူနီဖောင်း ခပ်နွမ်းနွမ်းကလေးကိုသာ ၀တ်ထားသဖြင့် ပရိသတ်က ကြည်ညိုကြသည်။
အဓိပတိကြီးက သူ့ကို အဓိပတိကြီး၊ အာဏာရှင်ကြီးဟု ၀င့်ကြွားပြောဆိုလေ့ရှိသည်မှာ အာဏာရှင် ဟစ်တလာ ခေတ်စားနေသောကြောင့်ဖြစ်သည်။ အမှန်မှာ အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ်သာ ဖြစ်သည်။

ကမ္ဘာမှာလည်းအာဏာရှင်၊ တို့လည်း အာဏာရှင်၊ ကမ္ဘာမှာလည်း ခေတ်သစ်ထွင်၊ တို့လည်း ခေတ်သစ် ထွင်၊ စွမ်းကြ ဥာဏ်ရည် ပညာရှိတဲ့၊ ဗမာ ဗမာ ဗမာ အာဏာရှင်-
ဤတွင် သခင်ဗစိန်က မကျေမနပ်ဖြစ်လာကာ ဘီအိုင်အေလည်း သခင်၊ ဘီဒီအေလဲ သခင်၊ အားလုံး သခင်တွေချည့်ပဲ၊ ဓားမတစ်ချောင်းမှမပါ၊ ခုတော့ ဓားမက တန်ခိုးကြီးလိုက်တာ အိမ်ကနေပြီး ရာထူးတွေခန့်နေတယ်။ ဒီဓားမကို ဖြုတ်ချမယ်ဟု တိုင်ပင်ကာ လွှတ်တော်တွင် ဓားမဖြုတ်ချရေး အဆိုတင်သွင်းသည်။ သခင်ထွန်းအုပ်က ထောက်ခံသည်။ အခြားသခင်တွေက တုတ်တုတ်မျှမလှုပ်၊ ဤတွင် သခင်ဗစိန်က တိုင်းထွာဆဲရေးခြင်း ပြုတော့သည်။

နောက်တစ်နေ့ သတင်းစာမျက်နှာဖုံးတွင် အဓိပတိကြီးရာထူးမှ နုတ်ထွက်မည်ဟု ပါလာသည်။ ဂျပန်ဘုရင်တင်နော် ဟေ့ကာက အဓိပတိကြီး မထွက်ပါနှင့်ဟု ဆန့်ကျင်သူနှစ်ဦးကို နယ်နှင်ဒဏ် ပေးလိုက်ပါဟု ဆိုသည်။ သခင်ထွန်းအုပ်နှင့်အတူ သခင်ဟန်ထွန်းက လိုက်သွားသည်။ သခင်ဗစိန်တို့ မိသားစုနှင့် သခင်လှထွန်းက အတူလိုက်သွားသည်။ သခင်ဗစိန်၏ ဇနီး သခင်မဒေါ်ခင်ခင်မှာ ရဲဘော်သုံးကျိပ် တို့ကို မွေးထုတ်ပေးသည့် မိခင်ကြီးမဟုတ်ပါလား။ အမိုးမရှိသည့် ဗုံးကြဲ လေယာဉ်ပေါ်တက်၍ ၁၅ရက်သားကလေးကို ပွေ့ချီလိုက်သွားရသည်။ မိုးကဖွဲဖွဲရွာချတော့ တံဘက်ကြီး ကို ခြုံထားရသည်။

- ဟုတ်လည်းဟုတ်၏
- သူလည်းမနာလို
- ကိုယ်၌လည်းအကျိုးမရှိ
ဆိုသည့် စကားမျိုးကို မပြောအပ်ဟု ရှေးပညာရှိများဆိုခဲ့ကြသည်။ သူ့သြဇာရှိနေချိန်တွင် ကိုယ်ကသွား၍ တိုက်လျှင် ကိုယ်သာ နစ်နာတတ်သည်။ ၁၉၄၄ ခုနှစ် တပ်မတော်အင်အားပြပွဲကို ကန်တော်ကြီး တောင်ဘက် ရှိ ပြိုင်ရုံမှာ ပြုလုပ်သည်။

၁။ တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ် မမေ့အပ်ပေပြီ၊ ကြိုးကြိုးစားစား ဒို့များဂုဏ်ရည်၊ ဇွဲသတ္တိညီ၊ ထူးထူးခြားခြား စွန့်စားကြံစည်အင်အား စွမ်ပြမည်၊ တိုင်းပြည်နိုင်ငံ ကျက်သရေ ဆောင်ကြပြီ တကယ်မွန်မြတ်တဲ့ တပ်မတော် ရှေ့ကိုချီ။
ဆ၇ာရွှေတိုင်ညွှန့်၏ နောက်ဆုံးလက်ရာဖြစ်ပါသည်။ တပ်မတော ရေတပ် တူရိယာအဖွဲ့က စုပေါင်း သီဆိုတီးမှုတ်ကြသည်။ ဗိုလ်ချုပ်က
တပ်မတော်သားတွေမှာ အ၀တ်အစားမလုံလောက်၊ ဆေးဝါးမလုံလောက်၊ အားနည်းချို့တဲ့နေကြောင်း၊ လူထုအများ က ၀ိုင်းဝန်းကူညီစေလိုကြောင်း မိန့်ခွန်းပြောသည်။

ပရိသတ်များက မိမိတို့ ၀တ်ဆင်လာသည့် နားကပ် ဆွဲကြိုး၊ လက်စွပ်၊ ငွေများကို စုပုံလှူဒါန်းသြည်။ ဤ နေရာတွင် အဓိပတိကြိးမပါတော့ ဗိုလ်ချုပ်ကို လူထုက ယုံကြည်သည်။ အားကိုးသည်။ ဂျပန် ကင်ပေတိုင် တို့က သံသယရှိလာသည်။ သူတို့ကို ဆန့်ကျင်တော့မည်လော၊ အဓိပတိကြီးကို စုံစမ်း မေးမြန်းကြသည်။ အဓိပတိကြီးက-
ရဲဘော်သုံးကျိပ်ဟာ ကျုပ်သားတွေ၊ သူတို့ဟာ ခင်ဗျားတို့ အပေါ်သစ္စာရှိတယ်၊ ကျုပ်ဒါပဲသိတယ်ဟု တင်းတင်း မာမာ ပြန်ပြောခဲ့သည်။
၁၉၄၅ခု၊ မတ်လ ၁၃ရက်နေ့တွင် ရွှေတိဂုံစေတီတော်တွင် အနောက်ဘက်ကွင်းကြီး ထဲတွင် တပ်ထွက်ပွဲ ကို ပြုလုပ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြင်းစီး၍ စစ်သည်တော်တွေ၏ အလယ်တည့်တည့်မှာ ရပ်ပြီး မိန့်ခွန်း ပြောသည်။

ရဲဘော်တို့ စကားကို အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး၊ ယခုစစ်မြေပြင်ကို ထွက်ရမယ်၊ အထက်က ဗိုလ်တွေကလည်း ငယ်သားများကို သက်သက်ညှာညှာပြုလုပ်ပါ။ ငယ်သားများကလည်း အထက်က ဗိုလ်တွေရဲ့ အမိန့်ကို လေးစားလိုက်နာပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ရဲဘော်တို့နဲ့အတူ ငါလည်းလိုက်ခဲ့မယ် ဒါပဲ။
ဖက်ဆစ်တော်လှန်ရေးကြီးစတင်ပါပြီ။

ဤနေရာတွင် မီနာမီကီကန်အဖွဲ့ဝင်တစ်ဦး ရေးထားသောစာကို တင်ပြပါမည်။ သူတို့က ဘကြီးမှိုင်းနှင့်သခင်မြကို ကျိုက်ထီးရိုးမှာတွေ့လို့ ကောင်းမွန်စွာ ခေါ်လာပြီး ရန်ကုန်ကို ပို့ပေးခဲ့သည်။ သလဲတန်းရွာမှာ သခင်စိုးခေါ် ဗိုလ်မြဒင်သည် "ငါတို့ရဲဘော်သုးကျိပ်ဟာ ဂျပန်မှာသွားပြီး စစ်ပညာ သင်ခဲ့ကြတယ်။ သူတို့ဟာ ငါတို့ဆရာ၊ ဆရာကို ပြန်တိုက်ရမယ်ဆိုရင် ငါတို့ဟာ အာစရိယ ဂိုဏ်း သင့်မယ်။ မတိုက်နိုင်ဘူး"ဟု ဆိုသည် "မတိုက်လို့မရဘူး၊ အထက်ကအမိန့်" အာဏာသံနှင့် ပြောသော အခါ မတိုက်ဘူးဟုဆိုပြီး သူ့ကိုယ်သူ သေနတ်နှင့်ပစ်၍ သေကြောင်းကြံလိုက်သည်။ သဘောမှာ ပြန်မတိုက်ကြောင်း ပြောလိုရင်းဖြစ်သည်။ ဤနေရာတွင် မလူတွေမသိသည့် အချက်နှစ်ခုကို ဖော်ပြသည်။

၁။ မြောင်းမထောင်တွင် သခင်ပေါင်း ၅၀ရှိသည်။ နာမည်ခေါ်၍ ထုတ်သောအခါ ၄၉ယောက်ရသည်။ တယောက်ကတော့ သူ့နာမည် သခင်ဟုထည့်၍ မခေါ်သောကြောင့် မထူးဘဲနေ၍ လွတ်ကျန်ခဲ့သည်။ အားလုံးကို မြို့ပြင်ထုတ်၍ သတ်ပြီး ရေတွင်းပျက်ကြီင်္းထဲ ပစ်ထားခဲ့သည်။ ထိုကိစ္စကို ကိုယ်တိုင် သွားကြည့်မိသဖြင့် စိတ်ထိခိုက်ပြီး ဖျားသွားကြောင်း ပန်းတနော်ဦးခန့်က ပြောခဲ့သည်။

၂။ သထုံအရေးပိုင်သခင်လင်း၊ လမ်းဝန်ထောက် သခင်သာဦးနှင့် သခင်များ၊ အာရှလူငယ်များ ၂၇ယောက်ကို ဖမ်းပြီး မော်လမြိုင်မှ ကျိုက်မရောသို့ အထွက်တွင် သတ်ကာ မြှုတ်ထားခဲ့သည်။ နောက်လူများက ကြည့်ရှုစစ်ဆေးကာ ဂုဏ်ပြုသည့်အနေနှင့် မှတ်တိုင်ကလေးတွေ စိုက်ထားသည်။ ဤကိစ္စကို ပန်းချီဆရာကြီး သီးသက်ညွန့်ကို ပြောပြသောအခါ ဟုတ်မှန်ကြောင်း၊ မိမိမှာ အာရှလူငယ်ဖြစ်၍ စောစော သတင်းရသည်နှင့် ရှောင်နေလိုက်၍ ကျန်ရစ်ခဲ့ကြောင်းဖြစ်ပါသည်။

အမှန်အားဖြင့် ဖက်ဆစ်ကို တိုက်ဖို့မလိုတော့ပါ၊ ဂျပန်သားများသည် ချင်းပြည်နယ်မှ အိန္ဒိယနိုင်ငံ အင်ဖာသို့ တက်၍ တိုက်ရာ အကျအပဆုံးများစွာနှင့် ပြန်ခဲ့ရသည်။ ဗိုလ်ချုပ်ကြီးမောင့် ဘက်တန်၏ တပ်သည် အင်းဖာမှ ချင်းပြည်နယ်ကို ဖြတ်၍ မြစ်ကြီးနားဘက်သို့ ၀င်စပြုနေသည်။

အဓိပတိကြီး၏ အစိုးရအဖွဲ့ကို မော်လမြိုင်၊ မုဒုံဘက်သို့ ခေါ်သွားပြီး မကြာမီ ပြန်လွှတ်လိုက်သည်။ လော်လီကားကြမ်းကြီး စီးသွားရသည်မှာ မသက်သာ၊ တစ်ခါတစ်ရံ ကျွဲညီနောင်ခေါ် အမေရိကန် လေယာဉ်ကြီးနှစ်စင်းက မဲမဲမြင်ရာကို စစ်သေနတ်နှင့် ပစ်သဖြင့် ကားပေါ်က ဆင်း၍ ကန်သင်းရိုးဘေးမှာ ၀ပ် နေရသည်။ အဓိပတိကြီးကို ဂျပန်ပြည် ဆူဂါမိုအကျဉ်းထောင်သို့ ပို့လိုက်သည်။
၁၉၄၅ခု၊ သြဂုတ်လ ၇ရက်နေ့တွင် ဂျပန်ပြည် ဟီရိုရှီးမားမြို့ကို အမေရိကန်က အနုမြူဗုံးချလိုက်သည်။ နောက်နေ့တွင် နဂါးစကီးမြို့ပေါ်သို့ ဗုံးတစ်လုံးချလိုက်သည်။

ဂျပန်ဘုရင်က လက်မြှောက်အရှုံးပေးပါပြီဟု ကြေညာသည်။ ဗိုလ်ချုပ်ကြီး မတ်အာသာနှင့် ဂျပန်ဘုရင်တို့ စစ်ပြေငြိမ်း စာချုပ်ချုပ်ကြသည်။ ဂျပန်တွင် စစ်တပ်မထားရ၊ ကာကွယ်ရေးအတွက် အမေရိကန်က တာဝန် ယူသည်။ ဂျပန်သည် စီးပွားရေး၊ ပညာရေးကိုသာ ကြိုးစားဆောင်ရွက်ရမည်။ ဤအချိန်မှစ၍ ဂျပန် တို့သည် ပညာရေး၊ စီးပွားရေးကိုသာ ကြိုးစားအားထုတ်ခဲ့ရာ၊ ချမ်းသာကြွယ်ဝသော နိုင်ငံ ဖြစ်လာခဲ့သည်။ ဟောလီးဝုဒ်ရုပ်ရှင်က- ဆာရာနာရာ၊ Seven nigh in Japan, Princess and Photographer ရုပ်ရှင်ကားများ ကမ္ဘာကျော်သွားသည်။

ဤတွင် စစ်တွင်းခေတ် လွတ်လပ်ရေးကြိုးပမ်းမှုအကြောင်း အဆုံးသတ်ပါသည်။

သုခမိန်
.

No comments: