Saturday, September 10, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၅)

"မိုက်ကယ်သည် မထင်မှတ် မတွေးထင်ထားပါဘဲလျက်နှင့် သူ့လေယာဉ်ကို နောက်ကြောင်းသို့ ပြန်လှည့်မိ လျက်သား ဖြစ်နေသည်။ သူ့မျက်စိထဲတွင် စင်တိန်၏ ချစ်စဖွယ်မျက်နှာနှင့် မျက်ရည်ကြည် များကို ဝေ့၀ိုင်း နေသော မဟူရာ မျက်ဝန်းတို့ကို မြင်ယောင်လာသည်။
" ... လက်ထပ်မယ့်နေ့ကျယင် ဆက်ဆက်လာခဲ့နော်"
ဆိုသော သူ့နားရွက်နား သို့ ကပ်ပြောလိုက်သော စကားကိုလည်း ပြန်လည် ကြားယောင်မိသည်။

ထိုအချိန်တွင်ပင် အင်ဒရူး၏ တစ်စင်းတည်းသော မဟာမိတ်လေယာဉ်များ ၀ိုင်းတိုက်သည်ကို မြင်ရ သည်။ အင်ဒရူးက သတ္တိရှိရှိဖြင့် ပြန်လည်ရှောင်တိမန်းခုခံကာ ပစ်ခတ်သည်။ မိုက်ကယ့်စိတ်က အင်ဒရူးကို သွားကူ လိုသော်လည်း သူ့ခြေနှင့်လက်များက လေယာဉ် ကို နောက်ကြောင်းကိုသာ ဦးတည်နေသည်။
အင်ဒရူး က လေယာဉ်မောင်းကျွမ်းကျင်မှုနှင့် သတ္တိကို အခြေခံကာ ရန်သူကို တွန်းလှန်နေသည်။ သို့သော် သုံးစင်းနှင့် တစ်စင်း အပြန်အလှန်ပစ်ခတ်နေရသည်။ မကြာခင်မှာပင် အင်ဒရူးလေယာဉ်မှ သေနတ်သံများ ဆိတ်ငြိမ် သွားသည်ကိုကို မိုက်ကယ် မြင်လိုက်ရသည်။ စက်သေနတ်တစ်လက်မှ ကျည်ဆန်ကုန်သွားပြီး နောက်တစ်လက် မှ ပြောင်းပူကာ ကျည်ဆန်များ ဂျမ်းဖြစ်တစ်ဆို့သွားမှန်း မိုက်ကယ် ရိပ်မိလိုက်သည်။

အင်ဒရူး ဒုက္ခ ဖြစ်တော့မည်။ အင်ဒရူးသည် လေယာဉ်မောင်းခန်းထဲတွင် မတ်တတ်ရပ်လိုက်ပြီး စက် သေနတ် များကို လက်ဖြင့် ရိုက်ထုတ်ထုနေသည်။ မိုက်ကယ်သည် သူ့လေယာဉ်ကို ဘေးလွတ်ရာ သို့ မောင်းပြေး နေရင်းကပင် မိမိ သူရဲဘောကြောင်မှုကြောင့် အင်ဒရူး ဒုက္ခရောက်တော့မည်ကို ပူပန် လာမိသည်။

သို့သော် မမျှော်လင့်သော ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရသည်။ ဂျာမန်လေယာဉ်အနီ သည် ပစ်ခတ်ခြင်း ကို ရပ်လိုက်ပြီး အင်ဒရူး ၏ အစိမ်းရောင် အက်စ်အီး ၅လေယာဉ်နှင့် ဘေးချင်းယှဉ်ပြီး ပျံသန်းလိုက် သည်။ ဗွန်ရစ်တိုဖင် သည် အင်ဒရူး ၏ လက်နက်မဲ့ ဖြစ်သွားသည်ကို မြင်သွားပုံရသည်။ ထို့ကြောင့် အားကိုရာမဲ့ လူတစ်ယောက် ကို မသတ်၇န် ဆုံးဖြတ်လိုက်ပုံရသည်။ ဗွန်ရစ်တိုဖင် သည် သူရသတ္တိရှိ သော ရန်သူအား လက်တစ်ဖက် ကို မြှောက်ပြီး အလေးပြုခဲ့ကာ အခြားသော ထွက်ပြေးသည့် ရန်သူ့ လေယာဉ်များ နောက် သို့ တစ်ရှိန်ထိုး လိုက်တော့သည်။

အခြားသော ဂျာမန်လေယာဉ်များက ထိုသူ့နောက်လိုက်သွားသော်လည်း လေယာဉ်တစ်စင်း က မလိုက်ဘဲ ကျန် နေခဲ့သည်။ မိုးပြာရောင် ထိုဂျာမန်လေယာဉ် သည် အင်ဒရူးလေယာဉ် နောက်ဘက်သို့ ကပ်သွားပြီး ကျည်ဆန် များကို သွန်ထုတ်ကာ ပစ်ခတ်တော့သည်။
အင်ဒရူး လေယာဉ် ဓာတ်ဆီတိုင်ကီ ပေါက်ကွဲပြီး မီးထတောက်သည်။ အင်ဒရူးပတ်ပတ်လည်တွင် မီးတောက် များ ၀ိုင်းသွားသည်။ အင်ဒရူးက မီးဝိုင်းနေသည့် လေယာဉ်မောင်းခန်းထဲမှ လဟာပြင်ထဲသို့ ခုန်ထွက် လိုက်သည်ကို မိုက်ကယ် မြင်ရသည်။ ပိုပြီးလျင်မြန်၍ သက်တောင့်သက်တာ ရှိမည့် နည်းဖြင့် အသေခံရန် ရွေးလိုက်ခြင်း ဖြစ်ပုံရသည်။
အင်ဒရူး သည် လည်ပင်းမှ အစိမ်းရောင်လည်စီးတွင် မီးစွဲတောက်လောင်နေသည်။ အောက်ဘက်ပေ တစ်သောင်း အကွာရှိ မြေပြင်သို့ အင်ဒရူး မကျရောက်မီမှာပင် မိုက်ကယ့်မြင်ကွင်းမှ ပျောက်ကွယ်သွား သည်။

စခန်းသို့ ပြန်ရောက်လာသောအခါ မိုက်ကယ် ဒေါသအိုး ပေါက်ကွဲတော့သည်။
"ဗွန်ရစ်သိုဖန် ဒီစစ်မျက်နှာကို ပြန်ရောက်နေတယ် ဆိုတာ ဘယ်သူကမှ တို့ကို အသိမပေးနိုင်ကြဘူး လား၊ တို့တပ်မှာ ထောက်လှမ်းရေး မရှိတော့ဘူးလားကွ၊ ဒီနေ့ အင်ဒရူးနဲ့ နောက်ထပ် လေသူရဲ ခြောက်ယောက် သေရတဲ့ အတွက် တပ်မဌာနချုပ်က စားပွဲမှာ ထိုင်နေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေမှာ တာဝန် ရှိတယ်သိလား"
မိုက်ကယ် က တပ်ထောက်အရာရှိအား အော်ဟစ် ပြောနေသည်။

"ကျွန်တော်တို့ဆီက ပထမလေယာဉ်တစ်စင်း ပြန်ရောက်ရောက်ချင်း တပ်မကို ကျွန်တော် ဖုန်းဆက် အကြောင်းကြား ပြီးပါပြီ၊ သူတို့လဲ အဲဒီအကြောင်း ထောက်လှမ်းရေးအစီရင်ခံစာအခုပဲ ရတယ်တဲ့၊ ဗွန်ရစ်သိုဖင် နဲ့ အဖွဲ့ဟာ ဒီစစ်မျက်နှာကို ယာယီရောက်လာတာတို့ ယူဆတယ်တဲ့" တပ်ထောက်က ပြန် ပြောသည်။
"ကောင်းကွာ၊ ဒီမှာတော့ အင်ဒရူး တစ်ယောက်လုံး သေရပြီ" မိုက်ကယ်က ညည်းတွားလိုက်သည်။

"ဗိုလ်ကြီးမိုက်ကယ်၊ အခုလောလောဆယ်မှာတော့ ခင်ဗျားက တပ်မှူးပဲ၊ တပ်မက ခင်ဗျားကို တပ်မှူးအဖြစ် အတည်ပြုတဲ့ အချိန်အထိ ဒါမှမဟုတ် တပ်မမှူး အသစ်ခန့်တဲ့ အချိန်အထိ ခင်ဗျား ယာယီတပ်မမှူးပေါ့၊ ဒီတော့ တိုက်ကင်း ထွက်ရမယ့် တာဝန်ဇယားသစ် ခင်ဗျား ဆွဲပေတော့"
"ကျွန်တော်တို့ တာဝန်ကျတဲ့အပိုင်းမှာ နေ့ဘက်အချိန်ပြည့်တော့ တိုက်ကင်းထွက်လောက်အောင် အင်အား မရှိတော့ဘူး"
မိုက်ကယ့်စကား ကို တပ်ထောက်ကြီးက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"တိုက်ပွဲဝင်နိုင်မယ့် လေယာဉ်အင်အား ဘယ်လောက်ရှိသလဲ"
"လောလောဆယ်တော့ ရှစ်စင်းပဲ ရှိတယ်၊ လေးစင်းက သေနတ်မှန်တဲ့ဒဏ်ရာတွေ ပွနေတယ်"
"ကောင်းပြီလေ၊ တာဝန်ကျစာရင်းဟောင်းကို ဖျတ်လိုက်ပြီး တစ်နေ့ နောက်ထပ် နှစ်ခါပဲ တိုက်ကင်း ထပ်ထွက်နိုင်တော့မယ်၊ လေယာဉ်အဟောင်း ရှစ်စင်းစလုံး ထွက်မယ်၊ မွန်းလွဲတစ်ခါ၊ ညနေခါင်း တစ်ခါ ထွက်မယ်၊ ဖြစ်နိုင်သမျှ လူသစ်တွေကို ဖယ်ထားခဲ့မယ်"
မိုက်ကယ်ပြောသမျှကို တပ်ထောက်အရာရှိက မှတ်စု၌ လိုက်လံ ရေးမှတ်သည်။ မိုက်ကယ်က ထပ်မံ အမိန့်ပေး လိုက်ပြန်သည်။
"တပ်မဌာနချုပ်ကို တယ်လီဖုန်းဆက် အကြောင်းကြားစမ်းဗျာ၊" ကျွန်တော်တို့အတွက် သတ်မှတ်ပေး ထားသော ဒေသကို အပြည့်အ၀ကင်းလှည့်နိုင်မှာ မဟုတ်တော့ဘူးလို့ သတိပေးလိုက်ပါ၊ အင်အား ဘယ်တော့ ဖြည့်တင်းပေးမလဲလို့လဲ မေးလိုက်ပါ။ ရန်သူဘက်မှာအမြောက်ကြီး ခြောက်လက် ရှေ့တိုး နေရာ ယူထားတယ်လို့လဲ ပြောလိုက်ပါ"

တပ်ထောက်အရာရှိက တပ်မဌာနချုပ်သို့ အကြောင်းကြားသ်ည။ ထိုနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် မိုက်ကယ် က ဦးဆောင်ပြီး တိုက်ကင်းနှစ်ကြိမ်ထွက်သည်။ ထိုနှစ်ကြိမ်စလုံးတွင် ၇န်သူလေယာသ် တစ်စင်း တလေ မျှပင် မတွေ့ရပေ။ ညနေပိုင်း ကင်းလှည့်မှ ပြန်ရောက်လာချိန်အထိ မိုက်ကယ်အဖို့ အင်ဒရူး သေဆုံးရမှု အတွက် ပူဆွေးချိန်ပင် မရအောင် ဖြစ်နေသည်။
နေ၀င်ချိန်တွင် မိုက်ကယ်သည် စားရိပ်သာသို့ လျှောက်လာသည်။ သစ်ကိုင်း သစ်ခက်များ ကြားမှ နေ၍ ကောင်းကင်သို့ မော်ကြည့်လိုက်ရာ ကြယ်လေးများကို မှိတ်တုတ်မှိတ်တုတ် တွေ့ရသည်။ နက်ဖြန်တွင် လေယာဉ် ပျံသန်း ၍ ကောင်းမည့် ရာသီဥတု ဖြစ်မည်ဟု သိလိုက်ရသည်နှင့် မိုက်ကယ် စိတ်မကောင်း ဖြစ် သွားသည်။
အင်ဒရူးကို သတိရလာသည်။ အင်ဒရူး တိုက်ပွဲ၌ ကျဆုံးခဲ့ရခြင်းအတွက် မိမိကိုယ်မိမိမိ မကျေမနပ် ဖြစ်မိသည်။ မိမိသူရဲဘောကြောင်မှုကြောင့်ဟု ကိုယ့်ကိုယ်ကိုယ် ဒေါပွမိသည်။ ကိုယ့်လိပ်ပြာကိုယ်မလုံ သလို ဖြစ်နေပြီး ရင်ထဲ၌ ခံစားနေရသည်။

စားရိပ်သာထဲတွင် တပ်ထောက်ကြီးနှင့် အခြားလေသူရဲများက မိုက်ကယ့်အလာကို စောင့်နေကြ သည်။ လေယာဉ် အုပ်စု ၏ အစဉ်အလာအရ ဈာပနာအခမ်းအနား ကျင်းပရာတွင် ၀ါအရင့်ဆုံး အရာရှိ၏ တာဝန် မှာ အခမ်းအနားကို ဦးဆောင် စတင်ရခြင်းပင် ဖြစ်သည်။ စားရိပ်သာ အလယ်ကောင်ရှိ စားပွဲ ပေါ်တွင် တံဆိပ် အနက်ပတ် ဂျော်နီဝါကား ၀ီစကီပုလင်းခုနစ်လုံး တင်ထားသည်။ ကျဆုံးသူ လေသူရဲ တစ်ယောက် အတွက် တစ်လုံးနှုန်းကျ ဖြစ်သည်။
မိုက်ကယ် အခန်းထဲသို့ ၀င်လာသောအခါ အားလုံး မတ်တတ်ရပ်ကြသည်။ ကျဆုံးသူများအတွက် နောက်ဆုံး အရိုအသေပေးသည့် သဘောဖြင့် ရပ်ကြခြင်း ဖြစ်သည်။
"ကဲ ... ရဲဘော်တို့ အခမ်းအနားစကြစို့" မိုက်ကယ်က ပြောလိုက်သည်။

ဝါအနုဆုံးလေသူရဲ ၀ီစကီတစ်ပုလင်းကို စတင်ဖွင့်လိုက်သည်။ အစဉ်အလာအရ သူလုပ်မည့် တာဝန်ကို အခြား အရာရှိ များက ကြိုတင်ပြောပြထားပြီး ဖြစ်သည်။ ၀ါအနုဆုံးလေသူရဲ့ ဖွင့်လိုက်သော ပုလင်းကို ယူလာပြီး ၀ါအရင့်ဆုံး လေသူရဲ ဖြစ်သူ မိုက်ကယ် ၏ ဖန်ခွက်ထဲသို့ လောင်းထည့်လိုက် သည်။ ထို့နောက် ၀ါစဉ်ကြီးငယ် အလိုက် လေသူရဲများ၏ ဖန်ခွက်များကို ဖြည့်ပေးသွားသည်။
တပ်ထောက်အရာရှိက အခန်းထောင့်ရှိ ရှေးဟောင်းစန္ဒရားကြီးဆီသို့ သွားထိုင်ကာ ချိုပင်၏ အသုဘ တေးဂီတစတင် တီခတ်သည်ကို ကျန်အရာရှိများက ဖန်ခွက်များကိုင်ပြီး ငြိမ်သက်စွာ စောင့်နေကြ သည်။ သတိ အနေအထားဖြင့် ရပ်နေကြသည်။

ဘားကောင်တာပေါ်တွင် ကျဆုံးသူ လေသူရဲများ၏ ကျန်ရစ်သော ကိုယ်ပိုင်ပစ္စည်းများ တင်ထား သည်။ ညစာ စားပြီးလျှင် ထိုပစ္စည်းများ ကို လေလံတင်မည်။ အခန်းထဲရှိ အရာရှိများက မိမိတို့ အတတ် နိုင်ဆုံး တန်ဖိုး များများပေး၍ ဆွဲဝယ်ခြင်းဖြင့် ကျန်ရစ်သူမုဆိုးမများနှင့် မိသားစုများထံရသမျှ စုဆောင်း ပေးပို့ နိုင်ကြမည် ဖြစ်သည်။
စန္ဒရားသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် အားလုံး အရက်ခွက်များကို ပြိုင်တူမြှောက်လိုက်ပြီး တစ်ချက် တည်း မော့သောက်လိုက်ကြသည်။ ၀ါအနုဆုံးအရာရှိက အရက်များ ထပ်ဖြည့်ပေးသည်။ ပုလင်း အားလုံး အကုန် သောက်ရမည်မှာ အစဉ်အလာပင် ဖြစ်သည်။ စိတ်ထိခိုက်ခံစားနေရသော မိုက်ကယ်က ၀ါအရင့်ဆုံး လေသူရဲပီပီ ပိုသောက်ပေးလိုက်သည်။
လေလံပွဲ စတင်သောအခါ အင်ဒရူး ၏ ဂေါက်သီးရိုက်တံ တစ်ချောင်းကို ရွှေဒင်္ဂါး ငါးပြားနှုန်းစီဖြင့် မိုက်ကယ် က ရက်ရက်ရောရော လေလံဆွဲ ၀ယ်လိုက်သည်။
အရက် ခုနစ်ပုလင်း ကုန်သွားသောအခါ မိုက်ကယ်က နောက်ထပ် တစ်ပုလင်းထပ်မှာပြီး သူ၏ ရွက်ဖျင်တဲ ဆီသို့ ယူသွားတော့သည်။

နောက်ဆုံး ယူလာသော ပုလင်းထဲ၌ ၀ီစကီလေးပုံသုံးပုံခန့် ကုန်ချိန်တွင် ပုလင်းကို ဆွဲပြီး အင်ဒရူး၏ မော်တော် ဆိုင်ကယ်ရှိရာသို့ မိုက်ကယ် ဒယိမ်းဒယိုင် လျှောက်လာသည်။ အေးမြသော ညအမှောင် ထုထဲ တွင် မော်တော်ဆိုင်ကယ်စီးလာသော မိုက်ကယ်ခေါင်းထဲ၌ အနည်းငယ်ကြည်လင်လာသည်။
မော်တော်ဆိုင်ကယ်ကို စပါးကျီနောက်တွင် ရပ်လိုက်သည်။ စပါးကျီထဲမှ ကောက်ရိုးထုံးများပေါ်တွင် သွားထိုင်ပြီး စောင့်နေသည်။ ဘုရားရှိခိုးကျောင်းမှ နာရီသံချောင်းက တစ်နာရီပြီး တစ်နာရီထိုးသွား သည်။ စင်တိန်ကို တွေ့ချင်စိတ်များက ပိုမိုပြင်းထန်လာသည်။ နာရီဝက်တစ်ခါ စပါးကျီအ၀သွားပြီး စင်တိန် လာမည့် လမ်းကို မျှော်ငေးလိုက်  ကောက်ရိုးထုံးများအပေါ် ပြန်ပြီး ၀ီစကီသောက်လိုက်နှင့် ဗျာများ နေရသည်။

"စင်တိန် ရယ် ... လာပါတော့ကွယ်၊ ဘာလို့များ မလာတာလဲ"
နာရီသံချောင်း သုံးချက်ထိုးချိန်တွင် ၀ီစကီပုလင်းလည်း ပြောင်သလင်းခါသွားသည်။
"စင်တိန် မလာတော့ဘူး"
မိုက်ကယ် အားလျှော့လိုက်ပြီး စပါးကျီမှ ပြန်လာခဲ့သည်။
 
(၁၀)

မိုက်ကယ်တို့ အရုဏ်ဦးတိုက်ကင်း ထွက်လာကြသည်။ ဟန့်ဂျွန်ဆင်က မိုက်ကယ်၏ လက်ထောက် ဒုတပ်မှူး အဖြစ် ဒုတိယ လေယာဉ်အုပ်စုကို ဦးဆောင်လာသည်။
တောင်ပူစာကလေးပေါ် ရောက်လာသောအခါ ဒီနေ့မနက်လည်း စင်တိန် လာလိမ့်မည်မဟုတ်ဟု စိတ်ထဲ က သိနေသော်လည်း လှမ်းကြည့်လိုက်မိသေးသည်။
"ဒီနေ့ ငါ မင်္ဂလာဆောင်မယ်နေ့"
မိုက်ကယ့် ခေါင်းထဲသို့ ထိုအတွေးဝင်လာသည်။ ကောင်းကင်ပြင်ကြီးကို လှမ်းမျှော်ကြည့်လိုက်ရာ နောက်ထပ် အတွေးတစ်ခု ၀င်လာသည်။
"ငါ့ရဲ့ အကောင်းဆုံး မိတ်ဆွေတော့ သေရှာပြီ၊ ငါ့ရဲ့သတိုးသမီး ..."
မိုက်ကယ်သည် ထိုအတွေးကို အဆုံးမသတ်ရဲတော့။

မိုက်ကယ်သည် သူ့အပေါ် အင်္ကျီအိတ်ထဲကို လက်ဖြင့် စမ်းလိုက်သည်။ လေယာဉ်ဖြင့် တိုက်ကင်း မထွက်ခင် ကလေး က ပြင်ဆင်လုပ်ကိုင်ခဲ့သော အထုပ်ကလေး အိတ်ထဲ၌ ရှိနေသဖြင့် ဘ၀င်ကျသွား သည်။
သူတို့ ကင်းလှည့် ရမည့် နယ်မြေအဆုံးရောက်သောအခါ လေယာဉ်များ နောက်ကြောင်းပြန်လှည့်ကြ သည်။ မိမိတို့၏ ဝေဟင်အတွင်း၌ ရန်သူလေယာဉ် တစ်စင်းမျှ မတွေ့ရပေ။ ဟန့်ဂျွန်ဆင်က ဦးဆောင် ပြီး လေယာဉ်များ နောက်ကြောင်းပြန်လှည့်ချိန်တွင် မိုက်ကယ်သည် သူ့လေယာဉ်ကို မြောက်ဘက်သို့ ချိုးကွေ့ပြီး အောက်ဘက်သို့ နိမ့်ဆင်းလိုက်သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ရှေ့မှလေယာဉ်များ မြင်ကွင်း၌ ပျောက်သွားပြီး မိုက်ကယ့် လေယာဉ် တစ်စင်းတည်းသာ ကျန်ခဲ့သည်။ မိုက်ကယ်သည် တိမ်တိုက်များကို အကာအကွယ်ယူပြီး အောက်သို့ ကွေ့ပတ်ဆင်းလာရာ ဂျာမန်တို့၏ အမြောက်ကြီးများ ထပ်မံဆင်ထားသည့် သစ်တောစပ်ကို မြင်ရ သည်။ ထိုမှ လေးမိုင်ခွဲကျော်ခန့် အကွာတွင် ဂျာမန်တို့၏ လေယာဉ်ကွင်း အဟောင်းကို တွေ့ရသည်။
မိုက်ကယ် ရှေ့သို့ နှစ်မိုင်ခန့်တိုးသွားသောအခါ သစ်တောအစပ်တွင် စီတန်းရ်ပထားသော ဂျာမန် လေယာဉ်များကို တွေ့ရသည်။ သစ်ပင်များအလွန်တွင် ဂျာမန်လေသူရဲများ၊ မြေပြင်အမှုထမ်းများ၏ ရွက်ထည်တဲ များကို မြင်ရသည်။

ထိုစဉ်မှာပင် ရုတ်တရက် ပေါက်ကွဲသံကြားလိုက်ရပြီး မိုက်ကယ်လေယာဉ်ဘေးဘက်နှင့် ရှေ့ဘက်တို့ မှ ကျည်ဆန်များ ၀ီခနဲ၊ ၀ီခနဲ ထွက်ပြေးကြသည်။ မြေပြင်မှ ဂျာမာန်တို့၏ လေယာဉ်ပစ် အမြောက်များက စတင် ပစ်ခတ် နှုတ်ဆက်လာပြီ ဖြစ်သည်။ မိုက်ကယ်သည် လေယာဉ်ကို အောက်ဘက်သို့ ဆက်လက် စိုက်ဆင်း နေသည်။ အင်္ကျီ အိတ်ထဲမှ အထုပ်ကို နှိုက်ယူပြီး ပေါင်ပေါ်တွင် တင်ထားလိုက်သည်။

အောက်ဘက်က မြေမြင်နှင့်သစ်တောက မိုက်ကယ့် မြင်ကွးထဲသို့ တရိပ်ရိပ်ပြေးဝင် နီးကပ်လာသည်။ ကျည်ဆန်များ ကလ်ညး တ၀ီဝီ ဖြတ်သန်းနေသည်။ သစ်ပင်များ အထက်မြင့်ပေ ၂၀၀ခန့်တွင် လေယာဉ်ကို စိုက်ဆင်း နေရာမှ မြေပြင်နှင့် မျဉ်းပြိုင်တစ်ညီတည်း အနေအထားသို့ ပြောင်းလိုက်ပြီး ရှေ့ဆက် မောင်း လိုက်သည်။ သူရှေ့တည့်တည့် တွင် ဂျာမန်တို့၏ လေယာဉ်ကွင်းကို လှမ်းမြင်ရသည်။ အရောင်မျိုးစုံ ခြယ် ထားသော လေယာဉ်များ တသီတတန်းကြီး ရပ်ထားသည်။ ထိုလေယာဉ်များထဲတွင် မိုးပြာရောင် လေယာသ်ကို လိုက်ရှာရာ သဲသဲကွဲကွဲ မမြင်ရပေ။
လေယာဉ်ကွင်းအစပ်မှ ဂျာမန်မြေပြင် အမှုထမ်းများသည် မိုက်ကယ့်လေယာဉ်မှ စက်သေနတ်နှင့် တရစပ် ပစ်တော့ မည် အန္တရာယ်ကို ကြိုမြင်သဖြင့် သစ်တောထဲသို့ ၀င်ပြေးကြသည်။ လေသူရဲအချို့က သူတို့ လေယာဉ်ဆီသို့ ပြေးကြ သည်။

မိုက်ကယ်သည် သူ့လေယာဉ်ကို နောက်ထပ်ပေ ၁၀၀ခန့် နိမ့်ဆင်းလိုက်ပြီး ပစ်ခတ်မှုကို ရပ်လိုက်သည်။ ပေါင်ပေါ် မှ အထုပ်ကို လက်ဖြင့် ကောက်ယူလိုက်သည်။ ဂျာမန်လေယာဉ်ကွင်းအလယ်လောက်တွင် အထုပ်ကို အောက်သို့ ပစ်ချ ပြီး သူ့လေယာဉ်ကို အပေါ်သို့ ဦးမော့ကာ တစ်ရှိန်ထိုး ထောင်တက် လိုက်သည်။ အောက်ဘက်သို့ ပြန်ကြည့်လိုက်ရာ အထုပ် ကို ဂျာမန်လေသူရဲတစ်ဦး ကောက်ယူနေသည်ကို တွေ့ ရသည်။
စက္ကန့်ပိုင်း အတွင်းမှာပင် မိုက်ကယ်သည် ဂျာမန်လေယာဉ်ပစ် ကျည်ဆန်များ အလှမ်းမမီတော့သော ကောင်းကင် တိမ်တိုက်များထဲသို့ ရောက်နေချေပြီ။ မိုက်ကယ်သည် သူ့စခန်းဘက်သို့ ပြန်မောင်းလာရင်း သူချထားခဲ့သော အထုပ် အကြောင်း ပြန်စဉ်းစားမိသည်။
မိုက်ကယ် သည် မနေ့ညက စာတစ်စောင် ရေးပြီး အထုပ်တစ်ထုပ်လုပ်ကာ အထဲတွင် သေသေချာချာ ထည့်ခဲ့သည်။ သူအင်္ဂလိပ်လို ရေးထားသော စာမှာ အောက်ပါအတိုင်း ဖြစ်သည်။

မိုးပြာရောင်လေယာဉ်၏ လေသူရဲ

ခင်ဗျား မနေ့က သတ်ဖြတ်ခဲ့သော လက်နက်မဲ့ တွယ်ရာမဲ့ ဗြိတိသျှလေသူရဲမှာ ကျွန်တော့် မိတ်ဆွေ ဖြစ်သည်။
ယနေ့ ၁၆:၀၀နာရီနှင့် ၁၆:၃၀နာရီကြားတွင် ကန်တင်နှင့် အော်ဘစ်နီရွာအပေါ် အမြင့်ပေ ၈၀၀၀၌ ကျွန်တော် ကင်းလှည့်ထွက်နေမည်။
အက်စ်အီးအေ ၅ အ၀ါရောင် ကင်းထောက်လေယာဉ်ဖြင့် ပျံသန်းနေမည်။
ခင်ဗျား နဲ့ တွေ့ဖို့ မျှော်လင့်ထားသည်။

မိုက်ကယ် စခန်းသို့ ပြန်ရောက်သောအခါ အခြား လေယာဉ်မှူးများအားလုံး ပြန်ရောက်နေပြီ ဖြစ်သည်။
"မက် ငါ့လေယာဉ်မှာ သေနတ်ဒဏ်ရာတွေ ရထားတယ်၊ မင်း ပြင်လိုက်ပါဦးကွာ"
"ကျွန်တော် တွေ့တယ် ဆရာ၊ ပြင်ထားလိုက်မယ်"
လေယာဉ်ပေါ် မှ ဆင်းလာသော မိုက်ကယ်က လေယာဉ်ပြင် ဆရာမက်အား ပြောလိုက်ခြင်း ဖြစ်သည်။ တပ်ထောက်ကြီး က မိုက်ကယ်အား အသင့်စောင့်ကြိုပြီး ဆီးပြောသည်။

"ကျွန်တော်တို့ လေယာဉ် ၁၂စင်းစလုံး ပျံသန်းတိုက်ပွဲဝင်လို့ ရတဲ့ အခြေအနေ ရောက်နေပါပြီ၊ တာဝန်ကျ စာရင်းမှာ ၁၂စင်း စလုံး သွင်းထားတယ်"
"ကောင်းပြီလေ၊ နေ့ခင်းပိုင်းတိုက်ကင်းကို ဟန့်က ဦးဆောင်ပြီး ထွကိလမ့်မယ်၊ အဲဒီနောက်မှ ၁၅:၃၉နာရီ မှာ ကျွန်တော် တစ်ယောက်တည်း ထွက်မယ်"
"တစ်ယောက်တည်း ဟုတ်လား"
"ဟုတ်တယ်၊ ပြန်လာပြီးတော့မှ ထုံးစံအတိုင်း နေ၀င်ချိန် တိုက်ခင်းထွက်မယ်"
တပ်ထောက်ကြီးက မှတ်စုစာအုပ်တွင် လိုက်မှတ်ပြီးနောက် ပြောလိုက်သည်။

"ဒါနဲ့ တစ်ခု ပြောရဦးမယ်၊ ဗိုလ်ချုပ်ကြီး ကုတ်နေဆီက သတင်းပို့ချက်ရောက်လာတယ်၊ ညနေဘက် မင်္ဂလာအခမ်း အနားကိုလာတက်ဖို့ သူ အတတ်နိုင်ဆုံး ကြိုးစားပါမယ်တဲ့၊ လာနိုင်ဖို့ သေချာသလောက် နီးပါး ရှိပါတယ်တဲ့"
မိုက်ကယ်သည် ထိုနေ့အဖို့ ပထမဆုံး အကြိမ် ပြုံးလိုက်မိသည်။ မင်္ဂလာပွဲတွင် ဦးရီးတော် ရှောင်ကုတ်နေကို သိပ်ပြီး ရှိနေစေချင်သည်။
"ခင်ဗျားလဲ လာမယ်မဟုတ်လား ဘော့ပ်"
"လာမှာပေါ့၊ ကျွန်တော်တို့ လေယာဉ်အုပ်စု တစ်ဖွဲ့လုံး လာမယ်"

မိုက်ကယ်သည် စားရိပ်သာသို့သွားပြီး အရက် အနည်းငယ် သောက်လိုက်သည်။ ထို့နောက် သူ၏ ရွက်ထည်တဲငယ် သို့ ပြန်လာသည်။ မနေ့ညက သူ လုံးဝအိပ်မရခဲ့၊ အိပ်မပျော်ခဲ့ပေ။ တဲအပြင်ဘက်တွင် သေတ္တာလွတ် တစ်လုံးပေါ်၌ ထိုင်ကာ မိမိ၏ဖိနပ်ကို သုတ်နေသော တပည့်ကျော် ဘစ်အား တွေ့လိုက်ရသည်။ တစ်ကလည်း မိုက်ကယ့်ကို တွေ့လိုက်သည်နှင့် ချက်ချင်းထပြီး အလေးပြုသည်။
"ဘစ်ရေ ငါညကလဲ မအိပ်ခဲ့ရဘူးကွာ၊ တစ်ရေးလောက် အိပ်လိုက်ဥိးမယ်၊ သုံးနာရီထိုးယင် ငါ့ကိုနှိုးကွာ"
သို့သော် မိုက်ကယ်အဖို့ အိပ်ပျော်၍မှ မကြာခင် ရုတ်တရက် လန့်နိုးသွားရသည်။ တပည့်ကျော်ဘစ်က လာနှိုး၍ကား မဟုတ်။ မြေပြင်အမှုထမ်းများ၏ အော်ဟစ်သံများ၊ လူများ၏ ပြေးလွှားသံများ၊ လေယာဉ်ပစ် အမြောက်သံများ၊ လေယာဉ်ပျံ အသံများကြောင့် နိုးလာခြင်း ဖြစ်သည်။

မိုက်ကယ်သည် ရွက်ထည်တဲထဲမှ ကမူးရှူးထိုးနျင့် ပြေးထွက်လာသည်။
"ဘာတွေ ဖြစ်နေတာလဲကွ ဘစ်"
"ဂျာမန် လေယာဉ်တစ်စင်းဆရာ၊ ကျွန်တော်တို့ လေယာဉ်ကွင်းထဲကို ထိုးဆင်းလာတယ်" ဘစ်က ဖြေ သည်။
"မြေပြင်ကို မဆင်းဘဲ ပြန်ထောင်တက်သွားတယ်"
တစ်ခြားတစ်ယောက်က လှမ်းပြောသည်။ လေသူရဲများ၊ မြေပြင်အမှုထမ်များ တစ်ယောက်နှင့်တစ်ယောက် အော်ဟစ် ပြောဆိုကြရင်း လေယာဉ်ကွင်းစပ်ဆီသို့ ပြေးသွားကြသည်။
"တစ်ချက်မှ မထိဘူး"
"အဲဒီလေယာဉ် ကို မင်း မြင်လိုက်ရသလား" မိုက်ကယ်က လှမ်းမေးသည်။

"အယ်လ်ဘာတော့စ် အမျိုးအစား မိုးပြာရောင် လေယာဉ်ဆရာ၊ စားရိပ်သာအမိုးနားကကပ်ပြီး ပျံတက် သွားတာ"
"သူ့လေယာဉ်ပေါ်ကနေပြီး တစ်စုံတစ်ခု ချသွားတယ်၊ ဘော့င် ပြေးကောက်ထားလိုက်တယ်"
မိုက်ကယ် သည် စားရိပ်သာဘက်သို့ လျှောက်သွားသည်။

အ၀င်ဝရှိ လေသူရဲသုံးလေးဦးအား တွန်းဖယ်ကာ အထဲသို့ ၀င်သွားသည်။ အခန်းအလယ်မှ စားပွဲတွင် တပ်ထောက် ကြီးက ဂျာမန်လေယာဉ်မှ ပစ်ချပေးသွားသော ရွက်ဖျင်အိတ်ကို ဖွင့်နေသည်ကို တွေ့ရသည်။ အိတ်ထဲမှ ပါလာသော ပစ္စည်းများကို တွေ့လိုက်ရသောအခါ တစ်ယောက်တစ်ပေါက် ပြောသံများ တိတ်ဆိတ် သွားသည်။

တပ်ထောက်ကြီး၏ လက်ထဲတွင် အစိမ်းရောင် ပိုးလည်စည်းကလေး ကို ကိုင်ထားသည်။ မီးလောင် ထားသော အပေါက်များနှင့် သွေးစွန်းထားသော အကွက်များကို အထင်းသား မြင်ရသည်။
"အင်ဒရူး ရဲ့ လည်စည်းနဲ့ အရက်ဘူးပါလား" မိုက်ကယ်က အားလုံး မြင်တွေ့သိရှိနေလျှက်ကပင် ပြော လိုက်သည်။
တပ်ထောက်ကြီးသည် ထိုပစ္စည်းနှစ်ခုကို စားပွဲပေါ်ချထားလိုက်ပြီး ကျန်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထပ်မံ ထုတ်ယူလိုက်သည်။ အင်ဒရူး ၏ ဘွဲ့တံဆိပ်နှင့် ရောင်စုံဖဲပြားများ၊ ပယင်း စီးကရက်စွတ်တံ၊ သားရေ ပိုက်ဆံအိတ်နှင့် အထဲတွင် ရွှေဒင်္ဂါးသုံးပြားတို့ကို တွေ့ရသည်။ ပိုက်ဆံအိတ်ထဲတွင် အင်ဒရူး မိဘနှစ်ပါး ၏ ဓာတ်ပုံတစ်ပုံပါလာသည်။
"ဒါက ဘာပါလိမ့်မ၊ အပေါ်မှာတော့ လိပ်စာရေးထားတယ်" တပ်ထောက်ကြီးက ချိတ်ပိတ်ထားသော စာအိတ် ကို နောက်ဆုံး ထုတ်ယူပြီး ပြောလိုက်သည်။ စာအိတ်ပေါ်မှ လိပ်စာတွင် "အက်စ်အီး ၅ အ၀ါရောင် လေယာဉ် ၏ လေယာဉ်မှူးသို့" ဟု ရေးထားသည်။

"ဒါ ခင်ဗျားအတွက် မိုက်ကယ်၊ ဘာလဲတော့ မသိဘူး"
တပ်ထောက်ကြီးပေးသော စာအိတ်ကို မိုက်ကယ်က လှမ်းယူပြီး ဖွင့်ဖောက်လိုက်သည်။ အထဲမှ အကောင်းစား စာရွက်ခေါက်ကလေးတစ်ခု ထွက်လာသည်။ စာရွက်ကို ဖြန့်လိုက်ရာ အင်္ဂလိပ်လို ရေးထားသော စာသားတစ်ချို့ကို တွေ့လိုက်ရသည်။ စာမှာ အောက်ပါအတိုင်း ဖြစ်သည်။

....ခင်ဗျား

လူကြီးမင်း ၏ မိတ်ဆွေ လော့ဒ်အင်ဒရူးကီလီဂါရင်ကို ယနေ့ နံနက်ပိုင်းတွင် ဘုရားရှိခိုးကျောင်း၌ ၀တ်ပြုကာ ကောင်းမွန်စွာ မြှုပ်နှံသင်္ဂြိုဟ်လိုက်ပါသည်။
ကျွန်တော်ခင်ဗျား ကို အသိပေးစရာ ရှိသလို၊ သတိပေးစရာလည်း ရှိပါသည်။ စစ်ပွဲ၌ မည်သို့သော သေဆုံးခြင်း သည် မဆို လူသတ်ခြင်း မမည်ပါ။ စစ်မက်ဖက်ပြိုင် တိုက်ခိုက်ခြင်း၏ အဓိက ဦးတည်ချက်မှာ မည်သည့်နည်းဖြင့် မဆို ရန်သူ ကို ဖျက်ဆီးချေမှုန်းရန်သာ ဖြစ်ပါသည်။
ခင်ဗျား နှင့် တွေ့ဖို့ ကျွန်တော် မျှော်လင့်ထားပါသည်။

အော်တိုဗွန်ဂရန်း

မိုက်ကယ်က စာရွက်ကို ခေါက်ပြီး အိတ်ထဲ ထည့်လိုက်သည်။ ကျန်လူများက သိချင်ဇောဖြင့် သူ့အား စိုက်ကြည့်နေ သည်။ မိုက်ကယ်က အင်ဒရး ရုပ်ကလာပ်အား ဂျာမန်တို့က စစ်အခမ်းအနားဖြင့် သင်္ဂြိုလ် လိုက်ပုံကိုသာ ပြောပြသည်။ တခြား ဘာမှ ပြောမပြပေ။
"မိုက်ကယ် ... ဒီပစ္စည်းလေးကိုတော့ ခင်ဗျား ထိန်းသိမ်း စောင့်ရှောက်ထားသော အင်ဒရူးလိုလားလိမ့်မယ် ထင်တယ်"
တပ်ထောက်ကြီး က မိုက်ကယ်အား အင်ဒရူး၏ အရက်ဘူးအပြားလေးကို လှမ်းပေးလိုက်သည်။ မိုက်ကယ် က လှမ်းယူ ပြီး ပြန်ပြောလိုက်သည်။ လှမ်းယူသော သူ့လက်များက တုန်နေသလို သူ့အသံကလည်း တုန် နေသည်။
"ဟုတ်တယ်၊ ကျွန်တော် အင်ဒရူးကိုယ်စား ဒါလေးကို သေတစ်ပန် သက်တစ်ဆုံး စောင့်ရှောက်ထားပါ့မယ်"
 
(၁၁)

မိုက်ကယ်အား လေယာဉ်မောင်းဝတ်စုံများကို တပည့်ကျော် ဘစ်က ၀ိုင်းကူ ၀တ်ဆင်ပေးနေသည်။ ခါတိုင်း ထက် ပိုဂရု စိုက်ကာ ၀တ်ဆင်ပေးသည်။ ဖိနပ်ကိုလည်း ခါတိုင်းထက် ပိုပြောင်လက်အောင် နှစ်ဆတိုး တိုက်ထားပေးသည်။
"ဆရာပြန်လာယင် လုပ်ကိုင်ပေးဖို့ ကျွန်တော် အသင့်ပြင်ထားမယ်၊ ဆရာရေချိုးဖို့ ကျွန်တော် ရေနွေး များများ ကျိုထား မယ်"
"ကျေးဇူပဲ ဘစ်"
"သြ ... ဆရာမိုက်ကယ်ရယ်၊ ဆရာ့အတွက် မင်္ဂလာဆောင်တဲ့ နေ့ဆိုတာ နေ့တိုင်း ဖြစ်နေတာမှ မဟုတ်ဘဲ၊ ကျွန်တော် ဆရာ့ ကို အကောင်းဆု့း ပြင်ဆင်ပေပါ့မယ်"
"မှန်တယ်ဘစ် ရေ၊ တစ်သက်မှာ မင်္ဂလာဆောင်တဲ့နေ့တစ်နေ့ဆိုယင် ငါ့အဖို့ လုံလောက်ပါပြီကွာ"

"ဆရာနဲ့ ဆရာကတော် တို့ ဒီနေ့ သိပ်ပျော်ကြလိမ့်မယ်ဆိုတာ ကျွန်တော် အတတ်သိပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့် မိန်းမ လက်ထပ်ခဲ့တာ လာမယ့်ဇွန်လဆိုယင် ၂၂နှစ် ရှိပြီ"
"ကြာပြီပဲ ဘစ်"
"ကျွန်တော့် စံချိန်ကို ဆရာချိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ကျွန်တော် ကြိုးစားပါ့မယ် ဘစ်"
"ဆရာ ကျွန်တော် တစ်ခု ပြောပါရစေ၊ ဆရာတစ်ယောက်တည်း မသွားသင့်ဘူးထင်တယ်၊ လုံးလုံး စိတ်မချရဘူး ဆရာ၊ အနည်းဆုံး မစ္စတာဟန့်ဂျွန်ဆင်ကို ခေါ်သွားသင့်ပါတယ်၊ ဒါ ကျွန်တော် ပြောရမယ့် စကားတော့ မဟုတ်ပါဘူး ဆရာ၊ ကိုယ့်အရာ မဟုတ်ဘဲ ပြောမိတဲ့အတွက်တော့ တောင်းပန် ပါတယ်"

မိုက်ကယ် က ဘစ်ပခုံးကို လက်နှင့် လှမ်းကိုင်လိုက်သည်။ သူယခင်က ထိုသို့ တစ်ခါမှ မလုပ်ခဲ့ဖူး။
"ကဲ ... ကျွန်တော် ပြန်ရောက်လာယင် ရေချိုးဖို့ ရေနွေးအသင့် လုပ်ထားဗျာ"
မိုက်ကယ်တဲထဲမှ ထွက်သွားသောအခါ ဘစ်ကငေးကြည့်နေမိသည်။

မိုက်ကယ်သည် လေယာဉ်ကို ကောင်းကင်သို့ မောင်းနှင်ပျံသန်းတက်လိုက်သည်။
ထို့နောက် စင်တိန်တို့နေသော ကျေးလက်စံအိမ်ဘက်သို့ ဦးတည်ကာ ပျံသန်းလိုက်သည်။ စံအိမ် အနောက်ဘက် ရှိ တောင်ပူစာကလေးပေါ်တွင် ခွေးတစ်ကောင်တစ်မြီးမှ မရှိ။ ပြောင်သလင်းခါနေသည်။ မိုက်ကယ်ကလည်း ထိုသို့ပင် ရှိနေလိမ့်မည်ဟု မျှော်လင့်ထားသည်။
တောင်ပူစာမှ ကျော်ပြီး အိမ်ဘက်သို့ ရောက်လာသောအခါ အိမ်ခေါင်းမိုးပေါ်မှ လွတ်ရုံကပ်ပြီး ပျံသန်းလိုက်သည်။ အိမ်ပေါ်မှ ကျော်သွားချိန်တွင် အိမ်ထဲ၌ မည်သည့်အရိပ်အယောင်မှ မတွေ့ရပေ။ မကျေနပ် သဖြင့် တစ်ပတ်လှည့်ပြီး ခပ်နိမ့်နိမ့်ပင် ပျံသန်းလိုက်သည်။

ယခုတစ်ကြိမ်တွင်မူ အိမ်ထဲမှ လှုပ်ရှားမှုကို လှမ်းမြင်လိုက်ရသည်။ မြေညီထပ်ရှိ မီးဖိုနားမှ ပြတင်းပေါက် တံခါးတစ်ချပ် ဖြုန်းခနဲ ပွင့်သွားသည်။ ထိုပြတင်းပေါက်မှနေ၍ တစ်စုံတစ်ယောက်က အ၀ါရောင် အ၀တ်စ ကို ဝှေ့ယမ်းပြနေသည်။ သူမည်သူဆိုသည်ကိုမူ မိုက်ကယ် သဲသဲကွဲကွဲ မမြင်ရပေ။
မိုက်ကယ် လေယာဉ်ကို နောက်တစ်ကြိမ် ပြန်ကွေ့လာပြီး ပိုမို၍ နိမ့်အောင် ပျံသန်းလာသည်။ ယခု တစ်ကြိမ်တွင်မူ ပြတင်းပေါက်၌ ရပ်ပြီး ဝှေ့ယမ်းပြနေသော စင်တိန်ကို မိုက်ကယ် လှမ်းမြင်လိုက်ရသည်။ သူ့အမြင် မည်သို့မှ မမှားနိုင် ပါချေ။ မဟူရာကေသာနှင့် သမင်မမျက်လုံးများမှာ သူ့အသည်းထဲတွင် စူးဝင်နစ်နေသော အလှများ ဖြစ်သည်။

စင်တိန်သည် ပြတင်းပေါက်မှ ခေါင်းပြူးထွက်ပြီး အ၀ါရောင်လည်စည်းကို ဝှေ့ယမ်းပြရင်း အော်ဟစ်ပြောကြားနေ သည်။ စင်တိန့် အသံကိုတော့ မိုက်ကယ် မကြားရပေ။ စင်တိန်ကို မြင်လိုက် ရသဖြင့် မိုက်ကယ် ဘ၀င်ကျသွားသည်။ လေယာဉ်ကို ကောင်းကင်သို့ ထောင်တက်လိုက်ပြီး သူသွားမည့် နေရာ သို့ ဦးတည်လိုက်သည်။
"ဟိုဟာ မိုက်ကယ်ပဲ၊ ကျွန်မ သူ့ကို မြင်လိုက်ရတယ် အန်၊ သူဆိုတာ သေချာပါတယ်၊ သူ သိပ်ချောတာပဲ၊ သူ ကျွန်မ ကို လာတွေ့တာ၊ ကျွန်မ ဖေဖေကြောင့် သူ့ကို တောင်ပူစာလေးပေါ်ကနေ သွားမနှုတ်ဆက် ရတာ"

စင်တိန်သည် ပြတင်းပေါက်မှနေ၍ အန် ထိုင်နေသော ခုတင်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ သူမ စကားကြားရ သဖြင့် အန် မျက်နှာ ပျက်သွားသည်။
"လက်ထပ်မယ့် နေ့မှာ သတို့သမီးက သတို့သားကို မြင်ရတယ်ဆိုတာ လာဘ်မကောင်းဘူး" အန်က ပြော လိုက်သည်။
"အို အဓိပ္ပာယ်မရှိတာ အန်ရယ်၊ တစ်ခါတစ်ခါလေ ရှင်ဟာ အဲဒီလိုပဲ မဟုတ်ကဟုတ်ကတွေ ပြောတတ် တယ်"
"ကဲ ဒါဖြင့်လဲ ဒါကို ညနေအမီ ပြီးအောင် လာလုပ်"

စင်တိန်သည် အန်ဘေးရှိ ခုတင်ပေါ်တွင် သွားထိုင်လိုက်သည်။ သူ့အမေ၏ ဆင်စွယ်နှစ်ရောင် လက်ထပ် ၀တ်စုံအား သူနှင့်တော်အောင် သီချုပ်နေမှုကို ဆက်လက် လုပ်ကိုင်လိုက်သည်။
"ကျွန်မ ဆုံးဖြတ်ထားတယ် အန်၊ ကျွန်မ သားတွေပဲ မွေးမယ်၊ အနည်းဆုံး ခြောက်ယောက် မွေးမယ်၊ မိန်းကလေး ဖြစ်ရတာ စိတ်သွားတိုင်း ကိုယ်မပါဘူး၊ ကျွန်မ ကလေးတွေကို ကျွန်မ စိတ်ကျဉ်းကျပ်ရသလို မကျဉ်းကျပ် စေချင်ဘူး"
စင်တိန်သည် ချုပ်ရိုးကြောင်း အတော်များများကို ချုပ်ပြီးသောအခါ ရပ်လိုက်ပြီး ထပ်ပြောပြန်သည်။
"ကျွန်မ သိပ်ပျော်တာပဲ၊ ပြီးတော့ စိတ်သိပ်လှုပ်ရှားတာပဲ၊ ဗိုလ်ချုပ်ကြီး လာမယ်လို့ ထင်သလားဟင်၊ စစ်ပွဲကြီး ပြီးမှ ကျွန်မနဲ့ မိုက်ကယ်တို့ အာဖရိကကို သွားနိုင်မှာ၊ မိုက်မဲတဲ့ ဒီစစ်ပွဲကြီး ဘယ်တော့ ပြီးမယ် ထင်သလဲဟင်"
အန်က စင်တိန့်စကားကို နားထောင်နေရာမှ တစ်ဘက်သို့ လှည့်ပြီး မသိမသာ ပြုံးလိုက်သည်။

ဆက်ရန်
.

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ခေါင်းစဉ်တက်လာတာနဲ့ အမြန်လာဖတ်တာ
တစ်ပိုင်းထက်တစ်ပိုင်း ပိုပြီးကောင်းလာပြီ
အစ်မ ဆက်ရန်ကို မြန်မြန်တင်ပေးပါနော်။
ဒီဝတ္ထုလေးက ရင်တထိတ်ထိတ်နဲ့ဖတ်ရတာ သိပ်ကြိုက်တာဘဲ။

Angelhlaing(May everybody be happy and healthy! said...

နှောက်ကြောင်းပြန်တွေလိုက်ဖတ်ရင်း ဒီထိေ၇ာက်လာပြီ :) မနည်းမှီအောင်လိုက်ရတယ်မမရေ....စောင့်မျှော်လျှက်ပါလို့...