တေ့လွဲ လွဲရခြင်း
ကျေးဇူးရှင်တို့၏ အရိပ်အာဝါသမှ ခွာခဲ့၍ သင်္ဘောပေါ်သို့ ရောက်ပြီးလျှင် လက်မှတ်ခံရန် ပိုက်ဆံအိတ်ကို စမ်းသည် နှင့် တစ်ပြိုင်နက် ကျွန်ုပ်၏ ပိုက်ဆံအိတ်ထည့်ထားသော အတွင်းအိတ်တွင် အထုပ်ပြားချပ်ချပ် ကလေးတစ်ခုကို တွေ့ရသဖြင့် ထူးဆန်းလှပေသည်ဟု ကပျာကသီထုတ်ယူကာ ကြည့်လိုက်၏။ အထုပ် ကလေးမှာ အလှူတစ်ခုမှ လက်ဆောင်ပေးသော စက္ကူအိတ်တစ်အိတ် အတွင်း၌ တစ်စုံတစ်ခုကို ထည့် ကာ ကျကျနန ချိုးခေါက်၍ ထုပ်ထားပြီးလျှင် အပေါ်က အပ်ချည်ကြိုးနှင့် စည်းနှောင်ထား၏။ ဖြေဖွင့်၍ ကြည့်လိုက်သော အခါတွင် အတွင်း၌ ပန်းထိုးလက်ကိုင်ပ၀ါကလေးတစ်ထည်၊ ၀ိတိုရိယတံဆိပ်ခေါင်းပါ သော တစ်ကျပ်တန်ငွေစက္ကူတစ်ချပ် နှင့် စာတိုကလေးတစ်စောင်ကို တွေ့ရပေသည်။ ထိုစာကလေးမှာ -
ရိုသေစွာ စာရေးပါသည် အကိုကံကောင်းရှင့်။
အကို ကံကောင်း လမ်းမှာသုံးဖို့ အသန့်စုထားတဲ့ ငွေတစ်ကျပ်ကိုပေးလိုက်ပါသည်ရှင့်။ ပီးတော့ အသန့် အကြိုက်ဆုံး လက်ကိုင်ပ၀ါကလေးလည်း ပေးလိုက်ပါသည်ရှင့်။ ကျောင်းပိတ်တိုင်း အသန့်တို့ဆီကို မြန်မြန် ပြန်လာပါရှင့်။ အသန့်တို့ဆီကလဲ စာပြန်ပါမည်ရှင့်။ ကျောင်းပိတ်ရင် ဆက်ဆက် ပြန်ခဲ့ပါရှင့်။ အသန့် မျှော် နေပါမည်ရှင့်။
ညီမကလေး
အသန့်
ဟူသောစာကလေးပင်ဖြစ်၏။ ကျွန်ုပ်သည် လက်မှတ်မယူဖြစ်သေးဘဲ သူ့စာကလေးနှင့် လက်ကိုင်ပ၀ါ ကလေးကို ကြည့်ကာ သင်္ဘောလက်ရမ်းသို့ လာခဲ့မိပေသည်။ သင်္ဘောကုလားတို့သည် ကုန်းဘောင်ကို ထိုးတင်ကြပြီးဖြစ်၍ သင်္ဘောသည် ဆိပ်ခံမှ တရွေ့ရွေ့ခွာစပြု၏။ ကျွန်ုပ်လည်း လှိုက်လှဲသော နှလုံးဖြင့် တရွေ့ရွေ့ ရွေ့ကာ ကျန်ရစ်ခဲ့သော ညီမကလေးအသန့်ရှိရာ မြို့ကလေးကို တွေဝေငေးမောကာကြည့်ရင်း ရင်တွင်း၌ လှိုက်လှိုက်လှဲလှဲ ၀မ်းနည်းမိလေတော့သည်။
မြေတိုင်းကျောင်း၌ ကျွန်ုပ်ကြိုးစားရပုံတို့ကို ရေးလျှင်ကား ဆုံးနိုင်ဖွယ် ရှိမည်မဟုတ်ပေ။ ဤနေရာအထိ ကျွန်ုပ်၏ ဖြစ်စဉ်မှတ်တမ်းကို ရေးသားပြီးသောအချိန်၌ ကျွန်ုပ်၏ ၀တ်လုံများသည် ကျွန်ုပ်၏ ကြိုးဒဏ်အယူ ခံချက်ကို တရားလွှတ်တော်ချုပ်၌တင်ကာ လျှောက်လဲချက်များပေး၍ပင် နေကြပေပြီ။ ကျွန်ုပ်၌ အချိန်များ စွာ မရှိတော့ပေ။ ထို့ကြောင့် ကျွန်ုပ်၏ ဖြစ်စဉ်မှတ်တမ်းကို အတိုချုံ့နိုင်သည့် နေရာတို့၌ ချုံ့ရပေတော့မည် ဖြစ်၏။ ထို့ကြောင့် အတိုချုံ့ရမည်ဆိုပါလျှင် ကျွန်ုပ် မြေတိုင်းကျောင်းတက်၍ နေရာ၌ အသန့်ကလေးတို့ထံ လစဉ် မှန်မှန် စာတစ်စောင်ကျထည့်၏။
ကျောင်းအိပ်ကျောင်းစားဘ၀၌ နေထိုင်ရသောကြောင့် အစား အသောက်အနေအထိုင် အချိန်မှန်ကန်သည့် အားလျော်စွာ ကျွန်ုပ်သည် ကြွက်သားကြီးထွားရေး လေ့ကျင့် ခဏ်းများကို ကျကျနနကြီး လိုက်စားခဲ့၏။ အသွေးအသား တက်ဖြိုးချိန်ဖြစ်သည့်အလျောက် ကျွန်ုပ်မှာ ကာယဗလ လျင်မြန်စွာ ကျိုင်းလာပေရာ နောက်ဆုံး ၌ ကျောင်းနေဖက် မိတ်ဆွေများကပင် " ဖားပြုပ် ကံ ကောင်း" ဟု အမည်ပြောင်း ပေးထား ကြ၏။ အကြောင်းမူကား ကျွန်ုပ်မှာ အင်္ကျီကျွတ် ဘောင်းဘီတိုနှင့်ဆို လျှင် အလွန်ကြည့်၍ ကောင်းသော အားရ စရာ ကိုယ်လုံးရှိသော်လည်း ကျကျနန အပေါ်အင်္ကျီနှင့် ရှပ် လည်မာနှင့် ၀တ်လိုက်သောအခါ မို့မောက် နေသော ပုခုံးကြွက်သားများကြောင့် ဖားပြုတ်နှင့် တူသော ကြောင့် ဖြစ်ပေသည်။ ကာယဗလ ပြည့်ဖြိုး လာသည်၌ သဲအိတ်ထိုး လေ့ကျင့်ခဲ့သေး၏။
နောက်ဆုံး၌ ငှက် ပျောပင်ပျို ထက်ပိုင်း ငိုက်ဆိုက်ကျိုးအောင်ထိုးနိုင်ခဲ့၏။ ဤအခါ၌ ရင်ထည်းတွင် ကိုယ့်ဗလ နှင့် ကိုယ့်လက် သီးဆုပ်ကို ကြည့်ကာ ပြုံးမိ၏။ ပြုံးလိုက်သောအခါတွင် ကျွန်ုပ်၌ ရွှေသွား တစ်ချောင်း ၀ါးကနဲ ပေါ်၍လာရာ ထိုရွှေသွားကို ကြည့်ရင်းပင် ထပ်၍ ပြုံးလိုက်မိပြီးနောက် " အော် ... မောင်ညိမ်းအောင်" ဟု ဆိုကာ ရင်မောက်အောင် အသက်ရှူမိပေသည်။ မောင်ညိမ်းအောင်၏ လက်ချက် ကြောင့် နဲ့ခဲ့ရသောသွားမှာ ပြန်၍ မခိုင်တော့သဖြင့် ကျွန်ုပ်သည် ငွေကလေး ခြစ်ခြစ်ခြုတ်ခြုတ်စုကာ ရှစ်ကျပ်တန် ရွှေသွားတစ်ချောင်းကို စိုက် ခဲ့ရပေသည်။ ရွှေသွားကို မြင်မိတိုင်း ဖြစ်ခဲ့သမျှကို သတိရ၏။ နံနက်တိုင်း သွားတိုက်အပြီး မှန်ထဲ၌ ကြည့် လိုက်လျှင် ထိုရွှေသွားဝါ၀ါသည် ကျွန်ုပ်၏ ဘ၀သန္နဌာန်ကြီးကို မမေ့အောင် ဖန်တီးလျက် အနာရွတ်မြင်တိုင်း မဟော်ကို မကျေသော ကေ၀ဋ်ကဲ့သို့ ရှိရပေသည်။
အသန့်ထံမှ တစ်လတစ်စောင် စာမှန်မှန်လာ၏။ သူစာကလေးတွေမှာ သူ့မိများအကြောင်း မြို့ရွာ အကြောင်း မြေတိုင်း အင်စပက်တော်ကြီးက မေးမြန်းသည်ဆိုသော အကြောင်းတွေ အားလုံးပါ၏။ သို့ရာ တွင် သူ့စာကလေးဆုံးတိုင်း " အကို အကောင်းကို အသန့် အမြဲသတိရပါသည်ရှင့်။ ဘယ်တော့မှ မမေ့ပါ ဘူးရှင့်။ ကျောင်းရက်ရှည်ပိတ်လျှင် ပြန်လာခဲ့ပါရှင့်" ဟူ၍သာလျှင် အမြဲအဆုံးသတ်လေ့ရှိပါသည်။ ကျွန်ုပ် လည်း ကျောင်းပိတ်ရက်တိုင်း အသန့်တို့ဆီသို့ ပြန်ပေသည်။ တစ်ခါတစ်ခါ အသန့်က ကျောင်းပိတ်ရက်နီး လျှင် သူစုထားသော စုဘူးကလေးကို ဖောက်၍ တတ်နိုင်သမျှ လမ်းစရိတ်ထောက်သေး၏။ သူပို့လိုက်သော ငွေကလေး များရောက်၍လာလျှင် ကျွန်ုပ်မှာ လောကတွင် ကျွန်ုပ်အပေါ်၌ တွယ်တာခင်မင်သူမှာ သူ ကလေး တစ်ဦးသာရှိသဖြင့် သူကလေးကို ပြေး၍ တွေ့ချင်သောစိတ်များ ဘွားကနဲပေါ်ပေါက်လာတတ်၏။
ထို့ ကြောင့် နွေရာသီကျောင်းပိတ်ရက်တိုင်း အသန့်တို့ဆီသို့ ပြန်ကာ ၂-လမျှ နေလေ့ရှိခဲ့ပေသည်။ သို့ပြန် ရာ၌ -
ပဋ္ဌမနှစ်တွင် -အသန့်မှာ ၁၃ နှစ်အရွယ်ကျော်ကျော် ရှိပြီဖြစ်၍ ဆံရစ်ကလေးဘ၀မှ ဆံရဏ်ဆံတောက် ကလေးထားရပေပြီ။ ကျွန်ုပ်အိမ်သို့ ပြန်ရောက်သည့်နေ့၌ အိမ်ပေါ်မှ ဒရောသောပါး ပြေးဆင်းလာကာ ကျွန်ုပ်၏ အင်္ကျီလက်မောင်း ကို ဆွဲခို၍ လိုက်ပါလာ၏။ အသံပို၍ သာလာ၏။ လူကောင်မှာလည်း သိသိ သာသာ ထွား၏။ ငယ်ရုပ်များပင် ပျောက်လွင့်စပြုပေပြီ။ ညအခါ၌ အိမ်ရှေ့လမ်းပေါ်မှ ကလေးတစ်စုတို့ " ကြက်တူရွေး ခွေးကိုက်တယ်" အော်ကာ ပြေးကြသည်ကို ကြားရပေသည်။ ဤအချိန်၌ အသန့်သည် ဘုရား ပန်းများကို သီတံနှင့်သီ ၍ နေတတ်သည်။
ဒုတိယနှစ်တွင် - အသန့် မှာ ၁၅ နှစ်ထဲသို့ ရောက်နေ၏။ ဆံတောက်ကြီးဖားဖား ဝေ၍နေပေပြီ။ ကျွန်ုပ်အိမ် သို့ပြန်ရောက်သောနေ့၌ အသန့်သည် အိမ်ပေါ်မှ ဒရောသောပါး ပြေးဆင်းလာကာ ကျွန်ုပ်၏ လက်မှ လက် ဆွဲသားရေအိတ်ကို ဆွဲယူကာ ကျွန်ုပ်၏ နောက်မှ စကားပြောရင်း လိုက်လာရှာ၏။ ခရစ်ယာန်သူနာပြုဆရာ မ များဝတ်သော အင်္ကျီလက်ဝကားကားနှင့် လုံချည်တွင် ဘီအေမ အနားများတပ်၍ ၀တ်နေပေပြီ။ လသာ သာညများတွင် အိမ်ရှေ့လမ်းပေါ်မှ " ပပ၀တီရေ ... ပြည်ကြီးသာဂလ ငါမပြန်ပါပြီကဘဲ ... " ဟူသော ဖိုး စိန် ငိုချင်း ကို ကြားရပေသည်။ ဤအချိန်၌ အသန့်သည် တက်တင်းထိုး၍ နေတတ်ပေသည်။
တတိယနှစ်တွင် - အသန့်မှာ ၁၅ နှစ်ကျော်၍ ၁၆ နှစ်ထဲသို့ ၀င်လေပြီ။ ဆံတောက်ဖားဖားကြီးကိုပင် ဦးလုံး သွင်းရန် အရှည်ခံ၍ ထားရပြီဖြစ်၏။ ကျွန်ုပ်အိမ်သို့ ပြန်ရောက်သောနေ့၌ အသန့်သည် အိမ်ပေါက်တံခါးဝမှ " ဟော ... အကိုကံကောင်း ကျောင်းကပြန်လာပြီ "ဟု ချိုသာကြည်လင်စွာ နှုတ်ဆက်ရှာ၏။ ပြီးလျှင် ကျွန်ုပ်၏ လက်က လွယ်အိတ်ကို ဆွဲယူပေသည်။ သွတ်ကွက်လက်ကောက်ကလေး တစ်ဖက်တစ်ကွင်း ၀တ်ထား၏။ နားတွင် ဥဿဖရား သုံးပွင့်ဆိုင် နားကပ်ကလေး ပန်ထား၏။ လည်တွင် အစ်မစီကြိုးတစ်ကုံး ရွေးကြီးစေ့ခန့် လောကက်သီးကလေးနှင့် ဆွဲထား၏။ လသာသာညအခါများတွင် အိမ်ရှေ့လမ်းမပေါ်မှနေ၍ လဆွတ်ချူ ယူငင် ပန်ဆင်လေ ပန်ဆင်လေ ပန်ဆင်ရန် ရည်စူး မြင်မြင်သူ စိတ်ကယ်က ကူးသည်နှင့်လေး" ဟူသော တယော မယ်ဒလင် ဘင်ဂျိုတို့ဖြင့် အစုလိုက်တီးမှုတ် သွားကြသော အသံများကို ကြားရတော့ ပေသည်။ ဤအချိန်၌ အသန့်သည် ဘုရားစင် နဖူးစည်းအတွက် ဆင်တံဆိပ်ဇာချည်လုံးဖြင့် တစ်ချောင်းထိုး ထိုး၍နေတတ်ပေသည်။
ထိုသုံးနှစ်တို့သည် အသန့်တို့ထံ ပြန်ရမည့် ရက်ကို စောင့်မျှော်ရသောအခါ၌ တော်တော်နှင့် နှစ် မကုန်နိုင်ပေ။ အသန့်တို့ထံ၎ နေရသော ၂ လကာလကလေးမှာကား ဖြုတ်ခနဲကုန်၍ သွားလေ့ရှိပေ သည်။
ကျွန်ုပ် မြေတိုင်းကျောင်းမှ စာမေးပွဲအောင်၍ ကျောင်းဆင်းခဲ့၏။ ကံအားလျော်စွာ ကျွန်ုပ်သည် နေရင်း အသန့် တို့မြို့ကလေးသို့ ပြန်၍ မရောက်စေကာမူ ထိုမြို့နှင့် မိုင် -၂၀ဆယ်ခန့် ကွာသော အခြားမြို့ကလေး တစ်မြို့ ၌ အလုပ်ဝင်ရ၏။
စတုတ္တနှစ်တွင်- ကျွန်ုပ်သည် အသန့်တို့ အိမ်သို့ သုံးခေါက်ရောက်ခဲ့၏။ ဤအခါတွင်ကား ကျွန်ုပ်မှာ ခြေကုတ် အလုပ်ကလေးနှင့် ဟန်ကျပန်ကျ ရှိနေပြီဖြစ်သောကြောင့် အသန့်အတွက် မက်ကောစောင် လိပ်ခွံ ဆံထုံးခံ၊ မဟာဖလာ၊ လုံချည်စသည်တို့ကိုပင် လက်ဆောင်ကလေးများယူ၍ သွားနိုင်ပေပြီ။ ကျွန်ုပ် ၏ ကျေးဇူးရှင်များကိုလည်း ဘန်ကောက်လုံချည်အုပ် ကန်တော့နိုင်ခဲ့၏။ ကျွန်ုပ်၏ အလုပ်နှင့် မကင်းရာ မကင်းကြောင်း ဖြစ်သော တောကမိတ်ဆွေများထံမှ လာပို့သည့် ဒူးရင်း၊ မင်းကွတ်တို့ကိုလည်း ခြင်းကြီးခြင်းငယ် နှင့် ထည့်၍ သယ်ယူခဲ့နိုင်ပေသည်။
ပဉ္စမနှစ်သို့ခုန်ကြစို့ - အသန့် ၁၈ နှစ်ရွယ် ရှိပေပြီ။ ထိုနှစ်ထဲတွင် ကျွန်ုပ်၏ ဆရာရင်းဖြစ်သော မြေတိုင်း အင်စပက်တော်ကြီး ပင်စင်ယူလိုက်သဖြင့် သူ၏နေရာ၌ ကျွန်ုပ်မှာ အစမ်းခန့်ထားခြင်းခံရ၏။ သို့အားဖြင့် ကျွန်ုပ် အလွန်ပြန်ချင်နေသော အသန့်တို့ဆီသို့ ကော်ဇောပျံနှင့် လိုက်၍ ပို့လိုက်သလို ရောက်လာရပေ တော့သည်။ ကံတရား၏ စီမံပုံကို ကျွန်တော် ကျေနပ်မိပြန်ပေသည်။ ယခင်က အခါခါလက်ပေး၍ သတ် သတ်သော ကံဆရာ၏ (သောက်)ကျင့်ကို ကျွန်ုပ် မမှတ်သေး။ ကံ တယ်ပြီး ကောင်းပါလားဟု ကျေနပ်၏။ ကံတရား ကိုသာ အကောင်အထည်မြင်ရလျှင် ထိုင်၍ ဦးချချင်စိတ်ပေါက်၍ လာမိပြန်ပေသည်။ ဒီတစ်ခါ တော့ဖြင့် လွတ်လွတ်ကျွတ်ကျွတ် စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် ကံကိုယ်တော်မြတ်က ဖန်တီးမှ ဖန်တီး တတ်ပလေတယ်ဟု တွေးကာကြည်နူးမိ၏။
ကျွန်ုပ်ကား လူတစ်လုံးသူတစ်လုံးအခြေသို့ ရောက်ရန်တစ်ထစ်သာလိုပေတော့သည်။ ယခုမြေတိုင်း အင် စပက်တော် ရာထူး၌ အစမ်းခန့်ခြင်းခံရသည်မှနေ၍ ရာထူး အမြဲတမ်းရဖို့မှာ အလွန်ဆုံး စောင့်ရလျှင် တစ် နှစ်၊ ခြောက်လသာလျှင် ကြာပေတော့မည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်၏ အခြေခိုင်ညမဲအံဆဲဆဲဖြစ်လာ သောအခါ တွင် ကျွန်ုပ်မှာ ရည်ရွယ်ချက်သန္နိဋ္ဌာန်ကြီး၏ အတိုင်းငွေ၏ မာနဖြင့် ရက်စက်လှစွာသော မိသား စုတစ်မြုံလုံး ကို မျိုးဖြုတ်ရန် သင်းတို့၏ အကြောင်းစုံကို သတင်းရသမျှ မေးမြန်းမှတ်သားတာ ကြွက်ကို ချောင်းသော ကြောင်ကဲ့သို့ အနံ့ခံကာ စောင့်ဆိုင်းနေ၏။
အထက်၌ အသန့်ကလေး၏ အကြောင်းကိုသာ ရေးသားနေရသဖြင့် ထိုနှစ်များအတွင်းဝယ် ကျွန်ုပ်၏ လက် စားချေရန် သန္နိဋ္ဌာန် ချက်ကြီးမှာ ပြီးပြေ ကျေပျောက်လေပြီလောဟု သံသယ ဖြစ်မိကောင်းဖြစ်ကြပေလိမ့် မည်။ ကျွန်ုပ်အဖို့၌ကား မောင်ညိမ်းအောင်၏လက်သီးချက်ကို ခံ၍ အဖိုး၏အိမ်မှ ပြန်ခဲ့ရသောအခါတွင် ရည် ရွယ်ချက်သန္နိဋ္ဌာန်ကို ချခဲ့ပြီးသည့်နောက် ကျွန်ုပ်မှာ လက်စားချေလိုသော ရည်ရွယ်ချက်သာရှိ၏။ လက်စား ချေရန် လမ်းအခွင့်ကို မမြင်သေး လမ်းအခွင့်ပေါ်သည်အထိ ကိုယ့်အခြေ ခိုင်ခိုင်နှင့် စောင့်နိုင်ဖို့ ကလည်း လိုသေး၏။ ထို့ကြောင့်ပင် ကိုယ့်အခြေခိုင်ရေးအတွက် လက်ဦးကြိုးစားခဲ့သည်မှာ အောင်မြင် လုနီး ပေပြီ။ အောင်မြင်သောအခါ၌ လက်စားချေရန် အခွင့်အလမ်းကို ပိုင်နိုင်စွာ ရှာဖွေဖို့ တစ်ထစ်ကျန်သေး၏ ထိုမှတစ် ဖန်ပေါ်လာသော အခွင့်အလမ်းကို ဖမ်းယူ၍ လက်တွေ့အားဖြင့် လက်စားချေ ဖို့ တစ်ဆင့်ကျန်၏။ လက်စား ချေပြီး၍ သင်းတို့တစ်မြုံလုံး ပြုတ်ပြုတ်ပြုန်းကာ အဘိုး၏ အမွေအနှစ် ကို ကျွန်ုပ်တစ်ယောက်တည်း မြိန့်မြိန့် ကြီးခံစားရသောအခါမှ ကျွန်ုပ်သည် အောင်မြင်ခြင်း အထွတ် အထိပ်သို့ ရောက်မည်ဖြစ်သည်။
တစ်ဆင့်ပြီး တစ်ဆင့် ဤကဲ့သို့ ကြိုးပမ်းရာလမ်းစဉ်မှာ လက်ဦးက လက်စားချေလိုစိတ်သာလျှင် မွှန်နေ၍ လမ်းစဉ်ကို မမြင်။ မြူနှင်းတွေဝေ၍ နေသလို ၀ိုးတိုးဝါးတားသာ ဖြစ်နေ၏။ ထို့နောက် မြေတိုင်းကျောင်း တက်ရရာ ၌ လက်စားလှလှချေနိုင်ရန် စောင့်လာသောအခြေအနေကို လက်လှမ်းမီလာ၏။ ထိုအခြေကို ခုတုံးပြု၍ လက်စားချေရန် အနေအရပ်သင့်လုနီးပါး ဖြစ်လာသော အခါ၌မူ ကျွန်ုပ်မှာ စစ်ပွဲ၌ တစ်ဘက် ရန် သူ၏ တပ်အနေအထားကို စုံစမ်းထောက်လှမ်းရသလို ကျွန်ုပ်၏ ကမ္ဘာ့ရန်မိသားစု၏ အခြေကိုလည်း စုံစမ်း ထောက်လှမ်းစပြုလာရ၏။
လက်ဦးပထမက သွေးဆူလျက် ချက်ခြင်းပင် အားလုံးကို သတ်ချင်၏။
သတ်ချင်စိတ်အတိုင်း ဓားနှင့်အား လုံး ခုတ်သတ်လျှင် လွတ်သူတို့ လွတ်လေဦးမည်။ မည်သူမျှ မလွတ်ဘဲ အားလုံးကိုပင် လည်ပင်းကို ဖြတ် နိုင်သည်ထားတော့။ ကျွန်ုပ်မှာ စက်တိုင်သို့ တက်ရမည် မလွဲပေ။ ထို့ပြင် အသိုင်းအ၀န်း ကောင်းလှသော သူတို့အကြားတွင် ကျွန်ုပ်ပင်လျှင် အရေးနိမ့်လိုက နိမ့်နိုင်ပေသေးသည်။ သို့ဖြစ်လေရာ ကျွန်ုပ်မှာ ချက်ခြင်း သတ်ချင်သော စိတ်ကို နှိမ်ခဲ့ရ၏။ နှိမ်ပြီးလျှင် ရင်တွင်း၌သာ တကြိတ်ကြိတ် နာကျည်းရင်း ကျွန်ုပ်ဘက်က မည်သည့်နည်းနှင့်မျှ အရှုံးမပေါ်နိုင်သော လက်စားချေနည်းကို အမျိုးမျိုးကြံဆခဲ့၏။ ကျွန်ုပ်တွင် မှဲ့တစ်ပေါက် မျှ အစွန်းမခံရဘဲ သင်းတို့တစ်တွေ အားလုံး သေ၍ကုန်မှ ကျွန်ုပ်သည် အဘိုး၏ ပစ္စည်းထုထယ်ကြီးပေါ်၌ စုံခွ၍ ထိုင်နိုင်မည်မဟုတ်ပါလော့။ ကျွန်ုပ် ၏ ရည်ရွယ်ချက်မှာ သင်းတို့ တစ်မြုံလုံးကို သတ်ရုံမျှ သတ်ဖို့သာ မဟုတ်၊ သင်းတို့အားလုံး ပျက်စီးသည့် အပြင် အဘိုး၏ အမွေအနှစ်အားလုံးကိုလည်း ကျွန်ုပ် တစ်ဦးတည်း ခံစားရဖို့ ရည်ရွယ် သည်လည်း ဖြစ်ပေရာ ငါးနှစ်ကြာမျှ စောင့်၍ ကိုယ့်တပ်ကို ကိုယ်လုံအောင် တည်ဆောက် ခဲ့ရပေတော့ သည်။
သို့တည်ဆောက်နေရသည့် အတွင်းဝယ် ပါးစောင်ခွေးစွယ်နေရာက ရွှေ့သွားကလေးတ၀ါဝါသည် ကျွန်ုပ် အား အဘိုးဦးနကီပေါင်ပေါ်မှ တွန်းချသည့်ကလေးဘ၀အစွဲ ငုတ်စိတ်ကအစ ကျွန်ုပ်၏ ရည်ရွယ်ချက် သန္နိ ဋ္ဌာန်ကြီးကို မမေ့။ အခွင့်အလမ်းမပေါ်သေး၍ လည်းကောင်း၊ အခွင့်အလမ်းပေါ်အောင် စောင့်ရစဉ်တွင် ကိုယ့် အခြေခိုင်ဖို့ ပြုစုနေရခြင်းဖြင့် လည်းကောင်း အချိန်ကို ကိုယ်ကျိုးရှိအောင် အသုံးချ၍ နေခဲ့ခြင်းဖြစ်ပေ သည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်ကြီးများ အောင်မြင်စေရန်မှာ အစောင့်တတ်ဖို့လို၏။ အစောင့် တတ်ခြင်းမှာ အခြားမဟုတ်၊ ကိုယ်လုပ်လိုသော အလုပ်ကို မလုပ်ရမီအချိန်ကို စောင့်နေဆဲ၌ အခြား အလုပ်တစ်ခုခု ကို လုပ်၍နေခြင်းပင် ဖြစ်ပေသည်။
ထို့ကြောင့် ကျွန်ုပ်၏ လက်စားချေလိုစိတ်မှာ ငါးနှစ်ကြာသော်လည်း ဆံချည်တစ်ခြမ်းမျှ မလျော့ခဲ့။ တွေး လေ ... နာလေ အမြစ်ပို၍ ခိုင်မာစွာ တွယ်လေဖြစ်၏။ လက်စားချေလိုစိတ်သည် လက်ဦးဒေါသထွက်စဉ် က သံရည်ပူပူ နှင့်တူခဲ့၏။ သံရည်မှာပူနေစဉ်၌ လိုရာကို ပုံသွန်း၍ ရသေး၏။ အေး၍ ခဲသွားသော အခါ၌ကား မည်သို့မျှ လွယ်လွယ်နှင့် ပြုပြင်ဖန်တီး၍ မရနိုင်တတ်ပေ။ ထိုနည်းအတူ မိခင်အတွက် နှင့် လည်းကောင်း၊ မောင်ညိမ်းအောင် လက်သီးချက်ကြောင့်လည်းကောင်း၊ ကျွန်ုပ် ဒေါသတွေ ဆူဝေ၍ နေစဉ်က အကယ်၍ များ ဦးဒေါနသာ ကြေရာကြေကြောင်း တစ်ခုခုလုပ်လိုက်လျှင် ကျွန်ုပ်၌ လက်စားချေ လိုစိတ် ပေါ်လိုမှ ပေါ် လာပေမည်။ ယခုကဲ့သို့ သွေးတဖြည်းဖြည်းအေးလာခဲ့သည်၌ လက်စားချေ လို စိတ်သည် လည်း သံရည်ပူ အေး၍ ခဲသလို မည်သည့်နည်းနှင့်မျှ အခဲမကျေနိုင်ရှိပေရကား ... မမေ့။ ဘယ်အခါ မျှ မမေ့။ လက်စားလှလှ ချေနိုင်မည့်နေ့ကိုသာ စောင့်ခဲ့၏။
မစောင့်လျှင်လည်း မဖြစ်။ ကျကျနန ပိပိရိရိကြီး လက်စားချေရန်မှာ မလွယ်။ တစ်ဆွေလုံး တစ်မျိုးလုံးကို ပြောင်းဖူးစေ့ချွေသလို တစ်ယောက်ပြီးတစ်ယောက် ဘယ်သူမျှ မရိပ်မိစေဘဲ အသက်တွေကို ဖျက်ချွေ ရမည် မှာ သာ၍ မလွယ်ပေ။ ထိုသို့ မည်သူမျှ သင်္ကာယန အစွန်းအစမျှ မထင်ကြအောင် လက်စားချေနိုင်မှလည်း ကျွန်ုပ်မှာ အဘိုး၏ အမွေကို ဒိုင်ခံရပေမည်ဖြစ်၏။ ယင်းသည့်နည်းဖြင့် လက်စား ချေရန်မှာ လက်ဦးဆုံး သူ တို့၏ အနီးသို့ ချဉ်းကပ်နိုင်မှ ဖြစ်ပေမည်။ ပထမတစ်ချီ၌ စေတနာဖြင့် ချဉ်းကပ်ကြည့်၏။ လက်သီးစာ အကျွေးသာခံရ၏။ မကပ်နိုင်ခဲ့။ ယခုကဲ့သို့ တစ်မြုံလုံး သတ်ဖြတ်ရန် ဆုံးဖြတ်ချက်ဖြင့် သူတို့အနီးသို့ ကပ် ရန်မှာ ပို၍ မလွယ်ပေ။
လမ်းအခွင့်ကို ဖမ်းယူတတ်မှ ကပ်သာမည်ဖြစ်၏။ လမ်းအခွင့်ကိုလည်း စောင့်ရ၏။ ထို့ပြင် ကျွန်ုပ်အား နဖူးတွေ့ ဒူးတွေ့ တွေ့ကြစဉ်က ဆူလျှံကြသော သူတို့၏ ဒေါသမီး အရှိန်အတောက် ငြိမ်းအေး အောင်လည်း စောင့်ရ၏။ အနာတက်ခိုက်တွင် ဆေးချက် မထိနိုင်ပေ။ တစ်ဖန် ကျွန်ုပ်၏ ကိုယ်ပိုင် ခြေကုတ်ရဖို့ကိုလည်း စောင့်ရ၏။ ငါးနှစ်စောင့်ခဲ့ရလေပြီ။ စောင့်ရကျိုးကား ကိုယ်ပိုင်အခြေကို ရသဖြင့် ကျေ နပ်လောက်၏။ သို့ရာတွင် အောင်မြင်မှုအထွတ် အထိပ်သို့ကား မရောက်သေး၊ ကိစ္စမရှိပါ။ ကျွန်ုပ် သည် ကြောင်လက်သည်းဝျက်သကဲ့သို့ သည်းခံ၍ ဇွဲနျင့် စောင့်တတ်သော အလေ့ကို ဖူဖူလုံလုံကြီး ရခဲ့ပြီ ဖြစ်ပေ သည်။
သို့နှင့် အထက်၌ ဆိုခဲ့သည့်အတိုင်း ကျွန်ုပ်သည် အသက် ၂၃ နှစ်အရွယ်သို့ ရောက်သောအခါ ယာယီ မြေ တိုင်းအင်စပက်တော် ရာထူးဖြင့် အသန့်ကလေးတို့ရှိရာ နေရင်းမြို့သို့ ပြန်၍ ရောက်ခဲ့၏။ ကျေးဇူးရှင်များ နှင့် တကွ အသန့်တို့ ၀မ်းမြောက်ဝမ်းသာ ရှိကြသည်မှာ ရေး၍ မပြနိုင်တော့ပြီ။ ကျွန်ုပ်၏ ကျေးဇူးရှင်ကြီး တစ်ဦး ဖြစ်သော မြို့ကျောင်းဆရာတော်ကြီးကပင် ကျွန်ုပ်သွား၍ သင်္ကန်းတစ်စုံ လှူဒါန်းသောအခါ၌ " အိမ်း ... ကံ ကောင်းဆိုတာနဲ့ လိုက်အောင် ငယ်ငယ်က ကံမကောင်းခဲ့ပေမဲ့ ငါ့တပည့် ၀ိရိယ အကျိုးကြောင့် ရှေ့ကို ဆက်ပြီး ကံကောင်းပါလိမ့်မယ် ... အခုလို ကိုယ့်မြို့ကိုယ့်ရွာပြန်ပြီး မင်းမှုထမ်းရတဲ့လူဟာ အရှားသားဘဲ" ဟု မိန့်ပါသည်။
နေရင်းမြို့ကလေးသို့ ကျွန်ုပ် ပြန်ရောက်ခဲ့သည်၌ လက်ဦးတွင် အသန့်တို့အိမ်၌ တည်းခိုနေရ၏။ များမကြာ မီပင် အသန့် တို့ အိမ်ခြေရင်းက ကျွန်ုပ် ချက်မြုပ်ရာ အိမ်ကလေးမှာ ချစ်တီးတစ်ယောက်က မြေရာ ကိုဝယ်၍ အိမ်ကလေးတစ်လုံးဆောက်လေရာ ထိုအိမ်ကလေးကို ကျွန်ုပ်ကပင် ငှားရမ်းလိုက်၏။ အိမ်ကလေး ပြီးသော အခါ ကျောင်းဆရာတော်ကိုပင့်၍ အိမ်တက်မင်္ဂလာဆွမ်းကျွေး၍ ကိုယ့်အိမ် ကိုယ့်ရာ နှင့် ကျကျနန ရှိနေရပေ တော့သည်။ တပည့်ကလေးတစ်ဦးကိုပင် မွေးနိုင်သေး၏။
ဤ အိမ်ကလေး၌ နေရသည်မှာ အသန့်တို့နှင့် နီးစပ်လှသဖြင့် စိတ်ချမ်းသာမိ၏။ သို့ရာတွင် ဤအိမ်မြေရာကလေးမှာ ကျွန်ုပ်၏ မိခင်ကံဆိုးစွာ အနိစ္စရောက်ရရှာသော မြေကွက်ကလေးဖြစ်သော ကြောင့် အိမ်နောက်ဖေးဘက်သို့ ထွက်လိုက်ပါက ကျွန်ုပ်၏ မိခင်ကြိုက်တတ်လှသော ခြံစည်းရိုးမှ ကြက်ဟင်းခါးသီးကလေးများ စိမ်းရာမှ မှည့်ကာ ရွှေရောင်ဝါ၍ လာကြသည်ကို မြင်ရလျှင် ကျွန်ုပ်မှာ တစ်ခါ တစ်ခါ၌ ကံဆိုးမ မိခင်ကြီးအတွက် မျက်ရည်များပင် လည်မိတတ်ပေသည်။ ထိုမျက်ရည်တို့သည် ပင်လျှင် ကျွန်ုပ် ၏ လက်စားချေလိုစိတ်ကို သန့်သည် ထက်သန်အောင် သစ်ပင်ကို ရေလောင်း၍ပေးသည့်ပမာ ဖြစ် ရ ၏။
အိုးသစ် အိမ်သစ် အခြေအနေသစ် တည်ခါစ ဖြစ်သော ကျွန်ုပ်မှာ အရာရာ၌ အသစ်တည်ထောင်ရသည် ချည်းသာဖြစ်သောကြောင့် မီးညှပ်မှ ခုတင်အထိ တစ်ခုပြီး တစ်ခု လို၍သာနေပေရာ ကျွန်ုပ်၏ ချစ်ညီမ ကလေး အသန့်မှာ မနေတတ်သူကလေးဖြစ်သည့်အလျောက် ကျွန်ုပ်၏ အိမ်ထောင်တစ်ခုလုံးကိုပင် အချိန်အားလပ်တိုင်း ၀င်ရောက်ဦးစီးပေးကာ လိုသမျှကို အရေးကြီးလျှင် ကြီးသည့်အလျောက် တစ်ခါတရံ တွင် သူကပင် စိုက်ထုတ်၍ ၀ယ်ခြမ်းပေးတတ်သေး၏။ ကျွန်ုပ်မှာ ယာယီရာထူးမျှသာဖြစ်သေးသဖြင့် လခမှာ စာရေးသာသာမျှသာရှိသေး၏။ ထို့ကြောင့် အိမ်ထောင်မှုကိစ္စ လိုသမျှကို အသန့်သာလျှင် လာဘ်မြင်မြင်နှင့် ၀င်ရောက်စီမ့ပေးခြင်း မရှိပါက သီးခြားဘ၀ ကိုယ့်အိမ်နှင့်ကိုယ် နေခါစတွင် လွယ်လွယ် နှင့် အထာကျနိုင်မည်မဟုတ်ပေ။
ဤအချိန်တွင် အသန့်မှာ ၁၉-နှစ်ထဲသို့ပင် ၀င်စပြု၍နေပေပြီ။ ၁၉-နှစ်ဆိုသည်မှာ ကလေးအမူအရာ လုံးဝ ကင်းစင်လျက် ကြည်သာသော လပြည့်ဝန်းကဲ့သို့ ရွှန်းရွှန်းဝင့်ဝင့် တင့်မောချောမွေ့ ပြကတေ့ဖြင့် အပျိုစင် ဂုဏ်ရည် စုံညီပြည့်ကြွယ်သော အချိန်အရွယ်ဖြစ်ပေရာ ကျွန်ုပ်အဖို့တွင်ကား အားလပ်ချိန်ကလေးရတိုင်း အသန့်ပြုစုကူညီသည်ကို နှမရင်းချာကလေးတစ်ယောက် လာရောက်ပြုစုသည်ဟု ထင်မှတ်မိသည့်အထဲ တွင်သူ၏ အပြုအစု အထိန်းအသိမ်းကို တစ်သက်လုံး ခံယူ၍ သွားရလျှင် ကောင်းပေလိမ့်မည်ဟု တစ်ခါ တစ်ခါ ၌ ကွက်တိ ကွက်ကြား တွေးမိမှားလျက်ရှိ၏။ သို့သော် သစ္စာတရားထားအပ်သော ကျေးဇူးရှင်၏ သမီး ဖြစ်သည် နှင့် အညီ ကျွန်ုပ်အဖို့တွင် အသန့်အပေါ်၌ မသန့်မရှင်းဖြစ်သည်ကိုပင် ယခင် (၅)နှစ်က နည်း တူ ကိုယ့်ကိုယ်ကို အပြစ်တင်မိ၏။
အသန့်ကလေးအား ညီမထွေးသဖွယ် စိတ်က အမြဲထားနေသော်လည်း တစ်နေ့တစ်နေ့တွင် နီးစပ်နေကြပြန်ခြင်းကမူ ကျွန်ုပ်၏ အချစ်စိတ်ကို လှုံဆော်၍ နေပါပေသည်။ သို့သော် ကျွန်ုပ်ဘ၀၏ ရည်ရွယ်ချက် လက်စားချေရန် သန္နိဋ္ဌာန်ကြီးရှိ၍နေ၏။ ထိုရည်ရွယ်ချက် အောင်မြင်စေရန်မှာ မည်မျှကြာအောင် ကြိုးပမ်းရဦးမည်ဟု မသိဘဲရှိလေသေးရာ အိမ်ထောင်နှောင်ကွင်းထဲသို့ ဆင်းသည် ထက် တစ်ကိုယ်တည်း လွတ်လပ်စွာ နေထိုင်ခြင်းက ပိုမို၍ အကြံအဖန်များတွင် ပေါက်မြောက် လွယ်မည် ဟုလည်း တစ်ထစ်ချ ယူဆထား၏။ ထို့ကြောင့်ပင် ကျွန်ုပ်သည် ချစ်ချင်သလိုလို ဖြစ်မိသော်လည်း အကြောင်း ကြောင်း ကို ထောက်ထား၍ အချစ်ကို အားမပေးဘဲ နေခဲ့ပေတော့သည်။
သို့နေထိုင်ရင်းက ကျွန်ုပ်သည် အဘိုးတို့ ဆွေမျိုးသိုက်မြုံတစ်အုံလုံး၏ သတင်းများကို စနည်းနာ၏။ ကျွန်ုပ် ၏အိတ်ဆွေ မြေတိုင်းကျောင်းသားတစ်ဦးမှာ အဘိုးတို့မြို့၌ ပြန်၍ အမှုထမ်းရလေရာ အဘိုးတို့၌ သတင်း ဖြစ် လောက်သော ကိစ္စတစ်ခုခုပေါ်ပေါက်ပါက ကျွန်ုပ်ထံသို့ စာရေးအကြောင်းကြားလေ့ရှိ၏။ ထို့ကြောင့် ကျွန်ုပ်သည် အဘိုးတို့ ညာတိတစ်သိုက် မည်ကဲ့သို့ ဖြစ်ပျက်နေသမျှကို တစ်စမကျန် အားလုံးလိုလိုပင် သိ ရပေသည်။ သိရသမျှအကြောင်း တို့ကို နောင်အကွက်ဆိုက်သောအခါတိုင်း သိရသမျှအကြောင်းတို့ကို နောင် အကွက် ဆိုက်သောအခါတိုင်း သီးခြား၍ ဖော်ပြသွားပေမည်။ ယခုလောလောဆည်၌ကား အသန့်၏ အကြောင်းသာ ရေးလိုနေပေသည်။
ယခင် (၁၂)နှစ်ကတည်းက အမြစ်တွယ်မှန်းမသိ တွယ်ခဲ့သော ကျွန်ုပ်၏အချစ်သည် တွန်းကန် ငြင်းဆန်ရင်း ကပင် မတွန်းသာ မကန်သာဘဲ အသန့်အား အတွင်းကြိတ် စုံမက်မိသော စိတ်အဖြစ်သို့ တဖြည်းဖြည်း ကူး ပြောင်း လာ၏။ စာရေးဆရာ မဟုတ်သဖြင့် ကျွန်ုပ်ထင်ရှား ပေါ်လွင်အောင်ကား မရေးတတ်။ အသန့်ကို ဘယ်အချိန်ကမှန်းမသိ ကျေးဇူးသစ္စာကို ချစ်မိနေသည်မှာ အသန့်အတွက် ကိစ္စကြီးတစ်ခုပေါ်၍ လာသော အခါ မှသာ ထင်ထင်ရှားရှား သိရပေတော့သည်။ ထိုကိစ္စကြီးမှာကား
ကျွန်ုပ်သည် မြေတိုင်းကိစ္စနှင့် သုံးလကြာမျှ ကွင်းဆင်းသွားလာနေရပြီးနောက် အိမ်သို့ ပြန်ခဲ့သည့်နေ့ တစ် နေ့ တွင် ကျွန်ုပ်အား ကျေးဇူးရှင် လင်မယားတို့က လှမ်း၍ ခေါ်လိုက်သဖြင့် သူတို့၏ အိမ်ဘက်သို့ကူးခဲ့၏။
ရောက်သောအခါတွင် "မောင်ကံကောင်းကို မင့်နှမနဲ့ ပတ်သက်ပြီး တိုင်ပင်စရာရှိလို့ပဲကွဲ့" ဟု စကားဦးချီ လိုက်သဖြင့် ကျွန်ုပ်လည်း ရင်ထဲ၌ ထိတ်ခနဲဖြစ်သွားရကာ နားစွင့်၍နေရပေသည်။ ကျွန်ုပ်ကိုများ အသန့်နှင့် နေရာချထား ဖို့ ပြောကြလေမည်လား။ မွေးကင်းစ ကတည်းက အတူတူနေခဲ့သည်သာ များသောကြောင့် ကျေးဇူးရှင် များသည် အသန့်အား ကျွန်ုပ်နှင့် ဆိုလျှင် စိတ်ချလောက်သည်ဟု ယူဆကြလေသလား....။ တစ်ဦးနျင့် တစ်ဦး အတွင်းအပြင် သဘောအစုံအလင်ကို သိကြပြီးဖြစ်သဖြင့် ကျေးဇူးရှင်များသည် ကျွန်ုပ် အား အသန့်၏ အိမ်ထောင်ဖက်အဖြစ်ဖြင့် ရွေးချယ်လိုက်ကြလေပြီလား စသော လားပေါင်းများစွာတို့ ခေါင်း ထဲ သို့ ရောက်လာကြ၏။
နားစွင့်နေရစဉ်ပင် ကျေးဇူးရှင်တို့က ...
" ဒီလိုကွဲ့ မောင်ကံကောင်းရဲ့ ဒီနှစ်သင်္ကြန်မှာ တို့မြို့ကလေးကိုလာပြီး ရေကစားတဲ့ ရန်ကုန်က မောင်စိန် မောင်ဆိုတဲ့ သူငယ်က အသန့်ကို မေတ္တာရှိလှပါချည်ရဲ့ဆိုပြီး သူ့မိဘတွေကို ပူဆာတာနဲ့ပဲ မောင်ကံကောင်း ကွင်းဆင်းနေတုန်းက တို့ဆီကို လာပြီး သူ့မိဘများက ကြောင်းလမ်းကြသကွဲ့၊ မောင်စိန်မောင် လဲ ပါလာတယ်။ သူတို့က ရန်ကုန်ကပဲ၊ ခနောင်တိုဘက်မှာ ဆန်စက်တွေ ပိုင်တယ်၊ တော်တော် လည်း ချမ်းသာကြတယ်။ ရေရေမွန်မွန်လည်း ရှိကြတယ်၊ သူငယ်ကလေးကလည်း အသန့် ထက် တစ်နှစ်ကြီးတယ်၊ ကောလိပ်ကျောင်းမှာ စာသင်နေတယ်။ လာပြီးတော့ အဲဒီလို တောင်းရမ်းရာမှာ သူတို့က အသန့်အတွက် စိန်တစ်ဆင်စာနဲ့ ဆန်စက်တစ်လုံး လက်ဖွဲ့ပါမယလို့ပြောကြတယ်။ သားသမီး ဆိုရင်လဲ မောင်စိန်းမောင်တစ်ယောက်တည်း တစ်ဦးတည်းသောသားပဲ၊ တို့ကလဲ ငြင်းစရာတော့ မရှိပါဘူး။ ဒါပေမဲ့ သမီး ကို မေးပါရစေအုံးလို့ပြောပြီး၊ အချိန်ဆွဲလိုက်ရတယ်။
အဲဒါ မောင်ကံကောင်း ဘယ်လို သဘောရသလဲ၊ အသန့်ကတော့ သူ့ကိုယ်သူ ငယ်ပါသေးတယ်လို့ ပြောနေတယ်၊ နို့ပေမဲ့ ၁၉ နှစ်ရှိသွားပြီ မောင်ကံကောင်း မငယ်တော့ဘူး... တို့လဲ သူ့အတွက် စိတ်ချလက်ချ ဖြစ်သွားချင်ပြီ၊ သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်ပြီး အရွယ်ကလေးကောင်းတုန်းမှာ နေရာချလိုက်ချင်တာပဲ၊ နောက်ဆိုရင် ၀ါးလုံးနင်းမိတုံ၊ ၀ါးခြမ်းနင်းမိတုံ၊ စိုး ရိမ်မိတယ်၊ ဒါပေမဲ့ မောင်ကံကောင်းကတော့ တို့အဖို့မှာ သားကြီးလို ဖြစ်နေလေတော့ တို့ကို တိုင်ပင်ချင် တာကလည်းတစ်ကြောင်းမို့ မောင်စိန်မောင်ရဲ့ --တွေကို အချိန်ဆွဲထားလိုက်ရတယ်၊ မောင်ကံကောင်း စိတ် မှာ ကောင်းမယ်ထင်သလား၊ မောင်ကံကောင်းကို တိုင်ပင်ဖို့ ၀တ္တရားမျိုးမှာ ရှိနေတယ်၊ ဒီတော့ ဒီကိစ္စမှာ မောင်ကံကောင်း ဘယ်လိုသဘောရတယ်ဆိုတာကို တို့ သိချင်တာပဲ"ဟု ပြောပြကြ၏။ မောင်စိန်မောင် ဆိုသူ၏ ဓာတ်ပုံကိုလည်း ပြကြ၏။ ကျွန်ုပ်ကား ရုတ်တရက် ရင်ထဲ၌ ဟာတာတာကြီးဖြစ်၍ သွားရပေတော့ သည်။ ကျွန်ုပ်အတွင်းကြိတ် မြတ်နိုးလျက် ရှိသူကလေး မှာ အိမ်ထောင်ဘက်လောင်းများ ပေါ်ပေါက်၍ လာ လေပြီ ...
ကျေးဇူးရှင်များ၏ စကားအလာကို ထောက်လိုက်ပါက ကျွန်ုပ်အား တိုင်ပင်သည်မှာ သားအကြီးအဖြစ်ဖြင့် တိုင်ပင်သည်ထက် သမက်လောင်းအဖြစ်ကို ရည်မှန်းကာ တိုင်ပင်ကြောင်း ပေါ်လွင်ထင်ရှားနေ၏။ အကယ် ၍ ကျွန်ုပ်ကသာ " အသန့်ကို ကျွန်တော် ငယ်ငယ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာလက်စနဲ့ တစ် သက်လုံး ဆက်ပြီးတော့ စောင့်ရှောက်ပါရစေတော့ " ဟု ပြောချလိုက်လျှင် ကျေးဇူးရှင်များက ငြင်းမည် မဟုတ်၊ ကျွန်ုပ် အတတ်သိ၏။ ကျွန်ုပ်၏ သဘောကို ယခု မေးနေကြသည်မှာ အသန့်ကို မောင်စိန်မောင် နှင့် အိမ်ထောင်ပေးသင့် မပေးသင့်ထက် အသန့်ကို မောင်ကံကောင်းကိုယ်တိုင် စောင့်ရှောက်ချင်သလား။ စောင့်ရှောက် နိုင်ပါသလားဟု မေးသော မေးခွန်းက ပို၍ နေသည်။
ကျွန်ုပ်တွင် များစွာ အဖြေရခက်၍ နေ၏။ အသန့်အား အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် ထားနိုင်သော အင်အား ကျွန်ုပ်၌ ရှိ၍နေပေပြီ၊ အသန့်ကိုလည်း ကျွန်ုပ် မြတ်နိုး၏။ အသန့်အား ကျွန်ုပ်၏ အချစ်မေတ္တာကို ပေးဆက်ပါက အသန့်သည် ငြင်း၏ လိမ့်မည်မဟုတ်။ သို့သော် ... ထို (သို့သော်)မှာ ကြီးမားသော သို့သော် ကြီးဖြစ်၏။
ကျွန်ုပ်တွင် လက်စားချေရန် သန္နိဋ္ဌာန်ချက်ကြီးရှိသည်ကတစ်ဘက်ဖြစ်၏။ ယခု လာရောက်စပ်ဟပ်သော မောင်စိန်မောင်ဆိုသူမှာ ဓာတ်ပုံကို ကြည့်ရခြင်းအားဖြင့် လူကောင်းတစ်ယောက် ဖြစ်ပုံပေါ်၏။ ရုပ်ရည်လည်း သင့်တင့်ပေသည်။ ထို့ပြင် ကောလိပ်ကျောင်းသားလည်း ဖြစ်သေးရာ ရာထူးရာခံကြီးများ ရမည့် လမ်း ရှိသူလည်းဖြစ်၏။ ရာထူးရာခံ မလုပ်ချင်သည့်တိုင်အောင် ပူစရာမရှိ၊ မိဘကလည်း ချမ်းသာ သည်။ ပို၍ထူးသည်ကား အသန့်သာ မောင်စိန်မောင်နှင့် လက်ထပ်ပါက ချက်ခြင်း စိန်တ၀င်းဝင်းနှင့် ဆန် စက်ပိုင် သူဌေးမကလေး ဖြစ်ပေတော့မည်။ ဤသို့ ချက်ခြင်း ဂုဏ်အင်္ဂါ ကြီးမြောက်သွားမည့် အချက်ကြီး ကလည်း ရှိ၏။ ကျွန်ုပ်ကိုသာ အသန့်ယူပါလျှင် ဤမျှ ဂုဏ်ကြီးမြင့်မည်မဟုတ်ပေ။ ဤဘက်က ကြည့်လျှင် လည်း အသန့်၏ ကြီးပွားမှုလမ်းကို ပိတ်ပင်ရန် ကျွန်ုပ်၌ မသင့်။ ကျွန်ုပ်အဖို့ကား လက်စားချေရာ၌ ကိစ္စမ အောင် ခြေချော် လက်ချော်ရှိပါက မည်သို့ဖြစ်ဦးမည်မသိရ။ ကျွန်ုပ်၏ နောင်ရေးမှာ မသေချာပေ၊ ကျွန်ုပ် တစ်စုံတစ်ခု ဒုက္ခတွေ့ခဲ့သော ထိုဒုက္ခထဲသို့ အသန့်အား ဆွဲ၍ နှစ်သည်နှင့် တူလေဦးမည်။
သို့ရာတွင် အသန့်အား ကျွန်ုပ်သည် မည်သို့လျှင် သူတစ်ပါး၏ ရင်ခွင်ထဲသို့ တွန်း၍သွင်းနိုင်ပါအံနည်း။ အတွင်းကြိတ် ချစ်မြတ်နိုးနေမိသောစိတ်သည် ပြိုင်ဘက် ပေါ်လာသော အခါ၌ ပိုမို၍ ပြင်းထန်ထက်သန် လာ၏။ ထို့ကြောင့် " ပစ္စည်းဆိုတာ အမြဲမရှိပါဘူးခင်ဗျာ ... " ဟု ကိုယ့်ဘက်သို့ လိပ်လိုယက်သော လေသံ ကို ပေးရလျှင် ကောင်းမလားဟု စိတ်ကူး၏။ သို့ပြောသည့်တိုင် မောင်စိန်မောင်မှာ ပစ္စည်းသာမက ကော လိပ်ပညာကြီးတစ်လုံးလုံး ပါရှိနေပြန်သည်ကိုကား မငြင်းသာပေ။ မွေးဇာတာ ကောင်းသူတို့မှာ မွေး ကတည်းက အဘက်ဘက်က လိုလေသေးမရှိ ပြည့်စုံပါပေတော့သည်။ ကျွန်ုပ် အဖြေရကျပ်ဘိ၏။ ကျေးဇူးရှင် တို့ကား ကျွန်ုပ်၏ သဘောထားကို စောင့်နေကြ၏။ ကျွန်ုပ်ကသာ အသန့်ကို ကျွန်ုပ် လက်ထပ် ပါရစေ ဟု ဆိုလျှင် တစ်ထိုင်တည်းနှင့် ကိစ္စပြီးတော့မည် ကျွန်ုပ် သိပါ၏။ သို့သော် ကျွန်ုပ် အသန့်ကို ယူ ရက်ပါမည်လား။
ယင်းသို့ ချီတုံချတုံဖြစ်ကာ တွေတွေကြီးသာ စဉ်းစားနေမိလျက် ဆုံးဖြတ်ချက် မချနိုင်အောင် ရှိနေရစဉ်တွင် ဆုံးဖြတ်ချက်ချနိုင်စေရန် ကျွန်ုပ်၏ အဘိုး ဦးနကီက ၀င်၍ ဆုံးဖြတ်ပေးလိုက်ပေတော့သည်။ အဘိုးက ၀င်၍ ဆုံးဖြတ်ပေးလိုက်ပုံမှာကား
ကျွန်ုပ် တွေ၍ စသ်းစားကာ ချီတုံချတုံဖြစ်နေစဉ်၌ ကျွန်ုပ်၏ အိမ်ဘက်မှ ကျွန်ုပ်၏ အမည်ကို ခေါ်သံကြား ရသဖြင့် လှမ်း၍ အသံပြုလိုက်ရသည်တွင် ငါးပိကုန်ကူးသူ အသိတစ်ယောက်ဖြစ်နေ၏။ ထိုသူလည်း ကျွန်ုပ် ရှိရာ ခေါင်းရင်းအိမ်သို့ ကူးလာပြီးလျှင် အဘိုးတို့၏ မြို့၌ အမှုထမ်းနေသော ကျွန်ုပ်၏ မိတ်ဆွေက လူကြုံပါး လိုက်သည့် စာတစ်စောင်ကို လာ၍ပေး၏။ ထိုစာကို ဖောက်၍ ဖတ်လိုက်သောအခါ၌ အခြား အကြောင်း အရာ များ၏အပြင် -
" အထူးအကြောင်းကတော့ ကိုကံကောင်းရဲ့အဘိုး ဦးနကီဟာ ဒီကနေ့မနက်ပဲ ဆုံးတယ် " ဟူသော စာတစ်ကြောင်းပင်ဖြစ်၏။ ဤစာတစ်ကြောင်းသည်ပင်လျှင် ကျွန်ုပ်၏ ဝေခွဲမရနိုင်ဖြစ်နေသော စိတ်ကို ယတိပြတ်ဆုံးဖြတ်နိုင်အောင် ဖန်တီးလိုက်ပေတော့သည်။
ကျွန်ုပ်အဘိုးကား အနိစ္စသို့ ရောက်ပေပြီ။ အဘိုးထံသို့ လွန်ခဲ့သော ခြောက်နှစ်ခန့်က ကျွန်ုပ်သွားစဉ်ကပင် လျှင် အဘိုးမှာ အတော်ပင် မကျန်းမမာ ဖြစ်နေပေရာ ထိုစဉ်ကပင် အနိစ္စ ရောက်မည်ဟု ထင်သူတို့ ထင် ကြ၏။ သို့ရာတွင် ငွေကိုသွန်၍ အကုန်ခံကာ ဆေးကောင်းဝါးကောင်းတို့ဖြင့် အကောင်းဆုံး ဆရာဝန်ကြီး များကို ရန်ကုန်မှ ပင့်ခေါ်၍ ကုသနိုင်စွမ်းရှိသည့် အလျောက် အသက် ၆၆ နှစ်အရွယ်တွင် အနိစ္စ မရောက်ခဲ့ ဘဲ ရှိခဲ့၏။
ထို့နောက်တွင်ကား တစ်နေ့ရွှေ့ တစ်နေ့ငွေဖြင့် ဇရာထောင်းသည်ကို သတင်း ခဏခဏ ကြားရ၏။ သို့သော် ... အကောင်းအညွှန့် ဆေးဝါးဓာတ်စာတို့၏ အထောက်အကူကြောင့် အသက်တာပို၍ ရှည်လျက် ယခုအသက် ၇၃ နှစ်သို့ အရောက် မီးစာကုန် ဆီခန်း ဖြစ်ခါမှ အနိစ္စရောက်ပေ သည်။ အသက်ဓာတ်အား ပျက်ညံ့သော အရွယ်ကြီးစင်လျက် အသက် ၇ နှစ်တာမျှ ပို၍ ငွေတန်ဖိုးကြောင့် နေ၍ သွားနိုင် ပေသေးသည်။ ကျွန်ုပ်၏ မိခင်ကား ... လက်တွင် ဓားခုတ်မိသည့် အနာစိမ်းကလေးမျှဖြင့် မသေသတန် ပါဘဲ လျက် သေရပေသည်။ ဤကားတစ်ချက်။
ကျွန်ုပ်၏ အဘိုးအနိစ္စရောက်ရာ၌ ကျန်ရစ်ခဲ့သော ဦးသြဘာနှင့် ဦးဒေါနတည်းဟူသော သားနှစ်ယောက် အနက် ဦးသြဘာမှာမူ မန္တလေးနယ်၌ ကျောင်းထိုင်ပုဂ္ဂိုလ်ပင်ဖြစ်၍ နေလေရာ ပစ္စည်းစုများကို မက်မောလှ တော့မည် မဟုတ်။ သို့ဖြစ်သဖြင့် လုပ်ငန်းကြီးများကို ဦးစီးနေသော ဦးဒေါနသာလျှင် ရှိပစ္စည်းတို့ကို အပိုင် စီးတော့မည် ဖြစ်ပေရာ ဦးဒေါန ကောင်းစားသလောက် မောင်ညိမ်းအောင်တို့လည်း ကောင်းစားကာ မာန တွေ မိုး သို့ ထောင်သထက် ထောင်ကြပေဦးတော့မည်။ ဤသည်လည်း တစ်ချက်။
ထိုအချက်တို့ကို တွေးလိုက်မိသောခဏ၌ ကျွန်ုပ်၏ စိတ်တွင် အသန့်အား သံယောဇဉ်မပြတ်အောင် အားတင်း၍ ဖြတ်ချလိုက်ရ၏။ မဖြတ်လျှင်လည်း မဖြစ်တော့။ အဘိုး၏ ပစ္စည်းထုထယ်ကြီးကို သားသမီးရှိ သော ဦးဒေါန ရရှိသွားသော ဤအခြေ၌ ဦးသြဘာက ရဟန်းပီပီ ပစ္စည်းကို မတွယ်မတာရှိရာတွင် ပစ္စည်း များမှာ တစ်လုံးတစ်စည်းတည်း ရှိပေသေးသည်။ အကယ်၍သာ ဦးဒေါန မရှိပါက ပစ္စည်းများကို ဦးဒေါန၏ သားသမိးများ ခွဲဝေယူကြကာ ပစ္စည်းများ ဇာတ်ခေါင်းကွဲ၍ ကုန်ရလျှင် ကျွန်ုပ်၏ ရည်ရွယ်ချက်တို့မှာ အချည်းနှီး အလဟဿ ဖြစ်ရပေတော့မည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တွင် ကျွန်ုပ်၏ ရည်ရွယ်ချက်များ ပြီး မြောက်စေရန် အားတိုက်ကြိုးပမ်းဖို့ လို၍လာ၏။ သို့လို၍ လာသောကြောင့်ပင်လည်း တစ်ကိုယ်တည်း လွတ်လပ်စွာ ကြံစည်နိုင်စိမ့်သောငှာ သားမယား အိမ်ထောင် အတာအတွယ်ဟူသမျှကို လက်ခံရန် အချိန မပေးနိုင်တော့သည့် အလျောက် အသန့်အား စိတ်တွင်းမှ အတင်း နှင်ထုတ်ပစ်ရ၏။ သံယောဇဉ် ကြိုးကလေး သန်း၍ လာသည်ကို ရည်ရွယ်ချက် ဓားမကြီးဖြင့် တိခနဲ ဖြတ်တောက်ပြီးလိုက် သည်နှင့် တစ်ပြိုင်နက်။
" ကျွန်တော့် သဘောမှာဆိုရင်တော့ ဒီသူငယ်ကို ဘာမှ အထူးပြောစရာ မလိုပါဘူး။ ပစ္စည်းဘက်က ကြည့်ာကည့် ပညာဘက်ကပဲ ကြည့်ကြည့်၊ ရုပ်ရည်ဘက်ကပဲ ကြည့်ကြည့် အားလုံး အပြစ်ဆုံစရာမရှိဘူး၊ ပြီးတော့ စိန်တစ်ဆင်စာ ဆန်စက်တစ်လုံးဆိုတာဟာ နဲတဲ့ပစ္စည်းမဟုတ်ဘူးနော် ... ဒီတော့ ခုခေတ်မှာ လူ ကောင်း သူကောင်းရဖို့ မလွယ်ရတဲ့အထဲမှာ အသန့်မှာသာ ကံဇာတာတက်လို့ ခုလို ... ရေကန်အသင့် ကြာ အသင့်နဲ့ ဖုတ်သွင်းရထားဆိုက်သလို ဖြစ်လာတာကို ငြင်းနေ၊ အင်နေဖို့ မလိုဘူး၊ ထင်တာဘဲ။
အခွင့်သာ ခိုက်မှာ လသာတုန်း ဗိုင်းငင်ဖို့ ကောင်းတာပဲ" ဟု ပါးစပ်မှ ရှောရှောရှူရှူ ပြောနိုင်ပေတော့သည်။ ဤဆုံးဖြတ်ချက်သည်ကား ကျွန်ုပ်၏ ဆုံးဖြတ်ချက်ဟု မဆိုသာ။ ကျွန်ုပ်၏ အဘိုးဦးနကီ၏ ဆုံးဖြတ်ချက်ဖြစ် သည်ဟူ၍သာလျှင် ဆိုရပေတော့မည်။
ဤဆုံးဖြတ်ချက်ကို ကြားရသောအခါ၌ ကျေးဇူးရှင်များသည် တစ်ဦးမျက်နှာကိုတစ်ဦး ကွက်ခနဲ ကြည့်လိုက် ကြ၏။ ကျွန်ုပ်ထံမှ ဤစကားမျိုးကို ကြားရလိမ့်မည်ဟု မြှော်င့်ကြဟန်မတူပေ...။ ထို့နောက်မှာမှ သူတို့ ကိုယ်တိုင်လည်း စိတ်ကို ပိုင်းဖြတ်လိုက်ဟန်ဖြင့် (အေးကွယ် ... မောင်ကံကောင်းက ကျေနပ်တယ်ဆိုရင် တို့လဲ ၀မ်းသာရတာပေါ့ ... နက်ဖြန်ပဲ မောင်စိန်မောင်ရဲ့ မိဘတွေဆီကို စေ့စပ်ရေး စကားကို လက်ခံတဲ့ အကြောင်း နေ့ကောင်းရက်သာ ရွေးပီးတော့ လာရောက် တောင်းရမ်းဖို့ အကြောင်း ကိုသာ အကြောင်းကြား လိုက်ရတော့မှာပဲ "ဟု ဆိုကြ၏။ ကျွန်ုပ်လည်း ခွင့်ပန်၍ ကျွန်ုပ်၏ အိမ်ဘက်သို့ ပြန် ခဲ့ပေသည်။
ထိုညက ကျွန်ုပ်အိပ်၍ မပျော်နိုင်ပေ။ အသန့်နှင့် ဖူးစာဖက်နိုင်ရန် မိဘများကပင် လမ်းခင်းစကား ရေလာ မြောင်းပေးပြောပြသောအခြေကို ရောက်ပါလျက်နှင့်မှ ကျွန်ုပ်မှာ အသန့်ကို ချစ်ခင်သောစိတ်ဖြင့် ခင်းသည့် လမ်းကို လိုက်၍ နင်းရန် အားယူလိုပါသော်လည်း အဘိုး ၏ ကိစ္စ ပေါ်လာသဖြင့် အသန့်အား စွန့်လွှတ်လိုက် ရပေတော့သည်။ ဤကိစ္စကား ဤမျှနှင့် တန်လျှင် တော်ပါသေး၏။ သို့ ကံတရားသည် ကျွန်ုပ်အား နှိပ်စက်၍ ပင်အားမရနိုင်သည့်အလား တစ်နည်းတစ်ဖုံထပ်၍ ညှင်းဆဲပြန်လေသေးတော့သည်။ ညှင်းဆဲ လိုက်ပုံမှာကား
အသန့် နှင့် ပတ်သက်၍ ကျွန်ုပ်၏ ဆုံးဖြတ်ချက်ပြီးသည့် နောက်တစ်နေ့၌ မော်လမြိုင်သို့ ကြေးတိုင်မင်းကြီး ကြွရောက် လာမည်ဖြစ်သဖြင့် မြေစာရင်းဘက်ဆိုင်ရာ အမှုထမ်းအားလုံး မော်လမြိုင်သို့ လာေ၇ာက်ကြရ မည်ဟူသော ဆာကြူလာ တစ်စောင်ကို ရရှိ၏။
ထိုဆာကြူလာ အရ ကျွန်ုပ်မှာ ကျွန်ုပ်၏ အလုပ်နှင့်ဆိုင်ရာ စာရင်းအင်းများကို စေ့စေ့စပ်စပ် ပြုလုပ်ခြင်းအားဖြင့် ခေတ္တ အချိန်ကုန်ရပြီးနောက် သုံးရက်ခန့်အကြာတွင် မော်လမြိုင်သို့ တက်သွားရ၏။ မော်လမြိုင်တွင် ကြေးတိုင်မင်းကြီး အရောက်ကို လေးရက်မျှ စောင့်ရ၏။ ကြေးတိုင်မင်းကြီး ရောက်လာသော အခါ၌ ကြေးတိုင်ဘက်ဌာနတစ်ခုလုံးကို စစ်ဆေးလေရာ ကျွန်ုပ်တို့ မြေ တိုင်းစာရင်း ဌာန အမှုထမ်းများသည်လည်း အစစ လိုလေသေးမရှိအောင် ဖြည့်ဆည်းနေရပေသည်။ ထိုခေတ်မှာ ၁၉၃၃ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက် ကပ်ကြီးလည်းဆိုက်၊ လယ်ယာမိုးမြေလည်း ဆွံ့အ သောနှစ် ဖြစ်ခဲ့လေရာ ကြေးတိုင်ဘက် ဌာနမှာ အတော်ပင် အလုပ်များလျက်ရှိ၏။
ထို့ကြောင့် ကြေးတိုင်မင်းကြီးကိုယ် တိုင်ပင်လျှင် နယ်များသို့ ဆင်း၍ စစ်ဆေးကြည့်ရှုနေရပေသည်။ မော်လမြိုင်၌ တနင်္ဂနွေသုံးပတ်မျှကြာခဲ့ပြီး မှ ကျွန်ုပ်သည် ကိုယ့်ဌာနသို့ပြန်ခဲ့ရ၏။ ပြန်၍ရောက်လျှင် ရောက်ချင်း " အင်မတန် ကံကောင်းသော သတင်းကို ကြားရသည်မှာကား အသန့်အား မောင်စိန်မောင်၏ မိဘများကိုယ်တိုင် လာရောက် တောင်းရမ်း ပြောဆိုပြီးသွားပြီးလျှင် ဇာတာချင်းတိုက်၍ ကြည့်ရာ၌ သင့်မြတ်သော မင်္ဂလာရက်မှာ တစ်လအတွင်းတွင် ကြုံကြိုက်နေရသောကြောင့် မောင်စိန်မောင်၏ မိဘများသည် ရန်ကုန်သို့ သုတ်ခြေတင်၍ပြန်ကာ ဖိတ်စာ ရိုက်နှိပ်ခြင်း၊ ဖိတ်စာ ကမ်းလှမ်းခြင်း မင်္ဂလာပစ္စည်းများ ၀ယ်ခြင်းတို့ကို ပြုလုပ်နေကြပြီဟူသော သတင်းပင် ဖြစ်၏။ ဤတစ်ကြိမ် ကျွန်ုပ် အခြားရပ်ရွာမှ နေရင်းရပ်ရွာသို့ ပြန်၍ ရောက်ခဲ့သောအခါ၌ကား အသန့်သည် ခါတိုင်းလို မကြိုတော့၊ သူ့အခန်းကလေး၌သာ ကုတ်၍နေလေတော့သည်။ ကျွန်ုပ်၏ အိမ်သို့လည်း ကူး၍ မလာတော့။
သို့နှင့် မင်္ဂလာပွဲ ကျင်းပမည့်နေ့ မတိုင်မီ ခုနစ်ရက်ခန့်၌ မောင်စိန်မောင်သည် မိဘဆွေမျိုးများနှင့်သိုက်ဝန်း စွာ မင်္ဂလာ ပစ္စည်းအစုံအလင်နှင့် ရောက်လာ၏။ သူတို့လူစုအတွက် ကြိုတင်၍ ငှားထားသော အိမ်တစ်လုံး တွင် မောင်စိန်မောင်တို့ နေထိုင်ကြပေသည်။ မြို့နယ်ကလေးဖြစ်သည့် အားလျော်စွာ အထည် သည်သမီးချော ကလေးကို ရန်ကုန်မှ ဆန်စက်သူဌေးသားက လာရောက် တောင်းဆိုသည်ဆိုသော် သတင်း များပျံ့နှံ့ချိန်မှ မင်္ဂလာဆောင်ရက် ကန့်သတ်လိုက်သည်အထိ ကျွန်ုပ်တို့မြို့ကလေးမှာ အသန့်၏ သတင်း ဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေလေတော့သည်။
အသန့်တို့အိမ်ရှေ့၌ မဏ္ဍပ်တစ်ခုထိုး၍ ပေါ်ပလင်ပိတ်အုပ်များဖြင့် မင်္ဂလာအခမ်းအနား ပြင်ဆင်ကြသည်။ ငွေရှင်ကြေးရှင်များဖြစ်သည့်အလျောက် ဘာမျှ လိုလေသေးမရှိ။ ၀င်ကြ ထွက်ကြ၊ လုပ်ကြ၊ ကိုင်ကြသူတွေ မှာလည်း ပျားပန်းခပ်နေကြ၏။ ကျွန်ုပ်မူကား လှုပ်လှုပ်ရွရွတွေကို ကြည့်ကာ စိတ်မော ရင်မောရှိလှပေ တော့သည်။ ကိုယ့်နှမကလေး အိမ်ထောင်ကျ၍ စက်သူဌေးယောက်ဖကို ရသောအခါဖြစ်သည်နှင့်အညီ ၀မ်းသာရဖို့ရှိသော်လည်း စင်စစ်၌ ကိုယ့်နှမကလေး မစစ်ခြင်းကပင်လျှင် ကျွန်ုပ်အား ၀မ်းမသာနိုင်အောင် ဖန်တီးလျက်ရှိ၏။ သို့သော် ရှိပါစေတော့ဟု ကိုယ့်စိတ်ကို ကိုယ်ဖြေ၏။ မရ။ မရသော်လည်း အကြောင်းထူး မည်လား။ မထူး။
သို့သော် ထူးသောအကြောင်းက ရှိသေး၏။ ထိုအကြောင်းထူးကို မကြုံချင်ပါဘဲနှင့် ကြုံရပုံမှာ ပို၍ ထူးပေ တော့သည်။ ကံတရားသည် ကျွန်ုပ်အား ခြေနှင့်ကန်ပြီးမှ မထီလေးစားနားရွက်ဖျားကို လက်နှင့်တောက်၍ ကျီစယ်ပြန်သလို ဖန်တီးပြန်ပေသည်။
နက်ဖြန်ခါတွင် အသန့်နှင့် မောင်စိန်မောင်တို့ လက်ထပ်ကြတော့မည့်နေ့၏ ညနေဖြစ်၏။ ထိုညနေတွင် အသန့်၏ အပျိုတော်ကလေးများ လက်ဆောင်ကိုယ်စီနှင့် အသန့်တို့အိမ်သို့ ၀င်ကြသည်ကို ကျွန်ုပ်မြင်ရ၏။ မဏ္ဍပ်တွင်းမှ တီးဝိုင်းကလည်း ဧည့်ခံတိးမှုတ်နေပေသည်။ ဤမဏ္ဍပ်တွင် နက်ဖြန်၌ မင်္ဂလာဆောင်ကြပြီး နောက် အသန့်သည် မောင်စိန်မောင်နှင့်အတူ ရန်ကုန်သို့ လိုက်ရမည်။ ရန်ကုန်သို့ ရောက်သောအခါ ဂျူဗလီရုံကြီး၌ မျက်နှာကြီး မိတ်ဆွေများအား ဧည့်ခံပွဲကြီး လုပ်ဦးမည်။ အော် ... ပိုက်ဆံ ပိုက်ဆံ။
အသန့်တို့ အိမ်ဘက်၌ ဤမျှအလုပ်များနေကြ၍ ကျွန်ုပ်၏ တပည့်ကလေးများကိုပင် အကူအညီစေလွှတ် ထားရရင်းက အိမ်ဝရန်တာမှနေ၍ အသန့်တို့အိမ်ဆီကိုသာ မျှော်၍ ကြည့်ကာ ရင်လေးနေမိစဉ် ကျွန်ုပ်၏ အိမ်တွင်းခန်းဆီမှ "အကိုကံကောင်း" ဟု မရဲတရဲခေါ်လိုက်သောအသံကို ကြားရသဖြင့် ကျွန်ုပ်သည် အံ့သြ ခြင်း ပြင်းစွာဖြစ်လျက် ကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် အသန့်ကိုယ်တိုင် ဖြစ်နေပေသည်။ အသန့်သာ လျှင် သာမန်လာရိုးလာစဉ်အတိုင်း အိမ်ရှေ့ဘက်မှ ၀င်လာပါက ကျွန်ုပ်မှာ အိမ်ရှေ့၀၇န်တာ၌ ရှိသူဖြစ်ရာ ၀င်လာသည်ကို မြင်ရမည်ဖြစ်၏။ ယခုမူကား အသန့်သည် အိမ်နောက်ဖေးမှ ကူး၍လာဟန်တူပေသည်။
" ဟင် ... အသန့် " ဟုသာ ဆိုနိုင်လျက် ကျွန်ုပ်သည် အိမ်တွင်းခန်းသို့ လျင်မြန်စွာ ၀င်ခဲ့၏။ အသန့်၏ အနီး သို့ရောက်သောအခါ အသန့်သည် မျက်နှာကလေးအိုအိုနှင့် ညိုးငယ်စွာရပ်နေသည်သာမက မျက်ရည်များ ပင်ဝေ့အိုင်၍ နေသည်ကို တွေ့မြင်ရပေသည်။
" ဘာဖြစ်သလဲ ... ဟင် ... အသန့်၊ မင်္ဂလာယူနေရတဲ့ အခါမျိုးမှာ မျက်ရည်မကျကောင်းပါဘူး ညီမလေး ရယ် စိတ်တိုင်းမကျတာ ဘာများရှိလို့လဲ၊ အကိုကံကောင်းကို ပြောလေ "ဟု ကျွန်ုပ်က ချော့ချော့မော့မော့ မေးသည်၌ အသန့်လည်း မျက်ရည်စများကို သိမ်းရင်း ခေါင်းမမော်လာဘဲ ရှိရာကပင် " အသန့်လေ အသန့် မင်္ဂလာမဆောင်ချင်ဘူး" ဟု ထစ်ထစ်ဆွံ့ဆွံ့ ပြောလိုက်၏။ ကျွန်ုပ်တွင်ကား ခေါင်းနားပန်းကြီး၍ သွားရ လေတော့သည်။
" အို ... မဟုတ်တာဘဲ အသန့်ရယ် ဘယ့်နှယ်အားလုံးစီစဉ်ပြီးမှ မဟုတ်တာကြီးကဘဲ" ဟု ကျွန်ုပ်ဆိုမိ၏။ ဤတွင် အသန့်က "အသန့်သိပါတယ်၊ ဒါပေမဲ့ အသန့် ဒီလူကို မယူချင်ဘူး"ဟု တီးတိုးကလေးဖွင့်၍ ၀န်ခံ လိုက်ပေရာ ကျွန်ုပ်မှာ " ဟယ် ... မဟုတ်တာ " ဟု အံ့သြစွာဆိုလိုက်မိ၏။ ပြီးမှ " ဘာပြုလို့လဲ အကိုကံကောင်းကို ပြောစမ်းပါအုံး" ဟု ထပ်၍ မေးမိ၏။
အသန့်လည်း မျက်ရည်စများကို အင်္ကျီလက်မောင်းနှင့် သိမ်းရာက "အစကတည်းက အသန့် ဒီလူကို ဘယ် လိုမှ စိတ်ထားဖို့နေနေသာသာ ဘယ်သူမှန်းတောင် မသိပါဘူး။ မေမေတို့ဆီကို သူ့မိဘတွေ လက်ဦးတစ် ခေါက် လာတော့မှ အသန့်လဲ ဓာတ်ပုံကို မြင်ဖူးတာ၊ သူကသာ အသန့်ကို တန်းတန်းစွဲဖြစ်နေတာ ပြီးတော့ သူ့မိဘတွေဆီကို မေမေတို့က လက်ခံကြောင်း စာပြန်ပီးတော့မှ အသန့်ကို စာပြန်လိုက်ပြီဆိုတာကို ပြောကြ တယ်။ အကိုကံကောင်းကလဲ သဘောတူတယ်လို့ ပြောကြတယ်။ ဒီတော့ အသန့် ဘယ်နှယ်လုပ် ရမလဲ၊ မေမေတို့ကိုလဲ အသန့် မပြောဝံ့ဘူး။ မေမေတို့က စာပြန်ပြီး နေမှပဲကိုး၊ ပြီးတော့ အကို ကံကောင်း ကလဲ မော်လမြိုင်ကို တက်သွားရပြန်လေတော့ အသန့်ဘာမှ မကြံသာဘူး။ သူတို့ကလဲ ပြန်စာ ရတယ်ဆိုရင်ပဲ ချက်ချင်းလာပြီး လူကြီးတွေနဲ့ စေ့စပ်ကြတော့ အသန့် ဘာမှ မတတ်နိုင်ဘူး။ ဒါပေမဲ့ အခု လက်ထပ် ရတော့မည့် ရက်နီးလာတော့ အသန့် မအောင့်နိုင်တော့ဘူး အကိုကံကောင်း။ အသန့် ဒီလူကို မယူချင်ဘူး။ ဒီလူကို ယူရရင် အသန့်တစ်သက်လုံး စိတ်ဆင်းရဲရပါလိမ့်မယ် အကိုကံကောင်းရယ်။ မေမေ တို့ကို ပြောပေးပါ" ဟု တစ်လုံးချင်း ဖြေးလေးစွာ ပြောပြပေသည်။
ကျွန်ုပ်လည်း နားထောင်နေရာက " ဘာပြုလို့လဲ အသန့်ရဲ့ အားလုံး စီစဉ်ထားပြီးမှ အခုကျမှ ဖျက်လို့ ဘယ်ရတော့မလဲကွဲ့။ မဟုတ်တာကို။ လာပြီး စေ့စပ်ကြောင်းလမ်းတုန်းကတည်းက အသန့်သဘော မကျကြောင်း ပြောလိုက်ရင် လွယ်လွယ်နဲ့ ကိစ္စပြီးမှာ။ အခုလို နက်ဖြန် လက်ထပ်ရမည့် ဆဲဆဲကြီးမှာ ဘယ်နှယ် လုပ်မလဲ ... "ဟု အကျိုးသင့် အကြောင်းသင့် ပြောလိုက်သည်မှ အသန့်က ... "
" အသန့်မှာ ငြင်းဖို့အကွက်လည်း မရခဲ့ဘူး။ အကိုကံကောင်း စဉ်းစားကြည့်ပါလား။ သူ့မိဘတွေ လက်ဦး တစ်ခေါက် လာတုန်းက မေမေက အဲဒီလူရဲ့ ဓာတ်ပုံကိုပြပြီးတော့ သမီး ... ဘယ်လို သဘောရသလဲလို့ မေးတယ်။ ဒီတော့ အသန့်က အသန့်ငယ်ပါသေးတယ်၊ အိမ်ထောင် မပြုချင်ပါဘူးလို့ ဖြေလိုက်တယ်။ သည် ထက် ပိုပြီးတော့ အသန့်ဘယ်လို ဖြေနိုင်မှာလဲ။
နောက် အကို ကံကောင်းကို တိုင်ပင်မယ်လို့ပြောတော့ အကိုကံကောင်းကတော့ ဘယ်နည်းနဲ့မှ သဘောမတူဘူး ငြင်းမှာပဲလို့ အသန့်ထင်မိတယ်။ အဲဒီမှာ အသန့် မှားတာပဲ။ နောက် အကိုကံကောင်းလဲ မော်လမြိုင် အသွား မေမေတို့ကလဲ စာပြန်လိုက်ပြီးပြီဆိုတော့ အသန့်စိတ် အများကြီး ညစ်ရတယ်။ ဒီအထဲမှာ သူတို့က လူကြီးတွေနဲ့ ၀ုန်းဝုန်းဒိုင်းဒိုင်း လုပ်ပစ်လိုက်တော့ အသန့် ကန့်ကွက်ဖို့အကွက်လည်း မပေါ်ခဲ့ဘူး။ အသန့်စိတ်တွေဟာ ဝေပြီးတော့သာ နေခဲ့တယ်။ အခုလို တကယ့်တကယ် လက်ထပ် ရတာ့မယ် ဆိုတော့ဖြင့် အသန့် မအောင်နိုင်တော့ဘူး အကို ကံကောင်းရယ်။ အသန့် ဒီလူကိုဖြင့် မယူလဲ မယူချင်ပါဘူး "ဟု ပြောပြ၏။
အသန့်ခမျာမှာ ကံဒီရေတွင် မလှန်သာ မဆန်သာ မျောဒါရသော ဗေဒါပွင့်ကလေးနှင့် ပမာတူ၍ နေချေတော့သည်။ ဘာလုပ်နိုင်မည်နည်း။ အသန့်ကိုထားဦး၊ အသန့် အားကိုးတစ်ခုလာ၍ တိုင်ပင်သော ကျွန်ုပ်ပင်လျှင် ဘာတတ်နိုင်ဦးမည်နည်း။ ထို့ကြောင့် ...
" ဒီလိုဆိုရင် အသန့် စောစောစီးစီး ကတည်းက လူကြီးတွေကို ရှင်းရှင်းလင်းလင်း ပြောထားဖို့ ကောင်းတာ ကွယ် ...။ ခုတော့ အားလုံး လက်လွန်လက်ကျွံ စီမံပြီးကုန်လို့ နက်ဖြန်ပဲ မင်္ဂလာဆောင်ရတော့မယ်၊ ဘယ် လိုလုပ်ဖို့ လမ်းမှ အကိုက့ကောင်းတော့ မမြင်ဘူး" ဟု ညည်းလိုက်မိသည့် အသန့်က ခေါင်းကလေးတစ် ချက် ဆတ်ခနဲ မော်ရင်း ...
" လမ်းရှိရင် အကိုကံကောင်း အသန့်ကို ကူမှာလားဟင် " ဟု ဖျတ်ခနဲမေးလိုက်ရာ ကျွန်ုပ်လည်း ကြောက် ၍သွားရာက "ပြောလေ ဘယ်လို လမ်းလဲ။ အကို ကံကောင်း တတ်နိုင်တဲ့လမ်းသာဆိုရင် ဘာပဲ ကူညီရ၊ ကူညီရ ... " ဟု ဖြေလိုက်မိသည်၌ အသန့်လည်း နှုတ်ခမ်းကလေးကို ကိုက်၍ အတန်ကြာ တွေဝေငေး စိုက်နေ ညပီးနောက်မှ တစ်စုံတစ်ခု ပြောရန် အားတင်းလိုက်သလို သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီးလျှင် ...
ဒါဖြင့်ရင် အခုည အကိုကံကောင်း အသန့်ကိုခေါ်ပြီး... တခြားမြို့ တစ်ခုခုကို ပို့ပေးပါလားဟင် ... " ဟု ရုတ်ခနဲ ပြောချလိုက်ရာ ကျွန်ုပ်မှာ " ဟယ် ... မဖြစ်နိုင်တာကပဲ" ဟု ကယောင်ကတမ်း ဆိုလိုက်မိ၏။
" ဘာပြုလို့ မဖြစ်နိုင်ရမှာလဲ အကိုကံကောင်းရယ်၊ အသန့်မှာ ဇာထိုးပြီး ငွေစုထားတာကလေးတွေ ရှိပါတယ်။ စရိတ်အတွက်တော့ မပူပါနဲ့။ အသန့်တစ်ယောက်တည်း မသွားဝံ့လို့သာ နို့မဟုတ်ရင် အသန့် ခုနကတည်းက ထွက်သွားပြီးပြီဟု အသန့်က ပြောပြန်သည်၌ ကျွန်ုပ်မှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားရပြန်ပြီး နောက် " မဟုတ်တာ ညီမလေးရယ်၊ မဟုတ်တာတွေကို" ဟု ညည်းလိုက်မိပြန်၏။
ထိုအခါ အသန့်က မျက် နှာထားကလေး တင်းတင်းနှင့် " ဒါဖြင့် အကိုကံကောင်း အသန့်ကို လိုက်ပို့ပါ" ဟု ဇွတ်ပြောလိုက်ပြန်ရာ ကျွန်ုပ်မှာ ရင်တွင်း၌ တင်းကြပ်သွားရာက " မဖြစ်ဘူး အသန့် မဖြစ်ဘူး၊ အားလုံး ပြောစရာဖြစ်ကုန်လိမ့် မယ်" ဟု ဆိုမိသည်၌ အသန့်က ရင်ကလေးမောက်အောင် အသက်ရှူလိုက်ရင်း " ထင်ကောဘာဖြစ်လဲ အကိုကံကောင်းရယ် ထင်ချင်ရာထင် ... "
အသန့်၏ စကားမဆုံးမီပင် "မောင်ကံကောင်း၊ မောင်ကံကောင်း၊ အသန့် အမယ်လေးသမီးရယ် မေမေတို့ ဖြင့် ရှာလိုက်ရတာကွယ် ... ကိုင်း ... လာ၊ အိမ်ကို သွားရအောင် ဈေးထဲက သမီးရဲ့ သူငယ်ချင်းတွေ တစ် သုတ်ကြီးနောက်ထပ် ရောက်နေကြတယ်...။ ယူလာလိုက်တဲ့ လက်ဆောင်တွေကလဲ တစ်ပုံကြီးပါပဲအေ ...။ ကဲ ... လာ ... သွားကြစို့ သမီး" ဟု ပြောပြောဆိုဆို ခေါ်ခေါ်နှင့် တက်လာရာက အသန့်အား ခေါ်ငင် နေသော အသန့်၏ မိခင်ကြီး ပြာပြာသလဲ ရောက်လာသောကြောင့် ကျွန်ုပ်တို့ နှစ် ယောက်လည်း ကိုယ် ရှိန်သတ်၍ ဣနြေ္ဒဆည်လိုက်ရပေသည်။
" လာလေ သွားစို့ ...သမီး။ ဧည့်သည်တွေ စောင့်နေရတာကွယ် ... အားနာစရာ" ဟု သူ့မိခင်ကြီးက ထပ် လောလိုက်သည်တွင် အသန့်သည် ကျွန်ုပ်၏ မျက်နှာတွင် တစ်စုံတစ်ခုကို ထက်သန်စွာ ရှာဖွေသော မျက် လုံးများဖြင့် စူးစူးဝါးဝါးကြီး ကြည့်၏၊ ကျွန်ုပ်၏ ရင်တွင်း၌ကား ပြည့်ကယ်၍ အစ်လာပေတော့သည်။ သို့သော် မတတ်သာ။ ထို့ကြောင့် " ဟုတ်သားပဲ အသန့် သွားလေ "ဟု ဇွတ်မှိတ်၍ ဆိုလိုက်ရသည်၌ အသန့်သည် မျက်လွှာကို တစ်ချက်ချ၍ ခဏနေပြီးကာမှ ကျွန်ုပ်၏ မျက်နှာကို စူးရှစွာ တစ်ချက်ကွက်ခနဲ ကြည့်ကာ သူ့ မိခင်နှင့်အတူ မာန်ပါပါ လှမ်း၍ လိုက်သွားရှာပေသည်။ သူ၏ နောက်ဆုံး ကွက်ခနဲ ကြည့်လိုက်သော အကြည့်တစ်ချက်ကား ကျွန်ုပ်၏ နှလုံးသားကို လှံစွပ်အဖျားဖြင့် စွပ်ခနဲ ဆွလိုက်သလို ဖြစ် သွားစေလေ တော့သည်။
အော် ... ရွှေကံ ... ရွှေကံလက်ပေး၍ သတ်တတ်သော ရွှေကံရယ်။ အသန့်နှင့် နီးစပ်အောင် ကိုယ့်ဇာတိ မြို့သို့ ရာထူးနှင့် ပြောင်းခဲ့ရဖို့ ဖန်တီးပေး၏။ အဟုတ်ထင်၍ စိတ်ရွှင်မိကာ အသန့်ကလေး၏ အပေါ်၌ပင် ကြင်နာစိတ်တွေ ၀င်လျက်နေမိစဉ်တွင် ကိုရွှေကံသည် လက်တစ်လုံးခြားကလေး လှိမ့်၍ လိမ်လည် လှည့် ဖျားသွားပြန်ပေတော့သည်။
ကျွန်ုပ်ထံသို့ အဘိုး ဦးနကီ အနိစ္စရောက်သည့်သတင်း ဟိုညက မရောက်ပါက အသန့်၏ မိဘတို့အား ကျွန်ုပ်တိုက်တွန်းစကား ပြောကြားမိမည် မဟုတ်။ မပြောမိလျှင် အသန့်၏ ကိစ္စကို အီလေးဆွဲနေကြမည် ဖြစ်၏။ ယခုကဲ့သို့သော အဖြစ်မျိုးကိုလည်း ကြုံမည် မဟုတ်။ တစ်မျိုးတစ်ဖုံ ဖြစ်လာရဖို့ လမ်းရှိ၏။ ယခုကား ကျွန်ုပ်၏ တိုက်တွန်းစကားကြောင့် အသန့်၏ မိဘများက မောင်စိန်မောင်၏ မိဘများထံ စာပြန်ဖြစ်လျက် ဤအခြေသို့ ရောက်ခဲ့ကြပြီ။ အဘိုးတို့၏ စနက်သည် ကျွန်ုပ်၏ အချစ်ရေးကိုပင် လိုက်လံ နှောက်ယှက်နေ လေသေးတော့သည်။ အသန့်၏ (ထင်ကော ဘာဖြစ်သလဲ အကိုကံကောင်းရယ် ... ထင်ချင်ရာထင်) ဟူ သော လက်စ မသတ်နိုင်သည့် နောက်ဆံးစကားကလေးများသည် အသန့်၏ စိတ်ကို အရိပ်မျှ ပေါ်လွင်စေ ၏။ သို့သော် ကျွန်ုပ် ယခုမှ ဘာတတ်နိုင်ပါဦးမည်နည်း။ တေ့လွဲကလေး လွဲရပုံကား ရင်နာစရာကြီးပင် ...။
*
ဆက်ရန်
.
1 comment:
အမကြီး...........
အပိုင်း ၁၂ ကိုစောင့်နေပါပြီခင်ဗျာ။
ဝတ္ထု ကောင်းကောင်းလေးတွေ ရွေးပြီးတင်ပေးတဲ့အတွက်
မြန်ပြည် ကိုပြန်ရောက်ရင် မုန့်တွေအများကြီးဝယ်ကျွေးမယ်
နော်။
Post a Comment