Sunday, September 11, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၇၂) (ဇာတ်သိမ်း)

နွေ-မိုး-ဆောင်း
ပြောင်းသော်လည်း

သုခ(သား)

နွေ -----------
ခြောက်သွေ့လွန်းသော နွေနေ့လည်ခင်းတစ်ခု။
တစ်နှစ်နီးပါးခွဲခွာနေခဲ့သော အိမ်ပေါ်သို့ ကျွန်တော် တစ်လှမ်းချင်းလှမ်းတက်ခဲ့ပါသည်။ အဖေအိုကြီးနှင့် အမေအိုကြီးသာ ကျန်ခဲ့သော ကျွန်တော့်အိမ်သည် ပူပြင်းသောနွေ၏ နေ့လည်ခင်းနှင့်အပြိုင်ခြောက်သွေ့ လွန်းလှပါသည်။ မည်သူမှမရှိသော ဧည့်ခန်းကိုကျော်လွန်၍ ဘုရားခန်းတွင် ကျွန်တော် ၀တ်ပြုအပြီးဖခင် အိုကြီးရှိရာအခန်းတွင်းသို့ ခြေသံမကြားရအောင် ကြမ်းပြင်ကို ခပ်ဖွဖွကလေးနင်းကာ ၀င်သွားမိပါသည်။

ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဖခင်ကြီးနားသို့ ရောက်သွားသောအခါ "သားပြန်လာပြီလား လမ်းခရီးမှာ အဆင်ပြေရဲ့လားကွယ် "ဟု ဖခင်ကြီး၏ ကရုဏာသံဖြင့် ဆီးကြိုမေးသံကလေးကို ကြားနေရ သည်။

ကျွန်တော် အထက်တန်းကျောင်းသားဘ၀မှာ ဖခင်ကြီး၏ စက္ခုအမြင်အာရုံပါလျော့ပါးလာပါသည်။ ထိုမှစ၍ နောင်အနှစ်နှစ်ဆယ်ကြာသောအခါ ဖေဖေသည် အမြင်အာရုံပါမက၊ အကြားအာရုံ ပါ လျော့ပါး လာပါတော့ သည်။ ယခင်ကထက် ကျယ်လောင်စွာ မပြောပါက ဖေဖေမကြားနိုင်တော့ပါ။ အရင်က မမြင်နိုင်သော်လည်း ကြားနေရသည့် နားအာရုံတစ်ခုတည်းကို အားပြု၍ ကြည့်ခဲ့သော တီဗီနားသို့ပင် လုံးဝ မကပ်တော့ပါ။ အမြင် အာရုံအကြားအာရုံနည်းပါးလာသော မိမိကိုယ်ကို အားမရသောကြောင့်လည်း ဖြစ်ပေလိမ့်မည် ထင်ပါသည်။ သို့သော် -- အနှီသို့သော် --- ဤသို့သော်ကား-အသံလုံးဝမကြားအောင် အိမ်ခန်း အတွင်း ဖြေညှင်းစွာ နင်း ကာဝင်လာသော ကျွန်တော့်အား အနားသို့ မရောက်ခင်က သိနေ ပေသည်။ ကျွန်တော် အိမ်အပြန် ကို မနက်ကတည်းက စောင့်နေသည်မှာ မလွဲမသွေပင် ဖြစ်ပေလိမ့်မည် ထင်ပါသည်။

မိုး-------------
လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က သည်းသည်းမည်းမည်း ရွာနေသော မိုးညတစ်ည။
အချိန်က သန်းခေါင်ကျော်ချေပြီ။ မီးမထွန်းဘဲ (မှောင်ထဲ) ၀င်လာခဲ့သော ကျွန်တော်က၊ အိမ်တံခါးကို ဖွဖွ ကလေး ပြန်ပိတ်လိုက်ပါသည်။ မှောင်ထဲမှာ စမ်းတ၀ါးဝါးနှင့် တံခါးချက်ကို ထိုးလိုက်ခိုက်၊ ကျွန်တော့် ပုခုံးပေါ် သို့ နူးညံ့သော လက်ချောင်းကလေးများက ညင်သာစွာ ကျရောက်လာပါသည်။ " သားရယ် ဒီအချိန်ကြီး အထိ ဘယ်သွားနေတာလဲကွယ်၊ မင်းအဖေသာ သိရင်တော့ မိုးမီးလောင်တော့မှာပေါ့ကွယ်" စိုးရိမ်ကြင် နာစွာ ငိုသံပါဖြင့် မေမေက ဆီးကြိုပါလေသည်။

မေမေသည် တစ်ဦးတည်းသောသား ကျွန်တော့်ကို မြိုထားမတတ်ချစ်ပါသည်။ ကျွန်တော် လိုချင်သော အရာ ကို ဖေဖေမသိအောင်တစ်မျိုး၊ သိအောင်တစ်မျိုး ၀ယ်ပေးလေ့ရှိပါသည်။ အခုလည်း အသက်(၁၈)နှစ် ပြည့်၍ ကားမောင်းလိုင်စင်ရကာစ မနက်မိုးလင်းအောင် မစောင့်နိုင်၊ ညတွင်းချင်းပင် သူငယ်ချင်းများ ကိုခေါ်၍ ရန်ကုန်မြို့လုံးပတ် လျှောက်၍လည်ပါတော့သည်။ ကျွန်တော် အိမ်အပြန်ကို စောင့်နေရှာ မည်ဖြစ်သော မေမေအား မေ့၍ သည်းသည်းမည်းမည်းရွာနေသော မိုးနှင့်အပြိုင် အပျော်ကြီး ပျော်ခဲ့ ပါသည်။ ကျွန်တော် အိမ်ပြန် မရောက်မချင်း (ရဲစခန်းနှင့်ဆေးရုံ) တစ်နေရာရာမှ ဖုံးဆက်လာမည့် အသံကို (ဖေဖေကြားမှာ စိုး ရိမ်စိတ်ရင်တထိတ်ထိတ်ဖြင့်) ညလုံးပေါက် ငုတ်တုတ်ထိုင်ကာ မေမေ့ခမျာ စောင့်နေခဲ့ ရှာပါသည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာ (၇)ရက် အလွန်အေးသောဆောင်းရာသီ။

နိုင်ငံခြားတွင် ရောက်နေသော ကျွန်တော့်ထံ ဖေဖေဆုံးပြီလို့ ရန်ကုန် က ဖုန်းလာပါသည်။ ကျွန်တော် ခရီး လွန် နေကြောင့် မြန်မာပြည်သို့ ပြန်မလာနိုင်ခဲ့ပါ။ ရက်လည်ဆွမ်းကျွေးပြီးနောက်ပိုင်း တစ်လနီးပါးကြားမှ မိမိ နိုင်ငံရှိ အိမ်သို့ ပြန်ရောက်လာခဲ့ပါသည်။ ရက်လည်ကျော်လွန်ခဲ့ပြီဖြစ်သောကြောင့်လည်း ခြံတွင်း ရော အိမ်တွင်း မှာပါ ဖေဖေ တပည့်သားမြေးများလည်း မရှိကြတော့ပါ။ ထုံးစံအတိုင်း တိတ်ဆိတ်ငြိမ်သက် လှသော အိမ်အိုကြီးအတွင်းသို့ ကျွန်တော်ဝင်ခဲ့ပါသည်။ အိမ်အ၀င် ပြုလုပ်နေကြ ဖြစ်သော၊ ဘုရားဝတ်ပြု ခြင်း ကို ဦးစွာပြုလုပ်ပြီး၊ ထုံးစံအတိုင်းပင် ဖေဖေ အိပ်ခန်းအတွင်းသို့ ကျွန်တော် ၀င် သွားမိပါသည်။

ဖေဖေ ထိုင်နေကြပက်လက်ကုလားထိုင်ပေါ်မှာရော ဖေဖေလှဲနေကြ ဖေဖေ့ကုတင်ပေါ်မှာရော - ဖေဖေ့ ကို မတွေ့ရတော့ပါ။ မမြင်နိုင်သော်လည်း မကြားနိုင်သော်လည်း " သား ပြန်လာပြီလား - လမ်းခရီးမှာ အဆင်ပြေရဲ့ လားကွယ် " ဟုဆီး၍ မေးနေကြဖေဖေ့အသံလည်း မကြားရတော့ပါ၊ ဖေဖေမှမရှိတော့ပဲကိုး။ ဖခင်ကြီး မရှိတော့သော ကုတင်လွတ်ကြီးအား ဖခင်ကြီးကို ရည်မှန်း၍ ကျွန်တော် ဦးချကန်တော့လိုက်ရပါ သည်။ စီး၍ ကျလာသော ကျွန်တော့် မျက်လုံးအစုံမှ မျက်ရည်များကိုလည်း လက်ဖမိုးဖြင့် သုတ်လိုက်မိပါ သည်။ သည့်နောက်တော့ - မိခင်ကြီးအခန်းတွင်းသို့ ကျွန်တော် ၀င်သွားခဲ့ပါသည်။

မေမေသည်လည်း လွန်ခဲ့သော အနှစ်နှစ်ဆယ် ခန့်ကကဲ့သို့ ကျွန်တော် အိမ်အပြန်ကို အိမ်ပေါက်ဝမှ ထွက် မကြို နိုင်တော့ပါ။ လွန်ခဲ့သော သုံးနှစ်ကျော်ကလေဖြတ်ခဲ့သောကြောင့် ပက်လက်ကုလားထိုင်ပေါ်တွင်သာ ထိုင်လျှက်နှင့် အချိန်များကုန်ဆုံး နေရရှာပြန်လာမှန်းသိသော်လည်း ကြားနေရသော်လည်း ဆီး၍ ကားမကြို နိုင်ရှာတော့ပါ။ သည်တော့ ကျွန်တော်သည် ပက်လက်ကုလားထိုင်နားအရောက်သွားကာ မိခင်ကြီး ၏ ခြေဖ မိုးအစုံပေါ် ဦးချကန်တော့ရင်း အားရပါးရငိုချလိုက်ပါတော့သည်။ မေမေကတော့ " သားပြန်လာပြီလား - လမ်းခရီးမှာ အဆင်ပြေရဲ့လားကွယ်" ဟု မေးပါသည်။ ဖေဖေ မရှိတော့ပြီဖြစ်သောကြောင့် ဖေဖေကိုယ်စား မေမေကပင် မေးနေသလားဟုထင်လိုက်မိပါသည်။ " သားရေမိုးချိုး ပြီးရင် ထမင်းသွားစားချေသား" ဟု ပြော သဖြင့် မိခင်ကြီးအနားယူနိုင်စေရန် အသာကလေး အခန်းတွင်းမှ ပြန် ထွက်လာခဲ့ပါသည်။

မပြောင်းလဲသောအရာများ ---------------------
ရေမိုးချိုး၍ ထမင်းစားခန်းအတွင်းသို့ ရောက်သွားသောအခါ ကျွန်တော့်အတွက် ပြင်ဆင်ထားသော စားစရာ များက စားပွဲအပြည့် (ယခင်ကကျွန်တော့်အကြိုက် ကိုယ်တိုင်ချက်ပြုတ်ပေးသည့်မေမေ) ယခု တော့လည်း ကိုယ်တိုင် မချက်နိုင်တော့ ကျွန်တော် ငယ်ငယ်ထဲက ကြိုက်သော အစားများကိုတော့ ပါးစပ် ဖြင့်ပင် ချက် နေတုံးဖြစ်ပါသည်။ ယခုရောက်လာသော ကလေးမကလေးအား ကျွန်တော့် အကြိုက်များကို မနက် ကတည်းက ပက်လက်ကုလားထိုင်ပေါ်က ပြောနေပေလိမ့်မည်ဖြစ်ပါသည်။

ကျွန်တော်ကတော့ ထမင်း စားပွဲကိုကြည့်ရင်း မျက်လုံးအစုံမှ မျက်ရည်များစီးကျလာပြန်ပါသည်။ ကျွန်တော် ထိုင်နေသော စားပွဲ ရဲ့တဖက်ခြမ်းမှာ ထိုင်နေကျ ဖေဖေလည်းမရှိ။ ဖေဖေနဲ့ ကျွန်တော် ထမင်းစား လျှင် ဖေဖေ့အနားမှ ရပ်ကာ ယပ်တောင်ခပ်ပေးနေကျ မေမေလည်း မတ်တပ်ပင်မရပ်နိုင်ရှာ၍ မမြင် ရတော့။ ဒီအိမ်ကြီးသည်လည်း အို၍ လာချေပြီ။ ကျွန်တော့် စိတ်ထဲတွင် ဖေဖေမရှိတော့သော်လည်း ဖေဖေ့ ကိုယ်စား မေမေရှိနေသေး၍ ဖြေသာ ပါသေးသည်။

ဤအိမ်ကြီးအတွင်း ကျွန်တော့်ကို ချစ်သော မိဘမေတ္တာတရားများစွာ ကျန်ရှိနေပါသေးသည်။
ကျွန်တော့်အား ချစ်သော မိဘမေတ္တာများ ဆိတ်သုဉ်းကွယ်ပျောက်ခြင်းမရှိ၊ ရှိမြဲရှိလျက်သာ ရှိနေဆဲပါ၊ နောင် မေမေရှိတော့ရင်လည်း ဒီနေရာ ဒီဌာနမှာ မိဘမေတ္တာများ ထာဝရရှိနေမှာ မလွဲပါ။
နွေမိုးဆောင်း ရာသီတွေပြောင်းသော်လည်း မိဘမေတ္တာများကား မပြောင်းလဲဘဲ ရှိနေဦးမည်သာ ဖြစ်ပါသည်။ ထို့အတူ ဤအိမ်အိုကြီး တခုတည်းသာမက တခြားတစ်ခြားသော အိမ်အိုကြီးများတွင်လည်း ထိုကဲ့သို့ မပြောင်းလဲသော မိဘမေတ္တာ တရားများသည်ကား မလွဲမသွေ ရှိနေဦးမည်သာ ဖြစ်ပါတော့ သတည်း။

၂၀၀၅ ခု၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် ဘ၀တစ်ပါးသို့
ကူးပြောင်းသွားသောဖခင်ကြီးအားအမှတ်တရ။
သုခ(သား)

 
ဆရာကြီးဦးသုခထံမှပေးပို့သော
အမေနေ့သ၀ဏ်လွှာ

မိဘဟူသည် သားသမီးများအတွက် ဦးထမ်းပဲ့ရွက် ၀တ္တရား မပျက် တူညီသော ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခဲ့ကြသူများ ချည်းသာ ဖြစ်ပါသည်။ သို့သော် အမေနှင့် အဖေမတူသော ကွဲပြား ခြားနားခြင်းကား မမွေးဖွားမီ ကိုးလလွယ်ပြီး အာဝေဏိက ဒုက္ခများခံစားရသည်မျာ အမေ၊ မွေးဖွား လာပြန်တော့ ပုတုသေးတွေး ကလေးငယ်ကို ရင်ဝယ်ပိုက်ထွေး နို့ချိုတိုက်ကျွေးရသည်မှာလည်း အမေ၊ အချိန်တန် အရွယ် ရောက် လူလားမြောက်လို့ ကျောင်းပို့ကျောင်းကြို သားသမီးအရေးကိစ္စမှန်သမျှကို လုပ်ကိုင် ပေးရ သည်မှာလည်း အမေများသာဖြစ်ပါသည်

တူယှဉ်မရ ဤမျှများပြားလှသည့် အမေ့စေတနာ၊ အမေ့မေတ္တာ၊ အမေ့ကျေးဇူးတော်အနန္တကို ဖော်ထုတ်ကာ သိတရနှင့် ကျင်းပကြသည့် အမေနေ့တွင် အမေ့သားသမီးများသာမက သားသမီးများရဲ့ အမေများ ရော အဖေများကပါ တလေးတစားနှင့် အမေများကို ဂုဏ်ပြုပူဇော်ကြသည့်အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်ရပါ သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်မှစ၍ ကျွန်တော့်ဆန္ဒ ပြင်းပြစွာဖြစ်စေချင်သော အမေနေ့ကား ကြီးကျယ် ခမ်းနား စည်စည်ကားကားဖြင့် မန္တလေးမြို့တွင် စတင်ကျင်းပနိုင်ခဲ့ပါသည်။ မန္တလေးနှင့် တပြိုင်တည်း အချို့ မြို့များတွင်လည်း အမေနေ့ကို ပြုလုပ်ခဲ့ကြောင်း ကြားသိရ၍ လွန်စွာပီတိသော မနဿ ဖြစ်ရပါသည်။ ရန်ကုန်မြို့တွင်လည်း အမေနေ့ကို ဂုဏ်ယူဝင့်ကြွား စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြီးသည့် နောက်ပိုင်း မြို့နယ် အတော်များများကပါ တက်တက်ကြွကြွ ပါဝင် လှုပ်ရှား လာကြသည့်အတွက် လွန်စွာမှ အားတက် ဂုဏ်ယူမိပါသည်။

တုနှိုင်း၍မရ ပေးဆပ်၍မကုန် ဂုဏ်ကျေးဇူးအထူးကြီးမားလှသော အမေများတွက် ယခုလို ကျင်းပ ပြုလုပ်သော အမေနေ့ကို ပွဲပြီးမီးသေ ကောက်ရိုးမီးလို မဖြစ်စေဘဲ အရှိန်အဟုန်တိုးမြှင့်ကာ နှစ်စဉ် မပျက် တိုးတက် ဆောင်ရွက်ကြ ရင်း အမေ့ရဲ့ ဂုဏ်ပုဒ်ကို ထိထိရောက်ရောက် ဖော်ထုတ်နိုင်ကြပါစေလို့ ဆု တောင်း မေတ္တာ ပို့သ လိုက်ပါသည်။

သုခိအတ္တနံ ပရိဟရန္တု
သုခ
.

1 comment:

mstint said...

မိဘတွေရဲ့ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာကို ထပ်တူထပ်မျှခံစားရင်း ဖတ်သွားတယ် ညီမရေ။
ကွယ်လွန်သွားလေသူ မိခင်နဲ့ဖခင်တို့ကိုလည်း ဖတ်နေရင်းနဲ့ သတိရမိတယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်