အခန်း (၁)
အမြောက်သံ၊ သေနတ်သံများ တဒိန်းဒိန်း တဒိုင်းဒိုင်း၊ တအုန်းအုန်း မြည်ဟိန်းပေါက်ကွဲလာချိန်တွင် မိုက်ကယ် အိပ်ရာ မှ နိုးလာသည်။
နံနက် လင်းအရုဏ်မလာမီ အမှောင်ထုကုန်လုလုအချိန်တွင်ပင် စစ်မျက်နှာ၏ဘက်နှစ်ဘက်၌ စစ်မက် ဘက်ပြိုင် တိုက်ခိုက်နေကြသူ များက အပြန်အလှန် စတင်ပစ်ခတ်ကြသည်မှာ နေ့စဉ်အမှုပင်ဖြစ်နေသည်။
မိုက်ကယ် သည် အိပ်ပျော်ရာမှနိုးလာသော်လည်း အိပ်ရာထဲတွင်ပင် ပျက်လက်လှန်ပြီးလှဲနေသေးသည်။ သူ့ကိုယ်ပေါ် တွင် စစ်သက္ကလတ်စောင် ခြောက်ထည်ခြုံထားသည်။ ဗြိတိသျှလေတပ်မှ လေသူရဲတစ်ဦး ဖြစ်သော မိုက်ကယ်သည် ယခုအခါ ရှေ့တန်းစစ်မျက်နှာ၌ရောက်နေသည်။ ရွက်ထည်တဲတစ်လုံးတွင် နေရ သည်။ ရွက်ထည်တဲအမိုးကြားမှနေ၍ ကောင်းကင်မှ ကျည်ဆန်များဖြတ်သွားသော မီးပွားမီးပန်းများကို လှမ်းမြင် နေရသည်။
သူ့ကိုယ်ပေါ်မှ စောင်အထပ်ထပ်မှာ အေးစက်ပြီး ရေခဲတမျှဖြစ်နေသည်။ မိုးစက်မိုးပေါက်များက ရွက်ဖျင်တဲ ပေါ်သို့ တဖောက်ဖောက်တဖြောက်ဖြောက်ကျနေသည်။ အမြောက်သံများကို ဂရုစိုက် နားထောင် လိုက်ရာ လေကအနောက်တောင်ဘက်မှ တိုက်နေမှန်း ခန့်မှန်းသိရှိလာရသည်။ အအေးဒဏ် က ပြင်းထန် လွန်းလှသဖြင့် စောင်ကို မေးဖျားအောက်အရောက် ဆွဲတင်လိုက်သည်။ တဖြည်းဖြည်းနှင့် မိုးစက် မိုးပေါက် သံများပါးပြီး မိုးစဲသွားသည်။
မိုက်ကယ်သည် မနေ့ညက သူနှင့်အင်ဒရူးတို့ ၀ီစကီ တစ်ပုလင်းအလယ်တွင်ချပြီး ဆွေးနွေးခဲ့ကြ သည်များ ကို ပြန်သတိရလာသည်။ သူတို့နှစ်ဦးသည် ဤလေယာဉ်အုပ်စုတွင် ၀ါရင်လေသူရဲ များ ဖြစ်သည်။ တစ်နည်းအားဖြင့် ရွယ်တူတန်းတူများထဲတွင် သက်ဆိုးရှည် ကျန်နေသေးသူများဖြစ်သည်။ သို့သော် တိုက်ပွဲများက ပို၍ပို၍ ပြင်းထန်လာသောအခါ သူတို့ပင်တုန်လှုပ်ချောက်ချားလာကြသည်။
ရွက်ဖျင်တဲအပြင်ဘက်မှ လျှောက်လှမ်းလာနေသော ခြေသံများကို မိုက်ကယ်ကြားလိုက်ရသည်။ မိုက်ကယ် တပည့် ဘစ်သည် မီးအိမ်ကိုဆွပြီး လာနေရာ မီးရောင်ကို တဲတွင်းမှနေ၍ လှမ်းမြင်နေရသည်။ ဘစ်က ရွက်ဖျင်စကိုဆွဲဖွင့်ပြီး တဲအတွင်းလှမ်းဝင်ကာ ရပ်လိုက်ပြီး သူ့ဆရာကို နှုတ်ဆက်လိုက်သည်။
ကောင်းသောနံနက်ခင်းပါဆရာ။ လေကတော့ အနောက်တောင်ဘက်ကို တိုက်နေတယ်၊ ကောင်းကင် လဲ ကြည်လင်သွားပြီး ကြယ်တွေလဲ လင်းလက်နေပါတယ်ဆရာ
ဘစ်အသံက ရွှင်ပျပျရှိသော်လည်း ခပ်တိုးတိုးညင်ညင်သာသာပြောသည်။ ယနေ့နံနက်ပိုင်းတွင် တာဝန်မကျသော အနီးအနားရှိ ရွက်ဖျင်တဲများမှ လေသူရဲအရာရှိများကို အနှောင့်အယှက်မဖြစ်စေရန် အသံကို နှိမ့်ပြောခြင်းဖြစ်သည်။ ဘစ်သည် သူယူလာသောလင်ပန်ုးကို စက္ကူသောတ္တာတစ်လုံးပေါ်၌ တင်ထား လိုက်သည်။ ထို့နောက် ရွက်ျဖင်တဲတွင်းမှ အ၀တ်အစားဟောင်းများကို လိုက်ကောက် သိမ်းသည်။
“ဘယ်အချိန်ရှိပြီလဲ” မိုက်ကယ်က လှမ်းမေးသည်။
“ငါးနာရီခွဲပြီ၊ လော့အင်ဒရူးကီလီဂါရင်တောင် စားရိပ်သာမှာရောက်နေပြီ” ဘစ်က ပြန်ဖြေသည်။
“ဒီလူက လူမှဟုတ်သေးရဲ့လား၊ သံတုံးသံခဲနဲ့ လုပ်ထားထာများ ဖြစ်နေရော့သလား”
မိုက်ကယ် က အင်ဒရူးကို ချီးကျူး ညည်းတွားလိုက်သည်။ ခုတင်ပေါ်တွင် ထထိုင်လိုက်သော မိုက်ကယ် အား ဘစ်က လင်ပန်းပေါ်မှ ကိုကိုးထည့်လာသော အငွေ့တထောင်းထောင်းထနေသည့် ကြွေမက်ခွက်ကို လှမ်းပေး လိုက်သည်။ ထို့နောက်မိုက်ကယ့်အိပ်စင်အောက်မှ ၀ီစကီပုလင်းအလွတ်ကို ကောက်ယူပြီး လင်ပန်းပေါ် တင်လိုက်သည်။ တစ်ဆက်တည်းပင် မိုက်ကယ်မုတ်ဆိတ်ရိတ်ရန် ဘစ်က ပြင်ဆင်နေစဉ် မိုက်ကယ် က ကိုကိုးသောက်သည်။ သောက်ပြီးသောအခါ လက်ဆွဲမီးရောင်ဖြင့် သံမဏိ မှန်ပြားကို ကြည့်ကာ မုတ်ဆိတ်ရိတ်သည်။
မုတ်ဆိတ်ရိတ်ပြီးသော အခါ မိုက်ကယ်သည် လေယာဉ်မောင်း ၀တ်စုံကိုဝတ်ဆင်ရာ တပည့်ကျော် ဘစ်က ၀ိုင်းကူ ပေးသည်။ ထို့နောက် ဆရာတပည့်နှစ်ယောက် တဲထဲမှထွက်လာသည်။ ပန်းသီးပင်များ အောက်ရှိ အခြားတဲများရှေ့မှဖြတ်၍ အမှောင်ထုထဲတွင် လျှောက်လာသည်။ အခြားတဲများထဲမှ ချောင်းဆိုး သံများ နှင့် ချိုးချိုးချွတ်ချွတ်အသံများ ကြားရသည်။ သူတို့လည်း နိုးနေကြပြီဖြစ်သည်။ သို့သော်ယနေ့ တိုက်ပွဲ မ၀င်ရဘဲ နားနေမည့်သူများဖြစ်၍ အိပ်ရာထဲတွင် နှပ်နေကြပုံရသည်။
မိုက်ကယ်သည် သစ်သီးခြံထဲမှ လွန်လာသောအခါ ခေတ္တရပ်လိုက်ပြီး ကောင်းကင်သို့မော့်ကြည့် လိုက်သည်။ မိုးသားတိမ်လိပ်မည်းမည်းများက မြောက်ဘက်သို့ ရွေ့လျားသွားနေသည်။ တိမ်မည်းများ ၀င်သွားသည့် နေရာတွင် ကြယ်ပါင့်လေးများ ခေါင်းပြူလာနေသည်။
သူတို့လေယာသ်အုပ်စုတပ်ဖွဲ့၏ စားရိပ်သာမှာ အလုပ်သများတန်းလျားဟောင်း အပျက်ကို ပြန်လည် မွမ်းမံ ပြင်ဆင်ထားခြင်းဖြစ်သည်။ ရွက်ဖျင်များဖြင့် မိုးကာထားသဖြင့် သပ်သပ်ရပ်ရပ်နှင့် နွေးနွေး ထွေးထွေး ရှိသည်။ စားရိပ်သာ အလယ်တွင် မီးလင်းဖိုတစ်ဖို တည်ထားသည်။ မီးလင်းဖိုရှေ့တွင် ဗိုလ်မှူးလော့ဒ်အင်ဒရူးကီလီဂါရင် ထိုင်နေသည်။ ဖိနပ်အရှည် စီးထားသော သူ့ခြေထောက်နှစ်ဖက်ကို ချိတ်ပြီး မီးလင်းဖိုဘောင်ပေးတွင် တင်ထားသည်။ စားရိပ်သာမှရဲဘော်က စားပြီးသား ပန်းကန်များကို သိမ်းဆည်း နေသည်။
“လာဗျို့ . . . မိုးလင်းစာလေး စားရအောင်၊ အရသာရှိတယ်ဗျ”
အင်ဒင်ရူး က ညီညာဖြူဖွေးသော သူ့သွားများတွင် ကိုက်ထားသည့် ပယင်းစီးကရက်စွပ်တံကို ဖယ်ရှား လိုက်ပြီး မိုက်ကယ်အား ခရီးဦးကြိုဆိုလိုက်သည်။
“ပြန်လာမှပဲ စားတော့မယ်ဗျာ” မိုက်ကယ်က ပခုံးနှစ်ဘက် တွန်းပြီး ငြင်းလိုက်သည်။
“ ကဲ . . . ဒါဖြင့် ဗိုလ်ကြီး မိုက်ကယ်ကုတ်နေအတွက် ကော်ဖီယူခဲ့ကွာ”
ဗိုလ်မှူးအင်ဒရူး က စားရိပ်သာမှ တပ်ကြပ်ကြီးတစ်ဦးအား လှမ်းပြီး အမိန့်ပေးလိုက်သည်။
တပ်ကြပ် က ကော်ဖီမတ်ခွက်တစ်ခွက် ယူလာပြီး မိုက်ကယ်ရှေ့တွင် ချပေးသည်။ အင်ဒရူးက သူ၏ လေယာဉ်မှူး ဂျာကင်အင်္ကျီ အိတ်ထဲမှ ငွေဘူးအပြားကလေးကို ထုတ်ယူပြီး အဖုံးဖွင့်ကာ မိုက်ကယ်၏ ကော်ဖီ ကို တစ်ကျိုက် သောက်လိုက်ရာ စိတ်ရောလူပါ လန်းဆန်းသွားပြီး ရင်ထဲ၌နွေးသွားသည်။
“သိပ်ကောင်းတယ်ဗျာ”
“ဒါပေါ့ဗျာ၊ အားလုံးကောင်းသွားမှာပါ”
မိုက်ကယ် အဖို့ အင်ဒရူးသည် အခင်မင်အလေးစားရဆုံး မိတ်ဆွေတစ်ဦးဖြစ်သည်။
မိုက်ကယ်နှင့် အင်ဒရူးသည် တွေ့စက အဆင်မပြေခဲ့ပေ။ မိုက်ကယ်က လူသစ်များနှင့် စားရိပ်သာ ဘေးတွင် အပြင်းပြေ ကိုယ်လက်လှုပ်ရှားကစားသည်ကို အင်ဒရူးတွေ့သွားသောအခါဆူသည်။ ထိုအချိန် က စပြီး သူတို့နှစ်ယောက် ခပ်တန်းတန်း ခပ်စိမ်းစိမ်းနေလာကြသည်။ တစ်ယောက် အရိပ်အခြည်ကို တစ်ယောက် အကဲခတ်လာခဲ့ကြသည်။
သို့သော် လေယာဉ်မောင်းအတတ်ပညာတွင် ကျွမ်းကျင်သောတိုက်ပွဲဝင်လေးသူရဲများ ဖြစ်ကြသည် နှင့် အညီ တစ်ဦးပညာကို တစ်ဦးမြင်လာကြသည်။ လေယာဉ်မောင်းပညာ ဆိုသည်မှာ ပါရမီတစ်မျိုးပင်ဖြစ် သည်။ ကစားပွဲ နှင့် ပတ်သက်၍ ခပ်တန်းတန်းဖြစ်ပြီးနောက် တစ်လအကြာတွင် အင်ဒရူးက မိုက်ကယ်ကို စပြောလာသည်။
“မိုက်ကယ်၊ ဒီနေ့ခင်ဗျား ကျွန်တော်လေယာဉ်အုပ်စုမှာ ကျွန်တော့်လက်ထောက်အဖြစ် လိုက်ခဲ့ဗျာ”
သူတို့၏ ရှေ့တန်းစစ်မျက်နှာတစ်လျှောက် ပုံမှန်ကင်းလျည့် ထွက်ရမည့် ခရီးပင်ဖြစ်သည်။ သူတို့ တပ်ဖွဲ့ သို့ တစ်နေ့ကမှ ရောက်လာသော လေသူရဲသစ်နှစ်ယောက်အား အတွေ့အကြုံရရန် ခေါ်သွားမည့် ခရီး ဖြစ်သည်။ ထိုလူသစ်များသည် အင်္ဂလန်မှ လေတပ် ဗိုလ်သင်တန်းဆင်းစ အသက် ၁၀နှစ်အရွယ် လူငယ်များ ဖြစ်သည်။ ပူးတွဲအတွေ့အကြုံအရ လေယာဉ်ပျံသန်းချိန် စုစုပေါင်း ၁၄နာရီသာ ရှိသေးသူများ ဖြစ်သည်။ ပူးတွဲအတွေ့အကြုံအရ လေယာဉ်ပျံသန်းချိန် စုစုပေါင်း ၁၄ နာရီသာရှိသေးသူများဖြစ်သည်။
ဗိုလ်မှူးအင်ဒရူး က လူသစ်နှစ်ယောက်ကိုမေးသည်။
“မင်းတို့ လေယာဉ်နဲ့ကျွမ်းထိုးတာ သင်ဖူးသလား”
“ဟုတ်ကဲ့ သင်ဖူးပါတယ်” နှစ်ယောက်စလုံးပြိုင်တူဖြေကြသည်။
“ဘယ်နှစ်ကြိမ် လေ့ကျင့်ဖူးသလဲ”
‘တစ်ကြိမ်တည်းပါ’ နှစ်ယောက်စလုံး ခပ်ရှက်ရှက်မျက်နှာဖြင့် ခေါင်းငုံ့ပြီး ၀န်ခံကြသည်။
‘အလိုလေး . . . ဘုရားရေ၊ ကဲ ဒါဖြင့် စတောဖြစ်ယင်ကော’ အင်ဒရူး က တအံ့တသြဖြင့် ထပ်မေးပြန် သည်။
လူသစ်နှစ်ယောက်က ဘာပြောရမှန်းမသိဘဲ ခပ်ကြောင်ကြောင် ဖြစ်နေသည်။ ထို့ကြောင့် မိုက်ကယ်က ကရုဏာ သက်သည့် လေသံဖြင့် ၀င်ပြောသည်။
‘စတောဖြစ်တာလေ၊ မင်းတို့သိပါတယ်၊ မင်းတို့လေယာဉ်စက်ရှိန်ရပ်ပြီး ကောင်းကင်ပေါ်က ရုတ်တရက် အောက်ထိုးကျလာယင် ဘာလုပ်ကြမလဲ’
‘မသိဘူးဆရာ၊ အဲဒါမျိုးကိုတော့ဘယ်သူကမှ ကျွန်တော်တို့ကိုမပြလိုက်ကြဘူး’ လူသစ်နှစ်ယောက် က ခေါင်းခါပြီး ပြိုင်တူဖြေလိုက်ကြသည်။
‘အင်း . . . ဂျာမန်လေသူရဲတွေက မင်းတို့ကိုတော့ သိပ်တွေ့ချင်နေကြတော့မှာပဲ’
ဗိုလ်မှူးအင်ဒရူး က သက်ပြင်းချပြီး ညည်းတွားလိုက်သည်။ ထို့နောက်ဆက်ပြောသည်။
‘ကဲမင်းတို့ကို အချက်နှစ်ချက် ငါပြောမယ်၊ နံပါတ်တစ်မင်းတို့တက်ထားတဲ့ ကျွမ်းထိုးပညာတွေအား လုံး မေ့ပစ် လိုက်၊ ဒီလိုမမေ့ပစ်ဘဲ စာအုပ်ထဲကအတိုင်း မင်းတို့လိုက်လုပ်ယင်တော့ ဂျာမန်လေသူရဲတွေ လက်ချက် နဲ့ မင်းတို့သေလိမ့်မယ် နားလည်လား’
နှစ်ယောက်စလုံးက အလေးအနက် ခေါင်းညိတ်ကြသည်။
‘နံပါတ်နှစ် ငါ့နောက်က လိုက်ခဲ့၊ ငါလုပ်သလိုလိုက်လုပ်၊ ငါလက်နဲ့အချက်ပြတာကို စောင့်ကြည့်ပြီး တစ်သဝေ မတိမ်း ချက်ချင်းလိုက်လုပ်၊ နားလည်လား၊ လာ . . . ကလေးတို့၊ သွားကြစို့’
အင်ဒရူးကခေါင်းဆောင်ကို စွပ်လိုက်သည်။ သူ၏ကိုယ်ပိုင်အမှတ်အသားဖြစ်သော လည်စည်းအစိမ်း ကလေး က သူလမ်းလျှောက်ထွက်သွားသောအခါ လေတွင် တလွင့်လွင့်ပါသွားသည်။ ရာသီဥတုက သာယာ ကြည်လင်နေသည်။ အင်ဒရူးနှင့် မိုက်ကယ်တို့နှစ်ဦး၏ လေယာဉ်နှစ်စင်းသည် လူသစ်နှစ်ဦး၏ လေယာဉ် နှစ်စင်း ကို အလယ်တွင်ထားပြီး ကင်းလှည့်ထွက်သွားသည်။ မြင်းအကောင် ၈၀အားရှိသူတို့၏ ‘ဆော့ဝစ်ပပ်’ အမျိုးအစား လေယာဉ်များသည် ပြင်သစ်ပြည်တောင်ပိုင်း စစ်မျက်နှာပေါ်တွင် အာရက်စ်ဒေသ ကို အမြင့်ပေ တစ်သောင်းမှနေ၍ ပျံသန်းသွားနေသည်။
ဆော့ဝစ် လေယာဉ်များသည် ထိုစဉ်က အကောင်းဆုံးတိုက်ပွဲဝင် လေယာဉ်များဖြစ်ပြီး ရန်သူဂျာမန် လေယာဉ် များကို ကောင်းစွာတိုက်ခိုက် ဖျက်ဆီးနိုင်နေသည်။
လူသစ်များက အမှာမှားအယွင်းယွင်း လုပ်လာသောအခါ မိုက်ကယ် စိတ်ပျက်လာသည်။ လူသစ် တစ်ဦး က ကိုက်တစ်ထောင်အကွာအဝေးရှိ ရန်သူ လေယာဉ်ကို လှမ်းပစ်သည်။ လုံးဝမထိဘဲ ဂျာမန် လေသူရဲ တို့အား သတိပေး လှုပ်နှိုးလိုက်သလိုဖြစ်သွားသည်။ မိမိတို့လှုပ်ရှားမှုကို ဂျာမန်တို့သိသွားပြီး အင်အား အလုံးအရင်းဖြင့် ၀ိုင်းတိုက်တော့သည်။ ဂျာမန်တို့တွင် မိမိတို့ လေယာဉ်များထက် ပိုကောင်း သော လေယာဉ် အမျိုးအစားသစ်များ ပါလာသည်ကို တွေ့ရသည်။ အင်ဒရူးနှင့်မိုက်ကယ်တို့က အမျိုးမျိုး အနည်းနည်းဖြင့် ခုခံကာကွယ်ရသည်။ တိုက်ပွဲမှာ ပြင်းထန်သထက်ပြင်းထန်ပြီး အသက်ကို လုနေရသည်။ အတွေ့ အကြုံ နုနယ်ပြီး အမှားမှားအယွင်းယွင်း လျှောက်လုပ်သော လူသစ်နှစ်ဦးကျဆုံးသွားသည်။
အင်ဒရူးနှင့်မိုက်ကယ်တို့ လေယာဉ်နှစ်စင်းဖြင့် ရန်သူဂျာမန်လေယာဉ်များကို အကြိပ်အနယ် ခုခံ ကာကွယ်ရသည်။ နောက်ဆုံး ရန်သူလေယာဉ်များ စစ်မျက်နှာမှ နောက်ကြာင်းပြန်လှည့်သွားကြပြီး သူတို့ လည်း မိမိတို့ စခန်းသို့ ပြန်လာကြသည်။ အင်ဒရူး လေယာဉ်က ကွင်းထဲသို့ အလျင်ဆင်လာပြီး မိုက်ကယ့် လေယာဉ်က နောက်မှ လိုက်ဆင်းလာသည်။ လေယာဉ်နှစ်စင်းကို အတောင်ဖျားချင်းထိလုနီးပါး ယှသ်ပြီး ရပ်လိုက်သည်။
နှစ်ဦးသား မိမိတို့ လေယာသ်များပေါ်မှ ဆင်းလိုက်ကြပြီး လေယာဉ်များကို လှည့်ပတ်ကြည့်ရှုကာ အပျက်အစီး များကို စစ်ဆေးကြသည်။ ထိုနောက် နှစ်ဦးသား မျက်နှာချင်းဆိုင်ရပ်လိုက်ကြသည်။ သူတို့ မျက်နှာ များက ခက်ထန်တင်းမာပြီး အံ့အားသင့် တုန်လှုပ်နေပုံရသည်။ အင်ဒရူးက သူ့အင်္ကျီအိတ်ထဲမှ ငွေဘူး အပြားလေး ကို ဆွဲထုတ်ယူလိုက်သည်။ အဖုံးကိုဖွင့်လိုက်ပြီး ဘူးနှုတ်ခမ်းအ၀ကို သူ့လည်စည်းအ၀ါ စဖြင့် သုတ်လိုက်သည်။ ထိုနောက် ဘူးကို မိုက်ကယ့်ထံလှမ်းပေးရင်း ပြောလိုက်သည်။
‘ရော့ဗျာ၊ တစ်ကျိုက်လောက် အားရပါးရ မော့လိုက်စမ်းပါ၊ ဒီနေ့ခင်ဗျားတကယ် သောက်ထိုက် ပါတယ်’
ထိုနေ့မှစ၍ သူတို့နှစ်ယောက် တိုက်ပွဲဝင်ရဲဘော်ရဲဘက်များဖြစ်သွားသည်။ ထိုမှတစ်ဆင့် ခင်မင်မှု့၊ ရင်းနှီးမှု၊ ချစ်ကြည်မှုစသော ပုဂ္ဂိုလ်ရေး သံယောဇဉ်များပါ ရစ်ပတ်နှောင်ဖွဲ့လာခဲ့ကြသည်။ ညီအစ်ကို အရင်း တမျှချစ်လာကြသည်။
ဂျာမန်တို့က ထိုနေ့တွင် အယ်ဘတ်ရော့စ် အမျိုးအစား လေယာဉ်သစ်ကို စတင်သုံးစွဲလာရာ ပြင်သစ်ပြည်ပေါ်ရှိ ဝေဟင်စစ်မျက်နှာတွင် မဟာမိတ်တို့အဖို့ အပေါ်စီးမှအောက်တန်းသို့ ရောက်သွားရ သည်။ မဟာမိတ် တို့ လေယာသ်များထက် ဂျာမန်အယ်ဘတ်ရော့စ်များက မြင်းကောင်ရေ ၁၆၀- အားရှိရာ မိုက်ကယ် တို့၏ လော့ဝပ်လေယာသ်ထက် အားနှစ်ဆ သာနေသည်။ ထို့အပြင် အယ်ဘတ်ရော့စ်၌ စပန်းဒေါ ၇-ဒဿမ ၉၂ မမစက်သေနတ်နှစ်လက် တပ်ထားသည်။ လော့ဝစ်လေယာဉ်များတွင်မူ ဗစ်ကာပွိုင့် ၃၀၃-တစ်လက်သာရှိသည်။ ထို့အပြင်လေယာဉ်အလေချိန်၌ ပေါင် ၇၀၀-ပိုလေးသဖြင့် ပစ်ခတ်ရာ ၌ စီးစီး ပိုင်ပိုင်ရှိလှသည်။
မတ်ခွက်ထဲမှ ကော်ဖီများကုန်သွားချိန်တွင် မိုက်ကယ်သည် အတိတ်မှ ပစ္စုပ္ပန်သို့ ပြန်ရောက်လာ သည်။ အင်းဒရူး နှင့် မိုက်ကယ်တို့ မီးလင်းဖိုဘေးတွင်ထိုင်နေရာမှ ထလိုက်ကြပြီး စားရိပ်သာထဲမှစစ်လှမ်း ချင်း ထွက်လာကြသည်။ စားရိပ်သာဝို့ ရောက်သောအခါ နှစ်ယောက်သား ပခုံးချင်းယှဉ်ရပ်လိုက်ကြသည်။ လက်အိတ်များကို စွတ်လိုက်ကြပြီး အပေါ်ဝတ် ကုတ်အင်္ကျီကြယ်သီးများကို တပ်လိုက်ကြသည်။ ကောင်းကင် ကို မော့ကြည့်ပြီး အမြောက်သံ၊ စိန်ပြောင်းသံများကို နားစွင့်ကာ လေတိုက်ခတ်မှု အနေအထား ကို ခန့်မှတ်းလိုက်သည်။
‘တောင်ကြား တွေထဲမှာတော့ မြူတွေဆိုင်းနေလိမ့်မယ်’ မိုက်ကယ်က ညည်းတွားလိုက်သည်။
‘လေတိုက်ပြီး မြူတွေလွင့်သွားပါစေလို့ ဆုတောင်းပေါ့ဗျာ’ အင်ဒရူးကပြောလိုက်သည်။
ကွင်းအစပ်ရှိ လေယာဉ်များရပ်ထားရာသို့ သူတို့လျှောက်သွားကြသည်။
စစ်ချိန်ကမိုက်ကယ့်အမြင်၌ ‘ဝေဟင်မင်းသား’ များအဖြစ် တင့်တယ်ခန့်ညားလှသော သူတို့၏ဆော့ ၀ပ် လေယာဉ် များသည် ယခုအခါ ဂျာမန်တို့၏ မာစီဒီး အင်ဂျင်တပ်ထားသော အယ်ဘတ်ရော့စ် လေယာဉ် များနှင့် ယှဉ်လိုက်သောအခါ အရုပ်ဆိုးအကျည်းတန်လာသည်။
‘ဘယ်တော့များမှ ကျွန်တော်တို့ကို တကယ့်လေယာဉ်အသစ်တွေ ထုတ်ပေးမယ်မသိပါဘူးဗျာ’
မိုက်ကယ် က လေယာသ်အသစ်များကို တမ်းတညည်းတွားလိုက်သည်။ အင်ဒရူးက ဘာမျှဝင်မပြော ဘဲ ငြိမ်နေသည်။ အက်စ်အီး ၅ အမျိုးအစား လေယာဉ်အသစ်များ ပေးမည်ဆို၍ မျှော်နေရသည်မှာ သူတို့ အဖို့ လည်ပင်းညောင်းရေအိုးပင် ဖြစ်လုနေပြီ။ ထိုလေယာဉ်အသစ်များ ရလာလျှင် ဂျာမန်တို့၏ အယ်ဘတ် ရော့စ် လေယာဉ်များကို ကောင်းကောင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် ဖြစ်သည်။
အင်ဒရူးက သူ၏ဆော့ဝစ်လေ့ယာဉ်ကို သူ၏ကိုယ်ပိုင်အမှတ်အသားလည်စည်းနှင့် အရောင်တူ အစိမ်းရင့် ရောင် ဆေးသုတ်ထားသည်။ လေယာဉ်ကိုယ်ထည်ပေါ်တွင် အဖြူရောင်စက်ဝိုင်း ၁၄ခု ရေးခြယ် ထားသည်။ သူပစ်ချခဲ့သော လေယာဉ်အစင်းပေါင်း ၁၄ စင်းရှိပြီဟူသော အမှတ်အသားပင်ဖြစ်သည်။
မိုက်ကယ်၏ ကိုယ်ပိုင်အရောင်မှာ အ၀ါရောဖြစ်သည်။ အ၀ါရောင်လည်စည်းကို လည်ပင်း၌ အမြဲ ချည်နှောင်ထားသကဲ့သို့ သူ့လေယာဉ်ကိုလည်း အ၀ါရောင်သုတ်ထားသည်။ သူ့လေယာဉ်ကိုယ်ထည် ပေါ်တွင်မူ အဖြူရောက်စက်ဝိုင်းခြောက်ခုရေးထားသည်။
အင်ဒရူးနှင့် မိုက်ကယ်တို့သည် မြေပြင်အမှုထမ်းများ၏ အကူအညီဖြင့် မိမိတို့လေယာဉ်များပေါ် သို့ အသီးသီး တက်လိုက်ကြသည်။ စမ်းသပ်စစ်ဆေးပြီး၍ စိတ်ကျေနပ်သွားသောအခါ တစ်သီးနှင့်တစ်ဦး လှမ်းကြည့်ပြီး ခေါင်းဆက်ပြကြသည်။
အင်ဒရူးလေယာဉ်က ရှေ့မှစတင်ဘီးလိမ့်သွားပြီးနောက် ကောင်းကင်သို့ ပျံတက်သွားသည်။ မိုက်ကယ် က နောက်မှ အလားတူ လိုက်တက်သွားသည်။ ပေ ၁၀၀ ခန့်အမြင့်သို့တောင်တက်သွားပြီး သောအခါ မိုက်ကယ် သည် အင်ဒရူးလေယာသ်နောက်မှနေ၍ လင်းလာပြီဖြစ်သောကြောင့် အလင်းရောင်မှာ အောက်ဘက် သို့ ကောင်းကောင်းမြင်နေရပြီးဖြစ်သည်။ မိုက်ကယ်သည် သူ့လေယာဉ်ပေါ်မှနေ၍ လက်ယာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ မော့ဟုမ်းပြင်သစ်ရွာကလေး၏ ဘုရားရှိခိုးကျောင်း အဆောက် အအုံ ကို လှမ်းမြင်ရသည်။
မိုက်ကယ်လေယာဉ်၏ အရှေ့ဘက်တည့်တည့်တွင် အင်္ဂလိပ်စာလုံး တီပုံသဏ္ဌန်ပေါ်နေသော ၀က်သင်ချပင် တောအုပ်ကလေးကို လှမ်းမြင်ရသည်။ ထိုတီပုံဏ္ဌာန်တောအုပ်ကလေး၏ ရှည်လျားသော အမြီး ရှည့်တည့်တည့် သည် သူတို့လေယာဉ်များ ဆင်းသောပြေလမ်းထိပ်နှင့် တစီတန်းတည်း တည့်နေ သည်။ ထို့ကြောင့် ရာသီဥတုဆိုးသဖြင့် ပြေးလမ်းကို ကောင်းကောင်း မပြင်ရသည့်အမျိုးတွင် ထိုတောအုပ် အမြိးပိုင်း ကို ကြည့်ပြီး မှန်းဆချိန်စက်၍ ဆင်းသက်ကြရလေ့ရှိသည်။ ထိုတီပုံသဏ္ဌာန် တောအုပ်ကလေး သည် သူတို့ အတွက် လေကြောင်းလမ်းပြ အထောက်အကူပြုပစ္စည်းသဖွယ် ဖြစ်နေသည်။
ထိုတောအုပ်သစ်ပင်များအလွန်တွင် ပြင်သစ်မင်းဆွေ မင်းမျိုးတို့နေသော စံအိမ်တော်ရဲတိုက် တစ်လုံး ရှိသည်။ ရဲတိုက်ပတ်ပတ်လည်တွင် ပန်းဥယျာဉ်နှင့် ညီညာသောမြက်ခင်းပြင်များ ၀ိုင်းပတ်တည်ရှိ နေသည်။ ရဲတိုက်နောက်ဘက်တွင်မူ တောင်ပူစာကလေးတစ်လုံး ရှိသည်။
အင်ဒရူး၏ရှေ့မှ လေယာဉ်က တောင်ပူစာကလေးပေါ်မှ ကျော်ဖြတ်သွားသည်။ မိုက်ကယ်ကလည်း သူ့လမ်းကြောင်းအတိုင်း လိုက်သွားပြီး အောက်ဘက် တောင်ပူစာကလေးပေါ်သို့ လေယာဉ်မောင်းအခန်းမှ ကျော်ပြီး လှမ်းကြည့်လိုက်သည်။
ကောင်းမကလေး တောင်ပူစာပေါ်ရောက်နှင့်နေပြီလား။ မိုက်ကယ်စိတ်ထဲက မေးလိုက်သည်။ အချိန် ကတော့ စောနေသေးသည်။ တောင်ပူစာပေါ်တွင် သူမကို မမြင်ရသဖြင့် မိုက်ကယ်စိတ်ပျက်မိသလို ဖြစ်သွားသည်။ ထိုစဉ်မှာပင် တောင်ပူစာအောက်မှနေ၍ ထိပ်ဘက်သို့ မြင်းဖြူကြီးကို ကဆုန်ပေါက်စီးပြီး တက်လာ နေသော သွယ်လျလျကောင်မကလေးကို မိုက်ကယ်လှမ်းမြင်ရသည်။
မြင်းဖြူကြီးပေါ်မှ ကောင်မကလေးသည် သူတို့စစ်ထွက် ယောက်ျားအတွက် ကံကောင်းသည့် နိမိတ် လက္ခဏာ ဖြစ်နေခဲ့သည်။ သူတို့လေယာဉ်များ ရှေ့တန်းသို့ စစ်ထွက်ရန်အသွားတွင် တောင်ပူစာကလေး ပေါ်၌ သူမကစောင့်ကြိုပြီး လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်သောနေ့ဆိုလျှင် သူတို့အတွက် ကံကောင်း သောနေ့၊ ခလုတ်မထိ ဆူးမငြိသောနေ့ပင် ဖြစ်သည်။
မိုက်ကယ်အဖို့ ယနေ့လေကြောင်းတိုက်ပွဲ အကြိတ်အနယ်နွဲရမည့်နေ့ဖြစ်၍ ကောင်မလေး၏ ဘေးဘယာ ဝေးကွာစေကြောင်း ဆုတောင်းနှုတ်ဆက်ပုံကို ပို၍လိုအပ်နေသည်။
မြင်းဖြူကြီးကို ကဆုန်စိုင်းလာသော ကောင်မလေးသည် တောင်ပူစာထိပ်ရောက်သည်နှင့်တစ်ပြိုင် နက် မြင်းကိုဇက်သတ်ပြီး အောက်သို့ လွှားခနဲခုန်ဆင်းလိုက်သည်။ ထို့နောက်ဦးထုတ်ကိုချွတ်ပြီး ကောင်မ ကလေး က ဝှေ့ယမ်းပြသည်။ ဦးထုပ်ချွတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏မဟူရာကေသာ ပျော့ပျော့ ပျောင်းပျောင်း များက လေပြည်လေညင်းတွင် လှလှယဉ်ယဉ်လေး လွန့်ပျံသွားသည်။
ရှေ့မှ အင်ဒရူးက သူ့လေယာဉ် တောင်ပံနှစ်ဘက်ကို နှိမ့်ချည်မြင့်ချည် လှုပ်ယမ်းပြီး ပြန်နှုတ်ဆက် သွားသည်။ မိုက်ကယ်ကမူ တောင်ပူစာထိပ်နှင့် ပိုနီးအောင် သူ့လေယာဉ်ကိုအောက်သို့နှိမ့်ပြီး ကပ်ပျံသန်းသည်။ လေယာဉ်အ၀ါရောင်က တောင်ပူစာထိပ်သို့ နိမ့်ဆင်းချဉ်းကပ်လာရာ မြင်းဖြူကြီးပင် လန့်သွားသည်။ ကောင်မကလေးက မိုက်ကယ်ကို လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်သည်။
မိုက်ကယ်သည် ကောင်မလေးမျက်နှာကို အနီးကပ် မြင်လိုက်သဖြင့် အတတ်နိုင်ဆုံးနှိမ့်ပြီး ပျံသန်းခြင်းဖြစ်သည်။ တောင်ပူစာထိပ်တွင် ထိုင်နေသူကလေး၏မျက်နှာကို မိုက်ကယ်မြင်ရပါချေပြီ။ မိန်းကလေး ၏ မျက်လုံးအစုံကို မိုက်ကယ် လှမ်းမြင်လိုက်ရသဖြင့် မိုက်ကယ်အဖို့ ရင်ခုန်လှိုက်ဖို သွားရသည်။
မိုက်ကယ်က သူ့ခေါင်းမှ ယာသ်မောင်းသံခမောက် အဖျားဆီသို့ ညာလက်ကိုမြှောက်တင်ကာ ကောင်မ လေးကို အလေးပြုပြလိုက်သည်။ ကံကောင်းသူနတ်နိမယ်လေးနှင့် တွေ့ရ၍ ယနေ့အဖို့ နိမိတ်ကောင်း ချေပြီးဟုမှတ်ယူကာ အားတက်သွားသည်။ သို့သော် သူမ၏ ၀ိုင်းစက်ရွှန်းလဲသော မျက်ဝန်းအစုံအမူ မိုက်ကယ်၏ အသည်းထဲသို့ နစ်ဝင်စူးစိုက်သွားချေပြီ။
အင်ဒရူးနှင့်မိုက်ကယ်တို့ ရှေ့သို့ ဆယ်မိုင်ခန့် ဆက်လက်ပျံသန်းလာသောအခါ ရေဝေကုန်းတန်း တစ်ကျောသို့ ရောက်လာသည်။ တောင်ကြားများတွင် မြူနှင်းတို့က အုံ့ဆိုင်းနေဆဲရှိသည်။ ထိုကုန်းတန်း ကို နှစ်ဘက် အပြန်အလှန်တိုက်ခိုက်သိမ်းပိုက်နေရာ ယခုအခါ မိုက်ကယ်တို့မဟာမိတ်လက်ဝယ်၌ သိမ်းပိုက်ထားနိုင်သည်။ ထိုကုန်းတန်းနောက်ဘက်တွင် မဟာမိတ်တပ်သားများဖြစ်သော အမှတ် (၃) ကြည်းတပ်မှ တောင်အာဖရိကတပ်များနှင့် နယူဇီလန်တပ်သားများ နေရာယူထားကြသည်။
မဟာမိတ်တပ်များက ခံစစ်မျဉ်းကြောင်းအသစ်ကို အခိုင်အမာသည်ဆောက်နေ၇ာတွင် ဂျာမန်တို့က အခြားတစ်ဘက်မှ နေ၍ အမြောက်များဖြင့် တအားလှမ်းပစ်နေမှုကြောင့် အခက်အခဲဖြစ်နေရသည်။ ယခု လည်း အမြောက်သံများကို ကြားနေရပြီး အမြောက်ကျည်မီးပွင့်များကို လှမ်းမြင်နေရသည်။
အင်ဒရူးနှင့်မိမိတိုက အခုလာရောက်ရခြင်းမှာ မိုးပျံဘောလုံးကြီးများကို တိုက်ခိုက်ဖျက်ဆီးရန် ဖြစ်ကြောင်း မိုက်ကယ်သတိဝင်လာသည်။ ထိုမိုးပျံဘောလုံးကြီးများသည် သူတို့အတွက် စိုးရိမ်စရာ အကောင်းဆုံးနှင့် မုန်းစရာပစ်မှတ်များ ဖြစ်သည်။ ယခုအခါ အရုဏ်တက်အလင်းရောင်တွင် ခင်တန်း အပေါ် ဘက် အမြင့်ဆီ၌ ကောင်းကင်တွင်တွဲလွဲခိုနေသော ငွေရောင်မိုးပျံပူဖောင်းကြီးများကို မိုက်ကယ် လှမ်းမြင် နေရသည်။ တစ်လုံးမှာ ပထမတစ်လုံး၏အရှေ့ဘက် မိုင်အနည်းငယ်အကွာတွင် ရှိနေသည်။
အလှမ်းကွာနေသေးသဖြင့် ပူဖောင်းကြီးများနှင့် မြေပြင်သို့ဆယ်သွယ်တန်းထားသော သကြိုးများ ကိုမူ လှမ်းမမြင်နိုင်သေးပေ။ ပူဖောင်းကြီးများအောက်ဘက်တွင် ကြိမ်ပုခက်တစ်လုံးစီရသည်။ ကြိမ်ပုခက် များထဲတွင် ဂျာမန်အကဲခတ်လေ့လာသူများရှိပြီး မဟာမိတ်တပ်များ၏ နောက်ပိုင်းကို အပေါ်စီးမှ လှမ်းမျှော် ကြည့်ကာ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ရေးအတွက် နေရာနှင့်အကွာအဝေးကို တွက်ချက်ပေးသည်။ ထို့ကြောင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များဖြင့် ပြည့်ဖောင်းနေသော ထိုပိုးသားပူဖောင်း အဖြူကြီးများသည် မဟာ မိတ်တပ်များအတွက် အန္တရာယ်ကြီးတပ်ရပ် ဖြစ်နေသည်။ ထိုအန္တရာယ်ကို ရှင်းလင်းရန် အင်ဒရူးနှင့် မိုက်ကယ်ပခုံးပေါ်သို့ တာဝန်ကြီးကျရောက်လာခြင်းဖြစ်သည်။
အင်ဒရူးလေယာဉ်နောက်မှ မိုက်က်က ကပ်လိုက်လာသည်။ သတို့ရှေ့တည့်တည့် ပေ ၁၅၀၀ ခန့် အမြင့်တွင် ပထမဆုံး ပူဖောင်းကြီးကိုတွေ့ရသည်။ သူ့အောက်ဘက်မြေပြင်ပေါ်တွင် အမြောက်များဆင် ထားသည်။ မြေပြင်နှင့် ပူဖောင်းအောက်မှ ကြိမ်ခြင်းကို သံကြိုးများဖြင့် သွယ်တန်းဆက်သွယ်ထားသည်။
မြေပြင်မှ လေယာဉ်ပစ်အမြောက်များက သူတို့ကို စောင့်နေကြသည်။ မဟာမိတ်လေယာဉ်များ အနှေး နှင့် အမြန် ဆိုသလို ရောက်လာကြလိမ့်မည်ဟု သူတို့တွက်ဆပြီး အသင့်စောင့်ကြိုနေကြသည်။ လေယာဉ်ပစ် အမြောက်တစ်လက်၏ ပြောင်းဝက သူတို့လေယာဉ်များဆီသို့ ဦးတည်ရွေ့လျားကာ ပစ်မှတ် ကို လိုက်ချိန်နေပြီဖြစ်ကြောင်း မိုက်ကယ်တွေ့ရသည်။
ဂျာမန်မြေပြင်တပ်သားများက ပူဖောင်းကြီးကို သကြိုးဖြင့်အောက်သို့ ပြန်ဆွဲချတော့သည်။ အင်ဒရူး က သူ့လေယာသ်ကို ပူဖောင်းကြီးဆီသို့ မှန်းပြီးထောင်တက်ကာ စက်ကုန်ဖွင့်ပြီး ပြေးဝင်နေသည်။ မိုက်ကယ် က သူ့နောက်မှနေပြီး လိုက်သည်။ ပူဖောင်းနှင့်မြေပြင် သွယ်တန်းထားသော သံကြိုး၏ အလယ် လောက် နေရာကို ဦးတည်မှန်းကာ စက်ကုန်ဖွင့်ဝင်ခြင်းဖြစ်သည်။
အင်ဒရူးက မိုက်ကယ်ရှေ့ ကိုက် ၄၀၀ ခန့်အကွာတွင်ရှိသည်။ မြေပြင်မှအထက် ပေ ၅၀၀ခန့်အထိ ကျလာသော ပူဖောင်းကြီးကို အင်ဒရူးက ဦးစွာပစ်ခတ်ပြီး ကျော်ဖြတ်သွားသည်။
မိုက်ကယ်အလှည့်သို့ရောက်လာသည်။ သေနတ်ပြောင်းဝကို ပူဖောင်းကြီးဆီသို့ တည့်တည့် မတ်မတ် ချိန်သား ကိုက်မိချိန်တွင် အောက်ဘက်မှ အမြောက်သမားက မိုက်ကယ့်ဆီသို့ ချိန်ပြီးလှမ်းပစ် လိုက်ချိန်နှင့် အံကိုက် ဖြစ်နေသည်။ အမြောက်ဆန်များက သူ့လေယာဉ်အပေါ်ဘက် ပေ ၃၀၀ ကျော် ၄၀၀ ခန့်အကွာ တွင် ပေါက်ကွဲသွားသည်။ အောက်မှစက်သေနတ်များဖြင့် လှမ်းပစ်ပြန်သည်။ မိုက်ကယ်က လေယာဉ် ကို လူးကာလှိမ့်ကာဖြင့် ရှောင်တိမ်းပျံသန်းနေသည်။
မိုက်ကယ်သည် ရှောင်တိမ်း ပျံသန်းရင်မှ ပူဖောင်းကြီးကို သူ့လေယာဉ်၏ စက်သေနတ်ဖြင့် တည့် တည့်ချိန်ပြီး မိမိရရ ပစ်ခတ်လိုက်သည်။ ပူဖောင်းကြီးသည် ချက်ချင်းမပေါက်ကွဲသေးဘဲ အတန်ငယ်ကြာမှ မီးလောင်ပေါက်ကွဲကာ အောက်သို့ အချိန်ဖြင့်ထိုးကျသွားသည်။ ကြိမ်ပုခက်ထဲမှ ဂျာမန်လေ့လာသူ နှစ်ယောက် လည်း မီးစွဲလောင်ပြီး အောက်သို့ ထိုးကျသွားသည်။
မိုက်ကယ့် လေယာဉ်တွင်လည်း ကျည်ဆန်မှန်၍ စုတ်ပြတ်သည့်နေရာများ စုတ်ပြတ်ကုန်သည်။ သူ ထိုင်သည့် အောက်ဘက်လေယာဉ်ဝမ်းပိုင်တွင် အပေါက်ကြီးဖြစ်အောင် စုတ်ပြတ်ပွင့်ထွက်သွားသည်။ လေယာဉ် ကို အနိုင်နိုင်ထိန်းပြီး ပျံသန်းနေရသည်။ နောက်ဆုံးတွင် အောက်ဘက်မှလက်နက်များ၏ ကျည်ဆန်လွတ်ရာသို့ ရောက်သွားသည်။
မကြာခင်မှာပင် အင်ဒရူလေယာဉ်က မိုက်ကယ့်လေယာဉ်ဘေးသိုက ရောက်လာသည်။ မိုက်ကယ် က အောင်ပွဲ အထိမ်းအမှတ်အဖြစ် လက်မထောင်ပြပြီး ပြုံးပြလိုက်သည်။ အင်ဒရူးကမူ မိုက်ကယ်အား စိုးရိမ် သည့် အကြည့်ဖြင့် ကြည့်ပြီး 'စခန်းကိုပြန်တော့' ဟု လက်ဖြင့်အချက်ပြလာသည်။
မိုက်ကယ်က သူ့ဘေးပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။ ရန်သူ၏အောက်ဘက် မှ ပစ်ခတ်မှုများကို တွန်းလှန်ရင်း ဂျာမန်တို့၏ပိုက်နက်ထဲသို့ သူတို့ အတော်နက်နက်ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။ သူတို့နေရာမှ သုံးမိုင်ခန့်အဝေးတွင် ဒုတိယ မိုးပျံပူဖောင်းကြီးတစ်လုံးကို ထပ်မြင်ရသည်။
မိုက်ကယ် က အင်ဒရူးကို လှမ်းကြည့်လိုက်သည်။ အင်ဒရူး၏စခန်းပြန်ဖို့ အချက်ပြမှုကို ယတိပြတ် ငြင်း လိုက်သည်။ ဒုတိယပူဖောင်းကြီးကို လက်ညှိုးညွှန်ပြပြီး ပြောလိုက်သည်။
'မပြန်သေးဘူး၊ ဆက်တိုက်ဦးမယ်'
အင်ဒရူးကလည်း 'စခန်းပြန်တော့'ဟုအရေးပေါ် အချက်ပြန်ပြလာသည်။ မိုက်ကယ်၏ လေယာဉ် စက်ကို လက်ညှိုးထိုးပြပြီး သူ့လည်ပင်းကို လက်ဖြင့် ဖြတ်သည့်ပုံလုပ်ကာ 'အန္တရာယ်' ရှိကြောင်း အချက်ပြ လာသည်။
မိုက်ကယ်သည် သူ့ခြေထောက်နှစ်ဖက်ကြားရှိ လေယာဉ်ဝမ်းဗိုက်၍ စုတ်ပြတ်ထွက်သွားသော အပေါက် မှ အောက်သို့ငုံ့ကြည့်လိုက်သည်။ လေယာဉ်ဘီးတစ်လုံးသည် အောက်ဘက်တွင် တွဲလေကြီးကျ နေသည်ကို တွေ့ရသည်။ အင်ဒရူးက နောက်ကြောင်းပြန်လှည့်ရန် မိုက်ကယ်ကို ဆက်လက်အချက်ပြန် နေသည်။ မိုက်ကယ်က ထိမှန်ပျက်စီးထားသော သူ့လေယာဉ်ကို ထိန်းမောင်ရင်း 'နောက်ကလိုက်ခဲ့' အင်ဒရူး အား အချက်ပြကာ ' ဒုတိယမိုးပျံပူဖောင်း ဆီသို့ဦးတည်မောင်းသွားသည်။
ရန်သူများက ပထမပူဖောင်းကြီး ကြောက်စရာကောင်းအောင် မီးလောင်ပေါက်ကွဲသွားသည်ကို တွေ့မြင်ပြီးဖြစ်၍ ဒုတိယပူဖောင်းကို အောက်သို့ ဆွဲချပေးတော့မည်။ မိုက်ကယ်တို့ရောက်သွားချိန်တွင် ဒုတိယပူဖောင်း မှာ မြေပြင်သို့ရောက်နေနိုင်သည်။ မြေပြင်မှ ဝေဟင်ပစ် အမြောက်သမားများကလည်း အသင့်စောင့်ကြိုနေကြလိမ့်မည်။ သို့သော်မိုက်ကယ်သည် မလျှော့သောလုံ့လဖြင့် ဆက်လက်ချီတက် သည်။
ဒုတိယပူဖောင်းနှင့် ကိုက် ၃၀၀ ခန့်အကွာသို့ မိုက်ကယ်လေယာဉ်ရောက်သွားချိန်တွင် ပူဖောင်းမှာ မြေပြင်နှင့်ထိစပြုပြီးဖြစ်သည်။ မြေပြင်တပ်သားများက ပူဖောင်းအောက်ဘက်ကြိမ်ပုခက်ထဲမှာ ဂျာမန် အကဲခတ်သမားများအား မြေပြင်သို့ ကူညီတွဲချပေးပြီး အနီးဆုံးရှိ ကတုတ်ကျင်းထဲသို့ သေပြေးရှင်ပြေး ပြေး ကြသည်။ ပေါ်ပလာပင်များကြားမှ စက်သေနတ်သမားများက မိုက်ကယ်တို့ လေယာဉ်များဆီသို့ စတင်ပစ်ခတ်လာသည်။
ထိုသို့ပစ်ခတ်နေသည့်ကြားမှပင် မိုက်ကယ်သည် တဇွတ်ထိုးဝင်ရောက်ပြီး သေနတ်သမားများရှိရာ သို့ လေယာဉ်ကို ဦးတည်သွားသည်။ တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းဖြင့် မောင်းနှင်သွားရာ ထိုနေရာသို့ ရောက်ရန် ကိုက် ၃၀၀ မျှသာလိုတော့သည်။ ပူဖောင်းကြီးပေါ်မှ ဆင်းသက်လွတ်မြောက်ကာ ကတုတ်ကျင်း ဆီသို့ အသက်လုပြေးနေကြသူများကို လေယာဉ်ရှေ့တည့်တည့်တွင် တွေ့ရသည်။
ထိုပြေးနေသူများ၏ အလယ်တွင် ပူဖောင်းပေါ်မှဆင်းလာသော လူနှစ်ဦးလည်းပါဝင်သည်။ မိုက်ကယ်သည် သူတို့မဟာမိတ်တပ်သားများအား သေကြေစေခဲ့သော ပူဖောင်းပေါ်မှ အကဲခတ်လေ့လာ သူများကို အလွန်ပင် ရွံ့မုန်းနေသည်။ ထို့ကြောင့် မိုက်ကယ်သည် လေယာဉ်ဦးပိုင်းမှ စက်သေနတ်နှင့် တစ်ဖြောင့်တန်းချိန်လိုက်သည်။
ထို့နောက် မြေပြင်တွင်ကြိုးနှင့်ချီပြီးတပ်ထားသော ပူဖောင်းကြီးကို ပစ်ခတ်သည်။ ထိုသို့ပစ်ခတ်ပြီး တအောင့်ကြာမှ ပူဖောင်းကြီးမှာ မီးလောင်ပေါက်ကွဲတော့သည်။ အနီးအနားရှိ ပြေးနေသူများ၊ သေနတ် သမားများနှင့် မြေပြင်မှလက်နက်များကို ကူစက်ကာ ဟုန်းဟုတ်းတောက် လောင်ကျွမ်းတော့သည်။
မိုက်ကယ်သည် သူ့လေယာဉ်ကို အပေါ်သို့ ပြန်ပြီးထောင်တက်လိုက်သည်။ မြေပြင်၌ မီးဟုန်းဟုန်း တောက်ပြီး မီးညွန့်များနှင့် မီးခိုးများတက်နေသော်လည်း အပေါ်ဘက် ကောင်းကင်၌မူ ပကတိကြည်လင် ငြိမ်းချမ်းနေသည်။ မြေပြင်မှပစ်ခတ်သံများပေါ်မလာတော့ချေ။ မိုက်ကယ်က အင်ဒရူးလေယာဉ်ကို လိုက်ရှာ ရာ သူ့လေယာဉ်နှစ်စင်း ဘေးချင်းယှဉ်ပြီး ရပ်သွားသည်။ လေယာဉ်သည် အောက်သို့နိမ့်ကျသွားသည်။ တအောင့်ကြာမှ လေယာဉ်စက်ပြန်နိုးလာရာ မိုက်ကယ်က လေယာဉ်ကို ပြန်လည်ထိန်းသိမ်းပြီး အပေါ်ဘက် သို့ ပြန်တက်လိုက်ရသည်။ အင်ဒရူးက ဘေးဘက်မှနေပြီး စိတ်မလျှော့ရန် ခြေဟန်လက်ဟန်ဖြင့် အားပေး သည်။
မိုက်ကယ်လေယာဉ်စက်မှာ ရပ်သွားလိုက်၊ ပြန်နိုးလာလိုက်ဖြစ်နေသည်။ သူ့လေယာဉ်အင်ဂျင်၏ ပင်မအပိုင်းကို သေနတ်မှန်သွားကြောင်း မိုက်ကယ် သိလိုက်ရသောအခါ ရင်ထဲက ထိတ်သွားသည်။ လေယာဉ်ကို ထိန်းကိုင် မောင်းနှင်ရာတွင် စီးစီးပိုင်ပိုင် မရှိလှ။ ဇက်ကြိုးလွတ်သွားသော မြင်းလို ဖြစ်နေ သည်။
"နိုးစမ်း ... စက်နိုးစမ်း ... စခန်းပြန်ရောက်ခါနီးနေပြီ"
မိုက်ကယ် ခပ်တိုးတိုး ပြောလိုက်သည်။
တစ်ခဏချင်းမှာပင် မိုက်ကယ့်နှာခေါင်းထဲသို့ ဓာတ်ဆီနံ့ ၀င်လာသည်။ လေယာဉ်စက်ကို အသေအချာ လှမ်းကြည့်လိုက်ရာ မီးပွားမီးတောက်လေးများ မြင်ရသည်။
"မီးလောင်နေပြီ"
မိုက်ကယ်ပါးစပ်မှ အာမေဍိတ်အသံ ထွက်သွားသည်။ လေယာဉ် မီးစွဲခြင်းသည် လေယာဉ်မှူးတို့ အတွက် အိပ်မက်ဆိုးပင် ဖြစ်သည်။ သို့သော် စိတ်ဓာတ်ခိုင်ခိုင်ဖြင့် အားတင်းပြီး ကြိုးစားနေသည်။
"စခန်းကို ပြန်နေပါပြီကွာ၊ နည်းနည်းလေး အားတင်းပြီး ထပ်ဆွဲလိုက်စမ်းပါဦး" မိုက်ကယ်က လေယာဉ်ကို သက်ရှိ လူတစ်ယောက်သဖွယ် တဖွဖွ ပြောနေသည်။
သူတို့လေယာဉ်နှစ်စင်း ကုန်းတန်းလေအပေါ် ဖြတ်ကျော်ပျံသန်းလာကြသည်။ ရှေ့ဘက်တွင် ဆင်ခြေ လျှောမြေပြန့်လွင်ပြင်နှင့် တီပုံဏ္ဍာန်သစ်တောအုပ်သည် လေယာဉ်ကွင်းမှ ပြေးလမ်းနှင့် နီးကပ်လာပြီ ဟူသော သင်္ကေတပင် မဟုတ်ပါလော။
"ဆွဲထားစမ်း ... နည်းနည်းလေး သည်းခံပြီး ဆွဲထားစမ်း" မိုက်ကယ်က သူ့လေယာဉ်ပျံကို ပြောလိုက် သည်။
မိုက်ကယ် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ပြန်သည်။ သူတို့ မဟာမိတ်တပ်သားများသည် မြေက တုတ်ကျင်း ထဲမှ ထွက်ကာ သူ့လေယာဉ်ကို တအံ့တသြ မော့ကြည့်နေပြီး ၀မ်းသာအားရဖြင့် လက်များ ဝှေ့ယမ်းပြကာ နှုတ်ဆက်နေကြသည်။ သူတို့ခေါင်းပေါ်မှ အနိမ့်ကပ်ပျံသန်းလာသော မိုက်ကယ့်လေယာဉ် သည် စက်နိုးလိုက် ရပ်လိုက်နှင့် တပွတ်ပွတ် ဖြစ်နေသည်။ လေယာဉ်ဘီးတစ်ခုက သေနတ်မှန်းပြီး စုတ်ပြတ် ထွက်သွားကာ ကျန်ဘီးတစ်ခုက တွဲလောင်းကျနေသည်။ ပါးစပ်များ အဟောင်းသားနှင့် တအံ့တသြ ကြည့်နေသော သူတို့ကို မိုက်ကယ် မြင်ရသည်။
မိုက်ကယ် သူတို့အပေါ်မှာ ဖြတ်ကျော်ပျံသန်းလာပြီးနောက် မြင်နေကျ အမှတ်အသားများကို လှမ်းမြင် ရသည်။ ဘုရားရှိခိုးကျောင်းအစွန်းကြီး၊ ကျေးလက်စံအိမ်လေ၏ ပန်းရောင်အမိုးနှင့် တောစပ်ပူစာ ကုန်းကလေ။
"ရောက်တော့မယ် ... ရောက်တော့မယ်၊ နည်းနည်းလေး အားခဲပြီး ဆွဲလိုက်စမ်း ဖေ့သားကြီး" မိုက်ကယ် က သူ့လေယာဉ် ကို ပြောလိုက်ပြန်သည်။
သို့သော် လေယာဉ် အင်ဂျင်အောက်ဘက်မှ ၀ါယာကြိုးစတွင် မီးပွားကလေး တဖွားဖွား တောက်လာ သည်ကို မြင်နေရသည်။ ထို့နောက် မီးခိုးများပင် အမျှင်တန်း ထွက်လာသည်။ သူ၏ လေယာဉ်မောင်သည့် နေရာသို့ပင် မီးအပူရှိန် ဟပ်လာသည်။
လေယာဉ်ကို အမြန်ဆုံး ထိုးဆင်းမှ ဖြစ်တော့မည်။ ရောက်သည့်နေရာ၊ ရသည့်မြေညီတွင် ချက်ချင်း ထိုးဆင်းမှ ဖြစ်မ်။ သို့မဟုတ်ပါက လေယာဉ်မီးလောင်ပြီး မိမိပါ မီးသွေးတုံး ဖြစ်သွားချေမည်။ သူ့ရှေ့တွင် မြင်နေသော ကွက်လပ်ဆီသို့ လေယာဉ်ကို စိုက်ဆင်းလိုက်သည်။ လေယာဉ်နှင့် မြေပြင် ဆောင့်ထိသွားပြီး လေယာဉ် က မြေပေါ်တွင် တစ်ပတ်လည်ကာ တောင်ပံတစ်ဖက် စုတ်ပြတ် ပြုတ်ထွက်သွားသည်။
မိုက်ကယ်ခေါင်းက လေယာဉ်မောင်းခန်းဘောင် သစ်သားနှင့် ဆောင့်မိပြီး မိုက်ခနဲ ဖြစ်သွားသည်။ သို့သော် သူ့ဘေးပတ်လည်၌ မီးတောက်များ ထိုးထွက်လာနေသည်ကို ချက်ချင်း သတိထားလိုက်မိသည်။ ထို့ကြောင့် လေယာဉ်မောင်းထိုင်ခုံမှ အားယူထပြီး လေယာဉ်မောင်းခန်းမှ လျှောထွက်ကာ ကျိုးပဲ့နေသော လေယာဉ် တောင်ပံ အပေါ်သို့ လျှောချလိုက်သည်။ ထို့နောက် တောင်ပံအပေါ်မှနေ၍ လှိမ့်ဆင်းသွားရာ ရွှံ့ ထူသော မြေပြင်ပေါ်သို့ ကျသွားသည်။
မီးလောင်နေသော လေယာဉ်အပျက်နှင့် ဝေးနိုင်သမျှ ဝေးရန် လေးဖက်ထောက်ပြီး အားခဲ့သွားရ သည်။ မီးစွဲနေသော သူ၏အပေါ်ဝတ်ကုတ်အင်္ကျီကြယ်သီးများကို ချက်ချင်းဆွဲဖြဲပြီး ဖြုတ်လိုက်သည်။ လက်နှစ်ဖက် ဖြင့် အင်္ကျီမှ မီးတောက်ကို ရိုက်ပြီး ငြိမ်းသည်။ မီးက သေမသွား။ သူ့အတွက် အပူရှိန်ကသာ ပိုပြင်း လာသည်။
လေယာဉ်ကိုယ်ထည်ကို မီးစွဲလောင်သံများက တဖြောင်းဖြောင်း မြည်ဟိန်းနေရာ ကဆုန်စိုင်းလာ သော မြင်းခွာသံ များကိုပင် မိုက်ကယ် မကြားလိုက်မိချေ။
မြေကွက်လပ် အလယ်တွင် မီးစွဲကာ အော်ဟစ် ရုန်းကန် ငြိမ်းသတ်နေသော သဏ္ဍာန်ဆီသို့ ကောင်မလေး က မြင်းကို ဒုန်းစိုင်းပြီး သွားသည်။ ထိုသဏ္ဍာန်နားသို့ ရောက်သောအခါ ကောင်မလေးက မြင်းပေါ်သို့ ခုန်ဆင်းပြီး မီးလောင်နေသူပေါ်သို့ ခုန်အုပ်လိုက်သည်။ ကောင်မကလေး၏ ကိုယ်လုံးက မိုက်ကယ် ပခုံးပေါ်သို့ ပစ်ကျသွားရာ မိုက်ကယ် ၀မ်းလျားမှောက်လျက်သား ကျသွားသည်။ ကောင်မ ကလေးက သူ့အပေါ်မှ သူ့လည်ပင်းကို ဖက်ထားရင်းပိနေသည်။
ကောင်မလေးက မိုက်ကယ်ကိုယ်ပေါ်မှ ချက်ချင်း လှိမ့်ဆင်းလိုက်သည်။ ထို့နောက် မတ်တတ်ရပ် လိုက်ပြီး သူမခါးတွင် ၀တ်ထားသော စကတ်အရှည်ကြီးဖြင့် မီးစွဲနေသော မိုက်ကယ့်ကိုယ်ကိုအုပ်ကာ ဒူးထောက် ထိုင်ပြီး မီးကို ငြိမ်းသတ်သည်။ မီးတောက်များကို စကတ်နှင့် အုပ်ပြီး လက်ဖြင့်ရိုက် ငြိမ်းသတ် ရာ မီးတောက်များ သေသွားသည်။
မီးတောက်များ ငြိမ်းသွားသည်နှင့် တစ်ပြိုင်နက် စကတ်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လဲနေသော မိုက်ကယ်ကို မထူကာ ရွှံ့ထဲတွင် ထိုင်လျက်ထားလိုက်သည်။ တစ်ဆက်တည်းပင် မိုက်ကယ်ကိုယ်ပေါ်မှ အပေါ်ဝတ် ကုတ်အင်္ကျီရှည်ကြီးကို ဆွဲချွတ်ပြီး ဘေးဘက်သို့ လွှင့်ပစ်လိုက်သည်။
မီးခိုးအူနေသော ဂျာစီ အင်္ကျီကိုလည်း ခေါင်းမှလှန်ပြီး ချွတ်သည်။ မိုက်ကယ်အသားတွင် မီးထိ ထားသော နေရာ တစ်နေရာသာ ရှီသေးသည်။ ပုခန်းမှ လက်အထိ တစ်နေရာတည်းသာ မီးစွဲလောင်ထားသေးသည်။ အင်္ကျီ ကို ချွတ်ရာတွင် မိုက်ကယ်သည် နာလွန်းသဖြင့် အော်လိုက်မိသည်။
ထို့နောက် ကောင်မကလေးက မီးစွဲနေသော ကုတ်အင်္ကျီကို သွားပြီး မီးငြိမ်းသတ်နေသည်ကို မိုက်ကယ် ငေးကြည့်နေမိသည်။ ကောင်မကလေး၏ အချိုးအစားကျသော ကိုယ်လုံးကိုယ်ပေါက်၊ လှပဖြောင့်စင်း သော ပေါင်တံ နှင့် ခြေသလုံး၊ သိမ်ကျဉ်သောခါး၊ ဖွံ့ထွားသောရင်နှင့် ပျိုမျစ်လှပပြီး နုနယ်သော ချစ်စဖွယ် မျက်နှာ ထားတို့ကို မြင်နေရသောအခါ မိုက်ကယ်အဖို့ လက်တွင် မီးလောင်ခံထားရသော ဝေဒနာပင် တဖြည်းဖြည်း လျော့ပါးသွားရသည်။
ကောင်မလေးက မီးငြိမ်းသတ်ပြီးသော ကုတ်အင်္ကျီကို ကောက်ယူပြီး မိုက်ကယ်အနားသို့ ပြန်ရောက်လာ သည်။ မိုက်ကယ်ကိုယ်ပေါ်သို့ အင်္ကျီကို ခြုံပေးလိုက်ပြီး ပါးစပ်မှ တတွတ်တွတ်ပြောနေသည်။ နာကျင်နေ သော ကလေးငယ်ကို မိခင်က ကရုဏာဖြင့် ပြောနေသည့် အသံမျိုးဖြစ်သည်။ မိုက်ကယ် ကျေးဇူတင်စကား ပြန်ပြော ချင် လာသည်။ သို့သော် မသေကောင်း မပျောက်ကောင်း ဖြစ်ရပ်ကြောင့် တုန်လှုပ် ချောက်ချား နေ သဖြင့် အသံထွက်မရဘဲ ဖြစ်နေသည်။
ထိုစဉ်မှာပင် ခေါင်းပေါ်မှ လေယာဉ်ပျံအသံ ကြားသဖြင့် သူတို့မော့ကြည့်လိုက်သည်။ အင်ဒရူး၏ လေယာဉ် က သူတို့ အပေါ်မှတပတ်ပြီးတပတ် ဝဲပျံနေသည်။ မိုက်ကယ်က အားယူထပြီး ဒယီးဒယိုင်ဖြင့် လက်ပြ နှုတ်ဆက် သည်။အင်းဒရူးက လေယာဉ်ပေါ်က အလေးပြုပြီး ပြန်နှုတ်ဆက်သည်။ ထို့နောက် အင်ဒရူး၏ အစိမ်းရောင်လေယာဉ်သည် တစ်ပတ်ကွေ့ပြီး သူတို့ တည့်တည့်ဆီသို့ အပေါ်ဘက် ကိုက် ၅၀ ခန့်မှနေ၍ နိမ့်နိမ့်လေး ပျံသန်း သွားသည်။ ထို့နောက် တစ်ဖက်စွန်းတွင် ပစ္စည်းတစ်ခုကို ချည်နှောင်ထားသော လည်စည်း အစိမ်း ကို လေယာဉ်ပေါ်မှ ပစ်ချပေးသွာသည်။
ကောင်မကလေးက သွားကောက်ပြီး မိုက်ကယ်ဆီ ယူလာပေးသည်။ မိုက်ကယ်က လည်စည်းတစ်ဘက် တွင် ချည်နှောင်ထားသော သတ္တုဘူကလေးကို ဖြေလိုက်ပြီး အဖုံးကို ဖွင့်ကာ ကောင်းကင်ကို ထောင်ပြ လိုက်သည်။ လေယာဉ်ပေါ်မှ အင်းဒရူးက သွား ၃၂ ချောင်းပေါ်အောင် ပြုံးပြပြီး သူ့လေယာဉ်ကို လေယာဉ် ကွင်းဘက်ဆီသို့ ဦးလှည့်ကာ ထွက်သွားတော့သည်။
မိုက်ကယ် က အင်ဒရူး ပစ်ချပေးသွားသော အရက်ဘူးကို နှုတ်ခမ်းတွင် တေ့လိုက်ပြီး နှစ်ကြိမ်နှစ်ခါတိတိ သောက် လိုက်သည်။ သူ့မျက်ဝန်းတွင် မျက်ရည်တိုဖြင့် ဝေ့ဝဲနေသည်။ သူ့ကို စောင့်ကြည့်နေသော ကောင်မ ကလေးအား အရက်ဘူးကို မြှောက်ပြပြီး သောက်ပါဟု အမူအရာဖြင့်ပြောလိုက်သည်။
ကောင်မကလေး က ခေါင်းခါပြပြီး လှမ်းမေးသည်။
"ရှင် အင်္ဂလိပ်လား "
"မဟုတ်ဘူး၊ တောင်အာဖရိက နိုင်ငံသားပဲ" မိုက်ကယ်အသံက ဆို့နင့်နေသည်။
"ရှင် ပြင်သစ်စကား ပြောတတ်သားပဲ"
ကောင်မကလေး၏ မျက်နှာလှလှကလေးတွင် အပြုံးရိပ်ကလေး ပထမဆုံးအကြိမ် ဖြတ်ပြေးသွားသည်။
"နည်းနည်း ပါးပါးလေး ပဲ တတ်တာပ်"
"ရှင့်ခေါင်းမှာ သွေးထွက်နေတယ်"
ကောင်မကလေးက မိုက်ကယ် ခေါင်းကို လက်ညှိုးထိုးပြရင်း ပြောသည်။ မိုက်ကယ်က ဒဏ်ရာမရသော လက်ဖြင့် ခေါင်းကို စမ်းသပ်လိုက်ရာ လေယာဉ်မောင်းဦးထုပ်အောက်မှ စီးကျနေသော သွေးစီးကြောင်းကို စမ်းသပ် မိသည်။
"ဟုတ်တယ်" မိုက်ကယ်က ပြန်ဖြေသည်။
"ရှင် ပြင်သစ်စကားပြောတတ်တယ်နော်"
ကောင်မကလေးက ကလေးတစ်ယောက်သဖွယ် လက်ခုပ်လက်ဝါးတီးပြီး ဝမ်းသာအားရ ပြေသည်။ ထို့နောက် သူမနှင့် မျက်နှာချင်းဆိုင် ရပ်နေသော မိုက်ကယ်၏ လက်နှစ်ဖက်ကို လှမ်းပြီး ဆုပ်ကိုင် လိုက်သည်။
"လာ ... လာခဲ့"
ကောင်မကလေးက ခပ်လှမ်းလှမ်းရှိ သူမ၏ မြင်းဖြူကြီးကို လက်ဖြောက်တီးပြီး လှမ်းခေါ်လိုက်သည်။ မြင်းကြီး က မြက်ကိုသာ ငုံ့စားနေပြီး မကြားချင်ယောင်ဆောင် နေသလိုရှိသည်။
"နာဂီ...ဒီကိုလာ၊ ခုချက်ချင်းလာ၊ မိုးသားတွေတက်လာပြီ။.... "
ကောင်မကလေးက မြင်းကြီးကို ထပ်ပြောလိုက်ပြန်သည်။ သည်တစ်ကြိမ်တွင် မြင်းဖြူကြိးက နောက်ထပ် မြက်တစ်ဆုပ် ကို စားလိုက်ပြိး သူ၏ သခင်မဆီသို့ လျှောက်လာသည်။
"ကဲ.. ကူညီပါဦးရှင်.. "
သူမက ပြောလိုက်ရာ မိုက်ကယ်က ဖေးမကူညီပြီး မြင်းပေါ်သို့ ကောင်မကလေးကို တွန်းတင်ပေးလိုက် သည်။သူမကိုယ်လုံလေးက ကျစ်ကျစ်လျစ်လျစ် ပေါ့ပေါ့ပါးပါး ရှိလှသည်။
"ကဲ ရှင်လဲ တက်လေ... "
ကောင်မကလေးက အပေါ်မှနေ၍ ဝိုင်းကူဆွဲတင်ရာ မိုက်ကယ်သည် သူမနောက်ဘက်ရှိ မြင်းကျောကုန်း ပေါ်သို့ ရောက်သွားသည်။ မြင်းကုန်းနှီးကြီးက သူတို့ နှစ်ယောက်စာအတွက် လုံလောက်သည်။ ကောင်မကလေးက မိုက်ကယ့်လက်တစ်ဖက်ကို လှမ်းဆွဲပြီး သူမ ခါးတွင် သိုင်းဖက်ခိုင်ထားလိုက်သည်။
မိုက်ကယ်လက်ဖဝါးနှင့် လက်ချောင်းအောက်ရှိ သူမ၏ အသားဆိုင်က တင်းတင်းရင်းရင်း ရှိနေပြီး နွေးထွေး သော အငွေ့ကို သူမ၏ ခါးဝတ်တန်ဆာမှတစ်ဆင့် ဖောက်ထွင်းခံစားမိသည်။
"မြဲမြဲ ကိုင်ထားနော်" သူမက အမိန့်ပေးလိုက်သည်။
မြင်းဖြူကြီးနာဂီက သခင်မ၏ ကျေးလက်စံအိမ်ဂိတ်ပေါက်ဝဆီသို့ ဦးတည်သွားနေသည်။
မိုက်ကယ်သည် မီးခိုးတလူလူ ထနေသော သူ၏ ဆော့ဝပ်လေယာဉ်ပျက်ကို သမင်လည်ပြန် လှည့်ကြည့် လိုက်သည်။ အင်ဂျင်ကိုယ်ထည်သာ ကျန်ရှိတော့ပြီး သစ်သားနှင့် ပတ္တူစများ မီးလောင်းပြာကျသွားချေပြီ။ ကာလကြာရှည်စွာ မောင်းနှင်တိုက်ပွဲဝင်ခဲ့သော လေယာဉ်အတွက် စိတ်မကောင်းဖြစ်မိသွားသည်။
"ရှင့် နာမည် ဘယ်လိုခေါ်သလဲ"
ကောင်မကလေးက ခေါင်းကို နောက်ဘက်သို့ ငဲ့စောင်းပြီး မေးလိုက်သည်။
"မိုက်ကယ်၊ မိုက်ကယ်ကုတ်နေ"
မိုက်ကယ် လေယာဉ်ပျက်ကို ကြည့်နေရာမှ ကောင်မကလေးဘက်သို့ ပြန်လှည့်ပြီးဖြေလိုက်သည်။
"မိုက်ကယ်ကုတ်နေ ဟုတ်လား၊ ကျွန်မနာမည်က မဒမ်မိုဆယ်စင်တိန်ဒီသီရိ"
စင်တိန်ဆိုတဲ့ နာမည်ဟာ တော်တ်ေထူးခြားပြီး ရှားပါးတဲ့ နာမည်ပဲ"
"ကျွန်မက ၁၉၀၀ ပြည့်နှစ်ရဲ့ ပထမဆုံးမိနစ်မှာ မွေးဖွားခဲ့တာ၊ ရာစုနှစ်တစ်ခုရဲ့ ပထမဆုံးမိနစ်မှာ မွေးဖွား တာမို့ ရာစုမယ်လို့ အဓိပ္ပါယ်ရတဲ့ စင်တိန်လို့မှည့်တာ"
စင်တိန် က သူမ၏နာမည်ကို အဓိပ္ပါယ်ဖွင့်ပြသည်။ မိုက်ကယ်ကမူ သူကအသက် ၁၇ နှစ် သုံးလရှိပြီဟု တွက်ချက်သိရှိလိုက်သည်။ အပျိုဖြစ်စအရွယ်ပင် မဟုတ်ပါလား။ သူ၏ မိခင်သည် အသက် ၁၇ နှစ်အရွယ် တွင် သူအား မွေးဖွားခဲ့သည် ကို မိုက်ကယ် မဆီမဆိုင် သတိရလိုက်မိသည်။
" မင်းဟာ ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ " မိုက်ကယ်က လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
"ကျွန်မ ရှင့်ကို ဒဏ်ရာသက်သာအောင် ပြုစုပေးပါဦးမယ်"
ကျေးလက်စံအိမ်ဆီသို့ ရောက်လာကြသည်။ မိုက်ကယ်က ကောင်းကင်က မြင်ရဖူးသည်ထက် ပိုကြီးနေ သည်။ သို့သော် ပျက်စီးယိုယွင်းနေပြီး လှပခြင်း သိပ်မရှိတော့။ ပြတင်းပေါက်များက ကျိုးပဲ့နေသည်။ နံရံ ပေါ် တွင် ကျည်ဆန်ရာများ ထင်နေသည်။ မဟာမိတ်များက ဂျာမန်များအား ထိုနေရာမှ နောက်ဘက်သို့ တိုက်ထုတ်ခဲ့သော နောက်ဆုံးတိုက်ပွဲ၏ ဒဏ်ချက်များ ဖြစ်မည်မှာ သေချာသည်။ ကျေးလက်စံအိမ်ကြီးမှာ အပြုအပြင်မရှိ ပစ်ထားရသလို ဖြစ်နေသည်။
"ကျွန်မတို့ အိမ် အလုပ်သမားတွေလဲ စစ်ထဲပါသွားကြပြီ။ သူတို့ အမျိုးသမီးတွေနဲ့ ပါရီတို့ အေမိန်းတို့ကို ထွက်ပြေး သွားကြပြီ၊ ဒီမှာ ကျွန်မတို့သုံးယောက်ပဲ ကျန်တော့တယ်"
စင်တိန်က သူတို့ အခြေအနေကို ရှင်းပြပြီး အိမ်ထဲသို့ လှမ်းပြီးအော်ခေါ်လိုက်သည်။
"အန်.. ဒီမှာ ကျွန်မနဲ့ဘယ်သူ ပါလာတယ်ဆိုတာ ကြည့်စမ်းပါဦး"
မီးဖိုဆောင် နောက်ဘက် ဟင်းသီးဟင်းရွက် စိုက်ခင်းထဲမှ နေ၍ အမျိုးသမီးကြီးတစ်ဦး ထွက်လာသည်။ ဝဝ ဖိုင့်ဖိုင့် ပုတိုတို အသွင်ရှိသော ထိုအမျိုးသမီးကြီး၏ ဘလောက်စ်အင်္ကျီတွင် ရွှံ့များပေကျန်နေသည်။
"ဘာများလဲ ကလေးရယ်"
ရဲစွမ်းသတ္တိရှိတဲ့ အင်္ဂလိပ်လေသူရဲတစ်ဦးကို ကျွန်မ ကယ်တင်လာတယ်လေ၊ သူ့မှာ ဒဏ်ရာတွေလဲ ရထား တယ်"
"ငါ မြင်ရတာတော့ လူကောင်းပကတိပါလားအေ"
"ကဲပါ၊ မြည်တွန်တောက်တီမနေပါနဲ့ ကျွန်မကို လာကူပါဦး သူ့ကို မီးဖိုထဲ ခေါ်သွားရအောင်"
စင်တိန် နှင့် အဘွားကြီးအန် တို့ အပြန်အလှန် ပြောနေကြသည်ကို မိုက်ကယ် ကြားနေရသည်။
"စစ်သားတစ်ယောက်ကို အိမ်ထဲဝင်ခွင့်မပေးနိုင်ဘူး စင်တိန်၊ ငါ့ရဲ့ ကြောင်မလေးရှိတဲ့ အသိုက်ထဲကို ကြောင်ထီးကြီး ကို အလာမခံနိုင်ဘူး"
" သူက စစ်သားမဟုတ်ပါဘူး အန်၊ လေသူရဲပါ"
"အိုအေ... ဘာပဲ ဖြစ်ဖြစ် အတူတူပါပဲ"
"တော်တော်စိတ် ပျက်စရာကောင်းတဲ့ အဘွားကြီးပဲ၊ ကဲပါ ဒီမှာ လာပြီးကူပါ"
အန် ဆိုသော အဘွားကြီးက မိုက်ကယ်အား စေ့စေ့စပ်စပ် ကြည့်ပြီး မှတ်ချက်ချသည်။
"ပြာလဲ့နေတဲ့ သူရဲ့မျက်လုံးမျက်ဖန်ကတော့ ရိုးသားပုံပဲ ဒါပေမယ့် ယုံတော့မယုံသေးဘူး၊ ကောင်းပြီလေ.. "
ကျွန်တော် ဟာ ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပါ ဘယ်သူ့ကိုမှ ဒုက္ခ မပေးပါဘူးဆိုတာ ကတိပြုပါ တယ် ကျွန်တော် ဟာ ကိုယ်နှုတ်နှလုံး စောင့်စည်းတတ်တဲ့ လူပါ.. "
မိုက်ကယ်က ဝင်ပြောလိုက်သည်။ စင်တိန်က မြင်းကျောပေါ်မှ နေ၍ နောက်သို့ ချာခနဲလှည့်ကြည့်လိုက် သည်။ အန်ကလည်း အံ့အားသင့်သွားပြီး မျက်နှာတွင် ဝင်းလက်သွားသည်။
"မင်း ဖလင်းမစ်စကား ပြောတတ်တယ် .. " အဘွားကြီးက အံ့အားတသင့် ပြောလိုက်သည်။
"ရှင်က ဖလက်မစ်စကား ပြောတတ်တယ် ဟုတ်လား"
စင်တိန်ကပါ ထပ်ဆင့် ပြောလိုက်သည်။
"ဒါ ဖလင်းမစ်စကားမဟုတ်ပါဘူး၊ မျက်နှာဖြူမိဘတွေက ပေါက်ဖွားလာတဲ့ တောင်အာဖရိကတိုင်းရင်းသား တွေ ပြောတဲ့စကားပါ၊ တောင်အာဖရိက ဒတ်ခ်ျစကားပါ"
'အဲဒါ ဖလင်းမစ်စကားပဲပေါ့၊ အဲဒီစကားပြောတတ်တဲ့လူဆိုယင် ဒီအိမ်ကကြိုဆိုပါတယ်'
အဘွားကြီးအန်ကရှေ့သို့တိုးလာရင်းပြောလာရာ မိုက်ကယ့်အနီးသို့ ရောက်လာသည်။ စင်တိန်က မြင်းပေါ် မှ ဆင်းလိုက်သည်။ အန်နှင့်အတူ စင်တိန်က မိုက်ကယ်ကို မြင်းပေါ်မှ ဖေးမတွဲယူပြီး ချပေးသည်။
'ဖြည်းဖြည်းနော် . . . အန်၊ သူ့ပခုံးမှာ ဒဏ်ရာရလာတယ်'
ထိုနောက် မိုက်ကယ်အား မီးဖို တံခါးပေါက်ဆီသို့ သူတို့တစ်ယောက်တွဲခေါ်လာကြသည်။
မီးဖိုခန်းကြီးသည် ဧည့်သည် ၅၀၀ စာ အတွက် စားတော်ကဲ တစ်ဒါဇင်ခန့်က ချက်ပြုတ်နိုင်လောက်အောင် ကြီးမား လှသည်။ သို့သော် ယခုအခါ မီးဖိုတန်းကြီးမှ မီးဖိုတစ်ခုတွင်သာ ထင်းမီးများ တောက်လောင်နေ သည်။ ထိုမီးဖိုရှေ့မှ ခွေးခြေတစ်လုံးတွင် မိုက်ကယ်အား သူတို့ကထိုင်စေသည်။
'ကဲအန်၊ ရှင့်နဲ့ နာမည်ကျော်လိမ်းဆေးကြီး သွားယူစမ်းပါဦး'
စင်တိန်က အမိန့်ပေးလိုက်ရာ အန်က ခပ်သုတ်သုတ်ထွက်သွားသည်။
'မင်းက ဖလင်းမစ်လား'
မိုက်ကယ်ကမေးလိုက်သည်။ သူကလည်း ပြင်သစ်စကားသိပ်မတတ်၊ စင်တိန်ကလည်း အင်္ဂလိပ်စကား သိပ်မတတ်ဖြင့် အခက်အခဲကြုံနေရာမှ ယခု ဖလင်းမစ်စကားကို နှစ်ဘက်စလုံးက ပြောတတ်သဖြင့် သာသာစကားအခက်အခဲ ပြေလည်သွားမှုကြောင့် မိုက်ကယ်ဝမ်းသာသွားသည်။
'မဟုတ်ဘူး၊ ကျွန်မ ဖလင်းမစ်မဟုတ်ဘူး၊ အန်ကတော့မြောက်ဘက်ဒေသက၊ ကျွန်မအမေသေပြီးထဲက သူက ကျွန်မရဲ့အထိန်းတော်လေ၊ အခုတော့သူက ကျွန်မရဲ့အမေလို သူ့ကိုယ်သူ သဘောထား နေတယ်လေ အိမ်ဖော်တောင်မဟုတ်တော့ ဘူးပေါ့၊ ကျွန်မကိုလဲသိပ်ချစ်တာ၊ ကျွန်မကို ပုခက်တွင်း တည်းက သူက ဖလင်းမစ်စကား သင်ပေးလာခဲ့တာ၊ ရှင်ကရော အဲဒီစကား ဘယ်ကတတ်လာတာလဲ'
စင်တိန် က မိုက်ကယ်မီးလောင်ဒဏ်ရာများမှ အ၀တ်စများကို ကတ်ကြေးဖြင့် ကိုက်ဖြတ်သုတ်သင်ရင်း ပြန်ဖြေသည်။
'ဟုတ်လား၊ ကျွန်မ ၀မ်းသာလိုက်တာ'
စင်တိန် က ဒဏ်ရာကိုသာစူးစိုက်ကြည့်ပြီး ဆက်လုပ်နေသည်။ 'ငါ မနက်ပိုင်း လေယာဉ်ပေါ်ကနေပြီး မင်းကို မျှော်မျှော်ကြည့်မိတယ်၊ လေယာဉ်တွေ စထွက်ပြီဆိုယင် ငါတို့အားလုံးမင်းကို မျှော်ကြည့်ကြ တာ ပါပဲ လေ'
မိုက်ကယ်က အညင်သာဆုံး လေသ့လေးဖြင့် ပြောလိုက်သည်။
စင်တိန်က ဘာမျှပြန်မပြော။ သို့ရာတွင် သူမ၏ပါးနှစ်ဘက်၌ ပန်းနုရောက်ကလေးဖြတ်ပြေးကာ ရှက်သွေး လေးဖြာ သွားသည်ကို မိုက်ကယ် သတိထားလိုက်မိသည်။
'တို့အတွက်ကံကောင်းစေတဲ့ နတ်မိမယ်လေးလို့ မင်းကို တို့က နာမည်ပေးထားတယ်'
မိုက်ကယ်စကားကြောင့် စင်တိန်က ခစ်ခနဲရယ်လိုက်သည်။ 'ကျွန်မကတော့ ရှင့်ကို အ၀ါရောင်လေး လို့ နာမည် ပေးထားတယ်'
စင်တိန်ကပြန်ဖြေသည်။
မိုက်ကယ်သည် မိမိ၏ အ၀ါရောင်လေယာဉ်ကို စင်တိန်ကသတိထားမိနေကြောင်း သိရသဖြင့် ၀မ်းမြောက်သွားသည်။ စင်တိန်က သူမစကားကို ဆက်ပြောသည်။
'ရှင်တို့လေယာဉ်တွေအားလုံး ပြန်အလာကို ကျွန်မအမြဲပဲ စောင့်မျှော်နေခဲ့ပါသည်၊ ကျွန်မမွေးထားတဲ့ ကြက်ငယ်ကလေးတွေကို စေ့မစေ့ရေတွက်သလို ရှင်တို့ပြန်လာတဲ့ လေယာဉ်တွေကိုလဲ အသွားတုန်းက အတိုင်း စေ့မစေ့ ကျွန်မစောင့်ပြီးရေတွက်ပါတယ်၊ ဒါပေမယ့် တစ်ခါတလေကျတော့ အားလုံး ပြန်ရောက် မလာကြဘူးလေ၊ အထူးသဖြင့် လေယာဉ်အသစ် လူသစ်တွေပေါ့၊ အဒီအခါမျိုးကျယင် ကျွန်မငိုမိတယ်၊ ပြီးတော့ ဘုရားသခင် ဆီ မှာ သူတို့ကောင်းရာသုကတိလားပါစေလို့ ဆုတောင်းရပါတယ်၊ ဒါပေမယ့် ရှင့်လေယာဉ် အ၀ါ နဲ့ ဟိုလေယာဉ်အစိမ်းကတော့ အမြဲတမ်းပြန်ပါလာတာပဲ၊ ရှင်တို့ပြန်လာတာမြင်ယင် ကျွန်မ သိပ်ဝမ်းသာတာပါပဲရှင်ရယ်'
'သြ. . . မင်းက သိပ်ကြင်နာတတ်တဲ့မိန်းကလေးပါလား'
မိုက်ကယ် က ချီးကျူးလိုက်သည်။ ထိုစဉ်မှာပင် အဘွားကြီးအန်က ကျောက်ဖြင့်လုပ်ထားသော ခွက်တစ်လုံး ကို ကိုင်ပြီးရောက်လာသည်။ ထိုခွက်ထဲမှာတာပင်တိုင်အဆီအနံ့က ထောင်း ခနဲ့ ထွက်လာ သည်။
'ဖေဖေဘယ်မှာလဲ' စင်တိန်ကမေးလိုက်သည်။
'မြေတိုက်ခန်းထဲမှာ၊ တိရစ္ဆာန်တွေကြည့်နေတယ်' အန်ကဖြေသည်။
'ကျွန်မတို့မွေးထားတဲ့ ကြက်၊ ဘဲ၊ ၀က် တိရစ္ဆာန်တွေကို မြေအောက်တိုက်ခန်းထဲမှာဝှက်ထားရတယ်၊ ဒီလိုမှ ၀ှက်မထားယင် စစ်သားတွေက ကြက်တွေ၊ ဘဲငန်းတွေ အကုန်ဝင်ခိုးတာ၊ နို့စားနွားမတွေတောင် ချမ်းသာ မပေးဘူး၊ ကျွန်မမြင်းကြီးနာဂီ ပါမသွားအောင် ကျွန်မအတင်းငြင်းဆန် တိုက်ခိုက်ထားရာတာ'
စင်တိန် က မြေတိုက်ခန်းထဲ ဆင်းသော လှေကားထိပ်သို့လျှောက်သွားရင်း အခြေအနေကိုရှင်းပြသည်။ ထို့နောက် လှေကားထိပ်မှနေ၍ အောက်ဘက် မြေတိုက်ခန်းထဲသို့ လှမ်းအော်ပြောလိုက်သည်။
'ဖေဖေ ဘယ်နေရာရောက်နေသလဲ'
မြေတိုက်ထဲမှ ပြန်ဖြေသံ ကို ဗလုံးဗထွေးကြားလိုက်ရပြီးနောက် စင်တိန်း ထပ်အော်လိုက်ပြန်သည်။
'ကော့ညက်အရက်တစ်လုံး လိုချင်တယ်ဖေဖေ၊ ပုလင်းမဖွင့်ခဲ့နဲ့နော် ဧည့်ခံဖို့မဟုတ်ဘူး ၊ ဆေးဝါအဖြစ် သုံးဖို့၊ ပြီးတော့ ဖေဖေဖို့လဲမဟုတ်ဘူး လူနာဖို့၊ ဒီကိုယူလာပါဖေဖေ'
စင်တိန် က သော့တွဲတစ်တွဲ ကို လှေကားထိပ်မှနေ၍ မြေအောက်ခန်းထဲသို့ ပျစ်ချပေးလိုက်သည်။ ထို့နောက် တစ်ခဏအကြာတွင် ဗိုက်ပူပူအဘိုးတစ်ယောက် မြေတိုက်ထဲမှ မီးဖိုခန်းသို့တက်လာသည်။ ကော့ညက်ပုလင်း ကို သူ၏ရင်ခွင်ထဲ၌ ကလေးငယ်တစ်ယောက်ပမာ တယုတယ ထွေးပိုက်လာသည်။
အဘိုးကြီးသည် မျက်စိတစ်ဘက်ပျက်နေသဖြင့် ပင်လယ်ဓားပြများသဖွယ် ထိုမျက်စိကို အ၀တ်စအနက်ဖြင့် ဖုံးပြီး သိုင်းချည်ထားသည်။ ကျန်ရှိသော မျက်လုံးကောင်းတစ်ဘက်ဖြင့် မိုက်ကယ်အားစိုက်ကြည့်ပြီး မေးလိုက် သည်။
'သူက ဘယ်သူလဲ'
'အင်္ဂလိပ်လူမျိုး လေသူရဲတစ်ဦးပါဖေဖေ'
'အား . . . တိုက်ဖော်တိုက်ဖက် ရဲဘော်ရဲဘက်တစ်ယောက်ပဲ။ ရန်သူတွေကို ချေမှုန်းနေတဲ့ လူပါပဲလား' အဘိုးကြီးက ပြောသည်။
'ရှင်ဘယ်ရန်သူတစ်ယောက်ကိုမှ မချေမှုန်းနိုင်ခဲ့တာ အနှစ် ၄၀ ကျော်ပါပြီနော်'
အဘွားကြီးအန်က အဘိုးကြီးကို ၀င်ပြောလိုက်သည်။ သို့သော် အဘွားကြီးသည် မိုက်ကယ့်ပခုံှးင့် လက်ပေါ်မှ မီးလောင်ဒဏ်ရာများကိုသာ အာရုံစိုက်နေပြီး အဘိုးကြီးကို မော့၍ မကြည့်ပေ။ အဘိုးကြီး ကလည်း အဘွားကြီးကို လုံးဝ ဂရုမထားဘဲ မိုက်ကယ်ဆီသို့ တိုးသွာုးကာ လက်နှစ်ဖက်ဖြင့်လှည်း ဖက်မည့် ဟန်ပြုလိုက် သည်။
'ဖေဖေ သူဒဏ်ရာရထားတယ်၊ တအားမဖက်လိုက်နဲ့နော်' ဒဏ်ရာဟုတ်လား၊ သြော် . . . ဒါကြောင့် သမီ ကောက်ညက်ယူခိုင်းတာကို'
အဘိုးကြီးသည် ပြောပြောဆိုဆိုနှင့် ဖန်ခွက်နှစ်လုံးလှမ်းယူပြီး မီးဖိုခန်းစာပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် ကော့ညက် ပုလင်းထိပ်မှ အနီရောင် ဖရောင်းချိတ်များကို ခွာသည်။
'ဖေဖေ၊ ဖေဖေက ဒဏ်ရာရတဲ့ လူမဟုတ်ဘူးနော်'
စင်တိန်က ဖခင်အား သတိပေးလိုက်ချိန်တွင် အဘိုးကြီးသည် ဖန်ခွက်များထဲ၌ အရက်များ ပြည့်လုနီးပါး ထည့်ပြီး ဖြစ်နေသည်။
'သမီးရယ်၊ သူလိုရဲစွမ်းသတ္တိရှိတဲ့လူတစ်ယောက်ကို ခင်ဗျားတစ်ယောက်တည်းပဲ သောက်ပါဗျာလို့ ပြောလိုက်ယင် ဖေဖေရိုင်းရာကျမှာပေါ့'
အဘိုးကြီးက ဖန်ခွက်တစ်လုံးကိုယူပြီး မိုက်ကယ်သံလှမ်းပေးလိုက်သည်။
'ကျွန်တော်က မြို့စားကြီးလူးဝစ္စဒီသိရီပါခင်ဗျား၊ အလိုကျဆောင်ရွက်ပေးဖို့ အသင့်ပါပဲ မွန်စီယာ' အဘိုးကြီး က ပြောသည်။
’ကျွန်တော်က ဗိုလ်ကြီး မိုက်ကယ်ကုတ်နေပါ၊ တောင်ဝင်လေတပ်ကပါ'
နှစ်ဦးသား မိတ်ဆက်ကြပြီးသောက်ကြသည်။ ထိုနောက်အဘွားကြီးအန်ကို တစ်ဆက်တည်းပြောလိုက် သည်။
'ကဲ အမျိုးသမီး၊ အနာကို ဆေးထည့်ပေတော့'
'ပြင်းတယ်နော်'
အဘွားကြီးက သတိပေးလိုက်သည်။ မိုက်ကယ်က အဘွားကြီးကော့ညက်အရက်ကို ရည်ရွယ်ပြောခြင်း ဖြစ်မည်ဟု ထင်လိုက်မိသည်။ သို့သော် အဘွားကြီးက ခွက်ထဲမှ လိမ်ဆေးကို လက်နှင်ကော်ယူပြီး မိုက်ကယ်၏ မီးလောင်ဒဏ်ရာများတွင် လိမ်းလိုက်သောအခါ မိုက်ကယ် စပ်လွန်းသဖြင့် ထိုင်နေရာက ထမိတော့မလို ဖြစ်သွားသည်။ သို့သော်လည်း အဘွားကြီး၏ တုတ်နိုင်သန်မာသောလက်များက မိုက်ကယ် အား ထမရအောင် ချုပ်ကိုင်ထားလိုက်သည်။
'၀တ်တီစည်းပေးလိုက်'
အဘွားကြီးက စင်တိန်ကို အမိန့်ပေးလိုက်သည်။ စင်တိန်က မိုက်ကယ်အား ပတ်တီးစည်းပေးရာ မိုက်ကယ် အဖို့ ဝေဒနာများ တဖြည်းဖြည်းလျော့ကျကာ သက်သာလာသည်။
'အင်း၊ ကျွန်တော်သက်သာသွားပါပြီး'
'ဒါပေါ့၊ ဒီလိုပဲဖြစ်ရမှာပေါ့၊ ငါ့လိမ်းဆေးက ရေကျောက်ကနေ လိပ်ခေါင်းအသိ အားလုံးကုလို့ရတဲ့ နာမည် ကြီးဆေးပဲ' အဘွားကြီးက ပြောသည်။
'ငါ့ကော့ညက် အစွမ်းလဲ ပါပါတယ်ကွာ' အဘိုးကြီးက တတွတ်တွတ်ပြောရင်း ဖန်ခွက်နှစ်လုံးတွင် အရက် ထပ်ဖြည့်သည်။
စင်တိန်က အဘိုးကြီး၏ မီးပူတိုက်ထားခါစ ရှပ်အင်င်္ကျီတစ်ထည်ကိုယူလာပြီး မိုက်ကယ်အား ၀တ်ပေး သည်။ ထို့နောက် ဒဏ်ရာရသော လက်ကို အ၀တ်တစ်စဖြင့် သိုင်းစည်းပေးနေစဉ် မီးဖိုဆောင် အပြင်ဘက် မှ နေ၍ စက်သံ တစ်သံကို ကြားရသည်။
မိုက်ကယ်က မီးဖိုပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မြင်နေကျ လူပုံသဏ္ဌာန်နှင့် မြင်နေကျ မော်တော်ဆိုင်ကယ် တစ်စီးကို လှမ်းမြင်လိုက်ရသည်။ မော်တော်ဆိုင်ကယ် အင်ဂျင်စက်သံ ရပ်သွားပြီး အပြင်မှ လှမ်းခေါ်သံပေါ်လာသည်။
'မိုက်ကယ် လူကလေး၊ မင်းဘယ်မှာလဲ'
မီးဖိုတံခါးပွင့်သွားပြီး လော့ဒ်အင်ဒရူးကီလီဂါရင်ဝင်လာသည်။ သူ့နောက်တွင် ဆေးတပ်မှ အရာရှိဝတ်စုံ ၀တ်ထားသော လူငယ်တစ်ဦးပါလာသည်။
'အလို ဘုရားရေ . . . မင်းဒီရောက်နေတာကိုး၊ ငါကမင်းအတွက် သူ့ကိုခေါ်လာတာ'
အင်ဒရူးက စစ်ဆရာဝန်အား မိုက်ကယ်ဆီသို့ ဆွဲခေါ်လာပြီး ဆက်ပြောပြန်သည်။
'မင်း ကြည့်ရတာ ဒီမှာ အတော်ငြိမ့်နေပုံရတယ်၊ ငါကတော့ မင်းအတွက် စိုးရိမ်လိုက်ရတာကွာ၊ စစ်မြေပြင် ဆေးရုံ ကို ငါဝင်စီးပြီး ဆရာဝန်ကို ငါပစ္စတိုနဲ့ ချိန်ပြီးပြန်ပေးဆွဲလာတာ၊ အခုတော့မင်းက လက်ထဲမှာ ဖန်ခွက် နဲ့ ပါလား၊ ပြီးတော့. . . '
အင်ဒရူးသည် စင်တိန်အား ပထမဆုံးအကြိမ်လှမ်းမြင်လိုက်ရာ စကာစပြတ်သွားသည်။ မိုက်ကယ့်ကိစ္စကို လည်း မေ့သွားပုံပြကာပြောတော့သည်။
'တကယ်ပါပဲလား၊ ကောင်းကင်တမန် နတ်သမီးလေးက မြေကြီးပေါ်မှာ တကယ်ကိုရောက်နေတာကိုး'
'စင်တိန် ညည်းအခန်း ကို ခုချက်ချင်းသွားတော့'
အဘွားကြီး အန် က ခပ်မာမာဝင်ပြောလိုက်သည်။ သူ့မျက်ကြီးမှာ တရုတ်ဘုံကျောင်းကိုစောင့်သော နဂါးကြီး သဖွယ် ခက်ထန်တင်းမာလှသည်။
'ကျွန်မ ကလေးမဟုတ်ဘူး'
စင်တိန်ကလည်း အဘွားကြီးအားခပ်မာမာပင် ပြန်ပြောလိုက်ပြီး မိုက်ကယ်ဘက်လှည့်ကာ မေးလိုက်သည်။
'သူက ရှင့်ကို ဘာဖြစ်လို့ လူကလေးလို့ခေါ်ရတာလဲ၊ ရှင်က သူ့ထက် အသက်ကြီးပုံရပါတယ်'
'သူက စကော့လူမျိုးလေ၊ သူတို့ စကော့တွေက ဒီလိုပဲ ခေါ်လေ့ရှိတယ်၊ ရူးနည်းတစ်မျိုးပေါ့၊ သူ့မှာ မိန်မ တစ်ယောက် နဲ့ ကလေးလေးယောက်လဲရှိတယ်'
မိုက်ကယ် က မနာလိုတိုရှည်စိတ်ဖြင့် ချောက်ချလိုက်သည်။
'ဟာ ဒါသူညစ်ပတ်တာ လိမ်တာ၊ ကလေးတွေတော့ရှိပါတယ်၊ မိန်းမတော့လုံးလုံး မရှိဘူး' ဟု အင်ဒရူးက ပြန်ပြောသည်။
'ကျွန်တော် ခင်ဗျားကို ကော့ညက်နည်းနည်းလောက် တိုက်ပါရစေ မွန်စီယာ'အဘိုးကြီးက ဝင်ပြောသည်။
'ကဲ ပုဂ္ဂိုလ်ကြီး နဲ့ ကျွန်တော့်ကို တစ်ယောက်ယောက်က မိတ်ဆက်ပေးပါဦး၊ ဒါမှ ပုဂ္ဂိုလ်ကြီးရဲ့ ကမ်းလှမ်း ချက်ကို ကျွန်တော် လက်ခံလို့ဖြစ်တော့မှာပေါ့ဗျာ'
'ဒီပုဂ္ဂိုလ်ကြီးက မြို့စားကြီးဒီသီရိပါ၊ ဒါကတော့ လော့ဒ်အင်ဒရူး ဘီလီဂါရစ်ပါ၊ ခင်ဗျားတို့နှစ်ယောက်ကို မိတ်ဆက်ပေးရတဲံအတွက် ကျွန်တော် အများကြီးဂုဏ်ယူပါတယ်' မိုက်ကယ်က မိတ်ဆက်ပေးလိုက်ရာ နှစ်ဦးသား လက်ဆွဲ နှုတ်ဆက်ကြသည်။
'စစ်မှန်တဲ့ အင်္ဂလိပ်မင်းမျိုးနွယ်ပေပဲပါကလား' အဘိုးကြီးက ပြောသည်။
'စကော့လူမျိုးပါခင်ဗျား၊ အင်္ဂလိပ်နဲ့ စကော့မှာ ကွားခြားချက်တွေ ရှိပါတယ်၊ ကျွန်တော်ကတော့ အညှို့စားခံ နေရပြီ၊ ဟောဒီက ငယ်ရွယ်ပြီး ပျိုမျစ်လှပတဲ့ မိန်ကလေးက မြို့စားကြီးရဲ့ သမီးမဟုတ်လား၊ မြို့စားကြီးနဲ့ သိပ်တူတာပဲ၊ သိပ်ချောတာပဲ'
အင်းဒရူးက အဘိုးကြီးအား အရက်ခွက်မြှောက်ပြပြီး အရိုအသေပေးကာ ပြောလိုက်သည်။
'စင်တိန်က ညဉ်းမြင်းကို မြင်းဇောင်းထဲခေါ်သွားပြီး မြင်းမွေးတွေကို ဝက်မှင်ဘီးနှင့် ခြစ်ပြီး သန့်ရှင်းရေး သွား လုပ်စမ်း'
အဘွားကြီးကအန်မ ဝင်ပြောသည်။ စင်တိန်က သူ့စကားကို အရေးမထားဘဲ အင်ဒရူးအား ပြုံးပြလိုက်သည်။ သူမ၏ အပြုံးကြောင့် အပြောင်အပြက်လုပ်နေမှုပင် ရပ်တန့်သွားကာ စင်တိန်အား ငေးကြည့် နေ မိသည်။
'ကျွန်တော် လူနာကို ကြည့်ဖို့ အချိန်သင့်ပြီထင်ပါတယ် ခင်ဗျာ'
စစ်ဆရာဝန်ကလေးက မအောင့်အည်း မသည်းခံနိုင်တော့သည့် အသွင်ဖြင့် ဝင်ပြောလိုက်သည်။ ထို့နောက် ရှေ့သို့ တိုးသွားပြီး မိုက်ကယ်၏ ပခုံးနှင့် လက်မောင်းတွင် ပတ်ထားသော ပတ်တီးကိုဖြေရန် ဟန်ပြင် လိုက်သည်။ ဆရာဝန်ကလေး၏ ပတ်တီးဖြေမည့် အမူအရာကို အဘွားကြီူးက သိမြင်သဘောပေါက် သွားသည်။ ထို့ကြောင့် သူမ၏ ဝဝဖိုင့်ဖိုင့် ကိုယ်လုံးကြီးကို မိုက်ကယ်နှင့် စစ်ဆရာဝန်ကလေးကြားသို့ ကမန်းကတန်း တိုးဝင်လိုက်ပြီး ကသောကမျော ပြောလိုက်သည်။
'ငါစည်းပေးထားတဲ့ ပတ်တီးကိုဖြေယင် သူ့လက်ကို ငါ လိမ်ပြီး ချိုးလိုက်မယ်ဆိုတာ ပြောလိုက်စမ်းပါ' အဘွားကြီးအန် က မိုက်ကယ်က ဖလင်းမစ်စကားဖြင့် ပြောလိုက်သည်။
'ခင်ဗျားရဲ့လုပ်အား မလိုတော့ပါဘူးဗျာ၊ ကျွန်တော် မေတ္တာရပ်ခံပါတယ်'မိုက်ကယ်က စစ်ဆရာဝန်ကလေး အား အင်္ဂလိပ်စကားဖြင့် ပြောလိုက်သည်။
'ကော့ညက်သောက်ပါဦးဗျာ၊ ဒဏ်ရာက သိပ်မပြင်းပါဘူး၊ အပေါ်ယံကလေးပါ' အင်းဒရူးက ဆရာဝန် ကလေး ကို ချော့မော့ဖြေသိမ့်လိုက်သည်။
'ခင်ဗျားက မြေပိုင်ရှင်လား၊ ဟုတ်မယ်ထင်ပါရဲ့'
စင်တိန့်အဖေ အဘိုးကြီးက အင်ဒရူးအား နူးညံ့သိမ်မွေ့စွာ မေးလိုက်သည်။
'ဟုတ်.. ဟုတ်တော့ဟုတ်ပါတယ်၊ မိသားစုပိုင် မြေယာတွေပေါ့'
အင်းဒရူးက ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်ပြီူး့ဖန်ခွက်ကို အဘိုးကြီးလှမ်းပြီး အရက်ဖြည့်ဆီးပေးနိုင်ရန် မီနိုင် လောက်သည့် နေရာ၌ ချထားပေးလိုက်သည်။
'ကဲ ဒါဖြင့် ခင်ဗျားရဲ့ သွာလေသူ မိန်းမက ခင်ဗျားကို ကလေးလေးယောက်နဲ့ ချန်ထားခဲ့တယ် ပေါ့'အဘိုးကြီးက စောစောကပြောသော စကားများကို မသိလိုက်သဖြင့် ထပ်မေးလိုက်သည်။
'ကျွန်တော့်မှာ မိန်းမလဲမရှိပါဘူး၊ ကလေးလဲမရှိပါဘူးဗျာ၊ ကျွန်တော်ရဲ့ အင်္ဂလိပ်မိတ်ဆွေ မိုက်ကယ်က ဟာသလုပ်တာပါ၊ သူက နောက်ရပြောင်ရတာကို သိပ်ဝါသနာပါတယ်၊ အင်္ဂလိပ်တွေရဲ့ အလွန်ဆိုးတဲ့ နောက်ပြောင် မှုပေါ့' အင်ဒရူးက မိုက်ကယ်ကို မေးငေါ့ပြလိုက်ပြီး ပြောလာသည်။
'ဟား....ဒါ အင်္ဂလိပ်တွေရဲ့ဟာသပေါ့ ဟုတ်လား'
အဘိုးကြီးက အားရပါးရရယ်မောပြောလိုက်ပြီး မိုက်ကယ်၏ ပုခုံးကို ပုတ်လိုက်သည်။
'ဖေဖေ ဖြည်းဖြည်းလုပ်နော်၊ သူ့မှာ ဒဏ်ရာတွေနဲ့'စင်တိန်က ဝင်ပြီး သတိပေးလိုက်သည်။
'ခင်ဗျားတို့အားလုံး ဒီမှာ နေ့လယ်စာ စားသွားကြဗျာ၊ ကျွန်တော့်သမီးက ဒီပြည်နယ်မှာ ထမင်းချက် အကောင်းဆုံးဆိုတာ ခင်းဗျားတို့သိသွားမှာပါ' မြို့စားကြီးက ပြောလိုက်သည်။
'ကျွန်တော် ပြန်ပါရစေဗျာ၊ ကျွန်တော်ဒီမှာ ရှိနေလို့လဲ အပိုပါပဲ၊ ဘာမှ မထူးပါဘူး' စစ်ဆရာဝန်ကလေးက ပြောလိုက်သည်။
'ကျွန်တော်တို့ အားလုံးကို နေ့လယ်စာစားဖို့ ဖိတ်တာပါဗျာ၊ ကော့ညက်တစ်ခွက် သောက်လိုက်ပါဦး ဒေါက်တာ' အင်ဒရူးက ဆရာဝန်အား ဝင်ပြောလိုက်သည်။
'အင်းလေ သောက်တာပေါ့'
'ကဲ ဒါဖြင့် မြေတိုက်ခန်းထဲ ဆင်းပြီး အရက်ပုလင်းတွေ ထပ်ယူဖို့လိုလာပြီ' အဘိုးကြီးက ပြောသည်။
'ဖေဖေနော် ဖေဖေ' စင်တိန်က သူ့ဖခင်ကြီးကို လှမ်းပြီး သတိပေးလိုက်သည်။
'တို့အိမ်မှာ ဧည့်သည်တွေရောက်နေတယ်လေ သမီးရယ်.. '
အဘိုးကြီးက စင်တိန်အား ကော့ညက်ပုလင်းအလွတ်ကို ထောင်ပြပြီး ပြောလိုက်သည်။ စင်တိန်လည်း မတတ်သာတော့သဖြင့် လက်လျှော့ရသည့် အသွင်နှင့် ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်သည်။
'ကဲ ခင်ဗျားက ကျွန်တော်နဲ့ လိုက်ပြီး သင့်တော်မယ့် ယမကာတွေ လိုက်ရွေးဗျာ' အဘိုးကြီးက ပြောသည်။
'ဟုတ်ကဲ့၊ဂုဏ်ယူဝမ်းမြောက်စွာနဲ့ လိုက်ပါဆောင်ရွက်ပေးပါမယ်' အင်ဒရူးက ပြန်ဖြေသည်။
အဘိုးကြီးနှင့် အင်ဒရူးတို့ လက်ချင်ချိတ်ပြီး မြေတိုက်ခန်းထဲသို့ ဆင်းသွားသည်ကို စင်တိန်က ငေးကြည့် နေရင်း တစ်စုံတစ်ရာကို တွေးနေမိသည်။
'သူက အတော်ချစ်စရာကောင်းတယ်နော်၊ ရှင့်သူငယ်ချင်းကို ပြောတာလေ၊ သိပ်ပြီး သစ္စာရှိတယ်၊ အခု ကြည့် ပါလား.. ရှင့်ကို ကူညီဖို့ ချက်ချင်းရောက်လာတာ၊ ကျွန်မဖေဖေကိုလဲ ချက်ချင်းရင်းနှီးခင်မင် သွားတာပဲ' စင်တိန်က မိုက်ကယ်အား ပြောလိုက်သည်။
စင်တိန်စကားကြောင့် မိုက်ကယ်သည် အင်ဒရူးအပေါ်တွင် သဝန်တိုသလို ဖြစ်သွားသဖြင့် ကိုယ့်ကိုယ်ကိုယ် ပင် အံ့သြမိသွားသည်။
'သူ ကော့ညက်နံ့ရလိုပါ၊ ဒါကြောင့် ရောက်လာတာ၊ တခြား ဘာကြောင့်မှ မဟုတ်ဘူး' မိုက်ကယ်က ပြန်ပြောသည်။
'သူ့မှာ ကလေးလေးယောက်ရှိတယ်ဆိုတာကော၊ သူတို့အမေတွေကော.. '
စင်တိန် က သဘောမပေါက်သေးသဖြင့် ထပ်မေးလိုက်သည်။
'အမေက လေးယောက်၊ ကလေးက လေးယောက်၊ တစ်ယောက်တစ်မအေစီ သီးခြားလေ... '
'ဒါဖြင့် သူက မိန်မတွေ အများကြီးယူတဲ့ လူစားလား'
'မဟုတ်ဘူး....မဟုတ်ဘူး တို့နောက်ပြောနေကြတာ၊ သူငြင်းတာ မင်းကြားမှာပေါ့၊ သူက လူကောင်း တစ်ယောက်ပါ၊ ဒါမျိုးဘယ်တော့မှလုပ်မှာ မဟုတ်ဘူး၊ သူဘယ်တုန်းကမှလဲ လက်မထပ်ခဲ့ပါဘူး'
ထိုအချိန် ၌ အဘိုးကြီးနှင့် အင်ဒရူးတို့ ပုလင်းများယူပြီးမြေတိုက်ထဲမှ ပြန်တက်လာကြသည်။ မိုက်ကယ် ရှေ့ စားပွဲပေါ်တွင် အရက်ပုလင်းခြောက်လုံးကို သိမ်လိုက်ပြီး အင်ဒရူးက ပြောလိုက်သည်။
'မြို့စားကြီး မှာ အရက်ကောင်းတွေ အများကြီးရှိတာပဲဗျ၊ ဒီပုလင်းတွေကြည့်စမ်း၊ အနှစ် ၃၀ ရှိသွားပြီ' အင်ဒရူးက ၀မ်းသာအားရ ပြောလိုက်သည်။
စားပွဲထိပ်ဘက်ရှိ မြို့စားကြီးက အရပ်ပုလင်း တစ်လုံး၏ ဖော့ဆို့ကို ဖောင်ခန်မြည်အောင် ဖွင့်လိုက်ပြီး ဆရာဝန်၏ ဖန်ခွက်တွင် ထပ်မံဖြည့်တင်းပေးလိုက်သည်။ ထို့နောက် မြို့စားကြီးက အရက်ခွက်ကို ကိုင်မြှောက်ပြီး ဆုတောင်းလိုက်ရာ ကျန်လူများကပါ ဆုတောင်းကြသည်။ မြို့စားကြီးက ၁၈၇၀ ပြည်နှစ် တွင် ဆီဒန်တိုက်ပွဲ ၌ သူ့မျက်လုံးတစ်ဖက် ပေးလှူခဲ့ရပုံကို ပြောပြသည်။
အန်နှင့် စင်တိန်တို့က ၀က်ပေါက်ခြောက်၊ ၀က်အူချောင်းနှင့် ပေါင်မုန့်များယူလာပြီး နေ့လယ်စာ တည်ခင်း သည်။
'ကဲ အခု စစ်ပွဲအခြေအနေ ဘယ်လိုရှိသလဲ၊ ဒီစစ်ကြီးဘယ်တော့များ ပြီးမလဲဆိုတာ ပြောကြစမ်းပါဦး' အဘိုး ကြီးက ပေါင်မုန့်ကို တစ်ဖွဲ့စာဖဲ့ယူပြီး ဟင်းရည်အပျစ်တွင်နှစ်လိုက်ရင် မေးလိုက်သည်။
'အစားကောင်း အသောက်ကောင်း တွေရဲ့ အရသာကို မဖျက်ဆီးပါရစေနဲ့ဗျာ. . . ' အင်ဒရူးက မေးခွန်းကို မဖြေဘဲ လွှဲဖယ်လိုက်သည်။
'ကျွန်ုပ်တို့ မဟာမိတ်တွေရဲ့ ထိုးစစ်သစ်ကရော ဘယ်လိုလဲ' အဘိုးကြီးက ထပ်မေးပြန်သည်။
'အနောက်ဘက်မှာ ထိုးစစ်ဆင်မယ်၊ ဆွမ်းမြစ်မှာ ထပ်ပြီး ထိုးစစ်နွှဲမှာပေါ့၊ အဲဒီနေရာမှာ ဂျာမန်စစ်ကြောင်းကို ဖောက်ဝယ်မယ်'
မိုက်ကယ်က တည်ငြိမ်လေးနက်စွာ ဖြေလိုက်ရာ အားလုံးက သူ့စကားကို စိတ်ဝင်စားလာသည်။ မီးဖိုနားမှ အမျိုးသမီး နှစ်ဦး ပင် သူတို့စားပွဲသို့ရောက်လာသည်။ စင်တိန်ကမိုက်ကယ့်ဘေးရှိ လွတ်နေသော နေရာ တွင် ၀င်ထိုင်လိုက်သည်။ သူတို့အင်္ဂလိပ်လို ပြောနေကြသည်ကို နားလည်အောင်ကြိုးစား နားထောင် နေရသည်။
'ခင်ဗျားက ဒါတွေကို ဘယ်လိုလုပ်သိသလဲ' မြို့စားကြီးက မေးသည်။
'သူ့ဦးလေးက ဗိုလ်ချုပ်ကြီးလေ' အင်ဒရူးက ၀င်ရှင်းပြသည်။
'ဗိုလ်ချုပ်ကြီး . . . ဟုတ်လား'
မြို့စားကြီးက မိုက်ကယ်အား ပိုပြီးစိတ်ဝင်စားသည့်အသွင်ဖြင့် ကြည့်လိုက်ပြီး စင်တိန်ဘက်လှည့်ကာ ပြောလိုက်သည်။
'စင်တိန်တို့ဧည့်သည်မှာ အခက်အခဲတွေ့နေတယ်ဆိုတာ မင်းမမြင်ဘူးလား'
စင်တိန်က မိုက်ကယ် ပန်းကန်ထဲမှအသားများကိုတစ်လုတ်စာစီ တိုးကော်ယူ၍ရအောင် လှီးဖြတ်ပေးလိုက် ရာ မိုက်ကယ် အဖို့ လက်တစ်ဖက်တည်းဖြင့် စာ၍ရသွားသည်။
'ကဲ ဆက်ပါဦး၊ အဲဒီနောက် ဘယ်လိုဖြစ်လာမလဲ' အဘိုးကြီးက မေးပြန်သည်။
'ဗိုလ်ချုပ်ကြီးဟိစ်က ဦးစီးတိုက်မှာပါ၊ ဒီတစ်ကြိမ်တော့ သူဂျာမန်ခံစစ်နောက်ကြောင်းကို အောင်မြင်အောင် ထိုးဖောက်နှိမ်းနင်းနိုင်လိမ့်မယ် ထင်ပါတယ်'
'ဒါဖြင့် ကျွန်တော်တို့ရဲ့ ဒီနေရာက လုံခြုံစိတ်ချရတယ်ပေါ့ ဟုတ်လား'
မြို့စားကြီးက ထပ်မေးရင်း အ၇က်ပုလင်းဆီသို့ လက်လှမ်းလိုက်သည်။ မိုက်ကယ်က အရင်ထပ်မယူလို တော့ကြောင့် ခေါင်းခါပြလိုက်သည်။
'အဲဒီလိုတော့မဟုတ်ဘူးလေ၊ လုံးဝ စိတ်ချရပြီလို့တော့ ပြောလို့မရဘူး၊ ဒီနေရာက စစ်သားတွေကို တတ်နိုင် သမျှ လျှော့ပြီး ဆွမ်ဖြစ်ဘက်က ထိုးစစ်ကြောင်းကို စေလွှတ်အင်အားဖြည့်နေရတယ်၊ ဒီမှာ တပ်မအဆင့် က တပ်ရင်းအဆင့် လာက်အထိပဲ အင်အား ကျန်တော့တယ်'
မိုက်ကယ်က အခြေအနေမှန်ကို ပြောလိုက်သည်။
'ဟာ ဒါတော့မိုက်မဲတာပဲ၊ ဂျာမန်တွေက ဒီနေရာကို တန်ပြန်ထိုးစစ်ဆင်ပြီး သူတို့အပေါ် ဆင်နေတဲ့ ထိုးစစ်အင်အားလျှော့သွားအောင် ပြန်လုပ်လာမှာပေါ့'
အဘိုးကြီးက အလန့်တကြားပြောလိုက်သည်။
'ဒါဖြင့် ဒီနေရာကို ထိန်းထားနိုင်ပါ့မလား' စင်တိန်ကလည်း စိုးရိမ်စိတ်ဖြင့် ၀င်မေးလိုက်သည်။ တစ်ဆက်တည်းပင် ပြတင်းပေါက်မှနေ၍ လှမ်းကြည့်လိုက်ရာ ဟိုအဝေးမိုးကုပ်စက်ဝိုင်းဆီတွင် ကုန်းတန်း လေးကို လှမ်းမြင်ရသည်။
'တော်တော်ကြာကြာလေ ထိန်းထားနိုင်မှာပါ၊ ဆွမ်မြစ်က ထိုးစစ်အောင်တဲ့အချိန်လောက်အထိ ထိန်းထား နိုင်မှာပါ၊ ဂျာမန်နောက်တန်းခံစစ်ကို မဟာမိတ်တပ်တွေ ထိုးဖောက်ဝင်ရောက်သွားတာနဲ့ တစ်ပြိုင် နက် ဒီနေရာကို ဂျာမန်တွေ ဖိအားပေးမှု လျော့ကျသွားမှာပါ' မိုက်ကယ်က ဖြေသိမ့်လိုက်သည်။
'တကယ်လို့ တိုက်ပွဲက ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့ လိပ်ခဲတည်းလည်း ဖြစ်နေယင်ကော'
'ဒါဆိုရင် ကျွန်တော်တို့အဖို့ အခက်ကြုံနိုင်တယ်၊ အထူးသဖြင့် ဂျာမန်တွေက လေကြောင်းမှာ ကျွန်တော် တို့ထက် အားသာတယ်၊ အခု ကျွန်တော်တို့ သိမ်းထားတဲ့ ဟိုအဝေးက ကုန်းတန်းတွေကို ပြန်ပြီး လက်လွှတ်ရနိုင်တယ်၊ သူတို့က အင်အား ထပ်ဖြည့်ပြီး တိုက်လာယင် ကျွန်တော်တို့နောက်ဘက်ကို အာရက်စ်မြို့ အထိ ဆုတ်ကောင်း ဆုတ်ရလိမ့်မယ် မိုက်ကယ်က လေးလေးနက်နက် ပြောလိုက်သည်။
အာရက်စ်...ဟုတ်လား၊ ဒါဖြင့်ယင်၊ ဒါဖြင့်ယင့်.... ' စင်တိန်က သူ့စကားကို အဆုံးမသတ်နိုင်ပါချေ။ သူမ အိမ်ပတ်ဝန်းကျင်ကို နှုတ်ဆက်အကြည့်ဖြင့် လှည့်ကြည့်လိုက်ပါသည်။
'တိုက်ပွဲစ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဒီနေရာဟာ ခင်းတို့အတွက် သိပ်ပြီး အန္တရာယ်ရှိလာလိမ့်မယ်၊ ဒီနေရာ ကပြီး တောင်ဘက်ကို ရွှေ့ပြောင်းကြပါ၊ အာရက်စ် သို့မဟုတ် ပါရီမြို့ကြီးအထိ ပြောင်းရွှေ့ သွားကြပါ လို့ အကြံပေးပါရစေ မိုက်ကယ်က ပြောလိုက်သည်။
မဆုတ်ဘူး၊ ဘယ်တော့မှမဆုတ်ဘူး၊ လှေခွက်ချည်းကန်အလံလှဲမဘူး။
အဘိုးကြီးက မီးဖိုခန်းနံရံ၌ ချိတ်ထားသော ရှေးဟောင်းရိုင်ဖယ်ကြီးကို ညွှန်ပြရင်း ပြောလိုက်သည်။
အဘိုးကြီး၏ သတ္တိကို အင်ဒရူး က ချီးကျူးပြီး ဂုဏ်ပြုကာ အရက်ခွက်ကို မြှောက်ပြီး သောက်လိုက်သည်။
ထို့နောက် မိုက်ကယ်အား အင်ဒရူး သူ၏မော်တော်ဆိုင်ကယ်နှင့် တင်ပြီး တပ်စခန်းသို့ ခေါ်လာသည်။ စင်တိန် က မိုက်ကယ်အား မော်တော်ဆိုင်ကယ်အထိ တွဲပြီးပို့ပေးရှာသည်။ ဆရာဝန်က မော်တော် ဆိုင်ကယ် ပေါ်တွင် နောက်ဆုံးမှ ကပ်ထိုင်ပြီး သုံးယောက်စီးကြသည်။ အဘိုးကြီးက အင်ဒရူးအား အရက်တစ်ပုလင်း လက်ဆောင်ပေးလိုက်သေးသည်။
အခန်း (၂) ဆက်ရန်
.
1 comment:
မူရင်းဝထ္ထုနာမည်လေး သိလားခင်ဗျ
Post a Comment