Tuesday, September 6, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၈)

သံကောက်ဖြောင့်သူ
စုသဇင်သက်

" ကိုလေး ... ကျောင်းသွားမယ်လေ " အေး ... အေး ညီမလေး ကိုလေး ထမင်းထည့်လိုက်အုန်းမယ်"။ ကျွန်တော့် စိတ်တွေ လေးလံထိုင်းမှိုင်းနေသည်။ တစ်ကယ်ဆိုရင် ဒီနေ့ ကျောင်းသို့ သိပ်မသွားချင်ပါ။ သနပ်ခါးလေး လူးပြီး၍ ကျောင်းသွားရန် လွယ်အိတ်ကလေးဖြင့် ထိုင်နေသော ညီမလေးကို လှမ်းကြည့်၍ ထမင်းချိုင့် များ ခပ်မြန်မြန်ထည့်ပြီး ကျောင်းသို့ နှစ်ယောက်သားသွားကြသည်။
ပထ၀ီဆရာမ က ကျောက်သင်ပုန်းပေါ်တွင် မြန်မာပြည်မြေပုံဆွဲပြရင်း စိတ်ရှည်ရှည်ရှင်းပြရင်း သင်ကြား လျက် ရှိပါသည်။ လူက ကျောင်းစာသင်ခန်းထဲတွင် ရှိနေပါသော်လည်း စိတ်များပျံ့လွင့်လျှက် စာထဲတွင် စိတ်မ၀င်စားနိုင် ဖြစ်နေသည်။ မနေ့ညနေက ဒေါ်လေးပြောခဲ့သော စကားများကိုသာ အခါခါ ပြန် ကြားယောင် နေမိ၏။

" သားငယ် ... မင်းအဖေ မသက်သာဘူး။ အခြေအနေမကောင်းဘူး" တဲ့ ဒီအချိန်ဆိုလျှင် ဆေးရုံတွင် အမေတစ်ယောက် ကြိတ်ပြီး ရှိုက်ငိုနေလိမ့်မည်မှာ အဘယ်မျှ ပင်ပမ်းနေလိမ့် မည်နည်း။ စိုးရိမ်မှုများနှင့် သောက များကို ပိုက်ထွေးထားမည့် အမေ့မျက်နှာကိုသာ မြင်ယောင်နေမိသည်။ ကျွန်တော့် စိတ်များ တစ်နေ့ခင်းလုံး ယောက်ယက်ခတ်နေသည်။ ကျောင်းမုန့်စားဆင်းချိန်၌ ထမင်းကိုသာ စားနေသည်။ လုံးဝမြို့မကျချင်။ အရသာ အမဲ့ဆုံးဟု ထင်မိသည်။ ညနေကျောင်းမဆင်းခင် ဒေါ်လေးရောက်လာသည်။

အတန်းပိုင်ဆရာမဆီခွင့်တောင်းပြီး ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို ခေါ်သွားသည်။ ညီမလေးက ကျောင်းစောစော ဆင်းရသဖြင့် ပျော်နေသည်။ လမ်းရောက်တော့ ဒေါ်လေး မျက်နှာ မသာမယာနှင့် " သားငယ် ဖေဖေ က သားနဲ့ ညီမလေးကို တွေ့ချင်လို့ ဆေးရုံကို လိုက်သွားကြမယ်"တဲ့။ ကျွန်တော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ အဖေဘာမှ မဖြစ်ပါစေနဲ့ဟု အကြိမ်ကြိမ် ဆု တောင်းလာခဲ့သည်။ ကျွန်တော် တစ်စုံတစ်ရာ ကို သိရှိခံစားမိသလို ၀မ်းနည်းစိတ်ကလှိုက်တက်လာသည်။ ရောက်ချင်ဇော ဖြင့် အမြန် လျှောက် နေသော်လည်း မရောက်နိုင်သဖြင့် အကြာကြီးဟုထင်မိသည်။

အိမ်နားရောက်တော့ မဏ္ဍာပ်ထိုးသည့် လူတွေရုပ်စိရုပ်စိနှင့် ဆူညံနေသည်။ ကျွန်တော် အိမ်ပေါ် အပြေး တက်သွားတော့အမေ၏ ကြေကွဲစွာ ငိုကြွေးသံကို ကြားရပါတော့သည်။ " သားငယ် သားတို့ သမီးတို့ အဖေ မရှိတော့ဘူး" ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို ပွေ့ဖက်ပြီး အသည်းကြွေမတက် ငိုကြွေးသံသည် ကျွန်တော့် ရင်အရှိုက် ကို လက်သီးနှင့် ခပ်ပြင်းပြင်းထိုးချလိုက်သလို ခံစားရသည်။ ထိုဝေဒနာ အခံရခက်စွာ ဖြင့် ငိုချလိုက်ချင်သော်လည်း ငို၍မရခဲ့။

မျက်ရည်များသာ အတားအဆီးမဲ့တွေတွေကျနေသည်။ အမေ သည်သာ ကျွန်တော်တို့ မောင်နှမ သုံးယောက် ၏ အားကိုးရာ။ အဖေဆုံးတော့ အရွယ်မရောက်သေးသော ကျွန်တော်တို့ အသက်က ဆယ့်တစ်နှစ် ညီမလေးက ပထမတန်း၊ ကိုကြီးက ဆယ့်ခြောက်နှစ်ကျော်ကျော် မျှသာ။ ကိုကြီးသည် ပြည် တစ်ဖက်ကမ်း ဆင်တဲမြို့တွင် စက်မှု သင်တန်းကျောင်းကို တက်နေသည်မှာ တစ်နှစ်တောင် မပြည့် သေးပေ။ အဖေဆုံးတော့ ကိုကြီးကို ကြေးနန်းရိုက်ခေါ်သည်။ ကိုကြီးရောက်လာတော့ အမေသည် ကိုကြီးကို ဖက်ပြီး တစ်ဖန် ထပ်ငိုပြန်ပါသည်။ ကျွန်တော်လည်း အမေငိုတိုင်း လိုက်ငိုချင်နေမိ သည်။

အဖေ၏ ရုပ်ကလာပ်အား မောင်နှမသုံးယောက်နောက်ဆုံးအြိကမ် ကြည့်ရှုကြပြီး ကန်တော့လိုက်ကြ သည်။ အဖေ၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ် စက်သို့ ယူဆောင်သွားတော့ အမေက " ယူမသွားကြပါနဲ့ရှင်။ ကြည့်လို့တောင် မ၀သေးပါဘူး။ စက်ထဲမထည့်ကြပါနဲ့အုံး " တားမြစ်ပေမယ့် လူကြီးများက " အချိန်ကျနေပြီ ညီမ" ဟုဆိုကာ မီးသင်္ဂြိုလ်စက်ထဲ ထည့်လိုက်စဉ် အမေ မူးမေ့လဲကျသွားခဲ့သည်။ အဖေ ရက်လည်ပြီးနောက် ကျွန်တော်တို့ အိမ်ကလေး အရင်လို မဟုတ်တော့ဘဲ တိတ်ဆိတ်မှုကသာ ကြီးစိုး မင်းမူလျှက် ပြန်လည်မရရှိနိုင်တော့သော ဆုံးရှုံးမှုကို မိသားစုကိုယ်စီ ပိုက်ထွေးကြသည်။

" အမေ သား ကျောင်းထွက်ပြီး အလုပ်လုပ်မယ်။ ဆင်တဲကို မပြန်တော့ဘူး"။ " ဘယ် ... မဟုတ်တာ။ သား ရယ် သား ကျောင်းမထွက်ရပါဘူး။ သားကဘာကို စိုးရိမ်တာလဲ။ သားကျောင်းစရိတ် မလောက်မှာ စိုးလို့ လား။ ဘာမှမပူနဲ့ သား အမေငွေမှန်မှန်ပို့ပေးမယ်။ သားသာ ကျောင်းမှာ တစ်နှစ်တစ်တန်းအောင်အောင် သာလုပ်။ နောက်နှစ်နှစ်ဆိုရင် ကျောင်းပြီးရော မဟုတ်လား။ ထွက်စရာ မလိုပါဘူးသားရယ်"။ အမေသည် အားမာန် အပြည့်နှင့် ကိုကြီးကို အားပေးအားဖြည့် ပေးခဲ့သည်။ အမေ့အားပေးစကားကြောင့် ကိုကြီး မဆိုထား နှင့် ကျွန်တော်ပင်အားတက်ခဲ့သည်။ ကိုကြီးကျောင်းခွင့်ရက်စေ့၍ ပြန်သွားတော့သည်။

ကိုကြီးပြန်သည်နှင့် အမေသည် ဈေးသို့သွားကာ ဒန်အိုးများ၊ ဒယ်အိုးများကို ၀ယ်လာခဲ့သည်။ ကျွန်တော် က " အမေဘာလုပ် မလို့လဲဟင်" ဆိုတော့ " အမေတို့ ထမင်း၊ ဟင်း ရောင်းမယ်လေ ... သားငယ်ရဲ့ " ကျွန်တော် အံ့သြသွားသည်။ အဖေဆုံးပြီး တစ်လပင်မပြည့်တက်သေးသည့် ကာလအတွင်း အမေသည် သားသမီး နောင်ရေးအတွက် စဉ်းစားကာ ပညာသင်စရိတ် လောက်ငှရေးအတွက် အချိန်မဆွဲ ချက်ချင်းပင် ဟင်းရောင်းဖို့ ပြင်ဆင်နေတော့သည်။ မနက်တိုင်း စောစောထကာ ထင်းခွဲပြီးနောက် ဈေးခြင်းတောင်းကြီး ဆွဲကာ ဈေးသွား၊ အမောတစ်ကော ပြန်လာရင်း ဟင်းအိုးများကို တစ်အိုးပြီးတစ်အိုး စုံဆီနဖာ အသွယ်သွယ် ကို မောမောပန်းပန်း ချက်ပြုတ်နေသည်။ အမေ့၏ အချက်အပြုတ်ကောင်းမွန်မှုကြောင့် ကျွန်တော် တို့ ဟင်း ဆိုင်ကလေး ရောင်းကောင်းပါသည်။ တစ်လတစ်လကိုကြီးကို ငွေမှန်မှန် ပို့နိုင်သည့် အပြင် ကျွန်တော်တို့ မိသားစုချွေတာစွာဖြင့် စားလောက်နိုင်ခဲ့ကြသည်။ အဖေရှိစဉ်တုန်းကလောက် မခြား ကျွန်တော် တို့ အမေ့ မေတ္တာဖြင့် ကျွေးမွေးမှုအောက်တွင် ငြိမ်းအေးခဲ့ပါသည်။

တစ်နှစ်ကျော်ကာလကို အခြေအနေအရ ပုံမှန်ဖြတ်သန်းရင်း တိုင်းပြည်မငြိမ်းချမ်းသည့်ကာလသို့ ရောက်ရ ပြန်သည်။ မတည်မြိငိမ် ဗရုတ်ဗရက် အခြေအနေတွင် အမေသည် ဆန်များကို စုဆောင်း၊ ပင်လယ် ဂျပန် ငါး များကို ၀ယ်ကာ အခြောက်လှမ်းနှင့် ရိက္ခာခြောက်များကို စုဆောင်းသိုလှောင်ခဲ့သည်။ သားသမီးများ ငတ်မွတ်မည် ကို အစိုးရိမ်ပိုခဲ့သည်။

(၈၈ အရေးအခင်းသည် အရွယ်မရောက်သေးသော ကျွန်တော်တို့အတွက် ကြောက်ရွံ့ဖွယ်အတိ) ပြည်ပျက် ပြည်ဆူနေ၍ တော်ရုံတန်ရုံ မိန်းမသားများ မသွားရဲသော ဈေးထိပ်တွင် အမေသည် ကျွန်တော်တို့အတွက် မကြောက်မရွံ့ဈေးထွက်ဟင်းချက်ရောင်းခဲ့သေးသည်။ ဤနည်းဖြင့် ပြည်ပျက်ကိုလည်း အမေ့ခွန်အားဖြင့် ကျော်လွှားလွန်မြောက်ခဲ့သည်။ ထိန်းသိမ်းမှု၊ ငြိမ်းချမ်းမှုများနှင့်အတူ ကျောင်းများလည်း ပြန်ဖွင့်ခဲ့ပါပြီ။

ကျောင်းပိတ်ထား၍ ပြန်လာခဲ့ရသော ကိုကြီး၏ ကျောင်းတော်ပြန်ခရီးတွင် " သားကြီးရယ် အမေတော့ သား ကြီးကို မခွဲစေချင်တော့ဘူး၊ ဒါပေမဲ့ တစ်နှစ်ပဲကျန်တော့တာ ကြိုးစားနော်သား" သားကြီးကို မခွဲမခွာချင် အဝေးကြီးကို မလွှတ်ချင်ပေမဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်စေချင်သည်မှာ အမေ့ဆန္ဒ လို့ ကျွန်တော်ထင်သည် မြင်သည်။ ကိုကြီးကို ကားဂိတ်လိုက်ပို့ပြီး အပြန်တွင်တော့ အမေငိုသည်။ ဘာအတွက် ကြောင့်ငိုသည် ဆိုသည်မှာ ကျွန်တော် မတွေးတတ်။ စိုးရိမ်လို့ဖြစ်မှာပေါ့ဟု ထင်သည်။ နောက်များ မကြာမီ ရပ်ကွက်အတွင်း အိမ်များပြောင်းရွှေ့ရမည်ဟူသော သတင်းစကားများ ထွက်ပေါ်လာ ပြန်သည်။

အဖေဆုံး ပြီး၍ နှစ်များစွာ မကြာသေးသော ကာလများအတွင်း အပြောင်းအလဲများစွာနှင့် ရင်ဆိုင်ရသော ကြောင့်ထင် သည်။ ကွယ်လွန်စောခဲ့သော အဖေကိုလည်း " သားငယ်ရယ် မင်းတို့ အဖေကတော့ ငြိမ်းချမ်း လိုက်တာ တိုင်းပြည်အရေးအခင်းဖြစ်တာကိုလည်းမသိ၊ သူ့ခေါင်းချခဲ့တဲ့ ရပ်ကွက်ဟောင်းလေး ပြောင်းရတော့ မှာလည်း မသိနဲ့၊ တယ်လည်း ငြိမ်းအေးတဲ့အရပ်ကို ရောက်သွားတာပဲ" ဟု ဆို ညည်း တတ်သေးသည်။ နောက် နှစ် လလောက်ရောက်တော့ ပြောင်းရွှေ့မိန့်များကျလာသည်။ အစိုးရသစ်၏ စီမံချက် နှင့် ကျွန်တော်တို့ ရပ်ကွက် ဟောင်းလေး ပြောင်းရွှေ့ရတော့သည်။ ကျွန်တော်တို့ အိမ်ကို အိမ်နီးနားချင်း များနှင့် ဆွေမျိုးများ အကူအညီကိုယူကာ ဖျက်ခဲ့ရသည်။

အမေက ဓနိပျစ်အဟောင်းများမှ ၀ါးချောင်းလေးများကို တစ်ခုချင်း ဖျက်ချကာ ၀ါးချောင်းလေးများကို စုစည်း ထားသည်။ အိမ်ဖျက်ရာမှ ထွက်လာသော သံချောင်းကောက် များကို သစ်တုံးပေါ်တွင် တင်ကာ စိတ်ရှည် လက်ရှည်ဖြောင့်နေသည်။ " အမေကလည်း သံချောင်းကောက် တွေကို ဘာလို့ ဖြောင့် နေတာလည်း ကောင်းသေးလို့လား " " ကောင်းပါတယ် သားငယ်ရဲ့ တော်ရုံတန်ရုံ နေရာလေးတွေမှာ ပြန်သုံးလို့ ရတာပေါ့။ တစ်ချို့သံချောင်းတွေက ပြန်ဖြောင့်လိုက်ရင် အကောင်းကြီး ရှိသေး တာ။ ဒါတွေကို ပြန် မသုံးရင် နှမြောစရာကြီးသားရယ်။ ဖြုန်းတီးရာလည်း မရောက်ဘူးပေါ့" ကျွန်တော်လည်း အမေ့ စကားကြောင့် သံချောင်းကောက်များကို ဖြောင့်ချင်လာသည်။

အမေပြောစကားများသည် ကျွန်တော့် အတွက် အမြဲအားဖြစ်စေခဲ့သည်။ အုတ် အကျိုးများကအစ အမေက ဂုန်နီအိတ်များထဲသို့ ထည့်ကာစုထား သည်။ တကယ့် တကယ် အိမ်ပြောင်းတော့ သူများတွေလို ပစ္စည်းများ ပြန့်ကျဲ မနေဘဲ ကျစ်ကျစ်လစ်လစ် တင်ဆောင်နိုင်ခဲ့၏။ အိမ်ပြောင်းရတုန်းက ကိုကြီးသည် သင်တန်း ကျောင်း က ပြန်မလာနိုင်သဖြင့် ညီမလေး၊ အမေနှင့် ကျွန်တော် အပါအ၀င် သုံးယောက်နှင့် အမေ၏ မောင် ဦးဦးတစ်ယောက် ပါလာသည်။ ကျွန်တော့် ဦးလေးက ဒဂုံမြို့သစ်တွင် ယာယီတဲကလေး ဆောက် ပေးခဲ့ပြီး နှစ်ပတ်လောက် အကြာတွင် ပြန်သွားခဲ့၏။ ဒဂုံမြို့သစ်သည်ကား ဖုံထူ၊ နေပူပြီး ဘာပင်မျှမရှိသည့် လယ်ကွင်း ခေါင်ခေါင်ကြီးပင်။

ရောက်ခါစက ဘယ်လိုမျ နေမရ ပူပြင်းခြောက်သွေ့ပြီး ဒဂုံရေကလည်း ဂျိုးဖြူပိုက်ရေနှင့် အကွာကြီး ကွာကာ ပေါ့ရွှတ်နေ သည်။ " ရေကလည်း ဘယ်လိုမှ သောက်လို့မရဘူး"၊ " ဘယ်လောက်သောက်သောက် မ၀ဘူး "။ " ဘယ်ဝမလဲသားရဲ့၊ အမေတို့ အရင်က သောက်တဲ့ရေထက် ပေါ့နေတာကိုး နေအုံး အမေရေနွေးအိုး ကျိုပေး မယ်။ ဒါဆို သားတို့ ရေထပ်မငတ်တော့ဘူး "။ ချက်ချင်းထကာ နေပူကျဲကျဲတွင် မီးထိုင်မွှေးကာ ရေနွေးအိုး တည်ပေးလေသည်။ တစ်လနှစ်လလောက်ကြာတော့ ကျွန်တော်တို့ လမ်းထိပ်တွင် ယာယီဈေးကလေးဖြစ် လာသည်။ အမေသည် အရင်အတိုင်း သူမ ကျွမ်းကျင် တတ်ကျွမ်း သည့် ဟင်းချက်သည့် ပညာဖြင့် ဈေးနှင့် ဝေးသည့် အိမ်များ နောက်ပြောင်းလာ၍ အခြေမကျ သေးသည့် အိမ်များသို့ ဈေးဗန်းခေါင်းပေါ်ရွက်ကာ တစ် လမ်းဝင် တစ်လမ်းထွက်လျှောက်ပြီး အော်ရောင်းခဲ့သည်။

" တစ်ခါ မှ ဈေးဗန်းရွက်ပြီး လျှောက်အော်မရောင်း ဘူးလို့ ထင်တယ်သားရယ် အမေရှက်လိုက်တာ နောက်နေ့တွေ ကျတော့ ထူသွားမှာပါ။ ဟယ်ဘာဖြစ်လဲ ကောင်းရောင်း ကောင်းဝယ်ဈေးရောင်းစားတာပဲ ဘာရှက်စရာ လိုလဲ သားလဲ ရှက်နေလား အမေဈေးလိုက် ရောင်းလို့ " " ကျွန်တော် မရှက်ပါဘူး အမေ " နေ့စဉ် ရက်ဆက် ဈေးရောင်းထွက်ခဲ့ရသောကြောင့် အမေ၏ ညိုညက်ညက်အသားလေးများ အမည်း ရောင် အဖြစ်သို့ ကူးပြောင်းနေခဲ့ပါပြီ။ အမေသည် ဈေးရောင်းထွက် တိုင်း သားသမီးများကို ခေါ်မသွား တတ်။ သူမ သာလျှင် အပင်ပမ်းခံလေ့ရှိသည်။ အမေ၏ သွေး၊ ချွေး၊ အမောတို့သည် ကျွန်တော်တို့အတွက် အေးမြခြင်းဖြစ်ခဲ့သည်။ အိမ်နားတွင် ကားဂိတ်ရောက်လာသဖြင့် အမေဈေးထွက်ရောင်းခြင်းကို နားပြီး ထမင်းဆိုင် ပြန်ဖွင့်သည်။

ဆိုင်ကလေး ရောင်းရသလောက် အမေ များစွာပင်ပန်းရှာသည်။ တစ်နေကုန်ဈေးရောင်းရ ညရောက် တော့လည်း အိုးများ ကို တိုက်ချွတ်ရနှင့် အမေ ညကိုးနာရီကျော်သည်ထိ မအိပ်နိုင်ရှာ။ ထမင်းဆိုင် ဆိုသည့်အတိုင်း လူပေါင်းစုံ ၀င်ရောက်စားသောက် ကြသဖြင့် အမေအနေခက်ပေမည်။ အမေသည် ခင်ပွန်း ဆုံးခဲ့ပေမယ့် အသက်လေး ဆယ်မပြည့်တတ်သေး။ အလှအပများ ရှိသေးသည်။ ဈေးရောင်းလျှင် ချိုသာစွာ ဆက်ဆံ တတ်သော်လည်း ရိတိတိ လုပ်ချင်သော ယောက်ျားများကိုကား အမေသည် တည်တံ့မာကျောစွာ ဆက်ဆံ ခဲ့သည်။ အမေ့ကို နှစ်သက်သော အမျိုးသားကြီး တစ်ယောက်က အမေ့ကို လက်ထပ်ချင်သည့် အကြောင်းကို အဘွားကြီးတစ် ယောက်နှင့် ပြောခိုင်းကာ အမေ့ဆန္ဒကို တီးခေါက်ခိုင်း၏။  " ကျွန်မဘ၀မျာ အားထားစရာ ယောက်ျားမရှိ တော့ပေမယ့် အားကိုး ထပ်မရှာချင်တော့ဘူး။ ဒီ သားသမီးတွေနဲ့ ဘ၀ကို ဆက်လက် ရှင်သန်သွားမယ်" အပြတ်ပြောကာ ငြင်းခဲ့သည်။ သားသမီးများ ပထွေးဆိုသော နာမ်စား ကြောင့် လူအများ အလည် မျက်နှာငယ်မည်ကို လည်း သိပ်စိုးရိမ်ရှာခဲ့သော အမေပါ။ ကျွန်တော် ရှစ်တန်း စာမေးပွဲ ကျသည်။

အမေဆူလိုက်သည်မှာ မပြောပါနှင့်တော့ " သားငယ် မင်းအမေ့ကို ၀ိုင်းကူလုပ်ပေးလို့ စာမေးပွဲကျတယ်ပဲ ထားပါတော့။ ဒါပေမဲ့ အမေတစ်ခါပဲ ခွင့်လွှတ်တယ် နောက်တစ်ခါ ဒါမျိုး ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ မင်း တို့ကို အမေ့ဘ၀ အစုတ်အပြတ်ခံ အပွန်းအပဲ့ခံပြီး အောက်ခံသစ်တုံးဘ၀နဲ့ သားတို့ကို အဖမဲ့သားဆိုပြီး သံ ကောက်ကွေး လေးတွေလို သဘောထားပြီး ဖြောင့်ပေးခဲ့တယ်။ နောက်တစ်ခါ ဒါမျိုးဆိုရင် ကျောင်းထွက် ရမယ်" နောက်တစ်လကြာတော့ အမေ ထမင်းဆိုင်ပိတ်သည်။ ကျွန်တော် နားမလည်ခဲ့။ အမေ အလုပ် ပြောင်းခဲ့သည်။ မင်္ဂလာဈေးမှ အော်ဒါထည်များကို ချုပ်သည့် အလုပ်ဖြစ်သည်။ ဒီအလုပ်က ကျွန်တော်တို့ ညီမလေး တို့ ၀ိုင်းကူမလုပ်ရသောကြောင့်၊ စာကို မထိခိုက်စေသဖြင့် စက်ချုပ်အလုပ်ကို ပြောင်းလိုက်ခြင်း ဖြစ်သည်။

အမေသည် ကျွန်တော်တို့အတွက် အလုပ်နှင့်လက် ပြတ်သည်မရှိဘဲ အလုပ်များကို ဆက်တိုက်လုပ်နိုင်စွမ်း ရှိသူလည်းဖြစ်သည်။ သားသမီးများနှင့် ပတ်သက်ပြီး ဘ၀တိုက်ပွဲ များစွာ အခါခါအလီလိ နွဲ့ခဲ့သည်။ အမေ သည် သားသမီးများ၏ ဥယျာဉ်မှူးကောင်း၊ အမေ့မေတ္တာလက်ဖြင့် ပေါင်းသင်းမြေဆွ၊ မေတ္တာရည် သွန်းလောင်း မှုကြောင့် ကျွန်တော့်ဘ၀များ အငုံဘ၀ဖြင့် မနွမ်းစေပဲအစွမ်းကုန် ပွင့်လန်းခဲ့သည်။ ယခု ဆိုလျှင် ကိုကြီး အလုပ်ဝင်နေပြီး ညီမလေးက ဆယ်တန်းအောင်ပြီ။ ကျွန်တော် ဘွဲ့ယူတဲ့နေ့က အမေပြုံးလို့ မျက်ရည် တွေကျသည်။ " သားငယ်သားတို့ သမီးတို့ ဘ၀တွေ မြင့်မားနေရင် အမေကျေနပ်ပါတယ် "

ကျွန်တော် ကြားယောင်မိသည်။ အမေ့သံချောင်းကောက် ဥပမာကြောင့် ကျွန်တော် ဘွဲ့ရသည်အထိ တစ်ခါ မှ စာမေးပွဲမကျတော့ပေ။ သြော် ... ကျွန်တော်တို့၏ အနန္တောမေတ္တာကျေးဇူးရှင်ပါတကား။

ဆက်ရန်
.

No comments: