Monday, September 5, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၇)

ထိုမျှော်လင့်ချက် တို့ မှာ ငယ်စဉ်က ရေးရေးမျှသာ ရှိ၏။ တဖြည်းဖြည်း အသက်ကလေး ရလာသော အခါ ၌ကား မျှော်လင့်ချက်တို့မှာ ပိုမိုပြင်းထန်လာကြလျက် အဘိုးထံသို့ သွားကာ  သွေးရင်းဖြစ်သူ မြေး ကျွန်ုပ် အား လူနှင့်တူအောင် စောင်မကြည့်ရှုဖို့ ပြောဆိုမည်ဟူသော ရည်ရွယ်ချက်မှာလည်း ခိုင်မြဲလာလေသည်။ ကျွန်ုပ်သည် အဘိုး၏ပစ္စည်းကို တပ်မက်မောမိ ခြင်းကား မဟုတ်။ အဘိုး၏အိမ်၌ ခိုကပ်ကာ ကပ်ရပ် စားသောက်နေလိုခြင်းလည်း မဟုတ်။ သို့သော် ဘုန်းကြီးကျောင်းသားပြီပြီ ဘုရား ကိုယ်တော်မြတ်ကြီး စင်လျက် ဖွားဖက်တော် ညောင်ပင်ကို အမှီပြုလျက် ပွင့်တော်မူရသော ဥပမာကို နားလည်ထားရသူ ဖြစ် ရပေရာ ရေကို ဒါးနှင့်သားက အရေးမထင်သလို မခေါ်ချင်၍ မခေါ်ဘဲနေခဲ့သော အဘိုးသည် ကျွန်ုပ် အား မြေးမတော် ချင်လျှင်ကား မနေရ။

သွေးချင်းဆက်နေသည့်အဖြစ်မျာ မငြင်းသာလေရ ကား ကိုယ့်အဘိုးအရင်းအချာ၏ အကူအညီကို ရယူလျက်၊ အကူအညီရယူရာ၌လည်း ကျွန်ုပ်၏ ကိုယ်၊ စိတ်၊ ဦးနှောက် စွမ်းပကား ရှိသမျှဖြင့် ထိုအကူအညီ အစောင်အမ အတွက် ကျေးဇူးတုံ့ပြန်မည်ဟုလည်း ရည်ရွယ်မိ၏။ ထို့ကြောင့်ပင် အဘိုး၏ ကြီးကျယ် လှသော လုပ်ငန်းကြီး၌ သူစိမ်းတစ်ရံဆံတို့ကိုပင် ငွေလုံးကြေးလုံးအပ်ကာ ခိုင်းစေနေရလေသေးသည် တွင် သွေးရင်း သားရင်း မြေးဦး စင်စစ်ဖြစ်နေသော ကျွန်ုပ်အားလည်း ကြီးပွားရာ ကြီးပွား ကြောင်းဖြင့် ငဲ့ညှာ ထောက်ထား လျက် အနည်းဆုံး အောက်တန်းအလုပ်ကလေး တစ်ခုကို ဖြစ်စေ ပေးပေလိမ့်မည်ဟု ထင်မှတ် မိ၏။

ဤ ဒုတိယရည်ရွယ်ချက် ပြည့်မြောက်စေရန် ပထမရည်ရွယ်ချက်အတိုင်း အောင်မြင်ဖို့က လည်း ကျွန်ုပ်၌ အလွန်အရေးကြီးခဲ့၏။ အင်္ဂလိပ်စာပေမှာ မြန်မာနိုင်ငံတွင် တစ်နေ့ထက် တစ်နေ့ ပိုမို၍သာ အသုံးဝင်၍ လာခဲ့ပေရာ ကျွန်ုပ်၌ အင်္ဂလိပ်စာ အခြေခံကလေးရှိလျှင် အဘိုး၏ လုပ်ငန်းကြီး၌ ၀င်၍ အလုပ်လုပ်ရာ၌ အထောက်အကူ ရလျက် အလုပ်ရရန်လည်း လွယ်ကူပေလိမ့်မည်ဟု နားလည်ထား၏။ အခွင့်အလမ်းကို ကြွက်ချောင်းသော ကြောင်ကဲ့သို့ အလိုလိုနေရင်း ချောင်းတတ်မြောင်းတတ် ဖြစ်နေသော ကျွန်ုပ်မှာ ကြွက်ကို ချောင်းသော ကြောင်သည် ကြွက်လာသောအခါ ခုန်၍အုပ်ရန် အရပ်အနေ သင့်သော နေရာ၌ အသင့်ပြင်၍ နေသလို ကျွန်ုပ်သည်လည်း ကျွန်ုပ်၏ အဘိုးထံသို့ ပြန်၍ ကပ်နိုင်မည့် အခွင့်အလမ်းကို စောင့်ရင်း ကျွန်ုပ်၌ ကိုယ်ပိုင်အရည်အချင်း ပြည့်စုံစေရန်ကိုလည်း အမြဲ ကြိုးစား၏။

 ထို့ကြောင့်လည်း အင်္ဂလိပ်စာကို အထက်၌ ဖော်ပြခဲ့သည့်အတိုင်း ကြိုးကြိုး ကုတ်ကုတ် သင်ယူခဲ့ပေသည်။ မည်သူ ပြောနိုင်မည်နည်း။ အဘိုး၏ လုပ်ငန်းကြီး၌ တစ်နေရာ၌သာ အမှုထမ်းခွင့် ရပါလျှင် တစ်နေ့သော အခါ၌ ကျွန်ုပ်သည် တစ်ထစ်ပြီး တစ်ထစ်တက်ကာ အထွတ်အထိပ်သို့ ရောက်ချင် ရောက်နိုင် လေသေးသည်။ လှံထမ်း၍ လာသည်ကို မြင်နိုင်၏။ ကံထမ်း၍လာသည်ကို မည်သူမြင်ရသနည်း။
ထို့ကြောင့် ဒုတိယ ရည်ရွယ်ချက်ဖြစ်သော ကျွန်ုပ်၏ အဘိုးထံ ပြန်၍ ကပ်နိုင်ရန်မှာ ကျွန်ုပ်၏ အရည်အချင်း တစ်ခုခု အစွမ်းအစ ဗန်းတင်၍ပြစရာရှိမှ အ၀င်ကောင်းမည် ဖြစ်သဖြင့် ကျွန်ုပ် သည် အင်္ဂလိပ်စာကို ကြိုးစား သင်ခဲ့၏။ အသက် ၁၆နှစ်အရွယ်၌ (၇)တန်း စာမေးပွဲ ကို ကြိုးစားသင်ခဲ့၏။ အသက် ၁၆နှစ် အရွယ် ၌ (၇)တန်းစာမေးပွဲကို အောင်ပေပြီ။

မိခင်အလို ဆန္ဒကား ပြည့်သင့်သလောက် ပြည့်ပေပြီ။ ပို၍ ပြည့်ဝစေရန်မှာ ဆယ်တန်းအောင်ဖို့၊ ဘီအေအမ်(မ်)အေ အောင်ဖို့တွေ လိုသေး၏။ ထိုအခြေအနေထိ ရောက်ရန်ကား အဘိုးကို ကပ်မိလျှင် မှိုကျင်း ထ သလို အနေထိရောက်ရန်ကား အဘိုးကိုကပ်မိလျှင် မှိုကျင်းထသလို အခွင့်အလမ်းတွေ သွား၍ တောင်း ရန် ကလေးစိတ်ကူးဖြင့် ခပ်ရေးရေးမျှ ထင်ခဲ့သော ရည်ရွယ်ချက်မှာ အသက်အရွယ်ကြီးမြောက်၍ ၁၆နှစ်သား အရွယ်သို့ ရောက်ခဲ့သောအခါ တွင် ရွှေမန်ကျည်းတောင့်ထက် အဘိုးနှင့်ပြန်၍ ဆက်စပ် မိစေရန်၊ အဘိုး၏ လုပ်ငန်းကြီးတွင် တစ်နေရာက ပါဝင်၍ အမှုထမ်းနိုင်စေရန် ပိုမို၍ ရည်ရွယ် ထားခဲ့သော အဖြစ်သို့ ရောက်ခဲ့၏။ လိုရင်းကိုဆိုရလျှင် ကျွန်ုပ်သည် ဘုန်းကြီးကျောင်းသား ကောင်းဘ၀မှ အလွတ်ရုန်း ၍ သူဌေးကြီးဦးနကီ၏မြေး သူဌေးလောင်းကို ကံကောင်းဖြစ်ချင်သောစိတ် ခိုင်စွဲ၍ လာခဲ့ပေ တော့သည်။

ကျွန်ုပ်၏ တတိယ ရည်ရွယ်ချက်မှာမူကား ကျွန်ုပ်၏ အသည်းနှလုံး အတွင်းဆုံးအပိုင်း၌ ကနုကမာတွင် ပုလဲလုံးသန္ဓေ ၀င်သလို နက်ရှိုင်းလှစွာသော နေရာတွင် မေ့ပျောက်နေ မတတ် မှုန်မွှားမွှားမျှသာ ရှိသော ရည်ရွယ်ချက် ဖြစ်၏။ ထိုရည်ရွယ်ချက်သည် ပထမနှင့် ဒုတိယ ရည်ရွယ်ချက်များကဲ့သို့ သက်သက်ထား၍ အတွေးအခေါ် ဖြင့် မြေတောင်မြှောက်ပေး ကာ ရင့်သန်ခိုင်မြဲလာခဲ့သော ရည်ရွယ်ချက်မျိုး မဟုတ်။ ယခုခေတ် အခေါ်ဖြင့် COMPLEX ဟု ခေါ်သည့် ငုပ်စိတ်ကလေးသာ ဖြစ်၏။ ငုတ်စိတ်ဆိုသည်မှာ စိတ္တဇနတစ်မျိုးဖြစ်ရာ ဓားခုတ်၊ တုတ်ရိုက်၊ သွေးစုနာတို့ကဲသို့ အနာလုံးထင်ရှားသည်မဟုတ်။ ဖူးယောင် ကိုင်းကျ အနာဝဖြင့် ပြည်တည်သော အနာလည်း မဟုတ်။ နှလုံးသွေးစက်ကလေး တစ်ပေါက် တစ်ပေါက် ဟဒယ ၀တ္ထု၌ အကျတွင် လျှပ်ခနဲ လျှပ်ခနဲပေါ်လာသော စိတ်တံလျှပ်၌ မှဲ့ပြောက်ကလေးစွန်းသည့်ပမာ သာမန် ဦးနှောက် ၏ အတွေးဖြင့် လက်လှမ်းမမီနိုင်သော ချောင်ကြိုချောင်ကြား၌ ဆူးကလေးတစ်ပွင့်ဝင်၍ နေသလို သာ ဒုက္ခပေးတတ်သော အနာ မကျက်နိုင်သည့် စိတ်အမာရွတ်ကလေး တစ်ခုသာ ဖြစ်ပေသည်။

ထိုငုပ်စိတ်ကလေးမှာ စိတ်ကြေးမုံ၌ပင် မထင်ရွား။ သို့သော် ရှိကား ရှိ၏။ ပျောက်ပျက် ကြေစင်ရန်လည်း အလွန်ခဲယဉ်း၏။ ဒေါသကဲ့သို့ ပေါက်ကွဲခြင်းလည်း မရှိ၊ မာယာကဲ့သို့ စဉ်းလဲခြင်းလည်း မရှိ။ မာနကဲ့သို့ ပလွှားခြင်းလည်း မရှိ။ သို့သော် ဤငုတ်စိတ်ကလေးသည် အပေါ်ယံက ကျက်သော်လည်း အတွင်းပိုင်း၌ မကျက်သေးသော စိတ်အမာရွတ်ကလေး ဖြစ်သည့်အလျောက် ထိမိလျှင် ဆတ်ဆတ်ခါမျှ နာကျင်စေသော နုနယ် လှသည့် သဘော ကလေးတစ်မျိုးပင် ဖြစ်ပေတော့သည်။ ထိုသဘောကလေးကို ထိမိလျှင် ဒေါသ-မာယာ-မာန တို့သည် စိတ်၌ ဟုန်းခနဲ တက်ကြွလာတတ်၏။

 ကျွန်ုပ်ကား စိတ်ပညာဆရာ မဟုတ်၍ လည်းကောင်း၊ စာရေးဆရာ မဟုတ်၍လည်းကောင်း ကျွန်ုပ်၏ ရင်ထဲ ၌ အမှောင်ဆုံးထောင့် ကြားတွင် ခိုဝင်နေသော ထိုသဘောကလေးကို ယခုထက် ရှင်းလင်းအောင် ကား ရေးသား ဖော်ပြခြင်းငှာ မစွမ်းနိုင်တော့ပါ။ သို့သော် ...
ထိုငုတ်စိတ်ကလေး အခြေခံလျက် အမြဲရှိသောကြောင့်ပင် ကျွန်ုပ်မိခင်၏ ဖြစ်အင်ကို ပြန်ပြောင်း၍ တွေးလိုက်မိတိုင်း ကျွန်ုပ်တွင် ကျွန်ုပ်မိခင်၏အပေါ် မငဲ့မကွက် ရက်ရက် စက်စက်ကြီး မညှာမတာ စွန့်ခွာထားခဲ့သော ကျွန်ုပ်၏ အဘိုးအပေါ်တွင် စိတ်အနာကြီး နာလျက် လက်စားချေချင်သော အာရုံ ကလေး သည် မကြာခဏ ပေါ်လာတတ်၏။

ရှေ့၌ ရေးခဲ့သည့်အတိုင်း ကျွန်ုပ်၏ မိခင်သည် အချစ်ကို အထွတ်အမြတ် ပြုအားကြီးခဲ့သည်။ အချစ်ကို ဦးစားပေးလွန်းအားကြီးခဲ့သည်။ ထို့ကြောင့်ပင် အမှားကြီးမှားခဲ့၏။ သို့သော် ... ဤကဲ့သို့ အမှားကြီး မှား ရှာသော သမီးထွေးကလေးအား ဆင်းရဲဒုက္ခ တွင်းဆုံးကျ၍ နေရရှာ သော အခါသို့ တိုင်အောင်ပင် ဖုတ်လေသည့် ငါးပိ ရှိသည်ဟူ၍မျှ အမှတ်မထားနိုင်ဘဲ စိတ်ကားလွန်းမက စိမ်းကားလှသော ကျွန်ုပ်၏ အဘိုး သည် အမိုက်ကြီး မိုက်သည်ဟု ကျွန်ုပ် ယူဆ၏။

တစ်ဖန် ကျွန်ုပ်၏မိခင်သည် ကျွန်ုပ်အား ဖွားမြင်သောအခါ၌ အဘိုးကို သာလျှင် အားကိုးရာ ရှာသည့်အလျောက် အဘိုးရှိရာသို့ သွားရောက်၍ ခြေထောက်ကို ဆံပင်ဖြင့် ပွတ်ကာ ရှိခိုးောတင်းပန် အသနားခံရှာပေသည်။ ဤတွင်လည်း ကျွန်ုပ်၏ အဘိုးသည် ချစ်လှစွာသော သမီးထွေးကလေးမို့ ခိုးရာမလိုက်ခင်က ရွှေပေါ်မြတင် သဲလဲစင် ဖူးဖူးမှုတ် ထားခဲ့ပါလျက်နှင့် မိခင်၏အသနားခံချက်ကို နားမျှမ၀င်၊ ပြင်ပြင်ကြီး ရက်စက်ခဲ့၏။ ထို့ကြောင့်လည်း မိုက်သည်ဟု ကျွန်ုပ် ယူဆ၏။ ကျွန်ုပ်အား တစိမ်းတရံ ဆံ၏ သားကလေး ထင်စဉ်ခဏ၌ ပွေ့ယူမြှောက်ချီ၍ ထားနိုင်ပါလျက်နှင့် အဘိုးသည် ကျွန်ုပ် အား သူနှင့် သွေးရင်းခေါက်ခေါက်မျိုးညှောက် မြေးဦးကလေးဖြစ်မှန်းသိသည်နှင့်တစ်ပြိုင်နက် သူ၏ ပေါင်ပေါ် မှ တွန်းဖယ်၍ချကာ ရက်စက်နိုင်အားလေသည်မှာလည်း တွေးလေတိုင်း နာကျည်း ဆွေးမြေ့ ဖွယ်ရာ ဖြစ်နေပေ၏။ ကျွန်ုပ်၏ ရင်ဝယ်ခိုသော ငုပ်စိတ်သည် ထိုသို့ တွန်းဖယ်၍ အချခံရသော လက်ဖြစ် တစ်တွက်ကာကလေး၌ အမြစ်တွယ်လိုက်လေသလားမသိ။

ထားဦးတော့ ... ကျွန်ုပ်၏မိခင်ကို မိဘမျက်နှာ အိုးမည်းသုတ်ရပါမည်လား၊  အရှက်ခွဲရပါ မည်လားဟူသော ပြစ်တင်ချက်ဖြင့် အိမ် သို့ အ၀င်အထွက် လက်မခံလိုပါလျှင်လည်း ရှိပါစေ တော့။ သို့သော် သားကလေး တစ်ကောင် တို့လို့တွဲလောင်းနှင့် မကောင်းလှသော ဘ၀ဖြင့် မဟာတမဒုက္ခကြီးကျ၍ နေရသည်ကို ယုတ်စွာ့ အဆုံး မကောင်းတတ်သော အနေဖြင့် ဖြစ်စေ ငွေကလေး ကြေးကလေးအစ ရပ်ဝေးမှ ထောက်သင့်ကြပါ၏။

ဤသို့လည်း မထောက်ခဲ့။ (မိဘစကားနားမထောင် သားတစ်ကောင်နှင့် တွဲလိတွဲလောင်း) ဟူ၍ ပါးစပ်က ဆို၍ ကောင်းအောင် ရှေးဟောင်းဆရာတို့ ကဗျာအစပ်ကောင်းခဲ့ကြသည့်တိုင် သူတို့၏ ကဗျာ၌ပါသော (မိဘ) ဆိုသည့် စကားအရ မိဘသည် မိဘအဖြစ်မှ နှုတ်ထွက်၍ မရ။ ရှောင်လွှဲ၍ မရ။ ပုတ္တဒါရဿကို မလွတ်ကင်းနိုင်ပါလျက် ရက်စက်စွာ ပစ်စလတ်ခတ်ထားနိုင် ကြသည်မှာ (တောင်းဆိုးပလုံးဆိုးကိုသာ စွန့် နိုင်သည်၊ သားဆိုးသမီးဆိုးကို မစွန့်နိုင်) ဟူသော ရှေးဆရာတို့၏ စကားပုံနှင့်လည်း ဖဃလာကြီးဖြစ်၍ နေပါလေသေးသည်။ တွဲလိ တွဲလောင်း၊ ငယ်နှောင်းသော သားကလေးမှာလည်း စင်စစ်၌ မိမိ၏ ရင်နှစ် မြေးကလေး ပင် ဖြစ်ပေရာ မိခင်၏ အမှားကို သားကလေးကပါ လုံးပါးပါးအောင် အခံခိုင်းသလို ရှိနေ ခဲ့သည် မှာကား မတရားနိုင်လှပေသည်ဟု ထင်ခဲ့ပေသည်။
ဒီတစ်ခါလည်း ထားလိုက်ဦးတော့။ မိဘသိုက်မြုံကို ခြေစုံကန်၍ ထွက်သွားသော သမီးအား အဝေးအရပ် တစ်ပါးမှ မကြည့် မရှုလိုသည် ကို ထားလိုက်ပါဦးတော့။

ကျွန်ုပ်၏ မိခင်က ကျွန်ုပ် အား ရှင်ပြုရာတွင် အဘိုးနှင့်ဦးလေး တို့အား ဖိတ်ခေါ်ရာ၌ မလာကြဟုဆိုလျှင် နားလည် နိုင် ပါသေး၏။ ယခုမူ သာရေးမဟုတ် နာရေးကြီး ဖြစ်၏။ နာရေးမျှမကသေး။ သေရမည့် ဘေးကြီး ဆိုက်ရောက်နေသောအခါလည်း ဖြစ်၏။ ကျွန်ုပ်၏မိခင် သေငယ်ဇောနှင့် မြောနေ သည့်အခါ သို့တိုင်အောင်ပင် လာ၍ မကြည့်ခဲ့ကြ။ လူကိုယ်တိုင်မလာလိုက ထားလိုက်ပါဦး တော့။ ကျွန်ုပ်ကား အစွမ်းကုန် ပစားပေး၍ တွေးပါ၏။ လူကိုယ်တိုင် မလာလိုလျှင် ရှိပါစေ ဦးတော့။ နေ့လား ညလား ဖြစ်နေရသည့် အချိန်မျိုး ၌ အဝေးကနေ၍ ဆေးဝါးကုသရန် ငွေကြေးဖူလုံစွာ ထောက်ပံ့သင့်ကြပါ၏။

ကျွန်ုပ်၏ အဘိုးသည် သူ့တစ်သက်တွင် ရောက်ဖူး ဖို့ထားဦး မြင်ဖူးရုံမျှပင် မြင်ဖူးဖို့ လမ်းမရှိသော နိုင်ငံခြား က အနူရုံများ သို့ပင် အလှူငွေများ ထောင်နှင့် သောင်းနှင့် လှူဒါန်းခဲ့ဖူးပါ၏။ နောက်မှ သိရ၏။ သို့စင် ပါလျက် ကိုယ့်သမီး အရင်းခေါက်ခေါက် အသက်ပျောက်ကာနီးသည်ကိုပင် ဆေးဝါးကုသနိုင်ခွင့်ရစေရန် ငွေကြေး ဖြင့် မကူညီခဲ့သေး။ တစ်ရပ်လုံး ၀ိုင်း၍ ပြောသောအခါမှ သမီးမျက်နှာကို ထောက်၍ အားနာပါးနာ မသဒ္ဓါ ရေစာ ငွေကလေးတစ်ရာကို ပို့လိုက်၏။ ငွေတစ်ရာမှာကား အဘိုး၏ ပစ္စည်းထုထယ်နှင့်စာ၍ ကြည့်ပါလျှင် ဆောင်းဝစပါးကျီမှ စာကလေးတစ်ကောင် စားသောက်သော စပါးစေ့မျှသာ ရှိပါလိမ့်မည်။ သို့စင်လျက် ထိုငွေကလေးတစ်ရာပေးမည့် အရေးကို သတင်းပို့လာသူအား အတွေ့မခံဘဲ အီလေးဆွဲ၍ နေကြ သဖြင့် ငွေအရောက် နှောင်းကာ ကျွန်ုပ်၏မိခင်မှာသာလျှင် ရေတိမ်တွင်နစ်၍ လူညွန့်တုံးသော ဘ၀ ဖြင့် လူဖြစ်ရှုံး ကာ ဇာတ်ဆုံးသတ်၍ သွားရရှာပေသည်။

ယင်းသည်တို့ကား ယခုရေးကာမှ ဤမျှထင်ရှားပေါ်လွင်စွာ တွေး၍ ရေးသားခြင်း ဖြစ်၏။ ကလေးအရွယ် လူမမယ်ဘ၀ဖ်ြင့ လောကအလယ်ခေါင်တွင် ယောင်တီးယောင်တ ကိုးကွယ် ရာ မဲ့အခါက ဤမျှအထိ မတွေး မိခဲ့ (ဘိုးဘိုးရက်စက်သည်) ဟူ၍ မျှလောက်သာ တွေးတတ် ခဲ့၏။ တဖြည်းဖြည်း လူလားမြောက် လာသောအခါတွင်ကား (ပိုက်ဆံမရှိလို့ ငါ့အမေ သေရ လေခြင်း၊ ပိုက်ဆံမရှိလို့ ငါ့အမေသေရလေခြင်း)ဟု စေ့စေ့ တွေးတိုင်း တရေးရေး နာကျည်းခဲ့ ၏။

ထို့ကြောင့် (ဘိုးဘိုးရက်စက်)သည် ဟူသော တွေးလုံးနှင့် (ပိုက်ဆံမရှိလို့ ငါ့အမေ သေရ လေခြင်း) ဟူသော တွေးလုံးတို့ကို ပေါင်းစပ်ကြည့်လိုက်မိသောအခါတွင် (ဘိုးဘိုးနှင့် ဦးလေး ရက်စက်ကြလို့ ငါ့အမေ သေရလေခြင်း ... ငါ့အမေသေရတာဟာ ဘိုးဘိုးနဲ့ ဦးလေး တို့ လက်ချက်ပါပဲ ... သူတို့သာ ငါ့အမေ ကို မငတ်ရုံလေးပဲဖြစ်ဖြစ် ငွေထောက်ကြရင် ငါ့အမေဟာ ငါးပေါင်းကြော်လည်း ကြော်ရမှာ မဟုတ်ဘူး။ အုန်းလက်ခြောက် ကိုလည်း ထင်းခုတ်ရမှာ မဟုတ်ဘူး။

အနာဝင်ပြီး သေမှာလည်း မဟုတ်ဘူး။ ပြီးတော့ ဘိုးဘိုးနဲ့ ဦးလေးတို့ကသာ ငါ့အမေ မမာစက ငွေကလေးဘာကလေးလုံလောက်အောင် ပို့ရင် ငါ့အမေဟာ ဆရာဝန်နဲ့ကုနိုင်ပြီး သက်ဆိုးရှည်ရှာမှာပဲ။ အခုတော့ ဘိုးဘိုးနဲ့ ဦးလေးတို့က ငွေပို့သင့်ကောင်းပါလျက်ကနဲ့ မပို့ကြလို့ ငါ့အမေသေရလေတယ် ... ငါ့မေမေ ဟာ စင်စစ်မှာ ဘိုးဘိုးသေရင် ဘိုးဘိုးရဲ့အမွေကို သုံးစုတစ်စု ဆိုင်တယ်ထားပါတော့။ ငွေတစ်သိန်းပဲ ဆိုပါတော့၊ တစ်ဝက်၊ လေးပုံတစ်ပုံ၊ ရှစ်ပုံတစ်ပုံ၊ ဆယ်ပုံတစ်ပုံ၊ ဆယ်ပုံမှာ တစ်ပုံကလေးပဲ ပို့ကြ အုံးတော့ ငါ့အမေဟာ လူနဲ့သူနဲ့တူအောင် နေရမယ် ... အခုတော့ သေရာမှာတောင် သူ့ဟာသူ ငါးပေါင်းကြော် ကလေးရောင်းပြီး မသာစရိတ်စုခဲ့ရှာလို့ ဖျာလိပ်နဲ့ မသွားရရှာတယ်) ဟူသော တွေးလုံး တောလုံးတို့သည် ခုနစ်စဉ်အမျှင်တန်း၍ တစ်တန်းကြီး ပေါ်ထွက်လာလေ သည်။

ထိုတွေးလုံးများ ပေါ်လာသောအခါ၌ ငုတ်စိတ်၏အမြစ်သည် ပို၍ တွယ်ခဲ့၏။ ဤသို့ ငုတ်စိတ်အမြစ် တွယ်ခဲ့ပြီဖြစ်သောအခါသို့ ရောက်သည်၌ အကယ်၍ ကျောင်းသားကြီးများ က ကြီးနိုင်ငယ်ညှင်းဆဲ သဘာဝအတိုင်း အနိုင်ကျင့်ခြင်းကို ခံရသည့်အခါမျိုးတွင် ငုတ်စိတ် ကလေးကား အသာဆွ၍ ပေးလိုက်၏။ ထိုခဏ တွင် ရင်ထဲ၌ ကြိတ်၍ ဒေါသအိုးပေါက်ကွဲ၏။ (ခွေးမသားတွေ လူပါးဝတယ်) ဟူ၍ အနိုင်ကျင့်သူ ကျောင်းသားကြီးကို အတွင်းကြိတ်ဆဲမိ သည်ထက် (ဘိုးဘိုးနဲ့ ဦးလေး ရက်စက်လို့ ငါ့ အမေ သေရတယ် ... ငါလည်း ခွေးဝင်စား လို ကလေကချေနေရတယ်) ဟူသော ဒေါသမီးမှာ ပွင့်လျှံ မီးတောင်ကြီးအန်သလို ဖြစ်တတ် ပေသည်။

သို့သော် အပြင်သို့ ပွင့်ပွင့်လင်းလင်း ထုတ်၍ ကိုယ်အမူရာ နှုတ်အမူအရာတို့ဖြင့် ပြသကာ ဒေါသအခိုးကို ရထားစက်ခေါင်း ရေနွေးငွေ့ထုတ်သလို ထုတ်လိုက်ရရင် အကောင်းသား၊ နို့ပေမဲ့ ဒေါသကို ပုံ၍ ချစရာ နေရာမရှိ။ ကျောင်းသားကြီးကို ပြန်၍လည်း မထိုးနိုင်၊ ဆဲလည်း မဆဲဝံ့၊ ပေါက်ကွဲထွက်အံ့သောဒေါသကို ပြန်၍ ဇွတ်မှိတ်ကာ မျို၍ချရ၏။ ထိုအခါမျိုးတွင် အရက်မူးလွန်သောသူ အော့အန်ပစ်လိုက်လျှင် သက်သာရာ ရလျက်၊ မအော့အန်ဘဲ အောင့်ထားပါက အိမ်ကြီးပါ ချာချာလည်အောင် မူးသလို ကျွန်ုပ် မှာလည်း အပြင်သို့ မထွက်ရသဖြင့် အတွင်း၌ လှိုက်၍ စားသော ဒေါသမီးပူပြင်းစွာ တောက်လောင် ခြင်းကို ခံရပေတော့သည်။ တစ်ခါတစ်ရံမအောင့်နိုင်သဖြင့် ကျောင်းက ခွေးကိုပင် ပြေး၍ တအားကန်မိ၏။ သို့အကန် တွင် ဆွမ်းစားကျောင်းကိုယ်တော်၏ ခွေးကို ကန်မိသဖြင့် ၀ါးခြမ်းပြားနှင့် အရှိုးတွင် သွေးစို့အောင် အနှက်တစ်ခါခံရ ပြန်လေသည်။ ချင့်ကြည့်ပေတော့။

ဤအခါမျိုး၌ ကျွန်ုပ်၏စိတ်တွင် (ဒါလောက်ရက်စက်လှတဲ့ ဘိုးဘိုးနဲ့ ဦးလေးကို ငါ လက်စား ချေမယ်။ သင်း တို့ ကပ်ကပ်ချုပ်ချုပ်လုပ်လို့ ငါ့အမေသေရတဲ့ ဒင်းတို့ပိုက်ဆံတွေကို ငါ အကုန်ရအောင် ယူမယ်)ဟု ဖျပ်ခနဲ ဒေါသအရှိန်ဖြင့် တွေးလိုက်မိ၏။ ထိုအတွေးကလေး သည် ကလေးဘ၀ မိုက်မဲစွာတွေးသော အတွေး ဖြစ်၏။ သို့သော် အတွေးအခေါ်တို့ မည်သည်မှာ ပင်လယ်ပြင်တည်း၌ ကျွန်းကလေးတစ်ကျွန်းဖြစ်အောင် သန္တာကောင် ငယ်ငယ် ကလေးတို့ တည်ကြသည့် ဥပမာပုံသို့ စိတ်နေသဘောထား စိတ်ဓာတ် အဆောက်အအုံ မှာ လည်း အမှတ်မထင်တွေးခေါ်မိသော အတွေးအခေါ်ကလေးပေါင်းများစွာတို့ဖြင့် စုပေါင်း အုံတည်ကာ ဆောက်လုပ်ထားခြင်းဖြစ်ပေရာ ထိုလျှပ်တစ်ပြတ် အမိုက်တွေးတွေးသော အတွေးအခေါ် ကလေးသည်လည်း တခြားအတွေးအခေါ် ကုဋေကုဋာတို့အကြား၌ ပါဝင် ကာ စိတ် အဆောက်အအုံကြီး၌ သဲမှုန့် တစ်မှုန့်ပမာ ဖြစ်နေ၏။ သေငယ်မှုန်မွှားရှိများမှ ရှိလေ သလားဟု ထင်ရ၏။ ရှိကားစင်စင် ရှိနေပသည်။

သို့သော်
လူ့ဗာဟီရ ဘ၀၏ ကိစ္စများစွာတို့ ဖုံးလွှမ်းမှုကြောင့် အထက်ပါ ငုတ်စိတ်ကလေးကမှ လုံးဝ မထင်ရှားဘဲ တိမ်မြုပ်ပျောက်ကွယ်နေပေရာ ဤအနုမြူပမာထားလောက်သည့် ငုတ်စိတ်၏ အညွန့် လက်စားချေစိတ် ကလေးမှာ အင်္ဂလိပ်စာသင်လိုစိတ်၊ အဘိုးထံ ပြန်၍၀င်လိုစိတ်၊ ကြီးပွားလိုစိတ်တို့က ဖုံးလွှမ်းခြင်းမက ဖုံးလွှမ်း ၍ ထားသဖြင့် ထိုတတိယရည်ရွယ်ချက်မှာ ပကတိ မရှိသလောက် ပြီးပြီးပျောက်ပျောက် ဖြစ် နေခဲ့ သော ရည်ရွယ်ချက်ဟုသာလျှင် ဆိုရပေတော့မည်။
ဤမျှဖော်ပြရုံဖြင့် ကျွန်ုပ်၏ စိတ်ရင်းခံအခြေအနေ စိတ်ဓာတ်အုံဖွဲ့ပုံတို့ကို ထင်ရုံမျှ သိသာ မည်ထင်၏။ ကျွန်ုပ်၏ စိတ်ဓာတ်အုံဖွဲ့ပုံကို သဘောပေါက်ထားကြမှလည်း ကျွန်ုပ်၏ ထူးဆန်းလှသော အဖြစ်စဉ်ကို ယုံကြည် နိုင်ကြပေလိမ့်မည်။

ဆက်ရန်
.

3 comments:

mstint said...

အပိုင်း ၆ နဲ့ ၇ ဖတ်သွားပြီညီမရေ ကျေးဇူးပါ။
ကြုံတွေ့နေရတဲ့အခြေအနေအရ မောင်ကောင်းရဲ့ နာကျည်းမိတဲ့စိတ်ဟာ သေရာပါအမာရွတ်တစ်ခုလို ဖျောက်ဖျက်ဘို့ခက်မှာပေါ့လေ။
'ဒိုင်းဘုန်း' စကားလုံးလေးမှတ်သွားတယ်း))
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းဧရာ said...

အမကြီး.......
မြန်မြန်လေးတင်ဗျို့။

kiki said...

နာကျည်းမှုကို အခြေခံလာတဲ့ “ငုပ်စိတ်”ဆိုတာ အလွန်ပြင်းထန်လှပါလား..
မြေး အဖိုး နှစ်ယောက် ဘယ်လိုများ ပြန်လည်ဆုံစည်းကြမလည်း လို့ 
သိချင်စိတ် နဲ့ ဆက်ရန် ကို မျှော်နေပါ၏ ။

ခင်တဲ့
မကိ