Wednesday, August 31, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၂)

ကြိုးတိုက်ထဲကမှတ်တမ်း

ဤ၀တ္ထုကို ရှုမ၀ကိုကျော်အတွက် အထူးတလည် ရည်ညွှန်း၍ရေးသား၏။ အကြောင်းမူကား ကံ-ကံ၏ အကျိုး ကို ဟောသော ဗုဒ္ဓဘာသာ တရားတော်ကို ကိုကျော်သည် တကယ်ယုံကြည်လေးစားသူဖြစ်လျက် သူ့မဂ္ဂဇင်း ထဲ၌ မိမိ မောင်မောင်တွေ မျိုးစုံပါသော်လည်း မဂ္ဂဇင်း ပထမမျက်နှာ၌ (ရတနာတြိ-နမာမိ) ဟူသော စာလုံးကလေးများကိုထည့်ရမှ ကျေနပ်သူမို့ပင် ဖြစ်ပေသည်။ ကျွန်တော်ကား ကိုကျော်နှင့် တွဲ၍ ရှုမ၀ ၌ စာရေးနေစဉ်က ကံကိုမယုံသူဖြစ်သည်။ ဘိလပ်သို့ လာကာနီးခါမှ ကံတရား၏ အကျိုးကို ယုံ ကြည်စရာ အဖြစ်အပျက် တစ်ခု ကို သိရ၍ ယုံခဲ့၏။ ဘိလပ်သို့ရောက်ခါမှ ဗုဒ္ဓဘာသာကို နစ်နစ်ကာကာ ယုံ ကြည်စိတ် ပေါ်ခဲ့ပေရာ လူ၏အဖြစ်ကား ဆန်းလှပေသည်။ ထားတော့ ...။

ဤ၀တ္တု ကို ရေးသားရန် ဇာတ်ကြောင်း ကို ဘိလပ်သို့ မထွက်ခဲ့ခင်ကလေး၌ ကျွန်တော်ရ၏။ သို့ရသည်မှာ ၄၈ ခုနှစ်၊ နိုဝင်ဘာလဆန်းကပင်ဖြစ်ပေသည်။ ကျွန်တော် တစ်နေ့၌ အလကားနေရင်း ပျင်းရိနေစဉ် ရာဇ ၀တ်ဘက် ရာထူးကြီးတစ်ခု၌ ထမ်းရွက်နေသော ဦးလေးတော်တစ်ယောက်က "ညစာလာပြီးစားလှည့်၊ ပြီး တော့ ... ၀တ္ထုရေးဖို့ ဇာတ်လမ်းတစ်ခုလည်း ပေးမယ်၊ ဒီကနေ့ညနေလာခဲ့ ... " ဟု စာတိုကလေးတစ် စောင် လူလွှတ်၍ ပို့၏။ ပျင်းပျင်းရိရိနှင့်ပင် ဦးလေးထံရောက်ခဲ့၏။ ထမင်းစားပြီးသောအခါတွင် အကြောင်း ကို သိနေသောဦးလေးက ... လူတိုင်း - ကံကိုမယုံတဲ့ကောင် ... ဟောဒါကို ဖတ်စမ်း" ဟု စက္ကူထပ်ကြီး တစ်ထပ် ကို ထိုးပေး၏။ ကျွန်ုပ်ဖတ်၍ကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရပေသည်။

*
ရယ်စရာ
ဟာ ... ဟား ... ဟား ... "
ကျွန်ုပ်သည် ဤကဲ့သို့ အော်ဟစ်၍ အားရပါးရ ရယ်လိုက်မိ၏။ ရယ်လိုက်မိသည်မှာ သာမန်သူလိုငါလို ရယ်မိခြင်းမျိုးမဟုတ်၊ အသည်းနှလုံးကြားတွင် ယားကျိကျိနိုင်လှသဖြင့် မအောင့်နိုင် မအင်းနိုင်ဖြစ်လျက် တစ်ကိုယ်လုံး သွက်သွက်ခါသွားအောင် အူလှိုက်သည်းလှိုက် ရှေ့ငိုက်နောင်ငင် မျက်ရည်များပင် ထွက် လာအောင် ရယ်ပစ်လိုက်မိခြင်းဖြစ်၏။ မရယ်မိဘဲ မည်သို့ နေနိုင်ပါမည်နည်း ... ကျွန်ုပ် မရယ်ဘဲ မနေနိုင် တော့ ... ကျွန်ုပ်အား ထိုသို့အားရပါးရ ရယ်မိအောင် ဖန်တီးလိုက်သည်မှာကား၊ ကျွန်ုပ်အား ဆန်စက်ပိုင်ရှင် ဦးစိန်မောင် ကို သတ်ဖြတ်မှုဖြင့် ရုံးတင်စစ်ဆေးရာတွင် ဂျူရီလူကြီးတို့က အပြစ်ထင်ရှားသည်ဟု တညီ တညွတ်တည်း ယူဆကြသဖြင့် စက်ရှင်တရားသူကြီးမင်းက ကျွန်ုပ်သူဌေးဦးကံကောင်း ကို "မသေမချင်း လည်ပင်း ၌ ကြိုးကွင်းတပ်၍သတ်စေ ... " ဟူသော သေစားသေစေ ကြိုးမိန့်ကို ပေးလိုက်သောကြောင့် ဖြစ်ပေသည်။

ကြိုးမိန့်ပေးခြင်းကို ခံရသည့်အခါ၌ ကျွန်ုပ်တွင် သေချင်ပတ်ကျိအူတက်မတတ်ရယ်ချင်မိသည်ဟု ယခု ရေးသားလိုက်သည့်အတွက် ကျွန်ုပ် ယခုရေးသားသော ဤအဖြစ်စဉ် မှတ်တမ်းကို ဖတ်ရှုရသူ၏အဖို့တွင် အတော်ကြီး ထူးဆန်းသွားပေလိမ့်မည်။ ကျွန်ုပ်အား ရူးသွပ်သော လူတစ်ယောက်ဟုလည်း ထင်ကောင်း ထင်ပေလိမ့်မည်။ သို့ထင်မိမည်ကား ဓမ္မတာပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် သူဌေးဦးကံ ကောင်းအား တရားစီရင်ရာဖြစ်သော ရုံးခွင်၌ပင်လဆင် လာရောက်နားထောင်ကြသော သူတို့နှင့် တကွ ပုလိပ် အရာရှိကြီးငယ်၊ ရှေ့နေ ရှေ့ရပ်တို့အပြင် လူသတ်မှုပေါင်းများစွာတို့ကို စစ်ဆေးစီရင်ခဲ့ဖူးသူ စက်ရှင် တရားသူကြီးမင်း ကိုယ်တိုင်ကပင်လဆင် ကြိုးမိန့်အကျ၌ ကျွန်ုပ်ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက် မိသောအခါတွင် ကျွန်ုပ်အား ... ကြောက်အားလန့်အား သွေးရူးသွေးတန်းဖြင့် ရူးသွပ်သွားလေပြီဟု အား လုံးက ထင်မှတ်ကြပေသည်။

စင်စစ်၌ကား ကျွန်ုပ်သည် ထိုသေစားသေစေ စီရင်ချက်အကျတွင် ကြောက်ရမှန်းလည်းမသိ၊ လန့်ရမှန်း လည်း မသိ၊ အူတက်မတတ်သော ရယ်ချင်လေတော့သည်။ " အော်ဖြစ်ရပလေ ... ငါ့နှယ် " ဟု တွေးကာ ထပ်၍ ထပ်၍သာရယ်မိ၏။ လူပြက်ကောင်တစ်ယောက်၏ ပြက်လုံးကို နားထောင်ခဲ့ရာမှ ပွဲကအပြန် အိပ် ရာအ၀င် တွင် ရယ်မိတတ်ကြသလို၊ ကျွန်ုပ်မှာလည်း ဖြစ်ရပုံတွေကိုသာ ကိုယ့်ဘာသာကိုယ် ကျိတ်၍တွေး ရင်း အတောမသတ်နိုင်အောင် ရယ်နေမိ၏။ ကျွန်ုပ် ဤသို့ ရယ်နေသောအခါ ရုံးခန်းကြီး တစ်ခုလုံးကြက် သေသေ၍ ကြောင်တောင်ကြီး ငေးကာ ကျွန်ုပ်အား မျက်လုံးအပြူးသား ၀ိုင်းကြည့်နေကြ၏။ ထို့နောက် မကြာမီပင် ပုလိပ်အရာရှိတို့က ကျွန်ုပ်အား တရားခံ ၀က်ခြံအတွင်းမှ တွဲထုတ်ကြပြီးလျှင် ရုံလှေကားမှဆင်း ခဲ့၍ ထောင်ကားအနက်ကြီး ၌ တင်ကာ ထောင်ကြီးသို့ ခေါ်ဆောင်ခဲ့ကြပေသည်။

ပုလိပ်အရာရှိတို့သည် ကျွန်ုပ် ရုတ်တရက် ဦးနှောက်ပျက်၍ ရူးသွပ်သွားလေပြီဟု ထင်ကြ၏။ မထင်ဘဲ လည်း နေနိုင်ကြမည်မဟုတ်၊ တရားခွင်မှအဆင်း ရုံးလှေကားတစ်လျှောက်လုံး၌ကျွန်ုပ်မှာ ဆက်တိုက်ကြီး သာလျှင် တဟားဟား ရယ်မောနေမိ၏။ ထောင်ကားပေါ်သို့ရောက်၍ ပုလိပ်အစောင့်နှစ်ယောက် ဘေးမှ ခြံရံကာ စီးနင်းလိုက်ပါရစဉ်၌လည်း ကျွန်ုပ်မှာ ရယ်မော၍ ကောင်းတုန်းပင် ... ထောင်ကြီးဘူးဝသို့ ရောက်ခါ မှ အတန်ဣနြေ္ဒ ဆည်နိုင်၏။ သို့သော်လည်း ပါးစပ်မှာ မပြုံးဘဲနေလို့ကို မရ ထောင်ဘူးဝမှ ကြိုးတိုက် အထိ တပြုံးပြုံးဖြစ်ခါ လိုက်ပါလာခဲ့၏။ ကြိုးတိုက်ထဲသို့ ရောက်သောအခါမှာမူ အပြုံးရပ်နိုင် လေ တော့သည်။

ဤသို့ တပြုံးပြုံးနှင့် ကျွန်ုပ်တွင် ပျော်မဆုံးသည့် သဏ္ဍာန် ပေါ်ပေါက်နေသောကြောင့် ထောင်မှူးကလေး သည် ထောင်မှူးကြီးထံ အကြောင်းကြား၏။ ထောင်မှူးကြီးကား ဆရာဝန်ကြီး ဖြစ်လေရာ ချက်ခြင်းပင် ကျွန်ုပ်အားစစ်ဆေးရန် ရောက်လာ၏။ ထောင်မှူးကြီး လာသောအခါ၊ ကျွန်ုပ်မှာ ပို၍ ရယ်ချင်လာပြန်လေ သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်ကား ရူးသူမဟုတ် ကိုယ့်အဖြစ်စဉ်ကို ကိုယ်တွေးကာသာလျှင် ရယ်ချင် နေမိသူ ဖြစ်လေရာ ရယ်မိလေလေ ထောင်အရာရှိတို့က ရူးသည်ဟု ထင်လေလေ ဖြစ်နေသည်မှာ ပို၍ ပို၍သာ ရယ်စရာကောင်းနေ၏။ သူတို့အထင်အမြင် ပါစင်အောင်လွဲနေကြပုံကို ကျွန်ုပ် ရယ်နေစဉ်ပင် ထောင်မှူးကြီး ရောက်လာပြီးလျှင် ကျွန်ုပ်၏ နှလုံးသွေးခုန်ပုံကိုနားထောင်၏။ လက်ကိုကိုင်၍ သွေးတိုးစမ်း ၏။ ဤအခိုက် တွင် ကျွန်ုပ်မှာ တခိခိဖြစ်နေမိ၏။ ပြီးမှ ဣနြေ္ဒကို အတန်ဆည်ရကာ ... " ထိုင်ပါခင်ဗျာ ... ကျွန်တော့် အတွက် မပူပါနဲ့ " ဟုပြောကာ နေရာပေးလိုက်ရ၏။

ထောင်မှူးကြီးသည် ကျွန်ုပ်အား ခပ်ကြောင်ကြောင် ကြည့်နေ၏။ အချိန်မှန်နေသော ကျွန်ုပ်၏ နှလုံးခုန်သံ နှင့် သွေးတိုးချက် တို့ကို မယုံနိုင်ဖြစ်နေဟန်တူ၏။ ကျွန်ုပ် ရူးနေပြီဟူသော သူ၏သံသယလည်း မပျောက် သေးပေ။ သို့နှင့် ထောင်မှူးကြီးက စကားစ၍ ပြောရင်းေ မးခွန်းတွေ မသိမသာမေး၏။ စင်စစ်မှာ ကျွန်ုပ် ၏ စိတ်မူမှန်မမှန်ကို စစ်ဆေးခြင်းဖြစ်ပေသည်။ ကျွန်ုပ်လည်း သူ့မေးခွန်းများကို ဣနြေ္ဒခိုင်မြဲစွာထား လျက် တည်တံ့စွာ ဖြေဆိုရင်း အာလာပသလ္လပသဘော အတော်ကြာစကားပြောလိုက်မှ ထောင်မှူးလည်း ကျွန်ုပ် မရူးကြောင်း ကို တထစ်ချယုံကြည်သွားပြီးလဆင် " ကဲ ... ကျွန်တော်သွားအုံးမယ် ဦးကံကောင်း...၊ စိတ်မလျှော့ ပါနဲ့လေ ... အယူခ့ချက်ကချည့်ရက်ပေါင်းလေးဆယ်သတ်သတ်ရှိသေးတယ်။

အယူခံနေတုန်း အတွက် ရက်တွေလည်းတပြုံကြီး၊ ပြီးတော့ သမ္မတကြီးဆီကိုတောင် အသနားခံစာ တင်နိုင်သေး တာကပဲဗျာ၊ အာမလျှော့ပါနဲ့၊ ကျွန်တော် စွမ်းဆောင်နိုင်တဲ့ အကူအညီရှိရင်လည်း အားမနာ ပါနဲ့ ပြောပါနော် ... " ဟု ပြော၏။ ကျွန်ုပ်လည်း ကျွန်ုပ် ယခုမှရောက်ရသော ကြိုးတိုက်ခန်းကိုကြည့်ကာ ... " အခုတော့ ဘာအကူအညီမှ မလိုသေးပါဘူး။ နောက်လိုတော့ ပြောပါ့မယ်၊ ကျေးဇူးပါပဲ ...။ ဂွတ်ဘိုင် ... "ဟု ကိုယ့် အိမ်က ဧည့်သည်အပြန်တွင် ဗိုလ်ဆန်ဆန် နှုတ်ဆက်သလို နှုတ်ဆက်လိုက်ရ၏။

ထောင်အရာရှိတို့ ထွက်သွားကြ၍ ကျွန်ုပ်အား ထားသော ကြိုးတိုက်ခန်းတံခါး သော့ပိတ်သံများ ငြိမ်သက် သွားသော အခါတွင်မှ ကျွန်ုပ်သည် ကြိုးတိုက်ခန်းတွင်း၌ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီးလျှင် အခန်းသစ် ဖြစ်သော ကြိုးတိုက်ကိုလှည့်၍ ကြည့်ရင်း ... ကျွန်ုပ်၏ လည်ပင်း၌ ကြိုးကွင်းကြီးစွပ်မိနေသည့်အဖြစ်ကို တွေး မိကာ ကြက်သီးမွေးညင်းထလျက် ခေါင်းနပန်းကြီးသွားမိ၏။ သို့သော် ဖိန်းကနဲစိမ့်၍ ကြက်သီးထ သွားကာ ကြိုးကွင်းကြီးကို မြင်ယောင်နေသည့်အထဲကပင် ကျွန်ုပ်၏ ပါးစပ်မှ " ဟက် ... "ခနဲ ရယ်သံ တစ်လုံး လွတ်ကျသွားမိပြန်လေသည်။ " အော် ... ဖြစ်ရပုံများနှယ် ... "ဟု ကိုယ့်ဘာသာကိုယ် တီး တိုး ပြောမိရင်း ... တစ်ယောက်တည်း အခြောက်တိုက် ပြုံးမိပြန်လေသည်။ မပြုံးမိဘဲ နေနိုင်ပါရိုးလား ...

လောကကြီးသည် တကယ်ပင် ရယ်စရာကောင်း၏။ ကံတရားသည်လည်း အလွန်ပင် ရယ်စရာကောင်း၏။ လောကကြီး အတွင်း ၌ ရောက်နေရသော ကျွန်ုပ်မှာ ကံတရား၏ လှည့်စားချက်ကို ခံရသောကြောင့် ကိုယ့် အဖြစ် ကို ကိုယ်တွေးမိတိုင်း ရယ်မိခြင်းဖြစ်ပေသည်။

ကျွန်ုပ်၏ လက်ရှိအခြေကို အနည်းငယ်ရှင်းပြဖို့ လိုပေလိမ့်ဦးမည်ထင်၏။ ကျွန်ုပ်ကား ငွေဆယ်သိန်းခန့် ချမ်းသာ လျက် သံလွင်မြစ်ဝှမ်းတစ်လျှောက်၌ သာမက မြန်မာတစ်နိုင်ငံလုံး၌ပင် သူဌေးကြီး "ဦးကံကောင်း" ဟူ သော အမည်ဖြင့် ထင်ရှားကျော်စောသော ပုဂ္ဂိုလ်ဖြစ်ပေသည်။ သို့နေရာက ကျွန်ုပ်မျာ ဆန်စက်ပိုင်ရှင် ဦးစိန်မောင်ဆိုသူ သေဆုံးရသည့်အမှု၌ အခြောက်တိုက် တရားခံဘ၀သို့ ရောက်ရပြီးလျှင် ယခု အခါ ကြိုးဒဏ်ကြီး ချမှတ်ထားခြင်းကို ခံနေရပေပြီ။ စင်စစ်တွင် ကျွန်ုပ်သည် ဆန်စက်ပိုင်ရှင် ဦးစိန်မောင် ကို သတ်ခဲ့သူမဟုတ်ပေ။ ဤစကားသည် အမှန်ပင်ဖြစ်၏။ ဦးစိန်မောင်ကို ကျွန်ုပ် အကယ်တန္တိပင် မသတ်ဖြတ် ခဲ့ပါ။

သို့သော် ... ဦးစိန်မောင် သေဆုံးရသော အမှုတွင် ပတ်ဝန်းကျင် သက်သေအထောက်အထားအားလုံး တို့သည် ဦးစိန်မောင်အား ကျွန်ုပ်သတ်ပါသည်ဟူ၍ အခိုင်အလုံ သက်သေခံ၍နေကြ၏။ ပတ်ဝန်းကျင် အထောက် အထား သက်သေခံချက် အားလုံးတို့ အတိုင်းသာဆိုလျှင် ဦးစိန်မောင်အား ကျွန်တော် မသတ် လျှင် သိကြားဆင်း၍ သတ်သည်ဟုသာ ဆိုစရာဖြစ်နေ၏။ ထို့ကြောင့် စက်ရှင် တရားသူကြီးသည် အမှုခိုင်လုံ လှသောကြောင့် ကျွန်ုပ်အား လူသတ်မှုဖြင့် ကြိုးမိန့်ပေးရ၏။ အခြားလမ်းမရှိပေ၊ သက်သေ အထောက်အထားများ၏ ထွက်ချက်ပတ်ဝန်းကျင် အခြေအနေများအရဆိုလျှင် ဦးစိန်မောင် ကို ကျွန်ုပ်သတ် သည်မှာ လယ်ပြင်၌ ဆင်းသွားသကဲ့သို့ ထင်ရှားနေ၏။

သို့သော် ... ဦးစိန်မောင်ကို ကျွန်ုပ်သတ်ရန်လည်း စိတ်မကူး ... သတ်လည်း မသတ်ခဲ့ပေ။
မည်သို့ပင် ဖြစ်စေကာမူ၊ ကြိုးဒဏ်ခံနေရသော ကျွန်ုပ်မှာ ကြိုးဒဏ်ခံနေရသည်အမှန်သာဖြစ်၏။ ကြိုးဒဏ် ကြီးကို ခံ၍နေရသောကြောင့် ခါတိုင်း၌ ထောင်ကြီးချုပ် ရိုးရိုးအကျဉ်းသမားတန်းလျား၌ နေရရာက ယခုမူ ကား ... သေမင်းခံတွင်းသို့ ခြေတစ်ဖက်နင်းနေသူ တရားခံတို့ကိုထားရာ ကြိုးတိုက်အတွင်းသိုပပင် ရောက် နေပေပြီ၊ သို့သော် ... ကျွန်ုပ်ကား၊ ငွေဆယ်သိန်းခန့် ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦးဖြစ်သဖြင့် အခြားလူသတ်မှုတရားခံတို့နှင့်ကား ကွာသည့်နေရာများ၌ အလွန်ကွာခြားနေပေ၏။ ကျွန်ုပ်၌ ငွေရှိ၏။ ထို့ပြင် ကျွန်ုပ်၌ အာဏာကြီးများကို လက်ကိုင်ရရှိထားသော မိတ်ဆွေကောင်းများလည်းရှိ၏။

ထိုငွေနှင့် အာဏာ တို့၏ အထောက်အကူကြောင့် ကျွန်ုပ်မှာ လူသတ်မှုတရားခံဖြစ်ခဲ့ရလင့်ကစား ခေါင်းတုံး မရိတ်ခဲ့ရ၊ ထောင်ထမင်း ထောင်ဟင်း မစားခဲ့ရ၊ စီးကရက်နှင့် အရက်များပင် ရနိုင်ခဲ့လေသေးသည်။ သာမန် အကျဉ်း ထောင်ကြီးချုပ်မှ ကြိုးတိုက်သို့ ရွှေ့လာခဲ့ရသည်တွင်လည်း ကျွန်ုပ်၏ အခြေအနေမှာပို၍ ဆင်းရဲ မသွားပေ။ ထောင်ချုပ် ရိုးရိုး၌ နေရသလိုပင် ချောင်လည်ပေသည်။ ကြိုးတိုက်တွင်း၌ပင် စာရေးစားပွဲ၊ စက္ကူ၊ ဖောင်တိန် အသင့်ရောက်နေသေး၏။

ဤကဲ့သို့ ငွေနှင့် အာဏာ၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ကျွန်ုပ်ဤမျှ သက်သာချောင်ချိစွာ ကြိုးတိုက်ထဲ ၌ နေရသော်လည်း ကျွန်ုပ်မှာ စင်စစ်တွင် သေမင်းခံတွင်းသို့ ခြေတစ်ဖက်နင်းနေသူ လူသတ် တရားခံကြိုး ကျပြီးသူသာ ဖြစ်ချေသည်။ ဤကြိုးဒဏ်ကြီး မကျရောက်စေရန် အမှုစစ်စဉ်က ကျွန်ုပ်သည် ငွေကိုရေလိုသုံး ၍ အကောင်းဆုံး ၀တ်လုံကြီးများဖြင့် ခုခံခဲ့၏။ ခပ်ရှင်းရှင်းရေးရလျှင် စက်ရှင် တရားသူကြီး ကိုပင် သိန်းဂဏန်းထိ ငွေလုံးပေါက်၍ သေဒဏ်အစား တစ်နည်းတစ်ဖုံ အခြားအပြစ်ဒဏ် ကို ချမှတ်စေရန် ကြိုးစား သွေးဆောင်ခဲ့သေး၏။

သို့ရာတွင် ပြစ်မှုမှာ သက်သေခံအထောက်အထား ပတ်ဝန်းကျင် အခြေအနေများအရဆိုလျှင် ဆန်စက်ပိုင်ရှင် ဦးစိန်မောင်ကို ကျွန်ုပ် သတ်ကြောင်း ထင်ရှားလွန်းမက ထင်ရှားနေသောကြောင့် တစ်ကြောင်း၊ တရားဌာန၏ ရိုးဖြောင့်မှန်ကန်မှုကို ကျွန်ုပ်၏ ငွေနျင့် အာဏာပိုင်မိတ်ဆွေများကပင် မထိုးဖောက်နိုင်ကြသောကြောင့်လည်းကောင်း၊ ကျွန်ုပ်၏ အသက်ကို ငွေ နှင့်စက်၍၀ယ်ရန် ကြိုးစား စေခဲ့ စေကာမူ အချီးနှီးသာဖြစ်ရလေသည်။ အမှုသွားမှာ ဤမျှခိုင်လုံနေ၏။ သို့သော် ဦးစိန်မောင်ကိုကား ကျွန်ုပ် မသတ်ရိုးအမှန်ပင်ဖြစ်၏။

ကျွန်ုပ်တွင် ယခု အယူခံရက် လေးဆယ်ရှိ၏။ အယူခံနေစဉ်၌လည်း ရက်ပိုတွေ ထွက်လာဦးမည်ဖြစ်၏။ သို့ သော် ကျွန်ုပ် ယခုကြိုးဒဏ်ခံရသောအမှုမှာ မည်သို့ အယူခံဝင်သော်လည်း အယူခံ အပယ်ခံရမည်မှာ သေချာ၏။ ကျွန်ုပ်၏ ၀တ်လုံများက အယူခံရန် အားတက်သရောပြောကြ၏။ အယူခံ ၀င်သော်လည်း အပယ် ခံရမည်ကို ကျွန်ုပ်သိသည့်နည်းတူ ကျွန်ုပ်၏ ၀တ်လုံများလည်း သိကြသည်။ သို့သော် ကျွန်ုပ် အား ရှိ စေရန် သာလျှင် ၀တ်လုံတို့က အယူခံဖို့ စိုင်းပြင်းစီစဉ်နေကြ၏။ အကြောင်းကား ထူးဖို့ပင်မရှိပေ။ အဘယ်ကြောင့် ဆိုသော် သက်သေခံ အထောက်အထားတို့ ခိုင်လုံလှပေသည်။
အယူခံ ကိုပယ်၍ အချခံရလျှင် သမ္မတထံ အသနားခ့စာ တင်နိုင်သေး၏။

အသနားခံစာတင်သည့် ကိစ္စကား လွယ်သည့် ကိစ္စမဟုတ်ပေ။ စက်ရှင် တရားသူကြီး၏ စီရင်ချက်ကို တရားလွှတ်တော်ချုပ်ကပင် မပြင်မဆင် ဘဲ အယူခံပယ်ချထားသည့် အခြေကိုရောက်မှ အသနားခံစာဖြင့် အသက်ဘေး လွတ်ရသူတို့ကား တစ်ရာမှာ တစ်ယောက်ခန့်သာ ရှိပေမည်။ ကျွန်ုပ်ကား ဘယ်နည်းနှင့်မျှ ထို တစ်ယောက် မဖြစ်နိုင်။ အဘယ့်ကြောင့် ဆိုသော် အမှုသွားမှာ ဘယ်ဘက်ကပင်လှည့်၍ စဉ်းစားစေကာမူ သက်သေ အထောက်အထား ပတ်ဝန်းကျင် အခြေအနေတို့အရ ဆိုလျှင် ကျွန်ုပ်သည် ဆန်စက်ပိုင်ရှင် ဦးစိန်မောင် အား ကြိုတင်ကြံစည်၍ သွေးအေးအေးနှင့် မသေမသအောင် သတ်ဖြတ်သည်ဟူသော အချက် မှာ အထင်းသားပေါ်နေ၏။ စင်စစ်၌ ကျွန်ုပ်သည် ဆန်စက်ပိုင်ရှင် ဦးစိန်မောင်ကို မသတ်ရိုးမှန်၏။ အမှုသွားအရ ဆိုလျှင်ကား ကျွန်ုပ်သတ်ကြောင်းမှာ မြေကြီးလက်ခတ်မလွဲ ဖြစ်နေ၏။ ထို့ကြောင့် အသနားခံစာတင်သော်လည်း တစ်လ လေးသီတင်းခန့်ပို၍ အသက်ရှည်ရမည်ကလွဲလျှင် ဘာမျှ အကျိုးထူး မည် မဟုတ်သည်ကို ကျွန်ုပ်ကောင်း စွာ ရိပ်မိထားပေသည်။

အခြားတစ်ချက်ကား ကျွန်ုပ်အား ကြိုးတိုက်တွင်း၌ပင် စားပွဲ ကုလားထိုင် ခုတင်တို့နှင့် ကြိုးစင်မတက်ရမီ ရက်များအတွင်း၌ ချောင်ချိစွာ အကျအန နေနိုင်စေသောငွေနှင့် အာဏာတို့၏ တန်ပြန်ဟပ်မှုပင်ဖြစ်၏။
ကျွန်ုပ်တရားခံဖြစ်ရသော ဆန်စက်ပိုင်ရှင် ဦးစိန်မောင် သတ်မှုမှာ နိုင်ငံရှိ သတင်းစာတိုက်ကပင် အကြီးအကျယ် ရေးသားနေကြပေရာ အမှုစစ်ဆေးသမျှကိုလည်း လုံးစေ့ပတ်စေ့ နေ့စဉ် ဖော်ပြနေကြ၏။ ထို့ ကြောင့် သက်သေထွက်ချက် ပတ်ဝန်းကျင် အထောက်အထားအားလုံးတို့အရ ဦးစိန်မောင်ကို ကျွန်ုပ် သတ်သည် ဟူသောအချက်မှာ တစ်နိုင်ငံလုံးသိ၍နေကြပေရာ အကယ်၍ ကျွန်ုပ်အား ကြိုးဒဏ်မပေးဘဲ အခြား အပြစ်ဒဏ် ကို ပေးလိုက်ပါက တရားဌာန၌ ဂတိလိုက်စားမှုရှိသည်ဟု တစ်နိုင်ငံလုံးက ယူဆ ပေတော့ မည်။ မယူဆစရာလည်း အကြောင်းမရှိ။

အဘယ်ကြောင့်ဆိုသော် ကျွနုပ်မှာ ငွေဆယ်သိန်းခန့် ချမ်းသာသူ လည်းဖြစ်နေပြန်၏။ အာဏာပိုင် မိတ်ဆွေ များလည်း ရှိနေပြန်၏။ ဤမျှ ထင်ရှားသောအမှုတွင်မှ ကျွန်ုပ်အား သေဒဏ်မပေးလျှင် တရား ဌာန ဖောက်ပြန်သည်ဟု တစ်နိုင်ငံလုံးက မထင်ဘဲ နေနိုင်ပါမည်လော။ ထို့ ကြောင့်ပင် ကျွန်ုပ်အား စစ်ဆေး အပြစ်ပေးရသော စက်ရှင် တရားသူကြီးမှာ အလွန်သတိကြီးစွာထားလျက် စစ်ဆေးခဲ့၏။ သက်သေ ထွက်ချက် တို့ကား နဲနဲလေးမျှပင် မလှုပ်သာအောင် ကျွန်ုပ်အား လူသတ်သမား အစစ် ဖြစ်ကြောင်း ကို အထောက်အထား ပြနေကြ၏။

ထို့ကြောင့် တော်တည့်မှန်ကန်လှသော တရားဌာနမှာ ကျွန်ုပ်အား သေဒဏ်မှလွဲ၍ အခြားအပြစ်ဒဏ် ပေးစရာ လမ်း လုံးဝမရှိခဲ့ပေ။ အယူခံရာလည်းကောင်း၊ အသနား ခံစာတင်ရာ၌ လည်းကောင်း သေဒဏ်ထက် လျှော့၍ပေးလျှင် ဂတိလိုက်စားရာသို့ ရောက်သည်ဟု နိုင်ငံ ကထင်မြင်မည်မှာ မလွဲ သောကြောင့် တရားလွှတ်တော်ချုပ်နှင့် အစိုးရအဖွဲ့ကလည်း ကျွန်ုပ်အား သေဒဏ်မှ အခြားအပြစ်ဒဏ်ကို ပြောင်းလွှဲပေးရန် အလွန်ခက်ခဲပေမည်။ ထို့ကြောင့် ကျွန်ုပ်မှာ ကြိုးစင်သို့သွားရန် လမ်းကြီးဖြောင့်နေ၏။ ငွေနှင့် အာဏာတို့၏ အထောက်အကူမှာ တစ်ဖက်ကကောင်းသော်လည်း တစ်ဖက် ကမူ ကျွန်ုပ်အား အပြစ်ဒဏ် မလျှော့နိုင်အောင် သက်ဆိုင်ရာ တရားအာဏာပိုင်တို့အား တုပ်နှောင်ထားချေ သည်။

ထို့ကြောင့် ကျွန်ုပ်မှာ ကြိုးစင်၌ ကြိုးပေးခံရတော့မည်မှာကား သေချာ၏။ အနှေးနှင့်အမြန်သာဖြစ်၏။ ဤသို့ ကြိုးဒဏ်ကို ဧကန်မလွဲခ့ရတော့မည်ဟု တိတိကျကျ စဉ်းစားလိုက်မိသောအခါ၌ ကျွန်ုပ်မှာ ရယ်မိပြန်လေ သည်။ မရယ်မိဘဲ မနေနိုင်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ဆန်စက်ပိုင်ရှင် ဦးစိန်မောင်အား တကယ်ပင်မသတ်ခဲ့ပေ။
ဦးစိန်မောင်ကို မသတ်ပါဘဲနှင့် သက်သေ အထောက်အထားခိုင်လုံသောကြောင့် ကျွန်ုပ်ကြိုးဒဏ်ခံရဖို့ သေ ချာနေသည်ကို ကျွန်ုပ်၏ အဖို့၌ ရယ်စရာမဟုတ် ငိုစရာကြီးသာဖြစ်၍ နေသည်ဟု အများကပင် ဆိုကြပေ လိမ့်မည်။ အပေါ်ယံကြောက ကြည့်လျှင်မူ အများယူဆသည့်အတိုင်း မှန်လှပေသည်။ သို့သော် ကျွန်ုပ်၏ အတွင်းရေးများကို သိကြပါလျှင်မူကား ဦးစိန်မောင်ကို ကျွန်ုပ်မသတ်ရပါဘဲလျက် အခြောက်တိုက် တရားခံ ဖြစ်ကာ ကျွန်ုပ် ကြိုးစင်၌ သေစားသေရတော့မည့်အရေးမှာ ကျွန်ုပ်၏ နည်းတူ ရယ်စရာအလွန်ကောင်း၍ နေသည် ကို တွေ့မြင်ကြရမည်ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် ...
ဦးစိန်မောင်အား ကျွန်ုပ်မသတ်ခဲ့။ သို့သော် ကျွန်ုပ်သည် အခြားလူခုနစ်ယောက်တို့၏ အသက်များကို ခုနစ်နေ့ ခုနစ်နံစေ့အောင်ပင် သတ်ဖြတ်ခဲ့ဖူးသူဖြစ်၏။ ထိုလူခုနစ်ယောက်တို့၏ အသက်များကို သတ်ဖြတ် ရာ၌ ကျွန်ုပ်သည် စစ်သားအဖြစ်၊ ဓားပြအဖြစ်မျိုးတို့ဖြင့် ရှူးခနဲ ဒိုင်းခနဲ သွေးဆူနေခိုက်တွင် သတ်ဖြတ်ခဲ့ ခြင်းလည်း မဟုတ်၊ မိမိ၏အသက်ကို ကာကွယ်ရန် သတ်ခဲ့ခြင်းလည်းမဟုတ်၊ သွေးအေးအေး ခေါင်းအေး အေး နှင့် လေးလေးမှန်မှန် ဆင်ကြံကြံ၍ ဥာဏ်နီရှိသမျှ အစွမ်းကုန်ထုတ်၍ အကြံ အခွင့်ယူကာ ကြိုတင်၍ အသေးစိတ် စီစဉ်ပြီးမှ မသေသေအောင် သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။ ကျွန်ုပ်၏ လက်ချက်ဖြင့် အသက်ခုနစ် ချောင်း လုံးဝပျက်ပြုန်းကြရ၏။

သို့သော် ထုလူခုနစ်ယောက်တို့အား ကျွန်ုပ် ကျနပိရိစွာ သတ်ဖြတ်ခဲ့ရာတွင် ကျွန်ုပ်မှာ ယခုကဲ့သို့ အခြောက်တိုက် ကြိုးဒဏ်ခံရဖို့ကိုထားတော့ ... ကျွန်ုပ်အား သင်္ကာယနမကင်းခြင်း ခံရ သည့်အဖြစ်မျိုး သို့ပင် မရောက်ခဲ့ ... သင်္ကာယနမကင်းခြင်း ခံရသည့်အဖြစ်မျိုးကို ထားဦးတော့ ... သင်္ကာယနမကင်း ဖြစ်ပေါ်စေမည့် လမ်းပင် မရှိခဲ့။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သတ်ခဲ့သော လူခုနစ်ယောက်တို့ အသတ်ခံ ရသည်ကို ပုလိပ်ဘက်မှ လူသတ်မှုဟူ၍ပင် လုံးဝ မသိခဲ့ကြ။ သူတစ်ပါး၏ ပယောဂမပါဘဲ သေဆုံး ကြသည် ဟုသာ ယူဆကြသဖြင့် (လူသတ်မှု) ဟူသော စကားလုံးကိုပင် တစ်ခါမျှ မကြားခဲ့ရပေ။ လူသတ်မှုမရှိပါက အသို့လျှင် သင်္ကာယနမကင်းသော ကိစ္စပေါ်နိုင်ပါဦးမည်နည်း။ ထို့ကြောင့် ပုလိပ်ဘက်မှ လူသတ်မှုဟူ၍ပင် လုံးဝ မယူဆဘဲ နေကြလောက်အောင် ပိပိရိရိ သေသေသပ်သပ်ဖြင့် လူခုနစ်ယောက် တို့၏ အသက်ဇီဝိန်ကို ချွေနိုင်ခဲ့သူ ကျွန်ုပ်မှာ ကျွန်ုပ်တကယ်ပင် မသတ်သော ဆန်စက်ပိုင်ရှင် ဦးစိန်မောင် သေရ သည့် အမှုကျကာမှ ဘာမျှမဆိုင်ဘဲ အခြောက်တိုက် တရားခံဖြစ်ကာ ကြိုးဒဏ်ကြီးကို မလွတ်တမ်း ခံယူရတော့မည့် အခြေသို့ ရောက်နေရသည်မှာ ရယ်စရာမကောင်းလှပါလော။

ထို့ကြောင့် လောက၏ ရယ်စရာကောင်းပုံ၊ ကံကြမ္မာ၏ ရယ်စရာကောင်းလှပုံတို့ကို တွေးမိတိုင်း ကျွန်ုပ် ရယ်မိ၏။ ကျွနင်္ုပ် ရယ်မိသည်ကို အားလုံးကပင် ကျွန်ုပ်ရူးလေပြီဟုထင်ကြ၏။ စင်စစ်၌ကား ကျွန်ုပ် မရူး၊ လောကကြီးသာရူး၏။ ကံကြမ္မာသာလျှင်ရူး၏။ ထိုအကြောင်းများကို ထင်ရှားစိမ့်သောငှာ ကျွန်ုပ်သည် ကြိုးဒဏ်မခံရမီ ရက်များအတွင်း၌ ကျွန်ုပ်၏ အဖြစ်စဉ်ကို ဇာတ်ကြောင်းပြန်၍ မှတ်တမ်းတင်ခဲ့လိုပေသည်။ ကျွန်ုပ်အား ရယ်စရာကောင်းလှသောနည်းဖြင့် ကြိုးစင်သို့ အရောက်ပို့ခဲ့သော လောကနှင့် ကံကြမ္မာတို့ကို ကျွန်ုပ်သည် ဤအဖြစ်စဉ်မှတ်တမ်းဖြင့် သေရာက သရော်ခဲ့လိုပေသည်။ ကျွန်ုပ်၏ မှတ်တမ်းကို ဖတ်ရသော သူတိုင်းကလည်း လောကနှင့် ကံကြမ္မာတို့၏ ရယ်စရာကောင်းပုံကို ကျွန်ုပ်၏နည်းတူ သရော်ရယ်မောမိ ကြ ပေလိမ့်မည်။ ဤသည်ကား ကံကြမ္မာကို ကျွန်ုပ်လက်စားချေခဲ့ခြင်းဖြစ်၏။

သို့သော် တစ်ခုရှိသည်မှာ ကျွန်ုပ် ရေးသားနေသော အဖြစ်စဉ်မှတ်တမ်းသည် လူအများဖတ်ရသော အခြေ သို့ရောက်လိုမှရောက်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ကြိုးစင်တက်ရ၍ လူ့ဘ၀မှ ထွက် ခွာသွားရသောအခါတွင် ဤ မှတ်တမ်းကို ထောင်အရာရှိတို့နှင့် ပုလိပ်ဘက်က လက်ဦးဖတ်ကြရမည်ဖြစ် ရာ၊ လူထုမသိအောင် လျှို့ဝှက်ကောင်း လျှို့ဝှက်ထားကြပေလိမ့်မည်။ ထို့ကြောင့် ဤအဖြစ်စဉ်မှတ်တမ်း သည် လူထုထံသို့ ရောက်ကောင်းမှရောက်မည်ဖြစ်၏။ သို့ရာတွင် တစ်ခု စိတ်ချမ်းသာဖွယ်ရှိသည်ကား ဤ မှတ်တမ်းကို ဖတ်ရသောအရာရှိတို့ထံမှ တစ်ဆင့် တစ်ယောက်စကား တစ်ယောက်နားသို့ လွင့်ကာ ကျွန်ုပ် ၏ ဖြစ်စဉ်ကို တဖြည်းဖြည်း လူအများသိသာသော အခြေသို့ ရောက်နိုင်ခြင်းပင်ဖြစ်၏။ ယုတ်စွာ အဆုံး ကျွန်ုပ်အား သေဒဏ်စီရင်ချက်ချလိုက်သော စက်ရှင်တရားသူကြီးမင်းသည် ကျွန်ုပ် ဦးစိန်မောင်ကို မသတ်ရပါဘဲလျက်နှင့် သေဒဏ်ခံရသည့်အကြောင်းကို သိရပေချိမ့်မည်။ စက်ရှင်တရားသူကြီး တစ်ဦး တည်းသိရလျှင်ပင် ကံကြမ္မာအား ကျွန်ုပ်လက်စားချေမှုမှာ ပြီးမြောက်အောင်မြင်ပေမည်ဖြစ်၏။ ထို့ကြောင့် ဤအဖြစ်စဉ် မှတ်တမ်းကို ကျွန်ုပ်ရေးသား၍ ထားရစ်ခဲ့ပါမည်။

အခွင့်အလမးသင့်၍ ကျွန်ုပ်၏ ဤအဖြစ်စဉ်မှတ်တမ်းကို လူအများဖတ်ခွင့်ရကြပါမူကား အတိုင်းထက် အလွန် တံခွန်နှင့် ဘုရားဖြစ်ပေတော့မည်။ ထိုအခါမှ သေစားသေစေ စီရင်ချက် အကျတွင် ကျွန်ုပ်အဘယ့် ကြောင့် ဟက်ဟက်ပက်ပက် ရယ်မောမိသည်ကို တစ်နိုင်ငံလုံး သဘောပေါက်ကြပေလိမ့်မည်။

ကောင်းပြီ...။ ကျွန်ုပ်၏ အဖြစ်စဉ် မှတ်တမ်းကို အဘယ်မှ စ၍ ရေးရပါမည်နည်း။ ကံကြမ္မာ၏ ရယ်စရာ ကောင်းပုံကို အားရပါးရ သရော်နိုင်ရန်မှာ ကျွန်ုပ်၏ ငယ်စဉ်တော်ငကျေး ကလေးဘ၀မှအစချီ၍ ရေးသားမှ သာလျှင် ပြည့်ပြည့်စုံစုံ ရှိနိုင်မည်ဖြစ်၏။ ကျွန်ုပ်အား မွေးဖွားကြီးပြင်းလာရာ ပတ်ဝန်းကျင် အခြေအနေတို့ သည် ကျွန်ုပ်၏ အဖြေစ်စဉ်ကို အကြီးအကျယ် ပြုပြင်ဖန်တီးခဲ့ကြသည်ဖြစ်ပေရာ ကျွန်ုပ်အား မွေးဖွားသော အချိန်၌ ကျွန်ုပ်၏ မိဘများရောက်ရှိနေကြသော အခြေကိုလည်း ဖော်ပြရပေဦးမည်ဖြစ်၏။ ကျွန်ုပ်၏ မိဘများ ရောက်နေသော အခြေဖော်ရမည် ဆိုပြန်သောအခါ၌ ကျွန်ုပ်၏ အဘိုးဦးနကီ၏ အဖြစ်အပျက်များ ကိုလည်း ဖော်ပြဖို့ လို၍လာပြန်ပေသည်။ အဘိုးဦးနကီ၏ အကြောင်းကို ဖော်ပြရေးသားရလျှင်ကား ... အထက်မြန်မာပြည်ကို သီပေါဘုရင်အုပ်ချုပ်နေသည့် ခေတ်အထိ နောက်ကြောင်း ပြန်ရပေလိမ့်မည်။ မြန်မာ တို့ လုံးဝ လွတ်လပ်ရေးကို ပြန်၍ရကြသော လက်ရှိခေတ်အထိ နှစ်ပေါင်းတစ်ရာခန့် ကာလကို စားမြုံ့ပြန် ကာ ရေးသားရမည်ဆိုခြင်းမှာ မလွယ်လှ ... ရေးသား ရမည့် အကြောင်းတို့ကလည်း များပြား ရှည်လျား လှ ပေသည်။

အော် ... ကြိုးမိန့်ကျသော ဤရက် ဤနေ့နှင့် ကြိုးဒဏ်ကို လက်တွေ့ခ့ရမည့်ရက်တို့ အတော်ကြီးဝေးကွာ၍ နေကြသေးသည်မှာ ကျွန်ုပ်၏ အဖို့တွင် ဤအစဉ် မှတ်တမ်းကို စိမ်ပြေနပြေ ရေးသားနိုင်ရန် အချိန်များစွာ ပင် ရစေလေသောကြောင့် တစ်နည်းတစ်ဖုံအားဖြင့်ဆိုလျှင် ကျေနပ်ဖွယ်တစ်ရပ်ပင် ဖြစ်၍နေသေးယောင် တကား...။

ကလေးဘဝ

ကျွန်ုပ်၏ အဘိုးဦးနကီ သည် မွန်သွေးစစ်စစ်ဖြစ်လျက် မြန်မာနိုင်ငံကို အင်္ဂလိပ်တစ်ပိုင်း မြန်မာတစ်ပိုင်း အုပ် ချုပ်နေကြသော ခေတ်၌ တနင်္သာရီဒေသတွင် ဖွားမြင်ခဲ့၏။ ထိုစဉ်အခါကပင်လျှင် ကျွန်ုပ်၏ ဘီဘင်များမှာ အင်္ဂလိပ်မြန်မာစစ်ပွဲများကို ဖြစ်ပွားစေခဲ့သော ဘုံဘေဘားမားသစ်ကုမ္ပဏီနှင့် ဆက်ဆံလျက် သစ်လုပ်ငန်း ကို လုပ်ကိုင်နေကြသူများဖြစ်လေရာ ပစ္စည်းများစွာပင် ကြွယ်ဝ ချမ်းသာ ကြသော သူများဖြစ်ခဲ့ကြ၏။ ထို့ပြင် မင်းသစ်ဖြစ်သော အင်္ဂလိပ်တို့နှင့်လည်း ၀င်ဆန့်၊ သစ်လုပ်ငန်းရှင် ပီပီ တပည့်တပန်း ကလည်း တောင့်တင်း ပြန်လေရာ စကားအစွမ်းကုန် ဆိုရပါလျှင် ကျွန်ုပ်၏ ဘီဘင်များသည် အစိုးရ ရာထူးရာခံများထက်ပင်လျှင် ဘုန်းတန်ခိုးထက်မြက် စူးရှလျက် ဂုဏ်အင်ကြီးမားလေသေးသည်ဟု ဆိုရပေလိမ့်မည်။ ဤအချိန်က အင်္ဂ လိပ်တို့သည်လည်း မြန်မာဘုရင်ထက် အုပ်ချုပ်ရေးတွင်ပို၍ ကောင်းမွန်ပါသည်ဟူသော ၀ါဒကို ဖြန့်နိုင်သမျှ ဖြန့်၍ နေကြခိုက်ဖြစ်သောကြောင့် တနင်္သာရီအပိုင်ရှိ မွန်မြန်မာ တို့အား ကာသာအပေးကြီးပေးလျက်ရှိကြ သဖြင့် ထိုအခွင့်အရေးများကို လက်ကိုင်ရရှိသော ကျွန်ုပ် ၏ ဘီဘင်များသည် စီးပွားဥစ္စာအကြီးအကျယ်ဖြစ် ထွန်းခဲ့ကြပေသည်။

ကျွန်ုပ်၏ အဘိုး ဦးနကီအား အင်္ဂလိပ် သက္ကရာဇ် ၁၈၆၀ ပြည့်နှစ်တွင် ဖွား၏။ မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ သိမ်းယူ၍ သီပေါမင်းတရားအား ရတနာဂီရိသို့ ခေါ်ဆောင်ကြသောအခါတွင် ကျွန်ုပ်၏ အဘိုး ဦးနကီ မှာ အသက်နှစ်ဆယ် ကျော်လျက် အိမ်ထောင်များပင် ကျလျက်ရှိပေပြီ။

မိဘလက်ငုတ်ပစ္စည်းများကို တစ်ဦးတည်းသောသားအဖြစ်ဖြင့် တစ်ယောက်တည်း ဆက်ခံလိုက်ရသော ဦးနကီသည် ပင်ကိုယ်၌လည်း သစ်လုပ်ငန်းကို မိဘလက်ထက်ကထက်ပင် ပိုမို ချဲ့ထွင်ကာ လုပ်ကိုင်လာခဲ့ ၏။ တဖန် သစ်လုပ်ငန်းကို သာမက ပေါ်ဦးစဖြစ်သော သတ္တုတွင်းလုပ်ငန်းကိုလည်း စွက်ဖက်လုပ်ကိုင်ခဲ့ ပြန်၏။ ထိုသို့ လုပ်ကိုင်ခဲ့ခြင်းအားဖြင့် ဦးနကီမှာ ပစ္စည်းအင်အား ဆထက်ထမ်းပိုး တိုးတက်ကြီးထွားလာပြန် ပေရာ သစ်လိုင်စင် ရပါလျက်နှင့် ငွေရင်းမထုတ်နိုင်သော သစ်ကုန်သည်တို့အား ငွေရင်းထုတ်ပေးခြင်း၊ သတ္တုရှိသောမြေကို ပိုင်ပါလျက်နှင့် အရင်းငွေ မလုံလောက်သော သူဌေးကလေးများအား ငွေထုတ်ချေးငှား ခြင်း စသော ငွေချေးသည့်လုပ်ငန်းကိုပါ လုပ်ကိုင်ပါသဖြင့် ထိုစဉ် အခါ က ကျွန်ုပ် အဘိုးဦးနကီမှာ အသက် ၃၀ ကျော် အရွယ်သာ ရှိသေးလျက်နှင့်ပင် တနင်္သာရီ တစ်လွှား ၌ ဦးနကီဆိုလျှင် မသိသူ ရှားသလောက် ထွန်းပေါက်လျက် ကျော်စောကိတ္ထိ အရှိကြီး ရှိ နေခဲ့ပေသည်။

ဦးနကီတွင် သားသမီးသုံးယောက် ထွန်းကားခဲ့၏။ အကြီးဆုံးသားဖြစ်သူ ဦးသြဘာကို ပါတော်မူခေတ်ထဲ၌ ဖွားမြင်၏။ သားအလတ်ဖြစ်သူ ဦးဒေါနကိုမူ အင်္ဂလိပ်သက္ကရာဇ် ၁၈၈၇ ခုနှစ်၌ ဖွား၏။ အထွေးဆုံးသမီးဖြစ် သော ဒေါ်စောလှကိုမူကား ၁၈၉၀ ပြည့်နှစ်တွင် ဖွားမြင်ခဲ့လေသည်။ ဦးနကီ၏ သမီးထွေး ဒေါ်စောလှဆိုသူ ကား အခြားမဟုတ် ကျွန်ုပ်တည်းဟူသော သူဌေးဦးကံကောင်း၏ မိခင်ပင်ဖြစ်ပေသည်။

ကျွန်ုပ်၏ အဖွားသည် သားသမီးသုံးယောက် ထွန်းကားပြီးသည့်နောက် သုံးနှစ်ခန့်အကြာတွင် အနိစ္စရောက် ခဲ့၏။ ထိုအခါ ကျွန်ုပ်၏ အဘိုးဦးနကီသည် နောက်ထပ်၍ အိမ်ထောင်ရက်သား မပြုတော့ဘဲ သားသမီးသုံး ယောက်တို့ကိုသာ စောင့်ရှောက် ထိန်းသမ်းရင်း ကိုယ်ပိုင်လုပ်ငန်းကြီးများတွင် စိတ်အာရုံကို လုံးဝသွင်းကာ ကိုယ်အားစိတ်အား အလွန်ထက်သန်သော အရွယ်လည်း ဖြစ်သည့်အလျောက် ဖိဖိစီးစီးကြီး ပစ္စည်းရှာခဲ့၏။

သို့ဖြစ်သောကြောင့်လည်း လုပ်ငန်းကြီးများ၏ နယ်ပယ်မှာ ကျယ်ဝန်းသည်ထက် ကျယ်ဝန်းလာခဲ့ပေရာ တနင်္သာရီတစ်လွှား၌ ငွေလုံးကြေးလုံးနှင့် အလုပ်လုပ်သူမှန်သမျှတို့သည် ကျွန်ုပ်၏ အဘိုးဦးနကီနှင့် မကင်း နိုင်သောအခြေသို့ ဆိုက်ရောက်လာလျက် နောက်ဆုံးတွင် တနင်္သာရီနယ်၌ ရှိရှိသမျှသော သစ်လုပ်ငန်းရှင်၊ သတ္တုတွင်း လုပ်ငန်းရှင်တို့သည် ကျွန်ုပ်၏ အဘိုးအား ဘဏ်တိုက်ကြီးသဖွယ် သဘောထား အားကိုးကြ သောအဖြစ်သို့လည်း ရောက်လာ၏။ လာဘ်မြင်လှသော ဦးနကီလည်း အင်္ဂလိပ်တို့နှင့်အတူပါလာသော တရားဥပဒေများကို ဆည်းပူးကာ လုပ်ငန်းကြီးများကို ဆိုင်ရာ ဆိုင်ရာခွဲခြား၍ လီမိတက်ကုမ္ပဏီများဖွဲ့ခြင်း၊ ငွေချေးငွေယူ အလုပ်ကြီးကိုလည်း ဘဏ်အဖြစ်ဖြင့် ဖွဲ့စည်းလုပ်ကိုင်ခြင်း ပြုခဲ့သဖြင့် ပစ္စည်းထုထည်ကြီး မားများပြားသလောက် အခြေခံလည်း ခိုင်မာ၍လာခဲ့လေ၏။

ဤကဲ့သို့ မတောင့်မတ မကြောင့်မကြဖြင့် လောက၌ ပူပင်စရာလုံးဝ ကင်းရှင်းသော ဘ၀ဖြင့်သားသမီးသုံး ယောက်ကို အုပ်ချုပ်ထိန်းသိမ်းကာ အလုပ်လုပ်၍ ကောင်းနေခိုက်တွင် ကျွန်ုပ်၏ အဘိုးမှာ စိတ်ထင့်စရာ ကိစ္စတစ်ခုကြုံ၍ လာခဲ့၏။ ထိုကိစ္စမှာကား သားအကြီးဆုံးဖြစ်သူ ဦးသြဘာသည် ဖခင် သူဌေးကြီး ဦးနကီ၏ ရိုက်ရာကို ဆက်ခံ၍ သူကိုယ်တိုင် နောက်တစ်နေ့တွင် သူဌေးကြီးတစ်ယောက်လုပ်ရန်ကို စိတ်ကူးဖို့ဝေးစွ အသက်၁၆ နှစ် သင်္ကန်းဆီး၍ပေးလိုက်သည့် အချိန်မှစ၍ သာသနာတော်မှ ထွက်မလာတော့သည့်အပြင် တစ်သက်လုံးပင် သင်္ကန်းနှင့် ပျော်ပါတော့မည်ဟု ဆုံးဖြတ်ကာ ဖခင်ဦးနကီထံ ပဉ္စင်းတက်ခွင့် တောင်းခြင်း ပင်ဖြစ်၏။

သားအကြီးဆုံးအား မိမိ၏ အခြေရာကို နင်းလျက် သူဌေးကြီး လုပ်စေချင်နေသော ကျွန်ုပ်၏ အဘိုးမှာ ဦးသြဘာနှင့် ပတ်သက်၍ မိမိထားသမျှသော ရည်မှန်းချက် လွဲချော်ရသဖြင့် စိတ်အပျက်ကြီးပျက် သလို ရှိမိရပေ၏။ သို့သော် ဦးသြဘာမှ ရဟန်းဘောင်၌သာ ပျော်မွေ့လျက် သင်္ကန်းကို ဇွတ်အတင်း ချွတ်ခိုင်းရမည်ကလည်းမသင့်၊ ဇွတ်အတင်း လူထွက်ခိုင်းလျှင်လည်း ဦးသြဘာက ထွက်မည် မဟုတ်။ ထို့အပြင် ဦးသြဘာမှာ အကြီးဆုံးသားကြီး သြရသပင်ဖြစ်စေကာမူ ဖခင်၏ ကုန်သည်လုပ်ငန်း၌ စိတ်မပါ။ ဘာသာတရားကိုသာ စိတ်ဝင်စားလျက် ပင်ကိုယ်အားဖြင့်လည်း ဖခင်ကဲ့သို့ ကုန်သည်ဥာဏ်ရင့် သန်မှုမရှိ၊ အရောင်းအ၀ယ် ရှေ့လာဘ်မြင်သူလည်း မဟုတ်လှသောကြောင့် ကျွန်ုပ်၏ အဘိုးဦးနကီ သည် သားကြီး ဦးသြဘာ ၏ အလိုဆန္ဒကို လိုက်လျောကာ ရဟန်းဝတ်နေခွင့် ပေးလိုက်ရလေသည်။ ထို့နောက် မူကား သားလတ်ဖြစ်သူ ဦးဒေါန အား မိမိပိုင် လုပ်ငန်းကြီးများ၌ အစစနားလည်ကျေပွန်အောင် တစ်စတစ်စ သင်ကြား ပေးရင်း သမီးထွေးဒေါ်စောလှအား အရိပ်တကြည့်ာကည့် ထိန်းသိမ်းစောင့်ရှောက်ကာသာနေ ထိုင်ခဲ့၏။

သို့နေခဲ့ရာတွင် သမီးထွေးကလေး မစောလှမှာ အပျိုအရွယ်သို့ရောက်ပြီဖြစ်သော်လည်း ဖခင်၏ ပစ္စည်းဂုဏ် အင်အထုအထည်ကြီးမားရသည့် အထဲတွင် ရုပ်ရည်ရူပကာယမှာလည်း များစွာပင် ချောမော တင့်တယ် ပြေ ပြစ်သူဖြစ်နေပြန်လေရာ တနင်္သာရီတိုင်းတစ်လျှောက်တွင် မစောလှ၏ အမည်မှာ လူတကာ တို့၏ ပါးစပ်ဖျား ၌သီး၍ ရပ်နီးရပ်ဝေး သတင်းမွှေးလျက်ရှိနေပေ၏။ ဦးနကီလည်း သမီးပျိုကလေး အချိန်အရွယ်ရောက်လာ သည်ကို သတိပြုမိသောအခါ၌ သင့်တင့်သော လူငယ်တစ်ဦးနှင့် အိမ်ထောင် ချထား၍ သားမက်ဖြစ်သူအား သားလတ် ဦးဒေါနနှင့် အတူ မိမိ၏လုပ်ငန်းကြီးကို တွဲဖက်ဦးစီးစေရသော် အလွန်ပင် သင့်မြတ်ပေလိမ့်မည် ဟု ရှေ့ရေးကို အမြဲမျှော်မှန်းနေခဲ့၏။

ဤသို့ မျှော်မှန်းနေခိုက်တွင် အခြားသော သစ်သူဌေး၊ သတ္တုတွင်း သူဌေးတို့၏ သားယောက်ျားကောင်း များစွာတို့ကလည်း မစောလှနှင့်လက်ဆက်နိုင်ရန် လာရောက်စေ့စပ် တောင်းဆိုလျက် ရှိကြပေရာ ဦးနကီမှာ သင့်တင့်လျောက်ပတ်သော သမက်လောင်း မြောက်များစွာပေါ် ထွက်နေကြသည့်အနက် အတော်ဆုံး သမက်လောင်းကို ရွေးချယ်ရာ၌ ရုတ်တရက် မဝေခွဲနိုင်ဘဲ ချီတုံချတုံ ဖြစ်နေရသောကြောင့် သမီး မစောလှ သည် အသက်အရွယ် ငယ်နုသေးသည့်အကြောင်း၊ သမီးအသက်ငယ် သေး၍ အတန်ကလေးကြာအောင် အရိပ်ကြည့်၍နေလိုသေးကြောင်း၊ သမီးကလည်း အိမ်ထောင်ရေးကို စိတ်ကူးမျှပင် မထည့်တတ်သေးသော ဤအရွယ်ကလေးတွင် အိမ်ထောင်ချ၍ ပေးလိုက်ရမည်မှာ သနား ဖွယ်ဖြစ်ကြောင်း စသည်တို့ကိုသာ ဂုဏ်တယူယူပြောဆို၍ သမက်လောင်းတို့အား အကဲဖမ်းကာ သမက်စံရွေးလျက် နေခဲ့ပေသည်။ ဤသို့ သမီးထွေး ရွှေတုံးပုလဲကလေးအတွက် အလွန်ဂုဏ်တတ်ကာ ဖခင်ကြီး များစွာ မျက်နှာပွင့်လန်းနေသည့် အခိုက်တွင်မှ ကျွန်ုပ်၏ မိခင်လောင်းဖြစ်သော သမီးချော မစောလှ သည် ကျွန်ုပ်၏ ဖခင်နှင့် ချစ်ကြိုးသွယ်မိကာ ခိုးရာလိုက်၍ ပြေးပါလေတော့သည်။

အဘယ်ကြောင့် သူဌေးသမီးက မိဘ၏ ဂုဏ်သရေကို မငဲ့ကွက်ဘဲ ခိုးရာလိုက်၍ ပြေးရပါသနည်းဟု မေးပါ လျှင် ကျွန်ုပ်၏ မိခင်သည် ကျွန်ုပ်၏ ဖခင်နှင့် အကြောင်းဆက်၍ ပေါင်းဖက်လိုပါက ခိုးရာလိုက်၍ ပြေးသော နည်းတစ်နည်းသာ ရှိသဖြင့် ခိုးရာလိုက်၍ ပြေးရပေသည်ဟုသာ ဖြေဆိုရပါလိမ့်မည်။ အကြောင်းမူကား ကျွန်ုပ်၏ ဖခင်မှာ တောနယ် ဇာတ်အဖွဲ့ကလေးတစ်ခုမှ သဘင်သည်တစ်ဦးဖြစ်ပေသည်။
ထိုခေတ်အခါမှာ သဘင်သည်တို့ အလွန်တရာဂုစ်ငယ်ကြသောခေတ်ဖြစ်၏။ မြန်မာဘုရင်ရှိစဉ်အခါကမူ ထင်ပေါ်လျှင် စင်တော်က ကောက်သောကြောင့် နန်းတွင်း၏ အချီးအမြှင့်ကို မြို့စားရွာစား အထိပင် အသနားခံကြရသည်။

အင်္ဂလိပ်တို့ အသားကျကျ အုပ်စိုးနိုင်ပြီဖြစ်သော ထိုခေတ်တွင်မူကား သဘင်သည် တို့မှာ ချီးမြှောက်မည့် သူ မရှိတော့သည့်အလျောက် ဖက်ခွက်စားဟူသော အယူအဆဖြင့် လူတကာက သိမ် ဖျင်းသေးနုပ် လှသော အခြေ၌ရှိသူ ကျွန်ုပ်၏ ဖခင်သည် ဂုဏ်ရှိန်ကြီးမားလှသော ကျွန်ုပ်၏ မိခင်နှင့် အဆင့် အတန်းချင်း အလွန်ကွာခြား၍ နေသည့်အတိုင်း အဘယ်နည်းနှင့်မျှ တင့်တယ်စွာ တောင်းရမ်းလက်ထပ်နိုင် ခွင့်ကိုလည်း မမြင်သောကြောင့် ကျွန်ုပ်၏ မိခင်သည် ကျွန်ုပ်၏ ဖခင်နောက်သို့ ကောက်ကောက်ပါအောင် ခိုးရာခိုက်၍ ပြေးခြင်းဖြစ်ပေသည်။

ကျွန်ုပ်၏ မိခင်နှင့် ဖခင်တို့ချစ်ကြိုးသွယ်မိခဲ့ကြရာတွင် တစ်နည်းတစ်လမ်းအားဖြင့် ကျွန်ုပ်အဘိုးဦးနကီ၏ ပယောဂ မကင်းဟု ဆိုစရာရှိ၏။ အဘယ့်ကြောင့် ဆိုသော် တနင်္သာရီတွင် ထိပ်သီးသူဌေးကြီးဖြစ်သူပီပီ အဘိုးသည် တစ်ခါ၌ ထမင်းရည်ချောင်းစီးအလှူကြီးပေး၏။ လာသမျှ ပရိသတ်ကို ရွှေမူးစေ့များ ကမ်းလှမ်း၏။ ခုနစ်ရက်တိုင်တိုင် ဇာတ်ပြိုင် ဆိုင်းပြိုင်များ အခြိမ့်ခြိမ့်ထည့်သွင်း၏။ ဤတွင် ဇာတ်သဘင် သည် ဆိုင်းပညာသည်တို့မှာ အဘိုး၏ အိမ်ကြီး၌ ချောင်လည်စွာ ၀င်ထွက်သွားလာခွင့်ရနေကြပေရာ ကျွန်ုပ်၏ မိခင်နှင့် ဖခင်တို့မှာလည်း မျက်စိချင်း ချိတ်မိရာက နောက်ဆုံး၌ ခိုးရာလိုက်သည်အထိ ဖြစ်ရလေ သည်။

ထိုအခါက ကျွန်ုပ်၏ မိခင်မှာ ၁၉ နှစ်အရွယ်သာရှိသေး၏။ ထိုခေတ်က သဘောအရ ၁၉ နှစ်အရွယ်မှာ အိမ် ထောင်ရေးကို တွေးသည့်အရွယ်မျိုးမဟုတ်။ လှလှပပ ၀တ်စားသွားလာနေဖို့ အရွယ်သာဖြစ်၏။ ထို့ကြောင့် လည်း သူဌေးပိုင်းမင်းပိုင်းမှလာ၍ စေ့စပ်သူများလှသော်လည်း ဦးနကီသည် သမီးငယ်သေးသည်ဟူသော အကြောင်းပြချက်ကို လှလှကြီးပြနိုင်ခဲ့လေသည်။ အရွယ်ငယ်သေးသည်လည်းမှန်၏။ တကယ့်ဂုဏ်ကြီးရှင် သတို့သားလောင်းတွေလည်း ၀ိုင်းဝိုင်းလည်နေ၏။ မိမိတွင်လည်း လိုရာကို တ တိုင်းရလောက်အောင် အခြေ ရှိ၏။ ရုပ်ရည်အားဖြင့်လည်း အပြစ်ဆိုစရာမရှိ၊ ဖခင်ကြီးဆိုသည်မှာလည်း တနင်္သာရီတိုင်း တစ်တိုင်း လုံး၏ မျက်နှာဖုံးပုဂ္ဂိုလ်ကြီးဖြစ်နေ၏။ ဤမျှလောက် အဖက်ဖက်က ပြည့်စုံနေပါလျက်နှင့် ကျွန်ုပ်၏ မိခင် သည် အခြေအနေချင်း ကွာခြားလှသော ကျွန်ုပ်ဖခင် သဘင်သည်နှင့်မှ မေတ္တာကူးယှက်မိခဲ့သည်မှာ (နဖူးစာ)ဟုပင် ဆိုရပေတော့မည် အထူးရေးဖွယ်မလိုတော့ ...။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၈)

မုန်တိုင်း က ကြောက်စရာကောင်းအောင် အလွန်အမင်း ပြင်းထန်နေသည်။
ကြီးမားသော လှိုင်းကြီးတစ်လုံးက သင်္ဘောကို လာရောက်ရိုက်ခတ်ရာ သင်္ဘောနစ်မြုပ်စ ပြုနေသည်။ ရေနစ် သေတော့မှာပဲဟု ထရေစီတွေးမိလာသည်။
ဒီအထဲက ထွက်ရမည်ဟုလည်း ဆုံးဖြတ်လိုက်သည်။ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အသက်ကယ် လှေ၏ နံရံနှစ်ဖက်ကို သွားထိသည်။
လှေမှာ မြုပ်ချည်ပေါ်ချည်နှင့် လူးလာခတ်နေသည်။ ထရေစီ ကုန်းထလိုက်သည်။ သူမ ခေါင်းက စားပွဲခြေ ထောက် နှင့် သွားဆောင့်မိသည်။

ထရေစီ သည် ယခုမှ အိပ်မက်က နိုးထလာပြီး မိမိမည်သည့်နေရာ ရောက်နေသည်ကို သတိရလာသည်။
သူမ မျက်နှာ နှင့် ဆံပင်တို့တွင် ချွေးစေးများဖြင့် ရွှဲနေသည်။
တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်ပြီး ခေါင်းထဲတွင် မူးဝေနေသည်။ မိမိ သတိလစ်ပြီး မေ့နေသည်မှာ မည်မျှ ကြာပြီနည်း ဟု တွေးမိလာသည်။
လေယာဉ်ခရီး မှာ တစ်နာရီခရီးသာ ဖြစ်သည်။
လေယာဉ်ဆိုက်တော့မည်လော။

လေယာဉ်မှာ သိမ့်ခနဲ တစ်ချက် လှုပ်သွားရာ ထရေစီသည် သေတ္တာနံရံနှင့် သွားရိုက်မိသည်။ ထရေစီသည် မူးလဲပြီး မေ့လုမျောပါး ဖြစ်နေရာက သတိပြန်ရလာသည်။
အသိဥာဏ်များကို ပြန်လည် စုစည်းလိုက်သည်။ မိမိအတွက် အချိန်မည်မျှ ကျန်သေးသနည်း။
ထရေစီ သည် အိပ်မက်ဆိုးများနှင့် တကယ့် ဖြစ်ရပ်ကြားတွင် ကူးသန်းပြေးလွှားနေရသည်။
သူမ ၏ အိပ်မက်ဆိုးများတွင် ပင်လယ်ထဲ ရောက်လိုက် ...။
ထောင်ထဲ ပြန်ရောက်လိုက် ...။
လန်ဒန်က အိမ်ဂေဟာကြီးထဲ ပြန်ရောက်လိုက်နှင့် အမျိုးမျိုးကြုံနေရသည်။

တကယ့် ဖြစ်ရပ်ကို သတိရလာသည်။
စိန်တွေ မဖြစ် ဖြစ်သည့် နည်းနှင့်ရအောင် လုပ်ရမည်။
သို့ရာတွင် ပထမဆုံး မိမိ ဤကုန်သေတ္တာထဲမှ ထွက်နိုင်ဖို့ ကြိုးစားရမည်။
အပေါ်အင်္ကျီအိတ်ထဲကို နှိုက်လိုက်ရာ ဓားမြှောင်ကို သွားစမ်းမိသည်။
သို့သော် ဓားမြှောင်ကိုထုတ်ယူနိုင်လောက်အောင်ပင် မနည်းကြိုးစားယူရသည်။
အသက်၀၀မရှူရ၍ ဖြစ်မည်ဟု တွေးမိသည်။

သေတ္တာတစ်ဖက်ဖုံး တာလပတ်ထောင့်စွန်းကို လက်နှင့် လိုက်စမ်းရာ အပြင်ဘက်မှ ချည်ထားသော ကြိုးတစ်ချောင်း ကို စမ်းမိသဖြင့် ဓားဖြင့် ဖြတ်လိုက်သည်။
သို့ဖြင့် တာလပတ်အစကို ဆွဲဖြုတ်ဖွင့်၍ ရသွားသည်။
နောက်ထပ် ကြိုးတစ်ချောင်း ထပ်ဖြတ်လိုက်ရာ သူမ တစ်ကိုယ်စာ ထွက်သာအောင် တာလပတ်ကိုဖွင့်၍ ရသွားသည်။
ထရေစီသည် သေတ္တာထဲမှ အပြင်သို့ တွားသွားပြီး ထွက်လိုက်ရာ ကုန်တင်လေယာဉ်၏ ၀မ်းဗိုက်ကြမ်းပြင် ပေါ် သို့ ရောက်သွားသည်။
သေတ္တာ အပြင်ဘက်မှ လေမှာ အေးစိမ့်နေသည်။
အေးလွန်း သဖြင့် ထရေစီ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာသည်။

လေယာဉ်ကလည်း အဆက်မပြတ် လူးနေသဖြင့် ပိုပြီး ပျို့အန်ချင်သလို ဖြစ်လာသည်။
အသိဥာဏ် များ ကို ပြန်လည် စုစည်းရပြန်သည်။
မိမိ ဤနေရာတွင် ဘာလာလုပ်နေသလဲ။
အရေးကြီးသော ကိစ္စတစ်ခု ... သတိရပြီ ... စိန်တွေ။
သူမ အမြင်အာရုံတွင် အားလုံးေ၀၀ါးနေသည်။
မျက်စိရှေ့မှ အရာအားလုံးမှာ သဲသဲကွဲကွဲမရှိဘဲ အားလုံးလှုပ်ရှားနေသည်။
မိမိ ရှေ့ဆက် လုပ်နိုင်တော့မည် မထင်။

လေယာဉ်က အောက်သို့ ရုတ်တရက် စိုက်ဆင်းသွားရာ ထရေစီ၏ ခန္ဓာကိုယ်မှာ အောက်ခံသတ္တုပြား အခင်း ပေါ်တွင် လျှောခနဲ ပါသွားသည်။
လေယာဉ်က စိုက်ဆင်းနေရာမျ တစ်ညီတည်း တည့်တည့် ရှေ့သို့ ပြောင်းပြီး ပျံသန်းချိန်တွင် ထရေစီအား ခဲပြီး မနည်း ကြိုးစားကာ ထ ထိုင်လိုက်သည်။
စိန်တွေကို ရျာရမည်။
ထရေစီသည် ကုန်သေတ္တာများကြားတွင် ဒယိမ်းဒယိုင်ဖြင့် အားယူရပ်နေရာမှ သေတ္တာတစ်ခုစီကို မျက်စိ မှေးပြီး ကြည့်သည်။
အနီရောင် သုတ်ထားသည့် သေတ္တာကို လိုက်ရှာသည်။
တတိယမြောက် သေတ္တာ တွင် ဆေးနီ သုတ်ထားသည်ကို တွေ့သည်။

ထိုနေရာတွင် မနည်းအားတင်း ရပ်နေရာမှ မိမိရှေ့ဆက် ဘာလုပ်ရမည်ကို စဉ်းစားသည်။
ဤနေရာ၌ တစ်ခဏလေးလှဲအိပ်လိုက်လျှင် နေကောင်းသွားမည်။ မိမိအတွက် ယခုအခါ အလိုအပ်ဆုံးမှာ တရေး တစ်မှေးလောက် အိပ်ရဖို့ပင် ဖြစ်သည်။
သို့သော် လေယာဉ်သည် အချိန်မရွေး အမ်စတာဒမ်မြို့သို့ ရောက်ရှိ ဆင်းသက်နိုင်သည်။
ထို့ကြောင့် ထရေစီသည် ဓားမြှောင်ကို ထုတ်ယူပြီး သေတ္တာမှ ကြိုးများကို ဖြတ်ရန် ကြိုးစားသည်။
ကြိုးပင်ကြိုးစားသော်လည်း သူမလက်က တဆတ်ဆတ် တုန်နေပြီး မောင်းချဓားကိုပင် အနိုင်နိုင် ကိုင်နေရ သည်။
တစ်ကိုယ်လုံး ခိုက်ခိုက် တုန်လာသဖြင့် လက်ထဲက ဓားကို ချထားလိုက်ရသည်။

မည်သို့မျှ လုပ်၍ ဖြစ်တော့မည် မဟုတ်။
သူတို့ မိမိအား ဖမ်းမိပြီး ထောင်ထဲ ပြန်ပို့ပေးတော့မည်။
ထရေစီသည် သေတ္တာမှကြိုးကို တွယ်ပြီး ကိုင်ထားရင်း တွေဝေနေသည်။
သူမ၏ သေတ္တာထဲသို့ လေးဘက်ထောက် ပြန်ဝင်သွားပြီး အိပ်ပစ်လိုက်ချင်စိတ်ကသာ တအား ကြီးစိုးနေ သည်။
အားလုံး ပြီးစီးသွားချိန်အထိ ထိုသေတ္တာထဲတွင်သာ လုံလုံခြုံခြုံပုန်းအောင်းနေချင်တော့သည်။
ဤသို့ လုပ်ရမှာ လွယ်ပါသည်။

သို့သော် ထိုသို့ လုပ်၍မဖြစ်။ ထရေစီသည် ခေါင်းကို တူနှင့် ဆက်တိုက် အထုခံနေရသလို တဒိန်းဒိန်းကိုက် နေသော်လည်း အားခဲပြီး တဖြည်းဖြည်းချင်း စတင်ရွေ့လျားသည်။
ဓားဆီသို့ ရောက်သွားပြီး ကောက်ယူလိုက်သည်။
ထို့နောက် သေတ္တာတွင် ချည်ထားသော ကြိုးကြီးကို ဓားဖြင့် စတင်ဖြတ်တောက်တော့သည်။
နောက်ဆုံးတွင် ကြိုးတစ်ချောင်း ပြတ်သွားသည်။
တာလပတ် အစကို ဆွဲဖယ်လိုက်ပြီး သေတ္တာထဲသို့ ငုံ့ကြည့်လိုက်သည်။
အထဲတွင် မှုန်ဝါးဝါးဖြစ်နေပြီး ဘာမျှ သဲသဲကွဲကွဲမမြင်ရပေ။

ထို့ကြောင့် လက်နှိပ်ဓာတ်မီး အသေးကလေးကို ထုတ်ယူလိုက်သည်။ ထိုစဉ်မှာပင် သူမ၏ နားရွက်ထဲ၌ ရုတ်တရက် လေဖိအား ပြောင်းသွားမှုကြောင့် နားအူလာသည်။
လေယာဉ် က မြေပြင်သို့ ဆင်းသက်နေမှန်းသိလိုက်ရသည်။
မြန်မြန် လှုပ်ရှားရပေတော့မည်။
သို့သော် သူမ၏ ခန္ဓာကိုယ်က စိတ်သွားတိုင်းကိုယ်မပါဘဲ လေးကန်နေသည်။
ခေါင်းထဲတွင် အလွန်အမင်း မူးဝေ နောက်ကျိနေသည်။ တစ်အားခဲပြီး ဇွဲတင်းကာ လှုပ်ရှားလိုက်သည်။
သေတ္တာထဲသို့ လက်နှိပ်မီးနှင့် ထိုးကြည့်လိုက်သည်။

သေတ္တာထဲတွင် အထုပ်များ၊ စာအိတ်များနှင့် သေတ္တာငယ်လေးများကို တွေ့ရသည်။
အပေါ်ဆုံးတွင် အနီရောင်ဖဲကြိုးဖြင့် ချည်နှောင်ထားသော အပြာရောင် သေတ္တာလေး နှစ်လုံးကို တွေ့ရ သည်။
သူမ မျက်စိအမြင်ဝါးနေသဖြင့် အပြာရောင် သေတ္တာလေး နှစ်လုံး ဖြစ်နေသည်။
မျက်စိကို ပွတ်သပ်ပြီး အသေအချာ စိုက်ကြည့်လိုက်ရာ တစ်လုံးတည်းကိုသာ သဲကွဲစွာ မြင်လာသည်။
လက်တဖက်ဖြင့် ထိုသေတ္တာကို လှမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန် လက်တဖက်ဖြင့် မိမိ အင်္ကျီ အိတ်ထဲမှ အစားထိုးမည့် စိန်တုံးသေတ္တာပုံစံတူကို ထုတ်ယူလိုက်သည်။
လက်နှစ်ဖက်တွင် သေတ္တာနှစ်လုံးကို ကိုင်ထားရင်းမှ ရင်ထဲ၌ အော်ဂလီဆန်ပြီး ပျို့အန်ချင်လာသည်။

တစ်ကိုယ်လုံးလည်း တုန်လှုပ်လာသည်။ မျက်စိကို စုံမှိတ်ပြီး မအန်အောင် မနည်းကြိတ် မျိုချလိုက်ရသည်။
စိန်တု သေတ္တာလေးကို ကုန်သေတ္တာကြီးထဲတွင် အစားထိုး ထည့်သွင်းလိုက်တော့ရန် ဟန်ပြင်လိုက်ပြီးမှ ရုတ်တရက် သတိရလာသည်။
မိမိ လက်နှစ်ဘက်ထဲမှ သေတ္တာ နှစ်လုံးအနက် မည်သည့် သေတ္တာက အတုဖြစ်သည်ကို ဝေခွဲမရဘဲဖြစ် လာသည်။
အစားထိုး ထည့်သွင်းလိုက်ရမည့် သေတ္တာအတုသည် မိမိဘယ်ဘယ်လက်ထဲက ဟာလား၊ သို့မဟုတ် ညာဘက်လက်ထဲက ဟာလား ဝေခွဲမရတော့ပါချေ။
လေယာဉ် က အောက်သို့ မတ်စောက်စွာ စိုက်ဆင်းလိုက်သည်။

အချိန်မရွေး မြေပြင်နှင့် ထိတွေ့ဆိုက်နိုငသည်။
ထရေစီအဖို့ အဆုံးအဖြတ် ပြုရချေပြီ။
လက်ထဲမှ သေတ္တာနှစ်လုံးအနက် တစ်လုံးကို ကုန်သေတ္တာထဲသို့ ထည့်လိုက်သည်။
သူမ ထည့်လိုက်သော သေတ္တာသည် စိန်အတုသေတ္တာအမှန်ဖြစ်ပါစေဟုလည်း ဆုတောင်းလိုက်သည်။
သူမ အပေါ်ဝတ် အင်္ကျီအိတ်ထဲမှနေ၍ ကြိုးခွေကို နှိုက်ထုတ်လိုက်သည်။ ဤကြိုးဖြင့် တစ်ခုခုလုပ်ရဦး မည်ကို သတိရလာသည်။

" မင်း ကြိုးကို ဖြတ်ပြီးရင် အဲဒီကြိုးကို မင်းအိတ်ထဲ ယူထည့်လိုက်၊ နောက်ပြီးမှ ကြိုးအသစ်နဲ့ အစားထိုးပြီး ပြန်ချည်လိုက်၊ သေတ္တာနားမှာ ဘာတစ်ခုမှမကျန်စေခဲ့နဲ့၊ တစ်ခုခု ကျန်နေရင် သင်္ကာမကင်းဖြစ်လာလိမ့် မယ်"
မှာလိုက်သည့် စကားကို ပြန် သတိရလာသော်လည်း သူမအဖို့ လုပ်စရာအင်အား မကျန်တော့ပါချေ။
သို့သော် ရှိစုမဲ့စု အားကလေးကို ဖျစ်ညှစ်ပြီး ကြိုးခွေ အသစ်ဖြင့် သေတ္တာကို ပြန်ပတ်သည်။
ထိုစဉ်မှာပင် လေယာဉ်ဘီးက မြေပြင်ပြေးလမ်းနှင့် သွားထိပြီး အနည်းငယ် ခုန်တက်သွားသည်။
တစ်ဖန် လေယာဉ်ကို ဘရိတ်ဖမ်းပြီး အရှိန် သတ်လိုက်ရာ အားအင်ကုန်ခန်း နွမ်းရိနေသော ထရေစီအဖို့ နောက်ပြန် လဲကျသွားသည်။

သူမ ခေါင်းက လေယာဉ်အခင်းနှင့် သွားစောင့်မိရာ တလောကလုံး အမှောင်ဖုံးသွားတော့သည်။
သတိလစ် မေ့သွားတော့သည်။
လေယာဉ်ကြီးသည် ကုန်ပစ္စည်းများ သယ်ချရမည့်နေရာသို့ ပြေးလမ်းအတိုင်း မှန်မှန် မောင်းနှင်သွားသည်။
ထရေစီသည် လေယာဉ်ကြမ်းပြင်ပေါ်တွင် ပုံပျက်ပန်းပျက် လဲကျနေသည်။
သူမ၏ ဆံပင်များက သွေးမရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်နေသော သူမ၏ မျက်နှာပေါ်တွင် ဖရိုဖရဲ ဖုံး အုပ်နေသည်။
လေယာဉ်စက်သံ ရပ်သွားသည်နှင့် တစ်ပြိုင်နက် ထရေစီ သတိပြန်ရလာသည်။

လေယာဉ်ဘီးများ ရပ်သွားသည်။
ထရေစီသည် တံတောင်နှင့်ထောက်ပြီး ကိုယ်ကို ကြွလိုက်ကာ ဒူးထောက်လိုက်သည်။
ထို့နောက် အားယူပြီး မတ်တတ်ထလိုက်သည်။
ဒယိမ်းဒယိုင် ဖြစ်သွားရာ ပြန်လဲကျ မသွားအောင် သေတ္တာကို တွယ်ကိုင်ထားလိုက်ရသည်။
သေတ္တာ တွင် ကြိုးအသစ်ဖြင့် ချည်လိုက်သည်။

ရတနာသေတ္တာလေးကို ရင်ဝယ်ပိုက်လိုက်ပြီး သူမ၏ သေတ္တာဆီသို့ ယိုင်တိုင်ယိုင်တိုင်နှင့်ပင် အားခဲပြီး သွား လိုက်သည်။
တာလပတ် ဖွင့်ထားသော အပေါက်မှနေ၍ သူမသေတ္တာထဲသို့ တိုးဝင်ပြီး တာလပတ်ကို ပြန်အုပ်ပိတ်လိုက် သည်။
သူ့ တစ်ကိုယ်လုံးတွင် သွေးများဖြင့် ရွှဲနေသည်။
တစ်ကိစ္စပြီးသွားပြီ။
သို့သော် တစ်ခုခု လုပ်ဖို့ ကျန်နေသေးသည်ဟု ထရေစီ သိနေသည်။ အရေးကြီးသော ကိစ္စဖြစ်သည်။
ဘာပါလိမ့်။
သူမ စဉ်းစားလိုက်သည်။

သြော် ... သိပြီ။
မိမိသေတ္တာမှ ကြိုးကို တိပ်ခွေဖြင့်ပတ်ပြီး ပုံမပျက်အောင် ပြန်ဆက်ထားရမည်။
ထရေစီသည် သူ့အင်္ကျီအိတ်ထဲသို့ လက်ထိုးနှိုက်ပြီး ဆယ်လိုတိပ်အခွေကို ရှာလိုက်သည်။
တိပ်ခွေမရှိတော့။
သူမ အသက်ရှူ ရပ်သွားတော့မလောက် ဖြစ်သွားသည်။
ထိုစဉ်မှာပင် အသံများကို အပြင်မှ ကြားရသည်။
စက္ကန့်ပိုင်းအတွင်း လေယာဉ် တံခါးဖွင့်ပြီး ကုန်သေတ္တာများကို လေယာဉ်မှ ချပေတော့မည်။

မိမိသေတ္တာမှ ပြတ်နေသောကြိုးကို သူတို့မြင်သွားလျှင် သေတ္တာအထဲ ဖွင့်ကြည့်ပါက မိမိကို မိသွားပေ တော့မည်။
ကြိုးနှစ်စပြန်ဆက်ဖို့ နည်းလမ်းရှာရမည်။
ထရေစီသည် ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချလိုက်ရာ တိပ်ခွေပေါ်သို့ ဒူးသွားထောက်မိသည်။
လေယာဉ်လူးစဉ်က တိပ်ခွေအိတ်ထဲမှ ထွက်ကျသွားခြင်းဖြစ်မည်ဟု ထရေစီ တွေးမိလာသည်။
ထရေစီတိပ်ခွေကို ကောက်ယူလိုက်သည်။
တာလပတ်အစကို မ လိုက်ပြီး ကြိုးစနှစ်ချောင်းကို လက်ဖြင့် လိုက်စမ်းသည်။

ဖြတ်ထားသော ကြိုးစနှစ်ချောင်းကို ပြန်တွေ့သောအခါ လက်တစ်ဖက်ဖြင့် တေ့ကိုင်လိုက်ပြီး အခြားလက် တစ်ဖက်ဖြင့် တိပ်ခွေနှင့်စည်းပတ်ချည်နှောင်သည်။
ထရေစီ မျက်စိကမူ ဘာမျှမမြင်ရ။
သူမ မျက်နှာပေါ်သို့ ချွေးများစီးကျနေခြင်းကြောင့် ဘာမျှမမြင်ရဘဲ ဖြစ်နေသည်။
ထို့ကြောင့် လည်ပင်းတွင်ပတ်ထားသော ပိုးလည်စည်းစကို ဆွဲဖြုတ်ယူပြီး မျက်နှာပေါ်မှ ချွေးများကို သုတ်ပစ် လိုက်သည်။
ထိုအခါမှ နေသာသွားသည်။
ကြိုးနှစ်ကြိုးကို တိပ်ဖြင့် ပြန်ဆက်ပြီးသောအခါ တာလပတ်စကို ပြန်ဆွဲချပြီး နဂိုနေအတိုင်း ပြန်ပိတ်လိုက် သည်။
သူမအဖို့ လုပ်စရာအားလုံး ပြီးသွားသည်။

သို့သော် အသာစောင့်နေရဦးမည်။
ထရေစီသည် သူမနဖူးကို ပြန်စမ်းလိုက်သည်။
စောစောကထက်ပင် ပိုပြီးခြစ်ခြစ်တောက်ပူနေသည်။
အလုပ်သမားများ လေယာဉ်ထဲဝင်လာသည့်အသံများကို ကြားရသည်။
ကုန်သေတ္တာ အကြီးကြီးများကို လေယာဉ်ပေါ်မှ စတင်ချသည်။
သူမသေတ္တာကို လေယာဉ်ပေါ်မှ ချနေစဉ်မှာပင် ကိုယ်သိပ်ပူပြီးဖျားနေသော ထရေစီမှာ သတိမေ့သွား တော့သည်။

လေယာဉ်ကြမ်းပြင်ပေါ်တွင်မူ ဂျက်က ထရေစီအား လက်ဆောင်ပေးခဲ့သော ပိုးလည်စည်းကလေးကျကျန် နေရစ်ခဲ့သည်။
ထရေစီပါလာသော သေတ္တာကို ကြိုတင် စီစဉ်ထားသည့်အတိုင်း ထရပ်ကားဖြင့် သယ်လာသည်။
သေတ္တာမှ တာလပတ်စကို တစ်စုံတစ်ယောက်က ဆွဲလှန်ဖွင့်လိုက်ရာ သေတ္တာထဲသို့ အလင်းရောင် ၀င်လာသဖြင့် ထရေစီ သတိပြန်ရလာသည်။
ထရေစီသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
ထရပ်ကားကြီးက ကုန်လှောင်ရုံထဲ ရောက်နေချေပြီ။
ဂျက်က သေတ္တာဘေးတွင် ရပ်နေသည်။

ထရေစီအား ပြုံးပြုံးကြီးကြည့်ပြီး ပြောလိုက်သည်။
" မင်းဟာ တကယ် အံ့သြစရာကောင်းအောင် လုပ်လိုက်တာပါပဲလား၊ ကဲ ငါ့ကို သေတ္တာလေးပး"
သူမဘေးမှ သေတ္တာကလေးကို ဂျက် ကောက်ယူလိုက်ပြီး သူမအားပြောလိုက်ပြန်သည်။
" လစ္စဘွန်းမြို့မှာ တွေ့ကြတာပေါ့ "
ထရေစီက ဘာမျှပြန်မပြော။
ဂျက်က ထွက်သွားရန် တစ်ဖက်သို့လှမ်းလိုက်သည်။

ထို့နောက် ပြန်လှည့်လာပြီး ထရေစီကို ငုံ့ကြည့်လိုက်သည်။
" မင်းကြည့်ရတာ သိပ်ပြီး တုန်လှုပ်ကြောက်ရွံ့နေပုံရတယ်၊ မင်း နေကောင်းရဲ့လား ထရေစီ... "
ထရေစီအဖို့ မနည်းကြိုးစားပြီး အသံထွက်ရသည်။"
" ဂျက် ... ကျွန်မ ... "
သို့သော် သူမကြိုးစားဖျစ်ညှစ်ပြီး အသံထွက်လိုက်သည့်အချိန်တွင် ဂျက် ထိုနေရာ၌ မရှိတော့ပါချေ။
ထို့နောက်ပိုင်းဖြစ်ရပ်များကို ထရေစီအဖို့ ခပ်ဝါးဝါးသာ သတိရမှတ်မိတော့သည်။
ကုန်လှောင်ရုံနောက်ပိုင်းတွင် သူမ အ၀တ်အစားလဲခဲ့သည်။

အမျိုးသမီးတစ်ဦးက သူမကိုမေးလာသည်။
" ရှင့်ကြည့်ရတာ နေမကောင်းဘူးနဲ့တူတယ်၊ ကျွန်မ ဆရာဝန်ခေါ်ပေးရမလားဟင် "
" ဟင့်အင်း ... နေပါစေ၊ ရပါတယ် "
ထရေစီက ခပ်တိုးတိုးလေး ပြောလိုက်သည်။
မိမိလေဆိပ်သို့သွားပြီး ဂျီနီဗာသို့ လေယာဉ်ဖြင့် ပြန်ထွက်ရမည်။
ထို့ကြောင့် ထရေစီက ...
" ကား ... အငှားကားတစ်စီးသာ ခေါ်ပေးပါ " ဟု ပြောလိုက်သည်။
အမျိုးသမီး က ချီတုံချတုံဖြစ်နေပြီးမှ ပြန်ပြောသည်။

" ကောင်းပြီလေ ... ကျွန်မ ကားသွားခေါ်ပေးမယ်၊ ဒီကပဲစောင့်နေနော် "
ထရေစီ စိတ်ထဲတွင် ရီဝေမှုန်မှိုင်းနေသည်။
သူမစိတ်က လေထဲတွင် ပေါလောမျောနေသလို ဖြစ်နေသည်။
" ခင်ဗျားအတွက် အငှားကား ရောက်နေပါပြီ "
လူတစ်ယောက်က ပြောလာသည်။
မိမိအား လူတွေက စိုးရိမ်တကြီး ဖြစ်နေသည်ကို သူမ မလိုလားပါ။
တကယ်တော့ သူမမျက်လုံးများက အလွန်အမင်း အိပ်ချင်နေပါပြီ။

" ဘယ်ကိုသွားချင်ပါသလဲ ... မဒမ် "
ယာဉ်မောင်းက မေးလာသည်။
" လေဆိပ် ဆွစ်လေယာဉ်လက်မှတ်ရောင်းဌာနမှာ " မင်းအတွက် လေယာဉ်လက်မှတ်တစ်စောင် အသင့် ရှိနေလိမ့်မယ် ... " ဆိုသော ဂန်သာ၏ စကားသံကို ထရေစီ ပြန်ကြားမိသည်။
သို့သော် မိမိအခြေအနေမှာ အလွန်အမင်း ဖျားနေသဖြင့် လေယာဉ်ပေါ်တက်ရန် အခက်အခဲရှိနိုင်သည်။
ဤပုံအတိုင်း လေယာဉ်ပေါ် တက်မည်ဆိုလျှင် နေမကောင်းနေမှန်း သိသာလှသဖြင့် မိမိအား လေယာဉ် ကုမ္ပဏီဝန်ထမ်း များက တားပြီး ဆရာဝန်ခေါ်ပြပေးလိမ့်မည်။
မိမိအား မေးခွန်းများ မေးမြန်းကြပေလိမ့်မည်။

တကယ်တမ်း မိမိအတွက် လိုနေသည်မှာ တစ်အောင့်တစ်ဖြုတ် တစ်ရေးတစ်မှေး အိပ်လိုက်ရန်သာဖြစ် သည်။
ထိုသို့ အိပ်လိုက်လျှင် နေကောင်းသွားပေလိမ့်မည်။
" ဘယ်သွားမှာလဲ ... မဒမ် "
ယာဉ်မောင်းက စိတ်မရှည်နိုင်တော့သည့်လေသံဖြင့် မေးလာသည်။
သူမအတွက် သွားစရာနေရာ မရှိတော့ပါချေ။
နောက်ဆုံးတွင် ဂန်သာဟာတော့က ထရေစီအား ပေးထားသော စိတ်ချလုံခြုံသည့် ခိုအောင်းပုန်းခိုစရာ အိမ်၏လိပ်စာကို ယာဉ်မောင်းအား ပေးပြီး ထိုနေရာသို့ ပို့ခိုင်းရတော့သည်။

*
ရမျြားက ထရေစီအား စိန်ထုပ်အကြောင်းနှင့် ပတ်သက်၍ အမျိုးမျိုး စစ်ဆေးမေးမြန်းသည်။
ထရေစီက မဖြေဘဲ တင်းခံနေသောအခါ ရဲများ စိတ်ဆိုးလာပြီး ထရေစီအား အခန်းတစ်ခန်းထဲတွင် တစ် ယောက်တည်း ထည့်ထားလိုက်သည်။
ထိုအခန်း၏ အပူချိန်ကိုလည်း ရေဆူအမှတ် မီးပါးအထိ မြှင့်တင်ထားလိုက်သည်။
မခံသာအောင် ပူလာသောအခါ အပူချိန်ကို ပြန်လျှော့လိုက်ပြီး အအေးဓာတ်ကို လွှတ်ပေးလိုက်ပြန်ရာ အခန်း နံရံများတွင် ရေခဲ အသီးအပေါက်ကလေးများ ထ လာသည်အထိ ဖြစ်သည်။
ထရေစီသည် ထို အအေးဓာတ်ထဲမှ ရုန်းကန်ပြီး မျက်စိကို ဖွင့်လိုက်သည်။
သူမသည် အိပ်ရာတစ်ခုပေါ်တွင် ရောက်နေပြီး ထိန်းမရအောင်ပင် ခိုက်ခိုက်တုန်နေသည်။

သူမ ခန္ဓာကိုယ်အောက်တွင် စောင်တစ်ထည် ရှိသည်။
စောင်ကို ယူခြုံရန်ပင် အင်အားမရှိတော့ပေ။
သူမ အ၀တ်အစားများမှာလည်း ချွေးဖြင့် နစ်နေသည်။
မျက်နှာနှင့် လည်ပင်းတွင် ရေဆွတ်ထားသလိုပင် ချွေးများက ရွဲစိုနေသည်။
မိမိ သေတော့မှာပဲ။ အခု ဘယ်ရောက်နေသလဲ။
လုံခြုစိတ်ချရသည့်အိမ်၊ ခိုအောင်းပုန်းခိုစရာအိမ်သို့ ရောက်နေမှန်း သတိရလာသည်။
အဖျားလွန်ပြီး ကယောင်ကတမ်းဖြစ်ကာ အိပ်မက်များ မက်နေသည်ကိုလည်း သိလာရသည်။
ယခု ဘယ်အချိန်ရှိပြီနည်း။ လက်ပတ်နာရီကို ကြည့်လိုက်သည်။

သို့သော် သူမ မျက်စိထဲတွင် နာရီပုံပါတ်များက စားနေသည်။ သူမ မြင်မြင်သမျှ အရာအားလုံးမှာ ၀ါးနေ ပြီး နှစ်ခုနှစ်ခုဖြစ်နေသည်။
အခန်းကျဉ်းကလေးထဲတွင် ခုတင် နှစ်လုံး၊ မှန်တင်ခုံနှစ်ခု။ ကုလားထိုင်လေးလုံးဖြင့် နှစ်ဆတိုး မြင်နေရ သည်။
ခိုက်ခိုက်တုန်သော အအေးက ပျောက်သွားပြီး သူမတစ်ကိုယ်လုံး လောင်မြိုက်ပူလောင်လာပြန်သည်။ ပြ တင်းပေါက်များကို ဖွင့်ချင်လာသည်။
သို့သော် လှုပ်ရှား၍ မရနိုင်အောင်ပင် အားအင်ကုန်ခန်းချည့်နဲ့နေသည်။
သတိလစ် မေ့မြောပြီး အိပ်မက်ကမ္ဘာထဲ ပြန်ရောက်သွားပြန်သည်။

လေယာဉ်ပေါ်မှ သေတ္တာထဲ ပြန်ရောက်သွားသည်။
ဂျက်က သူမထံမှ စိတ်သေတ္တာကို ယူသွားသည်။
ဂျက်သည် မိမိအတွက် ဝေစုပိုက်ဆံကိုပါ ယူပြီး ဘရာဇီးသို့ ရောက်နေပေရော့မည်။
သူ့အတွဲ အမျိုးသမီးချောချော မစ္စက်ဝေါလေ့စ်နှင့် ရယ်မောပျော်ရွှင်နေပေရော့မည်။
မိမိကို ညာဝြိုင်းချ ရယ်နေပေရော့မည်။
ဂျက်သည် မိမိကို နောက်တစ်ကြိမ်ထပ်ပြီး ခေါင်းတုံးပေါ် ထိပ်ကွက်သွားပြန်ချေပြီ။
သူ့ကို မုန်းသည်။ အို ... မဟုတ်သေးဘူး၊ မမုန်းပါဘူး၊ ဟင့်အင်း မုန်းတယ်၊ မုန်းတယ်၊ သူ့ကို အထင်သေး တယ်။
ထရေစီသည် ငန်းဖျားမိပြီး စိတ်ကယောင်ချောက်ချားဖြစ်လိုက် ပြန်သတိရလိုက်နှင့် ဖြစ်နေသည်။

သူမစိတ်က အတိတ်ဖြစ်ရပ်များသို့ ပြန်ရောက်သွားလိုက်။ ပစ္စုပ္ပန်သို့ ပြန်လာလိုက်နှင့် ကူးချည်သန်းချည် ဖြစ်နေသည်။
အတိတ်နှင့် ပစ္စုပ္ပန်ကြား ပြေးရင်း လွှားရင်းဖြင့် စိတ်ဝိညာဉ်လိပ်ပြာကလေး လေမှာ တလူးလူးတလွန့်လွန် ဖြစ်နေရှာသည်။
ဖလာမင်ဂို ကပွဲတွင် ဂျက်နှင့် ပူးပူးကပ်ကပ်နေခဲ့ပြီး စိတ်လှုပ်ရှား ကစားခဲ့ရသည့်အဖြစ်ကိုလည်း ပြန်ရောက်သွားသည်။
စစ်တုရင်ကစားခဲ့သည့် ဖြစ်ရပ်ကို စိတ်က ရောက်သွားသည်။
ရထားကြီးပေါ်တွင် ဖော်နာတီ လင်မယားနှင့်လည်း ပြန်တွ့ရသည်။

" အလို ဘုရားရေ မင်း မျက်စိဖွင့်လိုက်စမ်း၊ ငါ့ကို ကြည့်စမ်း ... "
လူတစ်ယောက်အသံကို ထရေစီ ကြားရသည်။
ထရေစီသည် ရှိစုမဲ့စု အားများကို ဖျစ်ညှစ်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ဂျက်စတီဗင်က မတ်တတ်ရပ်ပြီး သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့အသံက ဒေါသသံပါနေသည်။
အိပ်မက်ထဲမှ ဂျက်ဟုပင် ထရေစီ ထင်နေမိသည်။

" မင်း ... ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ "
ဂျက်က မေးသည်။
" ရှင် ... ဘရာဇီး ရောက်နေတာလား "
ထရေစီက မပီမသ ၀ါးတားတားဖြင့် ဆီမန်းမန်းသလို ပြောလိုက်သည်။
ထို့နောက်ပိုင်းတွင် သူမ ဘာမျှ မမှန်မိတော့။
သတိရတစ်ချက် မရတစ်ချက်မှ လုံးဝ သတိလစ်သွားတော့သည်။

*
နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုမှ ရဲမှူးကြီး ထရစ်နန့်ထံသို့ ပြင်သစ် ကုန်တင်လေယာဉ်ပေါ်မှ တွေ့ရသော ဖိုးလည်စည်း စကတ်ကလေး ရောက်လာသည်။
ထိုစကတ်ထောင့်မှ "တီ-ဒဗလျူ"ဟု ထိုးထားသော အတိုကောက်စာလုံးနှစ်လုံးကို အတော်ကြာအောင် စိုက်ကြည့်နေသည်။
ထို့နောက်မှ သူ့လက်ထောက်ကို ပြောလိုက်သည်။
" ငါ့ကို ဒင်နရယ်ကူးပါးနဲ့ ဆက်သွယ်ပေးစမ်း "

(၃၂)

ဟော်လန် ကမ်းရိုးတန်းအနောက်မြောက်ဘက်တွင်ရှိပြီး မြောက်ပင်လယ်နှင့် မျက်နှာချင်းဆိုင်မှ ရွာလေး တစ်ရွာဖြစ်သော အယ်ကမာ ရွာလေးသည် သာယာလှပ၍ အေးချမ်းသော ရွာတစ်ရွာဖြစ်သည်။
ကမ္ဘာလှည့် ခရီးသည်များ ကြိုက်နှစ်သက်သော ရွာဖြစ်သည်။
သို့သော် ထိုရွာကလေး၏ အရှေ့ပိုင်းကိုမူ ကမ္ဘာလှည့်ခရီးသည်များ သွားခဲလှသည်။
ဂျက်စတီဗင်သည် ထိုရွာကလေး၏ လူသူ အရောက်အပေါက် နည်းသော အဆိုပါ အရှေ့ပိုင်းသို့ လေးငါး ခေါက်ရောက်ဖူးသည်။

အောအယ်လ်အမ် လေကြောင်းကုမ္ပဏီမှ လေယာဉ်ကလေး တစ်စင်းနှင့်အတူ ရောက်ခဲ့ခြင်းဖြစ်ပြီး သူမ သင်ပေးသဖြင့် ဟော်လန်စကားလည်း ထမင်းစားရေသောက်ပြောတတ်နေသည်။
ဂျက်သည် ထိုနေရာကို ကောင်းကောင်း မှတ်မိနေသည်။
ထိုနေရာက လူများသည် ကိုယ့်အလုပ်ကိစ္စကိုသာ စိတ်ဝင်စားပြီး သူတစ်ပါးကို စပ်စုခြင်းမရှိပေ။
ထိုနေရာသည် ပုန်းအောင်းခိုလှုံစရာ တကယ်ကောင်းသော နေရာဖြစ်သည်။
ဂျက်သည် ကနဦးတွင် ထရေစီကို ဆေးရုံသို့အမြန်ဆုံးတင်ရန် စိတ်ကူးလိုက်သည်။
သို့သော် ဆေးရုံတင်လျှက် အန္တရာယ်များလာပေလိမ့်မည်။

ထို့အပြင် အမ်စတာဒမ် မြို့၌ ဆက်နေလျှင်လည်း သူမအတွက် ရဲဘက်မှ အန္တရာယ်နှင့်ကြုံလာနိုင်သည်။
ထို့ကြောင့် ဂျက်သည် ထရေစီကို စောင်နှင့်ပတ်ပြီး ကားပေါ်သို့ တင်လိုက်သည်။
ထို့နောက် အယ်ကမာ ရွာကလေးသို့ ကားကို မောင်းပြေးတော့သည်။
ကားမောင်းသွားစဉ် တစ်လျှောက်လုံး ထရေစီ သတိလစ်နေသည်။
သွေးတိုးနှုန်းကလည်း မမှန်။
အသက်ရှူကလည်း ပျပျလေးသားရှိသည်။
အယ်မကာရွာတွင် တည်းခိုခန်းတစ်ခု၌ ဂျက်တည်းခိုသည်။

၈ျက်က ထရေစီအား တည်းခိုခန်းအပေါ်ထပ်သို့ သယ်တင်သွားသည်ကို တည်းခိုခန်းပိုင်ရှင်ကစူးစမ်း သောအကြည့်ဖြင့် ကြည့်နေသည်။
" ကျွန်တော်တို့ လက်ထပ်ပြီးစ ပျားရည်ဆမ်း ခရီးထွက်လာတာပါ၊ ကျွန်တော့် မိန်းမ ရုတ်တရက် နေမကောင်း ဖြစ်သွားလို့ အသက်ရှူကျပ်သွားတာမျိုးပါ၊ နည်းနည်း အနားယူလိုက်ရင် ကောင်းသွားမှာပါဗျာ"
၈ျက်က တည်းခိုခန်းပိုင်ရှင် အမျိုးသမီးအားပြောလိုက်သည်။
" ဆရာဝန် ခေါ်ပေးရမလား "
သူမက မေးသည်။
၈ျက်သည် ခေါ်ရကောင်းနိုး မခေးရကောင်းနိုး ဝေခွဲမရ ဖြစ်နေသဖြင့် မတင်မကျ ဖြေလိုက်သည်။

" ကျွန်တော် လိုရင် ပြောပါ့မယ် "
ဂျက်အတွက် ပထမဆုံး လုပ်ရမည့် အလုပ်မှာ ထရေစီ အဖျားကျသွားအောင် လုပ်ရမည့် အလုပ်ပင်ဖြစ် သည်။
၈ျက်သည် ထရေစီသည် အခန်းထဲရှိ နှစ်ယောက်အိပ်ခုတင်ကြီးပေါ်သို့ ဦးစွာတင်လိုက်သည်။
ခုတင်ပေါ်တွင် သူမကို ထိုင်လျက် အနေအထားဖြင့် လက်တဖက်နှင့် ထိန်းထားပြီး ချွေးများဖြင့် ရွှဲနစ်နေ သောသူမအ၀တ်များကို ချွတ်ရသည်။
ထို့နောက် ရှူးဖိနပ်ကိုချွတ်သည်။ ခြေအိတ်ရှည်တို့ကို ချွတ်သည်။
ထရေစီတစ်ကိုယ်လုံးမှာ ခြစ်ခြစ်တောက် ပူနေသည်။

ဂျက်သည် မျက်နှာသုတ် ပ၀ါကို ရေအေးနှင့် ဆွတ်လိုက်ပြီး သူမကိုယ်ကို ခြေဆုံးခေါင်းဖျား ရေ၀တ်နှင့် တိုက်သည်။
ထို့နောက် သူမကို စောင်နှင့် ပတ်ပြီး သိပ်ထားလိုက်သည်။
သူက ခုတင်ဘေးတွင် မှီထိုင်ပြီး သူမ၏ အသက်ရှူမမှန်သော အသံကို စောင့်နားထောင်နေရသည်။
အကယ်၍ နက်ဖြန်မနက်မှ အခြေအနေ တိုးတက်မလာလျှင် ဆရာဝန်ခေါ်ရန် ဂျက်ဆုံးဖြတ်လိုက်သည်။
မနက်မိုးလင်းသောအခါ ထရေစီခန္ဓာကိုယ်အောက်မှ အိပ်ရာခင်းအားလုံး ချွေးဖြင့် စိုရွှဲနေသည်။
သို့သော် ထရေစီက သတိလစ်နေဆဲ။ သို့သော် သူမ၏ အသက်ရှူသံမှာ မနေ့ညကထက် နည်းနည်း ပို ကောင်းလာသည်။

တည်းခိုခန်းမှ အခန်းသန့်ရှင်းရေး အလုပ်သမားများ ထရေစီအား မြင်သွားမည်ကို ဂျက် စိုးရိမ်နေမိသည်။
အကယ်၍ မြင်သွားပါက မေးစရာ မေးခွန်းများ တသီကြီး ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် အလုပ်သမားခေါင်းထံမှ အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်များ တောင်းယူပြီး အသစ်လဲလှယ်လိုက် သည်။
ဂျက်သည် နံနက်ပိုင်းတွင် ထရေစီ ခန္ဓာကိုယ်တစ်ခုလုံးကို ရေဖတ်တိုက်ပြန်သည်။
ထို့နောက် စောင်နှင့်ပြန်ခြုံထားသည်။

အခန်းအပြင်ဘက် တံခါးဘုတွင် "မနှောင့်ယှက်ပါနှင့်"ဟူသော စာတန်းကလေးချိတ်ထားခဲ့ပြီး အနီးဆုံး ဆေးဆိုင်သို့သွားကာ အက်စ်ပရင်ဆေးပြားများ၊ အဖျားတိုင်း သာမိုမီတာ ပြဒါးတိုင်တစ်ခု၊ အရက်ပြန် တစ် ပုလင်းနှင့် ရေမြှုပ်ပွတစ်ခုတို့ကို ၀ယ်လာသည်။
သူပြန်ရောက်လာသည်အထိ ထရေစီ မနိုးသေး။
အဖျားတိုင်းကြည့်ရာ ၁၀၄ ဒီဂရီ ရှိနေသည်။ ရေမြှုပ်ပွတွင် အရက်ပြန် အေးအေးကို ဆွတ်ပြီး သူမ တစ်ကိုယ် လုံး ကို ပွတ်လိုက်ရာ အဖျား ဒီဂရီ ကျသွားသည်။
ထို့နောက် တစ်နာရီကျော်ခန့်အကြာတွင် ထရေစိ၏ အဖျားဒီဂရီမှာ ပြန်တက်လာပြန်သည်။
ဂျက်အဖို့ ဆရာဝန်ခေါ်ရတော့မလို ဖြစ်လာသည်။
သို့သော် ဆရာဝန်က ထရေစီအား ဆေးရုံသို့ အတင်းတင်မည့် ပြဿနာ ကြုံလာနိုင်သည်။
မေးခွန်းများ လည်း မေးလာလိမ့်မည်။

ရဲက ထရေစီအား လိုက်ရှာနေသလား၊ မရှာဘူးလားဆိုသည်ကိုလည်း မသိနိုင်ပါချေ။
အကယ်၍ ရဲကလိုက်ရှာနေပါက ဆေးရုံတင်လိုက်လဆင် သူတို့နှစ်ယောက်စလုံး အဖမ်းခံရမည်မှာ သေချာသည်။
ထို့ကြောင့် ဆေးရုံတင်၍မဖြစ်။
ဖြစ်သည့်နည်းနှင့် တစ်ခုခုလုပ်ရပေမည်။
ဂျက်သည် အက်စ်ပရင်ဆေးပြားကို အမှုန့်ကြိတ်လိုက်သည်။
ထို့နောက် ထရေစီ၏ ပါးစပ်ကိုဟပြီး ဆေးမှုန့်များကို လောင်းထည့်သည်။
ရေကို ဇွန်းဖြင့် နည်းနည်းချင်း ပါးစပ်ထဲသို့ ထည့်ပေးသည်။
နောက်ဆုံးတွင် ဆေးမှုန့်များကို ရေနှင့်မျှောပြီး လည်ချောင်းထဲရောက်အောင် လုပ်ပေးနိုင်လိုက်သည်။

ထရေစီ၏ တစ်ကိုယ်လုံးကို ရေဖတ်တစ်ခါ ထပ်တိုက်လိုက်ပြန်သည်။
သူမ ခန္ဓာကိုယ် အပူရှိန်မှာ နည်းနည်းကျသွားမှန်းသိလာရသည်။
သွေးခုန်နှုန်း ကို ထပ်စမ်းလိုက်ပြန်သည်။
ယခင်ကထက် ပိုကောင်းလာသည်။
သူ့နားရွက်ကို သူမရင်ဘတ်တွင် ကပ်ပြီး နှလုံးခုန်သံကို နားထောင်ပြန်သည်။
ရင်ခုန်သံ မြန်ရာမှ နည်းနည်းလျော့လာသည်ဟု ထင်ရသည်။
နောက်ဆုံး ထရေစီ နေကောင်းပါစေဟုသာ တတွတ်တွတ် ဆုတောင်းနေရတော့သည်။

၈ျက်သည် ထရေစီနဖူးကို ဖွဖွကလေးနမ်းလိုက်သည်။
ဂျက်အဖို့ မအိပ်ရသည်မှာ ၄၈ နာရီရှိပြီ။
သူလည်း ခြေကုန်လက်ပန်းကျပြီး မျက်တွင်းလည်း ဟောက်နေပြီ။
နောက်မှ အိပ်တော့မည်။ အခုမျက်စိခေတ္တမှိတ်ပြီး တစ်ခဏနားလိုက်ဦးမည်ဟု စိတ်ဆုံးဖြတ်ကာ မျက်စိ မှိတ် လိုက်သည်။
သို့သော် တစ်ချိုးတည်း အိပ်ပျော်သွားတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၂)

ပြည်ထဲရေးနှင့်ကာကွယ်ရေး
ခင်နှင်းယု

မန္တလေးမြိှု့ မှာ ကျင်းပတဲ့ "အမေနေ့" ပွဲကို တက်ရောက်စကားပြောခွင့်ရတဲ့အတွက် မစု အများကြီး ဂုဏ်ယူ မိပါတယ်။ မန္တလေးမြို့သူ၊ မြို့သားများနဲ့လည်း ပြန်လည်တွေ့ဆုံရတဲ့အတွက်လည်း ၀မ်းမြောက် ၀မ်းသာ ဖြစ်မိပါတယ်။
ပြန်လည်တွေ့ဆုံရတော့ ယခုအကြိမ်ဟာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်က ဆွံ့အ နားမကြားကျောင်း ရန်ပုံငွေအတွက် ကျင်းပပြုလုပ်တဲ့ ဟောပြောပွဲမှာ မန္တလေးမြို့သူ၊ မြို့သားများနဲ့ မစု ပထမဆုံး တွေ့ကြုံခွင့် ရတာပါ။

အဲဒီတုန်းကလည်း ပထမတော့ မမမာက ပြောပါဆိုတာနဲ့ မမမာကို လေးစားတဲ့အနေနဲ့ ပြောဖို့ ဆုံးဖြတ် လိုက် တာပါ။ နောက်တော့ ကုသိုလ်လိုချင်လို့ပါ။ မစုတို့ဟောပြောလို့ရတဲ့ ရန်ပုံငွေနဲ့ ဆွံ့အနားမကြား ကျောင်း ကို လှူဒါန်းမှာဆိုတော့ ဒီကုသိုလ်မျိုးရခဲလို့ ဟောပြောခဲ့တာပါ။ ဆွံ့အနားမကြား ကျောင်း ရန်ပုံငွေရရှိရေး အဖွဲ့ ကိုလည်း အထူးကျေးဇူးတင်လေးစားမိပါတယ်။
ယခုလည်း ၁၉၉၆ ခုနှစ်ကတည်းက အကောင်အထည်စဖော်ခဲ့တဲ့ "အမေနေ့" အခမ်းအနားကို ကျင်းပတာ မန္တလေးမှာ ၅ ကြိမ်ရှိခဲ့ပါပြီ။
မန္တလေးမြို့ဟာ ယဉ်ကျေးမှုမှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ဦးဆောင်ခဲ့တာပါဆိုရင် မမှားပါဘူး။ မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းခဲ့တဲ့ မြို့ဖြစ်တယ်။

ဆွံ့အနားမကြားကျောင်းအတွက် အဖွဲ့ဖွဲ့ပြီး ရန်ပုံငွေရှာခဲ့တာ ဟောပြောပွဲတွေ လုပ်ခဲ့တာ မန္တလေးမြို့က စခဲ့တာပါ။ ယခု "အမေနေ့" ကျင်းပပြုလုပ်သင့်တယ်လို့ ဆုံးဖြတ်ပြီး အမေနေ့ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့ပြီး ကျင်းပပြုလုပ်တာဟာလည်း မန္တလေးက စခဲ့တာပါ။ အခုဆိုရင် ရန်ကုန်မြို့နဲ့ တကွ တချို့မြို့ကြီး တွေမှာ "အမေနေ့"ကို တစ်ပြိုင်နက် ကျင်းပပြုလုပ်နေပါပြီ။
ဘ၀ပေးချို့တဲ့ သူတွေကို စောင်မကူညီခြင်း၊ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုခြင်းဆိုတာတွေဟာ ယဉ်ကျေးမှု ရဲ့ လက္ခဏာများဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေကို စတင်ဆောင်ရွက်ဖို့ အကြံဥာဏ်ရပြီး အကောင်အထည် ဖော်ကြတဲ့ မန္တလေးမြို့သူ မြို့သားများကို မစု အများကြီး ချီးကျူးဂုဏ်ပြုမိပါတယ်။

ယခင်နှစ် တွေက ကျင်းပတဲ့ အမေနေ့တွေမှာ " အမေများ " ရဲ့ ဂုဏ်ကျေးဇူးကို ပညာရှင်များ စာရေးဆရာ ကြီးများ ဟောပြောသွားကြတာ အမြောက်အမြား ရှိပါတယ်။ ဆရာကြီး ဦးသုခ ဟောပြောချက်တွေ၊ ဆောင်းပါး တွေ စုပေါင်းထုတ်ဝေတဲ့ စာအုပ်ကိုဖတ်ရင်ပဲ အမေရဲ့ ကျေးဇူးတရား ဂုဏ်ပုဒ်တွေဟာ ရေးဖွဲ့လို့ မကုန်နိုင်အောင် များတာကို တွေ့ရမှာပါ။
လူတွေဟာ မေ့လျော့တတ်ပါတယ်။ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံလွန်ခါနီးမှာ " မမေ့မလျော့၊ မပေါ့ကြ ကုန်လင့်" လို့ မိန့်ကြားခဲ့ပါတယ်။ တပည့်သား သံဃာတော်တွေနဲ့တကွ ဗုဒ္ဓဘာသာဝင်အားလုံးကိုပါပဲ။

ဒါပေမယ့် လူတွေဟာ မြတ်စွာဘုရား ဟောကြားဆုံးမတဲ့ တရားတွေအားလုံးကို မဆိုထားနဲ့ " လောကကြီး ဟာ မမြဲ၊ ဆင်းရဲသဘော" ပဲလို့ ဟောကြားခဲ့တဲ့ စကားသုံးလုံးကိုတောင် မေ့တယ်။
" မမြဲ " ဆိုတဲ့အထဲမှာ လူ စည်းစိမ် ဥစ္စာ အခြွေအရံ ရာထူး အာဏာ အားလုံးပါတယ်။ ဒါတွေဟာ မမြဲဘူး၊ သူတို့နဲ့ ဆုံစည်းတဲ့ခဏပဲ စိတ်ချမ်းသာတယ်ထင်ရပေမယ့် သူတို့နဲ့ ဆုံစည်းတဲ့ခဏပဲ စိတ်ချမ်းသာတယ် ထင်ရပေမယ့် သူတို့နဲ့ ခွဲခွာရ ကွေကွင်းရတဲ့အခါ စိတ်ဆင်းရဲရတယ်။ ဒုက္ခရောက်ရတယ်။ အဲဒါတွေ မမြဲလို့ ဆင်းရဲ ရပါတယ်။ ဒါတွေ အပေါ်မှာ တွယ်တာတပ်မက်စိတ်ကို ထိန်းချုပ်ပါ။ ထိန်းနိုင်အောင် တရားတွေ ကျင့် ပါဆိုပေမယ့် ဘုရားစကားကိုမေ့ပြီး အဲဒီ စည်းစိမ်ဥစ္စာရာထူးအာဏာတွေအတွက် မောင်နှမချင်း တရားစွဲ၊ ညီအစ်ကိုချင်း တရားစွဲ၊ မိဘကိုတောင် အသက်ရှင်စဉ် အမွေခွဲဝေမပေးတယ်ရယ်လို့ ခြိမ်းခြောက် ကြတယ်။

အာဏာလုပွဲ တွေအတွက်လဲ စစ်ပွဲကြီးတွေဖြစ်ကြရတယ်။ မြတ်စွာဘုရားသခင်က မိမိနှင့်တကွ အားလုံး သောအရာ တို့သည် သူ့သဘောသူဆောင်နေကြတာ ဘာကိုမှ မစိုးပိုင်ပါဘူး၊ ဖန်တီးလို့ မရပါဘူးဆိုတာ မေ့ပြီး "ငါ" ဆို တဲ့ မာနနဲ့ လက်မထောင်ကြတယ်။
အဲဒီလို မြတ်စွာဘုရားသခင် ဟောကြားတဲ့တရားတွေကိုတောင် လူသားတွေဟာ မေ့လျော့သေးတာပဲ ကိုယ့်ကို မွေးကတည်းက ကျွေးမွေးပြုစုလာသူ အနီးကပ်ဆုံးချစ်သူဖြစ်တဲ့ အမေ့ကျေးဇူးတရား၊ အမေ့မေတ္တာ ကို မေ့လျော့တတ်ကြတာဟာ မဆန်းပါဘူး။ မြတ်စွာဘုရားသခင်ရဲ့ လက်ဝဲရံအဂ္ဂသာဝက ရှင်မဟာမောဂ္ဂလာန်မထေရ်ကြီးတောင်မှ သူ့အတိတ် ဘ၀နုစဉ်တုန်းက အစဉ်ထာဝရ မွေးကတည်းက ပြုစု လာခဲ့ တဲ့ အနီးကပ်ချစ်သူ မိခင်ရဲ့ မေတ္တာတရားကို မေ့လျော့ပြီး နောက်မှတွေ့ရတဲ့ ချစ်သူ ဇနီးရဲ့ သွေး ဆောင်မှုကြောင့် မိခင်ကို တောထဲခေါ်သွားပြီး လူဆိုးတွေနဲ့ သတ်ခိုင်းတဲ့အဖြစ် ရောက်ခဲ့ရတယ်။ ဒီဝဋ် ကြွေးကို နောက်ဆုံးဘ၀ ပရိနိဗ္ဗာန်စံခါနီးမှာ ရှင်မောဂ္ဂလာန်ဟာ ပေးဆပ်ပြီး လူဆိုးတွေ လက်ချက်နဲ့ ပရိနိဗ္ဗာန် စံ ရပါတယ်။

ဒါကြောင့် မိခင်၏ မေတ္တာနဲ့ ကျေးဇူးတရားကို မေ့လျော့သူတို့ကိုလဲ မမေ့အောင်၊ မမေ့ဘဲ ကျေးဇူးသိတတ် သူများကိုလဲ ပိုမို ကျေးဇူးဆပ်နိုင်အောင် သတိပေးတဲ့အနေနဲ့ " အမေနေ့ " ကျင်းပပြုလုပ်တာဟာ အများ ကြီး တန်ဖိုးရှိပါတယ်။
မစုတို့ မြန်မာစာပေမှာ ကဗျာတစ်ပုဒ်ရှိပါတယ်။ " မဟာဗြဟ္မေ၊ လျှာကုဋေဖြင့်၊ ဆန်းနေဂိုဏ်းညီ၊ ဂါထာစီ၍၊ ကျူးချီမြွတ်ဖော်၊ ဆိုလှည့်သော်လည်း၊ ဘုန်းတော်ကဲလွန်၊ အနေကံ ကို၊ ဝေဖန်ချီးမြှောက်၊ ပြီးမရောက် လိမ့်" တဲ့။

အဲဒီကဗျာပိုဒ်ကို ကဗျာကျမ်းမှာ အတိဝုတ္တ ဒေါသသင့်တယ်လို့ မစု ငယ်ငယ် ကဗျာသင်တုန်းက သင်ကြား ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘုရင့်ဘုန်းတော်ကို ဖွဲ့ဆိုတဲ့နေရာမှာ အလွန်အကျူး အချီးမွန်းလွန်တယ်၊ ဂုဏ်ပြု လွန်းလွန်တယ်လို့ ယူဆတဲ့အတွက် အတိဝုဒတ္တဒေါသသင့်တယ်လို့ ပညာရှင်များက ယူဆကြတာပါ။
ယူဆချင်စရာပါပဲ။ ဒီကဗျာမှာ ဘုရင့်ဘုန်းတော်ကို ဖွဲ့ထားတာ " မဟာဗြဟ္မာကြီးတွေဟာ တစ်ယောက်ကို လျှာတစ်ကုဋေစီ ဖန်ဆင်းပြီး ဘုရင့်ဘုန်းတော်ကို ဆန်းဂိုဏ်းတွေနဲ့ ညီညွတ်အောင် ဂါထာတွေစီပြီး သီဆို ချီးကျူးဖော်ထုတ်သော်လည်းပဲ လွန်ကဲများမြောင်လှသော ဘုရင့်ဘုန်းတော်ကို ဖွဲ့နွဲ့လို့မပြီးနိုင်ပါဘူး" တဲ့။

ဒါဟာ ဘုရင့်ဘုန်းတော်ဘွဲ့၊ ဘုရင့်ဂုဏ်ကို ချီးမြှင့်လွန်းတဲ့အတွက် အတိဝုဒ္ဓဒေါသသင့်တယ်လို့ ပညာရှင် တွေ သတ်မှတ်တာ သတ်မှတ်သင့်ပါတယ်။
ဘုရင်ဆိုတာ တစ်နိုင်ငံကိုပဲ အုပ်စိုးနိုင်တာပါ။ အင်ပါယာခေတ်မှာ သူ့အင်ပါယာတစ်ခုကို အုပ်စိုးနိုင်ပေမယ့် တစ်ကမ္ဘာလုံးကို အုပ်စိုးနိုင်တဲ့ဘုရင် မရှိပါဘူး။ ဘုရင်ဟာ သူအုပ်ချုပ်တဲ့ နိုင်ငံသားတွေကို ရင်ဝယ်သားလို မေတ္တာထားတာ မှန်တယ်။ ဒါပေမယ့် သူ့ကို မခန့်လေးစားလုပ်ရင်၊ အကြည်ညိုပျက်အောင် လုပ်ရင်၊ ပန် ကန်ရင် ဖမ်းဆီးအပြစ်ပေးတာပါပဲ။ ဘုရင့်မေတ္တာက အကန့်အသတ်ရှိတယ်။ " ငါ့မထိနဲ့" ၀ါဒပဲ။ တစ်စုံတစ် ယောက်ဟာ ဘုရင့်စည်းစိမ်ကို ထိခိုက်လာမယ်ထင်တဲ့တစ်ပြိုင်နက် မြွေဟောက်လိုပဲ " ထိရင်ပေါက်" လိုက် မှာပဲ။ ဒါကြောင့် စကားပုံ တောင်ရှိတယ်မဟုတ်လား။ " နဂါးတို့မျက်စောင်း အကြောင်း သုံးပါးရွေးတယ်။ မင်း မြတ်၏မျက်စောင်း အကြောင်းသုံးပါးမရွေးဘူး" လို့ ဆိုပါတယ်။ ပြန်လည်ချေပခွင့်၊ ရှင်းလင်းခွင့် ဘာမှ မရှိဘူး။

မိခင်မေတ္တာကတော့ ကျယ်ဝန်းတယ်၊ အကန့်အသတ်မရှိဘူး၊ သတ္တ၀ါရှိရင် မိခင်ရှိတယ်၊ မိခင်ရှိရင် မိခင် စိတ်မိခင်မေတ္တာရှိတယ်။ စကြာဝဠာအတွင်း သတ္တ၀ါရှိတဲ့နေရာတွေမှာ မိခင်မေတ္တာတွေ ရှိနေပါတယ်။ သား သမီးက ဘယ်လိုဆိုးဆိုး သူ့စည်းစိမ်ဥစ္စာကို ထိပါးသုံးဖြုန်းလဲ ခွင့်လွှတ်ကြတယ်။ သားဆိုး သမီးဆိုးဆိုရင် မိခင်က ပိုလို့တောင် ချစ်တယ်ဆိုတာ ကြားဖူးကြမှာပါ။ ဥပမာ အင်္ဂုလိမာလရဲ့ အမေ ကိုကြည့်ပါ။ သူ့သား ဟာလက်ညိုးတစ်ထောင်ရအောင် ဖြတ်နေတဲ့ လူဆိုးကြီးဖြစ်နေတာကို သိတယ်။ သူ့သားလေးဟာ လူ တွေမုန်းပြီး ထမင်းတောင် စားစရာရှိမှာ မဟုတ်ဘူး။ သူ့သားလေး ထမင်းငတ်တော့ မှာပဲကို စိုးရိမ်လို့ သားဆီ ထမင်းထုပ်လေးသွားပို့တယ်။ အင်္ဂုလိမာလက မိခင်ကို မြင်တယ်။

လက်ညိုးတစ်ထောင်ပြည့်ဖို့ တစ်ချောင်းသာလိုတော့ မိခင်သတ်ပြီး လက်ညိုးဖြတ်ဖို့ မိခင်နောက် လိုက်တယ်၊ အင်္ဂုလိမာလအမေ က မပြေးဘူး။ သားလေးကို ထမင်းထုပ်တပြပြနဲ့ နေရှာတယ်။ မြတ်စွာဘုရား သခင်သာ ကြားဝင်မရပ်ရင် အင်္ဂုလိမာလဟာ အမေကို သတ်မှာပဲ။ ဒါကြောင့် အမေ့မေတ္တာ ဟာ ဘုရင့်မေတ္တာနဲ့ မနှိုင်းလောက်ပါဘူး။ အမေ့မေတ္တာကသာပါတယ်။ အမေမှာ " ငါ့မထိနဲ့" ၀ါဒ ဘုရင်လို မရှိဘူး။ သူ့အသက်ကို ထိပါးရင်တောင် သားသမီးကို အသက်ပေးချစ်တာပါ။ ခွင့်လွှတ်တာပါ။ ဒါကြောင့် မစု က ခုနက ကဗျာပုဒ်ကို ဒီလို ပြင်စပ် ချင်ပါတယ်။

" မဟာဗြဟ္မေ၊ လျှာကုဋေဖြင့် ဆန်းနေဂိုဏ်းညီ၊ ဂါထာစီ၍ ကျူးချီမြွက်ဖော်၊ ဆိုလှည့်သော်လည်း၊ ဂုဏ်တော်တုကင်း၊ မွေးမိမင်း၏။ ချစ်ခြင်းမဟာ၊ သီတာရွှန်းမြ၊ အနန္တကို၊ ဆုံးစချီးမြှောက် မရောက်လိမ့်" လို့ ပြင်ချင်ပါတယ်။ ဒီလိုပြင်ရင် ဒီကဗျာဟာ အတိဝုတ္တဒေါသ မသင့်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင့် ဘုန်းတော်ကို ချီးမြှောက်တာမဟုတ်ဘူး။ မိခင်မေတ္တာကိုသာ ရေးဖွဲ့သီကုံးခြင်း ဖြစ်တယ်။ မဟာဗြဟ္မာကြီး တွေ လျှာကုဋေစီ ဖန်ဆင်းပြီး မိခင်မေတ္တာကိုသာ ဖွဲ့နွဲ့ရွတ်ဆိုရင်တောင်မှ မိခင်မေတ္တာ အတိုင်းအတာ အနန္တ ဟာပြီးဆုံးမှာ မဟုတ်ပါဘူးလို့ ဆိုလိုတာပါ။ ဒီနေရာမှာ ဘုရင့်ဘုန်းတော်ဘွဲ့ အုပ်ချုပ်သူအလိုကျ ချီးမြှောက် ဖွဲ့ဆိုတဲ့ တော်ဝင် စာရေးဆရာကြိးရဲ့စာကို ပြင်ဆင်လို့ မစုကို ခွင်လွှတ်စေလိုပါတယ်။ သူ့စာက စာသား အနေနဲ့ကောင်းပါတယ်။ သူဟာ ကဗျာတစ်ပုဒ်မှာ ရှိရမယ့်ုဏ်တို့ ဂိုဏ်းတို့နဲ့ မရှိသင့်တဲ့ အပြစ်ဒေါသ ကိုလည်း သိပါတယ်။ ပညာရှင်ကြီးပါ။ သို့သော် " တော်ဝင်" ဆိုကတည်းက ဒီဘွဲ့ရအောင် ဘုရင်ကို ချီးမြှောက်ရပေ လိမ့်မယ်။ သူ့မှာလည်း အကြောင်းကြောင်းရှိပေလိမ့်မယ် ထားပါတော့။

တချို့လူတွေမှာ အစွဲရှိတယ်။ မိန်းမဖြစ်တာ ယုတ်ညံ့တယ်လို့ ထင်မှတ်တယ်။ မစုကတော့ မိန်းမဖြစ်ရတာ ဂုဏ်ယူ ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမဟာ မိခင်မျိုးနွယ်ဖြစ်လို့ပါပဲ။ အစ္စရေး (ဂျူး)တွေမျာ စကားပုံ တစ်ခုရှိပါတယ်။ " ဘုရားသခင်သည် နေရာတုင်းမှာ မရှိနိုင် မိခင်များကို ဖန်ဆင်းထားသည်" တဲ့။ ဒီစကား အရ မိခင်တွေဟာ ဘုရားသခင်ရဲ့ ကိုယ်ပွားဖြစ်ပါတယ်။ ဘုရားနဲ့ တစ်ဂိုဏ်းထဲပါပဲ။ ဗုဒ္ဓဘာသာ တွေမှာ မိဘဆရာကို ဘုရားနဲ့ တစ်ဂိုဏ်းထဲထားတယ်ဆိုတဲ့ သဘောနဲ့ အတူတူပါပဲ။ ဘာကြောင့် မိခင် တွေဟာ ဘုရားနဲ့ တစ်ဂိုဏ်းထဲဖြစ်ရသလဲဆိုရင် ဘုရားသခင်လို သားသမီးတွေအပေါ် မေတ္တာထားနိုင်တာ မိခင် ပဲ ရှိပါတယ်။

မိခင်မေတ္တာကို ဘုရားသခင် မေတ္တာနဲ့ ခိုင်းနှိုင်းထားတဲ့အတွက် မိခင်မျိုးနွယ်ထဲမှာပါဝင်တဲ့ အမျိုးသမီးဖြစ်ရ တာ ကို မစုက မွန်မြတ်တယ်လို့ ဂုဏ်ယူတာပါ။
ဒီလိုဆိုရင် ဖခင်တွေကရောလို့ မေးစရာရှိတယ်။ မာတာပီတု ဂုဏော အနန္တောလို့ ဆိုခဲ့လေတော့ ဖခင်ဂုဏ်ဟာလည်း ကြီးမားပါတယ်။
ဒါပေမယ့် အာဝေဏိက ဒုက္ခငါးပါးကို ခံစားပြီး မိခင်ဘ၀ကို ဖြတ်သန်းရတာက မိခင်တွေပါ။ ဒီ အာဝေဏိက ဒုက္ခကို ဘာလို့ ခံနိုင်ရည်ရှိသလဲဆိုရင် မိခင်မေတ္တာ မိခင်စိတ်ကြောင့်ပါ။
လက်ထပ် ပြီးကတည်းက လင်သားနောက် လိုက်လိုက် မလိုက်လိုက် သားကိုသခင် လင်ကိုဘုရား ပြုစုကြ ရတာ မိန်းမတွေတာဝန်၊ လင်ဆိုးကိုပေါင်းရလဲ မိခင်မေတ္တာစိတ်နဲ့ ခွင့်လွှတ်ပြီး ထင်းပုံခေါင်းချ ပေါင်းသွား ကြတာပါ။

မြန်မာအမျိုးသမီးတွေက သည်းခံစိတ် ပိုများပါတယ်။ လင်သားအပေါ်မှာ မိခင်စိတ်ထားတယ် ဆိုတာ ယုံပါ သလား။ ယောက်ျားတစ်ယောက်ကို ရာဂဆိုတဲ့ အချစ်တစ်ခုထဲနဲ့ ရေရှည်မပေါင်းနိုင်ပါဘူး။ ခွင့် လွှတ်သည်းခံခြင်းဆိုတဲ့ မိခင်စိတ် မိခင်မေတ္တာထားရှိသလို လင်သားရဲ့ ကောင်းကျိုးဆိုးကျိုးကို မိန်းမတွေ ခံနိုင်တာပါ။ ဒါကြောင့် " သားဆိုးအမေ တတေတေ၊ လင်ဆိုးမယား မဖားဖား" ဆိုတဲ့ စကားပေါ်လာတာပါ။ သားသမီး ကိုယ်ဝန်ဆောင်ရခြင်း၊ သားသမီးမွေးဖွားရခြင်းကို မိခင်တွေက လုပ်ရတာပါ။ ကလလ ရေကြည် တည် ကတည်းက တဖြည်းဖြည်း ဗိုက်ထဲမှာ သားငယ်က ကြီးလာပေလို့၊ တစ်ခါထဲသာ ဗိုက်ထဲမှာ ၇ ပေါင် ၈ ပေါင်လေးတဲ့ ၉ လလုံးလုံး ထမ်းရွက်စောင့်ရှောက်ပြီးနေရတာ မိခင်ပါပဲ။ အစားဆင်ခြင်၊ အနေအထိုင် ဆင်ခြင် နဲ့ နေရတာ မွေးတဲ့အထိ၊ မွေးလာတော့ကော မီးဖွားရတဲ့ ဝေဒနာဟာ ပြင်းပြလွန်းလို့၊ စွန့်စားရလွန်းလို့" ယောက်ျားဖောင်စီး၊ မိန်းမမီးနေ" ဆိုပြီး ခိုင်းနိုင်းကြတယ်။ ဒါပေမယ့် အဲဒီဒုက္ခတွေကို ရဲရဲဝံ့ဝံ ရင်ဆိုင်ပြီး မိခင်တွေဟာ သားသမီးတွေ မွေးလာလို့ အခု မစုတို့တတွေ အသက်ရှင်သန်နေရတာပါ။

မွေးလာပြီးတော့ ကိစ္စမပြီးသေးဘူး။ ဒီငယ်တီတာလေးကို နို့ချိုတိုက်ကျွေးရတယ်။ ညဥ့်သေးစိုလို့ ကလေး နိုး ရင်လည်း မိခင်ကပဲ ထလဲပေးရတယ်။ အိပ်ရေးဝတယ်မရှိပါဘူး။ မကျန်းမာလို့ ညလုံးပေါက် ပြုစုရတာ မိခင်ပဲ။ ဖခင်ကအလုပ်ချင်လို့ မဟုတ်ဘူး။ ဘ၀ပေးတာဝန်အရ သူတို့က အိမ်ထောင်အတွက် ငွေကြေး ရှာ ဖွေရတဲ့သူတွေ၊ ညအိပ်ရေးဝအောင် အိပ်ရမှ မနက်အလုပ် ဆင်းနိုင်မှာဆိုတော့ မိခင်က ဖခင်ကို ငဲ့ညှာရပါ တယ်။ စေတနာထားပြီး သူကိုယ်တိုင်ပဲ လုပ်တာပါ။
သားသမီးကြီးလာတော့လည်း သားကြီးက ဒါကြိုက်တယ်။ သမီးက ဟိုဟာကြိုက်တယ်၊ သားတို့ ဖေဖေက ဘာမှ ကြိုက်တယ်နဲ့ မိသားစုစိတ်ကြိုက် ဖန်တီးချက်ပြုတ် ကျွေးမွေးတာဟာ မိခင်တွေပါပဲ။ ဒါကြောင့် မိခင် ကို ပိုမိုဦးစားပေးရတာပါ။

ဒီမန္တလေးမလာခင် ဆရာကြီး ဦးသုခရေးတဲ့ အမေနေ့ ဆောင်းပါးတွေ စုပေါင်းရေးထားတာ ဖတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဆရာကြီးက သူ့မိခင်အကြောင်း ရေးသားခဲ့ ဟောပြောခဲ့တာတွေ ဖတ်ရတာ ၀မ်းနည်းကြေကွဲ စရာ ကောင်းပါတယ်။
မစုလည်း မစုရဲ့ ဖေဖေနဲ့ မေမေအကြောင်း နည်းနည်းပြောချင်ပါတယ်။ ပြောခွင့်ပြုပါ။
" ကျွန်ုပ်နှင့် ကျွန်ုပ်၏ အောင်မြင်မှုသည် ကျွန်ုပ်မိခင်၏ ကျေးဇူးတရားများသာ ဖြစ်ပေသည်" လို့ အမေရိကန် ၁၆ ဆက်မြော်သမ္မတ အီဗရာဟင်လင်ကွန်းက ပြောခဲ့တယ်။
မစုလဲ သူ့လို သမ္မတတော့ မဖြစ်ဘူးပေါ့။ မစုအထွာ နဲ့ မစုရဲ့ဘ၀ အောင်မြင်မှုဟာ မစုမေမေ ကြောင့်ဆိုရင် မမှားပါဘူး ဒီနေရာမှာ မေမေ့အကြောင်းပြောရင် ဖေဖေ့အကြောင်းပါ ပါလိမ့်မယ်။
မစု မေမေက ငယ်ငယ်က ချမ်းသာခဲ့တယ်။ သူ့မိဘ ချမ်းသာရုံတင် မဟုတ်ဘူး။ ဟိုခေတ်က မေမေ့အမည်နဲ့ အိုင်ရာလန် ထီပေါက်ခဲ့တယ်။ မေမေ ၁၃ နှစ်သမီး မှာ ပေါက်တာပါ။

ပေါက်တဲ့ငွေက ၅ သောင်း၊ အဲဒီအချိန် ရွှေဒင်္ဂါးတစ်ပြား ၁၃ိ- ဈေးဆိုတော့ ငွေ ၅ သောင်း တန်ဖိုး မှန်း ကြည့်ပါ အဲဒီအထဲမှာ မြင်းပြိုင်တာတဲ့ မစုတော့ နားမလည်ဘူး။ ထီဆုအတူ မြင်းပြိုင်လို့ အနိုင်ရတဲ့ငွေ ၂ ထောင်ပါ ရပါတယ်။ အဲငွေထဲက မစုတို့ မွေးဖွားတဲ့ ၄ ပင် ၃ ခန်း၊ သွပ်မိုး ပျဉ်ထောင် နှစ်ထပ်အိမ်ကို ၀ါးခယ်မ ဘုရားကြီးလမ်းမှာ ၀ယ်ခဲ့တယ်။ တစ်အိမ်လုံးမှ တစ်ထောင်ပေးရတယ်။
မေမေတို့ခေတ်က စိန်လက်ကောက်ကို နှစ်ဆင့်ဝတ်ကြတာ။ မစုတော့ မမြင်ဖူးခဲ့ဘူး။ ဖက်ထုပ်၊ တစုသီး လက်စွပ်တော့ မြင်ခဲ့ဖူးတယ်။ ခုခေတ်လို စိန် ကို မှောက်မလုပ်ဘူး။ အချွန်ပေါ်ထားပြီး တစုသီးပုံ လုပ်တယ်။ စွန်ကုတ်တစ်ခုစီ မှာ စိန်သေးသေးတစ်လုံးစီ မြှုပ်ထားသေးတယ်။

မစုတို့ မောင်နှမ ၇ ယောက်မွေးတယ်။ အစ်ကို အလတ် တစ်ယောက်ထဲ ငယ်ငယ်က ကွယ်လွန်သွားတယ်။ မစုတို့ ဘိုးဘွားမိဘတွေရဲ့ တခြားအလုပ်က စပါးပေး ပေးတယ်။ သတ်သတ်လည်း စပါးတွေ ၀ယ်တယ်။ သော်ကရွာ မှာ (စပါးကျီ)စပါးစည်တွေ ဆောက်ပြီး စပါးတွေသိုလှောင်ပြီး ရောင်းပါတယ်။ လယ်ကတော့ ဂေါ်နုသောင် မှာ ၀မ်းစာစပါးရရုံပဲ စိုက်ပါတယ်။
စပါးဝယ်ဖို့ ကိုယ်စားလှယ်သတ်သတ် ခန့်ထားရပါတယ်။ သူ့အမည်က ဦးလှ၊ ဖေဖေက ၀ါးခယ်မအင်္ဂလိပ် မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်းမှာ ကျောင်းဆရာ လုပ်ပါတယ်။
မစု ၅ နှစ်သမီးမှာ ဖေဖေ နားမကြားတော့ဘူး။ ဒီနေ့ညအိပ်ရာဝင် အကောင်း၊ မနက်ရောက်တော့ လုံးဝ နားမကြားတော့ဘူး။ လေငန်းရောဂါကြောင့် ခြေတစ်ဖက်လည်း ဆွဲသွားတယ်။ လမ်းတော့ လျှောက်နိုင် တယ်။ သူ အလုပ်မလုပ်နိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျရာကနေ စိတ္တဇဝေဒနာ ခံစားရတယ်။ လမ်းပေါ် ပြေးနေ တဲ့ သူရူးလိုတော့ မဟုတ်ဘူး။ သတိရှိပေမယ့် ထင်ရာလုပ်တတ်တယ်။ (မစုရေးတဲ့ ဖေဖေ၀တ္ထုမှာ ဖေဖေ့အကြောင်း ပါပြီးပါပြီ။)

ကံတရားက အပြောင်းအလဲမြန်လိုက်တာ။ အဲဒီအချိန်မှာ မြစ်ဝကျွန်းပေါ်မှာ ရေကြီး၊ မိုးရွာ၊ အခါမဟုတ် စပါးသိမ်းခါနီး မိုးရွာရေကြီးတော့ စပါးတွေလည်း မိုးမိတာပေါ့။ မေမေတို့ရဲ့ ကိုယ်စားလှယ်ကြီး ဦးလှ ကိုလည်း လူသတ်ခံရတယ်။
ဖေဖေရဲ့ အမျိုးတစ်ယောက်က စပါးဝယ်ယူ သိုလှောင်ဖို့ တာဝန်ယူလုပ်ပါတယ်။ ဒါပေမယ့် စပါးအကြောင်း နားမလည်ဘူး။ စပါးဟာ မသိုလှောင်ခင် အစိုဓာတ်ရှိ/မရှိ တိုင်းတာရပါတယ်။ ခြောက်သွေ့မှ သိုလှောင်ရ တယ်။ ဖေဖေ့အမျိုး က ရသမျှ စပါးတွေဝယ်ပြီး သိုလှောင်လိုက်တာ ရေစိုစပါးတွေဖြစ်နေတော့ အပင်ပေါက် တွေ ဖြစ်ကုန်ရော။ ဒီတော့ စပါးဝယ်တဲ့အထဲ ထည့်ထားတဲ့ ငွေရင်းကလည်း ပေါ်မလာ။

ဖေဖေ့အတွက် အခုခေတ်လိုမဟုတ်တော့ အင်္ဂလန်က နားကြပ် တို့ ဆေးတို့ မှာယူကုသရတယ်။ မြန်မာပြည် မှာလည်း ဆရာပေါင်းစုံနဲ့ ကုပေမယ့် ဖေဖေ့နားရောဂါက ဖေဖေ့အမျိုးထဲက တစ်ယောက်ရဲ့ ဂုဏ်သရေ ကို ထိခိုက်မယ့် ကိစ္စပေါ်လာပါတယ်။ အဲဒီအချိန်မှာ မေမေဟာ သူ့လက်ဝတ်လက်စားကို ထုခွဲ ပေးရုံ မက နောက်ဆုံး မစုတို့ နေတဲ့အိမ်ကြီးကို ချစ်တီးလက် ထိုးအပ်လိုက်ရတယ်။
မစု ၅ နှစ်သမီးလောက်က အဖြစ်အပျက်တွေ မစုမသိပါဘူး။ မေမေကလည်း ပြောမပြဘူး။

ဆွေမျိုးတွေစု နေတဲ့ မစုတို့အိမ်ကြီးမှာ မေမေက အိုးခွဲလည်း မစားရဘူး။ မိသားစု သွေးကွဲမှာစိုးလို့တဲ့။ အကျိုးအကြောင်း အားလုံးကို မစုသိရတာက ဦးနု အမေဘက်ကတော်တဲ့ ပန်းတနော်က ဦးနု နှမက မစု တို့ကို ထိန်းတော့ သူပြောပြလို့သိရတာ။ သူက ဘာလို့ ပြောပြရသလဲဆိုတော့ မစုက မေးလို့။

မစုရဲ့ အထက် အကြီးအစ်ကိုနဲ့ အစ်မတွေ သုံးယောက်လုံးဟာ အင်္ဂလိပ် မြန်မာနှစ်ဘာသာသင်ကျောင်းမှာ နေရတယ်။ ကျောင်းအုပ်ကြီးက ဒေါက်တာဂွမ်လျောင် (စာရေးဆရာမောင်ဖြူး) ဒီတုန်းက မစုရဲ့ မမက  ၆ တန်းမျာ စနှိုးဝှိုက်ဝတ္ထု ကို ကျောင်းပြဇာတ်ခင်းတော့ ဇာတ်ကောင်တစ်ယောက်အနေနဲ့ အင်္ဂလိပ်လို ပြောနိုင် တယ်။ မစု နေရတာက တစ်လ တစ်မတ်ပေးရတဲ့ ဦးဘိုထင် မြန်မာစာသင်ကျောင်း။ မစုကလည်း မမကြည့် ပြီး သိပ်အင်္ဂလိပ်လို တတ်ချင်တာပဲ။ ပြောချင်တာပဲ။ ဒါနဲ့ မစုကိုထိန်းတဲ့ သန်းသန်းကို မေးမိတယ်။ " မစု ဘာလို့ မမတို့ကျောင်းမှာ မနေရတာလဲ" ဆိုတော့ သူက ပြောတယ် -
" တင်တင်တို့မှာ ငွေမရှိတော့ဘူးတဲ့။ ဒါကြောင့် မစုကို အဂ်လိပ်ကျောင်းမှာ မထားနိုင်ဘူး" လို့ ပြောပြ တယ်။ ပြီးတော့ မစု မသိသေးတဲ့ ငယ်ငယ်ကအကြောင်းတွေ ပြောပြလို့ သိရတာပါ။ မေမေက တစ်လုံးမှ မဟဘူး။ မိသားစု သွေးကွဲမှာစိုးတယ်တဲ့။

လင်သည် ဒုက္ခိတက တစ်မျိုး၊ ပစ္စည်းပျက်တာက တစ်မျိုး၊ သားသမီး ၆ ယောက်ရဲ့ တာဝန်ကိုလည်း ထမ်း ထားရပေမယ့် မေမေမျက်နှာညိုးတာ မစုမမြင်ခဲ့ရဖူးဘူး။ အမြဲတက်တက်ကြွကြွ ရွှင်ရွှန်းလန်းလန်းပဲ။ တစ်ခုတော့ ရှိတယ်။ ဖေဖေ ရောဂါရပြီးကတည်းက မေမေ သနပ်ခါးမလူးတော့ဘူး။ ဖေဖေကလည်း စိတ်က သာ မမှန်ဘူးဆိုတယ်။ ညနေစောင်းရင် သားသမီးတွေ စာဖတ်ဖို့ မှန်ပြောင်းနဲ့ ဖလ်မီးအိမ်ကို တိုက်ချွတ် ရေနံဆီထည့်ပြီးပြီ။ ညဦး ဘုရားရှိခိုးပြီး မောင်နှမတွေအားလုံး ဖလ်မီးအိမ်အလယ်ထားတဲ့ စားပွဲဝိုင်း မှာ ကျောင်းစာကြည့်ရတယ်။ ကျောင်းစာပြီးရင် အိမ်လယ်က ကော်ဇောခင်းထားတဲ့ဝိုင်းမှာ ကြိုက်တဲ့ စာဖတ်၊ မေမေကလည်း ဖတ်၊ ဖေဖေကတော့ အင်္ဂလိပ်စာပဲ ဖတ်တယ်။

မစုတို့ဆို လေးတန်းလောက်ကတည်းက မြန်မာ့အလင်း၊ သူရိယ သတင်းစာတွေဖတ်၊ သတင်းစာ တွေ ထဲပါတဲ့ အခန်းဆက် ၀တ္ထုရှည်တွေဖတ်၊ ဦးလှ ရဲ့ ကြီးပွားရေးမဂ္ဂဇင်း၊ ဒီးဒုတ်ဦးဘချိုရဲ့ ဒီးဒုတ်ဂျာနယ်၊ ဒဂုန်မဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်းတွေလည်း ဖတ် ရတယ်။ ဇ၀န မဟာဆွေကနေ မြမျိုးလွင်တို့ရေးတဲ့ ၀တ္ထုတွေနဲ့ ၂ ပဲတန် ၀တ္ထုတွေကအစ စာအုပ်မျိုးစုံ ဖတ် ရတယ်။ ကျောင်းပိတ်ရက် ညတွေကျတော့ မောင်နှမ တွေ အိမ်ရှေ့လမ်းမကြီးမှာ သူငယ်ချင်းတွေနဲ့ ဆော့တာပါပဲ။
၁၃၀၀ ပြည့် အရေးတော်ပုံရောက်တော့ မစုက ၁၃ နှစ်သမီး၊ ၇ တန်းမှာ စာသင်ဆဲ။ သပိတ်မှောက်ကျောင်း သူဖြစ်လာပါတယ်။

အဲဒီအချိန်ရောက်တော့ မစုတို့ ဖတ်တာတွေဟာ နဂါးနီ တိုက်ထုတ် ဖိလစ်ပိုင်အမျိုးသားခေါင်းဆောင် ဂျိုဆေ ရီဇော်၊ တူရကီက အတာတတ်၊ အိုင်ယာလန် လွတ်မြောက်ရေး ခေါင်းဆောင် မိုက်ကယ်ကောလင်း၊ ဒင်ဘရင်း စသည်တို့ အကြောင်းတွေနဲ့တကွ အိုင်ယာလန်အရေးတော်ပုံစတဲ့ မျိုးချစ်စိတ်ဓာတ် ထက်သန် မယ့် စာအုပ်တွေဖတ်ရတယ်။ မေမေ ရွေးပေးတာတွေပါ။ အဲဒီတုန်းက တို့ဗမာ အစည်းအရုံးဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် အရှိန်အဟုန်နဲ့ ပြင်းထန်စွာ လှုပ်ရှားနေချိန်ဖြစ်တယ်။ မစု အစ်ကို အကြီးဆုံး သခင်မောင်မောင် က ၀ါးခယ်မ လက်ရုံးတပ်ဗိုလ်မို့လို့ လက်ရုံးမောင်မောင်လည်း ခေါ် တယ်။ ဂျပန်ခေတ်က မန္တလေးမှာ အနောက်မြောက်တိုင်းမှူး ဗိုလ်ဗထူးရဲ့ လက်အောက်မှာ ဒုတိယတိုင်းမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့တာပါ။
မစုတို့က ကျောင်းသားသမဂ္ဂ၀င်တွေဆိုတော့ သခင်တွေနဲ့ လက်တွဲပြီး လူထုတရားပွဲတွေဟောတယ်။ နယ် ကိုလည်း စည်းရုံးရေးဆင်းကြတယ်။ အဲဒီတုန်းက သခင်တစ်ယောက်ဟာ စင်မြင့်ပေါ်ရောက်လို့ စကားပြော ရင် ဗြိတိသျှအစိုးရ ကို ဆဲတော့တာပဲ။ သိပ်ကြမ်းတာပဲ။

မေမေက အိမ်ရောက်ရင် မစုတို့ မောင်နှမတွေကို ပြောတယ်။
" သမီးတို့ သားတို့ တရားဟောရင် ဗြိတိသျှလူမျိုးတွေဟာ မြန်မာပြည်ကို ဘယ်လို သိမ်းပိုက်ခဲ့တယ်။ သစ် တောရေနံစပါး ကျောက်သံပတ္တမြားတွေကို ဘယ်လိုယူတယ်၊ ရေနံတွေကို ယူပြီး ရေနံမြေအလုပ်သမား တွေကြတော့ ၁၀ ပေ ပတ်လည် အခန်းလေးထဲမှာ လူစဉ်မီအောင် မနေရဘူး စတဲ့ဟာတွေကို အကျိုးကြောင်းပြပြီး အင်္ဂလိပ်တွေ သွေးစုပ်တာ၊ ဖိနှိပ်တာတွေကို ပြောရမယ်။  ဟိုသခင် ... လို ဆဲရေးတာ၊ ဖရုဿဝါစာ ကြမ်းတမ်းရုန့်ရင်းတဲ့ စကားလုံးတွေ မသုံးရဘူး"တဲ့။

" ပြီးတော့လည်း နိုင်ငံရေးမှာ တဇောက်ကန်းမလုပ်ရဘူး။ အိုင်ယာလန် အရေးတော်ပုံကြည့် မိုက်ကယ် ကောလင်းဟာ ဆင်ခြင်တုံတရားရှိတယ်။ ဒင်ဘရင်းက တဇောက်ကန်း" စတဲ့ အကြောင်းတွေကို သူကိုယ် တိုင် သင်ပေးပါတယ်။ မစုအစ်ကို အငယ်ဆုံး သခင်လှမောင်က ရန်ကုန်ဌာနချုပ် တို့ဗမာအစည်းအရုံးမှာ သခင်အောင်ဆန်းရဲ့ ပီအေအဖြစ် သခင်သက်တင်၊ သခင်သောင်းစိန်တို့နဲ့ လုပ်ပါတယ်။
ပတ်ဝန်းကျင်က ဘာပြောသလဲဆိုရင် ...
" မသိန်းတင်ဟာ လင်ကလည်း ဒုက္ခိတ၊ စီးပွားရေးကလည်း နလံမထူ၊ စားစရာမရှိတာတောင် သားတွေ၊ သမိးတွေကို နိုင်ငံရေးပဲ လုပ်ခိုင်းတယ်။ သခင်ဆိုတာ ထမင်းငတ်မျိုး၊ မသိန်းတင်တို့အိမ်ကို သားသမီးတွေ မလွှတ်နဲ့၊ သခင်တွေ ဖြစ်ကုန်လိမ့်မယ်" ပြောတယ်။ ဒါပေမယ့် ကိုကို့သူငယ်ချင်းတွေနဲ့ မစုတို့ သူငယ်ချင်း တွေကလည်း မစုတို့အိမ် လာတာပဲ။ တချို့လည်း သခင်တွေဖြစ်၊ တချို့လည်း ကျောင်းသားသမဂ္ဂ၀င်တွေ အဖြစ်နဲ့ နိုင်ငံရေးကို တက်တက်ကြွကြွ ဆောင်ရွက်ကြတာပဲ။ ကမ္ဘာစစ်ကြီးအနောက်မှာ စလာပါပြီ။ တို့ဗမာ အစည်းအရုံးက သာယာဝတီမှာ ညီလာခံ ကျင်းပတယ်။ ဆုံးဖြတ်ချက်ချတယ်။

" စစ်ကြီးပြီးရင် ဗြိတိသျှအစိုးရဟာ မြန်မာပြည်ကို လွတ်လပ်ရေးပေးပါ့မယ်လို့ဟာ တို့ဗမာအစည်းအရုံး သခင်တွေရဲ့ လှုပ်ရှားမှုမှာ မပါဝင်တော့ပါဘူး။ ဗြိတိသျှ အစိုးရဆန့်ကျင်ရေးကို နောင်မလုပ်တော့ပါဘူး"လို့ ၀န်ချ တောင်းပန်စာ ရေးကြတယ်။ အဲဒီလိုရေးတဲ့ သခင်တချို့ကို ထောင်က လွှတ်လိုက်တယ်။

ဖေဖေက ကိုကိုဟာ သူ့သားအကြီးဆုံးဆိုတော့ သူသိပ်ချစ်တယ်။ အဲဒီ မစုပြောခဲ့တဲ့နည်းနဲ့ သခင်တစ် ယောက် လွတ်လာတာတွေ့တော့ မေမေ့ကို ဖေဖေက ပြောတယ်။
" တင်တင် သခင် ... ဟာ အစိုးရကို ၀န်ချတောင်းပန်လို့ ထောင်က ထွက်ရပြီ။ မောင်မောင်လဲ ဒီလိုစာမျိုး ရေးပြီး ထွက်အောင်လုပ်မယ်။ နယ်ပိုင် ကို သွားတွေ့မယ်" လို့ ပြောတယ်။ ဒီစကားလည်းကြားရော မေမေ က ထခုန်တယ်။ မေမေဟာ ဖေဖေ့ကို ဘယ်တော့မှ မရိုမသေ မပြောဘူး၊ မလုပ်ဘူးတော့ မစုတို့ အံ့ အားသင့်ပြီး အိမ်သားတွေ ဖေဖေနဲ့ မေမေဆီ ပြေးသွားကြတယ်။ မေမေက ပြန်ပြောတာကို ကြားရပါ တယ်။

" မောင်မောင်ဟာ ကျွန်မဗိုက်ထဲက မွေးတာ၊ ကျွန်မသားဟာ ဒီဗြိတိသျှအစိုးရကို ဘယ်တော့မှ ဒူးမထောက်ဘူး မှတ်ပါ။ နောင် ဒီစကား မပြောပါနဲ့ "လို့ မေမေက ပြောတော့မှ ဖေဖေလည်း ငြိမ်သွား တယ်။
မစု ဆိုလိုချင်တာက မစုတို့အိမ်ရဲ့ စီးပွားရေး ကျဆင်းတာဟာ တဖြည်းဖြည်းမဟုတ်ဘဲ ရုတ်တရက်ကြီး ပြောင်းလဲ သွားတာပါ။ ဗြုန်းစားကြီးဆိုတော့ ခံရတာ ပြင်းထန်ပါတယ်။ အဲဒီအချိန်မှာ မေမေဟာ သားသမီး တွေကို ဆင်းရဲသွားတဲ့ ဘ၀မှာ ဖရိုဖရဲနဲ့ နစ်မြုပ်မသွားစေရဘူး။ စိတ်ဓာတ်မပျက်ပြားအောင် ဗဟုသုတ ရစေ အောင် မျိုးချစ်စိတ်ဓာတ်ထက်သန်တဲ့ စာတွေ ဖတ်ခိုင်း၊ လွတ်လပ်စွာ စာဖတ်၊ လွတ်လပ်စွာ မိသားစု ဆွေး နွေးဟောပြော။ လွတ်လပ်စွာ ကစားစေခဲ့ပြီး အရွယ်ရောက်ချိန်မှာ နိုင်ငံရေးလိုင်းပေါ် တင်ပေးလိုက် တယ်။

မေမေရဲ့ စကားက ငယ်ငယ်က ရွှေထီးဆောင်းခဲ့ရတာကို ပြန်မလွမ်းနဲ့၊ လက်ရှိဘ၀ကို ရဲရဲရင်ဆိုင်ပါတဲ့။
အဲဒီလို စိတ်ဓာတ်မြှင့်တင်တဲ့စကားတွေနဲ့ သွန်သင်ဆုံးမပြီး နိုင်ငံရေးမှာ အမြင်မှန်ရအောင် လုပ်ခဲ့လို့ မစုတို့ မောင်နှမ တွေ ငွေသာဆင်းရဲတယ်၊ စိတ်ဓာတ်မဆင်းရဲခဲ့ဘူး။ စိတ်ဓာတ်လည်း မကျခဲ့ဘူး။
မစုပြောခဲ့တဲ့ အီဗရာဟင်လင်ကွန်းလို မစုဟာ သမ္မတကြီး မဖြစ်ခဲ့သော်လည်း မေမေ့ရဲ့ အခြေခံ သွန်သင် ဆုံး မခဲ့မှုကြောင့် ခင်နှင်းယုဆိုတဲ့ ကလောင်တစ်ချောင်းပိုင်ခဲ့တာဟာ မေမေ မြှောက်ပေးတဲ့ မြေတောင် ကြောင့်ပါပဲ။

စိတ္တဇဝေဒနာသည် ဖေဖေ့အကြောင်း နည်းနည်းပြောပါရစေ။ ဖေဖေ့တန်ဖိုးကို သိတဲ့နေ့လို့ ဆိုရမယ်။ မစု ၅ နှစ်သမီးက ဖေဖေဟာ အလုပ်ကထွက်၊ စိတ္တဇဝေဒနာသည်ဘ၀နဲ့ နေလာခဲ့ရတဲ့ဖေဖေဟာ တခြား ဖခင် များ လို တိုင်းမင်းကြီး ဦးဘ၊ အရေးပိုင်ကြီးဦးဘ၊ လယ်ပိုင်ရှင်ကြီးဦးဘ၏ သားသမီးများ ဆိုပြီး ဂုဏ်ရှိန် အရိပ်အာဝါသ သားသမီးတွေကို မပေးနိုင်ခဲ့ပါဘူး။ ဒါတင်မဟ်ုတ် မြေတစ်လက်မ ရွှေတစ်ရွေးသား အမွေ မပေးနိုင်ခဲ့ပါဘူး။
သို့သော် တစ်နေ့မှာ -
မစု ငယ်ငယ် ၃ တန်းလောက်မှာ မစုမှာ သူငယ်ချင်း မကြီးစိန်ဆိုတာ ရှိတယ်။ သူတို့က ဘုရားကြီးဝက ပန်းဆိုင်မှာနေတယ်။ သူ့အမေက ပန်းရောင်း၊ သူ့အဖေက ရုံးစာရေးလုပ်ပါတယ်။
မစုတို့အိမ်က ၀ါးခယ်မ ဘုရားကြီးလမ်းမှာ သူတို့အိမ်နဲ့ မစုတို့က သိပ်မဝေးဘူး။ တစ်ညဦးမှာ သူ့မောင်လေး လက်ဆွဲပြီး အိမ်ကိုရောက်လာတယ်။ မောင်နှမနှစ်ယောက်လုံး ငိုလို့၊ မေမေက ဆီးမေးတယ်။
" သမီးတို့ ဘာဖြစ်တာလဲတဲ့ "

" သူတို့ဖေဖေ ရုံးကအပြန် အရက်မူးလာပြီး အမေ့ကို ရိုက်နေတယ်။ အမေ့ရိုက်ပြီးရင် သူတို့ကို ရိုက်မှာမို့၊ အမေက မစုတို့အိမ် သွားပုန်းနေဆိုလို့ လာတာတဲ့" မေမေက မစုကိုပါ ခေါ်ပြီး သူတို့မောင်နှမ နှစ်ယောက် ကို မစုအိပ်ခန်းထဲ ခေါ်လာပြီး ခြင်ထောင်ထဲ သွင်းထားတယ်။ မောင်လေးကလည်း ငိုပြီး တုန်နေတယ်။ မကြီးစိန်ကလည်း ငိုနေတယ်။ တော်ကြာတော့ မောင်လေးက အိပ်ပျော်သွားတယ်။ မကြီးစိန်လည်း အငိုတိတ်ပင်မယ့် အိပ်လို့ရပုံ မပေါ်ဘူး။ မစု သူတို့မောင်နှမကြည့်ပြီး စိတ်ထဲမှာ ကြောက်နေတယ်။ ညဥ့် နက်တော့မှ မေမေက ခြင်ထောင်လာမတယ်။
" သမီး မကြီးစိန်တို့မေမေ လာခေါ်ပြီ၊ သူ့အဖေ အိပ်သွားပြီတဲ့ လာကြ" ဒီတော့မှ မောင်လေးကိုနှိုးပြီး မစုတို့ ခြင်ထောင်ထဲက ထွက်လာရတယ်။ အပြင်ရောက်တော့ မောင်နှမ နှစ်ယောက် အမေ့လက်ကိုဆွဲပြီး ထွက် သွားကြတယ်။ သူ့အမေက ကျေးဇူးတင်စကား ပြောသွားပါတယ်။

မကြီးစိန်တို့ မောင်နှမဘ၀ဟာ ဒီတစ်ညနေထဲ မဟုတ်ဘူး။ ညဦးတိုင်းလိုလို အိမ်နားနီးချင်း တစ်အိမ်ပြီး တစ်အိမ်သွားအိပ်ရတယ်။ သူတို့ရဲ့ ညဦးတွေဟာ မသာယာလိုက်တာ၊ မငြိမ်းချမ်းလိုက်တာ။ မစု ဒီတော့မှ ဖေဖေ့ ကို ကျေးဇူးတင်လိုက်တာ။ စိတ္တဇဝေဒနာသည်ဖြစ်ပြီး ဘာရာထူးဂုဏ်မှ မရှိတဲ့သူ ဒါပေမယ့် သားသမီး တွေကို လက်ဖျားနဲ့မတို့ဘူး။ မကြီးစိန်တို့ ဖေဖေလို ဖေဖေဟာ အရက်တွေမူးပြီး သားမယားကို ရိုက်နှက် နေရင် မစုတို့ မိသားစုညနေဟာ မကြီးစိန်တို့လိုပဲ သာယာမှာ မဟုတ်ဘူး။
အခုတော့ မစုတို့ ညဦးတွေဟာ ဘုရားရှိခိုး၊ ကျောင်းဖွင့်ရက်မှာ စာကြည့်၊ ကျောင်းပိတ်ရက်မှာ အိမ်ရှေ့ လမ်းမ သွားကစားပဲ။ အိပ်ရာဝင်ခါနီး အဘိုးအဘွား ဒေါ်ကြီး ဒေါ်လေး မိဘတွေ ကန်တော့၊ အိပ်ရာဝင် အေးချမ်းလိုက်တာ။

ဒီအကြောင်းကို " မြေတစ်လက်မ၊ ရွှေတစ်ရွေးသား" ဆိုပြီး ဆောင်းပါး န၀ဒေးထဲမှာ ရေးခဲ့ဖူးပါတယ်။
လူငယ်တွေပျက်စီးတာ စိတ်ဓာတ်ဖရိုဖရဲဖြစ်ရတာဟာ ဆင်းရဲခြင်းက အဓိကအကြောင်းလို့ ဖွင့်ဆိုလို့ မရပါဘူး။ ချမ်းသာတဲ့ သားသမီး၊ ဂုဏ်ကြီးရှင် လူငယ်တွေ ပျက်စီးနေတာပြည့်လို့။ သို့သော် ဆင်းရဲခြင်း ဟာ အကျင့်စာရိတ္တကို ပျက်စီးစေသော အကြောင်းများအနက်က တစ်ချက်တော့ဖြစ်ပါတယ်။ ဆင်းရဲတဲ့ ဒဏ်ကို မခံနိုင်လို့ အမေနဲ့အဖေ ရန်ဖြစ်နေရင်လည်း သားသမီးတွေ စိတ်ဆင်းရဲရမှာပါ။ ဒါကြောင့် ဖေဖေနဲ့ မေမေ ဟာ ရန်မဖြစ်ဘဲ အေးချမ်းစွာ မစုတို့ သားသမီးတွေကို ပြုစုပျိုးထောင်လို့ ဆင်းရဲတာကိုတောင် မစုတို့ မေ့ပြီး ပျော်ရွှင်တဲ့မိသားစု ဖြစ်ခဲ့ပါတယ်။

ဆရာကြီး ဦးသုခလိုတော့ အမေနဲ့ပတ်သက်ပြီး ကြေကွဲဝမ်းနည်းစရာ မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မေမေ ဟာ ၅၃ နှစ်မှာ ကွယ်လွန်ပြီး ဖေဖေက ၈၆ နှစ်မှာ ကွယ်လွန်တယ်။ မိဘကို လုပ်ကျွေးပြုစုဖို့ ဆိုတာက မိဘကလည်း သက်ရှိထင်ရှား ရှိနေဦးမှ၊ သားသမီးပြုစုတာကို ခံယူရတဲ့ အခြေအနေရှိမှ၊ သားသမီး မှာလည်း ပြုစုနိုင်တဲ့ စေတနာနဲ့ ငွေကြေးရှိမှ မိဘကို လုပ်ကျွေးနိုင်တာပါ။ သူတို့ရဲ့ နောက်ဆုံး အချိန် တွေဟာ မစုက ကောင်းကောင်း ပြုစုနိုင်တဲ့အချိန်မို့ သူတို့လည်း ကံကောင်းတယ်၊ မစုလည်း ကံ ကောင်းတယ်။

တစ်ခုပဲ ဖေဖေနဲ့ ပတ်သက်ပြီး နောင်တရမိတယ်။ မေမေဆုံးပြီး မစုတို့ ညီအစ်မတွေ ဖေဖေနဲ့ နေရတယ်။ မစု က ရုံးတက်၊ မမကတော့ အိမ်မှာ စက်ချုပ် ပန်းထိုး၊ ညီမငယ် နုနုက ကျောင်းတက်၊ မစုတို့ရုံးက ကျောင်း ကပြန်လာရင် ဖေဖေ့ကို မျက်နှာပြရတယ်။ " ဖေဖေ မစု ပြန်လာပါပြီ" လို့ ပြောရတယ်။ သူကလည်း သမီး တွေ ပြန်မရောက်မခြင်း မျှော်နေတာပဲ။
ဂွတ္တလစ်ခြံရောက်တော့ သူက စိုက်ပျိုးတာ ၀ါသနာပါတယ်။ မစုက ပြန်ရောက်ချိန် မောမောနဲ့ အိပ်ခန်းထဲ ၀င်လှဲ နေတယ်။ သူ သစ်ပင်စိုက်ပျိုးပြီး အိမ်ထဲဝင်လာရင်း သမီးတွေ ပြန်ချိန်ဆိုတာ သိတယ်။ အိပ်ခန်းထဲ ၀င်ရှာ တာပဲ။ မစုကို တွေ့ရင် ...

" အစုရေ ပြန်လာပြီလားဟေ့၊ သမီးရယ် ပြန်လာတာ ဖေဖေ့ကို ပြောရောပေါ့ "လို့ အော်တော့တာပဲ။ ၀မ်း သာအားရ အော်တယ်။ နားမကြားသူဆိုတော့ အော်ပြောတတ်တာပေါ့။
မစုက တစ်နေ့ မစုညီမ နုနုဆွေကို ပြောမိတယ်။ " ဖေဖေ ကလဲကွယ်၊ တို့လဲ အရွယ်ရောက်ပြီး ရုံးက ပြန် လာရင် သူ့ကို မျက်နှာပြမှ၊ မပြရင် မကြိုက်ဘူးလို့" ဖေဖေရဲ့ ကြိုဆိုမှု မျှော်နေမှုကို တန်ဖိုးမထားဘဲ ပြောမိ တယ်။ အခုတော့ ၀ဋ်လည်ပါပြီ။ အခု ဖေဖေတို့ မေမေတို့ မရှိတော့ဘူး။ မစုရဲ့ အိမ်ကြီးကိုရောင်းပြီး သမီး ၀ယ်ပေးတဲ့ အခုအိမ်လေးမှာ တစ်ယောက်ထဲ နေတယ်။ အဖော် ကလေးမလေးတစ်ယောက်ရှိတယ်။

ဒီ မန္တလေးလာရင်ဖြစ်ဖြစ်၊ ခရီးတစ်ခုခုကို ထွက်ရင် ဖြစ်ဖြစ် အ၀င်း(ကလျာ)နဲ့ နှစ်ယောက်အတူ ထွက်လေ့ ရှိတယ်။ ပြန်လာရင် သူ့အိမ်ကို ကားအရင်ဝင်တယ်။ သူရောက်တယ်ဆို " အမေ ပြန်လာပြီဟေ့ " ဆိုပြီး သူ့ ခင်ပွန်း ဦးစိန်ကြီး ကအစ သားတွေ၊ ချွေးမတွေ၊ မြေးတွေ၊ တူ တူမလေးတွေ ဆီးကြိုလိုက်ကြတာ ကျွတ်ကျွတ် ညံနေတာပဲ။ သူ့ကိုချပြီး မစုအိမ်ရောက်တဲ့အခါ အိမ်ဖော်ကလေးမလေးက ခြံတံခါးဖွင့်ပေး တယ်။ မစုရဲ့ အိမ်ထဲဝင်လိုက်တော့ အိမ်ကြီးက တိတ်ဆိတ်လို့ ကြိုဆိုမယ့်သူလည်း မရှိဘူး။ ဒီတော့မှ ...
" အစု ရေ ပြန်လာပြီလားဟေ့ "ဆိုတဲ့ ဖေဖေရဲ့ ၀မ်းသာအားရ လှိုက်လှိုက်လှဲလှဲကြိုဆိုတဲ့ အသံ ကို ကြား ယောင်တယ်။ ဒီအသံရဲ့ တန်ဖိုးကိုလည်း နားလည်ပြီး လွမ်းလိုက်တာလေ။ " ဖေဖေရေ သမီးဝဋ်လည်ပြီ။ ဖေဖေ့အသံ ရဲ့ တန်ဖိုးကိုလည်း နားလည်ပါပြီ" လို့ စိတ်ထဲက ပြောမိတယ်။

တကယ်ပါပဲ။ " အစုရေ ပြန်လာပြီလားဟေ့ " လို့ ကြိုဆိုနှုတ်ဆက်သံဟာ တကယ့်ကို စိတ်ဓာတ်တက်ကြွ စေတဲ့ အသံဖြစ်ပါတယ်။
မစု နိဂုံးချုပ်ပြောချင်တာက အမေဟာ အနီးကပ်ပြုစုပြီး တာဝန်ပိုယူရလို့ " အမေနေ့ " အဖြစ် အထူးဂုဏ် ပြုကြ သော်လည်း အဖေရှိမှ အမေ ရှိရမှာပါ။
အိမ်ထောင်စု တစ်ခုဟာ တိုင်းပြည်တစ်ပြည်လိုပဲ၊ တိုင်းပြည်မှာ ၀န်ကြီးဌာန အသီးသီးရှိတယ်။ ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေးဌာနတွေက အရေးကြီးပါတယ်။ အဲဒီလိုပဲ ပြည်ထဲရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ကလည်း အရေးကြီးပါတယ်။

ခင်နှင်းယု
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, August 30, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁)

ကမ္မဖလ နှင့် နှစ်လေးဆယ်ခရီး

" အင်း ... နှစ်ပေါင်း လေးဆယ်တောင်မှရှိသွားပြီးကိုး ... "
ကျွန်တော် က ဤကဲ့သို့ တွေးလိုက်မိသည်။ အမှတ်မထင်နေခဲ့သဖြင့် သည်အချက်ကို ကျွန်တော် ယောင်၍ မျှပင် မတွေးခဲ့မိဘူးလေ၊ မှန်ပါ၏။ ကျွန်တော် ၏ စာရေးသက် အချိန်တာ သည် နှစ်ပေါင်းလေးဆယ်တင်း တင်းပြည့်ရုံ မျှသာမက စွန်းထွက်၍ပင် လာနေပြီဖြစ်သည်။

မိမိ၏ ကလောင်သက်တမ်းကို မိမိဤကဲ့သို့ ပြန်လည်မျှော်မှန်းကာ ကြည့်လိုက်မိသည်မှာကား အခြား ကြောင့် မဟုတ်၊ ထုတ်ဝေသူများက ကျွန်တော်ရေးခဲ့ဖူးသော "ကမ္မဖလ" ၀တ္ထုကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေ ရန် ဆွေးနွေးခဲ့စဉ်က " ဆရာ စာစ ပြီးတော့ရေးတာ ဘယ်နှစ်ကလဲ"ဟုမေးကြသည်။ ကျွန်တော်က "အေးဗျ ... ကျွန်တော် စာစ ပြီးတော့ ရေးတာဟာ တစ်ဆယ့်နှစ်နှစ်သားလောက်ကတည်းကပါပဲ၊ အဲဒီတုန်း က ကျွန်တော်ဟာ အပြင်စာကို ဖတ်တဲ့ဝါသနာ စပြီး စွဲနေပြီလေ ... " ကြည့်တော်မူ " မဂ္ဂဇင်းခေတ်ရဲ့ နောက်ပိုင်း ... "ဒဂုန်" မဂ္ဂဇင်းနဲ့ "က၀ိမျက်မှန်" မဂ္ဂဇင်း အပြိုင်အဆိုင်ကျဲနေကြတဲ့ ခေတ်တုန်းကပေါ့ အဲ ... လေးငါးနှစ်လောက် အပြင်စာကို စွဲလာခဲ့တော့ ထုံးစံအတိုင်းပေါ့ဗျာ ... တော်လွန်းအားကြီး၍ ကိုယ်တိုင် ရေးချင် တဲ့ စိတ်က ပေါ်ပေါက်လာစမြဲပေပဲ ... ဟု ဖြေလိုက်မိသည်။

အမှန်အတိုင်း ခန့်မှန်းချက် ထုတ်ရပါလျှင် ကျွန်တော် စာတိုစာစကလေးများကို ရေးသားနေခဲ့သည်မှာကား ခုနစ်တန်း ကျောင်းသားကလေးအရွယ်ကပင်ဖြစ်သည်။ သို့သော် ဘယ်စာပေတိုက်ကိုမှ ပို့ဖြစ်သည် ပို့ရစ ကောင်းမှန်းလည်းမသိ၊ ဆယ်ကျော်သက်အရွယ်၏ စိတ်ကစားခြင်း သက်သက်မျှသာ ဖြစ်ခဲ့၏။ စာရေး ဆရာတစ်ယောက်ဖြစ်၍ လာရန် စိတ်ကူးမျှမထည့်ခဲ့၊ စာရေးဆရာတစ်ယောက် ဖြစ်လာရန် ရည်ရွယ်ချက် လည်းမရှိ၊ ကြိုးလည်း မကြိုးစားခဲ့။

သို့သော် တစ်ခုတော့ရှိသည်။ ကျောင်းစာမှအပဖြစ်သော အပြင်စာတွေကို ကျွန်တော်သည် မြန်မာစာကို ကောင်းကောင်း ဖတ်တတ်သော အရွယ်လောက်က စတင်၍ ကျွန်တော် ဖတ်သည်။ တဖြည်းဖြည်း စာဖတ် ကျင့်ရလာသည်။ နောက်ဆုံးတွင် ကောက်ရိုးမပေါက် မြက်မပေါက်ဟု ဆိုရမလောက်ပင် ငြုပ်သီး ကြက်သွန် ထုပ်သော စက္ကူပေါ်က စာများအထိ ဖတ်လာသည်။ ကျွန်တော် စာစွဲလာပြီဆိုပါစို့။
ဤအစိတ် အပိုင်း တွင် ကျွန်တော်သည် စာဖတ်ဝါသနာပါသူ ဒေါ်ကြီးတစ်ယောက်၏ အိမ်တွင် ယာယီအား ဖြင့် နေထိုင်ရန် အကြောင်းဖြစ်လာသည်။ ဒေါ်ကြီးသည် သင်္ဂြီုဟ်ကိုးပိုင်းကျွတ်သူဖြစ်သည်။ စာအလွန်ဖတ် သည်။ သူ့အိမ်တွင် စာနယ်ဇင်းတွေ တစ်ပြုံတစ်ခေါင်းကြီးရှိသည်။ ကျောင်းသားရွယ် ကျွန်တော်နှင့် အပြင် စာတို့ ထိတွေ့လာသည်။ နောက်ဆုံးကျတော့ ကျွန်တော်သည် ကျောင်းစာ ကြမ်းပိုးသာမက အပြင်စာ ကြမ်းပိုး ပါဖြစ်လာသည်။

စာဆိုသည်မှာ တစာစာနေရသည်ဟူ၍ အဆိုရှိသည်။ ကျောင်းစာနှင့် ပတ်သက်သော အဆိုဖြစ်သည်။ ကျွန် တော်၏အဖို့တွင်မူကား ဆိုခဲ့သည့်အတိုင်း ခုနစ်တန်းအရွယ် ကျောင်းသားကလေး ဘ၀လောက်ဆီကပင် လျှင် ကျောင်းစာ ကို တစာစာနေခဲ့သည်သာမက အပြင်စာကိုပါ တစာစာစတင်၍ နေလာခဲ့သည်။

ဖြစ်မြဲထုံးစံအတိုင်းပင် ကျွန်တော်အပြင်စာတွေကို အဖတ်များလာသောအခါ " စာဖတ်ဝါသနာထုံသည်" ဆိုသော အဆင့်သို့ ကူးပြောင်းမှန်းမသိ ကူးပြောင်းလာသည်။ အပြင်စာတွေကို ဖတ်သည်ထက် ဖတ်၍ လာ သောအခါ မိမိဖတ်သော အပြင်စာမှားတွေကို လက်တည့်စမ်းကာ ရေးကြည့်ချင်သော စိတ်ကလေးက အညွန့်တိုး ၍ လာခဲ့လေသည်။
ထိုစိတ်ကလေးသည် ဘယ်အချိန်က ကျွန်တော့်တွင် တိတ်တိတ်ကလေးချောင်ခိုကာ ၀င်ရောက် ပုန်းအောင်း နေခဲ့သည်မသိပေ။ စာရေးရာ၌ သန္ဓေတည်ချိန်သည် အခြားသော သန္ဓေတည်ချိန်များ၏ နည်း တူပင်လျှင် နေ့ရက်နာရီအတိအကျ ပိုင်းခြားသတ်မှတ်ရန် အလွန်ခဲယဉ်းပါ၏။ တိုတိုကလေးပြောရလျှင် စာဖတ် လျှင် စွဲသောအခါနှင့် မရှေးမနှောင်းဆိုပါက အမှန်နှင့် တော်တော်ကလေး နီးစပ်သည်ဟု ဆိုနိုင် မည် ထငိပါ၏။

ကျွန်တော်သည် ကျောင်းသားကလေးဘ၀က ကျောင်းသားကြီးဖြစ်လာသည်။ အလားတူစွာပင် တွေ့သမျှ စာတိုစာစ တွေကို ဖတ်နေရာက စာမှန်သမျှ ဖတ်စရာချည့်သာဖြစ်သည်ဟူသော အဆင့်ကို ရောက်လာ သည်။
ဖတ်လွန်းအားကြီးတော့ ကိုယ်တိုင်ရေးကြည့်ချင်လာသည်။ ဤတွင် ကျွန်တော်သည် တောက်တိုမယ်ရ စာကလေး တွေကို ရေးစပြုလာသည်။ ထိုအချိန်အခါက ကျောင်းသင် မြန်မာစာတွင် ကဗျာကိုပါ သင်ရ သဖြင့် မတောက်တစ်ခေါက် ကဗျာကလေးတွေကိုလည်း ဆင်ကန်းတောတိုး ရေးစပ်လာသည်။

ပြန်၍ တွေးမိသောအခါ၌ ရယ်ချင်သော စိတ်ကလေးပေါ်လာပြန်သည်။ မှတ်မိ၍နေပါသေးသည်။ ၁၉၃၀ ပြည့်နှစ်ဆီလောက် ဖြစ်မည်ထင်သည်။ အတိအကျတော့ မမှတ်မိ။
ကျွန်တော် အထက်တန်းကျောင်းသားဖြစ်၍ နေချိန်ဖြစ်သည်။ ကျောင်းစာသင်ခန်းများ၌ ပထမအစမ်း စာမေးပွဲ စစ်နေသည်။ ကျွန်တော်က စာဖြေကျောင်းသားဖြစ်သည်။ မြန်မာစာမေးခွန်းတွင် ဆရာက ကဗျာ အခံတစ်ပိုဒ်ကို ကျောက်သင်ပုန်းကြီးပေါ်၌ ရေးပေးသည်။ အောက်ပါအတိုင်းဖြစ်၏။
ကွာတာလီ ဥာဏ်အဆီမည်မျှသို့ သည်ကမျှော်ပေါ့။

ကွာတာလီ တက်(စ်)ခေါ် သုံးလတစ်ပတ် စာမေးပွဲတွင် တပည့်များ၌ ကဗျာ၏အဆီ ဥာဏ်ရည်မည်မျှရှိ သည်ကို ဆရာက စောင့်မျှော်နေပါပြီဟူသော အချက်ကို မြန်မာစာဆရာက ကဗျာအခံပိုဒ်မေးခွန်းကို ရေး သားကာ သင်ပုန်း၌တင်၍ပေးခြင်းဖြစ်၏။ ကျွန်တော်တို့တပည့်များက အအုပ်ပိုဒ်အဖြေကို ဖြည့်၍ ရေးရမည် ဖြစ်သည်။
ကျွန်တော်က စာတိုစာစ ပေါက်ကရများကို ဖတ်ထားသူဖြစ်သည်။ ကဗျာကိုလည်း သိပ်သိဟန်ကားမဟုတ်၊ တစ်ခုတော့သိသည်။ ကဗျာရေးလျှင် ကာရန်ပါရမည်ဆိုတာကိုတော့သိသည်။ ထို့ကြောင့် ဆရာ၏ အခံပိုဒ် က(ပေါ့)ဆိုသော စကားလုံးကို (အော့)ကာရန်နှင့် အအုပ်ပိုဒ်က အဆုံးသတ်ရမည်ဆိုတာကိုတော့သိသည်။

သို့နှင့် ကျွန်တော်က အအုပ်ပိုဒ်ကို အောက်ပါအတိုင်း ရေးလိုက်လေသည်။
စာမေးတဲ့ပွဲ - ဘာရေးမတဲ့လဲ - ရပ်စဲပါတော့ ...
အမှန်အတိုင်းပင်ဖြစ်ပါသည်။ ကျွန်တော် ကဗျာတွေ ဖတ်သော်လည်း ကဗျာကို (ကာရန်ပါသည်)ဆိုသော အချက်ကလွဲ၍ များများစားစားသိသူမဟုတ်၊ ထို့ကြောင့် ဆရာ၏ အခံပိုဒ်က (ပေါ့)ကို (တော့)နှင့် အအုပ် ပိုဒ်က အဆုံးသတ်ရမည်ကိုတော့ နားလည်ထားသည်။
ကျွန်တော်၏ အဖြေလွှာကို ကြည့်ကာ ဆရာက တ၀ါးဝါး ရယ်လေတော့သည်။ ပြီးမှ ဆရာက "မင်းကဗျာ မရေးတတ်တာနဲ့တော့ စာမေးပွဲကို ရပ်မထားပါစေနဲ့ကွာ" ဟု မှတ်ချက်ချလေသည်။ ပြီးမှ တပည့်များရေး၍ အဖြေပေးသင့်သော အအုပ်ပိုဒ်ကို သင်ပုန်းကြီးတွင် တင်ပေး၏။

မေး ... ကွာတာလီဥာဏ်အဆီမည်မျှသို့ သည်ကမျှော်ပေါ့။
ဖြေ ။   ။ ပဒုမံ ဥဒကံတိမ်အနက်ကို ချိန်စက်ပါတော့။
ကျွန်တော်သည် ကဗျာကို ကြောက်၍သွားလေသည်။ ဆရာ၏အမေးကို တပည့်ပြန်၍ဖြေလေဟန် အခံပိုဒ် ကို ဆရာရေးပြသည် မှာကား ကြောက်စရာကောင်းလောက်အောင်ပင် တိကျပြည့်ဝလှပါပေသည်။
ကဗျာ ကို ကြောက်သွားကာ ကျွန်တော်သည် စကားပြေဘက်ကို ဦးလှည့်လာသည်။ ကျောင်းစာ မဟုတ်သော အပြင်စာတွေကို လက်တည့်စမ်းသည်။ စမ်းသည်ထက်စမ်း၍လာသည်။ ရေးမိသမျှ၊ ရေးဖြစ်သမျှ တို့ကိုမူ မည်သူ့ကိုမျှမပြဘဲ ဖိုင်တွဲတစ်ခုနှင့် စုစည်းသိမ်းဆည်း၍ထား၏။ ကိုယ့်လက်ရာ ကို ကိုယ် တစ်ယောက်တည်း သာလျှင် ကျေနပ်နှစ်သက်၍ နေသောအဆင့်ဖြစ်ခဲ့လေသည်။

သို့နှင့် တက္ကသိုလ်သို့ရောက်လာ၏။ ရောက်သောခေတ်မှာကား နှစ်ပဲတန်ဝတ္ထုများ ခေတ်စားနေသော "ရွှင် ရွှင်ပျော်ပျော်" ခေတ်ဖြစ်ရာ ၀တ္ထုရေးချင်သောဥာဉ် က ပြန်လည်ထကြွကာ ရွပိုးထိုး၍လာပြန်လေသည်။ ထို့ ကြောင့် ၀တ္ထုတစ်ပုဒ်ရေး၍ ပို့ကြည့်၏။ ပထမ၌မစွံချေ။ အယ်ဒီတာအဖွဲ့က ပယ်ချခြင်းကို သုံးလေးကြိမ်ခံရ ပြီးမှ ၀တ္ထုတိုတစ်ပုဒ် အရွေးခံရ၏။  ပုံနှိပ်စာလုံးနှင့် ပြန်၍ဖတ်ရ၏။ ထို့နောက်တွင်မူကား ၀တ္ထုနှင့်အဆက် ပြတ်၍ သွားရပြန်လေသည်။ အကြောင်းမှာမူ ၀တ္ထုမှာ မသေမချင်း ရေးချင်သောအခါတွင် ကောက်၍ရနိုင် သည်ဖြစ်လျက် တက္ကသိုလ်ဘွဲ့မှာကား အချိန်ရှိခိုက်လုံ့လစိုက်မှ ကိုယ်ပိုင်ကိုယ်ဆိုင်ရရှိမည်ဖြစ်သည်ကို စဉ်းစားမိ သောကြောင့် ဖြစ်လေသည်။

တက္ကသိုလ်ဘွဲ့ရပြီးနောက် ကျောင်းဆရာဘ၀သို့ရောက်၏။ ယင်းမှတစ်ဆင့် တက္ကသိုလ်တွင် ဥပဒေတန်း ဆက်၍တက်၏။ ဤကာလတစ်လျှောက်လုံးတွင် စာတိုစာစကလေးများကို အခါအခွင့်ကြုံတိုင်း ရေးသား ၏။ သိမ်းဆည်းထား၏။ သို့သိမ်းဆည်းထားသော ၀တ္ထုတိုကလေးတစ်ပုဒ်ကို တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း စာတည်းက ဖတ်မိကာယူ၍ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၌ သုံးလိုက်၏။ ယင်းဝတ္ထုတိုကလေး၏ အမည် မှာ ကား "သံသယ သံသရာ"ဖြစ်လေသည်။

စစ်ပြီးခေတ်၌ လခစားဝင်၍လုပ်၏။ လွတ်လပ်ရေးရအံ့ဆဲဆဲ အချိန်ကာလဖြစ်၏။ လုပ်ရသောအလုပ်မှာ ပြန်ကြားရေး ဌာနတွင် ဖြစ်သည်။ ထိုစဉ်က ပြန်ကြားရေးဌာန၏ ဦးစီးဦးကိုင်များက အများကြိုက် စာစောင် ကလေးတစ်ခုကို ထုတ်ဝေရန် စီစဉ်သည်။ သို့စီစဉ်ရာ၌ တာဝန်ထမ်းရလေရာ သီတာအေး ပုံနှိပ်စက်နှင့် ဆက်သွယ်မိ၏။ သီတာအေးပုံနှိပ်တိုက်ပိုင်ရှင်သည် လစဉ် မဂ္ဂဇင်းတစ်အုပ်ကို ထုတ်ဝေရန် ကြံရွယ်နေခိုက် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် စာရေးသူ၏ "သံသယသံသရာ"ကို ဖတ်ဖူးထားသောသူဖြစ်၏။ ထို့ကြောင့် စကား စပ်မိကြကာ လစဉ်မဂ္ဂဇင်း ထုတ်ဝေရေးတွင် ပါဝင်စိုင်းပြင်းပေးရလေသည်။ မဂ္ဂဇင်းထွက်လာသောအခါ တော်တော်ကလေး အပြင်စာ ရေးဖြစ်လာလေသည်။ ကလောင်အမည်ကိုလည်း စာဖတ်ပရိသတ်က လက်ခံစ ပြု၍လာသည်။

၁၉၄၈ ခုနှစ်၊ မြန်မာ့လွတ်လပ်ရေးရ၏။ မကြာမီပင် ကံပို့သဖြင့် နိုင်ငံခြားသို့ ရောက်သွားရလေသည်။
နိုင်ငံခြား တိုင်းတစ်ပါးသို့ ရောက်သွားရသောအခါ မိမိဌာနီ မြန်မာပြည်ကို ပြန်လည်တသအောက်မေ့သော စိတ်က မပြေမလည်နိုင်ဖြစ်ရ၏။ အထူးသဖြင့် ဗုဒ္ဓဘာသာပတ်ဝန်းကျင်ကင်းမဲ့သော ခရစ်ယာန်နိုင်ငံဖြစ်သ ဖြင့် ဗုဒ္ဓဘာသာ၏ အရိပ်ဆာယာကို တောင့်တမွတ်သိပ်လာရ၏။ ယင်းမှတစ်ဆင့် ဗုဒ္ဓဘာသာအခြေခံသော စာတစ်ပုဒ်ကို ရေးသားရန် ဆန္ဒဖြစ်ပေါ်လာရပေသည်။
ဆန္ဒရှိသည့် အတိုင်းပင် ၀တ္ထုလုံးချင်းတစ်ပုဒ်ကို ရေးသား၏။ ပြီးလျှင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သီတာအေး ပုံနှိပ်တိုက်သို့ ပို့လိုက်လေသည်။ ထိုစဉ်အခါက သီတာအေးပုံနှိပ်တိုက်သည် လုံးချင်းစာအုပ်များသာမက လစဉ်ထုတ်မဂ္ဂဇင်းပါ ထုတ်ဝေ၍ အင်အားအရှိန် အလွန်ကောင်းနေပြီဖြစ်လေသည်။

ဤနေရာတွင် ခပ်ဆန်းဆန်းကလေး တစ်ခု ကြုံရ၏။ နိုင်ငံခြားမှနေ၍ မြန်မာနိုင်ငံသို့ လုံးချင်းဝတ္ထုစာမူကို ပေးပို့စဉ် အခါက လန်ဒန်ကမ်းနားလမ်းစာတိုက်မှဖြစ်၏။ စာမူအထုပ်ကို မျက်နှာဖြူ စာတိုက်စာရေးမက အလေးချိန်၍ကြည့်ရာ မြန်မာအချိန် နှစ်ဆယ်သားအစိတ်သားလောက် ရှိနေ၏။ ထိုအခါ စာတိုက်စာရေးမ က လေကြောင်းစာအဖြစ်ဖြင့်ပို့လျှင် စရိတ်ပိုကုန်မည်။ ပါဆယ်ထုပ်အဖြစ်ဖြင့်ပို့လျှင် စရိတ် သက်သာမည် ဟု အကြံပေး၏။ ထို့ကြောင့် လေကြောင်းပါဆယ်ထုပ်အဖြစ်ဖြင့် ပို့ရလေသည်။
ဤတွင် ခပ်ဆန်းဆန်း ဖြစ်လာပြန်၏။ ၀တ္ထုစာမူ အထုပ်ကို "ပါဆယ်"ထုပ်အဖြစ် ပို့သောအခါ ပါဆယ်ထုပ် တွင်ပါသော ပစ္စည်း၏ တန်ဖိုးကို ဖော်ပြရ၏။ ထိုတန်ဖိုးအတိုင်း အာမခံလုပ်ရ၏။ သို့နှင့်စာမူအထုပ်သည် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ရောက်သွားလေသည်။

မြန်မာနိုင်ငံကို ရောက်သွားသောအခါ ရန်ကုန်စာတိုက်ကြီးက ပစ္စည်းတန်ဖိုး ဖော်ပြထားသော စာမူထုပ်ကို တန်ဖိုးသတ်မှတ်ထားသော "၀င်ကုန်" အဖြစ်ဖြင့် အကောက်ခွန်တောင်းလေတော့သည်။
ပေးဆောင်ရသော အကောက်ခွန်မှာကား မများလှ၊ သို့သော် ခပ်ဆန်းဆန်းကလေးကားဖြစ်နေ၏။ မြန်မာ စာရေး ဆရာတစ်ယောက်က မြန်မာဘာသာဖြင့် ရေးသားသော မြန်မာဇာတ်လမ်းသက်သက်ဖြစ်သည့် မြန်မာဝတ္ထု စာမူသည် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာရာ၌ မြန်မာစာပို့တိုက်ဌာနက "၀င်ကုန်" အဖြစ် ဖြင့် ဆီးကြို၍ အကောက်ခွန်တောင်းခံယူခြင်းပင်ဖြစ်၏။ ထိုအဖြစ်မျိုးကား သာမန်အားဖြင့်ဆိုပါက ကြုံတောင့် ကြုံခဲဖြစ်သည်ဟု ဆိုချင်ပေသည်။
ယင်းသည့် ၀တ္ထုမှာကား ဤ "ကမ္မဖလ" ၀တ္ထုပင်ဖြစ်သည်။

သီတာအေးပုံနှိပ်တိုက်က "ကမ္မဖလ"ကို ပထမအကြိမ် ထုတ်ဝေပြီးနောက် စာပေဗိမာန်ဆုအတွက် စဉ်းစား ခြင်းခံခဲ့ရဖူး၏။ သို့သော် မရခဲ့ချေ။
စာရေးသူ ကိုယ်တိုင်က "ကမ္မဖလ"သည် ဗုဒ္ဓဘာသာကို အခြေခံထား၍ ရေးသားသော ၀တ္ထုဖြစ်သဖြင့် စာပေဗိမာန်ဆု ကို ရကောင်းရနိုင်စရာရှိသည်ဟူ၍ မျှော်လင့်ခဲ့မိရိုးမှန်ကြောင်း ၀န်ခံရမည်။
သို့သော် ဤနေရာ၌လည်း ခပ်ဆန်းဆန်းပင် ကြုံရပြန်၏။
စာပေဗိမာန်ဆုအတွက် "ကမ္မဖလ" ကို စဉ်းစားရာတွင် ဗုဒ္ဓဘာသာဝင်တို့၏ ကံ-ကံ၏ အကျိုးယုံကြည်မှု အကြောင်းကို အခြေခံထား၍ ရေးသားထားခါမှပင် ၀တ္ထုဇာတ်လမ်းထဲ၌ "လူသတ်သော အကြောင်းတွေ များလွန်းသည်" ဟူသော အကြောင်းပြချက်ဖြင့် ဗုဒ္ဓဘာသာကို တကယ်တန်း ကြည်ညိုလေးစားလွန်းလှပါ သည်ဆိုသော ဗုဒ္ဓဘာသာဝင် ဘုရားဒါယကာ ကျောင်းဒါယကာ အကြီးအကဲတစ်ဦး၏ ရွှေဘောတော် အတိုင်း ပယ်ချခြင်းကို ခံခဲ့ပေသည်။ ယင်းသည်လည်း ခပ်ဆန်းဆန်းကလေး အချက်ပင်ဖြစ်သည်။

" ကမ္မဖလ"ကို သီတာအေးပုံနှိပ်တိုက်က ထုတ်ဝေပြီးနောက် နှစ်အတန်ငယ်ကြာသောအခါ "နှလုံးလှ" စာပေတိုက်မှ ဒုတိယအကြိမ် ထပ်မံရိုက်နှိပ်ထုတ်ဝေခဲ့ပြန်လေသည်။
ယခုအခါ တတိယအကြိမ်အားဖြင့် "အောင်ကျော်ဦး" စာပေတိုက်က ပုံနှိပ်ထုတ်ဝေပြန်သည်။
မိမိကိုယ်ပိုင်စာမူကို မိမိကိုယ်ပိုင် စာအုပ်ထုတ်ဝေရေး လုပ်ငန်းမရှိပါဘဲလျက်နှင့် တတိယအကြိမ်အထိ ပြန် လည်ထုတ်ဝေရခြင်းသည်လည်း ခပ်ဆန်းဆန်းပင်ဖြစ်ပေသည်။
အထက်ပါတို့သည်ကား စာပေလောက အတွင်းသို့ စာရေးသူရောက်ရှိလာရပုံ အကျဉ်းချုပ်နှင့် "ကမ္မဖလ" ၏ဖြစ်စဉ် အကျဉ်းချုပ်တို့ပင်ဖြစ်၏။

" ကမ္မဖလ"နှင့် ပတ်သက်၍ စာရေးသူရရှိအပ်သော သင်ခန်းစာတစ်ရပ်မှာကား ... ပင်ကိုယ်ရေး စာမူတစ် ပိုဒ်သည် ထိုက်သည့်အားလျော်စွာ သင့်တင့်သော၊ အရည်အသွေးပြည့်ဝသော စာမူသာဖြစ်ပါက တစ်ကြိမ် နှင့် တိမ်မြှုပ်သွားသည်ဟုမရှိဘဲ အခိုက်အတန့်အားလျော်စွာ မည်သည့်ခေတ်တွင်မဆို ပြန်လည်ပေါ်ထွက် လာနိုင်စွမ်းရှီသည်ဟူသော သင်ခန်းစာပင်ဖြစ်ပါသည်။
စာပေ၀န်ထမ်းတစ်ဦးအနေဖြင့် ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်းလေးဆယ်ကျော်ရှိခဲ့ပြီဖြစ်ပါသည်။ ရေးသား ခဲ့သော စာများမှာလည်း မှတ်မိသည့် အရေအတွက်သာ မမှတ်မိသည်တို့က ပိုမို၍ အရေအတွက် များပြားနေပြီဖြစ်ပါသည်။

ဤမျှအထိ ရေးသားလာခဲ့ရသော စာအမျိုးအမည်ပေါင်းများစွာတို့ အနက်တွင် ကိုယ့်စာကိုပြန်၍ တင်းပြည့် ကျပ်ပြည့် ကျေနပ်အားရသော (ယခုအထိ) တစ်ခုတည်းသော စာမူမှာကား "ကမ္မဖလ" ၀တ္ထုပင်ဖြစ်ပါ၏။
ကိုယ့်ငါးချဉ် ကိုယ်ချဉ်သည်ဟု ဆိုစရာဖြစ်စေကာမူ စာရေးသူ၏ အဖို့မှာ "ကမ္မဖလ"သည် အားရစရာ အကောင်းဆုံးပင်ကိုယ်ရေး ၀တ္ထုဟု ယူဆပါသည်။ စာဖတ်သူသည်လည်း "ကမ္မဖလ"ကိုဖတ်ပြီးသောအခါ၌ ကျေနပ်အားရလိမ့်မည်ဟု မျှော်လင့်ပါသည်။
*
 ဖတ်ပြီးတဲ့ သူတွေ တော့ များမယ်ထင်တယ်.. စာအုပ်ကောင်းတအုပ် ဖြစ်တာရယ် အင်တာနက် မှာ မရှိသေးတာရယ်ကြောင့် တင်ပေးလိုက်ပါတယ်။

ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၇)

(၃၁)
ပါရီမြို့

ဇူလိုင်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန် ...
သီးသန့် ရုံးခန်းကလေးထဲတွင် ထိုင်နေသော ဂန်သာက ပြောလိုက်သည်။
" မဒရစ်မှာ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မင်းဘယ်လို ခံစားရမယ်ဆိုတာ ငါ သဘောပေါက်ပါတယ် ထရေစီ၊ ဒါပေမယ့် ဂျက်က အလျင် ရောက်သွားတာပဲ "
" မဟုတ်ဘူး၊ ကမန်မကအလျင်၊ ဂျက်ကနောက်မှ "
ထရေစီ က ပြင်ပြောပေးလိုက်သည်။

" အင်းလေ၊ ဒါပေမယ့် ပန်းချီကားကို လက်ဆုပ်လက်ကိုင် ပေးနိုင်တဲ့လူက ဂျက်စတီဗင်ပဲ မဟုတ်လား၊ အခုဆိုရင် "ပွာတို"ပန်းချီကားဟာ ငါ့ဆီက ၀ယ်မယ့် ဖောက်သည်ဆီကို ရောက်နေပြီ "
တကယ်တော့ "ပွာတို" ပန်းချီကားနှင့် ပတ်သက်သည့် ထရေစီ၏ ကြံစည်ကြိုးပမ်းချက်အားလုံးမှာ အောင် မြင်ပြီးခါမှ ဂျက်စတီဗင်၏ တပတ်ရိုက်ခြင်းကို ခံလိုက်ရသည်။
ခေါင်းတုံးပေါ် ထိပ်ကွက်ခြင်းကို ခံလိုက်ရသည်။
ထရေစီ က အခက်အခဲများ အန္တရာယ်များနှင့် ရင်ဆိုင် ကြိုးပမ်းနေသည်ကို ဂျက်က အသာထိုင်ကြည့်နေခဲ့ သည်။
အောင်မြင်သော အခါကျမှ ဆုလာဘ်ကြီးကို သူက အသာ ၀င်ယူသွားသည်။

ထရေစီအဖို့ ဂျက်ကို မည်သို့မဆ မကျေနိုင်အောင် ခံစားနေရသည်။ မိမိအား ချစ်မူချစ်ရာ ချစ်ပျူငှာဖြင့် ပိပိ ရိရိ ဟန်ဆောင်လှုပ်ရှားခဲ့သည့် ဂျက်အပေါ် ဖလာမင်ဂိုက ပွဲကြည့်သည့်ညက စိတ်ကစားမိခဲ့သဖြင့် ထရေစီ ကိုယ့်ကိုယ် ကို ပြန်ရှက်လာမိသည်။
" ကျွန်မ လူတစ်ယောက်ကို သတ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး၊ ဒါပေမယ့် ဂျက်စတီဗင်ကိုတော့ ပျော် ပျော်ကြီး သတ်မိလိမ့်မယ်ထင်တယ် "
ထရေစီ က ဂန်သာကို ပြောလိုက်သည်။
" အို ... ဒီ အခန်းထဲမှာတော့ မသတ်ပါနဲ့နော်၊ အခု သူဒီကို လာနေပြီ "
ဂန်သာ က လေသံပျော့ကလေးနှင့် ပြန်ပြောသည်။

" သူ ... ဘာဖြစ်တယ် "
ထရေစီ ထိုင်ရာက ၀ုန်းခနဲ ထမိလျက်သားဖြစ်သွားသည်။
" မင်းအတွက် အလုပ်တစ်ခု ရှိတယ်လို့ ငါပြောထားသားပဲ၊ အဲဒီအလုပ်မှာက အတူတွဲလုပ်ဖို့ အဖော်တစ် ယောက်လိုမယ်၊ ငါ အကြံပေးချင်တာက ဂျက်ဟာ မင်းနဲ့တွဲလုပ်ဖို့ အသင့်တော်ဆုံး တစ်ယောက် ... "
" အို ... လျှာပေါ်မြက်ပေါက်ပြီး ငတ်သေသွားပါစေ ဂျက်စတီဗင်ဟာ ရွံ့ရှာစက်ဆုပ်စရာ အကောင်းဆုံး လူ တစ်ယောက် ... "
" အား ... ကျွန်တော် နာမည်ကို ပြောသံကြားလိုက်ရသလားလို့ ထရေစီ ဒါလင်၊ မင်း ခါတိုင်းထက်အောင် ပိုလှ နေပါလား၊ မိတ်ဆွေကြီး ဂန်သာ၊ ကျန်းဂန်သာလို့ မာရဲ့နော် "
ဂျက်စတီဗင်က ထရေစီ နောက်ဘက် တံခါးဝမှ ပေါ်လာပြီး ပြောလိုက်သည်။
ဂျက် နှင့် ဂန်သာတို့ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ထရေစီမှာ မတ်တတ်ရပ်လျက်က ဒေါပွနေမိသည်။
" မင်း ငါ့ကို အတော် ဒေါပွနေတယ် ထင်တယ် "
ဂျက်က ထရေစီကို မေးလိုက်သည်။
" ဒေါပွတယ် ဟုတ်လား၊ ကျွန်မ ... "
ထရေစီသည် မည်သို့ ဆက်ပြောရမည်ကိုပင် စကားလုံး ရှာမရအောင် ဖြစ်နေသည်။
" ထရေစီ ... မင်းရဲ့ အကြံအစည်နဲ့ လုပ်ပုံ ကိုင်ပုံဟာ တကယ့်ကိုပဲ ပြောင်မြောက် သေသပ်လှပါတယ်၊ ချီး ကျူးစရာ ကောင်းလှပါတယ်၊ ဒါပေမယ့် မင်းအမှားကလေးတစ်ခု လုပ်မိသွားတယ်၊ လက်ညိုးတစ်ချောင်း မရှိတဲ့ ဆွစ်အမျိုးသား ကို ဘယ်တော့မှ မယုံလေနဲ့ "
ထရေစီ သည် မသိမသာ သက်ပြင်းချလိုက်ပြီး ဒေါသကို မနည်း မျိုသိပ်ပစ်လိုက်ရသည်။

ထရေစီက ဂန်သာဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
" ဂန်သာ ... ကျွန်မ ရှင်နဲ့ နောက်မှ ဆွေးနွေးတော့မယ် "
" ထရေစီ "
" ဘာပဲဖြစ်ဖြစ် သူပါမယ့် အလုပ်ဆိုရင် ကျွန်မ မလုပ်ချင်ဘူး "
" ကျွန်တော် ပြောမယ့် အစီအစဉ်ကလေးတော့ နားထောင်ပါဦး "
" ဟင့်အင်း ... နားထောင်စရာ မလိုတော့ ... "
" နောက် သုံးရက်ကြာရင် ကမ္ဘာကျော် ဒီဘီယား စိန်ကုမ္ပဏီကြီးက ဒေါ်လာ လေးသန်းဖိုးရှိတဲ့ စိန်ထုပ် တွေ ကို ဒီ ပါရီမြို့ကနေပြီး အမ်စတာဒမ်မြို့ကို ပြင်သစ်လေကြောင်း ကုမ္ပဏီက ကုန်တင် လေယာဉ်နဲ့ ပို့ လိမ့်မယ်၊ ငါ့ဖောက်သည်တစ်ယောက် က အဲဒီ စိန်တွေကို လိုချင်နေတယ် "

အဲဒီစိန်တွေကို လေဆိပ်အပို့မှာ လမ်းကဖြတ်ပြီး အပိုင်စီးပေါ့၊ ရှင့်မိတ်ဆွေဂျက် က လမ်းကဖြတ်ပြီး အပိုင်စီး တဲ့ ဘက်မှာ ၀ိဇ္ဇာပဲဟာ "
ထရေစီက အငေါ်တူးလိုက်သည်။
ခါးသီးနာကြည်းမှုက သူမ လေသံတွင် အထင်းသားပေါ်နေသည်။
ထရေစီ သည် ဒေါသဖြစ်လျှင် ပိုပြီး ချစ်စရာကောင်းလာသည်ဟု ဂျက် စိတ်ထဲက ပြောမိသည်။
" လေဆိပ် အပို့မှာတော့ ဘယ်လိုမှ ဖြတ်ယူလို့ မရဘူး၊ အစောင့် အကြပ် အပြည့်ချထားတာ၊ လေယာဉ်ပျံနဲ့ သွားနေတုန်း လေယာဉ်ပေါ်မှာ ဖြတ်ယူဖို့ တို့က ကြံစည်နေတာ "
ဂန်သာ က ပြောလိုက်သည်။

" လေယာဉ်ပျံ သွားနေတုန်း ဟုတ်လား၊ ကုန်တင်လေယာဉ်ပေါ်မှာ ဖြတ်ယူမယ်ဆိုပါတော့ "
ထရေစီ က ဂန်သာကို တအံတသြကြည့်ရင်း မေးလိုက်သည်။
" ကုန်တင် သေတ္တာတွေထဲမှာ ၀င်ပုန်းပြီး လိုက်နိုင်မယ့် ကိုယ်ခန္ဓာ သေးသေး သွယ်သွယ်တစ်ယောက်တို့ လိုနေတယ်၊ လေယာဉ်ပျံ လေထဲမှာ ပျံသန်းပြီး သွားနေတုန်း အဲဒီလူက သူ့ သေတ္တာထဲက ထွက်လာရမယ်၊ အဲဒီထဲက စိန်ထုပ်တွေကို ယူပြီးတော့ အသင့်ပါသွားမယ့် စိန်အတု အထုပ်နဲ့ အစားထိုးရမယ်၊ ပြီးတော့ မူလ က သူပါလာတဲ့ ကုန်သေတ္တာထဲ ပြန်ဝင်ပြီး ပုန်းနေရုံပဲ "
" ကျွန်မက ကုန်သေတ္တာထဲ ၀င်လို့ရလောက်အောင် ခန္ဓာကိုယ် သေးလို့လား "
" ဒါတင် မကပါဘူး၊ တခြား အချက်တွေလဲ ရှိပါသေးတယ်။ ထက်မြက်ပြီး ခေါင်းအေးအေးနဲ့ သတ္တိရှိရှိလုပ် နိုင်မယ့် အရည်အချင်းတွေကြောင့်လဲ မင်းကို လိုချင်တာပါ "
ဂန်သာက ပြောသည်။

ထရေစီသည် မတ်တတ်ရပ်လျက်ကပင် စဉ်းစားနေသည်။
" အစီအစဉ်ကိုတော့ ကြိုက်ပါတယ် ဂန်သာ၊ ဒါပေမယ့် ကျွန်မ မကြိုက်တာကတော့ သူနဲ့အတူ လက်တွဲ လုပ်ရမှာပဲ။ သူက လူလိမ် လူကောက် "
" တို့အားလုံးဟာ လူရိုးလူဖြောင့်တွေမှ မဟုတ်ဘဲ၊ အားလုံး လူလိမ်လူကောက်တွေချည်းပဲ ဥစ္စာ၊ အတူတူနဲ့ အနူနူပါပဲကွာ၊ ဂန်သာက သူပြောတဲ့ကိစ္စကို တို့လုပ်ပေးနိုင်ရင် ဒေါ်လာ တစ်သန်း ပေးမယ်တဲ့ "
" ဒေါ်လာ တစ်သန်း ဟုတ်လား ဂန်သာ "
ထရေစီ က ဂန်သာကို စိုက်ကြည့်ပြီး မေးလိုက်သည်။

" မင်းတို့ တစ်ယောက်ကို ဒေါ်လာ ငါးသိန်းစီ ရမှာပေါ့ "
ဂန်သာက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
" လေဆိပ် က ကုန်တင်တဲ့နေရာမှာ ငါ့အဆက်အသွယ်ရှိတယ်လေ၊ သူက တို့ကို ကူညီမယ်လေ၊ ဒီလူက ယုံကြည် စိတ်ချရပါတယ်၊ ဒါကြောင့် တို့ အစီအစဉ်က တကယ် ဖြစ်နိုင်မှာပါ "
ဂျက်က ထရေစီကို ရှင်းပြသည်။
" အဲ့ဒီလူက ယုံကြည်ရတယ်လား၊ ရှင်ကတော့ မယုံကြည်ရပါဘူး၊ ကဲ ... သွားဦးမယ် ဂန်သာ "
ထရေစီ က ပြောပြောဆိုဆိုနှင့် အခန်းထဲမှ ထွက်သွားတော့သည်။ ဂန်သာက သူမနောက်ဘက်မှ လှမ်းကြည့် နေရင်း ဂျက် ကို ပြောလိုက်သည်။

" မဒရစ်က ကိစ္စမှာ ခင်ဗျားကို သူတကယ့်ကို ဒေါသဖြစ်နေတာပဲဂျက်၊ ကျွန်တော်တို့ကိစ္စမှာ သူ ပါတော့မယ် မထင်ဘူး "
" ကျွန်တော် ထရေစီအကြောင်း ကောင်းကောင်းသိပါတယ်၊ သူ လုပ်မှာပါဗျာ "
ပါရီမြို့ကိုပတ်ပြီး စိန့်မြစ်ထဲမှနေ၍ ရှုခင်းများ လိုက်ကြည့်သော အပျော်စီးအပန်းဖြေသင်္ဘော၏ ဘေးဘက် စားပွဲတစ်လုံး တွင် လူလေးယောက်ထိုင်ပြီး စကားပြောနေသည်။
ထိုသူများမှာ ထရေစီ၊ ဂျက်၊ ဂန်သာနှင့် ရာမွန်ဗောဘန်းတို့ ဖြစ်သည်။ ရာမွန်ဗောဘန်းသည် ပြင်သစ် လူမျိုး လူငယ်တစ်ဦးဖြစ်ပြီး ပြင်သစလေကြောင်း ကုမ္ပဏီ ကုန်တင်ဌာနမှ ၀န်ထမ်းတစ်ဦးဖြစ်သည်။ သူသည် စိန် ခိုးထုတ်ရေးအစီအစဉ် အောင်မြင်ရေးအတွက် အခရာကျသူတစ်ဦးပင် ဖြစ်သည်။

" ကုန်သေတ္တာတွေကို လေယာဉ်ပေါ် မတင်ခင် အသေ ချိပ်ပိတ်လိုက်တာပဲ "
" ရာမွန်ဗောဘန်းက ရှင်းပြသည်။
" ဒါဖြင့်ရင် ကျွန်မက အထဲကို ဘယ်လို လုပ်ဝင်မလဲ "
ထရေစီကမေးသည်။
" အဲဒါက သံသေတ္တာတွေလေ၊ သစ်သားသေတ္တာတွေမှာ တဖက်က တာလပတ်တွေနဲ့ပိတ်တဲ့ ကုန်သေတ္တာ အပျော့လို့ခေါ်တာမှ လေယာဉ်ပေါ်တင်တယ်၊ ပိတ်တော့လဲ ကြိုးနဲ့ပဲ ခိုင်ခိုင်စည်းပြီး ပိတ်တာ၊ လုံခြုံရေးရှု ထောင့် အရပေါ့ဗျာ စိန်တွေလို အဖိုးတန် ကုန်စည်တွေဆိုရင် အချိန်ကပ်ပြီးမှ ရောက်လာတယ်၊ လေယာဉ် ပေါ် ကို နောက်ဆုံးမှတင်တယ်၊ လေယာဉ်ဆိုက်ရင်လဲ အလျင်ဆုံး သယ်ချရတယ် "
" ဒါဖြင့် စိန်တွေက ကုန်သေတ္တာ အပျော့ထဲမှာ ပါလာမှာပေါ့ ဟုတ်လား "

" ဟုတ်ပါတယ် မဒမ် ... ခင်ဗျား ၀င်လိုက်လာမယ့် ကုန်သေတ္တာအပျော့ကို စိန်တွေပါမယ့် ကုန်သေတ္တာ အပျော့ဘေးမှာ ကပ်ချထားရအောင် ကျွန်တော် စီစဉ်ထားမယ်၊ လေယာဉ်ပျံသန်းနေတုန်း ခင်ဗျားလုပ်ရမှာ ကတော့ သေတ္တာရဲ့ ကြိုးကိုဖြတ်၊ စိတ်တွေပါတဲ့ ကုန်သေတ္တာကိုဖွင့်၊ စိန်အစစ်သေတ္တာကို စိန်အတု သေတ္တာနဲ့ လဲယူပြီးတော့ ခင်ဗျား ကုန်သေတ္တာထဲပြန်ဝင်၊ ခင်ဗျား သေတ္တာကို ပြန်ပိတ် ... ဒါပါပဲ "
ဗောဘန်းက ရှင်းပြသည်။
ဂန်သာက ထပ်ဖြည့်ပြီး ပြောလာသည်။
" အမ်စတာဒမ်ကို လေယာဉ်ဆိုက်ရင် အစောင့်တွေက မင်းလဲထည့်ပေးလိုက်တဲ့ စိန်အတုသေတ္တာကို စိန် သွေးသမားတွေဆီ သွားပို့လိမ့်မယ်၊ စိန်အတုတွေမှန်း သူတို့သိတဲ့အချိန်မှာ မင်းဟာ အဲဒီတိုင်းပြည်က ပြည်ပကို သွားနေတဲ့ လေယာဉ်တစ်စင်းပေါ် ရောက်နေလိမ့်မယ်၊ ငါပြောတာယုံပါ၊ ဘာမှ အမှားအယွင်း အတိမ်းအစောင်း မဖြစ်နိုင်ပါဘူး "

" ယောဉ်ပေါ်မှာ အေးလွန်းလို့ သွေးခဲပြီး သေသွားနိုင်ဘူးလား "
ထရေစီက ထပ်မေးလိုက်သည်။
" အခု ကုန်တင်လေယာဉ်တွေက အလျင်လို မဟုတ်တော့ဘူး၊ အပူဓာတ်ပေးထားတယ်လေ၊ မွေးမြူရေး တိရစ္ဆာန်တွေ မကြာခဏ တင်နေရတာဆိုတော့ အပူဓာတ် ပေးရတော့တာပဲ၊ ခင်ဗျား နည်းနည်း ကျဉ်းကျဉ်း ကျုတ်ကျုတ် နေရတာကလွဲလို့ အားလုံး အဆင်ပြေမှာပါ "
ထရေစီ သည် နော်ကဆုံးတွင် သူတို့အစီအစဉ်ကို အစအဆုံး နားထောင်ရန် သဘောတူလိုက်သည်။
နာရီပိုင်းမျှ ကျပ်ကျပ်တည်းတည်း ကျဉ်းကျဉ်း ကျုတ်ကျုတ် နေလိုက်ရုံမျှဖြင့် ဒေါ်လာငါးသိန်းရမည်။ သူတို့ အစီအစဉ်ကို ထရေစီ ရှုထောင့်အမျိုးမျိုးမှ ဆန်းစစ်ကြည့်သည်။ ဖြစ်နိုင်သည်ဟု သူမ မြင်လာသည်။

ထရေစီသည် နောက်ဆုံးတွင် ဂျက် မျက်လုံးအစုံကို စိုက်ကြည့်ပြီး ...
" ကောင်းပြီလေ ... ကျွန်မ လုပ်မယ် " ဟု ပြောလိုက်တော့သည်။
" ကျွန်တော်တို့မှာ အချိန် သိပ်မရှိတော့ဘူး၊ ကျွန်တော့် အစ်ကိုက သင်္ဘောတင်ဌာနမှာ လုပ်တယ်၊ သူက ကုန်သေတ္တာပေးမယ်၊ သူ့ ကုန်လှောင်ရုံမှာပဲ ခင်ဗျားကို သေတ္တာထဲထည့်ပြီး ကျွန်တော့် လေဆိပ်ကို ပို့ပေး လိမ့်မယ် "
" ကျွန်မအတွက် မပူပါနဲ့၊ အချိန်က ဘယ်လောက် ကြာမှာလဲ "
" သေတ္တာထဲဝင်ရမယ့် ကုန်လှောင်ရုံမှာ မနစ်အနည်းငယ်ကြာမယ်၊ နောက်ပြီး အမ်စတာဒမ်ကို လေယာဉ် ပျံသန်းချိန်က တစ်နာရီ၊ အားလုံးပေါင်း တစ်နာရီ သာသာပါပဲ "
" သေတ္တာကရော ဘယ်လောက်ကြီးမလဲ "

" ခင်ဗျား ထိုင်လိုက်နိုင်သာအောင်တော့ ရှိပါတယ်၊ ခင်ဗျားကို အရေးအကြောင်းဆို ကာကွယ်ပေးနိုင်မယ့် ပစ္စည်းတွေလဲ အထဲမှာ ပါဦးမှာပါ "
" မင်းအတွက် လိုအပ်မယ့် တခြား ပစ္စည်းတွေလဲ ငါအသင့် စီစဉ်ထားပြီးသားပါ "
ဂျက်က ၀င်ပြောလိုက်သည်။
ထရေစီက ဂျက်ကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်သည်။
သူ့ဘက်ကတော့ အပိုင်တွက်ထားပုံရသည်။

" ဒီမှာ ... ထရေစီ၊ ဗောဘန်းက မင်းရဲ့နိုင်ငံကူးလက်မှတ်မှာ ဟော်လန်နိုင်ငံ အ၀င်အထွက် တံဆိပ် အားလုံးရအောင် ရိုက်ပေးထားလိမ့်မယ်၊ ဒီတော့ မင်းဟော်လန်က ပြဿနာမရှိဘဲ ထွက်နိုင်တာပေါ့ "
အပျော်စီး သင်္ဘောက ဆိပ်ခံတံတားတွင် စတင်ဆိုက်နေပြီ။
" အပြီးသတ် အစီအစဉ်ကို နက်ဖြန်ကျမှ ဆက်လုပ်တာပေါ့၊ ကျွန်တော်လဲ အလုပ်ကို ပြန်လိုက်ဦးမယ် "
ဗောဘန်းက နှုတ်ဆက်ပြီး ထွက်သွားသည်။

" ကဲ ... ကျွန်တော်တို့ သုံးယောက် အောင်ပွဲအကြို ညစာအတူ စားကြရအောင် "
ဂျက်က ပြောလိုက်သည်။
" ကျွန်တော့်မှာ တခြား ချိန်းထားတာရှိလို့ ခွင့်လွှတ်ပါဗျာ "
ဂန်သာက တောင်းပန်လိုက်သည်။
ဂျက်က ထရေစီဘက်ကို လှည့်ပြီး ...
" မင်းတော့ .... "
" ဟင့်အင်း ... ကျွန်မ ပင်ပန်းပြီး ... ကျေးဇူးပဲ "
ထရေစီကလည်း ဂျက်စကား မဆုံးမီမှာပင် ငြင်းလိုက်သည်။

ထရေစီသည် ဂျက်ကို ရှောင်နိုင်ရန် ပင်ပန်းလို့ဟု ဆင်ခြေ ပေးလိုက်ခြင်းဖြစ်သော်လည်း တကယ်တမ်း တွင်မူ သူမ အဟုတ် ကို ပင်ပန်းနွမ်းနယ်နေပါပြီ။
ကိစ္စပြီးလျှင် လန်ဒန်ပြန်၍ အကြာကြီးနားလိုက်မည်ဟု စိတ်ကူးလိုက်သည်။
" ငါ မင်းအတွက် လက်ဆောင်လေးတစ်ခု ၀ယ်လာတယ် "
ဂျက်က ထရေစီကို စက္ကူလှလှလေးဖြင့် ထုပ်ထားသော ဘူးကလေးတစ်ဘူး ပေးလိုက်သည်။
ဖောက်ကြည့်လိုက်ရာ အကောင်းစား ပိုးသားလည်စည်းစကပ်ဖ်လေးကို တွေ့ရသည်။

ထောင့်တစ်ထောင့်တွင် ထရေစီဝှစ်တနေ နားမည်အတိုကောက်ဖြစ်သော "တီဒဗလျူ" စာလုံးနှစ်လုံး ရေးထိုး ထားသည်။
" ကျေးဇူးပဲ "
ထရေစီက ၀တ်ကျေတန်းကျေ ပြောလိုက်သည်။
အင်း ... သူဝယ်နိုင်တာပေါ့၊ ငါ့ပိုက်ဆံ ဒေါ်လာ ငါးသိန်းနဲ့ ဒီလည်စည်းဝယ်ပြီး ငါ့ပြန်ပေးတာပဲ၊ နေနှင့်ဦးပေါ့ ဟု စိတ်ထဲ မှ စိတ်ဆိုးဆိုးဖြင့် ပြောနေမိသည်။

*
ထရေစီသည် ပါရီတွင် နာမည်ကြီး ပလာဇာအေသင်နီ ဟိုတယ်၌ တည်းခိုသည်။ သူမ ရောက်သည့်နေရာ တွင် စုံထောက် ဒင်နရယ်ကူးပါးလည်း ရောက်နေသည်။
ကူးပါးသည် ထရေစီ၏ နောက်သို့ တစ်ကိုယ်တော်ပင် ----- နေရပါပြီ။
ထရေစီနှင့် ပတ်သက်၍ လက်ဆုပ်လက်ကိုင် အထောက်အထား မပြနိုင်သဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ ထံမှ အကူအညီ မရတော့ပါ။
ထိုညက ထရေစီ အိပ်မပျော်ပါ။
ခေါင်းလည်း ကိုက်နေသည်။

ရှေ့ကြောင်း နောက်ကြောင်းများကို တွေးရင် ခေါင်း ပိုနောက်လာသဖြင့် အက်စ်ပရင် ဆေးပြားကို သောက် လိုက်သည်။
နက်ဖြန်ကိစ္စပြီးလျှင် ဆွစ်ဇာလန်သွား၍ အနားယူမည်ဟု စိတ်ကူးလိုက်သည်။
နာရီနှိုးစက်ကို နံနက် ၅-နာရီ ပေးထားသည်။ နှိုးစက်သံ မြည်သည်နှင့် နိုးလာသည်။
သူမရင်ထဲတွင် တင်းကျပ်ပြီး မျက်လုံးများကျိန်းစပ်နေသည်။
ရေချိုးခန်းထဲသို့ မနည်းအားယူပြီး သွားရသည်။ မှန်ထဲတွင် ကြည့်လိုက်ရာ မျက်နှာမှာ ရဲနေပုံရသည်။
ကနေ့ဖျား၍ မဖြစ်သေး။ လုပ်စရာတွေအများကြီး ရှိသေးတယ်ဟု ထရေစီ စိတ်ထဲကပြောကာ အားတင်း လိုက်သည်။

ခေါင်းကိုက်နေသည့်ကြားမှပင် ကြိုးစားပြီး တဖြည်းဖြည်းချင်း အ၀တ်အစားလဲသည်။
အပေါ်အောက် အနက်ဝတ်စုံကို ၀တ်သည်။ ရော်ဘာ အောက်ခံဖိနပ်ကို စီးသည်။
သူမ နှလုံးခုန်နှုန်းက ပုံမှန်မဟုတ်မှန်း သိနေသည်။
ဤသည်မှာ စိတ်လှုပ်ရှား၍လော၊ နေထိုင်မကောင်းချင်သဖြင့် ကိုယ်လက်မအီမသာ ဖြစ်နေ၍လော။ ခေါင်းထဲတွင် မူးနောက်နောက် ဖြစ်နေပြီး အားအင် ကုန်ခန်းနေသည်က အမှန်ပင်။
လည်ချောင်းထဲတွင်လည်း ခြောက်ပြီး နာနေသည်။ ဂျက် လက်ဆောင်ပေးထားသော ပ၀ါ လည်စည်းကို စားပွဲပေါ်တွင် တွေ့ရသည်။
ကောက်ယူလိုက်ပြီး သူမ လည်ပင်းတွင် စည်းလိုက်သည်။

ထရေစီသည် ဟိုတယ် ရှေ့ပေါက်မှ မထွက်ဘဲ နောက်ဘက် မလွယ်ပေါက်မှ ထွက်သည်။
သူမ ထိုသို့ ထွက်သွားသည်ကို အရှေ့ဘက်အ၀င်ဝ ပေါက်နားမှာ စောင့်နေသော ဒင်နရယ်ကူးပါး မမြင် လိုက်ပေ။
သို့သော် ထရေစီ ထွက်သွားသည့် အချိန်မှာပင် ကူးပါးက စိတ်ထဲက အလိုလိုသိလာသည်။
မည်သည့်နေရာတွင်မှ ထရေစီကို မမြင်ရပါချေ။
အညိုရောင် ရောနော ကားတစ်စီးက ထရေစီအား ဟိုတယ် မလွယ်ပေါက်အထွက်မှ စောင့်ပြီး တင်ခေါ်သွား သည်။

လမ်းတွင် ကား အသွားအလာများက ရှင်းနေသည်။
ယာဉ်မောင်းသူ လူငယ်မှာ အင်္ဂလိပ်စကား ပြောတတ်ပုံ မရပေ။
ကားအရှိန်ကြောင့် ခေါင်း ပိုမူးလာသလို ရှိသည်။
နာရီဝက်ခန့် ကြာသောအခါ ကုန်လှောင်ရုံကြီးတစ်ရုံ၏ ရှေ့၌ ကားကို ထိုးဆိုက်လိုက်သည်။
ရာမွန်ဗောဘန်း၏ အစ်ကို အလုပ်လုပ်သော ကုန်လှောင်ရုံပင်ဖြစ်သည်။
ထရေစီ ကားပေါ်မှ ဆင်းလိုက်သောအခါ လူတစ်ယောက် ကုန်လှောင်ရုံထဲမှ ထွက်လာပြီး ...
" လာ ... ငါ့နောက်လိုက်ခဲ့၊ မြန်မြန် .... " ဟုခေါ်သည်။

ထိုသူက ကုန်လှောင်ရုံနောက်ဘက်သို့သွားရာ ထရေစီက သူ့နောက်မှ လိုက်သွားသည်။
ထိုနောက်ဘက်တွင် ကုန်သေတ္တာ ခြောက်လုံးတွေ့ရသည်။
သေတ္တာ အများစုမှာ ကုန်များ ထည့်ပြီးနောက် ချိပ်ပိတ်ထားပြီးဖြစ်သည်။
တာလပတ်နျင့် ပိတ်ရန်သာကျန်တော့သည်။ ကုန်သေတ္တာအပျော့တစ်လုံးထဲတွင်မူ ပရိဘောဂပစ္စည်းက တစ်ဝက်ရောက်ရှိနေသည်။
" ကဲ ... အထဲဝင်တော့ မြန်မြန် ... အချိန်မရှိတော့ဘူး "
ထရေစီ မူးမေ့သွားတော့ မလိုပင် ခံစားလိုက်ရသည်။

သေတ္တာကိုကြည့်ပြီး ၀င်လို့မဖြစ်ဘူး၊ ၀င်ရင်သေမှာပဲဟုပင် စိတ်ထဲက ထင်မိသည်။
သို့သော် အားတင်းလိုက်သည်။ နောက် သုံးလေးနာရီကြာလျှင် ဆွစ်ဇာလန် ရောက်ပြီး အနားယူနိုင်တော့ မည်။
" ရော့ ... ဒါတွေယူ "
ထိုသူက ထရေစီအား နှစ်ဖက်သွား ဓားမြှောင်တစ်ချောင်း၊ ကြိုးခွေတစ်ခွေ၊ လက်နှိပ်ဓာတ်မီး အသေးတစ် လက်နှင့် ကြိုးအနီဖြင့် စည်းထားသော အပြာရောင် ရတနာ သေတ္တာလေး တစ်လုံးတို့ကို ပေးလာသည်။
" အဲဒါက ခင်ဗှား ဟိုရတနာသေတ္တာနဲ့ လဲယူရမယ့် ပုံစံတူ စိန်အတုရတနာ သေတ္တာပဲ "
ထရေစီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကုန်သေတ္တာထဲဝင်ကာ ထိုင်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း မှာပင် သေတ္တာ၏ ပွင့်နေသော တစ်ဖက်ကို ကြီးမားသော တာလပတ်စကြီးဖြင့် ဖုံးအုပ်လိုက်သည်။
ထို့နောက် ကြိုးဖြင့် ခိုင်ခိုင်ပတ်ပြီး ချည်နှောင်လိုက်သည့် အသံကို ကြားရသည်။

" ခု အချိန်ကစပြီး စကားလဲ မပြောနဲ့တော့၊ လှုပ်လဲ မလှုပ်ရှားနဲ့တော့၊ ဆေးလိပ်လဲ မသောက်နဲ့တော့ "
အပြင်ကလူ ပြောလိုက်သောအသံကို ထရေစီ သဲ့သဲ့သာ ကြားရသည်။
" ဆေးလိပ် မသောက်တတ်ပါဘူး "ဟု ထရေစီ ပြန်ပြောရန် ကြိုးစားကြည့်သော်လည်း ပြောနိုင်သည့် အင်အား မရှိပါတော့ချေ။
" မင်း အသက်ရှူလို့ရအောင် ငါ သေတ္တာဘေးဘက်မှာ အပေါက်တချို့ ဖောက်ပေးထားတယ်၊ အသက်ရှူ ဖို့လဲ မမေ့နဲ့ဦးနော် "
ထိုသူက သူ့ပြက်လုံးကို သူသဘောကျပြီး ရဂယ်သည်။ သူ လှမ်းထွက်သွားသည့် ခြေသံများက တဖြည်းဖြည်း ဝေးပြီး ပျောက်သွားသည်။
သေတ္တာထဲမှ အမှောင်ထုထဲတွင် ထရေစီတစ်ယောက်တည်း။

ကုန်သေတ္တာ ကျဉ်းကျဉ်း ကျပ်ကျပ်ထဲတွင် ထမင်းစားခန်းသုံး ကုလားထိုင်တစ်စုံက နေရာ အတော်များများ ယူထားသည်။
ထရေစီ တစ်ကိုယ်လုံး အသားများ ပူနေသည်။
အသက်ရှူရလည်း ကျပ်နေသည်။
တုပ်ကွေးဖြစ်ချင်သလိုလို ဖြစ်နေသည်ဟု ထရေစီ ၀င်မိသည်။
သို့သော် ကွေး၍မဖြစ်၊ အလုပ် လုပ်စရာတွေ ရှိသေးသည်။
ဂန်သာ၏ စကားသံကို ထရေစီ ပြန်လည်ကြားယောင်မိသည်။

" မင်း ဘာမှ စိုးရိမ်စရာမရှိဘူး ထရေစီ၊ အမ်စတာဒမ်ရောက်လို့ ကုန်သေတ္တာတွေ သယ်ချရင် မင်းသေတ္တာ ကိုလေဆိပ်နားက သီးသန့်ဂိုဒေါင်တစ်လုံးကို ယူသွားမယ်၊ ဂျက် မင်းကို အဲဒီက စောင့်နေလိမ့်မယ်၊ ဂျက်ကို ရတနာတွေပေးလိုက်ပြီး မင်း လေဆိပ်ကို ပြန်လာခဲ့၊ ဆွစ်လေယာဉ်လက်မှတ်ရောင်း ကောင်တာမှာ ဂျီနီဗာ သွားဖို့ မင်းအတွက် လေယာဉ်လက်မှတ် တစ်စောင် အသင့် ရှိနေလိမ့်မယ်၊ ဖြစ်နိုင်သမျှ အမြန်ဆုံးသာ အမ်စတာဒမ်လေဆိပ်က ထွက်ပေတော့၊ စိန်တွေ အခိုးခံရတာကို ရဲက သိတာနဲ့ တစ်ပြိုင်နက် တစ်မြို့လုံး ကိုပိတ်ရှာလိမ့်မယ်၊ ဘာမှတော့ အချွတ်အချော် ရှိမှာမဟုတ်ဘူး၊ ဒါပေမယ့် မတော်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ဒီမျာ လိပ်စာနဲ့သော့၊ အမ်စတာဒမ်က လုံခြုံစိတ်ချရတဲ့ အိမ်တစ်လုံးပဲ၊ ဘယ်သူမှ မရှိဘူး၊ လိုအပ်ရင် မင်း ခိုအောင်းနေဖို့ပေါ့ "
ထရေစီ မှေးခနဲ ငိုက်သွားသည်။

ကုန်သေတ္တာကြီးကို လေထဲသို့ မ ယူလိုက်မှ ထရေစီ လန့်နိုးကြီး သတိရလာသည်။
အထဲတွင် ထရေစီ ဘောင်ဘင်ခတ်နေသဖြင့် သေတ္တာဘေးမှ တန်းများကို လှမ်းကိုင်ထားလိုက်သည်။
သေတ္တာကြီးအား အမာခံတစ်ခုပေါ်သို့ တင်လိုက်သည်ကို သိလိုက်ရသည်။
ကားတံခါး ပိတ်လိုက်သံကြားရပြီး ကားစက်နှိုးသံပေါ်လာသည်။
တစ်ခဏအတွင်းမှာပင် ကားဘီးလိမ့်ထွက်သွားသည်။
သူတို့ လေဆိပ်သို့ ဦးတည်သွားနေကြပြီ။

ကားမောင်းသမားသည် တစ်နာရီ မိုင် ၅၀-နှုန်းဖြင့် အချိန်ကိုက် မောင်းနေသည်။
ဒီဘီယား ကုမ္ပဏီမှ စိတ်သေတ္တာရောက်ပြီး မိနစ်ပိုင်းအတွင်း ထရေစီ သေတ္တာရောက်ရန် အားလုံး အချိန် ကိုက်စီစဉ်ထားသည်။
သို့သော် ကုန်သေတ္တာများ တင်ရမည့် နေရာနှင့် မလှမ်းမကမ်းအရောက်တွင် ကားဘီးပေါက်သွားသည်။
ပြင်သစ် လေကြောင်းကုမ္ပဏီမှ ၇၄၇-ကုန်တင်ဂျက်လေယာဉ်ကြီးပေါ်သို့ ကုန်သေတ္တာများကို တင်နေ သည်။
ထိုသို့ တင်နေသည်မှာ ပြီးလုနီးပါးပင် ရှိနေသည်။

ရာမွန်ဗောဘန်းသည် လက်ပတ်နာရီကို ထပ်မံကြည့်လိုက်ပြီး ထရပ်ကား ရောက်မလာသေးသဖြင့် စိတ်ထဲက ကျိန်ဆဲလိုက်သည်။
ဒီဘီယား ကုမ္ပဏီမှ စိန် သေတ္တာသည် လေယာဉ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကာလပတ် ဖုံးထားသော ဘက်ကို ကြိုးများဖြင့် အပြန်ပြန် အလှန်လှန် ကြက်ခြေခတ် စည်းနှောင်ထားသည်။
ထိုဘက်ကို ထရေစီ အလွယ်တကူ မြင်သာရန်အတွက် ဗောဘန်းက ဆေးအနီဖြင့် သုတ်ပြထားသည်။
လေယာဉ်မထွက်ခင်တွင် ထို သေတ္တာဘေး၌ တင်ရန် သေတ္တာတစ်လုံးစာ နေရာသာ ရှိတော့သည်။

ဗောဘန်း လည်တဆန့်ဆန့်နှင့် စိတ်မော နေစဉ်မှာပင် သူမျှော်နေသော ထရပ်ကား အပြင်းမောင်းလာပြီး သူ့ရှေ့၌ ထိုးရပ်လိုက်သည်။
" ဒါ နောက်ဆုံးတင်ရမယ့် ကုန်သေတ္တာပဲ "
ဗောဘန်းက ပြောလိုက်သည်။
" ကဲ ... တင်ပေတော့ .... "
ကြီးကြပ်ရေးမှူးက စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်သည်။

ထရေစီပါလာသော ကုန်သေတ္တာကို ဒီဘီယား ကုမ္ပဏီမှ ကုန်သေတ္တာဘေးတွင် လေယာဉ်ဝမ်းထဲ၌ နေရာ ချထားပေးလိုက်သည်။
ကားပေါ်မှ လေယာဉ်ပေါ်သို့ တင်ကာ နေရာချထားခြင်းကို ဗောဘန်းကိုယ်တိုင် ကြီးကြပ်ပေးသည်။
မကြာမီမှာပင် လေယာဉ်ကြီး ကောင်းကင်သို့ ပျံတက်သွားသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>