Wednesday, August 31, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၈)

မုန်တိုင်း က ကြောက်စရာကောင်းအောင် အလွန်အမင်း ပြင်းထန်နေသည်။
ကြီးမားသော လှိုင်းကြီးတစ်လုံးက သင်္ဘောကို လာရောက်ရိုက်ခတ်ရာ သင်္ဘောနစ်မြုပ်စ ပြုနေသည်။ ရေနစ် သေတော့မှာပဲဟု ထရေစီတွေးမိလာသည်။
ဒီအထဲက ထွက်ရမည်ဟုလည်း ဆုံးဖြတ်လိုက်သည်။ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အသက်ကယ် လှေ၏ နံရံနှစ်ဖက်ကို သွားထိသည်။
လှေမှာ မြုပ်ချည်ပေါ်ချည်နှင့် လူးလာခတ်နေသည်။ ထရေစီ ကုန်းထလိုက်သည်။ သူမ ခေါင်းက စားပွဲခြေ ထောက် နှင့် သွားဆောင့်မိသည်။

ထရေစီ သည် ယခုမှ အိပ်မက်က နိုးထလာပြီး မိမိမည်သည့်နေရာ ရောက်နေသည်ကို သတိရလာသည်။
သူမ မျက်နှာ နှင့် ဆံပင်တို့တွင် ချွေးစေးများဖြင့် ရွှဲနေသည်။
တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်ပြီး ခေါင်းထဲတွင် မူးဝေနေသည်။ မိမိ သတိလစ်ပြီး မေ့နေသည်မှာ မည်မျှ ကြာပြီနည်း ဟု တွေးမိလာသည်။
လေယာဉ်ခရီး မှာ တစ်နာရီခရီးသာ ဖြစ်သည်။
လေယာဉ်ဆိုက်တော့မည်လော။

လေယာဉ်မှာ သိမ့်ခနဲ တစ်ချက် လှုပ်သွားရာ ထရေစီသည် သေတ္တာနံရံနှင့် သွားရိုက်မိသည်။ ထရေစီသည် မူးလဲပြီး မေ့လုမျောပါး ဖြစ်နေရာက သတိပြန်ရလာသည်။
အသိဥာဏ်များကို ပြန်လည် စုစည်းလိုက်သည်။ မိမိအတွက် အချိန်မည်မျှ ကျန်သေးသနည်း။
ထရေစီ သည် အိပ်မက်ဆိုးများနှင့် တကယ့် ဖြစ်ရပ်ကြားတွင် ကူးသန်းပြေးလွှားနေရသည်။
သူမ ၏ အိပ်မက်ဆိုးများတွင် ပင်လယ်ထဲ ရောက်လိုက် ...။
ထောင်ထဲ ပြန်ရောက်လိုက် ...။
လန်ဒန်က အိမ်ဂေဟာကြီးထဲ ပြန်ရောက်လိုက်နှင့် အမျိုးမျိုးကြုံနေရသည်။

တကယ့် ဖြစ်ရပ်ကို သတိရလာသည်။
စိန်တွေ မဖြစ် ဖြစ်သည့် နည်းနှင့်ရအောင် လုပ်ရမည်။
သို့ရာတွင် ပထမဆုံး မိမိ ဤကုန်သေတ္တာထဲမှ ထွက်နိုင်ဖို့ ကြိုးစားရမည်။
အပေါ်အင်္ကျီအိတ်ထဲကို နှိုက်လိုက်ရာ ဓားမြှောင်ကို သွားစမ်းမိသည်။
သို့သော် ဓားမြှောင်ကိုထုတ်ယူနိုင်လောက်အောင်ပင် မနည်းကြိုးစားယူရသည်။
အသက်၀၀မရှူရ၍ ဖြစ်မည်ဟု တွေးမိသည်။

သေတ္တာတစ်ဖက်ဖုံး တာလပတ်ထောင့်စွန်းကို လက်နှင့် လိုက်စမ်းရာ အပြင်ဘက်မှ ချည်ထားသော ကြိုးတစ်ချောင်း ကို စမ်းမိသဖြင့် ဓားဖြင့် ဖြတ်လိုက်သည်။
သို့ဖြင့် တာလပတ်အစကို ဆွဲဖြုတ်ဖွင့်၍ ရသွားသည်။
နောက်ထပ် ကြိုးတစ်ချောင်း ထပ်ဖြတ်လိုက်ရာ သူမ တစ်ကိုယ်စာ ထွက်သာအောင် တာလပတ်ကိုဖွင့်၍ ရသွားသည်။
ထရေစီသည် သေတ္တာထဲမှ အပြင်သို့ တွားသွားပြီး ထွက်လိုက်ရာ ကုန်တင်လေယာဉ်၏ ၀မ်းဗိုက်ကြမ်းပြင် ပေါ် သို့ ရောက်သွားသည်။
သေတ္တာ အပြင်ဘက်မှ လေမှာ အေးစိမ့်နေသည်။
အေးလွန်း သဖြင့် ထရေစီ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာသည်။

လေယာဉ်ကလည်း အဆက်မပြတ် လူးနေသဖြင့် ပိုပြီး ပျို့အန်ချင်သလို ဖြစ်လာသည်။
အသိဥာဏ် များ ကို ပြန်လည် စုစည်းရပြန်သည်။
မိမိ ဤနေရာတွင် ဘာလာလုပ်နေသလဲ။
အရေးကြီးသော ကိစ္စတစ်ခု ... သတိရပြီ ... စိန်တွေ။
သူမ အမြင်အာရုံတွင် အားလုံးေ၀၀ါးနေသည်။
မျက်စိရှေ့မှ အရာအားလုံးမှာ သဲသဲကွဲကွဲမရှိဘဲ အားလုံးလှုပ်ရှားနေသည်။
မိမိ ရှေ့ဆက် လုပ်နိုင်တော့မည် မထင်။

လေယာဉ်က အောက်သို့ ရုတ်တရက် စိုက်ဆင်းသွားရာ ထရေစီ၏ ခန္ဓာကိုယ်မှာ အောက်ခံသတ္တုပြား အခင်း ပေါ်တွင် လျှောခနဲ ပါသွားသည်။
လေယာဉ်က စိုက်ဆင်းနေရာမျ တစ်ညီတည်း တည့်တည့် ရှေ့သို့ ပြောင်းပြီး ပျံသန်းချိန်တွင် ထရေစီအား ခဲပြီး မနည်း ကြိုးစားကာ ထ ထိုင်လိုက်သည်။
စိန်တွေကို ရျာရမည်။
ထရေစီသည် ကုန်သေတ္တာများကြားတွင် ဒယိမ်းဒယိုင်ဖြင့် အားယူရပ်နေရာမှ သေတ္တာတစ်ခုစီကို မျက်စိ မှေးပြီး ကြည့်သည်။
အနီရောင် သုတ်ထားသည့် သေတ္တာကို လိုက်ရှာသည်။
တတိယမြောက် သေတ္တာ တွင် ဆေးနီ သုတ်ထားသည်ကို တွေ့သည်။

ထိုနေရာတွင် မနည်းအားတင်း ရပ်နေရာမှ မိမိရှေ့ဆက် ဘာလုပ်ရမည်ကို စဉ်းစားသည်။
ဤနေရာ၌ တစ်ခဏလေးလှဲအိပ်လိုက်လျှင် နေကောင်းသွားမည်။ မိမိအတွက် ယခုအခါ အလိုအပ်ဆုံးမှာ တရေး တစ်မှေးလောက် အိပ်ရဖို့ပင် ဖြစ်သည်။
သို့သော် လေယာဉ်သည် အချိန်မရွေး အမ်စတာဒမ်မြို့သို့ ရောက်ရှိ ဆင်းသက်နိုင်သည်။
ထို့ကြောင့် ထရေစီသည် ဓားမြှောင်ကို ထုတ်ယူပြီး သေတ္တာမှ ကြိုးများကို ဖြတ်ရန် ကြိုးစားသည်။
ကြိုးပင်ကြိုးစားသော်လည်း သူမလက်က တဆတ်ဆတ် တုန်နေပြီး မောင်းချဓားကိုပင် အနိုင်နိုင် ကိုင်နေရ သည်။
တစ်ကိုယ်လုံး ခိုက်ခိုက် တုန်လာသဖြင့် လက်ထဲက ဓားကို ချထားလိုက်ရသည်။

မည်သို့မျှ လုပ်၍ ဖြစ်တော့မည် မဟုတ်။
သူတို့ မိမိအား ဖမ်းမိပြီး ထောင်ထဲ ပြန်ပို့ပေးတော့မည်။
ထရေစီသည် သေတ္တာမှကြိုးကို တွယ်ပြီး ကိုင်ထားရင်း တွေဝေနေသည်။
သူမ၏ သေတ္တာထဲသို့ လေးဘက်ထောက် ပြန်ဝင်သွားပြီး အိပ်ပစ်လိုက်ချင်စိတ်ကသာ တအား ကြီးစိုးနေ သည်။
အားလုံး ပြီးစီးသွားချိန်အထိ ထိုသေတ္တာထဲတွင်သာ လုံလုံခြုံခြုံပုန်းအောင်းနေချင်တော့သည်။
ဤသို့ လုပ်ရမှာ လွယ်ပါသည်။

သို့သော် ထိုသို့ လုပ်၍မဖြစ်။ ထရေစီသည် ခေါင်းကို တူနှင့် ဆက်တိုက် အထုခံနေရသလို တဒိန်းဒိန်းကိုက် နေသော်လည်း အားခဲပြီး တဖြည်းဖြည်းချင်း စတင်ရွေ့လျားသည်။
ဓားဆီသို့ ရောက်သွားပြီး ကောက်ယူလိုက်သည်။
ထို့နောက် သေတ္တာတွင် ချည်ထားသော ကြိုးကြီးကို ဓားဖြင့် စတင်ဖြတ်တောက်တော့သည်။
နောက်ဆုံးတွင် ကြိုးတစ်ချောင်း ပြတ်သွားသည်။
တာလပတ် အစကို ဆွဲဖယ်လိုက်ပြီး သေတ္တာထဲသို့ ငုံ့ကြည့်လိုက်သည်။
အထဲတွင် မှုန်ဝါးဝါးဖြစ်နေပြီး ဘာမျှ သဲသဲကွဲကွဲမမြင်ရပေ။

ထို့ကြောင့် လက်နှိပ်ဓာတ်မီး အသေးကလေးကို ထုတ်ယူလိုက်သည်။ ထိုစဉ်မှာပင် သူမ၏ နားရွက်ထဲ၌ ရုတ်တရက် လေဖိအား ပြောင်းသွားမှုကြောင့် နားအူလာသည်။
လေယာဉ် က မြေပြင်သို့ ဆင်းသက်နေမှန်းသိလိုက်ရသည်။
မြန်မြန် လှုပ်ရှားရပေတော့မည်။
သို့သော် သူမ၏ ခန္ဓာကိုယ်က စိတ်သွားတိုင်းကိုယ်မပါဘဲ လေးကန်နေသည်။
ခေါင်းထဲတွင် အလွန်အမင်း မူးဝေ နောက်ကျိနေသည်။ တစ်အားခဲပြီး ဇွဲတင်းကာ လှုပ်ရှားလိုက်သည်။
သေတ္တာထဲသို့ လက်နှိပ်မီးနှင့် ထိုးကြည့်လိုက်သည်။

သေတ္တာထဲတွင် အထုပ်များ၊ စာအိတ်များနှင့် သေတ္တာငယ်လေးများကို တွေ့ရသည်။
အပေါ်ဆုံးတွင် အနီရောင်ဖဲကြိုးဖြင့် ချည်နှောင်ထားသော အပြာရောင် သေတ္တာလေး နှစ်လုံးကို တွေ့ရ သည်။
သူမ မျက်စိအမြင်ဝါးနေသဖြင့် အပြာရောင် သေတ္တာလေး နှစ်လုံး ဖြစ်နေသည်။
မျက်စိကို ပွတ်သပ်ပြီး အသေအချာ စိုက်ကြည့်လိုက်ရာ တစ်လုံးတည်းကိုသာ သဲကွဲစွာ မြင်လာသည်။
လက်တဖက်ဖြင့် ထိုသေတ္တာကို လှမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန် လက်တဖက်ဖြင့် မိမိ အင်္ကျီ အိတ်ထဲမှ အစားထိုးမည့် စိန်တုံးသေတ္တာပုံစံတူကို ထုတ်ယူလိုက်သည်။
လက်နှစ်ဖက်တွင် သေတ္တာနှစ်လုံးကို ကိုင်ထားရင်းမှ ရင်ထဲ၌ အော်ဂလီဆန်ပြီး ပျို့အန်ချင်လာသည်။

တစ်ကိုယ်လုံးလည်း တုန်လှုပ်လာသည်။ မျက်စိကို စုံမှိတ်ပြီး မအန်အောင် မနည်းကြိတ် မျိုချလိုက်ရသည်။
စိန်တု သေတ္တာလေးကို ကုန်သေတ္တာကြီးထဲတွင် အစားထိုး ထည့်သွင်းလိုက်တော့ရန် ဟန်ပြင်လိုက်ပြီးမှ ရုတ်တရက် သတိရလာသည်။
မိမိ လက်နှစ်ဘက်ထဲမှ သေတ္တာ နှစ်လုံးအနက် မည်သည့် သေတ္တာက အတုဖြစ်သည်ကို ဝေခွဲမရဘဲဖြစ် လာသည်။
အစားထိုး ထည့်သွင်းလိုက်ရမည့် သေတ္တာအတုသည် မိမိဘယ်ဘယ်လက်ထဲက ဟာလား၊ သို့မဟုတ် ညာဘက်လက်ထဲက ဟာလား ဝေခွဲမရတော့ပါချေ။
လေယာဉ် က အောက်သို့ မတ်စောက်စွာ စိုက်ဆင်းလိုက်သည်။

အချိန်မရွေး မြေပြင်နှင့် ထိတွေ့ဆိုက်နိုငသည်။
ထရေစီအဖို့ အဆုံးအဖြတ် ပြုရချေပြီ။
လက်ထဲမှ သေတ္တာနှစ်လုံးအနက် တစ်လုံးကို ကုန်သေတ္တာထဲသို့ ထည့်လိုက်သည်။
သူမ ထည့်လိုက်သော သေတ္တာသည် စိန်အတုသေတ္တာအမှန်ဖြစ်ပါစေဟုလည်း ဆုတောင်းလိုက်သည်။
သူမ အပေါ်ဝတ် အင်္ကျီအိတ်ထဲမှနေ၍ ကြိုးခွေကို နှိုက်ထုတ်လိုက်သည်။ ဤကြိုးဖြင့် တစ်ခုခုလုပ်ရဦး မည်ကို သတိရလာသည်။

" မင်း ကြိုးကို ဖြတ်ပြီးရင် အဲဒီကြိုးကို မင်းအိတ်ထဲ ယူထည့်လိုက်၊ နောက်ပြီးမှ ကြိုးအသစ်နဲ့ အစားထိုးပြီး ပြန်ချည်လိုက်၊ သေတ္တာနားမှာ ဘာတစ်ခုမှမကျန်စေခဲ့နဲ့၊ တစ်ခုခု ကျန်နေရင် သင်္ကာမကင်းဖြစ်လာလိမ့် မယ်"
မှာလိုက်သည့် စကားကို ပြန် သတိရလာသော်လည်း သူမအဖို့ လုပ်စရာအင်အား မကျန်တော့ပါချေ။
သို့သော် ရှိစုမဲ့စု အားကလေးကို ဖျစ်ညှစ်ပြီး ကြိုးခွေ အသစ်ဖြင့် သေတ္တာကို ပြန်ပတ်သည်။
ထိုစဉ်မှာပင် လေယာဉ်ဘီးက မြေပြင်ပြေးလမ်းနှင့် သွားထိပြီး အနည်းငယ် ခုန်တက်သွားသည်။
တစ်ဖန် လေယာဉ်ကို ဘရိတ်ဖမ်းပြီး အရှိန် သတ်လိုက်ရာ အားအင်ကုန်ခန်း နွမ်းရိနေသော ထရေစီအဖို့ နောက်ပြန် လဲကျသွားသည်။

သူမ ခေါင်းက လေယာဉ်အခင်းနှင့် သွားစောင့်မိရာ တလောကလုံး အမှောင်ဖုံးသွားတော့သည်။
သတိလစ် မေ့သွားတော့သည်။
လေယာဉ်ကြီးသည် ကုန်ပစ္စည်းများ သယ်ချရမည့်နေရာသို့ ပြေးလမ်းအတိုင်း မှန်မှန် မောင်းနှင်သွားသည်။
ထရေစီသည် လေယာဉ်ကြမ်းပြင်ပေါ်တွင် ပုံပျက်ပန်းပျက် လဲကျနေသည်။
သူမ၏ ဆံပင်များက သွေးမရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်နေသော သူမ၏ မျက်နှာပေါ်တွင် ဖရိုဖရဲ ဖုံး အုပ်နေသည်။
လေယာဉ်စက်သံ ရပ်သွားသည်နှင့် တစ်ပြိုင်နက် ထရေစီ သတိပြန်ရလာသည်။

လေယာဉ်ဘီးများ ရပ်သွားသည်။
ထရေစီသည် တံတောင်နှင့်ထောက်ပြီး ကိုယ်ကို ကြွလိုက်ကာ ဒူးထောက်လိုက်သည်။
ထို့နောက် အားယူပြီး မတ်တတ်ထလိုက်သည်။
ဒယိမ်းဒယိုင် ဖြစ်သွားရာ ပြန်လဲကျ မသွားအောင် သေတ္တာကို တွယ်ကိုင်ထားလိုက်ရသည်။
သေတ္တာ တွင် ကြိုးအသစ်ဖြင့် ချည်လိုက်သည်။

ရတနာသေတ္တာလေးကို ရင်ဝယ်ပိုက်လိုက်ပြီး သူမ၏ သေတ္တာဆီသို့ ယိုင်တိုင်ယိုင်တိုင်နှင့်ပင် အားခဲပြီး သွား လိုက်သည်။
တာလပတ် ဖွင့်ထားသော အပေါက်မှနေ၍ သူမသေတ္တာထဲသို့ တိုးဝင်ပြီး တာလပတ်ကို ပြန်အုပ်ပိတ်လိုက် သည်။
သူ့ တစ်ကိုယ်လုံးတွင် သွေးများဖြင့် ရွှဲနေသည်။
တစ်ကိစ္စပြီးသွားပြီ။
သို့သော် တစ်ခုခု လုပ်ဖို့ ကျန်နေသေးသည်ဟု ထရေစီ သိနေသည်။ အရေးကြီးသော ကိစ္စဖြစ်သည်။
ဘာပါလိမ့်။
သူမ စဉ်းစားလိုက်သည်။

သြော် ... သိပြီ။
မိမိသေတ္တာမှ ကြိုးကို တိပ်ခွေဖြင့်ပတ်ပြီး ပုံမပျက်အောင် ပြန်ဆက်ထားရမည်။
ထရေစီသည် သူ့အင်္ကျီအိတ်ထဲသို့ လက်ထိုးနှိုက်ပြီး ဆယ်လိုတိပ်အခွေကို ရှာလိုက်သည်။
တိပ်ခွေမရှိတော့။
သူမ အသက်ရှူ ရပ်သွားတော့မလောက် ဖြစ်သွားသည်။
ထိုစဉ်မှာပင် အသံများကို အပြင်မှ ကြားရသည်။
စက္ကန့်ပိုင်းအတွင်း လေယာဉ် တံခါးဖွင့်ပြီး ကုန်သေတ္တာများကို လေယာဉ်မှ ချပေတော့မည်။

မိမိသေတ္တာမှ ပြတ်နေသောကြိုးကို သူတို့မြင်သွားလျှင် သေတ္တာအထဲ ဖွင့်ကြည့်ပါက မိမိကို မိသွားပေ တော့မည်။
ကြိုးနှစ်စပြန်ဆက်ဖို့ နည်းလမ်းရှာရမည်။
ထရေစီသည် ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချလိုက်ရာ တိပ်ခွေပေါ်သို့ ဒူးသွားထောက်မိသည်။
လေယာဉ်လူးစဉ်က တိပ်ခွေအိတ်ထဲမှ ထွက်ကျသွားခြင်းဖြစ်မည်ဟု ထရေစီ တွေးမိလာသည်။
ထရေစီတိပ်ခွေကို ကောက်ယူလိုက်သည်။
တာလပတ်အစကို မ လိုက်ပြီး ကြိုးစနှစ်ချောင်းကို လက်ဖြင့် လိုက်စမ်းသည်။

ဖြတ်ထားသော ကြိုးစနှစ်ချောင်းကို ပြန်တွေ့သောအခါ လက်တစ်ဖက်ဖြင့် တေ့ကိုင်လိုက်ပြီး အခြားလက် တစ်ဖက်ဖြင့် တိပ်ခွေနှင့်စည်းပတ်ချည်နှောင်သည်။
ထရေစီ မျက်စိကမူ ဘာမျှမမြင်ရ။
သူမ မျက်နှာပေါ်သို့ ချွေးများစီးကျနေခြင်းကြောင့် ဘာမျှမမြင်ရဘဲ ဖြစ်နေသည်။
ထို့ကြောင့် လည်ပင်းတွင်ပတ်ထားသော ပိုးလည်စည်းစကို ဆွဲဖြုတ်ယူပြီး မျက်နှာပေါ်မှ ချွေးများကို သုတ်ပစ် လိုက်သည်။
ထိုအခါမှ နေသာသွားသည်။
ကြိုးနှစ်ကြိုးကို တိပ်ဖြင့် ပြန်ဆက်ပြီးသောအခါ တာလပတ်စကို ပြန်ဆွဲချပြီး နဂိုနေအတိုင်း ပြန်ပိတ်လိုက် သည်။
သူမအဖို့ လုပ်စရာအားလုံး ပြီးသွားသည်။

သို့သော် အသာစောင့်နေရဦးမည်။
ထရေစီသည် သူမနဖူးကို ပြန်စမ်းလိုက်သည်။
စောစောကထက်ပင် ပိုပြီးခြစ်ခြစ်တောက်ပူနေသည်။
အလုပ်သမားများ လေယာဉ်ထဲဝင်လာသည့်အသံများကို ကြားရသည်။
ကုန်သေတ္တာ အကြီးကြီးများကို လေယာဉ်ပေါ်မှ စတင်ချသည်။
သူမသေတ္တာကို လေယာဉ်ပေါ်မှ ချနေစဉ်မှာပင် ကိုယ်သိပ်ပူပြီးဖျားနေသော ထရေစီမှာ သတိမေ့သွား တော့သည်။

လေယာဉ်ကြမ်းပြင်ပေါ်တွင်မူ ဂျက်က ထရေစီအား လက်ဆောင်ပေးခဲ့သော ပိုးလည်စည်းကလေးကျကျန် နေရစ်ခဲ့သည်။
ထရေစီပါလာသော သေတ္တာကို ကြိုတင် စီစဉ်ထားသည့်အတိုင်း ထရပ်ကားဖြင့် သယ်လာသည်။
သေတ္တာမှ တာလပတ်စကို တစ်စုံတစ်ယောက်က ဆွဲလှန်ဖွင့်လိုက်ရာ သေတ္တာထဲသို့ အလင်းရောင် ၀င်လာသဖြင့် ထရေစီ သတိပြန်ရလာသည်။
ထရေစီသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
ထရပ်ကားကြီးက ကုန်လှောင်ရုံထဲ ရောက်နေချေပြီ။
ဂျက်က သေတ္တာဘေးတွင် ရပ်နေသည်။

ထရေစီအား ပြုံးပြုံးကြီးကြည့်ပြီး ပြောလိုက်သည်။
" မင်းဟာ တကယ် အံ့သြစရာကောင်းအောင် လုပ်လိုက်တာပါပဲလား၊ ကဲ ငါ့ကို သေတ္တာလေးပး"
သူမဘေးမှ သေတ္တာကလေးကို ဂျက် ကောက်ယူလိုက်ပြီး သူမအားပြောလိုက်ပြန်သည်။
" လစ္စဘွန်းမြို့မှာ တွေ့ကြတာပေါ့ "
ထရေစီက ဘာမျှပြန်မပြော။
ဂျက်က ထွက်သွားရန် တစ်ဖက်သို့လှမ်းလိုက်သည်။

ထို့နောက် ပြန်လှည့်လာပြီး ထရေစီကို ငုံ့ကြည့်လိုက်သည်။
" မင်းကြည့်ရတာ သိပ်ပြီး တုန်လှုပ်ကြောက်ရွံ့နေပုံရတယ်၊ မင်း နေကောင်းရဲ့လား ထရေစီ... "
ထရေစီအဖို့ မနည်းကြိုးစားပြီး အသံထွက်ရသည်။"
" ဂျက် ... ကျွန်မ ... "
သို့သော် သူမကြိုးစားဖျစ်ညှစ်ပြီး အသံထွက်လိုက်သည့်အချိန်တွင် ဂျက် ထိုနေရာ၌ မရှိတော့ပါချေ။
ထို့နောက်ပိုင်းဖြစ်ရပ်များကို ထရေစီအဖို့ ခပ်ဝါးဝါးသာ သတိရမှတ်မိတော့သည်။
ကုန်လှောင်ရုံနောက်ပိုင်းတွင် သူမ အ၀တ်အစားလဲခဲ့သည်။

အမျိုးသမီးတစ်ဦးက သူမကိုမေးလာသည်။
" ရှင့်ကြည့်ရတာ နေမကောင်းဘူးနဲ့တူတယ်၊ ကျွန်မ ဆရာဝန်ခေါ်ပေးရမလားဟင် "
" ဟင့်အင်း ... နေပါစေ၊ ရပါတယ် "
ထရေစီက ခပ်တိုးတိုးလေး ပြောလိုက်သည်။
မိမိလေဆိပ်သို့သွားပြီး ဂျီနီဗာသို့ လေယာဉ်ဖြင့် ပြန်ထွက်ရမည်။
ထို့ကြောင့် ထရေစီက ...
" ကား ... အငှားကားတစ်စီးသာ ခေါ်ပေးပါ " ဟု ပြောလိုက်သည်။
အမျိုးသမီး က ချီတုံချတုံဖြစ်နေပြီးမှ ပြန်ပြောသည်။

" ကောင်းပြီလေ ... ကျွန်မ ကားသွားခေါ်ပေးမယ်၊ ဒီကပဲစောင့်နေနော် "
ထရေစီ စိတ်ထဲတွင် ရီဝေမှုန်မှိုင်းနေသည်။
သူမစိတ်က လေထဲတွင် ပေါလောမျောနေသလို ဖြစ်နေသည်။
" ခင်ဗျားအတွက် အငှားကား ရောက်နေပါပြီ "
လူတစ်ယောက်က ပြောလာသည်။
မိမိအား လူတွေက စိုးရိမ်တကြီး ဖြစ်နေသည်ကို သူမ မလိုလားပါ။
တကယ်တော့ သူမမျက်လုံးများက အလွန်အမင်း အိပ်ချင်နေပါပြီ။

" ဘယ်ကိုသွားချင်ပါသလဲ ... မဒမ် "
ယာဉ်မောင်းက မေးလာသည်။
" လေဆိပ် ဆွစ်လေယာဉ်လက်မှတ်ရောင်းဌာနမှာ " မင်းအတွက် လေယာဉ်လက်မှတ်တစ်စောင် အသင့် ရှိနေလိမ့်မယ် ... " ဆိုသော ဂန်သာ၏ စကားသံကို ထရေစီ ပြန်ကြားမိသည်။
သို့သော် မိမိအခြေအနေမှာ အလွန်အမင်း ဖျားနေသဖြင့် လေယာဉ်ပေါ်တက်ရန် အခက်အခဲရှိနိုင်သည်။
ဤပုံအတိုင်း လေယာဉ်ပေါ် တက်မည်ဆိုလျှင် နေမကောင်းနေမှန်း သိသာလှသဖြင့် မိမိအား လေယာဉ် ကုမ္ပဏီဝန်ထမ်း များက တားပြီး ဆရာဝန်ခေါ်ပြပေးလိမ့်မည်။
မိမိအား မေးခွန်းများ မေးမြန်းကြပေလိမ့်မည်။

တကယ်တမ်း မိမိအတွက် လိုနေသည်မှာ တစ်အောင့်တစ်ဖြုတ် တစ်ရေးတစ်မှေး အိပ်လိုက်ရန်သာဖြစ် သည်။
ထိုသို့ အိပ်လိုက်လျှင် နေကောင်းသွားပေလိမ့်မည်။
" ဘယ်သွားမှာလဲ ... မဒမ် "
ယာဉ်မောင်းက စိတ်မရှည်နိုင်တော့သည့်လေသံဖြင့် မေးလာသည်။
သူမအတွက် သွားစရာနေရာ မရှိတော့ပါချေ။
နောက်ဆုံးတွင် ဂန်သာဟာတော့က ထရေစီအား ပေးထားသော စိတ်ချလုံခြုံသည့် ခိုအောင်းပုန်းခိုစရာ အိမ်၏လိပ်စာကို ယာဉ်မောင်းအား ပေးပြီး ထိုနေရာသို့ ပို့ခိုင်းရတော့သည်။

*
ရမျြားက ထရေစီအား စိန်ထုပ်အကြောင်းနှင့် ပတ်သက်၍ အမျိုးမျိုး စစ်ဆေးမေးမြန်းသည်။
ထရေစီက မဖြေဘဲ တင်းခံနေသောအခါ ရဲများ စိတ်ဆိုးလာပြီး ထရေစီအား အခန်းတစ်ခန်းထဲတွင် တစ် ယောက်တည်း ထည့်ထားလိုက်သည်။
ထိုအခန်း၏ အပူချိန်ကိုလည်း ရေဆူအမှတ် မီးပါးအထိ မြှင့်တင်ထားလိုက်သည်။
မခံသာအောင် ပူလာသောအခါ အပူချိန်ကို ပြန်လျှော့လိုက်ပြီး အအေးဓာတ်ကို လွှတ်ပေးလိုက်ပြန်ရာ အခန်း နံရံများတွင် ရေခဲ အသီးအပေါက်ကလေးများ ထ လာသည်အထိ ဖြစ်သည်။
ထရေစီသည် ထို အအေးဓာတ်ထဲမှ ရုန်းကန်ပြီး မျက်စိကို ဖွင့်လိုက်သည်။
သူမသည် အိပ်ရာတစ်ခုပေါ်တွင် ရောက်နေပြီး ထိန်းမရအောင်ပင် ခိုက်ခိုက်တုန်နေသည်။

သူမ ခန္ဓာကိုယ်အောက်တွင် စောင်တစ်ထည် ရှိသည်။
စောင်ကို ယူခြုံရန်ပင် အင်အားမရှိတော့ပေ။
သူမ အ၀တ်အစားများမှာလည်း ချွေးဖြင့် နစ်နေသည်။
မျက်နှာနှင့် လည်ပင်းတွင် ရေဆွတ်ထားသလိုပင် ချွေးများက ရွဲစိုနေသည်။
မိမိ သေတော့မှာပဲ။ အခု ဘယ်ရောက်နေသလဲ။
လုံခြုစိတ်ချရသည့်အိမ်၊ ခိုအောင်းပုန်းခိုစရာအိမ်သို့ ရောက်နေမှန်း သတိရလာသည်။
အဖျားလွန်ပြီး ကယောင်ကတမ်းဖြစ်ကာ အိပ်မက်များ မက်နေသည်ကိုလည်း သိလာရသည်။
ယခု ဘယ်အချိန်ရှိပြီနည်း။ လက်ပတ်နာရီကို ကြည့်လိုက်သည်။

သို့သော် သူမ မျက်စိထဲတွင် နာရီပုံပါတ်များက စားနေသည်။ သူမ မြင်မြင်သမျှ အရာအားလုံးမှာ ၀ါးနေ ပြီး နှစ်ခုနှစ်ခုဖြစ်နေသည်။
အခန်းကျဉ်းကလေးထဲတွင် ခုတင် နှစ်လုံး၊ မှန်တင်ခုံနှစ်ခု။ ကုလားထိုင်လေးလုံးဖြင့် နှစ်ဆတိုး မြင်နေရ သည်။
ခိုက်ခိုက်တုန်သော အအေးက ပျောက်သွားပြီး သူမတစ်ကိုယ်လုံး လောင်မြိုက်ပူလောင်လာပြန်သည်။ ပြ တင်းပေါက်များကို ဖွင့်ချင်လာသည်။
သို့သော် လှုပ်ရှား၍ မရနိုင်အောင်ပင် အားအင်ကုန်ခန်းချည့်နဲ့နေသည်။
သတိလစ် မေ့မြောပြီး အိပ်မက်ကမ္ဘာထဲ ပြန်ရောက်သွားပြန်သည်။

လေယာဉ်ပေါ်မှ သေတ္တာထဲ ပြန်ရောက်သွားသည်။
ဂျက်က သူမထံမှ စိတ်သေတ္တာကို ယူသွားသည်။
ဂျက်သည် မိမိအတွက် ဝေစုပိုက်ဆံကိုပါ ယူပြီး ဘရာဇီးသို့ ရောက်နေပေရော့မည်။
သူ့အတွဲ အမျိုးသမီးချောချော မစ္စက်ဝေါလေ့စ်နှင့် ရယ်မောပျော်ရွှင်နေပေရော့မည်။
မိမိကို ညာဝြိုင်းချ ရယ်နေပေရော့မည်။
ဂျက်သည် မိမိကို နောက်တစ်ကြိမ်ထပ်ပြီး ခေါင်းတုံးပေါ် ထိပ်ကွက်သွားပြန်ချေပြီ။
သူ့ကို မုန်းသည်။ အို ... မဟုတ်သေးဘူး၊ မမုန်းပါဘူး၊ ဟင့်အင်း မုန်းတယ်၊ မုန်းတယ်၊ သူ့ကို အထင်သေး တယ်။
ထရေစီသည် ငန်းဖျားမိပြီး စိတ်ကယောင်ချောက်ချားဖြစ်လိုက် ပြန်သတိရလိုက်နှင့် ဖြစ်နေသည်။

သူမစိတ်က အတိတ်ဖြစ်ရပ်များသို့ ပြန်ရောက်သွားလိုက်။ ပစ္စုပ္ပန်သို့ ပြန်လာလိုက်နှင့် ကူးချည်သန်းချည် ဖြစ်နေသည်။
အတိတ်နှင့် ပစ္စုပ္ပန်ကြား ပြေးရင်း လွှားရင်းဖြင့် စိတ်ဝိညာဉ်လိပ်ပြာကလေး လေမှာ တလူးလူးတလွန့်လွန် ဖြစ်နေရှာသည်။
ဖလာမင်ဂို ကပွဲတွင် ဂျက်နှင့် ပူးပူးကပ်ကပ်နေခဲ့ပြီး စိတ်လှုပ်ရှား ကစားခဲ့ရသည့်အဖြစ်ကိုလည်း ပြန်ရောက်သွားသည်။
စစ်တုရင်ကစားခဲ့သည့် ဖြစ်ရပ်ကို စိတ်က ရောက်သွားသည်။
ရထားကြီးပေါ်တွင် ဖော်နာတီ လင်မယားနှင့်လည်း ပြန်တွ့ရသည်။

" အလို ဘုရားရေ မင်း မျက်စိဖွင့်လိုက်စမ်း၊ ငါ့ကို ကြည့်စမ်း ... "
လူတစ်ယောက်အသံကို ထရေစီ ကြားရသည်။
ထရေစီသည် ရှိစုမဲ့စု အားများကို ဖျစ်ညှစ်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ဂျက်စတီဗင်က မတ်တတ်ရပ်ပြီး သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့အသံက ဒေါသသံပါနေသည်။
အိပ်မက်ထဲမှ ဂျက်ဟုပင် ထရေစီ ထင်နေမိသည်။

" မင်း ... ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ "
ဂျက်က မေးသည်။
" ရှင် ... ဘရာဇီး ရောက်နေတာလား "
ထရေစီက မပီမသ ၀ါးတားတားဖြင့် ဆီမန်းမန်းသလို ပြောလိုက်သည်။
ထို့နောက်ပိုင်းတွင် သူမ ဘာမျှ မမှန်မိတော့။
သတိရတစ်ချက် မရတစ်ချက်မှ လုံးဝ သတိလစ်သွားတော့သည်။

*
နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုမှ ရဲမှူးကြီး ထရစ်နန့်ထံသို့ ပြင်သစ် ကုန်တင်လေယာဉ်ပေါ်မှ တွေ့ရသော ဖိုးလည်စည်း စကတ်ကလေး ရောက်လာသည်။
ထိုစကတ်ထောင့်မှ "တီ-ဒဗလျူ"ဟု ထိုးထားသော အတိုကောက်စာလုံးနှစ်လုံးကို အတော်ကြာအောင် စိုက်ကြည့်နေသည်။
ထို့နောက်မှ သူ့လက်ထောက်ကို ပြောလိုက်သည်။
" ငါ့ကို ဒင်နရယ်ကူးပါးနဲ့ ဆက်သွယ်ပေးစမ်း "

(၃၂)

ဟော်လန် ကမ်းရိုးတန်းအနောက်မြောက်ဘက်တွင်ရှိပြီး မြောက်ပင်လယ်နှင့် မျက်နှာချင်းဆိုင်မှ ရွာလေး တစ်ရွာဖြစ်သော အယ်ကမာ ရွာလေးသည် သာယာလှပ၍ အေးချမ်းသော ရွာတစ်ရွာဖြစ်သည်။
ကမ္ဘာလှည့် ခရီးသည်များ ကြိုက်နှစ်သက်သော ရွာဖြစ်သည်။
သို့သော် ထိုရွာကလေး၏ အရှေ့ပိုင်းကိုမူ ကမ္ဘာလှည့်ခရီးသည်များ သွားခဲလှသည်။
ဂျက်စတီဗင်သည် ထိုရွာကလေး၏ လူသူ အရောက်အပေါက် နည်းသော အဆိုပါ အရှေ့ပိုင်းသို့ လေးငါး ခေါက်ရောက်ဖူးသည်။

အောအယ်လ်အမ် လေကြောင်းကုမ္ပဏီမှ လေယာဉ်ကလေး တစ်စင်းနှင့်အတူ ရောက်ခဲ့ခြင်းဖြစ်ပြီး သူမ သင်ပေးသဖြင့် ဟော်လန်စကားလည်း ထမင်းစားရေသောက်ပြောတတ်နေသည်။
ဂျက်သည် ထိုနေရာကို ကောင်းကောင်း မှတ်မိနေသည်။
ထိုနေရာက လူများသည် ကိုယ့်အလုပ်ကိစ္စကိုသာ စိတ်ဝင်စားပြီး သူတစ်ပါးကို စပ်စုခြင်းမရှိပေ။
ထိုနေရာသည် ပုန်းအောင်းခိုလှုံစရာ တကယ်ကောင်းသော နေရာဖြစ်သည်။
ဂျက်သည် ကနဦးတွင် ထရေစီကို ဆေးရုံသို့အမြန်ဆုံးတင်ရန် စိတ်ကူးလိုက်သည်။
သို့သော် ဆေးရုံတင်လျှက် အန္တရာယ်များလာပေလိမ့်မည်။

ထို့အပြင် အမ်စတာဒမ် မြို့၌ ဆက်နေလျှင်လည်း သူမအတွက် ရဲဘက်မှ အန္တရာယ်နှင့်ကြုံလာနိုင်သည်။
ထို့ကြောင့် ဂျက်သည် ထရေစီကို စောင်နှင့်ပတ်ပြီး ကားပေါ်သို့ တင်လိုက်သည်။
ထို့နောက် အယ်ကမာ ရွာကလေးသို့ ကားကို မောင်းပြေးတော့သည်။
ကားမောင်းသွားစဉ် တစ်လျှောက်လုံး ထရေစီ သတိလစ်နေသည်။
သွေးတိုးနှုန်းကလည်း မမှန်။
အသက်ရှူကလည်း ပျပျလေးသားရှိသည်။
အယ်မကာရွာတွင် တည်းခိုခန်းတစ်ခု၌ ဂျက်တည်းခိုသည်။

၈ျက်က ထရေစီအား တည်းခိုခန်းအပေါ်ထပ်သို့ သယ်တင်သွားသည်ကို တည်းခိုခန်းပိုင်ရှင်ကစူးစမ်း သောအကြည့်ဖြင့် ကြည့်နေသည်။
" ကျွန်တော်တို့ လက်ထပ်ပြီးစ ပျားရည်ဆမ်း ခရီးထွက်လာတာပါ၊ ကျွန်တော့် မိန်းမ ရုတ်တရက် နေမကောင်း ဖြစ်သွားလို့ အသက်ရှူကျပ်သွားတာမျိုးပါ၊ နည်းနည်း အနားယူလိုက်ရင် ကောင်းသွားမှာပါဗျာ"
၈ျက်က တည်းခိုခန်းပိုင်ရှင် အမျိုးသမီးအားပြောလိုက်သည်။
" ဆရာဝန် ခေါ်ပေးရမလား "
သူမက မေးသည်။
၈ျက်သည် ခေါ်ရကောင်းနိုး မခေးရကောင်းနိုး ဝေခွဲမရ ဖြစ်နေသဖြင့် မတင်မကျ ဖြေလိုက်သည်။

" ကျွန်တော် လိုရင် ပြောပါ့မယ် "
ဂျက်အတွက် ပထမဆုံး လုပ်ရမည့် အလုပ်မှာ ထရေစီ အဖျားကျသွားအောင် လုပ်ရမည့် အလုပ်ပင်ဖြစ် သည်။
၈ျက်သည် ထရေစီသည် အခန်းထဲရှိ နှစ်ယောက်အိပ်ခုတင်ကြီးပေါ်သို့ ဦးစွာတင်လိုက်သည်။
ခုတင်ပေါ်တွင် သူမကို ထိုင်လျက် အနေအထားဖြင့် လက်တဖက်နှင့် ထိန်းထားပြီး ချွေးများဖြင့် ရွှဲနစ်နေ သောသူမအ၀တ်များကို ချွတ်ရသည်။
ထို့နောက် ရှူးဖိနပ်ကိုချွတ်သည်။ ခြေအိတ်ရှည်တို့ကို ချွတ်သည်။
ထရေစီတစ်ကိုယ်လုံးမှာ ခြစ်ခြစ်တောက် ပူနေသည်။

ဂျက်သည် မျက်နှာသုတ် ပ၀ါကို ရေအေးနှင့် ဆွတ်လိုက်ပြီး သူမကိုယ်ကို ခြေဆုံးခေါင်းဖျား ရေ၀တ်နှင့် တိုက်သည်။
ထို့နောက် သူမကို စောင်နှင့် ပတ်ပြီး သိပ်ထားလိုက်သည်။
သူက ခုတင်ဘေးတွင် မှီထိုင်ပြီး သူမ၏ အသက်ရှူမမှန်သော အသံကို စောင့်နားထောင်နေရသည်။
အကယ်၍ နက်ဖြန်မနက်မှ အခြေအနေ တိုးတက်မလာလျှင် ဆရာဝန်ခေါ်ရန် ဂျက်ဆုံးဖြတ်လိုက်သည်။
မနက်မိုးလင်းသောအခါ ထရေစီခန္ဓာကိုယ်အောက်မှ အိပ်ရာခင်းအားလုံး ချွေးဖြင့် စိုရွှဲနေသည်။
သို့သော် ထရေစီက သတိလစ်နေဆဲ။ သို့သော် သူမ၏ အသက်ရှူသံမှာ မနေ့ညကထက် နည်းနည်း ပို ကောင်းလာသည်။

တည်းခိုခန်းမှ အခန်းသန့်ရှင်းရေး အလုပ်သမားများ ထရေစီအား မြင်သွားမည်ကို ဂျက် စိုးရိမ်နေမိသည်။
အကယ်၍ မြင်သွားပါက မေးစရာ မေးခွန်းများ တသီကြီး ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် အလုပ်သမားခေါင်းထံမှ အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်များ တောင်းယူပြီး အသစ်လဲလှယ်လိုက် သည်။
ဂျက်သည် နံနက်ပိုင်းတွင် ထရေစီ ခန္ဓာကိုယ်တစ်ခုလုံးကို ရေဖတ်တိုက်ပြန်သည်။
ထို့နောက် စောင်နှင့်ပြန်ခြုံထားသည်။

အခန်းအပြင်ဘက် တံခါးဘုတွင် "မနှောင့်ယှက်ပါနှင့်"ဟူသော စာတန်းကလေးချိတ်ထားခဲ့ပြီး အနီးဆုံး ဆေးဆိုင်သို့သွားကာ အက်စ်ပရင်ဆေးပြားများ၊ အဖျားတိုင်း သာမိုမီတာ ပြဒါးတိုင်တစ်ခု၊ အရက်ပြန် တစ် ပုလင်းနှင့် ရေမြှုပ်ပွတစ်ခုတို့ကို ၀ယ်လာသည်။
သူပြန်ရောက်လာသည်အထိ ထရေစီ မနိုးသေး။
အဖျားတိုင်းကြည့်ရာ ၁၀၄ ဒီဂရီ ရှိနေသည်။ ရေမြှုပ်ပွတွင် အရက်ပြန် အေးအေးကို ဆွတ်ပြီး သူမ တစ်ကိုယ် လုံး ကို ပွတ်လိုက်ရာ အဖျား ဒီဂရီ ကျသွားသည်။
ထို့နောက် တစ်နာရီကျော်ခန့်အကြာတွင် ထရေစိ၏ အဖျားဒီဂရီမှာ ပြန်တက်လာပြန်သည်။
ဂျက်အဖို့ ဆရာဝန်ခေါ်ရတော့မလို ဖြစ်လာသည်။
သို့သော် ဆရာဝန်က ထရေစီအား ဆေးရုံသို့ အတင်းတင်မည့် ပြဿနာ ကြုံလာနိုင်သည်။
မေးခွန်းများ လည်း မေးလာလိမ့်မည်။

ရဲက ထရေစီအား လိုက်ရှာနေသလား၊ မရှာဘူးလားဆိုသည်ကိုလည်း မသိနိုင်ပါချေ။
အကယ်၍ ရဲကလိုက်ရှာနေပါက ဆေးရုံတင်လိုက်လဆင် သူတို့နှစ်ယောက်စလုံး အဖမ်းခံရမည်မှာ သေချာသည်။
ထို့ကြောင့် ဆေးရုံတင်၍မဖြစ်။
ဖြစ်သည့်နည်းနှင့် တစ်ခုခုလုပ်ရပေမည်။
ဂျက်သည် အက်စ်ပရင်ဆေးပြားကို အမှုန့်ကြိတ်လိုက်သည်။
ထို့နောက် ထရေစီ၏ ပါးစပ်ကိုဟပြီး ဆေးမှုန့်များကို လောင်းထည့်သည်။
ရေကို ဇွန်းဖြင့် နည်းနည်းချင်း ပါးစပ်ထဲသို့ ထည့်ပေးသည်။
နောက်ဆုံးတွင် ဆေးမှုန့်များကို ရေနှင့်မျှောပြီး လည်ချောင်းထဲရောက်အောင် လုပ်ပေးနိုင်လိုက်သည်။

ထရေစီ၏ တစ်ကိုယ်လုံးကို ရေဖတ်တစ်ခါ ထပ်တိုက်လိုက်ပြန်သည်။
သူမ ခန္ဓာကိုယ် အပူရှိန်မှာ နည်းနည်းကျသွားမှန်းသိလာရသည်။
သွေးခုန်နှုန်း ကို ထပ်စမ်းလိုက်ပြန်သည်။
ယခင်ကထက် ပိုကောင်းလာသည်။
သူ့နားရွက်ကို သူမရင်ဘတ်တွင် ကပ်ပြီး နှလုံးခုန်သံကို နားထောင်ပြန်သည်။
ရင်ခုန်သံ မြန်ရာမှ နည်းနည်းလျော့လာသည်ဟု ထင်ရသည်။
နောက်ဆုံး ထရေစီ နေကောင်းပါစေဟုသာ တတွတ်တွတ် ဆုတောင်းနေရတော့သည်။

၈ျက်သည် ထရေစီနဖူးကို ဖွဖွကလေးနမ်းလိုက်သည်။
ဂျက်အဖို့ မအိပ်ရသည်မှာ ၄၈ နာရီရှိပြီ။
သူလည်း ခြေကုန်လက်ပန်းကျပြီး မျက်တွင်းလည်း ဟောက်နေပြီ။
နောက်မှ အိပ်တော့မည်။ အခုမျက်စိခေတ္တမှိတ်ပြီး တစ်ခဏနားလိုက်ဦးမည်ဟု စိတ်ဆုံးဖြတ်ကာ မျက်စိ မှိတ် လိုက်သည်။
သို့သော် တစ်ချိုးတည်း အိပ်ပျော်သွားတော့သည်။

ဆက်ရန်
.

No comments: