အခန်း (၁၂)
"နည်းနည်းလောက် သောက်လိုက်ပါဦး နန်စီ၊ နည်းနည်းလေးသောက်လိုက်နော်၊ မင်းလက်တွေ အရမ်း အေး နေတယ်၊ အစာလေးဝင်သွားတော့ အားရှိတာပေါ့၊ မင်းအားရှိတေဖို့လိုတယ်၊ နည်းနည်းသောက် လိုက်နော်၊ ပူပူလေးဆိုတော့ နွေးလဲနွေးသွားတာပေါ့"
ဒေါ်ရော်ဘီ က ကလေးလေးတစ်ယောက်ကို ချော့မော့ပြောသည့် လေသံမျိုးဖြင့် ပြော နေသည်။
သို့သော် နန်စီ က ခေါင်းခါသည်။"နည်းနည်းလောက် သောက်လိုက်ပါဦး နန်စီ၊ နည်းနည်းလေးသောက်လိုက်နော်၊ မင်းလက်တွေ အရမ်း အေး နေတယ်၊ အစာလေးဝင်သွားတော့ အားရှိတာပေါ့၊ မင်းအားရှိတေဖို့လိုတယ်၊ နည်းနည်းသောက် လိုက်နော်၊ ပူပူလေးဆိုတော့ နွေးလဲနွေးသွားတာပေါ့"
ဒေါ်ရော်ဘီ က ကလေးလေးတစ်ယောက်ကို ချော့မော့ပြောသည့် လေသံမျိုးဖြင့် ပြော နေသည်။
ဒေါ်ရော်ဘီ က စွပ်ပြုတ်ပန်းကန်ကိုဘေးက စားပွဲပေါ်မှာတင်သည်။
စွပ်ပြုတ်နံ့ သင်းသင်းကလေး ကို နန်စီ ရှူရှိုက်မိလျှင် သောက်ချင်စိတ် ပေါက်လာလိုလာငြား ဘေးနားမှာ ထားခြင်း ဖြစ်သည်။
"မနေ့တုန်းကလဲ ကျွန်မအဲဒီစွပ်ပြုတ်မျိုးပြုတ်ပြီး ကလေးလေးတွေကို နေ့လယ်စာ ကျွေး သေးတယ်"
နန်စီ က ခံစားချက်ကင်းမဲ့သော အနိမ့်အမြင့် မပါသည့်လေသံဖြင့် ပြောသည်။
အခုဆိုရင် ကလေး တွေ အရမ်းဆာနေကြတော့မှာပဲ နန်စီ က သူ့ဘာသာသူ ရေရွတ်သလို ပြောနေပြန် သည်။
ရေး က သူ့ဘေးမှာကပ်ထိုင်သည်။ သူ့ကိုအကာအကွယ် ပေးထားသည့်ပုံစံမျိုးဖြင့် နန်စီထိုင် နေသည့် ကုလားထိုင် နောက်မှီ ကို လက်ဖြင့် သိုင်းဖက်ထားပေးသည်။
ရေး ၏ ရှေ့မှာရှိသည့် ဆေးလိပ်ပြာခွက်ထဲမှာ စီးကရက်တို များ တောင်လိုမောက်ပြီး လျှံနေသည်။
"ကိုယ့်ကိုယ် ကို ပြန်ပြီ နှိပ်စက်သလိုဖြစ်နေပါဦးမယ် အချစ်ရယ်"
ရေး က တိုးတိတ်ညင်သာစွာဖြင့် ပြောသည်။
အပြင် မှာ လေအတော်ကြမ်းနေသည်။
ပြတင်းပေါက်များရှိ တရုတ်ကပ်မှန်များနှင့် ပြတင်းပေါက်ပေါင်များကို လေလာတိုးနေသည့်အသံကို အတော် ကျယ်ကျယ်ကြားနေရသည်။
ထိုကြားထဲမှပင် ရဟတ်ယာဉ် ဒလက်လည်သည့်အသံများ ထင်ထင်ရှားရှား ကြားနိုင်နေသည်။
နန်စီ က အသံမထွက် ဘဲ ရေး ကို စူးစမ်းသလို အမူအရာနှင့် တစ်စုံတစ်ရာ လှမ်းမေးသည်။
ရေး က ဘာမေးသည်ကို နားလည် သည့် အလား ပြန်ဖြေသည်။
သူတို့ရဟတ်ယာဉ် သုံးစီး နဲ့ ဒီသေသကြီး တစ်ခုလုံးကို ဘီးစိပ်တိုက်သလို တိုက်ပြီး ရှာနေကြ တယ်၊ ကလေး တွေဟာ တစ်နေရာရာကို ထွက်သွားကြတယ်ဆိုရင် သူတို့မလွဲမသေ တွေ့ကြမှာ ပဲ၊ ဒီဒေသကြီး တစ်ခုလုံးမှာ ရှိတဲ့ မြို့အားလုံး ရွာအားလုံး က လူတွေကိုလဲ ၀ိုင်းရှာပေးဖို့ မေတ္တာရပ် ခံပြီး အကူအညီ တောင်းထားတယ်၊ နောက်ပြီးတော့ ပင်လယ်အော်နဲ့ ရေလက်ကြားပေါ်မှလဲ လေယာဉ် ပျံနှစ်စီး က ပိုက်စိပ် တိုက်ပြီး ရှာနေကြတယ်။ လူတိုင်း လူတိုင်းက ၀ိုင်းပြီး အကူအညီ ပေးနေကြပါတယ်။
နောက်ပြီးတော့ ရေကန်ထဲမှာလဲ ရေငုပ်သမားတွေနဲ့ ရှာနေကြတယ်မဟုတ်လား ခံစားချက် ကင်းမဲ့သည့် လေသံ မျိုးဖြင့် နန်စီက ပြောပြန်သည်။
ကျွန်မ ကလေးတွေ ရဲ့ အလောင်းတွေကို ရေငုပ်သမားတွေနဲ့ ကန်ထဲမှာ ရှာနေကြတာလေ အနိမ့်အမြင့် မပါ သော လေသံဖြင့် ဆက်ပြောနေသည်။
သတင်းထောက်များ အား ကြေညာချက်တစ်စောင်ထုတ် ပေးပြီးနောက် ရဲအရာရှိ ဂျက်ကော်ဖင် သည် ရဲစခန်း သို့သွားသည်။
အရေးကြီးသောနေရာများသို့ ဖုန်းဆက်သည်။ လိုအပ်သည့် အမိန့်များ တောင်းသည်။
သူ့ထက် ရာထူးနိမ့်သူများကို လိုအပ်သည့်အမိန့်များ ပေးသည်။ အားလုံးပြီး၍ အဲလ်ဒရက်ခ်ျတို့ အိမ်သို့ ပြန်ရောက်လာပြီး အခန်းထဲသို့ ၀င်လိုက်ချိန်မှာပင် နန်စီ ပြောလိုက်သည့် နောက်ဆုံးစကားကို သူကြားလိုက် ရလေသည်။ ကောင်းစွာလေ့ကျင့်ထားပြီး အတွေ့အကြုံရင့်ကျက်သည့်မျက်လုံးများဖြင့် နန်စီ ကို သူအကဲခတ် ကြည့်လိုက်သည်။
နန်စီ သည် ဘာတစ်ခုကိုမှ အာရုံစုစည်းမယူနိုင်ဘဲ ပြန့်လွင့်နေကြောင်းကိုလည်းကောင်း၊ သူ့စိတ်ကိုလည်း သူ မထိန်းနိုင်အောင် ဖြစ်နေသည်ကိုလည်း ကောင်း ချက်ချင်း သူသိလိုက်ပါ သည်။
နန်စီ သည် အကြီးအကျယ် တုန်လှုပ်ချောက်ချား နေသည်။
နောက် အချိန်သိပ်မကြာမီ နန်စီ သည် သူ၏နာမည် ကို မှန်ကန်အောင်ပြောတတ်မည် ဆိုလျှင် တောင်မှ သူတို့ အလွန်ကံကောင်းလှပြီဟု ဆိုရမည့်အနေအထားမျိုးသို့ ရောက်နေကြောင်း ဂျက်ရိပ်စား မိ လိုက် လေသည်။ နန်စီ ကို ကျော်ပြီး သူကြည့်သည်။ သည်အိမ်ထဲမှာ သူတာဝန်ချထားခဲ့သည် ရဲသား ဘာနီမေးလ်စ် ကိုတွေ့ရသည်။
မီးဖိုချောင် ထဲ ၀င်သည့်တံခါးပေါက်ဝတွင် ဘာနီ ရပ်နေသည်။
ထိုနေရာ တွင် တယ်လီဖုန်းရှိသည်။
ဘာနီ ရပ်နေပုံမှာ အကယ်၍ တယ်လီင်္ဖုန်း ခေါင်းလောင်းမြည်လာပါက အဆင်သင့် ကောက်ယူ နားထောင် နိုင်ရန် စောင့်နေသည့် ပုံစံမျိုးဖြစ်သည်။
သဲရာင် ပေါက်နေသော သူ့ဆံပင်များကို သပ်ရပ်ပိရိစွာ ဖြီးထားသည်။
သူ၏ မျက်လုံးကျယ်ကြီးများက တည်ငြိမ်နေသည်။
တစ်စုံ တစ်ယောက် က သူ့ကို မျက်နှာရိပ် မျက်နှာကဲနှင့် စကားပြောမည် ဆိုလျှင်လည်း အလွယ် တကူ သဘောပေါက် နားလည် မည့် ပုံမျိုးဖြစ်သည်။
စားပွဲ မှာ ၀ိုင်းထိုင်နေကြသည့် လူသုံးယောက် ကို ဂျက်ကော်ဖင် က လှည့်ကြည့်ပြန်သည်။
ရေးကထိုင်ရာမှထသည်။.
သူ့မိန်းမနောက်ဘက်ဆီသို့ လျှောက်သွားသည်။ ပြီတော့ သူ့မိန်းမ၏ပခုံးပေါ်မှာ လက်တင် ထားလိုက် သည်။
ဂျက်ကော်ဖင် ၏ စိတ်ကူးများသည် လွန်ခဲ့သည် နှစ်ပေါင်းနှစ်ဆယ်ဆီသို့ ပြန်လည်လွင့်မျောသွား သည်။ ထိုစဉ်တုန်း က သူသည် ဘော်စတွန်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိပေါက် စလေး အဆင့် သာ ရှိသေးသည်။
တစ်နေတွင် သူ့ဇနီး ဒေလီယာ ၏ မိဘများမော်တော်ကားတိုက်မှုဖြစ်ပြီ သေဆုံးသွားသည်။
ထိုသတင်းဆိုး ကို ကြားလျှင်ကြားချင်း အိမ်သို့ သူပြန်သွားသည်။
ဒေလီယာ သည် မီးဖိုချောင်ထဲမှာ ထိုင်နေသည်။ ည၀တ်အင်္ကျီကြီးကို ၀တ်ထားသည်။
သူအကြိုက်ဆုံး ချောကလက်ပူပူတစ်ခွက် ကို တစ်ငုံချင်းငုံကာ သောက်နေသည်။
ချောကလက် သောက်ရင်းသတင်းစာဖတ်နေသည်။ ခြေခံကြားတော့ ဒေလီင်္ယာက နောက်သို့ လှည့်ကြည့် သည်။
စောစောပြန်ရောက်လာသည့် ဂျက်ကိုကြည့်ပြီး အံ့အားသင့်သွားသည်။
သို့သော်လည်း ဒေလီယာက သု့ကိုပြုံးပြပါသည်။
ဂျက်သည် စကားတစ်ခွန်း မှ မပြောသေးဘဲ ဒေလီယာဆီသို့ လျှောက်သွားပြီး ယခုရေးက နန်စီ ကိုပြုမှု သလို ပင် သူလည်းပြုမှုခဲ့လေသည်။
ဒေလီယာ ၏ ပခုံးပေါ်သို့ သူ့လက်ကို ခပ်ဖိဖိလေး တင်လိုက်သည်။
ပြီးတော့ဒေလီယာအားတက်သွားအောင် တင်းတင်းကလေး ဆုပ်ထားလိုက်သည်။
လေယာဉ်ပျံ တက်ခါနီးတွင် လေယာဉ်မယ်များပြောလေ့ပြောထရှိသည့် စကားကိုသူ့နားထဲမှာ ကြား ယောင် လာမိသည်။
ကျွန်မတို့လေယာဉ်ပျံဟာ ယခုစတင်ပျံသန်းပါတော့မယ် အကြောင်းတစ်ခုခုကြောင့် လေယာဉ်ပျံဟာ အရေးပါ် ဆင်းသက်မှု့ပြုလုပ်ရမည်ဆိုရင် ကိုယ်ကိုမတ်မတ်ထိုင်ပါ မိမိထိုင်နေ တဲ့ခုံရဲ့ လက်တန်းကို တင်တင်း ဆုပ်ကိုင် ထားပါ၊ ခြေဖ၀ါးကို လေယာက်ကြမ်းပေါ်မှာ ပြားလိုက် ချထားပါ၊ ဒါမှ လေယာဉ် တုန်ခါမှု ရှိခဲ့ရင် ခံနိုင်ရည်ရှိမှာပါရှင် .. ယခုလည်း ထိုအတိုင်းပင် ဖြစ်ချေသည်။
စိတ်တုန်လှုပ်ချောက်ချားမှုကို ခံနိုင်ရည်ရှိအောင် ရေး က နန်စီ၏ ပခုံးကိုတင်းတင်းကြီးဆုပ် ကိုင်ထား လိုက် ခြင်း ဖြစ်လေသည်။
"ရေး...မောင်ရင် နဲ့ကိုယ် နှစ်ယောက်တည်း စကားပြောလို့ရမလား"
ဂျက် ခပ်ရိုင်းရိုင်းလှမ်းပြောသည်။
နန်စီ ၏ ကိုယ်လုံးမှာ ယိမ်းစပြုလာသည်။ ထို့ကြောင့်ရေးက နန်စီ၏ ကိုယ်လုံးကလေးကို တည့်မတ် ပေးသည်။
ကျွန်မ ကလေး တွေကို ရှင်တွေ့ပြီလားဟင်ဟု နန်စီ က ဂျက်ကို လှမ်းမေးသည်။
သူ့အသံသည် အလွန်တိုးသည့် လေသံကလေးမျှသာ ဖြစ်လေသည်။
နန်စီ-ကလေးတွေကို ပြန်တွေ့ပြီဆိုရင် ကိုယ်တို့ကို သူ ပြောမှာပေါ့ကွယ်၊ ဒီနေရာမှ ငြိမ်ငြိမ် ကလေး ထိုင်နေ နော်၊ ကိုယ်အခုချက်ချင်း ပြန်လာခဲ့မယ်
ရေး က ကိုယ် ကို ကိုင်းလိုက်သည်။ ပြီးတော့ နန်စီ နှင့် ပါးချင်းခဏအပ်ထားသည်။
ထိုသို့ ပါးချင်းအပ်ထားသည့်အတွင် နန်စီထံမှ တစ်စုံတစ်ရာ တုံ့ပြန်လာလိမ့်မည်ဟု သူမမျှော် လင့်ပါ။
နန်စီ ကလည်း မည်သို့မျှတုံ့ပြန်ခြင်းမပြုဘဲ ငြိမ်သက်စွာ ထိုင်နေလေသည်။
ရေး က ကိုယ်ကိုမတ်လိုက်သည်။
ပြီးတော့ ဂျက်၏ရှေ့မှဦးဆောင်ပြီး ဧည့်ခန်းကျယ်ကြီးတစ်ခုထဲသို့ ၀င်သွားလိုက်သည်။
ဂျက် က သူ့နောက်မှ တိတ်ဆိတ်စွာလိုက်သွားသည်။
ရေး က မီးလင်းဖိုနားမှာ သွားရပ်သည်။ ဂျက် က သူ့ကို အကဲခတ်ကြည့်နေသည်။ ထိုသို့ကြည့်နေရင်း မှာ ပင် ရေး ကို သဘောကျလာ သည်။
စိတ်ထဲမှာလည်း ကျိတ်၍ ချီးကျူလိုက်မိသည်။
ရေးက သူ့ဘက်သို့လှည့်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။
သည်တော့မှ ရေးကိုပိုပြီး အထင်ကြီးသွားမိပြန်သည်။
ရေးသည် အလွန်တည်ငြိမ်နေသည်။
မျက်လုံးများရော၊ မျက်နှာအမှုအရာပါ တည်ငြိမ်လွန်းလှသည်။
သည်လောက်ကြီးကျယ်သည့် အန္တရာယ်ကြီးကို ရင်ဆိုင်နေရလင့်ကစား သူ့မှာသတ္တိရှိ ကြောင်းနှင့် သူ့ စိတ်ဓာတ် သည် ခိုင်မာတည်ကြည်လှကြောင်း ဂျက် က ချက်ချင်းအကဲခတ်လိုက်မိ သောကြောင့် အထင်ကြီး သွားခြင်း ဖြစ်လေသည်။
ရေးကို အကဲခတ်ကြည့်နေရင်းမှာပင် ရေး၏နောက်ကြောင်းရာဇ၀င်ကို သူပြန်သတိရ သည်။
ရေး သည် ဗီယက်နမ် စစ်မြေပြင် တွင် သူရဲကောင်းဘွဲရခဲ့သည့် စစ်ပြန်တစ်ယောက် ဖြစ်ကြောင်း သတိ ရခြင်း ဖြစ်သည်။
ဗီယက်နမ် တို့ တရစပ်ပစ်ခတ်နေကြသည့်ကြားမှ ရေးသည် သူ၏တပ်ကို ရဲရင့်ပြောင် မြောက်စွာ ဦးဆောင် နိုင် ခဲ့သည်။ ရန်သူ များကို အနိုင်တိုက်နိုင်ခဲ့သည်။
ထိုပြောင်မြောက်မှုကြောင့် သူ့ကို ဗိုလ်ရာထူးမှ ဗိုလ်ကြီးရာထူးသို့ စစ်မြေပြင်မှာပင် ချက်ချင်း တိုးမြှင့် ပေးခြင်း ခံခဲ့ရသူဖြစ်လေသည်။ သူမှာအဆင့်အတန်းရှိသည်။
ထိုအချက် နှင့် ပတ်သက်၍ ယုံမှားသံသယ ဖြစ်စရာအကြောင်းလုံးဝမရှိချေ။
ရပ်နေပုံ၊ လှုပ်ရှားပုံ၊ ၀တ်စားဆင်ယင်ပုံ၊ စကားပြောပုံများကို ကြည့်ခြင်းအားဖြင့်သူ့မှာ အဆင့်အတန်း ရှိကြောင်း သိသာထင်ရှားနေသည်။ သူ့မေးစေ့ က ပေါ်လွင်ထင်ရှားသည်။
နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ မီးလင်းဖို ခေါင်မိုး ပေါ် မှာ လက်တင်ထားသည်။
ထိုအမူအရာ ကပင်လျှင် သူ့အဆင့်အတန်းကို ဖော်ပြနေပြန်သည်။
ရေး ကို အထင်ကြီးနေသော ဂျက်သည် ခဏကြာမှ သူ့စိတ်ကို သူ ပြန်ထိန်းနိုင်သည်။
မိမိ သည် အပေါ်စီးနေရာမှရှိနေကြောင်း ပြန်သတိရသည်။ ထို့ကြောင့် ဣနြေ္ဒပြန်ဆည်လိုက်သည်။
ဂျက် က အခန်းတွင်းသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်ရင်း လေ့လာအကဲခတ်သည်။
အခန်းထဲမှာ အိမ်ထောင်ပရိဘောကများကို သပ်ရပ်သန့်ရှင်းစွာဖြင့် ကြည့်ကောင်းလောက်အောင် နေရာ ချထား ပြင်ဆင် ထားသည်။
ပန်းချီကား များ ကိုလည်း တွေ့ရသည်။ မီးလင်းဖိုပေါ်မှာရှိသော ပန်းချီကားသည် နန်စီအဲလ်ဒရက်ခ်ျ ၏ ပန်းခြံ ပုံ ကို နန်စီကိုယ်တိုင် ဆွဲထားခြင်းဖြစ်သည်။
စန္ဒရား ပေါ်တွင်မူ သူတို့မြို့၏ သုသာန်ပုံ ပန်းချီကားလည်းရှိသည်။
နန်စီတို့ အိမ်နှင့် မျက်နှာချင်းဆိုင်မှ မစ္စတာဟန့် ၏ ရှုခင်းသာအိမ်ကြီးလည်း ပန်းချီကားထဲမှာပါသည်။
ထိုပန်းချီကား မှာ အတော်လေး အဆင့်အတန်းမြင့်သည့် ရေဆေးကားတစ်ကားဖြစ်ကြောင်း တွေ့ရ လေသည်။
မြို့တွင်း ဟိုနားသည်နားမှာ နန်စီအဲလ်ဒရက်ခ်ျ ပန်းချီဆွဲနေသည်ကို ဂျက်ကော်ဖင် မကြာခဏ မြင်ဖူး ပါသည်။
သို့သော်လည်း ဒါလောက် လက်ရာကောင်းကောင်း ဆွဲနိုင်လိမ့်မည် မထင်ခဲ့။
အပျော်တမ်း ဆွဲနေခြင်းဖြစ်သဖြင့် အပျော်တမ်း ပန်းချီလက်သင်တစ်ယောက်၏သာမာန်လက်ရာမျှ သာ ရှိလိမ့်မည် ဟု သူ ထင်ခဲ့လေသည်။
ယခု ပန်းချီကားများကို တွေ့ရတော့မှ နန်စီ သည် အတော်ကြီး ရင့်ကျက်နေသည့် ပန်းချီဆရာမ တစ်ယောက် ဖြစ်နေကြောင်း သဘောပေါက်တော့သည်။
အချို့ မိန်းမများသည် လူအထင်ကြီးအောင် ပန်းချီဆရာမယောင် ဆောင်တတ်ကြသည် မဟုတ် လား။
နန်စီ ၏ ပန်းချီကားများသည် ပြပွဲတင်လောက်အောင် အဆင့်အတန်းမြင့်မားကြောင်း သူ လက်ခံ လိုက်ရ လေသည်။
မီးလင်းဖိုဘေးတွင် နံရံကပ်စာအုပ်ဗီရိုများ တန်းစီနေသည်။
စားပွဲများကလည်း ကြီးမား ခန့်ညားလှသည်။
သူ့အဘွား ဆုံး တုန်းက ဘုရားရှိခိုးကျောင်းသို့ သူတို့လှူခဲ့ဖူးသည့် စားပွဲကြီးကို ပြန်လည် အမှတ်ရ စေသည်။
အစွပ်များ တပ်ဆင်ထားသည့် ကုလားထိုင်များမှာ ပြောင်လက်နေသည်။
မီးလင်းဖို ရှေ့တွင် လှုပ်ကုလားထိုင် တစ်လုံးရှိသည်။
အစွပ် ကို ဇာပန်းများထိုးထားသည်။
ထိုင်သည့်နေရာနှင့် နောက်မှီနေရာများတွင် ကူရှင်များ တပ်ထားလေသည်။
ဂျက်သည် သူ၏အခန်းနှင့် သည်အခန်းကို ယှဉ်ကြည့်ရင်း အလိုလို သိမ်ငယ်စိတ်ဝင်လာသည်။
သူ့အခန်း မှာ အသစ်ဖြစ်သည်။ သို့သော်လည်း သည်အခန်းက မယှဉ်သာအောင် သာလွန်သည်။
"ဘာပြောချင်လို့ပါလဲ"
ရေးက ဂျက်ကို ကြည့်ပြီးမေးသည်။ သူ့လေသံက အေးစက်စက်နိုင်သည်။ ခပ်စိမ်းစိမ်းလည်း နိုင်သည်။
မိမိကို ရန်သူအဖြစ် ရေး က မြင်နေကြောင်းကိုလည်း ဂျက် သိသည်။
နန်စီ ကို မိမိဆက်ဆံခဲ့သည်မှာ ထောက်ထားညှာတာမှုမရှိ၊ နားလည်မှုမရှိ၊ စိမ်းစိမ်းကားကား ဆက်ဆံ ခဲ့သည် ကိုလည်း ဂျက်က သူ့ဘာသာသူ ပြန်သိနေသည်။
နန်စီ တွင် တရားဥပဒေအရ ရပိုင်ခွင့်များရှိသည်။
သူ့ကိုယ်သူ ခုခံပိုင်ခွင့်များ ရှိသည်။
ထိုအခွင့်အရေးများ ကို ဂျက် မသိကျိုးကျွံပြုခဲ့သည်လည်း ရှိမည်။
ထို အပြုအမူ များကိုလည်း ရေးက သတိထားခဲ့မိသည်။
ထို့ကြောင့် ရေးက အေးတိအေးစက်နိုင်သော လေသံဖြင့် ခပ်စိမ်းစိမ်း မေးခြင်းဖြစ်သည်။
ရန်လိုသည်ဆိုလျှင်လည်း လိုပေါ့ဟု ဂျက်က သဘောထားလိုက်သည်။
သည်လို ရန်လိုသူများနှင့် သူတွေ့ကြုံခဲ့ဖူးသည်မှာလည်း အကြိမ်ပေါင်း မရေမတွက်နိုင်တော့ပြီ။
"မောင်ရင့်မိန်းမရဲ့ရှေ့နေက ဘယ်သူလဲ ရေး"
ဂျက် က လေသံပြတ်ပြတ်ဖြင့် မေးသည်။
ရေးက ရုတ်တရက် ကြောင်သွားသည်။
သူ့ကိုယ်လုံးမှာ တောင့်ခနဲဖြစ်သွားသည်။ ဘာပြန်ဖြေရမှန်း ရုတ်တရက်မသိ။
ထိုသို့ဖြစ်မည်ကိုလည်း ဂျက်က ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။
ထို့ကြောင့်လည်း သူ မထင်မှတ်သည့်အချိန်တွင် ကောက်ကာငင်ကာ မေးလိုက်ခြင်းဖြစ်သည်။
သူ့မိန်းမ သည် လုံးဝအပြစ်ကင်းမဲ့သည့် အမျိုးသမီးဖြစ်လေဟန် ဟန်ဆောင်ချင်နေသလားဟု ဂျက် က စိတ်ထဲမှ မေးမိသည်။ မူရာမာယာများများဖြင့် တယ်လီဗီးရှင်း အရိုက်ခံရာတွင် မျက်ရည်တစမ်း စမ်းလုပ်ပြီး လက်ကိုင်ပ၀ါကလေး ကိုင်ကာ…
"ကျွန်မသားလေး နဲ့ သမီးလေးကို တွေ့အောင်ပြန်ရှာပေးကြပါရှင်" ပြောစေချင်သေးသလားဟု လည်း စိတ်ထဲက တွေးမိသည်။
ထိုသို့ ဖြေချင်သပဆိုလျှင်လည်း ရပါသည်။
ဂျက်မှာက ရေးအဲလ်ဒရက်ခ်ျ အတွက် အဖြေက ရှိနေပြီးဖြစ်ပါသည်။
အလွန်တန်ဖိုးကြီးသော သူ၏မိန်းမသည် တစ်ချိန်တုန်းကလည်း ထိုသို့သော အမူအရာမျိုးကို ပြု လုပ် ခဲ့ဖူးပြီ။
လွန်ခဲ့သည့် ခုနစ်နှစ်လောက်က ရုပ်မြင်သံကြားများတွင် နန်စီသည် ငိုကြီးချက်မနှင့် မေးခွန်းများကို ဖြေခဲ့ ဖူးသည်။
ရောင်ကိုင်း နေသည့် မျက်လုံးများ၊ မျက်ရည်ရွှဲနေသော ပါးပြင်များနှင့် မူရာမာယာတွေ များခဲ့ဖူး သည်။
ထိုပုံများ ကို သတင်းစာများက ပြန်လည်တူးဖော်တော့မည်။
ထိုတူးဖော်ချက်များမှတစ်ဆင့် ဂျက်အနေဖြင့် ပြန်လည်သက်သေပြနိုင်ပါသည်။
လွန်ခဲ့သော နာရီဝက်လောက်တုန်းက စန်ဖရန်စစ္စကိုမြို့မှာရှိသော လက်ထောက်ခရိုင်ရှေ့နေနှင့် တယ်လီဖုန်း မှ တစ်ဆင့် ဂျက် စကားပြောခဲ့ရသေးသည်။
လက်ထောက်ခရိုင်ရှေ့နေက…
"ဒီကောင်မ အရင်တစ်ခါလဲ သူ့ကလေးနှစ်ယောက်ကို သူကိုယ်တိုင် ပြန်သတ်ပစ်ပြီး အမှုကလွတ် သွားပြီး၊ အခု တစ်ခါ ဒါမျိုး ကို ထပ်လုပ်ပြန်ပြီလား၊ အရင်အမှုအဟောင်းနဲ့ ပတ်သက်ပြီး ခင်ဗျား လို ချင်တာ တွေရှိရင် ပြော၊ ကျုပ် ပို့ပေးလိုက်မယ်"ဟု ဂျက်ကို ပြောသည်။
ရေး က သူ့အမေးကို ခပ်တိုးတိုး ပြန်ဖြေသည်။
"ကျွန်တော်တို့ ဘယ်ရှေ့နေနဲ့မှ အဆက်အသွယ်အလုပ်ရသေးပါဘူး၊ ကျွန်တော့်မှာ မျှော်လင့်ချက် ကလေး… အခုလို လူတွေအားလုံးက ၀ိုင်းရှာပေးနေကြတယ်ဆိုတော့လေ"
စကား ကို သူ ဆုံးအောင်မပြောပါ။
သို့သော်လည်း သူ ဆိုလိုသည့်အဓိပ္ပာယ်ကို ဂျက်နားလည်သဘောပေါက်လိုက်ပါသည်။
"အဲဒီရှာဖွေရေး တွေ အားလုံးကို မကြာခင်မှာ ရပ်ဆိုင်းပစ်လိုက်ရတော့မှာလေ"
ဂျက် က လေသံပြတ်ပြတ်ဖြင့် ပြန်ပြောသည်။
"ရာသီဥတုက အရမ်းဆိုးနေတယ်၊ ဒီလို ရာသီဥတုမျိုးမှာ ဘယ်သူက ဘာကိုမြင်နိုင်တော့မှာလဲ၊ ဒါ ပေမယ့် ကျုပ်အနေ နဲ့ ကတော့ မောင်ရင့်မိန်းမ ကို လိုအပ်တာတွေ စစ်ဆေးဖို့ ရဲစခန်းကို ခေါ်သွားရ တော့မယ်၊ ဒါကြောင့် မောင်ရင်တို့ရှေ့နေ ရှာပြီးပြီလားလို့ မေးနေတာ၊ ရှေ့နေမငှားရသေးဘူးဆိုရင် မောင်ရင့် မိန်းမ အတွက် တရားရုံးက ရှေ့နေတစ်ယောက်ယောက် ငှားပေးဖို့ ကျုပ် စီစဉ်ရလိမ့်မယ်"
ဂျက် က အစီအစဉ်များကို ရှင်းပြသည်။
"ဟာ… ခင်ဗျား ဒီလိုတော့ မလုပ်နဲ့လေ"
ရေးက ဒေါသတကြီးဖြင့် ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်။
ထိုသို့ ပြောလိုက်မိပြီးမှ အခြေအနေကို ချက်ချင်းရိပ်စားမိသွားသည်။
သူ့ဒေါသ ကို သူ ပြန်ထိန်းလိုက်သည်။
"ကျွန်တော် ဆိုလိုတာက ဒီလိုပါခင်ဗျာ၊ နန်စီကို ရဲစခန်း ခေါ်သွားမယ်ဆိုရင် သူ့ဘ၀ကို ဖျက်ဆီးချေ မှုန်း ပစ်လိုက်တာနဲ့ အတူတူဖြစ်သွားလိမ့်မယ်လို့ ဆိုလိုတာပါ၊ နှစ်ပေါင်းများစွာကြာအောင် သူ အကြီးအကျယ် စိတ်ဆင်းရဲ ခဲ့ရပါတယ်၊ အိပ်မက်ဆိုးတွေ မက်ခဲ့ရတာပါ။ အိပ်မက်ဆိုးမက်တိုင်း ဒါ မျိုးတွေချည်း မက်ခဲ့ရပါတယ်။ သူ့ကို ရဲစခန်းခေါ်သွားပြီး အစစ်ခံရတာတို့- နောက်ပြီးတော့ ဆေးရုံ ၀င်းထဲမှာရှိတဲ့ ရေခဲတိုက် ကို ခေါ်သွားခံရတယ်ဆိုတာတို့… ပြီးတော့ ရေခဲတိုက်ထဲမှာရှိတဲ့ ကလေး အလောင်းတွေကို ပြပြီး မည်သူမည်ဝါဖြစ်ကြောင်း ပြောခိုင်းတယ်ဆိုတာတို့ချည်း မကြာခဏ အိပ် မက်မက်နေတာပါ ခင်ဗျာ၊ ဘုရားသခင်… သူဟာ အခုကိုပဲ အရမ်းကြီးကို ချောက်ချားနေရပါပြီ၊ သူ မြင်တွေ့လိုက်ရတာတွေ ကျွန်တော် တို့ကို သူ ပြန်မပြောဘူးဆိုတာ သေချာအောင် ခင်ဗျား စစ်ချင် တာမဟုတ်လား"
"ရေး ကျုပ်အလုပ်က မောင်ရင့် သားသမီးတွေ ပြန်ရရေးဆိုတာ တစ်ခုပဲရှိတယ်"
"မှန်ပါတယ် ခင်ဗျာ၊ ဒါပေမယ့် သတင်းစာထဲမှာပါတဲ့ ကျိန်စာနဲ့တူတဲ့ဆောင်းပါးကြောင့် သူ ဘယ် လောက် ဒုက္ခရောက်နေရပြီလဲဆိုတာ ခင်ဗျား အမြင်ပါပဲ၊ နောက်ပြီးတော့ အဲဒီဆောင်းပါးရေးတဲ့ ခွေးသားကို ဘယ်လို လုပ်မလဲ၊ ဘယ်လိုရှာမလဲ၊ ဟိုတုန်းကဖြစ်ခဲ့တဲ့ကိစ္စကို အသေးစိတ်သိပြီး ချေး ခြောက် ရေပြန်နှူး နိုင်တဲ့ အကောင်၊ ဒါကြောင့် အခု ကျွန်တော့်ကလေးတွေကို ဖမ်းသွားတာဟာလဲ အဲဒီကောင်ပဲ ဖြစ်ရ မှာပေါ့"
"ထုံးစံအတိုင်း အဲဒီကိစ္စကိုလဲ ကျုပ်တို့လိုအပ်သလို ဆောင်ရွက်နေပါတယ်၊ ဖြစ်လေ့ ဖြစ်ထရှိတာ ကတော့ ဒီလို ဆောင်းပါး မျိုးကို သတင်းစာတိုက်မှာရှိတဲ့ လူတစ်ယောက်က နာမည်ဝှက်နဲ့ ရေးတတ် ကြတယ်၊ အခုကိစ္စ ကတော့ ဒီလိုမဟုတ်ဘူး၊ ပြင်ပဆောင်းပါးရှင်တစ်ယောက်က ရေးတာ၊ ဆောင်းပါးခ ကိုလဲ နှစ်ဆယ့်ငါး ဒေါ်လာပဲ ယူပါမယ်ဆိုပြီး ၀င်ရေးသွားတာ"
"ဒီလိုဆိုရင် ရေးတဲ့ အကောင် ဘယ်သူလဲ" "ဘယ်ကောင်လဲဆိုတာ သိအောင် တို့စုံစမ်းနေတာပေါ့ကွ" ဂျက် က ပြန်ပြောသည်။ သူ့လေသံက စိတ်ဆိုးသည့်အသံဖြစ်သွားသည်။
"ဆောင်းပါးနဲ့အတူ ညွှန်ကြားချက် စာတစ်စောင်ပါလာတယ်"
"ဘယ်သူ့ကို ညွှန်ကြားလိုက်သလဲ"
ရေးက အလောတကြီး ၀င်မေးပြန်သည်။
"အယ်ဒီတာ ဆီကို ရေးလိုက်တဲ့စာပေါ့ကွာ၊ သူ့ဆောင်းပါးနဲ့ပတ်သက်ပြီး သူ့ဘက်က တင်ပြတဲ့ စည်းကမ်းချက် တွေ ဒီဆောင်းပါးကိုသုံးမယ်ဆိုရင် လုံးဝပြင်ဆင်ဖြတ်တောက်ခြင်း မပြုရဘူးတဲ့၊ ဆောင်းပါး နဲ့ အတူ ထည့်ပေးလိုက်တဲ့ ဓာတ်ပုံတွေကိုလဲ အားလုံးဖော်ပြပေးရမယ်တဲ့၊ နောက်ပြီး တော့ ဆောင်းပါးကို နိုဝင်ဘာ ဆယ့်ခုနှစ်ရက်နေ့ထုတ် သတင်းစာမှာ ဆက်ဆက်ဖော်ပြပေးရမယ် တဲ့၊ နိုဝင်ဘာ ဆယ့်ခုနှစ်ရက် ဆိုတော့ ဒီနေ့ပေါ့၊ အဲဒီ စည်းကမ်းချက်တွေ လိုက်နာရင် ဆောင်းပါးခ နှစ်ဆယ့်ငါးဒေါ်လာပဲ ယူမယ်လို့ သူ့စာထဲမှာ ပါတယ်"
ရေးက နှုတ်ခမ်းကို တင်းတင်းကိုက်ထားသည်။
"ဆောင်းပါး ကို ဖတ်ကြည့်တော့ အရေးအသားက သိပ်ကောင်းပြီး အရမ်းလဲ ဆွဲဆောင်မှုရှိတယ်လို့ အယ်ဒီတာ က ကျုပ်ကိုပြောတယ်၊ ဒါလောက်ကောင်းတဲ့ ဆောင်းပါးကို ဆောင်းပါးခ နှစ်ဆယ့်ငါး ဒေါ်လာ ပဲ ယူပါ့မယ်လို့ ပြောတဲ့ ဆောင်းပါးရှင်ဟာ အရူးလား၊ ဒါမှမဟုတ် သူ့ကို တမင်အရူးလုပ် တာ များလားလို့ အယ်ဒီတာ က ထင်ပုံရတယ်၊ ဒါပေမယ့် ကျုပ်ကိုတော့ ဖွင့်မပြောပါဘူး၊ စည်းကမ်း ချက်များကို လက်ခံကြောင်း စာရေးခိုင်းပြီး စာအိတ်ထဲမှာ နှစ်ဆယ့်ငါးဒေါ်လာတန် ချက်လက်မှတ် ကိုပါ ထည့်ပေးခိုင်း လိုက် တယ်တဲ့"
ဂျက်က သူ့ဘောင်းဘီအိတ်ထဲ မှ မှတ်စုစာအုပ်ကို ထုတ်သည်။ ပြီးတော့ တစ်နေရာကို ဖွင့်သည်။
"ဆောင်းပါးကို လက်ခံကြောင်း ပြန်တဲ့စာရဲ့ရက်စွဲက အောက်တိုဘာလ နှစ်ဆယ့်ရှစ်ရက်၊ အောက် တိုဘာလ နှစ်ဆယ့်ကိုးရက်နေ့မှာ တယ်လီဖုန်းလာတဲ့အကြောင်းကို အယ်ဒီတာရဲ့အတွင်းရေးမှူး က မှတ်မိနေသေးတယ်၊ ဟာမွန်အမှုနဲ့ ပတ်သက်ပြီး ရေးပို့လိုက်တဲ့ ဆောင်းပါးကို ရွေးမရွေး သိချင် လို့ စုံစမ်း တာပါတဲ့၊ တယ်လီဖုန်းလိုင်းက တော်တော်ဆိုးတယ်လို့ ပြောတယ်၊ ဒါကြောင့် အသံကို သဲသဲကွဲကွဲ မကြားရဘူး တဲ့၊ တစ်ဘက်က စကားပြောနေသူဟာ မိန်းမလား ယောက်ျားလားဆိုတာ တောင် မသဲကွဲဘူးတဲ့၊ ဒါပေမယ့် အယ်ဒီတာရဲ့အတွင်းရေးမှူးက ဆောင်းပါးကို ရွေးချယ်လိုက် ကြောင်း၊ ဆောင်းပါးရှင် ဖော်ပြတဲ့စည်းကမ်းချက်များကို သဘောတူကြောင်း၊ လက်ခံတဲ့အကြောင်း ပြန်စာနဲ့ ဆောင်းပါး အတွက် ဥာဏ်ပူဇော်ခ နှစ်ဆယ့်ငါးဒေါ်လာကို စာတိုက်မှတစ်ဆင့် ပို့လိုက်ပြီ ဖြစ်ကြောင်း၊ ဆောင်းပါးရှင် ရဲ့အလိုအတိုင်း ဂျေးအာရ်ပင်ရို့စ်အမည်နဲ့ အထွေထွေ ပစ္စည်းပို့ဆောင် ရေးကုမ္ပဏီတစ်ဆင့် ပို့ လိုက်ကြောင်း ပြန်ပြောပြလိုက်တယ်တဲ့၊ နောက်နေ့တော့ အဲဒီစာကို အထွေ ထွေပစ္စည်း ပို့ဆောင်ရေး ကုမ္ပဏီ မှာ လာယူသွားတယ်လို့ သိရတယ်"
"ယောက်ျားလား၊ မိန်းမလား"
ရေး က ကမန်းကတန်း ၀င်မေးသည်။
"ကျုပ်တို့မသိသေးဘူး၊ နောက်တစ်ခုက မောင်ရင် သိတဲ့အတိုင်းပဲ၊ အထွေထွေပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီ ရှိတဲ့ ဟိုင်ယန်းနစ်ဆိပ်ကမ်းဟာ လူရှုပ်တယ်မဟုတ်လား၊ ကမ္ဘာလှည့်ခရီးသွားတွေကလဲ ဥဒဟို ၀င်ထွက် သွားလာနေကြတာ၊ ခုလိုအချိန်မျိုးမှာ သူတို့ကုမ္ပဏီ အရမ်းအလုပ်များနေတယ်။ ဒါ ကြောင့် ဒီလိုစာလေး တစ်စောင် ဆိုတာ ဘာမှထူးဆန်းတာလဲ မဟုတ်ဘူး၊ သက်ဆိုင်သူ က အ ထောက်အထားနဲ့ လာတောင်း ရင် ပေးလိုက်မှာပဲ၊ လူတို့ အထောက်အထားတို့ကို မှတ်ထားနေမှာ မဟုတ်ဘူး၊ ဒါကြောင့် စာလာယူသူကို ဘယ်စာရေး ကမှ မှတ်မထားလိုက်ဘူး၊ သတိလဲ မထားမိကြ ဘူး"
ရေးက မျက်တောင်မခတ် နားထောင်နေသည်။
ဂျုက်ကော်ဖင်က ဆက်ပြောပြန်သည်။
"ဒါပေမယ့် အခုအချိန်အထိတော့ အဲဒီနှစ်ဆယ့်ငါးဒေါ်လာတန် ချက်လက်မှတ်နဲ့ ငွေလာမထုတ် သေးဘူး၊ အဲဒီငွေကို လာထုတ်တဲ့အခါမှာ ချက်လက်မှတ်နဲ့ စာပိုင်ရှင် ဂျေးအာရ်ပင်ရို့စ်ဆိုတာ ဘယ်သူလဲဆိုတာ သိအောင် ကျုပ်တို့ဖော်ထုတ်နိုင်လိမ့်မယ်၊ မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောရဦး မယ်၊ အဲဒီဆောင်းပါးရှင်ဟာ ဟိုမြို့က အဘွားကြီးတစ်ယောက်ယောက်များ ဖြစ်နေမယ်ဆိုရင်တော့ ကျုပ် မအံ့သြဘူး၊ ဘာကြောင့်လဲ ဆိုတော့ အတိတ်က ဇာတ်လမ်းက စိတ်ဝင်စားစရာဆိုတော့ စပ်စု သူ တစ်ယောက်ယောက်က ရှာဖွေ ဖော်ထုတ် တော့မှာပဲ"
ရေး က မီးလင်းဖိုကို မျက်တောင်မခတ်စိုက်ကြည့်နေသည်။
"ဒီအခန်းထဲက အေးတယ်ဗျာ၊ မီးထည့်လိုက်ရင် ကောင်းမှာပဲ"
ထိုသို့ ပြောရင်း သူ၏မျက်လုံးများက မီးလင်းဖိုပေါ်သို့ ရောက်သွားသည်။
မီးလင်းဖို ပေါ်တွင် နန်စီ ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ရှိသည်။
မိုက်ကယ် နှင့် မစ်စီ ငယ်ငယ်တုန်းက ပုံတူရေးဆွဲထားသည့် ပန်းချီကားဖြစ်လေသည်။
ထိုပုံ ကိုကြည့်ရင်း သူ့လည်ချောင်းထဲမှာ ချက်ချင်းတစ်ဆို့ဆို့ကြီးဖြစ်လာသည်။
တံတွေး ကို ကြိုးစား မျိုချလိုက်ရသည်။
"ဒီအခန်းထဲမှာ လောလောဆယ် မီးထည့်ဖို့ လိုဦးမယ်မထင်ဘူး ရေး၊ ဒီအခန်းထဲ မောင်ရင့်ကို ခေါ် လာတာ နှစ်ယောက်ချင်း ပြောစရာရှိလို့ပါ၊ နန်စီကို စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်သွားရတော့ မယ်လေ၊ ဒါကြောင့် အ၀တ်လဲ ဖို့ မောင်ရင့်ကို ပြောခိုင်းမလို့ ဒီအခန်းထဲ ခေါ်လာခဲ့တာ"
"အို… မလုပ်ပါနဲ့ရှင်… မလုပ်ပါနဲ့၊ ရဲစခန်းကိုတော့ ကျွန်မကို ခေါ်မသွားပါနဲ့"
ဂျက်ကော်ဖင် နဲ့ ရေးအဲလ်ဒရက်ခ်ျ တို့ နှစ်ယောက်သည် အခန်းဝင်ပေါက်ဆီသို့ ဖြုန်းခနဲပြိုင်တူ လှည့် လိုက်မိ ကြလေသည်။
တံခါးပေါက် မှာ နန်စီရပ်နေသည်။
လက်တစ်ဘက် က တံခါးပေါက်ကို အားပြုကိုင်ထားသည်။
သူ့ဆံပင်များပြန်ခြောက်သွားပြီ။ နောက်ဘက်မှာဖြစ်သလို စုပြီး ချည်ထားသည်။
သူ့မျက်နှာ မှာ သွေးရောင်မရှိတော့ပါ။
ဆံပင်ရောင် ကြောင့် မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်မှာ ပို၍ပေါ်လွင်လာလေသည်။
ဘာကို မှ မခံစားရသည့် အရိပ်အယောင်ကိုလည်း မျက်လုံးစုံအထဲတွင် မြင်တွေ့နေရလေသည်။
သူ့နောက် မှာ ဒေါ်ရော်သီ ရပ်နေသည်။
"သူက ဒီကို လာချင်တယ်ဆိုလို့"
ဒေါ်ရော်သီက တောင်းပန်သည့် လေသံဖြင့်ပြောသည်။
ရေး၏မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်အယောင်များနှင့် အပြစ်တင်သည့် အရိပ်အယောင် များကိုပါ ဒေါ်ရော်သီ မြင်လိုက်ရလေသည်။
ထို့ကြောင့် သူ ထပ်ဆင့်တောင်းပန်သည်။
"ရေး ငါ စိတ်မကောင်းပါဘူးကွယ်၊ သူ အိပ်ခန်းထဲမှာနေအောင် ငါ ဘယ်လိုမှ တားမထားနိုင်လို့ပါ"
ရေး က နန်စီ ၏ ကိုယ်လုံးကလေးကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ခပ်တင်းတင်း ဖက်ထားလိုက်လေသည်။
"ရပါတယ် ဒေါ်ရော်သီ၊ ကိစ္စမရှိပါဘူး"
ဒေါ်ရော်သီ ကို သူ ခပ်တိုတိုပဲ ပြောသည်။
ပြီးတော့ နူးညံ့သိမ်မွေ့သည့်လေသံဖြင့် သူ့ရင်ခွင်ထဲ က နန်စီကို ဆက်ပြောသည်။
"အချစ်ရေ… စိတ်အေးအေးထားပါကွယ်၊ မင်း ဒုက္ခရောက်အောင် ဘယ်သူကမှ မလုပ်ပါဘူး"
ရေး၏ လေသံထဲတွင် မိမိကို အလိုမရှိတော့သည့်လေသံမျိုးပါနေသည်ဟု ဒေါ်ရော်သီ ခံစားလိုက်ရ လေသည်။
ရဲအရာရှိ နှင့် သူစကားပြောခိုက်တွင် နန်စီ တခြားတစ်နေရာမှာနေအောင် မိမိက ထိန်းထားပေးစေ လိုသည့် သဘောလောက်သာရှိကြောင်းလည်း ရိပ်စားမိသည်။
သူ့ကို အသုံးမလိုတော့ပါ။
သည်နေရာမှာ သူ အသုံးမလိုတော့ပါ။
သည်လိုဆိုလျှင် အသုံးလိုသည့်နေရာသို့ သူ သွားရတော့မည်။
"ရေး…"
ဒေါ်ရော်သီ၏လေသံက မာတောင့်တောင့်ကြီး ဖြစ်နေသည်။
"အခုလိုအချိန်မျိုးမှာ အလုပ်အကြောင်းပြောပြီး မင်းကို အနှောင့်အယှက်ပေးရတာ ကောင်းတော့ မကောင်းဘူး၊ ဒါပေမယ့် အခုနလေးတင် ရုံးက ငါ့ကို ဖုန်းလှမ်းဆက်ပြီး ချိန်းထားတာလေးတစ်ခု သတိပေးတယ်၊ မစ္စတာဟန့်ရဲ့ရှုခင်းသာ အိမ်ကြီးကို ၀ယ်ချင်နေတဲ့ မစ္စတာကရက်ဂိုပေါလော့စ်ကို နှစ်နာရီ မှာ အဲဒီအိမ်လိုက်ပြဖို့ ချိန်းထားပြီးသားဖြစ်နေတယ်တဲ့၊ ဒါကြောင့် တစ်ယောက်ယောက်ကို လိုက်ပြခိုင်း လိုက်ရမလား"
ရေးက နန်စီ ၏ ခေါင်းပေါ်မှ ကျော်ပြီး ဒေါ်ရော်သီကို ကြည့်သည်။
"ကျုပ်က ဘာကိုဂရုစိုက်ရမှာလဲ"
ဒေါသတကြီးဖြင့် သူပြောသည်။
သို့သော် လေသံရော စကားပါပြောင်းပြီး သူဆက်ပြောသည်။
"စိတ်မရှိပါနဲ့ ဒေါ်ရော်သီ၊ အိမ်ကို ခင်ဗျားကိုယ်တိုင် လိုက်ပြပေးလိုက်မယ်ဆိုရင် ပိုကောင်းမယ် ထင်တယ်၊ ရှုခင်းသာအိမ်အကြောင်း ခင်ဗျားပဲ ကောင်းကောင်းသိတယ်မဟုတ်လား၊ နောက်ပြီး တော့ အိမ်တစ်လုံးလုံး ရောင်းစွံ သွားအောင်ဆိုတာ ခင်ဗျားလောက် ဘယ်သူမှတတ်နိုင်ကြတာ မဟုတ်ပါဘူး၊ အဘိုးကြီး မစ္စတာဟန့် ကလဲ ငွေအရမ်းလိုနေပြီ၊ သူ့အိမ်ကြီးအမြန်ဆုံးရောင်းရမှ ဖြစ် တော့မှာ"
"အိမ်ကြည့်ချင်တဲ့လူ ဒီနေ့ခေါ်လာပြမယ်ဆိုတဲ့အကြောင်း အိမ်ငှားမစ္စတာပါးရစ်ကို ငါ ကြိုပြောမ ထား ရသေးဘူး"
ဒေါ်ရော်သီက တုံးဆိုင်းဆိုင်းဖြစ်ပြီး ပြောသည်။
"သူနဲ့ အိမ်ငှားစာချုပ်ကတည်းက တကယ်လို့ အိမ်ဝယ်သူပေါ်လာရင် သူ့ကို နာရီဝက်လောက်ပဲ ကြို အကြောင်းကြားပြီး အိမ်ကို ၀င်ကြည့်မယ်ဆိုတဲ့အကြောင်း စာချုပ်ထဲမှာ စည်းကမ်းပါတယ်လေ၊ တယ်လီဖုန်း ဆက် အကြောင်းကြားပြီး လာကြည့်ခွင့်ရှိကြောင်း သေသေချာချာ ထည့်ရေးထားတယ် အဲဒီ စည်းကမ်းချက်ကို သူ သဘောတူလို့ အိမ်လခချိုချိုချောင်ချောင်နဲ့ ဒီအိမ်ကြီးကို သူငှားလို့ရတာ ပေါ့၊ ဒါကြောင့် ရုံးကနေ ဖုန်းဆက်ပြီး အိမ်ကြည့်ဖို့ ခင်ဗျားတို့ လာခဲ့မယ်ဆိုတာလောက်သာ ပြော လိုက်ပါ"
"ဒီလိုဆိုလဲ ကောင်းပြီလေ"
ဒေါ်ရော်သီ မှာ မရေမရာဖြစ်နေသည်။ တစ်ခုခုကို စောင့်သလို လုပ်နေသည်။
သည်နေရာမှ သူ ထွက်ခွာသွားချင်ပုံမပေါ်ပေ။
"ရေး…"
ရေးက လှမ်းကြည့်သည်။
ဖွင့်မပြောသော်လည်း ဒေါ်ရော်သီ၏စိတ်ထဲမှာ ဘာရှိကြောင်း ရေးသိသည်။
သို့သော် ဒေါ်ရော်သီ ကို သူ ဖယ်ထုတ်လိုက်လေသည်။
"လောလောဆယ် ဒီနေရာမှာ ခင်ဗျားလုပ်နိုင်တာ ဘာမှမရှိသေးပါဘူး ဒေါ်ရော်သီ၊ ဒါပေမယ့် ရှုခင်း သာ အိမ်ကြီး မှာ အလုပ်ပြီးသွားရင်တော့ ဒီလို ပြန်လာခဲ့ပါဦး"
ချော့မော့သည့် လေသံဖြင့် ရေးက ပြောသည်။
ဒေါ်ရော်သီက ခေါင်းညိတ်ကာ ရုံးသို့သွားရန် တစ်ဘက်သို့လှည့်သည်။
ရေးတို့ လင်မယားကို သူ ခွဲမထားခဲ့ချင်ပါ။
သူတို့နှင့်အတူတူ နေပေးချင်ပါသည်။ သူတို့၏သောကဗျာပါဒကို မျှဝေခံစားချင်ပါသည်။
ရေး၏ ရုံးခန်းထဲသို့ ပထမဆုံးအကြိမ် သူ ၀င်သွားမိသည့်အချိန်မှစ၍ သူတို့နှစ်ယောက် အပြန်အ လှန် သံယောဇဉ် ကြီးခဲ့ကြသည်။
ရေး ၏ ဘ၀တွင်လည်း သူရှိနေမှဖြစ်မည့် သဘောမျိုးဖြစ်ခဲ့သည်။
ဒေါ်ရော်သီသည် ခင်ပွန်းသည် ကက်နက်ရှိစဉ်ကတည်းက သူ၏နောင်ရေးနှင့်ပတ်သက်၍ ဘာလုပ် မည်ဆို စီမံချက် ရေးဆွဲထားခဲ့သည်။
ကက်နက် ကွယ်လွန်သွားသောအခါ သူ့ဘ၀တွင် ပထမအဆုံးအကြိမ်အဖြစ်နှင့် ခိုကိုးရာမဲ့ခဲ့သည်။
ထိန်လန့် စိုးရိမ် ခဲ့ရသည်။
သို့သော်လည်း ရေးနှင့်တွေ့ပြီး အုလပ်အတူတူလုပ်ရသောအခါ သူ့ဘ၀လုံခြုံမှုရှိလာသည်ဟု ခံစားရသည်။
စီးပွားရေး လုပ်ငန်းအခြေကျပြီး လုပ်ငန်းတိုးတက်ကြီးပွားရေးအတွက် ရေးကို ကူညီခဲ့သည်။
အိမ်တွင်း အလှပြင်ဆင်သည့် လုပ်ငန်းလို သူ ကျွမ်းကျင်ရာ ထိုအတတ်ပညာကိုသုံးပြီး ရောင်းချမည့် အိမ်များ ကို သူ ကိုယ်တိုင် အလှပြင်ပေးခဲ့သည်။
ထို့ကြောင့် သူတို့၏အိမ်အရောင်းအ၀ယ်လုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းခဲ့သည်။
အိမ်ကို မြင်သည် နှင့် အိမ်ဝယ်လိုသူများ စွဲမက်ခဲ့ကြသည်။
ထို့နောက်ပိုင်းတွင် သူတို့မှာရှိသည့်ငွေများကို ရင်းနှီးကာ အိမ်များပြုပြင်ခြင်း၊ ပြန်လည်ရောင်းချခြင်း ဖြင့် လုပ်ငန်း တိုးတက်အောင်မြင်ခဲ့သည်။
ရေး သည် အလွန်သဘောကောင်းသူဖြစ်သည်။
အရာရာ တွင် မျှမျှတတရှိသည်။
အမြတ် ကို ဝေစုခွဲဝေရာတွင်လည်း တွန့်တိုမှု နည်းနည်းကလေးမှမရှိ။
ရက်ရက် ရောရော ပေးခဲ့သည်။
ကြာတော့ ရေးကို သားအရင်းသဖွယ် သူ့စိတ်ထဲမှာ ထင်မှတ်လာသည်။
ရင်းနှီးမှု ကလည်း လုပ်ဖော်ကိုင်ဖက် ရင်းနှီးမှုမျိုးမဟုတ်တော့။
သားအမိချင်း ရင်းနှီးမှုမျိုးဖြစ်လာသည်။
ထို့နောက် သူတို့နှစ်ယောက်၏လောကထဲသို့ နန်စီရောက်လာသည်။
နန်စီ က သူ့ကို ယုံကြည်သည်။
အတွင်းရေးများကိုပါ ဖွင့်ပြောသည်။ တိုင်ပင်သည်။ သူပေးသည့် အကြံဥာဏ်များကို ယူသည်။
ထိုအတွက် သူဂုဏ်ယူ၍မဆုံးနိုင်အောင် ဖြစ်ခဲ့သည်။
ယခုတော့ သူသည် ရေးတို့လင်မယားအတွက် ဘာမှမသုံးမတည့်သော ဘေးလူတစ်ယောက်လို ဖြစ်သွားသည်။
ဘာစကားမှမပြောတော့ဘဲ သူ့ကုတ်အင်္ကျီနှင့် လည်စည်းကိုယူကာ အိမ်နောက်သို့ထွက်သော တံခါးဆီသို့ လျှောက် လာခဲ့သည်။
နောက်ဖေး တံခါး ဖွင့်လိုက်တော့ မိုးသီးများနှင့် အေးစက်သည့်လေက သူ့ကို ဆီးကြိုတွန်းတိုက် သည်။
အိမ်နောက်ဘက် ရှိ စက်ဝိုင်းခြမ်းလမ်းကလေးမှာ သူ့ကားကို ရပ်ထားခဲ့သည်။
အိမ်ရှေ့မှာ ကားမရပ်ခဲ့မိသည့်အတွက် သူ ၀မ်းသာသွားမိသည်။
အိမ်ရှေ့ မှာ သတင်းထောက်များနှင့် ရုပ်မြင်သံကြားဌာနမှ မော်တော်ကားများရှိနေသည်။
အိမ်ရှေ့ မှ ထွက်လျှင် သူတို့နှင့်တိုးနေဦးမည်။ တောင်မေးမြောက်မေး အမေးခံချင် ခံရနိုင်စရာရှိ သည်။
တသောသော ကျနေသည့် မိုးသီးများကြားမှ မော်တော်ကားဆီသို့ ခပ်သုတ်သုတ်ပြေးလာခိုက် ခြံစပ်မှာ ရှိသော သစ်ပင်တွင် ဆင်ထားသည့်ဒန်းကို လှမ်းမြင်ရလေသည်။
ထိုနေရာသည် ကလေးများ ကစားနေခဲ့သည့်နေရာဖြစ်သည်။
မစ်စီ၏ လက်အိတ်တစ်ဘက် ထိုနေရာတွင် နန်စီတွေ့ခဲ့ခြင်းဖြစ်သည်။
ထိုဒန်းပေါ်မှာ ကလေးများကို တင်ပြီး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဒေါ်ရော်သီ လွှဲပေးခဲ့ဖူး သည်။
မိုက်ကယ် နှင့် မစ်စီ…
သူတို့တစ်ခုခုတော့ ဖြစ်နေနိုင်သည်။ ဆိုးဆိုးရွားရွားတစ်ခုခုတော့ ဖြစ်နေရမည်။
သေကုန် တာလည်း ဖြစ်နိုင်သည်။
ထိုအတွေးဝင်လာတော့ ဒေါ်ရော်သီ၏တစ်ကိုယ်လုံး တုန်လှုပ်သွားလေသည်။
အို… အဲဒီလိုတော့ မဖြစ်ပါစေနဲ့ ဘုရားသခင်ကယ်တော်မူပါ။ ကလေးတွေရဲ့အသက်ကို ပေးသနား တော်မူပါ၊ ကလေးများရဲ့အသက်ကို ချမ်းသာပေးတော်မူပါ။
တကယ် ဆိုတော့ ဒေါ်ရော်သီသည် မိုက်ကယ်နှင့် မစ်စီတို့၏ဘွားအေတစ်ယောက်လို ဖြစ်နေခဲ့ သည်။
ကလေးများကလည်း သူ့ကို အဘွားတစ်ယောက်လို ချစ်ခင်တွယ်တာပြီး သူကလည်း မြေးအရင်း ကလေး များလို စိတ်ထဲမှာ ယုံကြည်ခံစားနေရလေသည်။
ပတ်ဝန်းကျင်ကလည်း သူတို့ကို မြေးအဘွားများဟု ပြောဆိုခေါ်ဝေါ်လေ့ရှိသည်။
သစ်ပင်မှာ ဆင်ထားသည့်ဒန်းကို သူ ငေးစိုက်ကြည့်နေမိသည်။
အတွေးထဲ မှာ သူ နစ်မြုပ်နေသည်။
သူ့မျက်နှာကို မိုးသီးများ ပြင်ထန်းစွာလာရောက် ထိမှန်နေရာ ထိုအဖြစ်ကိုပင် သူ သတိမထားမိ လောက် အောင် ဖြစ်နေသည်။
သူ့ရုံး သို့ နန်စီရောက်လာတိုင်း ကလေးနှစ်ယောက်လည်း ပါလာတတ်သည်။
ကလေးများသည် သူ့စားပွဲဘေးမှာ ၀ိုင်းပြီး တပျော်တစ်ပါး နေတတ်ကြသည်။
ကလေးများကို မြင်တိုင်း သူလည်း အံ့သြ၀မ်းသာသည့် အမူအရာကို လုပ်ပြရသည်။
ကလေးများကို တွေ့ရသောကြောင့် တကယ်လည်း သူ ၀မ်းသာပါသည်။
သူ့ရုံးသို့ရောက်လာသောကြောင့်လည်း တကယ်ပင် အံ့သြပါသည်။
မနေ့တုန်းကပဲ သူ့ရုံးသို့ နန်စီ ရောက်လာသေးသည်။
သည်တုန်း ကလည်း နန်စီနှင့်အတူ မိုက်ကယ်နှင့် မစ်စီတို့နှစ်ယောက်ပါလာခဲ့သည်။
သူ ကိုယ်တိုင် မနေ့ညက အထူးတလည် ဖုတ်ထားသည့် ကိတ်မုန့်ကို ကလေးများအား ချကျွေးခဲ့ သေး သည်။
နန်စီ သည် ခန်းဆီးစများ သွားကြည့်ရန်ရှိနေသဖြင့် ထိုနေ့ မိုက်ကယ်ကို မူလတန်းကျောင်းအဆင်း ကြိုပေး ရန် ပြောသည်။
သူကလည်း ကျေကျေနပ်နပ် သဘောတူခဲ့သည်။
"ဒေါ်ရော်သီ…"
အတွေးထဲမှာ နစ်မြုပ်နေဆဲ ရုပ်တရက်ခေါ်သံကြောင့် လန့်သွားသည်။
မော့်ကြည့်တော့ ဂျိုနသန်ဖြစ်နေသည်ကို တွေ့ရသည်။
ဂျိုနသန် သည် တောအုပ်ကိုဖြတ်ပြီး သူ့အိမ်မှလျှောက်လာပုံရသည်။
အရေများတွန့်နေသည့် သူ့မျက်နှာမှာ ယနေ့ပိုတွန့်နေသည်ဟု ထင်ရသည်။
ယနေ့မြင်ရသော သူ့ရုပ်က သူ့အသက်မှန်ကို ဖော်ပြနေသလို ရှိချေသည်။
"အဲလ်ဒရက်ခ်ျရဲ့ကလေးတွေအကြောင်း အခုပဲကြားလို့၊ ရေးနဲ့ ကျုပ် စကားပြောမှဖြစ်မယ်၊ ကျုပ် ကူညီ နိုင်လိမ့်မယ် ထင်တယ်"
ဂျိုနသန် က ဆက်ပြောသည်။
"၀မ်းသာလိုက်တာရှင်"
စိတ်လှုပ်ရှားသည့်လေသံဖြင့် ဒေါ်ရော်သီက ပြောသည်။
ဂျိုနသန် က တကယ်စိတ်ပူသည့်လေသံဖြင့် ပြောခြင်းဖြစ်လေရာ ထိုအသံကို ကြားရသည်နှင့်ပင် ဒေါ်ရော်သီ အဖို့ အများကြီး စိတ်ချမ်းသာသွားတော့သည်။
"သူတို့ အိမ်ထဲမှာရှိတယ်"
ဒေါ်ရော်သီ က အိမ်ဘက်သို့ မေးငေါ့ပြသည်။
"ကလေး တွေကို ပြန်တွေ့ဖို့လမ်းစ အခုအထိ မပေါ်သေးဘူးလား"
"မပေါ်သေးဘူး"
"သတင်းစာထဲက ဆောင်းပါးကိုလဲ ကျွန်တော် တွေ့ပြီးပြီ"
ဂျိုနသန် သည် သိပ်ပြီးကျေနပ်နေသည်မဟုတ်ကြောင်းနှင့် ဒေါ်ရော်သီကိုလည်း ၀မ်းနည်းစကား ပြောနေခြင်း မဟုတ်ကြောင်း သူ့လေသံကို နားထောင်ရခြင်းအားဖြင့် ဒေါ်ရော်သီ တဖြည်းဖြည်း ရိပ် စား မိလာသည်။
သူ မကျေနပ်လျှင်လည်း သိပ်တော့ အပြစ်ဆိုစရာမရှိ။
နန်စီသည် ဗာဂျီးနီးယားပြည်နယ်မှဖြစ်ကြောင်း၊ မိမိနှင့် အိမ်နီးနားချင်းဖြစ်ကြောင်း၊ နန်စီကို ငယ်ငယ် ကလေး က မိမိ သိကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မိမိတို့လိမ်ပြောခဲ့သည်။
နန်စီ၏ နောက်ကြောင်း များကို ဖုံးကွယ်လိုသောကြောင့် ဂျိုနသန်ကို လိမ်ခဲ့ခြင်းဖြစ်ပါသည်။
ယခု သတင်းစာမှပါသည့် ဆောင်းပါးကြောင့် မိမိတို့အလိမ်ပေါ်သွားပြီ ဖြစ်သည်။
ဒေါ်ရော်သီ ပင်ပန်းနွမ်းနယ်စွာဖြင့် မော်တော်ကားတံခါးကို ဖွင့်လိုက်လေသည်။
"ကျွန်မ မှာ ချိန်းထားတာရှိနေလို့"
ရုတ်တရက် ခပ်ပြတ်ပြတ်ပြောချလိုက်သည်။
ပြီးတော့ ဂျိုနသန် ၏အဖြေကို စောင့်မနေတော့ဘဲ ကားစက်နှိုးသည်။
မြင်ကွင်း တွေ ၀ါးနေတော့မှ သူ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ၀ိုင်းနေပါပေါ့လားဆိုသည်ကို ဒေါ်ရော်သီ သဘောပေါက် လေတော့သည်။
အခန်း (၁၃) ဆက်ရန်
.
3 comments:
အမရေ အရမ်းကို ဆွဲဆောင်မှုအားကြီးတယ်နော်
ဒီဟာကိုဖတ်ဖို့စောင့်ရတာ ဒီတနေ့လုံးပဲ
တင်ပေးတဲ့အမကို ကျေးဇူးအများကြီးတင်တယ်
ရေးရသူအတွက်တော့ အချိန်အတော်လေး ပေးရမှာပဲနော် ဖတ်သူကျတော့လည်း ဖတ်ရတာ အချိန်မကြာလိုက်သလိုပဲ ညီမရေး)
ကျေးဇူးပါနော်။
မေတ္တာဖြင့်
အန်တီတင့်
Thank you so much :)
Post a Comment