အမေနေ့
ပြာသိုလပြည့်နေ့တိုင်း အမေကို ဦးခိုက်ပူဇော်သည့် အမေနေ့ အခမ်းအနားကျင်းပကြပါမည်။ ကျွန်တော် တို့ လည်း အမေနေ့ကျင်းပပါမည်။ ကျင်းပလိုသော မြို့၊ ရွာ ဌာနတိုင်းကိုလည်း ကူညီ မည်။ အောက်ပါ လိပ်စာ နှင့် ဆက်သွယ်နိုင်ပါသည်။
မန္တလေး အမေနေ့ဖြစ်မြောက်ရေးအဖွဲ့
အမှတ် (၄၁)၊ ၆၉ လမ်း၊
မဟာမြိုင်ရပ်ကွက်(၁)၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဖုန်း ၀၉ - ၂၀၆၀၀၅၃
သုခ
ရိုက်ကွင်းဘုရင်
ရိုက်ကွင်းဘုရင်
သင်တန်းစဖွင့်ကတည်းက ကျွန်တော့်ကို ရုပ်ရှင်ကောင်စီ လူကြီးမင်း အခု ဥက္ကဋ္ဌကြီးက သင်တန်း ကို လာပြီး ပို့ချပေးဖို့ ပြောပါတယ်။ အင်မတန် ပို့ချ ချင်ပါတယ်။ နဂိုထဲက ဟောပြောနေခဲ့လို့ ပြောချင်ပါတယ်။ သို့သော်လည်း ကျွန်တော့် မျက်စိအခြေအနေက ရုပ်ရှင်ကို မျက်စိအမြင်က မကြည်လင်တော့ အာဝဇ္ဇာန်း မရွှင်ဘူး။ ဒါတွေဟာ ရဲဘော်တို့ကို မျက်စိကို မှိတ်ပြီးတော့ စကားပြောချင်တယ်။ မိမိပြောချင်တဲ့ စကားလုံး ကို ပြောချင်တဲ့ဆန္ဒက ဘယ်လောက်များ ဆုတ်ယုတ်သွားစေသလဲဆိုတာ ရဲဘော်တို့ အဲဒီတော့မှ ကိုယ်ချင်းစာ နိုင်မယ်။ စကားပြောတယ် ဆိုတာ မျက်စိနဲ့လည်း ဆိုင်ပါတယ်။ ဥပမာအားဖြင့် ဟောပြောပွဲ တစ်ခု သင်တန်းပို့ချတဲ့နေရာ တစ်နေရာမှာ ကိုယ်ပြောနေတဲ့ အကြောင်းတွေကို ဟောပြောနေပေမဲ့ မျက်စိ က ပရိသတ်ကို အမြဲ အကဲခတ်နေရမယ်။ မိမိပြောတဲ့စကားကို ပရိသတ် လက်ခံရဲ့လား။
တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြသလား၊ ထသွားသလားဆိုတာတွေကို အမြဲအကဲခတ် နေရမယ်။ ကိုယ်စကား ပြောနေတာကို လက်ခံပုံမပေါ်ရင် ရပ်တန်းကရပ် ပြီးသွားပါ။ ဒါဟောပြောမှုရဲ့ ဓလေ့။ အချိန်က (၄၀)မိနစ်မှာ ပရိသတ်က နှစ်ခြိုက်လို့လား။ နှစ်သက်မှု မရှိဘူးဆိုရင် ပြောနေတဲ့ စကားရပ် ကို ပြောင်းသင့်ရင် ပြောင်းပေးရမယ်။ ဒါမှ မဟုတ် အသံအနိမ့်အမြင့် အတိုးအကျယ် ကျယ်ရင် ကျယ် ပေးရမယ် ဒါမှမဟုတ်ပဲနဲ့ ဒီကြားထဲမှာ ဟာသလေး ညှပ်ပြီးတော့ ပရိသတ်ရဲ့ ရယ်သံလေး ကို ချိုးယူ ရမယ်။ ဒါတွေဟာ စကားပြောခြင်းရဲ့ အင်္ဂါရပ်တွေပဲ အဲဒါတွေဟာ မျက်စိနဲ့ကြည့်ပြီးမှ ပြောလို့ရတဲ့ ဥစ္စာ တွေ -
အတွေ့အကြုံလေးတစ်ခု ပြောမယ်။ ဆရာကြီးဦးဂုဏ်ဘဏ်ဆိုလို့ရှိရင် ရဲဘော်တို့သိကြပါလိမ့် မယ်။ မျက်စိမမြင် တဲ့ တေးဂီတ ပညာရှင်ကြီးတစ်ယောက် ဖြစ်တယ်။ တစ်ခါက ဆောက်လုပ်ရေး ကော်ပိုရေးရှင်း က ဟောပြောပွဲတစ်ခုမှာ သူသွား ဟောပြောတယ်။ ပရိသတ်က (၃၀၀)လောက် ရှိ ပါတယ်။ အုံးအုံး ကျွတ်ကျွတ် ဖြစ်နေတယ်။ အနားက လူကို မေးတယ်။
ဟေ့ မောင်တင်ဦး ပရိသတ် အတော်များ သလားကွ။ များတယ် ဆရာကြီး (၃၀၀)လောက် ရှိတယ်။ သူက မြင်မှ မမြင်ပဲ၊ သူဟောတဲ့ အကြောင်းအရာက သီချင်းကြီးအကြောင်းတွေ၊ ရှေးသီချင်းကြီးတွေ တဖြည်းဖြည်း လူတွေက ရှေးသီချင်းကြီးတွေ အကြောင်း ပြောတော့ လူတွေက သိပ်စိတ်မ၀င်စား တော့ဘူး။ စိတ်မ၀င်စားတော့ ဟိုနားကထသွားလိုက် ဒီနားကထသွားလိုက်၊ ဟောတဲ့လူက မျက်စိမမြင်ဘူး ဆိုတော့ သိပ်အားမနာကြဘူးပေါ့။ မျက်စိမြင်တဲ့လူဆို အားနာတာကြောင့် ထိုင်ပြီးနေမှာ၊ ထိုင်ပြီး တော့မှ ဟိုက ပြောတာ ဂရိုက်မစိုက် ပဲ သူတို့ လုပ်ချင်ရာ လုပ်နေကြမှာပေါ့။ သူ့စိတ်ထဲကတော့ ထင်မယ် ငါပြောတာ သဘောကျလို့ ငြိမ်ပြီးတော့ ထိုင်နေကြတယ်ပေါ့။ တဖြည်းဖြည်းနဲ့ လူ(၂၀) လောက် ကျန် တော့တယ်။ ဆရာကြီးက သူ့တပည့်ကို ငါပြောတာ သဘောကျလို့ ပရိသတ်က ငြိမ်ပြီး နားထောင် နေကြတာပေါ့ လို့ ပြောတယ်။ မဟုတ်ဘူး ဆရာကြီး လူ(၂၀)လောက်ပဲ ကျန် တယ်ဆိုတော့မှ ဟောပြောပွဲ ကို ရပ်လိုက်တယ်။ ဒီလို ဖြစ်တတ်တယ်။
နောက်တစ်ခုက ကိုယ်က အာဝဇ္ဇာန်း ရွှင်ရွှင်နဲ့ ရယ်စရာပြောလို့မှ ပရိသတ်က ပြန်မရယ် ပြန်ရင် လည်း ဟောပြောရတာ ကသိကအောင့် ဖြစ်တတ်တယ်။ တစ်ခါက "နှောင်းတမြေ့မြေ့" ရေးတဲ့ ဗိုလ်မှူးမြတ်ထန် စစ်တပ် တစ်တပ် မှာ ဟောပြောပွဲ သွားလုပ်တယ်။ သူက အတွေ့အကြုံအရ စကားပြောလဲ ကောင်းတယ်။ ဟာသ လဲ ပြောတတ်တယ်။ နှောင်းတမြေ့မြေ့ မှာ မင်းသားနဲ့မင်းသမီးဟာ နှစ်ယောက် ချစ်ကြတဲ့အတွက် မိဘ က ပေးစားတယ်။ အဲဒီမှာ မိန်းကလေးကသူ့မှာ ချစ်သူရှိကြောင်း မိဘသြဇာနာခံပြီး တော့ကာ လက်ထပ် ရတဲ့ အကြောင်းတွေ အသနားခံတော့ သူက လက်ဖျားကလေးနဲ့တောင် မထိပဲနဲ့နေတဲ့ အကြောင်း ပြောတော့ကာ မနက်မိုးလင်းတော့မှ အိပ်ယာထဲက ဟန်မပျက် မိဘရှေ့ထွက်လာတဲ့ အကြောင်း ရယ်စရာ ပြောတယ်။
ဘယ်သူ မှ မရယ်ကြဘူး၊ စိတ်ဓာတ်ကျလာတယ်။ စိတ်ဓာတ်ကျပြီးတော့ နောက်ထပ်ရယ်စရာအကြောင်း ဆက်ပြောတယ်။ မရယ်ကြဘူး၊ ဟောပြောပွဲပြီးသွားတဲ့အခါ လက်ဖက်ရည် သောက်ရင်းနဲ့ မေးကြည့်တယ်။ ဟေ့ ရဲဘော်တို့ ငါပြောတာ သဘောမကျဘူးလား။ ဟာ ဗိုလ်မှူးရယ် သဘောကျတာပေါ့။ သဘောကျရင် ငါပြောတာတောင် မရယ်ပါလား။ ရယ်လိုက်တာမှ ကျွန်တော်တို့ အူကို မနည်းညှစ်ချရတယ်။ ကျွန်တော်တို့ တပ်ရင်းမှူး က ပြောထားတယ်။ လူကြီးတွေ လာပြောတဲ့အခါ ဟီးလားဟားလား မလုပ်ကြနဲ့လို့ ပြောထား လို့ပါဆိုတော့ သေပါတော့ကွာ ငါ့နှယ်ခံလိုက်ရပြီပေါ့။
စကားပြောရာမှာ လဲ မျက်စိနဲ့ အလွန် ဆိုင်တယ်။
ဒီတော့ အသက်ကြီးလာတော့ မျက်စိပသာဒ ချုပ်ငြိမ်းတယ်။ စကားပြောရာမှာ အလွန် ၀ါသနာ ပါပါတယ်။ ဒီလိုရဲဘော် တို့နဲ့ ရုပ်ရှင်အကြောင်း ကိုယ်ပိုင်ပညာကို ပြောရတာ ဘာမှ အခက်အခဲ မရှိဘူး၊ သို့သော် အာဝဇ္ဇန်း မရွှင်ဘူး၊ စကားလုံးက ထွက်မလာဘူး၊ ကျွန်တော် ဟောဖူးပါတယ်။ တစ်လောက ကျောင်းထိုင် ဘုန်းကြီးများသင်တန်း၊ ဒီသင်တန်းမှာလာတတ်ကြတဲ့ ဦးပဉ္စင်းတွေဟာ ပရိယတ္တိအောင်ပြီးသား၊ အနည်း ဆုံး ဓမ္မာစရိယ အောင်ပြီးသား၊ လောကီအနေနဲ့ (၁၀)တန်း အနည်းဆုံး၊ အဲဒီနောက် တွေပါလာတယ်။ တချို့က မဆိုင်ဘဲနဲ့ ပါလာတယ်။ ဟောရတဲ့အကြောင်းက သာသနာပြုသင်တန်းအကြောင်း ဟောရတာ၊ ဘုန်းကြီး စာချရတာ ဘယ်လောက်ခက်မလဲဆိုတာ စဉ်းစားကြည့်။
နောက်တစ်ခါ နောက်ဖွင့်တဲ့ သာသနာ့တက္ကသိုလ် ဆရာလောင်းများ သင်တန်းများ ဘုန်းကြီးအပါးပေါင်း (၄၀)ကျော် လာတက်တယ်။ အဲဒီမှာ ကျုပ်က ဘာဟောရသလဲဆိုတော့ စကားပြောနည်းနဲ့ တရားဟော နည်းဆိုတာ ပို့ချရတယ်။ ဘုန်းကြီးတွေကို ဟောပြောရမှာ ဘယ်လောက်စိတ်ဝင်စားအောင် ပြောရမလဲ စဉ်းစားနေတာ၊ သို့သော်လည်း ကျွန်တော်ဟာ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့တယ် သူတို့လိုလား နှစ်ခြိုက်တဲ့ ဗဟုသုတအကုန်လုံးကို ကျွန်တော် ပြောနိုင်ခဲ့တယ်။ အဲဒါ ဘာဖြစ်လို့လဲ မျက်စိအမြင်မှန်လို့ မျက်စိအမြင် မရှိရင် အာဝဇ္ဇန်းရှိမှာ မဟုတ်ဘူး။
ဒါကြောင့် ကျွန်တော်က ကြောက်လို့ ကိုယ်လာပြီး ဟောတာကို ကိုယ်ဟောသလောက် ကိုယ့်ရဲဘော် တွေမှာ တန်ဖိုးရှိရှိ မကျန်ခဲ့ဘူးဆိုရင် သက်သက်လာ အချိန်ဖြုန်းတာပဲ၊ ရဲဘော်တို့လဲ အကျိုးမရှိဘူး၊ ဒါကြောင့် ဥက္ကဋ္ဌကြီးဆီ ချက်ချင်းစာပြန်လိုက်တယ်။
ကျွန်တော် မျက်စိမကောင်းတဲ့အတွက် မဟောပါရစေနဲ့လို့ ပြောခဲ့ ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါလို့ ပြောခဲ့တယ်။ ပြောခဲ့ပေမယ့် တစ်နေ့ကတော့ ကိုလှဖေ တို့ ကိုနေမျိုး တို့ သက်ကြီးပူဇော်ပွဲ လာဖိတ်တယ်။ စနေ နေ့ လာဖိတ်လို့ ကျွန်တော် ရောက်ခဲ့ရတယ်။ သက်ကြီးပူဇော်ပွဲ ကို အသက်(၇၅)နှစ် ရှိပြီး ငါးကြိမ်လောက် ကျွန်တော် မတက်ခဲ့ပါဘူး။
ဘာ့ကြောင့်လဲဆိုတော့ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းဆိုတာက ကျွန်တော့်အတွက် သာသနာဟောပြော ပွဲကြီးတွေ ရှိတယ်။ ရန်ကုန်တွင် မကပါဘူး၊ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ဟိုဘက်ဆိုရင် ပြည်၊ မော်လမြိုင်တို့ကို ဟောပြောဖို့အတွက် လိုက်နေရတယ်၊ နတ်တော်လဆိုပြန်တော့ စာရေးဆရာများ ဟောပြောပွဲ လုပ်ပေးရ တယ်။ တစ်နေ့ကတော့ ကျွန်တော် တက်ခဲ့တယ်။ တက်ခဲ့တော့ ရုပ်ရှင်နယ်နဲ့ ပတ်သက်ပြီးတော့ မရောက် သေးပါဘူး။
အာဝဇ္ဇန်းရွှင်အောင် လို့ ကြိုတင် ကီသွင်းနေရတာ ကျွန်တော်တစ်ခါမှ မတက်ရဘူးသေးတဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရတော့ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ်။ ၀မ်းသာတဲ့ အကြောင်း ကတော့ တို့မြန်မာရိုးရာ မြန်မာပြည်မှာပဲ ရှိတယ်။ ဆရာသမားအနေနဲ့ ကျေးဇူးဂုဏ်ကို ကြည့်ပြီး တော့ ရှိခိုးပူဇော်တော့ မြန်မာမှာပဲ ရှိတယ်။ တခြားတိုင်းပြည်မှာ မရှိပါဘူး၊ အဲဒီနေ့က ၀မ်းနည်းတာကတော့ တို့ကို တွဲခေါ်ပြီး ခင်ဗျားကြီးတို့တော့ သေခါနီးပြီလို့ ပြောနေမလား၊ နောက်တစ်ခုက ကိုယ့်ပေါင် ကိုယ်လှန် ထောင်းရမှာပေါ့လေ၊ ဖြစ်စေချင်တာလေး ပြောချင်တာပါ။
ပူဇော်ပွဲလာကြတဲ့ အထူးသဖြင့် မင်းသား မင်းသမီးတွေ … နာမည်ကြီး မင်းသား မင်းသမီးတွေ တစ်ယောက် မှ မတွေ့ဘူး၊ အဲဒါကို ၀မ်းနည်းတာပါ။ ဘာဖြစ်လို့များပါလိမ့်၊ မအားလို့များလား၊ ဒီတစ်ယောက် မအားရင် နောက်တစ်ယောက်ကကော ဘာဖြစ်လို့ များပါလိမ့်၊ ကျွန်တော်တို့ ဆရာသမား အနေနဲ့ အပူဇော်ခံရတာ ကျွန်တော်တို့မှာ ကန်တော့တဲ့လူရယ်၊ ကန်တော့ခံရတဲ့လူရယ် ဘယ်သူ့မှာ ကျေးဇူး ရှိသလဲလို့၊ တခါ သူတို့များ သိသွားရင် ဘယ်လောက် ကောင်းမလဲ ဆိုပြီးတော့ ဘုရားဟောထားတဲ့ အသက်ကြီးသူကို လည်းကောင်း၊ မိမိထက်ပညာကြီးတဲ့ သူကိုလည်းကောင်း မိမိထက် သီလရှိတဲ့သူကို လည်းကောင်း ကန်တော့ခြင်းကြောင့် ကန်တော့တဲ့လူမှာ အကျိုးငါးပါး ရပါတယ်။ အဲဒါကတော့ အသက်ရှည်ခြင်း၊ ရုပ်အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီး ခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ နောက်ကိုယ့်ကျိုးအတွက်မှ တန်ပါ့မလားဆိုတာကို စဉ်းစားမိတယ်။ သူတို့ ကန်တော့ခြင်းကြောင့် ဥက္ကဋ္ဌကြီးအား ပိုတိုးတက်သွားမလား၊ ကန်တော့တဲ့ သူမှာသာ အကျိုးရှိမှာပါလား၊ ငါတို့ အတွက် ငါ ယူတာပါလားလို့ သိရင် သိပ်ကောင်းမယ်။
ကျွန်တော် ရုပ်ရှင်နယ်ထဲရောက်တာ (၄၅)နှစ် ရှိပါပြီ၊ ဇာတ်ညွှန်းအဖြစ်နဲ့ ရောက်တာနှစ်(၅၀)လောက် ရှိပါပြီ။ ကျွန်တော် ဒါရိုက်တာစဖြစ်တဲ့ နေ့ကစပြီး ယနေ့အထိ (၄၅)နှစ်မှာ ကျွန်တော့်ဆရာဖြစ်တဲ့ ကိုတင်မောင် ကို အခါ (၅၀) မကဘူး၊ ကန်တော့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်မှာ ရိုးရိုးသားသား အနေနဲ့ ကန်တော့တယ်။ ကျွန်တော် အကယ်ဒမီရတဲ့ ကားဆိုရင် ၎င်းကို အကြောင်းပြုပြီးတော့ ကျွန်တော်လက်ဖက်ရည်ပွဲတစ်ခု တည်ခင်းပြီး ဟောပြောပွဲလေးတစ်ခုလုပ်ပြီးတော့ ကျွန်တော့်ဆရာ ကိုတင်မောင် ကို ကန်တော့ခဲ့ပါတယ်။ ဒါမှ မဟုတ်သေးဘူး ဒီ့ပြင်ရုပ်ရှင်နဲ့ ဆိုင်တဲ့ကိစ္စ၊ ကျွန်တော် ကုမ္ပဏီ ထောင်တော့မယ်၊ ခင်ဗျားဆီကရတဲ့ ပညာနဲ့ ရုပ်ရှင်ကုမ္ပဏီထောင်စားတော့မယ်။ ကျွန်တော့ကို သုခရုပ်ရှင် တည်ထောင်ပေးဖို့ ခွင့်တောင်းတယ်။ ကိုယ့်ဟာကိုယ်လုပ်တာ ဘာပြောဖို့လိုလို့လဲ၊ ဒါပေမယ့် ဆရာဆိုတာ ကို သိရမယ် ကန်တော့ရတယ်။
"အနုပညာတ" ဒါပရိယတ္တိနဲ့ ပတ်သက်လို့ မြန်မာပြည်မျာ မြန်မာကားကို ရိုက်မယ့် ဒါရိုက်တာတွေနော် ပရိယတ္တိကို ကင်းလို့ ရမတဲ့လား၊ မထင်ပါနဲ့ ပရိယတ္တိ အသိ၊ ပညာ၊ ဆရာကောင်း တပည့်ဖြစ်အောင် ကြိုးစား ရမယ်။ အများအားဖြင့် ကျွန်တော် ကြားရတာ ခင်ဗျားတို့ယနေ့ ဒါရိုက်တာဖြစ်တာ ခင်ဗျားဆရာ ဘယ်သူလဲဗျို့ … သိပ်မပြောကြဘူး။ ကိုယ့်ဟာကိုယ်တတ်လာသလိုလို နိုင်ငံခြားစာအုပ်ကြီးတွေဖတ်ပြီး လုပ်ရင်း က တတ်လာသလိုလို။
သာသနာသုံးရပ်မှာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ ဆိုပြီးတော့ ရှိတယ်။ သာသနာနဲ့ ပတ်သက်ပြီး ကျွန်တော် အများဆုံး ပြောနေမှာပဲ၊ ကျွန်တော်တို့ မြန်မာပြည်မှာ မြန်မာကားကို မြန်မာလူမျိုးကရိုက်မှာဆိုတော့ တရားနှင့်ယှဉ်ရင် ဘယ်နေရာမှ မလွတ်ဘူး၊ ဆရာကိုတင်မောင်ကို ကျွန်တော် ကန်တော့ခြင်းသည် ကျွန်တော့်အကျိုးတွက် အပြင်ဘက်မှာ သူငယ်ချင်းတွေပဲ ကိုချင်းစိန်လည်း သူငယ်ချင်းပဲ၊ အခုဥက္ကဋ္ဌကြီးတို့ ဘာတို့ ခေါ်ရတာ အတော်လျှာယားတယ်။ ရှေးတုန်းကအတိုင်း ရင်းရင်းနှီးနှီး ခေါ်ချင်ရင်တော့ သူ့ကို ဗိုလ်ချင်း လို့ ခေါ်တယ်။ သူက ဒဂုန်မဂ္ဂဇင်းမှာ အယ်ဒီတာ ကျွန်တော်က ၀တ္ထုရေးတယ်။ ကျွန်တော်က ငွေသွားထုတ်ရင် သူက လက်ဖက်ရည်ကပ်သောက်တယ်။ မယုံ မေးကြည့်ပါ။ ကိုတင်မောင် ကျော်ကြား တုန်းက သူ့သမီးရည်းစားစာ မှန်သမျှ ကျွန်တော်က ဒိုင်ခံရေးပေးရတာပါ။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ သူမနာ ကိုယ်မနာ ပြောကြတာပါ။
ပညာပိုင်းကျတော့ ဖလင်ကော်ပြားကို သူ့ကြောင့် ကျွန်တော်မြင်ဖူးတာ၊ ကျွန်တော် ၀တ္ထုဇာတ်ညွှန်းရေး ကျော်ကြား တုန်းက သူက ကျွန်တော် က မိန်းမသဘာဝနဲ့ ပတ်သက်ပြီး တော်တော်လေး နီးနီးကပ်ကပ် ဖော်ထုတ် နိုင်တယ်။ အခု ကျွန်တော်ရိုက်တဲ့ကားထဲမှာ မိန်းမအမူအယာနဲ့ သဘောကို ကျွန်တော် တက္ကသိုလ် ကျောင်းတစ်ခုမှာ ဟောပြောပွဲသွားတုန်းက အမေးခံခဲ့ရတယ်။ ဦးသုခ ဟာ "ရွှေခြည်ငွေခြည်" ဇာတ်ကား မှာတုန်းက အပျိုလေး ခင်ယုမေ နဲ့ အပျိုဆပ်စလူးမလေး ချိုပြုံးတို့ အမူအရာဟာ မိန်းမ ပီသလွန်း လို့ ဆရာဘယ်လိုများ ဘယ်လိုလုပ်ပြီးတော့ ပညာပြခဲ့တာလဲတဲ့။ ကျွန်တော် က ကျွန်တော့်မှာ အဒေါ်အပျိုကြီးတွေ နဲ့ နေခဲ့ရတ၊ နောက်ပြီး ကျွန်တော့်အဖေက ဆေးလိပ်ခုံထောင်တယ်။ ဆေးလိပ်ခုံ ဆိုတာ မိန်းမတွေချည်းများတော့ သူတို့ရဲက နေပုံ၊ ထိုင်ပုံ၊ မဲ့ပုံ၊ ပြုံးပုံ၊ အတင်းပြောပုံက အစ အကုန် သိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ လေ့လာရမှာပါ။
ဖလင်ကော်ပြားကို သူ့ကြောင့်သိရတာ၊ ကျွန်တော့်ဇာတ်ကို ရိုက်တဲ့အခါကျတော့ ကျွန်တော့်ကို အခွင့် အရေးပေးတယ်။ ခင်ဗျားဇာတ်ရိုက်တုန်းက ကျွန်တော့်ဆီလာလာ မေးတယ်ဗျာ၊ ဟာ ခင်ဗျားဆီလာလို့ မအားဘူး၊ ကျွန်တော်နေ့ပိုင်း ရုပ်ရှင်ရိုက်ရတာ။ နေ့ပိုင်းရိုက်ရင် ညပိုင်း ၀တ္ထုရေးပေါ့ဗျာ၊ နေ့လည်နေ့ခင်း ကျွန်တော် ဆီ လာကူပေါ့။ အဲဒီတော့ ဘယ်သူက ထမင်းကျွေးမှာလဲလို့ ဟိုတုန်းက ထမင်းမကျွေးဘူး၊ ဘတ်စ်ကား နဲ့ သွားရတာ၊ အခုလို ဇာတ်ဆောင်တို့ ဇာတ်ရံလို မဟုတ်ဘူး၊ မြေနီကုန်းကနေ စောင့်ရမယ်၊ စုရပ်က ကိုယ်ထမင်းချိုင့်ကိုယ်ဆွဲပြီး စောင့်ရတယ်။ အေ၀မ်းကားကြီးလာမှ တက်ရတယ်။ ကိုချင်းစိန်လည်း တက်ရတယ်။
ကျွန်တော်တို့လည်း တက်ရတယ်။ မေမြင့်တို့ ကိုညွန့်မောင်တို့လည်း တက်ရတယ်။ ဆရာ ကိုလွန်းဖေ တို့လည်း ကိုယ့်ဟာကိုယ် လာရတယ်။ အဲဒီတော့မှ စိတ်သိပ်ချမ်းသာတယ်၊ အေ၀မ်းကားကြီးကို စီးရတာ ကိုက သိပ်ဂုဏ်ရှိတယ်၊ အဲဒီတော့ ကိုပုတု (ဦးတင်မောင် ငယ်နာမည်)ကို ကျွန်တော်က ပြောတယ်၊ ခင်ဗျားတို့ဆီ လာမနေနိုင်ပါဘူး၊ စရိတ်လည်းကုန် ထမင်းလည်း ၀ယ်စားရသေးတယ်လို့ ပြောတော့ ကိုတင်မောင် က ကျွန်တော်တို့ ကုမ္ပဏီက စရိတ်ပေးပါ့မယ်တဲ့။ အခုရဲဘော်တို့မှာ ပိုက်ဆံပေးသင်ရတာ နော်၊ ကျုပ်ကံကောင်းတာက သူက ပိုက်ဆံပေးပြီး ကျုပ်က သင်တာ၊ အဲဒီတော့ တစ်လ(၃၀)ပေးမယ်ဗျာတဲ့၊ သုံးဖို့ စွဲဖို့တဲ့ ဟိုတုန်းက (၃၀)ဆိုတာက အခု (၃၀၀)လောက် ရှိတယ်လို့ ပြောကြတယ်။
ကျွန်တော် ဇာတ်ညွှန်းကို ရိုက်တဲ့အခါ ကျွန်တော် သွားကြည့်ရတယ်။ သွားကြည့်တော့ ကျွန်တော် ACTION ရေးထား တာတော့ ကောင်းတာပဲ၊ သို့သော် ရိုက်ချက်ကို သိပ်မကျေနပ်ဘူး၊ အဲဒီမှာကိုတင်မောင်နဲ့ ရန်ဖြစ်တော့တာ ပဲ၊ ယနေ့ဒါရိုက်တာများ ဒီလို ပြောမှာမဟုတ်၊ ပြောတာနဲ့ပဲ။ အဲဒီ စာရေးဆရာ နဲ့ ဒါရိုက်တာနဲ့ ကင်းကွာ သွားမှာပဲ၊ အခုတော့ ကိုပုတိုကို ဒီလိုပဲ စကားနိုင်လုပြီး ပြောခွင့် ရတယ်။ ကျွန်တော်ရေးတာ ဒီလိုရေးတာ၊ ဒါကတော့ ဒီလို ဒါအရေးကြီးတာ၊ ခင်ဗျာ အရေးကြီးတာ ဟုတ်တယ်။ ကင်မရာကြီးက ထောင်ထားတာ၊ ကျွန်တော်တို့နှစ်ယောက်က ရန်ဖြစ်တယ်။ မင်းသား၊ မင်းသမီးက စောင့်နေရတယ်၊ သာဂေါင်တို့ဆို ကျွန်တော့်ကို တအားမုန်းတာပေါ့၊ သူတို့ အင်မတန် ခင်မင်လေးစား တဲ့ ကိုပုတု ကို ကျွန်တော်က ပြန်ပြန်ပြော နေတာ၊ အဲဒီတော့ သူက ပြောတယ်။
ခင်ဗျားရေးထားတာက ရှည်တယ်၊ ခင်ဗျားကြည့်စမ်းပါဦးဗျာ၊ ကြည့် ပြီးတော့မှ ပြောပါဗျတဲ့၊ နောက်ကျ သူပြောတာ ဟုတ်နေတယ်၊ အဲဒီတော့ သူက ဘယ့်နဲ့လဲဆိုပြီး စတယ်၊ အဲဒီတော့ ကျွန်တော်က ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ်ဗျာလို့ ပြန်ပြောလိုက်ရတယ်။ နောက်တစ်ခါကျ တော့ လည်း ကျွန်တော်က ဒီစကားလုံးကို ဟိုမှာသွားသုံးချင်လို့ ခင်ဗျားနားမလည်ပါဘူး၊ ဒီစကားလုံးလေး ဟာ ဟောဒီမှာ သွားသုံးစေချင်လို့ ဒီစကားလုံးကို ထည့်ထားရတာ၊ အဲဒီတော့ သူကဇာတ်ညွှန်းပြန်လှန် ကြည့်တယ်၊ ဘယ်လိုလဲ ဒီလောက် ခင်ကြတာပါ။ သို့သော် ရုပ်ရှင် ပညာနဲ့ ပတ်သက်လာရင်တော့ သူက ကျွန်တော့် ဆရာပါ။
ကျွန်တော်ဇာတ်ကား "ချစ်အမျှ" အကုန်လုံး ရိုက်ပြီးသွားတဲ့အခါကျတော့ EDITING လုပ်မယ် လာပါဆိုပြီး၊ ကျွန်တော် ကို ခေါ်တယ်၊ ဆူးလေဘုရားလမ်း အေ၀မ်းတိုက်မှာ ကျွန်တော် ညသွားတယ်၊ EDITING လုပ် နေတာကို ကြည့်ပြီးတော့ ကျွန်တော် စိတ်ပျက်သွားတယ်၊ ကျွန်တော်တို့အခုသင်တာ အတတ်ပညာ သင်တန်း၊ အတတ်ပညာ၊ အတတ်ပညာလို့ ပြောနေကြတဲ့ စကားရှိတယ်နော်။ ရဲဘော်များ သတိထားပါ။ အတတ် ဆိုတာတစ်ခု၊ ပညာကတစ်ခု၊ နှစ်ခုရောလို့ မရဘူး။ အတတ်သည် ပညာမဟုတ်ဘူး၊ နှစ်ခုစလုံး တွဲလိုက်တော့ အတတ်ပညာ၊ ဒါလေးကို မှတ်ထားကြ၊ အတတ်သည် လုပ်ပုံလုပ်နည်း၊ ပညာသည် အဲဒီ လုပ်ပုံ လုပ်နည်းကိုမှီ၍ ကြံဆယူရခြင်း။
ဒါကြောင့် ဆရာတစ်ယောက်တည်းက သင်တဲ့ တပည့်(၁၀)ယောက် ရှိတယ်၊ ထူးချွန်တဲ့လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ဖြစ်လျှင်ဖြစ်မယ်။ အကုန်လုံး မရဘူး၊ ဘာဖြစ်လို့ လဲ သူတို့သည် အတတ်ပဲ ရသွားတယ်၊ ပညာသည်ဆိုတာ ကိုယ့်ဟာကိုကြံပြီး ယူရတာ ဖြစ်တယ်။ "ပညာ ရွှေအိုး၊ လူမခိုး" လို့ ခေါ်တယ်။ လူများခိုးလို့ ပေးလို့ မရဘူး၊ အဲဒီတော့ အဲဒီမှာ ကြံဆယူသွားတာသည် ပညာပဲ ဖြစ်တယ်၊ ရဲဘော် တို့ လာ သင်ကြတယ်၊ အတတ်ပဲရမယ်၊ ပညာမရဘူး၊ ပညာဟာ ကိုရင်တို့ ခေါင်းထဲမှာပဲ ရှိတယ်။
ဆရာသုခ ။ ။ တစ်ယောက်က မေးခွန်းလး သိချင်တာ မေးပါ.
ဦးကိုလေး ။ ။ ဘဘ ကျွန်တော် မေးပါရစေ TESS OF DUBERVILLE ကို အပြင်မှာ ဘဘ ဘာသာ ပြန်ပြီးတော့ မြန်မာမှုပြုပြီး "ပန်းသည်မစာဥ" ဆိုပြီး ရိုက်ခဲ့တယ်။ နောက်ကို ဆရာဦးတင်မောင် က "ရတနာပုံ" ဆိုပြီး ရိုက်ခဲ့တယ်။ ဒါခေတ်ဟောင်းမှာ ဒီဘက်ခေတ်မှာ ပုသိမ်ဦးပါ က အာရာဒါနားကို သီတာ ရေစင်ဆိုပြီး ပြန်ရိုက်ခဲ့တယ်၊ ဒီမှာ ကျွန်တော် နည်းနည်းရှုပ်ထွေးနေတာက ဘာသာပြန်တာရယ်၊ မြန်မာမှု ပြုတာရယ်၊ ခိုးချတာရယ် ဒီနေ့ စတီရီယို သီချင်းတွေ ကြည့်ရင် တစ်ယောက်ကလည်း ဒီဟာကို ပြန်ဆို နောက်တစ်ယောက်လည်း ဆိုနေ မြန်မာသီချင်း ကိုဆိုတာ တစ်ယောက်မှ မရှိတော့ပါဘူး၊ ဒါတွေဟာ ဘယ်လို ကွာသလဲဆိုတာ သိချင်လို့ပါ။
ဆရာသုခ ။ ။ ကျွန်တောို့ မြန်မာစကားက သူများဟာကို ယူရိုက်တယ်၊ ဒါမှမဟုတ် ရွေးယူတယ်ဆိုတာ ကို ခိုးချတယ်ဆိုပြီး စကားတစ်လုံးတည်းနဲ့ ပြောတာခိုးချတယ်ဆိုတဲ့ စကားတစ်လုံးနဲ့ အကုန်လုံး မမှန်နိုင် ပါဘူး၊ ခိုးချတယ်ဆိုတာက သူပြသလိုပြ၊ သူလုပ်သလိုလုပ်။ အကုန်လုံး လျှောက်လုပ်သွားဟာ ခိုးချတာပဲ၊ သူ့ဟာသူ ပြောတယ်၊ သူက ဘာနာမည်တတ်တယ်။ ကိုယ်ဘာနာမည်တတ်တယ်။ အကုန်လုံး အကုန်လုံး အပေါ်မှာ တိတိကျကျ ခိုးချတာမျိုးကတော့ စကားလုံးတစ်လုံးပါတယ်။ မှီးတယ်ဆိုတဲ့ စကားကသူကဒီလို ပြောသွားပေမယ့် သူကဒီလိုပြပေမဲ့ ကျွန်တော်တို့က မြန်မာနည်းဟန်နဲ့ ပြသွားတာက အများကြီး ရှိတယ်။
ဥပမာအားဖြင့် ဆရာကြီး ရွှေဥဒေါင်းရေးတဲ့ "ရူပနန္ဒီ" ဆိုတာ ဖတ်ဖူးပါလိမ့်မယ်၊ ဆရာကြီးက မှီပြီးတော့ ယူတာ၊ တကယ့်ဝတ္ထုထက် ပိုကောင်းသွားပါတယ်၊ ရှီ ရဲ့ ချောပုံလှပုံကလေးကို ဆရာကြီးဖွဲ့ထားတာက ဘုရား လက်ထက်တော်ကာလ အင်မတန်လှလွန်းလို့ လူတစ်ယောက်က ပစ်မှားမိလို့ မောင်မစ္စက ဖြစ်သွား ပါတယ်။ အဲဒီလောက်လှတဲ့ ရဟန်းတစ်ပါးကိုမှီးပြီးတော့ မျိုးဆက်ပြီးတော့ အဲဒီရဟန်းရဲ့ တူမတော်တဲ့ ရူပနန္ဒီ ဆိုပြီး မှဲ့တယ်။ ခိုးချတယ်ဆိုတာဟာ ခိုးချနည်း အမျိုးမျိုး ရှိပါတယ်။ ခိုးချတယ်လို့ နေရာတိုင်းမှာ ပြောလို့ မရပါဘူး၊ ခိုးချတယ် မှီးယူတယ်ဆိုတဲ့ နေရာမှာ မှီးယူတဲ့ လူကောင်းလို့ရှိရင် ခိုးချတယ်လို့ ပြောလို့ မရဘူး၊ ဆရာပြောတာ ရှင်းရဲ့လား၊ နောက်တစ်ယောက်ဘာများ မေးစရာ ရှိသေးလဲ။
ဦးလှထွန်း ။ ။ "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ဇာတ်ကားနဲ့ ပတ်သက်ပြီး ရိုက်ခဲ့တဲ့ အကြောင်းလေး ပြောပြ ပေးပါ။
ဆရာသုခ ။ ။ ပထမဦးဆုံး စိတ်အားထက်သန်ဖို့ လိုပါတယ်။ ၀တ္ထုတစ်ခုကို တွေ့တယ်ဆိုပါတော့၊ မိုးပျံအောင်ကောင်းလို့ ရိုက်ချင်တယ်ဆိုပါတော့ဒါရိုက်တာထက ကိုယ်ကိုယ်တိုင်က စိတ်ဝင်စားလို့ ရိုက်တာက အောင်မြင်ဖို့ နီးစပ်တယ်။ ကျွန်တော် ကိုယ်တိုင် ကျောင်းဆရာ လုပ်ခဲ့ဖူးတယ်။ ကျွန်တော် ကိုယ်တိုင်က စာရေးဆရာလုပ်တယ်။ မြန်မာပြည်မှာ စာမတတ် တဲ့ လူတွေ ရှင်းအောင်လို့ဆိုတဲ့ စေတနာ လဲ ပါတယ်။
ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းနဲ့ ဆက်စပ်ပြီး တော့ ကိုယ့်မြေကိုယ်စားလည်း ဖြစ်တယ်။ မင်းကျော် ရေးတဲ့ ၀တ္ထု ကို ဖတ်ဖူးတယ်၊ ခုနမေးတဲ့ ရဲဘော်က မင်းကျော်ရေးတဲ့ ၀တ္ထု ဖတ်ဖူးလား၊ ဖတ်ဖူးရင် ကျေးဇူး တင်တယ်။ မင်းကျော်ဝတ္ထုထဲမှာ ပါသမျှဟာကို ကျွန်တော်ထဲမှာပါ သလား၊ မပါပါဘူး၊ အဲဒါရိုက်တုန်းက ဇာတ်ညွှန်းဆိုပြီးတော့ လူတစ်ယောက်နာမည် တတ်ပေးလိုက်တယ်။ ရိပ်မိကောင်း ရိပ်မိပါလိမ့်မယ်။ အဲဒီဇာတ်ညွှန်းကို လုံးဝမကိုင်ပါဘူး။ ကျွန်တော် ကားပေါင်း(၃၂)ကားကို ရိုက်တဲ့အထဲမှာ ကျွန်တော့် ဇာတ်ညွှန်း ကို ကျွန်တော် ရေးပြီး ရိုက်တာပါ။ ဘာကြောင့်လဲ နောက်တော့ပြောပါမယ်။
ကျောက်ပန်းတောင်းကို သွားရိုက်တဲ့အခါမှာ ဇာတ်ညွှန်းတစ်ရွက်မှ မပါပါဘူး၊ သို့သော် ကျေကျေ ညက်ညက် ဖတ်ထားတဲ့ အကြောင်းအရာကလေးတွေကိုတော့ ကျွန်တော် စိတ်ထဲမှာ မှတ်ထားတယ်။ ဇာတ်ကား မရိုက်ခင်(၇)ရက်လောက်က ကျွန်တော် ကျောက်ပန်းတောင်းကို သွားနေပါတယ်။ နောက်ပြီး ရွာနီးချုပ်စပ်က လာပြီးတော့သင်တဲ့ ကလေးမလေးတွေ၊ ကောင်လေးတွေရဲ့ အတွင်းစကား အပြုံးစကား ၀မ်းနည်းစကား အကုန်လျှောက်ပြီး မှတ်ယူလာတယ်၊ တချို့က ဒေါက်တာ လှဟန်ရဲ့ သမီးလေးကို အိမ်စုတ်ကလေးနဲ့နေတဲ့ မိန်းမကြီးက မွေးစားချင်လွန်းလို့ တတမ်းတမ်း ပူဆာနေ တယ်၊ သမီးရယ် မပြန်ပါနဲ့တော့၊ ငါ့သမီးလေး လုပ်ပါတော့၊ ဟိုက ဘယ်လိုလုပ်နေမလဲ၊ ဒေါက်တာလှဟန် သမီးက ဘယ့်နှယ် ကျောက်ပန်းတောင်း တောထဲသွားပြီးနေမှာလဲ၊ အဲဒီအချိန်မှာ မေတ္တာကလေးတွေကို ကျွန်တော် ဖွင့်ပြတယ်။ ဘယ်လိုနေရာမှာ ဘယ်လိုနေရတယ်၊ ဘယ်လို ထိုင်ရတယ်။
အကုန်လုံး ပြောထား တယ်၊ နောက်လူပေါင်း (၆၀)နဲ့ သွားရိုက်တဲ့အခါကျတော့ ကျွန်တော်ပါစေချင်တဲ့ဟာ အကုန်လုံး ထည့်ရိုက် တယ်။ Scene နံပါတ် မရှိဘူး၊ Cut နံပါတ် မရှိဘူး။ ခွေးတောင်ရိုက်တဲ့အခါမှာ ဘယ်လိုရိုက်သလဲဆိုတော့ နောက်ကျတော့ ပြောတာပေါ့၊ ကျွန်တော်က စေတနာရယ်၊ ပညာရယ်ကို ပြစေချင်တာရယ်၊ အကုန်လုံး စုပေါင်းရိုက်တယ်၊ အံ့ကျော် ကျွန်တော်ကို ကြောက်ရလွန်းလို့ ခဲကိုတောင်းထဲ ထည့်ပြေးခိုင်းတယ်။ ကွယ်ရာမှာ ကျွန်တော့်ကို အတင်းပြောတယ်၊ သူ့လိုပဲ နာမည်ကျော်မင်းသမီးကြီးတွေ အထင်လွဲတာ အများ ကြီး ရှိတယ်။ အချို့ကျတော့ အခုထိ မုန်းသွားတယ်။ ကျွန်တော် ဖြစ်စေချင်တာတွေကို အကုန်ရိုက်ပြီးတော့ မှ Edit လုပ်တယ်၊ ကြားထဲမှာ ဖြစ်နိုင်တဲ့ Matter တွေကို Edit လုပ်ပြီးမှ ပြန်ရိုက်တယ်၊ အဲဒီ ရိုက်နည်းက တစ်မျိုးပဲ၊ ကျွန်တော် ရိုက်ဖးတယ်၊ ကိုယ်တိုင် ဇာတ်ညွှန်းရေးကိုယ်တိုင် Edit လုပ်တာဟာ ဘယ်လောက် တာသွားသလဲဆိုတာ လုပ်ကြည့်တော့သိမယ်၊ အစတုန်းက No.1 ပြီး 2၊ 2 ပြီး 3 ဆက်တာဟာ အယ်ဒီတာ မဟုတ်ဘူး၊ Splicer ပဲ ခေါ်တယ်၊ တကယ် Edit လုပ်လာတဲ့အခါကျတော့ တစ်ပြီးခြောက်ရောက်ချင် ရောက်မယ်၊ ဒါတွေကို ခင်ဗျားတို့ လက်တွေ့လုပ်လာတဲ့ အခါကျတော့ သိလာမယ်။ အဲဒီလိုမှ မလုပ်နိုင်ရင် "ရှင်မွေ့လွန်းနဲ့ မင်းနန္ဒာ" ရိုက်သလိုပဲ ဖြစ်မယ်၊ ဒါကြောင့် "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ရိုက်တာမှ ဇာတ်ညွှန်းလုံးဝ မရှိပါ။ ကျွန်တော်စေတနာနဲ့ လေ့လာတာရယ်။ ၀တ္ထု ကို ကျေညက်အောင် ဖတ်ထားတာ ရယ်။
ဟိုကပြောတာ ၀မ်းနည်းစကား၊ အတင်းစကား၊ ၀မ်းသာစရာစကား အကုန်လုံးကို ဒေသခံ လူတွေဆီ က ဆည်းပူးပါတယ်။ ဆည်းပူးပြီးမှ ရိုက်ခြင်း ဖြစ်ပါတယ်။ အကယ်၍များ ကျွန်တော်လို မရိုက်ဘဲ အခြား တစ်ဦး က ရိုက်မယ်ဆိုရင် ကောင်းချင်လည်း ကောင်းမယ်၊ ကျွန်တော့်လိုတော့ မဖြစ်ဘူး၊ ကျေနပ် ပါ သလား။
ကျွန်တော်မှာ အရင်ကဆို ဟောပြောမယ်ဆိုရင် ဂျစ်ထုတ်ထားတာ ရှိတယ်။ အခု ဘယ်လောက်ဒုက္ခရောက် သလဲဆိုရင် ကိုယ်ရေးတာကို မဖတ်ပြနိုင်ဘူး။ သုခက ဒုက္ခဖြစ်နေတာကြည့်ပါ။ အဲဒီတော့ မောင်ရာမ က ဖတ်ပြပါ။
(၁)က၊ မျက်စိမမြင်ငိုင်၍၊ အာဝဇ္ဇာန်း မရွှင်နိုင်ခြင်း၊ သင်ရိုးညွှန်းတန်း မစီစဉ်နိုင်ခြင်း၊ မှတ်စုမှတ်ရာ ပဒေသာ မထုတ်နိုင်ခြင်း။
(၂) ဒါရိုက်တာဆိုတာ အလွယ်လေးပါ။ ဟုတ်ပြီ၊ ဒါပြောမယ်။ ဒါရိုက်တာ ဆိုတာက အလွယ်လေးပါတဲ့ ပြောမည့် သူလည်း သေသွားရှာပြီ။ ပြောတဲ့လူရဲ့ အရည်အချင်းရဲ့ ဆင်ခြင်တုံတရားနဲ့ ပညာလေးက စပြီး တော့ကာ အတင်းမဟုတ်ပါဘူး။ သတင်းပါ၊ ခင်ဗျားဆို့ ဒါရိုက်တာသင်တန်းတက်နေတာလေးကို ဖွဲ့ကြည့်ချင်လို့ ပြော တာ။ ဒီလူဟာ နာမည်ကျော်မင်းသမီး တစ်ယောက်အိမ်မှာ ကားမောင်းတာပါ။ မြန်မာစာ(၇)တန်းလောက် တောင် သင်ခဲ့ဖူးမှာ မဟုတ်ပါဘူး။ အင်္ဂလိပ်စာဆိုတာတော့ ဝေးရော။
အဲဒီမင်းသမီး ကားမောင်းတာ လိုက်ရင်း ရိုက်ကွင်းထဲမျာ မင်းသမီးကားရိုက်တာ (Character) ကြည့် ပြီးတော့ ကားရိုက်ပုံ၊ လှုပ်ရှားပုံစတာ တွေကို နည်းနည်းလေး သိလာတယ်။ သိလာတဲ့ အချိန်ကျတော့ မင်းသမီး အိမ် က ထွက်လာပြီး ရုပ်ရှင် ရိုက်ကူးရာမှာ လက်တိုလက်တောင်း ဆိုကြပါစို့ ဆိုက်ပတ် ဖြစ်လာတယ်။ ပြီးနောက် ဖင်ပေါ့တော့ လူသိများ လာပြီး တဖြည်းဖြည်း ရှုတင်မန်နေဂျာ ဖြစ်လာတယ်။ တော်တော်လေး သူ့ကိုယ်သူ တက်လာပြီလို့ ထင် တယ်။ သူက တကယ်ပြောတာပါ။ တရားခံက ကျွန်တော် ပါ။ တစ်နေ့ ကားရိုက်မယ်ဆိုတော့ စီစဉ်တဲ့ အကြောင်း ကျွန်တော်နဲ့ အိမ်နီးချင်းဆိုတော့ အားရပါးရ လာပြောတယ်။ သို့သော် သူ့မှာ အရည်အချင်း မရှိ ဘူးဆိုတာ ခင်ဗျားတို့ ကျွန်တော်ပြောလိုက်တာနဲ့ ရိပ်မိချင် ရိပ်မိမယ်။
အေးကွာ မင်းလိုချင်တဲ့ အကူအညီ ရှိရင် င့ါကို ပြောပေါ့။ ငါမင်းကို ကူညီပါ့မယ်ပေါ့။ ကျွန်တော်ကိုတော့ ဟုတ်တယ်ဆရာလို့ ပြောသွားတယ်။ အဲဒီလိုနေရင်းက ကျွန်တော့်တပည့် ဟုတ်တယ်ဆရာလို့ ပြောသွားတယ်။ အဲဒီလိုနေရင်းက ကျွန်တော့် တပ်ည့ တစ်ယောက်ကိကု သူက ဘာပြောသလဲဆိုတော့ ဆရာ ကတော့ ဒီလို ဒီလို ပြောပါတယ်တဲ့။ ဒါရိုက်တာ ဆိုတာ အလွယ်လေးပါတဲ့၊ နာမည်ကျော် ၀တ္ထုကောင်းတစ်ခုကို ၀ယ်လိုက်၊ ၀ယ်ပြီးပြီလား ဇာတ်ညွှန်းရေးတတ်တဲ့သူကို ဇာတ်ညွှန်အပ်လိုက်၊ ဇာတ်ညွှန်း ဖြစ်လာပြီဆိုတော့ မင်းသား မင်းသမီးတွေကို ငှားလိုက်၊ ပိုက်ဆံပေးနိုင်ရင် အကြေပေးလိုက်။ မငှားနိုင်ရင် ရှိခိုးဦးတင် တောင်းပန်လိုက်။ ကင်မရာမင်းကို ဘယ်သူလဲ။ သူ့ကို ချိန်းထားလိုက်။ ပြီးရင် မင်းသား မင်းသမီးကို ကျွန်တော်ဒါလေးတော့ ရိုက်ပေးပါ။ အင်းပေါ့ ရိုက်ပေးပါ့မယ်ပေါ့။
အမူအရာကော၊ စကားလုံးကော မင်းသမီး မင်းသားကပြော၊ ကင်မရာက ခင်ဗျားကြိုက်တဲ့ နေရာက ထောင်ပေါ့ဗျာ၊ ချော့ပြောတယ်၊ ရိုက်ပြီးတော့ ဘာလုပ်မလဲ၊ အယ်ဒီတာကို အပ် လိုက်မယ်၊ အယ်ဒီတာက သူ့ဟာသူ ဆက်မယ်။ ပြီးသွားပြီ၊ ပြီးသွားတော့မှ တူရိယာဆရာကို ခေါ်မယ်။ အသံသွင်းပေးပါခင်ဗျာ၊ အသံသွင်းပေးတယ်၊ ဆင်ဆာရောက်၊ ရုံပေါ်တင်ပြတော့ ဒါရိုက်တာပဲတဲ့၊ ခင်ဗျား တို့တွေဟာ ဒီလောက်လွယ်လွယ်လုပ်မယ် မထင်လို့ ဂရုတစိုက်လာပြီးတော့ ကြည့်တာ အချိန်ကုန်တယ်၊ ပိုက်ဆံ ကုန်တယ်၊ လာတက်တာကို ကျွန်တော်အများကြီး လေးစား ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ကို အထင်ကြီးပါတယ်၊ ဟိုလူလောက် ခင်ဗျားတို့မှာ အရည်အချင်း မနှိုင်းယှဉ်သာအောင် ရှိပါတယ်ဆိုတာ ကြား ပါတယ်။ အဲဒီလူဟာ ဟိုလူ့အောက်ကျ၊ ဒီလူ့အောက်ကျရနဲ့ နောက်ကျတော့ သူ့ခမျာလည်း ဆုံးသွား ရရှာ ပါ ပြီ။
ကျွန်တော်ကို ခဏခဏ ပြောနေကြပါတယ်။ ဒီလိုပဲ မှတ်ယူတယ် Director is the king of Set ဒါရိုက်တာတာဟာ ရိုက်ကွင်းမှာ ဘုရင်ပဲတဲ့ ဘယ်လိုလူမျိုးလဲမေးရင်း (၁)ကိုယ်တိုင် ဇာတ်ညွှန်းကို ရေးနိုင် တဲ့လူ ဖြစ်ရမယ်။ ကိုယ်ရေးပြီးမှ သူများကို ရေးခိုင်းတာ တခြား၊ သူတို့ရေးတဲ့ ဇာတ်ညွှန်းကို ရိုက်ချင်မှ ရိုက်တာ တခြား၊ ဒါက ဒါရိုက်တာပေါ်မှာ မူတည်တယ်။ ထိုနည်းလည်းကောင်း မင်းသမီး မင်းသားကို ဒီဝတ္ထု မှာ အစကထဲက ပါနိုင်တဲ့ မိုးတေးဆိုတဲ့ လူရဲ့စရိုက် ကိုညွန့်ဝင်းနဲ့ လိုက်မလား ကျော်ဟိန်းနဲ့ လိုက်မလား စသည်အားဖြင့် ပုံသေတစ်ယောက်မှ တစ်ယောက် အဲဒီလူကလွဲရင် တခြားလူဟာ သူလောက် မကောင်းနိုင်ဘူး ဆိုတာ ကြိုတင်သိထားရမယ့်လူ ဖြစ်ရမယ်။
ကျွန်တော်ဟာ အဲဒီ့လူရွေးတဲ့နေရာမှာ ခေါင်းမာလွန်းလို့ ကျွန်တော့်တပည့်ဆိုတဲ့ လူတွေဟာ မကျေနပ်တာ တွေ အများကြီး ပါတယ်။ မကျေနပ်တာတွေကို ပြုံး၍ခံမယ်။ ကျွန်တော် အံမ၀င်ရင် မသုံးဘူး။ ကျွန်တော့်မှာ ပိုက်ဆံများရှိရင် သူ့ကို အလကားပေးပါ့မယ်။ ကျွန်တော်သုံးသမျှ စရိုက်တွေကို လိုက်ကြည့်ပါ။ အကုန် အံဝင်ခွင်ကျ သူမှတပါး တခြားသူ သုံးရင် ကောင်းတော့ကောင်းမယ်၊ သူ့လောက်တော့ မကောင်းဘူး စသည်အားဖြင့် ဒါမျိုးတွေ သုံးသွားပါမယ်။ ကုန်ကုန်ပြောမယ်၊ ပေါက်စီနဲ့ မယ်သုံ သူတောင်စား လုပ်တယ်၊ ကျွန်တော်လောက် သူတောင်းစားရုပ်ရည်နဲ့ တူတာ ဘယ်သူမှ မရှိဘူး။
ဝတ္ထုရေးမယ် လုပ်ကတည်းက ကြည့်မြင်တိုင် ကမ်းနားမှာ နေ့တိုင်းသွားသွားပြီး လေ့လာတယ်။ သူတောင်းစားတွေနဲ့ ပတ်သက်ပြီးတော့ သူတောင်းစားတို့၏ အသံသည် သူများလို အသံမျိုး မဟုတ်ပါဘူး၊ "အစ်ကိုကြီးတို့ အစ်မကြီးတို့ ပေးမှ ကမ်းမှ စားရမယ့် ဘ၀ပါခင်ဗျား " လို့ ပြောကြည့်ပါ။ မရနိုင်ပါဘူး၊ ဆိုလို ချင်တာက ဘာလဲ။
ကိုယ်တိုင်မှန်အောင် ရွေးတတ်တဲ့လူ ဖြစ်ရမယ်။ ဇာတ်ညွှန်းကို ကိုယ်တိုင်ကိုယ်ကျ ရေးနိုင်သူ ဖြစ်ရမယ်။ ကိုယ်တိုင်ရေးခြင်းကြောင့် Action အသေးအမွှားလေးတွေကို ကိုယ်တိုင်က ကျေညက်ပြီးသား ဖြစ်ရမယ်၊ စကားလုံး၊ အဖြတ်အတောက်၊ အဆွဲအငင်ဆိုတာ ကိုယ်တိုင်က ရွေးပြီးတော့ ကိုယ်တိုင်က ပြောပြီးမှ ရွေးရမယ်။ ကျွန်တော် ဇာတ်ကားတွေကို ကျွန်တော်ကိုယ်တိုင် ပါးစပ်က ရွတ်ပြီး ရေးတာ၊ စာအုပ်ထဲက ပါတဲ့အတိုင်း မဟုတ်ဘး၊ လူပြောသူပြောဖြစ်နေတဲ့ အတိုင်း ရေးတာ။
နောက်တစ်ခု ဒါရိုက်တာမှန်လျှင် စကားလုံးရေါးချယ်နည်း။ အမူအရာဆိုပါတော့ တက္ကသိုလ်ကျောင်းက ပရော်ဖက်ဆာကြီးတစ်ယောက်သည် သူ့သားကို သူဒေါသဖြစ်လို့ ကြိမ်းတာဟာ ဆိုက်ကားသမား တစ်ယောက် သူ့သားကို သူဒေါသဖြစ်လို့ ကြိမ်းတာချင်း စကားလုံးကော၊ အမူအရာကော မတူဘူး၊ တက္ကသိုလ်ကျောင်းသလေး အတင်းပြောတာနဲ့ လေသံလဲ မတူဘူး၊ မဲ့ပုံရွဲ့ပုံလဲ မတူဘူး၊ ထိုင်ပုံလဲ မတူဘူး၊ အဲဒါတွေ အကုန်လုံးသည် ဒါရိုက်တာဆိုတဲ့လူမှာ တာဝန် ရှိတယ်။ King of the set ဒါရိုက်တာသည် ဘုရင် ဖြစ်ရမယ်၊ ဟုတ်တယ်။ တိုင်းပြည်တစ်ခုမှာ အုပ်ချုပ်တဲ့ဘုရင်ဟာ အခွင့်အာဏာပိုင်တဲ့လူ ဖြစ်ပါစေ။ သို့သော် အဲဒီလူမှာ မင်းကျင့်တရားဆယ်ပါး ရှိရမယ်။ အချောင်ရှင်ဘုရင် မဖြစ်ပါဘူး၊ ဘယ်သူဘာဖြစ်ဖြစ် သူ့မှာ တာဝန် ရှိတယ်။ ထိုနည်းလည်းကောင်းပဲ၊ ဒါရိုက်တာသည် အကုန်လုံး တာဝန်ယူနိုင်ရမယ်။
နောက်တစ်ခု ဗိုလ်ဗကို ပြောသွားတယ်။ ဒိုယ်ယာ လော့မေးတယ်၊ အိုင်ဒီယာ၊ ၎င်းစာစာဖွဲ့လို့လဲ မရဘူး၊ ကိုယ်တိုင် အရှက်မရှိဘဲနှင့် ပြော၊ ဆို၊ က ရှိရမယ်။ ဒီအလုပ်က အရှက်ရှိမှ ရမှာ။ ကျွန်တော်အသက် ဒီလောက်အထိ ရှိလာပြီ၊ ဘုရားတရား လာမမေးနဲ့၊ အနုပညာနဲ့ ပတ်သက်ပြီးတော့ သိမ်ကြီးဈေးအလယ် ခေါင်မှာ ပြရမလား၊ ပြမယ်၊ ဘာကြောင့်လဲ၊ ကျွန်တော် ကိုးကွယ်ထားတာက၊ ကျွန်တော့် အနုပညာ။ This is my Art တစ်ခါကတောင်ငူမှာ ကိုသိန်းမောင်၊ ကြည်ကြည်ဌေးတို့နှင့် ကားသွားရိုက်တုန်းက ရိုက်နေရင်း ကျွန်တော်ကများများ အကျင့်များများ လုပ်ခိုင်းတယ်။ စိတ်ကြိုက်ရပြီဆိုရင် မနက်ဖြန်ထွက်ပြီဟေ့ဆိုရင် ကျွန်တော်သူတို့ အနားမကပ်တော့ဘူး၊ သြဇာလဲ မပေးတော့ဘူး၊ တချို့လူငယ်များ လုပ်တတ်တာ ရှိတယ်၊ အဲဒါလေးကို ဆင်ခြင်ကြပါ။
အများမျက်စိနောက်အောင် ဦးထုပ်ကြိးဆောင်း ဇာတ်ညွှန်းဖိုင်ကြီးကို ချိုင်းကြားညှပ်၊ မင်းသား မင်းသမီး ရှေ့သွားပြီး သြဇာပေး၊ လူတွေကလဲ အများကြီး ၀ိုင်းကြည့်နေပါတယ်။ Come range ကိုလဲ ဒီလိုက ဒီလိုကွ၊ ဒီဟာကဒီလိုကွနဲ့ မျက်စိအတော်နောက်တယ်။ ကျွန်တော်ဟာ သာမန်လူတစ်ယောက်အနနေဲ့ ရိုက်ကွင်းမှာ နေတယ် လုပ်ကြေတဲ့လူတွေက လုပ်နေတယ်။ လုပ်နေတုန်းအနားမှာ လင့်ရိုဘာ ကားတစ်စီး လာရပ်တယ်။ လာရပ်ပြီးတော်တော်လေး ကြည့်ပြီးတော့မှ ရယ်ရတယ်။ အရူး တွေပါကွာတဲ့။ အဲဒီတော့ ကျွန်တော်က အရူးတွေလို ပြောနေလုပ်နေတာကို အလုပ်ပျက်အကိုင်ပျက် ရပ်ပြီး ကြည့်တဲ့လူက ပိုရူးတာပေါ့ဆိုတော့ ကျွန်တော့်မြင်တော့ မှတ်မိသွားတယ်။
ရှက်ကိုးရှက်ကန်းနဲ့ တစ်ခါတည်းလစ်ကော။ အနုပညာသည်ကို လည်းကောင်း၊ ကျွန်တော့်ကိုလည်းကောင်း ထိပါးပုတ်ခတ်ရင် ကျွန်တော် မခံနိုင်ပါဘူး၊ ကျွန်တော်တို့ မျှော်မှန်းနေတဲ့ ပရိယေသနဖြစ်နေတဲ့ တစ်နည်းအားဖြင့် အကျိုးပြုနိုင်သမျှ ပြုနေတဲ့ ပညာရပ်ကို လာပြိး ပုတ်ခတ်ရင် မရပါဘး၊ နောက်တစ်ခု ရှိတယ်။ ကျောက်ဆည်မှာတုန်းက ခင်သန်းနုက မှားနေတယ်။ ခဏခဏ မှားနေတယ်၊ မှားမှာပေါ့၊ မှားလဲ နေတာပဲ၊ အနားက မိန်းမကြီးတစ်ယောက်က အမယ်လေးတော် ဒီလောက်စကားလေးများ နာမည်ကြီး မင်းသမီး ဆိုပြီး သူက ပြောတယ်။
အဲဒီတော့ ကျွန်တော်က ပြော တယ်၊ ခင်ဗျား အဲဒီစကားလေး ၀င်ပြောကြည့်ပါလား၊ ပြောကြည့်လို့ရရင် ငွေ(၅၀၀) ချက်ချင်းပေးမယ်၊ ပြောတော့မှ ကျွန်တော့်မြင်တော့ သူတို့သိသွားတယ်။ (ဟုတ်ပါတယ်တော်)နဲ့။ သို့သော်လည်း အဲဒီမိန်းမ ကြီးက ကျွန်တော့်ကို ခင်မင်ပြီး၊ အိမ်ခေါ် လက်ဖက်ရည်တိုက်တယ်၊ အတွေ့အကြုံတွေက အများကြီးပေါ့ ဗျာ။ ဒါရိုက်တာသည် ရုပ်ရှင်နဲ့ ပတ်သက်လို့ အကုန်သိမှ သြဇာညောင်းမယ်၊ မင်းသား မင်းသမီးများဟာ အထင်သေးလို့ မရဘူး၊ Cameraman ကို အထင်သေးလို့ မရဘူး။ ခင်ဗျားတို့က (၁)ကား၊ (၂)ကား၊ (၃)ကားပဲ ရိုက်တယ်။ မင်းသား မင်းသမီးက ဒါရိုက်တာ Cameraman မြောက်များစွာနဲ့ ရိုက်ခဲ့ဖူးတယ်။ သူတို့ဆီမှာ ပညာအပြည့်အ၀ ရှိတယ်။ အဲဒီထက်ပိုပြောရရင် တစ်ခါတစ်ရံ ဒါရိုက်တာထက် တတ်တယ်။ ဒါကြောင့် မင်းသား မင်းသမီးက ပြင်ပေးတဲ့ ဒါရိုက်တာတွေ ရှိခဲ့တယ်။ ပြီးတော့လည်း ဘာနဲ့ သဏ္ဍာန်တူ သလဲဆိုတော့ အသထိုရ် မြင်းကောင်းများလိုပဲ။
ကျောပေါ်တက်ပြီး ဇက်ကိုင်လိုက်တာနဲ့ တပြိုင်နက်ထဲ ဒီဒါရိုက်တာသည် ကျွမ်းကျင်တဲ့လူလား၊ မြင်းစီးကောင်းတဲ့လူလားဆိုတာ ချက်ချင်း သိတယ်၊ မြင်းစီး ကောင်းဆိုရင် အံဝင်ခွင်ကျ နှစ်ကိုယ့်တစ်စိတ် ပျော်ပျော်ပါးပါး ရှိတယ်။ ဒါမှမဟုတ်ပဲ ကျောပေါ်တက်လိုက် တာနဲ့ ဒီကောင်ဟာ ငါ့ကိုနိုင်မယ့်ကောင်၊ မြင်းစီးကောင်း မဟုတ်ဘူးဆိုပြီး ကတ်သီးကတ်သတ်နဲ့ ပတပ်ရပ်ရင် ရပ်မယ်၊ ကဆုန်ပေါက်ရင်ပေါက်မယ်။ အကုန်လေဆာက်လုပ်တတ်တယ်။ အဲဒါကြောင့် မင်းသား မင်းသမီးပေါ်မှာ သူတို့လုပ်သွားတာကို ကိုယ်က မကြိုက်သေးရင် ထပ်ခိုင်းပါ။ သဘောပေါက် အောင် တိုးတိုးတိတ်တိတ် ပြောပါ။ ကျယ်လောင်စွာ မပြောပါနဲ့။
အာဏာမသုံးပါနဲ့၊ အဲဒီလိုပြောလို့မှ နောက်ဆုံး မရတော့ဘူးဆိုရင် မင်းသား၊ မင်းသမီးနဲ့ ရင်းရင်းနှီးနှီး ပေါင်းထားရမယ်။ သူ့အကျိုးကို လိုလား တဲ့လူ တစ်ဦး ဖြစ်ပါတယ်ဆိုတာကို သူသိထားစေချင်တယ်။ ပိုက်ဆ်ံပေးထားတာပဲဆိုလို့ မရဘူး၊ သူတို့တွေ ကို ကြည့်ပြီးတော့ကာ မှားမယ့်ဟာကို မမှားရအောင် လှတဲ့ဟာကို လှသထက်လှအောင် လုပ်နိုင်တဲ့လူပါ လားလို့ အဲဒီအချိန်ကျ သူသိသွားအောင် လုပ်နိုင်တဲ့လူသည် "Director is the king of set" ခုနလို လူမျိုး ဆိုရင်တော့ King of the set မဟုတ်ဘူး၊ Beggar of the set အကုန်လုံး လိုက်တောင်းပန်နေရမယ်။ ကျွန်တော်အနေနဲ့ ပြောရဲပါတယ်။ အခုရှိတဲ့ နာမည်ကျော် မင်းသား၊ မင်းသမီး အကုန်နီးပါး ရိုက်ဖူးပါတယ်။ သူတို့ကို မေးကြည့်ပါ။ မုန်းတဲ့သူရှိရင် ရှိမယ်။ အလကား ဖင်ခေါင်းကျယ်တာပါလို့တော့ ပြောချင်ပြောမယ်။ နေရာတကာ ဂျီးများနေတာပဲလို့ ပြောချင်ပြောမယ်။ သို့သော်လည်း King of set ကျရင် တစ်လုံးမှ ပြန်မပြောဝံ့ဘူး။
ဘာကြောင့်လဲ၊ ကျွန်တော်ဖိုးတုတ် မဟုတ်ဘူး၊ လူမိုက်တစ်ယောက်တော့ မဟုတ်ဘူး၊ သူတို့လောက်တော့ ကျွန်တော် တတ်တယ်။ သူတို့ကို ကျွန်တော်က စေတနာထားတယ်၊ တစ်ခါတစ်ရံမှာ ကျွန်တော်က သူတို့ ထက်ပိုပြီး အစွမ်းအစပြနိုင်တယ်ဆိုတာ သိခြင်းကြောင့် အလိုလို ခန့်ညားယုံချင်လာတယ်၊ "သစ္စာ၊ သမာဓိ၊ ၀ီရိယနဲ့၊ ဇာဂ နဲ့ နီတိ" ဆိုတာ ကျွန်တော်တို့ ဒါရိုက်တာဖြစ်ဖိုပ အင်္ဂါ(၃၅)ပါး ရှိတယ်။ ဒါနောက်ကို ပြောဖြစ် ဦးမလား မသိဘူး၊ ကျွန်တော်သည် မျက်နှာဘယ်တော့မှ မလိုက်ဘူး၊ ဒါကိုလဲ သတိထားရမယ်၊ မင်းသားနဲ့ မင်းသမီးသည် ဇက်မကိုင်တတ်တဲ့ လူဆိုရင် တစ်ယောက်ကိုတစ်ယောက် အသားယူတတ်တယ်၊ သဘော ပေါက်လား၊ အခံနဲ့ အပြောသည် ဘယ်သူက ခက်သလဲ၊ အခံက ခက်တယ်၊ မင်းသားနဲ့ မင်းသမီးထဲမှာ အကောင်းဆုံးသော စကားကို ခံယူနိုင်တဲ့လူ ဆိုတာ ရှိသေးတယ်။
နာမည်ထုတ်ပြောလို့ မကောင်းဘူး။ တခြား လူအတွက် ဒုက္ခရောက်သွားမယ်၊ "Inter Cut" တွေ အများကြီး ရိုက်ရမယ်။ ဖလင်ကို မနှမောပါနဲ့၊ "Inter Cut" သည် ခင်ဗျားတို့ရဲ့အသက်၊ ကျွန်တော် ရိုက်ရင် (၃၅၀၀၀)လောက် ကုန်တယ်၊ (၄၀၀၀၀)ကုန် ချင် ကုန်မယ်၊ သူများကတော့ (၁၅၀၀၀)လောက် ရိုက်ချင်ရိုက်မယ်။ (၂၀၀၀၀)လောက် ရောင်းစားမယ်။ အဲဒီ ဒါရိုက်တာသည် ဒါရိုက်တာ King မဟုတ်ဘူး။ ပိုက်ဆံရှိချင် ရှိမယ်။ ချမ်းသာချင် ချမ်းသာမယ်။ သို့သော် သူ Art သည် ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး။ Art for Artsake ကျွန်တော်တို့ ပြောတယ်။ Art for people ဆိုတာ ဒုတိယအဆင့်မှာ ဖြစ်ရမယ်။ အနုပညာသည် အနုပညာမြောက်အောင် လုပ်ရဦးမယ်။ အနုပညာမြောက်တော့မှ အဲ့ဒီအနုပညာသည် ပြည်သူအတွက် ဟုတ်တယ် မဟုတ်လား။
ဒါရိုက်တာသည် လွယ်ပါတယ်ဟု ပြောရင်ဖြင့် အဲဒီလူဟာ လူညံ့လို့ မှတ်ပါ။ ဒါရိုက်တာဟာ ရိုက်ကွင်းတွင် ဘုရင်ပဲ။ တိုင်းပြည်တစ်ပြည်တွင် ရှင်ဘုရင်သည် အခွင့်အာဏာအရှိဆုံး လူတစ်ယောက် ဖြစ်သည်နှင့်အညီ တိုင်းသူ ပြည်သားများ၏ တာဝန်ဝတ္တရားများကိုလည်း အများဆုံးယူရသူ ဖြစ်သည်။ ထို့အတူ ရုပ်ရှင်ဒါရိုက်တာများ သည်လည်း ရိုက်ကွင်းတွင် အလွန်သြဇာအာဏာရှိသည်နှင့်အမျှ ဇာတ်ကား တစ်ကားလုံး ၏ တာဝန်ကို ထမ်းဆောင်းရသူ ဖြစ်သည်။ မည်သို့ကိုမျှ အပြစ်ပုံချ၍ မရ။ ဖလင်ကော်ပြား (၁)ပေတွင် အရုပ်(၁၆)ကွက် ရှိသည်။ ပြစက်တွင် (၁)မိနစ်ပြနိုင်ရန် အကွက်ပေါင်း ၁၄၄၀ ရှိရမည်။ ပေ(၉၀) ရှိရမည်။
သုခ
(မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီအစည်းအရုံးတွင် ဆရာကြီးဦးသုခ ဟောပြောစဉ်နှင့် ပြန်လည် ဆွေးနွေး ချက် များမှ တစ်စိတ်တစ်ပိုင်း)
.
No comments:
Post a Comment