Friday, July 29, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂ဝ)

(၂၁)

နန်စီဘာကိုမှ ပြန်ပြောင်းသတိမရချင်ပါ၊ အတိတ်အကြေင်းကို ပြန်ပြောင်းသတိရခြင်းသည် နာကျင် ခြင်း ကိုသာ ဖြစ်ပေါ်စေပါသည်။
နန်စီ ကလေးဘ၀တုန်းက မီးဖိုပေါ်ရှိ စွပ်ပြုတ်အိုးကိုလှမ်းဆွဲသဖြင့် သူ့ကိုယ်ပေါ်သို့ စွပ်ပြုတ်များ မှောက်ကျကာ ရင်ဘတ်ကို အပူလောင်ဖူးသည်။ ဆေးရုံပေါ်မှာရက်သတ္တပတ်ပေါင်းများစွာ နေခဲ့ရသည်။
ထိုအနာရွတ် များသည် သူ့ရင်ဘတ်ပေါ်တွင် ယခုတိုင်ခပ်ရေးရေး ရှိနေကြသေးသည်။
ထို အနာရွတ်များ အကြောင်း ကားလ်က မေးဖူးသည်။ ပြီးတော့ အနာရွတ်များကို သာသာကလေး ပွတ်ပေး နေတတ်သည်။
"သနားစရာ ကောင်းလိုက်တဲ့ မိန်းကလေးရယ်၊ သနားစရာကောင်းလိုက်တဲ့ မိန်းကလေးရယ်"ဟု လည်း မပြတ် ရေရွတ်သည်။

နောက်ပြီးတော့ ထိုအဖြစ်အပျက်ကလေးကို ထပ်ခါတလဲလဲ ပြန်လည်ပြောပြစေသည်။
အကြိမ်ပေါင်း ဘယ်လောက်ပင်ပြောပြော ပြောပြသူနားထောင်၍ ၀တန်မတူ။
"အရမ်းကြီး နာသလားဟင်"ဟုလည်း မေးတတ်သည်။
အတိတ်အကြောင်းကို ပြန်ပြောင်းသတိရခြင်းဆိုသည်မှာ ထိုအတိုင်းဖြစ်သည်။ နာကျင်မှု၊ နာကျင်မှု တစ်ခု တည်း မေ့ပစ်လိုက်၊ မေ့ပစ်လိုက်၊ သတိရချင်ဘူး၊ ဘာကိုမှ သတိမရချင်ဘူး။
သို့သော်လည်း မေးခွန်းတွေ ဇွတ်တရွက်ကြီးမေးနေသည့် မေးခွန်းတွေ၊ ဟိုးအဝေးကြီးကနေပြီး လှမ်းမေး နေသည့် မေးခွန်းတွေ။

ကားလ်အကြောင်းကို မေးနေသည်၊ အမေ့အကြောင်းစကားကိုမေးနေသည်။ လီဇာ၊ ပီတာ နန်စီ၏ အသံ၊ နန်စီ ပြောနေသည်။ ပြန်ဖြေနေသည်။ သူ့အသံကို သူကြားရသလိုလိုဖြစ်နေသည်။
"တော်ပါတော့ရှင်၊ တော်ပါတော့၊ ကျွန်မဒီအကြောင်း တွေ မပြောချင်ပါဘူး"
"ဒါပေမယ့် မင်းပြောရမယ်၊ ပြောကိုပြောရမယ်၊ တို့ကိုမင်းကူညီမှဖြစ်မယ်"
ဇွတ်တရွတ် တိုက်တွန်းနေသည့်အသံ၊ ဘာကြောင့်လဲ၊ ဘာကြောင့်ဘဲ။
"ကားလ် ကို မင်းဘာကြောင့် ကြောက်နေတာလဲနန်စီ"
သူဖြေရမယ်တဲ့၊ ဒါပေမယ့် အမေးတွေ ရပ်လိုက်တော့မှသာ သူဖြေနိုင်ပေလိမ့်မည်။

နန်စီက သူ့အသံကို သူပြန်ကြားနေရသည်။ အဝေးကြီးက အသံ၊ ဖြေဖို့ကြိုးစားနေသောအသံ။ ပြဇာတ်ထဲမှာ ကနေသော မိမိကိုယ်ကို မိမိကပြန်ကြည့်နေသည်နှင့် တူသည်။ မြင်ကွင်းများသည် တဖြည်းဖြည်း ပုံပေါ်လာသည်။
မေမေ ညစာစားခြင်း၊ မေမေ့ကို သူနောက်ဆုံး မြင်လိုက်ရသည့်အချိန်၊ မေမေအရမ်း မျက်နှာမကောင်း ဖြစ်နေသည်။ မေမေက သူ့ကိုကြည့်နေသည်။ ပြီးတော့ ကားလ်ကိုကြည့်သည်။
"ဒီအ၀တ်အစား မင်းဘယ်ကရသလဲ နန်စီ"ဟု မေမေကမေးသည်။ နန်စီဝတ်ထားသည့် အ၀တ် အစားကို မေမေ သဘောမကျကြောင်းနန်စီအတပ်ပြောနိုင်ပါသည်။
အဖြူရောင် သိုးမွေးအင်္ကျီ။

"ကားလ်ရွေးပေးတာပါ မေမေ၊ မေမေကြိုက်ရဲ့လားဟင်"
သိပ် ကလက်ပြီး ကလေးဆန်မနေဘူးလား
တယ်လီဖုန်းဆက်ဖို့ စားပွဲမှ မေမေထသွားသည်။ ဒေါက်တာ လင်ဒန်မိုင်းလ်စ်ဆီ ဆက်တာ များလား။ နန်စီ ကတော့ ထိုအတိုင်းပဲ မျှော်လင့်သည်။ မေမေစိတ်ချမ်းသာစေချင်ပါသည်။ ပျော်ရွှင် ချမ်းမြေ့ စေချင် ပါသည်။ မေမေနှင့်အတူတူ အိမ်ပြန်လိုက်သွားရလျှင် ကောင်းမည်။
ထိုသို့လိုက်သွားရလျှင် ယခုခံစားနေသည့် မောပန်းနွမ်းနယ်နေမှုများ ပျောက်ကင်းသွားမည်။ ထို အကြောင်း ကားလ်ကိုများ ပြောပြဖူးလေသလား။
ကားလ် ကလည်း စားပွဲမှ ထသွားသည်။

"ခဏလေးပါ အချစ်ရေ"ဟု နန်စီကိုခွင့်တောင်းသွားသေးသည်။
မေမေ က ကားလ် အလျင် ပြန်ရောက်လာသည်။
"နန်စီ မနက်ဖြန်ကျရင် မင်းနဲ့မေမေ စကားပြောကြမှဖြစ်မယ်၊ တို့နှစ်ယောက်တည်း ရှိနေတုန်း ပြောကြ ရအောင် မနက်စာအတူတူစားဖို့ မေမေကား နဲ့လာခေါ်မယ်"
ကားလ်ပြန်ရောက်လာသည်။
နောက်ပြီးတော့ မေမေ၊ နန်စီပါးကိုနမ်းသည်။
"ဂွဒ်နိုက် သမီးလေး၊ မနက်ရှစ်နာရီကျတော့ သမီးနဲ့တွေ့မယ်နော်"
ငှားထားသည့် ကားပေါ်သို့ မေမေတက်ထိုင်သည်။ လက်မြှောက်ပြပြီး နှုတ်ဆက်သည်။ လမ်းမ အတိုင်း မောင်းထွက်သွားသည်။

ကားလ်က နန်စီ ကို ကားနှင့်ကျောင်းပြန်ပို့ပေးသည်။
"မင်းမေမေ က ကိုယ့်ကိုသိပ်လက်မခံနိုင်သေးတဲ့ ပုံစံမျိုးပဲ"ဟု ပြောသည်။
တယ်လီဖုန်းခေါ်သံ။
"မော်တော်ကားမှောက်လို့၊ စတီယာရင်ချွတ်ယွင်းသွားလို့"
ကားလ်….
"မင်းကို ကိုယ်စောင့်ရှောက်ပါ့မယ် မိန်းကလေးရယ်"
အသုဘ အခမ်းအနား….
လက်ထပ်မင်္ဂလာ…
သတို့သမီး ဆိုတာ အဖြူရောင်ဝတ်ရတယ်၊ အဖြူရောင်သိုးမွေးအင်္ကျီကလေးကို သူဝတ်ရမယ်၊ လက်ထပ် တယ် ဆိုတာ မြို့တော်ဝန်ရဲ့ရုံးကို သွားကြရုံကလေးပဲဥစ္စာ။
သို့သော်လည်း ထိုအဖြူရောင် သိုးမွေးအင်္ကျီကလေးကိုသူ မ၀တ်နိုင်တော့ပါ။

ပခုံးမှာ စက်ဆီတွေစွန်းနေသည်။
"ကားလ်၊ ဒီအင်္ကျီာမှာ ကျွန်မကြောင့် ဘယ်လိုလုပ်ပြီး စက်ဆီစွန်းနိုင်မှာလဲ၊ မေမေနဲ့ညစာ အတူ စားကြတုန်း က တစ်ခါပဲ ကျွန်မ၀တ်ဖူးတာ"
"ကျွတ်သွားအောင် ကိုယ်ချွတ်ပေးပါ့မယ်"
နန်စီ ၏ ပခုံးစွန်းကို သူကလက်ဖြင့် ပုတ်ပြီးပြောသည်။

"မှတ်မိနေသောလက်၊ ထိုလက်ဖြင့်ပခုံးကို ပုတ်ခြင်း။"
"မလုပ်ပါနဲ့၊ တော်ပါတော့၊ တော်ပါတော့"
အသံ….
"ဘာကိုဆိုလိုတာလဲ နန်စီ"
"ကျွန်မမသိဘူး၊ ကျွန်မမသေချာဘူး၊ ကျွန်မကြောက်တယ်"
"ကားလ် ကို ကြောက်တာလား"

"မဟုတ်ပါဘူး၊ သူဟာကျွန်မအပေါ် ကောင်းပါတယ်၊ ကျွန်မအရမ်းပင်ပန်းနေတယ်၊ အမြဲတမ်းမော နေတယ်၊ မင်းဆွေးတွေသောက်လိုက်ဦး၊ မင်းဆေးမှန်မှန်သောက်မှ ဖြစ်မှာပေါ့၊ ကလေးတွေ ပီတာနဲ့လီဇာ၊ ခဏတော့ အားလုံး အဆင်ပြေနေပါတယ်၊ ကားလ်ကလဲ ကောင်းပါတယ်၊ ကျေးဇူး ပြုပြီးတော့၊ ကားလ် ကျေးဇူးပြုပြီးတော့ တံခါးပိတ်ထားလိုက်ပါ၊ ကားလ်ကျွန်မအဲဒါမျိုး မကြိုက်ဘူး၊ ကျွန်မကိုမထိနဲ့၊ ကျွန်မ ကို အဲဒီလိုပုံမျိုးနဲ့ မထိနဲ့ ကျွန်မအနားကထွက်သွားပါ၊ ကျွန်မကို တစ်ယောက်တည်း ထားခဲ့ပါ"
"ဘာကြောင့် သူကမင်းကို တစ်ယောက်တည်း ထားခဲ့ရမှာလဲနန်စီ"
"မပြောဘူး၊ ကျွန်မဒီအကြောင်း မပြောချင်ဘူး"
"ကလေး တွေ အပေါ်မှာရော ကားလ်က ကောင်းရဲ့လား"

"ကလေးတွေ အပိုးကျိုးနေအောင် သူလုပ်ထားတယ်၊ သူတို့ကို ကားလ်ကလိမ္မာစေချင်တယ် ပီတာ နဲ့ လီဇာ ကြောက်နေအောင် သူလုပ်ထားတယ်။"
သြ…. ငါ့ရဲ့ကလေးမလေး က ကလေးလေး တစ်ယောက် မွေးလိုက်ပေါ့လေ
"ကားလ် က အဲဒီလို ပြောသလား"
"ဟုတ်ကဲ့ အဲဒီနောက်ကျွန်မကို သူမတို့ မထိတော့ပါဘူး၊ အရင်တုန်းက နည်းမျိုးနဲ့ မတို့မထိတော့ ပါဘူး ကျွန်မ အရမ်း ကို ၀မ်းသာတာပဲရှင်၊ ဒါပေမယ့် ညစာ စားပြီး တိုင်းတော့ဆေး တွေသောက်နေရတယ်၊ ကျွန်မ အရမ်း ပင်ပန်းတယ်၊ အရမ်းမောတယ်၊ တစ်ခုခုတော့ မှားနေပြီ နဲ့တူတယ်၊ ကျွန်မ ထွက်ပြေးမှ ဖြစ်တော့မယ်၊ ကလေးတွေ ကလေးတွေ၊ ကလေးတွေပါ ထွက်ပြေးမှ ဖြစ်တော့မယ်"
"ကားလ် ဆီကနေထွက်ပြေးဖို့လား"

"နေမကောင်းတာ က ကျွန်မမဟုတ်ဘူး၊ နေမကောင်းဖြစ်နေတာက ကားလ်"
"သူ ဘယ်လို နေမကောင်းဖြစ်နေတာလဲနန်စီ"
"ကျွန်မ မသိဘူး"
"နန်စီ၊ လီဇာနဲ့ ပီတာပျောက်သွားတဲ့နေ့ အကြောင်းတို့ကို ပြောပြစမ်းပါ၊ အဲဒီနေ့အကြောင်း မင်း ဘာတွေများ မှတ်မိနေသလဲ"
"ကားလ် စိတ်ဆိုးနေတယ်"
"ဘာဖြစ်လို့ စိတ်ဆိုးတာလဲ"

"ဆေး…မနေ့ညက၊ ဆေးတွေ ကျွန်မလွင့်ပစ်တာ သူမြင်သွားတယ်၊ ဆေးတွေ အများကြီး ထပ် ယူလာတယ် ကျွန်မကို အတင်းသောက်ခိုင်းတယ်၊ ကျွန်မအရမ်းမောနေတယ်၊ အရမ်းအိပ် ချင်နေတယ်၊ လီဇာ ငိုနေတယ်၊ ကားလ်၊ လီဇာနဲ့အတူ ရှိနေတယ်၊ ကျွန်မထမှ၊ အိပ်ရာကထမှ၊ လီဇာဆီကို သွားမှ ဖြစ်မယ်၊ လီဇာ တက်မတတ် ချက်မတတ် ငိုနေတယ်၊ ကားလ် က လီဇာ တင်ပါးကို ရိုက်နေတယ်၊ အိပ်ရာ ထဲမှာ လီဇာသေးပါလို့ အိပ်ရာတွေ စိုကုန်ပြီလို့ သူပြောတယ်၊ လီဇာ ကို ကားလ် နဲ့ဝေးတဲ့နေရာကို ကျွန်မ ခေါ်သွားမှ ဖြစ်တော့မယ်၊ မနက်ကျရင် ခေါ်သွားမှ ဖြစ်တော့မယ်၊ ကျွန်မမွေးနေ့၊ ကားလ်ကို ကျွန်မ ပြောမယ်"
"ကားလ်ကို ဘာပြောမှာလဲဟင်"
"သူသိတယ်၊ သူသိစပြုလာပြီ"
"ဘာကိုသိတာလဲ နန်စီ"
"ကျွန်မ ထွက်ပြေးတော့မယ်၊ ကလေးတွေကို ခေါ်ပြီး ထွက်ပြေးတော့မယ်၊ ထွက်ပြေးမှပဲ ဖြစ်တော့မယ်"

"ကားလ်ကို မင်းမချစ်ဘူးလား နန်စီ"
"ကျွန်မ ချစ်သင့်တာပေါ့၊ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ"လို့ ကားလ်က ပြောတယ်၊ လီဇာက အရမ်းငြိမ် တာပဲ၊ မွေ့နေ့ကိတ်မုန့်ကြီး လုပ်မယ်လို့ ကလေးတွေကိုကျွန်မ ကတိပေးထားတယ်၊ လီဇာရယ်၊ ပီတာရယ်၊ ကျွန်မရယ်၊ ကျွန်မတို့အပြင်သွားမယ်၊ မွေးနေ့ ဖယောင်းတိုင် တွေဝယ်ရ မယ်၊ မွေးနေ့ ကိတ် ဖုတ်ဖို့ ချောကလက်ဝယ်ရမယ်၊ အဲဒီနေ့က ရာသီဥတု အရမ်းဆိုးတယ်၊ မိုစ ရွာ နေပြီ၊ လီဇာအအေးမိပြီး ဖျား နိုင်တယ်
"အဲဒီနေ့တုန်းက ကားလ်ကျောင်းသွားသလား"

"ဟုတ်ကဲ့၊ သွားတယ်၊ သူဖုန်းပြန်ဆက်တယ်၊ ကျွန်မတို့ ဈေးဝယ်သွားမယ့်အကြောင်း ကျွန်မက ပြောပြ လိုက်တယ်၊ ဈေးဝယ်ပြီးရင်ဆရာဝန်ဆီ ၀င်ပြီး လီဇာကိုပြကြည့်ဦးမယ် လို့လဲ ပြောလိုက် တယ်၊ ကျွမအရမ်း စိတ်ပူနေတယ်၊ ရုပ်မြင်သံကြားက ကလေးများကဏ္ဍအပြီး ဆယ့်တစ်နာရီ ထိုးရင် ဈေးသွားမယ့် အကြောင်း ကျွန်မက ပြောပြတယ်"
"လီဇာ အတွက် မင်းအရမ်းစိတ်ပူနေကြောင်း ပြောပြတော့ ကားလ်က ဘာပြန်ပြောသလဲ"

"သူကပြောတယ်၊ ဒီနေ့ ရာသီဥတုဆိုးတယ်တဲ့၊ လီဇာအတွက် အအေးမိသွားလိမ့်မယ်တဲ့၊ ဒါကြောင့် လီဇာကို အပြင်ခေါ်မသွားစေချင်ဘူးတဲ့ ကျွန်မက ပြန်ပြောတယ်၊ ဈေးဝယ်နေတုန်းက ကလေးတွေကို ကားထဲမှာ ထားခဲ့မှာပါလို့၊ မွေးနေ့ကိတ်မုန့်ဖုတ်တာကို သူတို့ဝိုင်းကူချင် နေကြတယ်။

သူတို့အရမ်းလဲ စိတ်ထက်သန်နေကြတယ်၊ ကျွန်မရဲ့ မွေးနေ့အတွက် သူတို့ ပျော်နေကြတယ်၊ သူတို့ ဘယ်တုန်းကမှ မပျော်ဖူးဘူး၊ အမှန်တော့ ကားကို ဒါလောက် စည်းကမ်း တင်းကျပ်ခွင့် မပေးသင့်ဘူး၊ ကျွန်မမှားတယ်၊ ကျွန်မအမှားတွေပါ၊ ဆရာဝန်နဲ့ ကျွန်မစကားပြောရ မယ်၊ ဆွေးနွေးရမယ်၊ ဆရာဝန်ကိုမေးရမယ်၊ လီဇာ အကြောင်းမေးရမယ်၊ ဆွေးနွေးရမယ်၊ ကျွန်မ အကြောင်းမေးရမယ်၊ ဘာဖြစ်လို့ အမြဲတမ်း ကျွန်မ မောပန်းနွမ်းနယ် နေတာလဲ ဆိုတာ ဆရာဝန်ကို မေးရမယ်၊ ဘာကြောင့် ကျွန်မဆေးတွေ အများကြီး သောက်နေရတာလဲဆိုတာ မေးရမယ်၊ ရော့်က ကလေးတွေရယ်အောင် လုပ်နိုင်တယ်၊ ကလေးတွေ ပျော်အောင် လုပ်နိုင်တယ်၊ သူ့အနားမှာ ရှိနေရင် ကလေးတွေ ဟာ လုံးဝပြောင်းလဲသွားတော့တယ်၊ ကလေး ဆိုတာ ရယ်ရယ်မောမော နေရမယ်-"

"ရော့နဲ့မင်း မေတ္တာမျှခဲ့သလား နန်စီ"
လင်ဒန်က အလိုက်သင့်မေးသည်။
"မမျှခဲ့ပါဘူးရှင်၊ ကျွန်မဟာလှောင်အိမ်ထဲမှာ ပိတ်အလှောင်ခံနေရတာပါ၊ အဲဒီလှောင်အိမ်ထဲက လွတ်အောင်ထွက်ကို ထွက်ရမယ်၊ တစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်၊ အဲဒီအချိန်မျိုး မှာရော့နဲ့တွေ့တယ်၊ သူကလဲ ကျွန်မလို သဘောမျိုးရှိပါတယ်၊ အဲဒီလိုလဲမဟုတ်သေးပါဘူး ဒီလိုလဲ မဟုတ်သေးပါဘူး"
နန်စီ၏အသံမှာ တဖြည်းဖြည်း မြင့်တက်လာလေသည်။

လင်ဒန်၏ လေသံက ချော့မော့သည့လေသံသို့ ပြောင်းလဲသွားသည်။
"ဒီလိုနဲ့ ဆယ်တစ်နာရီထိုးတော့ ကလေးတွေကို ဈေးဆိုင်ကို မင်းခေါ်သွားတယ်ပေါ့"
"ဟုတ်ပါတယ်၊ အဲဒီနေ့က မိုးရွာနေပါတယ်၊ ကားထဲမှာ နေဖို့ ကလေးတွေကို ကျွန်မပြောပါတယ် ကျွန်မပြောတဲ့အတိုင်း နေပါ့မယ်လို့ ကလေးတွေက ပြောပါတယ်၊ အရမ်းကိုလိမ္မာတဲ့ ကလေးတွေ ပါ၊ သူတို့ကိုမော်တော်ကား နောက်ထိုင်ခုံမှာ ထိုင်ခိုင်းထားခဲ့ပါတယ်၊ သူတို့ ကို ကျွန်မလုံးဝ ပြန်မတွေ့ရတော့ဘူး၊ လုံးဝပြန်မတွေ့ရတော့ပါဘူး"
"နန်စီ-ကားရပ်တဲ့ နေရာမှာ တစ်ခြားကားတွေ အများကြီး ရှိနေသလား"

"မရှိပါဘူး၊ ဆိုင်ထဲမှာလဲ ကျွန်မသိတဲ့ လူတစ်ယောက်မှ မရှိပါဘူး၊ လေအရမ်းတိုက်နေတယ်၊ အရမ်းအေးနေတယ်၊ လူတွေအများကြီး မရှိပါဘူး"
"ဆိုင်ထဲမှာ မင်းဘယ်လောက်ကြာသလဲ"
"မကြာပါဘူး၊ ဆယ်မိနစ်လောက်ပဲ ကြာပါတယ်၊ မွေးနေ့ဖယောင်းတိုင် ရှာလို့မရဘူး၊ ဆယ်မိနစ်၊ ကားရှိရာကို ကမန်းကတန်း ပြန်ပြေးလာခဲ့တယ်၊ ကလေးတွေမရှိတော့ဘူး"
သူအသံမှာ မယုံကြည်နိုင်လောက်အောင် အသံမျိုး ဖြစ်နေသည်။

"မင်းဘာလုပ်သလဲ နန်စီ"
"ဘာလုပ်ရမယ်ဆိုတာ ကျွန်မသိပါဘူး၊ ကျွန်မအတွက်လက်ဆောင်ပစ္စည်းတစ်ခုခု သူတို့ သွားတယ်နေကြတာလဲ ဖြစ်နိုင်ပါတယ်၊ ပီတာ့လက်ထဲမှာ ပိုက်ဆံရှိပါတယ်၊ တခြားအကြောင်း နဲ့တော့ တစ်နေရာရာကို သူတို့ ဘယ်နည်းနဲ့မှ သွားမှာမဟုတ်ပါဘူး၊ သူတို့ အရမ်းလိမ္မာတဲ့ ကလေးတွေဖြစ်ပါတယ်၊ ဒါကြောင့်လက်ဆောင်ပစ္စည်းဝယ်ဖို့ အကြောင်းနဲ့သာ ကားထဲက ထွက် သွားတာဖြစ်ရမယ်၊ တစ်ခြားဆိုင်ထဲမှာ ရှိနေနိုင်ပါတယ်၊ မုန့်ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်၊ အနီး တစ်ဝိုက်မှာ ရှိရှိသမျှ ဆိုင်အားလုံးကို ကျွန်မ လိုက်ရှာတယ်၊ ကားထဲကို ပြန်ကြည့်တယ်၊ လိုက်ရှာ တယ်၊ ကျွန်မကလေးတွေကို လိုက်ရှာတယ်"

"ကလေးတွေများ မြင်မိသလားလို့ တစ်ယောက်ယောက်ကို မင်းမေးကြည့်သေးသလား"
"မမေးပါဘူး၊ ကားလ်မသိမှ ဖြစ်မှာ၊ သူ့စိတ်ဆိုးလိမ့်မယ်၊ သူရိုက်တာ ကလေးတွေ မခံရစေချင် ဘူး"
"ဒီလိုဆိုတော့  အဲဒီအနီး တစ်ဝိုက်က ဆိုင်တွေ အားလု့းမှာမင်းလိုက်ရှာတာပေါ့"

"ကျွန်မဆီကို သူတို့ပြန်လာကြတာလဲ ဖြစ်နိုင်တယ်၊ မျက်စိလည်သွားတာလဲ ဖြစ်နိုင်တယ်၊ ကားရပ်ထားတဲ့ နေရာ မှာ လာကြည့်တာလဲဖြစ်နိုင်တယ်၊ ကားရပ်ထားတာ မတွေ့တော့တာလဲ ဖြစ်နိုင်တယ်၊ ကျွန်မ သူတို့ကို စပြီးအော်ခေါ်တော့တယ်၊ အရမ်းကြောက်နေတယ်၊ ရဲနဲ့ ကျွန်မ ယောက်ျားကို အကြောင်းကြား ပေမယ်လို့ တစ်ယောက်ယောက်က ကျွန်မကို ပြောလာတယ်၊ ကျွန်မကပြန်ပြောလိုက်တယ်၊ ကျွန်မ ယောကျာ်ား ကို မပြောကြပါနဲ့ရှင်လို့ ရုံးတော်မှာ အမှုစစ်တော့ အဲဒီအကြောင်း မိန်မတစ်ယောက်က ထွက်ဆို သွားပါသေးတယ်၊ ကျွန်မကတော့ ကားလ် စိတ်မဆိုး စေချင်တာပါပဲ။
"အမှုစစ်တုန်း က ဒီအကြောင်းတွေ ဘာဖြစ်လို့ မင်းထုတ်မပြောခဲ့တာလဲ"
"မပြောရဘူး တဲ့၊ ကျွန်မရှေ့နေကပြောတယ်၊ ကားလ်စိတ်ဆိုးနေတယ်ဆိုတာ မပြောရဘူးတဲ့၊ ကားလ်နဲ့ ကျွန်မ ဖုန်း စကားပြောရင်း စကားများတာကို မပြောရဘူးတဲ့၊ လီဇာအိပ်ရာမှ ရှူးရှူး မပေါက်ပါဘူး၊ အိပ်ရာခြောက် နေပါတယ်"

"မင်းဘာကို ဆိုလိုတာလဲ"
"မွေ့ရာရာ အိပ်ရာခင်းပါခြောက်နေပါတယ်၊ ကားလ်ကဘာဖြစ်လို့ လီဇာကိုရိုက်ရတာလဲ၊ ဘာဖြစ်လို့လဲ၊ ကိစ္စမရှိ ပါဘူးလေ၊ ကိစ္စမရှိတော့ပါဘူး၊ ထားလိုက်ပါတော့၊ ကလေးတွေ မရှိတော့ ဘူး၊ သေကုန်ပြီ၊ မိုက်ကယ် လဲ မရှိတော့ဘူး၊ မစ်စီလဲမရှိတော့ဘူး၊ ပျောက်ကုန်ပြီ ရှာပေး ကြပါ၊ ကျွန်မသားနဲ့ သမီးလေးကို တွေ့အောင် ရှာပေးကြပါ"
"ဒီနေ့မနက် မိုက်ကယ်နဲ့ မစ်စီကို လိုက်ရှာတဲ့ အကြောင်းကျုပ်တို့ကို ပြန်ပြောပြပါဦး"
"ရေကန်မှာ ကျွန်မသွားရှာရမယ် သူတို့ ရေကန်ကြီးဆီကို သွားတာဖြစ်နိုင်တယ်၊ ရေကန်ထဲဆင်း ရင်း ရေနစ် ကုန်တာ ဖြစ်နိုင်တယ်၊ မြန်မြန်လုပ်ပါ၊ မြန်မြန်လုပ်ပါ၊ ရေကန်ထဲမှာ တစ်ခုခုရှိနေတယ်၊ ရေအောက်ထဲ မှာ တစ်ခုခုရှိနေတယ်"
"ရေအောက်ထဲမှာ ဘာရှိနေသလဲ နန်စီ"

"အနီရောင်၊ အနီရောင်ပစ္စည်းတစ်ခု၊ မစ်စီရဲ့လက်အိတ်အနီကလေး ဖြစ်နိုင်တယ်၊ လက်အိတ် ကလေးကို ရအောင် ယူမှ၊ ရေကအရမ်းအေးနေတယ်၊ လက်အိတ်ကလေးကို မမီနိုငဘူး၊ မဟုတ်ဘူး လက်အိတ် မဟုတ်ဘူး၊ ချမ်းတယ်၊ အရမ်းချမ်းတယ်0
"မင်းဘာလုပ် သလဲ"
"ကလေး တွေ အဲဒီမှာမရှိဘူး၊ ပြန်တက်၊ ရေထဲကပြန်တက်၊ အရမ်းချမ်းတယ်၊ သောင်ပြင်ပေါ်မှာ သောင်ပြင် ပေါ်မှာ ကျွန်မလဲသွားတယ်၊ အဲဒီနေရာမှ သူရှိနေတယ်၊ သစ်တောထဲမှာ ကျွန်မကို ကြည့် နေတယ်၊ သူကို ကျွန်မတွေ့ရတယ်၊ ကျွန်မကို သူလှမ်းကြည့်နေတယ်"
ဂျက်ကော်ဖင် က ထိုင်ရာမှ ဆက်ခနဲထသည်။

ရေး၏ကိုယ်လုံးကလည်း ဖြုန်းခနဲ ရှေ့သို့ ကိုင်းကျလာသည်။
သို့သော်လင်ဒန်က သူတို့နှစ်ယောက်ကို လက်ပြပြီး သတိပေးလိုက်သောကြောင့် နှစ်ယောက် စလုံး ပြန်ငြိမ် သွားသည်။
"ဘယ်သူလဲနန်စီ၊ အဲဒီနေရာမှာ ဘယ်သူရှိနေတယ်ဆိုတာ တို့ကိုပြောပြစမ်း"
"ယောက်ျားတစ်ယောက်၊ သူ့ကိုကျွန်မသိတယ်၊ သူဟာ၊ သူဟာ ရော့လဂ္ဂလာ၊ အဲဒီနေရာမှ ရော့လဂ္ဂလာ ရောက်နေတယ်၊ သူပုန်းနေတယ်၊ ကျွန်မကိုလှမ်းကြည့်နေတယ်"
သူ အသံမြင့်လာသည်။ ပြီးတော့ပြန်နိမ့်ကျသွားသည်။ မျက်တောင်များ ခတ်နေသည်။ ပြီးတော့ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားသည်။
ရေး၏မျက်နှာပေါ်တွင် သွေးရောင်ပျောက်နေသည်။
ဒေါ်ရောသီက ခပ်မြန်မြန်အသက်ရှူသည်။

သည်အတိုင်းဆိုလျှင်တော့ ကလေးပျောက်ဆုံးမှုကြီးနှစ်ခုမှာ ဆက်သွယ်မှု ရှိနေချေပြီ။
"အိမ်မွေ့ချဆေး ပြယ်တော့မယ်၊ ခဏလေးနေရင် သတိပြန်ရလာလိမ့်မယ်"
လင်ဒန်က ထိုင်ရာမှထသည်။ အကြာကြီးထိုင်နေရသဖြင့် ခြေထောက်ကျင်နေသောကြောင့် သူ့မျက်နှာ ရှုံ့မဲ့ နေသည်။
"ဒေါက်တာ၊ ခင်ဗျားနဲ့ ဂျိုနသန်ကို အပြင်ဘက်မှာ ကျွန်တော် စကားပြောလို့ရမလား"
"ဂျက်က မည်သို့မှ မခံစားရသော လေသံမျိုးဖြင့် လှမ်းမေးသည်။"

နန်စီနဲ့အတူတူနေလိုက်ဦးရေး၊ ခဏနေရင် သူနိုးလာလိမ့်မယ်
လင်ဒန်က ရေးကိုလှည့်ပြောသည်။
ထမင်းစားခန်းထဲရောက်တော့ ဂျက်က ဂျိုနသန်နှင့်လင်ဒန်တို့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"ဒေါက်တာ နောက်ထပ်ဘယ်လောက် ကြာကြာအိပ်မွေ့ချားထားလို့ ရနိုင်ဦးမလဲ"
ဂျက်က မေးသည်။ သို့သော် သူ့စိတ်ထဲတွင် ဘာရှိနေကြာင်း အပြောရခက်ပါသည်။
နန်စီ ကို ဒီထက်ပိုပြီး ကျုပ်တို့ မေးလို့ မကောင်းတော့ဘူး
အချိန်တွေ ဒါလောက်ဖြုန်းတီးပစ်ရတာ ဘာများအကျိုးထူးသလဲဗျာ၊ နန်စီဟာ သူ့ယောက်ျားကို အရမ်းကြောက် ရတယ်ဆိုတာရယ်၊ သူ့ယောက်ျားကို မချစ်ဘူး ဆိုတာရယ်၊ ရော့လဂ္ဂလာကို ဒီနေ့ မနက် ရေကန် နားမှာ တွေ့လိုက်ရတယ် ဆိုတာရယ်ပဲ ကျွန်တော်တို့ သိရတာမဟုတ်လား။

လင်ဒန်က ဂျက်ကိုစိုက်ကြည့်နေသည်။
"ဘုရားသခင်၊ ဒီမိန်းကလေး ဘာတွေပြောသွားတယ်ဆိုတာ ခင်ဗျားမကြားလိုက်ဘူးလား၊ သူ ဘာပြောချင် နေတယ်ဆိုတာ ခင်ဗျားသဘော မပေါက်ဘူးလား၊ ခင်ဗျားဘာတွေ နားထောင် နေတယ်ဆိုတာကိုတောင် မသိတော့ ဘူးလား"
"အဲလ်ဒရက်ခ်ျ့ရဲ့ ကလေးတွေကို တွေ့အောင် ပြန်ရှာဖို့ ကျွန်တော့်ကို ဘာအထောက်အကူမှ မဲပြုတဲ့ အကြောင်း တွေပဲ ကျွန်တော် ကြားလိုက်ရတယ်ဗျာ သူ့အမေသေရတာ သူ့ကြောင့်ဆိုပြီး နန်စီအဲဒရက်ခ်ျ က သူ့ကိုယ်သူအပြစ်တင်နေတာပဲ ကြားလိုက်ရတယ်ဗျာ၊ ကျောင်းအိပ်ကျောင်း စားနေနေတဲ့ သားသမီး ဆီကို မိဘကသွားလည်တယ် ဆိုတာ ထုံးစံပဲ ဘာထူးဆန်းလို့လဲ၊ သူ့ရဲ့ပတထမယောကျားနဲ့ ပတ်သက် လို့ကတော့ သူဟာပယောဂပူးသလိုလို သွေးရူး သွေးတမ်းဖြစ်နေတယ်၊ သူထွက်ပြေးချင်တာနဲ့ ပတ်သက် လို့လဲသူ့ ယောကျာ်းကို အပြစ်ဖို့ဖို့ ကြိုးစားနေတယ်၊ ကျွန်တော်တော့ ဒါလောက်ပဲ နားလည်တယ်"

"ကားလ်ဟာမွန်နဲ့ ပတ်သတ်ပြီး ခင်ဗျားဘယ်လို ထင်မြင်ယူဆသလဲ"
လင်ဒန် က တည်ငြိမ်သောလေသံဖြင့် တိုးတိုးမေးသည်။
"မိန်းမငယ် ယူထားပြီး အမြဲတမ်း စိတ်မချနိုင်အောင် ဖြစ်နေတတ်တဲ့လူမျိုး၊ အမြဲတမ်း အနိုင်ကျင့် ချင်နေတဲ့ လူမျိုး ပေါ့ဗျာ၊ လောကကြီးမှာ သူလိုယောက်ျားတွေ အများကြီးပါပဲ၊ အလားတူ ဥပမာ တွေ မရေမတွက်နိုင်အောင် ခင်ဗျားကို ကျွန်တော် ပြောပြနိုင်ပါတယ်၊ တချို့ယောက်ျားက ဈေးဖိုး ကလွဲပြီး မိန်းမလက် ကို ပိုက်ဆံမအပ်ဘူး၊ တချို့ယောက်ျားကမိသာစုကားကိုမိန်မ မမောင်ရဘူး၊ တချို့ယောက်ျားက မိန်းမကို သူလိုက်မပို့ ညဘက်အပြင်ထွက်ခွင့်မပေးဘူး၊ အဲလိုယောက်ျား အမျိုးမျိုး ရှိတာပဲ၊ ကားလ်ဟာမွန်လဲ အဲဒီအမျိုးမစားထဲကမိန်းမငယ်ငယ်လေးကို စိတ်မချနိုင်တဲ့ ယောက်ျား တစ်ယောက် ပေါ့၊ ဒီလိုလူမျိုးတွေကြောင့် အမျိုးသမီးလွတ်မြောက်ရေး အသင်းတွေ ပေါ်လာရတာ"

"ရဲဝင်ကြီး ပီဒိုဖီးလီးယား ဆိုတဲ့ ရောဂါအကြောင်းခင်ဗျားသိသလား"
လင်ဒန် က ခပ်အေးအေး မေးပြန်သည်
ဂျိုနသန် က ခေါင်းညိတ်နေသည်။
"ကျွန်တော်ကလဲ အဲဒီအကြောင်းကိုပဲ စဉ်းစားနေတာ"ဟုဝင်ပြောသည်။
လင်ဒန် က ဂျက်ကော်ဖင်အဖြေမပေးမီ ဆက်ပြောသည်။
"လူပြိန်း နားလည်အောင် ပြောရမယ်ဆိုရင်တော့ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် ပုံမှန်စိတ် အနေအ ထား မရှိဘဲ ဖောက်ပြန်နေတဲ့ ရောဂါတစ်မျိုးကိုခေါ်တာ"
"ဒီအမှုမှာ အဲဒီရောဂါနဲ့ ဘယ်လိုပတ်သက်သလဲ"
ဂျက်က ဇဝေဇ၀ါအမှုအရာ ဖြင့်မေးသည်။

"အခုအမှုမှာတော့ မဆိုင်ပါဘူး၊ နန်စီလက်ထပ်တုန်းက ဆယ့်ရှစ်နှစ်တောင် မပြည့်တတ် သေးဘူး၊ နောက်ပြီးတော့ သူ့ရုပ်ကလည်း ပီတိကလေးရုပ်ကလေး ဒီမှာဂျက် ကားလ်ဟာမွန်ရဲ့ နောက်ပိုင်း အဖြစ် အပျက် တွေကို ပြန်ရှာပြီး စစ်ဆေးကြည့်ပေးနိုင်မလား"
ဂျက်ကော်ဖင် က မယုံကြည်နိုင်သလို ပြန်ကြည့်သည်။ သူပြန်ဖြေသောအခါ ဒေါသကို အနိုင်နိုင်ချုပ် တီး ထားရ ကြောင်း သူ့အသံထဲမှာ အထင်အရှား ပေါ်လွင်နေလေသည်။
အပြင်မှာ မိုးသီးတွေ တဖွဲဖွဲကြွေနေသည်။ ပြတင်းပေါက်မှန်များကို မိုးသီးများလာထိသည့် အသံကို လည်း အတိုင်းသား ကြားနေရသည်။
ဂျက်က တုန်ယင်သောလက်ဖြင့် ထိုမြင်ကွင်းကို လက်ညှိုးထိုးပြသည်။

"ဒေါက်တာ အပြင်မှာ ရာသီဥတု ဘယ်လောက်ဆိုးနေတယ်ဆိုတာကို မြင်ရဲ့လား၊ ရာသီဥတု ဆိုးရွားနေတဲ့ အသံကိုရောကြားရဲ့လား၊ အဲဒီလောက်ဆိုးရွာတဲ့ ရာသီဥတုထဲမှာ ကလေးနှစ် ယောက်ရဲ့ ကံကြမ္မာဘယ်လို ဖြစ်နေတယ် ဆိုတာ ဘယသူမှမသိနိုင်ဘူး၊ သူတို့ ဘယ်ရောက်နေ တယ်ဆိုတာကိုလဲ ဘယ်သူမှ မသိနိုင်ဘူး သူတို့အသက်ရှင်လျက် ရှိသေးသလား သေကုန်ပြီလား ဆိုတာလဲ ဘုရားသခင်ကလွဲလို့ ဘယ်သူ မှ မသိနိုင်ဘူး"
"ဒါကြောင့် ကျွန်တော့်တာဝန်ဟာ သူတို့ကို အခုတွေ့အောင် ရှာဖို့ပဲ ရှာဖို့အခြေခံ အကြောင်း တွေထဲမှာ မျှော်လင့်ချက် ကလေးတစ်ခုပဲ ကျွန်တော်တို့ ရသေးတယ်၊ အဲဒါကတော့ ရော့လဂ္ဂလာ ကို တွေ့လိုက်ရတယ်လို့ နန်စီနဲ့ဓာတ်ဆီဆိုင် အလုပ်သမားတို့ရဲ့ ပြောဆိုချက်ပဲ၊ ရော့လဂ္ဂဟာ ဒီနားတစ်ဝိုက် ကို ရောက်လာတယ်ဆိုတဲ့အချက်ပဲ သဲလွန်စရသေးတယ်ဒီသဲလွန်စကလေးကို ကိုင်ပြီး တစ်ခုခုကိုတော့ ကျွန်တော် လုပ်ရတော့မယ်"
ဂျက်၏ လေသံထဲမှာ နားကြည်းသံများ ရောစွက်ပါလာပြန်သည်။

အဲဒီလောက် အရေးကြီးနေတဲ့အချိန်မျိုးမှာ ဇာတ်လမ်းတွေ ကဘောက်တိ ကဘောက်ချာ ဖြစ်ကုန် အောင် နှစ်ပေါင်း များစွာက သေသွားတဲ့လူအကြောင်း ပြန်စုံစမ်းခိုင်နေရတယ်လို့ဗျာ
တယ်လီဖုန်း ခေါင်းလောင်းသံ ထမြည်သည်။
သူတို့ပြောသမျှကို အခန်းထောင့်မှာ ရပ်ပြီး နားထောင်နေသော ရဲသားဘာနီက ဖုန်းကိုင်ရန် ပြေး သည်။ ဒါလောက်အရေးကြီးနေသည့် အချိန်တွင် ကလေးများရှာဖွေတွေ့ရှိရေးကို ဦးစားပေး မစဉ်း စားဘဲ နန်စီ၏ပထမယောက်ျား အကြောင်း စုံစမ်းခိုင်းသည့် အချက်ကိုတော့ သူလည်း သဘောမ တူနိုင်ပါ။
ဖုန်းကို ကောက်ကိုင်ပြီး နားထောင်သည်။ ရဲစခန်မှ လှမ်းဆက်ခြင်းဖြစ်သည်။

"ဆရာကြီးကို ပေးစမ်း"
တယ်လီဖုန်းနားထောင်နေသည့် ဂျက်ကို ဂျိုနသန်နှင့် လင်ဒန်တို့ စောင့်ကြည့်အကဲခတ်နေကြ သည်။
ဂျက်က တစ်ဘက်မှ ပြောသမျှကိုနားထောင်နေသည်။ ပြီးတော့ မေးခွန်းတိုများကို ခပ်မြန်မြန် မေးသည်။
"ဘယ်လောက်ကြာပြီလဲ၊ ဘယ်မှာလဲ"
သူတို့အချင်းချင်း တစ်ယောက်ကို တစ်ယောက်တိတ်ဆိတ်စွာ ကြည့်ကြသည်။
ကလေးများအကြောင်း မကောင်းသတင်း မဖြစ်ပါစေနှင့်ဟု လင်ဒန်က ကျိတ်ပြီး ဆုတောင်းနေ သည်။
ဂျက်က ဖုန်းကို ဆတ်ခနဲပြန်ချပြီး သူတို့ဘက်သို့ လှည့်ကြည့်သည်။

"ဒီနေ့မနက် ဆယ်နာရီခွဲတုန်းက ဒီမြို့မှာ ရှိတဲ့ အေဒမ်ပို့တည်းခိုခန်းမှာ ရော့လဂ္ဂလာ ၀င်တည်း တယ် သူခိုးပြီး မောင်သွားတယ် လို့ယူဆရတဲ့ မော်တော်ကားက အမှတ်-၆(က)လမ်း မကြီးပေးမှာ မှောက်ပြီး ပျက်စီးသွားတယ်၊ ဒါပေမယ့် လူကတော့လွတ်သွားတယ်၊ ကုန်းတွင်းပိုင်းကို ဦးတည်သွားနေတယ်လို့ ယူဆရတယ်၊ ပိတ်ဆို့ပြီးသူ့ကို ပိုက်စိပ်တိုက်ရှာရတော့မယ်၊ အဲဒီအ တွက်လိုအပ်တာတွေ ကျွန်တော် သွားညွှန်ကြားရမယ်၊ ရဲသားဘာနီကို ဒီမှာတာဝန်ချတားခဲ့မယ်၊ ရော့လဂ္ဂဆိုတဲ့ ငတိကို ကျွန်တော်တို့ မိတော့မှာပါပဲ၊ အဲဒီအခါကျရင် ကလေးတွေရဲ့ ကံကြမ္မာ ဘယ်လိုရှိတယ်ဆိုတာ ပြောနိုငတော့မှာပါ"
ဂျက်ထွက်သွားသည်။ တံခါးပိတ်သွားသောအခါ ဂျိုနသန်က လင်ဒန်ကို ကြည့်သည်။

"အခုချိန်အထိ သိထားရသမျှတွေနဲ့ ပတ်သက်လို့ ခင်ဗျား ဘယ်လိုသဘောရသလဲ"ဟုမေး သည်။
လင်ဒန်က ရုတ်တရတ်မဖြေဘဲ အကြာကြီး စဉ်းစားနေသည်။
ဒီအမှုထဲမှာ ငါလဲတော်တော်ကြီးကို ပတ်သတ်နေပါပေါ့လား။ ပရစ်စီလာက ကားလ်ဟာမွန်နဲ့ သူ့သမီးနန်စီနဲ့အတူတူ ညာစာစားနေရာက ထလာပြီး ငါ့ကိုဖုန်းလှမ်းဆက်တယ်၊ သူစားပွဲက ထသွား ပြီးတော့ ကားလ်ဟာမွန်လဲ စားပွဲကထသွားပြန်တယ်။ သူဘယ်ကိုသွားတာလဲ။ တယ်လီင်္ ဖုန်းနဲ့ ပရစ်စီလာ ငါ့ကိုပြောတာတွေ သူကြားသွားသလား။
သူ့အင်္ကျီမှာ စက်ဆီတွေပေကုန်တယ်လို့ နန်စီက ပြောတယ်၊ စက်ဆီတွေပေနေတဲ့လက်နဲ့ ကားလ်က သူ့ပခုံးကို ကိုင်လိုက်တဲ့အတွက် ဒီလိုဖြစ်ရတယ်လို့ နန်စီယုံကြည်နေသလား။ အဲဒီလို သဘောမျိုး ပြောတာလား။

ပရစ်စီရဲ့မော်တော်ကား တစ်ခုခုချွတ်ယွင်းသွားအောင် ကားလ်ဟာမွန် တစ်ခုခုသွားလိုပ်ထားလိုက် ကြောင်း သူယုံကြည်တယ်လို့ပြောဖို့ ကြိုးစားနေတာလား။
စဉ်းစားရင်း လင်ဒန်အဖို့ ဇာတ်လမ်းက ရုပ်လုံးပေါ်တန်သလောက် ပေါ်လာလေသည်။
သို့သော်လည်း ရုပ်လုံးပေါ်လာလို့ ဘာအကျိုးရှိမည်နည်း။
ကားလ်ဟာမွန်သည် ယခုအခါ အရိုးဆွေးနေပြီမဟုတ်လား။
ဂျိုနသန်က လှမ်းပြောသည်။

"ခင်ဗျားနဲ့ကျွန်တော် အတွေချင်းတူနေပြီထင်တယ်၊ ကျွန်တော်က ကားလ်ဟာမွန် အကြောင်း စဉ်းစား နေတာ၊ ဒါပေမယ့် သူတို့ရဲ့ကလေးနှစ်ယောက်ပျောက်ဆုံးပြီး အသတ်ခံရတဲ့အကြောင်း ဟာ အခု အမှု မှာတော့ ဘယ်လိုမှလာပြီး အထောက်အကူပြုနိုင်မယ် မထင်ဘူး၊ ခင်းဗျားလဲကားဟာ မွန်အကြောင်း စဉ်းစားနေတယ် ထင်တယ်"
"ဟုတ်ပါတယ်"
လင်ဒန်ကလည်း ၀န်ခံသည်။
"သူသေသွားတဲ့နောက်ပိုင်းမှာ ရော့လဂ္ဂလာအကြေင်းကို ကျွန်တော်တို့ စဉ်းစားကြတယ် လဂ္ဂလာ ကို အပူပေးတဲ့ စက်ပြင်ဖို့ အိမ်ကိုလွှတ်လိုက်တယ်၊ နန်စီသေဒဏ်ခံရအောင် သက်သေခံနိုငတဲ့ တစ်ယောက် တည်းသော သက်သေပဲ၊ အိပ်မွေ့ချခံရပြီး ဒီနေ့မနက်အကြောင်း နန်စီပြောပြတာ တွေဟာ ဘယ်လောက်အထိ မှန်ကန်တိကျနိုင်သလဲ"
လင်ဒန်က ခေါင်းယမ်းသည်။

"ကျွန်တော်လဲအသေအချာ မပြောနိုင်ဘူး၊ အမိုက်ဘယ်လ်ဆေးထိုးခံရလဲ တချိုကလူနာတွေဟာ အမှန် တွေကိုချည်း တိတိကျကျ ပြန်ပြောပြတတ်တယ် တချို့ကျတော့လဲ ဆေးဒဏ်ကို ခံနိုင်တယ်၊ ဒါပေမယ့် မောရှော့ ရေကန်ကြီးဘေးမှာ ရော့လဂ္ဂလာကို သူတွေ့လိုက်တယ်ဆိုတဲ့အချက်ကိုတော့ ကျွန်တော် ယုံကြည် တယ်ဗျာ"
"နောက်ပြီးတော့ ဒီနေ့မနက် ဆယ်နာရီခွဲမှာ တည်းခိုခန်းတစ်ခုကိုသွားပြီး သူတစ်ယောက်တည်း တည်း တယ်"
ဂျိုနသန် က စဉ်းစားရင်ပြောသည်။
လင်ဒန် က ခေါင်းညိတ်ထောက်ခံသည်။
သူတို့နှစ်ယောက်သည် ဘာမှထပ်မပြေကြတော့ပဲ ပြတင်းပေါက်ကိုကျော်ပြီး မောရော့ရေကန်ကြီး ရှိရာဘက် သို့ ပြိုင်တူ လှမ်းမျှော်ငေးကြည့်နေလေသည်။

ဆက်ရန်
.

No comments: