ဇာတ်ဖွင့်
ပြတင်းပေါက် ဘောင်ရှိ အက်ကြောင်း ကလေးများထဲမှ ရေခဲလိုအေးစက်သည့် လေများ တိုးဝင် နေသည် ကို သူခံစားနေရသည်။
မကုန်းမကွ အနေအထားဖြင့် ပြတင်းပေါက်ဆီသို့ သူထွသွားသည်။ လွယ်လင့်တကူ ရနိုင်ရန် အသင့် ဆောင်ထားသည့် မျက်နှာသုတ်ပ၀ါထူထူများအနက် တစ်ထည်ကကို လှမ်းဆွဲ သည်။
ပြတင်းပေါက်ဘောင် မှ လေ၀င်နေသည့်အက်ကြောင်းကို ထိုမျက်နှာပ၀ါဖြင့် လိုက်ဆို့ သည်။
တိုးဝင်နေသည့် လေသံပျော့သွားသည်။ မျက်နှာသုတ်ပ၀ါကို တစ်ဆင့်ထပ်တိုးနေရသော ကြောင့် အသံက တစ်မျိုး ပြောင်းသွားသည်။
ထိုအသံ က သူ့ကို စိတ်ချမ်းသာစေသည်။
မြူတွေ ဆိုင်းဆို့နေသည့် ကောင်းကင်ကို ပြတင်းပေါက်မှတစ်ဆင့် သူလှမ်းမျှော်ကြည့် သည်။ လှိုင်းခေါင်းဖြူ များ ခပ်ကြမ်းကြမ်းကလေး ကြွစပြုနေသည့် သမုသဒ္ဒရာပြင်ကို အကဲခတ် ကြည့်သည်။
ကိပ်ကော့ပင်လယ်အော်၏ တစ်ဘက်ကမ်းမှာရှိသော ပရိုဗင့်စ်တောင်းကို သည်နေရာမှ နေ၍ မကြာခဏ လှမ်း မြင်နိုင်သည်။ ရာသီဥတု ဆိုးရွားလွန်းသည့်အခါများတွင်သာ မြင်ဖို့ခက် သည်။
ကိပ်ကော့မြို့ ကို သူမုန်းသည်။
အထူးသဖြင့် ယခုလို ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းသော နိုဝင်ဘာလကို ပိုမုန်းသည်။
ရေပြင်ကြီး က အညိုရောင် ပေါက်နေတတ်သည်။
ထုံထုံ ထိုင်းထိုင်း နိုင်လှသည့် မြို့သူမြို့သားများက စကားများများမပြော။ သို့သော်လည်း စပ်စုသော မျက်လုံးများ ဖြင့်ကား အမြဲတမ်း လေ့လာအကဲခတ်နေတတ်ကြသည်။
ထိုသို့သော ပတ်ဝန်းကျင်နှင့် အကျင့်စရိုက်များကို သူမုန်းသည်။
သူကြုံဖူးသည့် တစ်နွေ ကို ပြန်မှတ်မိနေသည်။ ထိုနွေက သည်အရိပ်ကိုသို့ သူရောက်နေ သည်။ ကမ္ဘာလှည့် ခရီးသွားတွေလည်း များလွန်းလှသည်။ သောင်ပြင်ပေါ်မှာ ပြည့်နေ သည်။ ချောက်ကမ်းပါး များကို ဖက်တွယ်တက်ကြသည်။ မက်စောက်လှသော လှိုင်းကာကျောက်နံရံကြီးကို ကုတ်ကပ်တက်ကာ သူ ငှားနေသည့် အိမ်အောက်ထပ်ကို ချောင်းကြည့်ကြသည်။
ထိုအပြုအမူ ကို သူမုန်းသည်။
သူငှားနေသည့်အိမ်မှာ လာပြီး ရေးအဲလ်ဒရက်ခ်ျ ချိတ်ဆွဲထားသည့် "ရောင်းရန်" ဆိုသော ဆိုင်းဘုတ် ကိုလည်း သူမုန်းသည်။
ဆိုင်းဘုတ်ကို အိမ်ရှေ့တွင် ချိတ်ရုံနှင့် အားမရနိုင်ဘဲ အိမ်နောက်မှာပါ ချိတ်သွားကြသည်။
နောက်ပြီးတော့ ရေး နှင့် သူ့ဆီမှာ အလုပ်လုပ်သည့် မိန်းမကြီးတို့သည် ၀ယ်လိုသူများ ကို ခေါ်လာပြီး အိမ်ပြစ ပြုကြပြီ။ လူရှုပ်စ ပြုလာပြီ။
လွန်ခဲ့သော လ က သည်နေရာသို့ သူရောက်လာဖြစ်သည်ကိုပင် ကျေးဇူး တင်ရသေးတော့ သည်။
နည်းနည်း နောက်ကျ သွားလျှင် သည်အိမ်အပေါ်ဆုံးထပ်ကို သူငှား၍ ရတော့မည်မဟုတ်။
သည်တုန်းက သည်အိမ်ကိုရောင်းဖို့ အစီအစဉ် မရှိသေး။ ထို့ကြောင့် အပေါ်ဆုံးထပ်ကို သူငှားရမ်း ရရှိ ခဲ့သည်။ အဝေးကြည့် မှန်ပြောင်းကြီးကို အပေါ်ဆုံးထပ်က အခန်းထဲမှာ သူဆင်နိုင် ခဲ့သည်။
သူအရမ်း ကံကောင်းနေသောကြောင့် ထိုအခွင့်အရေးများကို ရရှိခြင်း ဖြစ်သည်။
သို့သော် အချိန်မရှိတော့။
တစ်စုံတစ်ယောက်က သည်အိမ်ကြီးကို ၀ယ်သွားလျှင် သူပြန်ငှား၍ ရနိုင်တော့မည် မဟုတ်ပါ။ အရောင်း အ၀ယ် မဖြစ်ခင် လုပ်စရာရှိသည်ကို တက်သုတ်နှင်းပြီး လုပ်ရတော့မည်။
ထို့ကြောင့် သတင်းစာတိုက်သို့ သူ ဆောင်းပါးရေးဖို့လိုက်ခြင်း ဖြစ်သည်။
သည်ပတ်ဝန်းကျင်မှာ ဟိုကောင်မ၏ နန်းဇာတိရုပ်အမှန် ဘွားခနဲ ပေါ်သည့်အချန်တွင် သည်နေရာမှာ သူ ရှိနေချင် သေးသည်။
ဟိုကောင်မ က သူ့ဘ၀လုံခြုံသွားပြီဟု ထင်နေသည်။
ထိုအချိန်မျိုးတွင် သူ့ဘ၀အမှန် ပေါ်သွားသောအခါ မည်သို့ ခံစားနေရသည်ကို စောင့်ကြည့်ပြီး သူ အရသာ ခံချင် သည်။
နောက်ပြီးတော့ သူလုပ်စရာအလုပ်ကလေးတစ်ခု ရှိသေးသည်။ သို့သော်လည်း တစ်ချက် ကလေးမှ အခွင့် မသာခဲ့။
ဟိုကောင်မသည် ကလေး တွေ ကို မျက်စိအောက်မှ အပျောက်မခံ။ တစ်ချက်ကလေးမှ အလစ်မပေး။
သို့သော်လည်း သူ မစောင့်နိုင်တော့ပါ။
မနက်ဖြန် ...
အခန်းထဲမှာ စိတ်ဂနာမငြိမ်စွာဖြင့် သူ လှည့်လည် သွားလာနေမိသည်။ အပေါ်ဆုံးထပ်၏ အိပ်ခန်းကြီးက ကျယ်လွင့် လွန်း လှသည်။
အိမ်ကြီးကိုယ်နှုတ်က အလွန်ကြီးသည်။ ၁၇-ရာစုအစပိုင်းလောက်တုန်းက သဘောင်္ကပ္ပတိန်တစ်ယောက် တည်ဆောက် ခဲ့ သည့် အိမ်ကြီး ဖြစ်သည်။
ရေစပ်ရှိ လခြမ်းပုံသဏ္ဍာန် ကျောက်ဆောင်များပေါ်တွင် ဆောက်လုပ်ထားသောကြောင့် ပင်လယ်အော် ကြီး တစ်ခုလုံး ကို အပေါ်မှ စီးမြင် နေရသည်။ တစ်စုံတစ်ရာကို အချိန်ပြည့် စောင့်ဆိုင်း ကြည့်ရှု ဖို့ အကောင်းဆုံး နေရာ တစ်နေရာ ဖြစ်သည်။
ဘ၀ဆိုသည်မှာ ထင်ထားသလိုတော့ မဖြစ်နိုင်။ ပင်လယ်ပြင်ထဲက ရေခဲတုံး နှင့် တူသည် ဟု ဆိုနိုင်သည်။ ရေခဲတုံး တစ်ခုလုံး ကို မမြင်နိုင်။ ရေပေါ်ပေါ်နေသည့် ထိပ်ဖျားကလေးကိုသာ မြင်နိုင်သည်။
ဘ၀ဆိုသ်ညမှာ ထိုအတိုင်း ဖြစ်သည်။ အပိုင်းအစ ကလေး တစ်ခုကိုသာ မြင်နိုင်သည်။ ဘ၀တစ်ခုလုံးကို မမြင် မတွေ့နိုင်။
ထို အကြောင်း များ ကို သူသိပါသည်။
သူ့မျက်နှာကို လက်ဖြင့် သပ်လုက်သည်။ အခန်းထဲမှာ အေးစိမ့်နေသော်လည်း သူ့ လက်သည် လည်း ကောင်း၊ သူ့မျက်နှာသည် လည်းကောင်း နွေးနေသည်။ အနေရ အထိုင်ရ ခက်နေသည်။
နွေနှောင်း နှင့် မိုးဦးကျတိုင်းသည်အိမ်ကြီးကို သူ ဆက်တိုက် ငှားရမ်းခဲ့သည့်မှာ ခြောက်နှစ် ရှိသွားချေပြီ။
သို့သော် ဘာမှ မပြောင်းလဲ။ သူ ပထမဆုံးအကြိမ် ရောက်လာတုန်းကလိုပင် အရာ အတော်များများ မပြောင်းမလဲ တည်မြဲလျက် ရှိကြပေသည်။
အနည်းအကျဥ်း ပဲ ပြောင်းသည်။
ဥပမာ အိမ်ရှေ့ခန်းထဲတွင် ဆင်ထားသည် အဝေးကြည် မှန်ပြောင်း။
အထူးအချိန် ကာလ အတွက် အဆင်သင့် ထားရှိသည့် အ၀တ်အစားများ။
နေကာ ကို ဆွဲချလိုက်လျှင် မျက်နှာကို ကောင်းစွာ ဖုံးအုပ်နိုင်သည့် ဦးထုပ်။
ဒါတွေလောက်ပဲ ပြောင်းလဲသည်။ အပေါ်ထပ် ကတော့ အတူတူပဲ ဖြစ်သည်။
စားပွဲများ၊ ကုလားထိုင်များ၊ ဧည့်ခန်းထဲတွင် ခင်းထားသည့် ကော်ဇောများ၊ အိပ်ခန်းထဲက ခုတင်နှင့် အပြင် အဆင်များ။
အားလုံး အတူတူပင် ဖြစ်သည်။
သူ့ကြံရွယ်ချက်ကို အထမြောက်အောင် အကောင်အထည်ဖော်ဖို့ အကောင်းဆုံးနေရာ ဖြစ်သည်။
သည်အိမ်ကြီး ရောင်းစွံရန် သူတို့ အပြင်းအထန် ကြိုးစားနေကြကြောင်း၊ စားသောက်ဆိုင် ဖွင့်မည့်သူနှင့် စပ် ထားကြောင်း၊ ၀ယ်မည့်သူက ကြည့်လိုပါသည်ဆိုလျှင် အချိန်များများ ကြိုတင် အသိမပေးနိုင်ဘဲ ဖုန်း ဖြင့်သာ အချိန်ကပ်ပြီး ခွင့်တောင်းလိုပါကြောင်းဖြင့် ရေးအဲလ်ဒရက်ခ်ျ က သူ့ကို ပြောသည်။
ရေးအဲလ်ဒရက်ခ်ျ ထိုသူအကြောင်း စဉ်းစားမိသောအခါ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု အလိုလို ပေါ်လာ သည်။
မနက်ဖြန် သတင်းစာထဲက ဆောင်းပါးကို မြင်လျှင် ရေးဘယ်ဘယ်လို ထင်မည်နည်း။
နန်စီ သည် သူ မည်သူ မည်ဝါဖြစ်ကြောင်း ရေး ကို ဖွင့်ပြောပြထားသလား။
သတင်းစာ ကို လှန်လိုက်သည်တွင် နန်စီ အကြောင်းဆောင်းပါး ကို ရေး မြင်ရသောအခါ မျက်နှာအမူအရာ မည်သို့ ဖြစ်သွားသည်ကို စောင့်ကြည့်နေရမည်ဆိုလျှင် မည်မျှကောင်းချိမ့်မည် နည်းဟု သူ တွေးကြည့် သည်။
သတင်းစာ ကို မနက်ဆယ်နာရီကျော်ကျော်ကလေးတွင် လာပို့လေ့ရှိသည်။ ထိုအချိန်တွင် ရေးသည် သူ့ ရုံး သို့ ရောက်ရှိနေလိမ့်မည်။ သတင်းစာကို သူချက်ချင်း ကြည့်ဦးမည် မဟုတ်။
စိတ်မရှည်စွာဖြင့် ပြတင်းပေါက်နားမှ သူပြန်လှည့်လာသည်။
တုတ်ခိုင်သော သူ၏ ခြေထောက်များက ဘောင်းဘီထဲမှာ ကျပ်နေသည်။ ကိုယ်အလေးချိန် နည်းနည်း လျော့ သွားလျှင် ကောင်းမည်ဟု တွေးသည်။ အစားအသောက် လျှော့ရမည်။
လိုအပ်မည်ဆိုလျှင် ဆင်ခြင်နိုင်ပါသည်။ ဟိုတုန်းကလည်း ကိုယ်အလေးချိန် လျှော့ခဲ့ဖူး သည်။
သူ့ခေါင်းကို ပြန်သပ်ကြည့်သည်။ ဆံပင်များအတော်ပြန် ရှည်နေပြီ။ တစ်ခေါင်းလုံး လိုလို လည်း ဖြူနေပြီ။
ဘောင်းဘီ ကို သပ်ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အခန်းထဲမှာ လူးလာခေါက်တုံ့ လျှောက်နေမိသည်။
နောက်ဆုံးတွင် အဝေးကြည့်မှန်ပြောင်းရှေ့မှာ ရပ်လိုက်သည်။
အဝေးကြည့်မှန်ပြောင်းမှာ အလွန်အားကောင်းလှသည်။ ရိုးရိုးမှန်ပြောင်းအရောင်းဆိုင်များ တွင် မရနိုင်။ ရဲဌာန များမှာပင် သည်လိုမှန်ပြောင်းမျိုး မရှိ။
သို့သော်လည်း လိုချင်ပြီဆိုလျှင် ဤလောကတွင် မရနိုင်သော အရာမရှိ။
ခါးကိုင်းလိုက်သည်။ မျက်စိတစ်ဘက်မှိတ်သည်။ မှန်ပြောင်းထဲမှ တစ်ဆင့်လှမ်းကြည့် သည်။
မိုးမှောင်ကျ နေသောကြောင့် မီးဖိုချောင်ထဲက မီးကို ဖွင့်ထားသည်။ နန်စီကို အလွယ်တကူ ပင် ထင်ထင် ရှားရှား မြင်ရသည်။ မီးဖိုချောင်ထဲမှ လက်ဆေးကြွေဇလုံးဘေး ပြတင်းပေါက်နားမှာ သူရပ်နေသည်။ တစ်ခုခု ချက်မည့်ပြုတ်မည့်ပုံမျိုး ဟု ထင်ရသည်။
သို့သော် သူ့ကိုယ်ပေါ်မျာ အနွေးထည် ၀တ်ထားသည်။ သည်အတိုင်းဆိုလျှင် သူအပြင် သွားနိုင်သည်။
တိတ်ဆိတ်စွာ သူရပ်နေသည်။ သမုဒ္ဒရာပြင်ကျယ်ကြီးဆီသို့ လှမ်းကြည့်နေသည်။
နန်စီ ဘာကို စဉ်းစားနေသလဲ။
ကလေး တွေ အကြောင်းလား။
ပီတာ၊ လီဇာ၊ သူတို့အကြောင်းလား။
နန်စီ ဘာတွေ စဉ်းစားနေကြောင်း သူသိချင်သည်။
သူ့အာခေါင်နှင့် နှုတ်ခမ်းများ ခြောက်လာသည်။ နှုတ်ခမ်းကို လျှာဖြင့် သိမ်းလိုက်သည်။ အရမ်း စိတ်လှုပ်ရှား နေသည်။
နန်စီ သည် ယနေ့ အရမ်းနုပျိုနေသည်။ ဆံပင်ကို နောက်လှန်ဖြီးထားသည်။ ထိုဆံပင်ကို အညိုရင့်ရော် ဆိုး ထားသည်။
သူ၏ ပင်ကိုရောင် ဖြစ်သော ရွှေရောင် ဆံပင်များကို မူလအတိုင်းထားမည် ဆိုလျှင် တစ်စုံ တစ်ယောက် သည် နန်စီ ကို သေချာပေါက် မှတ်မိပေလိမ့်မည်။
မနက်ဖြန်ဆိုလျှင် နန်စီ သည် အသက် သုံးဆယ့်နှစ်နှစ် တင်းတင်းပြည့်ပြီ။
သို့သော်လည်း သူ့ရုပ်ရည်သည် ထို့ထက်ပိုပြီး နုပျိုနေသည်။ ၃၂နှစ် ဟု ဘယ်နည်းနှင့်မှ မထင်နိုင်။ အရွယ် တင်လွန်းသည်။ သူ့အသား များ ကလည်း အလွန်တစ်ရာ နူးညံ့လေသည်။
စိတ်လှုပ်ရှားစွာဖြင့် သူတံတွေးမျိုချသည်။ အာခေါင်တွေ ခြောက်နေကြောင်း သူသတိထား သည်။ လက်ဝါး များ နှင့် ချိုင်းကြားမှာလည်း ဇောချွေးများ ပြန်နေသည်။
ပြီးတော့ အဖျားတက်သူလို တစ်ကိုယ်လုံး ပူနွေးနေသည်ါ။
သူ တံတွေး မျိုချ ရပြန်သည်။
သူ့တစ်ကိုယ်လုံး တုန်လာသည်။ မှန်ပြောင်းလှုပ်သွာသောကြောင့် နန်စီ၏ ရုပ်ပုံ ၀ါးသွား သည်။
မြင်ကွင်းကြည်အောင် သူအပင်ပန်းခံပြီး ပြန်ချိန်မနေတော့။ ယနေ့အဖို့ နန်စီ ကို သည်ထက်ပို၍ မကြည့် လိုတော့ချေ။
မနက်ဖြန် ...
မနက်ဖြန် သည်အလိုအချိန်တွင် နန်စီ၏ အမူအရာ ဘယ်လိုရှိမည်ကို သူကြည့်ရမည်။
နန်စီ မည်သူဖြစ်ကြောင်း ဖွင့်ချလိုက်သောကြောင့် တစ်ကမ္ဘာလုံးက သိသွားမည်။
နန်စီ သည် ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်များ၏ ဖိစီးနှိပ်စက်မှုကြောင့် ထုံထိုင်းနေပေလိမ့်မည်။
မေးခွန်း ကို ပြန်ဖြေဖို့ သူထုံထိုင်းစွာ ကြိုးစားလိမ့်မည်။
လွန်ခဲ့သည့် ခုနစ်နှစ် တုန်း က ရဲက သူ့ကို အကြိမ်ကြိမ် မေးခဲ့သည့် မေးခွန်းကိုပင် ယခုပြန် မေးခြင်း ခံရ ပေလိမ့်မည်။
"ကဲ ... ပြောစမ်းနန်စီ"
ရဲက ထိုအတိုင်းပင် ပြန်မေးလိမ့်မည်။
ဒီကိစ္စကို ရှင်းမှ ဖြစ်မယ် နန်စီ၊ တို့ကို မှန်တဲ့အတိုင်း ပြောပါ။ မင်းအခုလို လိမ်နေလို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ဆိုတာ မင်းသဘောပေါက်ဖို့ ကောင်းတယ်၊ တို့ကို အမှန်အတိုင်း ပြောပါ နန်စီ၊ ကလေးတွေ ဘယ် မှာလဲ"
ဆက်ရန်
.
5 comments:
အမ
ကျေးဇူးတင်ပါတယ်
ဆက်ဖတ်ဘို့မျှော်နေတယ်နော်
ကောင်းခန်းရောက်ရင် ဆိုးပြီမမ..ဟင့်..:):)
စိတ်ဝင်စားဖို့ကောင်းမှာ သေချာနေပြီ
စောင့်ဖတ်မယ်
စစချင်းမှာကို ဆွဲဆောင်နေပြီ။ စောင့်ဖတ်ရတော့မယ် :)
အပိုင်း(၁)ရဲ့ ဆက်ရန်လေးကို ဆက်ဖတ်လိုက်အုံးမယ် ညီမရေ။ အခုတော့ ဖတ်နည်းလေးသိသွားပြီး))
မျှဝေပေးတာ ကျေးဇူးတင်ခဲ့တယ်နော်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment