ဆရာကြီးဦးသုခနှင့် ကျွန်တော်
လယ်တွင်းသားစောချစ်
ဆရာကြီး ဦးသုခကို ကျွန်တော် ကိုးတန်းကျောင်းသားအရွယ်မှာ စသိခဲ့သည်။ မန္တလေး ရပ်ရှင်မှာ ဘ၀သံသရာ ဇာတ်ကား ရိုက်ကူးနေပုံ သတင်းစာထဲမှာ ဓာတ်ပုံများနှင့်တကွ ပါလာ၍ ဖြစ်သည်။
မီးရထားကြီး နှင့် ရှမ်းပြည်နယ်ဘက်မှာ မြင်ကွင်းကျယ် စီနီမာစကုပ် ရိုက်ကူးသည်။ ကြီးကျယ်ပေစွ၊ ခမ်းနား ပေစွ။
ဘ၀သံသရာသီချင်း က ထွက်လာပြန်သည်။ ပတ်မကြီးထု၍ ဖွင့်ပြီး မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် တီးသော သီချင်း၊ တရား ဓမ္မသံဝေဂများနှင့် လူတိုင်းနှုတ်ဖျားမှာ ရေပန်းစားခဲ့သော်သီချင်း၊ အလှူတိုင်းမှာ ဘ၀ သံသရာ၊ နေရာတိုင်း မှာ ဘ၀သံသရာ။
ရုပ်ရှင်ဇာတ်ကားပြသောအခါ မန္တလေးမြို့မှာ သွားကြည့်ရသည်။ ပွဲစဉ်တိုင်းမှာ လူအပြည့်။
ဒါရိုက်တာသုခ ကိုယ်တိုင်ပါဝင် ရိုက်ကူးတာ ... တဲ့။
"ဒါရိုက်တာသုခက မေသစ်နဲ့ မောင်နှမတဲ့"
"ဘ၀သံသရာသီချင်းက ဒါရိုက်တာသုခ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုတာတဲ့"
ရုပ်ရှင်ကြည့်သောအခါ မင်းသမီးအစ်ကိုဖြစ်သော သုခကို မင်းသားလိုပင် စိတ်ဝင်စားကြရ သည်။
"မောင်နှမ နှစ်ယောက် (သုခ နှင့် မေသစ်) အလွန်ချစ်ကြပုံကို ပြသည်။ ထမင်းအတူစားကြ ရင်း ချစ်ကြပုံကို ပြသည်။ ထမင်း အတူစားကြရင်း ကြက်သားဟင်း၏ အသည်းဖတ်ကို အစ်ကိုကြီး စားပါ။ ညီမလေးစားပါ" ဟု တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ထည့်ပေးနေကြသည်နှင့် ကြားမှအဒေါ်ဖြစ်သူ (ဒေါ်ဂျမ်းစိန်) က စိတ်မရှည်ဖြစ်ပြီး "ကဲဟယ် ... ငါစားမယ်" ဟု ဖြတ်ယူပြီး စားပစ်လိုက်သည်။ ရုပ်ရှင်ရုံထဲမှာ ၀ါးကနဲ ရယ်သံကြီး ဖြစ်သွားသည်။
ဘ၀သံသရာ ဇာတ်ကား မှာ လူတိုင်း စွဲမက်စွာ မှတ်သားမိနေကြသော ဇာတ်ဝင်ခန်း တစ်ခန်း ဖြစ်ပါသည်။
အကယ်ဒမီ ဆုပေးပွဲမှာ ဘ၀သံသရာ ဇာတ်ကား အကယ်ဒမီဆုရကြောင်း ဒါရိုက်တာသုခ အကယ်ဒမီ ရ ကြောင်း ကြားသိရသောအခါ ကိုယ်နှင့် မမြင်ဘူးသူ မသိသူဖြစ်ပါလျက် ရင်းနှီးချစ်ခင် သူ တစ်ယောက် အောင်မြင်စွာ ဆုရသကဲ့သို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်။
နောက်တော့ ဒါရိုက်တာဦးသုခ ရိုက်ကူးသော အကယ်ဒမီဆုရ ရုပ်ရှင်ဇာတ်ကားပေါင်းများ စွာကို ကြည့်ရင်း ဆရာကြီးကို အထင်ကြီးလေးစားအားကျ ချစ်ခင်နေရပါသည်။
ကျွန်တော် (၉)တန်းကျောင်းသာ အရွယ်(၁၅)နှစ်သားမှစပြီး ဆရာကြီးကို ကောင်းစွာ သိရှိ မှတ်မိ နေခဲ့ပါသည်။ ကျွန်တော် (၉)တန်းကျောင်းသား အရွယ်တွင် ဆရာကြီးက နိုင်ငံကျော် စာရေးဆရာ အကယ်ဒမီ ရုပ်ရှင်ဒါရိုက်တာ ဖြစ်နေပါပြီ။
နောင်တွင် ဆရာကြီး ဟောပြောသောစာပေ၊ ဟောပြောပွဲများကိုလည်း နားထောင်ဖူးပါ သည်။ အဟော အပြော လည်းကောင်းသော ဆရာကြီး ဖြစ်သည်။
ကျွန်တော်တို့ ရုပ်ရှင်ကြည့်ခဲ့သော သက်တမ်းတလျှောက်မှာ ဒါရိုက်တာ နာမည်ကြည့်ပြီး ယုံကြည် စိတ်ချ စွာ ရုပ်ရှင်ကြည့်ရသော ဒါရိုက်တာထဲမှာ ဆရာကြီးဦးသုခသည် ထိပ်ဆုံး မှ ဖြစ်ပါ သည်။ ကြည့်တိုင်းလည်း ကောင်းပါသည်။ အကယ်ဒမီဆုများစွာရသည်မှာ ဘာမျှ အံ့သြစရာ မကောင်းပါ။ ထိုက်တန်စွာ ရခဲ့ခြင်း ဖြစ်ပါ သည်။
ကျွန်မမှာ မိန်းမသား၊ တစ်ဦးက မေတ္တာ တစ်ဦးကစေတနာ၊ ရွှေခြည်ငွေခြည်တန်းပါလို့၊ အကာကအချစ် အနှစ်က မေတ္တာ၊ စသည့် ဇာတ်ကားများကို ကြည့်ပြီး အလွန်သဘောကျမိသည။ "ဘယ်သူပြိုင်၍ လှပတော့နိုင်" ဇာတ်ကားကို သဘောကျလွန်း၍ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ကြည့်မိသည်။ ကြည့် တိုင်း သဘောကျသည်။
ကျွန်တော် စာရေးဆရာဖြစ်၍ ဟောပြောပွဲလိုက်သောအခါ ဆရာကြီးလည်း ကျန်းကျန်း မာမာနှင့် စာပေ ဟောပြောပွဲများ သွားလာဟောပြောနေချိန် ဖြစ်သည်။ ဟောပြောပွဲမှာ စာအုပ် စာပေနှင့် ပတ်သက်၍ ဆရာကြီး ဟောပြောသော စကားတစ်ခုမှာ ထူးထူးခြားခြား ကောင်းမွန်စွာ ကျန်နေခဲ့ပါသည်။ ယနေ့ ထက်တိုင် စာပေဟောပြောသော စာရေးဆရာများ ဆရာကြီးနာမည် တပ်၍ ကိုးကား ပြောဆိုနေရပါသည်။
ထိုစကားမှာ-
စာအုပ်စာပေ ကို သုံးမျိုးခွဲ၍ ဆရာကြီးက ဖော်ပြသည်။
ကွမ်းယာ လို စာမျိုး
အရေမရ အဖတ်မရ ဖြစ်သည်။ ကွမ်းယာမှာ အရေကိုလည်း ထွေးပစ်ရသည်။ အဖတ်ကို လည်း ထွေးပစ် ရသည်။ ရသ လည်းမကောင်း၊ ဘ၀သင်္ခန်းစာ အသိအလိမ္မာလည်း မရ။
ကြံရည်လိုစာမျိုး
အရည်ကို သောက်ပြီး အဖတ်ကို စွန့်ရသည်။ ရသခံစား၍ ကောင်းမွန်သည်။ ထူးခြားစွာ အသိဥာဏ် ပညာမရ။
ဖာလူဒါလိုစာမျိုး
အရည်ရော အဖတ်ပါ သောက်မျိုချရသည်။ ရသလည်း ခံစားကောင်းမွန်သည်။ ဘ၀သင်္ခန်း စာ အသိ အလိမ္မာ ဥာဏ်ပညာ လည်း ရသည်။ ထိုစာမျိုးသည် ဘာမျှပစ်စရာမရှိ။ အလွန်ဖတ်သင့် သော စာကောင်း ဖြစ်ကြောင်း စွဲမြဲစွာ မှတ်သားရပါသည်။
ဆရာကြီးနှင့်အတူ စာပေဟောပြောပွဲတစ်စင်တည်းမှာ အတူတွဲ၍ ဟောပြောဖူးချင်လှ သည်။ မတန်မရာ ဘ၀င်မြှင့်ချင် ၍ မဟုတ်ပါ။ တစ်သက်တာအတွက် ဂုဏ်ယူချင်စရာ ဖြစ်ချင်လိုပပါ။
သို့သော် ဟောခွင့်မရခဲ့ပါ။ ဆရာကြီးက အခြားသော ၀ါရင့်၊ သမ္ဘာရင့် စာရေးဆရာ၊ စာရေး ဆရာမကြီး များ နှင့် သာ အတူတွဲ၍ သွားနေပါသည်။
ဟောမည့်ဟောရတော့လည်း မန္တလေးမီးရထား စာပေဟောပြောပွဲမှာ အတူဟောရသည်။ ၁၉၈၆-၈၇နှစ် များ ဖြစ်မည် ထင်ပါသည်။ တစ်စင်တည်း ဟောသည်ပင် အတူသွားရ အတူနေရ သည် မဟုတ်ပါ။ ဆရာကြီး ကို အလွန်ချစ်ခင်လေးစားသူများက သီးခြားခေါ်ယူထားရှိပြီး ကျွေးမွေး ပြုစု ဧည့်ခံကြသည်။
ကျွန်တော့် ကို မီးရထားဖြင့် ခေါ်ယူပြီး မီးရထားမှထားသော ဟော်တယ်မှာ တစ်ယောက် တည်း နေရ သည်။
ဆရာမကြူကြူသင်း ပါသေးသည်။ သူကလည်း သူ့အစီအစဉ်နှင့် သူလာ၍ မန်းမီးရထား မှာ စာပေ ဟောပြောခြင်း ဖြစ်သည်။ ဘယ်လိုလာ၍ ဘယ်မှာတည်းမှန်းမသိ။
မန္တလေးမြို့ မီးရထားစာပေဟောပြောပွဲ ထုံးစံအတိုင်း အလွန်ကြီးကျယ်ခမ်းနားသော ဟောပြောပွဲ ဖြစ်ပါသည်။ မန္တလေးဘူတာကြီး (ယခင် အဟောင်း)ရှေ့မှာ ကွက်လပ်ကွင်းပြင် ကျယ်ကြီးတွင် စင်ထိုး၍ ဟောပြောရခြင်း ဖြစ်သည်။ ပရိသတ်အတွက် ကုလားထိုင်များစွာ ချခင်း ပေးထားသည်။ သံဃာတော် ပရိသတ် ကပင် ထောင်ကျော် ရှိလိမ့်မည်။
ဆရာကြီးဦးသုခ နှင့် ဆရာမကြူကြူသင်းတို့၏ ဂုဏ်သတင်းလည်း ပါပါလိမ့်မည်။ သုံးယောက်တွင် ကျွန်တော် က ၀ါအငယ်ဆုံး သမ္ဘာအနုဆုံး ဖြစ်ပါသည်။
ဟောပြောပွဲမစမီမှာပင် ကျွန်တော်ကို ဖိတ်ကြားသူများက ဟောပြောပွဲနေရာသို့ ပို့ကြသည်။ ရှေ့ဆုံးတန်း မှာ နေရာရပါသည်။ ကျွန်တော် ၀မ်းသာနေပါသည်။ ကျွန်တော် လေးစား သဘောကျသော ဆရာကြီး ဦးသုခ ဟောပြောသည်ကို ရှေ့ဆုံးတန်းမှ ထိုင်၍ အားပါးတရ နားထောင်ခွင့်ရတော့မည်။
ပရိသတ် ကလည်း များလွန်းလှသည်။ သံဃာတော်များကချည်း တစ်ကွင်းလုံး ၀င်းဝါနေ သည်။ လူပရိသတ် က လည်းများစွာ၊ ချထားသော ခုံများ ပြည့်ရုံမက မတ်တပ်နားထောင်ကြသူတို့ လည်း များစွာ၊ အဝေးကြီး မှ ပလက်ဖောင်းများပေါ်မှပင် ထိုင်နေကြသူတို့ကလည်း အများကြီး ဖြစ်၏။
ဆရာကြီးက သူ့ကျန်းမာရေးအရ အရင်ဟောပြီး စောစောနားမည်ဟု ဆိုသည်။ ကောင်းပါသည်။ ဆရာကြီး ကို ဦးစားပေးရမှာပေါ့။ ဆရာမ ကြူကြူသင်းလည်း ရောက်နေပါပြီ။ သူ့အခြံအရံ သူ့ပရိသတ်နှင့် ဖြစ်သည်။ သူကလည်း ဆရာကြီးပြီးလျှင် ဒုတိယဟောမည်ဟု ဆိုသည်။ ၀ါအငယ်ဆုံး သဘောအနုဆုံး က နောက်ဆုံး မှ။
ပရိသတ်က ကျန်မှကျန်ပါ့မလား။ ရင်ဖိုမောစရာ။
သို့သော် ကျွန်တော့်အတွက်ကတော့ ဤဆရာကြီး၊ ဆရာမကြီးများနှင့်အတူ မန္တလေး မီးရထား စာပေ ဟောပြောပွဲ မှာ အတူဟောပြောခွင့်ရသည်ပင် ဂုဏ်ယူစရာ၊ ကျေနပ်စရာ မဟုတ်ပါလား။
ဟောပြောပွဲစချိန်မှာ အချိန်ကိုက် ဆရာကြီးဦးသုခ ရောက်လာသည်။ ကားကလေး တစ်စင်းနှင့် ဟောပြောစင် နား အထိပင့်ဆောင်လာကြ၏။ ဆရာကြီးစင်ပေါ်သို့တက်၍ ဟောပြော သည်။ သံဃာတော် ပရိသတ် များလွန်း၍လား မသိ ဆရာကြီး ပိဋကတ်တော်လာ ကျမ်းဂန်စာပေ တို့မှ အဆိုအမိန့် တရားတော် များကို အခြေပြု ဟောပြောပါသည်။
ဆရာကြီး ၏ ဟောပြောမှုလည်း ရသမြောက်သည်။ ဘ၀သံသရာလို အဆိုလေးကလည်း ပါသေးသည်မို့ နားထောင်၍ အလွန်ကောင်းပါသည်။ တရားတော်များကို အခြေပြုဟောပြောခြင်း ဖြစ်၍လည်း အသေ အချာ အလိမ္မာစာမှာရှိ ဖြစ်ပါသည်။ ဖာလူဒါလို စာပေဟောပြောမှု ဖြစ်ပါ၏။
တစ်နာရီ ခန့် ဟောပြောပြီး ဆရာကြီးက စင်ပေါ်မှာ ဆင်းသည်နှင့် သံဃာတော်များကို လက်အုပ်ချီ ဂါရ၀ပြုပြီး ကားလေးနှင့် ပြန်သွားပါသည်။ ကျွန်တော် သွားရောက် ဂါရ၀ပြုချင်သော် လည်း အခွင့် မသာ လိုက်ပါ။
ဆရာကြီးပြီးတော့ ဆရာမကြူကြူသင်း ပြောပါသည်။ ပရိသတ်မှာ စောစောက ဆရာကြီး ပြောစဉ်မှာလိုပဲ အပြည့်ကြီး ဖြစ်ပါသည်။ ဆရာမက တစ်နာရီခန့် ပြောပါသည်။
မန္တလေးမီးရထား စာပေဟောပြောပွဲမှာ နာမည်ကြီးသည်နှင့်အညီ နားထောင် အားပေးမှု လည်း အလွန် ကောင်းပါ၏။ နောက်ဆုံးလူအထိ ပရိသတ်အပြည့် နားထောင်အားပေးကြပါသည်။ လေးစားစရာ ဖြစ်ပါ၏။
ထိုတစ်ပွဲသာ ကျွန်တော်ဆရာကြီး ဦးသုခနှင့်အတူ တစ်စင်တည်းတွဲ၍ ဟောပြောခဲ့ရပါ သည်။ တစ်သက်တာအတွက် ဂုဏ်ယူစရာ ဖြစ်ရပါ၏။
ကျွန်တော် ရေးသည့် "နှလုံးသား မလှသူမဖတ်ရ" ၀တ္ထုကို ဆရာကြီး၏ တပည့် မောင်နှင်းမိုးက "သူလိုယောက်ျား" အမည်နှင့် ရုပ်ရှင်ရိုက်သည်။ ကန်တော့ပွဲပေးသည့်နေ့မှာ အကျွေးအမွေးနှင့် ဧည့်ခံရင်း ဆရာကြီးကို ကန်တော့သည်။ ဒါရိုက်တာ မင်းသား၊ မင်းသမီး၊ သရုပ်ဆောင်များနှင့်တကွ စာရေးသူပါ ဆရာကြီး ကို ကန်တော့ကြသည်။
ကန်တော့ပွဲပြီးသည့်အခါ ဆိုဖာဆက်တီမှာ ထိုင်နေသော ဆရာကြီး၏ ခြေရင်းတွင် မောင်နှင်းမိုးနှင့်အတူ ထိုင်ခွင့်ရသည်။ ဆရာကြီးကို ချစ်ခင်ရင်းနှီးစွာ ဂါရ၀ပြုခွင့်ရသောနေ့ ဖြစ် သည်။
ဆရာကြီးက ကျွန်တော်၏၀တ္ထုကို ရုပ်ရှင်ရိုက်ရာတွင် နောက်ဆုံးအခန်းမှာ မူလ၀တ္ထု၏ အဓိပ္ပာယ်မပျက်၊ ရသမပျက် မင်းသမီးအတွက် သက်သာခွင့်ပေးရအောင် ပြုပြင်ချင်သော အပြော နှင့်အပြအချို့ကို ရှင်းလင်း ပြောပြညှိနှိုင်းသည်။
ဆရာကြီးက ကြီးကြပ်ပြီး မောင်နှင်းမိုးက ရိုက်ကူးခြင်းဖြစ်၍ ဆရာအနေနှင့် ပြုပြင်သည်ကို ခွင့်ပြုရန် မေတ္တာရပ်ခံသည်။ လူကြီးပီသပေစွ။ ရသလည်း မပျက်ပါ။ အဓိပ္ပာယ်လည်း မယွင်းပါ။ ဆရာပြုပြင်လိုက်သည်မှာ ရုပ်ရှင်သဘောနှင့်ဆိုလျှင် ပို၍ပင် အပြလှပါ သည်။ ကျွန်တော်သဘော ခွင့်ပြုကြောင်းပြု၍ ဆရာကြီးရော၊ မောင်နှင်းမိုးပါ ၀မ်းသာကြသည်။ ထိုနေ့မှစ၍ ဆရာကြီးနှင့် ကျွန်တော်ချစ်ခင်ရင်းနှီးသွားပါသည်။ နောင်လည်း အကြောင်းအားလျော်စွာ မကြာခဏ တွေ့ဆုံ ဖြစ်ပါ သည်။
တစ်ကြိမ်တွင် ဆရာကြီးနှင့်တွေ့ဆုံရာမှာ ဆရာကြီးက သူ့အနေနှင့် မိဘကို ပူဇော်ပြီး ရုပ်ရှင် ရိုက်ကူးနိုင်ခဲ့သလို ဆရာကို ပူဇော်ပြီး ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးလိုကြောင်း၊ ထိုဆန္ဒ အတွက် "ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး" ၀တ္ထုကို ရုပ်ရှင်ရိုက်ကူးလိုကြောင်း၊ သူ့မျက်စိမှာ ကောင်းစွာမမြင်တော့၍ သူ၏ အကူအညီ ဒါရိုက်တာတစ်ယောက်လိုကြောင်း ပြောသည်။ ထိုအကူ ဒါရိုက်တာအဖြစ် အခြား ဘယ်သူ့ကိုမျှ မထားလို "ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး" ၀တ္ထုရေးသူ ကျွန်တော့်ကို ထားလိုကြောင်း ပြောသည်။
ကျွန်တော် ၀မ်းပန်းတသာ လုပ်လိုလှပါသည်။ သို့သော် ကျွန်တော်က ၀န်ထမ်း ဖြစ်နေ သည်။ ၀န်ထမ်းဘ၀မှ ထွက်ရမည်။ ကျွန်တော် မထွက်နိုင်ခဲ့ပါ။ ဆရာကြီးလည်း "ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး" ကို ရိုက်မသွားနိုင်ခဲ့ပါ။
ဆရာ့ မျက်စိအမြင်အလင်းနှင့် ပတ်သက်၍ "ကျွန်တော့်ကို မြင်ရသလား" ဟု မေးကြည့်ရာ ပုံသဏ္ဍာန် ကိုသာ မြင်ရကြောင်း မျက်ခုံးမျက်လုံး၊ နှာခေါင်း၊ ပါးစပ် မမြင်ရကြောင်း မျက်နှာနေရာ ဟုသာ မြင်ကြောင်း ပြောပြသည်။
မျက်စိကောင်းစွာ မမြင်ရဘဲ ရုပ်ရှင်ဘယ်လိုရိုက်သည်ဟု မေးသောအခါ ဇာတ်ညွှန်း အတိုင်း အခန်းစဉ်ခွဲပြီး ရိုက်ကူးရာမှ လက်ထောက်ဒါရိုက်တာမှ ကူညီကြောင်း၊ သရုပ်ဆောင်မှု ပီပြင်ခြင်း ရှိ၊ မရှိ၊ မှန်ကန်မှု ရှိ၊ မရှိ ညွှန်ကြားရာမှ အသံ နားထောင်ပြီးသိနိုင်၊ ညွှန်ကြားနိုင်ကြောင်း ဥပမာအားဖြင့် လူတစ်ယောက် အန္တရာယ်ကြီးစွာကြုံ၍ အထိတ်အလန့်နှင့် "ကယ်တော်မူပါ" ဟု အော်ရာတွင် အသံကို နားထောင်ကြည့်ရုံ နှင့် သူ့မျက်နှာ အမူအရာ သရုပ်ဆောင်မှု မှန်ကန်ခြင်း ရှိ မရှိ သိနိုင်ကြောင်း ဆရာက သူကိုယ်တိုင် အသံသုံးမျိုး နှင့် အော်ပြသည်။ တကယ် ကြောက်ရွံ့ ထိတ်လန့်သောအသံ ပီပြင်သောအခါ အမူအရာ သရုပ်ဆောင်မှုမှာလည်း အမှန်ရောက်နေသည်ကို တွေ့ရသည်။ ဆရာ အတွေးအမြင်နှင့် ဆရာ့ပညာကို လေးစား မိပါ၏။
နောင်တွင် "ရဟန်းစားရသော ဆွမ်းတစ်နပ်" ဆရာ ရိုက်ကူးနေသည်ကို ကြားရသည်။ အသံကို နားထောင်ပြီး သရုပ်ဆောင်မှု အမှန်ရောက်အောင် ညွှန်ကြားရိုက်ကူးနေမည့် ဆရာ့ကို မြင်ယောင်မိသည်။ တကယ် ရိုက်ကူးနေပုံကိုတော့ သွားမကြည့်နိုင်ခဲ့ပါ။
ရိုက်ကူးပြီးစီး၍ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသောအခါ ကြိုတင်ကြေငြာထား၍ ကျွန်တော့် အိမ်ဧည့်ခန်းမှာ ကျွန်တော့်မိသားစုနှင့်တကွ အိမ်နီးချင်းများပါ ရောက်ရှိနေကြသည်။ ည သတင်းအပြီးမှာ ပြခြင်း ဖြစ်သည်။ အလွန် ကောင်းပါသည်။ ကျွန်တော် သုံးခါ မျက်ရည်ကျသည်။ လွမ်း၍ ၀မ်းနည်း၍ မဟုတ်။ ကြည်နူးလွန်း၍ ကျေနပ်လွန်း၍ ဆရာကြီးပေးသော ရသကို အပြည့်အ၀ ခံစားရလွန်း၍ နှစ်သက်စွာ ကျသော မျက်ရည် ဖြစ်သည်။
ဇာတ်ကားပြီးသည် နှင့် တီဗွီဘက်သို့ မျက်နှာမူလျက်မှ "ဆရာကြီးဦးသုခ၏ အနုပညာ ဖန်တီးမှု စွမ်းရည်ကို ရိုသေစွာ ကန်တော့ပါတယ်" ဟု ပြောပြီး သုံးကြိမ်ဦးချ ကန်တော့မိပါ၏။
ကန်တော့ပြီးသည် နှင့် ဆရာ့အိမ်ကို ဖုန်းလှမ်းဆက်သည်။ ဆရာနှင့်တိုက်ရိုက် ပြောခွင့်ရ သည်။ "ရဟန်းစားသော ဆွမ်းတစ်နပ်" ကို ကြည့်ပြီး မျက်ရည်သုံးခါကျကြောင်း၊ ဆရာ့အနုပညာ ကို ရိုသေစွာ ကန်တော့ ပါကြောင်း ပြောသည်။ "အဘိဝါဒန သိလေသ ... အစချီ၍ ဆုပေးသည်။ ဆုပေးပြီးသည်နှင့် ဆရာ က "ကိုစောချစ် မျက်ရည်သုံးခါကျတာ တန်တာပေါ့ ကျလိုက်ပါ။ ကိုစောချစ် မျက်ရည်သုံးခါ ကျဖို့ အတွက် ကျွန်တော်က ခြောက်ခါလောက်ကျပြီး ရိုက်ကူးထားရတာ" ဟု ပြောပါသည်။ မှန်ပါသည်။ အနုပညာဖန်တီးရာမှာ ကိုယ်တိုင်က နှလုံးသားနှင့် ခံစားဖန်တီးနိုင်မှ တစ်ဖက်သား၏ နှလုံးသားနှင့် ခံစားနိုင်မှု ကို မြင်နိုင်ပါသည်။
ဆရာကြီးက ဒီလိုလုပ်ပါဗျာ၊ စကားလေး ဘာလေးပြောရအောင် ကျွန်တော့်အိမ်လာခဲ့ပါ။ ကိုစောချစ်က ထမင်းနှဲ ကြိုက်တယ်။ ကျွန်တော် ထမင်းနှဲဝယ်ထားမယ်ပြော၍ ချိန်းသောရက်မှာ ကျွန်တော် သွားပါသည်။ ဆရာကြီးကို တစ်ဘက်ကြီးတစ်ထည်နှင့် ထပ်မံကန်တော့ပါသည်။
အမေနေ့နှင့် ပတ်သက်၍ ဆရာကြီး ဟောပြောသည်များကိုလည်း နာကြားရပါသည်။ အမေအကြောင်း ဆရာကြီး ရေးသော စာများစွာကိုလည်း ဖတ်ခဲ့ရပါသည်။ မိခင်မေတ္တာနှင့် ပတ်သက်၍ ဆရာကြီး၏ စေတနာ၊ တုန့်ပြန်ကြိုးစားအားထုတ်မှုများစွာကို အလေးအမြတ်ပြု သာဓု ခေါ်ပါသည်။
၂၀၀၈ခုနှစ်တွင် မန္တလေးအမေနေ့ ဟောပြောပွဲတွင် အမေနေ့အကြောင်း မောင်နှင်းမိုးနှင့် အတူ ဟောပြော ပေးပါရန် ဆရာကြီးဦးဖုန်းမြင့် က ဖုန်းနှင့် အကြောင်းကြားပြီး လူကိုယ်တိုင်လည်း လာရောက် ဖိတ်ကြား သည်။
အမေနေ့ဟောပြောရန် မန္တလေးသို့ သွားရသည်။ နန်းတော်ဟော်တယ်မှာ နေရသည်။ အမေနေ့ လာ ဟောခြင်းဖြစ်၍ အခကြေးငွေမယူ။ အလကားတည်းရသည်။ အမေ့ကျေးဇူးဖြင့် နန်းတော်မှာ နေရခြင်း ဖြစ်၏။ နန်းတော်ဟော်တယ်ဘေးကပ်လျက်မှာ စားသောက်ဆိုင်ကြီး ရှိ၏။ မပြန်မချင်း အလကားစာပါဟု ဖတ်ကြား လာ၏။
"ဟန်ကျလိုက်တာ။ ဤဟော်တယ်မှာ အမြဲနေပြီး ဤဆိုင်ကြီးမှာ အမြဲစားနေရသော် ကောင်းလေစွ" ဟု အပျော် တွေး၍ ပြုံးမိသည်။
၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၂)ရက်၊ ၁၃၆၉-ခု၊ ပြာသိုလပြည့်နေ့ အမေနေ့တွင် မန္တလေးမြို့၊ သကျသီဟ ဘုရားဝင်းအတွင်းရှိ မဟာဗန္ဓုလ ဝေဇယန္တာ ဓမ္မာရုံမှာ နေ့ခင်းပွဲအဖြစ် အမေ့မေတ္တာ အမေ့ ကျေးဇူး ဖော်ကျူး ဟောပြောပွဲ ကို ဒါရိုက်တာ မောင်နှင်းမိုးနှင့်အတူ ဟောပြော ရပါသည်။
အလွန်ကြီးကျယ်ခမ်းနားသော မဟာဗန္ဓုလ ဝေဇယန္တာဓမ္မာရုံ အကျယ်ကြီးမှာ ရဟန်း ပရိသတ်၊ လူပရိသတ် နှင့် ပြည့်ကျပ်နေသည်။ ထိုင်ခုံနှင့် မဟုတ်၍ လူချင်းထိကပ် ညှပ်နေအောင် ထိုင်ကြရသည်။ ဟောပြော မည့် နေရာရောက်အောင် ပရိသတ်ကို တောင်းပန်၍ မနည်းတိုးဝှေ့ သွားရသည်။
ဓမ္မာရုံ ၏ ညာဘက်ခြမ်းမှာ သံဃာတော်များနှင့် ယောက်ျားပရိသတ်များ ဟိုး နောက်အဝေးကြီးထိ ပြည့်ကျပ် နေသည်။ ဘယ်ဘက်ခြမ်းမှာ အမျိုးသမီးပရိသတ်များနှင့် အပြည့် ဖြစ်သည်။ ကိုယ့်ထက် အသက်အရွယ် ကြီးသည့် အမေအရွယ်၊ အဖွားအရွယ်၊ အဖေအရွယ်၊ အဖိုး အရွယ် သက်ကြီးရွယ်အို များလည်း ပါသည်။ လူလတ်ပိုင်းတွေ အများကြီးပါသလို ယောက်ျားလေး၊ မိန်းကလေး ငယ်ရွယ် သူတို့လည်း များစွာပါသည်။ နောက်ဆုံးမှ လူများကို သေးသေးသာ မြင်ရ သည်။ ဤမျှ များပြားသော ဟောပြောပွဲ ပရိသတ်ကို ဤတစ်ခါသာ တွေ့ဖူးသည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ဤဓမ္မာရုံအတွင်း ပရိသတ်ထက် ပို၍များသော ပရိသတ် ကြီးက ဓမ္မာရုံ အပြင်ဘက် မှ ညောင်ပင်ကြီးအောက်မှာ ရှိနေကြခြင်း ဖြစ်သည်။ ဆောင်းဘောက်စ် များ၊ တီဗွီကြီးများ၊ ပိတ်ကားကြီး များနှင့် ထပ်ဆင့် လွှင့်ပြထားသည်။ အသံကြားရုံမက ရုပ်ပါမြင်ရ သည်။ အချို့ကတော့ ဘုရား တန်ဆောင်းများမှာ ရှိနေကြသေးသည်။ အသံသာ ကြားရသည်။
တစ်နေရာတွင် အမေ့ခြေရာခံယူပေးသော အစီအစဉ် ရှိသည်။ အမေနှင့် သားသမီးများ ခြေရာပေး၍ ခြေရာယူနေကြသည်။
ရဟန်းပရိသတ်၊ လူပရိသတ် အများဆုံးသော ပရိသတ်ကြီးကို ဟောပြောရခြင်း ဖြစ်သည်။
ဒါရိုက်တာမောင်နှင်းမိုး က ဦးစွာ ဟောသည်။ ဆရာကြီးဦးသုခ၏ တပည့်အရင်း ဖြစ်ပါ သည်။ ဆရာကြီးကို ကန်တော့ ပူဇော်ပြီး အမေ့မေတ္တာ၊ အမေ့ကျေးဇူးအကြောင်း ဟောပါသည်။
အလွန်အံ့သြစရာ ကောင်းပါသည်။ ဤမျှ များပြားသော ပရိသတ်ကြီးသည် စကားပြောသံ၊ ဆူညံသံ ဘာမျှ မရှိ။ ငြိမ်သက် တိတ်ဆိတ်၍ စိတ်ဝင်စားစွာ နားထောင်ကြသည်။ မောင်နှင်းမိုးက မိနစ်(၄၀)ခန့်သာ ပြော ပါသည်။
ကျွန်တော့်အလှည့်တွင် ရှေးဦးစွာ လာရောက် ချီးမြှင့်အားပေးသော သံဃာတော်အရှင် မြတ်များကို ကန်တော့ သည်။ ပြီးတော့ လာရောက် နားထောင်ကြသူများမှ သက်ရွယ်ကြီးသူများကို ကန်တော့သည်။ ပြီးသော် အမေ နေ့ ဖြစ်ပေါ်လာအောင် ကမကထပြု၍ အမေနေ့ ဟောပြောပွဲများ ကိုလည်း စတင်ခဲ့သူ ဆရာကြီးဦးသုခ ကို ကန်တော့သည်။
"ကန်တော့စရာ တစ်ယောက် ကျန်သေးတယ်" ဟု ပရိသတ်ကို ပြောလိုက်သည်။ "အမေ့ကို ကန်တော့ ပါတယ်" ဟု လှလှပပ ဆက်ပြောရမှာ ဖြစ်ပါသည်။
သို့သော် ဘာမျှ မပြောနိုင်ပါ။ အမေ့မျက်နှာကို မြင်ယောင်၍ ရင်ထဲမှာ ဆို့နင့်နေသည်။ အမေ မရှိတော့ပါ။ အသက်(၈၂)နှစ်မှာ ကွယ်လွန် သွားခဲ့ပြီ။ အမေ့ ကို ကောင်းစွာ ကျွေးမွေး ပြုစု စောင့်ရှောက်ခဲ့ရပါသည်။ အမြင်အလင်း ကွယ်သွားသော အမေ့မျက်စေ့ ကို အလင်းရအောင် ခွဲစိတ် ကုသပေးနိုင်ခဲ့ပါသည်။ သို့သော် ဘာကြောင့်မှန်း မသိ။ အမေ့ကို သတိရပြီး ဘာအသံမျှ ထွက်၍ မရအောင် ဖြစ်နေရသည်။ ကြာသင့်သည့် ထက် ပိုကြားသွားသည်။ ကျွန်တော့်မျက်လုံးမျာတွင် မျက်ရည်များ ရစ်ဝဲနေသည်။
ဗွီဒီယိုသမား က ကျွန်တော့်မျက်နှာကို အနီးကပ် ရိုက်ယူနေ၏။ ပရိသတ်က ငြိမ်သက်စွာ စောင့် နေကြသည်။ သူတို့လည်း စိတ်မကောင်း ဖြစ်ကြလိမ့်မည်။ တမင်လုပ်သည် မဟုတ်။ ကျွန်တော့် ဘာသာ ဒုက္ခ ရောက်နေခြင်း ဖြစ်သည်။
ဆရာဦးသုခ မန္တလေးမှာ အမေနေ့ ဟောစဉ်က အစဖွင့်မှာပင် "အမေ" ဟူသော ခေါ်သံကို အကျယ်ကြီး အော်ဟစ်ပြီး လွမ်းဆွတ်တသစွာ ခေါ်သံကြောင့် နားထောင်သူများ ကြက်သီး မွေးညှင်းထပြီး မျက်ရည် မဆည်နိုင် ဖြစ်ကြရကြောင်း ကြားဖူးပါသည်။ စွမ်းဆောင်နိုင်ပေစွ။
ကျွန်တော့်မှာ ဆရာကြီးနှင့် ဆန့်ကျင်လျက် "အမေ" ဆိုသည်ကို ခေါ်မထွက်နိုင်အောင် ဖြစ်နေရသည်။ ပိုကြာ သွားပြီ။ ပရိသတ်ကို အားနာစရာ။
အမေ့ကို ထုတ်ဖော်ပြရန် ကြိုးစားလေ ခက်လေမို့ စိတ်ထဲမှသာ ကန်တော့ပြီး အကြောင်း အရာ ပြောင်းပစ် လိုက်သည်။ ပရိသတ်ကို ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ လိုက်သည်။ ပြော၍ ရသွားပါသည်။ ပရိသတ်လည်း စိတ်သက်သာ သွားကြ ပြီ။
ရယ်စရာလေးတစ်ခုပြောတော့ အုန်းကနဲနေအောင် အားပါးတရ ရယ်သည်။ ဆက်ခါ ဆက်ခါ ပြောတော့ ဆက်ခါဆက်ခါ ရယ်သည်။ စောစောက စိတ်အနှောင့်အယှက်ဖြစ်စရာကို မေ့သွားကြပြီ။ ဟောပြော၍ အလွန် ကောင်းသော ပရိသတ် ဖြစ်ပါသည်။ ရယ်စရာဆိုသည်မှာလည်း အမေ့မေတ္တာ၊ အမေ့ကျေးဇူးနှင့် မဆိုင်သော ရယ်စရာများကို ပြောသည် မဟုတ်ပါ ။ အမေ့မေတ္တာ၊ အမေ့ကျေးဇူးကို ပြောရင်း သက်ဆိုင်ရာ ဇာတ်ကွက် ဇာတ်လမ်းဖြစ်ရပ်များမှ ရယ်စရာများ ဖြစ်ပါသည်။
မိဘများက သားသမီးများအပေါ် ထားသော မိဘမေတ္တာနှင့် မိဘကျေးဇူးကို လောကီ ဆပ်နည်း၊ လောကုတ္တရာ ဆပ်နည်းတို့ဖြင့် ဟောပြောပါသည်။ တစ်နာရီ ကျော်ကျော်ကြာပါသည်။ လေးစားစရာ အမေ့နေ့ ဟောပြောပွဲမှာ အမေချစ်မြတ်နိုးသူများ ဖြစ်ကြပါ၏။
ပထမဆုံး အမေနေ့အကြောင်း ဟောပြောဖူးခြင်း ဖြစ်ပါ၏။ ထိုဟောပြောပေးခြင်းဖြင့် ဆရာဦးသုခကို ပူဇော် ကန်တော့ ခဲ့ သလို ဤစာဖြင့်လည်း ဆရာကြီးကို ပူဇော်ကန်တော့အပ်ပါ သတည်း။
လယ်တွင်းသားစောချစ်
.
No comments:
Post a Comment