အခန်း(၁၆)
" ဟော ... လူကလေးတို့ ပြန်လာပြီ "
" ဟယ် ... သားတို့ ရောက်လာကြပြီကော "
ဦးစောခိုင်နှင့်ဒေါ်မှုံအသံက ၀မ်းသာရွှင်မြူးစွာ ထွက်ပေါ်လာလေသည်။
" သားတို့နှစ်ယောက် မသေမပျောက် ပြန်ရောက်လာကြပြီနော်၊ အဖေ ၀မ်းသာလိုက်တာကွယ် "
ခရီးပန်းလှသဖြင့် အိမ်ပေါ်သို့ ရောက်လျှင် ရောက်ခြင်း ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြသော ကိုမျိုးခိုင် နှင့် ကိုစောအောင်အား ဦးစောခိုင်က အားတက်သရော မေးလိုက်သည်။
" မအောင်မြင်ခဲ့ဘူး အဖေ၊ ကြိုးပမ်းချက်ကော ရည်မှန်းချက်ကော။ မျှော်လင့်ချက်ကော အားလုံး လွဲခဲ့တယ်"
အဓိပ္ပာယ်မျိုးစုံပါဝင်သော စကားဖြင့် ကိုစောအောင်က ဖြေပေးကာ ဖခင်ထိုင်နေသော သင်ဖြူးပေါ်သို့ အား အင်ကုန်ခမ်းနေသူကဲ့သို့ လဲလျောင်းပြီး အိပ်လိုက်သည်။
" ဘယ်လို ဖြစ်လာကြသလဲသားတို့၊ နောင်စငဲ့ကို မရောက်ကြဘူးပေါ့ "
ဦးစောခိုင်က အရေးမကြီးသောလေသံဖြင့် မေးလိုက်၏။ --- ကပင် သွားစေလိုသော ဆန္ဒမထက်သန်ခဲ့ဘဲ၊ သားဖြစ်သူ၏သဘောကို လိုက်လျောခဲ့ရသဖြင့် မေးသင့်သော မေးခွန်းဖြစ်၍သာ မေးလိုက်ရသည်။ ဦးစောခိုင် ဘာကိုမှ မမျှော်လင့်ချေ။ မသေမပျောက် ပြန်ရောက်လာကြသည်ကိုပင် ၀မ်းသာဆုံးအောင် ဖြစ်ရ၏။
" ရောက်ခဲ့ပါတယ် အဖေ ... "
ကိုစောအောင်က ထိုမျှသာဖြေကာ တိတ်နေလိုက်ပြီး လဲလျောင်းနေရာက မျက်နှာကို အိမ်ခေါင်မိုးဆီသို့ မော့ကာ အဓိပ္ပာယ်မရှိ စူးစိုက်ကြည့်နေသည်။
ကိုစောအောင်၏ စိတ်ထဲမှာ အနာဟောင်း မပေါ်အောင် ကိုစောခိုင်လည်း ကျေနပ်အောင် မိမိက အကျိုးအ ကြောင်း သင့်လျော်ရုံ ပြောပြမှဖြစ်မည်ဟု စဉ်းစားလိုက်၏။
" ကျွန်တော်တို့ ဆာလာတယ် ဒေါ်မှုံရေ၊ စားစရာတစ်ခုခုလုပ်ပါဦး၊ တောထဲမှာ ငတ်ခဲ့သမျှ အိမ်ရောက်မှ အတိုးချစားမယ်... "
အနားတွင် ထိုင်နေသော ဒေါ်မှုံအား ကိုမျိုးခိုင်က ပြောလိုက်သည်။
" အေး ဟုတ်ပါရဲ့၊ လူကလေးတို့ ပြန်လာတာနဲ့ ဒေါ်မှုံလဲ ၀မ်းသာမေ့မောပြီး ထိုင်ကြည့်နေလိုက်တာ မီးဖိုထဲ ၀င်ဦးမှပဲ။ ဦးဖိုးဦးလဲ စားသောက်စရာ ရှာဖွေဝယ်ချမ်းဖို့ ထွက်သွားလေရဲ့ ဘာတွေပါလာမယ်မသိဘူး၊ ဂျပန်ခေတ်မှာ တကယ်ရှားပဲကွယ်၊ လူကလေးတို့ ရောက်ခဲ့တဲ့ နေရာမှာတော့ ပေါမလာ၊ မပြောတတ်ဘူး...၊ ဒေါ်မှုံတို့ဖြင့် အစားကောင်း အသောက်ကောင်း ငတ်နေတာ စစ်မဖြစ်တဲ့ အချိန်ကတည်းကပဲကွယ့် ... "
ဒေါ်မှုံက တပြစ်တောက်တောက်ပြောကာ မီးဖိုချောင်ဆီသို့ ထသွားလေသည်။ ကိုမျိုးခိုင်က ဦးစောခိုင်ဘက် မျက်နှာမူလိုက်ပြီး တွေ့ကြုံခဲ့ရပုံကို အကျဉ်းရုံး ပြောလိုက်၏။
" နောင်စငဲ့ကို ရောက်ခဲ့ပါတယ်အဘ၊ ခရီးကကြမ်း လမ်းက ခဏခဏမှားလို့ ဒီလောက် ကြာသွားတာပါ၊ နောင်စငဲ့က အဘတို့ ပေစာမှတ်တမ်းမှာ ညွှန်းထားသလို မဟုတ်တော့ဘူး၊ တော်တော်ကို ဆုတ်ယုတ်ပျက် စီးနေပြီ၊ မှတ်တမ်းမှာပါတဲ့ နေရာတွေမှာလဲ မဟုတ်တော့ဘူး၊ လူတွေသစ္စာကတိ မတည်ကြတော့လို့ မြ ဘုရားရော ဆေးပင်တွေရော အလိုအလျောက် ပျောက်ကွယ်ကုန်တာ နှစ်ပေါင်းတော်တော်ကြာပြီပြော တယ်၊ တောင်ထိပ်ရောက်အောင် တက်ဖို့ နောင်စငဲ့သားတွေက ခွင့်ပေးပါတယ်၊ ဒါပေမယ့် တောရိုင်းတိရစ္ဆာန်တွေ အားကြီးလွန်းလို့ ကျွန်တော်တို့လဲ အကျိုးမရှိတဲ့အတူ ဒုက္ခမခံတော့ဘဲ ပြန်လာခဲ့ တာပဲ အဘရဲ့ "
ဘုရင်အကြောင်း လုံးဝမှ လေသံမဟဘဲ ကိုမျိုးခိုင်က ပြောပြလိုက်၏။
" ဘုရင်မဆိုတာရော တွေ့ခဲ့လား "
ဘာမျှ မသိရှာသော ဦးစောခိုင်က သိုဝှက်ထားသည့် အကြောင်းကိုမှ မေးလိုက်သည်။
" တွေ့တော့တွေ့ခဲ့ပါတယ်အဘ၊ ဒါပေမယ့် သူတို့တစ်တွေက သူတို့နေရာကို လူစိမ်းဝင်တာ မနှစ်မြို့ဘူး၊ ကြာရှည် လက်မခံရင်တော့ဘူးဆိုတာ ကျွန်တော်တို့ သိရတယ်၊ အဘတို့ပေစာ မှတ်တမ်းကတော့ တကယ့်ကို အဖိုးတန်တဲ့ ဖြစ်ရပ်မှန်ကို မှတ်တမ်းတင်ခဲ့ပေမယ့် အခုမျက်မြင်အခြေအနေမှာတော့ ယုံတမ်း စကားလို ဖြစ်နေတာပဲ အဘရဲ့ "
" အေးပေါ့ကွယ်၊ အခုခေတ်လူတွေနဲ့ မထိုက်တန်တော့လို့ ကွယ်ပျောက်ကုန်တယ်ပဲ မှတ်ယူရမှာပေါ့ ... "
ဦးစောခိုင်က ထိုမျှသာ ပေါ့ဆဆပြောလိုက်၏။ သို့သော် သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရပါလျက် နှင့် လက်လွှတ်ရသည်ကို သတိရဟန်ဖြင့် အတန်ကြာ ငေးနေပြီးမှ " တောက် လူယုတ်မာကို အဖော်ပြမိလို့ သာပေါ့ကွယ် မဟုတ်ရင် ဆေးပင်တွေ အဘရတာပေါ့ "
ဟု တောက်ခေါက်ကာ မချင့်မရဲပြောလိုက်၏။ ကိုမျိုးခိုင်သည် ခေါင်းနပန်းကြီးသွားကာ မျက်နှာမပျက်မိ အောင်သတိထားလိုက်ရသည်။
ကိုစောအောင်ကား တစ်ခွန်းမှ ၀င်ရောက် ပြောဆိုခြင်း မပြုဘဲ မျက်စိမှတ်ကာ ငြိမ်နေသည်။ မှိတ်ထားသော သူ၏ မျက်စိတွင် နန့်နောင်းခါရီကို မြင်နေပေသည်။ ငြိမ်နေသော သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်တို့သည် နောင်စငဲ့တောင်တန်းကို ရောက်နေပေမည်ဟု ကိုမျိုးခိုင်အတတ်တွေးမိ၏။
" ကျွန်တော်တို့ ခရီးထွက်နေချိန်မှာ အဘတော်တော် ကျန်းမာတယ် ထင်တယ်၊ အဘ ၀လာတယ် "
ကိုမျိုးခိုင်က စကားလွှဲလိုက်၏။
" အေးကွယ် ... စားသောက်လို့လဲကောင်းတယ်၊ အား တော်တော် ပြည့်လာလို့ ခြံအလုပ်ကိုတောင် အဘ ဆင်းလုပ်နေနိုင်ပြီပဲ၊ အဘဦးနဲ့ မယ်မှုံကလဲ ကူညီကြတယ်လေ "
" အဘကျန်းမာတော့ ကျွန်တော်လဲ စိတ်ချမ်းသာတာပေါ့၊ ဒါထက် ကျွန်တော် ရန်ကုန် ပြန်ဦးမယ်အဘ၊ အိမ်လဲ ပစ်ထားခဲ့ရတာ ဘယ်လို ဖြစ်နေလဲ မသိဘူး၊ တိုင်းပြည်အခြေအနေလဲ စုံစမ်းရင်းပေါ့ "
ကိုမျိုးခိုင်က အကြောင်းပြ ပြောဆိုလိုက်သည်။ စိတ်ထဲက စီစဉ်ချက်ကား စစ်ကိုင်းသို့လိုက်ပြီး ခင်ခင်လေး အား သွားတွေ့ဆုံရန် ဖြစ်သည်။
" အင်း ... အဘကတော့ သားရင်းနဲ့မခြား ခင်မင်တွယ်တာလို့ မသွားစေချင်သော်လဲ မောင်ရင့် အကြောင်း ပြချက်ကလဲ ခိုင်လုံနေတော့ တားလို့မဖြစ်ပေဘူး၊ ဘယ်တော့သွားမလဲ "
" နျစ်ရက် လောက် အမောဖြေပြီးမှ သွားမယ် အဘ၊ ဒေါ်မှုံကိုတော့ ကျွန်တော် ထားခဲ့ဦးမယ်နော် အဘ၊ အခြေအနေ ကြည့်ပြီး ခေါ်သင့်မှ ပြန်ခေါ်မယ် "
" အေး ... အေး၊ ကြည့် စီစဉ်ပေါ့ သားရယ်၊ သြော် ... စစ်ကြီး ဖြစ်လာခဲ့တာ နှစ်နှစ်ကျော်နေပေါ့၊ လူတွေ ဒီဒုက္ခဘယ်တော့မှ လွတ်ပါ့မလဲ "
ဦးစောခိုင်က ညည်းညည်းညူညူပြောကာ လဲလျောင်းနေသော သားဖြစ်သူ ကိုစောအောင်အား ငုံ့ကြည့်လိုက်ပြီး ...
" သားလဲ မောမောနဲ့ အိပ်ပျော်သွားရှာပြီ။ ကဲ ... အမောဖြေကြဦး၊ အဘလဲ ခြံထဲဆင်းလိုက်ဦးမယ် "
ဦးစောခိုင်က ပြောဆိုကာ ထိုင်ရာမှ ထလိုက်၏။
" ဟုတ်ကဲ့ ... အဘ "
-------------------
အခန်း(၁၇)
ကိုမျိုးခိုင်သည် စစ်ကိုင်းတောင်ရိုး ပဲစားချောင်သို့ ပေါ့ပါး သွက်လက်သော ခြေလှမ်းဖြင့် ရောက်လာသည်။ ပဲစားချောင်မှာ အုပ်ချုပ်သူ ဆရာတော်ကြီး၏ စည်းကမ်း စနစ်ကျမှုကြောင့် တစ်ကြောင်း။
နေထိုင်သူများ သေ၀ပ်လိမ္မာ၍တစ်ကြောင်း၊ ဆူဆူညံညံ လူသံဟူ၍ မကြားရလောက်အောင် အေးချမ်းဆိတ် ငြိမ်လှသည်။
ချောင်အတွင်းရှိ မိမိတို့ ခိုအောင်းရာ ကျောင်းဇရပ်မှ အပြင်ပသို့ အရေးတကြီးကိစ္စမရှိဘဲ ကူးသန်းသွားလာ ထွက်ခွာခြင်းမရှိ၍လည်း အမှတ်မဲ့ကြည့်သော် ရဟန်းရှင်လူ၏ အရိပ်အရောင်ကိုပင် မမြင်ရအောင် ရှင်းနေ သည်။
ကိုမျိုးခိုင်သည် ခင်ခင်လေးတို့ ရှိမှရှိကြပါသေးရဲ့လားဟူသော ဇဝေဇ၀ါစိတ်ဖြင့် ၀င်ရောက်လာခဲ့၏။ အဆင် သင့်ပင် စိပ်ပုတီးကိုင်ကာ တရားထိုင်ရာမှ ထွက်လာသော ဦးထွန်းသစ်အား မြင်ရသဖြင့် ၀မ်းသာစွာအသံပြု နှုတ်ဆက်လိုက်သည်။
ခင်ခင်လေးသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသော ကိုမျိုးခိုင်ကို မြင်ရသောအခါ ၀မ်းသာမဆုံး တပြုံးပြုံး ဖြစ်နေရှာသည်။
သူတော်ကောင်းတို့ ကိန်းအောင်းမွေ့လျော်ရာ ဤဒေသမှာ ဒုက္ခသည်အဖြစ် လာရောက်မှီခိုနေကြသည့် အခိုက် အိမ်ထောင်ပြုရန်မျာ မသင့်တော်၍ တစ်ကြောင်း၊ တိုင်းပြည် အခြေအနေကောင်းမှ တင့်တင့်တယ် တယ် လက်ထပ်မည်ဟူသော ရည်စူးချက်က တစ်ကြောင်းကြောင့် ကိုမျိုးခိုင်နှင့် ခင်ခင်လေးသည် သစ္စာရှိရှိ ပိရိသေ၀ပ်စွာ ဣနြေ္ဒရရ နေလာခဲ့ကြရာမှ ဖက်ဆစ်ဂျပန်ကို တစ်ပြည်လုံးက တော်လှန်သောအချိန်သို့ ရောက်လာလေသည်။
ပြေးရင်းလွှားရင်း တွေ့ရာမြင်ရာကို အကုန်ရမ်းကား မွှေနှောက် သွားတတ်သော ဂျပန်များကြောင့် တထိတ် ထိတ်တလန့်လန့် နေရသောအချိန်မှာ အပျိုအရွယ်မိန်းကလေးများ အန္တရာယ်အများဆုံးဖြစ်သည့်အလျောက် ကိုမျိုးခိုင်သည် မိမိကိုယ်တိုင်က လက်ဖျားနှင့် မထိရက်ခဲ့သော ချစ်သူ ခင်ခင်လေးအား မျက်စိအောက်က အပျောက်မခံနိုင်အောင် စိုးရိမ်ပူပန်နေမိလေသည်။
စီကနဲ ညံကနဲကြားလျှင် ပဲစားချောင်းအတွင်းရှိ ယောက်ျားသားမှန်သမျှ မိမိတို့ သက်ဆိုင်ရာ မိန်းမသား များ၊ ကလေးများကို လုံခြုံရာသို့ ကွက်ဝှက်ကြရသည်မှာ ဒုက္ခကြီးလေးလှပါတော့သည်။
ကိုမျိုးခိုင် စိုးရိမ်ပူပန်သည့် အတိုင်းပင် ဂျပန်တစ်စုသည် ပဲစားချောင်သို့ တစ်နေ့သောအခါ ဆိုက်ရောက် လာ၏။
ရဟန်း သာမဏေများမှလွဲ၍ ဒုက္ခသည် လူဝတ်ကြောင်များ ရှောင်ရှားပုန်းအောင်းကြသည်တွင် ကံဆိုးရှာ သော ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့မှာ ရှောင်တိမ်းချိန်မရလိုက်ဘဲ ဂျပန်များ မိသွားလေတော့သည်။
ကြီးနှင့်တုပ်ကာ ဆွဲထုတ်သွားသည်ကို ခင်ခင်လေးနှင့်တကွ ပုန်းအောင်းနေသူများပင် မသိလိုက်ကြချေ။ ပဲ စားချောင်မှ တော်တော်ဝေးသော တောင်စောင်းတစ်ခုသို့ရောက်မှ ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်အား ဂျပန်များက ရိုက်နှက်စစ်ဆေးကြလေသည်။
" မြန်မာ့ တပ်မတော်က စစ်သားတွေ ဒီမှာ ရောက်နေတယ် ဆိုတာ သိတယ်၊ သူတို့ ဘယ်နားမှာနေလဲ ...
စကားပြန်မှတစ်ဆင့် ဂျပန်စစ်ဗိုလ်က မေးလိုက်၏။ ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့ လုံးဝမသိချေ။ မသိကြောင်း ပြော၍လည်း မသက်သာ အရိုက်ခံရသည်။ သိပါသည် ဆိုရအောင်လည်း မြန်မာ့တပ်မတော်သားတွေ ရောက်လာသည့် သတင်းကို သိုးသိုး သန့်သန့်မျှပင် မကြားမိ။
" ခင်ဗျားတို့ နှစ်ယောက် မှန်တဲ့အတိုင်း ပြောကြပါ ...၊ မပြောရင် အခုချက်ချင်းသတ်လိမ့်မယ် "
စကားပြန်က လေသံမာကျောကျောဖြင့် ပြောလိုက်၏။ ကိုမျိုးခိုင်ကမူ မပြောလည်းသတ်၊ ပြောလည်း သတ်မည့်သူများအား အသနားခံ တောင်းပန်လိုစိတ် မရှိတော့ချေ။
ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်သာနေသည်။ ဦးထွန်းသစ်ကသာ လွတ်လိုလွတ်ငြား တောင်းပန်လိုက်၏။ သို့သော် အကြောင်းမထူးချေ။
" တစ်ခွန်းမေး တစ်ခါရိုက် ဖြစ်နေရာ ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့ ထိုင်ပင်မထိုင်နိုင်ကြတော့ချေ။ မြေပေါ်မှာ တုံးလုံးလဲကာ ဂျပန်များ၏ စစ်ဖိနပ်နှင့် သေနတ်ဒင်အောက်တွင် လိမ့်နေကြလေသည်။
ထိုအခိုက် ဆူညံစွာ မြည်ဟည်းထွက်ပေါ်လာသော သေနတ်သံများနှင့် တစ်ပြိုင်နက် ဂျပန်အချို့သည် ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့အပေါ်သို့ ပုံလျက် ထပ်လျက် လဲကျကြလေသည်။ ကျန်ဂျပန်များမှာ ကြောက် ကန်ကန်သည့် သဘောဖြင့် ပြန်လည် ပစ်ခတ်ရင်း တောင်အောက် လျှိုကြီးအတွင်းသို့ ပြေးဆင်းပျောက် ကွယ်ကုန်ကြသည်။
အရိုးကြေလုမျှ ရိုက်နှက်ထားသော ဒဏ်ရာများနှင့် ကြိုးတုပ်ထားခြင်း ခံနေရသော ဦးထွန်းသစ်နှင့် ကိုမျိုးခိုင် တို့မှာ အပေါ်မှ ပိနေသော ဂျပန်များ၏ ကိုယ်ခန္ဓာကြီးများကို ဖယ်ရှားရန် မတတ်နိုင်ဘဲ ရှိနေစဉ်မှာ အပြေးအလွှား လာသော ခြေသံများနှင့်အတူ ...
" ရဲဘော်တို့ တောင်အောက် ဆင်းပြေးတဲ့အကောင်တွေကို တောင်ခြေမှာစောင့်တဲ့ ရဲဘော်တွေက တာဝန် ယူလိမ့်မယ်၊ ဆက်မလိုက်ကြနဲ့တော့ ဟိုလူနှစ်ယောက်သေပြီလား၊ ရှင်နေသေးလား၊ မြန်မြန်ယူထုတ်ကြ စမ်း"
ဟူသော ခပ်အုပ်အုပ်ပြောလိုက်သည့် အမိန့်သံကိုာကားရသည်။ ကိုမျိုးခိုင်သည် ထိုအသံကို နားစွင့်ထောင် လိုက်မိသည်။
ထိုအခိုက် အပေါ်မှပိနေသော ဂျပန် ကိုယ်ခန္ဓာများကို ဆွဲချလိုက်ကြသဖြင့် ဦးထွန်းသစ်နှင့် ကိုမျိုးခိုင်တို့မှာ အသက် မှန်မှန် ပြန်လည်ရှူရှိုက်နိုင်ကြလေသည်။
" မသေသေးဘူး ဗိုလ်လေး"
ရဲဘော်များက ဖြေလိုက်ပြီးသည်တွင် ...
" ကဲ ... ကဲ၊ ပွေ့ထူပြီး ကြိုးတွေဖြေကြစမ်း "
ဟု ဗိုလ်လေးဆိုသူက ပြောပြောဆိုဆို ကိုမျိုးခိုင်အား သန်မာသော လက်များဖြင့် ပွေ့ထူဆွဲချီလိုက်သည်။ ကိုမျိုးခိုင်သည် ဗိုလ်လေး၏ မျက်နှာကို မော့ကြည့်လိုက်၏။
" ညီလေး ရယ် "
ကိုမျိုးခိုင်သည် ဗမာ့တပ်မတော် ဗိုလ်လေးအား မိခင်ကို သားငယ်ဖက်သလို ဖက်ပြီး လှိုက်လှဲစွာ ခေါ်လိုက်၏။
" ဟင် ... အစ်ကို "
ဗိုလ်လေးစောအောင်က ကိုမျိုးခိုင်အား ပွေ့ထားရာမှ အံ့အားသင့်စွာ ထူးလိုက်သည်။
" ဖြစ်ရလေ အစ်ကိုရယ် ...၊ ကျွန်တော်တို့နဲ့ တွေပေလို့ပေါ့၊ ဟိုဦးက အစ်ကို့အဖေလား "
ကိုစောအောင် က ရဲဘော်တစ်ယောက်၏ ရင်ခွင်ကို ချိနဲ့ပင်ပန်းစွာမှီနေသော ဦးထွန်းသစ်အားကြည့်ပြီး မေး လိုက်သည်။
" ဆိုပါတော့ညီလေး၊ နေပါဦး။ ညီလေးက စစ်ထဲ ဘယ်တုန်းက၀င်ပြီး စစ်ဗိုလ်ဖြစ်လိုက်တာလဲကွယ် "
" ဂျပန်တွေကြောင့် ၀င်တယ်ဆိုပါတော့ အစ်ကို၊ သထုံကအစ်ကို ထွက်သွားပြီးတဲ့နောက် ကျွန်တော် တော်တော်ပဲစိတ်ညစ် လွင့်ပါးခဲ့တယ် "
ကိုစောအောင်က စကားကိုရပ်လိုက်ပြီး ဧရာဝတီမြစ် တစ်ဘက်ကမ်းဆီမှ မှိုင်းမှိုင်းရောင်ပြေး တိမ်နှင့် ထွေးနေသော မန္တလေးတောင်ဆီကို လှမ်းမျှော်ကြည့်ကာ မျက်နှာမသိမသာ ညိုးသွားရှာသည်။
ဆက်ရန်
.
3 comments:
ဒီပို့စ်ကိုစောင့်နေတာ ဒီမနက် ဒီဆိုဒ်ကိုလာကြည့်တာ ဒါနဲ့ဆို ၅ခေါက်မြောက်အမရေ ။ လက်ညောင်းခံပြီး တကူးတက စာရိုက်တင်ပေးတဲ့ အမကိုကျေးဇူးတင်ပါတယ်ဗျာ။နေ့တိုင်း လာဖတ်တယ်နော်။ ရွှင်လန်းချမ်းမြေ့ပါစေ အမရေ ။
အပေါ်ကမိတ်ဆွေလိုငါးခေါက်မဟုတ်ပေမယ့်နေ့တိုင်း Follow လုပ်ထားတဲ့စာရင်းကြည့်ပြီးဒီပို့စ်များအသစ်လာမလား၊ လာမလားဆိုပြီးမျှော်လင့်စောင့်စားနေရတဲ့သူပါ.။ ခုလိုအပင်ပမ်းခံ၊အချိန်ကုန်ခံပြီး စေတနာသက်သက်နဲ့ရိုက်တင်ပေးတဲ့ အစ်မရွှေစင်ဦးနဲ့တစ်စုကိုလေးစားပါတယ်။ကျေးဇူးလည်းတင်ပါတယ်.။
ညီမရေ ဖတ်သွားပြီနော်။ ဆက်ရန်မျှော်နေမယ်။
ပျော်ရွှင်ပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment