အခန်း (၈၁)
နှစ်ကူး ညနေ
နှစ်ကူး ညနေ
နှစ်သစ်ကြိုပွဲကို အားလုံး ၀တ်ကောင်းစားလှများ ဆင်မြန်းပြီး လာခဲ့ကြသည်။ လင်ကီက ပိုးဘောင်းဘီရှည် ၀တ်ထား၏။ သူ့ခန္ဓာကိုယ် နွဲ့နွဲ့နောင်းနောင်းမှာ ပို၍ လှနေသလိုထင်ရ၏။ ပုလဲလုံးကလေးများ စီထားသည့် ဆွယ်တာက သူ့မျက်လုံးနှင့် တစ်ရောင်တည်း၊ မိုးပြာရောင်။
ထောပတ်ရောင် တောက်နေသည့် ဆံပင်ကို ခပ်ပါးပါးညှပ်ပြီး ကုပ်ဝဲကလေးလုပ်ထား၏။ ခါတိုင်းလိုပင် လင်ကီသည် မြူးကြွသွက်လက်နေ၏။ ခေတ်နှင့် အပြိုင် ပြေးနေ၏။ အားအပြည့် မာန်အပြည့်။
လင်ကီကို ဟန့်နှင့် သားသမီး သုံးယောက်က ခြံရံထား၏။ သားနှစ်ယောက်၊ သမီးတစ်ယောက်။
" ဟန့်ငယ်ကို မွေးပြီးတော့ ကိုယ်ကပြောတယ်။ တစ်ဦးတည်းသော ကလေးမဖြစ်စေချင်ဘူးလို့၊ အမယ် ကိုယ်တော်မြတ်က ဒါကျတော့ ဒါတိုင်းလို အတိုက်အခံမလုပ်ဘူး "
ဟုလင်ကီက အယ်လီ့ကို ပြောပြသည်။
အယ်လီကလည်း ထူးထူးဆန်းဆန်း အလှပြင်လာသည်။ အပြာရောင် ပိုးပျော့ဝတ်စုံနှင့်။ ရှယ်နယ်ကုန်တိုက် ကြီးမှ ဈေးကြီးပေးဝယ်လာခဲ့သော်လည်း ကြယ်သီး တစ်လုံးက မသေမသပ်နှင့် တွဲလောင်းကျနေ၏။ သို့ သော် သွယ်လျလျ ကိုယ်နေဟန်နှင့် လိုက်ဖက်သဖြင့် ကြည့်ကောင်းလှ၏။ မိန်းမကျက်သရေဖြင့် တင့်တယ် လှ၏။
" မင်း အစားအသောက်ကို ဘယ်လို ထိန်းလဲဟင် "
တစ်နေ့တခြား ကောက်ညှင်းထုပ်နှင့်တူလာသည့် ဂျိန်းက အယ်လီကို မေးခြင်းဖြစ်၏။
" ဘယ်လိုမှ မထိန်းပါဘူး "
ဂျိန်းက ဇာနားကွတ် ၀တ်စုံ တိုနန့်နန့်နှင့် ပြင်သစ်နိုင်ငံလုပ် ဘရာစီယာကြောင့် သူ့ရင်သားတွေက ရုန်းကန် တိုးထွက်ကြတော့မည့်နှယ်။
နားဆွဲကြီးတွေက ပခုံးကို ထိလုနေပြီး မျက်နှာကျက်မှ ဖန်မီးဆိုင်းကြီးတွေနှင့် တူနေ၏။ ဆံပင်ကိုတော့ ထုံးစံအတိုင်း အသေအလဲ ချုပ်နှောင်လာခဲ့ရပုံ။
ဂျိန်းနှင့် ဘယ်မှာ ဆုံဆုံ မျက်နှာလွှဲသွားတတ်သော အိုဝင်က ခုတော့ ဂျိန်းဆိသို့ တန်းတန်းမတ်မတ် လျှောက်လာသည်။
အိုဝင်သည် အရွယ်နှင့်မလိုက်အောင် ကျသွားလေပြီ။ သို့သော် ချောမောနုပျိုခြင်းတို့ နေရာတွင် ရင့်ကျက် တည်ငြိမ်မှုတို့ အစားဝင်လာသည် ထင်ရ၏။
အတွဲလိုက် ရေးနေသည့် မှုခင်းဝတ္ထု ၁၅ အုပ်မှ တတိယအုပ်သည် ရောင်းအစွံဆုံးစာရင်း ၀င်သွားပြီး၊ ကတ္တူဖုံး ပြန်ရိုက်ရသည်။ ပထမဆုံးတစ်ပုဒ်က ရုပ်ရှင်ရိုက်ရသည်။
" ကိုယ် မင်းကို ခွင့်လွှတ်တယ် ဂျိန်း၊ ကိုယ့်ကိုလည်း ခွင့်လွှတ်ပ "
ဂျိန်းက ချိုချိုကလေး ပြုံးပြီး ပြန်ဖြေသည်။
" အို ခွင့်လွှတ်ပါတယ် အိုဝင်ရယ်၊ အိုဝင့်ကြောင့် ဂျိန်းနာမည်ကျော်ခဲ့တာပဲ၊ ဘယ်လိုလုပ်ပြီး စိတ်ဆိုးနိုင်မှာလဲ၊ ပြီးတော့ အိုဝင်ဟာ ဂျိန်း ချစ်သူတွေထဲမှာ စတုတ္ထလောက်တော့ လိုက်တယ်လေ "
နှစ်သစ်ကူးခေါင်းလောင်းသံကြားသည်နှင့် အနမ်းချင်း ဖလှယ်ကြ၊ ဖန်ခွက်တွေ မြှောက်ကြ၊ ဆုတွေတောင်း ကြနှင့် ဆူညံသွားသည်။
ဟန့်က သူ့ ရှိန်ပိန်ခွက်ကို မြှောက်ပြီး
" မင်္ဂလာနှစ်သစ်အတွက်" ဟု ဆုတောင်းလိုက်သည်။ ဟန့်သည် ရုပ်ရှင် အေဂျင်စီကြီးတစ်ခုနှင့် စပ်တူလုပ်ဖို့ စကားပြောနေသည်။ အောင်မြင်လျှင် ပို၍ ပို၍ ချမ်းသာဦးမည်။ လင်ကီ့ကို သူ ငဲ့ကြည့်လိုက် သည်။
" အားလုံးရဲ့ အနာဂတ်အတွက်" ဟု ဖန်ခွက်မြှောက် ဆုတောင်းလိုက်သည်။
ဟန့်၏ ချိုမြိန်သော အနမ်းသည် နှုတ်ခမ်းပေါ်တွင် နွေးကျန်ခဲ့သည်။ လက်ထပ်လက်စွပ်ကလေးကို အမှတ် မထင် စမ်းကြည့်မိ၏။ မိမိအတွက် သည်လက်စွပ်ကလေးသည် ပုံပြင်ထဲက ခြေမန်းကွင်းမျိုးကလေးဖြစ်လေ သည်။ ရုန်းမထွက်ချစ်စရာ ပိုင်ဆိုင်မှုကို ပြနေသည့် သင်္ကေတပစ္စည်းကလေး။
" အချစ်အတွက် " ဟု အယ်လီက အိုဝင့်ကို ကြည့်ပြီး ဆုတောင်းသမျှပြုသည်။
" မင်းအတွက် " ဟု အိုဝင်က ပြန်ဆုတောင်းပေးသည်။
ဂျိန်းက ဖန်ခွက်အားလုံးထက် မြင့်အောင် မြှောက်လိုက်ပြီး သူငယ်ချင်းအားလုံးနှင့် မိမိအရွယ်ကို သတိရ လိုက်သဖြင့်
" ငါးဆယ် အရွယ်အတွက် "
ဟု ဆုတောင်းလိုက်၏။ သူတို့အားလုံးသည် လေးဆယ်နှင့် ဝေးခဲ့ပြီး ငါးဆယ်ဘက်သို့ ယိုင်လာကြသူတွေ ချည်းမဟုတ်လား။
ဂျိန်းတစ်ယောက်တည်းဆိုလျှင် သူ့ကိုယ်သူ သုံးဆယ့်ငါးက တက်သည်မထင်။
" သုံးဆယ်ဟာ နေလို့ အကောင်းဆုံးအရွယ်ကွ" ဟု ၀ီလ်မာကို ဂျိန်းပြောဖူး၏။
ဂျိန်းသည် နှစ်ဆယ့်ခုနစ်နှစ်ပြည့်သည့်အချိန်မှစ၍ သူ့ အတွဲကောင်ကလေးတွေ ရှေ့တွင် အသက်ကို လိမ် မပြောတော့။
တဒ်ဝိတ်ဆိုသည့် ကောင်ကလေးသည် သူ့အသက်မှန် ပြောလိုက်တုန်းက လန့်သွားသည်ကို ဂျိန်း မှတ်မိနေ သည်။
အမှတ်မထင် ဆုတောင်းလိုက်မိသည့် စကားလုံးများကို ဂျိန်းက နောက်ရေးမည့် ၀တ္ထုခေါင်းစဉ် ရွေးလိုက် သည်။ ခုတလော ရေးမည်။ ရေးမည်နှင့် တဖွဖွ ပြောနေသည့် ၀တ္ထု၊ ဟုတ်ပြီ " ငါးဆယ်ရွယ် မမလှလှ "ဟု ပေးမည်။
ယနေ့ခေတ် ငါးဆယ်ရွယ် မိန်းမတို့သည် နောက်ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းဖို့ မုခ်ဝတစ်ခုကို ရောက်လာ ခြင်းပင်၊ ဂျိန်းက ငါးဆယ်ရွယ် အမျိုးသမီးတစ်ယောက်ကို ဇာတ်လိုက်မင်းသမီးအဖြစ် ထားရေးဖို့ ဆုံးဖြတ် လိုက်၏။ ချမ်းသာသည်။ ကျော်ကြားသည်။ အောင်မြင်သည်။ ပူနွေးသည်။ တစ်ယောက်မကောင်း တစ်ယောက်ပြောင်းသည်။ အဓိကအားဖြင့် ကိုယ်တိုင်၏ အတွေ့အကြုံများဖြစ်မည်။
" ဟုတ်တယ်လေ၊ ဒီကိစ္စတွေ ဂျိန်းထက်ပိုပြီး ဘယ်သူသိနိုင်မှာလဲ "
နှစ်သစ်ကြိုပွဲ အသိမ်းတွင် ဂျိန်းက လင်ကီ့ကို ပြောပြခြင်းဖြစ်၏။ တက်ဒ်က ဂျိန်း၏ မြွေပါရေ၀တ်ရုံရှည်ကြီးကို ၀တ်ပေးသည်။ ဂျိန်းအလွန်ကြိုက်သည့် ဒေါ်လာငါးသောင်းတန် သားမွေးဝတ်ရုံ ကြီး။
မည်သို့ရှိစေ၊ စည်းစိမ်ဥစ္စာ ဟူသည် ဘ၀တွင် ရေပွတ်ပမာမျှသာဖြစ်ပြီး ထာဝရ ပျော်ရွှင်မှုကို ပေးစွမ်းနိုင် သည့်အရာမျိုးမဟုတ်ပေ။
ထာဝရ တည်မြဲသည့်အရာမှာ " အလုပ် " ဖြစ်၏။
" ငါးဆယ်ရွယ် မမလှလှ"
ဂျိန်းက သူ့ဝတ္ထုနာမည်ကို သူ့ဘာသာသူ အရမ်းသဘောကျနေ၏။ အိမ်ကို မြန်မြန် ပြန်ရောက်ချင်လှပြီ၊ လက်နှိပ်စက်နားသို့ ပြေးသွားချင်နေပြီ။
ကဲ မရေးဖြစ်ဘူးလား၊ ရေးဖြစ်မလား၊ ဘယ်သူ လောင်းရဲသလဲ။
ပြီးပါပြီ
.
No comments:
Post a Comment