သုခ
စံထူး ရေးသည်
"ဆွတ်ချူ ယူငယ်၊ ပန်ဆင်လေ ဆွတ်ယူမည်သာ၊ စိတ်ကယ်က ကူး"
"ဂန္ဓမာဒနတောင်ယံစွယ်ငူ၊ ပတ္တမြားနန္ဒမူ၊ ကြိုင်လျှမ်း လှိုင်သန်းလို့ကြူ၊ ဆင်းရွှေလဲ့လဲ့ ဆင်းငွေ့သွဲ့သွဲ့၊ တွဲ့တွဲ့နွဲ့နွဲ့ ဟန်မမူ၊ ပြိုင်သူ ရှုံးနှုန်းဖက်မတူ၊ မောင့်စိတ်အယူ ပန်းတကာ့ နတ်မဉ္ဇူ"
"(ယုဂန်ဗွေစွန်း ငွေဝန်းသီတဂူ၊ တိမ်ယံ ကြားက အလှပြကာမြှူ၊ မူရာယဉ်ကျေးမျက်နှာ ကလေး တွေးကာမြင့် မောင့်စိတ်ထဲ သဲဘ၀င် လှိုက်ဆူ) " ဘုံကြိုးပြတ် မိုးနတ်သူ၊ မြတ်ရသူ ရှုမ၀ လှမဉ္ဇူ"
"ဆင်ပိုင် တို့အရေး တွေးဆပူ၊ ပင်ခိုင် ညွှတ်ပေး ဖေးမကူ၊ မိဖမောင် အုပ်ထိန်းခြင်း မကင်းလို့၊ တံချူ၊ လက်လှမ်း မမှီ ပန်တဲ့သူ၊ သိရှာရင် သနားငယ် ထင်တယ် မသေနေသေး ဆွေးရ သူ၊ ခွန်းရွှေနှုတ်တော်ကြူကြူ လှမဉ္ဇူ၊ သနား မောင့်ကို ကယ်ယူ" တစ်ဖက်လူ၊ အသက်ရှူ၊ မှားအောင် ပြုံးတယ်လို့မြှူ လှအားတော်မူ၊ ချိုသာသော စကားကလေးများ အရေးတယူ၊ ပြောပါခဲ့ ရင်၊ သြော် ... ကုသိုလ် ထးတယ်လို့ဆိုရမယ် သညလူ၊ တောင့်တ စောင့်ရတဲ့သူ၊ သနားမောင့်ကို ကယ်ယူ၊ အပူမီးခဲ့မောင့်ရွှေရင်ဆူ၊ ချစ်ရေစင် ဖျန်းလို့ ချစ်ပန်း ကြူကြူ မွှေး ပါလှမဉ္ဇူ"
မြို့မဆရာငြိမ်းရေး၍ စာရေးဆရာဒါရိုက်တာ ကိုသုခက အေးဝမ်းဓာတ်ပြားတွင် ၁၉၃၉ခုနှစ်လောက်က အသံသွင်း သီဆိုခဲ့ပါသည်။
အချစ်အကြိုက်တို့လျှမ်း၍ တစ်ဦးနှင့်တစ်ဦး စောင်းမြောင်းကာ သီဆိုနေတတ်ကြသော အပျော်တမ်း တူရိယာ ခေတ်ဝယ် ၁၅နှစ်မျှ ကြာခဲ့ပြီဖြစ်သော ကိုသုခသီဆိုခဲ့သည့် လှမဉ္ဇူသီချင်းမှာ တိမ်မြုပ်သလောက်ပင် ရှိနေခဲ့ပါပြီ။ တခါတရံ ဤသီချင်းကို ကြားလိုက်ရသောအခါတွင် ကျွန်တော့် မှာ ထမင်းစားနေလျှင် ဆက် မစားနိုင်။ စာရေးနေလျှင် ဆက်မရေးနိုင်။ စကားပြောနေလျှင် ဆက်မပြောနိုင်လောက်အောင် ရှိရင်းစွဲ အလုပ် များကို ခေတ္တဖြတ်ကာ နားထောင်မိပါသည်။ "ဒီသီချင်းဟာ ကိုသုခသီဆိုတဲ့ သီချင်းပဲ" ဟု အနီးအနားမှ လူများ ကိုလည်း ကျွန်တော် ပြောပြ တတ်ပါသည်။ ဤစာကို ရေးနေသည့် အချိန်မှာပင် "ယုဂန်ဗွေစွန်း၊ ငွေဝန်းသီတဂူ" ဟု ကျွန်တော် မကြာခဏ သီဆိုမိခဲ့ပါသည်။
ကျွန်တော် ဤသီချင်းကို ဘာကြောင့် နှစ်သက်ရသည်ကို မပြောတတ်ပါ။ မပြောနိုင်ပါ။ သို့သော် ကျွန်တော် ပြော နိုင်သော အချက်တစ်ခုကား ကိုသုခ၏ တွဲ့တွဲ့၊ နွဲ့နွဲ့၊ လေးလေး၊ အေးအေးဖြင့် သီဆိုသံကို နှစ်သက်ခြင်း ပင် ဖြစ်ပါသည်။
တနည်းအားဖြင့် ကျွန်တော် ထင်မိပါသည်။ ယခုလို တပေါင်းလ နွေရာသီများကျပြီ ဆိုလျှင် တောရွာ ဒေသ များ၌ ပင်ယံထက်မှ အဆင်းမည်းနက်သော ဥသြငှက်ကလေးက တစ်တောလုံး ပဲ့တင်ထပ်အောင် "ဥသြ ... ဥသြ" ဟု ကျူးရင့်လိုက်သည်နှင့်တူသောကြောင့် ဖြစ်ပါ သည်။
ကိုသုခမှာ အသားညိုသည်။ သူ့ရုပ်ကို သာမန်အားဖြင့် မြင်ရသူသည် သူ့ကို ခင်မင်လိုစိတ်၊ ရင်းနှီးလိုစိတ် ရှိချင်မှ ရှိပေမည်။ သို့သော် သူ၏ ပြုံးရွှင်သော မျက်နှာနှင့် သူ၏နူးညံ့သော စကား များက၎င်း၊ သူ၏ အေးမြသော အသံက၎င်း သူ၏ ကိုယ်သွေး ကိုယ်ရောင်ကို ဖုံးလွှမ်းစေသည်။
ထို့ကြောင့် သူ့မှာ လူချစ်လူခင် ပေါများလှသည်။
ထို့ကြောင့် ကျွန်တော်က အဆင်းမည်းနက်သော ဥသြငှက်နှင့် နှိုင်းလိုက်သည်မှာ ရိုင်းမည်ဟု မထင်မိပါ။
ကိုသုခ သည် ဤလှမဉ္ဇူသီချင်းကို ဓာတ်ပြားသွင်းပြီးနောက် သူ့အသံမှာ "ဓာတ်ပြားသီချင်း အဖြစ် ယနေ့ထိ မကြားရသေးပါ။ သို့သော် သည်ဆောင်းဟေမာန်နှင့် ရေဒီယို၌ကား တခါတရံ ကြားခဲ့ရပါသည်။
သည်ဆောင်းဟေမန်တွင် ကျော်ဆွေ စိတ်ညစ်ပြီး အရက်ဖြင့် ပျော်နေသောအခန်း၌-
"စိတ်ညစ် လို့ အရက်ကို သောက်တယ်။ အရက်သောက်တော့ သိပ်စိတ်ညစ်တယ်။ အကြောင်းရှာတော့ ခေါင်း မှာ ချာချာလယ်၊ တစ်ခုပဲ သိတယ်၊ လောကကြီးမှာ ပိုက်ဆံမရရှိရင် မျက်နှာအင်မတန်ငယ် ...။"
"ဂုဏ်၊ ဂုဏ်၊ ဂုဏ် ... ဂုဏ်ဆိုတာ ငွေကို ခေါ်တယ်။ ငွေကိုသာ ရေလို သုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ်။ ယောက္ခမကြီးက မျက်နှာချိုတယ် ...။ ကိုယ့်မယားက စေတနာပိုတယ်။ ဟယ် ၏ ... သောက်ကွယ် ... ရမ်းကွယ် ...။ လမ်းလယ်မှာ ဆဲ-ဆဲ၊ လူကို တွဲလို့ အိမ်ထဲခေါ်မယ်၊ လူမှာသာ ငွေမရှိရင်၊ လင်ယူ မိတာ နာတယ်ထင်တယ်။ ယောက္ခမအိမ်တက် သမက်မှာ မျက်နှာငယ်၊ မျက်နှာငယ် ...။ ဒါတွေကို ငါသိပြီ ကွယ်။ အချစ်ဆိုတာ လောကမှာ နားမလယ် ...။ ငွေ၊ ငွေ၊ ငွေ ရအောင်ရှာမယ်။ ငွေ၊ ငွေ ရေလိုသုံးမယ်၊ ဖြုန်းမယ် စားမယ် ပျော်မယ် ပါးမယ်။ အချစ်ဆိုတာ ကစားပြမယ်၊ ယခုဘ၀၀ယ်၊ ဘယ်သူ့ကမှ မတွယ်၊ လူ့ဘ၀ တကယ် ပျက်ပြုန်း စေတော့ တစ်သက်လုံးပဲ မိုက်ပါတော့မယ် ..."
ဟူသော သီချင်းကို ကိုသုခက သီဆိုသွားခဲ့သည်။ ဤသီချင်းကို ရေဒီယိုမှ မကြာခဏ ကြားခဲ့ရလေသည်။
ထို့ပြင် ဦးစိန်ကတုံးကြီး သီဆိုသွားခဲ့သည့် "ကြည့်ပြန်ရှု ပြန်၊ တောင်စုံမြိုင်ယံ၊ ဆူဆူညံညံ လူသံ မကြားအောင် ခြားစုံ မြိုင်ယံ၊ ၀တ်ကြောင်ကို လွတ်အောင်ရုန်းဖို့ ကတုံးစိတ်ကကြံ" ဟူသော သီချင်းကိုလည်း အသံလွှင့်ရုံ မှ ကိုသုခ သီဆိုခဲ့သည်ကို ကြားခဲ့ရဖူးပါသည်။
ကိုသုခသည် စာရေးဆရာလောကထဲသို့ ၁၉၂၉ခုနှစ်လောက်က ပထမဆုံးအကြိမ် က၀ိ မျက်မှန်မဂ္ဂဇင်းခုံပေါ်တွင် စပယ်တစ်ပွင့်ဝတ္ထုဖြင့် ၀င်လာသူ ဖြစ်လေသည်။ ထို့နောက် နာမည် အမျိုးမျိုးယူပြီး ရေးသားလာခဲ့ရာ ၀တ္ထုများကိုသာ ထုတ်ဝေနေသော ရွှင်ပျော်ပျော်တိုက်နှင့် ဆက်သွယ်မိခဲ့လေသည်။
ထိုခေတ်က ၀တ္ထုပြိုင်ပွဲမှာ ၂၅ိ-မျှရှိရာ သူနှင့် ရေးဖော်ရေးဖက်ဖြစ်သော ရေနံချောင်း လှေသူကြီး ကိုစံခင် (လူကို မမြင်ဘူးခဲ့ချေ) က ၀တ္ထုပြိုင်ပွဲတစ်ခု၌ ပထမဆု ရရှိသွားသည်ကို ကိုသုခက အားကျမခံ ရေးလိုက် ပြန်သဖြင့် ကိုသုခ ၏ လက်ရာကို ရွှင်ပျော်ပျော် က လေးစားလာ သည်။ ကိုသုခ နှင့် ရွှင်ပျော်ပျော် ရင်နှီး လာလေသည်။
"ဒီတုန်းက သုခ နာမည် မယူသေးဘူး။ နောက် နာမည်ရွေးတော့ ရွှင်ပျော်ပျော်နဲ့လိုက် အောင် ရွေးခဲ့တယ်။ ရွှင်ပျော်ပျော် ဟာ စိတ်ချမ်းသာလို့ပဲ။ စိတ်ချမ်းသာတာဟာ သုခ ရှိလိုပဲဆိုပြီး "သုခ" လို့ နာမည်ယူခဲ့တယ်" ဟု ပြောလိုက်ပါသည်။
"ကိုသုခရေးတဲ့ ၀တ္ထုတွေမှာ ဆုံးတဲ့အခါ သုခိအတ္တာနံ ပရိဟရန္တု" လို့ အမြဲပါတာက ဘယ်လို ရည်ရွယ်ချက် ပါလဲ" ဟု ကျွန်တော်က မေးလိုက်သာအခါ "အေးဗျ၊ ဒီမေးခွန်းကို ခင်ဗျား တစ်ယောက်ထဲ မေးသေးတယ်၊ ဘယ်သူမှ မမေးကြဘူး၊ ကျွန်တော်လည်း ဖြေချင်ပါတယ်" ဟု ပြောပြပါသည်။
"ကျွန်တော့်ဝတ္ထုတွေ ဖတ်ပြီးရင် လူတွေဟာ ပျော်စရာရှိရင်ပျော်၊ ကြည်နူးစရာရှိရင် ကြည်နူး၊ နောင်တ ရစရာရှိရင် ရသွားကြစေလိုတဲ့ ဆန္ဒရှိပါတယ်။ ဒီလို ၀တ္ထုတစ်ပ်ုရေးပြီးတိုင်းဟာ ကျွန်တော့်မှာ ထမ်းဆောင် လိုက်ရတဲ့ တာဝန်တစ်ခု ပေါ့သွားပြီလို့ ယူဆခဲ့တယ်။ သူများ အကျိုး ရှိရာရှိကြောင်း ဆောင်ရွက်ပြီးပြီလို့ ယူဆတယ်။ ကျွန်တော်က ဆောင်ရွက်ပြီးသလို၊ တာဝန်ပေါ့ သွားသလို ဖတ်တဲ့လူတွေလည်း ချမ်းသာကြပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထည့်တာပါပဲဗျာ"
ကိုသုခသည် ဤစာကြောင်းကို အတော်ပင် ဂရုပြုခဲ့သည်။ ဤစာကြောင်း မပါလျှင် ၀တ္ထု မရေးခဲ့ချေ။ တခါက "လင်မယူဝံ့လို့" ၀တ္ထုတစ်ပုဒ် ရေးသားခဲ့ရာတွင် စာစီပြီး၍ ဖောင်သွင်းသွား သောအခါ၌ စာ တစ်ကြောင်းကြီးနေသဖြင့် ဤ "သုခိအတ္တာနံ" စာကြောင်းကို ရအောင်ထည့်ပြီး မိမိ၏နာမည်ကို မထည့်ဘဲ ထားခဲ့ဖူးကြောင်း ပြောပြပါသည်။
ကိုသုခ သည် ဤသို့ ၀တ္ထုများကို စာရေးဆရာဘ၀နှင့်ပင် ဒဂုန်မဂ္ဂဇင်း၌ ရေးသားလာရာမှ အေ၀မ်းက "ချစ်အမျှ" အသံထွက်အတွက် ဇာတ်ညွှန်းရေးရန် ခေါ်ယူသဖြင့် မိမိနေရင်း ကျိုတ်လတ်မှ ရန်ကုန်သို့ ထွက် လာကာ အေ၀မ်းတွင် စတင် အလုပ်လုပ်ခဲ့လေသည်။ ရုပ်ရှင် ဇာတ်ကားတွင်ကား "ချစ်မုန်းမာန်" နှင့် "ဂုဏ်ရည်မတူ" တို့၌ ကိုယ်တိုင် ပါဝင်ခဲ့လေသည်။
ဝတ္ထုရေးရင်း ရုပ်ရှင်လောကထဲသို့ ၀င်နေရင်းက ဂျပန့်ခေတ်က "ဂုဏ်" ပြဇာတ်ကို ကန်တော်မိတ်ရုံ၌ စတင်ပြသ ခဲ့လေသည်။ "ဗုဗ္ဗေစ အခြေမလှသူကို၊ သဒ္ဓါတတ်အား နည်းများမဆို၊ သနားကရုဏာ စေတနာ တွေပို၊ ပေးကမ်းစေလို" ဟူသော သီချင်းမှာ အတော်ပင် ခေတ်စားခဲ့ သော သီချင်းဖြစ်ပြီး ဂုဏ်ရည်မတူ အသံထွက် ဇာတ်ကားသို့တိုင်အောင်ပင် ကျော်ကြားလာခဲ့ပေ သည်။ "မယ်သုံ ပေါက်စီ ဆွေမျိုး" ဟူသော စကား မှာလည်း ဒါရိုက်တာကိုသုခ၏ ဂုဏ်ရည်မတူ တွင် ထင်ပေါ်ခဲ့လေသည်။
ဒါရိုက်တာအဖြစ်ဖြင့်ကား ကိုသုခမှာ ချစ်အဏုမြူ၊ ဂုဏ်ရည်မတူ၊ သည်ဆောင်းဟေမာန်၊ သြော် မိန်းမ၊ ဘ၀သံသရာ လှဲကျိုးနှင့်နသိုး အသံထွက်ကားများကို ရိုက်ကူးခဲ့လေသည်။
"ဂုဏ်ဆိုတာ ကျေးဇူးပဲဗျာ။ သူတောင်းစား က လူကောင်းတစ်ယောက်ရဲ့ အကျိုးရှိရာ ရှိကြောင်း လုပ်ပေးလိုက်တာဟာ သူတောင်းစားရဲ့ ကျေးဇူး၊ သူရဲ့ဂုဏ်ပဲ မဟုတ်လား။ ကျွန်တော် က အဆင့်အတန်း ခွဲတာ ကို မလိုလားချေ။ ဒါကြောင့် "ဂုဏ်ရည်မတူ" လို ၀တ္ထု ရေးတယ်။ ဂုဏ် ပြဇာတ်ကခဲ့တယ်။ "ဂုဏ်ရည်မတူ" ဇာတ်ကားရိုက်ခဲ့တယ်" ဟု ပြောပြပါသည်။
ထို့နောက် ပြဇာတ်နှင့် ရုပ်ရှင်လောကတို့တွင် ဒါရိုက်တာလုပ်ရာ၌ အခက်အခဲကလေးများ တွေ့ရပုံကို ပြောပြ ပါသည်။ ယနေ့ရုပ်ရှင်လောကတွင် မင်းသား၊ မင်းသမီးများမှာ ဒါရိုက်တာက ရိုက်ချင်သောနေ့ရက်၌ မရိုက်နိုင်နိုင်ဘဲ မင်းသား၊ မင်းသမီးများက ချိန်းသောရက်ကိုသာ ရိုက်နေရ ကြောင်း၊ ထို့ကြောင့် တခါတရံ ကတိုက်ကရိုက် ရိုက်ကူးခဲ့ရသည်ညလ်း ရှိသဖြင့် အမှားအယွင်းများ မရှိအောင် အထူး ဂရုပြုရကြောင်း တခါတရံ မိမိတို့ လက်မခံသော အခါဝယ် အားမလို အားမရ ဖြစ်ခဲ့ကြောင်းနှင့်တကွ အခြား အဆင်မပြေမှု ကလေး များကိုလည်း ပြောပြပါသည်။
ကိုသုခသည် စာရေးဆရာ ပြဇာတ်ကတိုင်းလိုလိုပင် အခန်းတစ်ခန်းမှ ပါဝင်ကပြခဲ့ရသည်။ ဂျပန်ခေတ်က ပထမဆုံး ၀ိဇယပြဇာတ်ကို ကိုယ်တိုင်ဝင်ရောက်ကပြခဲ့ပြီးနောက် အခြားပြဇာတ်များ တွင်လည်း ပါဝင်ခဲ့ လေသည်။
"နွေနှောင်းရက်ကျန် ၀သန်ပေါ် နွေဦးခါ၊ အုံ့ပြာမှိုင်းဆန်း ယုဂန်ဗွေ မြန်နန်းမှာ၊ ရွှေလျံ လျှပ်နွယ်ခွေကာ မိလ္လာချပ်ဆင် ဝေမင်မှုန်ပြာ၊ တိမ်တိုက်၊ ရွှေ့ပြောင်း လေယဉ်လောင်းကာ၊ ကြွေကာ ကြွေကာ မြေမှာ ကြဲလျက်၊ ပုလဲရည်ငွေစက် ဖျန်းပက်စွေရွာ၊ မြူမှုန်လိမ်းကျံတဲ့၊ ညှိုးပျောင်းရွက်ညှာ၊ ရွှေရောင် ရော်ဝါ၊ သန္တာလို မြညိုရောကာ၊ ကြွေလျောကုန်လု ပင်နုညှာ ခြေ၊ နှောင်းနွေသံလု စက်ရာသီမှာ၊ လေယူဆောင်းနှင်း မြေဆီ မြေသင်းနံ့သာ၊ စိန်ခြူးအုံကြွ ကြညောင် သဉ္ဇာ၊ ပန်းကြဲတဲ့ ဖဲစက်ရာမှာ၊ မယ့်ကိုယ်က မွှေးများ လေသလ၊ ထင်မြင်ယောင် တွေးမိမှားကာ၊ သည်းအူခြာ ကြွေယောင်ဖန်လာ၊ သက်လျာ ဓာတုရဲ့ မြင်လှည့်ပါ ..."
ဟူ၍ စာဆိုတော်နေ့ နတ်သျှင်နောင်ပြဇာတ်တွင် သီဆိုခဲ့လေသည်။
ကိုသုခမှာ အနုပညာကို အလွန်ပင် လိုက်စားသူ၊ အားပေသူ ဖြစ်သည်။ ဇာတ်ဆရာ ဦးဖိုးစိန်၏ အနှစ် ၇၀ မြောက် မွေးနေ့က ဇာတ်ဆရာ ဦးဖိုးစိန်အား ရုပ်ရှင်ရိုက်ကူးထားခဲ့သည်။ အခြား အနုပညာသည်ကြီး များ ကိုလည်း ရုပ်ရှင်ရိုက်ကူးထားခဲ့သည်ဟု သိရှိရပါသည်။
ကိုသုခကား ကျိုက်လတ်မြို့ တမော့ရွာမှ ဦးစံခင်၊ ဒေါ်မှင်တို့၏ သားသမီးလေးယောက် အနက် အကြီးဆုံး ဖြစ်၍ နာမည်ရင်းမှာ ကိုသိန်းမောင် ဖြစ်ပါသည်။ အသက် ၄၄ အရွယ် ရှိပါပြီ။
မိခင်မှ လွဲ၍ မိခင်ဖက်မှ ဘိုးဘွားများမှာ အညာမှဖြစ်၍ ကိုသုခသည် အညာ၏သဘောကို အတော် နှစ်သက် လေသည်။ အညာသားဖြစ်လိုသော စိတ်ရှိလေသည်။ ၀တ္ထုရေးလျှင် ဗမာ့ အရသာပီပီ ပေါ်လွင် အောင် များသောအားဖြင့် ရေးလေ့ ရှိပါသည်။
ကျမ်းဂန် စာပေများကိုလည်း အတော်အတန် လိုက်စား၍ ဘုရားတရား ကြည်ညိုသူတစ်ဦး ဖြစ်ရာ သူ့အား အချို့ က ဘုန်းကြိးလူထွက်ပေလောဟုပင် တွေးခဲ့ မေးခဲ့ကြကြောင်း သိရပါသည်။ သေရည်အရက်ကို စက်ဆုပ်ရွံရှာ သူတစ်ဦးဟု သိရပါသည်။
သေရည်အရက်ကို စက်ဆုပ်ရွံရှာသူ ဖြစ်သော်လည်း ၀ိဇယပြဇာတ်တွင်ကား ကိုသုခမှာ အလွန်အကြူး အရက် သောက်ခဲ့ဘူးပါသည်။
"မူးလိုက်ပါ တဲ့ဗျ ငှက်ခါးတောင် ငှက်ခါးတောင်၊ ဒီမောင်မှာ ဟန်မထိန်းနိုင်ဘူး။ ယိမ်းယိုင်လို့လဲ ..."
(မှတ်ချက်။ ။ ဦးသုခသည် သြော်မိန်းမ ဇာတ်ကားအတွက် ဒါရိုက်တာအကယ်ဒမီ ဆုကို၎င်း၊ ဘ၀သံသရာ ဇာတ်ကားအတွက် ဒါရိုက်တာအကယ်ဒမီဆုကို၎င်း၊ ၁၉၅၄ခုနှစ်နှင့် ၁၉၅၆ခုနှစ်များက ရရှိ ခဲ့သည်။ ၁၉၅၈ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ကို ချီးမြှင့်ခြင်းခံရသည်.)
စံထူး
"အနုပညာကျော်တစ်ရာ" စာအုပ်
(ရန်ကုန်၊ ငွေတာရီစာစဉ်၊ မတ် ၁၉၆၁)မှ
--------------------------------------------------------------------------------------------------------------------------------
သူခိုး
စာရေးဆရာ သုခ ရေးသည်
စာရေးဆရာ သုခ ရေးသည်
သံသေတ္တာဘွင့်နည်း၊ မှန်ပြူတင်းပေါက်ဘွင့်နည်း၊ ခြေရာဖျောက်နည်း၊ ပတ်တရော်ကို ပြေးပေါက် ထားနည်း တို့ကို အသားပေးကာ သူခိုးလောကကို ရေးလေ့ရှိသော စာရေးဆရာမှာ မြ၀တ်ရီ အမည်ခံသူ ဖြစ်လေ၏။
ထို မြ၀တ်ရီ ဆိုသည်မှာ မိန်းမ လော ယောက်ျားလောဟု မသိကြ။ သူရေးသမျှ ၀တ္ထုတို့ကို ပရိသတ်က နှစ်သက်ကြသည်။ ဘခက်အဖို့တွင်ကား နှစ်သက်ရုံမျှသာမဟုတ် ဆရာမြ၀တ်ရီ ရေးပြ သောနည်းများဖြင့် အောင်မြင်စွာ စီးပွားရှာနေနိုင်သဖြင့် ဆရာတစ်ဆူ ကြည်ငြိုခဲ့လေသည်။
သူခိုးအလုပ်ဟူသည်မှာလည်း ထောင်နှင့် ရင်းနှီးရသော အလုပ်ဖြစ်သဖြင့် နာမည်ဆိုး သလောက် စွန့်စားရလေသည်။ ထိုသို့ ထောင်နှင့် အသက်နှင့် ရင်းနှီးရသော တာဝန်ကြီးကို လွယ်ကူ ဘေးကင်အောင် နယုပဒေသ သင်ပြသော စာရေးဆရာမြ၀တ်ရည်အား ဘခက်တွင် ကျေးဇူးမတင်ဘဲ မနေနိုင်မည်သူ မည်ဝါဟု တပ်အပ်သေချာသိရလျှင် မိမိခိုးရသော ပစ္စည်းထဲမှ ဆယ်ဘို့တစ်ဘို့လောက် အနည်းဆုံးအားဖြင့် ပူဇော်ပချင်သည့် စိတ်သည် အမြဲတမ်း စေတနာ ဖြစ်ခဲ့၏။
ယနေ့ညကား ခါတိုင်းထက် ဆရာမြ၀တ်ရည်ကို ပို၍ သတိရမိသည်။ ကန်တော်ကြီးပတ် (က)လိန်းမှ အရာရှိအိမ်တစ်အိမ်ကို ဘခက်မျက်စေ့ကျထားသည်။ ယနေ့ညဦးတွင် ကန်တော် မိတ်ကလပ်၌ ဘုရင်ခံမိတ်ဆက်ပွဲတစ်ခုရှိရာ ထိုမိတ်ဆက်ပွဲသို့ အိမ်ရှငအရာရှိကြီး လင်မယား သွားမည်ဟု ဒိဋ္ဌစူးစမ်းပြီး ဖြစ်၏။ တစ်ထပ်ဗိုလ်အိမ်ဖြစ်သောကြောင့် အိမ်ဘေး မှန်ပြူတင်းပေါက်မှ ဆရာမြ၀တ်ရီ၏နည်းအတိုင်း ဖွင့်ဝင်ရန် လက်နက်ကရိယာနှင့် စီစဉ်ပြီး ဖြစ်တော့၏။
ဘခက်ကား "တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ" ဆိုသော စကားအရ တစ်ယောက်ကောင်း သူခိုးဖြစ်ရာ အောက်စောင့်တွေ အပေါ်တက်တွေ လူမရှာရ၊ တစ်ဦးတည်းလွတ်အောင် ပြေးနိုင်လျှင် အမှုမဖြစ်။ တစ်ဦးတည်းရအောင် ခိုးနိုင်လျှင် ဝေစုခွဲစရာ မလို။
ည ၈နာရီလောက်တွင် အရာရှိအိမ်ကြီး ဧည့်ခန့်၌ ဓာတ်မီးရောင်မတွေ့ မှောင်နှင့်မဲမဲ မြင်ရသည်။ ဤအချိန်တွင် လင်မယားနှစ်ဦးစလုံး မျက်နှာကြီးဧည့်ခံပွဲတွင် နွှဲကြပျော်ကြမည်မှာ ကျိန်းသေလှတော့သည်။ အစေံများမှာ နောက်ဘေးတန်းလျားတွင် လွတ်လပ်စွာ အပန်းဖြေနေဆဲ ဖြစ်သဖြင့် ဧည့်ခန်းတစ်ခုလုံးကို ဘခက် အတွက် နိဗ္ဗန္နပစ္စယော။
ဘခက်သည် ဆရာမြ၀တ်ရီ၏ နည်းအတိုင်း အိမ်ဘေးကိုကပ်၍ ယုန်နားရွက်တမျှ နားစွင့် လိုက်လေသည်။ အတွင်း ၌ကား ကြွက်သံ၊ ကြောင်သံမှ မကြားရ။ ဘခက်သည် အမှောင်ထဲတွင်ပင် ပြုံးလိုက်၍ ပြူတင်းပေါက် အောက်နားက မှန်တစ်ချပ်ကို လက်ဝင်သာအောင် စိန်ဖြင့် ကြိတ်၍ အပေါက်သဏ္ဍာန် ၀ိုင်းလှီးလိုက်ပြီးမှ ကော်သုတ် လိုက်လေသည်။ ကော်ခြောက်လောက်သော အချိန်ကျမှ မှန်ကို ခတ်ဆတ်ဆတ်ကလေး ရိုက်လိုက်၊ အသံမမြည်လှဘဲ မှန်ကွဲ၍ မှိုင်းခံစက္ကူ ဖြင့် လေရာ မှန်ကွဲများကြမ်းပြင်သို့ မကျနိုင်သောနည်း ဖြစ် သဖြင့် အတော်စိတ်ချရသောကြောင့် ဆရာမြ၀တ်ရီကို ကျေးဇူးတင်မိတော့သည်။
လက်ကို အတွင်းနှိုက် ဂျက်ကို မ ပြူတင်းပေါက်ကို အသာကလေးဖွင့် ကြောင်တမျှအတွင်း သို့ ခုန်ဝင် ဧည့်ခန်း၏ အခြေအနေကို နှစ်မိနစ်ခန့် အလေးပြု မှောင်ထဲတွင် အကျင့်ရသော မျက်စိဖြင့် ...
၎င်းနောက်မှ မီးအာမခံသေတ္တာသို့ ရှေ့ရှု့၍ တစ်လှမ်းချင်း လှမ်းခဲ့သည်။
သေတ္တာအနားတွင် စာရေးစားပွဲတစ်ခုကို ဘခက် သတိထားမိသည်။ စားပွဲပေါ်တွင် ရေးလက်စ စက္ကူလေးငါးဆယ်ရွက်ကို တွေ့ရသည်။ ဘခက်သည် ထိုစက္ကူများကို အရေးစိုက်စရာ မလို သူ အရေးစိုက်ရန် မှာ သေတ္တာကို ဖွင့်သည့်လုပ်ငန်းသာ ဖြစ်၏။
သော့တူအမျိုးပေါင်း နှစ်ဆယ်ခန့်ရှိသည့် သော့ကွင်းကို အင်္ကျီအိတ်ထဲ နှိုက်ယူလိုက်ပြီးမှ သံသေတ္တာ သော့ပေါက် ကို ပထမသော့တစ်ချောင်းနှင့် စမ်း၍ သွင်းလိုက်သည်နှင့် တပြိုင်နက် သော့အပေါက်အနီးတွင် ကပ်နေသော သံကွင်းနှစ်ခုက ဂျက်ခနဲနေအောင် ဘခက်၏ ညာလက်ကို လက်ကောက်ဝတ်က ဖမ်းချုပ် လိုက်ရုံမျှမက ဧည့်ခန်းတစ်ခုလုံးက မီးပွင့်တွေလည်း ၀င်းကနဲ လင်းလာကုန်ကြသည်။
ဘခက် သည် ထောင်ချောက်တွင် အမြီးညှပ်နေသော မြေခွေးကဲ့သို့ ကြောက်အားလန့်အား နှင့် ရုန်းလေ၏။ ချွေးထွက်အောင် ရုန်းသော်လည်း သံသေတ္တာကားမဖြုံ။
"သူခိုး ... သူခိုး ... အိမ်ရှေ့မှာ မီးတွေလင်းကုန်ပြီ" ဟု အစေခံတန်းလျားက ဆူညံစွာ အော်ဟစ် ပြေးလွှား လာကြသံကို အခက်ကြားလိုက်ရလေသည်။ ရုန်း၍မရသော ဘခက်သည် ထိုလူများနှင့် မျက်နှာပူစွာ မျက်နှာချင်း ဆိုင် လိုက်ရတော့၏။
"ဟား ... ဟား ... ဟား ... လူကြီးတွေ မရှိတုန်း အချောင်ဝင်တဲ့ အကောင် အဲသလိုပဲ ၀င်ခဲ့အုံးပါကွာ မင့်ကို အခု ဂါတ်ပို့ချင်ပေမဲ့ မမပြန်လာမှ မင့်လက်ကို နုတ်လို့ရမှာပဲ" ဟု အိုးသူကြီး နှင့်တူသူက ရွှင်ရွှင်ပျပျ ပြော လေသည်။
"ဟေ့ကောင် မင်း အတော်ဗဟုသုတနည်းတဲ့ သူခိုးပဲ ဘာဖြစ်လို့ ဒီအိမ်မှ ရွေးလာရတာလဲ ဟိုမှာ ကြည့်စမ်း ပါဦး" အိမ်တွင် အရေးပါသူနှင့်တူသော လူခတ်လည်လည်တစ်ဦးက စားပွဲကို မေးငေါ့၍ ပြလိုက်သဖြင့် ဘခက် သည် လက်တဘက်မိလျက် တန်းလန်းဖြင့် စားပွဲပေါ်ကိုလှမ်း၍ အာရုံပြုမိလေရာ ယနေ့ည တွေ့ရ တော့မည်ဖြစ်သော အချုပ်ခန်း ဒုက္ခကိုပင် မေ့လျော့၍ သွားမိတော့၏။
ဘခက်တွေ့ရသော စာရွက်ပေါ်တွင် သူခိုးလောက ရေးသူ မြ၀တ်ရီ ဟု ထင်ထင်ရှားရှား တွေ့ရ သောကြောင့် ဖြစ်၏။
"ဟာ ... ဒါဟာ ဆရာမြ၀တ်ရီအိမ်အား ကျွန်တော် မသိလို့ပါခင်ဗျာ" ဟု ဘခက် ကြေကွဲစွာ တောင်းပန် လေသည်။ ဟုတ်ပေသည် အမှန်မသိ၍ ဘခက်ဝင်မိသည်။ ဘခက်အတွက် ကား ဘုရားက ရွှေခွာနေရ သလောက် နောင်တရမိလေသည်။
"ဆရာမြ၀တ်ရီ မဟုတ်ဘူး ခင်ဗျ၊ မိန်းမ ... မိန်းမ ... အရေးပိုင်ကတော် ဒေါ်မြရီတဲ့ စာရေး ၀ါသနာပါလို့ မြ၀တ်ရီ အမည်ခံပြီးရေးနေတဲ့ သူခိုး စာရေးဆရာ"
"အေးလေဗျာ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် ဒီနေ့မှ ကျွန်တော့်ဆရာကို တွေ့ဖူးရမှာမို့ လာရကျိုး၊ ခံရကျိုး တော့ နပ်ပါဘီ ၀မ်းသာပါတယ်"
ပြောရင်း ဆိုရင်း မော်တော်ကား ၀င်လာသံကို ကြားရသဖြင့် ဘခက်သည် သူ့ဆရာအား ဆီးကြို၍ တွေ့ရန် မျက်နှာလို မျက်နှာရ မျက်နှာထားမျိုးပြင် ထားလိုက်ရရှာတော့သည်။
သုခီ အတ္တာနံ ပရိဟရန္တု
သုခ
၁၉၄၇ခုနှစ် ဇန္န၀ါရီလထုတ် စာပေဒေသာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
.
1 comment:
မမရေ ..ကိုယ်တိုင်ရှာဖွေရခက်တဲ့စာလေးတွေပါပဲ...ပြန်လည်မျှဝေပေးလို့..ကျေးဇူးပါလို့...ကောင်းသောနေ့လေး ဖြစ်ပါစေ.မမ
Post a Comment